အခန်း (၄၅၈-၄၅၉)
Vol. 43 Ch. 458-459
အခန်း ၄၅၈ - ဤအတတ်ပညာကို ကျင့်ကြံရန်အတွက် သင်သည် ဦးစွာ...
"ငါ ပြန်သွားပြီး ဟော့ပေါ့လုပ်ပြီး နှင်းခဲဓားကို ဖိတ်လိုက်ရမလား"
တာ့ရွှယ်က စိတ်အားထက်သန်စွာဖြင့် အကြံပြုလေသည်။
"မလိုဘူး..."
ကျိယွမ်သည် သေချာစဉ်းစားပြီးနောက် ငြင်းပယ်လိုက်၏။ အနည်းဆုံးတော့ ယခုအချိန်တွင် အနားယူရန် မဖြစ်နိုင်သေးပေ။ ထိုက်ဟွမ်နန်းတော်၏ ခြိမ်းခြောက်မှုက သူ့အပေါ်တွင် လွှမ်းမိုးနေဆဲပင် ဖြစ်သည်။
"နောက်ထပ် ဘယ်လိုသစ္စာဖောက်တွေ ပေါ်လာဦးမလဲဆိုတာ ငါ စောင့်ကြည့်ရမယ်"
ကျိယွမ်သည် ဖြစ်နိုင်ခြေရှိသော သစ္စာဖောက်များကို အမြစ်ပြတ်ချေမှုန်းရန်အတွက် ကျန်ရှိနေသော ယန်နတ်ဘုရားများထံသို့ ဆက်လက်သွားရောက်ရန် ရည်ရွယ်ထား၏။
ရှောင်လုက သိလိုစိတ်ဖြင့် မျက်တောင်တခတ်ခတ် လုပ်နေ၏။
"အစ်ကိုသွေးဝတ်စုံ... အစ်ကိုက အဲဒီသူတွေကို ဘယ်လိုနည်းနဲ့ အတိအကျ စစ်ဆေးနေတာလဲဟင်"
ကျိယွမ်က မေးခွန်းအချို့ မေးရုံမျှဖြင့် ပြဿနာရှိသူကို မည်သို့ သိရှိသွားသည်ကို သူမ စဉ်းစားမရဘဲ ဇဝေဇဝါ ဖြစ်နေဆဲပင်။
"ဘာလို့လဲဆိုတော့... ရိုးသားမှုကြောင့်ပဲ"
ကျိယွမ်က ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။
"ငါက ဘယ်တော့မှ မုသာဝါဒ မပြောဘဲ အမြဲတမ်း ရိုးသားတဲ့သူ ဖြစ်ခဲ့လို့ ထင်တယ်။ အဲဒါကြောင့် ကောင်းကင်ဘုံက ငါ့ကို ထူးခြားတဲ့အစွမ်းတစ်ခု ပေးသနားထားတယ်။ အဲဒါကတော့ ဘယ်သူမဆို သူတို့စကားရဲ့ နောက်ကွယ်က အမှန်တရားကိုမဆို ငါ ခွဲခြားသိမြင်နိုင်တာပဲ"
"ဟွန်း... တစ်ခုခုကို လျှောက်လုပ်ကြံပြောမယ်ဆိုရင်လည်း ယုံချင်စရာကောင်းအောင် ပြောပါဦး။ ငါတို့က ကျင့်ကြံသူတွေလေ၊ မင်းက ထူးခြားတဲ့အစွမ်းအကြောင်း ပြောနေတာလား။ လိမ်တာနဲ့ မှန်တာကို ခွဲခြားနိုင်တဲ့ နတ်ဘုရားအဆင့် နည်းစနစ်တစ်ခုကို ကျင့်ကြံထားတယ်လို့ပဲ ပြောလိုက်ပါလား"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ကျွမ်းကျင်စကားစစ်ထိုးသမားတစ်ယောက် ဝင်စားထားသကဲ့သို့ မျက်စောင်းထိုးရင်း ပြောလိုက်၏။
သို့သော် သူမသည် စကားကို ရုတ်တရက် ရပ်လိုက်ပြီး ကျိယွမ်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရှုပြန်သည်။
"သာမန် နတ်ဘုရားအဆင့် နည်းစနစ်တွေကတော့ ဒီလိုအစွမ်းမျိုး မရှိနိုင်ဘူး။ ဒါက... အနှိုင်းမဲ့မူလသဘောတရား ဖြစ်ရမယ်၊ အနိမ့်စားလည်း မဖြစ်နိုင်ဘူး"
သူမ၏ အကြည့်များထဲတွင် သံသယများ ဝင်ရောက်လာလေသည်။ သွေးဝတ်စုံ ပြောသည်က အမှန်ဆိုလျှင် ၎င်းကို အနှိုင်းမဲ့မူလသဘောတရား၏ စွမ်းအားဖြင့်သာ ရှင်းပြနိုင်သည်။ ပြောရလျှင် သွေးဝတ်စုံသည် မဟူရာ နတ်ဆိုးချောက်၏ မီးတောက်နတ်ဆိုးကောင်းကင်ဘုံအရှင် စောင့်ကြပ်ထားသော နေရာမှ ထွက်ပေါ်လာခဲ့သူ ဖြစ်သည်။ တစ်ခုလုံးကို ခြုံကြည့်လျှင် ထူးဆန်းနေသည်မှာ အမှန်ပင်။
"ဒါက ထူးခြားတဲ့အစွမ်းသပ်သပ်ပဲ၊ အနှိုင်းမဲ့မူလသဘောတရား မဟုတ်ဘူး"
ကျိယွမ်က သူမကို ပြင်ပေးလိုက်၏။ သူ၏ အနှိုင်းမဲ့မူလသဘောတရားများမှာ အကြွင်းမဲ့ လိုက်လျောညီထွေဖြစ်ခြင်းနှင့် မိမိအလိုရှိရာကို ပြုလုပ်နိုင်ခြင်းတို့သာ ဖြစ်သည်။
"တကယ်လား"
တာ့ရွှယ်က သူ့ကို ထပ်မံအကဲခတ်ပြီးနောက် သူမ၏ စောစောက သံသယများကို ဖျောက်ဖျက်လိုက်သည်။
မည်သို့ဆိုစေကာမူ မီးတောက်နတ်ဆိုးကောင်းကင်ဘုံအရှင်သည် ရုပ်ဆိုးလှပြီး သွေးဝတ်စုံကမူ ခန့်ညားထည်ဝါကာ လူသားလောကမှ မဟုတ်သူကဲ့သို့ ပင် ဖြစ်နေ၏။
သူတို့နှစ်ဦးက မည်သို့မျှ လူတစ်ယောက်တည်း မဖြစ်နိုင်ပေ။
..........
နတ်ဆိုးတောင်ကြားလမ်းအတွင်း၌ တိမ်တိုက်များ လွင့်မျောနေသည်။
နှင်းခဲဓားသည် ရှေးဟောင်းရေခဲတုံးကြီးတစ်ခုပေါ်၌ မျက်လုံးများကို တစ်ဝက်မှိတ်လျက် ရပ်နေပြီး မသေမျိုးဝိညာဉ်စွမ်းအင်ကို စုပ်ယူနေ၏။ အလင်းတန်းများ ယှက်နွှယ်နေပြီး ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် ကြာပြီးနောက် နှင်းခဲဓားသည် ရောင်စုံမြူခိုးများကို သူ၏ ခန္ဓာကိုယ်ထဲသို့ ရှူသွင်းလိုက်၏။ သူ၏ ဖြူစင်သော ဝတ်စုံရှည်ကို ဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော မသေမျိုးတစ်ပါးကဲ့သို့ပင် ရှိနေတော့သည်။
"ညီမလေးချိုင်လင်... ဒီကို ဘာကိစ္စရှိလို့ လာတာလဲ"
သူက မေးလိုက်၏။
ခန္ဓာကိုယ်တွင် တက်တူးအကြီးကြီးများ ရှိသော မိန်းကလေးငယ်တစ်ဦး ပေါ်လာသည်။ သူမသည် ရှက်ရွံ့နေပုံရသော်လည်း နှင်းခဲဓားကို ကြည့်နေသော သူမ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
"အစ်ကိုနှင်းခဲဓား... အစ်ကို့ဆီမှာ ရတနာအချို့ ရှိတယ်လို့ ကြားလို့ပါ။ ကျွန်မ တစ်ခုခု ဝယ်ချင်လို့ လာခဲ့တာပါ"
"အို... ဘာကို ဝယ်ချင်လို့လဲ"
နှင်းခဲဓားက သိလိုစိတ်ဖြင့် မေးလိုက်သည်။ လတ်တလောတွင် သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသဖြင့် ပြင်ပလောကကို သိပ်ဂရုမစိုက်မိပေ။
"နှင်း..နှင်းခဲ... ဥတွေပါ"
ချိုင်လင်က မျှော်လင့်တကြီး ပြောလိုက်၏။
နှင်းခဲဓား၏ မျက်နှာအမူအရာက တောင့်တင်းသွားပြီး စိတ်မသက်မသာ ဖြစ်မှုများ ဝင်ရောက်လာသည်။
"အဲဒါက ဘာလဲ"
ချိုင်လင်က အလျင်အမြန် ရှင်းပြလိုက်သည်။
"ဒါက အစ်ကိုကိုယ်တိုင် ထုတ်လုပ်ထားတာ မဟုတ်ဘူးလား။ လတ်တလောမှာ သွေးဝတ်စုံနဲ့ တာ့ရွှယ်က နှင်းခဲဥတွေကို လက်ဆောင်အဖြစ် ယူသွားပြီး ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်တွေဆီ သွားလည်နေကြတာလေ။ ဒီနှင်းခဲဥတွေက အရမ်းအစွမ်းထက်ပြီး အသားအရေကိုတောင် လှစေတယ်လို့ ကြားတယ်..."
သူမက ပြောရင်းနှင့် နှင်းခဲဓား၏ တင်ပါးဆီသို့ ခိုးကြည့်လိုက်၏။
သူ့တင်ပါးတွေက သိပ်မကြီးပါဘူး ၊ ဘယ်လို ဥဥနိုင်တာပါလိမ့် ။
နှင်းခဲဓားမှာ အလိုလို ဖင်ကျုံ့လိုက်မိသည်။သူ၏နဖူးပေါ်တွင်လည်း အမည်းစက်များစွာ ထင်ဟပ်သွားလေသည်။
"သူတို့က ယန်နတ်ဘုရားကောင်းကင်ဘုံအရှင် အတော်များများဆီ သွားလည်နေကြတာလား"
"အများကြီးပဲ။ အားလုံးဆီ သွားပြီးပြီလို့တောင် ပြောရမယ်"
ချိုင်လင်က အတည်ပြုလိုက်သည်။
ထိုစကားကို ကြားရသောအခါ နှင်းခဲဓားသည် အသက်ကို ပြင်းပြင်းရှူလိုက်ရ၏။
သူ စိတ်ရှည်ရမည်။
အလွန့်အလွန်ကို စိတ်ရှည်ရမည်။
ယခုအချိန်တွင် တုံ့ပြန်လိုက်ပါက အခြေအနေကို ပို၍ ဆိုးရွားသွားစေလိမ့်မည်။ ထိုသို့မဟုတ်လျှင် ၎င်းသည် ဥ ဥခြင်းအကြောင်း မဟုတ်တော့ဘဲ ပို၍ ဆိုးရွားသော အရာတစ်ခု ဖြစ်သွားပေလိမ့်မည်။
ထိုစဉ် သာယာသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
"နှင်းခဲဓား... မင်း ဒီမှာ ရှိလား။ ငါ မင်းနဲ့ သီးသန့် ဆွေးနွေးစရာ ရှိတယ်"
ထိုအသံကို ကြားလိုက်ရသောအခါ နှင်းခဲဓား၏ မျက်နှာအမူအရာသည် ကပ်ရောဂါတစ်ခုနှင့် တိုးမိသွားသကဲ့သို့ ပြောင်းလဲသွားသည်။
ချိုင်လင်၏ မျက်လုံးများမှာလည်း ကျယ်သွား၏။
"အဲဒါ အစ်ကိုသွေးဝတ်စုံလား"
ဖြစ်နိုင်တာက... သူ ဒီကို ရောက်လာတာ ဥတွေ ထပ်တောင်းဖို့လား။ ဒီနှင်းခဲဥတွေက တကယ်ပဲလား။ အစ်ကိုနှင်းခဲဓားက ငါနဲ့ဆက်ဆံရေး နည်းနည်းအဆင်မပြေလို့ပဲ ဥတွေကို မရောင်းချင်ဘဲ ဖုံးကွယ်ထားတာလား။
"အစ်ကို့မှာ လုပ်စရာကိစ္စ ရှိနေတော့ ကျွန်မ သွားလိုက်ပါဦးမယ်"
ချိုင်လင်က အတွေးနှင့်အတူ အရိုအသေပေးပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
သေချာသည်မှာ သူမကလည်း သွေးဝတ်စုံနှင့် တာ့ရွှယ်တို့ကို ကြောက်ပုံရ၏။
ရေခဲစင်မြင့်ပေါ်တွင်ရပ်နေသော နှင်းခဲဓားသည် တက်ကြွစွာရောက်လာသော သွေးဝတ်စုံကို ကူကယ်ရာမဲ့သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"ငါ ဘာကူညီပေးရမလဲ"
သူ အမှန်တကယ်ပင် ပင်ပန်းနေပြီ ဖြစ်သည်။
"ငါက မင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လာတာပါ"
ကျိယွမ်က တည်ကြည်စွာ ပြောလိုက်၏။ ထိုတည်ကြည်သော လေသံကြောင့်ပင် နှင်းခဲဓားမှာ ပို၍ထိတ်လန့်သွားလေသည်။ အခြေအနေတစ်ခုလုံးက စိတ်ကူးယဉ်ဆန်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။
သို့သော် မိမိရှေ့တွင် ရှိနေသော လူသည် ယန်နတ်ဘုရားများ၏ လက်ထဲမှ လွတ်မြောက်အောင် တစ်ကိုယ်တော် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သဖြင့် သူ၏ စွမ်းအားက အံ့မခန်း ဖြစ်ရမည်။
တစ်ခါတရံတွင် အားကိုး၍မရသော်လည်း သွေးဝတ်စုံသည် ဓားနက်ပြီးလျှင် ဒုတိယအတော်ဆုံး ပါရမီရှင် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ထို့ကြောင့် ရန်ငြိုးများကို ဘေးဖယ်ထားပြီး နှင်းခဲဓားက ညင်သာစွာ မေးလိုက်သည်။
"ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးလဲ"
"ဒီလိုပါ... ငါ တစ္ဆေစိုးမိုးကောင်းကင်က ပါရမီရှင်အချို့ကို နှိမ်နင်းဖို့ စီစဉ်နေတာ။ အဲဒါကြောင့် မင်းရဲ့ နာမည်ကို ခဏလောက် ငှားချင်လို့"
ကျိယွမ်က အရေးမကြီးသလိုပြောလိုက်၏။
"ဟမ်"
နှင်းခဲဓားသည် ဇဝေဇဝါ ဖြစ်သွားပြီး ကျိယွမ် ဘာကို ဆိုလိုသည်ကို လုံးဝ နားမလည်နိုင်ခဲ့ပေ။
"ငါ့မှာ 'တပည့်များက ယန်နတ်ဘုရားကိုဝိုင်းရံခြင်းအစီအစဉ်' လို့ခေါ်တဲ့ အစီအစဉ်အသေးစားတစ်ခု ရှိတယ်။ ငါ တစ္ဆေစိုးမိုးကောင်းကင်က လူငယ်ပါရမီရှင်တချို့ကို နှိမ်နင်းဖို့ ပြင်ဆင်နေတာလေ"
နှင်းခဲဓားက နားမလည်ဖြစ်နေသောကြောင့် ကျိယွမ်က ရှင်းပြလိုက်သည်။
အစီအစဉ်ကြီးမှာ ယန်နတ်ဘုရားများကို နှိမ်နင်းရန် ဖြစ်ပြီး အစီအစဉ်အသေးစားမှာမူ တပည့်အချို့ကို သတ်ရန် ဖြစ်သည်။ ယန်နတ်ဘုရားတစ်ပါးကို သတ်ပြီးနောက် အားကောင်းသော ပုဂ္ဂိုလ်များစွာ၏ အာရုံစိုက်မှုကို ခံရမည်ဖြစ်သဖြင့် ထိုတပည့်များကို ဆက်လက်သတ်ရန် ခက်ခဲသွားလိမ့်မည်ကို ကျိယွမ် သိသည်။
သို့သော် ခြင်ခြေထောက်သည်ပင် အသားဖြစ်၏။ တစ္ဆေစိုးမိုးကောင်းကင်၏ တပည့်များသည် ရဲတင်းလာကြပြီး ကျိယွမ်၏လူသားဧကရာဇ်တံခွန်များကို ကိုင်ဆောင်ကာ လျှောက်သွားနေကြသဖြင့် ကျိယွမ်သည် မိမိကိုယ်ကို သစ္စာဖောက်ခံရသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် သူသည် အစီအစဉ်အသေးစားကို ဦးစွာ အကောင်အထည်ဖော်ပြီးမှ အစီအစဉ်ကြီးကို ဆက်လုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"မင်း ပိုပြီး အသေးစိတ် ရှင်းပြနိုင်မလား"
နှင်းခဲဓားက မေးလိုက်၏။ သူသည်လည်း တိုက်ပွဲကောင်းမှုအမှတ်များ လိုအပ်နေသည် မဟုတ်ပါလား ။
"ဒီလိုကွာ... အခု နတ်ဆိုးတောင်ကြားလမ်းမှာ အပြောအများဆုံး အကြောင်းအရာက နှင်းခဲဥတွေပဲ မဟုတ်ဘူးလား"
"...ပြီးတော့ကော"
နှင်းခဲဓား၏ နဖူးကြောများ တွန့်သွားသည်။
"လတ်တလောမှာ ကောလာဟလမျိုးစုံ ပျံ့နှံ့နေတာလေ။ နှင်းခဲဥတွေက နတ်ဘုရားရတနာတွေလို တန်ဖိုးရှိတယ်လို့၊ တစ်လုံးစားရင် နတ်ဘုရားနယ်ပယ်ကို ချဲ့ထွင်နိုင်တယ်လို့၊ ဒါမှမဟုတ် အလှအပကို တိုးတက်စေတယ်လို့ လူတွေက ပြောနေကြတာ။ ကောလာဟလတွေက နေရာအနှံ့ပဲ"
ကျိယွမ်သည် အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။ သူသည် နှင်းခဲဥများကို ယန်နတ်ဘုရားများထံ ပေးအပ်ပြီးနောက် ပြင်ပလောကတွင် ထင်မြင်ချက်မျိုးစုံဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။ နှင်းခဲဥများတွင် အံ့ဖွယ်အစွမ်းများ ရှိပြီး ရုပ်ရည်ကို မြှင့်တင်ပေးနိုင်ခြင်းမှစ၍ ကျင့်ကြံခြင်းကို တိုးတက်စေခြင်းအထိ အားလုံးကို လုပ်ဆောင်နိုင်သည်ဟု လူတို့က ပြောဆိုနေကြသည်။
"ဒါကြောင့် ငါက မီးလောင်ရာလေပင့်တဲ့အနေနဲ့ ကောလာဟလအသစ်တစ်ခုကို ထပ်ပြီး ဖြန့်လိုက်တယ်။ အဲဒါကတော့ နှင်းခဲဥတွေဟာ ဝိညာဉ်တစ်သောင်းတံခွန်တွေအတွက် အကောင်းဆုံး ဝိညာဉ်အစေခံတွေပဲဆိုတာပဲ"
ကျိယွမ်က မျက်လုံးများ တောက်ပလျက် ပြောလိုက်၏။
"ဒါပေမဲ့... ကောလာဟလဆိုတာ ကောလာဟလပါပဲ။ နောက်ဆုံးတော့ ဒါက မဟုတ်မှန်း သိသွားကြမှာပဲလေ"
နှင်းခဲဓားက သတိကြီးစွာဖြင့် ပြောလိုက်သည်။
"၂၁ရာစု ကမ္ဘာမြေ သမိုင်းကြောင်းက စကားပုံတစ်ခုကို မင်းမကြားဖူးဘူးလား။ ' လူတိုင်းက ပြောနေရင် လူတွေက ယုံသွားကြတာပဲ' တဲ့ ပြီးတော့ ဘယ်သူက ဒါကို ကောလာဟလသက်သက်လို့ ပြောလဲ။ အရင်က နှင်းခဲဥတွေက သာမန် ဖြစ်နိုင်ပေမဲ့ ငါ ပြုပြင်မွမ်းမံထားတဲ့ ဥတွေကတော့... အံ့ဩစရာကောင်းတယ်"
ကောလာဟလများစွာ ပျံ့နှံ့နေမှုကို အခွင့်ကောင်းယူ၍ ကျိယွမ်သည် ထိုရှုပ်ထွေးမှုများကြားတွင် မိမိ၏ ကောလာဟလကို ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ ကျိယွမ်သည် ပြောရင်းနှင့် ကြည်လင်တောက်ပနေသော နှင်းခဲဥတစ်လုံးကို ထုတ်ယူလိုက်၏။
နှင်းခဲဓားသည် နှင်းခဲဥကို ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာက တည်ကြည်သွားသည်။
"ဒါက... အရမ်းပြင်းထန်တဲ့ ဝိညာဉ်စွမ်းအားတွေ"
နှင်းခဲဥသည် သက်ရှိတစ်ခုကဲ့သို့ လှုပ်ရှားနေပုံရသော်လည်း တစ်ဖက်တွင်လည်း ထူထဲသော ဝိညာဉ်စွမ်းအားများ ဖုံးလွှမ်းနေသည့် ဗလာနယ်တစ်ခုကဲ့သို့ ရှိနေသည်။ ဤအရာသည် အမှန်တကယ်ပင် ပြီးပြည့်စုံသော ဝိညာဉ်အစေခံ ဖြစ်လာနိုင်လေသည်။
"ငါ အထူး ပြုပြင်မွမ်းမံထားတာလေ"
ကျိယွမ်က ဂုဏ်ယူစွာ ပြောလိုက်၏။ တစ္ဆေစိုးမိုးကောင်းကင်ကို ရင်ဆိုင်ရန်အတွက် သူသည် မူလသဘောတရားတံခါးသို့ ပြန်သွားခဲ့ပြီး တစ္ဆေစိုးမိုးကောင်းကင် နတ်ဆိုးချောက်အရှင်သခင်၏ မူလသဘောတရားကို လေ့လာခဲ့သည်။ နတ်ဆိုးချောက်အရှင်သခင်၏ မူလသဘောတရားသည် ဝိညာဉ်တစ်သောင်းတံခွန်နှင့် နီးကပ်စွာ ဆက်နွှယ်နေ၏။
ကျိယွမ်သည် သူ၏ ထက်မြက်သော မျက်လုံးများနှင့် အနှိုင်းမဲ့မူလသဘောတရားများမှတစ်ဆင့် မြင်တွေ့ရသော လျှို့ဝှက်ချက်များကို အသုံးပြု၍ ဝိညာဉ်တစ်သောင်းတံခွန်နှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေသော နှင်းခဲဥကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဤဥသာ ပျံ့နှံ့သွားပါက တစ္ဆေစိုးမိုးကောင်းကင်၏ တပည့်များသည် ၎င်းအတွက် ရူးသွပ်သွားကြမည်မှာ အသေအချာပင်။
"ငါက ဒီနှင်းခဲဥတွေကို ငါးစာအဖြစ် သုံးပြီး တစ္ဆေစိုးမိုးကောင်းကင်က တပည့်တွေကို မျှားခေါ်ပြီး တစ်ပြိုင်နက်တည်း အကုန်ဖမ်းဖို့ စီစဉ်ထားတာ"
ကျိယွမ်က အစီအစဥ်တစ်စိတ်တစိပိုင်းကို ပြောလိုက်သည်။
နှင်းခဲဓားမှာ စိုးရိမ်တကြီးဖြင့် တံထွေးမျိုချလိုက်ရ၏။ အစီအစဉ်က ဖြစ်နိုင်ခြေ ရှိပါသည်။ သို့သော်...
"ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ မင်းက ဘာလို့ ငါ့ကို ပါဝင်စေချင်တာလဲ"
နှင်းခဲဓားက နားမလည်စွာမေးလိုက်သည်။
"ငါက မင်းရဲ့ ဥတွေကို သုံးနေတာဆိုတော့ မင်းနဲ့ ပူးပေါင်းဆောင်ရွက်မှပဲ သင့်တော်မှာပေါ့"
ကျိယွမ်သည် လူကောင်းတစ်ယောက် ဖြစ်သဖြင့် မည်သည့် အပြစ်မဲ့သူကိုမျှ ဒုက္ခမပေးချင်ပေ။ အမှန်တကယ်တွင် သူ၏ ရိုးသားလွန်းသော သဘာဝကြောင့်ပင် နှာခေါင်းနှိုက်နတ်သမီးနှင့် ဖြစ်ခဲ့သည့် ကိစ္စကဲ့သို့ အခြားသူများကို မရည်ရွယ်ဘဲ နာကျင်စေနိုင်သည်မျိုး မဖြစ်စေချင်တော့ပေ။
"ဒါတွေက... ငါ့ဥတွေ မဟုတ်ဘူးလေ"
နှင်းခဲဓားသည် စိတ်ကို တည်ငြိမ်အောင် ထိန်းထားရင်း ခက်ခက်ခဲခဲ ပြောလိုက်၏။
"ငါ မင်းကို အဲဒီတစ္ဆေစိုးမိုးကောင်းကင် တပည့်တွေကို သတ်လို့ရမယ့် တိုက်ပွဲကောင်းမှုကုသိုလ်တွေရဲ့ ကိုးဆယ်ရာခိုင်နှုန်း ပေးမယ်"
ကျိယွမ်က ရက်ရက်ရောရော ကမ်းလှမ်းလိုက်သည်။ ကျိယွမ်အတွက်မူ သာမန် တိုက်ပွဲကောင်းမှုကုသိုလ်များသည် အသုံးမဝင်ပေ။
ထိုစကားကို ကြားရသောအခါ နှင်းခဲဓား၏ အသက်ရှူသံများ မြန်ဆန်လာလေသည်။ သွေးဝတ်စုံ၏ စွမ်းအားနှင့် ယခုအစီအစဉ်အရဆိုလျှင် ရရှိမည့် တိုက်ပွဲကောင်းမှုကုသိုလ်များသည် အလွန်တရာ များပြားပေလိမ့်မည်။
တစ်ဖက်တွင် မက်လောက်စရာ တိုက်ပွဲကောင်းမှုကုသိုလ်များ ရှိနေပြီး အခြားတစ်ဖက်တွင်မူ သူ၏ သိက္ခာ ရှိနေသည်။
နောက်ဆုံးတွင် သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အံကြိတ်ကာ ပြောလိုက်၏။
"ဒါတွေက... ငါ့ဥတွေ ဖြစ်လာနိုင်ပါတယ်"
ငါ့ရဲ့ သိက္ခာလေးကတော့ မြေစာပင် ဖြစ်ရရှာပြီ။ ဒါပေမဲ့ ငါက သွေးဝတ်စုံနဲ့ မပူးပေါင်းဘဲနေရင်တောင် ဘာမှရမှာမဟုတ်ဘဲ အရှက်ကွဲနေဦးမှာပဲ။ အရှက်ကို မြိုသိပ်ပြီး အကျိုးအမြတ်တချို့ ရယူလိုက်တာကမှ လုံးဝ ဆုံးရှုံးရတာမျိုး မဖြစ်တော့မှာ။
"ဒီအစီအစဉ်ကို ပိုပြီး ယုံကြည်စိတ်ချရအောင် ငါ မင်းအတွက် သီးသန့် ပြုပြင်မွမ်းမံထားတဲ့ ဘိုးဘေးသွေးအတတ်ပညာကို ဖန်တီးပေးထားတယ်။ တကယ်လို့ မင်း ဒီအတတ်ပညာကို ကျင့်ကြံရင် မင်း တကယ်ပဲ ဥ ဥနိုင်လိမ့်မယ်"
ကျိယွမ်က ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးရင်း ပြောလိုက်၏။ ၂၁ရာစုကမ္ဘာမြေ၏ သမိုင်းကြောင်းက စွမ်းအားကြီးသော်လည်း ကျိယွမ်၏ စွမ်းရည်များကိုလည်း လျှော့တွက်၍မရပေ။ သူသည် စိတ်ကူးယဉ်အရာကို အမှန်တရားအဖြစ် ပြောင်းလဲနိုင်သည်။
"ဘိုးဘေးသွေးအတတ်ပညာလား"
နှင်းခဲဓားသည် ဇဝေဇဝါ ဖြစ်သွားသည်။ ဘိုးဘေးသွေးအတတ်ပညာသည် မဟူရာ နတ်ဆိုးချောက် တည်တံ့နေခြင်း၏ အခြေခံ အုတ်မြစ် ဖြစ်သည်။
မဟာမူလသဘောတရားအဆင့်များပင် ဤနည်းစနစ်ကို ကျင့်ကြံကြ၏။သို့သော် မည်သူမျှ ၎င်းကို အောင်မြင်စွာ ပြုပြင်မွမ်းမံနိုင်ခြင်း မရှိခဲ့ဖူးပေ။ သို့မဟုတ် ပြုပြင်မွမ်းမံမှုမှန်သမျှသည် မူရင်းထက် မသာလွန်ခဲ့ပေ။ နတ်ဆိုးချောက်အရှင်သခင်ကိုယ်တိုင်ပင် လက်ရှိ ဘိုးဘေးသွေးအတတ်ပညာဗားရှင်းသည် အကောင်းဆုံး ဖြစ်သည်ဟု တစ်ခါက ပြောခဲ့ဖူးသည်။
ထို့ကြောင့် သွေးဝတ်စုံက ၎င်းကို ပြောင်းလဲလိုက်ပြီဟု ပြောသောအခါ နှင်းခဲဓားသည် သံသယဝင်မိသည်။ သို့သော် သူသည် ကျောက်စိမ်းပြားကို လက်ခံလိုက်၏။
"ငါ အချိန်ရရင် ကြည့်လိုက်ပါ့မယ်"
"တတ်နိုင်သမျှ မြန်မြန်ဖတ်ဖို့ ကြိုးစားပါ။ ဒီဗားရှင်းက မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲပေးရုံတင်မကဘဲ ဥ ဥရတာကို ပိုလွယ်ကူစေမှာဖြစ်ပြီး မင်းဥတဲ့ ဥတိုင်းက မင်းရဲ့ ဘိုးဘေးသွေးအတတ်ပညာ ကျင့်ကြံခြင်းကို ကူညီပေးလိမ့်မယ်။ ဥတွေ များလေလေ၊ မင်း ပိုသန်မာလေလေပဲ"
ကျိယွမ်သည် ထိုစကားများကို ချန်ထားခဲ့ပြီးနောက် နှုတ်ဆက်ကာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
နှင်းခဲဓားသည် ရေခဲစင်မြင့်ပေါ်တွင် တစ်ယောက်တည်း ရပ်ကျန်ရစ်ခဲ့ပြီး ကူကယ်ရာမဲ့စွာ ခံစားလိုက်ရ၏။
"လူတွေကမသိပေမဲ့ ဒီလူကလည်း ဓားနက်လိုပဲ၊ လုံးဝ ခန့်မှန်းလို့ မရတဲ့သူပဲ"
နှင်းခဲဓားက သက်ပြင်းချလိုက်သည်။ လူငယ်မျိုးဆက်များထဲတွင် ဓားနက်နှင့် သွေးဝတ်စုံတို့သည် သူ လုံးဝ နားမလည်နိုင်သော လူနှစ်ဦး ဖြစ်သည်။ သို့သော် ထိုနှစ်ဦး၏ ခန့်မှန်းရခက်ပုံကတော့ လုံးဝ ကွဲပြားခြားနားလှ၏။
သိလိုစိတ်ကြောင့် နှင်းခဲဓားသည် ပြုပြင်မွမ်းမံထားသော ဘိုးဘေးသွေးအတတ်ပညာကို ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ သူသည် မွမ်းမံထားသော ကျင့်စဉ်မှတစ်ဆင့် သွေးဝတ်စုံ၏ နားလည်မှုကို ခန့်မှန်းကြည့်ချင်သောကြောင့် ဖြစ်သည်။
"ဤအတတ်ပညာကို ကျင့်ကြံရန်အတွက် သင်သည် ဦးစွာ ဥတစ်လုံးကို ဥရမည်..."
ပထမဆုံး စာကြောင်းကပင် နှင်းခဲဓားကို စိတ်ပျက်လုနီးပါး ဖြစ်သွားစေသည်။
ငါ့ကို သွေးအန်အောင် လုပ်နေတာလား။
သူက သည်းခံပြီး ဆက်လက်ဖတ်ရှုလိုက်ရာ ဖတ်လေလေ သူ၏ မျက်နှာအမူအရာက အံ့ဩခြင်းမှသည် တည်ကြည်လေးနက်သော အာရုံစိုက်မှုသို့ ပြောင်းလဲသွားလေလေ ဖြစ်လာခဲ့သည်။
"ဒါ... ဒါက... သွေးဝတ်စုံ ပြောတာ တကယ်ပဲ"
"တကယ်လို့ ငါ ဒီဘိုးဘေးသွေးအတတ်ပညာဗားရှင်းကို ကျင့်ကြံရင် ငါ့ရဲ့ ကျင့်ကြံခြင်းအရှိန်က နှစ်ဆ တိုးလာမှာပဲ"
"ဘယ်လို ပါရမီရှင်မျိုးက ဒါကို စဉ်းစားမိတာလဲ"
"ဒါက မယုံနိုင်စရာပဲ"
"ဒါက အံ့ဩစရာကောင်းလွန်းတယ်"
နှင်းခဲဓားသည် ဖတ်လေလေ ဤနည်းစနစ်၏ ကြောက်မက်ဖွယ်ကောင်းသော အလားအလာကြောင့် ပို၍ အံ့အားသင့်လေလေ ဖြစ်ရသည်။ ၎င်းသည် အမှန်တကယ်ပင် ထူးခြားဆန်းပြားလွန်းလှသည်။
နာရီဝက်ခန့် ဖတ်ရှုပြီးနောက် နှင်းခဲဓားသည် ရေခဲတုံးပေါ်၌ ထိုင်ရင်း အလွန် စိတ်ပျက်မှုကို ခံစားလိုက်ရ၏။
"ဒါကို နားလည်ဖို့ဆိုရင် 'ပါရမီရှင်' ဖြစ်ရုံတင်မကဘဲ အနိမ့်ဆုံး စံသတ်မှတ်ချက်ကို ကျော်လွန်ရမှာပဲ"
သွေးဝတ်စုံက သန်မာသည်ကို သူ သိထားသော်လည်း မိမိနှင့် နှိုင်းယှဉ်ပါက မည်မျှအထိ ပို၍ သန်မာနေသည်ကိုမူ သူ အပြည့်အဝ သဘောမပေါက်ခဲ့ပေ။ သို့သော် ယခုအခါ လွယ်လွယ်ကူကူ ပြုပြင်မွမ်းမံထားသော ဤဘိုးဘေးသွေးအတတ်ပညာကို မြင်တွေ့လိုက်ရသောအခါ သူတို့ကြားရှိ ကြောက်မက်ဖွယ်ကောင်းသော ကွာဟချက်ကို သူ မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
"ကိုယ်က ပိုသန်မာလာလေလေ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ အရေးမပါလဲဆိုတာ ပိုသိလာလေလေပဲ"
နှင်းခဲဓားက ရေရွတ်လိုက်သည်။
"ဒီနည်းစနစ်ကို... ငါ ကျင့်ကြံမယ်"
"ငါ ဥ ဥရမယ်ဆိုရင်ကော ဘာဖြစ်လဲ။ ပိုပြီး သန်မာလာဖို့နဲ့ နှိုင်းယှဉ်ရင် အဲဒါက ဘာအရေးလဲ"
နှင်းခဲဓားသည် အသေးစိတ်အချက်အလက်များကို ဂုဏ်မယူနေတော့ပေ။ မွမ်းမံထားသော ဘိုးဘေးသွေးအတတ်ပညာသည် ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ပေးရုံတင်မကဘဲ သွေးမျိုးဆက်ကိုလည်း မြှင့်တင်ပေးနိုင်သည်။ ဤနည်းစနစ်သာ ပျံ့နှံ့သွားပါက မဟာမူလသဘောတရားအဆင့်များပင်လျှင် တိတ်တဆိတ် ဥ ဥကြလိမ့်မည်။
ထို့ကြောင့် သူကော ဥအချို့ ဥရသည်ကို ဘာကြောင့် စိတ်ထဲထားရမည်နည်း။
"သွေးဝတ်စုံ ရောက်လာကတည်းက မဟူရာ နတ်ဆိုးချောက်ထဲမှာ အရာအားလုံးက ဘာလို့ ဒီလောက်တောင် ထူးဆန်းကုန်ရတာလဲ"
အင်အားကြီးအဖွဲ့အစည်းတိုင်းတွင် ကိုယ်ပိုင်ဟန် ရှိကြသည်။ မဟူရာ နတ်ဆိုးချောက်သည် အမြဲတမ်း မှောင်မိုက်ပြီး နက်နဲခဲ့၏။ သို့သော် ယခုမူ အရာအားလုံးက အိပ်မက်ဆန်ဆန်၊ ဆန်းကြယ်စွာဖြင့် ရယ်စရာကောင်းနေပြီး ဖြစ်ပျက်သမျှကလည်း လုံးဝ ယုတ္တိမရှိတော့ပေ။
"စီနီယာခရမ်းရောင်ကံကြမ္မာက သွေးဝတ်စုံကို အာရုံစိုက်ခဲ့တာ အကြောင်းမဲ့ မဟုတ်ဘူးပဲ။ သွေးဝတ်စုံက ထူးဆန်းပေမဲ့ သူရဲ့ ပါရမီက... ဓားနက်ထက်တောင် သာလွန်နိုင်တယ်"
နှင်းခဲဓားက စဉ်းစားလိုက်၏။
ဓားနက်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး သူ၏ အကြီးမားဆုံး အစွမ်းမှာ သွေးမျိုးဆက် ဖြစ်ကာ သူ၏ ပါရမီသည်လည်း အနှိုင်းမဲ့ ဖြစ်သည်။ သွေးဝတ်စုံ၏ သွေးမျိုးဆက်က ဓားနက်ကို မကျော်လွန်နိုင်သော်လည်း သူ၏ ပါရမီကမူ ကျော်လွန်နိုင်ခြေ ရှိသည်။
"မဟူရာ နတ်ဆိုးချောက်ရဲ့ မဟာမူလသဘောတရားအဆင့် သခင်နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရမယ့် အခွင့်အရေးမျိုး ငါ့မှာ ရှိလာမလား မသိဘူး"
နှင်းခဲဓားက သက်ပြင်းချလိုက်ပြီးမှ ရုတ်တရက် သူ အတွေးတစ်ခု ရသွား၏။
"ငါ ဒီနည်းစနစ်ကို အကြီးအကဲတွေကို ပေးသင့်သလား"
ဤနည်းစနစ်က ငြင်းပယ်၍မရအောင် သန်မာလွန်းသည်။အကယ်၍ အကြီးအကဲများကလည်း ၄င်းကို ကျင့်ကြံကြလျှင် ဥ ဥကြရပေလိမ့်မည်။ ထိုအခါ နှင်းခဲဓားအနေဖြင့် သူ ဥ ဥရသည့်အဖြစ်ကို အရှက်နည်းသွားလိမ့်မည်။
လူတိုင်းက ဥ ဥနေကြမည်ဆိုလျှင် မည်သူမျှ ထူးခြားနေမည် မဟုတ်တော့ပေ။
"သွေးဝတ်စုံ... ငါ ဒီနည်းစနစ်ကို တခြားသူတွေကို ပေးလို့ရမလား"
နှင်းခဲဓားသည် ဆက်သွယ်ရေးကျောက်စိမ်းပြားမှတစ်ဆင့် မက်ဆေ့ခ်ျပို့လိုက်၏။ သူသည် တာဝန်သိတတ်သော လူတစ်ယောက် ဖြစ်သော်လည်း ကိုယ်ပိုင် အကျိုးစီးပွားလည်း ရှိသည်။ တကယ်လို့ နည်းစနစ်ကို ပေးမည်ဆိုလျှင်လည်း ချက်ချင်းတော့ ပေးမည်မဟုတ်ပေ။
"စိတ်ကြိုက်လုပ်ပါ၊ ဒါပေမဲ့ အစီအစဉ်အသေးစား မပြီးမချင်းတော့ အပြင်ကို မပေါက်ကြားစေနဲ့ဦး"
--------------
အခန်း ၄၅၉ - ဆန်းကြယ်သောဥ၊ တစ္ဆေစိုးမိုးကောင်းကင်နှင့် မဟူရာနတ်ဆိုးချောက် တုန်လှုပ်သွားခြင်း
ကျိယွမ်၏ မက်ဆေ့ကို ရရှိပြီးနောက် နှင်းခဲဓား စိတ်အေးသွားခဲ့သည်။
"ငါ ဒီဘိုးဘေးသွေးအတတ်ပညာကို တတ်နိုင်သမျှ မြန်မြန် ကျင့်ကြံရမယ်။ မဟုတ်ရင်... ဒါကသာ လူတိုင်းဆီ ပျံ့သွားရင် ငါ့ရဲ့ အားသာချက်က လျော့နည်းသွားလိမ့်မယ်"
"သွေးဝတ်စုံက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ဒီဘိုးဘေးသွေးအတတ်ပညာက ငါ့အတွက် သီးသန့် ဖန်တီးပေးထားသလိုပဲ"
ကျင့်စဥ်က သူ့အတွက် သီးသန့် ဖြစ်သောကြောင့် သူသာ ကျင့်ကြံပါက ရလဒ်အကောင်းဆုံး ဖြစ်မှာသေချာ၏။ တခြားသူများ ကျင့်ကြံလျှင်တော့ တိုးတက်နိုင်သော်လည်း အာနိသင်က အနည်းငယ် လျော့နည်းသွားနိုင်သည်။
"ဒါပေမဲ့... သူက ငါ့ရဲ့ သွေးမျိုးဆက်အကြောင်းကို ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အသေးစိတ် သိနေရတာလဲ"
ရုတ်တရက် နှင်းခဲဓားသည် အမှန်တရားကို သဘောပေါက်သွားပြီး တောင့်တင်းသွား၏။ သူသည် သွေးဝတ်စုံနှင့် အများကြီး မထိတွေ့ခဲ့ဖူးဘဲ အနည်းငယ်မျှသာ ဆုံတွေ့ခဲ့ဖူးခြင်း ဖြစ်သည်။ ထို့ပြင် သူ၏ သွေးမျိုးဆက်ကိုလည်း မည်သူ့ကိုမျှ မပြခဲ့ဖူးပေ။ သွေးဝတ်စုံအနေဖြင့် သူ၏ သွေးမျိုးဆက် နမူနာကို ရရှိနိုင်စရာ အကြောင်းမရှိပါ။ သို့သော် သွေးဝတ်စုံက သူ၏ သွေးမျိုးဆက်အကြောင်းကို မည်သို့ဖြစ်၍ ဤမျှအထိ နက်နက်ရှိုင်းရှိုင်း သိရှိနေရသနည်း။
နှင်းခဲဓားသည် တစ်ကိုယ်လုံး ကြက်သီးများ ထသွားပြီး တုန်လှုပ်သွားခဲ့သည်။
"ဒါ... ဒါက ဖြစ်နိုင်တာက ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးဝတ်စုံရဲ့ သွေးမျိုးဆက် စီးဆင်းနေလို့လား။ အဲဒါကြောင့် သူက ငါ့အကြောင်းကို ဒီလောက် သိနေတာလား"
"ဒါမှမဟုတ်ရင် သူက ဘာဖြစ်လို့ ဒီလောက် အဖိုးတန်တဲ့ ဘိုးဘေးသွေးအတတ်ပညာကို ငါ့အတွက် သီးသန့် ပြင်ဆင်ပေးဖို့ ဒီလောက်အထိ အပင်ပန်းခံမှာလဲ"
နှင်းခဲဓား၏ စိတ်ထဲတွင် အတွေးများစွာ ဝင်ရောက်လာပြီး သွေးဝတ်စုံကို သတိရမိသောအခါ သူ၏ ခန္ဓာကိုယ်ပေါ်သို့ နွေရာသီ၏ နွေးထွေးသော နေရောင်ခြည် ဖြာကျလာသကဲ့သို့ နွေးထွေးမှုကို ရုတ်တရက် ခံစားလိုက်ရတော့သည်။
ဒီကောင် တစ်ခုခုတော့ တစ်ခုခုပဲ။
...........
တစ္ဆေစိုးမိုးကောင်းကင် စခန်း၏ တစ္ဆေတံခါးဟု ခေါ်သော ခံတပ်တွင် ဖြစ်သည်။
တစ္ဆေတံခါးနှင့် နတ်ဆိုးတောင်ကြားလမ်းတို့သည် သက်ဆိုင်ရာကောင်းကင်များ၏ နယ်စပ်ခုခံရေး စစ်စခန်းများလည်း ဖြစ်ကြ၏။ ယခုအချိန်တွင် တစ္ဆေတံခါး၌ ပါရမီရှင်များ ပြည့်နှက်နေသည်။
"မဟူရာနတ်ဆိုးချောက်က တကယ်ပဲ ပါရမီရှင်တွေ ထွက်တဲ့နေရာပဲ။ သူတို့ဆီမှာ ဓားနက်နဲ့ သွေးဝတ်စုံ ရှိရုံတင်မကဘူး၊ အခု ဥ ဥတဲ့... နှင်းခဲဓားတောင် ရှိနေပြီ"
ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါသော လူငယ်တစ်ဦးက ပြောလိုက်၏။ သူ၏ ခါးတွင် အရိုးဖြူကျောက်စိမ်းဆွဲပြားတစ်ခု ချိတ်ဆွဲထားပြီး နှင်းခဲဓားအကြောင်းကို ပြောသောအခါ သူ၏ မျက်ဝန်းများထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားသည်။
"ဒါဆို ဒါက သူ့ရဲ့ ဥပေါ့။ တကယ်ပဲ ထူးကဲတဲ့... ဝိညာဉ်အစေခံပဲ"
လူအုပ်၏ အကြည့်များသည် သစ်သားဗူးတစ်ခုပေါ်သို့ ကျရောက်သွားကြသည်။ ဗူးထဲတွင်မူ ဒိုင်နိုဆောဥတစ်လုံးခန့် အရွယ်အစားရှိသော အပြာရောင် ဥအကြီးကြီးတစ်လုံးကို ပါရမီရှင်များစွာ မြင်တွေ့လိုက်ရ၏။
ထိုဥကို မြင်ရသောအခါ သူတို့၏ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများထဲတွင် လောဘရိပ်များ ပြည့်နှက်သွားကြသည်။
"ဒါက ငါ နှစ်ပေါင်းတစ်ရာအတွင်း မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ဥပဲ"
"ဒီနှင်းခဲဥက မွေးရာပါ ဝိညာဉ်အစေခံပဲ"
ထိုဥထဲတွင် မှုံဝါးသော ဝိညာဉ်တစ်ခု ရှိနေသည်။ ထို့ကြောင့် ၎င်းက ဝိညာဉ်အစေခံအဖြစ် အသုံးပြုရန် ရာနှုန်းပြည့် သင့်တော်လှ၏။ ၎င်းကို ဝိညာဉ်တစ်သောင်းတံခွန်ထဲတွင် ထည့်သွင်းလိုက်ပါက အကောင်းဆုံး ဝိညာဉ်အစေခံ ဖြစ်လာပေလိမ့်မည်။
သာမန် စွမ်းအားကြီးသော ဝိညာဉ်အစေခံများကို သစ္စာဖောက်ခြင်းမှ ကာကွယ်ရန် အခါအားလျော်စွာ ဖိနှိပ်ထားရတတ်သည်။ သို့သော် ဤဥကို ဝိညာဉ်အစေခံအဖြစ် သုံးပါက ထိုသို့ စိုးရိမ်စရာ မလိုပေ။
"ဒီလောက် ပြီးပြည့်စုံတဲ့ တိုက်ဆိုင်မှုမျိုး လောကမှာ ရှိနိုင်ပါ့မလား။ ဒီနှင်းခဲဥထဲမှာ ထောင်ချောက်တစ်ခုခု ရှိနေမလား"
သတိထားတတ်ပုံရသော ပါရမီရှင်တစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။
တစ္ဆေစိုးမိုးကောင်းကင်နှင့် မဟူရာနတ်ဆိုးချောက်တို့က တိုက်ပွဲဖြစ်ပွားပြီးရုံသာ ရှိသေးရာ ယခုအခါတွင် တစ္ဆေစိုးမိုးကောင်းကင် လိုအပ်နေသော အရာကို မဟူရာနတ်ဆိုးချောက်က ရုတ်တရက် ရရှိထားသည်။ အားလုံးက သံသယဖြစ်ဖွယ် ကောင်းလှ၏။ သာမန် လုပ်ကြံဖန်တီးမှုသီအိုရီအရ ဆိုရလျှင် ပြဿနာတစ်ခုခု ရှိနေသည်မှာ သေချာသည်။
ထိုစဉ် ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော မိုချုံက စကားဆိုလိုက်သည်။
"ငါ ဒီနှင်းခဲဥကို အကြီးအကဲဆီ ယူသွားပြီးပြခဲ့တယ်။ အကြီးအကဲကတော့... ဒီဥမှာ ဘာပြဿနာမှ မရှိဘူးလို့ ပြောတာပဲ"
မိုချုံ၏ စကားကို ကြားရသောအခါ စုဝေးနေသော ပါရမီရှင်များသည် သက်ပြင်းချနိုင်ကြတော့သည်။
"အကြီးအကဲက ပြောတယ်ဆိုရင်တော့ အဆင်ပြေမှာပါ"
"အကြီးအကဲက မဟာ မူလသဘောတရားအဆင့် သခင်ကြီးတစ်ယောက်ပဲဥစ္စာ..."
သူတို့၏ စိတ်များ တည်ငြိမ်သွားကြသည်။
"ငါ နောက်ထပ် သတင်းအသစ်တစ်ခု ရထားသေးတယ်။ ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေထဲမှာ နှင်းခဲဥတွေ အမြောက်အမြား ရှိနေတယ်တဲ့"
မိုချုံက လူသတ်ငွေ့များ ဖုံးကွယ်ထားသော အေးစက်သည့် လေသံဖြင့် ပြောလိုက်၏။
အခြား ပါရမီရှင်များသည် ထိုစကားကို ကြားသောအခါ အမူအရာများ တောင့်တင်းသွားကြသည်။ သိသာသည်မှာ သူတို့အားလုံးသည်လည်း ထိုသတင်းကို ရရှိထားကြခြင်း ဖြစ်သည်။
"သွေးဝတ်စုံက တကယ်ကို ထူးဆန်းတာပဲ။ သူက ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေထဲကို နှင်းခဲဥတွေ ယူသွားပြီးတော့ ဒီဥတွေကို လိုချင်တဲ့သူမှန်သမျှ သူ့ကို အနိုင်တိုက်ရမယ်လို့ မောက်မာစွာ ကြေငြာထားတယ်လေ။ တကယ့်ကို မောက်မာတာပဲ"
ပါရမီရှင်တစ်ဦးက သူ၏ မျက်ဝန်းများတွင် လူသတ်လိုစိတ်များ ပြည့်နှက်လျက် ဟိန်းဟောက်လိုက်သည်။
"သူ့မှာ မောက်မာပိုင်ခွင့် ရှိတာပေါ့။ သူက မိုနာကို သတ်ခဲ့ရုံတင်မကဘူး၊ ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်ရဲ့ လက်ထဲကနေတောင် လွတ်မြောက်ခဲ့တာ"
"သူ ဘယ်လောက်ပဲ သန်မာပါစေ၊ သူက ငါတို့လိုပဲ ဒဏ္ဍာရီအဆင့် သက်သက်ပါပဲ"
ထိုပါရမီရှင်များသည် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေကြသည်။ သူတို့သည်လည်း တစ်ခေတ်တွင် တစ်ယောက် ဟုဆိုရမည့် ပါရမီရှင်များ ဖြစ်ကြသဖြင့် ကိုယ်ပိုင် ဂုဏ်မာနများ ရှိကြသည်။ သူတို့ထဲမှ မည်သူမျှ သွေးဝတ်စုံနှင့် မတိုက်ခိုက်ဖူးသေးသဖြင့် သူ့ကို မည်သူကမှ မကြောက်ရွံ့ကြပါ။
"ဒီတစ်ခေါက် ငါ ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေထဲကို ဝင်ပြီး သွေးဝတ်စုံကို ရင်ဆိုင်မယ် ၊ နှင်းခဲဥတွေကို လုယူမယ်။ ဘယ်သူ ငါနဲ့အတူ လိုက်မလဲ"
မိုချုံက တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာဖြင့် မေးလိုက်၏။
"ငါ လိုက်မယ်"
ပါရမီရှင်တစ်ဦးက ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် ပြောလိုက်သည်။
"ငါ တိုက်ပွဲကောင်းမှုကုသိုလ်တွေကော နှင်းခဲဥတွေကိုကော အကုန်လိုချင်တယ်"
"ငါလည်း လိုက်မယ်"
"သွေးဝတ်စုံက လွန်လွန်းသွားပြီ။ တစ္ဆေစိုးမိုးကောင်းကင်မှာ လူမရှိဘူးလို့ သူ ထင်နေတာလား"
ထိုပါရမီရှင်များသည် ဒေါသတကြီးဖြင့် ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေသို့ သွားရောက်ရန် ပြင်ဆင်ကြတော့သည်။ သိသာသည်မှာ ၎င်းသည် မဟူရာနတ်ဆိုးချောက်၏ အစီအစဉ်တစ်ခု ဖြစ်နိုင်သည်ကို သူတို့ သိသော်လည်း ဂရုမစိုက်ကြပေ။
ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေအတွင်း၌ သာမန် ယန်နတ်ဘုရားတစ်ပါးပင်လျှင် ဒဏ္ဍာရီလာနယ်ပယ်သို့ စွမ်းအား လျော့ကျသွားမည် ဖြစ်သည်။ နှစ်ဖက်မှ မူလသဘောတရားအဆင့်များသည် နတ်ဆိုးတောင်ကြားလမ်းနှင့် တစ္ဆေတံခါးတို့တွင် အခြေစိုက်ထားရသဖြင့် လွယ်လွယ်ကူကူ မလှုပ်ရှားနိုင်ကြပေ။
ထို့အပြင် ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေအတွင်းသို့ ရောက်ရှိပါက တစ္ဆေစိုးမိုးကောင်းကင်နှင့် မဟူရာနတ်ဆိုးချောက် နှစ်ဖက်စလုံးမှ ယန်နတ်ဘုရားများ ရှိနေကြမည်ဖြစ်သဖြင့် တစ်ဦးကိုတစ်ဦး ထိန်းကျောင်းထားနိုင်လိမ့်မည်။
စစ်ပွဲ၏ ကနဦးအဆင့်တွင် စစ်သူကြီးများက စစ်သူကြီးများနှင့် တိုက်ခိုက်ပြီး စစ်သည်များက စစ်သည်များနှင့် တိုက်ခိုက်ခြင်းမှာ ထုံးစံပင် ဖြစ်သည်။ သို့သော်လည်း ပါရမီရှင်များကို ပစ်မှတ်ထားသည့် လုပ်ကြံသတ်ဖြတ်မှုများကမူ အမြဲတမ်း ရှိနေနိုင်၏။
"အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် သွားကြမယ်"
...........
တစ်ချိန်တည်းမှာပင် နတ်ဆိုးတောင်ကြားလမ်း၌လည်း ဆွေးနွေးမှုများ ဆူညံနေလေသည်။
"သွေးဝတ်စုံက တကယ်ကို အဆင်အခြင်မဲ့တာပဲ။ ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေထဲကို တစ်ယောက်တည်း သွားရဲတယ်လို့။ တကယ်လို့ သူ့မှာ တစ်ခုခု ဖြစ်သွားရင် မဟူရာနတ်ဆိုးချောက်ရဲ့ တိုက်ပွဲဝင်စိတ်က ထိုးဆင်းသွားလိမ့်မယ်"
ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်တစ်ဦးက မှတ်ချက်ချလိုက်၏။ သွေးဝတ်စုံက ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေထဲတွင် တစ္ဆေစိုးမိုးကောင်းကင်၏ ပါရမီရှင်များကို စိန်ခေါ်လိုက်သည့် သတင်းက သူတို့၏ နားထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"သူက တကယ်ပဲ သူ့ကိုယ်သူ ဓားနက်နဲ့ ရင်ဘောင်တန်းနိုင်တယ်လို့ ထင်နေတာလား"
ယင်ဝိညာဉ်ကောင်းကင်ဘုံမှ ယန်နတ်ဘုရားတစ်ပါးကလည်း မနှစ်သက်သော လေသံဖြင့် ဝင်ပြောသည်။
တကယ်လို့ ဓားနက်သာ သူ၏ ဒဏ္ဍာရီအဆင့်မှာ ဤသို့လုပ်ခဲ့လျှင် သူတို့ လက်ခံနိုင်ကြလိမ့်မည်။ သို့သော် သွေးဝတ်စုံလား။ သူက ဓားနက်အသေးစားလေးမျှသာ ဖြစ်သည်။ ထိုယန်နတ်ဘုရားများ၏ စိတ်ထဲတွင် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသာ သူ့ကို တန်ဖိုးထားခြင်းဖြစ်ပြီး သူတို့အတွက်မူ သူက နှင်းခဲဓား၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းမျှသာ ဖြစ်၏။ သွေးဝတ်စုံက ယန်နတ်ဘုရားတစ်ပါး၏ လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့ခြင်းမှာလည်း ခရမ်းရောင်ကံကြမ္မာဘိုးဘေး ဝင်ရောက်ကူညီခဲ့ခြင်းကြောင့်ဟု သူတို့ သံသယဝင်နေကြသည်။
"သူ သွားရဲတယ်ဆိုကတည်းက သူ့မှာ ယုံကြည်ချက် ရှိလို့နေမှာပေါ့"
အခြား ယန်နတ်ဘုရားတစ်ပါးက ရယ်မောကာ ပြောလိုက်၏။
"ဒါက သွေးဝတ်စုံရဲ့ ပါရမီနဲ့ တိုက်ခိုက်မှုစွမ်းရည်ကို ကြည့်ရမယ့် အခွင့်အရေးကောင်းပဲ။ သူက ဓားနက်နဲ့ ယှဉ်ရင် ဘယ်လောက်အထိ ရှိမလဲဆိုတာ ကြည့်ရတာပေါ့"
အခြားသူများကလည်း သိပ်ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်ကြသည်။ သွေးဝတ်စုံသည် ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ အသည်းစွဲမျှသာ ဖြစ်ပြီး သူတို့အတွက်မူ စိတ်ထင်ရာလျှောက်သွားနေသော လူငယ်ပါရမီရှင်တစ်ဦးမျှသာ ဖြစ်သည်။ သူတို့သည် ဤကဲ့သို့သော ပါရမီရှင်များကို အများအပြား မြင်ဖူးလှပြီ။
"ကျိယွန်ဖုန်း... ဒီတစ်ခေါက် မင်းပဲ သူ့ကို ကာကွယ်ပေးဖို့ တာဝန်ယူလိုက်ပါလား"
ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်တစ်ဦးက ကျိယွန်ဖုန်းကို ကြည့်ရင်း မေးလိုက်သည်။
ကျိယွန်ဖုန်းသည် စကားနည်းပြီး တည်ငြိမ်သော ကောင်းကင်ဘုံအရှင်တစ်ဦး ဖြစ်သည်။ သူက ခေါင်းညိတ်လိုက်၏။
"ကောင်းပါပြီ"
"မင်း အဲဒီမှာ ရှိနေရင် တစ္ဆေစိုးမိုးကောင်းကင်က ယန်နတ်ဘုရားတွေ လှုပ်ရှားတာကို တားဆီးနိုင်လိမ့်မယ်"
ထိုယန်နတ်ဘုရားက ပြောလိုက်သည်။
အနီးနားတွင် ရှိနေသော လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည် ဤအရာအားလုံးကို စောင့်ကြည့်နေပြီး သူ၏ စိတ်ထဲတွင် အတွေးများ ဗလောင်ဆူနေခဲ့သည်။
သွေးဝတ်စုံက သူ့ကို သစ္စာဖောက်အဖြစ် ထောက်ပြကတည်းက သူသည် သတိကြီးစွာ ထားနေရပြီး အရာရာကို အမြဲတမ်း သံသယဝင်နေခဲ့သည်။ သူသည် သွေးဝတ်စုံ၏ လှုပ်ရှားမှုများကို နားမလည်နိုင်တော့ပေ။
သူက ကောင်းကင်ဘုံအရှင် ဟွေးကျန်းကို ပစ်မှတ်ထားရမှာ မဟုတ်ဘူးလား။
ဘာဖြစ်လို့ ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေသို့ သွားပြီး တစ္ဆေစိုးမိုးကောင်းကင်၏ ပါရမီရှင်များကို ရန်စနေရသနည်း။
သွေးဝတ်စုံက သူ့ကို စမ်းသပ်နေခြင်းလား။
သူက ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်တိုင်းကို ဤစကားမျိုး လိုက်ပြောပြီး မည်သူက တုံ့ပြန်လာမည်ကို စောင့်ကြည့်နေခြင်းလား။
ကံကောင်းထောက်မစွာဖြင့် သူသည် ဤအတောအတွင်း ငြိမ်ငြိမ်လေး နေခဲ့သည်။
ထိုစဉ် ကျယ်လောင်ပြီး တက်ကြွသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
"တကယ်လို့ သွေးဝတ်စုံ အန္တရာယ်ရှိလာရင် ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေထဲကို ဝင်ပြီး သူ့ကို ကယ်တင်ဖို့ ဒီအဆောင်စာရွက်ကို သုံးလိုက်ပါ"
လမင်းကဲ့သို့ ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် ဓားနက် ပေါ်လာပြီး ကျိယွန်ဖုန်းထံသို့ အဆောင်စာရွက်တစ်ရွက် ကမ်းပေးလိုက်သည်။
ကျိယွန်ဖုန်းက ရိုသေစွာ လက်ခံလိုက်၏။
"ကျေးဇူးတင်ပါတယ်၊ ကောင်းကင်ဘုံအရှင်"
ဓားနက်၏ နှုတ်ခမ်းဖျားတွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။
"ဒါပေမဲ့ ဒီအဆောင်စာရွက်ကို လိုအပ်လိမ့်မယ်လို့ ငါ မထင်ဘူး"
သူ၏စကားကြောင့် ယန်နတ်ဘုရားများ အံ့ဩသွားကြသည်။ သွေးဝတ်စုံသည် တစ္ဆေစိုးမိုးကောင်းကင်၏ ပါရမီရှင်များစွာကို စိန်ခေါ်ထားခြင်း ဖြစ်သည်။ သူတို့၏ လူငယ်ဘဝတွင်ပင် မည်သူမျှ ဤမျှအထိ ရဲတင်းခြင်း မရှိခဲ့ဖူးပေ။
"ဓားနက်က သွေးဝတ်စုံရဲ့ ဝှက်ဖဲအကြောင်းတစ်ခုခု သိထားလို့လား။ သူ့အပေါ် ယုံကြည်ချက် ရှိနေတာလား"
ယန်နတ်ဘုရားတစ်ပါးက မမေးဘဲ မနေနိုင်တော့ပေ။
သွေးဝတ်စုံ၏ ပါရမီနှင့် ပတ်သက်၍ ငြင်းခုံမှုများစွာ ရှိခဲ့သည်။ အချို့က ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် နတ်ဆိုးချောက်နက် အရှင်သခင်ကို အမြင်ကတ်ပုဒ်မဖြင့် သွေးဝတ်စုံကို ရှေ့တန်းတင်ထားခြင်းသာ ဖြစ်သည်ဟု ပြောကြသည်။
ဓားနက်က ခေါင်းခါလိုက်၏။
"ငါ မသိဘူး၊ ဒါပေမဲ့ ငါ့ရဲ့ အလိုလိုသိစိတ်က ပြောနေတာက... သူ နိုင်လိမ့်မယ် တဲ့"
"ဓားနက်က ဒီလောက်တောင် ယုံကြည်ချက် ရှိနေရင် ငါတို့ကတော့ သတင်းကောင်းကိုပဲ စောင့်ရတော့မှာပေါ့"
မဟူရာနတ်ဆိုးချောက်တွင် စွမ်းအားကသာ အရာရာ ဖြစ်သည်။ ဓားနက်၏ စွမ်းအားနှင့် ပါရမီက သူတို့ထက် သာလွန်သဖြင့် သူတို့က သူ့ကို "ကောင်းကင်ဘုံအရှင်" ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
"ဒီကိစ္စတွေက အရေးမကြီးပါဘူး... မင်းတို့ထဲက ဘယ်သူ့ဆီမှာ နှင်းခဲဓားရဲ့ ဥ ရှိလဲ"
ဓားနက်က မေးလိုက်၏။
"ဒါကို ပြောတာလား"
ယန်နတ်ဘုရားတစ်ပါးက ကျိယွမ် ပေးထားခဲ့သော ဥကို ထုတ်ပြလိုက်သည်။
"ဒါ မဟုတ်ဘူး။ ငါ ပြောတာက လတ်တလော ထွက်ပေါ်နေပြီး တစ္ဆေစိုးမိုးကောင်းကင်က မက်မောနေကြတဲ့ ဥတွေကို ပြောတာ"
ဓားနက်က ခေါင်းခါလိုက်သည်။ သူသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာရုံသာ ရှိသေးပြီး နှင်းခဲဥများအကြောင်း ကြားသိရသဖြင့် သိလိုစိတ် ပြင်းပြနေခြင်း ဖြစ်သည်။
"နှင်းခဲဓားကို ဆင့်ခေါ်ပြီး နောက်ထပ်တစ်လုံးလောက် ထုတ်ပြခိုင်းရမလား။ သူက ဘယ်လိုဖြစ်ပြီး ဒီလို ဆန်းပြားတဲ့ ဥတွေကို ရုတ်တရက် ဥနိုင်သွားတာလဲဆိုတာ ငါလည်း စိတ်ဝင်စားနေတာ"
ကျိယွန်ဖုန်းက အကြံပြုလိုက်သည်။
"ဒီဥတွေမှာ ဘာအထူးအဆန်း ရှိနေလို့ ဓားနက်က ဒီလောက် စိတ်ဝင်စားနေရတာလဲ"
ထိုစဉ် မျက်နှာအမူအရာ ရှုပ်ထွေးနေသော ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်တစ်ဦးက ဝင်ပြောလိုက်၏။
"ငါ့ဆီမှာ တိုက်တိုက်ဆိုင်ဆိုင် တစ်လုံး ရှိတယ်"
သူက နှင်းခဲဥတစ်လုံးကို ထုတ်ယူလိုက်သည်။ ချက်ချင်းပင် မျက်လုံးပေါင်းများစွာက ထိုဥပေါ်သို့ စိုက်ကျလာကြပြီး မျက်ဝန်းများထဲတွင် သိလိုစိတ်များ ပြည့်နှက်နေသည်။
"ဒီဥက... သာမန် မဟုတ်ဘူးပဲ"
"ဒါက ဝိညာဉ်တစ်သောင်းတံခွန်အတွက် မွေးဖွားလာသလိုပဲ"
ယန်နတ်ဘုရားများသည် တစ်ချက်ကြည့်ရုံမျှဖြင့် ဤဥနှင့် ပတ်သက်သော အချက်အလက်များစွာကို သိရှိသွားကြသည်။ သူတို့သည် ၎င်းကို သေချာစွာ စူးစမ်းလေ့လာပြီး အသေးစိတ်အချက်အလက်တိုင်းကို စိစစ်ကြည့်ကြသည်။
ရုတ်တရက် ဓားနက်၏ မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီသွား၏။ သွေးရောင်အလင်းတန်းက ဥပေါ်သို့ ကျရောက်သွားပြီးနောက် ထိုဥသည် ချက်ချင်းပင် ပေါက်ကွဲသွားခဲ့သည်။ အပြာရောင် အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး သွေးတစ်စက်သာ ကျန်ရစ်တော့သည်။
ဤသွေးတစ်စက်သည် ဆန်းကြယ်ပြီး နက်နဲလှ၏။ ယန်နတ်ဘုရားများသည် ၎င်းကို ကြည့်ရှုလိုက်သောအခါ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူတို့၏ ကိုယ်ပိုင် သွေးမျိုးဆက်များပင် လှုပ်ခတ်လာခဲ့သည်။
"ဒီသွေးက... ငါတို့နဲ့ မူလဇစ်မြစ် တူညီနေတာပဲ။ ဒီဥက တကယ်ပဲ နှင်းခဲဓား ဥခဲ့တာ ဖြစ်ရမယ်"
"ဒီဥက တကယ်ပဲ ထူးခြားနေတာပဲ"
ယန်နတ်ဘုရားများက အချင်းချင်း တီးတိုး ပြောဆိုလိုက်ကြရင်း အမျိုးမျိုးသုံးသပ်နေကြ၏။
ထိုစဉ် ဓားနက်က လေးနက်သော လေသံဖြင့် မေးလိုက်သည်။
"ဒီဥက ဘိုးဘေးသွေးအတတ်ပညာကို ကျင့်ကြံနေတာကို မင်းတို့ သတိထားမိကြလား"
"ဘာ... နှင်းခဲဓားရဲ့ ဥတွေက ဘိုးဘေးသွေးအတတ်ပညာကိုပါ ကျင့်ကြံနိုင်နေပြီလား"
ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်တစ်ဦးက အံ့ဩမှင်သက်သွားပြီး ဥအပိုင်းအစများကို သေချာယူကြည့်သည်။
အခြား ယန်နတ်ဘုရားများသည်လည်း ချက်ချင်းပင် လိုက်လံစူးစမ်းကြည့်ကြတော့သည်။
"တကယ်ပဲ"
"နေဦး... ဒါက ငါတို့ ကျင့်ကြံနေတဲ့ ဘိုးဘေးသွေးအတတ်ပညာဗားရှင်းနဲ့ မတူဘူး"
ယန်နတ်ဘုရားများ အံ့ဩတုန်လှုပ်သွားကြသည်။ ပြောရလျှင် ဘိုးဘေးသွေးအတတ်ပညာသည် ပြီးပြည့်စုံနေပြီ ဖြစ်သည်။ နတ်ဆိုးချောက်နက် အရှင်သခင်ကိုယ်တိုင် ပြောင်းလဲခဲ့လျှင်ပင် မူရင်းထက် မသာလွန်နိုင်ပေ။ ပုံမှန်အားဖြင့် မည်သူမျှ ဘိုးဘေးသွေးအတတ်ပညာကို ပြုပြင်မွမ်းမံရန် မဝံ့ရဲကြပေ။ သို့သော် ယခုမူ သူတို့သည် မတူညီသော ဗားရှင်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။
ထို့ပြင်... ၎င်းက သူတို့ ကျင့်ကြံနေသော ကျင့်စဉ်ထက်ပင် ပို၍ ကောင်းမွန်နေပုံရသည်။
"ဒီဥကို တကယ်ပဲ နှင်းခဲဓား ဥခဲ့တာလား"
အချို့က အံ့အားသင့်နေကြသည်။
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည်လည်း မျက်မှောင်ကုတ်လိုက်ပြီး သူ၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။ သူသည် ဤဥ၏ ထူးခြားဆန်းပြားသော သဘာဝနှင့် ၎င်းက ဘာကို ကိုယ်စားပြုနေသည်ကို ခံစားမိသည်။
တကယ်လို့ ပိုပြီး သန်မာတဲ့ ဘိုးဘေးသွေးအတတ်ပညာဗားရှင်း ရှိနေမယ်ဆိုရင် သူ၏ စွမ်းအားက ပို၍ သန်မာလာနိုင်မည် မဟုတ်လား။ မဟူရာနတ်ဆိုးချောက်၏ စွမ်းအားကော ပို၍ တိုးတက်လာမည် မဟုတ်လား။
"နှင်းခဲဓားကို ဆင့်ခေါ်ပြီး မေးကြည့်ရမလား"
ယန်နတ်ဘုရားတစ်ပါးက အကြံပြုလိုက်သည်။
ဓားနက်က ခေါင်းခါလိုက်၏။
"နှင်းခဲဓားက တံခါးပိတ်ကျင့်ကြံခြင်း ဝင်နေတာပဲ။ သူ့ကို သွားမနှောင့်ယှက်ပါနဲ့တော့။ ဒီကိစ္စက သွေးဝတ်စုံနဲ့ ပတ်သက်နေဖို့ များတယ်။ ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေ ကိစ္စပြီးရင် ငါကိုယ်တိုင် သူ့ကို မေးလိုက်ပါ့မယ်"
သူသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် နှင်းခဲဓားထံသို့ သွားရောက်ခဲ့သော်လည်း နှင်းခဲဓားက တံခါးပိတ်ကျင့်ကြံခြင်းအလယ်တွင် ရှိနေသဖြင့် မနှောင့်ယှက်ခဲ့ခြင်း ဖြစ်သည်။
"သွေးဝတ်စုံနဲ့ ပတ်သက်နေတာလား"
လေဆွေးမြေ့ခြင်းကောင်းကင်ဘုံအရှင်သည် အံ့ဩသွားပြီး သူ၏ ဦးနှောက်များ ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဘာဖြစ်လို့ အရာအားလုံးက သွေးဝတ်စုံနှင့် ဆက်စပ်နေရသနည်း။
ထိုစဉ် မျက်နှာအမူအရာရှုပ်ထွေးနေသော ယန်နတ်ဘုရားအကြီးအကဲတစ်ဦးက စကားဆိုလိုက်၏။
"ဒီဘိုးဘေးသွေးအတတ်ပညာဗားရှင်းက ကိုယ့်ကိုယ်စား ကျင့်ကြံပေးမယ့် ဥတွေကို ထုတ်လုပ်ရတာ ဖြစ်ပုံရတယ်။ တကယ့်ကို... ထူးဆန်းတာပဲ"
အခြား ယန်နတ်ဘုရားများ တိတ်ဆိတ်သွားကြသည်။ အကယ်၍ ဤဘိုးဘေးသွေးအတတ်ပညာဗားရှင်းက ပို၍ သာလွန်နေပါက သူတို့ကိုယ်တိုင် ကျင့်ကြံရန် စဉ်းစားသင့်၊ မသင့် အတွေးပွားနေကြခြင်း ဖြစ်သည်။
အတန်ကြာသောအခါ ရှေ့နောက်တွေးခေါ်တတ်ပုံရသော ယန်နတ်ဘုရားတစ်ပါးက သေချာစဥ်းစားပြီးနောက် ရုတ်တရက် စကားဆိုလိုက်၏။
"ငါ အကြံပြုချင်တာကတော့ မဟူရာနတ်ဆိုးချောက်မှာ 'ဥ ဥခြင်း' ဆိုတဲ့ စကားလုံးကို 'နတ်ဘုရားအလွှာကွာကျခြင်း' လို့ ပြောင်းလဲခေါ်ဝေါ်ဖို့ပဲ"
အခြား ယန်နတ်ဘုရားများကလည်း ထိုအကြံပြုချက်ကို သဘောတူညီကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြတော့သည်။
လေဆွေးမြေ့ခြင်းအရှင်က သူတို့အားနားမလည်သလို ကြည့်၏။
နေပါဦး...သူတို့က ဥ ဥတာကို ဘာလို့ နာမည်လှလှလေးပြောင်းဖို့ စိတ်ကူးပေါက်သွားကြတာလဲ။
-----------