အခန်း ၄၂၅
Vol. 43 Ch. 425
အခန်း (၄၂၅) မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်မှု
ကဲပါ ဟုတ်ပါပြီ….
ပြင်ပနှောင့်ယှက်မှုတွေ မရှိဘဲ ဟက်စကီးခွေးကြီးတွေလို နဂါးရှစ်ကောင်က သေချာကာကွယ်ပေးထားလို့ သူက သတိလစ်သွားပြီးတော့ ဒီအတိုင်း အိပ်ပျော်သွားတာလား။
လီချင်းရန်၊ ဒီကောင်မလေးကတော့...
ချန်ဟွိုက်အန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွား၏။
တခြားနေရာများတွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားနေချိန် လီချင်းရန် ရှိနေသော နေရာလေးကတော့ လုံးဝကို အေးချမ်းနေခဲ့သည်။
သူ စစ်ကူအဖြစ် ရောက်လာချိန် တိုက်ပွဲက လီချင်းရန်ဆီကို လုံးဝ ရောက်မလာသေးပေ။
"ဟေး ကောင်မလေး၊ ထတော့။" ချန်ဟွိုက်အန်က လီချင်းရန်၏ လှပသော မျက်နှာလေးကို လက်ချောင်းဖြင့် နှစ်ချက် ထိုးလိုက်သည်။ သူ၏ အထိအတွေ့ အာရုံများက ယခုအခါ အမြဲတမ်း ပွင့်နေပြီ ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အကဲဖြတ်ရန် လီချင်းရန်၏ ပါးပြင်လေးများ မည်မျှ နူးညံ့ကြောင်း အချိန်မရွေး စစ်ဆေးနိုင်၏။
လီချင်းရန်က နှုတ်ခမ်းဆူလိုက်သော်လည်း နိုးမလာခဲ့ပေ။
"ဘိုးဘေးကြီးရဲ့နည်းလမ်းက အလုပ်မဖြစ်ပါဘူး။ ကျွန်မ စမ်းကြည့်ပါရစေ။" ယွဲ့ချန်ချီက ကိုယ်တိုင်ဝင်ပါလာပြီး လီချင်းရန်ဘေးတွင် ငုံ့ကာ နားထဲသို့ ရုတ်တရက် တီးတိုးပြောလိုက်သည်။
"နင် ကြားပြီးပြီလား။ ဓားကျောင်းတော် ဘိုးဘေးကြီးက လက်ထပ်တော့မယ်။ သတို့သမီးက လီချင်းရန် မဟုတ်ဘူးတဲ့။"
ထိုစကားများကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ယခင်က မည်သည့် တုံ့ပြန်မှုမျှ မပြခဲ့သော လီချင်းရန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။
မှိတ်ထားသော မျက်ခွံများ တုန်ရီသွားပြီး မျက်နှာပေါ်တွင် ရုန်းကန်နေရသည့် အမူအရာများ ပေါ်လာကာ ရုတ်တရက် မျက်လုံးပွင့်လာသည်။
"ဘယ်သူများ အတင့်ရဲတာလဲ။"
"ငါ့ဆရာကို ဘယ်သူက လုရဲတာလဲ။"
လီချင်းရန်သည် မတ်မတ် ထထိုင်လိုက်ပြီး သွားရာများထင်အောင် ကိုက်ထားခဲ့သော နဂါးအမြီးကို ဘေးသို့ လွှင့်ပစ်လိုက်သည်။
သူ၏ ဒေါသတကြီး အကြည့်က ယွဲ့ချန်ချီ၏ ရယ်ချင်နေသော အမူအရာပေါ်သို့ အရင်ကျရောက်သွားပြီးနောက် ထိုနေရာရှိ လူအားလုံးကို လိုက်ကြည့်မိကာ သူ၏မျက်နှာ သိသိသာသာ နီရဲသွားတော့သည်။
သူက အချိန်အတော်ကြာအောင် ရှုပ်ထွေးစွာ မျက်တောင်ခတ်နေပြီးနောက် ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။
"ဆရာ... အစ်မကြီး... ဘယ်တုန်းက ရောက်နေကြတာလဲ..."
"ခုနလေးတင်ပဲႏ" ချန်ဟွိုက်အန်က ပြောလိုက်သည်။ "အမွှေးတိုင် တစ်ဝက်စာ အချိန်တောင် မရှိသေးပါဘူး။"
"ဒါဆို... ဆရာတို့ ရောက်လာတုန်းက ကျွန်မ ဘာလုပ်နေတာလဲ..."
"နင် အသေအချာကို အိပ်မောကျနေတာလေ…" ယွဲ့ချန်ချီက ရယ်ချင်စိတ်ကို ဖုံးကွယ်ရန် ပါးစပ်ကို အုပ်ထားရင်း ပြောလိုက်သည်။
"အာ..." လီချင်းရန်က ပူထူနေသော ပါးပြင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။
အရမ်းရှက်ဖို့ကောင်းတာပဲ၊ အခု ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲတော့ဘူး။
"မိုရှုမိန်က နင့်ကို ကယ်ရင်းနဲ့ သေလုမျောပါးဖြစ်နေတုန်း နင်ကတော့ အေးအေးဆေးဆေး အိပ်နေတာပဲနော်။" ယွဲ့ချန်ချီက မျက်လုံးလှန်ပြကာ လီချင်းရန်၏ နဖူးကို ထိုးလိုက်သည်။
"မို... မိုရှုမိန်လား။"
လီချင်းရန်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု တစ်ချက် ဖြတ်ပြေးသွား၏။
သီလရှင်အိုကြီး၏ ခြင်္သေ့ဟိန်းသံကြောင့် သူ သတိလစ်သွားသည်ကိုသာ မှတ်မိသည်။
ထိုစဉ်က သူ သွားပြီဟုသာ ထင်ခဲ့သည်။ သူ၏ဆရာနှင့် ဂိုဏ်းတူအစ်ကိုအစ်မများ အချိန်မီ ရောက်လာလိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်...
ဒါဆို မိုရှုမိန်က ငါ့ကို ကယ်ခဲ့တာပေါ့။
"မိုရှုမိန် ဘယ်မှာလဲ။"
သူ မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပြီး ကြာကန်ဘေးရှိ ကျိုးပဲ့နေသော နံရံများကို မှီကာ ဒဏ်ရာများ သက်သာစေရန် နားနေသော မိုရှုမိန်ကို လျင်မြန်စွာ တွေ့လိုက်ရသည်။
ချန်ဟွိုက်အန်က လီချင်းရန် နောက်မှလိုက်ကာ မိုရှုမိန်အနားသို့ သွားလိုက်သည်။
အစောပိုင်းနှင့် နှိုင်းယှဉ်လျှင် မိုရှုမိန်၏အခြေအနေမှာ သိသိသာသာ ပုံမှန်မဟုတ်တော့ပေ။
သူ၏ ကြီးမားသော ဒဏ်ရာများ အနည်းငယ် သက်သာသွားသော်လည်း အနက်ရောင် မိစ္ဆာစွမ်းအင်များက ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ အနက်ရောင် စွမ်းအင်များက ဒန်တျန်မှ စိမ့်ထွက်လာပြီး ဒွရပေါက်များ မှတစ်ဆင့် ပြန်လည် ထိုးဖောက် ဝင်ရောက်နေသည်။ သူ ပြင်းထန်စွာ တုန်ယင်နေပြီး အလွန်အမင်း နာကျင်မှုကို ခံနိုင်ရည်ရှိရန် အံကြိတ်ထားသဖြင့် မျက်နှာမှာ ဖြူရော်နေသည်။
"ဆရာ၊ မိုရှုမိန် ဘာဖြစ်နေတာလဲ။"
မိုရှုမိန်ကို အကြိမ်ကြိမ် ခေါ်သော်လည်း တုံ့ပြန်မှု မရှိဘဲ နှောင့်ယှက်မိမည်စိုး၍ အနားသို့ မကပ်ရဲသဖြင့် လီချင်းရန်က အကူအညီအတွက် ချန်ဟွိုက်အန်ဘက်သို့သာ လှည့်နိုင်တော့သည်။
ချန်ဟွိုက်အန် မျက်လုံးများကို ကျဉ်းလိုက်ရာ သူ၏မြင်ကွင်းထဲတွင် မိုရှုမိန်၏ ခေါင်းပေါ်၌ စာတန်းများ ပေါ်လာသည်။
[ အမည် - မိုရှုမိန် ]
[ အခြေအနေ - မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်မှု၊ စိုးရိမ်ရသော အခြေအနေ ]
"မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်တာပဲ။" ချန်ဟွိုက်အန်၏ရင်ထဲ လေးလံသွားသည်။
ကုသရေးဆေးလုံးများက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ကုသနိုင်သော်လည်း မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်မှုကိုတော့ မကုသနိုင်ပေ။
၎င်းက မိုရှုမိန် အသုံးပြုသော ကျင့်စဉ်များနှင့် မှော်အသုံးအဆောင်များနှင့် သက်ဆိုင်သည်။ ထိုမိစ္ဆာဓားက အဓိက တရားခံ ဖြစ်နိုင်ချေရှိသည်။
သူ ထပ်မံ မရှင်းပြနိုင်ခင် လီချင်းရန်က မိုရှုမိန်၏ မိစ္ဆာဓား၊ အသူရာချောက်နက်ဝိညာဉ်ဓားကို ဆွဲယူလိုက်ပြီး၊ တင်းမာသော အမူအရာဖြင့် ဓားကို ဆွဲထုတ်လိုက်သည်:
"မိုရှုမိန်ရဲ့ မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်မှုကို ဖြေရှင်းဖို့ နင့်ကို အသက်သုံးရှိုက်စာ အချိန်ပေးမယ်။ မဟုတ်ရင် နင် နောင်တရသွားစေရမယ်။"
ပုံမှန် စကားများလှသော မိစ္ဆာဓား အသူရာချောက်နက်ဝိညာဉ်ဓားက လီချင်းရန်၏ လက်ထဲတွင် လုံးဝ အသံတိတ်နေပြီး သေနေသကဲ့သို့ပင်။
"ညီမလေး ချင်းရန်၊ အဲဒါ အလုပ်မဖြစ်ဘူး။" ယွဲ့ချန်ချီက သိနားလည်စွာ ခေါင်းခါလိုက်ပြီး လီချင်းရန်ထံမှ ဓားကို ယူကာ ၎င်း၏ မျက်နှာပြင်တစ်လျှောက် လက်ဖြင့်ပွတ်ဆွဲရင်း ထူးဆန်းသော အပြုံးဖြင့် ပြောလိုက်သည်။
"မိစ္ဆာဓား၊ မိစ္ဆာဓား။ နင် ငါတို့ပြောတာ ကြားနေတယ်ဆိုတာ ငါသိတယ်။ နင် ပြန်မဖြေရင်၊ နင့်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ ဓားကျောင်းတော်ရဲ့ ဓားသင်္ချိုင်းထဲမှာ မြှုပ်ထားမယ်။ အင်္ဂါ၊ ကြာသပတေး၊ စနေနေ့တွေကျရင် ပြန်တူးဖော်ပြီးတော့ ကျန့်ဝူမြင့်မြတ်နယ်မြေရဲ့ ဓားကန်ထဲ ပစ်ထည့်မယ်။ တနင်္ဂနွေနေ့ ကျရင်တော့ နင့်ကို တစ်ရက် အနားပေးမယ်။ ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေရဲ့ ဓာတ်တော်တွေနဲ့ အတူတူ သော့ခတ်ထားပေးမယ်လေ။ ဘယ်လိုလဲ။"
အသူရာချောက်နက် ဝိညာဉ်ဓား အပြင်းအထန် တုန်ခါသွား၏။
ဓားက တုန်ခါသွားပြီး အက်ရှရှအသံတစ်ခု ထွက်ပေါ်လာသည်။
[ မင်းက အတော် အပြောဆိုးတာပဲ ]
"မဆိုးပါဘူး။" ယွဲ့ချန်ချီက ပခုံးတွန့်လိုက်သည်။ "ငါက ညှာတာနေတာပါ။ ငါသာ နင့်ကို တကယ် ဖျက်ဆီးချင်ရင် ငါတို့ရဲ့ ဘိုးဘေးကြီးလက်ထဲ ထည့်ပေးလိုက်ရုံပဲ။ ငါတို့ရဲ့ ဘိုးဘေးကြီးက မဟာတက်လှမ်းခြင်း အဆင့် ကျင့်ကြံသူလေ။ နင့်လို သနားစရာ ဓားလေးတစ်လက်ကို ချေမွပစ်ဖို့ဆိုတာ ကလေးကစားစရာလိုပဲ။"
အသူရာချောက်နက်ဝိညာဉ်ဓား တိတ်ဆိတ်သွား၏။
ယွဲ့ချန်ချီ ပြောသည်မှာ မမှားပေ။
ဓားကျောင်းတော်ထဲ မဝင်ရောက်ခင် ၎င်းက ခက်ထန်ဟန်ဆောင်နိုင်ခဲ့သည်။ သို့သော်လည်း အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော အကြီးအကဲများကို မြင်တွေ့ပြီးနောက်...
ဤနေရာတွင် မည်သည့် မာနမှ မပြရဲတော့ပေ။
[ မင်းရဲ့ ခြိမ်းခြောက်မှုတွေက အဓိပ္ပာယ်မရှိပါဘူး ]
အသူရာချောက်နက်ဝိညာဉ်ဓားက နှာခေါင်းရှုံ့လိုက်သည်။
[ငါ သူ့ကို အစောကြီးကတည်းက သတိပေးခဲ့တာ။ မိစ္ဆာဓားရဲ့ စွမ်းအားကို ဆက်တိုက်သုံးရင် တန်ပြန်သက်ရောက်မှု ဖြစ်လာမှာ သေချာတယ်လို့။ ဒါက ဓားဟန်ပန်နဲ့ ကိုက်ညီအောင် သူ ကျင့်ကြံခဲ့တဲ့ ရက္ခိုက်နှလုံးသား ကျင့်စဉ်ကနေ လာတာ။ တန်ပြန်သက်ရောက်နေတဲ့အချိန်မှာ သူ့ဝိညာဉ်ကို ဝါးမျိုဖို့ ငါ အခွင့်အရေးတောင် မယူခဲ့ဘူး။ မဟုတ်ရင် သူ သေနေလောက်ပြီ၊ ငါ ထိန်းချုပ်ဖို့ ရုပ်သေးရုပ် ခန္ဓာကိုယ်လေးပဲ ကျန်တော့မှာ ]
"နင်က မိစ္ဆာဓားလေ။ တန်ပြန်သက်ရောက်မှုကို နင် မထိန်းချုပ်နိုင်ဘူးလား။"
[ ငါက ဓားဝိညာဉ် သက်သက်ပါ။ အရာအားလုံးကို ငါ ထိန်းချုပ်နိုင်တယ်လို့ မဆိုလိုဘူးလေ ]
ယွဲ့ချန်ချီက နှာမှုတ်လိုက်ပြီး ဓားကို ချန်ဟွိုက်အန်ထံ ပေးမည့်ဟန်ဆောင်လိုက်သည်။ "ဆက်လိမ်နေလိုက်။ ဓားဝိညာဉ်ဆိုတော့ နင်က သဘာဝအရ ဓားရဲ့ ဒုတိယထိန်းချုပ်သူပဲ။ အရာအားလုံးကို မထိန်းချုပ်နိုင်ဘူး ဟုတ်လား။ ငါတို့ရဲ့ ဘိုးဘေးကြီးကိုပဲ နင့်ကို ရှင်းခိုင်းလိုက်သင့်တယ်။"
သို့သော် အသူရာချောက်နက်ဝိညာဉ်ဓားက ဤတစ်ကြိမ်တွင် နောက်မဆုတ်တော့ပေ။
၎င်းက လှောင်ပြောင်ရယ်မောလိုက်သည်။
[ ငါ့ကို သတ်လိုက်ရုံနဲ့ အဲဒီကောင်မလေးကို ကယ်နိုင်မှာ မဟုတ်ဘူး ]
[ ဒီဓားနဲ့ သတ်လိုက်တဲ့ ဝိညာဉ်တိုင်းက သူ့ကို သန်မာစေမယ့် အာဟာရ ဖြစ်လာတာပဲ ]
[ ဒါက အကျဉ်းထောင်တစ်ခုနဲ့ တူတယ်။ ငါက အကျဉ်းခန်းနဲ့ အစောင့်သက်သက်ပဲ။ တန်ပြန်သက်ရောက်နေတဲ့ အချိန်မှာ အကျဉ်းခန်းတံခါးတွေ အလိုအလျောက် ပွင့်သွားတယ်။ ရူးသွပ်နေတဲ့ အငြိုးဝိညာဉ်တွေ အကုန်လုံး အပြင်ကို အလုအယက် ထွက်လာတာကို အစောင့်သက်သက်က တားနိုင်မယ်လို့ ထင်နေတာလား။ ငါ့မှာသာ အဲဒီစွမ်းအားရှိရင် ဓားကို ကိုယ်တိုင်ထိန်းချုပ်မှာပေါ့ ]
ယွဲ့ချန်ချီက ၎င်းကို စဉ်းစားကြည့်သည်။
အဓိပ္ပာယ်တော့ ရှိသားပဲ။
အသူရာချောက်နက်ဝိညာဉ်ဓားလိုမျိုး ဆိုးယုတ်လှတဲ့ အသုံးအဆောင်မျိုးကို တစ်ခါမှ မသုံးဖူးသဖြင့် ၎င်း၏ ရှုပ်ထွေးနက်နဲမှုများကို သူ မသိပေ။
နောက်ဆုံးတွင် သူက ဓားကို ချန်ဟွိုက်အန်ထံသို့သာ ပေးလိုက်နိုင်တော့သည်။
"ဘိုးဘေးကြီ။ ဂျူနီယာညီမချင်းရန်နဲ့ ကျွန်မ ဘာလုပ်ရမှန်း မသိတော့ဘူး။ ဘိုးဘေးကြီးက အရာအားလုံးကို တတ်စွမ်းနိုင်တာပဲ။ ဂျူနီယာညီမ မိုရှုမိန်ကို ကယ်ဖို့ နည်းလမ်းတစ်ခုခု ရှာပေးပါဦး။"
တုန်ရီနေသော အသူရာချောက်နက်ဝိညာဉ်ဓားကို ကိုင်ထားရင်း ချန်ဟွိုက်အန်သည် အစောပိုင်းက သူ၏ ဂိမ်းစနစ်ရှိ ကောင်းကင်နက္ခတ်တွက်ချက်မှုကို အသုံးပြုရန် စဉ်းစားခဲ့သည်။
သို့သော် ထိုဖြစ်ရပ်ပြီးကတည်းက သူသည် ဤပုံရိပ်ယောင်ကောင်မလေးဂိမ်းကို သတိထားလာခဲ့သည်။
၎င်း၏ လုပ်ဆောင်ချက်များကို အသုံးပြုရန် မခုခံနိုင်သော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို ကြိုတင်ကာကွယ်ထားရန် လိုအပ်သည်။
လုံးဝ မလွဲသာမရှောင်သာမှလွဲ၍ ကောင်းကင်နက္ခတ်တွက်ချက်မှုကို အသုံးမပြုခြင်းက ပိုကောင်းသည်။
"မကြောက်ပါနဲ့။ ငါက မင်းကို အခုချက်ချင်း ရှင်းဖို့ စီစဉ်မထားပါဘူး။"
အသူရာချောက်နက်ဝိညာဉ်ဓားနှင့် မိုရှုမိန်တို့က အပြန်အလှန် မှီခိုနေသော ပတ်သက်မှုမျိုး ရှိနေကြောင်း နားလည်ထားသဖြင့် ချန်ဟွိုက်အန်က ဓားအိမ်ကို ဖွဖွလေး ပုတ်လိုက်သည်။
ဓားဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်ခြင်းက အဓိပ္ပာယ်မရှိလှပေ။
"မင်းက မိုရှုမိန်ရဲ့အခြေအနေကို ဒီလောက် ကောင်းကောင်း နားလည်နေမှတော့ ဖြေရှင်းဖို့ နည်းလမ်းရှိလား။ ငါ လုပ်နိုင် မလုပ်နိုင်ကို ထည့်မစဉ်းစားဘဲနဲ့ လွတ်လွတ်လပ်လပ် ပြောစမ်း။”
…