အခန်း (၂၂၁-၂၂၂)
Vol. 19 Ch. 221-222
အခန်း (၂၂၁)
မိုက်ကယ်က ကျောက်နံရံပေါ်က အက်ကြောင်းကို ကြည့်ပြီး၊ မြေဒြပ်စင်မှော်စွမ်းအင်တွေ ဖယ်လိုက်ရင် တခြား ဟင်းလင်းပြင်တစ်ခုထဲမှာ ရှိနေတဲ့ အခန်းတစ်ခန်းကိုရောက်မယ်ဆိုတာ သဘောပေါက်သွားတယ်။
အကယ်၍ အဲဒီအက်ကြောင်းတွေကို ဘေးတိုက်ကနေ လှမ်းကြည့်မယ်ဆိုရင်တော့ ဘာအနက်မှ မရှိဘဲ မျက်နှာပြင်တစ်ခုတည်း ရှိနေတဲ့ မျဉ်းတစ်ကြောင်းလိုပဲ မြင်ရမှာ ဖြစ်တယ်။
ဒါက မိုက်ကယ် ကို ရတနာသိုက်အခန်း ဘယ်နေရာမှာ ဖုံးကွယ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံတစ်ခု ရသွားစေတာပေါ့။
အဲဒါက သီးခြား ဟင်းလင်းပြင်အသေးလေးတစ်ခုထဲမှာ ရှိနေတာကိုး။
အခုအချိန်မှာတော့ သူက ဒီလို သီးခြားဟင်းလင်းပြင်တွေရဲ့ အသေးစိတ်အချက်အလက်တွေကို အများကြီး မသိသေးပါဘူး၊ ဒါပေမဲ့ မိုက်ကယ် က သူ့ရဲ့ အရင်ကမ္ဘာတုန်းက အန်နီမေးတွေနဲ့ စိတ်ကူးယဉ်စာပေစာအုပ်တွေထဲမှာ ဒါမျိုးတွေ ပြောဖူးတာကို ကြားဖူးတာလေ။
အချိန်ဆွဲမနေတော့ဘဲ မိုက်ကယ် က သူ့ခြေထောက်အောက်က လှည့်ပတ်နေတဲ့ လေဒြပ်စင်တွေကို အင်အားဖြည့်လိုက်ပြီး အဲဒီအက်ကြောင်းဆီကို ပေါ့ပေါ့ပါးပါးလေး ခုန်ဝင်လိုက်တယ်။
သူ့ခန္ဓာကိုယ်က အက်ကြောင်းတွေရဲ့ တစ်ဖက်ကို ကူးပြောင်းသွားတာနဲ့တင်၊ သလင်းကျောက် ပုံသဏ္ဌာန် မြေဒြပ်စင်မှော်စွမ်းအင်တွေက ရုတ်တရက် ပြန်ပိတ်သွားခဲ့ပြီး အရင်အတိုင်း တည်ဆောက်ပုံကို ပြန်ပြင်သွားတယ်။ ဒါက တခြားစွန့်စားရှာဖွေသူတွေအနေနဲ့ သူ့နောက်ကို လိုက်ဖို့ ကြိုးစားဖို့တောင် ဘာအခွင့်အရေးမှ မပေးလိုက်ပါဘူး။
သူတို့တွေ ဘာဖြစ်နေလဲဆိုတာ သတိထားမိလိုက်တဲ့ အချိန်မှာတော့ မိုက်ကယ် က ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး၊ အက်ကြောင်းတွေကလည်း ခန်းမကြီးရဲ့ သာမန်အတိုင်း မထင်မရှား ကျောက်အုတ်နံရံတွေအဖြစ် ပြန်လည်ပြီး ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်တယ်။
"ဘာ... ဘာဖြစ်သွားတာလဲ"
အဲဒါကြောင့်ပဲ ဟောဒီ အဖြစ်အပျက်တစ်ခုလုံးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ စွန့်စားရှာဖွေသူတိုင်းရဲ့ နှလုံးသားထဲမှာ ရီနေးတားကုမ္ပဏီ ဆိုတဲ့ နာမည်က နောက်တစ်ကြိမ် ထပ်ပြီး စွဲထင်သွားရပြန်တာပေါ့။
မိုက်ကယ် က တံခါးတစ်ခုကို ဖြတ်လျှောက်လိုက်သလိုမျိုးပဲ အက်ကြောင်းပေါ်ကနေ လှမ်းလျှောက်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကို တခြားနေရာဆီ ပို့ဆောင်လိုက်တာ ဒါမှမဟုတ် ဖယ်ရှားလိုက်တာမျိုး လုံးဝ မရှိပါဘူး။ အဲဒီ သီးခြားဟင်းလင်းပြင်က ကမ္ဘာပေါ်က နောက်ထပ် အခန်းတစ်ခန်းလိုပဲ ဖြစ်နေတာကိုး။
သူက နိုဗာ ကို ဟောဒီ သီးခြားဟင်းလင်းပြင်ကို ထိန်းချုပ်ထားတဲ့ မှော်ကျင့်စဉ်အစစ်အမှန်ကို ခွဲခြမ်းစိတ်ဖြာခိုင်းဖို့ မမေ့ခဲ့ပါဘူး။
သူ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ အဝေးက ပိတ်ဆို့ထားတဲ့ အခန်းငယ်တစ်ခုဆီကို ဦးတည်နေတဲ့ လမ်းတစ်ခုထဲမှာ ရောက်နေမှန်း တွေ့လိုက်ရတယ်။ သူ့ပတ်ပတ်လည်က ကျောက်အုတ်နံရံတွေကတော့ ဘာပျက်စီးတာ ဒါမှမဟုတ် အက်ကြောင်းတွေ ရှိနေတဲ့ အရိပ်အယောင်မှ မရှိဘဲ အကောင်းပကတိအတိုင်း ရှိနေတာ ဖြစ်တယ်။ အကယ်၍ မိုက်ကယ် သေသေချာချာ မသိဘူးဆိုရင်တော့ ဟောဒီနေရာကို မနေ့ကမှ ဖန်တီးထားတာလို့ပဲ ထင်မိမှာပေါ့။
ဒါက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ပထမဆုံး တည်ဆောက်ခဲ့တုန်းက ဂူသင်္ချိုင်းရဲ့ ပုံသဏ္ဌာန် ဖြစ်ရမယ်လို့ မိုက်ကယ် က တွေးလိုက်မိပြီး၊ ၎င်းရဲ့ ဗိသုကာလက်ရာကို သဘောကျနေမိတယ်။
ကျောက်လမ်းကို မီးတုတ်တွေနဲ့ လင်းထိန်နေစေတာဖြစ်ပြီး၊ အဲဒါက ဘာမှမဟုတ်ဘဲ မီးဒြပ်စင်မှော်စွမ်းအင် သက်သက်နဲ့တင် ဆန်းကြယ်စွာ အားဖြည့်ပေးထားတာဖြစ်လို့၊ ၎င်းကို တည်ဆောက်ခဲ့သူ ထားရစ်ခဲ့တဲ့ မန္တန်တစ်ခု ဖြစ်ဟန်တူပါတယ်။
သူ ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ အတိတ်ကာလက သမိုင်းဝင် အခင်းအကျင်းအချို့ကို ဖော်ပြထားတဲ့ ပန်းချီကားတွေကို မြင်တွေ့လိုက်ရတယ်။ ဒီပန်းချီကားတွေက ရိုးရှင်းပြီး မျက်နှာပြင်တစ်ခုတည်း ရှိတာဖြစ်လို့၊ သူ့ရဲ့ အရင်ဘဝတုန်းက အီဂျစ်ပန်းချီကားတွေကို ပြန်လည်သတိရစေတာပေါ့။
ကျောက်လမ်းရဲ့ အစကတည်းကဆိုရင် သင်္ဘောတစ်စင်းပေါ်မှာ ရှိနေတဲ့ သာမန်လူတစ်ယောက်က အဝေးက ကြီးမားလှတဲ့ ကုန်းမြေကြီးဆီကို လှမ်းမျှော်ကြည့်နေတဲ့ မြင်ကွင်းကို သူ မြင်လိုက်ရတယ်။
ပြီးတော့ မိုက်ကယ် ကျောက်လမ်းအတိုင်း လျှောက်သွားတာနဲ့အမျှ ပန်းချီကားတွေက ဇာတ်လမ်းအတိုင်း တိုးတက်ပြောင်းလဲသွားတာကို တွေ့ရတာပေါ့။
နောက်မြင်ကွင်းတစ်ခုမှာတော့ အဲဒီလူကပဲ ကုန်းမြေပေါ်ကို ခြေချပြီး ဒေသခံတွေနဲ့ တွေ့ဆုံနေတဲ့ ပုံကို ဖော်ပြထားတယ်။ အဲဒီနောက်မှာတော့ ပန်းချီကားက သူ ဆုလာဘ်တွေ ယူဆောင်လာပြီး ဒေသခံတွေနဲ့ ဆက်ဆံရေး တည်ဆောက်နေတာကို ပြသနေတာပေါ့။
မိုက်ကယ် က ဟောဒီမြင်ကွင်းက ပြသနေတဲ့ သမိုင်းကြောင်းတွေကို လိုက်ကြည့်ရင်း လမ်းအတိုင်း ဆက်ပြီး လျှောက်သွားမိတယ်။
ဟောဒီ ကုန်းမြေအသစ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ စွန့်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ လူဟာ၊ မကြာခင်မှာပဲ စိမ်းစိုတဲ့ မြေပြင်ပေါ်မှာ သူ့ရဲ့ ကိုယ်ပိုင်အလံကို စိုက်ထူရင်း ကိုယ်ပိုင်နိုင်ငံတော်ကို တည်ဆောက်လိုက်တဲ့အထိ ဖြစ်သွားခဲ့တာပေါ့။
နောက်ထပ် ပန်းချီကားအချို့ကတော့ သူက သူ့ရဲ့ နိုင်ငံတော်ကို တိုးတက်အောင် လုပ်ဆောင်နေပြီး၊ အဆောက်အအုံတွေ ဆောက်လုပ်တာ၊ အခြေခံအဆောက်အအုံတွေကို တိုးတက်စေတာနဲ့ သူ့ရဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းမှုကို ဖန်တီးပေးနေတာကို ပြသနေတယ်။
ဒီအနောက်က ပန်းချီကားတွေမှာတော့ အဲဒီလူက စစ်တပ်ကို ဦးဆောင်ပြီး တံတိုင်းကာရံထားတဲ့ နယ်မြေတစ်ခုကို ဝိုင်းရံတိုက်ခိုက်နေတာကို ပြသနေပြန်တယ်။ ဒါကို ပုံဖော်ထားတာ အနည်းငယ် ရှိပြီး၊ တစ်ခုချင်းစီက အဲဒီလူက မတူညီတဲ့ နယ်မြေတွေကို သိမ်းပိုက်နေတာကို ပြသနေတာဖြစ်ကာ၊ နောက်ဆုံးမှာတော့ သူ ရှာဖွေတွေ့ရှိခဲ့တဲ့ ကြီးမားလှတဲ့ တိုက်ကြီးကို နိုင်ငံတစ်ခုတည်းအဖြစ် စုစည်းလိုက်နိုင်ခဲ့တာ ဖြစ်တယ်။
မိုက်ကယ် က နောက်ဆုံးမှာတော့ ကျောက်လမ်းရဲ့ အဆုံးက နောက်ဆုံးပန်းချီကားရှေ့ကို ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။
ဒီတစ်ခါတော့ ဟောဒီ ပန်းချီကားက လီယိုနာဒိုဒါဗင်ချီ ကိုယ်တိုင် ဆွဲထားခဲ့သလိုမျိုး အများကြီး ပိုပြီး လက်တွေ့ဆန်လှတာပေါ့။
ပြီးတော့ ဒီပန်းချီကားမှာ ခေါင်းစဉ်တစ်ခုလည်း ရှိနေတယ်။
“ပထမဆုံးသော လူသားဧကရာဇ်က ရွှေလမ်းမကြီး ကို တည်ထောင်ခြင်း”
အဲဒါက အဲဒီလူဟာ နောက်ဆုံးမှာ စိတ်ကျေနပ်ပြီး ပျော်ရွှင်နေကာ၊ သူ့ရဲ့ ရဲတိုက်ပေါ်ကနေ သူ့ရဲ့ နယ်မြေကို လှမ်းမျှော်ကြည့်နေတာကို ပြသနေတာ ဖြစ်တယ်။
'နိုဗာ ... ဒီပန်းချီကားတွေက ဘာကို ဆိုလိုတာလဲဆိုတာ မင်း ငါ့အတွက် အကျဉ်းချုံးပေးနိုင်မလား'
[ ပုံဖော်ထားချက်တွေအရ ဒါက မင်း အခု လက်ရှိ မတ်တတ်ရပ်နေတဲ့ ရွှေလမ်းမကြီး ရဲ့ သမိုင်းကြောင်းကို ပြသနေတာ ဖြစ်ပုံရပါတယ်။ ပြီးတော့ ဒီအချက်အလက်တွေအရ၊ တစ်ချိန်တုန်းက တိုက်ကြီးတစ်ခုလုံးကို အလံတစ်ခုတည်းအောက်မှာ စုစည်းနိုင်ခဲ့ပြီး ပထမဆုံးသော လူသားဧကရာဇ် ဖြစ်လာခဲ့တဲ့ လူတစ်ယောက် ရှိခဲ့ဖူးပါတယ် ]
'အင်း ... ရွှေလမ်းမကြီး ပေါ့။ ပြီးတော့ အဲဒီထဲက နယ်မြေနှစ်ခုက ကင်းစ်နယ်မြေ နဲ့ ကွင်းစ်နယ်မြေ ဖြစ်နေတာပဲ။ အဲဒါက တစ်ခုနဲ့တစ်ခု ဆက်စပ်မှု တစ်စုံတစ်ရာ ရှိနေတာလား'
[ ဒီလို နာမည်ပေးတဲ့ အလေ့အထက ပထမဆုံးသော လူသားဧကရာဇ်က ဖန်တီးခဲ့တာမို့ ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ် ]
ကြည့်စရာ တခြားပန်းချီကား မရှိတော့တာကြောင့်၊ မိုက်ကယ် က သူ့ရဲ့ အကြည့်တွေကို သူ့ရှေ့က ကြီးမားပြီး ပိတ်ထားတဲ့ အခန်းငယ်ဆီကိုပဲ အာရုံစိုက်လိုက်တော့တယ်။
ဒါက ဂူသင်္ချိုင်းအစစ်အမှန်ပဲပေါ့။
စင်ကြယ်တဲ့ သံမဏိငွေရောင်နဲ့ ပြုလုပ်ထားတဲ့ ပိတ်ဆို့ထားတဲ့ ဂူဗိမာန်တစ်ခုကို အခန်းရဲ့ အလယ်တည့်တည့်မှာ တင်ထားတာ ဖြစ်တယ်။
ဂူဗိမာန်ရဲ့ ပတ်ပတ်လည်မှာတော့ ရှေးဟောင်းကမ္ဘာက ရွှေဒင်္ဂါးပြားတွေ၊ ဖလားတွေနဲ့ ရတနာပစ္စည်းတွေက ပုံလို့နေတာပေါ့။ ဒါတွေက ဘယ်စွန့်စားရှာဖွေသူကိုမဆို မြင်တာနဲ့တင် သွားရည်ကျစေမှာ ဖြစ်ပေမဲ့လည်း၊ မိုက်ကယ် ကတော့ ဒီလောက် သေးငယ်တဲ့ မက်လောက်စရာမဖြစ်တဲ့ ပမာဏအပေါ်မှာ အများကြီး စိတ်ဝင်စားမနေပါဘူး။
သူက ဂူဗိမာန်နဲ့ အဲဒီထဲမှာ ဘာရှိနေလဲဆိုတဲ့အပေါ်မှာပဲ ပိုပြီး စိတ်ဝင်စားနေတာကိုး။
ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့က အခုလိုမျိုး ဂူသင်္ချိုင်းကို ရှာဖွေဖို့အတွက် ဘာလို့ ဒီလောက်အထိ စိတ်အားထက်သန်နေကြရသလဲဆိုတဲ့ နောက်ကွယ်မှာ အကြောင်းပြချက်တစ်ခု ရှိနေရပါမယ်။ သူတို့ အဖွဲ့အစည်းဆီက ကြားရသလောက်တော့၊ သူတို့က ဘာထက်မဆို ပိုက်ဆံကိုပဲ ဦးစားပေးမယ့် အဖွဲ့မျိုး မဟုတ်ပုံရလို့ပါပဲ။
ဒါဟာ ဟောဒီအောက်မှာ မြှုပ်နှံထားတဲ့သူက သူတို့အတွက် တစ်စုံတစ်ရာ အရေးပါတဲ့သူ ဖြစ်နေရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။
"ဖတ်ချ် ... ငါပြောတာ ကြားရလား"
"အတိုင်းသား ကြားရပါတယ်၊ သခင်ကြီး"
ဖတ်ချ် က သူ့ရဲ့ အရိပ်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး မြေပြင်ပေါ်ကို ကျရောက်လာခဲ့တယ်။ ပုံမှန်ဆိုရင်တော့ ဒီ ခရမ်းရောင်စလိုင်းမ်လေးဟာ မိုက်ကယ် ဆီကနေ ခေါင်းပွတ်ပေးဖို့ ချက်ချင်း တောင်းဆိုနေကျလေ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူက ပတ်ပတ်လည်မှာရှိတဲ့ ရတနာသိုက်တွေကို ကြည့်ပြီး တကယ့်ကို စွဲလန်းနေပုံရတယ်။
"အာရုံစိုက်စမ်း၊ ဖတ်ချ်။ သူတို့ ဟောဒီဂူသင်္ချိုင်းအကြောင်း ဘာပြောကြလဲ"
"ဟင် ... ဪ၊ ဟုတ်သားပဲ။ သူတို့ ပြောတာကတော့ ဒါက ဂုဏ်သိက္ခာရှိတဲ့ စစ်သူကြီးတစ်ယောက်ရဲ့ အုတ်ဂူတဲ့ဗျ"
မိုက်ကယ် က ကျောက်လမ်းမှာ ပုံဖော်ထားတဲ့ ပန်းချီကားတွေကို ပြန်လည်တွေးတောလိုက်ပြီး အချက်အလက်တွေကို တစ်ခုနဲ့တစ်ခု ဆက်စပ်ကြည့်လိုက်မိတယ်။
'ဟောဒီလူက ပထမဆုံးသော လူသားဧကရာဇ်ရဲ့ စစ်သူကြီးတစ်ယောက် ဖြစ်နေတာလား'
သူ့ရဲ့ စူးစမ်းချင်စိတ်ကြောင့်ပဲ၊ မိုက်ကယ် က ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် ဂူဗိမာန်ကို ဖွင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
"ငါက အုတ်ဂူဖောက်တဲ့သူ မဟုတ်ပါဘူး၊" မိုက်ကယ် က ကိုယ့်ဘာသာ ဆင်ခြေပေးတဲ့အနေနဲ့ တိုးတက်ရေရွတ်လိုက်တယ် "ငါက ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်ပါ"
သူက ဂူဗိမာန်ရဲ့ အဖုံးကို မှော်မန္တန်အချို့ရဲ့ အကူအညီနဲ့ ပြင်းပြတဲ့ အင်အားကို သုံးပြီး တွန်းပစ်လိုက်ရာ၊ နောက်ဆုံးမှာတော့ ၎င်းက တည်ဆောက်ပုံပေါ်ကနေ လျှောကျသွားခဲ့ပြီး ကြမ်းပြင်ပေါ်ကို ဝုန်းခနဲ ကျရောက်သွားခဲ့တယ်။
မိုက်ကယ် က သူ့ခေါင်းပေါ်က ဖတ်ချ် နဲ့အတူ ဂူဗိမာန်ထဲကို ငုံ့ကြည့်လိုက်တဲ့အခါ ... အရိုးစုတစ်ခုကို မြင်လိုက်ရတာပေါ့။
အတွင်းထဲမှာ ဖုန်မှုန့်တွေနဲ့ ပင့်ကူအိမ်တွေကလွဲလို့ ဘာမှမရှိတဲ့ သာမန်အရိုးစုတစ်ခုပါပဲ။
ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားဖို့အတွက် ဒီလောက်အထိ အကြီးအကျယ် လုပ်ဆောင်ထားတဲ့ ဂူသင်္ချိုင်းတစ်ခုအတွက်တော့၊ မိုက်ကယ် အနေနဲ့ အထဲမှာ အများကြီး ပိုပြီး ... ထူးခြားတဲ့ အရာတစ်ခုခုကို ဖုံးကွယ်ထားလိမ့်မယ်လို့ ထင်ထားခဲ့တာလေ။
စစ်သူကြီးတစ်ယောက်အတွက် ပြုလုပ်ထားတဲ့ ဂူသင်္ချိုင်းတစ်ခုဆိုရင်၊ ရှေးဟောင်းကာလတုန်းက တိုက်ပွဲတွေမှာ ဝတ်ဆင်ခဲ့တဲ့ ထူးခြားတဲ့ အမွေအနှစ် သံချပ်ကာဝတ်စုံ ဒါမှမဟုတ် လက်နက်အချို့ ရှိနေလိမ့်မယ်လို့ သူ ထင်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူ ဂူဗိမာန်ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ရတနာသိုက်တွေကို သေသေချာချာ ကြည့်လိုက်တဲ့ အချိန်မှာတောင်၊ ဒါမျိုးကို လုံးဝ မတွေ့ရပါဘူး သူက အနောက်ကို လှည့်ပြီး ပန်းချီကားတွေနဲ့ ပုံဖော်ထားချက်တွေကို နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးလိုက်မိတယ်၊ တစ်ခုခု လွဲချော်သွားခဲ့တာ ရှိမလားလို့ပေါ့။
"ဒီထက် ပိုပြီး တစ်ခုခု ရှိနေရဦးမှာပဲ၊" မိုက်ကယ် တိုးတိုးလေး ရေရွတ်လိုက်တယ်။
မိုက်ကယ် က ပန်းချီကားတွေထဲမှာ သူ့ရဲ့ အရင်ဘဝတုန်းက စွန့်စားမှုဂိမ်းတွေထဲကလိုမျိုး လျှို့ဝှက်ချက် တစ်ခုခု ဖုံးကွယ်နေလိမ့်မယ်လို့ ထင်နေမိတယ်။
ဖုံးကွယ်ထားတဲ့ ခလုတ်တစ်ခုခု ရှိနေတာလား
မိုက်ကယ် အနောက်ကို လှည့်ကြည့်လိုက်တဲ့ အခါမှာတော့၊ အရိုးစုကြီးက ၎င်းရဲ့ ထာဝရအိပ်စက်ခြင်းကနေ ရုတ်တရက်ကြီး ထရပ်လာတာကြောင့် ဖတ််ချ် က အပေါ်ကို မော့ကြည့်နေတာကို မြင်လိုက်ရတယ်။
သေဆုံးခြင်းစွမ်းအင် မြူခိုးတွေက ကျောက်အုတ်နံရံတွေရဲ့ အက်ကြောင်းတွေကြားထဲကနေ စိမ့်ထွက်လာခဲ့ကြပြီး၊ အရိုးစုကြီးကို ပြန်လည်ပြီး သက်ဝင်လှုပ်ရှားလာစေဖို့အတွက် လုံလောက်တဲ့ စွမ်းင်တွေကို ထောက်ပံ့ပေးလိုက်ကြတာ ဖြစ်ပါတယ်။
* * * * * * * * *
စာစဉ်(၁၉)
အခန်း (၂၂၂)
အရိုးစုကြီးက ၎င်းရဲ့ အရိုးတွင်းပေါက်တွေကြားထဲမှာ အမှောင်ဒြပ်စင် နဲ့ အဆိပ်ဒြပ်စင် မှော်စွမ်းအင်တွေကို အရှိန်အဟုန်နဲ့ စုစည်းလိုက်ပြီး ဂူဗိမာန်ထဲကနေ ဖြည်းဖြည်းချင်း လွင့်ပျံလို့ ထွက်ပေါ်လာခဲ့တယ်။ စွမ်းအင်တွေ ပြည့်နှက်လာတာနဲ့အမျှ သူ့ရဲ့ အရိုးစုတစ်ခုလုံးမှာ အပြာရောင်သန်းနေတဲ့ အစိမ်းရောင်အလင်းတန်းတွေ ပိုမိုစူးရှတောက်ပလာတယ်။
တစ်ပြိုင်နက်တည်းမှာပဲ အခန်းတစ်ခုလုံးက ပြင်းအား ၇ အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားသလိုမျိုး ဝုန်းဒိုင်းကြဲ တုန်ခါလာခဲ့ပြီး အမိုးပေါ်ကနေ ဖုန်မှုန့်တွေနဲ့ ကျောက်ခဲတွေ တားမနိုင်ဆီးမရ ဘုန်းဘုန်းလဲ ပြိုကျလာခဲ့ရတယ်။ အကယ်၍ သူတို့ကို ဝိုင်းရံထားတဲ့ ထူးကဲလှတဲ့ ဗိသုကာလက်ရာ ကျောက်အုတ်နံရံကြီးတွေသာ မရှိခဲ့ရင် ဟောဒီ ဂူသင်္ချိုင်းတစ်ခုလုံးဟာ အခုအချိန်မှာတင် တစ်စစီ ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်မှန်း မိုက်ကယ် သေချာပေါက် သိထားတယ်။
သူ ချက်ချင်း ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ စောစောတုန်းက မြင်တွေ့ခဲ့ရတဲ့ အမှောင်ဒြပ်စင်နဲ့ အဆိပ်ဒြပ်စင် မန္တန်တိုင်ကြီးတွေကို မြင်လိုက်ရတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ၎င်းရဲ့ တည်ဆောက်ပုံတစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးလာခဲ့ရပြီး ရပ်တည်နေတဲ့ အရိုးစုကြီးဆီကို ဒေါသမုန်တိုင်းလို လွင့်ပျံသွားတဲ့ မှော်စွမ်းအင် ကြိုးမျှင်လေးတွေအဖြစ် ပြောင်းလဲသွားခဲ့ရတယ်။
၎င်းက ဂူဗိမာန်တစ်ခုလုံးမှာရှိတဲ့ မှော်စွမ်းအင်မှန်သမျှကို တစ်စက်မကျန် အကုန်အစင် မရမက စုပ်ယူပစ်လိုက်ပြီး အဆောက်အအုံတစ်ခုလုံး လုံးဝပြိုကျပျက်စီးသွားမယ့် ဘေးဒုက္ခကိုပင် အမှုမထားတော့ဘဲ အရာရာကို သဲကြီးမဲကြီး ဝါးမြိုပစ်လိုက်ခြင်း ဖြစ်ပါတယ်။
မိုက်ကယ် အနေနဲ့ အရိုးစုကြီးဆီမှာ ပုံဖော်လာတဲ့ မှော်စွမ်းအင်တွေရဲ့ ဖိအားက အရာရာတိုင်းကို ဆက်တိုက် ဝါးမြိုနေတာကြောင့် အဆမတန် ပိုပြီးတော့တောင် ပြင်းထန်လှိုင်းထန်လာတာကို သိသိသာသာ ခံစားလိုက်ရမိတယ်။
ပထမဆုံးအနေနဲ့ ၎င်းရဲ့ အရှိန်အဝါက တစ်ခဏချင်းအတွင်းမှာတင် ထိုးတက်လာခဲ့ပြီး ကြယ်တစ်ပွင့်နယ်ပယ်ထဲက စစ်သည်တော်တစ်ယောက်ရဲ့ အစွမ်းအစအဖြစ် ပြန်လည်ရောက်ရှိလာကြောင်း သက်သေပြလိုက်တယ်။ ဒါပေမဲ့ ဒါနဲ့တင် ရပ်တန့်မသွားပါဘူး။
လေထုထဲမှာ ပေါက်ကွဲလှည့်ပတ်နေတဲ့ သေဆုံးခြင်းစွမ်းအင်တွေက တစ်ခုနဲ့တစ်ခု ပြင်းထန်စွာ ရိုက်ခတ်မိကုန်ကြရာကနေ နောက်ထပ် ကြီးမားလှတဲ့ မှော်စွမ်းအင်လုံးကြီးတစ်ခုအဖြစ် နောက်ဆုံးမှာ စွမ်းအင်အစုအဝေးတွေ ထပ်မံဖန်တီးလိုက်ကြပြန်တယ်။
ဖြည်းဖြည်းချင်းပဲ ဒီစွမ်းအင်အလင်းပွင့်လေးတွေက တစ်ခုပြီးတစ်ခု ဆင့်ကဲပေါ်ထွက်လာခဲ့တယ်။ စက္ကန့်အနည်းငယ်မျှသာ ကြာလိုက်ပြီးတဲ့နောက်မှာတော့ အရိုးစုကြီးဟာ ကြယ်တစ်ပွင့်အဆင့်ရှိတဲ့ သာမန်မသေမျိုးသတ္တဝါကနေ ကြယ်ကိုးပွင့်အဆင့်ရှိတဲ့ ထိပ်သီးမသေမျိုးမိစ္ဆာကြီးအဖြစ်ကို လျှပ်တစ်ပြက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။
အခုလိုမျိုး ဒဏ္ဍာရီလာသတ္တဝါကြီးတစ်ကောင်ရဲ့ တုန်လှုပ်စရာအရှိန်အဝါနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရတာက မိုက်ကယ် ကို ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ချွေးစေးတွေ ပြန်လာစေခဲ့တယ်။ သူက မသေမျိုးသတ္တဝါကြီးရဲ့ ဖြစ်တည်မှုကို ကြည့်ရင်းနဲ့ တကယ့်ကို မှင်တက်အံ့ဩနေမိခဲ့တာဖြစ်လို့ ၎င်းရဲ့ ပင်ကိုယ်အန္တရာယ်နဲ့ ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်တွေကို လုံးဝ သတိမထားမိဘဲ ဖြစ်နေခဲ့ရတယ်။
အခုတော့ မျက်လုံးနေရာမှာ အပြာရောင်သန်းနေတဲ့ အစိမ်းရောင် အလင်းလုံးကြီးတွေ တောက်လောင်နေတဲ့ ကြယ်ကိုးပွင့်အဆင့်ရှိတဲ့ အရိုးစုကြီးဟာ ဂူဗိမာန်ပေါ်ကနေ သူ့ကို အသက်မဲ့စွာနဲ့ သွေးအေးအေး စိုက်ကြည့်နေခဲ့ပြီ ဖြစ်ပါတယ်။
၎င်းက လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး လက်ထဲမှာ ဓားတစ်စင်းကို ကိုင်ဆောင်ထားဆဲဖြစ်သလိုမျိုး လေထုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်။ အဲဒီနောက်မှာတော့ ၎င်းက ဘာမှော်အင်အားမှ ထပ်မံမဖြည့်ဘဲ သူ့ရဲ့ လက်ကို မိုက်ကယ် ရှိရာဆီကို အောက်ဘက်ကို လျှပ်စီးလို အရှိန်နဲ့ လွှဲချလိုက်ပြီး ကမ္ဘာ့ဆွဲအားရဲ့ အဟုန်အတိုင်းပဲ သတ်ဖြတ်ဖို့ လုပ်ဆောင်လိုက်တယ်။
မိုက်ကယ်ရဲ့ ဂုတ်ပေါ်က အမွေးတွေ ချက်ချင်း ထောင်လာခဲ့ရပြီး သူ့ဆီကို ဒိန်းခနဲ ဦးတည်လာနေတဲ့ သေမင်းအန္တရာယ်ကို ဗီဇအသိနဲ့တင် ခံစားမိလိုက်တယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ ဖျက်ဆီးခြင်း လေလှိုင်းဖြတ်ချက်ကြီးက ကျောက်လမ်းတစ်ခုလုံးကို တစ်ဝက်စီ ချက်ချင်းပဲ ဖြတ်တောက်လိုက်ပြီး ၎င်းရဲ့ အကောင်းပကတိအတိုင်း ရှိနေတဲ့ ကျောက်အုတ်နံရံတွေကို တစောင်း ပွင့်ထွက်သွားအောင် ဖြတ်တောက်လိုက်တဲ့ အချိန်မှာပဲ သူက အသက်လုပြီး အချိန်ကိုက် ငုံ့လျှိုးရှောင်ကွင်းလိုက်နိုင်ခဲ့တယ်။
၎င်းရဲ့ တိုက်ခိုက်မှုက လွဲချော်သွားတာကို မြင်လိုက်ရတာကြောင့် အရိုးစုကြီးက လက်ကို ဓါးကဲ့သို့ နောက်တစ်ကြိမ် ပြန်မြှောက်လိုက်ပြီး တခြားတစ်ဖက်ကနေ ပိုမိုမြန်ဆန်စွာ ထပ်မံလွှဲခုတ်လိုက်ပြန်တယ်၊ မိုက်ကယ် ကို အပေါ်ပိုင်းနဲ့ အောက်ပိုင်း တစ်ခုစီ ဖြစ်သွားအောင် ရက်ရက်စက်စက် ခွဲပစ်ဖို့ ရည်ရွယ်ချက်နဲ့ပါ။
မြေဒြပ်စင် ကျောက်တုံးကြီးတစ်ခုက မိုက်ကယ်ရဲ့ ခြေထောက်အောက်ကနေ ဝုန်းခနဲ ပေါ်ထွက်လာခဲ့ပြီး မျက်စိနဲ့မမြင်နိုင်တဲ့ လေလှိုင်းဖြတ်ချက်ကြီးက လမ်းကို နောက်တစ်ကြိမ် ထပ်မဖျက်ဆီးခင်မှာ သူ့ကို အပေါ်ဘက်ဆီကို မြှင့်တင်ပေးလိုက်တယ်။
မိုက်ကယ် တစ်ခုခု မလုပ်ရင် မဖြစ်တော့ဘူးဆိုတာ သိလိုက်တယ်။ သူက လက်နှစ်ဖက်ကို ဒုန်းခနဲ မြှောက်လိုက်ပြီး ကြယ်လေးပွင့်မန္တန်တွေ ဖြစ်ကြတဲ့ နေမီးလျှံစက်ဝိုင်း နဲ့ လေဆင်နှာမောင်း မန္တန်နှစ်ခုလုံးကို အရိုးစုကြီးဆီကို တရစပ် တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်တယ်၊ ဂူဗိမာန်ရဲ့ ဘေးက ရတနာပစ္စည်းတွေ ပြာမှုန့်အဖြစ် ပြောင်းလဲပျက်စီးသွားရဦးမယ်ဆိုရင်တောင် ဒါကို သူ ဂရုမစိုက်နိုင်တော့ပါဘူး။
ကြီးမားလှတဲ့ မီးလုံးကြီးတစ်ခုက သူ့ရဲ့ ရှေ့မှာ ဝုန်းခနဲ ပေါ်ထွက်လာခဲ့ပြီး ၎င်းက ကျောက်လမ်းတစ်ခုလုံးစာလောက်ကို ဟိန်းထွက်နေအောင် ကြီးမားနေတယ်။ သူက အဲ့ဒီနေမင်းအသေးစားလေးကို အရိုးစုကြီးဆီကို အားကုန်ပစ်လွှတ်လိုက်ရာ ၎င်းက ထိမှန်သွားတာနဲ့တင် ဂူတစ်ခုလုံး တုန်ဟိန်းသွားအောင် ပေါက်ကွဲသွားခဲ့တာကြောင့် စက္ကန့်ပိုင်းမျှသာ အတွင်းမှာတင် အရာရာတိုင်းကို တစ်စစီ ကြေမွသွားစေခဲ့တယ်။
စက်ဝိုင်းကြီးရဲ့ ပြင်းထန်လှတဲ့ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့ အပူရှိန်ကြောင့် ရွှေဒင်္ဂါးပြားတွေနဲ့ တခြားရတနာတွေက ချက်ချင်း အရည်ပျော်ပြီး အရည်တွေအဖြစ် ပြောင်းလဲသွားဖို့အတွက် ကြာရှည်မခံလိုက်ပါဘူး။
ပြီးတော့ ဒါနဲ့တင် မလုံလောက်သေးဘဲ အားကောင်းလှတဲ့ လေဆင်နှာမောင်းတစ်ခုက အရိုးစုကြီးရဲ့ ဂူဗိမာန်အတွင်းထဲမှာ ချက်ခြင်းပေါ်လာခဲ့ပြီး မီးတောက်တွေကို ပိုပြီး အရှိန်မြှင့်ပေးလိုက်တာကြောင့် ပတ်ဝန်းကျင်အပူချိန်ကို အဆမတန် ပိုပြီး မြင့်တက်လာစေခဲ့ပြန်တယ်။
ဒါပေမဲ့လည်း အံ့ဩစရာကောင်းတာက အရိုးစုကြီးကတော့ သူ့ရဲ့ ခေါင်းတလားပေါ်မှာ လုံးဝ မလှုပ်မယှက်ဘဲ မတ်တတ်ရပ်နေတုန်းဖြစ်ပြီး ၎င်းရဲ့ အပြာရောင်သန်းနေတဲ့ အစိမ်းရောင် အလင်းပွင့် မျက်လုံးကြီးတွေက မိုက်ကယ်ဆီကို အသက်မဲ့စွာနဲ့ စိုက်ကြည့်နေတုန်းပါပဲ။ ၎င်းရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ အုပ်ဆိုင်းနေတဲ့ အမှောင်ဒြပ်စင်နဲ့ အဆိပ်ဒြပ်စင် မှော်စွမ်းအင်တွေက မိုက်ကယ် ရဲ့ ကြယ်လေးပွင့်မန္တန်တွေနဲ့ ဖျက်ဆီးပစ်ဖို့အတွက် အများကြီး ပိုပြီး ထူထပ်များပြားလွန်းနေတာကြောင့် ဖြစ်ပါတယ်။
ဒါနဲ့တင် မလုံလောက်သေးမှန်း မြင်လိုက်ရတာကြောင့် သူက အေးခဲလွင်ပြင် မန္တန်ကို ထပ်မံပြီး အင်အားဖြည့်သုံးစွဲလိုက်ရာ အေးစက်လှတဲ့ လေမုန်တိုင်းက အခန်းငယ်ဆီကို ဝုန်းခနဲ တိုက်ခတ်သွားခဲ့ပြီး မီးတောက်တွေကို အုန်းခနဲ အေးခဲသွားစေကာ စောစောက ရွှေရည်တွေကိုပါ တစ်ခဏချင်း ခဲသွားစေခဲ့တယ်။ နှင်းခဲတွေက အရိုးစုကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ စတင်ပြီး ပြင်းထန်စွာ ဖုံးလွှမ်းလာခဲ့ပြီး ၎င်းရဲ့ အရိုးပေါက်တွေထဲအထိ စိမ့်ဝင်သွားခဲ့တယ်။
ဒါပေမဲ့ ဒါက အဆုံးသတ် မဟုတ်သေးပါဘူး။ သူက ဂုဏ်သိက္ခာရှိတဲ့ စစ်သူကြီးကို သူ့ရဲ့ ကျောက်သားထောင်ချောက်ထဲမှာ နောက်တစ်ကြိမ် အပြီးတိုင် မြှုပ်နှံထားဖို့ ရည်ရွယ်ချက်နဲ့ မြေဒြပ်စင်မဟာတံတိုင်း မန္တန်ကို အရှိန်အဟုန်နဲ့ ထပ်မံထုတ်လွှတ်လိုက်ပြန်တယ်။
ချွန်ထက်လှတဲ့ ဆူးချွန်တွေ ပုံသဏ္ဌာန်ရှိတဲ့ စင်ကြယ်တဲ့ မြေသားကျောက်တုံးကြီးတွေက ကြမ်းပြင်ပေါ်ကနေ ဝုန်းခနဲ ပေါ်ထွက်လာခဲ့ကြပြီး အရိုးစုကြီးဆီကို ဖောက်ထွင်းဝင်ရောက်သွားခဲ့ကြတယ်။ မြေပြင်ပေါ်ကနေ ဒါမျိုးတွေ အမြောက်အမြား ပိုပြီး ကြီးထွားလာတာနဲ့အမျှ ဟောဒီ ဂူသင်္ချိုင်းတစ်ခုလုံးဟာလည်း ကျောက်သားတံတိုင်းတွေကြားထဲမှာ အပြီးတိုင် ပိတ်ဆို့သွားခဲ့ရပြီ ဖြစ်ပါတယ်။
ပြီးတော့ တစ်စက္ကန့်လောက်အထိ ကျောက်လမ်းအတွင်းထဲမှာ မီးခိုးတွေကြားထဲ တိတ်ဆိတ်ခြင်းတွေ စိုးမိုးသွားခဲ့ရတယ်။
"ဝိုး၊ သခင်ကြီး။ ဒါက တကယ်ကို နီးကပ်သွားတာပဲ"
ဖတ်ချ် က အရိုးစုကြီး စတင်လှုပ်ရှားလာခဲ့တဲ့ အချိန်ကတည်းက သူ့ရဲ့ အရိပ်ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားခဲ့ပြီးဖြစ်ကာ မိုက်ကယ် ရဲ့ ခြေထောက်အောက်မှာ ကျုံ့ကျုံ့လေး ပုန်းကွယ်နေခဲ့တာ ဖြစ်ပါတယ်။
"ကြောက်စရာကောင်းတဲ့ အရိုးကြီးပဲ၊" သူက တုန်တုန်ရီရီနဲ့ ဆိုတယ် "တို့တွေ အခု အိမ်ပြန်လို့ရပြီလား"
မိုက်ကယ် အနေနဲ့လည်း မျက်စိနဲ့မမြင်နိုင်တဲ့ ဓားတစ်စင်းကြောင့် တစ်ဝက်စီ ဖြတ်တောက်ခံရမယ့် အခြေအနေမျိုးကို သဘောမကျပါဘူး။ ဒါပေမဲ့လည်း သူက အရိုးစုကြီးဆီကနေ ထူးဆန်းတဲ့ အချက်တစ်ခုကို ချက်ချင်း သတိပြုမိလိုက်တယ်။ ၎င်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကြယ်ကိုးပွင့်အဆင့်ရှိတဲ့ မှော်ဆရာတစ်ယောက်ရဲ့ ပြင်းထန်လှတဲ့ မှော်စွမ်းအားတွေ ရှိနေဦးတော့ ၎င်းရဲ့ ဓားကို ဝှေ့ယမ်းနေတဲ့ တိုက်ခိုက်မှုတွေထဲမှာတော့ မှော်စွမ်းအားကို သုံးစွဲခြင်း လုံးဝ မရှိသလောက်ပါပဲ။
အခုတော့ မိုက်ကယ် အနေနဲ့ ဟောဒီ ဂူသင်္ချိုင်းထဲမှာ ဘာအမွေအနှစ် လက်နက်မှ ကျန်ရစ်ခဲ့ခြင်း မရှိတာကို တကယ်ပဲ ဝမ်းသာမိသွားရတယ်။
အဲဒီအချိန်မှာပဲ ရောင်စုံအကြည်ရောင်ပုံသဏ္ဌာန် အကာအကွယ်ဒိုင်းတစ်ခုက မိုက်ကယ် ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ဝုန်းခနဲ ပေါ်ထွက်လာခဲ့တယ်။
မီလီစက္ကန့်အနည်းငယ်မျှ ကြာလိုက်ပြီးတဲ့နောက်မှာတော့ မြှုပ်နှံထားတဲ့ မြေဒြပ်စင်ဂူသင်္ချိုင်းကြီးက သန်းပေါင်းများစွာသော အပိုင်းအစတွေအဖြစ် ဝုန်းခနဲ ဟိန်းခနဲ ပေါက်ကွဲထွက်သွားခဲ့ပြီး ချွန်ထက်လှတဲ့ လေးထောင့်ပုံသဏ္ဌာန် ကျောက်တုံးတွေကို ကျောက်လမ်းဆီကို လွင့်စင်သွားစေခဲ့ရာ တစ်ခုချင်းစီက ဖန်သားပြင်လိုမျိုး ချောမွေ့ပြီး ဓားသွားလို ထက်နေတာကိုး။ ဒါက ဂူသင်္ချိုင်းအတွင်းထဲမှာ ပိုပြီးတော့တောင် ပြင်းထန်တဲ့ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေခဲ့ပေမဲ့လည်း မိုက်ကယ် ရဲ့ ရောင်စုံသဏ္ဌာန် အကာအကွယ်ဒိုင်းကို ဒုန်းခနဲ ထိမှန်သွားတာနဲ့တင် ချက်ချင်းပဲ ကြေမွပျက်စီးသွားခဲ့ကြရတယ်။
'ဒီလူက အတိတ်ကာလတုန်းက တကယ့်ကို ကြောက်စရာကောင်းတဲ့ ထိပ်သီးဓားသမားတစ်ယောက် ဖြစ်ခဲ့ရမယ်၊' မိုက်ကယ် ခန့်မှန်းလိုက်မိတယ်။
လက်ထဲမှာ ဓားတစ်စင်းမှ မရှိဦးတော့ ၎င်းက သူ့ရဲ့ ကိုယ်ဟန်အနေအထား သက်သက်တင်နဲ့တင် ပြင်းထန်လှတဲ့ ဖြတ်တောက်မှုတွေကို ဖန်တီးနိုင်နေတာကိုး။ မိုက်ကယ် အနေနဲ့ ၎င်းမှာ အန်နီမေးတွေနဲ့ စိတ်ကူးယဉ်စာအုပ်တွေထဲကလိုမျိုး 'ဓားစိတ်ဆန္ဒ' တစ်ခုခု ရှိနေတာ ဖြစ်ရမယ်လို့ တိတိကျကျ ခန့်မှန်းလိုက်မိတယ်။ ဓားအပေါ်မှာ သူ့ရဲ့ ကျွမ်းကျင်မှုက အထွတ်အထိပ်ကို ရောက်ရှိနေတာဖြစ်လို့ သူ့ရဲ့ အရိုးလက်ချောင်းလေးတွေကိုတင် အဆန်းတကြယ် လက်နက်တစ်ခုလိုမျိုး သုံးနိုင်နေတာ ဖြစ်ရမယ်။
ဒါကပဲ ၎င်းရဲ့ ထူးဆန်းလှတဲ့ တိုက်ခိုက်မှုတွေအတွက် သူ စဉ်းစားပေးလို့ရတဲ့ တစ်ခုတည်းသော အဖြေပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ မျက်စိနဲ့မမြင်နိုင်တဲ့ ဖြတ်တောက်မှုတွေထဲမှာ ဘာမှော်စွမ်းအင်မှ ရှိမနေတာကိုး။ သူတို့က လှိုင်းလုံးတွေလိုမျိုးပဲ ပတ်ဝန်းကျင်က မှော်စွမ်းအင်တွေကြားထဲမှာ တကယ့်ကို ချွန်ထက်လှတဲ့ ဂယက်လှိုင်းတွေကို ဖန်တီးလိုက်တဲ့ တုန်ခါမှုလှိုင်းတစ်ခုမျှသာ ဖြစ်နေလို့ပါပဲ။
သူက အရိုးစုကြီးကို စိုက်ကြည့်လိုက်ပြီး ၎င်းရဲ့ ကြွယ်ဝလှတဲ့ အမှောင်ဒြပ်စင်နဲ့ အဆိပ်ဒြပ်စင် မှော်စွမ်းအင်တွေက ၎င်းရဲ့ အရိုးတွေထဲမှာ အသုံးမပြုဘဲ ဒီအတိုင်းပဲ ငြိမ်သက်စွာ ရှိနေတာကို မြင်တွေ့လိုက်ရတယ်။
မိုက်ကယ် အနေနဲ့ သူသာ အလိုရှိမယ်ဆိုရင် ဟောဒီ ဂူသင်္ချိုင်းကနေ အလွယ်တကူ ထွက်ပြေးသွားနိုင်ပါတယ်၊ ဒါပေမဲ့လည်း ... သူက ဒါကို အပြတ်အသတ် အနိုင်ယူဖို့အတွက် အခွင့်အရေးတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတယ်။
'နိုဗာ ... အဲဒီ အရိုးစုကြီးကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာပေးနိုင်မလား'
သူက သေဆုံးခြင်းစွမ်းအင်တွေက အရိုးစုကြီးကို မသေမျိုးမိစ္ဆာကြီးအဖြစ် ဘယ်လိုမျိုး အင်အားတွေ ပေးအပ်လိုက်သလဲဆိုတာကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာလေ။ နိုဗာ ရဲ့ ဓာတ်ပုံရိုက်ထားသလိုမျိုး ပြီးပြည့်စုံတဲ့ မှတ်ဉာဏ်စွမ်းရည်ကြောင့် ၎င်းရဲ့ လုပ်ငန်းစဉ်ကို ပြောင်းပြန်ခွဲခြမ်းစိတ်ဖြာဖို့နဲ့ အရိုးစုကြီးရဲ့ စွမ်းအားတွေကို လုံးဝ ပျက်ပြယ်သွားအောင် ချေဖျက်ဖို့က တကယ်ကို လွယ်ကူလှတယ်။
[ သိရှိပါပြီ ... အရိုးစုကြီးထဲမှာရှိတဲ့ အမှောင်ဒြပ်စင်နဲ့ အဆိပ်ဒြပ်စင် မှော်စွမ်းအင်တွေကို ပြောင်းပြန်ခွဲခြမ်းစိတ်ဖြာနေပါတယ် ... ]
မိုက်ကယ်က လက်ကို ပြတ်သားစွာ မြှောက်လိုက်ပြီး အရိုးစုကြီးရဲ့ ကိုယ်ပိုင်မှော်စွမ်းအင်တွေအပေါ်မှာ ရှိနေတဲ့ အမိန့်ပေးနိုင်စွမ်းကို လုံးဝ ဖြတ်တောက်လိုက်ပါတော့တယ်။
အရိုးစုကြီးရဲ့ ပတ်ပတ်လည်မှာ လှည့်ပတ်နေတဲ့ သေဆုံးခြင်းစွမ်းအင် ကြိုးမျှင်လေးတွေက မိုက်ကယ် က ထိန်းချုပ်မှုကို လုယူရရှိလိုက်တာကြောင့် စတင်ပြီး ပြင်းထန်စွာ တုန်လှုပ်ကာ မှိန်ဖျော့လာခဲ့ရတယ်။ အရိုးစုကြီးရဲ့ တစ်ခုချင်းစီသော အရိုးတွေကလည်း မိုက်ကယ် က ၎င်းရဲ့ မှော်စွမ်းအင် ဆက်သွယ်မှုတွေကို တစ်စစီ ဖြတ်တောက်လိုက်တာကြောင့် တချောက်ချောက်နဲ့ အသံတွေ မြည်ပြီး အားနည်းလာခဲ့ရတယ်။
အဲဒီနောက်မှာတော့ သတင်းအချက်အလက်တွေက သူ့ရဲ့ ဦးနှောက်ထဲကို လှိုင်းလုံးလို စီးဝင်လာခဲ့ပြီး အရိုးစုကြီးကို ၎င်းရဲ့ မသေမျိုးအခြေအနေကနေ ဘယ်လိုမျိုး အပြည့်အဝ ချေဖျက်ပေးရမလဲဆိုတဲ့ နည်းလမ်းအမှန်ကို ကွက်ကွက်ကွင်းကွင်း ပြသပေးလိုက်တာ ဖြစ်ပါတယ်။
မိုက်ကယ်က ကြယ်ကိုးပွင့်အဆင့်ရှိတဲ့ စစ်သူကြီးအရိုးစုကြီးမှာ စဉ်းစားတွေးခေါ်တာနဲ့ပတ်သက်ပြီး ဘာအသိဉာဏ်မှတ်ဉာဏ်မှ ရှိမနေဘူးဆိုတဲ့ အားနည်းချက်ကို အပိုင်အခွင့်ကောင်းယူလိုက်တယ်။ ကံဆိုးစွာနဲ့ပဲ ၎င်းရဲ့ ခန္ဓာကိုယ်ရဲ့ တိုက်ခိုက်ရေး ဗီဇမှတ်ဉာဏ်တစ်ခုတည်းသာ ကျန်ရစ်ခဲ့တာကိုး။
သူက မှော်စွမ်းအင်တွေရဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ နယ်ပယ်ကို အာရုံစိုက်ပြီး ဖောက်ထွင်းကြည့်ရှုလိုက်ရာ အရိုးစုကြီးရဲ့ သေဆုံးခြင်းစွမ်းအင်ကို ကျစ်လျစ်စွာ ဖွဲ့စည်းထားတဲ့ အနက်ရောင်နဲ့ အဝါရောင် မှော်စွမ်းအင် အမှုန်အမွှားလေးတွေထဲက အမှောင်ဒြပ်စင်နဲ့ အဆိပ်ဒြပ်စင်ကို အတိုင်းသား မြင်တွေ့လိုက်ရတယ်။ သူက အဲဒီ မှော်စွမ်းအင်နှစ်မျိုးကို တစ်ခဏချင်းအတွင်း သီးခြားစီ စတင်ခွဲထုတ်လိုက်ပြီး တစ်ခုနဲ့တစ်ခု လှည့်ပတ်နေတဲ့ အချိတ်အဆက်တွေကို အဝေးဆီကို ပြင်းထန်စွာ လွင့်စင်ပျောက်ကွယ်သွားအောင် လုပ်ဆောင်လိုက်တယ်။
အရိုးစုကြီးရဲ့ ရင်ညွန့်ရိုးအတွင်းထဲက တောက်ပနေတဲ့ အလင်းပွင့်တွေထဲက တစ်ခုက ဆတ်ခနဲ မှိန်ဖျော့သွားခဲ့ပြီး စင်ကြယ်တဲ့ အမှောင်ဒြပ်စင်နဲ့ အဆိပ်ဒြပ်စင် မှော်စွမ်းအင်တွေအဖြစ် ပြိုကွဲကာ ပျောက်ကွယ်သွားခဲ့ရတယ်။
အခုဆိုရင် ၎င်းက ကြယ်ရှစ်ပွင့်အဆင့်ရှိတဲ့ မသေမျိုးသတ္တဝါအဖြစ်ပဲ ကျရော့သွားပါတော့တယ်။
မိုက်ကယ်က အရိုးစုကြီးရဲ့ စွမ်းအားတွေအပေါ်မှာ ထိန်းချုပ်မှုကို ဆက်လက်ပြီး ကြမ်းတမ်းစွာ လုယူလိုက်ကာ ၎င်းရဲ့ အင်အားအချက်အချာတွေကို တစ်ခုပြီးတစ်ခု ချေဖျက်ပေးလိုက်ပြီး နောက်ဆုံးမှာတော့ သာမန် ကြယ်တစ်ပွင့်အဆင့်ရှိတဲ့ မသေမျိုးအရိုးစုလေးတစ်ခုမျှသာ ဖြစ်သွားတဲ့အထိ ၎င်းရဲ့ စွမ်းအားအလင်းစက်တွေကို ဖြိုခွဲပစ်လိုက်တယ်။ ၎င်းရဲ့ တည်ရှိမှုက တောင်ကြီးတစ်လုံးလိုမျိုး ကြီးမားမနေတော့ဘဲ သာမန် သေးငယ်လှတဲ့ မြေပုံလေးတစ်ခုမျှသာ ဖြစ်သွားခဲ့ရရှာပြီ ဖြစ်ပါတယ်။
သူက အရိုးစုကြီးကို လှုပ်ရှားနိုင်စေတဲ့ ပင်ကိုယ်သက်စောင့်အသက်စွမ်းအင်ကိုပါ လုံးဝဥဿုံ ချေဖျက်ပေးဖို့ ပြင်လိုက်တဲ့ အချိန်မှာတင် ရုတ်တရက်ဆိုသလို ၎င်းရဲ့ အပြာရောင်သန်းနေတဲ့ အစိမ်းရောင် အလင်းပွင့် မျက်လုံးကြီးတွေက သူ့ကို တအံ့တဩ စူးစမ်းလိုစိတ်တွေနဲ့ လှမ်းကြည့်လာခဲ့တယ်။ အဲဒါက လမ်းပေါ်မှာ မသိတဲ့ လူစိမ်းတစ်ယောက်ကို လှမ်းပြီး မှတ်မိဖို့ ကြိုးစားနေတဲ့သူတစ်ယောက်လိုမျိုး အမူအရာမျိုးပါ။
အဲဒီနောက်မှာတော့ အရိုးစုကြီးက သူ့ရဲ့ လက်မောင်းတွေကို ပြန်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတာက သွေးသားမရှိဘဲ အရိုးတွေသက်သက်ပဲ ဖြစ်နေတာကို မြင်လိုက်ရတဲ့ အခါမှာတော့ ၎င်းရဲ့ မျက်နှာပေါ်မှာ ဇဝေဇဝါ ဖြစ်နေတဲ့ အမူအရာတွေက အထင်သား သိသာလွန်းနေခဲ့ရတယ်။
မိုက်ကယ်က အခုလိုမျိုး ထူးဆန်းတဲ့ မြင်ကွင်းကို ကြည့်ရင်းနဲ့ တကယ့်ကို အံ့ဩသွားမိခဲ့တာဖြစ်လို့ အရိုးစုကြီးအပေါ်မှာ လုပ်ဆောင်နေတဲ့ ပြောင်းလဲမှု ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ငန်းစဉ်ကို ခတ္တမျှ ရပ်တန့်လိုက်မိတယ်။
တစ်နည်းအားဖြင့် ပြောရရင်တော့ ဟောဒီ အရိုးစုကြီးက ၎င်း ပိုပြီးတော့ စွမ်းအားတွေ အားနည်းလာလေလေ၊ ပိုပြီးတော့ အတိတ်က သတိဝီရိယတွေ ပြန်လည်နိုးထလာလေလေ ဖြစ်နေတာပဲ ဖြစ်ရမယ်။
* * * * * * * * *