အခန်း (၄၅၆-၄၅၇)
Vol. 43 Ch. 456-457
အခန်း ၄၅၆ - လူသားဧကရာဇ်တံခွန်ပြန်လည်ဆန်းသစ်ခြင်းအစီအစဉ်
"သွေးဝတ်စုံရဲ့ ခွန်အား၊ ခရမ်းရောင်ကံကြမ္မာရှောင်လုရဲ့ ဉာဏ်ပညာနဲ့ ငါ့ရဲ့ အမြော်အမြင်တို့ ပေါင်းစပ်ပြီး ဒီတိုက်ပွဲမှာ ကောင်းမှုကုသိုလ် အမှတ် ၁,၀၀၀ ရအောင် ယူမယ်"
နွားချိုမမက ပျော်ရွှင်စွာ ကြွေးကြော်လိုက်သည်။ သူမသည် လာမည့်တိုက်ပွဲတွင် အောင်ပွဲရရန် ယုံကြည်ချက် အပြည့်ရှိနေပုံရ၏။
"သွေးဝတ်စုံက ပါရမီ အလွန်ထူးချွန်တော့ ငါတို့အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် လုပ်ပါ။ ခရမ်းရောင်ကံကြမ္မာရှောင်လုက အစစအရာရာ သေချာတွက်ချက်တတ်တော့ လက်ထောက်ခေါင်းဆောင် လုပ်ပေါ့။ အစီအစဉ်ဆွဲတာတွေကို နင်တို့နှစ်ယောက်ပဲ လုပ်လိုက်ကြတော့၊ ငါကတော့ သမ်းနေပြီ ပြန်အိပ်တော့မယ်။ ကိစ္စရှိရင်သာ ငါ့ကို လှမ်းခေါ်လိုက်"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် တဝါးဝါးသမ်းဝေရင်း ပြောကာ ထွက်ခွာသွားလေသည်။ တိုက်ခိုက်ရသည်မှာ သူမအတွက် ပြဿနာမဟုတ်သော်လည်း အစီအစဉ်ဆွဲခြင်း သို့မဟုတ် ဗျူဟာခင်းခြင်းများက သူမကို ခေါင်းခဲစေရုံသာ ရှိ၏။
ကျိယွမ်သည် ထိုအခြင်းအရာကို အံ့ဩခြင်း မရှိပေ။ အကယ်၍ ယခုကိစ္စသည် တက္ကသိုလ်တစ်ခုမှ အဖွဲ့လိုက်ပရောဂျက်တစ်ခု ဖြစ်ခဲ့လျှင် အဖွဲ့ခေါင်းဆောင်ဖြစ်သော ကျိယွမ်က ဗျူဟာနှင့် အတွေးအခေါ်ပိုင်းကို တာဝန်ယူရမည် ဖြစ်သည်။ ခရမ်းရောင်ကံကြမ္မာရှောင်လုက ပါဝါပွိုင့်တင်ပြချက်ကို ပြုလုပ်ရမည့်သူ ဖြစ်ပြီး ခရမ်းရောင်ကံကြမ္မာတာ့ရွှေကမူ ၎င်းကို တင်ပြရမည့်သူ ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် အခြားသော ပါရမီရှင်လူငယ်များသည်လည်း မိမိတို့အဖွဲ့များကိုယ်စီ စတင်ဖွဲ့စည်းနေကြပြီ ဖြစ်သည်။
ခရမ်းရောင်ကံကြမ္မာရှောင်လု အလွန်ရွှင်လန်းတက်ကြွနေသည်ကို တွေ့ရသော အန်ရွှန်းလုသည် ရင်ထဲ၌ ဒေါသတဟုန်းဟုန်း တောက်လောင်လာရ၏။ ခရမ်းရောင်ကံကြမ္မာရှောင်လု ပျော်ရွှင်နေသည့် အချိန်တိုင်း အန်ရွှန်းလုမှာ မရှုဆိမ့်နိုင်အောင် ဖြစ်နေပုံရသည်။
"ဟူး... အစ်ကိုဓားနက်ကတော့ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ မူလတရားဆွေးနွေးပွဲမှာ သူက အနှိုင်းမဲ့ မူလသဘောတရားကို သဘောပေါက်နားလည်ခဲ့တာ၊ ဒါက အနှိုင်းမဲ့စွမ်းဆောင်ချက်ပဲ။ ငါတို့ကတော့ ဘေးလူအဖြစ်နဲ့ပဲ ကြည့်နေနိုင်ခဲ့ကြတယ်။ တကယ်ကို လေးစားဖို့ကောင်းလိုက်တာ"
အန်ရွှန်းလုက ခရမ်းရောင်ကံကြမ္မာရှောင်လုနှင့် ကျိယွမ်တို့ဘက်သို့ ရည်ရွယ်ချက်ရှိရှိ ကြည့်ကာ လှောင်ပြောင်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူမ လေးစားရသော အစ်ကိုဓားနက်သည် မဟူရာနတ်ဆိုးချောက်၏ မျိုးဆက်သစ်ထဲတွင် အစစ်အမှန်ခေါင်းဆောင် ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အပိုလူများသက်သက်သာ ဖြစ်သည်ဟူသော သဘောကို ဆိုလိုခြင်းပင်။
"ဒါကို ဘယ်သူ နားလည်နိုင်မှာလဲ။ ဒါက အနှိုင်းမဲ့ မူလသဘောတရားလေ။ အစ်ကိုဓားနက်က ငါတို့နဲ့ အဆင့်အတန်းချင်း မတူဘူး။ အရင်က တချို့လူတွေက တခြားသူတွေကို သူနဲ့ သွားနှိုင်းယှဉ်နေသေးတယ် ရယ်စရာကောင်းလိုက်တာ"
သူမက ခနဲ့တဲ့တဲ့ အပြုံးဖြင့် ထပ်ပြောလိုက်ပြန်သည်။
"နေစမ်းပါဦး...အဲဒါတွေကို ဘယ်သူ တွေကရောနားလည်လို့လဲ၊ ငါတို့ နားမလည်တာ မဆန်းပါဘူး"
ခရမ်းရောင်ကံကြမ္မာရှောင်လုက သူမ၏လက်မောင်းများကို ဝှေ့ယမ်းကာ အကပ်စကားထပြောလိုက်သဖြင့် အန်ရွှန်းလုမှာ ဆွံ့အသွားရ၏။
သူမသည် ခရမ်းရောင်ကံကြမ္မာရှောင်လုကို စိုက်ကြည့်လေသည်။
"အစ်ကိုဓားနက်က ကောင်းမှုကုသိုလ်အကြီးကြီးတွေရဖို့ ရည်မှန်းထားတာ၊ ကောင်းမှုကုသိုလ်အသေးအဖွဲလေးတွေပဲ စုဆောင်းနိုင်တဲ့ တချို့လူတွေနဲ့ မတူဘူး"
"သခင်က ဝံပုလွေကို ပစ်သတ်တာကို အစေခံက လိုက်ကြွားနေတာပဲ"
ခရမ်းရောင်ကံကြမ္မာရှောင်လုက ချက်ချင်းပင် အာသွက်လျာသွက်ပြန်ပတ်လိုက်၏။ သူမသည် ပုံမှန်အားဖြင့် ရှက်တတ်ပြီး တိတ်ဆိတ်နေတတ်သော်လည်း အန်ရွှန်းလုနှင့် စကားများရပြီဆိုလျှင်မူ သူမ၏ စကားလုံးများက ရန်သူကို အညှာတာမဲ့ ထိုးနှက်တတ်ပေသည်။
"သွားကြရအောင် ရှောင်လု၊ ငါတို့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ အစီအစဉ်ကို ဆွဲဖို့ ဆိတ်ငြိမ်တဲ့နေရာတစ်ခု ရှာရမယ်။ တကယ်လို့ သူတို့က ငါတို့အစီအစဉ်ကို ခိုးသွားရင် ငါတို့ အကြီးအကျယ် နစ်နာသွားလိမ့်မယ်"
ကျိယွမ်က ခရမ်းရောင်ကံကြမ္မာရှောင်လု၏ အင်္ကျီလက်စကို ဆွဲကာ ခေါ်ထုတ်သွားလေသည်။ အခြားပါရမီရှင်များသည် ထိုနှစ်ယောက်ကို ကြည့်ကာ ဆွံ့အလျက် ကျန်ရစ်ခဲ့ကြ၏။
နှင်းခဲဓားကတော့ သက်ပြင်းချကာ စိတ်အေးသွားရသည်။ ထိုဆူညံပူညံ နှစ်ယောက် ထွက်သွားမှသာ သူသည် လွတ်လပ်စွာ စကားပြောနိုင်ပြီး အဆင့်အတန်းရှိရှိ ဟန်လုပ်နိုင်တော့မည် ဖြစ်၏။
ဂူအတွင်း၌ ကျိယွမ်သည် မတူညီသောအစီအရင်ပေါင်း တစ်ရာခန့်ကို တည်ဆောက်လိုက်သည်။
"ကဲ... အထက်ပိုင်းအရှင်သခင်တစ်ယောက်တောင် ငါတို့ကို ချောင်းနားထောင်နိုင်တော့မှာ မဟုတ်ဘူး။ ငါတို့ ဘာလုပ်နေလဲဆိုတာ သူတို့ သိမှာမဟုတ်ဘူး"
ကျိယွမ်က ကျေနပ်အားရစွာဖြင့် လက်ခုပ်တီးကာ ဆိုလေသည်။
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ ကြီးမြတ်သောအမှုကိစ္စကို လုပ်ဆောင်မည့်သူများသည် ၎င်းတို့၏အစီအစဉ်များကို လျှို့ဝှက်ထားပြီး လုပ်ရပ်ဖြင့်သာ သက်သေပြတတ်ကြသည်။ စကားကျွံလျှင် ပျက်စီးခြင်းသို့ ရောက်တတ်၏။ ထို့ကြောင့် သူသည် စောစောက ယန်နတ်ဘုရားတစ်ပါးအား ယန်နတ်ဘုရားများကို လိုက်လံသတ်ဖြတ်မည့်အကြောင်း ပေါ့ပေါ့ပါးပါး ပြောခဲ့သော်လည်း အစီအစဉ်၏ အဓိကအချက်ကိုမူ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် လျှို့ဝှက်ချက်ပေါက်ကြားသွားခြင်း မရှိဟု ဆိုရမည်။
ကျိယွမ်နှင့် နီးကပ်စွာ ရပ်နေသော ခရမ်းရောင်ကံကြမ္မာရှောင်လုသည် မျက်နှာလေး ရဲခနဲဖြစ်သွားပြီး သူမ၏ဝတ်စုံအနားသတ်ကို စိတ်လှုပ်ရှားစွာ လိမ်ကျစ်နေမိသည်။
"စိတ်မပူပါနဲ့၊ နင် အော်လိုက်ရင်တောင် မဟာမူလသဘောတရားအဆင့်တစ်ယောက်မှ ကြားနိုင်မှာ မဟုတ်ဘူး"
သူမ စိတ်လှုပ်ရှားနေသည်ကို သတိပြုမိသော ကျိယွမ်က နှစ်သိမ့်လိုက်ခြင်း ဖြစ်၏။ သို့သော် ထိုနှစ်သိမ့်မှုက သူမ၏မျက်နှာကို ပိုမိုနီမြန်းသွားစေပြီး ခေါင်းထဲ၌ ဝေဝါးသွားစေတော့သည်။
ဒီဂူက... အရမ်းကျဉ်းလွန်းတယ်... ဒါမှမဟုတ် ဒီကုတင်က သေးလွန်းနေတာလား။
ချောင်းနားထောင်ခြင်းမျိုးမှ ကာကွယ်ရန် ကျိယွမ်သည် ဂူတစ်ခုလုံးကို အစီအရင်များအပြည့် ခင်းထား၏။
သူ၏ အယူအဆကိုပြောရလျှင် ဘေးကင်းမှုနှင့် ထိရောက်မှုတို့အတွက် နေရာလွတ်က ကျဉ်းလေ ပိုကောင်းလေ ဖြစ်၏။ ထို့ကြောင့် ဂူအတွင်း၌ တစ်ခုတည်းသော လုံခြုံသည့်နေရာမှာ ကုတင်ထက်၌သာ ရှိတော့သည်။
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် အစ်ကိုသွေးဝတ်စုံ၏ ထွက်သက်ဝင်သက်ကိုပင် ခံစားနေရချိန်၌ သူ၏ ဒွိဟဖြစ်စရာ စကားလုံးများကြောင့် သူမ၏နှလုံးခုန်သံများ မြန်ဆန်လာရ၏။
သူကဘာလို့ ငါကိုလွတ်လွတ်လပ်လပ်အော်ခိုင်းနေတာလဲ။
"ကဲ... ငါတို့ရဲ့ အစီအစဉ်ကို စတင်ဆွဲကြရအောင်၊ ပြီးတော့ အဲဒီအစီအစဉ်က ကြီးမြတ်တဲ့ နာမည်တစ်ခု ရှိဖို့လိုတယ်။ အဲဒါကို... 'လူသားဧကရာဇ်တံခွန်ပြန်လည်ဆန်းသစ်ခြင်းအစီအစဉ်' လို့ ခေါ်ကြစို့"
ကျိယွမ်က ဂုဏ်ယူစွာဖြင့် ကြေညာလိုက်လေသည်။ သူသည် အနှိုင်းမဲ့ မူလသဘောတရားကို သဘောပေါက်နားလည်ပြီးကတည်းက သူ၏ဉာဏ်ပညာက ပိုမိုထက်မြက်လာပြီး နာမည်ပေးသည့်နေရာတွင်လည်း ပိုမိုတော်လာသည်ဟု ခံစားနေရ၏။
"ဟင်"
ခရမ်းရောင်ကံကြမ္မာရှောင်လုမှာ ဇဝေဇဝါ ဖြစ်သွားရသည်။
သူတို့က ရန်သူတွေကို လိုက်လံသတ်ဖြတ်ရမှာ မဟုတ်ဘူးလား။ လူသားဧကရာဇ်တံခွန်ပြန်လည်ဆန်းသစ်ခြင်းအစီအစဉ် ဆိုတာက ဘာလဲ။ ပြီးတော့ လူသားဧကရာဇ်တံခွန် ဆိုတာကကော ဘာလဲ။
"နင်က ငါ့လို ထက်မြက်တဲ့ဉာဏ်ပညာ မရှိတော့ ဒီအစီအစဉ်ရဲ့ ကြီးမြတ်မှုကို နားမလည်နိုင်တာ ငါသိပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ နင်လုပ်ရမှာက ငါ့ကို သတင်းအချက်အလက်တွေ ပေးဖို့ ဒါမှမဟုတ် ပါဝါပွိုင့်တင်ပြချက် လုပ်ပေးဖို့ပဲ"
ခရမ်းရောင်ကံကြမ္မာရှောင်လု၏ ဇဝေဇဝါမျက်နှာကို ကြည့်ကာ ကျိယွမ်က ပြောလိုက်၏။ သူမသည် သိပ်နားမလည်သော်လည်း နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အစီအစဉ်ရဲ့ ပထမဆုံးခြေလှမ်းကတော့ တစ္ဆေစိုးမိုးကောင်းကင်ကနေ ဒီစစ်ပွဲမှာ ပါဝင်နေတဲ့ ယန်နတ်ဘုရားတွေရဲ့ အရေအတွက်၊ သူတို့ရဲ့ နာမည်တွေနဲ့ သူတို့ရှိနေတဲ့ နေရာတွေကို စာရင်းပြုစုဖို့ပဲ"
ကျိယွမ်က ခရမ်းရောင်ကံကြမ္မာရှောင်လုကို ကြည့်ကာ ဆိုလေသည်။ သူမ၏ သတင်းအချက်အလက် စုဆောင်းမှုစွမ်းရည်က အမြဲတမ်း ထိပ်တန်းအဆင့်တွင် ရှိနေခဲ့သည်။ ဤတိုက်ပွဲတွင် ပါဝင်သည့် ရန်သူယန်နတ်ဘုရားများ၏ အချက်အလက်မှာ အထူးလျှို့ဝှက်ချက် မဟုတ်သဖြင့် အနည်းငယ် ကြိုးစားရုံဖြင့် မည်သူမဆို စုဆောင်းနိုင်ပေသည်။ အကယ်၍ လျှို့ဝှက်ချက်များ ရှိနေခဲ့လျှင်မူ ခရမ်းရောင်ကံကြမ္မာရှောင်လု လက်လှမ်းမီနိုင်မည် မဟုတ်ပေ။
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် အံ့ဩလွန်းသဖြင့် ပါးစပ်ကလေး အနည်းငယ် ဟသွားရ၏။
အစ်ကိုသွေးဝတ်စုံက ယန်နတ်ဘုရားတွေကို တကယ်ပဲ လိုက်လံသတ်ဖြတ်ဖို့ စီစဉ်နေတာလား။
သို့သော် သူ၏ စရိုက်ကို သိနေသဖြင့် ဟန်ပြပြောနေခြင်းသာ ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်လိုက်သည်။ သို့သော်ငြားလည်း ၄င်းသည် အစ်ကိုသွေးဝတ်စုံ အလိုရှိသောအရာ ဖြစ်သဖြင့် သူမ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးမည်သာ။
"ဒီတိုက်ပွဲအတွက် တစ္ဆေစိုးမိုးကောင်းကင်မှာ စစ်တပ်တွေကို ကြီးကြပ်နေတဲ့ မူလသဘောတရားအဆင့် ငါးယောက် ရှိတယ်၊ ပြီးတော့ နေရာအနှံ့မှာ တပ်စွဲထားတဲ့ ကောင်းကင်ဘုံနေရာယူအဆင့် ယန်နတ်ဘုရား နှစ်ဆယ့်ရှစ်ပါး ရှိတယ်။ သူတို့က လုံကျန့်ကြယ်ပွင့်ရဲ့ နေရာအနှံ့မှာ ပျံ့နှံ့နေကြတာ..."
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် ရန်သူယန်နတ်ဘုရားများ၏ နာမည်များနှင့် တည်နေရာများကို စတင်ရွတ်ဆိုလေသည်။
"အလွန်ကောင်းတယ်၊ အစီအစဉ်ရဲ့ ဒုတိယခြေလှမ်းကတော့ တိုက်ခိုက်ရမယ့်အချိန်ပဲ"
ကျိယွမ်၏ မျက်လုံးများထဲတွင် လောဘစိတ် အနည်းငယ် ရောယှက်နေသော သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားရ၏။ ထိုဝိညာဉ်တစ်သောင်းတံခွန်များသည် တစ္ဆေစိုးမိုးကောင်းကင်၏ လက်ထဲတွင် ရှိနေပါက ကမ္ဘာမြေအတွက် ကပ်ဆိုးတစ်ခု ဖြစ်သော်လည်း ကျိယွမ်၏ လက်ထဲသို့ ရောက်ရှိလာပါကမူ ပြည်သူများအတွက် အသုံးတော်ခံနိုင်မည် ဖြစ်ပေသည်။
ခရမ်းရောင်ကံကြမ္မာရှောင်လုက ချက်ချင်းပင် ဖြည့်စွက်ပြောကြားလိုက်၏။
"အစ်ကိုသွေးဝတ်စုံ... သတိထားရမယ်နော်။ မလိုအပ်ဘဲ စွန့်စားတာမျိုး ဒါမှမဟုတ် ရှင့်ရဲ့ တည်နေရာကို ထုတ်ဖော်တာမျိုး မလုပ်ပါနဲ့။ မဟူရာနတ်ဆိုးချောက်ထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေတယ်"
"သစ္စာဖောက် ဟုတ်လား"
ကျိယွမ်သည် ခဏမျှ ကြောင်အသွားရသည်။ သူသည် စိုးရိမ်ပူပန်နေသော ခရမ်းရောင်ကံကြမ္မာရှောင်လု၏ မျက်နှာကို မြင်လိုက်ရပြီး သူမက ဆက်လက် ရှင်းပြလေသည်။
"အစ်ကိုသွေးဝတ်စုံ... ပြီးခဲ့တဲ့အကြိမ်က ရှင်နဲ့ အစ်ကိုဓားနက်တို့ တိုက်ခိုက်တုန်းက အဲဒီကိစ္စထဲမှာ သစ္စာဖောက်တစ်ယောက် မလွဲမသွေ ပါဝင်နေရမယ်။ ဒါမှမဟုတ်ရင် ရှင်တို့ရဲ့ လှုပ်ရှားမှုတွေက ဒီလောက်လွယ်လွယ်ကူကူ ပေါက်ကြားသွားစရာ အကြောင်းမရှိဘူး။ ဒါကြောင့် ဒီတစ်ကြိမ် တစ္ဆေစိုးမိုးကောင်းကင်နဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း အဲဒီသစ္စာဖောက်က ရှိနေတုန်းပဲ ဖြစ်နိုင်တယ်"
ခရမ်းရောင်ကံကြမ္မာရှောင်လု ပြောသည့်အရာမှာ ပါရမီရှင်လူငယ်များကြားတွင် အထူးလျှို့ဝှက်ချက် မဟုတ်ပေ။ အမှန်တကယ်တွင် အထက်လူကြီးများပင်လျှင် သစ္စာဖောက် ရှိနေသည်ကို သိကြသည်။
သို့သော် ထိုသူက မည်သူဖြစ်သည်ကိုမူ မသိကြချေ။ သို့မဟုတ်ပါက အချို့သောသူများသည် လိုအပ်ပါက ထွက်ပြေးနိုင်ရန် ထိုသစ္စာဖောက်ကို အလိုတူအလိုပါ ခွင့်ပြုထားကြခြင်းလည်း ဖြစ်နိုင်ပေသည်။
"သစ္စာဖောက်က ဘယ်သူလဲဆိုတာ နင် သိလား"
"ကျွန်မ မသိဘူး၊ ဒါပေမဲ့ သူတို့က ရှင့်ကို စောင့်ကြည့်နေမှာကတော့ သေချာတယ်။ အစ်ကိုသွေးဝတ်စုံ... သေချာဂရုစိုက်ပြီး စောင့်ကြည့်ရင် သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်နိုင်လိမ့်မယ် ထင်တယ်"
"အစီအစဉ်ရဲ့ ဒုတိယခြေလှမ်းကို ပြင်ဆင်ရမယ်နဲ့ တူတယ်။ အရင်ဆုံး သစ္စာဖောက်ကို ရှာဖွေဖို့ အာရုံစိုက်ရမယ်"
ကျိယွမ်က ခဏမျှ စဉ်းစားပြီးနောက် ထိုသူကို အရင်ဆုံး ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုသူကို ဖော်ထုတ်ပြီးသည်နှင့် သူသည် ရန်သူကို မျှားခေါ်ရန်အတွက်ပင် အသုံးချနိုင်မည် ဖြစ်၏။
"ဟင်... ရှင့်မှာ သစ္စာဖောက်ကို ရှာဖို့ နည်းလမ်းရှိလို့လား"
ခရမ်းရောင်ကံကြမ္မာရှောင်လုက အံ့ဩစွာဖြင့် မျက်တောင်ခတ်ရင်း မေးလေသည်။
"လွယ်ပါတယ်။ ငါ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ကို ခေါ်ပြီး အကြောင်းပြချက်တစ်ခုခုနဲ့ မဟူရာနတ်ဆိုးချောက်ထဲက ယန်နတ်ဘုရားတွေဆီ သွားလည်မယ်။ ပြီးရင် သူတို့ကို တိုက်ရိုက်ပဲ မေးလိုက်မယ်"
ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။ သူ၏ မျက်နှာအမူအရာကို ကြည့်ကာ ခရမ်းရောင်ကံကြမ္မာရှောင်လုမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
အစ်ကိုသွေးဝတ်စုံတွင် တစ်စုံတစ်ရာသော လျှို့ဝှက်ပါရမီ သို့မဟုတ် အထူးနည်းလမ်း ရှိနေ၍လား။
"အစ်ကိုသွေးဝတ်စုံ... ကျွန်မကော လိုက်ခဲ့ရမလား။ ကျွန်မ တကယ် သိချင်လို့ပါ။ ဘိုးဘေးတွေတောင် မဖော်ထုတ်နိုင်တဲ့ သစ္စာဖောက်ကို အစ်ကိုက ဘယ်လိုရှာမလဲဆိုတာ သိချင်တယ်"
"ရတာပေါ့... ပြဿနာမရှိဘူး"
ကျိယွမ်က သူ၏ရင်ဘတ်ကို ပုတ်ကာ ဆိုလေသည်။
"ကဲ... ဒုတိယခြေလှမ်းကို သတ်မှတ်ပြီးပြီဆိုတော့ တတိယခြေလှမ်းက တိုက်ခိုက်ရမယ့်အချိန်ပဲ။ စတုတ္ထခြေလှမ်းကတော့ လူသားဧကရာဇ်တံခွန်ကို ပြန်လည်ဆန်းသစ်ခြင်းပဲ ဖြစ်တယ်"
ခရမ်းရောင်ကံကြမ္မာရှောင်လုက ခေါင်းညိတ်ပြလိုက်၏။
"အခု အစီအစဉ်ကို ပိုပြီး အသေးစိတ်ဆွဲကြမလား"
"အသေးစိတ်ဟုတ်လား။ ဒါက တိကျပြီး ပြည့်စုံနေပြီ မဟုတ်ဘူးလား"
ကျိယွမ်က ဇဝေဇဝါဖြင့် မေးလေသည်။
"ရှင်...ဒါက အစီအစဉ်တစ်ခုလုံးလား"
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ကျယ်သွားရ၏။
စကားလုံးအနည်းငယ် ပြောရုံမျှဖြင့် အစီအစဉ်တစ်ခု ဖြစ်သွားရသလော။
ထိုစံနှုန်းအတိုင်းဆိုလျှင် သူမသည် အခုချက်ချင်းပင် အထက်ပိုင်းအရှင်သခင် ဖြစ်လာမည့် အစီအစဉ်တစ်ခုကို ဆွဲနိုင်ပေသည်။
ပထမခြေလှမ်း - ယန်နတ်ဘုရားအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်။
ဒုတိယခြေလှမ်း - အနှိုင်းမဲ့ မူလသဘောတရားကို သဘောပေါက်နားလည်ပြီး အထက်ပိုင်းအရှင်သခင် ဖြစ်လာရန်။
တတိယခြေလှမ်း - အစ်ကိုသွေးဝတ်စုံကို သူမ၏မိသားစုထဲသို့ မင်္ဂလာဆောင်ကာ ခေါ်ယူရန်။
"အော်... ငါနားလည်ပြီ။ တိကျတဲ့ အချိန် ဒါမှမဟုတ် ရက်စွဲမပါလို့ အစီအစဉ်က မပြည့်စုံဘူးလို့ နင် ထင်နေတာကိုး။ ဒီအရာတွေက အမြဲတမ်း ပြောင်းလဲနေတတ်တာမို့ ငါတို့က အချိန်ကို ထိန်းချုပ်လို့မရဘူး။ အဲဒါကြောင့် မထည့်တာက ပိုကောင်းတယ်"
ကျိယွမ်က တည်ကြည်စွာ ပြောလေသည်။
ခရမ်းရောင်ကံကြမ္မာရှောင်လုမှာ နောက်ဆုံးတွင် နားလည်သွားရ၏။ ဒါက တကယ်ပဲ အစီအစဉ်တစ်ခုလုံး ဖြစ်ပေသည်။
သူမသည် လျှာကလေး အနည်းငယ် ထုတ်လိုက်မိပြီး—
"ရှောင်လု နားလည်ပါပြီ"
သူမကိုယ်သူမ အနည်းငယ် ရူးကြောင်ကြောင်နိုင်သည်ဟု ခံစားလိုက်ရ၏။ ယန်နတ်ဘုရားတွေကို လိုက်လံသတ်ဖြတ်မည့် ဤအစီအစဉ်က အစ်ကိုသွေးဝတ်စုံစိတ်ကူးယဥ်ထားသော ပျော်ရွှင်စရာသက်သက်သာ ဖြစ်သည်မှာ ထင်ရှားလှသည်။
ထို့ကြောင့် ရိုးရှင်းနေမည်မှာ သေချာလှသည်ကို သူမက ဘာကြောင့် ဒီလောက်အလေးအနက် ထားနေမိပါလိမ့်။
"ရှောင်လု... နင်က နှုတ်လုံတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ဒီကြီးမြတ်တဲ့အစီအစဉ်ကို အပြင်မှာ ပေါက်ကြားအောင် မလုပ်နဲ့နော်။ အော်... ဒါပေမဲ့ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ကို ပြောပြရင်တော့ ရပါတယ်။ သူမက ငါတို့အဖွဲ့ထဲကပဲဥစ္စာ"
ကျိယွမ်က သတိပေးလိုက်၏။
"ကောင်းပါပြီ"
ခရမ်းရောင်ကံကြမ္မာရှောင်လုက ပါးစပ်ကို ပိတ်ကာ လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ကို သွားရှာလိုက်တော့။ ငါတို့ ဒုတိယခြေလှမ်းကို စတင်အကောင်အထည်ဖော်ကြမယ်။ ငါတို့ ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်တွေဆီ သွားလည်ဖို့အတွက် သူမကို အကြောင်းပြချက်တစ်ခုခု ရှာခိုင်းလိုက်"
ကျိယွမ်က ညွှန်ကြားလိုက်၏။ သူ၏စိတ်ထဲတွင် ထိုသစ္စာဖောက်ကို မှတ်သားထားပြီးပြီ ဖြစ်သည်။ အချိန်တန်လျှင် သစ္စာဖောက်သည် ၎င်း၏ ဇာတ်သိမ်းခန်းသို့ ရောက်ရှိရပေလိမ့်မည်။
တစ်ရက်ခန့်အကြာတွင် ကျိယွမ်သည် နတ်ဆိုးတောင်ကြားလမ်း၏ လမ်းမများထက်၌ ပေါ်လာခဲ့သည်။
သူသည် မိမိရှေ့ရှိ ဝါးပေါင်းအိုးများကိုယ်စီ ကိုင်ဆောင်ထားကြသော အရပ်ရှည်ရှည်တစ်ယောက်နှင့် အရပ်ပုပုတစ်ယောက်ကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။
ထိုနှစ်ဦးမှာ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်နှင့် ခရမ်းရောင်ကံကြမ္မာရှောင်လုတို့ ရပ်နေကြခြင်း ဖြစ်သည်။
"ဒါက ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်တွေဆီ သွားလည်ဖို့ အကောင်းဆုံးနည်းလမ်း ဟုတ်လို့လား"
"ဘာလို့ မဟုတ်ရမှာလဲ။ ယန်နတ်ဘုရားတစ်ပါးက ဒါကို ငြင်းပယ်လိမ့်မယ်လို့ ငါ မထင်ဘူး"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ဂုဏ်ယူစွာ ပြောလေသည်။ သူမက ပေါင်းအိုးကို ဖွင့်လိုက်ရာ အငွေ့များ တထောင်းထောင်း ထွက်လာပြီး မွှေးကြိုင်လှသော အနံ့အသက်များ ပါလာခဲ့၏။
ကျိယွမ်က အတွင်းသို့ လှမ်းကြည့်လိုက်ရာ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ဥပုံစံများကို တွေ့လိုက်ရသည်။
"ဒီရှားပါးတဲ့ နှင်းခဲဥတွေကို မဟူရာနတ်ဆိုးချောက်ရဲ့ ပါရမီရှင် နှင်းခဲဓားဆီကနေ ရခဲ့တာ။ ဒါကြောင့် ငါက ဒါတွေကို ပြုတ်ပြီး ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်တွေဆီ ပူဇော်ဂါရဝလက်ဆောင်အဖြစ် သွားပေးမလို့။ သူတို့ ငြင်းမှာမဟုတ်ဘူး"
ခရမ်းရောင်ကံကြမ္မာတာ့ရွှေက တည်ကြည်သော မျက်နှာအမူအရာဖြင့် ရှင်းပြလေသည်။
ကျိယွမ်က ခဏမျှ စဉ်းစားပြီးနောက်—
"ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို နှင်းခဲဓားက ဥတွေ ဥထားတယ်လို့ လာပြောရင် ငါတောင် ထွက်ကြည့်မိမှာပဲ။ ဒါပေမဲ့ အစီအစဉ်က မပြည့်စုံသေးဘူး။ နင်က ရိုးရိုးဥတွေကိုပဲ သုံးထားတာကိုး။ နှင်းခဲဓားရဲ့ နာမည်မှာ 'နှင်းခဲ' ပါတဲ့အတွက် ဒါတွေက နှင်းခဲဥတွေ ဖြစ်ရမယ်"
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပေါင်းအိုးထဲမှ ဥများသည် အေးစက်လှသော နှင်းခဲဥများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
"အခုတော့ အပြစ်ပြောစရာမရှိအောင် ပြည့်စုံသွားပြီ"
ကျိယွမ်က ကျေနပ်စွာ ဆိုလေသည်။ ထိုဥများသည် ယခုအခါ ပုံဆောင်ခဲများကဲ့သို့ တောက်ပနေပြီး အဆင့်အတန်းမြင့်မားကာ ဆန်းကြယ်လှ၏။
"ဆန်းပြားတဲ့ ထုပ်ပိုးမှုလေး ထပ်ထည့်လိုက်ရင် ဒါက အကောင်းဆုံး လက်ဆောင်ဖြစ်သွားပြီ"
သူက ထပ်မံ၍ လက်ကို ဝှေ့ယမ်းလိုက်ရာ ဝါးပေါင်းအိုးသည် ဇိမ်ခံလက်ဆောင်ဗူးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ကျိယွမ်ကို ကြည့်ကာ မျက်တောင်ခတ်၏။
"နင်က စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် တော်တော်မြင့်တာပဲ"
"ဒါက ငါတို့ကြားက ကွာခြားချက်ပဲလေ"
ကျိယွမ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်လည်ဖြေကြားလိုက်၏။
"နင် ငါ့ကို ကြည့်တဲ့အခါ...ဝါးထိုးပိုးကောင်တစ်ကောင်က ကောင်းကင်ဘုံကို မော့ကြည့်နေရသလိုမျိုးပဲ"
အနီးနားတွင် ရပ်နေသော ခရမ်းရောင်ကံကြမ္မာရှောင်လုသည် ပါးစပ်ကလေးကို ပိတ်ကာ အစ်ကိုနှင်းခဲဓားအတွက် စိတ်ထဲမှနေ၍ တိတ်တဆိတ် သနားမိနေတော့သည်။
-----------
အခန်း ၄၅၇ - ပထမဆုံးသစ္စာဖောက်
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် လက်ဆောင်ဗူးကို ကိုင်ထားရင်း သူမ၏မျက်နှာထက်၌ မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
"ငါတို့ ဘယ်ကောင်းကင်ဘုံအရှင်ဆီ အရင်သွားကြမလဲ"
မဟူရာနတ်ဆိုးချောက်နက်ထဲတွင် အခြေအနေကို ကြီးကြပ်ကွပ်ကဲရန်အတွက် ယန်နတ်ဘုရားကောင်းကင်ဘုံအရှင် အများအပြားသည် နတ်ဆိုးတောင်ကြားလမ်းသို့ စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ထို့ကြောင့် သစ္စာဖောက်ကို ရှာဖွေရန်မှာ လွယ်ကူသောအလုပ်တစ်ခု မဟုတ်ပေ။
"ဓားနက်ဆီ သွားမယ်"
ကျိယွမ်က ခဏမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်လိုက်သည်။
"နတ်ဆိုးတောင်ကြားလမ်းမှာရှိတဲ့ ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်တွေထဲမှာ သူက အဆင့်အတန်း အမြင့်ဆုံးပဲ။ တကယ်လို့ သူက ငါတို့ကို နွေးနွေးထွေးထွေး ကြိုဆိုတယ်ဆိုရင် တခြားသူတွေလည်း ငါတို့ကို မငြင်းရဲတော့ဘူး"
"အချက်ကျသားပဲ။ ပြီးတော့ ငါတို့လက်ထဲမှာက ဒီလောက်ရှားပါးပြီး အဖိုးတန်တဲ့ဥ ရှိနေတာဆိုတော့ ဘယ်ယန်နတ်ဘုရားမှ ငါတို့ကို မောင်းထုတ်မှာ မဟုတ်ဘူး"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ကျေနပ်စွာဖြည့်စွတ်၏။
အမှန်တကယ်တွင်မူ ၎င်းတို့၏ အဆင့်အတန်းများ၊ အထူးသဖြင့် သွေးဝတ်စုံ၏ အဆင့်အတန်းကြောင့် ပုံမှန်အခြေအနေမျိုးတွင် မည်သည့်ယန်နတ်ဘုရားကမျှ ၎င်းတို့ကို ငြင်းပယ်ဝံ့မည် မဟုတ်ချေ။
"ဓားနက်ကို သွားတွေ့ကြစို့"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က သတ္တိရှိရှိ ကြေညာကာ စတင်ထွက်ခွာသွားတော့သည်။ ခရမ်းရောင်ကံကြမ္မာရှောင်လုသည်လည်း တိတ်ဆိတ်သော အရိပ်တစ်ခုကဲ့သို့ နောက်ကနေ လိုက်ပါသွား၏။
အမှန်တကယ်တော့ သူမသည် အလွန်သိချင်နေမိသည်။ သစ္စာဖောက်ကို ရှာဖွေရန်အတွက် အစ်ကိုသွေးဝတ်စုံတွင် မည်သည့်အထူးနည်းလမ်း ရှိနေပါသနည်း။
ထိုသစ္စာဖောက်သည် အလွန်နက်ရှိုင်းစွာ ပုန်းအောင်းနေသဖြင့် အကြီးအကဲများပင်လျှင် ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ချေ။
အစ်ကိုသွေးဝတ်စုံက သူ့ကို ဘယ်လိုရှာမှာလဲ။ သူမသည် ဇဝေဇဝါဖြစ်နေပြီး မည်သို့မျှ စဉ်းစား၍မရနိုင်အောင် ရှိနေတော့သည်။
အသက်ရှူကြိမ်တစ်ရာခန့်အတွင်းမှာပင် သူတို့ ရောက်ရှိသွားကြ၏။
ခန်းမကြီးအတွင်း၌ ဝတ်စုံဖြူကို ဝတ်ဆင်ထားသော ဓားနက်သည် နှင်းခဲဥကို လက်ထဲတွင် ကိုင်ထားရင်း သူ၏မျက်လုံးများထဲ၌ ထူးဆန်းသော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြတ်ပြေးသွားရသည်။
"ဒီဥကို... ငါလက်ခံလိုက်မယ်။ ဒါပေမဲ့ မင်းတို့က ငါ့ကို ဥတစ်လုံးလာပေးရုံသက်သက်နဲ့ ရောက်လာတာတော့ မဟုတ်ဘူးမလား"
ဓားနက်သည် သူ၏ပလ္လင်ထက်၌ ထိုင်ရင်း တည်ငြိမ်အေးဆေးသော လေသံဖြင့် ဆိုလေသည်။
အနှိုင်းမဲ့မူလသဘောတရားကို သဘောပေါက်နားလည်ပြီးနောက် သူ၏ပတ်ဝန်းကျင်တွင် မြူခိုးအလွှာတစ်ခု ဖုံးလွှမ်းနေသကဲ့သို့ ရှိနေသဖြင့် အခြားသူများအနေဖြင့် သူ့ကို အကဲခတ်ရန် ခက်ခဲလှပေသည်။ သူ့ကို ကြည့်လိုက်လျှင် ကြယ်တာရာများ၏ ကျယ်ပြောမှုကို မော့ကြည့်နေရသကဲ့သို့ ခံစားချက်မျိုးကို ဖြစ်ပေါ်စေ၏။
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် ခေါင်းကို ငုံ့ထားမိပြီး စကားမပြောရဲချေ။ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ပင်လျှင် သူမ၏ ပုံမှန်ပေါ့ပေါ့ပါးပါး စရိုက်ကို ထိန်းချုပ်ကာ အနည်းငယ် ငြိမ်ကုပ်သွားရသည်။
ကျိယွမ်တစ်ယောက်သာ ပုံမှန်အတိုင်းပင် ရှိနေခဲ့၏။
"ဒီလိုပါ"
ကျိယွမ်က လေးနက်စွာ စပြောလိုက်သည်။
"ပြီးခဲ့တဲ့အကြိမ်က ငါတို့ ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်၊ အဲဒါကြောင့် သစ္စာဖောက်က ဘယ်သူလဲဆိုတာ သိနိုင်မလားလို့ ယန်နတ်ဘုရားတွေအားလုံးကို လိုက်တွေ့နေတာ"
ဓားနက်၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိပေ။
"ဒါက နက်နဲတဲ့ ကိစ္စတစ်ခုပဲ။ စိတ်အေးအေးထားပါ၊ မင်းအတွက် တရားမျှတမှု ရစေရမယ်လို့ ငါအာမခံတယ်"
အနှိုင်းမဲ့မူလသဘောတရားကို သဘောပေါက်ထားသော ဓားနက်သည် အတိတ်က လူသားနှင့် အလွန်ကွာခြားသွားပြီ ဖြစ်သည်။ အတိတ်ကာလက သူသည် မိမိ၏ အရှိန်အဝါကို ဖိနှိပ်ထားတတ်သဖြင့် သူနှင့် ရွယ်တူမျိုးဆက်များက သူသည် အလွန်အမင်း အစွမ်းထက်သည်ဟုသာ ခံစားရတတ်သည်။
ယခုအခါတွင်မူ သူက အရှိန်အဝါကို ထိန်းချုပ်ထားသော်လည်း သူ၏နက်ရိုင်းလှသောတည်ရှိမှုကိုမူ လျစ်လျူရှု၍ မရနိုင်တော့ချေ။ နတ်ဘုရားနိုင်ငံတော်တစ်ခုအတွင်း ပလ္လင်တင်မြှောက်ခံထားရသော နတ်ဘုရားတစ်ပါး၏ ရှေ့တွင် ရပ်နေရသကဲ့သို့ ခံစားရပေသည်။
ဓားနက်၏ ဆိုလိုရင်းမှာ ရှင်းလင်းလေ၏။ဤကိစ္စကို သူကိုယ်တိုင် စုံစမ်းစစ်ဆေးမည်ဟူ၍ ဖြစ်သည်။
သို့သော်ငြားလည်း ကျိယွမ်က ရုတ်တရက် ပြောလိုက်သည်။
"ဓားနက်...မင်းက သစ္စာဖောက်လား"
သူက ဓားနက်ကို စိုက်ကြည့်ကာ လေးနက်စွာ မေးလိုက်ခြင်း ဖြစ်သည်။
ခရမ်းရောင်ကံကြမ္မာရှောင်လုမှာ ဆွံ့အသွားရ၏။ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ပင်လျှင် အံ့ဩတကြီး မျက်တောင်ခတ်ရင်း ကျိယွမ်ကို စိုက်ကြည့်မိသည်။ ထိုနှစ်ယောက်စလုံးသည် ကျိယွမ်က ထိုသို့ မေးလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ကြချေ။
ကျိယွမ်၏ မေးခွန်းကြောင့် ဓားနက်ပင်လျှင် အနည်းငယ် ကြောင်အသွားရ၏။ သို့သော် သူက တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားခဲ့သည်။
"မဟုတ်ဘူး"
ကျိယွမ်က နောက်ဆုတ်မသွားဘဲ ဆက်လက်မေးမြန်းလေသည်။
"ပြီးခဲ့တဲ့အကြိမ်က ငါကြုံတွေ့ခဲ့ရတဲ့ ခြုံခိုတိုက်ခိုက်မှုမှာ မင်း ပါဝင်ပတ်သက်နေလား"
"မဟုတ်ဘူး"
"တကယ်လို့ ငါ ပြန်ထွက်သွားရင် မင်းက ငါ့ရဲ့ တည်နေရာကို ပေါက်ကြားအောင် လုပ်မှာလား"
"မလုပ်ဘူး"
" ငါ့ကို အန္တရာယ်ပြုဖို့ မင်းမှာရည်ရွယ်ချက် ရှိလား"
"မရှိဘူး"
တစ်ယောက်က ရဲရဲဝံ့ဝံ့ မေးဝံ့ပြီး နောက်တစ်ယောက်ကလည်း ရဲရဲဝံ့ဝံ့ ဖြေနေခဲ့သည်။
ကျိယွမ်က ဓားနက်ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်၏။
"မင်းရဲ့ ရိုးသားမှုအတွက် ကျေးဇူးတင်ပါတယ်"
ဓားနက်က ကျိယွမ်ကို နက်ရှိုင်းသော အကြည့်ဖြင့် ပြန်လည်စိုက်ကြည့်သည်။
"မဟူရာနတ်ဆိုးချောက်နက်က တစ်သားတည်းပဲ။ စီနီယာခရမ်းရောင်ကံကြမ္မာနဲ့ နတ်ဆိုးချောက်အရှင်သခင်တို့ကြားက နားလည်မှုလွဲမှားခြင်းကို ငါဖြေရှင်းဖို့ ရည်ရွယ်ထားတယ်။ ဒီစကားကို စီနီယာခရမ်းရောင်ကံကြမ္မာဆီ လက်ဆင့်ကမ်းပေးပါ"
သူ၏ စွမ်းအားများကို ဖိနှိပ်ထားသည့်တိုင်အောင် ဓားနက်၏ ရိုးရှင်းသော စကားလုံးများက ခရမ်းရောင်ကံကြမ္မာရှောင်လုနှင့် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်တို့ကို ကြီးမားသော ဖိအားကို ခံစားရစေသည်။
၄င်းသည် အစွမ်းထက်သော တည်ရှိမှုတစ်ခု၏ ကြောက်မက်ဖွယ်ရာ အခြင်းအရာပင် ဖြစ်၏။ သူတို့က ရင်းနှီးဖော်ရွေစွာ ပြုမူနေသည့်တိုင်၊ ၎င်းတို့၏ အရှိန်အဝါကို ဖုံးကွယ်ထားသည့်တိုင်အောင် ထိုနေရာ၌ ရပ်နေရုံမျှဖြင့် အတိုင်းအဆမဲ့သော ဖိအားများကို ထုတ်လွှတ်နေသည်။
"ကောင်းပြီ"
ကျိယွမ်က ပြန်လည်ဖြေကြားပြီးနောက် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၊ ခရမ်းရောင်ကံကြမ္မာရှောင်လုတို့နှင့်အတူ ထွက်ခွာခဲ့လေသည်။
အပြင်သို့ ရောက်သည်နှင့် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က သက်ပြင်းချကာ စိတ်အေးသွားရတော့သည်။
"အနှိုင်းမဲ့မူလသဘောတရားကို သဘောပေါက်ထားတာက တကယ်ကို ကွာခြားတာပဲ။ အရင်တုန်းက အစ်ကိုဓားနက်နဲ့ တွေ့ရတာ ဒီလောက်ရင်မခုန်ရဘူး။ အခုတော့ ငါတောင် ကြောက်စိတ်ဝင်မိတယ်"
ခရမ်းရောင်ကံကြမ္မာရှောင်လုကလည်း သဘောတူသည်။
"အဲဒီလို လွှမ်းမိုးထားတဲ့ ခံစားချက်ကြီးက ကျွန်မ ကျင့်ကြံစတုန်းက ကြယ်တာရာတွေကို ပထမဆုံးအကြိမ် မြင်လိုက်ရသလိုမျိုးပဲ"
"ဒါက ဒီလောက်တောင် ဆိုးလို့လား၊ ငါတော့ ဘာမှမခံစားရပါဘူး"
ကျိယွမ်ကတော့ အရေးမကြီးသလိုပင် ။
"နင်တို့နှစ်ယောက်လုံးက စိတ်ထဲမှာ တန်းတူညီမျှမှုကို မယုံကြည်ကြလို့ နေမှာပါ"
ကျိယွမ်အနေဖြင့် ပြဿနာ၏ အဓိကအချက်ကို ရှာဖွေရန် အချိန်အများကြီး မပေးလိုက်ရပေ။
"နင်ကတော့ တကယ်ကို လွန်လွန်းတယ်"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ကျိယွမ် စောစောက လုပ်ခဲ့သောအရာကို ပြန်လည်တွေးတောရင်း ရင်ဘက်ကိုဖိကာ ဆို၏။
မိမိထက် အဆင့်မြင့်သော လူတစ်ယောက်၏ မျက်နှာကို တည့်တည့်ကြည့်ကာ မင်းကသစ္စာဖောက်လားဟု မည်သူက မေးဝံ့မည်နည်း။
ပြီးတော့ မေးခွန်းထုတ်ခံရသူက ဓားနက် ဖြစ်နေသေးသည်။ ဓားနက်သည် မဟူရာနတ်ဆိုးချောက်နက်၏ အနာဂတ်ခေါင်းဆောင် ဖြစ်လာမည့်သူဆိုသည်ကို မည်သူမဆို သိကြ၏။
အုပ်ချုပ်သူတစ်ယောက်က မိမိကိုယ်ကိုယ် ပြန်လည်ပုန်ကန်ရန် မည်သို့ စီစဉ်ပါမည်နည်း။
"ကျင့်ကြံခြင်းဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်တာလေ။ နည်းနည်းပါးပါ လွန်ကဲတာက သဘာဝကျပါတယ်"
ကျိယွမ်က လေးနက်စွာ ပြန်ဖြေလိုက်၏။
"နင်ဘာသာ လွန်ကဲချင်တာက ပြဿနာမဟုတ်ဘူး ၊ ဒါပေမဲ့ နင်က အနှိုင်းမဲ့မူလသဘောတရားကို သဘောမပေါက်သေးဘူးလေ။ ဓားနက်နဲ့ နှိုင်းယှဉ်ရင် နင်က လိုအပ်နေသေးတာ သေချာတယ်"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က စနောက်လိုက်သည်။
ကျိယွမ်က စိတ်ပျက်အားလျော့ဟန်ဖြင့် သက်ပြင်းချလိုက်၏။
"ဓားနက်ရဲ့ ပျမ်းမျှခြင်းက အနှိုင်းမဲ့မူလသဘောတရား တစ်ခုရှိတယ်၊ ငါ့ရဲ့ ပျမ်းမျှခြင်းကတော့... သုညနီးပါးပဲ။ ငါက ဓားနက်ကို တကယ် မယှဉ်နိုင်ပါဘူး"
အမှန်တကယ်တော့ သူ၏ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ်များ ပေါင်း ၄,၀၀၀ ကျော် ရှိနေခြင်း ဖြစ်သည်။ ယခုအချိန်အထိ သူသည် မူလသဘောတရား နှစ်ခုကိုသာ သဘောပေါက်ထားရသေး၏။ သူ၏ စိတ်ဝိညာဉ်အားလုံးနှင့် ပျမ်းမျှတွက်ချက်လိုက်လျှင် ရလဒ်က ရယ်စရာကောင်းလောက်အောင် နည်းပါးလွန်းလှသည်။
၄င်းသည် အခြားစကြာဝဠာမှ အစားရှောင်မယ်တော်ကိုပါ ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်၏။ သူမသာ မပါဝင်ခဲ့လျှင် ကိန်းဂဏန်းများက ပို၍ပင် ဆိုးဝါးနေပေလိမ့်မည်။
"အနည်းဆုံးတော့ နင်နဲ့ ဓားနက်ကြားက ကွာဟချက်ကို နင် ဝန်ခံနိုင်သေးတာပဲ။ နင့်အတွက် မျှော်လင့်ချက် ရှိပါသေးတယ်"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ရယ်မောရင်း မှိုတစ်ပွင့်ကို ပေါ့ပေါ့ပါးပါး ဝါးစားကာ ပြောလိုက်သည်။
"အမှန်တော့ ငါသာ နောက်ထပ် အနှိုင်းမဲ့မူလသဘောတရား ၄,၇၅၁ ခုကို သဘောပေါက်နိုင်ခဲ့ရင် ငါ့ရဲ့ ပျမ်းမျှခြင်းက ပိုများသွားပြီး ဓားနက်ကို ကျော်လွန်သွားလိမ့်မယ်"
ကျိယွမ်က စဉ်းစဥ်းစားစားလုပ်ကာ ဆိုလေသည်။
"ဒါပေမဲ့ မူလသဘောတရားနံရံ မရှိဘဲနဲ့တော့ အနှိုင်းမဲ့မူလသဘောတရား ၄,၇၅၁ ခုကို သဘောပေါက်ဖို့က အရမ်းခက်ခဲလွန်းတယ်"
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် အနီးအနားတွင် တိတ်ဆိတ်စွာ ရပ်နေမိပြီး စကားမပြောရဲချေ။
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ကျိယွမ်အား စပ်ဖြီးဖြီးကြည့်လိုက်၏။
"နင့်မှာ ဒီလောက်များပြားတဲ့ မူလသဘောတရားတွေ ရှိနေတာကို ငါ့အတွက် တစ်ခုလောက်တောင် ဖယ်မပေးနိုင်ဘူးလား"
ကျိယွမ်က ထိုအချက်ကို လေးနက်စွာ စဉ်းစားလိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူ့အိမ်မှရေတွင်းက ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော် မူလသဘောတရားနံရံကမူ ပျောက်ကွယ်သွားခဲ့၏။
သို့သော်ငြားလည်း သူသည် မူလသဘောတရားအသင်းနှင့် ရန်ငြိုးရန်စ မရှိသဖြင့် အတင်းအဓမ္မ လုယူရန် ကြိုးစားလျှင်လည်း ကောင်းမည်မဟုတ်ပေ။ ထို့ပြင် သူ့နောက်ကွယ်တွင် အားကိုးရမည့် အစွမ်းထက်သော အကြီးအကဲတစ်ယောက်လည်း မရှိသဖြင့် ထိုအရာကို တောင်းဆို၍ မရနိုင်ချေ။
ထို့ကြောင့် သူသည် မိမိ၏သဘောတရားနံရံကို ပြန်ယူရန် မိမိ၏ ဉာဏ်ပညာကိုသာ အားကိုးရမည် ဖြစ်သည်။
ကျိယွမ်က ထိုအတွေးနှင့်အတူ တာ့ရွှယ်အား မေးလိုက်၏။
"နင် စဉ်းစားကြည့်လေ၊ မူလသဘောတရားအသင်းနဲ့ ငါနဲ့က ဆဋ္ဌမကောင်းကင်ဘုံမှာ အတူတူ နေထိုင်ကြတာဆိုတော့ ဒါက အတူတကွနေထိုင်ခြင်းလို့ သတ်မှတ်လို့ရမလား"
"ဟင်"
"အခု ငါနဲ့ မူလသဘောတရားအသင်းနဲ့ ဆက်ဆံရေးက ပျက်ပြားသွားပြီး လမ်းခွဲလိုက်ကြပြီဆိုတော့ ငါက မူလသဘောတရားနံရံရဲ့ တစ်ဝက်ကို ရပိုင်ခွင့် မရှိဘူးလား"
စကားပြောရန် ပြင်လိုက်သော ခရမ်းရောင်ကံကြမ္မာရှောင်လုမှာ ပါးစပ်ပြန်ပိတ်သွားရှာသည်။
ကျိယွမ်ကတော့ ပြောရင်းပြောရင်းမှ သူနှင့် မူလသဘောတရားနံရံမှာ ရေစက်ပါသည်ဟု အလိုလိုခံစားလာရ၏။
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၏ မျက်နှာကတော့ ရစရာမရှိအောင် ရှုံ့မဲ့သွားလေသည်။
"နင်ကတော့ တကယ်ကို အကွက်စေ့စေ့ စဉ်းစားတတ်တာပဲ"
............
နတ်ဆိုးတောင်ကြားလမ်းတွင် ဖြစ်၏။
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည် သူ၏မျက်လုံးများကို မှေးစင်းကာ စဉ်းစားနေမိသည်။
"သွေးဝတ်စုံက တကယ်ပဲ ဘာတွေ ကြံစည်နေတာလဲ"
သူသည် သွေးဝတ်စုံက ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်များဆီသို့ လှည့်လည်သွားရောက်ကာ နှင်းခဲဓား၏ နှင်းခဲဥများကို လက်ဆောင်ပေးရင်း သစ္စာဖောက်အကြောင်း လိုက်လံမေးမြန်းနေသည်ဟူသော သတင်းကို ရရှိထားခြင်း ဖြစ်သည်။
အစပိုင်းတွင် လေဆွေးမြေ့ခြင်းအရှင်သည် သူ့ကို ရှောင်ရှားရန် စီစဉ်ခဲ့၏။
အမှန်တော့ ပြဿနာများနှင့် ဝေးဝေးနေခြင်းက ပို၍ လွယ်ကူလှပေသည်။ သို့သော် ဓားနက်ကပင် ၎င်းတို့ကို တွေ့ဆုံပြီး ဖြစ်သလို အခြားသော ယန်နတ်ဘုရားများကလည်း သွေးဝတ်စုံ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြသည်ဟု ဆို၏။
တကယ်လို့ သူက ငြင်းပယ်လိုက်လျှင်မူ သူ့ကိုယ်သူ အပြစ်ရှိကြောင်း သက်သေပြသလိုမျိုး ဖြစ်သွားပေလိမ့်မည်။
"ဒါက ငါ့ကို လာပြီး လှန့်ဖမ်းတာမျိုးလား"
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်က တွေးတောမိသည်။ ရိုးရှင်းသော မေးခွန်းအနည်းငယ်က သူ့ကို ဖော်ထုတ်နိုင်လိမ့်မည်ဟု သူ လုံးဝမယုံကြည်ချေ။ သို့သော်ငြားလည်း စီနီယာခရမ်းရောင်ကံကြမ္မာက ဤလုပ်ရပ်၏ နောက်ကွယ်တွင် အစီအစဉ်တစ်ခု ရှိနေနိုင်သဖြင့် သူ သတိထားရမည် ဖြစ်၏။
"နှုတ်ခွန်းဆက်သပါတယ်၊ လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်"
ခန်းမအပြင်ဘက်မှ ကျိယွမ်၏ ကြည်လင်သော အသံက ထွက်ပေါ်လာခဲ့သည်။
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည် သူ၏ပလ္လင်ထက်၌ ထိုင်ရင်း ရင်းနှီးဖော်ရွေသော မျက်နှာအမူအရာဖြင့် ဆိုလေသည်။
"အားလုံးပဲ အထဲကို ဝင်ခဲ့ကြပါ"
"ဒါက နှင်းခဲဓားရဲ့ ဥပါ၊ လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်အတွက် လက်ဆောင်ပေးတာပါ"
ကျိယွမ်က လက်ဆောင်ဗူးကို ကမ်းပေးလိုက်၏။
လေဆွေးမြေ့ခြင်းက ယဉ်ကျေးသော စကားအချို့ကို ပြောရန် ပြင်လိုက်စဉ်မှာပင် ကျိယွမ်က ကြားဖြတ်ကာ တားဆီးလိုက်သည်။
"အားနာစကားတွေ ပြောမနေပါနဲ့တော့၊ အဓိကအချက်ကိုပဲ တိုက်ရိုက်သွားရအောင်"
"မင်း ငါ့ကို အန္တရာယ်ပြုဖို့ စဉ်းစားဖူးလား"
ကျိယွမ်က တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်က နွေးထွေးစွာ ပြုံးလိုက်သည်။
"မဟူရာနတ်ဆိုးချောက်နက်ထဲမှာ ငါ အလေးစားရဆုံးပုဂ္ဂိုလ်တွေထဲက တစ်ယောက်က စီနီယာခရမ်းရောင်ကံကြမ္မာပဲ။ မင်းက သူ့ရဲ့ အဖိုးတန်ဆုံး သွေးမျိုးဆက်ပဲလေ။ ငါက ဘာဖြစ်လို့ မင်းကို အန္တရာယ်ပြုဖို့ စဉ်းစားရမှာလဲ"
ကျိယွမ်က မျက်တောင်ခတ်လိုက်မိသည်။ သူ၏နှာခေါင်းက အနည်းငယ် ရှည်ထွက်လာခဲ့၏။
ထိုအရာက... ဤလူသည် သစ္စာဖောက်ဖြစ်ကြောင်း ဖော်ပြနေခြင်း မဟုတ်ပါလော။
သူသည် ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။ ယန်နတ်ဘုရားကောင်းကင်ဘုံအရှင် တစ်ဆယ်ကျော်ကို မေးမြန်းပြီးနောက် နောက်ဆုံးတွင် သူသည် သစ္စာဖောက်ကို ရှာဖွေတွေ့ရှိခဲ့လေပြီ ။ ဤအလုပ်က ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးသည်ဟု ဆိုရမည်။
ကျိယွမ်၏ ထက်မြက်လှသော ဉာဏ်ပညာဖြင့်ပင် ထိုသူကို ရှာဖွေရန် ဤမျှအထိ အချိန်ပေးခဲ့ရ၏။
"လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်... ဖုံးကွယ်ထားဖို့ မလိုတော့ပါဘူး။ မင်း လိမ်ညာနေတာပဲ၊ နင် ငါ့ကို အန္တရာယ်ပြုချင်နေတာ ထင်ရှားတယ်"
ကျိယွမ်က လေးနက်စွာ ပြောလိုက်၏။
သစ္စာဖောက်သည် နောက်ဆုံးတွင် ဘူးပေါ်သလို ပေါ်လာလေပြီ။
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည် ၎င်းတို့ထဲမှ တစ်ယောက် ဖြစ်ပေလိမ့်မည်။
လေဆွေးမြေ့ခြင်း၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိပေ။ သို့သော် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်နှင့် ခရမ်းရောင်ကံကြမ္မာရှောင်လုတို့မှာမူ လန့်ဖျတ်သွားရတော့သည်။
"သွေးဝတ်စုံ... မင်း နောက်ပြောင်နေတာ ဖြစ်ရမယ်။ ငါက ဘာဖြစ်လို့ မင်းကို အန္တရာယ်ပြုချင်ရမှာလဲ"
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်က ရယ်မောလိုက်သော်လည်း အတွင်းစိတ်ထဲ၌မူ မသက်မသာ ဖြစ်လာရသည်။
"ဒါဆို ပြီးခဲ့တဲ့အကြိမ်က ငါကြုံတွေ့ခဲ့ရတဲ့ ခြုံခိုတိုက်ခိုက်မှုမှာ မင်း ပါဝင်ပတ်သက်နေလား"
ကျိယွမ်က ဖိအားပေးကာ ထပ်မေးမြန်းပြန်သည်။
"မပါဘူး"
လေဆွေးမြေ့ခြင်းက တည်ငြိမ်စွာ ငြင်း၏။
သို့သော်ငြားလည်း ကျိယွမ်၏ နှာခေါင်းမှာ ဆက်လက်၍ ရှည်ထွက်နေဆဲပင် ဖြစ်သည်။
"မင်းတို့ရဲ့ ဘိုးဘေးတွေက သစ္စာဖောက်တွေ ဖြစ်ချင်နေကြတာလား"
ကျိယွမ်က နောက်တစ်ဆင့်ထပ်မေးမြန်းလိုက်သည်။
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည် မဟူရာနတ်ဆိုးချောက်နက်အတွင်း ထိပ်သီးအဆင့်သုံးအတွင်း ဝင်သော အုပ်စုတစ်စုဖြစ်သည့် ယင်ဝိညာဉ်ကောင်းကင်ဘုံမှ ဖြစ်၏။
"မဟုတ်ဘူး၊သွေးဝတ်စုံ ..မင်းအနေနဲ့ ဒီလိုအရာတွေကို ပေါ့ပေါ့ဆဆ မပြောသင့်ဘူး"
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်က သူ၏အင်္ကျီလက်စကို ဝှေ့ယမ်းကာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ဟန် ဆောင်လိုက်သည်။
ခရမ်းရောင်ကံကြမ္မာရှောင်လုကလည်း မျက်တောင်ခတ်လိုက်မိ၏။ တစ်ခုလုံးက ရူးကြောင်ကြောင်နိုင်လှသည်။
အစ်ကိုသွေးဝတ်စုံက ယန်နတ်ဘုရားများထံ လှည့်လည်သွားရောက်ကာ ၎င်းတို့သည် သစ္စာဖောက်သူများလားဟု တိုက်ရိုက်လိုက်မေးနေခြင်းမှာ မည်မျှရူးကြောင်ကြောင်နိုင်လှသနည်း ။ မည်သူကမှ သူတို့သည် သစ္စာဖောက်ပါဟု ဝန်ခံမည်မဟုတ်ပေ။
ယခုတွင်လည်း လေဆွေးမြေ့ခြင်းက ငြင်းဆိုနေသော်လည်း အစ်ကိုသွေးဝတ်စုံကျိယွမ်ကမူ သူ့တွင် အပြစ်ရှိကြောင်း ချက်ချင်းပင် ဆုံးဖြတ်နေ၏။
"မင်းရဲ့ သရုပ်ဆောင်မှုက အပြစ်ပြောစရာ မရှိဘူးပဲ"
ကျိယွမ်က လေဆွေးမြေ့ခြင်းအရှင်ကို ကြည့်ကာ မှတ်ချက်ချလိုက်သည်။
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်က အပြင်ပန်းတွင် ဆက်လက်ပြုံးပြနေသော်လည်း အတွင်းစိတ်ထဲ၌မူ ရယ်မောနိုင်ခြင်း မရှိချေ။ သူသည် ကျိယွမ်ကို သတ်ပစ်ချင်သော စိတ်ပင် ခဏမျှ ဖြစ်ပေါ်လာခဲ့သည်။
"ဒါနဲ့... ငါက ကောင်းကင်ဘုံအရှင် ဟွေကျန်းကို ခြုံခိုတိုက်ခိုက်ဖို့ စီစဉ်နေတာ။ ဒီအကြောင်းကို မင်းကိုပဲ ပြောပြထားတာဆိုတော့ မင်း ပေါက်ကြားအောင် လုပ်မှာမဟုတ်ဘူးမလား"
ကျိယွမ်က လေဆွေးမြေ့ခြင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
လေဆွေးမြေ့ခြင်း၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားရ၏။
"သွေးဝတ်စုံ... မင်းက ငယ်ရွယ်သေးလို့ မင်းရဲ့ အပြုအမူတွေကို ငါသည်းခံခဲ့တာ၊ ဒါပေမဲ့ မင်းရဲ့ ဆိုလိုရင်းက အတိအကျ ဘာလဲ"
"စကားလမ်းကြောင်း မလွှဲပါနဲ့။ အခုကစပြီး တစ်လအကြာမှာ ငါ ကောင်းကင်ဘုံအရှင် ဟွေကျန်းကို ခြုံခိုတိုက်ခိုက်မယ်။ တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့ရင် မင်းမှာ တာဝန်ရှိတယ်လို့ ငါသတ်မှတ်မှာပဲ"
ကျိယွမ်က ပြောပြီးနောက် ခရမ်းရောင်ကံကြမ္မာရှောင်လု၊ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်တို့နှင့်အတူ လှည့်ထွက်သွားတော့သည်။
ယခုအခါ ဆိတ်ငြိမ်သွားသော ခန်းမကြီးအတွင်း၌ လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည် တစ်ယောက်တည်း ကြောင်တောင်တောင် ကျန်ရစ်ခဲ့၏။
"သူ ငါ့ကို ဘယ်လိုလုပ်ပြီး ရိပ်မိသွားတာလဲ"
"သူက ငါ့ကို စမ်းသပ်နေတာလား၊ ဒါမှမဟုတ် တခြားအရာတစ်ခုခု ရှိနေလို့လား"
"သူက တစ်လအကြာမှာ ဟွေကျန်းကို ခြုံခိုတိုက်ခိုက်မယ်လို့ ပြောတယ်... ငါ..."
"အခု စီနီယာခရမ်းရောင်ကံကြမ္မာက ငါ့ကို စောင့်ကြည့်နေတာလား"
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည် စဉ်းစားခန်းဝင်နေမိပြီး မည်သည့်လှုပ်ရှားမှုကိုမျှ ရုတ်တရက် မလုပ်ရဲချေ။ သူသည် အလွန်အမင်း ဇဝေဇဝါဖြစ်နေရ၏။
ယနေ့ဖြစ်ပျက်ခဲ့သမျှက လုံးဝ ယုတ္တိမရှိဟု ဆိုရမည်။ အကယ်၍ စီနီယာခရမ်းရောင်ကံကြမ္မာက သူသည် သစ္စာဖောက်ဖြစ်ကြောင်း သိရှိသွားခဲ့လျှင် သွေးဝတ်စုံကို လွှတ်ပြီး သူ့ကို အကြောင်းကြားခိုင်းစရာ အကြောင်းမရှိပေ။ ၎င်းအစား သူတို့က ထောင်ချောက်တစ်ခုဆင်ပြီး သူ အမှားလုပ်မည့်အချိန်ကို စောင့်ဆိုင်းနေကြမည် မဟုတ်ပါလား။
ပြီးတော့ သွေးဝတ်စုံက သူ့ကို စမ်းသပ်ချင်တာဆိုရင်လည်း ဘာဖြစ်လို့ တခြားသူတွေကို မစမ်းသပ်ဘဲ သူ့ကိုပဲ လာပြီး စမ်းသပ်ရတာလဲ။
မည်သို့ပင်တွေးစေကာမူ အဓိပ္ပာယ်မရှိချေ။
သူသည် အထက်လူကြီးများထံ သတင်းပို့ရန်အတွက် ဆက်သွယ်ရေးကျောက်စိမ်းပြားကို ထုတ်ယူရန်ပင် မဝံ့မရဲ ဖြစ်နေမိသည်။ အရာအားလုံးက ထူးဆန်းလွန်းပြီး ယုတ္တိမရှိလှချေ။
မည်သူကများ ဤကဲ့သို့ လုပ်ဆောင်ပါမည်နည်း။
သူသည် မည်သည့်အရာကိုမျှ မလုပ်ရဲဘဲ ထိုနေရာ၌သာ မလှုပ်မယှက် ထိုင်နေမိတော့သည်။
ထိုအချိန်တွင် အပြင်သို့ ရောက်ရှိလာကြပြီးနောက် ခရမ်းရောင်ကံကြမ္မာရှောင်လုက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်က တကယ်ပဲ သစ္ဖောက်လား။ ရှင် ဘယ်လိုသိတာလဲ အစ်ကိုသွေးဝတ်စုံ"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည်လည်း ကျိယွမ်ကို စူးစမ်းလိုစိတ်၊ ဇဝေဇဝါဖြစ်စရာ စိတ်တို့ဖြင့် ကြည့်ရှုနေခဲ့သည်။
"ငါ့ရဲ့ ထက်မြက်လှတဲ့ ဦးနှောက်က ပြောပြတာလေ"
ကျိယွမ်က လေးနက်စွာ ပြန်လည်ဖြေကြားလိုက်၏။
"နင့်ဟာက ဟုတ်မှဟုတ်ရဲ့လား ၊ သူက တကယ်ပဲ သစ္စာဖောက် ဖြစ်နိုင်ပါ့မလား"
ခရမ်းရောင်ကံကြမ္မာရှောင်လုကလည်း ဝေခွဲမရဖြစ်နေသည်။
"ဒါပေမဲ့ အစ်ကိုသွေးဝတ်စုံ... တကယ်လို့ သူက သစ္စာဖောက်မှန်း သိရင်လည်း ရှင်က ဘာဖြစ်လို့ သူ့ကို သွားပြောပြလိုက်ရတာလဲ"
"ငါ ပြောပြချင်လို့ ပြောပြလိုက်တာလေ"
ကျိယွမ်က ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။
သူ၏ အနှိုင်းမဲ့မူလသဘောတရားများသည် အကြွင်းမဲ့ လိုက်လျောညီထွေရှိမှုနှင့် မိမိအလိုရှိရာကို ပြုလုပ်ခြင်းတို့အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ထိုအနှိုင်းမဲ့မူလသဘောတရားများကို တည်ငြိမ်စေရန်နှင့် ပိုမိုနက်ရှိုင်းစေရန်အတွက် သူ၏လုပ်ရပ်များသည် ၎င်းတို့၏ အနှစ်သာရနှင့် ကိုက်ညီနေရမည် ဖြစ်၏။
၄င်းက သူ့ကို ပိုမိုမြန်ဆန်စွာ တိုးတက်စေနိုင်သည်။ ထို့ကြောင့် သူက ပြောပြချင်လာသည့်အတွက် လေဆွေးမြေ့ခြင်းကို ပြောပြလိုက်ခြင်း ဖြစ်သည်။
"ဘယ်လိုကြီးလဲ..."
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် စိုးရိမ်နေဆဲပင် ဖြစ်၏။
အကယ်၍ သူတို့က လေဆွေးမြေ့ခြင်းကို အသိမပေးခဲ့ဘူးဆိုလျှင် သူတို့က သူ့ကို တိတ်တဆိတ် စောင့်ကြည့်ပြီး ဗျူဟာတစ်ခု ဆွဲနိုင်ခဲ့မည် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ အခြေအနေက မရေရာမှုများဖြင့် ပြည့်နှက်သွားခဲ့လေပြီ။
ကျိယွမ်က ခရမ်းရောင်ကံကြမ္မာရှောင်လု၏ သေးငယ်လှသော ဂျိုလေးများကို အသာအယာပုတ်ကာ ပြုံးလိုက်၏။
"ငါတို့က ဒီမှာ မသေမျိုးဖြစ်အောင် ကျင့်ကြံနေကြတာလေ။ အမြဲတမ်း အကွက်ဆင်ပြီး ဗျူဟာခင်းနေရတာက ပင်ပန်းလွန်းပါတယ်။ ဒီကမ္ဘာမှာ အစစ်အမှန်အရေးကြီးဆုံးအရာက ခွန်အားပဲ။ ခွန်အားရှိမှသာ ရှင်သန်ခွင့်ကို ရရှိမှာ။ ဒီဗျူဟာတွေဆိုတာလား... လွင့်မျောနေတဲ့ တိမ်တိုက်တွေလိုပါပဲ"
ကျိယွမ်သည် ဗျူဟာများနှင့် အကွက်ဆင်ခြင်းများကို ဂရုမစိုက်ချေ။ အဆိုးရွားဆုံး အခြေအနေဆိုသည်မှာ တစ္ဆေစိုးမိုးကောင်းကင်နှင့် မဟူရာနတ်ဆိုးချောက်နက်တို့ ပူးပေါင်းသွားပြီး မဟာမူလသဘောတရားအဆင့်များ အားလုံးက သူ့ကို တိတ်တဆိတ် လိုက်လံသတ်ဖြတ်ကြမည့် အခြေအနေမျိုး ဖြစ်သည်။
သို့သော် ကျိယွမ်သည် မဟူရာနတ်ဆိုးချောက်နက်သို့ ရောက်ရှိလာပြီး ဤဂိမ်းထဲသို့ ဝင်ရောက်ကတည်းက စွန့်စားရမှုများကို ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။ သူသည် မဟာမူလသဘောတရားအဆင့်များ အားလုံးကို ရန်သူအဖြစ် ရင်ဆိုင်ရန်အတွက် မိမိကိုယ်ကိုယ် အဆင်သင့် ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။
ထို့ကြောင့် သူသည် ဗျူဟာများနှင့် အကွက်ဆင်ခြင်းများကို ကြောက်ရွံ့ခြင်း မရှိချေ။
ကျင့်ကြံခြင်းက ခက်ခဲချင်ခက်ခဲလိမ့်မည်၊ သို့သော် ရိုးရှင်းချင်လည်း ရိုးရှင်းနိုင်သည်။ အာရုံပြန့်လွင့်စရာများကို ဖယ်ရှားလိုက်လျှင် ဒါက ခြေလှမ်းသုံးလှမ်းအဖြစ် ကျုံ့သွားပေလိမ့်မည်။
ပထမခြေလှမ်း၊ ရန်သူများကို သတ်ဖြတ်ရန်၊
ဒုတိယခြေလှမ်း၊ အရင်းအမြစ်များကို လုယူရန်၊
တတိယခြေလှမ်း၊ အောင်ပွဲခံစားသောက်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲရန် ဖြစ်သည်။
"တစ်လအကြာမှာ အစ်ကိုက ကောင်းကင်ဘုံအရှင် ဟွေကျန်းကို တကယ်ပဲ သွားသတ်မှာလား"
ခရမ်းရောင်ကံကြမ္မာရှောင်လုက မေးမြန်းလိုက်သည်။
"ငါလည်း မသိဘူး"
ကျိယွမ်က ပခုံးတွန့်ပြလိုက်ပြီး သူ၏မျက်နှာအမူအရာက လေးနက်သွား၏။
"အပြောင်မြောက်ဆုံး အစီအစဉ်ဆိုတာ အစီအစဉ်ဆွဲတဲ့သူကိုယ်တိုင်တောင် နောက်ထပ် ဘာဖြစ်လာမလဲဆိုတာ မသိတဲ့ အစီအစဉ်မျိုးပဲ။ ယန်နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ဖို့ကတော့... ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ"
ခရမ်းရောင်ကံကြမ္မာရှောင်လုမှာ ဆွံ့အသွားရပြန်သည်။
ဤ "ပြောင်မြောက်လှသော" အစီအစဉ်က လွန်လွန်းလှပေသည်။
နောက်ထပ် ဘာဖြစ်လာမလဲဆိုတာကို အစီအစဥ်ဆွဲသူကပင် မသိနိုင်သည့်အတွက် အစီအစဉ် လုံးဝမဆွဲတာကမှ ပို၍ ကောင်းမွန်နေပေဦးမည်။
"သွားကြစို့၊ တခြားယန်နတ်ဘုရားတွေထဲမှာ သစ္စာဖောက်တွေ ရှိသေးလားဆိုတာ သွားကြည့်ရအောင်"
ကျိယွမ်က နှင်းခဲဥများကို သယ်ဆောင်ရင်း ဆိုလေသည်။
ခရမ်းရောင်ကံကြမ္မာရှောင်လုက သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်၏။
"အစ်ကိုသွေးဝတ်စုံ... ယန်နတ်ဘုရားတွေနဲ့ ဆက်ဆံတဲ့အခါ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး...ရှင်က ကောင်းကင်ဘုံအရှင် အချို့ဆီကနေ အကူအညီ ရယူသင့်တယ်"
တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သူမ၏ စိတ်ထဲတွင် အစ်ကိုသွေးဝတ်စုံက ယန်နတ်ဘုရားတစ်ပါးကို တကယ်ပဲ သွားရောက်သတ်ဖြတ်ရန် ကြိုးစားလိမ့်မည်ဟု ခံစားနေမိသည်။
"စိတ်မပူပါနဲ့၊ ငါ့မှာ အစီအစဉ် ရှိပါတယ်"
ကျိယွမ်က သူမကို စိတ်အေးအောင် ပြောလိုက်၏။
သို့သော် ရှောင်လုက သူကအစီအစဥ်ရှိသည်ပြောလေလေ ပို၍စိတ်မချလေပင်။
"အစ်ကို... ကိုယ်ကိုယ်ကိုယ် အရမ်းဖိအားမပေးပါနဲ့ဦး။ ကျင့်ကြံခြင်းမှာ တင်းခြင်း လျော့ခြင်း မျှတဖို့လည်း လိုအပ်ပါတယ်"
ခရမ်းရောင်ကံကြမ္မာရှောင်လုက သူ့အတွက် စိတ်မကောင်းဖြစ်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။ သူမသည် အစ်ကိုသွေးဝတ်စုံက ဓားနက်သည် အနှိုင်းမဲ့မူလသဘောတရားကို သဘောပေါက်သွားသည်ကို မြင်တွေ့ပြီးနောက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ကာ မလိုအပ်သော ဖိအားများကို ခံစားနေရသည်ဟု ထင်မှတ်နေမိသည်။
ထို့ကြောင့် သူ၏ လုပ်ရပ်များက ယခုကဲ့သို့ ခန့်မှန်းရခက်ခဲလာခြင်း ဖြစ်နိုင်ပေသည်။
"ဟင်..."
ကျိယွမ်က ခဏမျှ ရပ်တန့်ကာ စဉ်းစားလိုက်၏။
"နင် ပြောတာလည်း ဟုတ်နိုင်တာပဲ။ ငါ အခုတလော အရမ်းအလုပ်များနေခဲ့တာ။ ဟူး... ငါ စိတ်အပန်းဖြေဖို့အတွက် ဂိမ်းတစ်ခုလောက် ဆော့သင့်တယ် ထင်တယ်"
သူက ခေါင်းယမ်းကာ ရေရွတ်လိုက်လေသည်။
သူသည် ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ကတည်းက အမြဲတမ်း အလုပ်ရှုပ်နေခဲ့ရသည်။ သူ့အပေါ်တွင် အမြဲတမ်း စိုးရိမ်ပူပန်စရာများနှင့် ခြိမ်းခြောက်မှုများက လွှမ်းမိုးနေခဲ့သည်။
မဟူရာတောင်တန်းဂိုဏ်း၊ အလင်းနန်းတော်၊ ကပ်ဘေးကြီး သို့မဟုတ် ထိုက်ဟွမ်နန်းတော်ပဲ ဖြစ်ဖြစ်... ဂိမ်းထဲမှာသာ သူသည် ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။
အထူးသဖြင့် ကုံရှင်းဂြိုဟ်ပေါ်တွင် ဖြစ်၏၊ သူသည် ကျူးယန်၊ နင်းထောင်တို့နှင့်အတူ ဟန်းနီးမွန်း ထွက်ခဲ့ပြီး သတို့သမီးလေးနှင့် ရှိနေခဲ့သည့် အချိန်သည် သူ့ကိုယ်ကိုယ် သေချာအနားပေးခဲ့သည့် အနည်းငယ်သော အချိန်များထဲမှ တစ်ခု ဖြစ်ခဲ့သည်။ ကျန်ရှိသော အချိန်များတွင်မူ သူ၏ စိတ်အာရုံက အမြဲတမ်း တင်းကျပ်နေခဲ့ပြီး အပန်းဖြေခွင့် လုံးဝမရရှိခဲ့ချေ။
"ငါတို့အားလုံး အရသာရှိတဲ့ မှိုဟော့ပေါ့ စားကြရင်ကော။ ငါတို့ နှင်းခဲဓားကိုပါ ဖိတ်ခေါ်လို့ရတာပဲ။ ငါတို့ သူ့ရဲ့ ဥတွေကို အများကြီး ပေးလိုက်ရတာဆိုတော့ သူ့ကို သေချာလေး ကျေးဇူးတင်ရမယ်"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က အကြံပြုလိုက်သည်။
ကျိယွမ်က သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"အကြံက ကောင်းသလိုလိုပဲ"
----------