အခန်း (၂၂၅-၂၂၆)
Vol. 19 Ch. 225-226
အခန်း (၂၂၅)
မိုက်ကယ်၊ ဂရီးဗ် နဲ့ ဖတ်ချ်တို့ နီယိုအော်ကပ်စ်ဆီ ပြန်ရောက်လာတဲ့အခါ အတော်ကြာအောင် စောင့်နေခဲ့ကြတဲ့ ဒရာကွန်ဘွန်းတွေက ချက်ချင်းပဲ ဝမ်းသာအားရ ဆီးကြိုကြတယ်။
မိုက်ကယ်က သူ ဘေးကင်းကြောင်း သူ့ရဲ့ အရိပ်အဖွဲ့ဆီ အချက်ပြလိုက်ပြီးတဲ့နောက် သူတို့အားလုံးက မိုက်ကယ်ကို မစောင့်တော့ဘဲ နီယိုအော်ကပ်စ်ဆီ အရင်ပြန်လာခဲ့ကြတာပေါ့။
"သခင်လေး မိုက်ကယ်၊ ကျေးဇူးတော်ကြောင့် အဆင်ပြေပြေနဲ့ ပြန်ရောက်လာတာပဲ" လို့ ရှီနာက ဆိုတယ်။
"အစ်ကိုကြီးမိုက်၊ ဘယ်တွေ သွားနေတာလဲ။ တို့တွေကို ထားခဲ့ပြီး တစ်ယောက်တည်း စွန့်စားခန်း သွားဖွင့်နေတာလား"
"..... ဘေးကင်းလို့ ဝမ်းသာပါတယ် ..."
"သခင်လေူ တစ်ယောက်တည်း အပြင်မှာ ရှိနေတော့ စိတ်မအေးနိုင်ဘူး ဖြစ်နေတာ"
မိုက်ကယ်က သူ အဆင်ပြေကြောင်း အားလုံးကို အာမခံလိုက်တယ်။ တကယ်လို့ သူ့အသက်အန္တရာယ်နားအထိ စိုးရိမ်ရတဲ့ ဘေးဒုက္ခတစ်ခုခုနဲ့ ကြုံလာရင် ဘာမှစဉ်းစားမနေဘဲ နီယိုအော်ကပ်စ်ဆီ မှော်ပညာနဲ့ ချက်ချင်း ပြန်လာမှာပဲလေ။
သူဟာ သူ့ဘဝမှာ အန္တရာယ်အရှိဆုံးဖြစ်တဲ့ ကြယ်ကိုးပွင့်အဆင့်ရှိတဲ့ မသေမျိုးအရိုးစုကြီးနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ရတာ မှန်ပေမဲ့ အဲဒီလောက်အထိတော့ ဘေးမသီနိုင်ဘူးလို့ သူ ထင်မိတယ်။
"ဪ၊ ဒါနဲ့ မင်းတို့ကို ငါတို့အဖွဲ့ဝင်အသစ်နဲ့ မိတ်ဆက်ပေးရဦးမယ်။ သူက ဂရီးဗ် တဲ့"
အဲဒီအခါကျမှပဲ ဒရာကွန်ဘွန်းတွေက မိုက်ကယ်ရဲ့ အနောက်မှာ ကပ်လျက်ရပ်နေတဲ့ မထူးခြားသလို လမ်းလျှောက်နေတဲ့ အရိုးစုကြီးကို သတိထားမိသွားကြတယ်။
ဒရာကွန်ဘွန်းတွေက ဂရီးဗ်ရဲ့ အပြာရောင်သန်းနေတဲ့ အစိမ်းရောင် အလင်းပွင့် မျက်လုံးကြီးတွေကို သတိပြုမိလိုက်ကြတယ်။ ၎င်းက မှိန်ဖျော့နေပေမဲ့ ၎င်းရဲ့အတွင်းထဲမှာ သူတို့ကိုယ်တိုင်တောင် နားမလည်နိုင်လောက်အောင် နက်ရှိုင်းလှတဲ့ တန်ခိုးတွေ ကိန်းအောင်းနေတာကို ခံစားလိုက်ရမိတယ်။
အကယ်၍ ၎င်းနဲ့ သူတို့ကြားထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဆက်နွှယ်မှုတစ်ခု ရှိမနေခဲ့ရင် ဒီအရိုးစုကြီးအပေါ် သူတို့ သံသယဝင်မိကြမှာ သေချာတယ်။
အဲဒါက သူတို့အားလုံးကို ကြိုးမျှင်တစ်ခုနဲ့ ချိတ်ဆက်ထားသလိုမျိုးဖြစ်ပြီး ရီနေးတားမျိုးနွယ်ဝင် အားလုံးအပေါ်မှာ ရှိနေတဲ့ မိုက်ကယ်ရဲ့ ဆက်သွယ်မှုအငွေ့အသက်ပေါ့၊ ဘာလို့လဲဆိုတော့ သူက သူတို့ရဲ့ ပါရမီတွေကို ပထမဆုံး နိုးထပေးခဲ့တဲ့သူ ဖြစ်လို့လေ။
ဒီအချက်တစ်ခုတည်းနဲ့တင် ဒရာကွန်ဘွန်းတွေအနေနဲ့ ဂရီးဗ်ဟာ သူတို့ရဲ့ ရဲဘော်ရဲဘက်၊ သူတို့ရဲ့ မိသားစုဝင်တစ်ယောက် ဖြစ်မှန်း သဘောပေါက်သွားဖို့အတွက် လုံလောက်ခဲ့ရတယ်။
"ဟဲဟဲ၊ ကြည့်လိုက်စမ်း….. အရေခွံထူတဲ့ နဂါးပေါက်တွေရယ်၊ ငါ့မှာလည်း အခုတော့ မျိုးဆက်သစ် ညီငယ်လေးတစ်ယောက် ရှိသွားပြီကွ" လို့ ဖတ်ချ်က ဒရာကွန်ဘွန်းတွေကို ကြွားလုံးထုတ်လိုက်တယ်။
ဇိုင်ယွန်ကတော့ ချက်ချင်းပဲ နှုတ်ခမ်းဆူသွားပြီး မနာလိုဖြစ်နေကြောင်း ဖော်ပြတယ်။ ဒါပေါ့၊ ဖတ်ချ်ကတော့ ဒီဒရာကွန်ဘွန်လေးရဲ့ မျက်နှာကိုကြည့်ပြီး အခွင့်အရေးကို လက်လွတ်မခံဘဲ ထပ်ဆင့်ကြွားလုံးထုတ်နေတာပေါ့။ သူ့ကို မျက်နှာပြောင်ပြနေတဲ့ ဖတ်ချ်ဆီကို ဇိုင်ယွန်က ဒေါသတကြီးနဲ့ ပြေးဝင်ဖို့ လုပ်နေတာကြောင့် တခြားဒရာကွန်ဘွန်းတွေက ဇိုင်ယွန်ကို မနည်း ပြန်ဆွဲထားကြရရှာတယ်။
အဲဒီအချိန်မှာပဲ မိုက်ကယ်က ဂရီးဗ်ရဲ့ အနားကို လျှောက်သွားလိုက်တယ်။
"ကဲ ... အပြင်လောကကြီးကို ကြည့်ပြီး ဘယ်လိုခံစားရလဲ"
အတိတ်ကာလတုန်းက စစ်သူကြီးဟောင်းက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး နီယိုအော်ကပ်စ်ရဲ့ ထူးခြားလှတဲ့ ဗိသုကာလက်ရာတွေကို ငေးမောကြည့်နေခဲ့တယ်။ ၎င်းရဲ့ မျက်ဝန်းတွေထဲမှာ အံ့ဩမှင်သက်ခြင်းတွေ ပြည့်နှက်လို့ နေတာပေါ့။
"ဒါဆိုရင် သခင်က ဘုရင်တစ်ပါးပေါ့၊ ဟောဒီ မြေရိုင်းကြီးကို ပိုင်ဆိုင်ထားတာကိုး" လို့ ဂရီးဗ်က ဆိုတယ်။
"အဲဒါဆိုရင်တော့ ကျွန်ုပ်ရဲ့ ဒုတိယဘဝမှာလည်း နောက်ထပ် ဘုရင်တစ်ပါးကို အလုပ်အကျွေးပြုရတာက ကံကြမ္မာရဲ့ အလှည့်အပြောင်းပဲ ဖြစ်ရမယ် ... နေပါဦး၊ ဒါတွေကို ကျွန်ုပ် ဘယ်လိုသိနေတာလဲ ... ဟင် ..."
ဂရီးဗ်က အဖြေရှာဖို့အတွက် ၎င်းရဲ့ အရိုးခေါင်းကို ကုတ်နေမိပေမဲ့ ကံဆိုးစွာနဲ့ပဲ ဘာမှ စဉ်းစားလို့ မရခဲ့ရှာပါဘူး။
မိုက်ကယ်ကတော့ ဂရီးဗ်ရဲ့ စကားကို ပြန်မပြောတော့ဘဲ ဖတ်ချ်နဲ့ ဇိုင်ယွန်တို့ ဦးဆောင်ပြီး မြို့ထဲကို လိုက်ပြတာကိုပဲ လွှတ်ထားပေးလိုက်တယ်။ အဲဒီနှစ်ယောက်က ဂရီးဗ်အပေါ်မှာ ဆိုးရွားတဲ့ အလေ့အကျင့်တွေ ပေးလိမ့်မယ်ဆိုတာ မိုက်ကယ် သိထားပေမဲ့ အခုအချိန်မှာ သွားတားဖို့ကတော့ အချိန်နှောင်းသွားခဲ့ပြီလေ။
ဒီအတောအတွင်းမှာပဲ သူက သူ့ရဲ့ အရိပ်ကို ငုံ့ကြည့်လိုက်ပြီး ဝံပုလွေအော့ခ် အရိပ်နှစ်ကောင်ကို ဆင့်ခေါ်လိုက်တယ်။
"နာရီတို၊ ဆာစူကီ၊ မင်းတို့ ရှိလား"
အရင်တုန်းက ဝံပုလွေအော့ခ်နဲ့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဟောင်းတွေက အရိပ်ထဲကနေ ပေါ်ထွက်လာကြပြီး မိုက်ကယ်ရဲ့ ရှေ့မှာ ရိုရိုသေသေနဲ့ ဒူးထောက်လိုက်ကြတယ်။
"အမိန့်ပေးပါ၊ သခင်"
"ငါတို့ ထွက်လာပြီးတဲ့နောက် အဲဒီ ဂူသင်္ချိုင်းမှာ ဘာတွေ ထပ်ဖြစ်ခဲ့လဲဆိုတာ မင်းတို့ သိလား"
နာရီတိုက ပတ်ဝန်းကျင်က အခြားအော့ခ်တွေရဲ့ သတင်းပို့ချက်တွေကို ပြန်ပြောင်းပြောပြဖို့အတွက် သူ့ရဲ့ ပေါင်တွေနဲ့ ရင်ဘတ်ကို စည်းချက်ကျကျ ရိုက်ခတ်ပြီး စကားစလိုက်တယ်။
"သခင်ထွက်လာပြီးတာနဲ့ အဲဒီ ဂူသင်္ချိုင်းတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့တယ်၊ သခင်။ ကံကောင်းလို့သာ အရာရာတိုင်း မြေကြီးထဲ ပြန်မမြုပ်သွားခင်မှာ လူတိုင်း အချိန်မီ ဆုတ်ခွာနိုင်ခဲ့ကြတာ။ ဒါက စွန့်စားရှာဖွေသူတွေကြားထဲမှာတော့ ဟိုးလေးတကျော် ဖြစ်သွားခဲ့ရပြီး တချို့က သခင်က ဂူသင်္ချိုင်းအောက်မှာ ပိတ်မိပြီး မြုပ်ကျန်ခဲ့ပြီလို့ ထင်နေကြသလို တချို့ကလည်း ရတနာတွေကို သယ်ပြီး ထွက်သွားခဲ့ပြီလို့ ထင်နေကြတယ်"
"လူအများကြီးက သခင့်အကြောင်းကို လိုက်မေးနေကြတယ်၊ သခင်" လို့ ဆာစူကီက ထပ်လောင်းပြောပြတယ်။
"ဒီဂူသင်္ချိုင်းကိစ္စကြီးပြီးသွားတဲ့နောက်မှာ လူတိုင်းက ရီနေးတားကုမ္ပဏီအကြောင်းကို စတင်ပြီး စူးစမ်းလိုစိတ်တွေ ဖြစ်နေကြပြီ။ ဘာလို့လဲဆိုတော့ လူတိုင်းက ကောင်းကင်ဘုံစစ်သည်တော်တွေ ဒါမှမဟုတ် ဟမ်းမားစတုန်းအဖွဲ့ကပဲ ရတနာအခန်းထဲကို ရောက်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့ကြတာလေ။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် သခင် တစ်ယောက်တည်းသာ အဲဒီ ရတနာတွေရှိတဲ့ နေရာကို ရောက်ရှိနိုင်ခဲ့တာကိုး"
"ကျွန်တော်တို့ ဒရာကွန်ဘွန်းတွေအကြောင်းလည်း အများကြီး ကြားခဲ့ရတယ်၊ သခင်" လို့ နာရီတိုက ဆိုတယ်။
"သူတို့တွေက ဘုရင့်အဆင့် ကျားသစ်မိစ္စာကြီးကို တိုက်ခိုက်ဖို့အတွက် အသုံးပြုခဲ့ကြတဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေရဲ့ အစွမ်းကို ကြည့်ပြီး တကယ့်ကို အံ့ဩမှင်သက်နေကြတာ။ ဒါကြောင့်လည်း လူအများကြီးက ဒရာကွန်ဘွန်းတွေအကြောင်း အသေးစိတ် သိချင်လို့ ရီနေးတားရဲ့ လက်နက်တိုက်ဆီကို ဝိုင်းအုံပြီး လာမေးနေကြတယ်"
မီသရယ် မှော်ဝင်ပစ္စည်းတွေရဲ့ ထွက်ပေါ်လာမှုက မိုက်ကယ် မျှော်လင့်ထားတဲ့အတိုင်းပဲ အလွန်ကြီးမားတဲ့ လှုပ်ခတ်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့တာပေါ့။
"မေရီက ဘာလုပ်လိုက်လဲ" လို့ သူက မေးလိုက်တယ်။
"သူမက အဲဒီလူတွေကို နီယိုအော်ကပ်စ်ဆီကိုပဲ လမ်းညွှန်ပေးလိုက်တယ်၊ ဆရာကြီး"
မိုက်ကယ်က ကျေနပ်သွားတဲ့ အမူအရာနဲ့ ခေါင်းညိတ်လိုက်တယ်။ အခုအချိန်လောက်ဆိုရင် စွန့်စားရှာဖွေသူတွေအနေနဲ့ အသစ်တည်ဆောက်ထားတဲ့ ရွှေလမ်းမကြီးကို သတိထားမိသွားကြပြီး အဲဒီလမ်းအတိုင်း နီယိုအော်ကပ်စ်ဆီကို လိုက်လာကြမှာ သေချာတယ်။
ဒါကလည်း သူ ဒရာကွန်ဘွန်းတွေကို ဂူသင်္ချိုင်းန့်စားခန်းမှာ သူတို့ရဲ့ အစွမ်းတွေကို ပြသဖို့ ခွင့်ပြုခဲ့ရတဲ့ အဓိက အကြောင်းရင်းတစ်ခုပဲလေ။ သူက ရီနေးတားဆိုတဲ့ နာမည်ကို လူတွေရဲ့ စိတ်ထဲမှာ စွဲထင်သွားအောင် ပထမဆုံး အထင်ကြီးစရာ အရှိန်အဝါတစ်ခု ဖန်တီးချင်ခဲ့တာ ဖြစ်လို့ပါပဲ။
ပြီးတော့ သူတို့ရဲ့ စူးစမ်းလိုစိတ်တွေ အထွတ်အထိပ်ကို ရောက်လာတဲ့အခါမှာတော့ အဖြေတွေကို ရှာဖွေဖို့အတွက် ရွှေလမ်းမကြီးအတိုင်း လိုက်လာပြီး နီယိုအော်ကပ်စ်ဆီကို ရောက်ရှိလာကြမှာပေါ့။
ရီနေးတားကုမ္ပဏီဆိုတာ ဘာကြီးလဲ။ ဒရာကွန်ဘွန်းတွေဆိုတာ ဘယ်သူတွေလဲ။ ဂူသင်္ချိုင်းဆီကို တစ်ယောက်တည်း ရောက်အောင်သွားနိုင်ခဲ့တဲ့ ရွှေဝါရောင်ဆံပင်နဲ့ ကောင်လေးကကော ဘယ်သူလဲ။
ပြီးတော့ သူတို့တွေ နီယိုအော်ကပ်စ်ဆီ ရောက်လာတာနဲ့ အဲဒီမြို့မှာ ရှိသမျှ အရာအားလုံးကို ကြည့်ပြီး အံ့ဩလွန်းလို့ အစက ဘာလို့ ဒီနေရာကို လာခဲ့ကြသလဲဆိုတဲ့ အကြောင်းရင်းကိုတောင် လုံးဝ မေ့လျော့သွားကြလိမ့်မယ်။
အဲဒီနောက်မှာတော့ သူတို့တွေဟာ ကင်းစ်နယ်မြေအကြောင်းကိုပါ တဖြည်းဖြည်း သိရှိသွားကြပြီး ရီနေးတား နိုင်ငံတော်ဆီကို တန်းတန်းမတ်မတ် လမ်းညွှန်ပေးသလို ဖြစ်သွားမှာပေါ့။
ဒါကတော့ ခြောက်သွေ့လွင်ပြင်ဆီကို ခရီးသွားဧည့်သည်တွေ ပိုပြီး ရောက်လာအောင် လုပ်ဆောင်မယ့် မိုက်ကယ်ရဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒါက အစကတည်းက ရွှေလမ်းမကြီးကို တည်ဆောက်ခဲ့ရတဲ့ တကယ့်ပန်းတိုင်ပဲလေ။ အဲဒါက လူတိုင်း တဖြည်းဖြည်းချင်း လိုက်လာရင်းနဲ့ နောက်ဆုံးမှာတော့ သူတို့ရဲ့ အိပ်မက်တွေ အကုန်လုံး အမှန်တကယ် ဖြစ်လာမယ့် ရီနေးတား နိုင်ငံတော်ဆီကို ရောက်ရှိသွားမယ့် လမ်းစလေးတစ်ခုပါပဲ။
ပြီးတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ စွန့်စားရှာဖွေသူတွေရဲ့ ပထမဆုံး အစုအဖွဲ့ဟာ နီယိုအော်ကပ်စ်ဆီကို ရောက်ရှိလာခဲ့ကြတယ်။
သူတို့တွေက ဒရာကွန်ဘွန်းတွေ ကြယ်ခြောက်ပွင့်အဆင့်ရှိတဲ့ မသေမျိုးသတ္တဝါကို ကိုယ်တိုင် ဘယ်လို ချေမှုန်းလိုက်သလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့သူတွေပေါ့။ ပြီးတော့ အတိအကျ ပြောရရင်တော့ သူတို့တွေဟာ ရွှေလမ်းမကြီးရဲ့ ပထမဆုံးသော ခရီးသွားဧည့်သည်တွေလည်း ဖြစ်ကြပါတယ်။
ဒါပေါ့၊ မြို့ထဲက လူတွေကလည်း သူတို့ရဲ့ ရောက်ရှိလာမှုကို ပျော်ရွှင်စရာ အပြုံးတွေ၊ ချောကလက်တုံးလေးတွေနဲ့အတူ လှိုက်လှိုက်လှဲလှဲ ဆီးကြိုနှုတ်ဆက်ကြတာပေါ့။
ဒီအတောအတွင်းမှာပဲ အန်ဂိုရာမြို့တော်ကြီးထဲမှာတော့ စကားသံတွေ ဆူညံလို့ နေပါတယ်။
ဂူသင်္ချိုင်းစွန့်စားခန်းရဲ့ ရလဒ်တွေက မြို့တော်ကြီးဆီကို ပျံ့နှံ့ရောက်ရှိသွားဖို့အတွက် ကြာရှည်မခံလိုက်ပါဘူး။ အစပိုင်းမှာတော့ ဒီသတင်းက ကမ်ပိန်းမှာ ပါဝင်ခဲ့ကြတဲ့ ဟမ်းမားစတုန်းကုမ္ပဏီလိုမျိုး အဖွဲ့အစည်းတွေကြားထဲမှာပဲ ရှိနေခဲ့ပေမဲ့ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ သတင်းက တောမီးလောင်သလိုမျိုး ချက်ချင်း ပြန့်နှံ့သွားခဲ့ရတယ်။
နာမည်မရှိတဲ့ ကုမ္ပဏီအသစ်လေးတစ်ခုက အခုလိုမျိုး ကြီးကျယ်လှတဲ့ အောင်မြင်မှုကို ရရှိသွားခဲ့တယ်ဆိုတဲ့အချက်ကို လူအများစုက မယုံနိုင်အောင် ဖြစ်နေကြရတာပေါ့။ အန်ဂိုရာမြို့တော်ထဲက ထိပ်သီးစွန့်စားရှာဖွေသူတွေ အများစုဆိုရင် ရီနေးတားကုမ္ပဏီဆိုတဲ့ နာမည်ကို တစ်ခါမှတောင် မကြားဖူးကြပါဘူး။
ဒါပေါ့၊ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ချောကလက်တွေကနေတစ်ဆင့် ဒီနာမည်ကို မှတ်မိတဲ့သူအချို့ ရှိနေပေမဲ့လည်း ဒါက လူတိုင်းရဲ့ စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်စရာတွေကို ပိုပြီးတော့တောင် တိုးပွားစေခဲ့တယ်။
မုန့်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက လက်နက်တိုက်တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာက လုံးဝကို ကွဲပြားခြားနားနေတဲ့ အရာနှစ်ခု ဖြစ်နေလို့ပါပဲ။
ဒါတင်မကသေးဘဲ ရီနေးတားကုမ္ပဏီရဲ့ စွန့်စားရှာဖွေသူတွေဟာ မီသရယ် မှော်ဝင်ပစ္စည်းတွေကို ကိုင်ဆောင်ထားကြတယ်ဆိုတဲ့ ကောလာဟလတွေပါ ထွက်ပေါ်နေခဲ့ရတယ်။ ဒီစိတ်ကူးက လူအများစုအတွက်တော့ အဓိပ္ပာယ်မရှိတဲ့အရာပါပဲ၊ အထူးသဖြင့် အန်ဂိုရာမြို့တော်ထဲက ပန်းပဲလုပ်ငန်းရှင်တွေအတွက်ပေါ့။
အဲဒီပစ္စည်းက ဘယ်လောက်တောင် ရှားပါးသလဲဆိုတာ သူတို့ ကောင်းကောင်းသိထားကြပြီး ကမ္ဘာပေါ်က ပိုက်ဆံတွေ အကုန်ပုံပေးရင်တောင် ဒါမျိုးကို အလွယ်တကူ ဝယ်လို့မရနိုင်ဘူးဆိုတာကိုး။
ဟမ်းမားစတုန်းအဖွဲ့ရဲ့ ခေါင်းဆောင်ကိုယ်တိုင်တောင် သူမြင်ခဲ့ရတဲ့ မြင်ကွင်းတွေက တကယ့်အမှန်တရားပါလို့ သူ့ရဲ့ ကုမ္ပဏီလူကြီးတွေကို မနည်း ရှင်းပြနေရရှာတယ်။
ဒါပေါ့၊ ဆာဂျွန်ကိုယ်တိုင်လည်း နန်းတော်ထဲက တခြားသော စစ်သည်တော်တွေရဲ့ သံသယဖြစ်ဖွယ် အကြည့်တွေကို အများကြီး ခံခဲ့ရတာပေါ့။
လူတိုင်းက ရီနေးတားကုမ္ပဏီအကြောင်းကို အမျိုးမျိုး ခန့်မှန်းတွေးတောနေကြရတယ်။
ဒါပေမဲ့ သူတို့တွေရဲ့ ခြေထောက်အောက်မှာ ရှိနေတဲ့ ကိုယ်ပိုင်အရိပ်တွေက ပုံမှန်မဟုတ်ဘဲ လှုပ်ရှားကွေးညွှတ်နေတာကိုတော့ ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။
* * * * * * * * *
စာစဉ်(၁၉)
အခန်း (၂၂၆)
ဂူသင်္ချိုင်းစွန်းစားခန်းဖြစ်ရပ်တွေ ပြီးဆုံးသွားပြီး ရက်အနည်းငယ် ကြာတဲ့အခါ နီယိုအော်ကပ်စ်ရဲ့ လေထုက ပြန်လည်ငြိမ်သက်သွားခဲ့ရတယ်။
ဂရီးဗ်က အတိတ်ကာလတုန်းက ကြယ်ကိုးပွင့်အဆင့်ရှိတဲ့ မသေမျိုးစစ်သူကြီးတစ်ယောက်ပီပီ ၎င်းရဲ့ ကျွမ်းကျင်မှုတွေကို ချက်ချင်းပဲ ပြသခဲ့တာပေါ့။ ၎င်းက အရင်ဘဝတုန်းက သင်ယူခဲ့ဖူးတဲ့ ကိုယ်ခံပညာရပ်မန္တန်တွေကို အကုန်လုံး မှတ်မိနေပုံရပြီး အခုဆိုရင် အဲဒါတွေကို ရီနေးတားမျိုးနွယ်ဝင်တွေနဲ့ ဒရာကွန်ဘွန်းတွေကို သိသင့်သမျှ အကုန်လုံး လိုက်လံသင်ကြားပေးနေခဲ့တယ်။
ဒါက ဒရာကွန်ဘွန်းတွေအတွက်တော့ တကယ့်ကို အိပ်မက်ကနေ နိုးထလာသလိုပါပဲ၊ ဘာလို့လဲဆိုတော့ ဂရီးဗ်က လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ ပတ်သက်ရင် အလွန်ကို တင်းကျပ်လွန်းလို့ပါပဲ။ ၎င်းက နေမထွက်ခင် မိုးလင်းစအချိန်ကတည်းက လူတိုင်းကို အိပ်ရာကနေ ထခိုင်းပြီး အပြင်းအထန် လေ့ကျင့်ခိုင်းတာကိုး။
"ဟူး ... ဟူး ... အစ်ကိုကြီးမိုက် ... ကယ်ပါဦး ..." လို့ ဇိုင်ယွန်က နီယိုအော်ကပ်စ်မြို့ကို ပတ်ပြီး အပြေးလေ့ကျင့်ရလွန်းလို့ အင်အားတွေ လုံးဝကုန်ခမ်းပြီး ခြေထောက်တွေကို မနည်းဆွဲပြီး လျှောက်ရင်း ဆိုတယ်။
မိုက်ကယ်က ရီနေးတားမျိုးနွယ်ဝင်တွေကို လှည့်ကြည့်လိုက်တဲ့အခါ ကြမ်းပြင်ပေါ်မှာ အကုန်လုံး မေ့လဲမတတ် လဲလျောင်းနေကြတာကို မြင်လိုက်ရတယ်။ ဂရီးဗ်က ဒရာကွန်ဘွန်းတွေအပေါ်မှာ ပိုပြီးတော့တောင် ရက်စက်သေးတယ်၊ သူတို့အတွက် ဆယ်ဆလောက် ပိုပြီး ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေကို ပေးထားတာ ဖြစ်လို့ပါပဲ။
"ဒါက အဆင်ပြေရဲ့လား" လို့ သူက ဂရီးဗ်ကို နည်းနည်း စိုးရိမ်တဲ့ အမူအရာနဲ့ မေးလိုက်တယ်။
"ဟုတ်ပါတယ်၊ မိုက်ကယ်။ ကျွန်ုပ် သေဆုံးသွားခဲ့ပြီးကတည်းက ဒီကမ္ဘာကြီးက အများကြီး ပြောင်းလဲသွားခဲ့ပြီ ဆိုပေမဲ့လည်း ဒီလူငယ်လေးတွေရဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကတော့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်ဆိုတာ ကျွန်ုပ် သေချာပေါက် ပြောရဲပါတယ်။ သူတို့တွေက ကျွန်ုပ် တို့ ခေတ်တုန်းက သာမန်စစ်သည်တော်တွေကိုတောင် မီတာ မဟုတ်ဘူး၊ သခင်ကြီးရဲ့ နိုင်ငံတော်အတွက် စစ်သူကြီးတစ်ယောက် ဖြစ်ဖို့ဆိုတာကတော့ လုံးဝကို မထိုက်တန်သေးပါဘူး ... အနည်းဆုံးတော့ ကျွန်ုပ် အဲဒီလို ထင်တာပဲ။ မမှတ်မိတော့ဘူး၊ ဟိုဟို ..."
"အရိုးအိုကြီးရဲ့ စကားတွေကို တို့တွေ အကုန်ကြားတယ်နော်" လို့ ဇိုင်ယွန်က လှမ်းအော်လိုက်တယ်။
"ဟေး ... ငါကလွဲလို့ ငါ့ရဲ့ ညီငယ်လေးကို ဘယ်သူမှ လှမ်းမအော်ရဘူး" လို့ ဂရီးဗ်ရဲ့ အရိုးခေါင်းပေါ်မှာ ထိုင်နေတဲ့ ဖတ်ချ်က ပြန်အော်တယ်။
ဒါပေါ့၊ မိုက်ကယ်ကတော့ ဘုရင်တစ်ပါးဆိုတဲ့ အဆင့်အတန်းကြောင့် ဒီလေ့ကျင့်ရေးတွေ အကုန်လုံးကနေ ကင်းလွတ်ခွင့် ရရှိထားတာပေါ့။ မိုက်ကယ်က ကိုယ့်ကိုယ်ကိုယ် တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်လို့ မသတ်မှတ်ထားပေမဲ့လည်း ဒီလိုမျိုး ပင်ပန်းလှတဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ကွင်းလို့ ရမယ်ဆိုရင်တော့ အဲဒီနေရာကို ယုန်တစ်ကောင်လိုမျိုး အမြန်ဆုံးယူပစ်မှာပေါ့။
မကြာခင်မှာပဲ သူ့ဆီကို ဂရီးဗ်ကို သံသယဖြစ်ဖွယ် အကြည့်တွေနဲ့ စိုက်ကြည့်နေကြတဲ့ ယူနာနဲ့ အက်ဂ်နက်စ်တို့ ရောက်ရှိလာကြတယ်။
"သခင်လေး မိုက်ကယ် ... ဟို ... သခင်ကြီးရဲ့ သူငယ်ချင်းက ... သူက ဘယ်သူလဲဟင်" လို့ အက်ဂ်နက်စ်က မတ်တတ်ရပ်နေတဲ့ အရိုးစုကြီးကို အောက်ကနေ အပေါ်အထိ သေသေချာချာ ကြည့်ရင်း မေးလိုက်တယ်။
"ဪ၊ ငါ သူ့ကို တစ်နေရာမှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာပါ" လို့ သူက ရှင်းပြလိုက်တယ်။ "ဘာလို့လဲ၊ မင်းတို့ သူ့ကို မှတ်မိလို့လား"
အက်ဂ်နက်စ်က ဒရာကွန်ဘွန်းတွေနဲ့ ရီနေးတားမျိုးနွယ်ဝင်တွေ တစ်ပြိုင်တည်း ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားတွေနဲ့ လေ့ကျင့်နေကြတာကို လှည့်ကြည့်လိုက်တယ်။ သူတို့တွေက သူမ တစ်ခါမှ မမြင်ဖူးတဲ့ ထူးဆန်းလှတဲ့ တိုက်ခိုက်ရေးပညာရပ်တစ်ခုကို လေ့ကျင့်နေကြသလိုပါပဲ။
"ကိုယ်ခန္ဓာရဲ့ စွမ်းအား သက်သက်တင်ကို အသုံးပြုပြီး တိုက်ခိုက်တဲ့ ပုံစံမျိုး၊ ပြီးတော့ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကို အဓိကထားတဲ့ ပုံစံမျိုး ... ဒါမျိုး စတိုင်ကို ကျွန်မ တစ်ခါပဲ ကြားဖူးတယ်" လို့ သူမက တိုးတိုးလေး ဆိုတယ်။
"ကျွန်မ ကောင်းကင်ဘုံစစ်သည်တော်တွေအဖွဲ့မှာ ရှိခဲ့တုန်းက ကျွန်မရဲ့ ဆရာ ခရူဂါ က ကျွန်မကို ရှေးဟောင်း မှော်ပရပိုဒ်တစ်ခု ပြခဲ့ဖူးတယ်။ အဲဒါကို ခဏမျှသာ မြင်တွေ့ခဲ့ရတာ ဆိုပေမဲ့လည်း ဒရာကွန်ဘွန်းတွေ အခု လေ့ကျင့်နေတာက အဲဒီအရာနဲ့ တကယ့်ကို ဆင်တူနေတယ်ဆိုတာ ကျွန်မ သေချာပေါက် ပြောရဲတယ်"
"ဧကရာဇ်ရဲ့ ကျင့်စဉ် လို့ ခေါ်တယ်" လို့ သူမက ဆိုတယ်။
မိုက်ကယ်က အဲဒီအကြောင်းကို စဉ်းစားကြည့်လိုက်တဲ့အခါ သူထင်ထားတာနဲ့ တိုက်ဆိုင်နေတာကို တွေ့လိုက်ရတယ်။ ဂရီးဗ်က အတိတ်ကာလတုန်းက စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့တာဆိုတော့ အဲဒီခေတ်တုန်းက တိုက်ခိုက်ရေးပညာရပ်တွေကို တတ်ကျွမ်းနားလည်ထားတာက သဘာဝကျပါတယ်။
"ဒါပေမဲ့ ... အဲဒီ ကျင့်စဉ်က အချိန်တွေကြားထဲမှာ ထာဝရ ပျောက်ကွယ်သွားခဲ့ပြီလို့ ပြောကြတယ်။ တခြားသော ကောင်းကင်ဘုံစစ်သည်တော်တွေတောင် ကွင်းစ်နယ်မြေထဲကနေ မပျက်စီးဘဲ ကျန်ရစ်ခဲ့တဲ့ မှော်ပရပိုဒ်အချို့ကိုပဲ ဖတ်ခွင့်ရခဲ့ကြတာ" လို့ အက်ဂ်နက်စ်က ထပ်လောင်းပြောပြတယ်။
"တကယ်လို့ ဒရာကွန်ဘွန်းတွေ လေ့ကျင့်နေတာက အဲဒီအရာသာ အမှန်အကန်ဆိုရင် သူက ဘယ်သူလဲဟင်"
မိုက်ကယ်က တောအုပ်ဘက်ကို လှည့်ကြည့်လိုက်တယ်။
"သူက ဂရီးဗ် လို့ ခေါ်တယ်။ သူက ရီနေးတားမျိုးနွယ်ဝင်တစ်ယောက်ပဲ" လို့ သူက ပြန်ဖြေလိုက်ပါတော့တယ်။
* * * * * * * * *
ခဏကြာတော့ ရွှေလမ်းမကြီးရဲ့ တည်ဆောက်မှုက အတော်လေး ခရီးပေါက်လာခဲ့ပြီး အဝေးက အန်ဂိုရာမြို့တော်ကြီးရဲ့ ပုံရိပ်ကိုပါ စတင်ပြီး မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
မြို့တော်ကြီးဘက်က သူတို့ ဘာတွေလုပ်နေလဲဆိုတာကို သိရှိသွားဖို့အတွက် အချိန်အများကြီး လိုတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ ယူနာရဲ့ အကြံပြုချက်အရဆိုရင် သူတို့ဘာသာ သိသွားတာထက်စာရင် မိုက်ကယ်တို့ကိုယ်တိုင် အန်ဂိုရာမြို့တော်ဆီကို သွားပြီးတော့ တရားဝင်အသိပေးလိုက်တာက ပိုပြီးတော့တောင် ကောင်းဦးမယ်။
"ဒါက နင့်အတွက် နည်းဗျူဟာပိုင်းအရ အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မယ်" လို့ ယူနာက ဆိုတယ်။
"တကယ်လို့ နင်သာ မှော်မျှော်စင်ရဲ့ မျှော်စင်သခင်နဲ့ စစ်သည်တော်များအဖွဲ့ရဲ့ ခေါင်းဆောင်ကြီးတို့ရဲ့ ယုံကြည်မှုကို ရရှိခဲ့မယ်ဆိုရင် မြို့တော်ကြီးက ရွှေလမ်းမကြီးကို နင့်ရဲ့နယ်မြေထဲမှာ ထည့်သွင်းဖို့အတွက် ခွင့်ပြုလာအောင် လုပ်နိုင်မယ့် သြဇာအရှိန်အဝါမျိုး ရှိလာလိမ့်မယ်"
"မှော်မျှော်စင်ရဲ့ သခင်ကြီးနဲ့ ဘယ်လိုတွေ့ရမလဲဆိုတာ ကျွန်တော် သိပါတယ်" လို့ မိုက်ကယ်က ပြန်ပြောလိုက်တယ်။
"ဒါပေမဲ့ စစ်သည်တော်တွေနဲ့ ဘယ်လို ချိတ်ဆက်ရမလဲဆိုတာကိုတော့ မသိဘူး"
"စိတ်မပူပါနဲ့။ ငါ ကိုယ်တိုင် သွားပြီးတော့ နန်းတော်ထဲမှာ တွေ့ဆုံခွင့် တောင်းပေးပါ့မယ်။ နင် ဂူသင်္ချိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ အရာတွေကို သိပြီးသွားရင် သူတို့တွေ သေချာပေါက် တွေ့ဆုံခွင့်ပေးလိမ့်မယ်လို့ ငါ ခံစားမိနေတယ်"
ယူနာက မိုက်ကယ်တို့ ရီနေးတားမျိုးနွယ်ဝင်တွေရဲ့ စစ်မှန်တဲ့ အစွမ်းကို မီသရယ် မှော်ဝင်ပစ္စည်းတွေ သုံးပြီး ပြသခဲ့တဲ့ အချက်ကို ရည်ညွှန်းလိုက်တာ ဖြစ်ပါတယ်။
စစ်သည်တော်ကြီးတွေတောင်မှ ရှေးဟောင်းမှော်ဝင်ပစ္စည်း အနည်းငယ်လောက်ပဲ ပိုင်ဆိုင်ထားကြတာဖြစ်ပြီး အဲဒါတွေကလည်း အပိုင်းအစတွေ ဒါမှမဟုတ် ပျက်စီးနေတဲ့အရာတွေသာ ဖြစ်တာကိုး။
ဒါပေမဲ့ ရီနေးတားကုမ္ပဏီကတော့ ဘယ်ကနေ ပေါ်လာမှန်းမသိဘဲ အဲဒီအဖိုးတန်ပစ္စည်းတွေကို အစုံလိုက် ပိုင်ဆိုင်ထားကြောင်း ပြသခဲ့တာပဲလေ။
"ဒရာကွန်ဘွန်းတွေမှာ လက်နက်တွေတင်မကဘဲ ဝတ်ဆင်ထားတဲ့ သံချပ်ကာတွေပါ ရှိနေမှန်း သိသွားရင် သူတို့ ဘယ်လိုမျိုး တုံ့ပြန်ကြမလဲဆိုတာ တကယ် သိချင်မိတယ် ..."
ရက်အနည်းငယ်ကြာ ပြင်ဆင်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်နဲ့ သူ့ရဲ့ ရဲဘော်ရဲဘက်တွေဟာ အန်ဂိုရာမြို့တော်ဆီကို ရောက်ရှိဖို့အတွက် နီယိုအော်ကပ်စ်ကနေ နောက်ဆုံးမှာ ထွက်ခွာလာခဲ့ကြတယ်။
မိုက်ကယ်က ဂရီးဗ်နဲ့ ဒရာကွန်ဘွန်းတွေ၊ ယူနာနဲ့ သူမရဲ့ အစောင့်တွေအပြင် အကူအညီပေးဖို့အတွက် ရီနေးတားမျိုးနွယ်ဝင်အချို့ကိုပါ ခေါ်ဆောင်လာခဲ့တာပေါ့။ ဒါပေါ့၊ ဖတ်ချ်နဲ့ အရိပ်အော့ခ်တွေကတော့ အရိပ်ထဲမှာ အမြဲရှိနေပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေကြတာပါပဲ။
ဒါက တကယ့်ကို သမိုင်းဝင်မယ့် အခိုက်အတန့်တစ်ခု ဖြစ်လာမှာပါ၊ ဘာလို့လဲဆိုတော့ မိုက်ကယ်အနေနဲ့ ကွင်းစ်နယ်မြေထဲကို မော်တော်ကားတွေကို ပထမဆုံးအကြိမ်အဖြစ် ယူဆောင်လာခဲ့တာ ဖြစ်လို့ပါပဲ။
နီယိုအော်ကပ်စ်မြို့ရဲ့ အဝင်အထွက်တွေမှာ ကားတွေကို မြင်တွေ့ရတာက ပုံမှန်လို ဖြစ်နေပြီ ဆိုပေမဲ့လည်း ကွင်းစ်နယ်မြေရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ဝေးကွာလွန်းတာကြောင့် ပြင်ပလောကက လူတွေကတော့ ဒါမျိုးရှိမှန်း လုံးဝ မသိကြသေးပါဘူး။
ဒါပေမဲ့ မိုက်ကယ်က ဒါကို အန်ဂိုရာမြို့တော်ထဲမှာ ပြသလိုက်တာနဲ့တစ်ပြိုင်နက် တခြားသော နယ်မြေတွေဆီကိုပါ သတင်းက ချက်ချင်း ပြန့်နှံ့သွားမှာ သေချာတယ်။
ဒါတွေအားလုံးက မိုက်ကယ်အနေနဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲကို ဝင်ရောက်နိုင်ဖို့အတွက် လုပ်ဆောင်မယ့် အစီအစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
ဒီအစီအစဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့သူကတော့ ရီနေးတားနိုင်ငံတော်ရဲ့ သတင်းထောက်ဖြစ်တဲ့ ဂျင်မီပဲ ဖြစ်ပါတယ်။ သူက သူ့ရဲ့ သတင်းစာတွေကို မြို့တော်ထဲက ကုမ္ပဏီတစ်ခုခုကနေ ထုတ်ဝေနိုင်မယ့် မျှော်လင့်ချက်နဲ့ မိုက်ကယ်တို့နဲ့အတူ လိုက်ပါလာခဲ့တာ ဖြစ်လို့ပါပဲ။
မျှော်လင့်ထားတဲ့အတိုင်း ဒါက ရီနေးတားကုမ္ပဏီကို ကမ္ဘာ့အဆင့် အသိအမှတ်ပြုခံရဖို့အတွက် အထောက်အကူ ဖြစ်စေမှာပါ။
မော်တော်ကားတွေရဲ့ မြန်ဆန်မှုနဲ့ အဆင်ပြေမှုတွေကြောင့် ရက်သတ္တပတ်ချီ ကြာမြင့်ရမယ့် ခရီးစဉ်က ရက်ပိုင်းမျှသာ အတွင်းမှာတင် ပြီးဆုံးသွားခဲ့ရတယ်။
တကယ်လို့သာ ရွှေလမ်းမကြီးရဲ့ တည်ဆောက်မှုက အန်ဂိုရာမြို့တော်အထိ အပြီးတိုင် ပြီးစီးသွားခဲ့မယ်ဆိုရင် ဒီထက်မက ပိုပြီးတော့တောင် မြန်ဆန်ဦးမှာပါ။
မိုက်ကယ်က တောင်ကုန်းတစ်ခုပေါ်မှာ ရပ်နေရင်း အဝေးက အန်ဂိုရာမြို့တော်ကြီးကို ငုံ့ကြည့်လိုက်တယ်။
အဝေးက မှော်မျှော်စင်ကြီးကို သူ မြင်လိုက်ရတယ်။ အခုအချိန်မှာတောင် မြို့တော်ကြီးကို ဘေးအန္တရာယ်တွေကနေ ကာကွယ်ဖို့အတွက် မျှော်စင်ကနေ ဖန်တီးထားတဲ့ ရှုပ်ထွေးလှတဲ့ မှော်ပညာ အငွေ့အသက်တွေကို အတိုင်းသား ခံစားနေရတုန်းပါပဲ။ အဲဒါက ကင်းစ်ဘရစ်ချ်မြို့မှာရှိတဲ့ မှော်မျှော်စင်နဲ့ သိပ်ပြီးတော့ မထူးဆန်းလှပါဘူး။
မှော်မျှော်စင်ရဲ့ ဘေးနားမှာတင် ရေကျုံးတွေ ဝိုင်းရံထားတဲ့ ရုန်းကန်ရခက်မယ့် ရဲတိုက်ကြီးတစ်ခု ရှိနေတယ်။ အဲဒီနေရာကတော့ အန်ဂိုရာမြို့တော်ရဲ့ အုပ်ချုပ်ရေးမှူးနေထိုင်တဲ့နေရာပေါ့။
ပြီးတော့ ဒီရဲတိုက်ကြီးကို စစ်သည်တော်များအဖွဲ့က ကာကွယ်စောင့်ရှောက်ထားတာဖြစ်ပြီး အဲဒီအဖွဲ့ကိုတော့ စစ်သည်တော်တွေနဲ့ အလုပ်သင် စစ်သည်တော်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒီအဖွဲ့အစည်း သုံးခုကပဲ မြို့တော်ကြီးရဲ့ နိုင်ငံရေး လေထုကို အဓိက ထိန်းချုပ်မောင်းနှင်နေကြတာပေါ့။
"နောက်ပိုင်း ဖြစ်လာမယ့် အရာတွေအတွက် အဆင်သင့် ပြင်ထားပြီးပြီလား" လို့ ယူနာက မေးလိုက်တယ်။
"ပြင်ပြီးပါပြီ" လို့ သူက ပြန်ဖြေလိုက်တယ်။ "ငါ ချောကလက်ကုန်သည်တွေကို ရီနေးတားကုမ္ပဏီရဲ့ ရုံးချုပ် ဆောက်ဖို့အတွက် သင့်တော်မယ့် နေရာတစ်ခု ကြိုပြီး လေ့လာခိုင်းထားတယ်"
"ပိုက်ဆံတွေ အများကြီး ယူလာခဲ့ဖို့ မျှော်လင့်ရတာပဲနော်" လို့ သူမက နောက်ပြောင်တဲ့ အမူအရာနဲ့ ဆိုတယ်။
"အန်ဂိုရာက မြို့တော်ကြီးလေ။ အဲဒီနေရာမှာ မြေကွက်တစ်ကွက် ပိုင်ဆိုင်ဖို့ဆိုတာ တကယ့်ကို ဈေးကြီးလွန်းလှတာ"
မိုက်ကယ်က အန်ဂိုရာမြို့တော်ကြီးကို နောက်တစ်ကြိမ် ထပ်ပြီး စိုက်ကြည့်လိုက်ရင်း ... နှုတ်ခမ်းထောင့်လေး ကွေးရုံမျှ ပြုံးလိုက်ပါတော့တယ်။
* * * * * * * *