အခန်း ၄၃၀
Vol. 43 Ch. 430
အခန်း (၄၃၀) ငါ့ရဲ့ကောင်းကင်မိစ္ဆာဂိုဏ်း ဘယ်မှာလဲ…
ဟင်းလင်းပြင်ချောက်နက်၊ မက်မွန်ပန်းကျွန်း။
မက်မွန်ပန်းဖတ်လေး တစ်ခုက ဂိုကစားခုံပေါ်သို့ ကျလာရာ အနက်ရောင်ပြားကို ကိုင်ထားသော ဓားသမားနှင့် မျက်နှာချင်းဆိုင်ရှိ မြေခွေးသားရေကို ခြုံထားသော မိန်းမချောလေးတို့ နှစ်ဦးစလုံး ရပ်တန့်သွားသည်။
"မိစ္ဆာအိုကြီးရှောင်က ထွက်သွားပြီ။ ရှင် သူ့ကို သွားမကြည့်တော့ဘူးလား။" မိန်းမပျိုက နှုတ်ခမ်းကို လျက်လိုက်ပြီး မျက်လုံးများတွင် ဝတ်ရုံဖြူဓားသမား၏ ပုံရိပ်ကို ဝိညာဉ်ကို ဖမ်းစားနိုင်သော အကြည့်ဖြင့် ထင်ဟပ်နေသည်။
"သူ ထွက်သွားတာ ကောင်းပါတယ်။"
ဝတ်ရုံဖြူ ဓားသမားက ကျောက်ပြားတစ်ချပ်ကို ချလိုက်ပြီး ပန်းဖတ်လေးအပေါ် ဖိတင်လိုက်ကာ သူ၏ အသံမှာ အေးစက်နေသည်။
"သူ့ကို နောက်ဆုံး ခရီးစဉ်ဆီ ပို့ပေးဖို့ အချိန်ကိုက်ပဲ။"
"ကျွန်မ သိချင်လို့ပါ။" မိန်းမပျိုက ခါးကို လိမ်ကာ ဓားသမားဆီသို့ တွားသွားလာပြီး မြေခွေးတစ်ကောင်ကဲ့သို့ လက်ချောင်းများကို လျက်ရင်း မျက်လုံးများကို ကျဉ်းကာ ပြုံးလိုက်သည်။ "ရှင့်ရဲ့ စွမ်းအားနဲ့ဆို လွယ်လွယ်ကူကူ ဆင်းသက်ပြီး မိစ္ဆာအိုကြီးရှောင်ကို သတ်နိုင်တယ်၊ အဲဒီမဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ အားလုံးကိုလည်း သတ်နိုင်တယ်။ ဘာလို့ ဓားတစ်လက်ကို ပျိုးထောင်ဖို့ ဒုက္ခခံနေရတာလဲ။"
သူက အမျိုးသား၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး ကျောက်စိမ်းကဲ့သို့သော လက်မောင်းများဖြင့် လည်ပင်းကို ဖက်တွယ်ကာ ဆွဲဆောင်မှုရှိသော ရနံ့များကို မှုတ်ထုတ်လိုက်သည်။ "ဒါမှမဟုတ်... ရှင်က ဆင်းသက်လို့ မရတာများလား။"
ထိုဆွဲဆောင်မှုရှိသော မြင်ကွင်းက ဝတ်ရုံဖြူ ဓားသမားအတွက် လုံးဝ မရှိသကဲ့သို့ပင်။
သူ၏ မျက်လုံးများက ကစားခုံပေါ်တွင်သာ စူးစိုက်နေဆဲပင်။
"ငါသာ ဆင်းသက်သွားရင် ချင်းယွန်ဘုံတစ်ခုလုံး ပြိုကျသွားလိမ့်မယ်။"
ဓားသမား၏ စကားက မိန်းမပျို၏ရင်ကို တုန်လှုပ်သွားစေ၏။
ထိုမြေခွေးလိုမျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"တကယ်လို့ တစ်နေ့နေ့ ရှင် မလွဲမသွေ ဆင်းသက်ရမယ့် အခြေအနေ ရောက်လာရင်ကော။"
"အဲဒီအခါကျရင် ငါ အားလုံးကို သတ်ပစ်မယ်။"
"ကျွန်မကိုကော သတ်မှာလား။" မိန်းမပျိုက သူ၏ပေါင်ပေါ်မှနေ၍ သနားစရာကောင်းအောင် နှုတ်ခမ်းကို စူလိုက်သည်။ "ကျွန်မက ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ အင်း၊ ချင်းယွန်ဘုံရဲ့ တစ်ဝက်လောက်ကို မြက်တစ်ပင်မှ မပေါက်တော့တဲ့အထိ၊ လူသားတွေ ကြောက်လန့်တုန်လှုပ်သွားတဲ့အထိ မိစ္ဆာမျိုးနွယ်ကို ဦးဆောင်ပြီးတော့ သတ်ဖြတ်ခဲ့တာကလွဲရင်ပေါ့။ ဒါပေမဲ့ အဲဒါတွေအားလုံးက အတိတ်က ကိစ္စတွေပါ။ အခုဆိုရင် ကျွန်မက အရမ်း လိမ္မာနေပါပြီ…"
"ကိုးမြီး။"
ဓားသမားက မျက်လုံးကို မော့ကြည့်လိုက်ရာ သူ၏အကြည့်က ငြိမ်သက်နေသောရေပြင်လို တည်ငြိမ်နေသော်လည်း ဝါးမျိုရန် အသင့်ဖြစ်နေသော ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းလှ၏။
"မင်း အလှည့်ရောက်ပြီ။"
ထိုအကြည့်နှင့် ဆုံလိုက်ရသောအခါ မိန်းမပျိုမှာ ချက်ချင်း အကြောက်လွန်သွားပြီး အတင်းရယ်မောကာ သူမ၏ မူလနေရာသို့ ပြန်လည် ဆုတ်ခွာသွားသည်။ "ပျင်းစရာကောင်းလိုက်တာ။" ကိုးမြီးက ပိုပိုသာသာ စိတ်ပျက်သည့်ဟန်ဖြင့် အဖြူရောင် ကျောက်ပြားတစ်ချပ်ကို ကစားခုံပေါ်သို့ ချလိုက်သည်။ "ကျွန်မလိုမျိုး ပြိုင်ဘက်ကင်း အလှပိုင်ရှင်ကိုတောင် နှစ်ခါပြန်မကြည့်တဲ့ ရှင့်ရဲ့ မျက်လုံးထဲမှာ ဘယ်လို မိန်းမမျိုးကများ နေရာယူနိုင်မလဲ သိချင်မိပါရဲ့…"
ဓားသမားက တိတ်ဆိတ်နေပြီး ကစားပွဲကိုသာ ဆက်လက် ကစားနေသည်။
ကစားခုံပေါ်ရှိ အနက်ရောင် ကျောက်ပြားများက ဒေါသထွက်နေသော နဂါးများကဲ့သို့ ရွေ့လျားသွားပြီး ကိုးမြီး၏ အဖြူရောင် ကျောက်ပြားများကို လျင်မြန်စွာ ဝိုင်းရံကာ ဝါးမျိုပစ်လိုက်သည်။
"အာ… ရှုံးပြန်ပြီ။"
ကိုးမြီးကိုးက ဆန္ဒပြသည့်အနေဖြင့် အမြီးများကို အသုံးပြုကာ ကစားခုံကို ရှုပ်ပွသွားစေသည်။ "ရှင် ကျွန်မကို တစ်ခါလေးတောင် အလျှော့ပေးလို့ မရဘူးလား။ လူကြီးလူကောင်းဆန်မှု လုံးဝ မရှိဘူး။"
"ဒီနေ့တော့ ဒီမှာပဲ တော်ကြတာပေါ့။"
ဓားသမားက မတ်တတ်ရပ်ကာ မက်မွန်ပန်းတောထဲသို့ လျှောက်သွားသည်။ "မနက်ဖြန်မှ ဆက်ကစားမယ်။"
ကိုးမြီးက ကြွေကျနေသော ပန်းဖတ်များကြားတွင် သူ၏ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မူးယစ်စွာ စိုက်ကြည့်နေပြီး သူ လုံးဝ ပျောက်ကွယ်သွားမှသာ သတိပြန်ဝင်လာသည်။ သူက အနက်ရောင် ကျောက်ပြား တစ်ချပ်ကို ကောက်ယူလိုက်ပြီး ၎င်းတွင် ကျန်ရစ်နေသော နွေးထွေးမှုကို ခံစားရင်း ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
"ရှင်က ဘယ်လို မိန်းမမျိုးကို သဘောကျတာလဲ..."
"ရှင့်မှာ... နှလုံးသားရော ရှိရဲ့လား..."
...
...
"မိစ္ဆာကျင့်ကြံသူတွေက ဘယ်မှာလဲ။ သူတို့အကုန်လုံး ဘယ်ရောက်သွားကြတာလဲ။"
"ငါ့ရဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းက ဘယ်မှာလဲ။။ ငါ့ရဲ့ ကြီးမားလှတဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းကြီးကော။။"
ထျန်းဟန်တောင်၊ ကောင်းကင်မိစ္ဆာဂိုဏ်း အပျက်အစီးများ၌။
ရှောင်ဖုန်းက ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများကို ပတ်လည်ကြည့်ရင်း ငိုလုမတတ် ဖြစ်နေသည်။
ငါ့ရဲ့ အင်ပါယာ။ ငါ့ရဲ့ ကျယ်ပြောလှတဲ့ အင်ပါယာကြီး။
ပျောက်သွားပြီ။ အကုန်လုံး ပျောက်သွားပြီ။
"ဘယ်သူလဲ။ ဘယ်သူလုပ်တာလဲ။ ဒီနှစ်တစ်ထောင်အတွင်းမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ ငါ့တပည့်တွေ ဘယ်မှာလဲ။" ရှောင်ဖုန်းက အပျက်အစီးများ၏ ထောင့်စေ့အောင် အရူးအမူး လိုက်လံရှာဖွေခဲ့သော်လည်း နေရာတစ်ခုလုံးမှာ လုံးဝ စွန့်ပစ်ခံထားရပြီး လူတစ်ယောက်မျှ မရှိ၊ အကြွင်းအကျန် အပိုင်းအစလေးများပင် မရှိပေ။
ကျမ်းစာဆောင်မှ ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်များ အားလုံး လုယက်ခံလိုက်ရပြီ ဖြစ်သည်။
လက်နက်တိုက်မှ မှော်လက်နက်များ အားလုံး အခိုးခံလိုက်ရလေပြီ။
ဤကဲ့သို့သော လုယက်ခံရသည့် မြင်ကွင်းမျိုးက သူတို့ ကောင်းကင်မိစ္ဆာဂိုဏ်း၏ ကျူးကျော်မှုကို ခံရသည့် ဂိုဏ်းများတွင်သာ ဖြစ်လေ့ရှိသည်။ ယခုတော့ သူတို့ကိုယ်တိုင် ကြုံတွေ့နေရပြီလား။။
"တောက်။ သူတို့က တစ်ခုလေးတောင် ချန်မထားခဲ့ဘူးပဲ။ ဒီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ငါ ဘယ်လိုလုပ် ပြန်ဖော်ထုတ်ရမှာလဲ။"
ရှောင်ဖုန်း ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင် အနီးအနားရှိ မိစ္ဆာစွမ်းအင်များ ထုတ်လွှတ်နေဆဲဖြစ်သော တောင်ကုန်းငယ်လေး တစ်ခုကို သူ သတိထားမိလိုက်သည်။
"ဒီနေရာက နဂိုက ဘာနေရာလဲ..."
မျက်မှောင်ကြုတ်ကာ စဉ်းစားပြီးနောက် သူ မှတ်မိသွားသည်။
ဤနေရာသည် ယခင်က တပည့်များ၏ ကျင့်ကြံရာ လှိုဏ်ဂူများ ဖြစ်ခဲ့သည်။
ဂိုဏ်းကို လုယက်၍ ရသော်လည်း ဤလှိုဏ်ဂူအိမ်များကိုတော့ ယူဆောင်သွား၍ မရပေ။ ထို့ကြောင့် ၎င်းတို့မှာ အတိုင်းအတာ တစ်ခုအထိ မပျက်မစီး ကျန်ရှိနေသေးသည်။
"တပည့်တချို့က ဒီလှိုဏ်ဂူတွေထဲမှာ ပစ္စည်းတချို့ ချန်ထားခဲ့တာများလား။"
ဤမျှော်လင့်ချက်ဖြင့် ရှောင်ဖုန်းက လှိုဏ်ဂူကို ရှာဖွေလိုက်ရာ ဆွဲဆောင်မှုရှိသော ရနံ့များ ကျန်ရစ်နေဆဲဖြစ်သည့် ရင်ခံကိုယ်ပတ် အပိုင်းအစတစ်ခုကို မကြာမီ တွေ့ရှိသွားသည်။ မိစ္ဆာဂိုဏ်းမှ စုန်းမတစ်ဦး ဝတ်ဆင်ထားခဲ့သည်မှာ ထင်ရှား၏။
"ဒါက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြပါစေ။"
ရှောင်ဖုန်းက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
သူက ထိုရင်ခံကိုယ်ပတ်အပိုင်းအစကို ပါးစပ်ထဲ ထိုးသွင်းလိုက်ပြီး အသံကျယ်ကြီးများဖြင့် စတင်ဝါးတော့သည်။
၎င်းက ထူးဆန်းသော သဘောကျမှုမျိုး မဟုတ်ပေ။ သူ ဝါးနေစဉ် ပါးစပ်ထဲတွင် ဝဲလည်နေသော တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်လာပြီး ကြီးမားလှသော အထည်စကို ချက်ချင်း ဝါးမျိုသွားသည်။
ရှောင်ဖုန်း၏ စိတ်ထဲတွင် မှတ်ဉာဏ် အဆက်အစပ်များ ဖြတ်ပြေးသွား၏။
ကြေမွနေသောဂိုဏ်း၊ တိုက်ပွဲမှမီးခိုးများ၊ နေရာအနှံ့ရှိ အလောင်းများ…
မီးတောက်များထဲတွင် လွင့်ခေါက်နေသော ဂိုဏ်းပေါင်းစုံ၏ အလံများ။
ရှောင်ဖုန်းက အများအပြားကို မှတ်မိသည်။ ချင်းယွန်ဂိုဏ်း၊ ဓားဂိုဏ်း၊ ရှောက်ယန်ဂိုဏ်း၊ ဓားကျောင်းတော်နှင့် ကောင်းကင်ယံတွင် ပျံဝဲနေသော မြင့်မြတ်နယ်မြေသုံးခု၏ အလံများ။
ဤတိုက်ပွဲသည် မြင့်မြတ်နယ်မြေသုံးခုက ဦးဆောင်ပြီး၊ ကောင်းကင်မိစ္ဆာဂိုဏ်း၏ နောက်ဆုံးတပည့်အထိ သတ်ဖြတ်ရန် ချင်ယွန်ဘုံရှိ လမ်းမှန်ကျင့်ကြံသူ အားလုံးကို စုစည်းထားခြင်း ဖြစ်သည်မှာ ထင်ရှားသည်။
ဤမှတ်ဉာဏ် အပိုင်းအစများထဲတွင် တပည့် အနည်းငယ်သာ လွတ်မြောက်သွားပြီ သာမန်လူများကြားတွင် ပုန်းအောင်းနေကာ ဘိုးဘေးကြီး ယဲ့ဖူထျန်နှင့် အခြားသော ဂိုဏ်း၏အကြီးအကဲများ သူတို့ကို လာကယ်ရန် နေ့ရောညပါ ဆုတောင်းနေကြသည်ကို သူ မြင်တွေ့ရသည်။
ကံမကောင်းစွာဖြင့်၊ ယဲ့ဖူထျန်က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဓားကျောင်းတော်၏ ဘိုးဘေးကြီး ချန်ဟွိုက်အန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းပင်။
"ဒီလိုလား။ ငါ ဟင်းလင်းပြင်ချောက်နက်ထဲကို ဝင်သွားတာနဲ့ ငါ့ဂိုဏ်းကို တိုက်ခိုက်ခဲ့တာလား။ သိပ်တော်တယ်၊ မြင့်မြတ်နယ်မြေသုံးခုနဲ့ ဖြောင့်မတ်ပါတယ်ဆိုတဲ့ ဂိုဏ်းတွေ အားလုံး။"
ဤနေရာသည် မလုံခြုံတော့ပေ။
မှောင်မိုက်နေသော အမူအရာဖြင့် ရှောင်ဖုန်းက ကျန်ရစ်သော ရင်ခံကိုယ်ပတ်အပိုင်းအစကို သူ၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းလိုက်ပြီးနောက် လမ်းမှန်ကျင့်ကြံသူတစ်ဦးအဖြစ် ရုပ်ဖျက်ကာ သာမ လူ့လောကရှိရာသို့ ဓားဖြင့် ပျံသန်းသွားသည်။
ရက္ခိုက်နှလုံးသားကျင့်စဉ်၏ ထူးခြားချက် တစ်ခုမှာ မိစ္ဆာကျင့်ကြံသူများကို လမ်းမှန်ကျင့်ကြံသူများအဖြစ် ဟန်ဆောင်ခွင့် ပြုခြင်းဖြစ်သည်။ အကြောင်းမှာ ၎င်း၏ ကျင့်ကြံခြင်း စွမ်းအင်သည် လမ်းမှန်နှင့် မိစ္ဆာလမ်းစဉ်ကြားတွင် ဟန်ချက်ညီပြီး ဝိညာဉ်စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်ကြား လွတ်လပ်စွာ ပြောင်းလဲနိုင်၍ပင် ဖြစ်သည်။
ကျန်ရှိနေသော ကောင်းကင်မိစ္ဆာဂိုဏ်း တပည့်များက လက်ရှိတွင် ကျိုးနိုင်ငံ၏ မြို့တော်ရှိ မီးပုံးနီ အိမ်တော်တွင် စုရုံးနေကြသည်။
ဤအပျက်အစီးများက လမ်းမှန်ကျင့်ကြံသူများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေနိုင်သည်။
သာမန်လူ့လောကတွင် ပြန့်ကျဲနေသော သူ၏တပည့်များနှင့် ပြန်လည် စုစည်းရန် လိုအပ်သည်။
ရက္ခိုက်နှလုံးသားကျင့်စဉ်နှင့် ကောင်းကင်မိစ္ဆာအတတ်တို့ဖြင့် သူက ဂိုဏ်းကို အစမှ ပြန်လည်၍ တည်ဆောက်နိုင်သည်။
အပျက်အစီးများကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီးနောက်….
ရှောင်ဖုန်းက မျက်ရည်များဖြင့် ထွက်ခွာသွားရာ လေထုထဲတွင် သက်ပြင်းချသံ တစ်ခုသာ ကျန်ရစ်ခဲ့သည်။
"ငါ့တပည့်တွေနဲ့ ငါ... ပြန်လာခဲ့မယ်။"
...
ရှောင်ဖုန်း ထွက်သွားပြီး မကြာမီမှာပင်၊
သာမန်ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူ တစ်ဦးက အပျက်အစီးများပေါ်သို့ ဆင်းသက်လာသည်။
ဧရိယာကို စူးစမ်းကြည့်ရှုပြီးနောက် သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဒီနေရာက ဟင်းလင်းပြင်ချောက်နက်နဲ့လည်း နီးတယ်။ ပြီးတော့ ရှိပြီးသား ဂိုဏ်းအပျက်အစီးတွေလည်း ရှိတယ်။ ဒီမှာ တရားမျှတမှုဆိုတဲ့ အလံအောက်ကနေ လမ်းမှန်ဂိုဏ်းတစ်ခုကို တည်ထောင်လိုက်ရင် ငါတို့အတွက် ကိုယ်ကျင့်တရားအရ အသာစီးရသွားမှာပဲ။"
သူတော်စင်ယွိယောင်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွား၏။
လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများက သူတို့အလိုလို ပြန်လည်နေရာချထားသွားပြီး စာသားမပါသော မုခ်ဦးတစ်ခုပါရှိသည့် ကျောက်စိမ်းဖြူ ဂိတ်တံခါးကြီး တစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။
ထိုတံခါးတွင် နဂါးများနှင့် ဇာမဏီငှက်များကို ထွင်းထုထား၏။ လမ်းမှန်ဂိုဏ်းတစ်ခု၏ ပုံစံဖြစ်ကြောင်း အထင်အရှားပင်။
ယွိယောင်က အပျက်အစီးများကို လျင်မြန်စွာ ရှင်းလင်းရန်အတွက် စပျစ်နွယ်ပင်များကို ဆင့်ခေါ်လိုက်ပြီး မိစ္ဆာတောင်ကုန်းကို ဖျက်ဆီးပစ်လိုက်သည်။
နေရာအများစုမှာ ရှုပ်ပွနေဆဲ ဖြစ်သော်လည်း ယခုအခါတွင် အသစ်တည်ထောင်ထားသော ဂိုဏ်းတစ်ခုနှင့် တူနေပြီ ဖြစ်သည်။
"နေရာလည်း သေချာသွားပြီဆိုတော့ တပည့်တွေ လက်ခံဖို့အတွက် အချိန်ရောက်ပြီ။ သူတို့က ငါ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့လည်း ကူညီပေးလိမ့်မယ်။"
ယွိယောင်က မျက်လုံးများကို ကျဉ်းလိုက်သည်။
သူက အထက်သို့ ပျံတက်သွားပြီး မုခ်ဦးပေါ်တွင် ဓားဖြင့် စာလုံးကြီး သုံးလုံးကို ထွင်းထုလိုက်၏။
ရွှမ်ဟဲတံခါး။
"အခုဆိုရင် ရွှမ်ဟဲတံခါးဂိုဏ်းကို တရားဝင် တည်ထောင်လိုက်ပြီ။ အဆင့်မြင့် ပညာရပ်တွေနဲ့ လေလွင့် ကျင့်ကြံသူတွေကို ဆွဲဆောင်ပြီးတော့ စတင်လို့ ရပြီ။"
"ဓားကျောင်းတော်၊ ကျန့်ဝူမြင့်မြတ်နယ်မြေ... နင်တို့တွေ ပွင့်ပွင့်လင်းလင်း မလာရဲရင် ငါတို့ လာခဲ့မယ်။"
"ဂိုဏ်းစမ်းသပ်မှုတွေ၊ ဂိုဏ်းအချင်းချင်း ပြိုင်ပွဲတွေ။ စောင့်သာကြည့်နေလိုက်ကြ…”
…