← Chapters

အခန်း ၄၂၉

Vol. 43 Ch. 429

အခန်း ၄၂၉

Vol. 43 Ch. 429

အခန်း (၄၂၉) ငါ သေချာပေါက် ပြန်လာခဲ့မယ်

"နီကျားဆိုတာ ဘာလဲ။။"

ရှောင်ဖုန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်နှာ မှောင်မိုက်သွားသည်။

ချန်ဟွိုက်အန် ဘာအကြောင်းပြောနေမှန်း သူ နားမလည်သော်လည်း လေသံထဲမဇ လှောင်ပြောင်မှုကိုတော့ သူ ခံစားမိသည်။

သို့သော် ၎င်းက နားလည်နိုင်‌ပေသည်။

နွားပေါက်လေးတွေက ကျားကို မကြောက်ဘူးလေ။ မသိနားမလည်တဲ့သူက ဘာကိုမှ မကြောက်ဘူး။

ငါ့ရဲ့သရုပ်မှန်ကို ထုတ်ပြလိုက်ရင် သူတို့ဘောင်းဘီထဲ သေးထွက်သွားအောင် ကြောက်သွားမှာ။

"သေချာနားထောင်စမ်း။ ငါက ရှောင်ဖုန်း။ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးပဲ။"

ရှောင်ဖုန်းက မေးစေ့ကို မော်ကြွားစွာ ပင့်တင်လိုက်သည်။

"ငါက ရက္ခိုက်နှလုံးသားကျင့်စဉ်ကို ရေးခဲ့ပြီး ကောင်းကင်မိစ္ဆာ သိုင်းပညာကို ဖန်တီးရာမှာ ပါဝင်ခဲ့တယ်။ ပြီးတော့ ငါက ပေါင်းစည်းခြင်းအဆင့်မှာ ရှိတာမဟုတ်ဘူး။ ငါက မဟာတက်လှမ်းခြင်း အဆင့် ဒုတိယ‌မြောက်ကပ်ဘေး မဟာပြီးပြည့်စုံခြင်း အဆင့်မှာ။ မင်းတို့ အခုမြင်နေရတာက ငါ့ရဲ့ ဝိညာဉ်အကြွင်းအကျန် အပိုင်းအစ တစ်ခုပဲ။"

ပြောပြီးသည်နှင့် ရှောင်ဖုန်းက ချန်ဟွိုက်အန်နှင့် အခြားသူများကို စူးစိုက်ကြည့်လိုက်ပြီး သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်မှုများကို မြင်တွေ့ရလိမ့်မည်ဟု အပြည့်အဝ မျှော်လင့်ထားသည်။

ထိပ်တန်း မိစ္ဆာအတတ်များကို ဖန်တီးသူ၊ ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး၊ မဟာတက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ...

ထိုဘွဲ့နာမည်များထဲမှ တစ်ခုတည်းကပင် သာမန် ကျင့်ကြံသူများကို သေးထွက်သွားအောင် ကြောက်လန့်စေရန် လုံလောက်နေ‌လေပြီ။

သို့သော် သူ့ရှေ့မှ ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ သုံးဦးကတော့ သူပြောခဲ့သမျှအားလုံးက လုံးဝ အဓိပ္ပာယ်မရှိသော စကားများကဲ့သို့ပင် လုံးဝ တည်ငြိမ်နေကြသည်။

"မင်းတို့ ဘာဖြစ်နေတာလဲ။ မင်းတို့ အံ့ဩသွားရမှာ မဟုတ်ဘူးလား။ အော်ပြီးထွက်ပြေးရမှာ မဟုတ်ဘူးလား။"

ရှောင်ဖုန်း စိတ်ပျက်လွန်း၍ ရူးပေတော့မည်။

ငါ တံခါးပိတ်ကျင့်ကြံနေတုန်း လောကကြီး ဒီလောက်တောင် ပြောင်းလဲသွားတာလား။ ရွှေရောင်အနှစ်သာရ အဆင့် ကျင့်ကြံသူတွေက မဟာတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူတွေကို မကြောက်ကြတော့ဘူးလား။။

"သေစမ်း။"

ရှောင်ဖုန်း၏ ပုံရိပ်ယောင် ဆယ့်ရှစ်ခုက တစ်ပြိုင်နက်တည်း ခုန်တက်သွားပြီး ချန်ဟွိုက်အန်ကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။

ပုံရိပ်ယောင် ဆယ့်ရှစ်ခုက လေထဲတွင် ပေါင်းစည်းသွားပြီး သူတို့၏ အရှေ့တွင် ချက်ချင်း ပေါ်လာသည်။ ဤတိုက်ခိုက်မှုအောက်တွင် ဝိညာဉ်နယ်မြေတစ်ခုလုံး တုန်ခါသွားပြီး ဝိညာဉ်နယ်မြေပိုင်ရှင်ဖြစ်သော မိုရှုမိန်က ချက်ချင်း မျက်နှာဖြူရော်သွားကာ ဝိညာဉ် ဆုတ်ဖြဲခံရတော့မည့်အလား ခံစားလိုက်ရသည်။

၎င်းကိုမြင်သော် ချန်ဟွိုက်အန်က ရှေ့သို့ ခြေနှစ်လှမ်းတိုးကာ မိစ္ဆာမီးတောက် ပင်လယ်ကြားမှ ရှောင်ဖုန်း၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး ပြီးပြည့်စုံသော ပခုံးကျော် ပစ်ပေါက်ချက်ဖြင့် ပစ်ချလိုက်သည်။

ဝုန်း...

ဝိညာဉ်နယ်မြေ ပြင်းထန်စွာ တုန်ခါသွား၏။

ရှောင်ဖုန်းက ချန်ဟွိုက်အန်ကို ဇောက်ထိုးကြည့်နေပြီး မျက်နှာမှာ အစိမ်းနှင့် အဖြူ တစ်လှည့်စီ ပြောင်းလဲ၍ နေသည်။

"ဘာလို့လဲ။ မင်း ဘယ်လိုလုပ်ပြီးတော့…"

သူ စကားမဆုံးမီမှာပင် ချန်ဟွိုက်အန်က သူ့ကို ထပ်မံ ပစ်ပေါက်လိုက်သည်။

ဝုန်း...

ရှောင်ဖုန်း - "ငါ…"

ဝုန်း...

ရှောင်ဖုန်း - "မင်း…"

ဝုန်း...

ပစ်ပေါက်ချက် တစ်ခုချင်းစီတိုင်းတွင် ရှောင်ဖုန်း၏ ဝိညာဉ်က ပို၍ ပွင့်လင်းမြင်သာလာပြီး ကြက်ဥအနှစ် မွှေကြော်လို ပါးလွှာသွားသည်အထိပင်။

"မင်းက... မင်းက တကယ်တမ်း ဘယ်သူလဲ..." ရှောင်ဖုန်း၏ ကြွင်းကျန်ရစ်သော ဝိညာဉ်က မြေပြင်ပေါ်တွင် အားပျော့စွာ လဲလျောင်းနေသည်။

"ငါက ဓားကျောင်းတော်က ချန်ဟွိုက်အန်။ အေးဆေးနေမှ လာပြီးတော့ လက်စားချေချင်ရင်လည်း ချေပေါ့။" ချန်ဟွိုက်အန်က ရှောင်ဖုန်း၏မျက်နှာကို နင်းထားရင်း ပြုံးကာ ပြောလိုက်သည်။ "ဒါပေမဲ့ ငါ သေချာလေး ပြောပြမယ်။ မင်း ဘယ်လောက်ပဲ ကျင့်ကြံကျင့်ကြံ၊ အခန်းဘယ်နှစ်ခန်းပဲ ကျွမ်းကျင်ကျွမ်းကျင်၊ ဒီကလေးမရဲ့ မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်ချိန်မှာ နောက်တစ်ခါ ထပ်မပေါ်လာတာကတော့ အကောင်းဆုံးပဲ။ မဟုတ်ရင် ပေါ်လာတိုင်း ဒီလိုပဲ ရိုက်ပစ်မယ်။ အခု ထွက်သွားတော့။"

ထိုသို့ပြောပြီးနောက် သူက ရှောင်ဖုန်း၏ ဝိညာဉ်အကြွင်းအကျန်ကို ခြေဖြင့် နင်းခြေလိုက်သည်။

ဝိညာဉ် ပြန့်ကျဲသွားစဉ်တွင် ရှောင်ဖုန်း၏ ဒေါသတကြီး ဟိန်းဟောက်သံသာ ကျန်ရစ်ခဲ့သည်။

"ဓားကျောင်းတော် ဘိုးဘေးကြီး ချန်ဟွိုက်အန်။ စောင့်နေလိုက်။ ငါ မှတ်ထားမယ်။"

"ငါ... သေချာပေါက်... ပြန်လာခဲ့မယ်။"

နောက်ဆုံး ခြိမ်းခြောက်မှုပြီးနောက် ရှောင်ဖုန်း၏ ကြွင်းကျန်ရစ်သော ဝိညာဉ်က လုံးဝ ပျောက်ကွယ်သွားပြီး လောကကြီး ပြန်လည် အေးချမ်းသွားတော့သည်။

ချန်ဟွိုက်အန်လည်း ဆက်မနေတော့ပေ။ သူ၏ ဝိညာဉ်ကျင့်ကြံမှုမှာ ရွှေရောင်အနှစ်သာရအဆင့် အဆင့်တွင်သာ ရှိသဖြင့် အားနည်းချက်များ ပေါ်လွင်ရန် လွယ်ကူသည်။ ထို့ကြောင့် တကယ့် ကျွမ်းကျင်သူ တစ်ဦး၏ ဟန်ပန်ဖြင့် လီချင်းရန်နှင့် မိုရှုမိန်ကို ခေါင်းညိတ်ပြပြီးနောက် လီချင်းရန်မှတစ်ဆင့် မိုရှုမိန်၏ ခန္ဓာကိုယ်ထဲမှ ပြန်လည် ဆုတ်ခွာသွားသည်။

"ငါ့ရဲ့ ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံမှု ပြန်ရပြီ။"

ကိုယ်ပွား ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သောအခါ ချန်ဟွိုက်အန်က သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး လုံခြုံမှု အပြည့်အဝ ခံစားလိုက်ရသည်။

လီချင်းရန်နှင့် မိုရှုမိန်တို့ တဖြည်းဖြည်း သတိပြန်လည်လာကြသည်။

မိုရှုမိန်၏ ဒဏ်ရာများက ကောင်းကင်အဆင့် မဟာပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကြောင့် အများစု သက်သာနေပြီဖြစ်သည်။

အခု မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်မှု ပြီးဆုံးသွားပြီဖြစ်ရာ အနည်းငယ် နွမ်းနယ်နေပုံ ပေါက်သည်မှလွဲ၍ အခြေခံအားဖြင့် အဆင်ပြေနေပြီ ဖြစ်သည်။

"ဘိုးဘေးကြီးရဲ့ ကြီးမားတဲ့ ကျေးဇူးကို ဒီဂျူနီယာ တသက်မမေ့ပါဘူး။"

နိုးလာသည်နှင့်တစ်ပြိုင်နက် မိုရှုမိန်က ချန်ဟွိုက်အန်ကို ဦးခေါင်းတိုက်ကာ အရိုအသေပေးလိုက်သည်။ သူက မတ်တတ်ရပ်ကာ ထပ်မံ ဦးညွှတ်ပြီး ရိုးသားစွာ ပြောလိုက်သည်။

"ဒီဂျူနီယာက အခုကစပြီးတော့ လီချင်းရန်ရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ပေးမယ်လို့ ကျိန်ဆိုတာကလွဲပြီး ကျေးဇူးဆပ်ဖို့ တခြား နည်းလမ်းမရှိပါဘူး။ အနာဂတ်မှာ တစ်ယောက်ယောက်က ဂျူနီယာညီန ချင်းရန်ကို ဒုက္ခပေးဖို့ ကြိုးစားရင် သူတို့တွေ အရင်ဆုံး ကျွန်မရဲ့ အလောင်းကို ကျော်ဖြတ်သွားရလိမ့်မယ်။"

"အာ။ ဒီလိုမျိုး လေးနက်တဲ့စကားတွေ ပြောဖို့ မလိုပါဘူး။" ချန်ဟွိုက်အန်က ပေါ့ပေါ့ပါးပါးပင် လက်ဝှေ့ယမ်းလိုက်သည်။ "ငါရှိနေသရွေ့ ဒီလို အခြေအနေမျိုးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ မင်းရဲ့ မိစ္ဆာဓားကို ဆုံးမထားပြီးပြီ။ အဲဒါက သူ့အလိုလို မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်မှုကို ထပ်မဖန်တီးတော့ဘူး။ အခုချိန်မှာ မင်းက မိစ္ဆာအတတ် ကျင့်ကြံရာကနေ နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ နောင်ကိုတော့ ပိုသတိထားပါ။"

ဤနေရာတွင် ချန်ဟွိုက်အန်၏ အမူအရာ လေးနက်သွားသည်။

"အဲဒီ ကောင်းကင်မိစ္ဆာဂိုဏ်း ဘိုးဘေးကြီး ရှောင်ဖုန်းက နောက်ပြောင်လို့ရတဲ့သူ မဟုတ်ဘူး။ သူ မင်းရဲ့ ဝိညာဉ်ကို နောက်တစ်ခါ ပြန်ကျူးကျော်ဖို့ အခွင့်အရေး မရအောင် ကြိုးစား။ နောက်တစ်ခါ သူ အောင်မြင်သွားရင်တော့ ငါရော ချင်းရန်ရော မင်းကို အချိန်မီ ကယ်နိုင်ချင်မှ ကယ်နိုင်လိမ့်မယ်။"

"ဟုတ်ကဲ့ပါ၊ ဘိုးဘေးကြီး။ ဒီဂျူနီယာ မှတ်ထားပါမယ်။"

မိုရှုမိန်က လိမ္မာစွာ ခေါင်းညိတ်လိုက်သော်လည်း သူ၏ အတွင်းစိတ်ထဲတွင်မူ တကယ် အန္တရာယ်များသော အခြေအနေတစ်ခု၊ အထူးသဖြင့် လီချင်းရန်ကို ခြိမ်းခြောက်မည့် အခြေအနေမျိုး ကြုံလာလျှင် တားမြစ်ထားသော စွမ်းအားများကို မဆိုင်းမတွ သုံးမည်ဟု ဆုံးဖြတ်ထားသည်။

မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်ချိန် ရှောင်ဖုန်း မိစ္ဆာဝိညာဉ်နှင့် နောက်ထပ်ပြန်ရင်ဆိုင်ရမည် ဆိုလျှင်ပင်။

သို့သော် အရေးအကြီးဆုံး အနေဖြင့် သူ ပိုသန်မာလာရန် လိုအပ်ပေသည်။

မိစ္ဆာဓားကပေးသော စွမ်းအားမှာ အဆုံးတွင်တော့ ပြင်ပအရာသက်သက်သာ ဖြစ်သည်။

သူ ဂရုစိုက်သောသူများကို အမှန်တကယ် ကာကွယ်နိုင်ရန် ကိုယ်ပိုင်စွမ်းအားကို လိုအပ်ပေသည်။

...

ဟင်းလင်းပြင်ချောက်နက်။

မက်မွန်ပန်းကျွန်းမှ မိုင်တစ်သောင်းအကွာ မှိုင်းညို့နေသော တောင်တန်းကြီး တစ်ခုအတွင်း…

ခြောက်သွေ့နေသော ချောက်ကမ်းပါးတစ်ခုက ရုတ်တရက် တုန်ခါသွားပြီး စူးရှသော ဟิန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"တောက်။ ဓားကျောင်းတော်။ ချန်ဟွိုက်အန်။ မင်းနဲ့ ထာဝရရန်သူအဖြစ် ငါ ကျိန်ဆိုတယ်။"

ဝတ်ရုံနက် အဘိုးအိုတစ်ဦးက ချောက်ကမ်းပါးအောက်ရှိ ဂူတစ်ခုမှ ထွက်ပေါ်လာပြီး သူ၏ဝတ်ရုံသည် ဝဲလည်နေသော မိစ္ဆာစွမ်းအင်များကြားတွင် တဖျပ်ဖျပ် လှုပ်ခတ်နေသည်။ သူ၏ မဟာတက်လှမ်းခြင်းအဆင့် ဒုတိယမြောက်အတိဒုက္ခ မဟာပြီးပြည့်စုံခြင်းကျင့်ကြံမှု ဖိအားအောက်တွင် သူ့ပတ်လည်ရှိ လေထုမှာ စေးပျစ်လာသည်။

ရှောင်ဖုန်း အသက်ပြင်းပြင်း ရှူလိုက်၏။

နှစ်တစ်ထောင်ကြာအောင် သူက ရက္ခိုက်နှလုံးသားကျင့်စဉ်မှတစ်ဆင့် ကျင့်ကြံသူ မရေမတွက်နိုင်အောင် ရိတ်သိမ်းခဲ့သည်။

ယခုမှာ ထိုမျှအရှက်ရစရာကောင်းသော အရှုံးမျိုးကို ပထမဆုံးအကြိမ် ခံစားရခြင်းပင်။

"အချိန်တိုအတွင်းမှာ ထပ်ပြီး အဆင့်တက်နိုင်မှာ မဟုတ်ဘူး။ ဘယ်လို အခွင့်အရေးမျိုးမှ ငါ ရှာမတွေ့နိုင်ဘူး။ အခွင့်အရေးတွေ ရှာဖို့အတွက် လောကကြီးထဲ ခရီးထွက်ရမယ့် အချိန်ရောက်ပြီ။ ကောင်းကင်မိစ္ဆာဂိုဏ်းက ဘယ်လောက်တောင် တိုးတက်နေပြီလဲ မသိဘူး။"

သူ လက်ချောင်းများဖြင့် တွက်ချက်ကြည့်သော်လည်း ကောင်းကင်လျှို့ဝှက်ချက်များကိုပင် ဖုံးကွယ်ထားနိုင်သော ဤနေရာလွတ် ဟင်းလင်းပြင်ချောက်နက်အတွင်း၌ ရှိနေသဖြင့် မည်သည့်ရလဒ်မျှ ထွက်မလာပေ။ သူက တီးတိုး ရေရွတ်လိုက်သည်။

"ဒါပေမဲ့ ကောင်းကင်မိစ္ဆာအတတ်ရဲ့ စွမ်းအားနဲ့ဆိုရင်တော့ အခုဆိုရင် သူတို့တွေ အနည်းဆုံးတော့ ချင်းယွန်ဘုံရဲ့ တစ်ဝက်လောက်ကို သိမ်းပိုက်ထားနိုင်လောက်ပြီ..."

လောကထဲသို့ ပြန်ဝင်ရန် ဆုံးဖြတ်ပြီးနောက် သူက ပြင်ဆင်မှုများကို သေချာပြုလုပ်ရန် လိုအပ်သည်။

သူ၏ သက်တမ်းမှာ ကုန်ဆုံးခါနီးပြီဖြစ်ပြီး ကျင့်ကြံမှုမှာ မဟာတက်လှမ်းခြင်းအဆင့် ဒုတိယမြောက်အတိဒုက္ခ မဟာပြီးပြည့်စုံခြင်းအဆင့်တွင် တစ်ဆို့နေသည်။ တတိယမြောက် အသေးစား ကောင်းကင်အတိဒုက္ခကို သူ အချိန်မရွေး ရင်ဆိုင်ရနိုင်သည်။ ဟင်းလင်းပြင်ချောက်နက်အတွင်း၌ အတိဒုက္ခများကို ကျော်ဖြတ်၍မရပေ။ ကောင်းကင်အတိဒုက္ခ၏ ပစ်မှတ်ထားခြင်းကို ခံရရန် ချင်းယွန်ဘုံထဲသို့ သူ ဝင်ရောက်ရန် လိုအပ်သည်။

ဤသို့ပြန်လာခြင်းတွင် အဓိက ရည်ရွယ်ချက် နှစ်ခုရှိသည်။ ကောင်းကင်မိစ္ဆာဂိုဏ်းကို စစ်ဆေးခြင်းနှင့် သူ၏ အတိဒုက္ခကို ကျော်ဖြတ်ခြင်းတို့ ဖြစ်သည်။

ရှုံးနိမ့်ခြင်းက သေဆုံးခြင်းနှင့် တာအိုပြိုကွဲခြင်းကို ဆိုလိုသည်။

အောင်မြင်ခြင်းက အင်မော်တယ်တံခါးကို ကြိုးစားလှမ်းကိုင်ရန် အခွင့်အရေးတစ်ခုကို ဆိုလို၏။

ရှောင်ဖုန်း ပြန်ထွက်လာသောအခါ ဝတ်စားဆင်ယင်မှုကို ပြောင်းလဲထားခဲ့သည်။ အသိသာဆုံးမှာ သူ၏ လက်ချောင်းများပေါ်ရှိ စုဆောင်းထားသမျှ ရတနာအားလုံး ပါဝင်သော သိုလှောင်လက်စွပ် ရှစ်ကွင်းဖြစ်ပြီး ၎င်းတို့ထဲတွင် အတိဒုက္ခကို ရှင်သန်ကျော်ဖြတ်ရန် အရေးပါသော မှော်အသုံးအဆောင် ဆယ်ခုကျော်လည်း ပါဝင်သည်။ ဤရတနာများကို သူ အလွန် တန်ဖိုးထားပြီး သူ့အနားတွင် အမြဲထားရှိသည်။

မက်မွန်ပန်းကျွန်းရှိရာဘက်သို့ သူ တစ်ချက်ကြည့်လိုက်၏။

ထိုတောင်က ကျွန်းနှင့် အလွန်ဝေးသည့်တိုင် သူ အလိုအလျောက် တုန်ယင်သွားမိသေးသည်။

ဟင်းလင်းပြင်ချောက်နက်ထဲတွင် သေခါနီး လူကိုးယောက် ရှိသည်။

သူတို့က လောကကြီးထဲတွင် အစွမ်းအထက်ဆုံး တည်ရှိမှုများလည်း ဖြစ်နေ၏။

သူတို့ထဲမှ တစ်ယောက်ယောက်သာ လွတ်မြောက်သွားလျှင် သွေးထွက်သံယို မုန်တိုင်းကြီးကို ဖန်တီးနိုင်ပြီး ခဏတာသာဖြစ်စေ၊ ချင်းယွန်ဘုံ တစ်ခုလုံးကို မှောက်လှန်ပစ်နိုင်သည်။

ထို့ပြင် ဟင်းလင်းပြင်ချောက်နက်ထဲတွင် အဆင့်အတန်း ခွဲခြားမှု ရှိ၏။

သူတို့အထဲတွင် လုံးဝ ရန်မစသင့်သူ နှစ်ယောက် ရှိသည်။

ဝတ်ရုံဖြူ ဓားသမားတစ်ယောက်နှင့် အမြီးကိုးချောင်း မြေခွေးမိစ္ဆာ တစ်ကောင်တို့ပင်။

ထိုနှစ်ယောက်က ဟင်းလင်းပြင်ချောက်နက် တစ်ခုလုံးတွင် အလိုချင်ကြဆုံး နေရာဖြစ်သော မက်မွန်ပန်းကျွန်း၌ နေကြသည်။

သူ ဟင်းလင်းပြင်ချောက်နက်ထဲ စရောက်စဉ်က ထိုအကောင်းဆုံးနေရာကို သိမ်းပိုက်ရန် စဉ်းစားခဲ့သေးသည်။

သို့သော်လည်း အဆုံးတွင်တော့ ဤမှိုင်းညို့နေသောတောင်တွင်သာ အဆုံးသတ်သွား၏။

မက်မွန်ပန်းကျွန်းတွင် ရခဲ့သော သင်ခန်းစာကို သူ တစ်သက်လုံး မှတ်မိနေပေမည်။

"အသေးစား ကောင်းကင်အတိဒုက္ခကို အောင်အောင်မြင်မြင် ကျော်ဖြတ်ပြီးတော့ တတိယမြောက်အတိဒုက္ခကို ရောက်သွားရင်တော့ အဲဒီနှစ်ယောက်နဲ့ ယှဉ်နိုင်လောက်ပြီလား။"

မိစ္ဆာအဘိုးအိုရှောင်ဖုန်းက မုတ်ဆိတ်ကို ပွတ်သပ်လိုက်ရာ သူ့မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်ပ၍ လာခဲ့သည်။

မိစ္ဆာရှောင်ဆိုတဲ့ ငါက ပြိုင်ဘက်ကင်းပဲ။

"ဟင်းလင်းပြင်ချောက်နက်..."

သူက ထိုအထီးကျန်ဆန်သောနေရာကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီး…

ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် လှည့်ထွက်သွားတော့သည်။

"ငါ... ပြန်လာခဲ့မယ်။"

…

All Chapters