အခန်း ၄၂၄
Vol. 43 Ch. 424
အခန်း (၄၂၄) ပစ္စည်းလုယက်ခြင်း
ချန်ဟွိုက်အန်က ဆရာတော်ဖန်ယဲ့နှင့် ဆက်လက် မပတ်သက်ခဲ့မိသည့်အတွက် မိမိကိုယ်ကို အလွန်ပင် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
ကျန်းယိပိုင် ပေးခဲ့သော ထိုးထွင်းသိမြင်မှုများအတွက်လည်း သူ အလွန်ပင် ကျေးဇူးတင်မိသည်။
အကယ်၍ သူသာ ကျင့်ကြံမှုအဆင့်ကို ပါးနပ်စွာ လျှော့ချပြီး ဆရာတော်ဖန်ယဲ့အပေါ် ကောင်းကင်အတိဒုက္ခ ကျရောက်စေရန် မလုပ်ခဲ့ပါက ဘုန်းတော်ကြီး၏ မှော်အသုံးအဆောင်ပစ္စည်းများ အားလုံးကို မည်သို့ ဝယ်ယူရမည်နည်းဟု စဉ်းစားရင်း ခေါင်းခြောက်နေရဦးမည် ဖြစ်သည်။
ထိုကဲ့သို့ အပြန်အလှန် အချိန်ဖြုန်းနေခြင်းက သူ၏တပည့်လေး သေဆုံးသွားစေရန် လုံလောက်ပေသည်။
သို့သော် ယခုအချိန် အပြင်းထန်ဆုံး အန္တရာယ်နှင့် ရင်ဆိုင်နေရသူမှာ လီချင်းရန် မဟုတ်ဘဲ လုံးဝ မျှော်လင့်၍ မထားသော သူတစ်ဦး ဖြစ်နေသည်။ မိုရှုမိန်ပင်။
လီချင်းရန် အန္တရာယ်ကြုံတွေ့နေရသည့် အရေးကြီးသော အချိန်တွင် ကယ်တင်ရှင်များအဖြစ် ယွဲ့ချန်ချီ၊ စုချီနျန် သို့မဟုတ် ရုတ်တရက် ရောက်လာနိုင်သည့် ကျန်းမုန့်ချူးတို့ကို သူ စဉ်းစားခဲ့မိသည်။
သို့သော် မိုရှုမိန် ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မတွေးမိခဲ့ပေ။
ဘယ်လိုပြောရမလဲ။
ဒီကောင်မလေးက ဓားကျောင်းတော်ကို ဝင်ရောက်လာတာ ကြာပြီဖြစ်ပေမဲ့ ပုံမှန်ဆိုရင် လျိုရှားတောင်ထွတ်မှာပဲ ကျင့်ကြံလေ့ရှိပြီးတော့ တစ်ခါတလေမှသာ ပေါ်လာတတ်တာ။ အတော်လေး မေ့လွယ်စရာကောင်းနေတယ်။
ချန်ဟွိုက်အန်က တန့်နေသော ဗုဒ္ဓရုပ်ပွားတော်နှင့် သီလရှင်အိုကြီးကို လျစ်လျူရှုလိုက်ပြီး ခြေဖျားဖြင့် ကြာရွက်တစ်ရွက်ကို ဖွဖွလေးနင်းကာ လန့်ဖျပ်သွားသော ငန်းတစ်ကောင်ကဲ့သို့ မိုရှုမိန်ကို ဖုံးလွှမ်းနေသည့် အပျက်အစီးများဆီသို့ လွင့်မျောသွားလိုက်သည်။
သူ၏ဝတ်ရုံလက်စကို တစ်ချက် ခါယမ်းလိုက်သည်နှင့် အပျက်အစီးများနှင့် ဖုန်မှုန့်များက လေပြင်းများဖြင့် လွင့်စင်သွားပြီး အောက်တွင် လုံးဝနီးပါး ကြေမွနေသော ခန္ဓာကိုယ်ကို မြင်တွေ့လိုက်ရ၏။
မိုရှုမိန်က သွေးအိုင်ထဲတွင် နစ်မြုပ်လုမတတ် လဲလျောင်းနေပြီး အသက်ရှူသံမှာ ချည်မျှင်လေးတစ်မျှင်လို အားပျော့နေသည်။
ချိုင့်ခွက်ထဲတွင် သူ၏လက်တစ်ဖက်မှာ ကြေမွပြီး အခြားလက်တစ်ဖက်မှာလည်း မှတ်မိနိုင်စွမ်း မရှိတော့သည် အထိ လိမ်ကောက်နေသည်။ သူက ကျိုးပဲ့နေသော အရုပ်လေးတစ်ရုပ်နှင့် တူနေ၏။
သူ၏အကြည့်ကို သတိထားမိသွားသော မိုရှုမိန်၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးများ အနည်းငယ် တဖျပ်ဖျပ် လှုပ်ရှားသွားပြီး နောက်ဆုံးတွင် အလင်းရောင် အနည်းငယ် ပေါ်ထွက်လာသည်။
သွေးများစွန်းထင်းနေသော နှုတ်ခမ်းများ တုန်ယင်သွားပြီး စကားလုံးများကို ပြီးပြည့်စုံအောင် မပြောနိုင်တော့ဘဲ တုန်ရီနေသော လက်ချောင်းများဖြင့် လီချင်းရန် ရှိရာဘက်သို့သာ အားပျော့စွာ ညွှန်ပြနိုင်တော့သည်။
"နားလည်ပြီ။" ချန်ဟွိုက်အန်က အလွန်ပင် မျက်မှောင်ကြုတ်သွားပြီး မိုရှုမိန်၏ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ထည့်ပေးရန် ငုံ့လိုက်သည်။ ကောင်မလေးတွင် ဆေးမျိုချရန် ခွန်အားပင် မရှိတော့သည်ကို မြင်သောအခါ သူက ဆေးလုံး ပျော်ဝင်စေရန် မူလစွမ်းအင်များကို ထုတ်လွှတ်ကူညီပေးရင်း ညင်သာစွာ နှစ်သိမ့်လိုက်သည်။ "စိတ်ချပါ၊ လီချင်းရန် ဘာမှမဖြစ်ပါဘူး။ မင်းရဲ့ ဒဏ်ရာတွေကို အရင်တည်ငြိမ်အောင် အာရုံစိုက်လိုက်။"
သူပေးလိုက်သော ဆေးလုံးက အားလပ်ချိန်တွင် ကိုယ်တိုင် သန့်စင်ထားသည့် ကောင်းကင်အဆင့် မဟာ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးပင် ဖြစ်သည်။
မဟာပြန်လည်ကောင်းမွန်ခြင်းဆေးလုံးများသည် အခြေခံကုသဆေးများ ဖြစ်သော်လည်း ကောင်းကင်အဆင့်ဟု သတ်မှတ်လိုက်သည်နှင့် ၎င်းတို့၏ အာနိသင်မှာ သာမန်ဆေးလုံးများထက် များစွာ သာလွန်သွား၏။
နောက်ဘက်မှ စစ်စည်သံများကဲ့သို့ လေးလံသော ခြေသံကြီးများ ထွက်ပေါ်လာသည်။
ချန်ဟွိုက်အန် လှည့်ကြည့်လိုက်ရာ ပြေးဝင်လာသော ဗုဒ္ဓရုပ်ပွားတော်ကို မြင်လိုက်ရပြီး သူ၏ မျက်လုံးများတွင် အံ့ဩမှုတစ်ချက် လက်သွားသည်။
"ငါ့ရဲ့ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ဖိအားကနေ ရုန်းထွက်နိုင်တယ်ပေါ့။ စိတ်ဝင်စားစရာပဲ။"
သီလရှင်အိုကြီး၏ခေါင်းမှာ ယခုအခါ လုံးဝ ပျောက်ကွယ်သွားပြီးနောက် အသားဖြူဖြူများဖြင့် ဖွဲ့စည်းထားသော ဗုဒ္ဓဦးခေါင်းတစ်ခုဖြင့် အစားထိုးခံလိုက်ရ၏။ သူက ရုပ်ပွားတော်နှင့် လုံးဝ တစ်သားတည်း ဖြစ်သွားပြီဖြစ်သည်။
အလျင်အမြန် အကဲဖြတ်ကြည့်ချက်အရ သီလရှင်အိုကြီး၏ အားသာချက်ကို တွေ့လိုက်ရသည်။ ပတ်လည်ရှိ ဗုဒ္ဓရုပ်ပွားတော် သုံးဆယ့်ခြောက်ဆူထံမှ စွမ်းအားများကို ရယူနေခြင်းက သူ့အား ဗုဒ္ဓရွှေကိုယ်ထည်ကို စဉ်ဆက်မပြတ် အသုံးပြုခွင့်ပေးပြီး လုံးဝနီးပါး ထိခိုက်မှုမရှိအောင် ကာကွယ်ပေးထားသည်။ သမားရိုးကျ နည်းလမ်းမှာ သူ့ကို အားနည်းသွားစေရန်အတွက် ထိုရုပ်ပွားတော် သုံးဆယ့်ခြောက်ဆူစလုံးကို ဖျက်ဆီးပစ်ရမည် ဖြစ်သည်။
သို့သော် ၎င်းမှာ ပေါင်းစည်းခြင်းအဆင့်အောက်ရှိ ကျင့်ကြံသူများအတွက် နည်းဗျူဟာသာ ဖြစ်သည်။
ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့်ကို ရောက်နေသော သူ့အတွက် ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စများကို ဂရုစိုက်နေရန် မလိုပေ။
အော်ဟစ်ကာ ပြေးဝင်လာသော သတ္တဝါကြီးကို ကြည့်ရင်း ချန်ဟွိုက်အန်က ဧရာမ လက်ဝါးကြီး ကျဆင်းလာချိန်တွင်ပင် အမူအရာ ကင်းမဲ့နေဆဲ ဖြစ်သည်။
ဝုန်း...
ကြာကန်၏ မြေပြင်သည် အပြင်းအထန် ချိုင့်ဝင်သွာ၏။
"ခစ်ခစ်ခစ်။ မိပြီလေ။" သီလရှင်အိုကြီး ရူးသွပ်စွာ ရယ်မောလိုက်သည်။
သူ၏ လက်ရာကို အားရပါးရ ကြည့်ရန် လက်ကို မြှောက်လိုက်သောအခါ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ချိုင့်ခွက်တစ်ခုကိုသာ တွေ့လိုက်ရပြီး ပစ်မှတ်၏ အရိပ်အယောင်မျှပင် မရှိပေ။
"နှေးလွန်းတယ်။"
အေးစက်စက် အသံတစ်ခုက အထက်မှ ထွက်ပေါ်လာ၏။
သီလရှင်အိုကြီး၏ ခေါင်းက ၁၈၀° လည်သွားသည်။
သူ၏မြင်ကွင်းထဲတွင် အမိုးခုံးကို လင်းထိန်နေစေသော ဗုဒ္ဓအလင်းရောင်ကို နောက်ခံပြု၍ အမည်းရောင် ပုံရိပ်တစ်ခု တဖျပ်ဖျပ် လှုပ်ရှားသွားသည်။
အချိန်တွေ ရပ်တန့်သွားသကဲ့သို့ပင် လေထုသည် စေးပျစ်လာပြီး အသက်ရှူရန်ပင် ခက်ခဲလာသည်။
ထိုအရိပ်၈ အောက်သို့ ထိုးဆင်းလာပြီး ဓားအိမ်ထဲရှိ ဓားက ဆွဲမထုတ်ရသေးမီမှာပင် သတ်ဖြတ်လိုသော အရှိန်အဝါများကို ဒီရေလှိုင်းများကဲ့သို့ ထုတ်လွှတ်နေ၏။
ရွှီး...
ဓား၏ အော်မြည်သံက သီလရှင်အိုကြီးကို ခဏတာ မိန်းမူးသွားစေသည်။
သူ မြင်လိုက်ရသည်မှာ လူသားတစ်ဦး၏ ပုံရိပ်မဟုတ်ဘဲ အရိပ်ထဲတွင် ပြိုကျလာသော တောင်ကြီးတစ်တောင် ဖြစ်သည်။
၎င်း၏ ဗဟိုချက်မှ ဓားအလင်းရောင်များ ပေါက်ကွဲထွက်လာပြီး ဗုဒ္ဓအလင်းရောင်ကိုပင် ကျော်လွန်၍ တောက်ပနေသည်။
ဖန်ကျင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးက ဤခုတ်ချက်တစ်ချက်တည်း၏ အောက်တွင် တုန်ခါသွားသည်။ ဓားတစ်လက်သက်သက် မဟုတ်ဘဲ ကောင်းကင်ကိုယ်တိုင်၏ အလေးချိန် ကျဆင်းလာသကဲ့သို့ပင်။
ဝုန်း….
ဓားရာတစ်ခုက ကြာကန်ကို နှစ်ခြမ်း ခွဲလိုက်၏။
ကျောက်အုတ်များက အောက်သို့ ပြိုကျသွားပြီး တစ်ပြိုင်နက်တည်းပင် အောက်ဘက်ရှိ မြေအောက် အကျဉ်းတိုက်ထဲမှ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကိုပါ အပိုင်းပိုင်း ကြေမွသွားစေသည်။
သီလရှင်အိုကြီက ရုပ်ပွားတော် နှစ်ဆူကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ ကြာကန် အထက်တွင် တစ်ဆူ၊ အောက်တွင် တစ်ဆူ ဖြစ်သည်။
သူ၏ အဓိကအာရုံစိုက်မှုမှာ အပေါ်ယံရှိ ရုပ်ပွားတော်ဖြစ်ပြီး ဗုဒ္ဓဦးခေါင်းကို ကြီးထွားစေချိန်တွင် မြေအောက်မှ စွမ်းအားအများစုကို လွှဲပြောင်းယူခဲ့ခြင်း ဖြစ်သည်။
ယခုမူ ချန်ဟွိုက်အန်၏ ခုတ်ချက်တစ်ချက်တည်းက နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ဖျက်ဆီးပစ်လိုက်သည်။
[ ဖန်ကျင်း မြင့်မြတ်နယ်မြေ အကြီးအကဲ မျက်နှာနှစ်ဖက် ဗုဒ္ဓကို သတ်ဖြတ်ပြီးပါပြီ။ လမ်းမှန်ကျင့်ကြံသူ အပိုင်းအစ ၁၁၂ခု၊ ဝိညာဉ်ပုံဆောင်ခဲ အခု၂၀ ရရှိပါသည်။ အလွန်အမင်း ဖျက်ဆီးအားပြင်းထန်မှုကြောင့် မျက်နှာနှစ်ဖက် ဗုဒ္ဓ၏ အသုံးအဆောင်များ ပျက်စီးသွားပါသည်။ အပိုပစ္စည်းများ မရရှိပါ ]
သတ်ဖြတ်မှု အတည်ပြုချက်နှင့်အတူ ထပ်မံ၍ စစ်ဆေးရန် မလိုအပ်တော့ပေ။
"ဘိုးဘေးကြီး…"
"ဝိုး။ တကယ် ဘိုးဘေးကြီးပဲ…"
မြေအောက် အကျဉ်းတိုက်ထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
အောက်သို့ ငုံ့ကြည့်လိုက်ရာ ယွဲ့ချန်ချီ ဦးဆောင်သော ဓားကျောင်းတော်မှ တိုက်ရိုက်တပည့် သုံးဦးနှင့်အတူ နောက်တွင် ယွန်စုရှင်း အပါအဝင် အခြားဂိုဏ်းများမှ အထူးတပ်ဖွဲ့ဝင် တပည့်များကို ချန်ဟွိုက်အန် မြင်လိုက်ရသည်။
ယောင်ချီမြင့်မြတ်နယ်မြေနှင့် နှိုင်းယှဉ်လျှင် ဖန်ကျင်းက အနည်းငယ် ပိုကောင်းနေသည်။ အနည်းဆုံးတော့ သူတို့က ထိုတပည့်များကို လူသားဆေးလုံးများအဖြစ် အလျင်စလို သန့်စင်ရန် မကြိုးစားခဲ့ပေ။
ဖိုသီဖတ်သီ ဖြစ်နေသော်လည်း ယွဲ့ချန်ချီ၏အဖွဲ့တွင် ထင်ရှားသော ဒဏ်ရာများ မတွေ့ရပေ။
ချန်ဟွိုက်အန်၏ မျက်ခုံး တစ်ချက်တွန့်သွားပြီး ချက်ချင်းပင် ဒေါသများ ထွက်လာသည်။
သူက အောက်သို့ ပျံဆင်းသွားပြီး ယွဲ့ချန်ချီ၏ ပါးကို ဆွဲညှစ်လိုက်သည်။ "မင်းက ဘယ်လို အစ်မကြီးမျိုးလဲ၊ ဟမ်။ မင်းရဲ့ ဂျူနီယာညီမလေးကို အပေါ်ထပ်မှာ အရိုက်ခံနေရအောင် ထားခဲ့တာလား။ မိုရှုမိန်သာ အချိန်မဆွဲပေးခဲ့ရင်၊ ငါရောက်လာတာ နည်းနည်းလေး နောက်ကျသွားခဲ့ရင်၊ အခုဆို မင်းညီမလေးရဲ့ သင်္ချိုင်းမှာ မြက်တွေတောင် သုံးပေလောက် ရှည်နေလောက်ပြီ။"
"ဘာ။ မဖြစ်နိုင်တာပဲ။" ယွဲ့ချန်ချီက ဆွဲညှစ်ခံထားရသော ပါးများကြားမှ ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်၊ "အစောင့်တွေ အားလုံးက အကျဉ်းတိုက်ထဲမှာ ရှိနေတာလေ။ အချိန်မီ ဝင်မကူညီပေးခဲ့ရင် ကျွန်မတို့ ရှုံးသွားလောက်ပြီ။ ချင်းရန်က အပြင်ဘက်မှာ ဘယ်လိုလုပ် အန္တရာယ်ကြုံနေရမှာလဲ။"
ချန်ဟွိုက်အန်က စကားတစ်ခွန်းမျှ မပြောဘဲ သူတို့ကို သီလရှင်အိုကြီး၏ အလောင်းဆီသို့ ဦးဆောင်သွားပြီး ထိုမှတစ်ဆင့် တရားထိုင်နေသော မိုရှုမိန်ဆီသို့ ခေါ်သွားသည်။
သွေးများရွှဲနေသော မိုရှုမိန်၏ ပုံရိပ်ကို မြင်သောအခါ သူတို့၏ ရင်များ ပြင်းထန်စွာ တုန်လှုပ်သွား၏။
အခြေတည်ဝိညာဉ်အဆင့်ကို မချိုးဖောက်နိုင်ခင်ကတည်းက တစ်ဦးချင်း တိုက်ခိုက်ရာတွင် မည်သူမျှ သူ့ကို မနိုင်နိုင်ကြောင်း သူတို့ သိထားကြသည်။
သူ အဆင့်တက်သွားပြီးနောက် ယွဲ့ချန်ချီပင်လျှင် သူတို့၏ လေ့ကျင့်ရေးတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ရသည်။ ထိုစဉ်က မိုရှုမိန်သည် မိစ္ဆာဓားကိုပင် အသုံးမပြုခဲ့ပေ။ ထိုဓားမှာ ယာယီအားဖြင့် နတ်အသွင်ပြောင်းခြင်းအဆင့် စွမ်းအားများကို ထုတ်လွှတ်နိုင်သည်ဟု ကောလာဟလများ ရှိနေခဲ့သည်...
ထိုမျှစွမ်းအားကြီးသော သူသည်ပင် ဤအခြေအနေသို့ ရောက်သွားခဲ့ရသည်။
ဒါဆိုရင် လီချင်းရန်ကော...
ချန်ဟွိုက်အန်က သူတို့ကို လီချင်းရန်ထံသို့ ခေါ်ဆောင်သွားသည်။
နဂါးနက် ရှစ်ကောင်က ဟက်စကီးခွေးကြီးများကဲ့သို့ အမြီးများ ထောင်လျက် မျက်လုံးများ ပြူးကျယ်ကာ အစောင့်ကျနေကြပြီး ချန်ဟွိုက်အန်ကို မြင်သည်နှင့် ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။
လီချင်းရန်က နဂါးတစ်ကောင်၏ အမြီးပေါ်တွင် ခြေပစ်လက်ပစ် အိပ်ပျော်နေ၏။
သူ မျက်မှောင်ကြုတ်လိုက်သည်။ အစောပိုင်းက မည်သည့်ဒဏ်ရာကိုမျှ သူ သတိမထားမိခဲ့ပေ။
အခုလောက်ဆို သူ နိုးနေသင့်ပြီ မဟုတ်လား။
သူ၏ အခြေအနေကို စစ်ဆေးရန် ချန်ဟွိုက်အန် ငုံ့လိုက်စဉ်…
"ဖူး…"
လီချင်းရန်၏ နှာခေါင်းမှ နှပ်ပူဖောင်းလေး တစ်ခု ရုတ်တရက် ဖောင်းထွက်လာသည်။
ထို့နောက် ပေါက်သွား၏။
လန့်ဖြတ်သွားသော လီချင်းရန်က တစ်ပတ်လိမ့်သွားပြီး နဂါး၏ အမြီးကို ကိုက်လိုက်သည်။
"အွန်းဟဲဟဲ…"
သူက အိပ်ချင်မူးတူးဖြင့် ရေရွတ်လိုက်သည်။
"စတော်ဘယ်ရီ ကိတ်မုန့်... စားကောင်းလိုက်တာ…”
…