← Chapters

အခန်း ၂၂၇-၂၂၈)

Vol. 19 Ch. 227-228

အခန်း ၂၂၇-၂၂၈)

Vol. 19 Ch. 227-228

အခန်း (၂၂၇)

လင်းအားကြီးအချိန် အန်ဂိုရာမြို့တော်ရဲ့ မြို့ရိုးပေါ်မှာ ကင်းစောင့်နေကြတဲ့ စစ်သည်တော်တွေဟာ အဝေးဆီကနေ ထွက်ပေါ်လာတဲ့ တုန်ခါသံကြီးတွေကြောင့် ရုတ်တရက် နိုးလာခဲ့ကြတယ်။ သူတို့တွေဟာ ကိုယ်စီနေရာ အသီးသီးကို အပြေးအလွှား သွားကြပြီး အရှေ့က ဆူညံသံတွေက ဘာလဲဆိုတာ သိရအောင် မှန်ပြောင်းကနေတစ်ဆင့် လှမ်းပြီး ကြည့်လိုက်ကြတာပေါ့။

အဲဒီနောက်မှာတော့ သူတို့ မြင်လိုက်ရတာက မြေပြန့်လွင်ပြင်ကြီးထဲမှာ အရှိန်အဟုန်နဲ့ မောင်းနှင်နေကြတဲ့ သတ္တုမှော်သားရဲကြီးတွေပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ အချိန်ဆွဲမနေဘဲ လူသံပေးခေါင်းလောင်းတွေကို ချက်ချင်း ထိုးလိုက်ကြပြီး သူတို့ မြင်ခဲ့ရတဲ့ အရာတွေကို အထက်လူကြီးတွေဆီ အကြောင်းကြားလိုက်ကြတယ်။

စစ်သည်တော် အများစုကတော့ ရန်သူတွေက သူတို့ကို ဝိုင်းရံပိတ်ဆို့ဖို့ လာနေပြီလို့ ထင်မှတ်ပြီး လာတော့မယ့် စစ်ပွဲအတွက် အဆင်သင့် ပြင်ဆင်နေကြတာပေါ့။

ဒါပေမဲ့ ဒီသတင်းက အန်ဂိုရာမြို့တော်ရဲ့ အာဏာပိုင်အဖွဲ့အစည်း အသီးသီးဆီ ပျံ့နှံ့သွားတဲ့အခါမှာတော့ နောက်ဆုံးမှာ မှော်ဝတ်ရုံ ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွေးနဲ့ လူကြီးတစ်ယောက်ရဲ့ နားထဲကို ရောက်ရှိသွားခဲ့ရတယ်။

သူ့ရဲ့ အခန်းက အန်ဂိုရာမြို့တော်မှာ အမြင့်ဆုံး အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်မှာ ရှိတာဖြစ်ပြီး တစ်နယ်လုံးနဲ့ ပတ်ပတ်လည်က ကျယ်ပြောလှတဲ့ နယ်မြေတွေကိုပါ အပေါ်စီးကနေ စီးမိုးကြည့်ရှုနိုင်တဲ့ နေရာပေါ့။ အဲဒီနေရာကနေ အဲဒီလူကြီးဟာ မြင်းထက် အများကြီး ပိုပြီး မြန်ဆန်တဲ့ အရှိန်နဲ့ လွင်ပြင်တွေကို ဖြတ်မောင်းနေတဲ့ မိုက်ကယ်ရဲ့ မော်တော်ကားတွေကို လှမ်းပြီး မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ်။

သူက သူ့လက်ထဲမှာ ကိုင်ထားတဲ့ မှော်ပရပိုဒ်တစ်ခုကို ကြည့်လိုက်တယ်။

“ကျွန်ုပ်ရဲ့ ချစ်လှစွာသော သူငယ်ချင်းကို မင်းရဲ့ အခြေစိုက်စခန်းထဲမှာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပေးပါဦး၊ မျှော်စင်သခင်ကြီး။ သူက နည်းနည်းတော့ လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ လူငယ်လေး တစ်ယောက် ဖြစ်ပေမဲ့ စေတနာကောင်းတဲ့သူပါ။ ဒါကို ကျွန်ုပ်အတွက် မျက်နှာသာပေးတာလို့ မသတ်မှတ်ဘဲ မင်းအတွက် အခွင့်အရေးတစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။ မိုက်ကယ်နဲ့ မဟာမိတ်ဖွဲ့တာက မင်းနဲ့ လူတိုင်းအတွက် အကျိုးရှိမယ့် ကိစ္စတစ်ခုပဲ ဖြစ်လိမ့်မယ်။

မင်းရဲ့ မိတ်ဆွေစစ်၊ ဆီဘက်စတီယန်”

ထရက်ကီးယပ်စ်ဟာ အဝေးက မော်တော်ကားတွေကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီးတဲ့နောက် မှော်မျှော်စင်ထဲကနေ မြို့ရိုးပေါ်ဆီကို အဝေးရောက်မှော်ပညာနဲ့ ချက်ချင်း ရွှေ့ပြောင်းလိုက်ပါတော့တယ်။

မိမိတို့ရဲ့ သံချပ်ကာတွေကို အလုအယက် သွားယူနေကြတဲ့ စစ်သည်တော်တွေဟာ နာမည်ကျော် မျှော်စင်သခင်ကြီး ရုတ်တရက် ပေါ်လာတာကို မြင်ပြီး အံ့ဩသွားကြတာပေါ့။

"ဂုဏ်သရေရှိ ထရက်ကီးယပ်စ် သခင်ကြီး။ ဒီရန်သူတွေကို တို့တွေ တွန်းလှန်နိုင်ဖို့ ကူညီပေးမလို့လား" လို့ စစ်သည်တော်က မေးလိုက်တယ်။

မြေဒြပ်စင်မှော်ကဝေကြီးက ခေါင်းခါပြလိုက်ပြီး "မင်းတို့တွေ အထင်လွဲနေတာကို ကယ်တင်ဖို့ ငါ ရောက်လာတာ။ အဲဒါက ရန်သူ မဟုတ်ဘူး၊ ဒါကြောင့် မင်းတို့ရဲ့ လက်နက်တွေနဲ့ စစ်သည်တွေကို ပြန်ရုပ်သိမ်းဖို့ ငါ အကြံပြုချင်တယ်။ အဲလိုမှ မဟုတ်ရင် တို့တွေရဲ့ မှော်မျှော်စင်က ဝင်ရောက် တားဆီးရလိမ့်မယ်" လို့ ဆိုတယ်။

စစ်သည်တော်တွေဟာ လေထဲမှာ ပျံလွင့်နေတဲ့ မျှော်စင်သခင်ကြီးကို မော့ကြည့်လိုက်ကြပြီး ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေကြတာပေါ့။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ နန်းတော်ထဲကနေ လာတဲ့ တမန်တစ်ယောက် ရောက်ရှိလာပြီး စစ်သည်တော်တွေကို လှမ်းပြီး အော်ပြောလိုက်တယ်။

"အချက်ပေးသံ မှားတာနော်" လို့ သူက လှမ်းအော်တယ်။

"သူတို့ကို တို့တွေ အတတ်နိုင်ဆုံး တလေးတစားနဲ့ ကြိုဆိုရမယ်"

စစ်သည်တော်တွေအားလုံး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြပြီးမှ အောက်ဘက်ကို ချိန်ရွယ်ထားတဲ့ ဧရာမ မြှားပစ်လက်နက်ကြီးတွေကို ပြန်ပြီး ဖြုတ်ချလိုက်ကြပါတော့တယ်။

ထရက်ကီးယပ်စ်က နန်းတော်ဘက်ကို ပြန်လှည့်ကြည့်လိုက်ပြီး "ကြည့်ရတာ သူတို့လည်း ရီနေးတားကုမ္ပဏီကို စိတ်ဝင်စားနေကြတဲ့ ပုံပဲ။ သူတို့ ပိုင်ဆိုင်ထားတဲ့ အရာတွေအကြောင်း ကောလာဟလတွေကို ကြားဖူးတဲ့သူတိုင်းလည်း စိတ်ဝင်စားကြမှာ အသေအချာပဲ" လို့ တိုးတိုးလေး ရေရွတ်လိုက်တယ်။

မိုက်ကယ်ရဲ့ မော်တော်ကားတွေဟာ နောက်ဆုံးမှာတော့ အန်ဂိုရာမြို့တော်ဆီကို ဆိုက်ရောက်လာခဲ့ပါပြီ။

အဝေးကနေလှမ်းကြည့်ရင်တောင် မြို့ရိုးပေါ်ကနေ သူတို့ရဲ့ သတ္တုရထားလုံးတွေကို စူးစမ်းချင်စိတ်နဲ့ လှမ်းပြီး ချောင်းကြည့်နေကြတဲ့ ခေါင်းတွေကို မြင်တွေ့နေရတာပေါ့။

ယူနာက ချက်ချင်းပဲ အပြင်ကို ထွက်လိုက်ပြီး သူမရဲ့ နောက်နားမှာတော့ မိုက်ကယ် ရှိနေခဲ့တယ်။

သူမက မောင့်ဂိုမာရီ သွေးမျိုးဆက်ဆက်နွှယ်မှုရဲ့ တံဆိပ်အမှတ်အသားကို ထုတ်ပြီး အစောင့်တွေကို ပြသလိုက်တာကို သူ မြင်လိုက်ရတယ်။ အစောင့်တွေလည်း မြို့တံခါးတွေကို အမြန်ဆုံး ဖွင့်ပေးဖို့အတွက် အလုအယက် လုပ်ဆောင်ကြတာပေါ့။

မိုက်ကယ်က အန်ဂိုရာမြို့တော်ရဲ့ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ မြို့တံခါးဝမှာ လူအုပ်ကြီး အတော်လေး စုရုံးနေတာကို မြင်လိုက်ရတယ်။

အဲဒီအချိန်မှာပဲ သူဟာ အားကောင်းလှတဲ့ ကိုယ်ခံပညာရပ်မန္တန် အသုံးပြုသူတစ်ယောက်ရဲ့ အငွေ့အသက်ကို အာရုံခံမိလိုက်တယ်။ လေထုထဲမှာရှိတဲ့ မှော်စွမ်းအင်တွေက ထူးဆန်းစွာနဲ့ လှုပ်ခတ်နေပြီး သူ့ရဲ့ အာရုံကို အပေါ်ဘက်ဆီ ဆွဲခေါ်သွားတာကိုး။ သူက အဲဒီအတိုင်း လိုက်ကြည့်လိုက်တဲ့အခါ ညာဘက်မျက်လုံးမှာ အမာရွတ်နဲ့ အဘိုးကြီးတစ်ယောက်က လေထဲမှာ ပျံလွင့်နေပြီး ဝတ်ရုံတွေကလည်း လေထဲမှာ တဖျတ်ဖျတ် လွင့်နေတာကို မြင်လိုက်ရတယ်။

"ဆရာကြီးက မျှော်စင်သခင် ထင်တယ်" လို့ မိုက်ကယ်က အဘိုးကြီးရှိရာ အပေါ်ဘက်ဆီ ပျံတက်ရင်း ပြောလိုက်တယ်။

"ဟဲ ဟဲ ဟဲ ... ဆီဘက်စတီယန် ပြောတာ တကယ် မှန်တာပဲ။ မင်းက မှော်စွမ်းအားပိုင်းမှာ တကယ့်ကို ကြောက်စရာကောင်းလောက်အောင် ပါရမီပါတဲ့သူပဲ"

"ဘာလို့ အဲလိုပြောတာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

"ငါက မင်းဆီကနေ ငါ့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ထားဖို့ ကြိုးစားခဲ့တာလေ။ အဆင့်မြင့်စွမ်းရည်တွေကို သုံးခဲ့တာတောင် မင်းရဲ့ မျက်စိအောက်ကနေ ငါ့ကိုယ်ငါ မဖုံးကွယ်နိုင်ခဲ့ဘူး။ တကယ်ကို အထင်ကြီးစရာပဲ။ ငါ့နာမည်က ထရက်ကီးယပ်စ် ဝါးတားဒိဗ် ပါ၊ အန်ဂိုရာမြို့တော်ရဲ့ မျှော်စင်သခင်အစစ်ပေါ့"

အဘိုးကြီးက တလေးတစားနဲ့ ခေါင်းညိတ်ပြရင်း မိုက်ကယ်ကို ကိုယ်ပိုင်မိတ်ဆက်လိုက်တယ်။

"ငါ့အကြောင်း ကြားဖူးလား"

"ဆီဘက်စတီယန်က မင်းအကြောင်းကိုပဲ တတွတ်တွတ် ပြောနေတာ" လို့ ထရက်ကီးယပ်စ်က ဆိုတယ်။ "ဆီဘက်စတီယန်ဆီကနေ ပေးပို့တဲ့ မှော်ပရပိုဒ်တွေက ဘယ်လောက်တောင် များလဲဆိုတာ မင်း သိမှာမဟုတ်ဘူး၊ အဲဒါတွေအကုန်လုံးက ဗန်ဒါဘစ် မိသားစုရဲ့ ပါရမီရှင်ကောင်လေးအကြောင်း ချည်းပဲ။

ငါလည်း ကောလာဟလအချို့ ကြားဖူးပါတယ်၊ လူငယ်လေး။ မင်းက မှော်စွမ်းအားပိုင်းမှာတင် ပါရမီရှိတာ မဟုတ်ဘဲ မင်းရဲ့ အဘိုးဆီက စွမ်းရည်တွေကိုပါ ဆက်ခံရရှိထားတယ်လို့ ပြောကြတယ်။ ဆီဘက်စတီယန် ပြောတာတော့ မင်းက တောင်ဘက်က ကောလာဟလထွက်နေတဲ့ ခြောက်သွေ့လွင်ပြင်ကြီးထဲမှာ ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီး သဲကန္တာရထဲကနေ သုခဘုံတစ်ခု ဖြစ်လာအောင် ဖန်တီးခဲ့တယ်ဆိုပဲ။

ဒါတင်မကသေးဘူး၊ မင်းက မကြာသေးမီကတင် တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို လုပ်ဆောင်ခဲ့သေးတယ်၊ စစ်သူကြီးဂရီးဗပ်စ်ရဲ့ ဂူသင်္ချိုင်းကို သိမ်းပိုက်နိုင်ခဲ့တာလေ။ အဲဒါက အထက်တန်းလွှာ လူမှုအသိုင်းအဝိုင်းကြားမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ရတယ်။

ငါကတော့ အဲဒါတွေက တကယ်ပဲလားလို့ တွေးနေခဲ့တာ။ ဒါပေမဲ့ မင်းရဲ့ ... သတ္တုရထားလုံးတွေကို ကိုယ်တိုင် မြင်လိုက်ရတဲ့အခါမှာတော့ ဒါက အမှန်တရားရဲ့ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်လိမ့်မယ်လို့ ငါ ယူဆမိတော့တယ်"

မိုက်ကယ်ကတော့ ချီးကျူးခံရတဲ့အတွက် ဘာလုပ်ရမှန်းမသိဘဲ ပုခက်တွန့်ပြလိုက်ရင်း "ကျေးဇူးပါပဲဗျာ" လို့ ဆိုလိုက်တယ်။

"မြို့ထဲမှာ တည်းခိုမယ့်နေရာ ပြင်ဆင်ပြီးပြီလား။ တကယ်လို့ မရှိသေးဘူးဆိုရင် တို့တွေရဲ့ မှော်မျှော်စင်ကို မင်းနဲ့ မင်းရဲ့ ရဲဘော်ရဲဘက်တွေအတွက် မြို့ကို လာရောက်လည်ပတ်တဲ့ အချိန်အတွင်း ယာယီနေထိုင်ဖို့ ကမ်းလှမ်းပါရစေ" လို့ ထရက်ကီးယပ်စ်က ဖိတ်ခေါ်တယ်။

"ခဏလေးပါ။ တို့တွေရဲ့ နန်းတော်ကလည်း မင်းအတွက် တည်းခိုဆောင်တစ်ခု စီစဉ်ပေးထားပါတယ်"

မိုက်ကယ်က အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ ဆာဂျွန်နဲ့ တခြား စစ်သည်တော်အချို့ မြို့တံခါးဝကို ရောက်ရှိလာတာကို မြင်လိုက်ရတယ်။

"မင်္ဂလာပါ မိုက်ကယ်။ မတွေ့ရတာ ကြာပြီနော်" လို့ ဆာဂျွန်က ရိုသေတဲ့ အထိမ်းအမှတ်အနေနဲ့ လက်ကို ရင်ဘတ်ပေါ်တင်ရင်း ဆိုတယ်။

"တို့တွေ ဂူသင်္ချိုင်းထဲတုန်းက စကားပြောဖို့ အခွင့်အရေး မရခဲ့ကြဘူး၊ အထူးသဖြင့် မင်းကိုယ်တိုင် အဲဒါကို သိမ်းပိုက်ပြီးတဲ့နောက်ပေါ့။ ဒါပေမဲ့ အထက်လူကြီးတွေနဲ့ စကားပြောပြီးတဲ့နောက်မှာတော့ မင်းကို တို့တွေရဲ့ စစ်သည်တော်များအဖွဲ့ဆီ ဖိတ်ခေါ်ဖို့ ငါ့ကို တာဝန်ပေးလိုက်ပါတယ်။ မင်းနဲ့ မင်းရဲ့ ကုမ္ပဏီနဲ့ ပတ်သက်ပြီး သဘောတူညီချက်တစ်ခုကို ဆွေးနွေးချင်လို့ပါ"

"မှော်မျှော်စင်နဲ့ တွေ့ဆုံပြီးသွားရင်တော့ မင်းတို့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံမှာပါ" လို့ မိုက်ကယ်က ပြန်ပြောလိုက်တယ်။

ဆာဂျွန်နဲ့ စစ်သည်တော်တွေဟာ တလေးတစားနဲ့ နောက်ဆုတ်သွားကြပြီး သူတို့ရဲ့ အဖွဲ့အစည်းဆီ ပြန်သွားကြတယ်။

မိုက်ကယ်ကတော့ စစ်သည်တော်များအဖွဲ့နဲ့ တွေ့ဆုံဖို့ ချိတ်ဆက်ရတာ ဒီလောက်အထိ လွယ်ကူလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ ရီနေးတားကုမ္ပဏီရဲ့ နာမည်ကျော်ကြားမှုက နောက်ဆုံးမှာတော့ ပြန့်နှံ့စပြုနေပြီ ဖြစ်ပုံရတယ်။

"ထရက်ကီးယပ်စ်၊ ကျွန်တော် မှော်မျှော်စင်ကို လာလည်လို့ရမလား" လို့ မိုက်ကယ်က မေးလိုက်တယ်။

အဘိုးကြီးက တွေဝေမနေဘဲ ချက်ချင်း သဘောတူလိုက်တယ်။ "ရတာပေါ့။ မင်း လာမယ်ဆိုရင် တို့တွေအတွက် ဂုဏ်ယူစရာပဲ။ ဒါက ဆီဘက်စတီယန်က မင်းကို အထင်ကြီးလို့တင် မဟုတ်ဘဲ မင်းမှာ ကြီးမားတဲ့ အလားအလာတွေ ရှိနေတယ်လို့ ငါကိုယ်တိုင်လည်း ထင်လို့ပါ။ မျှော်စင်မှာ စောင့်နေပါ့မယ်"

ထရက်ကီးယပ်စ်က လက်ကို မြှောက်လိုက်ပြီး လေထဲကနေ မှော်မျှော်စင်ဆီကို အဝေးရောက်မှော်ပညာနဲ့ ပြန်ပြီး ပြောင်းရွှေ့သွားခဲ့တယ်။

ဒါကြောင့် မိုက်ကယ်နဲ့ တခြားသူတွေပဲ မြို့တံခါးဝမှာ ကျန်ရစ်ခဲ့တာပေါ့။

ယူနာက အစောင့်တွေနဲ့ ကိစ္စအဝဝကို စီစဉ်ပြီးသွားပြီ ဖြစ်တာကြောင့် သူတို့တွေ အန်ဂိုရာမြို့တော်ထဲကို စိတ်ကြိုက် ဝင်ထွက်သွားလာလို့ ရနေပါပြီ။

ဒါပေါ့၊ မိုက်ကယ်ရဲ့ မြို့ထဲက ပထမဆုံး တာဝန်ကတော့ အိပ်စက်အနားယူဖို့ နေရာတစ်ခု ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ ဒီနေရာက နောက်ပိုင်းမှာ သူတို့ရဲ့ ရုံးချုပ် ဖြစ်လာမှာဖြစ်ပြီး ရီနေးတားကုမ္ပဏီရဲ့ အရောင်းဌာန ဆောက်လုပ်မယ့် နေရာလည်း ဖြစ်တာကိုး။

စိတ်ကူးထဲကအတိုင်းဆိုရင် မိုက်ကယ်က အဲဒီနေရာကို မြို့ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိစေချင်တာပါ၊ ဒါပေမဲ့ အဲဒီလို မြေကွက်မျိုးကို ရရှိဖို့က ခက်ခဲလိမ့်မယ်ဆိုတာ သူ သိနေတာပေါ့။

ဒါက ပိုက်ဆံကိစ္စ သက်သက်တင် မဟုတ်ဘဲ အဲဒီမြေကွက်ကို ဝယ်ယူလို့ ရနိုင်ပါ့မလားဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်နေလို့ပါပဲ။

"မိုက်ကယ်။ အန်ဂိုရာမြို့တော်က ဝမ်းမြောက်စွာ ကြိုဆိုပါတယ်ဗျာ"

သိပ်မကြာခင်မှာပဲ ချောကလက်ကုန်သည်တွေ ရောက်ရှိလာကြပြီး မိုက်ကယ်နဲ့ သူ့ရဲ့ အဖွဲ့သားတွေကို မြို့ထဲမှာ ဆီးကြိုနှုတ်ဆက်ကြတယ်။

မိုက်ကယ်က မော်တော်ကားတွေကို သုံးပြီး လမ်းမတွေတစ်လျှောက် မောင်းနှင်ပြသခဲ့တာကြောင့် မြင်းမပါတဲ့ ရထားလုံးတွေရဲ့ ဆန်းကြယ်မှုကို လူတိုင်း မြင်တွေ့ခွင့် ရရှိသွားကြတာပေါ့။

ဒါက အတော်လေးကို ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြီး လူအများအပြားက ဒီထူးဆန်းလှတဲ့ ယာဉ်အသစ်စက်စက်ကြီးကို လှမ်းပြီး ကြည့်ရှုဖို့ လမ်းမတွေပေါ်မှာ စုပြုံတိုးဝှေ့နေကြပါတော့တယ်။

* * * * * * * * *

စာစဉ်(၁၉)

အခန်း (၂၂၈)

မိုက်ကယ်က ရှီနာနဲ့ ယူနာတို့ကို ရီနေးတားကုမ္ပဏီရဲ့ အစီအစဉ်တွေအတွက် တာဝန်ပေးထားခဲ့ပြီး သူကိုယ်တိုင်ကတော့ အန်ဂိုရာမြို့တော်ကြီးကို တစ်ယောက်တည်း လှည့်လည်စူးစမ်းဖို့ ထွက်လာခဲ့တာပေါ့။

သူက ဒါဟာ သုတေသနလုပ်ငန်း သက်သက်သာဖြစ်ပြီး ဒီထူးဆန်းပြီး မသိသေးတဲ့ နေရာသစ်ရဲ့ အခြေအနေတွေကို လေ့လာစောင့်ကြည့်ဖို့ ဖြစ်တယ်လို့ သူတို့ကို ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူတို့တွေကတော့ သူက ... ပြောလေ့ရှိကြသလိုပဲ ... အပျော်လျှောက်လည်နေတာ သက်သက်ပါလို့ပဲ တွေးနေကြတာပေါ့။ ဖတ်ချ်ကပါ သူ့အနားမှာ ရှိနေတာကို ကြည့်ရင် သူက ဒီမြို့သစ်ကြီးထဲမှာ အလုပ်တွေကို ပစ်ထားပြီး အပျင်းထူချင်နေတာပဲလို့ သူတို့အမြင်မှာတော့ ပိုပြီး သေချာနေသလိုပါပဲ။

ကံကောင်းတာကတော့ နိုင်ငံတော်တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတစ်ခုက ကိုယ်လုပ်ချင်တာမှန်သမျှကို စိတ်ကြိုက် လုပ်ဆောင်လို့ ရနေတာပဲလေ။

ဒါကြောင့် သူက အန်ဂိုရာမြို့တော်ရဲ့ လမ်းမတွေတစ်လျှောက် လမ်းလျှောက်ရင်း အလယ်ခေတ်ပုံစံအတိုင်း ရှိနေသေးတဲ့ ထူးခြားလှတဲ့ ဗိသုကာလက်ရာတွေနဲ့ ယဉ်ကျေးမှုတွေကို လိုက်လံကြည့်ရှုနေခဲ့တယ်။ ကျောက်ပြားတွေ ခင်းထားတဲ့ လမ်းမတွေပေါ်မှာ မြင်းရထားတွေ တရစပ် ပြေးဆွဲနေကြပြီး ၎င်းတို့ရဲ့ ... အညစ်အကြေးတွေကလည်း ... ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရှိနေတုန်းပါပဲ။

ဒီကမ္ဘာက လူတွေအတွက်တော့ ဒါက သဘာဝလို ဖြစ်နေတာကိုး။

သူ လမ်းလျှောက်ရင်း စားသောက်ကုန်တွေ၊ လူတွေနဲ့ မြင်ရသမျှ အရာရာတိုင်းကို လေ့လာစောင့်ကြည့်နေခဲ့တယ်။ ဒီနေရာမှာ လူတစ်ပိုင်းသတ္တဝါတွေကို သိပ်ပြီး မတွေ့ရတာက သူ့အတွက်တော့ နည်းနည်း ထူးဆန်းနေသလိုပါပဲ။ သူတို့တွေ ရှိနေတာကတော့ အသေအချာပဲ ဖြစ်ပေမဲ့ ကင်းစ်နယ်မြေထဲမှာ ရှိသလောက် ပမာဏမျိုးတော့ မဟုတ်တာကိုး။

မြို့တော်အများစုရဲ့ မြင့်မားလှတဲ့ လူနေမှုစရိတ်တွေကြောင့် လူတစ်ပိုင်းသတ္တဝါတွေဟာ ဒီလိုနေရာမျိုးမှာ အခြေချနေထိုင်ဖို့ ခက်ခဲကြတယ်လို့ သူ ကြားဖူးထားခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ဖတ်ချ်က ဘေးနားကနေ ခုန်ပေါက်ရင်း ဒီမြို့ကြီးရဲ့ နိမ့်ကျလှတဲ့ လူနေမှုအဆင့်အတန်းကို ဝေဖန်ပြောဆိုနေစဉ်အတွင်း မိုက်ကယ်ဟာ လမ်းမပေါ်က ထူးခြားတဲ့ လူတစ်ပိုင်းသတ္တဝါအစုအဖွဲ့တစ်ခုနဲ့ ဆုံမိသွားခဲ့ရတယ်။

အလုပ်သမား လူတစ်ပိုင်းသတ္တဝါအရွယ် လူငယ်အချို့ဟာ မြင်းဇောင်းတွေကို ဆေးကြောသန့်ရှင်းရေးလုပ်ရင်း အတွင်းထဲမှာ ရှိနေတဲ့ မြင်းတွေကို ပြုစုစောင့်ရှောက်ပေးနေကြတာပေါ့။ သူတို့တွေက အရှေ့မှာရှိတဲ့ အဆောက်အဦးရဲ့ ဝန်ထမ်းတွေ ဖြစ်ပုံရပါတယ်။

မိုက်ကယ်က လမ်းလယ်ခေါင်မှာ ရပ်လိုက်ပြီး သူ့အရှေ့က တည်းခိုဆောင်ကြီးကို လှမ်းပြီး ကြည့်လိုက်တယ်။

အဲဒါက အဓိကအားဖြင့် သစ်သားတွေနဲ့ပဲ ဆောက်လုပ်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်အချို့ကတည်းက ရှိနေခဲ့တဲ့ ပုံစံမျိုးပါပဲ။ ပြီးတော့ မကြာသေးမီကမှ ပြုပြင်မွမ်းမံထားတဲ့ ပုံစံမျိုးလည်း မဟုတ်ဘဲ သစ်သားတွေ ဆွေးမြေ့နေပြီး ပျဉ်ပြားတွေ ပျက်စီးနေတာကို မိုက်ကယ် မြင်တွေ့လိုက်ရတာ ဖြစ်လို့ပါပဲ။

စောစောက သူ မြင်ခဲ့ရတဲ့ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ တခြားသော အဆင့်မြင့် အဆောက်အဦးတွေနဲ့ ယှဉ်လိုက်ရင်တော့ ဒီနေရာက တကယ့်ကို ဆိုးရွားလှတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ဒီနေရာက မြို့ရဲ့ ဆင်းရဲသားရပ်ကွက်ဘက်မှာ တည်ရှိနေတာ ဖြစ်တာကြောင့် ဒီတည်းခိုဆောင်က ဖောက်သည်တွေ အများကြီး လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာမျိုးလည်း မဟုတ်ပုံရပါဘူး။

ဒါပေမဲ့ ဒီနေရာက ဘယ်လောက်ပဲ စိတ်ဝင်စားဖို့ ကောင်းနေပါစေ၊ မိုက်ကယ်ရဲ့ အစောပိုင်း စူးစမ်းချင်စိတ်က အဆောက်အဦးအပေါ်မှာ မဟုတ်ဘဲ အဲဒီနေရာကို ပြုစုစောင့်ရှောက်နေကြတဲ့ လူတစ်ပိုင်းသတ္တဝါတွေအပေါ်မှာသာ ဖြစ်ပါတယ်။

သူတို့တွေက ခြေနှစ်ဖက်နဲ့ မတ်တတ်ရပ်နေကြပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ အမွှေးအမျှင်တွေ ပြည့်နှက်နေကာ အမြီးကလည်း ကြမ်းပြင်ပေါ်မှာ တရွတ်တိုက် ပါလာတာကိုး။

သူက သူတို့ကို ချက်ချင်း မှတ်မိသွားခဲ့ရပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့က မိုက်ကယ် ခြောက်သွေ့လွင်ပြင်ကြီးထဲမှာ ပထမဆုံးအကြိမ်အဖြစ် တန်ခိုးနိုးထအောင် လုပ်ပေးခဲ့တဲ့ မျိုးနွယ်စု ဖြစ်နေလို့ပါပဲ။

ဒါပေမဲ့ ဒီမှာရှိတဲ့ မျောက်လူတွေနဲ့ ခြောက်သွေ့လွင်ပြင်က မျောက်လူတွေကြားထဲမှာ သိသာလှတဲ့ ခြားနားချက်တစ်ခု ရှိနေခဲ့တယ်။

ဒီလူတွေရဲ့ အမွှေးအမျှင်တွေက အနီရောင် ဖြစ်နေတာပဲ။

- - မျိုးနွယ်စု: အနီရောင် မျောက်လူများ

အရင်တုန်းကအတိုင်းပဲ ဒီမျိုးနွယ်စုဝင်တွေက အောက်ခြေလူတန်းစားတွေ ဖြစ်ကြပြီး ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်း လုံးဝ မရှိကြတဲ့သူတွေ ဖြစ်ပါတယ်။

ဒါပေါ့၊ သူကတော့ ဒါကို ပြောင်းလဲပေးနိုင်တာပေါ့။

အခုဆိုရင် မျောက်လူတွေက ရီနေးတားနိုင်ငံတော်တစ်ခုလုံးမှာ ပါရမီအရှိဆုံး အစုအဖွဲ့ ဖြစ်နေခဲ့ပါပြီ။ သူတို့ရဲ့ ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စွမ်းရည်တွေကပဲ နိုင်ငံတော်ကြီးကို နှစ်အနည်းငယ်အတွင်းမှာတင် ဒီလောက်အထိ လျင်မြန်စွာ တိုးတက်ကြီးထွားလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အကြောင်းရင်းတွေ ဖြစ်တာကိုး။

အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ နှာခေါင်းက ယားကျိကျိ ဖြစ်လာခဲ့တယ်။

ဒီလို ခံစားချက်မျိုး မရရှိခဲ့တာ ကြာပြီဖြစ်တာကြောင့် သူက ဒါဟာ ကြမ်းပြင်ပေါ်က မြင်း ... အညစ်အကြေးတွေကြောင့် ... ဖြစ်ရတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝ တုံ့ပြန်မှုတစ်ခုပဲလို့ ထင်နေမိတာ။

ဒါပေမဲ့ မဟုတ်ပါဘူး။ ဒါက သူ့ရဲ့ အဆင့်မြင့် ရွှေနှာခေါင်းပင်ကိုယ်စွမ်းရည်က အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါက ဒီအနီရောင် မျောက်လူတွေက သူ့ကို တကယ့်ကို ထူးချွန်ထက်မြက်လှတဲ့ ပါရမီရှင်တွေဆီ လမ်းညွှန်ပေးနိုင်လိမ့်မယ်လို့ အချက်ပြနေတာပဲလေ။

နောက်ဆုံးအကြိမ် သူ ဒီလို ခံစားခဲ့ရတာက ဒရာကွန်ဘွန်းတွေနဲ့ တွေ့ဆုံခဲ့တုန်းက ဖြစ်ပါတယ်။

တကယ်လို့ ဒီအနီရောင် မျောက်လူတွေထဲက တစ်ယောက်ယောက်ကသာ ဒရာကွန်ဘွန်းတွေလိုမျိုး ပါရမီပါတာကို သက်သေပြနိုင်ခဲ့မယ်ဆိုရင် သူတို့တွေက ရီနေးတားနိုင်ငံတော်အတွက် တကယ့်ကို မရှိမဖြစ် လိုအပ်မယ့် အစုအဖွဲ့တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။

ဒီလို အလားအလာကြောင့် စိတ်အားထက်သန်သွားရတဲ့ မိုက်ကယ်က ချက်ချင်းပဲ အနားကို လှည့်သွားပြီး အနီရောင် မျောက်လူတွေကို နှုတ်ဆက်လိုက်တယ်။

"မင်္ဂလာပါ ... လူကြီးမင်း ... တည်းခိုဆောင်က ... ကြိုဆိုပါတယ်ဗျာ ..." လို့ သူတို့ထဲက တစ်ယောက်က မျက်လုံးချင်းဆုံဖို့ မနည်းကြိုးစားရင်း တိုးတိုးလေး ဆိုတယ်။

"ကြိုဆိုပါတယ် ... လူကြီးမင်း ..." လို့ ကျန်တဲ့လူတွေကလည်း လိုက်ပြီး ပြောကြတာပေါ့။

မိုက်ကယ်က ဖတ်ချ်ဆီကို အချက်ပြလိုက်တာနဲ့တစ်ပြိုင်နက် ခရမ်းရောင် စလိုင်းမ်ကြီးက ၎င်းရဲ့ ပုံစံတူအပွားတွေကို အနီရောင် မျောက်လူတွေရဲ့ အရိပ်ထဲမှာ ဝင်ရောက်ပုန်းအောင်းနေဖို့ ချက်ချင်း ထုတ်လွှတ်လိုက်ပါတော့တယ်။

ဒီလို ချိတ်ဆက်မှုကနေတစ်ဆင့် နိုဗာက သူတို့ရဲ့ ပင်ကိုယ်ပါရမီတွေကို အကဲခတ် ရှာဖွေနိုင်ခွင့် ရရှိသွားခဲ့ရတယ်။

[ သူတို့ထဲက တစ်ယောက်က လေဒြပ်စင် ဓားစစ်သည်တော် ဖြစ်လာမယ့် ပါရမီရှိပြီး၊ နောက်တစ်ယောက်ကတော့ မြေကမ္ဘာ နပန်းသမား ဖြစ်လာမယ့် ပါရမီ ရှိနေကြောင်း ကျွန်ုပ် စစ်ဆေးတွေ့ရှိရပါတယ်။ ကျန်တဲ့လူအချို့မှာလည်း အလားတူ စွမ်းရည်တွေ ရှိနေကြပါတယ် ]

သူတို့က ထုတ်လုပ်မှုပိုင်းမှာ ပါရမီ မရှိကြဘူးလား။

အဝါရောင် မျောက်လူတိုင်းက အင်ဂျင်နီယာပညာ၊ စိုက်ပျိုးရေး၊ ပန်းပဲအတတ်နဲ့ တခြားသော ထုတ်လုပ်မှု လုပ်ငန်းတွေမှာ တစ်ခုမဟုတ်တစ်ခုတော့ ပါရမီ ရှိကြတာကိုး။

ဒါပေမဲ့ ဒီအနီရောင် မျောက်လူတွေကတော့ တိုက်ခိုက်ရေးပိုင်းမှာ ပါရမီပါနေကြတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

[ လက်ရှိ စစ်ဆေးထားတဲ့ အစုအဖွဲ့က တိကျတဲ့ အဖြေတစ်ခု ထုတ်ပြန်ဖို့အတွက် နည်းပါးနေသေးပေမဲ့လည်း အနီရောင် မျောက်လူတွေဟာ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုပိုင်းကို အသုံးပြုတဲ့နေရာမှာ ပင်ကိုယ်စွမ်းရည် ရှိကြတယ်ဆိုတာကိုတော့ ပြောရဲပါတယ် ]

မိုက်ကယ်ကတော့ စိတ်ဝင်စားသွားခဲ့ရတယ်။ သူ့အရှေ့က ပိန်ပိန်ပါးပါးနဲ့ အရိုးပေါ် အရေတင် ဖြစ်နေတဲ့ မျောက်လူတွေကို ကြည့်လိုက်ရင် တိုက်ခိုက်ရေးပါရမီဆိုတာက သူ ပထမဆုံး တွေးမိမယ့်အရာ မဟုတ်တာကြောင့် ဖြစ်လို့ပါပဲ။

"စိတ်မရှိရင် မေးပါရစေ၊ မင်းတို့က ဒီတည်းခိုဆောင်ရဲ့ ပိုင်ရှင်တွေလား" လို့ သူက မေးလိုက်တယ်။

သူတို့တွေက ချက်ချင်းပဲ ခေါင်းတွေကို အပြင်းအထန် ခါယမ်းကြတာပေါ့။

"မဟုတ်ပါဘူး ... မဟုတ်ပါဘူး ... မဟုတ်ပါဘူး၊ လူကြီးမင်း"

"ကျွန်တော်တို့က ... ကူညီပေးနေရုံတင်ပါ ..." လို့ သူတို့က ဆိုတယ်။

"ဒါဆို မင်းတို့အားလုံးက ဝန်ထမ်းတွေပေါ့"

"မဟုတ်ပါဘူး လူကြီးမင်း ... ကျွန်တော်တို့က အကြွေးတွေ တင်နေလို့ပါ ..."

အဲဒီအချိန်မှာပဲ မိုက်ကယ်က တည်းခိုဆောင် အတွင်းထဲကနေ ဆူညံသံအချို့ ထွက်ပေါ်လာတာကို ကြားလိုက်ရတယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဟာ တော်တော်လေး စိတ်ဖိစီးပြီး ဖရိုဖရဲ ဖြစ်နေတဲ့ ပုံစံနဲ့ တည်းခိုဆောင်ထဲကနေ ထွက်လာခဲ့တာပေါ့။

ဒါပေမဲ့ သူ အပြင်ကို မထွက်ခွာခင်မှာတင် ရိုးရှင်းတဲ့ အဖြူရောင် အင်္ကျီနဲ့ လုပ်ငန်းခွင်ဝတ်စုံ ဝတ်ထားတဲ့ နောက်ထပ် လူတစ်ယောက် ထွက်လာခဲ့ပြီး ဝတ်စုံနဲ့လူကို အတင်းအကျပ် တောင်းပန်တိုးလျှိုးနေခဲ့တယ်။

"မင်း ဒါမျိုး မလုပ်သင့်ပါဘူး" လို့ ဝတ်စုံဝတ်ထားတဲ့ လူက ဆိုတယ်။

"ကျွန်တော့်မှာ ဘာရွေးချယ်စရာ ရှိလို့လဲ။ အာဏာပိုင်တွေကို ထပ်ပြီး တားဆီးထားဖို့ မတတ်နိုင်တော့ဘူး။ တကယ်လို့ ကျွန်တော် ဘာမှမလုပ်ရင် သူတို့တွေ ဒီနေရာမှာရှိတဲ့ အရာအားလုံးကို သိမ်းပိုက်သွားကြလိမ့်မယ်"

ဝတ်စုံနဲ့လူရဲ့ မျက်နှာပေါ်မှာ တကယ့်ကို ခက်ခဲလှတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချရတော့မယ့်အတိုင်း နာကျင်နေတဲ့ အမူအရာတွေ ရှိနေခဲ့ရတယ်။

မိုက်ကယ်က အဖြေအချို့ သိရအောင် အနီရောင် မျောက်လူတွေဘက်ကို လှည့်ကြည့်လိုက်တယ်။

"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ" လို့ သူက မေးလိုက်တယ်။

သူတို့ပြောပြချက်အရ အခြေအနေကို စပ်ဆက်ကြည့်လိုက်တဲ့အခါ လုပ်ငန်းခွင်ဝတ်စုံနဲ့ လူက တည်းခိုဆောင်ရဲ့ ပိုင်ရှင်ကိုယ်တိုင် ဖြစ်ပြီး ဝတ်စုံပြည့် ဝတ်ထားတဲ့ လူကတော့ အကြွေးတောင်းတဲ့သူ ဖြစ်နေတာကိုး။

ဒီရက်ပိုင်းအတွင်းမှာ တည်းခိုဆောင်ရဲ့ လုပ်ငန်းက အဆင်မပြေတာကြောင့် ပိုင်ရှင်ဖြစ်သူက တစ်နေရာလုံးအတွက် မြေငှားခတွေကို မပေးနိုင်ဘဲ ဖြစ်နေပုံရပါတယ်။ ပြီးတော့ အခကြေးငွေတွေ ပေးဖို့ သတ်မှတ်ရက် ကျော်လွန်သွားခဲ့တာ တစ်လလောက် ရှိပြီဖြစ်တာကြောင့် မြို့တော်အာဏာပိုင်တွေက တည်းခိုဆောင်ပိုင်ရှင်ဆီကနေ အဆောက်အဦးကို ပြန်သိမ်းဖို့ လက်တစ်ကမ်းအကွာကို ရောက်နေတာ ဖြစ်လို့ပါပဲ။

ထူးဆန်းတာတစ်ခုကတော့ အကြွေးတောင်းတဲ့လူက တည်းခိုဆောင်ကို ပိုက်ဆံတွေ အတင်းပေးခိုင်းဖို့ ရောက်လာတာ မဟုတ်ဘဲ အဲဒီအစား သူ့ရဲ့ ကိုယ်ပိုင်ပိုက်ဆံတွေကို သုံးပြီး ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးကာ အကြွေးဆပ်ရမယ့် အချိန်ကာလကို ထပ်ပြီး တိုးမြှင့်ပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

"ကျွန်တော် ဒီနေရာရဲ့ တည်ရှိမှုကို သဘောကျတယ်" လို့ အကြွေးတောင်းတဲ့လူက ဆိုတယ်။

"ကျွန်တော့်မှာ သူငယ်ချင်းတွေ ... လူတစ်ပိုင်းသတ္တဝါသူငယ်ချင်းတွေ ရှိတယ် ... တကယ်လို့ ဒီတည်းခိုဆောင်သာ မရှိရင် သူတို့တွေ ဒီမြို့မှာ နေထိုင်နိုင်ကြမှာ မဟုတ်ဘူး။ ဒါက သူတို့ကို လက်ခံပေးနိုင်မယ့် တစ်ခုတည်းသော ဈေးအသက်သာဆုံး နေရာပဲ။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် အကြွေးတွေ တင်ကျန်ရစ်မယ်ဆိုရင်တောင် ဒီတည်းခိုဆောင်ကို ဆက်ပြီး ရပ်တည်နိုင်အောင် လုပ်ပေးသွားမှာပါ"

* * * * * * * * *

All Chapters