အခန်း (၄၆၄-၄၆၅)
Vol. 43 Ch. 464-465
အခန်း ၄၆၄ - သဘာဝတရား၏ ရက်ရောသော လက်ဆောင်
နတ်ဆိုးတောင်ကြားတွင် မုန်တိုင်းကျတော့မည့်အလား မည်းမှောင်သော တိမ်တိုက်များက ထုထည်ကြီးမားစွာ လွင့်မျောနေ၏။ မဟူရာနတ်ဆိုးချောက်ကမ်းပါးမှ အားကောင်းသော ယန်နတ်ဘုရား ကျင့်ကြံသူများသည် နတ်ဆိုးတောင်ကြားတွင် တိတ်ဆိတ်စွာထွက်ပေါ်လာကြသည်။
နယ်စပ်၏ တစ်ဖက်ကမ်း တစ္ဆေစိုးမိုးကောင်းကင်၏ ပြင်ပနယ်မြေတွင်မူ ထူထပ်သော စွမ်းအင်များ ဖုံးလွှမ်းနေပြီး မဟာမူလသဘောတရား နယ်ပယ် စောင့်ရှောက်သူနှစ်ယောက် စောင့်ဆိုင်းနေသည်ကို ပြသနေလေသည်။
အခြား ပုန်းကွယ်နေသည့် အားကောင်းသူများ မည်မျှရှိနေသေးသည်ကိုတော့ မသေချာချေ။
မကြာသေးမီက ဖြစ်ပွားခဲ့သော မဟူရာနတ်ဆိုးဘိုးဘေးသွေး ကိစ္စကြောင့် နှစ်ဖက်စလုံးသည် တင်းမာခက်ထန်သော အနေအထားသို့ ရောက်ရှိနေကြ၏။
ကျိယွမ်သည် သူ၏ဂူအတွင်း၌ ဘိုးဘေးသွေးအတတ်ပညာကို ကျင့်ကြံရန် မဟူရာနတ်ဆိုးဘိုးဘေးသွေးကို သုံးစွဲနေသည်။ ကုန်လွန်သွားသော ထိုဆယ့်ငါးရက်လုံးလုံး သူသည် စိတ်အေးလက်အေးမနေရဲခဲ့ပါ ။ အချိန်များက အလွန်နှေးကွေးလွန်းလှပြီး မည်သည့်ယန်နတ်ဘုရားက သူ့ကို ရုတ်တရက် တိုက်ခိုက်လာမည်နည်းဟူသော စိုးရိမ်စိတ်ဖြင့် ငြိမ်ကုပ်နေခဲ့ရလေသည်။
ကံကောင်းထောက်မစွာဖြင့် ယခုအချိန်ထိ မည်သည့်ဖြစ်ရပ်မျှ ဖြစ်မလာခဲ့ချေ။
"သွေးဝတ်စုံ... နှင်းခဲဓားရဲ့ ကျင့်ကြံခြင်းက အကြီးအကျယ် တိုးတက်သွားလို့ သူက တည်းခင်းဧည့်ခံပွဲ လုပ်နေတယ်။ ညှို့ဓာတ်ပြင်းတဲ့ မိန်းကလေးတချို့ကိုလည်း ဖိတ်ထားသေးတယ်။ အပြင်ထွက်ခဲ့.. သီချင်းနားထောင်ရင်း မှိုလေးဘာလေး မြည်းစမ်းကြည့်ပါလား"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က သူ့ထံ သတင်းပို့လာခြင်း ဖြစ်၏။
ကျိယွမ်သည် တစ်ချက်မျှပင် မစဉ်းစားဘဲ ငြင်းပယ်လိုက်သည်။
"တော်ပြီ... ငါက မှို သိပ်မကြိုက်ဘူး"
ကျိယွမ်သည် လိပ်တစ်ကောင်ကဲ့သို့ အောင်းနေမည့် သူ၏ဗျူဟာကို အပြည့်အဝ အကောင်အထည်ဖော်နေပြီး အပြင်ထွက်ရန်စိတ်ကူးမရှိပါ။
"ဒါတွေက ရိုးရိုးမှိုတွေ မဟုတ်ဘူး။ ငါ့ရဲ့ အနုပညာလက်ရာတွေနဲ့ ကိုယ်တိုင် လုပ်ထားတာ"
"ဒါဆိုရင်တော့ ပိုတောင် မလာချင်တော့ဘူး။ နင်တို့ မဟူရာနတ်ဆိုးချောက်ကမ်းပါး ကျင့်ကြံသူတွေရဲ့ ချက်ပြုတ်ရေး စွမ်းရည်ကို ငါ သိပ်မယုံဘူး။ နင်တို့က ဟင်းချက်တာ ညံ့တယ်... အသားစိမ်းတွေမထည့်ခင် ဆီနဲ့သေသေချာချာ သတ်ရမှန်းတောင် မသိကြဘူး။ အင်း... တကယ်လို့ ငါသာ ဒီမှာ နယူးအိုရီယမ်တယ် ချက်ပြုတ်ရေးသင်တန်းကျောင်း ဖွင့်လိုက်ရင် အကြီးအကျယ် ချမ်းသာသွားမလား မသိဘူး"
ကျိယွမ်သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းခါလိုက်၏။
သူသည် ကမ္ဘာမြေမှ အစားအစာများကို လွမ်းဆွတ်မိသော်လည်း ၎င်းတို့သည် ကျင့်ကြံခြင်းလောက၏ ထူးခြားသော အရာများနှင့်တော့ မနှိုင်းယှဉ်နိုင်ပါ။ သို့သော် လွမ်းဆွတ်မှုကတော့ အနည်းငယ် ရှိနေဆဲပင် ဖြစ်သည်။
ကျိယွမ်သည် ထိုအကြံကို ပြောင်းပြန်လှန်၍ တွေးလိုက်၏။ သူ ကမ္ဘာမြေသို့ ပြန်ရောက်သောအခါ မသေမျိုးချက်ပြုတ်ရေးသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ပြီး နယူးအိုရီယမ်တယ်နှင့် ပြိုင်ဆိုင်ရလိမ့်မည်။ သူ၏ အနာဂတ် လုပ်ငန်းခွင်များထဲတွင် နောက်ထပ် စီးပွားရေးအကြံတစ်ခု တိုးလာသောကြောင့် သူ စိတ်ကျေနပ်သွားလေသည်။
အနည်းငယ်ခန့် ကြာပြီးနောက် ကျိယွမ်သည် ကောင်းကင်ယံသို့ ရုတ်တရက် မော့ကြည့်လိုက်၏။
အထက်ကောင်းကင်တွင် တောက်ပသော နေမင်းကြီးနှစ်စင်းကဲ့သို့ ထိန်ထိန်လင်းနေသည့် နတ်ဘုရားဆန်သော အရှိန်အဝါနှစ်ခု ထွက်ပေါ်လာသည်။
နတ်ဆိုးတောင်ကြားအတွင်းရှိ ပါရမီရှင် လူငယ်များသည်လည်း တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြ၏။
"ဒါက... မဟာမူလသဘောတရား နယ်ပယ်ပဲ"
"မဟာမူလသဘောတရား ပုဂ္ဂိုလ်တစ်ယောက် ထွက်ခွာသွားတာဆိုတော့ တစ်ခုခု အကြီးအကျယ် ဖြစ်တော့မှာလား"
တပည့်များသည် ဝေခွဲမရစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။ သူတို့သည် တစ္ဆေစိုးမိုးကောင်းကင်၏ အခြေအနေကိုလည်းမသိ၊ မဟူရာနတ်ဆိုးဘိုးဘေးသွေးများ ထွက်ပေါ်လာမှုကိုလည်း မသိကြချေ။
ယခုအကြိမ်တွင် မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ အားကောင်းသူများသည် သူတို့၏ တည်ရှိမှုကို ဖုံးကွယ်မထားရန် ရွေးချယ်ခဲ့ကြပုံရသည်။
ဤကဲ့သို့သော အဆင့်အတန်းရှိသည့် ကျင့်ကြံသူများအတွက်မူ အင်အားတစ်ခုတည်းကသာ အကောင်းဆုံး ဟန့်တားမှု ဖြစ်လေသည်။
အန်းရွန်းလုသည် ကောင်းကင်ယံကို ကြည့်ရင်း စိုးရိမ်ပူပန်သော အမူအရာ ဖြစ်သွား၏။
"အစ်ကိုကြီး ဓားနက်လည်း သွားပြီပဲ... ဒါက တကယ် အရေးကြီးတဲ့ ကိစ္စ ဖြစ်ရမယ်။ သူတို့ အဆင်ပြေပါစေလို့ပဲ မျှော်လင့်ရတာပဲ"
"လင်းယာ အသွင်ပြောင်းလဲခြင်းက မစသေးဘူးဆိုတော့ ဘယ်လိုပဋိပက္ခပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ စိတ်အေးအေးထားပါ"
နှင်းခဲဓားသည် ယခင်ကထက်စာလျှင် စိတ်ပျက်အားငယ်မှုများ ကင်းစင်နေပြီး အတော်လေး တက်တက်ကြွကြွရှိ နေပုံရ၏။ ဤကာလအတွင်း သူသည် ယန်နတ်ဘုရားနယ်ပယ်သို့ တိတ်တဆိတ် တက်လှမ်းနိုင်ခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းကို ပိုမိုခိုင်မာစေရန်အတွက် တိတ်တဆိတ်သာ ဆက်နေနေခြင်း ဖြစ်သည်။
မကြာသေးမီက ဓားနက်နှင့် သွေးဝတ်စုံတို့အကြောင်းသာ လူပြောသူပြော များနေခဲ့သဖြင့် နှင်းခဲဓားကိုတော့ ဥအုခြင်းမှလွဲ၍ လူမသိသူမသိ ဖြစ်နေခဲ့ရ၏။ သို့သော် ထိုက်ဟွမ်နန်းတော်က ကောင်းကင်ဘုံစကင်န်ဖတ်ခြင်းကို စတင်ပြီး ယန်နတ်ဘုရားတိုင်းအပေါ် ကြယ်တာရာအလင်းများ ဖြန်းပက်သည့်အခါ သူသည် တိတ်တဆိတ်နှင့် အံ့ဩဖွယ်ရာ ပွဲထွက်ရန် ရည်ရွယ်ထားသည်။
ထိုအခါ မဟူရာနတ်ဆိုးချောက်ကမ်းပါးတွင် ကိုယ်ပိုင်ပါရမီရှင်များ ဖြစ်သော ဓားနက်နှင့် သွေးဝတ်စုံ ရှိသော်လည်း နှင်းခဲဓားသည်လည်း ကောင်းကင်ယံတစ်ခုလုံးတွင် တောက်ပလာမည် ဖြစ်၏။
သူသည် လောကတစ်ခုလုံး၏ အာရုံစိုက်မှုကို ဝုန်းခနဲ ရယူရန် တိတ်တဆိတ် ပြင်ဆင်နေသည်။
ထူးဆန်းသည်မှာ နှင်းခဲဓားသည် သူ၏ အခြေခံ နတ်ဘုရားပုံသဏ္ဌာန်က... ဥတစ်လုံးနှင့် တူနေသည်ဟု ခံစားချက်ကို ဖျောက်ဖျက်မရ ဖြစ်နေခြင်းပင်။
..........
တစ္ဆေစိုးမိုးကောင်းကင်၏ ပြင်ပနယ်မြေတွင်မူ -
ကောင်းကင်ဘုံအရှင် ကွေ့ယွမ်သည် ကောင်းကင်ပြင်တစ်ခုလုံးသို့ ဖြန့်ကြက်ထားသော ဝိညာဉ်တံခွန်တစ်ခုကို ကိုင်ဆောင်ကာ ဟင်းလင်းပြင်တွင် တင်ပလ္လင်ခွေ ထိုင်နေပြီး သူ၏ ပုံသဏ္ဌာန်ကို အရိပ်အောက်တွင် ဖုံးကွယ်ထား၏။
သူ့အောက်တွင်မူ အနီရောင်ဖျော့ဖျော့ အလင်းတန်းများ ဖြာထွက်နေသော မဟူရာနတ်ဆိုးဘိုးဘေးသွေး အမြောက်အမြား ရှိနေသည်။
ဝိညာဉ်များသည် ဝိညာဉ်တံခွန်မှတစ်ဆင့် ဘိုးဘေးသွေးအတွင်းသို့ ဝင်လိုက်ထွက်လိုက် ဖြစ်နေပြီး ၎င်းကို တဖြည်းဖြည်း တိုက်စားနေကြ၏။
နောက်ထပ် လဝက်ခန့်ကြာလျှင် မဟူရာနတ်ဆိုးဘိုးဘေးသွေးသည် အပြည့်အဝ ညစ်ညမ်းသွားမည် ဖြစ်ပြီး တန်ဖိုးမရှိသော သွေးများ ဖြစ်သွားပေလိမ့်မည်။
ထိုစဉ် သွယ်လျသော ပုံသဏ္ဌာန်တစ်ခု ချဉ်းကပ်လာပြီး ဝိညာဉ်တံခွန်ကို လေးစားစွာ ကြည့်လိုက်၏။
"တတိယမြောက်ဘိုးဘေး... မဟူရာနတ်ဆိုးချောက်ကမ်းပါးရဲ့ ကောင်းကင်ဘုံအရှင်တွေက နတ်ဆိုးတောင်ကြားကို ထွက်ခွာသွားကြပါပြီ"
ကွေ့ယွမ်၏ မျက်လုံးများက တောက်ပသွားပြီး ခေါင်းညိတ်လိုက်၏။ သူ၏ အမူအရာက ခက်ထန်သွားကာ မေးလိုက်သည်။
"လူသားဧကရာဇ်ခန်းမ တမန်တော်ကော... မင်းတို့ သူ့ရဲ့ အရိပ်အယောင်ကို ရှာတွေ့ပြီလား"
ပြီးခဲ့သည့်အကြိမ်က လူသားဧကရာဇ်ခန်းမ တမန်တော်သည် ရုတ်တရက် ထွက်ပေါ်လာပြီး တစ္ဆေစိုးမိုးကောင်းကင်၏ ယန်နတ်ဘုရားကို သတ်ပစ်ခဲ့သည်။ ဒေါသထွက်နေသော ကွေ့ယွမ်သည် တိုက်ခိုက်ခဲ့သော်လည်း ထိုသူ လွတ်မြောက်သွားသည်ကိုသာ မြင်လိုက်ရသဖြင့် ကွေ့ယွမ်မှာ အရှက်ရသကဲ့သို့ ခံစားခဲ့ရ၏။
ထိုအချိန်မှစ၍ သူသည် လူသားဧကရာဇ်ခန်းမ တမန်တော်၏ အရိပ်အယောင်ကို အပြည့်အဝ ရှာဖွေရန် အမိန့်ပေးခဲ့သည်။
"ကောင်းကင်ဘုံအရှင်... ကျွန်မတို့ သူ့ကို ရှာမတွေ့သေးပါဘူး"
သွယ်လျသော ပုံသဏ္ဌာန်ရှိသည့် အမျိုးသမီးက အနည်းငယ် တုန်ရင်စွာဖြင့် ပြန်ဖြေလိုက်၏။ သူမသည်လည်း ယန်နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း မဟာမူလသဘောတရား ပုဂ္ဂိုလ်တစ်ဦး၏ ရှေ့မှောက်တွင်မူ စိုးရိမ်စိတ်ကို မဖျောက်နိုင်ချေ။
"ဒါဆိုရင် နောက်ဆုတ်တော့"
ကွေ့ယွမ်က အေးစက်စွာ ညွှန်ကြားလိုက်သဖြင့် သူမသည် စိတ်သက်သာရာရစွာဖြင့် နောက်ဆုတ်သွားလေသည်။
ထိုစဉ် ကွေ့ယွမ်၏ နားထဲတွင် အားကောင်းသော အသံတစ်သံ ကြားလိုက်ရ၏။
"မင်းက အဲဒီ လူသားဧကရာဇ်ခန်းမ တမန်တော်ကိစ္စကို စိတ်ခုနေတုန်းပဲလား"
အသံပိုင်ရှင်သည် ပြင်ပနယ်မြေတွင် ရှိနေသည့် အခြား မဟာမူလသဘောတရား ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော တစ္ဆေဇူ ဖြစ်သည်။
တစ္ဆေဇူ၏ ပုံသဏ္ဌာန်က သေးငယ်ပြီး သူ၏ မျက်နှာတွင် "ဇူ" ဟူသော စာလုံးကို ရှက်ရွံ့ခြင်းမရှိဘဲ ထင်ထင်ရှားရှား ရေးထိုးထား၏။(ဇူဟူသည်မှာ အပြစ် ဟုအဓိပ္ပါယ်ရပါသည်)
ကွေ့ယွမ်၏ အကြည့်က တောက်လောင်သွားသည်။
"မူလသဘောတရားအဆင့်ကိုတောင် မရောက်သေးတဲ့ ယန်နတ်ဘုရားအဆင့်လေးက ငါ့ကို ရန်စရဲတယ်ပေါ့။ သူက သေချင်နေတာပဲ"
"ထူးဆန်းတဲ့ ယန်နတ်ဘုရားတစ်ပါးပဲ... စိတ်အနှောင့်အယှက်ဖြစ်စရာ ခြင်တစ်ကောင်လို တဝီဝီနဲ့"
တစ္ဆေဇူက မှတ်ချက်ချလိုက်၏။
"ငါတို့ရဲ့ အခုမစ်ရှင်ပြီးရင် ငါ မင်းကို ကူညီပြီး သူ့ကို ရှာပေးမယ်။ တစ္ဆေစိုးမိုးကောင်းကင်အပေါ် ဒီလိုမရိုမသေလုပ်တာက ငါ့ရဲ့ ဝိညာဉ်တံခွန်ထဲကို ထည့်ဖို့ ထိုက်တန်တယ်"
"လူသားဧကရာဇ်ခန်းမက မဟူရာနတ်ဆိုးချောက်ကမ်းပါးနဲ့ ဆက်စပ်နေတယ်လို့ မင်း ထင်လား။ သူတို့ရဲ့ တမန်တော်က သူ့မျက်နှာကို ပြရဲပါ့မလား"
ကွေ့ယွမ်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များနှင့်အတူ စိုးရိမ်စိတ်အချို့ ဖြတ်သန်းသွားသည်။
လူသားဧကရာဇ်ခန်းမ တမန်တော်၏ ဆန်းကြယ်သော စွမ်းရည်များက ကွေ့ယွမ်၏ မျက်စိရှေ့မှောက်တင် လွတ်မြောက်သွားနိုင်သဖြင့် သူ့ကို သတိကြီးစွာ ထားစေ၏။
တစ္ဆေဇူက ခပ်လှောင်လှောင် ရယ်မောလိုက်သည်။
"တကယ်လို့ သူ လာရဲရင် ပြန်မသွားရစေရဘူး"
ကွေ့ယွမ်၏ မျက်လုံးများက တောက်ပသွား၏။
"တံခွန်သခင်ကိုယ်တိုင် ရောက်လာမှာမို့လို့လား"
တစ္ဆေဇူက ခေါင်းခါလိုက်သည်။
"တံခွန်သခင်က အခု မဟူရာနတ်ဆိုးချောက်ကမ်းပါးက အဖိုးကြီးနဲ့ ရင်ဆိုင်နေရလို့ ဇွတ်တရွတ် မလှုပ်ရှားဘူး။ ဒါပေမဲ့ သူက ငါ့ကို ဝိညာဉ်တစ်သောင်းတံခွန်ရဲ့ စွမ်းအားအချို့ကို ပေးထားတယ်... အဲဒီထဲမှာ မူလသဘောတရား သတ်ဖြတ်ခြင်းနည်းစနစ် ပါဝင်နေလို့ လူသားဧကရာဇ်ခန်းမ တမန်တော်ကို ဖမ်းဆီးဖို့ လုံလောက်ပါတယ်"
တစ္ဆေဇူ ကိုင်ဆောင်ထားသော ဝိညာဉ်တစ်သောင်းတံခွန်၏ အစိတ်အပိုင်းသည် မဟာကောင်းကင်ဘုံအရှင်များ ကိုင်ဆောင်ထားသော သာမန်အမျိုးအစား မဟုတ်ချေ။
တစ္ဆေဇူ၏ တံခွန်သည် တံခွန်အစစ်အမှန်၏ ဆယ်ပုံတစ်ပုံမျှ စွမ်းအားရှိပြီး တံခွန်သခင်၏ မူလသဘောတရား နည်းစနစ်ကို သယ်ဆောင်ထားနိုင်သည်။
ဤအပိုင်းကို လူသားဧကရာဇ်ခန်းမ တမန်တော်ကို ဖမ်းဆီးရန်အတွက် အထူး ဖန်တီးထားခြင်း ဖြစ်၏။
မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ မဟာမူလသဘောတရား ပုဂ္ဂိုလ်များအတွက်မူ ထိုတံခွန်၏ ထိရောက်မှုက ကန့်သတ်ချက် ရှိသည်။ သူတို့သည် မဟာမူလသဘောတရား ပုဂ္ဂိုလ်တစ်ဦးကို ခဏမျှ တားဆီးနိုင်လျှင်ပင် ထိုသူကို အမှန်တကယ် ဒဏ်ရာရအောင် လုပ်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲလှပေသည်။
သို့သော်လည်း သူတို့တွင် အမိန့်ရှိပြီးသား ဖြစ်၏။ တံခွန်သခင်တွင် ကိုယ်ပိုင်အစီအစဉ်များ ရှိသောကြောင့် ထိုနယ်မြေကို ကာကွယ်ရန်သာ လို သည်။
ငါးရက်ခန့် တိတ်တဆိတ် ကုန်ဆုံးသွားခဲ့လေသည်။
ကောင်းကင်ဘုံအရှင် ကွေ့ယွမ်နှင့် တစ္ဆေဇူတို့သည် စောင့်ကြပ်နေကြပြီး ဆန်းကြယ်သော တိတ်ဆိတ်မှုအတွင်း မဟူရာနတ်ဆိုးဘိုးဘေးသွေးကို ညစ်ညမ်းအောင် ပြုလုပ်နေကြ၏။
ပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးတွင် မည်သည့်အသံမျှ မရှိဘဲ ယန်နတ်ဘုရားများ၏ အာရုံခံနိုင်စွမ်းကိုပင် ဆန့်ကျင်နေသော မရေမရာ တိတ်ဆိတ်မှုတစ်ခု ရှိနေသည်။
ဤကဲ့သို့သော နေရာမျိုးတွင် ယန်နတ်ဘုရားများ၏ ဖျက်ဆီးခြင်း စွမ်းအားက သိသိသာသာ ကန့်သတ်ခံရပြီး သာမန်လူနှစ်ယောက် ရွှံ့နွံထဲတွင် ရုန်းကန်နေရသကဲ့သို့ ဖြစ်နေ၏။
ရုတ်တရက် မည်သည့်သတိပေးချက်မျှမရှိဘဲ ရွှေရောင်လက်တစ်ဖက်က ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ မဟူရာနတ်ဆိုးဘိုးဘေးသွေးဆီသို့ တိုက်ရိုက် ဦးတည်လာခဲ့လေသည်။
ဟင်းလင်းပြင်က တုန်ခါသွားပြီး မတည်ငြိမ်သော လှိုင်းလုံးများ ထွက်ပေါ်လာ၏။
ကွေ့ယွမ်သည် မျက်လုံးများကို ဖွင့်လိုက်ရာ တစ္ဆေမီးတောက်များ တောက်ပသွားသည်။
"သူတို့ နောက်ဆုံးတော့ လာကြပြီပဲ"
သူသည် အော်ဟစ်လိုက်ပြီး ဝိညာဉ်တစ်သောင်းတံခွန်ကို လှုပ်ခါလိုက်၏။
သင်္ကေတများ တောက်ပလာပြီး တစ္ဆေမီးတောက်များ လွင့်ပျောလာကာ သေခြင်းတရား၏ အနံ့အသက်များနှင့်အတူ လေပြင်းများ တိုက်ခတ်လာပြီး အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်များနှင့် လူကြီးများ၏ ကြောက်မက်ဖွယ် မျက်နှာများက တံခွန်ပေါ်တွင် ပေါ်လာခဲ့သည်။
တံခွန်အတွင်းရှိ ဝိညာဉ်များ၏ ငိုကြွေးသံများနှင့် စူးရှသော အော်ဟစ်သံများက လေထုထဲတွင် ပြည့်နှက်သွားသဖြင့် ဦးရေပြားများပင် စိမ့်သွားရ၏။
ကြောက်မက်ဖွယ်ကောင်းပြီး ဆန်းကြယ်လှသော ထိုတံခွန်သည် မရေမတွက်နိုင်သော သက်ရှိများကို ဝါးမြိုထားပုံရသည်။
ဝိညာဉ်တစ်သောင်းတံခွန်က ကောင်းကင်ယံတွင် ဖြန့်ကြက်သွားပြီး ရွှေရောင်လက်ကို ဟန့်တားလိုက်၏။
ရူးသွပ်ဖွယ်ရာ ဒီရေလှိုင်းများအလား မရေမတွက်နိုင်သော ဝိညာဉ်များက အော်ဟစ်ငိုကြွေးရင်း ရှေ့သို့ တိုးလာကြသည်။
ထိုစဉ် အေးစက်သော ဓားဆန္ဒတစ်ခုက မှောင်မိုက်သော ဟင်းလင်းပြင်ကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်၏။
အနက်ရောင်ဓားပျော့ရှည်တစ်စင်းသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသော အေးစက်သောအလင်းတန်းတစ်ခုကဲ့သို့ အံ့ဩဖွယ်ရာ အင်အားဖြင့် ရှေ့သို့ တိုးဝင်လာသည်။
ဝိညာဉ်တစ်သောင်းတံခွန်အတွင်းရှိ ဝိညာဉ်များသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
ဝတ်စုံဖြူဝတ်ဆင်ထားသော ပုံသဏ္ဌာန်တစ်ခုက အရပ်မြင့်မြင့်နှင့် ခန့်ညားစွာဖြင့် ရှေ့သို့ လျှောက်လာသည်။
ထိုတိုက်ခိုက်မှုက သူ၏ တိုက်ခိုက်မှု ဖြစ်ပြီး ပြတ်သားကာ ဖျက်ဆီးနိုင်စွမ်းရှိသော တိုက်ခိုက်မှု ဖြစ်၏။
ဝိညာဉ်တစ်သောင်းတံခွန်အတွင်းရှိ ဝိညာဉ်များသည် ဆားကိုတွေ့သောတီကောင်များလို နောက်သို့ ဆုတ်ပြေးကြသည်။
အလွန်နှေးကွေးသော ဝိညာဉ်များကတော့ မလွတ်တော့ပေ ။ နေရောင်ခြည်အောက်တွင် ပျောက်ကွယ်သွားသကဲ့သို့ တစ်စီစီမြည်သံများနှင့်အတူ မရှိတော့ချေ။
ကွေ့ယွမ်၏ မျက်လုံးများက စိုးရိမ်စိတ်များဖြင့် ကျဉ်းမြောင်းသွားသည်။
"မဟာမူလသဘောတရားအဆင့်တောင် မဟုတ်ဘဲနဲ့ ဒီလောက် စွမ်းအားမျိုး ရှိနေတာလား။ တကယ်လို့ သူသာ အဆင့်တက်သွားရင် ငါ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်မှာ သေချာတယ်"
ကွေ့ယွမ်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွား၏။
တစ္ဆေစိုးမိုးကောင်းကင်က ထိုက်ဟွမ်နန်းတော်နှင့် ပူးပေါင်းခဲ့ခြင်းကို သူ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ တကယ်လို့ ဓားနက်သာ သူ၏ အလားအလာ အပြည့်အဝကို ရောက်ရှိသွားပါက တစ္ဆေစိုးမိုးကောင်းကင်သည် အလွန်ခက်ခဲသော အနာဂတ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
"မင်းရဲ့ ကန့်သတ်ချက်ကို မင်းသိရင် မဟူရာနတ်ဆိုးဘိုးဘေးသွေးကို လွှဲပေးလိုက်ပါ... နောက်တစ်ကြိမ် ဆုံရင် မင်းကို ငါ အသက်ချမ်းသာပေးမယ်"
ဓားနက်၏ အသံက အေးစက်နေပြီး သူသည် အနက်ရောင်ဓားပျော့ရှည်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ခပ်အေးအေး ကိုင်ဆောင်ထားလေသည်။
ကွေ့ယွမ်က ပြုံးလိုက်၏။
"လင်းယာ အသွင်ပြောင်းလဲခြင်းက မကြာခင် ရောက်တော့မှာ။ မင်း မဟာမူလသဘောတရားအဆင့်ကို ရောက်အောင် အသက်ရှင်နိုင်မလားဆိုတာ မသေချာပါဘူး"
သူ၏ စကားလုံးများတွင် သတ်ဖြတ်လိုစိတ်များ အပြည့်အဝ ပါဝင်နေပြီး လာမည့် လင်းယာ အသွင်ပြောင်းလဲခြင်းအတွင်း အသစ်ထွက်ပေါ်လာမည့် မူလသဘောတရား ပုဂ္ဂိုလ်များထဲတွင် သူလည်း ပါဝင်နိုင်သည်ဟု ခန့်မှန်းနေခြင်း ဖြစ်၏။
တည့်တည့်ပြောရလျှင် "မင်းက သေမယ့်လူတွေထဲမှာ ပါလိမ့်မယ်" ဟု သူက ဆိုလိုခြင်းပင်။
"စကားတွေ အများကြီး ပြောမနေနဲ့... မင်းရဲ့ စွမ်းအားကို ပြစမ်း"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်၏။ စကားများများ ပြောမနေဘဲ ချက်ချင်း လှုပ်ရှားလိုက်သည်။
ကြယ်တာရာနယ်မြေတွင် ကြယ်ပွင့်များ တောက်ပလာပြီး ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ ကြီးမားလှသော ကိုယ်ပွားက ထွက်ပေါ်လာ၏။ ၎င်းက ကမ္ဘာတစ်ခုလုံးထက်ပင် ကြီးမားနေသည်။
နေမင်းတစ်စင်းကို ချေမှုန်းနိုင်လောက်သော အင်အားရှိသည့် ကြီးမားလှသော ရွှေရောင်လက်ကြီးသည် မဟာမူလသဘောတရား ပုဂ္ဂိုလ်နှစ်ဦးဆီသို့ ဦးတည်သွားခဲ့သည်။
ဤမျှလောက်ကြီးမားသော တိုက်ပွဲမျိုးသည် နတ်ဆိုးတောင်ကြားတွင် ဖြစ်ပွားပါက ၎င်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်သော်လည်း ပြင်ပနယ်မြေတွင်မူ ယန်နတ်ဘုရားများထံသို့ စွမ်းအင်အချို့သာ ရောက်ရှိသော်လည်း သူတို့ကို တုန်ရင်သွားစေရန် လုံလောက်လေသည်။
"ခရမ်းရောင်ကံကြမ္မာ... မင်းရဲ့ စွမ်းရည်ကို ငါပဲ စမ်းသပ်ကြည့်မယ်"
ကွေ့ယွမ်က အော်ဟစ်လိုက်ပြီး သူ၏ ကိုယ်ပိုင်ကိုယ်ပွားကို ခေါ်ယူလိုက်၏။
ကြီးမားလှသော ပုံသဏ္ဌာန်နှစ်ခုသည် မူလသဘောတရားစည်းမျဥ်းများဖြင့် ကြောက်မက်ဖွယ်ကောင်းစွာ တိုက်ခိုက်လိုက်ကြသဖြင့် ကြယ်တာရာနယ်မြေတစ်ခုလုံးတွင် စွမ်းအင်ပေါက်ကွဲမှုများ ပြည့်နှက်သွားရာ ပြင်ပနယ်မြေပင် ၎င်းကို ထိန်းချုပ်ရန် ခက်ခဲနေလေသည်။
ဓားနက်သည် သူ၏ သွယ်လျသောအနက်ရောင်ဓားကို ကိုင်ဆောင်ရင်း ငြိမ်သက်စွာ ရပ်နေ၏။
"ပဉ္စမမြောက်အစ်ကို... တစ္ဆေဇူကို မင်းဆီပဲ အပ်လိုက်မယ်"
သူသည် ဘေးနားရှိ အဖိုးကြီးတစ်ဦးကို တည်ငြိမ်သောအသံဖြင့် ညွှန်ကြားလိုက်သည်။
ယင်ဝိညာဉ်ကောင်းကင်မှ အဖိုးကြီး ဖြစ်သော မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ ပဉ္စမမြောက်ဘိုးဘေးသည် ဆန်းကြယ်သော အကြည့်၊ မကောင်းဆိုးဝါးဆန်သော အမူအရာဖြင့် ရပ်နေ၏။ သူက နှေးကွေးပြီး ယုတ်မာသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။
"ငါတို့ အစွမ်းကုန် ကြိုးစားရင်တောင် ဒါက အဓိပ္ပာယ်မရှိပါဘူး။ ငါတို့ ဒီအတိုင်း ထိုင်ပြီး စကားပြောကြရင်ကော"
ယင်ဝိညာဉ်ကောင်းကင်၏ ပဉ္စမမြောက်ဘိုးဘေးသည် ဟင်းလင်းပြင်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်၏။
မလှမ်းမကမ်းတွင် တစ္ဆေဇူက ပြုံးလိုက်သည်။
"အဲဒါက အဓိပ္ပာယ်ရှိသားပဲ။ တိုက်ခိုက်ရေး ရတနာမရှိဘဲ ကောင်းကင်ယံကို ဆုတ်ဖြဲရင်တောင် ငါတို့အတွက် အကျိုးမရှိဘူး"
သူတို့အထက်တွင် ခရမ်းရောင်ကံကြမ္မာနှင့် ကွေ့ယွမ်တို့သည် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး သူတို့၏ ကိုယ်ပွားများက အနီးကပ် လုံးထွေးနေကြ၏။ တိုက်ခိုက်မှုတိုင်း၏ အရှိန်အဝါက သာမန်ယန်နတ်ဘုရားတစ်ပါးကို တုန်ရင်သွားစေနိုင်သည်။
ခရမ်းရောင်ကံကြမ္မာက အသာစီးရနေပုံရသော်လည်း ကွေ့ယွမ်ကို အပြည့်အဝ မချေမှုန်းနိုင်ပုံရလေသည်။
လေပြင်းများက ဓားနက်၏ ဝတ်စုံကို ကြမ်းတမ်းစွာ ဖြတ်တိုက်သွား၏။ သူက ပဉ္စမမြောက်ဘိုးဘေးကို တည်ကြည်စွာ ကြည့်လိုက်၏။ သူ၏ အသံက နောင်တရမှုများနှင့်အတူ အနည်းငယ်နှမြောတသ ရှိသည်။
"ပဉ္စမမြောက်အစ်ကို... ငါတို့က မူလအစကတူတူပဲလေ။ ဘာလို့ မဟူရာနတ်ဆိုးချောက်ကမ်းပါးကို သစ္စာဖောက်ရတာလဲ"
ပဉ္စမမြောက်ဘိုးဘေးသည် ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို တကြည့်လိုက်ရင်း သူ၏ မျက်လုံးများထဲတွင် မုန်းတီးမှုများဖြင့်ပြည့်နှက်နေ၏။
"ငါက ငါ့ရဲ့ သွေးမျိုးဆက် ဆက်လက်ရှင်သန်ဖို့ပဲ မျှော်လင့်တယ်။ ငါက... လနတ်ဘုရားဘိုးဘေး သေတာကိုပဲ မြင်ချင်တယ်"
လနတ်ဘုရားဘိုးဘေးအကြောင်း ပြောလိုက်သောအခါ ပဉ္စမမြောက်ဘိုးဘေး၏ အကြည့်တွင် သတ်ဖြတ်လိုစိတ်များ အထင်းသားပေါ်လာကာ သူ၏ မုန်းတီးမှုက သိသာလှ၏။
"ပြီးခဲ့တဲ့ လင်းယာ အသွင်ပြောင်းလဲခြင်းတုန်းက မဟူရာနတ်ဆိုးချောက်ကမ်းပါးက သေးငယ်ပြီး ငါတို့မှာ မဟာမူလသဘောတရား ပုဂ္ဂိုလ်ငါးယောက်ပဲ ရှိခဲ့တာ။ ဒါပေမဲ့ ငါတို့က ညီအစ်ကိုတွေလို ဒုက္ခအတူခံခဲ့ကြတယ်။စည်းလုံးခဲ့ကြတယ် ၊ သေခြင်းတရားကိုတောင် အတူတူတွန်းလှန်ခဲ့ကြတာ ၊ အခု လင်းယာ အသွင်ပြောင်းလဲခြင်း ပြန်ရောက်တော့မယ် ၊ ငါတို့ မဟူရာနတ်ဆိုးချောက်ကမ်းပါးက ပိုသန်မာလာချိန်မှာ အခုလို တစ်စစီ ကွဲကြေနေကြပြီ..."
ဓားနက်၏ လေသံက ဝမ်းနည်းဖွယ်ကောင်းလ၏။
ပဉ္စမမြောက်ဘိုးဘေးသည် ဓားနက်ကို လှောင်ပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။
"မင်းက အမြင့်ဆုံးကောင်းကင်ဘုံအရှင်ဖြစ်လာရင်တောင် မင်းရဲ့ သွေးမျိုးဆက်နဲ့ သနားစရာကောင်းလောက်အောင် ပတ်သက်နေတုန်းပဲ"
ဓားနက်က သက်ပြင်းချလိုက်၏။
"ငါ့ကိုပြောပါ... မင်းအပြင် မဟူရာနတ်ဆိုးချောက်ကမ်းပါးကနေ ထွက်သွားချင်တဲ့သူ ဘယ်သူ ရှိသေးလဲ။ ဒါတွေအားလုံးကို ဘယ်သူ ကြိုးကိုင်နေတာလဲ"
အနီးနားတွင် ထိုင်နေသော တစ္ဆေဇူသည် ထိုစကားဝိုင်းကို စိတ်ဝင်တစား နားထောင်နေသည်။
ပဉ္စမမြောက်ဘိုးဘေးက ပြန်မဖြေဘဲ တိတ်ဆိတ်နေ၏။
ဓားနက်က ပဉ္ဓမမြောက်ဘိုးဘေးအား ကြည့်လိုက်သည်။
"မင်း မဟူရာနတ်ဆိုးချောက်ကမ်းပါးကနေ ထွက်သွားတာကို ငါ မတားပါဘူး"
"ဒါပေမဲ့ အလဲအလှယ်အနေနဲ့ မဟူရာနတ်ဆိုးဘိုးဘေးသွေးကိုတော့ ငါနဲ့အတူ ယူသွားမယ်"
မဟူရာနတ်ဆိုးချောက်ကမ်းပါး တစ်စစီဖြစ်သွားသည်ကို မမြင်ချင်သော်လည်း ဓားနက်သည် မည်သူ့ကိုမျှ အတင်းအကျပ် တားဆီးရန် ရည်ရွယ်ချက် မရှိချေ။
"ဒါတော့ မရဘူး..."
ပဉ္စမမြောက်ဘိုးဘေး၏ အကြည့်က ခရမ်းရောင်ကံကြမ္မာဘိုးဘေးဆီသို့ ရောက်သွားပြီး သတ်ဖြတ်လိုစိတ်များ တောက်လောင်လာသည်။
"သူက ဒီမှာပဲ နေခဲ့ရမယ်"
ဓားနက်သည် မကောင်းသော အာရုံတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ အာရုံခံစားမှုအရ မမြင်ရသော အစီအစဉ်တစ်ခုက တဖြည်းဖြည်း ကြီးထွားလာနေသည်ဟု သိလိုက်ရသည်။
"ငါတို့ သဘောတူညီမှု မရနိုင်ဘူးထင်တယ်"
ဓားနက်သည် ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို သတိထားရန် ချက်ချင်း သတိပေးလိုက်၏။
"သူ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူ့အပေါ်မှာ မူမတည်ဘူး"
ပဉ္စမမြောက်ဘိုးဘေးက အေးစက်သော အပြုံးဖြင့် ပြန်ဖြေလိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်ရာ အနီရောင်ဖျော့ဖျော့ အလင်းတန်းများ တောက်ပနေသည့် ကျောက်စိမ်းဖြူပုလင်းလေးတစ်ခု ထွက်ပေါ်လာ၏။
ပုလင်းထဲမှ တည်ငြိမ်ပြီး ပြင်းထန်သော နှလုံးခုန်သံတစ်ခု ထွက်ပေါ်လာသည်ကို အားလုံး ကြားလိုက်ရသည်။
ဓားနက်၏ တည်ငြိမ်သော အမူအရာက ထိတ်လန့်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွား၏။
"မူလနတ်ဆိုးသွေး"
တစ္ဆေဇူပင်လျှင် ထိုအရာကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားပြီး သူ၏ မျက်နှာတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။
"မူလနတ်ဆိုးသွေး အစစ်ပဲ"
ပဉ္စမမြောက်ဘိုးဘေးသည် မဟူရာနတ်ဆိုးချောက်ကမ်းပါးကို သစ္စာဖောက်ရန် ပြင်ဆင်ထားသည်ကို တစ္ဆေဇူ သိသော်လည်း မူလနတ်ဆိုးသွေး ထွက်ပေါ်လာမှုကတော့ သူ့ကို အံ့ဩသွားစေခဲ့သည်။
မူလနတ်ဆိုးသွေးသည် ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ဖြစ်ပြီး အထူးသဖြင့် မူလသဘောတရား နယ်ပယ်ရှိသူများအတွက် အလွန်အန္တရာယ်များသည်။
၎င်းက မူလနတ်ဆိုးဘေးအန္တရာယ် ဟုခေါ်သော ကပ်ဘေးကို ဖြစ်ပေါ်စေနိုင်ပြီး သင့်တော်သော ကာကွယ်မှုမရှိပါက ရင်ဆိုင်ရသူသည် ရှင်သန်ရန် အခွင့်အလမ်း မရှိသလောက်ပင် ဖြစ်၏။
အထူးသဖြင့် ခရမ်းရောင်ကံကြမ္မာဘိုးဘေးကဲ့သို့ သူ၏ကျင့်ကြံခြင်းကို အကြာကြီး ဖိနှိပ်ထားရသူတစ်ဦးအတွက် မူလနတ်ဆိုးဘေးအန္တရာယ်နှင့် ရုတ်တရက် ရင်ဆိုင်ရပါက သေဆုံးသွားနိုင်ချေ အလွန်များလေသည်။
ကောင်းကင်တွင် ရှိနေသော ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည်လည်း မူလနတ်ဆိုးသွေး၏ အရှိန်အဝါကို ခံစားလိုက်ရသဖြင့် မသိစိတ်မှ တုန်ရင်သွားပြီး နီးကပ်လာသော အန္တရာယ်လှိုင်းကို ခံစားလိုက်ရ၏။
ကွေ့ယွမ်က ရယ်မောလိုက်သည်။
"ခရမ်းရောင်ကံကြမ္မာ... ဒါက မင်းရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်လိမ့်မယ်ထင်တယ်"
"ဟမ့်"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း သူ၏ တိုက်ခိုက်မှုများကိုတော့ မလျှော့ပေ။
ရန်သူများက သူ့ကို ဖျက်ဆီးရန်အတွက် မူလနတ်ဆိုးသွေးကိုပင် ယူဆောင်လာကြလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ပြင်ဆင်ထားသော ဘိုးဘေးသွေးအတတ်ပညာအသစ်ကို ရရှိခဲ့သော်လည်း ယခုလို မျှော်လင့်မထားသော ကပ်ဘေးနှင့် ရင်ဆိုင်ရသဖြင့် စိတ်ပျက်သွားရ၏။
ဓားနက်သည် သူ၏ ဓားပါးကို တင်းတင်းဆုပ်ကိုင်ရင်း ပဉ္စမမြောက်ဘိုးဘေးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
ပဉ္စမမြောက်ဘိုးဘေးသည် ပုလင်းကို ကိုင်ဆောင်ကာ တစ္ဆေဇူဆီသို့ လျှောက်သွားရင်း ရူးသွပ်စွာ ပြုံးလိုက်၏။
တစ္ဆေဇူကလည်း သူ၏ မျက်လုံးများထဲတွင် ဝမ်းသာအားရမှုများနှင့်အတူ ပြုံးလိုက်သည်။
အောင်ပွဲက သူတို့လက်ထဲတွင် ရှိနေပြီ ဖြစ်၏။
ကွေ့ယွမ်က ခရမ်းရောင်ကံကြမ္မာကို ဟန့်တားထားသဖြင့် ထိုသူသည် လွတ်မြောက်ရန် အခွင့်အလမ်း မရှိချေ။ မူလနတ်ဆိုးသွေး၏ ကပ်ဘေးမှ ခရမ်းရောင်ကံကြမ္မာ ပြေးစရာ မြေမရှိတော့ပေ။
သို့သော် ထိုအရေးကြီးသော အချိန်တွင် ဓားနက်၏အသံက ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါက စူးရှခက်ထန်သွားခဲ့သည်။
သူသည် ပဉ္စမမြောက်ဘိုးဘေးကို အော်ဟစ်လိုက်၏။
"အခုပဲ... တိုက်ခိုက်တော့"
ပဉ္စမမြောက်ဘိုးဘေး၏ သစ္စာဖောက်မှုက လှည့်ကွက်တစ်ခု ဖြစ်ပြီး တစ္ဆေစိုးမိုးကောင်းကင်၏ မဟာမူလသဘောတရား ပုဂ္ဂိုလ်တစ်ဦးကို မျှားခေါ်ပြီး သတ်ရန်အတွက် သူတို့၏ အရှင်သခင်နှင့် ပဉ္စမမြောက်ဘိုးဘေးတို့ ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်သည်။
ဤနေရာသို့ မထွက်ခွာမီလေးကမှ ဓားနက်သည် ယခုအစီအစဉ်ကို သိရှိခဲ့ခြင်း ဖြစ်၏။
သူက တစ္ဆေဇူကို တိုက်ခိုက်ရန် ရှေ့သို့ တိုးဝင်လိုက်သည်။
သို့သော် ပဉ္စမမြောက်ဘိုးဘေး၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တိုးတိုးလေး ပြောလိုက်၏။
"ဟုတ်တယ် အခုပဲ"
၎င်းက ဓားနက် ပြောလိုက်သော စကားစုနှင့် အတူတူပင် ဖြစ်သည်။
တစ္ဆေဇူသည် ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ အပြုံးက ပိုမိုနက်ရှိုင်းသွား၏။
ဝိညာဉ်တံခွန်တစ်ခု ထွက်ပေါ်လာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ဖြာထွက်စေသည်။
ထိုတံခွန်က ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သကဲ့သို့ ခံစားရ၏။
၎င်း၏ အတွင်း၌ တံခွန်သခင်ကိုယ်တိုင် ပေးအပ်ထားသော မူလသဘောတရား သတ်ဖြတ်ခြင်းနိယာမများက ဓားနက်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့လေသည်။
ဓားနက်၏ ဦးနှောက်က ခဏမျှ ဗလာဖြစ်သွားပြီး သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွား၏။
သူ့စိတ်ထဲတွင် ပေါ်လာသော အတွေးက ကြောက်မက်ဖွယ်ကောင်းလှသည်။
တံခွန်သခင်၏ သတ်ဖြတ်ခြင်းနည်းစနစ်က တိုက်ခိုက်ရေး နတ်ဘုရားရတနာတစ်ခုမှတစ်ဆင့်... သူ့ထံသို့ ဦးတည်လာနေလေပြီ။
ဓားနက်၏ ခန္ဓာကိုယ်က ခဏမျှ တောင့်တင်းသွားပြီး သူ၏ အတွေးများက ရပ်တန့်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ခရမ်းရောင်ကံကြမ္မာဘိုးဘေးလည်း ထိတ်လန့်သွား၏။
"မင်းတို့ ရဲတင်းလှချည်လား"
သူတို့၏ ပန်းတိုင်က သူ မဟုတ်ဘဲ ဓားနက် ဖြစ်နေသည်ကို သူ သဘောပေါက်သွားသည်။
သူတို့သည် ဤအစီအစဉ်၏ အသေးစိတ်အချက်အလက်များကို ကောင်းမွန်စွာ ဖုံးကွယ်ထားသဖြင့် သူပင်လျှင် ဘာမျှမသိဘဲ ဘေးလူတစ်ယောက် ဖြစ်နေခဲ့ရ၏။
ခရမ်းရောင်ကံကြမ္မာဘိုးက ဒေါသတကြီး ရုန်းထွက်ရန် ကြိုးစားသော်လည်း ကွေ့ယွမ်က သူ့လမ်းကို ပိတ်ဆို့ထားသဖြင့် သူ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိချေ။
ပဉ္စမမြောက်ဘိုးဘေး၏ အပြုံးက ပိုမိုတောက်ပလာသည်။
"ချစ်လှစွာသော ညီအစ်ကို ဓားနက်... ငါတို့ရဲ့ ပန်းတိုင်က အမြဲတမ်း မင်း ဖြစ်နေတာကို မင်း မသိခဲ့ဘူးထင်တယ်။ ငါတို့ရဲ့ သခင်တောင် လှည့်စားခံလိုက်ရတာ။ ဟားဟားဟား..."
ပဉ္စမမြောက်ဘိုးဘေးက ကျေနပ် အားရစွာ ရယ်မောလိုက်၏။
တစ္ဆေဇူက အလျင်အမြန် အော်ဟစ်လိုက်သည်။
"အခုပဲ မူလနတ်ဆိုးသွေးကို သုံးလိုက်တော့။ မူလသဘောတရား သတ်ဖြတ်ခြင်းနိယာမက သူ့ကို အသက်ရှုကြိမ် တစ်ဝက်စာပဲ တားထားနိုင်မှာ"
"သိပြီ"
ပဉ္စမမြောက်ဘိုးဘေးက ပြောလိုက်ပြီး သူ၏ ရယ်မောသံများ ပျောက်ကွယ်သွားကာ မူလနတ်ဆိုးသွေးကို မလှုပ်ရှားနိုင်ဖြစ်နေသော ဓားနက်ဆီသို့ လျှင်မြန်စွာ ပစ်လွှတ်လိုက်လေသည်။
မကောင်းသော အရှိန်အဝါရှိသည့် သွေးများက ဓားနက်ဆီသို့ တိုးဝင်သွား၏။
နေရာတွင် တောင့်တင်းနေသော ဓားနက်၏ အတွေးများက ရူးသွပ်စွာ လည်ပတ်နေသည်။ သူတို့၏ သခင်က အမှန်တကယ်ပဲ လှည့်စားခံလိုက်ရတာလား... ဒါမှမဟုတ်...
သို့သော် ဆက်စဉ်းစားနေရန် အချိန်မရှိချေ။
တကယ်လို့ သူ ဒီမှာ လဲကျသွားပါက လင်းယာ အသွင်ပြောင်းလဲခြင်းတွင် မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ အနာဂတ်က မှောင်မိုက်သွားပေလိမ့်မည်။
ပဉ္စမမြောက်ဘိုးဘေး၏ မျက်နှာတွင် ရက်စက်သော ကျေနပ်မှုများ ပြည့်နှက်နေ၏။
"ဒီ လင်းယာ အသွင်ပြောင်းလဲခြင်းမှာ အမြင့်ဆုံးပုဂ္ဂိုလ်တစ်ယောက် ကျဆုံးရမယ်... အဲဒါက ငါ့လက်နဲ့ သေရမယ့် အသက်ငယ်ငယ်နဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ပဲ"
သို့သော် သူ၏ အပြုံးက ချက်ချင်း တောင့်တင်းသွားသည်။
တစ္ဆေဇူ၏ မျက်လုံးများကလည်း ထိတ်လန့်တကြား ကျယ်ပြန့်သွား၏။
မူလနတ်ဆိုးသွေးသည် ဓားနက်ဆီသို့ မရောက်ဘဲ ကိုးဆယ်ဒီဂရီခန့် ရုတ်တရက် ကွေ့သွားကာ ၎င်း၏ ဆွေးမျိုးတစ်ယောက်ကို အာရုံခံမိသကဲ့သို့ လမ်းကြောင်းပြောင်းသွားသည်။ ၎င်းက ဓားနက်ဆီသို့မသွားဘဲ မဟူရာနတ်ဆိုးဘိုးဘေးသွေးများ ရှိနေသည့် ဟင်းလင်းပြင်ဆီသို့ ဦးတည်သွားတော့သည်။
ထိုအခိုက် လေထုက ကွဲအက်သွားပြီး သွေးနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်ပေါ်လာ၏။ သူက ခွက်ကြီးတစ်လုံးကို ကိုင်ဆောင်ထားရင်း အလုပ်များနေပုံရသည်။
သို့သော် သူကလည်း လက်ရှိဖြစ်ပျက်နေသည်များကို နားလည်နိုင်ပုံမရပေ။
ခွက်ကို ကိုင်ထားရင်းမှ သူ့ဆီသို့ ပျံသန်းလာသော မူလနတ်ဆိုးသွေးအား အံ့သြစွာကြည့်နေ၏။
မူလနတ်ဆိုးသွေးသည် သူ့ထံသို့ တိုးဝင်သွားပြီး အိမ်ပြန်လာသော မြွေတစ်ကောင်ကဲ့သို့ သူ၏ သွေးချပ်ဝတ်တန်ဆာထဲသို့ ပျောက်ကွယ်သွားလေသည်။
ထိုအမျိုးသားမှာ ကျိယွမ် ဖြစ်ပြီး မဟူရာနတ်ဆိုးဘိုးဘေးသွေးကို ခိုးယူနေစဉ် လက်ပူးလက်ကျပ် မိသွားသဖြင့် ရှက်ရွံ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
သို့သော် သူသည် သူ၏ ခံစားချက်ကို အလျင်အမြန် ဖုံးကွယ်လိုက်ပြီး တည်ငြိမ်ကာ ခပ်အေးအေး အမူအရာကို ဖန်တီးလိုက်သည်။
၂၁ရာစု ကမ္ဘာပေါ်တွင် သူ ဖတ်ခဲ့ဖူးသော ပညာရှိစကားအတိုင်းပင် ။
မင်း မှန်နေတဲ့အခါ စည်းကမ်းတွေကို ပြောပါ... မင်း မှားနေတဲ့အခါ ရေနောက်အောင် လုပ်ပါ ဟူ၏။
ရန်သူများက အရင် တုံ့ပြန်လာသည်ကို မြင်လိုက်ရသဖြင့် ကျိယွမ်က ဒေါသတကြီး ပြောလိုက်၏။
"မင်းတို့ တစ္ဆေစိုးမိုးကောင်းကင်က လူယုတ်မာတွေက ပုံမှန်အတိုင်းပဲ... ငါက ဟင်းလင်းပြင်ကို ဖြတ်သွားရုံတင် ရှိသေးတာကို မူလနတ်ဆိုးသွေးလို ညစ်ပတ်တဲ့ အရာနဲ့ တိုက်ခိုက်ရတယ်ပေါ့။ အခု... ငါ ဗိုက်အောင့်နေပြီ"
ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ကျိယွမ်သည် စကားပြောရင်း သူ၏ ခွက်ကို ကျောနောက်တွင် ဝှက်ထားလိုက်၏။
ဆယ့်ငါးရက်ကြာပြီးနောက် ပြန်လည်ကောင်းမွန်လာသဖြင့် ကျိယွမ်၏ စွမ်းအားကို ပြန်လည်ရရှိနေပြီဖြစ်သည်။ မဟူရာနတ်ဆိုးဘိုးဘေးသွေး၏ အစိတ်အပိုင်းအချို့ကို ခိုးယူရန် သူ ရောက်ရှိလာချိန်တွင် မူလနတ်ဆိုးသွေးက သူ့ကို လာရောက်ထိမှန်ခြင်း ဖြစ်၏။
သို့သော် သူသည် မူလသဘောတရားအဆင့်ဖြင့် ကန့်သတ်မခံထားရသလို ယန်နတ်ဘုရားတစ်ပါးလည်း မဟုတ်သဖြင့် မည်သည့်ကပ်ဘေး သို့မဟုတ် ဘေးအန္တရာယ်ကိုမှ ကြောက်စရာမလိုပါ။
၎င်းက သူ့ကို အနည်းငယ် ယားယံရုံသာ ဖြစ်စေသဖြင့် သူက ချက်ချင်းပင် နှိမ်နင်းလိုက်ပြီး နောက်နောင် လေ့လာရန်အတွက် လူသားဧကရာဇ်တံခွန်ထဲသို့ သွေးများကို ဘေးကင်းစွာ ထည့်ထားလိုက်သည်။
၄င်းကို မြင်လိုက်ရသောအခါ ပဉ္စမမြောက်ဘိုးဘေး၏ မျက်လုံးများက ဒေါသနှင့် ထိတ်လန့်မှုများကြောင့် ပြူးကျယ်သွား၏။
မူလနတ်ဆိုးသွေးက မရှိတော့ချေ။
ပျောက်ကွယ်သွားလေပြီ ။
တစ္ဆေဇူသည်လည်း ဒေါသထွက်သွားပြီး အော်ဟစ်လိုက်၏။
"မင်း သေချင်နေတာပဲ... လူသားဧကရာဇ်ခန်းမ တမန်တော်"
မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ သူသည် ကျိယွမ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
"မဟုတ်ဘူး... သေရမယ့်သူက မင်းတို့ပဲ။ မင်းတို့က ငါ့ရဲ့ လူသားဧကရာဇ်တံခွန်ကို ခိုးယူပြီး ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တာ။ အဲဒီအတွက် လျော်ကြေးအနေနဲ့ ဒီမဟူရာနတ်ဆိုးဘိုးဘေးသွေးကို ငါ ယူသွားမယ်"
လူမိသွားပြီဖြစ်သဖြင့် ကျိယွမ်သည် ပွင့်ပွင့်လင်းလင်းပင် ဆက်လုပ်ရန် ဆုံးဖြတ်လိုက်၏။ သူသည် ခွက်အချို့ကို ထုတ်ယူလိုက်ပြီး စွပ်ပြုတ်သောက်နေသကဲ့သို့ ဘိုးဘေးသွေးများကို အေးအေးလူလူ ခတ်ယူလိုက်လေသည်။
သူ ခတ်ယူပြီးသည်နှင့် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုက သူ့ထံသို့ ရောက်ရှိလာ၏။
တစ္ဆေဇူနှင့် ပဉ္စမမြောက်ဘိုးဘေးတို့က ကျိယွမ်ကို ပူးပေါင်း တိုက်ခိုက်လိုက်ကြခြင်းပင်။
ပေါင်းစပ်ထားသော စွမ်းအားသည် ကမ္ဘာဦးအခြေအနေကိုပင် ဆုတ်ဖြဲပစ်နိုင်လောက်အောင် ပြင်းထန်သည်။
သူ၏ လက်ရှိအခြေအနေအရ ကျိယွမ်သည် မဟာမူလသဘောတရား ပြိုင်ဘက်တစ်ဦးတည်းကိုသာ ရင်ဆိုင်နိုင်ပြီး နှစ်ဦးဆိုပါက သူ တောင့်ခံနိုင်မည် မဟုတ်ချေ။
သို့သော် ထိုစဉ် တည်ငြိမ်ပြီး ပညာရှိဆန်သော အသံတစ်သံ ထွက်ပေါ်လာ၏။
"မိတ်ဆွေ... မင်းကို ငါ ကူညီပါ့မယ်"
ထိုအသံနှင့်အတူ ဓားနက်သည် မူလသဘောတရား သတ်ဖြတ်ခြင်းနည်းစနစ်၏ ချုပ်ကိုင်မှုမှ လွတ်မြောက်လာခဲ့သည်။ သူ၏ ပါးလှပ်သောဓားကို မြှောက်လိုက်ရာ ၎င်း၏ အလင်းတန်းက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ကျိယွမ်နှင့် ပဉ္စမမြောက်ဘိုးဘေးတို့အကြားတွင် နေရာယူလိုက်၏။
ဓားနက်၏ အကြည့်က ပဉ္စမမြောက်ဘိုးဘေးဆီသို့ ရောက်သွားပြီး ပြင်းထန်သော ဒေါသများ ပြည့်နှက်နေသည်။
"ပဉ္စမမြောက်အစ်ကို... နောက်ထပ် ပူးပေါင်းကြံစည်သူ ရှိသေးတယ် မဟုတ်လား"
သူ့လက်ထဲရှိ ဓားက ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်နေ၏။
ပဉ္စမမြောက်ဘိုးဘေး၏ မျက်နှာတွင် ဒေါသနှင့်အတူ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာပြီး စိတ်ပျက်မှုအချို့လည်း ရှိနေသည်။
ယနေ့ သေချာစွာ ပြင်ဆင်ထားသော အစီအစဉ်များက ပြာကျသွားခဲ့ရပြီ မဟုတ်ပါလား။
မူလနတ်ဆိုးသွေးမရှိလျှင် တံခွန်သခင်ကိုယ်တိုင် ဝင်ရောက်စွက်ဖက်လျှင်ပင် သူတို့သည် ဓားနက်နှင့် ခရမ်းရောင်ကံကြမ္မာတို့ကို ဤနေရာတွင် ပိတ်မိအောင် လုပ်နိုင်မည် မဟုတ်ချေ။
ပဉ္စမမြောက်ဘိုးဘေးသည် တစ္ဆေဇူကို စူးစိုက်ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ အလျင်အမြန် ပြောလိုက်၏။
"မြန်မြန်လုပ်... ငါတို့ တံခွန်သခင်ကို ဆင့်ခေါ်ရမယ်"
ကျိယွမ်သည် မဟာမူလသဘောတရား ပုဂ္ဂိုလ်တစ်ဦးကို ခုခံရန် အမှန်တကယ် အစွမ်းမရှိသော်လည်း သူ၏ ဆန်းကြယ်သော နည်းလမ်းများနှင့် အရိပ်အယောင်မပြဘဲ ပျောက်ကွယ်သွားနိုင်သည့် စွမ်းရည်က သူ့ကို ဖမ်းရခက်သော သားကောင်တစ်ခု ဖြစ်စေသည်။
ပဉ္စမမြောက်ဘိုးဘေးအတွက်မူ ကျိယွမ်ကို ဖမ်းဆီးရန်နှင့် မူလနတ်ဆိုးသွေးကို ပြန်လည်ရယူရန်က အဓိက ဦးစားပေး ဖြစ်လာခဲ့၏။
တစ္ဆေဇူကလည်း ဤအရေးကြီးသော လိုအပ်ချက်ကို နားလည်သဖြင့် သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ သူသည် အကူအညီတောင်းရန် ပြင်ဆင်လိုက်သော်လည်း ရုတ်တရက် ထူးဆန်းသော တည်ရှိမှုတစ်ခုကြောင့် သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားရ၏။
ကြမ်းတမ်းပြီး ရှုပ်ထွေးသော စွမ်းရည်လှိုင်းတစ်ခုက ထိုနယ်မြေတွင် ပြည့်နှက်သွားပြီး ၎င်းက လောကကြီးတစ်ခုလုံးကို ဒူးထောက်သွားစေရန် ရည်ရွယ်နေသည့်အလား လွှမ်းမိုးချုပ်ကိုင်ထားသည်။
"နေဦး"
တစ္ဆေဇူက အော်ဟစ်လိုက်ပြီး ထိုတည်ရှိမှုကို မှတ်မိသွားသဖြင့် သူ၏ အသံတွင် ဝမ်းသာအားရမှုများ ပြည့်နှက်သွား၏။
"သူ့ကို ဆင့်ခေါ်နေစရာ မလိုတော့ဘူး။ တံခွန်သခင်ရဲ့ မူလသဘောတရား သတ်ဖြတ်ခြင်းနိယာမက ရောက်နေပြီ"
သူက ဝမ်းသာအရ အော်ပြောလိုက်သည်။
ထိုခဏတွင် စွမ်းအားများ၏ လွှမ်းမိုးမှုက ထိုနေရာတစ်ခုလုံးကို ဝါးမြိုသွား၏။ ၎င်းက မူလသဘောတရား၏ ထိပ်ဆုံးတွင် ရှိနေသော တံခွန်သခင် ဖန်တီးထားသည့် သတ်ဖြတ်ခြင်းနည်းစနစ် ဖြစ်ပြီး လောကတစ်ခုလုံးကို သူ၏ လက်ဖဝါးအတွင်း ချုပ်ကိုင်ထားနိုင်ပေသည်။
ဓားနက်နှင့် ခရမ်းရောင်ကံကြမ္မာဘိုးဘေးပင်လျှင် သူတို့အပေါ် ကျရောက်လာသော စိုးရိမ်စိတ်ကို ဖုံးကွယ်မထားနိုင်ဘဲ ရှောင်လွှဲ၍မရသော တိုက်ခိုက်မှုကို ခံစားလိုက်ရ၏။
ထိုသတ်ဖြတ်ခြင်းနည်းစနစ်က ကျိယွမ်ဆီသို့ ဦးတည်သွားခဲ့သည်။
"သတိထား... ဒါက အချိန်နဲ့ ဟင်းလင်းပြင်တစ်ခုလုံးကို အေးခဲစေနိုင်တဲ့ တံခွန်သခင်ရဲ့ မူလသဘောတရား သတ်ဖြတ်ခြင်းနည်းစနစ်ပဲ"
ဓားနက်က ကျိယွမ်ကို အလျင်အမြန် သတိပေးလိုက်၏။
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည်လည်း လူသားဧကရာဇ်ခန်းမ တမန်တော်အတွက် စိုးရိမ်စိတ်ကို ဖုံးကွယ်မထားနိုင်ချေ။
ဘာပဲဖြစ်ဖြစ် ထိုတမန်တော်က ဓားနက်၏ အသက်ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
သူ့အတွက်မူ တံခွန်သခင်၏ မူလသဘောတရား သတ်ဖြတ်ခြင်းနည်းစနစ်က သူ့ကို ခဏမျှသာ တားဆီးနိုင်မည်ဖြစ်ပြီး မူလနတ်ဆိုးသွေးကဲ့သို့သော အရာမျိုးကသာ သူ့ကို သေစေနိုင်သည့် ခြိမ်းခြောက်မှု ဖြစ်ပေလိမ့်မည်။ ဒဏ်ရာရရုံသာ ဖြစ်ပြီး သေဆုံးမည် မဟုတ်ချေ။
သို့သော် ကျိယွမ်ကတော့ မတူညီပါ... သူက မဟာမူလသဘောတရား ပုဂ္ဂိုလ်တစ်ဦး မဟုတ်ချေ။ တကယ်လို့ ဤသတ်ဖြတ်ခြင်းနည်းစနစ်အတွင်း ပိတ်မိသွားပါက ရှင်သန်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဓားနက်က သတိပေးလိုက်သော်လည်း ထိုသတ်ဖြတ်ခြင်းနည်းစနစ်က ကျိယွမ်ဆီသို့ တိုးဝင်သွားပြီး သူ့ကို ပြင်းထန်စွာ ချုပ်ကိုင်လိုက်လေသည်။
တစ္ဆေဇူ၏ မျက်နှာတွင် အောင်နိုင်သူအပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
"မင်း ဘယ်လို လွတ်အောင် ပြေးမလဲဆိုတာ ကြည့်ရသေးတာပေါ့ ကောင်လေး"
သူက လှောင်ပြုံးပြုံးလိုက်သည်။
တံခွန်သခင်၏ သတ်ဖြတ်ခြင်းနည်းစနစ် ရှိနေသဖြင့် တစ္ဆေဇူ စိတ်အေးသွား၏။ တမန်တော်က အဖမ်းခံလိုက်ရပြီဖြစ်၍ သူတို့၏ လက်မှ မလွတ်နိုင်တော့ဘဲ သူ၏ ကံကြမ္မာက တံခွန်သခင်၏ အားကောင်းသော နည်းစနစ်အောက်တွင် ဆုံးဖြတ်ပြီးသား ဖြစ်သွားပြီ ဖြစ်သည်။
ထိုအခွင့်အရေးကို အရယူကာ ဓားနက်သည် ကျိယွမ်ကို ကာကွယ်ရန်နှင့် အချိန်အနည်းငယ်မျှ ဝယ်ယူရန် ရှေ့သို့ တိုးဝင်လိုက်၏။ သို့သော် ပဉ္စမမြောက်ဘိုးဘေးက ရုန်းမရသော တောင်ကြီးတစ်လုံးကဲ့သို့ သူ့လမ်းကို ပိတ်ဆို့ထားသဖြင့် သူ၏ ကြိုးစားမှုက ပျက်စီးသွားရသည်။
"တစ္ဆေဇူ... မူလနတ်ဆိုးသွေးကို ပြန်ယူတော့"
ပဉ္စမမြောက်ဘိုးဘေးက အလျင်အမြန် အော်ပြောလိုက်၏။
ယုတ်မာသော ပျော်ရွှင်မှုများနှင့်အတူ တစ္ဆေဇူသည် ဝိညာဉ်တစ်သောင်းတံခွန်ကို ဖြန့်ကြက်လိုက်သည်။
"ဝိညာဉ်တံခွန်ထဲကို ဝင်စမ်း ကောင်လေး... မင်းက ကောင်းမွန်တဲ့ ဝိညာဉ်တစ်ခု ဖြစ်လာမှာပါ"
သူသည် မှောင်မိုက်ပြီး မကောင်းသော စွမ်းအင်များ ပြည့်နှက်နေသည့် ဝိညာဉ်တံခွန်ကို လွှတ်တင်လိုက်၏။ ပုံမှန်အားဖြင့် တစ္ဆေဇူသည် ကာကွယ်မှုမရှိဘဲ ယခုကဲ့သို့ စွန့်စားရသော တိုက်ခိုက်မှုမျိုးကို လုပ်လေ့မရှိချေ။ သို့သော် တံခွန်သခင်၏ သတ်ဖြတ်ခြင်းနည်းစနစ်ကို ယုံကြည်နေသဖြင့် ကျိယွမ်သည် မခုခံနိုင်တော့ဟု သူ ယူဆထားခြင်း ဖြစ်သည်။
သို့သော် တစ္ဆေဇူ၏ တိုက်ခိုက်မှု နီးကပ်လာသောအခါ မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်သွား၏။
သူတို့အားလုံး လှုပ်ရှား၍မရတော့ဟု ထင်ထားကြသော လူသားဧကရာဇ်ခန်းမ တမန်တော်က ပြုံးလိုက်ခြင်းပင် ။
သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ဝိညာဉ်တံခွန်၏ အစိတ်အပိုင်းကို သူ၏ လက်ဖြင့် ဖမ်းဆုပ်လိုက်သဖြင့် အားလုံး ပိုမို တုန်လှုပ်သွားကြ၏။
သူ၏ အသံက ထူးခြားသော တောက်ပမှုများနှင့်အတူ ထွက်ပေါ်လာသည်။
"သဘာဝတရားကြီးရဲ့ ရက်ရောတဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ"
ထိုသို့ ပြောပြီးနောက် သူသည် ဝိညာဉ်တံခွန်နှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။
တစ္ဆေဇူ၏ မျက်လုံးများက မယုံကြည်နိုင်လွန်း၍ ပြူးကျယ်သွား၏။
လောကကြီးကို ချုပ်ကိုင်ထားနိုင်သော တံခွန်သခင်၏ နည်းစနစ် ပါဝင်သည့် ဝိညာဉ်တံခွန်ကြီးက ပျောက်ကွယ်သွားလေပြီ။
သူက တိုးတိုးလေး ရေရွတ်လိုက်၏။
"မဖြစ်နိုင်တာ"
တံခွန်သခင်၏ မူလသဘောတရား သတ်ဖြတ်ခြင်းနည်းစနစ်အောက်တွင် မည်သူက လှုပ်ရှားနိုင်မည်နည်း။
တစ္ဆေဇူသည် လုံးဝ ဝေခွဲမရ ဖြစ်သွားပြီး သူ၏ ဦးနှောက်က ရှုပ်ထွေးမှုများနှင့် ဒေါသများကြောင့် ပူထူလာသည်။
ဓားနက်ပင်လျှင် သိသိသာသာ ဆွံ့အသွားပြီး သူ ယခုလေးတင် မြင်လိုက်ရသည့် အရာကို နားမလည်နိုင် ဖြစ်နေ၏။
မဟာမူလသဘောတရား ပုဂ္ဂိုလ်တစ်ဦးပင် မဟုတ်သေးသည့် သာမန်ယန်နတ်ဘုရားတစ်ပါး ဖြစ်သော တမန်တော်က တံခွန်သခင်၏ စွမ်းအားကို မည်သို့ကြောင့် ဂရုမစိုက်ဘဲ နေနိုင်ရသနည်း။
ရှိနေသူ အားလုံးအတွက်မူ ဤဆန်းကြယ်မှုက အဖြေမရှိဘဲ ကျယ်ပြောလှသော စကြဝဠာကြီးကဲ့သို့ပင် နက်နဲလှသော လျှို့ဝှက်ချက်တစ်ခုအဖြစ် ကျန်ရစ်ခဲ့လေတော့သည်။
သူဘယ်လိုလုပ်သွားတာလဲ ။
------------
အခန်း ၄၆၅ - မင်းက ငါ့ရဲ့မျှော်လင့်ခြင်းလမင်းလေးလား
သေသေချာချာကြံစည်ထားခဲ့သောပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခုသည် ထူးဆန်းပြီး အနည်းငယ် ဟာသဆန်သော နည်းလမ်းဖြင့် ပြီးဆုံးသွားခဲ့လေသည်။
တစ္ဆေစိုးမိုးကောင်းကင်သည် ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရ၏။
ဓားနက်ကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးပမ်းမှုက ပျက်ဆီးသွားခဲ့ပြီး မူလနတ်ဆိုးသွေးလည်း ပျောက်ကွယ်သွားခဲ့ရရုံမျှမက ဝိညာဉ်တစ်သောင်းတံခွန်အကြီးစားတစ်ခုပင် လုယူခြင်း ခံခဲ့ရသည်။
သွေးချပ်ဝတ်တန်ဆာနှင့် ပုံရိပ်ပျောက်ကွယ်သွားပြီးနောက် တိုက်ပွဲကလည်း အူကြောင်ကြောင်နှင့် ပြီးဆုံးသွားခဲ့ရာ ဆက်လက်တိုက်ခိုက်နေရန် အကြောင်းမရှိတော့ချေ။
ဓားနက်နှင့် ခရမ်းရောင်ကံကြမ္မာဘိုးဘေးတို့ နတ်ဆိုးတောင်ကြားသို့ ပြန်ရောက်သောအခါ သတင်းစကားတစ်ခုသည် မဟူရာနတ်ဆိုးချောက်ကမ်းပါးတစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
"ယင်ဝိညာဉ်ကောင်းကင်က... မဟူရာနတ်ဆိုးချောက်ကမ်းပါးကို သစ္စာဖောက်လိုက်တာလား"
"ယင်ဝိညာဉ်ကောင်းကင်က မဟူရာနတ်ဆိုးချောက်ကမ်းပါးကနေ ခွဲထွက်ကြောင်း ကြေညာလိုက်တယ်တဲ့ "
"ဒီလောကကြီးကတော့... ပြောင်းလဲတော့မှာပဲ"
ဤသတင်းသည် မုန်တိုင်းတစ်ခုအလား မဟူရာနတ်ဆိုးချောက်ကမ်းပါးတစ်ခုလုံးတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်စေခဲ့၏။
နတ်ဆိုးတောင်ကြားအတွင်း၌ ထိုလှုပ်ခတ်မှုကြောင့် ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ပြီး အကျိုးဆက်အနေဖြင့် ထိုရုန်းရင်းဆန်ခတ်မှုအတွင်း ကျင့်ကြံသူအများအပြား သေဆုံးခဲ့ကြရသည်။
ဆန့်ကျင်ဘက်အနေဖြင့် တစ္ဆေတံခါးကတော့ ဆန်းကြယ်စွာ တိတ်ဆိတ်နေ၏။
ကျယ်ပြောလှသော မဟာခန်းမကြီးအတွင်း မော့ကြည့်လိုက်ပါက ကြယ်ပွင့်များ ပြည့်နှက်နေသည့် နက်ရှိုင်းသော ကောင်းကင်ယံကြီးနှင့်အတူ ရင်သပ်ရှုမောဖွယ် ကောင်းကင်ဂလက်ဆီကြီး ဖြန့်ကြက်နေသည်ကို မြင်တွေ့နိုင်သည်။
ကောင်းကင်ဘုံအရှင် တစ္ဆေဇူနှင့် ကွေ့ယွမ်တို့၏ မျက်နှာများကမူ မှောင်မိုက်နေပြီး မကောင်းသော အရိပ်အယောင်များ ပြည့်နှက်နေ၏။
"ဒီတမန်တော်ဆိုတဲ့ကောင်က... တကယ် သေချင်နေတာပဲ"
သူတို့၏ အစီအစဉ်သည် တမန်တော်ဆိုသူ၏ မထင်မှတ်ထားသော ဝင်ရောက်စွက်ဖက်မှုကြောင့် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
"ဘာလို့ မူလနတ်ဆိုးသွေးက သူ့ဆီကို ဦးတည်သွားရတာလဲ"
"ပြီးတော့ ဘာလို့ ငါတို့တံခွန်သခင်ရဲ့ မူလသဘောတရား သတ်ဖြတ်ခြင်းနည်းစနစ်က သူ့အပေါ်မှာ အလုပ်မဖြစ်ရတာလဲ"
မေးခွန်းနှစ်ခုသည် ကောင်းကင်ဘုံအရှင် တစ္ဆေဇူနှင့် ကွေ့ယွမ်တို့၏ စိတ်ထဲတွင် အဖြေရှာမရသော ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်နေခဲ့သည်။
မူလနတ်ဆိုးဘေးမှ ပေါ်ထွက်လာသော ဆန်းကြယ်သည့် မူလနတ်ဆိုးသွေးသည် ကိုယ်ပိုင်အသိဉာဏ်မရှိဘဲ အလွန်အန္တရာယ်များသော တည်ရှိမှုတစ်ခု ဖြစ်၏။
သို့သော်လည်း ပဥ္စမမြောက်ဘိုးဘေးက ၎င်းကို ဓားနက်ထံသို့ ပစ်လွှတ်လိုက်ချိန်တွင် မူလနတ်ဆိုးသွေးသည် လမ်းကြောင်းပြောင်းကာ တမန်တော်ဆီသို့ ပျံသန်းသွားခဲ့သည်။
"ဒီမူလနတ်ဆိုးသွေးက... သူ့သားများ ဖြစ်နေလို့လား"
ကောင်းကင်ဘုံအရှင် တစ္ဆေဇူက စိတ်တိုဒေါသထွက်စွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။
"မဟုတ်တာ ..သူ့မှာ သွေးရဲ့ လမ်းကြောင်းကို ပြောင်းလဲနိုင်တဲ့ ရှားပါးရတနာတစ်ခုခု ရှိနေလို့ အဲဒီသွေးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ရမယ်"
ကွေ့ယွမ်က သတိကြီးစွာထားသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
"ဘာပဲပြောပြော မူလနတ်ဆိုးသွေးက အခု သူ့လက်ထဲမှာ ရှိနေပြီဆိုတော့ ငါတို့ သတိထားပြီး ဆက်လုပ်ရမယ်"
မူလသဘောတရား ကျင့်ကြံသူတစ်ဦးက သတိပေးလိုက်ပြီး သူ၏ လေသံတွင် မူလနတ်ဆိုးသွေးကို အလွန်ကြောက်လန့်နေကြောင်း သိသာ၏။
"ဟမ့်... သူက တံခွန်သခင်ရဲ့ သတ်ဖြတ်ခြင်းနည်းစနစ်ကိုမှ မပိုင်ဆိုင်တာ။ သူ့မှာ မူလနတ်ဆိုးသွေး ရှိနေရင်တောင် ငါတို့ကို မထိခိုက်နိုင်ပါဘူး။ တကယ်လို့ သူက ဖမ်းရခက်အောင် ပြေးမလွတ်ရင် ငါ သူ့ကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်လိုက်ပြီ"
တမန်တော်အကြောင်း ပြောလိုက်သည်နှင့် တစ္ဆေဇူ၏ ဒေါသက တောက်လောင်လာခဲ့သည်။
ထိုအဆင့်အတန်းမျှသာ ရှိသော တမန်တော်သည် သူနှင့် ထိပ်တိုက်ရင်ဆိုင်ရပါက အလွယ်တကူ ချေမှုန်းခံရပေလိမ့်မည်။
သို့သော်လည်း ပြိုင်ဘက်၏ ရုတ်တရက် ပျောက်ကွယ်သွားနိုင်သော နည်းလမ်းများက အဖြေရှာမရသည့် ပဟေဠိတစ်ခု ဖြစ်နေဆဲပင်။
"သူက တံခွန်သခင်ရဲ့ မူလသဘောတရား နည်းစနစ်ကနေတောင် လွတ်မြောက်သွားတာပဲ... သူက သာမန်ပြိုင်ဘက် မဟုတ်တာ ထင်ရှားတယ်။ လင်းယာအသွင်ပြောင်းလဲခြင်းကလည်း လက်တစ်ကမ်းအကွာကို ရောက်နေပြီဆိုတော့ တစ္ဆေစိုးမိုးကောင်းကင်ကို ဦးတည်လာတဲ့ သူ့ရဲ့ ရုတ်တရက် ပေါ်ထွက်လာမှုကို ငါတို့ လျစ်လျူရှုထားလို့ မရဘူး"
အခြား မူလသဘောတရား ကျင့်ကြံသူတစ်ဦးက သူ၏ နက်ရှိုင်းစွာ စဉ်းစားရင်း ပြောလိုက်၏။
"စိတ်အနှောင့်အယှက်ဖြစ်စရာ ယင်ကောင်တစ်ကောင်လို တဝီဝီနဲ့"
ကောင်းကင်ဘုံအရှင် တစ္ဆေဇူသည် နန်းတော်တမန်တော်ကို မဖမ်းဆီးနိုင်ခဲ့သဖြင့် ပို၍ စိတ်တိုနေလေသည်။
သူက ထိိုသို့ရေရွတ်လိုက်သည်နှင့် တစ္ဆေတံခါးအတွင်းရှိ မရေမတွက်နိုင်သော ယင်ကောင်များ၏ ခေါင်းပေါ်တွင် "ဇူ" ဟူသော စာလုံးရုတ်တရက် ပေါ်လာပြီးနောက် ၎င်းတို့သည် အပိုင်းပိုင်း ကြေမွသွားခဲ့၏။
တစ္ဆေစိုးမိုးကောင်းကင်ရှိ ယင်ကောင်များ၏သွေးစွန်းသွားသော ကျင့်ကြံသူများ၏ နဖူးပေါ်တွင်လည်း "ဇူ" ဟူသော အမှတ်အသားများချက်ချင်း ပေါ်လာပြီးနောက် နေရာမှာတင် လဲကျ သေဆုံးသွားကြလေသည်။
မူလသဘောတရား ကျင့်ကြံသူတစ်ဦး၏ ဒေါသကြောင့် အလောင်းများစွာ ပြန်ကြဲသွားခဲ့ရ၏။
အခြား မူလသဘောတရား ကျင့်ကြံသူများကမူ တည်ငြိမ်နေကြဆဲပင် ဖြစ်သည်။
"ယင်ကောင်တစ်ကောင်အတွက်နဲ့ ဘာလို့ စိတ်တိုနေရတာလဲ။ တမန်တော်မှာ ဆန်းကြယ်တဲ့ နည်းလမ်းတွေ ရှိနိုင်ပေမဲ့ သူ့ရဲ့ စွမ်းအားက... အကန့်အသတ်ပဲ ရှိတယ်။ အလွန်ဆုံးရှိလှ အဆင့်နိမ့် မူလသဘောတရား ပုဂ္ဂိုလ်တစ်ယောက်ကိုပဲ ဒဏ်ရာရအောင် လုပ်နိုင်တာ"
မူလသဘောတရား ကျင့်ကြံသူတစ်ဦးက မိုးကြိုးထစ်ချုန်းသကဲ့သို့ အားကောင်းသော အသံဖြင့် ပြောလိုက်၏။
အောက်တွင် ရှိနေကြသော ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်များသည်လည်း ခေါင်းညိတ်လိုက်ကြပြီး တမန်တော်နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိကြချေ။
တစ္ဆေတံခါးတွင် ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်များစွာ စုဝေးနေကြသဖြင့် တမန်တော်အနေဖြင့် ပြဿနာရှာရန် အခွင့်အရေး မရှိနိုင်ပါ။
သူက သူတို့၏ တံခွန်ကို လုယူမည်ဟု ကြွေးကြော်နေသော်လည်း ၎င်းက သူ့ကို သေတွင်းထဲသို့ သက်ဆင်းစေရုံသာ ဖြစ်ပေလိမ့်မည်။
တကယ်လို့ သူက အလျင်အမြန် မပြေးခဲ့ပါက သူတို့ သူ့ကို အလွယ်တကူ သတ်ပစ်လိုက်ပြီ ဖြစ်၏။
ထိုစဉ် ပြင်းထန်သော အပူရှိန်နှင့် ဒေါသများ ပြည့်နှက်နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဟင်းလင်းပြင်ကို ပိတ်ဆို့တာ၊ ကောင်းကင်ဖြတ်တောက်ခြင်း မဟာအစီအရင်ကို အသက်သွင်းတာ၊ ပြီးတော့ တံခွန်သခင်ရဲ့ မူလသဘောတရား နည်းစနစ်ကို သုံးတာတောင် သူ့အပေါ်မှာ ဘာမှ အသုံးမဝင်ဘူး ဟုတ်လား"
၄င်းမှာ ထိုက်ဟွမ်နန်းတော်မှ ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်တစ်ဦး၏ အသံဖြစ်၏။
"အသုံးမဝင်ဘူး"
တစ္ဆေအပြစ်က ပြန်ဖြေလိုက်သည်။
ပြင်ပကောင်းကင်ယံရှိ တိုက်ပွဲတွင် သူတို့သည် အစီအရင်များ အပါအဝင် ဟင်းလင်းပြင် ပိတ်ဆို့ခြင်း နည်းလမ်းများစွာကို သုံးခဲ့ကြသည်။
တံခွန်သခင်၏ မူလသဘောတရား သတ်ဖြတ်ခြင်းနည်းစနစ်က သူ့ထံသို့ တိုက်ရိုက် ဦးတည်သွားခဲ့သော်လည်း သူက အလွယ်တကူပင် လွတ်မြောက်သွားခဲ့ဆဲပင်။
"လောလောဆယ်တော့ သူ့ကို တားဆီးဖို့ ငါတို့မှာ နည်းလမ်းမရှိသေးဘူးထင်တယ်"
ထိုက်ဟွမ်နန်းတော်မှ ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်က ပြောလိုက်ပြီးနောက် ရယ်မောလိုက်၏။
"မကြာခင်မှာ နန်းတော်သခင်က ကောင်းကင်ယံကို ဖြတ်သန်းသွားတဲ့အခါ သူ ပုန်းစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး။ အဲဒီကျရင် မင်းတို့ သူ့ကို စိတ်ကြိုက် သတ်နိုင်ပြီ"
သူတို့၏ အမြင်တွင် တမန်တော်သည် အားနည်းပြီး ဖမ်းရခက်သော်လည်း သူ ပုန်းအောင်းနေသည့် နေရာကို ရှာဖွေတွေ့ရှိပြီး နေ့အလင်းရောင်အောက်သို့ ရောက်ရှိလာပါက သူ ရှင်သန်ရန် အခွင့်အလမ်း မရှိချေ။
တစ္ဆေစိုးမိုးကောင်းကင်၏ ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်များသည် ထိုစကားကို ကြားလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားကြသည်။
ထိုအချိန်တွင် တစ္ဆေအပြစ်က တစ်ခုခုကို စဉ်းစားမိပြီး ရုတ်တရက်မေးလိုက်၏။
"မေးပါရစေ... မဟူရာနတ်ဆိုးချောက်ကမ်းပါးထဲမှာ ပဥ္စမမြောက်ဘိုးဘေးအပြင် တခြား သစ္စာဖောက်တွေ ရှိသေးလား"
တစ်ဘက်လူက မူလသဘောတရား ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း တစ္ဆေအပြစ်သည် သူ့ကိုလေးစားစွာ ခေါ်ဆိုခဲ့သည်။
ဘာပဲဖြစ်ဖြစ် ထိုက်ဟွမ်နန်းတော်သည် လင်းယာအသွင်ပြောင်းလဲခြင်းကို စီမံခန့်ခွဲနေခြင်း ဖြစ်ပြီး သူတို့ကို ဒေါသထွက်အောင် လုပ်ပါက ထိုက်ဟွမ်နန်းတော်က သူ့အပေါ်သို့ မူလနတ်ဆိုးကပ်ဘေးကို ပစ်လွှတ်လိုက်နိုင်သောကြောင့် ဖြစ်၏။
ထိုက်ဟွမ်နန်းတော်မှ ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်၏ အကြည့်က မှေးမှိန်သွားပြီး ခေါင်းခါလိုက်သည်။
"ငါ မသိဘူး"
... ...
တစ်ချိန်တည်းတွင် ဆန်းကြယ်နယ်မြေတစ်ခု၌ -
ကျိယွမ်သည် စိတ်လက်ပေါ့ပါးပြီး လန်းဆန်းမှုကို ခံစားနေရ၏။
"ဒီတစ်ကြိမ်တော့ ငါ တကယ် ထီပေါက်တာပဲ"
"ဒီလောက်များပြားတဲ့ ဘိုးဘေးသွေးတွေ... အစက်ရေ နှစ်ထောင်တိတိပဲ"
"နေဦး... မူလက အစက်ရေ တစ်သောင်း ဖြစ်ရမှာ မဟုတ်ဘူးလား"
"တစ္ဆေစိုးမိုးကောင်းကင်က အဲဒီလူယုတ်မာတွေက အစက်ရေ ရှစ်ထောင်ကို ချန်ထားခဲ့တာပဲ... တကယ့်ကို အရှက်မရှိတဲ့ ကောင်တွေ"
ကျိယွမ်က ဒေါသတကြီး ကျိန်ဆဲလိုက်၏။
မူလနတ်ဆိုးသွေး အစက်ရေ တစ်သောင်းသာ ရှိပါက သူ၏ ဘိုးဘေးသွေးအတတ်ပညာ ကျင့်ကြံခြင်းသည် တစ်နှစ်အတွင်း ဆယ့်လေးခုမြောက် အလွှာသို့ ရောက်ရှိနိုင်မည် ဖြစ်၏။
ယခုမူ သူသည် ဆယ့်သုံးခုမြောက် အလွှာသို့ ရောက်ရှိရန်သာ မျှော်လင့်နိုင်တော့သည်။
".လူယုတ်မာတစ်ယောက်အကြောင်း ပိုပြီး နက်နက်နဲနဲ သိလာလေလေ သူတို့ရဲ့ ယုတ်မာမှုတွေက ပိုပြီး ထင်ရှားလာလေလေပဲဆိုတဲ့စကားက အမှန်ပဲ။ ငါ အစက သိထားတာက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ ရှိသေးတာ"
"အစကတော့ သူတို့ ငါ့ရဲ့ လူသားဧကရာဇ်တံခွန်ကိုပဲ ခိုးသွားတယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ အခုတော့ ငါ့ပင်ပန်းကြီးစွာ ရရှိထားတဲ့ ဘိုးဘေးသွေးတွေကိုလည်း အကုန်မပေးဘဲ ချန်ထားခဲ့ကြတယ်ပေါ့"
"ဒါက ခွင့်လွှတ်နိုင်စရာ မရှိဘူး"
"ဒီအပြစ်နှစ်ခုစလုံး ပေါင်းလိုက်ရင် မင်းတို့က ငါ့ရဲ့လမင်းလေးတွေ ဖြစ်နေရင်တောင် ဒီမကောင်းဆိုးဝါးတွေကို ငါ အမြစ်ပြတ် ချေမှုန်းရလိမ့်မယ်"
ကျိယွမ် ဆုံးဖြတ်ပြီးသား ဖြစ်၏။ သူ၏ ဘိုးဘေးသွေးအတတ်ပညာက ဆယ့်သုံးခုမြောက် အလွှာသို့ ရောက်ရှိသည်နှင့် သူ၏အစီအစဉ်ကြီးကို ဆက်လက် အကောင်အထည်ဖော်မည် ဖြစ်သည်။
လောလောဆယ် ဆယ့်နှစ်ခုမြောက် အလွှာတွင်မူ သူက အားနည်းလွန်းနေသေး၏။
တစ္ဆေတံခါးထဲသို့ တိတ်တဆိတ် ဝင်ရောက်ပါက ချက်ချင်း အာရုံခံမိသွားမည် ဖြစ်ပြီး သူခိုးများကို မကိုင်တွယ်နိုင်မီ သူသာနောက်ဆုတ်ပြေးရပေလိမ့်မည်။
သို့သော်လည်း သူ၏ဘိုးဘေးသွေးအတတ်ပညာသည် ဆယ့်သုံးခုမြောက် အလွှာသို့ ရောက်ရှိသွားပါက အခြေအနေက လုံးဝ ပြောင်းလဲသွားလိမ့်မည် ဖြစ်၏။
ထိုအချိန်တွင် သူ၏လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရားခွန်အားသည်လည်း မူလသဘောတရား အဆင့်သို့ ချဉ်းကပ်သွားပေလိမ့်မည်။
သူသည် တစ္ဆေတံခါးထဲသို့ တိတ်တဆိတ် ဝင်ရောက်နိုင်တော့မည် ဖြစ်ပြီး သူခိုးများကို စိတ်ကြိုက် စီရင်ကာ သူ၏တံခွန်များကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။
အကယ်၍ သူတို့ အာရုံခံမိသွားလျှင်ပင် သူက အလွယ်တကူ လွတ်မြောက်နိုင်ဆဲပင်။
ကိစ္စရပ်တိုင်းတွင် စနစ်တကျလုပ်တတ်သော ကျိယွမ်သည် သူ၏ အစီအစဉ်များကို သေသေချာချာ ထိန်းသိမ်းထားပြီး သူ၏ စိတ်ကူးအတိုင်း လုပ်ဆောင်လေ့ရှိသည်။
အတွေးနှင့်အတူ ကျိယွမ်၏ အကြည့်က မူလနတ်ဆိုးသွေးပေါ်သို့ ကျရောက်သွား၏။
[ မူလနတ်ဆိုးကပ်ဘေးမှ ထွက်ပေါ်လာသော မူလနတ်ဆိုးသွေးသည် ထူးခြားသော သက်ရှိဖြစ်သည့် မူလနတ်ဆိုးဘိုးဘေးနှင့် ဆက်စပ်နေသည် ]
"မူလနတ်ဆိုးဘိုးဘေး ဟုတ်လား"
ဤစာသားကို မြင်လိုက်ရသောအခါ ကျိယွမ်သည် မသိနိုင်သော ကြောက်မက်ဖွယ်ကောင်းလှသည့် အရာတစ်ခုကို အာရုံခံမိသကဲ့သို့ မသိစိတ်မှ တုန်ရင်သွား၏။
"ဒါက... တတိယအဆင့် ယန်နတ်ဘုရား သို့မဟုတ် အဲဒီထက် ကျော်လွန်တဲ့ အရာတစ်ခုခုများလား"
ကျိယွမ်၏ မျက်ခုံးများကျုံ့သွားလေသည်။
"မူလနတ်ဆိုးသွေးက ငါ့ဆီကို ဆွဲငင်ခံရတာက ငါ့ရဲ့ မူလစွမ်းရည်ဖြစ်တဲ့ ဟင်းလင်းပြင်နယ်မြေ နှလုံးသားနတ်ဆိုးနိုးထခြင်းကြောင့်လား"
ကုံရှင်းကြယ်သို့ သူ သွားရောက်ခဲ့စဉ်က သူသည် အရှေ့ဘက်အရှင်နှင့်အတူ မူလနတ်ဆိုးပင်လယ်ထဲသို့ ဝင်ရောက်ခဲ့ဖူးသည်။
မထင်မှတ်ထားဘဲ ကြောက်မက်ဖွယ်ကောင်းသော မူလနတ်ဆိုးပင်လယ်သည် ကျိယွမ်ကို တစ်စုံတစ်ရာမျှ မထိခိုက်နိုင်ခဲ့ချေ။
၎င်းက သူ၏ ထူးခြားသော စွမ်းရည်ကြောင့် ဖြစ်ကြောင်း ကျိယွမ် သိသည်။
သူ၏ ဟင်းလင်းပြင်နယ်မြေ နှလုံးသားနတ်ဆိုးသည် မူလနတ်ဆိုးနှင့် ဆက်စပ်မှု ရှိနေသဖြင့် ၎င်း၏ တိုက်စားမှုကို ခုခံနိုင်ခြင်း ဖြစ်ပုံရ၏။
"လျူဖုန်းကမ္ဘာမှာ ရရှိခဲ့တဲ့ ဟင်းလင်းပြင်နယ်မြေ နှလုံးသားနတ်ဆိုး..."
"နေဦး...အဲဒါ့ရဲ့ မြစ်ဖျားခံရာက ကံကြမ္မာကျောက်တုံးဆီကပဲ"
"ကံကြမ္မာကျောက်တုံးက မူလနတ်ဆိုးဘိုးဘေးနဲ့ ဆက်စပ်မှု ရှိနေတာလား"
ကျိယွမ်က သေချာစွာ စဉ်းစားလိုက်၏။
ကံကြမ္မာကျောက်တုံးကသာ သာမန်အရာတစ်ခုဆိုလျှင် ပိုင်ကျိက အဘယ့်ကြောင့် ၎င်းကို စွဲလန်းနေမည်နည်း။
ပိုင်ကျိ၏ ခန္ဓာကိုယ်ထဲတွင် မဟာနေမင်း အလင်းဗုဒ္ဓ ချန်ထားခဲ့သော မဟာနေမင်းရွှေကြာပန်း ရှိနေသည်မဟုတ်ပါလား ။
"ဟေ့... မင်းမှာ အသိစိတ် ရှိလား။ ဘာလို့ ငါ့အပေါ်မှာ အိပ်ပျော်နေရတာလဲ"
ကျိယွမ်က မူလနတ်ဆိုးသွေးကို လှမ်းခေါ်လိုက်သည်။
သို့သော် ၎င်းက မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။
"အော်... မင်းမှာ ဦးနှောက်မရှိလို့ အသိစိတ်မရှိတာ ထင်တယ်"
ကျိယွမ်က ရေရွတ်လိုက်ပြီး မူလနတ်ဆိုးသွေးကို ထုတ်ယူကာ အိတ်တစ်ခုထဲသို့ ထည့်ထားလိုက်၏။
ရုတ်တရက် ကျိယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားသည်။
"တကယ်လို့ ငါသာ မူလနတ်ဆိုးသွေးကို စိုက်ပျိုးလိုက်ရင် ဆောင်းဦးရောက်တဲ့အခါ မူလနတ်ဆိုးဘိုးဘေးတစ်ကောင် ရလာမလားမသိဘူး"
သို့သော်... ၄င်းက အတွေးတစ်ခုသာ ဖြစ်၏။ ကျိယွမ်က ထိုသို့မဟုတ်တရုတ်များ အမြဲတွေးနေကြပင်။
လောလောဆယ်တော့ သူအနေဖြင့် နတ်ဆိုးတောင်ကြားသို့ အလျင်အမြန် ပြန်သွားရမည် ဖြစ်ပြီး လူသားဧကရာဇ်တံခွန်ကို ပြန်လည် သန့်စင်ကာ ဘိုးဘေးသွေးအတတ်ပညာကို ကျင့်ကြံပြီး သူ၏ စွမ်းရည်များကို မြှင့်တင်ရမည် ဖြစ်သည်။
နွေဦးမကုန်ဘဲ ဆောင်းဦး ရောက်မလာနိုင်ချေ။
ဂူအတွင်း၌ ခရမ်းရောင်ကံကြမ္မာရှောင်လုသည် သူမ၏ ဂါဝန်အနားကို အနည်းငယ် မတင်လိုက်ရာ ဖြူဖွေးသော ခြေကျင်းဝတ်လေး ပေါ်လာပြီး ခြေသံမကြားအောင် ဖွဖွလေးလျှောက်လာသည်။သူမက ကျိယွမ်စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်နေပုံရှိ၏။ သူမ၏ လှပသော မျက်နှာထက်တွင် မျှော်လင့်ချက်များဖြင့် တောက်ပနေလေသည်။
သူမသည် သွေးနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကျိယွမ်ကို ခိုးကြည့်လိုက်ရာ သူ၏ ခန့်ညားပြီး နတ်ဆိုးဆန်သော မျက်နှာကြောင့် သူမ အသက်ရှုများပင် မှားသွားရသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် တရားထိုင်နေသော ကျိယွမ်သည် မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ၎င်းကို အနက်ရောင်အဖြစ်သို့ အလျင်အမြန် ပြောင်းလဲလိုက်သည်။
"ရှောင်လု... ဘာကိစ္စရှိလို့ လာတာလဲ"
ကျိယွမ်က ညင်သာစွာ ပြုံးရင်း မေးလိုက်၏။
"ကျွန်မ..."
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် သူမ၏ ခြေထောက်များကို စုစည်းကာ တောင့်တောင့်ကြီး ရပ်နေပြီး စကားပင် ထွက်မလာ ဖြစ်နေသည်။ အကြောင်းပြချက်အချို့ကြောင့် ယခုအခါ သွေးဝတ်စုံ၏ ဘေးနားတွင် ရှိနေခြင်းက သူမကို ထူးဆန်းသော ရင်းနှီးလွန်းသည့်ခံစားချက်ကို ပေးစွမ်းနေသောကြောင့် ဖြစ်၏။
ယခင်က သူမ၏ဆွဲဆောင်ခံရမှုက ရိုးရှင်းသော အားကျမှုနှင့် လိုချင်စိတ် အနည်းငယ်မျှသာဖြစ်ခဲ့သော်လည်း ယခုမူ သူမ၏ ဝိညာဉ်ကပင် သူ၏ ဝိညာဉ်နှင့် ပေါင်းစပ်ချင်သကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ကျိယွမ်သည် သူမ၏ ထူးဆန်းသော အမူအရာကို အာရုံခံမိသဖြင့် သူ၏ သွေးအရှိန်အဝါကို ချက်ချင်း ပြောင်းလဲလိုက်၏။
ဘိုးဘေးသွေးအတတ်ပညာ၏ ဆယ့်သုံးခုမြောက်အလွှာက မဟူရာနတ်ဆိုးချောက်ကမ်းပါးမှ နတ်ဆိုးများကို တစ်စုံတစ်ရာ လွှမ်းမိုးနိုင်ခြင်းများရှိမလားဟုတော့ တွေးမိသွားလေ၏။
မဟုတ်လျှင် ရှောင်လုသည် သူ့အား ယခုလို တုန့်ပြန်လိမ့်မည်မဟုတ်ပေ။
သူ၏ သွေးအရှိန်အဝါ ပြောင်းလဲသွားသောအခါမှ ခရမ်းရောင်ကံကြမ္မာရှောင်လုမှာ အသက်ရှုရ ပိုမိုလွယ်ကူသွားပြီး ကျိယွမ်ကို ရှက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်ကာ ထစ်ထစ်အအဖြင့် ပြောလိုက်သည်။
"ဒါက... ကျွန်မရဲ့ စုဆောင်းမှုအသစ်... ဘိုးဘေးသွေး ဝိညာဉ်ရေစင် ပါ..."
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် ကျိယွမ်ကို ကူညီပြီး ဘိုးဘေးသွေး ဝိညာဉ်ရေစင်များကို စုဆောင်းပေးနေခြင်း ဖြစ်ကာ ၎င်းတို့က အခြေခံအားဖြင့် သေးငယ်သော အသိဉာဏ်ရှိ ခြေရာခံပိုးကောင်လေးများ ဖြစ်ကြသည်။
ကျိယွမ်သည် ဤအသိဉာဏ်ရှိသော စုံစမ်းရေးပိုးကောင်များကို သုံး၍ ဘိုးဘေးသွေး၏ လမ်းကြောင်းကို ရှာဖွေနိုင်၏။
"ကောင်းတယ်"
ကျိယွမ်သည် ဘိုးဘေးသွေး ဝိညာဉ်ရေစင်ကို ယူလိုက်ပြီး အတော်လေးကျေနပ်သွားသည်။
သူ့တွင် ဘိုးဘေးသွေးအဆီအနှစ်များ ကုန်ဆုံးသွားချိန်နှင့် ကွက်တိဖြစ်နေသဖြင့် ဝိညာဉ်ရေစင်က သူ့ကို လျှို့ဝှက်ချက်များစွာ ပိုမို ထုတ်ဖော်ပြသနိုင်ပေလိမ့်မည်။
"ဒါက နောက်ဆုံးပေးချေမှုပဲ"
ကျိယွမ်က ပြောလိုက်ပြီး ရှောင်လုထံသို့ နတ်ဘုရားကျောက်တုံးတစ်ခု ပေးလိုက်၏။
ရှောင်လုသည် အနည်းငယ် ဆွံ့အသွားသော်လည်း ကျိယွမ်ထိတွေ့ဖူးသော ကျောက်တုံးကိုခေတ္တစိုက်ကြည့်ပြီးနောက် သူမ၏ ရင်ခွင်တွင် တင်းတင်းဆုပ်ကိုင်ထားရင်း မျက်လုံးများက တောက်ပနေသည်။
"ငါက ကပ်စေးနှဲတဲ့သူ မဟုတ်ပါဘူး။ ဒါက မင်းအတွက် နောက်ထပ် လက်ဆောင်တစ်ခု... ယန်နတ်ဘုရားတစ်ပါးရဲ့လက်ဆောင်ပဲ"
ကျိယွမ်က ပြောလိုက်ပြီး ယန်နတ်ဘုရားတစ်ပါး၏လက်ဆောင်ကို သူမထံ ပေးလိုက်၏။
သူမ ပေးခဲ့သော ဝိညာဉ်ရေစင်ကြောင့် ရှောင်လုသည် သူ့ကို ဘိုးဘေးသွေး အစက်ရေတစ်ထောင်ကျော် ရရှိအောင် ကူညီပေးခဲ့သူ ဖြစ်သည်။ ယန်နတ်ဘုရားတစ်ပါး၏လက်ဆောင်ကို ပြန် ပေးခြင်းက ထိုက်တန်လေသည်။
ရှောင်လု၏ မျက်လုံးများထဲတွင် ကြယ်ပွင့်များ ပေါက်ကွဲသွားသကဲ့သို့ မျက်ရည်များ ဝဲလာခဲ့ပြီး သူမသည် အလွန်အစိတ်လှုပ်ရှားသွားပုံရ၏။
"အစ်ကိုသွေးဝတ်စုံ. အမှန်တော့လေ... ရှောင်လုက ငယ်ငယ်ကတည်းက အဖေမရှိဘဲ ကြီးပြင်းလာခဲ့ရတာပါ..."
သူမ၏ နုနယ်ပြီး မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် သူ့ကို မော့ကြည့်လိုက်ရင်း စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။
"အစ်ကိုက ကျွန်မရဲ့ အဖေ ဖြစ်ပေးလို့ရမလား"
"ဖူး..."
ကျိယွမ်သည် သူ့ရှေ့မှ သေးငယ်သော ပုံသဏ္ဌာန်လေးကို ကြည့်ရင်း မရယ်ဘဲ မနေနိုင် ဖြစ်သွားရသည်။
"နင့်ရဲ့ စိတ်ကူးက တကယ့်ကို ဆန်းကြယ်တာပဲ"
သူသည် ယခုပြဿနာက ဘိုးဘေးသွေးအတတ်ပညာကြောင့်များလာသဟု တွေးမိလိုက်၏။
သူ၏ သွေးအရှိန်အဝါ အားလုံးကို ချက်ချင်း ပြောင်းလဲပစ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
သူက ယခုမှ အရွယ်ရောက်ခါစသာ ရှိသေးသဖြင့် များပြားသောသားသမီး များကို လက်ခံရန် အလျင်မလိုသေးချေ။
ရှောင်လုသည် အနည်းငယ် စိတ်ပျက်သွားပုံရပြီး သူမ၏အင်္ကျီအနားစများကို ဖိချေကာ တိတ်ဆိတ်သွား၏။
ကျိယွမ်သည် အကြံတစ်ခု ရသွားသည့်အလား ရုတ်တရက် မေးလိုက်သည်။
"ခရမ်းရောင်ကံကြမ္မာဘိုးဘေးကကော ငယ်ငယ်က အဖေရှိလား"
"အာ..."
ရှောင်လု၏ ပါးစပ်လေး အနည်းငယ် ပွင့်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေတစ်ခုကို သဘောပေါက်သွားပုံရ၏။
"ဒါဆိုရင် ချောက်ကမ်းပါးသခင်ကကော... သူကော အဖေရှိလား"
ကျိယွမ်က စဉ်းစားရင်း ဆက်မေးလိုက်သည်။
ရှောင်လု၏ မျက်နှာလေး ရဲတက်သွား၏။
"ကျွန်မ... ကျွန်မ မသိဘူး"
သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာပြီး အမှန်တရားတစ်ခုခု ပေါ်ထွက်လာမည်ကို စိုးရိမ်နေပုံရသည်။
ရှောင်လု အနည်းငယ် တုန်ရင်နေသည်ကို မြင်လိုက်ရသဖြင့် ကျိယွမ်က ရယ်မောလိုက်၏။
"ငါ ဂူအောင်းနေတာ ကြာပြီဆိုတော့ တစ္ဆေတံခါးဘက်မှာ ဘာထူးခြားတဲ့ ကိစ္စတွေ ဖြစ်သေးလဲ"
ရှောင်လုသည် စိတ်သက်သာရာရစွာဖြင့် သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး အလေးအနက် ပြန်ဖြေလိုက်သည်။
"ယင်ဝိညာဉ်ကောင်းကင်က မဟူရာနတ်ဆိုးချောက်ကမ်းပါးကနေ ခွဲထွက်သွားလို့ တိုက်ပွဲတွေ အများကြီး ဖြစ်ပွားခဲ့ပြီး လူအတော်များများ သေဆုံးခဲ့ရပါတယ်"
ဤအကြောင်းကို ပြောလိုက်သောအခါ ရှောင်လု၏ အမူအရာက တည်ကြည်သွား၏။
ပဋိပက္ခ၏ ဝဲဂယက်အတွင်း ပိတ်မိနေသူများအတွက်မူ တင်းမာမှုကို တောင်ကြီးတစ်လုံးအလား ခံစားနေကြရသော်လည်း သမိုင်းကြောင်းအရ ကြည့်မည်ဆိုပါက ၄င်းက စာမျက်နှာအချို့မှ စာပိုဒ်လေးမျှသာ ဖြစ်ပေလိမ့်မည်။
"လောလောဆယ်တော့ မဟူရာနတ်ဆိုးချောက်ကမ်းပါးက တင်းမာနေတယ်။ ယင်ဝိညာဉ်ကောင်းကင်အပြင် တခြားသူတွေလည်း အရိပ်ထဲမှာ ပုန်းကွယ်နေပြီး ဘယ်အချိန်မဆို သစ္စာဖောက်ဖို့ ပြင်ဆင်နေကြတယ်လို့ အချို့က သံသယရှိနေကြတယ်"
ရှောင်လုက စိုးရိမ်ပူပန်စွာဖြင့် ထည့်ပြောလိုက်၏။
ယင်ဝိညာဉ်ကောင်းကင်၏ တပည့်အများအပြားသည် သစ္စာဖောက်မှုအကြောင်းကို သိကြမည် မဟုတ်ချေ။ သူတို့သည် မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ အခြားကျင့်ကြံသူများနှင့်အတူ အရက်သောက်နေရင်းမှ ယင်ဝိညာဉ်ကောင်းကင် ခွဲထွက်သွားကြောင်း သိလိုက်ရချိန်တွင် သူတို့သည် အသုံးချခံ သားကောင်များအဖြစ် ဆိုးရွားသော ကံကြမ္မာများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
"ဟူး... ကျင့်ကြံသူတွေရဲ့ လောကက တကယ့်ကို ရက်စက်တာပဲ။ လူတွေကြားထဲမှာ ယုံကြည်မှုက ဘယ်ရှိတော့မှာလဲ"
ကျိယွမ်က ညည်းတွားလိုက်သည်။
သူသည် မည်သူက သစ္စာဖောက်ဖြစ်သည်ကို အလေးမထားချေ။
တကယ်လို့ ခရမ်းရောင်ကံကြမ္မာဘိုးဘေးကသာ သစ္စာဖောက်လျှင် သူက သူ့နောက်သို့ လိုက်မည် ဖြစ်၏။
တကယ်လို့ အခြားကောင်းကင်ယံတစ်ခုက သစ္စာဖောက်လျှင် သူ ဒီအတိုင်း ပွဲကြည့်ရုံသာ ရှိသည်။ ဒါက သူ့ကို မထိခိုက်နိုင်ချေ။
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည် သူလျှိုတစ်ယောက် ဖြစ်နေကြောင်း သူ သိရှိခဲ့ရစဉ်ကလည်း ကျိယွမ်အတွက် သတင်းအချက်အလက်တစ်ခုမျှသာ ဖြစ်ပြီး သူ၏ အစီအစဉ်များနှင့် မသက်ဆိုင်ခဲ့ချေ။
သူ လုပ်ဆောင်ရမည်မှာ သူ၏ အစီအစဥ်ကြီးကို ဆက်လက် အကောင်အထည်ဖော်ရန်သာ ဖြစ်သည်။
နောက်ထပ် မေးခွန်းအချို့ မေးပြီးနောက် ကျိယွမ်သည် ရှောင်လုကို ပြန်ခွင့်ပေးလိုက်၏။
အပြင်သို့ ရောက်သောအခါ ရှောင်လု၏ မျက်နှာလေး ရဲတက်သွားပြီး ရှက်ရွံ့စွာဖြင့် ခြေဆောင့်လိုက်သည်။
"ငါ ဘာလို့ အဲဒီလို စကားမျိုး ပြောလိုက်ရတာလဲ"
..........
ကျယ်ပြောလှသော တစ္ဆေတံခါးအတွင်း၌ အမည်မသိနယ်မြေများစွာ ရှိနေပြီး ၎င်းတို့ကို ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်များက ဘေးကင်းစွာ စောင့်ကြပ်ထားကြ၏။
ယခုအချိန်တွင် ဟွေးကျန့်ကောင်းကင်ဘုံအရှင်သည် သူ၏ ဂူအတွင်း၌ ရှားပါးသော ဆေးဖက်ဝင်အပင်များ၊ ဝိညာဉ်သစ်သီးများနှင့် ကျင့်ကြံသူများ၏ ဝိညာဉ်များဖြင့် ပြုလုပ်ထားသော ဝိညာဉ်နိုးထခြင်းမီးခိုးများဖြင့် တည်းခင်းဧည့်ခံပွဲတစ်ခု ပြုလုပ်နေသည်။
"ဝိညာဉ်နိုးထခြင်းမီးခိုး" ကို တစ်ချက်မျှ ရှူရှိုက်လိုက်ရုံဖြင့် စိတ်ဓာတ်ကို များစွာ မြှင့်တင်ပေးနိုင်၏။
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည် ပြင်းထန်စွာ ရှူရှိုက်လိုက်ပြီး မျက်လုံးများထဲတွင် ကျေနပ်သော အရိပ်အယောင်များဖြင့် ပြောလိုက်သည်။
"နာမည်နဲ့ လိုက်ဖက်တဲ့အတိုင်းပဲ... တကယ့်ကို ဝိညာဉ်နိုးထခြင်းမီးခိုးပဲ"
ဟွေးကျန့်ကောင်းကင်ဘုံအရှင်က ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်၏။
"တကယ်လို့ မင်း သဘောကျရင် ဒီဆယ်ချောင်းကို လက်ဆောင်အဖြစ် ယူသွားပါ"
"ကျေးဇူးတင်ပါတယ် မိတ်ဆွေ"
ဖုန်းရွှေက လက်ဆောင်ကို လက်ခံလိုက်သည်။
ယင်ဝိညာဉ်ကောင်းကင်သည် မဟူရာနတ်ဆိုးချောက်ကမ်းပါးကို သစ္စာဖောက်လိုက်ပြီးနောက် ပဥ္စမမြောက်ဘိုးဘေးသည် ယင်ဝိညာဉ်ကောင်းကင်ကို စောင့်ကြပ်ရန် ပြန်သွားပြီး လေဆွေးမြေ့ခြင်းကိုမူ တစ္ဆေစိုးမိုးကောင်းကင်သို့ စေလွှတ်ကာ ထိုနေရာရှိ ကျင့်ကြံသူများနှင့် ဆက်သွယ်စေခဲ့ခြင်း ဖြစ်၏။
သူသည် တစ္ဆေစိုးမိုးကောင်းကင်ရှိ ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်တစ်ဦးချင်းစီထံ သွားရောက်ကာ ဆက်ဆံရေးကို ခိုင်မာအောင် လုပ်ဆောင်ခဲ့သည်။
"စကားမစပ်... ငါ မှတ်မိနေတဲ့ ဟာသလေးတစ်ခု ရှိသေးတယ်"
လေဆွေးမြေ့ခြင်းအရှင်က ရယ်မောရင်း ပြောလိုက်၏။
"ဘာတဲ့လဲ"
ဟွေးကျန့်က စိတ်ဝင်တစား မေးလိုက်သည်။
"နတ်ဆိုးတောင်ကြားတုန်းက သွေးဝတ်စုံက ငါ့ကိုပြောတယ်... သူ တစ်လအတွင်း မင်းကိုလာသတ်မယ်တဲ့"
လေဆွေးမြေ့ခြင်းအရှင်သည် "ဥလက်ဆောင်" ကိစ္စအပါအဝင် ကျိယွမ်၏ လှုပ်ရှားမှုများနှင့် သူသည် သူလျှိုတစ်ယောက် ဖြစ်ကြောင်း ကျိယွမ် မည်သို့ သိရှိသွားခဲ့သည်ကို ပြန်ပြောပြလိုက်၏။
ဟွေးကျန့်က အထင်သေးစွာဖြင့် ရယ်မောလိုက်သည်။
"ရိုင်းစိုင်းတဲ့ မျိုးဆက်သစ်လေးပဲ... လူကြီးတွေကို ရိုသေရမှန်း မသိဘူး။ နတ်ဆိုးတောင်ကြား ပျက်စီးသွားတဲ့အခါ အဲဒါက သူ့ရဲ့ နောက်ဆုံးနေ့ ဖြစ်လိမ့်မယ်"
"ဟုတ်ပါ့..ဟားဟားဟားဟား "
သူတို့နှစ်ဦးစလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။
ထိုစဉ် ရုတ်တရက် ဟွေးကျန့်၏ အမူအရာက ပြောင်းလဲသွားသည်။
"ဘာဖြစ်တာလဲ... ဘာလို့... ငါ မကောင်းသလိုလိုအေးစိမ့်စိမ့်ကြီးခံစားနေရတာလဲ"
လေဆွေးမြေ့ခြင်းအရှင်၏ မျက်လုံးများကလည်း ကျဉ်းမြောင်းသွားပြီး သတိကြီးစွာ ထားလိုက်၏။
ခဏချင်းတွင်ပင် သူတို့၏ ပတ်ဝန်းကျင်တစ်ခုလုံး သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မော့ကြည့်လိုက်သောအခါ သွေးနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်ဓားကို ကိုင်ဆောင်ထားသည့် ကြီးမားလှသော ပုံသဏ္ဌာန်တစ်ခုက မလှမ်းမကမ်းမှနေ၍ သူတို့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။
သွေးချပ်ဝတ်တန်ဆာပေါ်တွင် ဆန်းကြယ်ပြီး စွဲမက်ဖွယ်ကောင်းသော ပုံစံများ ပါရှိနေကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သူ့ကိုမဆို နက်ရှိုင်းစွာ ပိတ်မိသွားစေနိုင်သည်။
အက်ကွဲပြီး အေးစက်သော အသံတစ်သံက လေထုထဲတွင် ဟိန်းထွက်သွား၏။
"မင်းတို့က ငါ့ရဲ့ လူသားဧကရာဇ်တံခွန်ကို ခိုးရုံတင်မကဘဲ မူးယစ်ဆေးဝါးတွေကိုပါ သုံးစွဲနေကြတာပဲ။ တစ္ဆေစိုးမိုးကောင်းကင်ရဲ့ ကျင့်ကြံသူတွေက တကယ့်ကို ပျက်စီးနေကြပြီ ၊ သူခိုးနဲ့ ဘိန်းစားတွေချည်းပဲ "
ဟွေးကျန့်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏သာယာနေသောအာရုံခံစားမှုအားလုံးမှာလည်း ပျောက်ကွယ်သွားခဲ့သည်။
"တမန်တော်... မင်း ဒီထဲကို ဘယ်လို ဝင်လာတာလဲ"
သူ၏ နှလုံးသားမှာ ထိန်းမရအောင် တုန်ရင်နေ၏။
ယခုနေရာသည် မူလသဘောတရား အတားအဆီးများဖြင့် အခိုင်အမာ ကာကွယ်ထားသည့် တစ္ဆေတံခါး ဖြစ်သည်။
လူသားဧကရာဇ်တမန်တော်က မည်သို့ကြောင့် အာရုံမခံမိဘဲ တိတ်တဆိတ် ဝင်ရောက်လာနိုင်သနည်း။
သူက မူလသဘောတရား ကျင့်ကြံသူတစ်ဦးတောင် မဟုတ်ဘဲ သာမန်ယန်နတ်ဘုရားတစ်ပါး မဟုတ်ဘူးလား။
"စကားပုံရှိတယ်လေ.. တရားမျှတခြင်းရဲ့ အလင်းရောင်က နေရာတိုင်းမှာ တောက်ပနေတယ်။ မကောင်းမှုရှိတဲ့နေရာမှာ ငါ ရှိတာက ဘာဆန်းသလဲ"
သွေးချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ကျိယွမ်သည် ငရဲပြည်မှ ရောက်ရှိလာသည့် ဝိညာဉ်နှုတ်သူကြီးအလား မကောင်းဆိုးဝါးများကို ချေမှုန်းရန် ပြင်ဆင်ထား၏။
"လူသားဧကရာဇ်တံခွန်ကို လွှဲပေးလိုက်... ဒါဆိုရင် မင်းရဲ့ အလောင်းကို အကောင်းအတိုင်း ချန်ထားပေးမယ်"
သူက ဓားကို တစ်ချက်ဝှေ့ယမ်းပြလိုက်ရာ ဟွေးကျန့်နှင့် လေဆွေးမြေ့ခြင်းအရှင်တို့သည် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ အပိုင်းပိုင်း ပိုင်းဖြတ်ခံရတော့မည့်အလား စူးရှသော ဓားဆန္ဒကို ခံစားလိုက်ရသည်။
ကောင်းကင်ဘုံအရှင် နှစ်ဦးစလုံး ထွက်ပြေးချင်ကြ၏။
သို့သော်လည်း သူတို့၏ ကြွက်သားတစ်ခုမျှကိုပင် မလှုပ်ရှားရဲကြချေ။
တကယ်လို့ သူတို့ ထွက်ပြေးရန် ကြိုးစားပါက တမန်တော်၏ ဓားချက်က သူတို့ထံသို့ ရောက်ရှိလာလိမ့်မည်ဟု အာရုံခံမိနေသောကြောင့် ဖြစ်သည်။
ချွေးစေးများ စီးကျလာပြီး သူတို့၏ ခန့်မှန်းချက်များ မှားယွင်းသွားကြောင်း သဘောပေါက်သွားခဲ့ကြ၏.။
တမန်တော်က ဘာလို့ ဒီလောက်တောင် သန်မာနေတာလဲ။
လွန်ခဲ့သော ရက်အနည်းငယ်က အစည်းအဝေးတွင် သူတို့သည် တမန်တော်နှင့် ဆုံတွေ့ပါက မည်သို့အလွယ်တကူ ရှောင်တိမ်းရမည်ကို ဆွေးနွေးခဲ့ကြသေးသည်။
ယခုမူ သူတို့သည် မူလသဘောတရား အဆင့်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရ၏။
သူတို့လိုသာမန်ယန်နတ်ဘုရားများအတွက်မူ မူလသဘောတရားအဆင့်တစ်ဦးနှင့် ရင်ဆိုင်ရခြင်းက မတွေးရဲစရာပင် ဖြစ်သည်။
သူက သာမန်ယန်နတ်ဘုရား မဟုတ်ဘူး... ဒါက မူလသဘောတရားအဆင့်ပဲ။
တမန်တော်က တစ်လအတွင်းမှာ ကောင်းကင်ဘုံနေရာယူအဆင့်ကနေ မူလသဘောတရားအဆင့်ကို တက်လှမ်းသွားတာလား။
မဖြစ်နိုင်တာ။
သူတို့၏ ဘိုးဘေးများသည် အသုံးမကျခဲ့ပါ။ပြိုင်ဘက်၏ ကျင့်ကြံခြင်းအဆင့်ကိုပင် သေချာစွာ မတိုင်းတာနိုင်ခဲ့ကြပေ။
ထိတ်လန့်နေသော်လည်း သူတို့သည် လွတ်မြောက်မည့် လမ်းစကိုကြိုးစားချင်သေး၏။
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည် အခွင့်အရေးကို အရယူကာ အလျင်အမြန် ပြောလိုက်သည်။
"စီနီယာ... ကျွန်တော်က တစ္ဆေစိုးမိုးကောင်းကင်က မဟုတ်ပါဘူး။ ကျွန်တော့်မှာ လူသားဧကရာဇ်တံခွန်လည်း မရှိပါဘူး... ကျွန်တော်က ဒီမှာ ဧည့်သည်အဖြစ် လာတာပါ"
အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော အချိန်တွင် သစ္စာရှိမှုက အဓိပ္ပာယ်မရှိချေ။
တကယ်လို့ ဟွေးကျန့်သာ အသတ်ခံရပြီး သူ လွတ်မြောက်သွားပါက တစ္ဆေစိုးမိုးကောင်းကင်၏ ကျင့်ကြံသူများသည် သူ့ကို ဘာမှ လုပ်ရဲကြမည် မဟုတ်ပါ။
သူ အသက်ရှင်သန်ရန်ကသာ အရေးကြီးဆုံး ဖြစ်၏။
ကျိယွမ်၏ အကြည့်က လေဆွေးမြေ့ခြင်းဆီသို့ ရောက်ရှိသွားသည်။
"မင်း သွားလို့မရဘူး"
လေဆွေးမြေ့ခြင်းအရှင်၏ ခန္ဓာကိုယ်က တုန်ရင်သွားပြီး သူ၏ အမူအရာက ပျက်စီးသွား၏။
"အမှန်တော့... ငါ မင်းကို သိတယ်"
ကျိယွမ်က ခပ်အေးအေး ပြောလိုက်သည်။
"ဗျာ..."
လေဆွေးမြေ့ခြင်းအရှင်က သူ့ကို ထိတ်လန့်တကြား ကြည့်လိုက်၏။
တမန်တော်က မည်သူဖြစ်နိုင်သည်ကို စဉ်းစားရင်း သူ၏ ဦးနှောက်ထဲတွင် ရင်းနှီးနေသောမျက်နှာများစွာ ဖြတ်သန်းသွားသည်။
တကယ်လို့ သူတို့ကြားထဲတွင် ဆက်စပ်မှုတစ်ခုခု ရှိနေပါက သူ ရှင်သန်ရန် အခွင့်အလမ်း ရှိနိုင်ပေသည်။
"ငါ ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး"
ကျိယွမ်က အေးစက်စွာ ပြောလိုက်၏။
"အရေးကြီးတာက မင်းပဲ။ မင်း... မင်းက ငါ့ရဲ့မျှော်လင့်ခြင်းလမင်းပဲ"
"လမင်း.. ဟုတ်လား"
လေဆွေးမြေ့ခြင်းအရှငိသည် ထိုစကားလုံးများကြောင့် ဆွံ့အသွားပြီး ဝေခွဲမရ ဖြစ်သွားရသည်။
"မျှော်လင့်ခြင်းလမင်း ဆိုတာက..."
ကျိယွမ်က ရှင်းပြလိုက်သည်။
"ငယ်စဉ်ကတည်းက ရရှိဖို့ ခက်ခဲတဲ့ မျှော်လင့်ချက်တစ်ခုပေါ့... လိုချင်ပေမဲ့ မထိရဲတဲ့အရာ... အဲဒီဝေးကွာတဲ့ အိမ်မက်ရဲ့ လှပမှုကို မဖျက်ဆီးချင် သူ့အတိုင်းလေး ငေးကြည့်နေရတဲ့အရာပေါ့ "
လေဆွေးမြေ့ခြင်းအရှင်သည် မယုံကြည်နိုင်စွာဖြင့် မျက်တောင်ခတ်လိုက်၏။
တမန်တော်က... အမျိုးသားတစ်ယောက် ဖြစ်ပြီးတော့ သူ့ကို သဘောကျနေတာလား။
ဒါက ဖြစ်နိုင်လို့လား။
ကျိယွမ်သည် သူ၏ သွေးရောင်ဓားကို ကိုင်ဆောင်ထားရင်းမှ လေဆွေးမြေ့ခြင်းအရှင်အား ကြည့်လိုက်၏။
"ငါက မွေးရာပါချစ်ခြင်းမေတ္တာ စွမ်းရည်ရှိလို့ မင်း... မင်းက ငါ့ရဲ့လမင်းလေး ဖြစ်လာတာ"
လေဆွေးမြေ့ခြင်းအရှင်သည် ကျိယွမ်က သူ့ကို လှောင်ပြောင်နေခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
"လမင်းလေး...မင်းအရမ်းမစိုးရိမ်ပါနဲ့"
"မင်း သေသွားပြီးရင် မင်းရဲ့ ပိုင်ဆိုင်မှုတွေကို ငါ ကောင်းကောင်း စောင့်ရှောက်ပေးပါ့မယ်။ စိတ်အေးအေးထားပြီး အနားယူပါ... မင်းရဲ့ အရိုးပြာတွေက အလဟဿ ဖြစ်မသွားစေရဘူး"
သူသည် သူ၏ ကိုယ်ပိုင်စကားလုံးများကြောင့် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားပြီး သူကိုယ်တိုင်က အလွန် ကြင်နာတတ်သောသူဟု ထင်မှတ်လိုက်၏။
ထိုခဏတွင် သူ၏ ဓားချက်က အနည်းငယ် တုန်ခါသွားပြီး လောကတစ်ခုလုံး သွေးနီရောင်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
"အတူတူ... သေလိုက်ကြ"
သူ၏ ဘိုးဘေးသွေးအတတ်ပညာကို ဆယ့်သုံးခုမြောက် အလွှာသို့ မြှင့်တင်ထားသဖြင့် ကျိယွမ်သည် မဟာမူလသဘောတရား အဆင့်သို့ ရောက်ရှိနေပြီး ယခင်အခြေအနေထက် များစွာ သာလွန်နေပြီ ဖြစ်၏။
သူသည် ယခုအခါ တစ္ဆေတံခါးအတွင်း၌ စိတ်ကြိုက် လှုပ်ရှားနိုင်နေလေပြီ ။
သူ၏ ဓားမှ ကြီးမားလှသော တိုက်ခိုက်မှုကြီးတစ်ခု ကျဆင်းလာ၏။ ၎င်းက ဆန်းပြားခြင်း သို့မဟုတ် တန်ဆာဆင်ထားခြင်း မရှိချေ။ သို့သော် ထိုတစ်ချက်တည်းသော ရိုးရှင်းသည် ခုတ်ချက်က သူတို့နှစ်ဦးလုံးကို ခုခံရန် သို့မဟုတ် ထွက်ပြေးရန် အခွင့်အရေး မပေးခဲ့ပါ။
သူတို့၏ အားအကိုးရဆုံးဖြစ်သော ကာကွယ်ရေး ဖြစ်သည့် ကိုယ်ပွားများပင်လျှင် ဓားချက်၏ အင်အားအောက်တွင် ကြိတ်ဆုံအောက်မှ ပဲပြားများကဲ့သို့ ကြေမွသွားခဲ့ရသည်။
မဟာမူလသဘောတရား ပုဂ္ဂိုလ်တစ်ဦး၏ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုက ယန်နတ်ဘုရားနှစ်ဦးကို အလွယ်တကူပင် ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလား။
"အား.."
"မလုပ်....ပါ..."
ကျိယွမ်သည် သူ၏ ကတိအတိုင်း လုပ်ဆောင်ခဲ့ပြီး ဝိညာဉ်တစ်သောင်းတံခွန်ကို သူ၏ သိုလှောင်အိတ်သို့ ထည့်သွင်းလိုက်ကာ သူတို့၏ ပိုင်ဆိုင်မှုများကိုလည်း သေချာစွာ သိမ်းဆည်းလိုက်၏။
သူသည် လေဆွေးမြေ့ခြင်းအရှင်၏ အရိုးပြာများကို ငရဲပြည်သို့ ပစ်ချလိုက်ပြီး အနာဂတ် ပြန်လည်မွေးဖွားခြင်းအတွက် လောင်စာအဖြစ် အသုံးပြုလိုက်သည်။
"လမင်းလေး... စိတ်အေးအေးထားပြီး အနားယူပါ။ မင်းတို့ နှစ်ယောက်စလုံး အထီးကျန်နေလိမ့်မယ်ဆိုတာ ငါ သိပါတယ်။ စိုးရိမ်မနေပါနဲ့... ငါ့မှာ အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ရှိနေလို့ မကြာခင်မှာ မင်းတို့ကို အဖော်ပြုပေးမယ့် မျှော်လင့်ခြင်းလမင်းလေးတွေ ပိုပြီး ရောက်လာပါလိမ့်မယ်"
ကျိယွမ်က ကတိပေးသကဲ့သို့ တိုးတိုးလေး ပြောလိုက်စဉ် အနီးနားမှ ဒေါသတကြီး အော်ဟစ်သံများနှင့် အံ့ဩသံများ ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူလဲကွ"
"ဒါက...တမန်တော်ပဲ"
"မင်း ရဲတင်းလှချည်လား"
"သူ ဒီထဲကို ဘယ်လို ဝင်လာတာလဲ"
"သူက ဟွေးကျန့်နဲ့ လေဆွေးမြေ့ခြင်းအရှင်ကို သတ်လိုက်ပြီ..."
ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်တစ်ဦးက ပြင်းထန်စွာ အော်ဟစ်လိုက်ရာ သူ၏အသံက အခန်းတစ်ခုလုံးတွင် ဟိန်းထွက်သွား၏။
ချက်ချင်းပင် မဟာမူလသဘောတရား ပုဂ္ဂိုလ်သုံးဦးအပါအဝင် ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင် နှစ်ဆယ်ကျော်သည် ကျိယွမ်ကို ဝိုင်းရံလိုက်ကြပြီး သူတို့၏ မျက်နှာတွင် ထိတ်လန့်မှုနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
သူအားဝိုင်းနေသော အသက်ကြီးကြီး ကောင်းကင်ဘုံအရှင်များကို ကြည့်ရင်း ကျိယွမ်၏ အေးစက်သော အမူအရာက နွေးထွေးပြီး ညင်သာသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
"အသက်လည်းကြီးတယ်... ချမ်းလည်းချမ်းသာကြတယ်... ပြီးတော့ ရေမချိုးချင်ကြဘူး..."
သူတို့သည် သူ၏ မျှော်လင့်ခြင်းလမင်းလက်စွဲစာအုပ်ပါ သတ်မှတ်ချက်များအားလုံးနှင့် ကိုက်ညီနေကြသည်။
"ကြည့်ရတာ... ငါ မင်းတို့အားလုံးကို သဘောကျသွားပြီထင်တယ် မျှော်လင့်ခြင်းလမင်းလေးတွေရေ..."
ကျိယွမ်က ထိုသို့ပြောလိုက်ပြီး သူ၏ သွေးရောင်ဓားကို ဝှေ့ယမ်းကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ သူ၏ အသံတွင် ကြင်နာမှုများ ပြည့်နှက်နေသည်။
သတ်မှတ်ချက်များနှင့် ကိုက်ညီသောမျှော်လင့်ခြင်းလမင်း နှစ်ဆယ့်ခုနစ်ယောက်ကို တစ်စုတစည်းတွေ့လိုက်ရသဖြင့် သူအလွန်ကျေနပ်သွားလေ၏။
ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်များသည် ထိတ်လန့်မှူများကြားမှ ဒေါသတကြီးဖြင့် ပြန်လည် စိုက်ကြည့်လိုက်ကြလေသည်။
"မင်း ဘာတွေ ပြောနေတာလဲ"
"ဒီ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို တော်လိုက်တော့"
"တမန်တော်... မင်း ဒီနေ့ အသက်ရှင်လျက် ထွက်မသွားရစေရဘူး။ သူ့ကို ဖမ်းကြစမ်း"
တစ္ဆေဇူကောင်းကင်ဘုံအရှင်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
ပြီးခဲ့သည့်အကြိမ်က ကျိယွမ် ဝင်ရောက်စွက်ဖက်ခဲ့သဖြင့် တစ္ဆေဇူသေချာစွာ ပြင်ဆင်ထားသော အစီအစဉ်များ ပျက်စီးခဲ့ရခြင်း ဖြစ်၏။ သူသည် တမန်တော်ကို အလေးမထားခဲ့သော်လည်း တစ်လကြာသွားပြီးနောက် ထိုတမန်တော်သည် ပြန်လည်ရောက်ရှိလာရုံတင်မကဘဲ တစ္ဆေစိုးမိုးကောင်းကင်၏ ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်တစ်ဦးကိုပါ သတ်ဖြတ်ဝံ့ခဲ့သည်။
"တိုက်ကြ..."
တစ္ဆေဇူ၏ အမိန့်ပေးမှုနှင့်အတူ ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင် နှစ်ဆယ်ကျော်သည် သူတို့၏ အစွမ်းကုန် စွမ်းအားများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြ၏။
ကျိယွမ်က သူတို့၏ တိုက်ခိုက်မှုများကို မြင်သောအခါ ညင်သာစွာ ပြုံးလိုက်ပြီး သိုးအုပ်ထဲက ဝံပုလွေတစ်ကောင်ကဲ့သို့ ၄င်း၏အရှိန်အဝါများကို ဖြတ်ကျော်ကာ သူ၏ ဓားကို အလွယ်တကူ ဝှေ့ယမ်းလိုက်သည်။
"ဒီလောက်တောင် ဂရုစိုက်ကြတာပဲ"
သူက အေးအေးလူလူ မှတ်ချက်ချလိုက်၏။
"မင်းတို့အားလုံး ငါ့ကို နှိပ်ပေးနေကြတာလား"
အားနည်းသော ယန်နတ်ဘုရားများ၏ တိုက်ခိုက်မှုများသည် သူ့ထံသို့ ရောက်ရှိလာချိန်တွင် ပျောက်ကွယ်သွားခဲ့ပြီး သူ့ကို အစင်းကြောင်းခြစ်မိရုံမျှပင် မလုပ်နိုင်ကြချေ။
သူ၏ သွေးချပ်ဝတ်တန်ဆာနှင့်ဆိုလျှင် ကျိယွမ်သည် မူလသဘောတရားအဆင့်အောက်ရှိ မည်သူ့ကိုမျှ ဂရုစိုက်စရာ မလိုဘဲ ကောင်းကင်အဆင့် ယန်နတ်ဘုရားများကိုမူ ပို၍ပင် ဂရုမစိုက်ပါချေ။
သူ၏နေရာ၌ အခြား ယန်နတ်ဘုရားများဆိုလျှင် တစ္ဆေစိုးမိုးကောင်းကင်၏ ဗဟိုချက်ထဲသို့ ယခုကဲ့သို့ ဝင်ရောက်ဝံ့ကြမည် မဟုတ်ပါချေ။ ထိုနေရာရှိ ဖျက်ဆီးနိုင်စွမ်းရှိသော ရတနာများနှင့် ကာကွယ်ရေးအစီအရင်များသည် မူလသဘောတရား ကျင့်ကြံသူများကိုပင် အပြင်းအထန် ဒဏ်ရာရစေနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ကျိယွမ်ကမူ စိုးရိမ်ခြင်းမရှိပါ ။ သူသည် မည်သည့်အချိန်မဆို လွတ်မြောက်ရန် သူ၏ ခရမ်းရောင်နန်းတော်ထဲသို့ ဝင်ရောက်နိုင်သည် မဟုတ်ပါလား။
သူသည် ယုံကြည်မှုအပြည့်ဖြင့် သူတို့ကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
"မင်း... မူလသဘောတရားအဆင့်ကို ရောက်သွားတာလား"
တစ္ဆေဇူ၏ မျက်လုံးများက မယုံကြည်နိုင်စွမ်းကြောင့် ပြူးကျယ်သွားသည်။
ဒီကောင်က တစ်လအတွင်းမှာ မူလသဘောတရားအဆင့်ကို ဘယ်လို ရောက်သွားတာလဲ။
သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ အသံက စူးရှသွားကာ အော်ဟစ်လိုက်၏။
"နောက်ဆုတ်... မြန်မြန်... မင်းတို့အားလုံး နောက်ဆုတ်ကြစမ်း"
အကယ်၍ တမန်တော်ကသာ သာမန်ယန်နတ်ဘုရားတစ်ပါးအဖြစ် ရှိနေသေးပါက သူတို့၏ ပေါင်းစပ်တိုက်ခိုက်မှုအောက်တွင် ဒဏ်ရာရနိုင်ချေ ရှိသည်။
သို့သော် ယခုအခါ မူလသဘောတရား ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသဖြင့် တမန်တော်သည် သူတို့ မထိခိုက်နိုင်သောသူ ဖြစ်လာခဲ့လေပြီ ။
အခြား ယန်နတ်ဘုရားများသည်လည်း ချက်ချင်း သဘောပေါက်သွားကြသည်။ သူတို့သည် ငှက်များအလား ထွက်ပြေးရန်အတွက် အရပ်ရပ်သို့ ပျံသန်းသွားကြ၏။
သူတို့ ထွက်ပြေးသွားကြသည်ကို ကြည့်ရင်း ကျိယွမ်က စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။
"ငါက ဒီလောက်တောင် ရုပ်ဆိုးလို့လား... လူတွေက ငါ့ကို မြင်တာနဲ့ ချက်ချင်း ထွက်ပြေးကြတာပဲ"
သူသည် အနီးဆုံးရှိ ယန်နတ်ဘုရား အနည်းငယ်ဆီသို့ ဓားချက်တစ်ခု ပစ်လွှတ်လိုက်၏။
မဟာမူလသဘောတရား ပုဂ္ဂိုလ်သုံးဦးသည် သူ့ထံသို့ အလျင်အမြန် တိုးဝင်လာကြပြီး သူ၏ အာရုံကို လွှဲရန်နှင့် နောက်ထပ် ချေမှုန်းမှုများကို တားဆီးရန်အတွက် စိုးရိမ်တကြီး ကြိုးစားကြသည်။
သို့သော် သူတို့က အလွန် နှေးကွေးလွန်းလှ၏။
သူတို့ ကျိယွမ်ထံသို့ ရောက်ရှိချိန်တွင် ကံမကောင်းသော ယန်နတ်ဘုရား နှစ်ဦးစလုံး အသတ်ခံလိုက်ရပြီ ဖြစ်သည်။
မဟာမူလသဘောတရားအဆင့်တစ်ဦး၏ လက်ထဲတွင် ယန်နတ်ဘုရားများသည် ကြက်ကလေးများအလား လဲကျသွားခဲ့ရ၏။
ထိုခဏတွင် ကျိယွမ်သည် သူ၏ ကိုယ်ပိုင် စွမ်းအားနှင့် အခြေခံကို ရရှိခဲ့ပြီဟု ခံစားလိုက်ရသည်။
သူသည် ဝိညာဉ်တစ်သောင်းတံခွန်ကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီးနောက် မဟာမူလသဘောတရား ပုဂ္ဂိုလ်သုံးဦးဆီသို့ ကြည့်လိုက်ရာ မျက်နှာက တည်ကြည်သွား၏။
"မင်းတို့ သုံးယောက်ကြောင့် ငါ့ရဲ့ လမင်းလေးတွေရဲ့ ပိုင်ဆိုင်မှုတွေကို သေချာ မသိမ်းဆည်းနိုင်ခဲ့ဘူး။ တကယ့်ကို ယုတ်မာတာပဲ"
သူသည် ဒေါသထွက်နေသော အကြည့်ဖြင့် မူလသဘောတရား ပုဂ္ဂိုလ်သုံးဦးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
သို့သော် ကျိယွမ်သည် တိုက်ပွဲကို အကြာကြီး ဆွဲမထားချင်ပါ။ သူက မျှော်လင့်ခြင်းလမင်း အနည်းငယ်ကိုသာ ပိုမို ချေမှုန်းချင်ခြင်း ဖြစ်၏။
သို့သော် ဤသုံးယောက်က သူ့လမ်းကို ပိတ်ဆို့ထားသဖြင့် သူ ရင်ဆိုင်ရန်ကလွဲ၍ ရွေးချယ်စရာ မရှိချေ။
"ငါ့ရဲ့ ကန့်သတ်ချက်ကိုလည်း စမ်းသပ်ကြည့်ရတာပေါ့"
သူက တိုက်ခိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။
"သေစမ်း"
တစ္ဆေဇူက ဒေါသတကြီးအော်ဟစ်ကာ တိုက်ခိုက်လိုက်သော်လည်း သူ၏ရင်ထဲ၌ ဒေါသများနှင့်အတူ စိတ်ပျက်ခြင်းများ ပြည့်နှက်နေသည်။
လင်းယာအသွင်ပြောင်းလဲခြင်းက စပင်မစရသေးပါ ၊ တစ္ဆေစိုးမိုးကောင်းကင်သည် ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင် ခြောက်ဦးအထိ ဆုံးရှုံးခဲ့ရပြီ ဖြစ်၏။
ထို ကြောက်မက်ဖွယ်ရာ ဆုံးရှုံးမှုက တောင့်ခံရန် ခက်ခဲလှလေသည်။
ပို၍ဆိုးသည်မှာ သူတို့က တမန်တော်ကို မတားဆီးနိုင်ခြင်းပင်။
သူ့ကို သတ်ရန်မှာမူ မတွေးဝံ့စရာ ဖြစ်၏။ သူတို့က သူ့ကို တားပင်မထားနိုင်ကြချေ။ သူတို့ လုပ်နိုင်သည်မှာ တိုက်ခိုက်မှုများကို ခုခံရန်သာ ဖြစ်သည်။
"တမန်တော်..." ကွေ့ယွမ်က တိုက်ပွဲအလယ်တွင် အော်ပြောလိုက်၏။
"ငါတို့ကြားထဲမှာ ရန်ငြိုးမရှိပါဘူး။ ဘာလို့ တစ္ဆေစိုးမိုးကောင်းကင်ကို ဒီလောက်တောင် နှိပ်စက်နေရတာလဲ။ မင်း ငါတို့ကို တကယ်ပဲ အားနည်းတယ်လို့ ထင်နေတာလား"
သူ၏ အသံတွင် ဒေါသများ ပြည့်နှက်နေသော်လည်း ၎င်း၏ နောက်ကွယ်တွင် လိုက်လျောမှုအချို့ ပါဝင်နေသည်။ သူသည် ညှိနှိုင်းရန် မျှော်လင့်နေခြင်း ဖြစ်၏။
တစ္ဆေစိုးမိုးကောင်းကင်တွင် တမန်တော်ကို သတ်ရန် သို့မဟုတ် ပိတ်လှောင်ရန် နည်းလမ်းမရှိသလို သူ့ကို အပြီးအပိုင် မောင်းထုတ်ရန်လည်း မဖြစ်နိုင်ချေ။
"ငါ မင်းတို့ကို အားနည်းတယ်လို့ မထင်ပါဘူး... ငါ့ရဲ့ ချစ်လှစွာသော မျှော်လင့်ခြင်းလမင်းလေးတွေလို့ပဲ ထင်တာ။ ဒါပေမဲ့ မင်းတို့က ငါ့ရဲ့ ချစ်ခြင်းမေတ္တာကို အသုံးချပြီး ငါ့ရဲ့ တံခွန်ကို ခိုးသွားကြတယ်"
ကျိယွမ်၏ အသံက အေးစက်နေ၏။
"တကယ်လို့ မင်းတို့ ငါ့ကို လက်လျှော့စေချင်ရင်တော့ ရိုးရှင်းပါတယ်...တံခွန် အားလုံးကို လွှဲပေးလိုက်ပါ"
တစ္ဆေဇူ၏ မျက်နှာက ဒေါသကြောင့် နီမြန်းသွားသည်။
"မဖြစ်နိုင်တာ"
ဝိညာဉ်တစ်သောင်းတံခွန်သည် တစ္ဆေစိုးမိုးကောင်းကင်၏ အခြေခံ ဖြစ်သည်။ ဤတံခွန်များသည် သူတို့ ရှင်သန်ခြင်း၏ နည်းလမ်းများ ဖြစ်သဖြင့် သူတို့ မည်သည့်အခါမျှ လွှဲပေးမည် မဟုတ်ချေ။
"ဒါဆိုရင်တော့... သေကြစို့"
သွေးနီရောင် ချပ်ဝတ်တန်ဆာက တောက်ပလာပြီး ကျိယွမ်သည် ဓားကို ဝှေ့ယမ်းကာ ဖျက်ဆီးခြင်း နတ်ဘုရားတစ်ပါးအလား သူ့လမ်းတွင် ရှိသမျှ အားလုံးကို ချေမှုန်းပစ်လိုက်သည်။
သူ၏ တည်ရှိမှုမှ ထွက်ပေါ်လာသော ကြီးမားလှသော အရှိန်အဝါက ရဲရင့်သူများကိုပင် ထွက်ပြေးသွားစေ၏။
တစ္ဆေတံခါးအတွင်းရှိ ကျင့်ကြံသူများသည် ကြောက်ရွံ့မှုကြောင့် တုန်ရင်နေကြပြီး ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်များပင်လျှင် လွတ်မြောက်ရန် ရုန်းကန်နေကြရသည်။
စွမ်းအားများ၏ ထိပ်တိုက်တွေ့ဆုံမှုက ပြင်းထန်လွန်းလှသဖြင့် နတ်ဆိုးတောင်ကြား၏ အခြေခံတစ်ခုလုံးပင် တုန်ခါသွားခဲ့ရ၏။
အချိန်အနည်းငယ် ကြာပြီးနောက် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက ထိုနေရာတွင် ပြည့်နှက်သွားခဲ့သည်။
နောက်ဆုံးတွင် တစ္ဆေစိုးမိုးကောင်းကင်၏ တံခွန်သခင်သည် ငြိမ်မနေနိုင်တော့ပါ ။ သူ၏ နတ်ဘုရား ပြစ်ဒဏ်ခတ်ခြင်း ရတနာ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော မူလသဘောတရား သတ်ဖြတ်ခြင်းနည်းစနစ်ကို ထုတ်လွှတ်လိုက်လေသည်။
"မင်း ထွက်လာပြီပေါ့ "
၄င်းကို မြင်လိုက်ရသောအခါ ကျိယွမ်၏ အမူအရာက လေးနက်သွား၏။
"ငါ့ရဲ့ မျော်လင့်ခြင်းလမင်းလေးတို့... မင်းတို့ ငါ့ကို လွမ်းနေမယ်ဆိုတာ ငါ သိပါတယ်။ စိတ်ချပါ... ငါမကြာခင် ပြန်လာခဲ့မယ် "
အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် မူလသဘောတရား သတ်ဖြတ်ခြင်းနည်းစနစ်က ကျဆင်းလာသည်နှင့် ကျိယွမ်၏ ပုံသဏ္ဌာန်ကလည်း ပျောက်ကွယ်သွားခဲ့လေတော့သည်။
တစ္ဆေတံခါးသည် ကြောက်ရွံ့မှုများကြောင့် တုန်ခါသွားခဲ့ရပြီး ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်များသည် ဖြစ်ပျက်သွားခဲ့သည့် အရာကို ပြန်စဉ်းစားရင်း သူတို့၏ နှလုံးသားထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်ကာ လေးလံသွားကြကုန်၏။
မဟာမူလသဘောတရား ပုဂ္ဂိုလ်သုံးဦးသည်လည်း သိသိသာသာ တုန်လှုပ်ကာ မျက်နှာများ ပျက်ယွင်းနေကြသည်။
သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ ။
------------