အခန်း (၂၁၉-၂၂၀)
Vol. 19 Ch. 219-220
အခန်း (၂၁၉)
စွန့်စားရှာဖွေသူ အဖွဲ့ကြီးငါးဖွဲ့ကတော့ တစ်ဝက်တစ်ပျက် ပုပ်ပွပျက်စီးနေတဲ့ ကျားသစ်မိစ္ဆာတစ်ကောင်စီကို ကိုယ်စီရင်ဆိုင်ပြီး တိုက်ခိုက်နေကြပြီ ဖြစ်ပါတယ်။
သူတို့အားလုံးက နာမည်ကျော်ကြားပြီးသား ထိပ်သီးအဖွဲ့တွေချည်းပဲလေ။ ကောင်းကင်ဘုံစစ်သည်တော်ကြီးတွေဆိုရင် လက်နက်အမျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်တာကြောင့် လူသိများတဲ့ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ က လာကြတာ ဖြစ်ပါတယ်။
ဟမ်းမားစတုန်းအဖွဲ့ကလည်း သူတို့ရဲ့ အစွမ်းထက်လှတဲ့ လက်နက်တွေ၊ သံချပ်ကာဝတ်စုံတွေနဲ့ အဆင့်မြင့် ကိရိယာတွေကြောင့် နာမည်ကြီးလှတာပေါ့။ ဒါတင်မကသေးဘူး၊ သူတို့က ဗန်ဒါဘစ်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းစုကြီးနဲ့ အဆင့်အတန်းချင်း တန်းတူညီမျှရှိတဲ့ ဟက်ဖေးစတပ်စ် အဖွဲ့အစည်းရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။
အင်ဖာနယ်လူစွန့်စားများအဖွဲ့နဲ့ ဝက်ဝံများအုပ်စု တို့ကလည်း ကွင်းစ်နယ်မြေ တစ်ခွင်မှာ စွန့်စားမှုမှတ်တမ်းကောင်းတွေကြောင့် နာမည်ကျော်ကြားတဲ့ အစည်းအရုံးဝင်တွေ ဖြစ်ကြတာပေါ့။
အကျဉ်းချုံးပြောရရင်တော့ သူတို့တွေ ကြယ်ခြောက်ပွ့င်အဆင့်ရှိတဲ့ ဟောဒီ ကျားသစ်မိစ္ဆာကြီးတွေကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်တာကို ဘယ်သူမှ အံ့ဩမနေကြပါဘူး။
ဒါပေမဲ့လည်း အခုအချိန်မှာ ဒရာဂွန်ဘွန်းတွေ ပြသနေတဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အစွမ်းထက်မှုကိုတော့ ဘယ်သူမှ ကြိုတင်မမျှော်လင့်ထားခဲ့ကြပါဘူး။ သူတို့တွေ ကျားသစ်မိစ္ဆာကြီးတွေကို ရင်ဘောင်တန်းပြီး ယှဉ်ပြိုင်နိုင်တဲ့ အချက်ကတင် ဘယ်သူမှမသိတဲ့ ဒီ ရီနေးတားကုမ္ပဏီဟာ သူတို့ကိုယ်ပိုင် စွမ်းအားတွေနဲ့ တကယ့်ကို သန်မာလှတယ်ဆိုတာ သက်သေပြနေတာပေါ့။
ပြီးတော့ အရှေ့မှာ ရှိနေတာက သာမန် ကျားသစ်မိစ္ဆာလည်း မဟုတ်ပါဘူး။ အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီး ဖြစ်နေတာကိုး။
သူတို့ရဲ့ ထူးခြားလှတဲ့ တန်ခိုးတွေနဲ့ စွမ်းရည်တွေကြောင့်သာ ဟောဒီ သတ္တဝါကြီးကို ဖိနှိပ်ထားနိုင်တာဖြစ်ပြီး၊ ၎င်းရဲ့ ကြောက်စရာကောင်းလောက်အောင် ထက်မြက်လှတဲ့ လက်သည်းကြီးတွေကို ခုခံကာကွယ်ရင်း လျှပ်စီးလို မြန်ဆန်လှတဲ့ ခုန်အုပ်လာမှုတွေကို ရင်ဆိုင်နေနိုင်တာ ဖြစ်ပါတယ်။
သေချာတာပေါ့၊ အချို့လူတွေကတော့ ဒီကျားသစ်မိစ္ဆာတွေဟာ သေဆုံးခြင်းစွမ်းအင်တွေကြောင့် တစ်ဝက်တစ်ပျက် ပုပ်ပွနေတာဖြစ်လို့ ကြယ်ခြောက်ပွင့်အဆင့် အခက်ခဲဆုံး အခြေအနေအစစ်အမှန် မဟုတ်သလို၊ ခန္ဓာကိုယ်ရဲ့ အစွမ်းကလည်း ထိပ်ဆုံးမှာ ရှိမနေဘူးလို့ အငြင်းပွားနိုင်ကြပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ မှော်စွမ်းအား သက်ရောက်မှုကတော့ နည်းနည်းလေးမှ လျော့ကျသွားခြင်း မရှိပါဘူး။
ဒါဟာ ဟောဒီ သတ္တဝါကြီးရဲ့ ကိုယ်ခန္ဓာအင်အားက လက်တွေ့မှာ ကြယ်လေးပွင့်နယ်ပယ်လောက်ပဲ ရှိနေဦးတော့၊ သူ့ရဲ့ မှော်စွမ်းအားကတော့ ကြယ်ခြောက်ပွင့်နယ်ပယ်ထဲမှာ ရှိနေဆဲဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။
ဆာဂျွန် တောင်မှ ကြယ်ခြောက်ပွင့်အဆင့်ရှိတဲ့ သေဆုံးခြင်းစွမ်းအင်မန္တန်ကို တိုက်ရိုက်အထိမှန်ခံရရင် အသက်ရှင်ဖို့ မလွယ်ကူပါဘူး။
အဲဒါကြောင့်ပဲ ရီနေးတားကုမ္ပဏီက ဘယ်သူမှမသိတဲ့ ဟောဒီ လူတစ်ပိုင်းသတ္တဝါတွေဟာ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်နေတာက၊ ဒီစွန့်စားမှုခရီးစဉ်တစ်ခုလုံးမှာ သူတို့ဟာ အငြင်းပွားဖွယ်မရှိ အသန်မာဆုံးအဖွဲ့ ဖြစ်တယ်ဆိုတာကို ပြသနေတာပေါ့။
"အင်း ... ဒီကြောင်ကြီးက တော်တော်လေး သန်မာတာပဲ ..." ဇိုင်ယွန်က ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးရဲ့ လက်သည်းတွေအောက်ကနေ ငုံ့လျှိုးရှောင်ကွင်းရင်း ပြောလိုက်တယ်။
သူက မိစ္ဆာကြီးရဲ့ ခေါင်းကို လက်သီးနဲ့ထပ်ပြီး ထိုးဖို့ ကြိုးစားလိုက်ပေမဲ့ သတ္တဝါကြီးက မြူခိုးတွေအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့ပြန်တယ်။ သူ့ရဲ့ လက်သီးချက်က လေထုထဲမှာ ပြင်းထန်လှတဲ့ တုန်ခါမှုလှိုင်းတစ်ခုကိုသာ ဖန်တီးလိုက်နိုင်ပြီး ဘာကိုမှ မထိမှန်လိုက်ပါဘူး။
"အာရုံစိုက်ထားကြ။ တို့တွေက သူ့ရဲ့ သေဆုံးခြင်းစွမ်းအင်ကို တဖြည်းဖြည်းချင်း ဖြတ်တောက်နေရတာ"
ရှီနာ က ကျားသစ်မိစ္ဆာကြီးဆီကို နောက်ထပ် မြှားတစ်စင်း ထပ်မံပစ်လွှတ်လိုက်ရာ၊ ဒီတစ်ခါတော့ ၎င်းရဲ့ နောက်ခြေထောက်ကို အတိအကျ ထိမှန်သွားခဲ့တယ်။ ဒါပေမဲ့ မိစ္ဆာကြီးက နည်းနည်းလေးမှ တွန့်ဆုတ်မသွားဘဲ သူမဆီကို လက်သည်းကြီးတွေနဲ့ ဝှေ့ယမ်းပြီး ပြန်လည်ရန်ပြုလာခဲ့တာပေါ့။
ဂျာကူ က ဓားအိမ်ထဲကနေ ဓားကို အရှိန်အဟုန်နဲ့ ဆွဲထုတ်လိုက်ရာ ဝေဝါးနေတဲ့ ပုံရိပ်တစ်ခုသာ မြင်လိုက်ရပြီး ကျားသစ်မိစ္ဆာကြီးရဲ့ လက်သည်းတွေကို ကာကွယ်တားဆီးလိုက်နိုင်တယ်။
"ငါလည်း သဘောတူတယ်။ ဒါက.. အရမ်းနှေးကွေးလွန်းတယ်" လို့ သူက ဆိုတယ်။
"ဟဲ့ ... ငါလည်း အတတ်နိုင်ဆုံး ကြိုးစားနေတာပဲ"
ယူမီစု က သူမရဲ့ လှံကို ဝှေ့ယမ်းလိုက်ပြီး လှံဖျားကို မြေပြင်ပေါ်ကို ဦးတည်ကာ ထိုးနှက်လိုက်တယ်၊ အဲဒီကရလာတဲ့ အရှိန်အဟုန်ကို အသုံးချပြီး လေထဲကို ခုန်တက်ကာ ကျားသစ်မိစ္ဆာကြီးရဲ့ နံဘေးတစ်ခြမ်းကို ကန်ပစ်လိုက်တာပေါ့။
"အစ်ကိုကြီးမိုက်ကယ်။ တို့တွေရဲ့ မှော်ဝင်ပစ္စည်း အသစ်တွေကို အသုံးပြုလို့ရမလား။"
မိုက်ကယ်အနေနဲ့ ဒရာဂွန်ဘွန်းတွေ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးကို တိုက်ခိုက်နေတာကို သေသေချာချာ စောင့်ကြည့်နေမိတာပေါ့။
နိုဗာ... သူတို့တွေ ဟောဒီ ကျားသစ်မိစ္ဆာကြီးကို အနိုင်ယူနိုင်လိမ့်မယ်လို့ မင်း ထင်လား။
[လက်ရှိ သူတို့ရဲ့ အင်အားသက်သက်နဲ့တင် ဒါက ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ တိုက်ပွဲက အချိန်ကြာလာလေလေ၊ ကျားသစ်မိစ္ဆာကြီးက အသာစီးပြန်ရဖို့ အခွင့်အလမ်း ပိုများလာလေလေပါပဲ။ အဲဒါကြောင့် ဒရာဂွန်ဘွန်းတွေအနေနဲ့ သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်း တွေကို အသုံးပြုဖို့ အကြံပြုလိုပါတယ်]။
[ခွဲခြမ်းစိတ်ဖြာမှု လုပ်ငန်းစဉ်: ၅၉ ရာခိုင်နှုန်း]
မိုက်ကယ်က ရှီနာ့ ဘက်ကို လှည့်ကြည့်လိုက်ပြီး သိသာရုံလေး ခေါင်းညိတ်ပြလိုက်တယ်။
ဇိုင်ယွန်က ဒါကို မြင်လိုက်ရတာနဲ့တင် စိတ်လှုပ်ရှားစွာနဲ့ သူ့ရဲ့ ကိုယ်ပိုင်အရိပ်ထဲကို လက်လှမ်းလိုက်တာပေါ့။ ရှီနာ၊ ဂျာကူ နဲ့ ယူမီစု တို့ကလည်း ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကြပြီး၊ ရီနေးတား နိုင်ငံတော်ကနေတစ်ဆင့် အသစ်စက်စက် ဖန်တီးထားတဲ့ မီသရယ်မှော်ဝင်ပစ္စည်းတွေကို ပြန်လည်ရယူဖို့အတွက် ဝံပုလွေအော့ခ် အရိပ်တွေရဲ့ စွမ်းရည်ကို အသုံးချလိုက်ကြတယ်။
တောက်ပနေတဲ့ ခရမ်းရောင် အက်ကြောင်းလေးတွေ ပါဝင်တဲ့ အနက်ရောင် လက်ဝှေ့အိတ်တစ်စုံက ဇိုင်ယွန် ရဲ့ ရှေ့က အရိပ်တွေကြားထဲကနေ လေထဲကို ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
အငယ်ဆုံး ဒရာဂွန်ဘွန်းလေးကတော့ အချိန်ဆွဲမနေတော့ဘဲ သူ့ရဲ့ မှော်ဝင်ပစ္စည်း အသစ်ကို ချက်ချင်း ဝတ်ဆင်လိုက်တာပေါ့။ သူ့ခန္ဓာကိုယ်ထဲက သဟဇာတမှော်စွမ်းအင်တွေက စိတ်လှုပ်ရှားစွာနဲ့ စီးဆင်းလာခဲ့ပြီး သူ့ရဲ့ အင်အားတွေကို အရင်ကထက် အဆမတန် ပိုပြီး မြင့်တက်လာစေခဲ့တယ်။
ကျန်တဲ့ ဒရာဂွန်ဘွန်းတွေကလည်း သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို အသီးသီး ကိုင်မြှောက်လိုက်ကြတဲ့ အချိန်မှာတော့ လေထုထဲမှာ ထူးဆန်းတဲ့ အပြောင်းအလဲတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့တာပေါ့။
အဲဒါက မှိန်ဖျော့လှပေမဲ့ အားလုံး အာရုံခံနိုင်လောက်အောင် သိသာလှပါတယ်။
ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးက မျက်လုံးတွေကို မှိတ်ပြီး ဒရာဂွန်ဘွန်း တွေကို စိုက်ကြည့်လိုက်တယ်။ ၎င်းရဲ့ မျက်လုံးတွေထဲမှာ ရှိနေတာက ကြောက်ရွံ့စိတ်သက်သက်တင် မဟုတ်ပါဘူး၊ အတိတ်က အရာတစ်ခုကို ပြန်လည်မှတ်မိသွားတဲ့ အရိပ်အယောင်တွေလည်း ရှိနေတာကိုး။
လွန်ခဲ့တဲ့ အတိတ်ကာလ ၎င်း အသက်ရှင်နေခဲ့တုန်းက မီသရယ်မှော်ဝင်ပစ္စည်းတွေရဲ့ အစွမ်းတန်ခိုး အကုန်အစင်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးတာလေ။ ပြီးတော့ အခုလိုမျိုး လက်နက်တွေ သူ့မျက်စိရှေ့မှာ ထပ်ပြီး ထွက်ပေါ်လာတာကို မြင်လိုက်ရတဲ့ အချိန်မှာတော့ ၎င်းရဲ့ ပုပ်ပွနေတဲ့ မိစ္ဆာနှလုံးသားကြီးတောင် ကြောက်ရွံ့စိတ်ကြောင့် တုန်လှုပ်သွားခဲ့ရရှာတယ်။
ကျန်တဲ့ ကျားသစ်မိစ္ဆာ တွေကလည်း ဒီအပြောင်းအလဲကို ခံစားမိလိုက်ကြတာပေါ့။ သူတို့ရဲ့ အမြီးတွေကို အောက်ဘက်ဆီ နှိမ့်ချလိုက်ကြပြီး ဒရာဂွန်ဘွန်းတွေ ကိုင်ဆောင်ထားတဲ့ မီသရယ်မှော်ဝင်ပစ္စည်းတွေကို သတိကြီးစွာနဲ့ စောင့်ကြည့်နေကြတော့တယ်။
တစ်နည်းအားဖြင့် ပြောရရင်တော့ တခြားစွန့်စားရှာဖွေသူအားလုံးဟာလည်း ဒရာဂွန်ဘွန်းတွေဟာ အရင်ကထက် အများကြီး ပိုပြီး ကြီးမားလှတဲ့ စွမ်းအားတွေကို ရရှိသွားကြပြီ ဖြစ်ကြောင်း ကောင်းကောင်း သိရှိသွားကြတာပေါ့။
သူတို့တွေ အဲဒီ မီသရယ် မှော်ဝင်ပစ္စည်းတွေကို နာမည်မခေါ်တတ်ကြဘူးဆိုပေမဲ့ ၎င်းရဲ့ စွမ်းအားတွေကိုတော့ အပြည့်အဝ ခံစားနေရတာကိုး။
မီသရယ်ရဲ့ အစွမ်းထက် တိုးပွားစေတဲ့ သက်ရောက်မှုကြောင့် ဇိုင်ယွန် ရဲ့ လက်ဝှေ့အိတ်တွေက ပတ်ဝန်းကျင်က ဟင်းလင်းပြင်နေရာလွတ်တွေကိုတောင် ပုံသဏ္ဌာန် ပျက်ယွင်းသွားစေပြီး၊ သူ့ရဲ့ ပင်ကိုယ်စွမ်းရည် တွေကလည်း အရင်ကထက် ပိုပြီး ပြင်းထန်စွာ ပုံဖော်လာခဲ့ပြီ ဖြစ်ပါတယ်။
ဂျာကူ ရဲ့ ဓားဆီကနေ လျှပ်စီးပန်းလေးတွေ တဖျတ်ဖျတ် ထွက်ပေါ်နေသလို၊ ယူမီစု ရဲ့ လှံကလည်း လေပြင်းတွေကို လှုပ်ရှားစေခဲ့တာပေါ့။
ရှီနာ့ ရဲ့ လေးကတော့ မှောင်မည်းလှတဲ့ အရိပ်တွေကိုတောင် လင်းထိန်သွားစေနိုင်တဲ့ နတ်မျက်စိရှင် အလင်းတန်းတွေကို ထုတ်လွှတ်နေခဲ့တာ ဖြစ်ပါတယ်။
"ဟို ... ဟို လက်နက်တွေက ဘာတွေကြီးလဲ။"
"ဒါက တကယ်ကြီး သတ္တုတစ်မျိုးလား။ ဘာလို့ အဲဒီလောက်ကြီး တောက်ပနေရတာလဲ။"
ဆာဂျွန်နဲ့ သူ့ရဲ့ စစ်သည်တော်ကြီးတွေဟာ မီသရယ်မှော်ဝင်ပစ္စည်း တွေကို အံ့ဩတုန်လှုပ်စွာနဲ့ စိုက်ကြည့်နေမိကြတာပေါ့။ သူတို့တွေ ဒီစွမ်းအားကို သိကြပေမဲ့ လက်တွေ့မှာတော့ လုံးဝ မယုံနိုင်အောင် ဖြစ်နေကြတာကိုး။ သူတို့တွေ အစည်းအရုံးရဲ့ ဌာနချုပ်ဆီကို ကိုယ်တိုင်သွားရောက်ပြီး ကောင်းကင်ဘုံစစ်သည်တော်ကြီးတွေကို မြင်တွေ့ခဲ့ရတုန်းကမှ ဒီလိုမျိုး စွမ်းအားမျိုးကို ခံစားခဲ့ဖူးတာလေ။
ဟောဒီ လက်နက်တွေထဲမှာ မီသရယ်အမွေအနှစ်တွေ ကိန်းအောင်းနေတယ်ဆိုတာ သူတို့ ကောင်းကောင်း သိထားကြတာပေါ့၊ ဒါက အသေအချာပါပဲ။
ဒီအချက်ကို ဟမ်းမားစတုန်းခေါင်းဆောင်ထက် ပိုပြီး သေချာရေရာတဲ့သူတော့ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ လက်ဝှေ့အိတ်တွေထဲမှာလည်း မီသရယ်အမွေအနှစ်အပိုင်းအစတစ်ခု ကိန်းအောင်းနေတာကိုး။ အဲဒါကြောင့်လည်း သူ့အနေနဲ့ မီးတောင်ချော်ရည် လက်သီးတွေနဲ့အတူ ပြင်းထန်လှတဲ့ ထိုးနှက်ချက်တွေကို သုံးနိုင်တာ ဖြစ်ပါတယ်။ ဒါက ဟက်ဖေးစတပ်စ် အဖွဲ့အစည်းကနေ သူ့ကို ပေးအပ်ထားတဲ့ အဖိုးတန်လှတဲ့ ဆုလာဘ် တစ်ခုပဲလေ။
သူ့အနေနဲ့ ဒါကို ရရှိထားခဲ့လို့ ကမ္ဘာပေါ်မှာ အကံကောင်းဆုံးလူလို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားခဲ့တာပါ။ ဒါပေမဲ့လည်း ဒရာဂွန်ဘွန်းတွေ ကိုင်ဆောင်ထားတဲ့ မီသရယ်မှော်ဝင်ပစ္စည်းတွေကို မြင်လိုက်ရတဲ့ အချိန်မှာတော့ သူတို့ရဲ့ အရာတွေက သူ့ထက် အများကြီး ပိုပြီး သန်မာတယ်ဆိုတာကို သူ ကောင်းကောင်း သဘောပေါက်သွားခဲ့ရရှာတယ်။
သေချာတာပေါ့၊ လူတိုင်းက အဲဒီလက်နက်တွေထဲမှာ မီသရယ်အမွေအနှစ် အပိုင်းအစလေးတွေ ပါဝင်နေတယ်လို့ပဲ ထင်နေကြတာကိုး။ အရာအားလုံးကို မီသရယ် မှော်ဝင်ပစ္စည်း တွေနဲ့ပဲ သီးသန့်လုပ်ထားတာ ဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။
ပြီးတော့ မီသရယ်မှော်ဝင်ပစ္စည်းတွေရဲ့ စွမ်းအားတွေနဲ့အတူ ဇိုင်ယွန် နဲ့ သူ့ရဲ့ အစ်ကို၊ အစ်မတွေဟာ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးဆီကို သူတို့ရဲ့ စွမ်းရည် တန်ခိုးတွေကို စတင်ပြီး တရစပ် ထုတ်လွှတ်လိုက်ကြပါတော့တယ်။
ဇိုင်ယွန် က လေထဲကို လက်သီးနဲ့ ထိုးပစ်လိုက်ရာ ပတ်ဝန်းကျင်က နေရာလွတ်တွေကိုတင် ကြေမွသွားစေခဲ့ပြီး၊ သူတို့နှစ်ယောက်ဟာ မီတာအတော်များများ ဝေးကွာနေကြဆဲ ဖြစ်ပေမဲ့လည်း သူ့ရဲ့ လက်သီးပြင်းအားက မိစ္ဆာကြီးရဲ့ မျက်နှာတည့်တည့်ဆီကို တိုက်ရိုက် သွားရောက် ရိုက်ခတ်လိုက်တာပေါ့။
ကျားသစ်မိစ္ဆာကြီးဟာ အဲဒီလက်သီးချက်ကြောင့် သူ့ရဲ့ မေးရိုးကြီးတွေ ကြေမွသွားတာကို ခံစားလိုက်ရရှာတယ်။
၎င်းအနေနဲ့ ပြန်လည် မတ်တတ်မရပ်နိုင်ခင်မှာတင်၊ ဂျာကူ က လေထဲကို ခုန်တက်လိုက်ပြီး ဓားအိမ်ထဲကနေ ဓားကို ဆွဲထုတ်လိုက်ပြန်တယ်။
ဘယ်သူမှ ဘာကိုမှ သေသေချာချာ မမြင်လိုက်ရခင်မှာပဲ၊ သူက ဘာမှမလုပ်ရသေးတဲ့ အတိုင်းမျိုး ဓားကို ဓားအိမ်ထဲကို ပြန်ပြီး စနစ်တကျ ထည့်သွင်းလိုက်တာပေါ့။
သူ မြေပြင်ပေါ်ကို ပြန်လည် ကျရောက်လာတဲ့ အချိန်မှာတော့၊ ကျားသစ်မိစ္ဆာကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလျားလိုက်၊ အနံလိုက် အက်ကြောင်းကြီးတွေနဲ့ ကြီးမားလှတဲ့ ဒဏ်ရာအနာအဆာ အမြောက်အမြား ချက်ချင်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။
"ဂရားးးးးးး" မိစ္ဆာကြီးက အော်ဟစ်လိုက်ရှာတယ်။
၎င်းက လေထဲမှာ ကိုယ်ဟန်အနေအထားကို ပြန်လည်ပြင်ဆင်ဖို့အတွက် အမြီးကို အသုံးချလိုက်ပြီး ခြေထောက်တွေနဲ့ မြေပြင်ကို ကုတ်ခြစ်လိုက်ပေမဲ့၊ မေးရိုးကြီးတွေကတော့ ခေါင်းပေါ်မှာ တွဲလောင်းကြီး ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ ရှီနာ က သူမရဲ့ မြှားကို လွှတ်လိုက်တာပေါ့။ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးက ရှောင်ကွင်းဖို့အတွက် သူ့ရဲ့ အရှိန်အဟုန်နဲ့ ခွန်အားအားလုံးကို အသုံးချပြီး လေထဲကို ခုန်တက်လိုက်တယ်။
၎င်းအနေနဲ့ ဒီဒရာဂွန်ဘွန်းတွေကို လျှော့တွက်လို့ မရတော့ဘူးဆိုတာ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီလေ။
ဒါပေမဲ့ မြှားက ၎င်းရဲ့ လည်ပင်းပေါ်ကို အပြစ်အနာအဆာမရှိ တိုက်ရိုက် စိုက်ဝင်သွားခဲ့ရတယ်။ မြှားက ကျားသစ်မိစ္ဆာကြီး ဘယ်နေရာကို ရွေ့လျားမလဲဆိုတာကို ကြိုတင်နိမိတ်ဖတ်ထားခဲ့သလိုမျိုး ၎င်းရဲ့ အကောင်းဆုံး အနေအထားကိုပဲ တိုက်ရိုက် ထိမှန်သွားခဲ့တာကိုး။
၎င်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းသိမ်းနိုင်ခြင်း မရှိခင်မှာတင်၊ ယူမီစု က သူမရဲ့ ပြင်ဆင်မှုတွေကို နောက်ဆုံးမှာ အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သူမက ဒီအချိန်တစ်လျှောက်လုံး သူမရဲ့ လှံကို ဝှေ့ယမ်းနေခဲ့တာဖြစ်လို့ ခန္ဓာကိုယ်ထဲမှာ အရှိန်အဟုန်တွေ စုစည်းနေခဲ့တာပေါ့။ သူမ လှံကို အသုံးပြုလိုက်တဲ့ အကြိမ်တိုင်းမှာ လှံရိုးတံ ပတ်ပတ်လည်မှာ လေဒြပ်စင် စွမ်းအားတွေ စုစည်းလာခဲ့ပြီး သူမရဲ့ အင်အားတွေကို အဆမတန် ပိုပြီး မြင့်တက်လာစေခဲ့တာ ဖြစ်ပါတယ်။
ကျားသစ်မိစ္ဆာကြီး လည်ပင်းမှာ စိုက်ဝင်နေတဲ့ မြှားကြောင့် လှုပ်ရှားလို့မရဘဲ အားနည်းနေတာကို မြင်လိုက်ရတာနဲ့တင်၊ ယူမီစု က သူမရဲ့ လှံထဲက စွမ်းအားတွေကို နောက်ဆုံးမှာ ထုတ်လွှတ်လိုက်ပါတော့တယ်။
လှံနဲ့ တစ်ချက်တည်း ထိုးနှက်လိုက်တာနဲ့တင် မျက်စိနဲ့မမြင်နိုင်တဲ့ ဖျက်ဆီးခြင်း လှိုင်းလုံးကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက် ရိုက်ခတ်လိုက်တာကြောင့်၊ ၎င်းလည်း ကျောက်နံရံဆီကို လွင့်စင်သွားခဲ့ရပြီ ဖြစ်ပါတယ်။
* * * * * * * * *
စာစဉ်(၁၉)
အခန်း (၂၂၀)
ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီး ကျောက်တုံးအုတ်ခဲ နံရံပေါ်ကို ဝုန်းခနဲ ပြုတ်ကျလာတဲ့ အချိန်မှာတော့၊ မိုက်ကယ် အနေနဲ့ အဲဒီနေရာမှာ တိတ်တဆိတ် ဖုံးကွယ်ထားတဲ့ သလင်းကျောက် ပုံသဏ္ဌာန် မြေဒြပ်စင်မှော်စွမ်းအင် တွေဟာ တစ်စက္ကန့်လောက် ပုံမှန်မဟုတ်ဘဲ တုန်လှုပ်သွားတာကို ခံစားလိုက်ရမိတယ်။
ဒါက အခွင့်အရေးပဲ၊ နိုဗာ။
ဟောဒီ ဂူသင်္ချိုင်းကို တည်ဆောက်ခဲ့တဲ့သူ ထားခဲ့တဲ့ အကာအကွယ် စီမံချက်တွေဟာ တစ်စက္ကန့်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်အထိ လုံးဝ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ခန်းမကြီးအတွင်းထဲက တည်ဆောက်ပုံတွေက ထူးကဲလှတဲ့ မှော်စွမ်းအင် အာရုံခံနိုင်စွမ်းမရှိတဲ့ သာမန်လူတွေအတွက်တော့ သတိမပြုမိနိုင်လောက်အောင် ဖြစ်နေပေမဲ့ မိုက်ကယ် အတွက်တော့ ဟောဒီ လျှို့ဝှက်ချက်ရဲ့ နောက်ကွယ်က မှော်ကျင့်စဉ်ကို အတိုင်းအတာတစ်ခုအထိ အသေးစိတ် မြင်တွေ့နိုင်ဖို့အတွက် လုံလောက်ခဲ့တာပေါ့။
ဒါက သူ့ရဲ့ ကိုယ်ပိုင် အေအိုင် အကူအနေနဲ့ ခွဲခြမ်းစိတ်ဖြာမှုကို အရှိန်မြှင့်တင်ဖို့အတွက် တကယ့်ကို လုံလောက်တဲ့ အချိန်ပါပဲ။
[သိရှိပါပြီ။ ဂူသင်္ချိုင်းရဲ့ မာန တည်ဆောက်ပုံကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာနေပါတယ်...]။
သတင်းအချက်အလက်တွေက မိုက်ကယ်ရဲ့ ဦးနှောက်ထဲကို စီးဝင်လာပြီး ဂူသင်္ချိုင်းရဲ့ အတွင်းပိုင်း တည်ဆောက်ပုံ အပြည့်အစုံကို သိရှိသွားစေခဲ့တယ်။ နံရံတွေထဲမှာ သာမန်အတိုင်း ပြန့်ကျဲနေတဲ့ သလင်းကျောက် ပုံသဏ္ဌာန် မြေဒြပ်စင်မှော်စွမ်းအင် တွေရဲ့ ရည်ရွယ်ချက်ကို သူ မြင်တွေ့လိုက်ရတာပေါ့။ အဲဒါက ဂူသင်္ချိုင်းအတွက် အကာအကွယ်စနစ်တစ်ခုလိုတင် မကဘဲ အတွင်းထဲမှာ ရှိနေတဲ့ ကျားသစ်မိစ္ဆာတွေအတွက် လိုအပ်တဲ့ မှော်စွမ်းအင်တွေကို ပေးစွမ်းနိုင်တဲ့ စွမ်းအင်သိုလှောင်ကန်ကြီးတစ်ခုလိုလည်း အလုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
မြေဒြပ်စင်မှော်စွမ်းအင် နံရံတွေရဲ့ အနောက်ဘက်မှာတော့ မိုက်ကယ် အနေနဲ့ အောက်ဘက်ဆီကို တိုက်ရိုက် ဦးတည်နေတဲ့ ရှုပ်ထွေးလှတဲ့ အမှောင်ဒြပ်စင် မန္တန်တိုင်ကြီးတွေကို မြင်တွေ့လိုက်ရပြီး၊ အဲဒီထဲကနေတစ်ဆင့် ဟောဒီ ပုပ်ပွပျက်စီးနေတဲ့ သတ္တဝါကြီးတွေ ရှင်သန်နိုင်ဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးနေတာကိုး။
ဒါက သူ့ကို ပုပ်ပွပျက်စီးနေတဲ့ သတ္တဝါကြီးတွေ ဘယ်လိုမျိုး တည်ရှိနေနိုင်လဲဆိုတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ကောင်းကောင်း နားလည်သဘောပေါက်သွားစေခဲ့တယ်။ သူက စိတ်ထဲမှာ မှတ်သားထားလိုက်ပြီး၊ တစ်ချိန်ချိန်မှာ ကိုယ်တိုင်လည်း ဒါမျိုး ဖန်တီးနိုင်ခြေ ရှိမလားဆိုတဲ့ အလားအလာအတွက် ကျားသစ်မိစ္ဆာတွေထဲမှာ ရှိနေတဲ့ အမှောင်ဒြပ်စင် မန္တန် တည်ဆောက်ပုံကို သေသေချာချာ မှတ်ဉာဏ်ထဲ ထည့်ထားလိုက်တာပေါ့။
သေချာတာပေါ့၊ ဒါက လက်ရှိအချိန်မှာ သူ့ရဲ့ အဓိက ရည်မှန်းချက်တော့ မဟုတ်သေးပါဘူး။
သူ အခုလိုမျိုး သလင်းကျောက် ပုံသဏ္ဌာန် မြေဒြပ်စင်နံရံတွေကို ခွဲခြမ်းစိတ်ဖြာချင်ခဲ့ရတဲ့ အဓိကအကြောင်းရင်းကတော့၊ အဲဒီထဲမှာ ဂူသင်္ချိုင်းရဲ့ တကယ့် လျှို့ဝှက်ချက်တွေဆီကို လမ်းညွှန်ပေးနိုင်မယ့် လျှို့ဝှက်အခန်းတစ်ခု ရှိနေလိမ့်မယ်လို့ သူ ယုံကြည်နေလို့ပါပဲ။
ဘာပဲဖြစ်ဖြစ်၊ လူတိုင်းက ရတနာသိုက်အခန်းရဲ့ ရှေ့က နောက်ဆုံး အတားအဆီးလို့ ထင်ထားကြတဲ့ ကြီးမားထည်ဝါလွန်းတဲ့ နှစ်ထပ်တံခါးကြီးရဲ့ အနောက်ဘက်ကတော့၊ ဟောဒီ ကျားသစ်မိစ္ဆာတွေ အိပ်စက်အနားယူဖို့အတွက် သီးသန့် အသုံးပြုခဲ့တဲ့ ဟာလာဟင်းလင်း ဖြစ်နေတဲ့ နေရာလွတ်တစ်ခုမျှသာ ဖြစ်နေလို့ပါပဲ။
မိုက်ကယ် က အရိပ်တွေရဲ့ အနောက်ဘက်ဆီကို လှမ်းကြည့်လိုက်ပေမဲ့ မြေကြီးတွေအောက်မှာ နစ်မြုပ်နေတဲ့ အလွှာတွေကိုပဲ မြင်တွေ့နိုင်ခဲ့တာဖြစ်လို့၊ အဲဒီအနောက်မှာ ဘာရတနာသိုက်အခန်းမှ မရှိဘူးဆိုတာ သိလိုက်ရတာပေါ့။
ဒါဟာ ရတနာသိုက်အခန်းက တခြားတစ်နေရာရာမှာ ဖုံးကွယ်နေဆဲဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ ပြီးတော့ ဟောဒီ ခန်းမကြီးအတွင်းထဲက ထူးဆန်းလှတဲ့ မာန တည်ဆောက်ပုံကတင် အဲဒီ လျှို့ဝှက်အခန်းကို ရှာဖွေတွေ့ရှိဖို့အတွက် လမ်းညွှန်ပေးနိုင်လိမ့်မယ်လို့ သူ ခံစားသိရှိနေမိတယ်။
မိုက်ကယ် တစ်ယောက် ဂူသင်္ချိုင်းရဲ့ လျှို့ဝှက်ချက်တွေကို ခွဲခြမ်းစိတ်ဖြာလို့ ပြီးဆုံးသွားတဲ့ အချိန်မှာတော့၊ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးကတော့ နောက်ဆုံးမှာ အသက်ငင်နေရတဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
၎င်းရဲ့ မျက်လုံးတွေထဲမှာတော့ တိုက်ခိုက်ချင်စိတ်တွေ ရှိနေတုန်းပဲဆိုပေမဲ့ ခန္ဓာကိုယ်ကတော့ လိုက်ပါနိုင်ခြင်း မရှိတော့ပါဘူး။ ဒရာဂွန်ဘွန်း တွေဟာ ဟောဒီ သတ္တဝါကြီးကို အောင်အောင်မြင်မြင် ဖိနှိပ်ထားနိုင်ခဲ့ကြပြီလေ။
၎င်းရဲ့ မေးရိုးကြီးတွေကလည်း ဇိုင်ယွန် ရဲ့ နေရာလွတ်တွေကို ကြေမွသွားစေနိုင်တဲ့ လက်သီးချက်ကြောင့် နောက်ဆုံးမှာ မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ရရှာတယ်။ ရှီနာ့ ရဲ့ မြှားက ၎င်းရဲ့ ကျောရိုးတည့်တည့်ကို ထိမှန်သွားခဲ့တာဖြစ်လို့ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ အကြောသေသွားစေခဲ့တာကြောင့် လုံးဝ ပြန်ပြီး မတ်တတ်မရပ်နိုင်တော့ပါဘူး။ အဲဒါက မြှားဖျားမှာ ပါဝင်နေတဲ့ အလင်းဒြပ်စင် စွမ်းအားအနည်းငယ်ကြောင့် ဖြစ်ပြီး၊ မိစ္ဆာကြီးကို လှုပ်ရှားနိုင်စေတဲ့ အမှောင်ဒြပ်စင် မန္တန် သက်ရောက်မှုတွေကို လုံးဝ ပျက်ပြယ်သွားစေခဲ့တာကိုး။
၎င်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ဂျာကူ နဲ့ ယူမီစု တို့ရဲ့ တရစပ် တိုက်ခိုက်မှုတွေကြောင့် ပုံသဏ္ဌာန် ပျက်ယွင်းပြီး နံရံတွေဆီကို ရိုက်ခတ်ပျက်စီးနေခဲ့ပြီ ဖြစ်ပါတယ်။
ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးက ဒရာဂွန်ဘွန်း တွေကို နောက်ဆုံးတစ်ချက် အနေနဲ့ ခေါင်းကို မတ်ပြီး စိုက်ကြည့်လိုက်တာပေါ့။
အဲဒီနောက်မှာတော့ ၎င်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကနေ အပြာရောင် သန်းနေတဲ့ အစိမ်းရောင် အလင်းတန်းတွေ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့ပြီး၊ တစ်စက္ကန့်အတွင်းမှာတင် ခန်းမကြီးတစ်ခုလုံးမှာ သေဆုံးခြင်း စွမ်းအင်တွေ တားမနိုင်ဆီးမရ ပြည့်နှက်သွားခဲ့ရတယ်။
စွန့်စားရှာဖွေသူတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာအနာအဆာတွေနဲ့ ဖြစ်နေကြတဲ့ ကျန်တဲ့ ကျားသစ်မိစ္ဆာ လေးကောင်ဟာလည်း၊ တိုက်ပွဲကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး တောက်ပနေတဲ့ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးကိုပဲ စိုက်ကြည့်နေမိကြတာပေါ့။
သူတို့ရဲ့ နီရဲနေတဲ့ မျက်လုံးကြီးတွေက ဖြည်းဖြည်းချင်း အလင်းရောင်တွေ ပျောက်ကွယ်သွားခဲ့ရပြီး၊ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အမှောင်ဒြပ်စင် မန္တန် တွေအားလုံးကလည်း အပြင်ကို စီးထွက်လာခဲ့ကာ သူတို့ရဲ့ ခေါင်းဆောင်ကြီးဆီကို သွားရောက် ပေါင်းစည်းကုန်ကြတော့တယ်။
စက္ကန့်အနည်းငယ်မျှသာ ကြာလိုက်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အမှောင်ဒြပ်စင် စွမ်းအားတွေ လုံးဝ မရှိတော့ဘဲ၊ ပုပ်ပွနေတဲ့ ခန္ဓာကိုယ်ကြီးတွေကလည်း ပြာမှုန့်တွေနဲ့ အရိုးစုတွေအဖြစ် ပြောင်းလဲသွားခဲ့ရကာ လေထဲမှာတင် လွင့်စဉ်ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပါတယ်။
စွန့်စားရှာဖွေသူတွေကတော့ ဒရာဂွန်ဘွန်းတွေရဲ့ ထူးကဲလှတဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ရင်းနဲ့ ရင်ခုန်နေကြတုန်းဖြစ်လို့၊ အခုလိုမျိုး ရုတ်တရက် ဖြစ်ပျက်သွားတဲ့ အခြေအနေကြောင့် အာရုံလျော့နည်းသွားခဲ့ကြရပြီး အဆမတန် တောက်ပလာနေတဲ့ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးကိုပဲ ကြောင်တောင်တောင် စိုက်ကြည့်နေမိကြတာပေါ့။
"ဟို ... ဒါက ဘာကြီးလဲ။ ဘာတွေ ဖြစ်နေတာလဲ။"
ဒီအဖြေကို သိတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကတော့ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့က ဆာဂျွန် ပါပဲ။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ စိုးရိမ်စရာတွေ ချက်ချင်း ဖုံးလွှမ်းသွားခဲ့ရပြီး၊ အဆမတန် မြင့်တက်လာနေတဲ့ အပြာရောင်သန်းနေတဲ့ အစိမ်းရောင် အလင်းတန်းတွေကို ကြည့်ရင်းနဲ့ မျက်လုံးတွေက အဖြေထုတ်လိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
"ဆုတ်ခွာကြ" သူက သူ့ရဲ့ လည်ချောင်းသံ ရှိသမျှ အကုန်သုံးပြီး အော်ဟစ်လိုက်တာပေါ့ "ဒါက ပေါက်ကွဲတော့မယ်။"
စွန့်စားရှာဖွေသူတွေအားလုံး ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်ကုန်ကြပြီး ဟောဒီ ခန်းမကြီးအတွင်းထဲကနေ ထွက်ပြေးဖို့အတွက် အလုအယက် ဖြစ်ကုန်ကြတော့တယ်။
ဒရာဂွန်ဘွန်း တွေကတော့ လုံးဝ စိုးရိမ်မနေတဲ့ သူတွေပါပဲ။ သူတို့ရဲ့ အရိပ်တွေက ပုံသဏ္ဌာန် ပြောင်းလဲသွားခဲ့ပြီး ဝံပုလွေအော့ခ် တစ်ဦးအဖြစ် ပုံဖော်လာခဲ့ကာ၊ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် နီယိုအော်ကပ်စ် မြို့ဆီကို ချက်ချင်း ပို့ဆောင်ပေးဖို့ ကမ်းလှမ်းလာခဲ့တာပေါ့။ ဒါပေမဲ့လည်း သူတို့က ငြင်းဆိုလိုက်ကြတယ်၊ ဘာလို့လဲဆိုတော့ မိုက်ကယ်က အတွင်းထဲမှာ အလုပ်တွေ ရှိနေသေးတာကို မြင်တွေ့နေရလို့ပါပဲ။
ဆာဂျွန် နဲ့ သူ့ရဲ့ စစ်သည်တော်ကြီးတွေက မိုက်ကယ် ရှိရာဆီကို အပြေးအလွှား လာခဲ့ကြပြီး၊ အရင်ကတည်းက သတိထားမိထားခဲ့တဲ့အတိုင်းပဲ…
"လူငယ်လေး။ တို့တွေ အခုချက်ချင်း ထွက်ပြေးမှ ရမယ်။" လို့ သူက ပြောလိုက်တာပေါ့။
ဒါပေမဲ့ မိုက်ကယ် ကတော့ ခေါင်းခါပြလိုက်တယ် "ရပါတယ်၊ ကျွန်တော့်မှာ ဒါကို ထိန်းချုပ်နိုင်စွမ်း ရှိပြီးသားပဲ။"
စစ်သည်တော်ကြီးအနေနဲ့ မိုက်ကယ် ရဲ့ စကားကို သံသယဝင်ဖို့တောင် အချိန်မရလိုက်ခင်မှာတင်၊ အသက် ၁၁ နှစ်အရွယ် ကောင်လေးက သူ့ရဲ့ ခြေထောက်အောက်က လေဒြပ်စင်မှော်စွမ်းအင်တွေကို အမိန့်ပေးလိုက်ပြီး၊ ကြယ်တစ်ပွင့်အဆင့်ရှိတဲ့ လေပေါ်ခုန်ခြင်း မန္တန်ကို အသုံးပြုကာ တောက်ပနေတဲ့ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးရှိရာဆီကို ပေါ့ပေါ့ပါးပါးလေး ပျံသန်းသွားခဲ့ပြီ ဖြစ်ပါတယ်။
သူက မိစ္ဆာကြီးရဲ့ ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်ပြီး ၎င်းရဲ့ သေဆုံးခြင်း စွမ်းအင်တွေကို စိတ်နဲ့ ပုံဖော်ကြည့်လိုက်တာပေါ့။ သတ္တဝါကြီးရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အဓိက မန္တန်ဒြပ်စင် နှစ်မျိုးကို သူ မြင်တွေ့လိုက်ရတယ်၊ အဲဒါကတော့ အမှောင်ဒြပ်စင် နဲ့ အဆိပ်ဒြပ်စင် တို့ပဲ ဖြစ်ရမယ်။
‘ဪ ... သေဆုံးခြင်း စွမ်းအင်တွေကို ဒီလိုမျိုး ဖန်တီးတာကိုး’ မိုက်ကယ် က အခုလိုမျိုး မတော်တဆ အခြေအနေမျိုးမှာတင် ကိုယ့်ဘာသာ စဉ်းစားပြီး မှတ်သားထားလိုက်မိတာပေါ့။
အဲဒီနောက်မှာတော့ အစကတည်းက ဘာအရိပ်အယောင်မှ မရှိခဲ့ဘဲ အခုမှ ဘာလို့ ရုတ်တရက်ကြီး ပေါက်ကွဲဖို့ ဖိအားတွေ မြင့်တက်လာရတာလဲဆိုတာကို သူ သိချင်သွားပြန်တယ်။
သူက ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးရဲ့ ခန္ဓာကိုယ်ရဲ့ အနောက်ဘက်ဆီကို ပိုပြီး ဖောက်ထွင်းကြည့်ရှုလိုက်တဲ့ အခါမှာတော့၊ နောက်ထပ် ထူးဆန်းလှတဲ့ မှော်စွမ်းအင် ပေါင်းစပ်မှုအချို့ ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်နေတာကို မြင်လိုက်ရတာပေါ့။
အဲဒီထဲမှာ အလင်းဒြပ်စင် နဲ့ လျှပ်စီးဒြပ်စင် မှော်စွမ်းအင်တွေလည်း ပါဝင်နေတာကိုး။
အလင်းဒြပ်စင် စွမ်းအားက အမှောင်ဒြပ်စင် စွမ်းအားကို ဖျက်ဆီးပစ်နိုင်သလို၊ လျှပ်စီးဒြပ်စင် စွမ်းအားကလည်း အဆိပ်ဒြပ်စင် စွမ်းအားကို ဖျက်ဆီးပစ်နိုင်တာပဲလေ။
ဒါကြောင့်၊ သီအိုရီအရ ပြောရရင်တော့ ဒါဟာ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးကို ပေးစွမ်းထားတဲ့ သေဆုံးခြင်း စွမ်းအင်တွေကို လုံးဝ ပျက်ပြယ်သွားစေရမှာဖြစ်ပြီး၊ ကျန်တဲ့ အပေါင်းအဖော်တွေလိုမျိုး ပြာမှုန့်တွေနဲ့ အရိုးစုတွေအဖြစ်ပဲ ပြောင်းလဲသွားစေရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာ ပေါ်ထွက်လာတဲ့ ရလဒ်ကတော့ ...
အလင်းဒြပ်စင် စွမ်းအားက အဆိပ်ဒြပ်စင် စွမ်းအားကို ပိုပြီး ပြင်းထန်လာစေခဲ့တာကိုး။
ပြီးတော့ လျှပ်စီးဒြပ်စင် စွမ်းအားကလည်း အမှောင်ဒြပ်စင် စွမ်းအားကို ပိုပြီး အင်အားကြီးမားလာစေခဲ့ပြန်တယ်။
ဒီဒြပ်စင်လေးမျိုးစလုံးရဲ့ ပေါင်းစပ်မှုက ဖျက်ဆီးခြင်းနဲ့ ဖန်တီးခြင်း ဖြစ်စဉ်တွေကို တစ်ပြိုင်တည်း ဖြစ်ပေါ်စေခဲ့တာဖြစ်လို့၊ ဒါဟာ မိုက်ကယ် ပထမဆုံးဖန်တီးခဲ့ဖူးတဲ့ သဟဇာတမီသရယ်မှော်ဝင်ပစ္စည်း တုန်းကလိုမျိုးပဲ၊ အချိန်မရွေး ပေါက်ကွဲနိုင်လောက်တဲ့ အန္တရာယ်ရှိတဲ့ ဗုံးတစ်လုံးအဖြစ် ပြောင်းလဲသွားစေခဲ့တာ ဖြစ်ပါတယ်။
ဒါကပဲ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးအနေနဲ့ အခုလိုမျိုးပေါက်ကွဲဖို့အတွက် စက္ကန့်ပိုင်းမျှသာ လိုတော့တဲ့ အကြောင်းပြချက်ပဲပေါ့။
ကျန်တဲ့ စွန့်စားရှာဖွေသူ အားလုံးကတော့ မိုက်ကယ် ဆီကို မော့ကြည့်နေမိကြပြီး၊ အခုလိုမျိုး ငယ်ရွယ်လှတဲ့ ကောင်လေးတစ်ယောက်က ဘာလို့ ဗုံးကြီးရဲ့ အနားဆီကို ပိုပြီး တိုးကပ်သွားရတာလဲဆိုတာကို ဇဝေဇဝါ ဖြစ်နေကြရရှာတယ်။
သူတို့အားလုံးက သူဟာ ရီနေးတားကုမ္ပဏီက လူတစ်ယောက် ဖြစ်တယ်ဆိုတာကို သိကြပေမဲ့ ၎င်းရဲ့ အစစ်အမှန် ပိုင်ရှင် ဖြစ်တယ်ဆိုတာကိုတော့ လူနည်းစုလောက်ပဲ သိကြတာကိုး။
အထူးသဖြင့် ဆာဂျွန် အနေနဲ့ မိုက်ကယ်ကို ပါရမီရှိတဲ့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ပဲ သိထားခဲ့တာဖြစ်ပြီး အဲဒီထက် ပိုပြီးတော့ မထင်ထားခဲ့ဖူးပါဘူး။ သူက မိုက်ကယ် အနေနဲ့ ကြယ်လေးပွင့်အဆင့်ရှိတဲ့ မန္တန် တစ်ခုဖြစ်တဲ့ လေပေါ်ခုန်ခြင်း မန္တန် ကို ဒီလောက်အထိ ပေါ့ပေါ့ပါးပါး သုံးနိုင်လိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့တာဖြစ်လို့၊ အခုလို မြင်ကွင်းကို ကြည့်ရင်းနဲ့ အံ့ဩနေမိတာပေါ့။
မိုက်ကယ် က သူ့ရဲ့ လက်ကို မြှောက်လိုက်ပြီး၊ သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ဖြစ်တဲ့ သဟဇာတ ပေါင်းစည်းခြင်း စွမ်းအားတွေကို အပြည့်အဝ ထုတ်လွှတ်လိုက်ပါတော့တယ်။
"သီးခြားစီ ခွဲထွက်သွားစမ်း၊" လို့ သူက မှော်စွမ်းအင်တွေကို အမိန့်ပေးလိုက်တာပေါ့။
သူ့မှာ ကိုယ်ပိုင် မှော်စွမ်းအင်တွေကိုတင်မကဘဲ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာရာတိုင်းကိုပါ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိတာပဲလေ။
သေဆုံးခြင်း စွမ်းအင်တွေဟာ အမှောင်ဒြပ်စင်နဲ့ အဆိပ်ဒြပ်စင် စွမ်းအားတစ်ခုချင်းစီအဖြစ် ပြောင်းလဲသွားခဲ့ကြပြီး ဂြိုဟ်ရံတွေလိုမျိုး တစ်ခုနဲ့တစ်ခု လှည့်ပတ်နေကြရာကနေ၊ မိုက်ကယ် ရဲ့ စကားတစ်ခွန်းတည်းနဲ့တင် တစ်စစီ အဝေးဆီကို လွင့်စင်သွားခဲ့ကြရတော့တယ်။
ဒြပ်စင်တစ်ခုချင်းစီအပေါ်မှာ သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းက နိုဗာ ရဲ့ အကူအညီကြောင့် အဆမတန် တိကျလှတာဖြစ်လို့၊ တစ်ပြိုင်တည်းမှာတင် သန်းပေါင်းများစွာသော မှော်စွမ်းအင် အမှုန်အမွှားတွေကိုပါ စိတ်ကြိုက် ထိန်းချုပ်နိုင်စေခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး သီးခြားစီ ခွဲထုတ်လိုက်တဲ့ အချိန်မှာတော့၊ အပြာရောင်သန်းနေတဲ့ အစိမ်းရောင် အလင်းတန်းကြီးက ဖြည်းဖြည်းချင်း မှိန်ဖျော့သွားခဲ့ရပြီး အမည်းရောင်နဲ့ ခရမ်းရောင် အလင်းတန်းနှစ်ခုအဖြစ် သီးသန့်စီ ကွဲထွက်သွားခဲ့ရတာပေါ့။
သေဆုံးခြင်း စွမ်းအင်တွေကို နောက်ဆုံးမှာ ချေဖျက်ပေးလိုက်နိုင်တာကြောင့်၊ မိုက်ကယ် က အလင်းဒြပ်စင်နဲ့ လျှပ်စီးဒြပ်စင် စွမ်းအားတွေကို အမိန့်ပေးလိုက်ပြီး အမှောင်ဒြပ်စင်နဲ့ အဆိပ်ဒြပ်စင် စွမ်းအားတွေဆီကို တိုက်ရိုက် သွားရောက် ရိုက်ခတ်စေကာ၊ တစ်ခဏချင်းအတွင်းမှာတင် တစ်ခုနဲ့တစ်ခု ပျက်ပြယ်သွားစေဖို့ လုပ်ဆောင်လိုက်ပါတော့တယ်။
ပြီးတော့ ဟောဒီ မှော်စွမ်းအင်တွေက တစ်ခုနဲ့တစ်ခု သီးခြားစီ ဖြစ်သွားခဲ့ကြရပြီ ဖြစ်တာကြောင့်၊ သူတို့မှာ ပေါက်ကွဲနိုင်လောက်တဲ့ ဖိအားတွေ လုံးဝ မရှိတော့ပါဘူး။
ဖြည်းဖြည်းချင်းပဲ ဒီဒြပ်စင်လေးမျိုးစလုံးဟာ တစ်ခုနဲ့တစ်ခု ဖျက်ဆီးပစ်လိုက်ကြပြီး၊ ဆန်းကြယ်တဲ့ အလင်းပွင့်လေးတွေအဖြစ် ပြောင်းလဲသွားခဲ့ရကာ ဖယောင်းတိုင်မီးပွားလေးတွေလိုမျိုး တဖျတ်ဖျတ် တောက်လောင်ရင်း ပျောက်ကွယ်သွားခဲ့ကြရတော့တယ်။
အဲဒီနောက်မှာတော့ ငြိမ်သက်ခြင်းတွေ စိုးမိုးသွားခဲ့ရတာပေါ့။ ခန္ဓာကိုယ်ထဲမှာ လှုပ်ရှားနိုင်စေမယ့် သေဆုံးခြင်း စွမ်းအင်တွေ လုံးဝ မရှိတော့တာကြောင့် ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးဟာလည်း ပြာမှုန့်တွေအဖြစ် ပြောင်းလဲသွားခဲ့ရရှာပြီ ဖြစ်ပါတယ်။
စွန့်စားရှာဖွေသူတွေအားလုံး၊ စစ်သည်တော်ကြီးတွေ၊ ဟမ်းမားစတုန်း အဖွဲ့ဝင်တွေ ... အားလုံးဟာ မိုက်ကယ် ကို ကြည့်ရင်းနဲ့ အံ့ဩတုန်လှုပ်မှုတွေ၊ မယုံနိုင်လောက်တဲ့ အမူအရာတွေနဲ့ ပြည့်နှက်နေကြရတာပေါ့။
ဒါပေမဲ့ မိုက်ကယ် ကတော့ ဒါနဲ့တင် ရပ်တန့်မနေသေးပါဘူး။
သူက ကျောက်အုတ် နံရံတွေဆီကို လှည့်ကြည့်လိုက်ပြီး အဲဒီအနောက်ဘက်မှာ ဖုန်းကွယ်နေတဲ့ အမှောင်ဒြပ်စင် မန္တန်တိုင်ကြီးတွေကို စိတ်နဲ့ လှမ်းပြီး ဖမ်းဆွဲလိုက်ပါတော့တယ်။
သလင်းကျောက် ပုံသဏ္ဌာန် မြေဒြပ်စင်နံရံကြီးပေါ်မှာ အက်ကြောင်းကြီးတစ်ခု ဝုန်းခနဲ ပေါ်ထွက်လာခဲ့ပြီး၊ မိုက်ကယ် အထဲကို ဝင်ရောက်နိုင်ဖို့အတွက် လျှို့ဝှက်လမ်းတစ်ခု ချက်ချင်း ပွင့်သွားခဲ့ရပြီ ဖြစ်ပါတယ်။
* * * * * * * * *
စာစဉ်(၁၉)