အခန်း (၂၃၁-၂၃၂)
Vol. 20 Ch. 231-232
အခန်း (၂၃၁)
အန်ဂိုရာမြို့တော်ကြီးထဲမှာ နေထိုင်ရတာနဲ့ ပတ်သက်ပြီး ဒီနေရာမှာရှိတဲ့ လူတစ်ပိုင်းသတ္တဝါအများစုကတော့ ဘဝရဲ့ မျှော်လင့်ချက်တွေ အတော်လေး ပျောက်ဆုံးနေခဲ့ကြရရှာတာပေါ့။
သူတို့တွေ ဒီမြို့ကနေ အခုထိ မထွက်ခွာကြသေးတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ သူတို့ကို လက်ခံစောင့်ရှောက်ပေးမယ့် တခြားနေရာမျိုး ရှိမှာမဟုတ်ဘူးလို့ အသေအချာ တွေးထားမိကြလို့ပါပဲ။ ဒါပေမဲ့ အခုတော့ မိုက်ကယ်က ခြောက်သွေ့လွင်ပြင်ကြီးထဲမှာ သူတို့အတွက် ကိုယ်ပိုင်နေရာတစ်ခု ရှိစေရမယ်လို့ ကတိပေးလိုက်ပြီဖြစ်တာကြောင့် သူတို့တွေ ဒီမြို့မှာ ဆက်ပြီး နေထိုင်နေစရာ အကြောင်းပြချက် မရှိတော့ပါဘူး။
တချို့သောသူတွေကတော့ ကိုယ်ပိုင်အကြောင်းပြချက်အမျိုးမျိုးကြောင့် အန်ဂိုရာမြို့တော်ကြီးထဲမှာပဲ ဆက်ပြီး နေထိုင်ချင်နေကြတုန်းပါပဲ။
"တကယ်လို့ ခင်ဗျားတို့ ဒီမှာပဲ ဆက်နေချင်တယ်ဆိုရင်လည်း ကျွန်တော် အလုပ်နဲ့ နေထိုင်စရာ နေရာတစ်ခု စီစဉ်ပေးပါ့မယ်။ ခင်ဗျားတို့လည်း ကျွန်တော်တို့နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ ရှီနာ လောလောဆယ်တော့ ဒီလူတွေကို သေသေချာချာ စောင့်ရှောက်ပေးထားဖို့ စီစဉ်လိုက်ပါဦး"
မိုက်ကယ်ရဲ့ ယုံကြည်စိတ်ချရတဲ့ အတွင်းရေးမှူးဖြစ်သူ ဒရာကွန်ဘွန်းမလေးကတော့ ချက်ချင်းပဲ အလုပ်စတင်တော့တာဖြစ်ပြီး ရီနေးတားနိုင်ငံသားတွေကို ပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်တွေ စတင်ဖို့အတွက် အမိန့်ပေးညွှန်ကြားလိုက်ပါတော့တယ်။
"ဒါပေမဲ့ သခင်ကြီး... မိုက်ကယ်၊ သူတို့က အခုထိ အန်ဂိုရာမြို့ရဲ့ နိုင်ငံသားတွေအဖြစ် သတ်မှတ်ခံထားရတုန်းဗျ။ စစ်သည်တော်တွေက သူတို့ကို ဒီလောက်အလွယ်တကူ ထွက်ခွာခွင့်ပြုလိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး" လို့ တည်းခိုဆောင်ပိုင်ရှင် ပလေတိုက ဆိုတာပေါ့။
"ဒါတွေအကုန်လုံးကို ကျွန်မ စီစဉ်ပေးနိုင်ပါတယ်" လို့ ယူနာက ပြောလိုက်တယ်။
"ဒါက စာရွက်စာတမ်း ကိစ္စရပ်အနည်းငယ်လောက်ပဲ ပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ်တာပါ"
နိုင်ငံတကာဆက်ဆံရေးအရာရှိပီပီ သူမကတော့ ရွှေ့ပြောင်းနေထိုင်ဖို့အတွက် စာရွက်စာတမ်းတွေကို တကယ့်ကို လျင်လျင်မြန်မြန်ပဲ စီစဉ်ပေးလိုက်တာပေါ့။
"သူတို့အတွက် ကျွန်တော် ဝမ်းသာပါတယ်... ဒါပေမဲ့ အခု ကျွန်တော် ဘာဆက်လုပ်ရမလဲဟင်" လို့ ပလေတိုက မေးလိုက်ရှာတယ်။
"ခင်ဗျား ဆန္ဒရှိတယ်ဆိုရင်တော့ သူတို့နဲ့အတူ တို့နိုင်ငံကို လိုက်ခဲ့လို့ ရတာပေါ့။ ဒါပေမဲ့ ဒီမှာပဲ ဆက်နေချင်တယ်ဆိုရင်လည်း ခင်ဗျားအတွက် အလုပ်တစ်ခု ရှိပါတယ်။ ခင်ဗျားရဲ့ တစ်ဘဝလုံး လုပ်ဆောင်ခဲ့တဲ့ အလုပ်အတိုင်းပဲ တည်းခိုဆောင်ကို ဆက်ပြီး ကြီးကြပ်ပေးစေချင်တာပါ။
အန်ဂိုရာမြို့တော်ကြီးထဲမှာ တို့တွေ စတင်မယ့် အရောင်းဌာနရဲ့ အစိတ်အပိုင်းတစ်ခုက လူတစ်ပိုင်းသတ္တဝါတွေ ဘေးကင်းလုံခြုံစွာ ခိုလှုံနိုင်မယ့် နေရာတစ်ခု ဖြစ်လာမှာလေ။ ဒီနေရာကနေတစ်ဆင့် သူတို့တွေ ရီနေးတားနိုင်ငံတော်ရဲ့ နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ကြမှာဖြစ်ပြီး ကင်းစ်နယ်မြေဘက်ကိုလည်း အမြန်ဆုံး ပို့ဆောင်ပေးသွားမှာပါ"
ပလေတိုလည်း တည်းခိုဆောင်ကို ဆက်ပြီး မပိုင်ဆိုင်နိုင်တော့ရင်တောင်မှ လူတစ်ပိုင်းသတ္တဝါတွေကို ဆက်ပြီး ကူညီပေးနိုင်ဦးမယ်ဆိုတာကို သဘောပေါက်သွားခဲ့ရလို့ မျက်ဝန်းတွေထဲမှာ မျက်ရည်တွေ ဝဲလို့လာခဲ့ရရှာတာပေါ့။
အခုဆိုရင် ရွှေဒင်္ဂါး ငါးသိန်းလောက်ကို အလွယ်တကူ သုံးနိုင်စွမ်းရှိတဲ့ ဟောဒီ ရီနေးတားနိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဆိုတော့ အရင်ကထက်စာရင် အများကြီး ပိုပြီးတော့တောင် လုပ်ဆောင်ပေးနိုင်တော့မှာ ဖြစ်လို့ပါပဲ။
"အထဲဝင်ပြီး စကားပြောကြရအောင်။ ကျွန်တော်တို့ကို ဒီနေရာ အနှံ့အပြား လိုက်ပြပေးပါဦး" လို့ မိုက်ကယ်က ဆိုလိုက်တယ်။
မကြာခင်မှာပဲ ကျန်တဲ့ ရီနေးတားနိုင်ငံသားတွေလည်း အန်ဂိုရာမြို့တော်ကြီးထဲမှာ လည်ပတ်နေမယ့် အချိန်အတွင်းမှာ တည်းခိုနားနေဖို့အတွက် နေရာတစ်ခု နောက်ဆုံးမှာ ရရှိသွားခဲ့ကြရတာပေါ့။ ဒါကတော့ လောလောဆယ် ယာယီသဘောမျိုးပဲ ဖြစ်ရမှာပါ၊ ဘာလို့လဲဆိုတော့ သူတို့တွေ ဟောဒီတည်းခိုဆောင်ကို ရီနေးတားနိုင်ငံရဲ့ ပုံစံမျိုးနဲ့ ပိုပြီးတော့ ကိုက်ညီမှုရှိအောင် ပြန်လည်တည်ဆောက်ကြတော့မှာ ဖြစ်လို့ပါပဲ။
အခန်းထဲမှာ ပျက်စီးနေတဲ့ ကြမ်းပြင်တွေ၊ ယိုစိမ့်နေတဲ့ အမိုးတွေနဲ့ စီးဆင်းနေတဲ့ ရေပိုက်စနစ်တွေ မရှိတာကို မြင်တွေ့လိုက်ရတဲ့ အခါမှာတော့ ရီနေးတားနိုင်ငံသားတွေလည်း မိုက်ကယ်နဲ့ တွေ့ဆုံခွင့်ရခဲ့တာကို တကယ့်ကို ပိုပြီးတော့ ကျေးဇူးတင်မိသွားကြရရှာတာပေါ့။ အကယ်၍ အဲလိုသာ မဟုတ်ခဲ့ရင် အခုအချိန်အထိ သူတို့တွေ ဟောဒီလို နေရာမျိုးမှာပဲ ဆက်ပြီး နေထိုင်နေကြရဦးမှာ ဖြစ်လို့ပါပဲ။
ယူနာနဲ့ မိုက်ကယ်တို့က မြို့ထဲမှာ ရီနေးတားကုမ္ပဏီကို တည်ထောင်ဖို့အတွက် လိုအပ်တဲ့ စာချုပ်စာတမ်းတွေနဲ့ စည်းကမ်းချက်တွေကို သေသေချာချာ ပြင်ဆင်ဆောင်ရွက်နေကြတဲ့ အချိန်မှာတင်၊ ဇိုင်ယွန်၊ ဂရီးဗ်နဲ့ ဖတ်ချ် တို့ကတော့ မြို့ထဲမှာ လှည့်လည်သွားလာဖို့အတွက် ဆုံးဖြတ်လိုက်ကြတယ်။ တကယ့်ကို အန္တရာယ်များလွန်းလှတဲ့ အတွဲအစပ်တစ်ခု ဖြစ်တယ်ဆိုတာကိုတော့ မိုက်ကယ် တစ်ယောက် ကောင်းကောင်း သဘောပေါက်ထားတာပေါ့။
ဒါပေမဲ့လည်း သူတို့ရဲ့ အနောက်က အရိပ်ထဲမှာ အော့ခ် တစ်ယောက်ကို သေသေချာချာ ထည့်သွင်း စောင့်ရှောက်ခိုင်းထားခဲ့တာဖြစ်တာကြောင့်၊ တကယ်လို့ သူတို့တွေ မြို့ထဲမှာ တစ်ခုခု ရုပ်ရုပ်သဲသဲဖြစ်အောင် လုပ်ဆောင်ခဲ့မယ်ဆိုရင် အမြန်ဆုံး သတင်းပို့လာလိမ့်မယ်ဆိုတာကိုတော့ မိုက်ကယ် အပြည့်အဝ ယုံကြည်စိတ်ချနေခဲ့မိတာပဲလေ။
ပါရမီရှင် အင်ဂျင်နီယာတွေ ဖြစ်ကြတဲ့ ကျန်တဲ့ ရီနေးတားနိုင်ငံသားတွေကတော့ အချိန်ဖြုန်းမနေကြဘဲ တည်းခိုဆောင်ရဲ့ အခြေအနေကို စတင်စူးစမ်းလေ့လာကြပြီး နောက်ပိုင်းမှာ ဆောက်လုပ်မယ့် အဆောက်အဦးအတွက် ဗိသုကာပုံစံတွေကို စတင်ပြီး အစီအစဉ်ချမှတ်နေကြပါတော့တယ်။
မကြာခင်မှာပဲ မွန်းလွဲပိုင်းအချိန်ကို ရောက်ရှိလာခဲ့ရပြီး တော်ဝင်အရာရှိနဲ့ သူ့ရဲ့ အလုပ်သမားတွေက တည်းခိုဆောင်ရဲ့ တံခါးကို နောက်တစ်ကြိမ် လာပြီး ခေါက်ကြပြန်တာပေါ့။
"အကုန်လုံး အပြီးသတ်နိုင်ခဲ့ပါပြီ" လို့ သူက ဆိုတယ်။
"အခုဆိုရင် မင်းက ဟောဒီတည်းခိုဆောင်ရဲ့ တရားဝင် ပိုင်ရှင် ဖြစ်သွားခဲ့ပါပြီ"
မိုက်ကယ်က စာချုပ်ကို လှမ်းယူပြီး သေသေချာချာ ဖတ်ရှုလိုက်သလို၊ နိုဗာ ကလည်း အရာရာတိုင်းက ခိုင်မာမှုရှိရဲ့လားဆိုတာကို သေသေချာချာ စစ်ဆေးပေးနေခဲ့တာပေါ့။
"ကျေးဇူးတင်ပါတယ်" လို့ မိုက်ကယ်က ပြောလိုက်တယ်။
"တို့တွေ မထွက်ခွာခင်မှာ မင်းဆီကို သတင်းစကားတစ်ခု ပါးလိုက်ချင်လို့ပါ" လို့ တော်ဝင်အရာရှိက ဆိုတာလေ။
မိုက်ကယ်ကတော့ ဒါဟာ ဘယ်သူ့ဆီကလဲဆိုတာကို စိတ်ထဲကနေ အနည်းငယ် ရိပ်မိထားခဲ့ပြီးသား ဖြစ်ရမှာပေါ့။
"မြို့စားမင်းကြီးလေ။ သူက မင်း အဆင်ပြေမယ့် အချိန်တစ်ခုခုမှာ ရီနေးတားကုမ္ပဏီရဲ့ ပိုင်ရှင်နဲ့ တွေ့ဆုံဆွေးနွေးချင်နေတာပါ။ နန်းတော်ရဲ့ တံခါးဝဆီကို ရောက်ရှိလာခဲ့ရုံနဲ့တင် မင်းကို တကယ့်ကို လှိုက်လှိုက်လှဲလှဲနဲ့ ဆီးကြိုနှုတ်ဆက်ကြမှာ အသေအချာပါပဲ။ တကယ်လို့ မင်းအလိုရှိမယ်ဆိုရင်တော့ မင်းကို အဲဒီနေရာအထိ လိုက်ပို့ပေးဖို့အတွက် စစ်သည်တော်တွေကိုပါ ထည့်ပေးလိုက်လို့ ရနိုင်ပါတယ်"
"မလိုပါဘူး။ ကျွန်တော် အချိန်ရတဲ့ အခါကျမှပဲ သွားရောက်တွေ့ဆုံလိုက်ပါ့မယ်" လို့ သူက တိကျတဲ့ ကတိစကားမျိုး မပေးဘဲနဲ့ပဲ ပြန်လည်ပြောကြားပေးလိုက်တာပေါ့။
တော်ဝင်အရာရှိကလည်း ထပ်ပြီး ဘာစကားမှ မပြောတော့ဘဲ မိုက်ကယ်ကို ရိုရိုသေသေပဲ ခေါင်းညိတ်ပြလိုက်ပြီးတဲ့နောက်မှာတော့ ထွက်ခွာသွားပါတော့တယ်။
"သူက နင့်ကို ဒီလောက်အထိ စောစောစီးစီး တွေ့ဆုံချင်နေရတာလား" လို့ ယူနာက ဝေးလံလှတဲ့နေရာက နန်းတော်ကြီးဆီကို လှမ်းကြည့်ရင်း မေးလိုက်တာပေါ့။
"ပုံမှန်ဆိုရင်တော့ သူ့လို တော်ဝင်မျိုးနွယ်စုတွေက ဈေးကွက်ထဲက ကိစ္စရပ်တွေအပေါ်မှာ စိတ်ဝင်စားမှု ပြသလေ့မရှိကြပါဘူး။ တစ်ခုခုတော့ သေချာပေါက် ဖြစ်ပျက်ခဲ့ပုံရတယ်"
"ငါ ဘာလုပ်သင့်တယ်လို့ထင်လဲ... တို့နိုင်ငံရဲ့ အကြံပေးပုဂ္ဂိုလ်ကြီးရယ်" လို့ မိုက်ကယ်က ဆိုလိုက်တယ်။
"အိုး... အခုကျတော့မှပဲ ငါက နင့်ရဲ့ အကြံပေးပုဂ္ဂိုလ် ဖြစ်သွားရတာလား"
"မင်းက ကွင်းစ်နယ်မြေရဲ့ အကြောင်းရင်းမှန်သမျှကို အကုန်လုံး သိရှိထားတဲ့သူပဲလေ။ မင်းဆီကနေ အကူအညီတောင်းခံဖို့ပဲရှိတာကိုး"
"ဟွန်း... နင်ကတော့ ငါ့ကို အခုထိ ငါ အကြိုက်ဆုံး အိုက်စကရင်ကိုတောင် ရှာမပေးရသေးဘူးနော်။ အခုမှ လာပြီး အကူအညီတောင်းရင် ငါက ကူညီပေးလိမ့်မယ်လို့ ထင်နေတာလား" လို့ သူမက မိုက်ကယ်ရဲ့ အနောက်ဘက်ဆီကို ဖြည်းဖြည်းချင်း ဆုတ်ခွာသွားရင်း ပြောလိုက်တာပေါ့။
"ငါ ကြိုးစာပြီးရှာနေတုန်းရှိသေးတယ်"
"ကောင်းပါပြီ" လို့ သူမက ပြုံးပြီး ဆိုတယ်။
"နင် ဒီနေ့ လူတစ်ပိုင်းသတ္တဝါအများကြီးကို ကူညီပေးခဲ့တာဖြစ်လို့၊ ဒီတစ်ခါတော့ အခကြေးငွေမယူဘဲ အလကား ကူညီပေးလိုက်ပါ့မယ်။
ငါ့အမြင်အရဆိုရင်တော့ နင် မြို့စားမင်းကြီးနဲ့ မတွေ့ဆုံခင်မှာတင် မှော်မျှော်စင်နဲ့ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ ရဲ့ စစ်သည်တော်များရုံးတော်ဆီကို အရင်ဆုံး သွားရောက်တွေ့ဆုံသင့်တယ်လို့ ထင်တယ်။ ဒါက မင်းအတွက် ပိုပြီးတော့ ကောင်းမွန်တဲ့ သဘောတူညီချက်တွေကို ဆွေးနွေးနိုင်ဖို့အတွက် အခွင့်အလမ်းတွေရနိုင်လိမ့်မယ်"
"မြို့စားမင်းကြီးက တို့တွေနဲ့ သဘောတူညီချက်တစ်ခုခု ချမှတ်ချင်နေတာလို့ ထင်လို့လား"
"ဒါက သူ ရီနေးတားကုမ္ပဏီနဲ့ ဘာကြောင့် တွေ့ဆုံချင်နေရလဲဆိုတဲ့ တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်ရမှာပေါ့။ မင်းတို့တွေ မီသရယ် မှော်ဝင်ပစ္စည်းတွေကို သုံးပြီး ဟောဒီဂူသင်္ချိုင်းကို အပြီးသတ် စွန့်စားရှာဖွေခဲ့ကြတယ်ဆိုတာက လျှို့ဝှက်ချက်မှ မဟုတ်တော့တာ။ သူကလည်း သူ့အတွက် ဝတ်စုံအစုံလိုက်ကို ဖန်တီးပေးဖို့ သေချာပေါက် တောင်းဆိုလာမှာပါ"
သူ စိုက်ပျိုးထားခဲ့တဲ့ အစေ့အဆန်လေးတွေက နောက်ဆုံးမှာတော့ အသီးအပွင့်တွေ စတင်ပြသလာခဲ့ရပြီ ဖြစ်ပါတယ်။ ဒရာကွန်ဘွန်းတွေကို မီသရယ် မှော်ဝင်ပစ္စည်းတွေ ထုတ်ပြခိုင်းခဲ့တာက နာမည်ကျော်ကြားမှုကို ပျံ့နှံ့စေဖို့နဲ့ တန်ဖိုးကို မြှင့်တင်ဖို့အတွက် တကယ့်ကို အံ့ဩစရာကောင်းတဲ့ ရလဒ်တွေကို ဖန်တီးပေးလိုက်နိုင်ခဲ့တာကိုး။
"ဒါဆို တို့တွေ အရင်ဆုံး ထရက်ကီးယပ်စ် နဲ့ သွားရောက်တွေ့ဆုံရမှာပေါ့။ သူတို့ရဲ့ မှော်စာကြည့်တိုက်ကြီးထဲကို ဝင်ရောက် ဖတ်ရှုခွင့်ပေးဖို့ မျှော်လင့်ရတာပဲ"
အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ အောက်က အရိပ်က နည်းနည်းလေး တုန်ခါသွားခဲ့ရပြီး၊ ဖတ်ချ် က မြေကြီးထဲကနေ ဝုန်းခနဲ ပြန်လည် ထွက်ပေါ်လာခဲ့တာပေါ့။
"မင်္ဂလာပါ သခင်နဲ့ သခင်မလေး" လို့ ဖတ်ချ် က ယူနာ့ ဆီကို တန်းပြီး ခုန်တက်လိုက်တာဖြစ်ပြီး ခေါင်းကို အသာအယာ ချော့မြူတာတွေကို အလျှံပယ် ခံယူလိုက်ရတာလေ။
"မြို့ထဲမှာ လည်ပတ်ရတာ ဘယ်လိုနေလဲ"
"နည်းနည်းတော့ ပျင်းဖို့ကောင်းတယ် သခင်ရဲ့။ တို့နိုင်ငံတော်ထဲမှာ လမ်းလျှောက်ရတာက အများကြီး ပိုပြီး လန်းဆန်းစေတာ။ ဒါပေမဲ့ လမ်းလျှောက်နေတဲ့ အချိန်မှာ လူတိုင်းက ကျွန်တော့်ဘက်ကို လှည့်ပြီး ကြည့်နေကြတာကတော့ တကယ့်ကို မိုက်တယ်ဗျ။ သူတို့တွေ ကျွန်တော့်ကို တကယ့်ကို မိုက်လှတဲ့ နင်ဂျာကြီးတစ်ယောက်လို့ ထင်နေကြတာ ဖြစ်ရမယ်"
မိုက်ကယ် ရယ်မောလိုက်မိတယ်။ ဖတ်ချ် ကတော့ နင်ဂျာတစ်ယောက်ဆိုတာ သူ့ရဲ့ တည်ရှိမှုကို မမြင်နိုင်အောင် ဖုံးကွယ်ထားရမယ့်သူ ဖြစ်တယ်ဆိုတာကို အမြဲတမ်း မေ့လျော့နေတတ်တာကိုး။
"ဪ... ဒါနဲ့ သခင်။ ဂရီးဗ် က သူ တကယ့် ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ခဲ့တယ်လို့ ပြောလိုက်တယ်ဗျ။ ဒါမှမဟုတ်လည်း သူက အဲဒီလိုမျိုး ထင်နေတာလည်း ဖြစ်နိုင်တာပဲ..."
မိုက်ကယ်လည်း စိတ်ဝင်စားသွားခဲ့ရတာဖြစ်ပြီး၊ ဖတ်ချ် ကို သူ့ရဲ့ အရိပ်ကနေတစ်ဆင့် ကူးပြောင်းရောက်ရှိခြင်း စွမ်းရည်ကို သုံးပြီး သူတို့ ရှိနေတဲ့ နေရာဆီကို လမ်းပြခေါ်ဆောင်ခိုင်းလိုက်ပါတော့တယ်။
မိုက်ကယ်က စူးစမ်းကြည့်ရှုနေကြတဲ့ လူအုပ်ကြီးရဲ့ အနောက်ဘက်ဆီ ရောက်ရှိလာခဲ့ရတာဖြစ်ပြီး၊ အားလုံးက သူတို့ရဲ့ အရှေ့က အရာတစ်ခုခုအတွက် တကယ့်ကို အားပေးနေကြတဲ့ အငွေ့အသက်တွေ ရှိနေတာပေါ့။
သူက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့ အခါမှာတော့၊ လူဦးရေ အယောက်တစ်ထောင်လောက်အထိ ဆံ့နိုင်စွမ်းရှိတဲ့ အဝိုင်းပုံစံ တိုက်ပွဲကွင်းပြင်တစ်ခုထဲကို ရောက်ရှိနေတယ်ဆိုတာ သတိပြုမိလိုက်ရတယ်။
ကွင်းပြင်ပတ်ပတ်လည်မှာတော့ အရောင်အသွေးစုံလင်ပြီး လက်နက်အမျိုးမျိုးရဲ့ အမှတ်တံဆိပ်တွေ တူညီတဲ့ဟန်နဲ့ ပါရှိတဲ့ အလံတွေကို စိုက်ထူထားကြတယ်။ လူတိုင်းက အားပေးဟစ်အော်နေကြပြီး မိုက်ကယ် ကိုလည်း ကွင်းပြင်ရဲ့ အဓိကပွဲစဉ်ဆီ ညွှန်ပြနေကြတာပေါ့၊ အဲဒါကတော့ ချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားတဲ့ လူနှစ်ယောက်ရဲ့ တိုက်ပွဲပဲ ဖြစ်တယ်။
"ဝိုး... ဆာဘားကပ်စ်၊ ကျွန်ုပ်အတွက် အနိုင်ယူပေးစမ်းပါ"
"ဟား... မင်းက ဓားလမ်းစဉ်က လှံလမ်းစဉ်ထက် ပိုကောင်းတယ်လို့ ထင်နေတာလား... အိပ်မက်မက်နေလိုက်ဦး။ ဆာဘရန်းက ဒီနေ့ပွဲတွေအားလုံးလိုပဲ ဒီပွဲကိုလည်း အနိုင်ရဦးမှာပဲ"
ကွင်းပြင်အလယ်မှာတော့ စစ်သည်တော်နှစ်ယောက်က အပြန်အလှန် ရင်ဆိုင်နေကြပြီး တစ်ယောက်ချင်းစီက ကြယ်လေးပွင့်စစ်သည်တော်တစ်ယောက်ရဲ့ ခွန်အားတွေကို ထုတ်ဖော်နေကြတာပေါ့။
"ဒါက စစ်သည်တော်များရုံးတော်ပဲ" လို့ မိုက်ကယ်က သဘောပေါက်သွားတယ်။ "ဒါက ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ ရဲ့ နယ်မြေပဲပေါ့"
ပြီးတော့ ဂရီးဗ် ပြောခဲ့တဲ့အတိုင်းပဲ မိုက်ကယ် က ကွင်းပြင်ရဲ့ တစ်နေရာရာမှာ ရှိနေတဲ့ ပါရမီရှင်တစ်ယောက်ရဲ့ အငွေ့အသက်ကို တကယ်ပဲ ခံစားလိုက်ရတယ်။
* * * * * * * * *
စာစဉ်(၂၀)
အခန်း (၂၃၂)
မိုက်ကယ်က သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ဖြစ်တဲ့ အဆင့်မြင့် ရွှေနှာခေါင်း စွမ်းရည်ကနေတစ်ဆင့် ပတ်ဝန်းကျင်မှာ တကယ့် ပါရမီရှင်တွေ ရှိနေကြောင်း သတိပေးချက်တွေ တရစပ် ထွက်ပေါ်လာတာကို ခံစားလိုက်ရတယ်။
အခုဆိုရင် သူတို့တွေ ရောက်နေတာက စစ်သည်တော်များရုံးတော်ရဲ့ နယ်မြေထဲမှာ ဖြစ်လို့၊ အဲဒီ ပါရမီရှင်တွေက ဟောဒီ စစ်သည်တော်တွေကိုယ်တိုင် ဖြစ်နေဖို့က လုံးဝကို ဖြစ်နိုင်ခြေ ရှိနေတာပါပဲ။ ဒါပေမဲ့လည်း သူတို့တွေက နိုးထခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့ကြပြီး စစ်သည်တော်တွေ ဖြစ်နေခဲ့ကြပြီဖြစ်တာကြောင့်၊ တကယ်လို့ သူတို့မှာ တစ်ခုခုသော မသိရသေးတဲ့ ပါရမီ ရှိနေဦးမယ်ဆိုရင်တောင်မှ၊ ဒါက တခြားသော စွမ်းရည်အမျိုးအစားတွေထဲမှာပဲ ပါဝင်နေရမှာ ဖြစ်လို့ပါပဲ။
သူကတော့ ပိုပြီးတော့ စုံစမ်းကြည့်ချင်နေမိတာဖြစ်ပေမဲ့၊ ဟောဒီ စစ်သည်တော်တွေက နေ့ခင်းကြောင်တောင်ကြီးမှာ တိုက်ခိုက်နေကြတာလေ။ အဲဒီအချိန်မှာ သူ့ရဲ့ အရိပ်တွေကို သုံးပြီး အနုစိတ် စစ်ဆေးဖို့ ကြိုးစားမယ်ဆိုရင်တော့ မျက်စိထက်မြက်လှတဲ့ လူအချို့ရဲ့ အာရုံစိုက်ခြင်းကို သေချာပေါက် ခံလိုက်ရမှာဖြစ်ပြီး၊ အထူးသဖြင့် ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့က လူတွေဆိုရင် ပိုပြီးတော့တောင် သိသာလွန်းနေမှာ ဖြစ်လို့ပါပဲ။
"အစ်ကို မိုက်။ ရောက်လာပြီလား"
ဇိုင်ယွန် က ထိုင်ခုံတန်းလျားတွေပေါ်က လူအုပ်ကြီးကြားထဲကနေ တိုးဝှေ့ပြီး မိုက်ကယ်နဲ့ ဖတ်ချ် တို့ရှိရာဆီကို လျှောက်လာခဲ့တယ်။ အငယ်ဆုံး ဒရာကွန်ဘွန်းလေးကတော့ သူ့ရဲ့ ဝတ်စုံပတ်ပတ်လည်မှာ စစ်သည်တော်တွေရဲ့ အမှတ်အသားတွေဖြစ်တဲ့ အလံတွေနဲ့ ထူးဆန်းတဲ့ ဦးထုပ်တွေကို အပြည့် ဆင်မြန်းထားတာကို ကြည့်ရုံနဲ့တင် ဟောဒီပွဲကြီးအပေါ် ဘယ်လောက်တောင် ပျော်ရွှင်နေရသလဲဆိုတာ သိသာလှပါတယ်။
သူ့ရဲ့ ဘေးမှာတော့ အရိုးအက်ကြောင်းတွေ ရှိနေတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပွပွယောင်းယောင်း ဝတ်စုံတွေနဲ့ သေသေချာချာ ဖုံးကွယ်ထားပြီး မျက်နှာကိုလည်း ခေါင်းစွပ်နဲ့ အုပ်ထားတာကြောင့် ဘယ်သူမှ သူ့ရဲ့ စစ်မှန်တဲ့ သဘာဝကို ခွဲခြားနိုင်စွမ်း မရှိစေရအောင် ပြင်ဆင်ထားတဲ့ ဂရီးဗ် ပါဝင်လာခဲ့တယ်။
"ဟောဒီမြို့က ကျွန်တော့်ရဲ့ အတိတ်ကာလတုန်းက ရင်းနှီးခဲ့ဖူးတဲ့ မြို့တွေနဲ့ သိပ်ပြီးတော့ ကွဲပြားခြားနားခြင်း မရှိလှပါဘူး... အနည်းဆုံးတော့ ကျွန်တော် ထင်တာတော့ အဲဒီအတိုင်းပဲဗျ။ ကြည့်ရတာ သခင်ရဲ့ နယ်မြေတွေကပဲ တခြားဘယ်သူနဲ့မှ မတူအောင် ရှေ့ကို အများကြီး ပိုပြီး တိုးတက်ကြီးထွားနေခဲ့တာ ဖြစ်ရမယ်" လို့ အရိုးစုစစ်သူကြီးက အကဲခတ်ပြောဆိုလိုက်တာလေ။
မိုက်ကယ်က ပါရမီရှင်တစ်ယောက် ရှိနေကြောင်းကို ပထမဆုံး အာရုံခံမိခဲ့တာက ဂရီးဗ် ဖြစ်တယ်ဆိုတာကို ပြန်ပြီး သတိရသွားခဲ့ရတယ်။
"ဘယ်သူက ပါရမီရှိနေလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးလို့ ရမလား"
ဂရီးဗ် ခေါင်းညိတ်ပြလိုက်ပြီး ကွင်းပြင်ရဲ့ အလယ်တည့်တည့်ဆီကို လှမ်းပြီး ကြည့်လိုက်တယ်။
စစ်သည်တော်နှစ်ယောက်ကတော့ သူတို့ရဲ့ လက်နက်တွေကို တကယ့်ကို ပြင်းထန်လှတဲ့ စိတ်အားထက်သန်မှုတွေနဲ့အတူ အပြင်းအထန် ချင်းခတ်ရင်း တိုက်ပွဲအလယ်မှာ နစ်ဝင်နေခဲ့ကြတာကိုး။
အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေးသမားတွေအတွက်ဆိုရင်တော့၊ ဟောဒီ စစ်သည်တော်တွေက လူအုပ်ကြီး စိတ်လှုပ်ရှားစေဖို့အတွက် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဘယ်လောက်တောင် အကဲပိုပြီး လုပ်ဆောင်နေကြသလဲဆိုတာကို ချက်ချင်း မြင်တွေ့လိုက်နိုင်ကြတာ။
သူတို့တွေက ရန်သူရဲ့ တိုက်ခိုက်ချက်တွေကို ရှောင်ကွင်းဖို့ ကြိုးစားမယ့်အစား ဓားချင်း ရိုက်ခတ်မိအောင် အကြိမ်ကြိမ် ပိုပြီး လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပြီး၊ ဒါက တကယ့်ကို ပြင်းထန်လှတဲ့ စိန်ခေါ်မှုတစ်ခုရဲ့ မြင်ကွင်းမျိုး ဖြစ်ပေါ်အောင် သက်သက်သာသာ ဖန်တီးနေကြသလိုပါပဲ။
ဘာပဲဖြစ်ဖြစ်၊ သူတို့ ဓားချင်းထိမိပြီး မီးပွားတွေ ထွက်ပေါ်လာတဲ့ အချိန်တိုင်းမှာတင် လူအုပ်ကြီးက အဆက်မပြတ် အော်ဟစ် အားပေးနေကြတာ ဖြစ်လို့ပါပဲ။
ဒါပေမဲ့ တိုက်ပွဲက ရှေ့ကို ပိုပြီး တိုးတက်လာတာနဲ့အမျှ၊ သူတို့ထဲက တစ်ယောက်ကတော့ သေချာပေါက် အနိုင်ရတော့မယ်ဆိုတာ သိသာလွန်းလာခဲ့ရတယ်။
လှံကို ကိုင်ဆောင်ထားတဲ့ စစ်သည်တော်က အသာစီး ရရှိထားတာဖြစ်ပြီး၊ ရန်သူရဲ့ တိုက်ခိုက်ချက်တွေကို အလွယ်တကူ ပယ်ဖျက်ပစ်နိုင်သလို အကွာအဝေးကိုလည်း သေသေချာချာ ထိန်းသိမ်းထားနိုင်တာကိုး။
သူက လှံရဲ့ အားသာချက်ကို တကယ့်ကို ကောင်းမွန်စွာ အသုံးချနိုင်ခဲ့တာဖြစ်ပြီး၊ လှံဦးကို အခြားစစ်သည်တော်ရဲ့ လည်ပင်းအထက် တစ်လက်မလောက်အကွာမှာတင် ချက်ချင်းပဲ အဆုံးသတ် တားဆီးထားလိုက်နိုင်ပါတော့တယ်။
လူအုပ်ကြီးကတော့ ကျယ်လောင်စွာ အော်ဟစ် အားပေးကြသလို၊ လှံစစ်သည်တော်ကလည်း သူ့ရဲ့ လက်နက်ကို လူတိုင်း မြင်တွေ့နိုင်အောင် မြှောက်ကိုင်ရင်း ကြွားဝါပြသလိုက်တာ။ သူတို့တွေက ပိုပြီးတော့ အော်ဟစ် အားပေးကြပြီး သူ့ရဲ့ နာမည်ကိုပါ တဖွဖွ အော်ဟစ်နေကြတာလေ။ အချို့ဆိုရင် တိုက်ခိုက်ရေးသမားအပေါ် သူတို့ရဲ့ ချစ်ခင်မှုကို ပြသဖို့အတွက် ဝတ်စုံတွေ၊ လက်ကိုင်ပဝါတွေနဲ့ အလံတွေကိုပါ သူ့ဆီကို ပစ်ပေါက်နေကြတာ ဖြစ်ပါတယ်။
"ဟောဒီ စစ်သည်တော်တွေက မင်းရဲ့ အမြင်မှာ ပါရမီရှိနေကြတာလား" လို့ မိုက်ကယ်က ဂရီးဗ် ကို မေးလိုက်တယ်။
အရိုးစုစစ်သူကြီးကတော့ စစ်သည်တော်နှစ်ယောက် ကွင်းပြင်ထဲကနေ ထွက်ခွာသွားပြီး လူတစ်ပိုင်းသတ္တဝါ အနည်းငယ် ဝင်ရောက်လာတဲ့ အချိန်အထိ ဘာစကားမှ မပြောဘဲ ငြိမ်သက်နေခဲ့တယ်။ သူတို့တွေက သာမန်ဝတ်စုံတွေကို ဝတ်ဆင်ထားကြပြီး ဘာထက်မြက်တဲ့ လက်နက်မှ ပါမလာဘဲ သစ်သား စုတ်တံတွေနဲ့ တံမြက်စည်းတွေကိုပဲ ကိုင်ဆောင်ထားကြတာ ဖြစ်ပါတယ်။
သူတို့တွေက နောက်ထပ် တိုက်ခိုက်မယ့်သူအတွက် ကွင်းပြင်ကို ပြင်ဆင်ပေးဖို့အတွက် လူအုပ်ကြီး ပစ်ပေါက်ထားတဲ့ ပစ္စည်းမှန်သမျှကို လိုက်လံ သန့်ရှင်းရေးလုပ်ဖို့ စတင်ဆောင်ရွက်နေကြတာကိုး။
မိုက်ကယ်လည်း ဒီနေရာမှာ ဟောဒီလို လူတစ်ပိုင်းသတ္တဝါတွေကို မြင်တွေ့လိုက်ရတာကြောင့် တကယ့်ကို အံ့ဩသွားခဲ့ရတယ်။ သူတို့ရဲ့ ထူးခြားလှတဲ့ အနီရောင် အမွေးအမှင်တွေက သူ့ရဲ့ အာရုံကို ချက်ချင်းပဲ ဆွဲဆောင်လိုက်သလို ဖြစ်သွားခဲ့ရတာ ဖြစ်လို့ပါပဲ။
သူတို့တွေက အနီရောင်အမွေးအမှင်တွေနဲ့ မျောက်လူတွေ ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။
"သူတို့တွေက တကယ့် ထိပ်သီး စစ်သည်တော်တွေ" လို့ ဂရီးဗ် က လက်အိတ်စွပ်ထားတဲ့ လက်တွေနဲ့ သန့်ရှင်းရေးလုပ်နေကြတဲ့ အနီရောင်မျောက်လူအဖွဲ့ဆီကို ညွှန်ပြရင်း ဆိုလိုက်တာလေ။
"ကျွန်တော့်ရဲ့ မှတ်ဉာဏ်က ဝေဝါးနေတုန်းဆိုပေမဲ့လည်း၊ သူတို့ကို အရင်က မြင်ဖူးခဲ့သလိုမျိုး ခံစားနေရတယ်ဗျ။ သခင်ရဲ့ အတိတ်ကာလ မတိုင်ခင်တုန်းက သူတို့ရဲ့ ဘိုးဘေးတွေနဲ့အတူ ငရဲမှာ သွေးပင်လယ်နဲ့ မီးတောက်တွေကြားထဲ အတူတူ လမ်းလျှောက်ခဲ့ဖူးသလိုမျိုး ခံစားချက်မျိုးပေါ့။ အနည်းဆုံးတော့ ကျွန်တော့်ရဲ့ အရိုးတွေက အဲဒီအတိုင်းပဲ သတိပေးနေကြတာပါ" လို့ သူက ဆက်ပြောတယ်။
မိုက်ကယ်လည်း သူ့ရဲ့ စစ်သူကြီးရဲ့ ဗီဇအသိကို ယုံကြည်လိုက်မိတယ်။ ဘာပဲဖြစ်ဖြစ် အနီရောင် မျောက်လူတွေမှာ ကိုယ်ခံပညာရပ်မန္တန်ပိုင်းမှာ ပင်ကိုယ် ပါရမီ ရှိနေကြတယ်ဆိုတာကို သူ အစကတည်းက ရှာဖွေတွေ့ရှိထားခဲ့တာ ဖြစ်လို့ပါပဲ။ သူတို့တွေက ဒါအတွက်ကိုပဲ မွေးဖွားလာခဲ့ကြသလိုမျိုးပါပဲ။
"သူတို့ကို သခင်ရဲ့ လက်အောက်ကို ခေါ်ယူထားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်တယ်ဗျ" လို့ ဂရီးဗ် က သူ့ရဲ့ ပြာလဲ့လဲ့ မျက်ဝန်းတွေထဲကနေ အရောင်စုံ အလင်းတန်းတွေ ခဏလောက် ဖြာထွက်နေရင်း အကြံပြုလိုက်တာလေ။
မိုက်ကယ်က ကွင်းပြင်ရဲ့ အောက်ခြေမှာရှိတဲ့ စစ်သည်တော်တွေနဲ့ အလုပ်သင်တွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြတဲ့ စစ်တန်းလျားတွေဆီကို လျှောက်သွားလိုက်တယ်။ သူတို့နဲ့အတူ ပတ်တီးတွေ စည်းထားခြင်း ခံနေရတဲ့ စောစောက လှံနဲ့ ဓားစစ်သည်တော်တွေကိုပါ မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ်။
သူတို့တွေက အနားယူနေကြတဲ့ အချိန်ဖြစ်ပုံရပြီး၊ သူတို့ရဲ့ သံမဏိချပ်ဝတ်တန်ဆာတွေကို ချွတ်ထားခဲ့ကြပြီး သေတ္တာတွေထဲမှာ သေသေချာချာ သိမ်းဆည်းထားခဲ့ကြတာကိုး။
"ခွင့်လွှတ်ပါ။ ဒီနေရာက စစ်သည်တော် အဖွဲ့ဝင်တွေအတွက်ပဲ သီးသန့်ဖြစ်ပါတယ်" လို့ လူတစ်ယောက်က ချောကလက်တုံးလေး တစ်တုံးကို ဝါးမြိုရင်းနဲ့ လှမ်းပြီး တားလိုက်တယ်။
အဲဒီအချိန်မှာပဲ အနောက်ဘက်က စစ်သည်တော်တစ်ယောက်က မတ်တတ်ရပ်လိုက်ပြီး မိုက်ကယ်တို့ အဖွဲ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်တယ်။
စက္ကန့်ပိုင်းလောက်ပဲ ကြာပြီးတဲ့နောက်မှာတော့ သူ့ရဲ့ မျက်လုံးတွေက ဇိုင်ယွန် ဆီကို ရောက်ရှိသွားခဲ့ရတာဖြစ်ပြီး မျက်လုံးတွေ ပြူးကျယ်သွားပါတော့တယ်။
"သူတို့တွေပဲဟေ့" လို့ သူက အော်ဟစ်လိုက်တာ။ "သူတို့က ရီနေးတားကုမ္ပဏီက လူတွေလေ။ ဟို ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးကို လက်သီးနဲ့ထုပြီး နံရံထဲကို မြှုပ်ပစ်လိုက်တဲ့လူက သူပဲ"
ကျန်တဲ့ စစ်သည်တော်တွေလည်း ရီနေးတားဆိုတဲ့ နာမည်ကို ကြားလိုက်ရတာနဲ့ တပြိုင်နက် ချက်ချင်းပဲ နိုးကြားသွားကြရတော့တာ။
ဂူသင်္ချိုင်း စူးစမ်းရှာဖွေမှု ပြီးဆုံးခဲ့ကတည်းက၊ အန်ဂိုရာမြို့တော်ကြီးထဲက စစ်သည်တော်တွေရဲ့ နှလုံးသားထဲမှာ ရီနေးတားဆိုတဲ့ နာမည်က အခိုင်အမာ စွဲမြဲသွားခဲ့ရပြီ ဖြစ်လို့ပါပဲ။
ကြယ်ခြောက်ပွင့်အဆင့်ရှိတဲ့ အရိုးစုမိစ္ဆာကြီးကို အနိုင်ယူခြင်းအားဖြင့် သူတို့ရဲ့ ကြီးမားလှတဲ့ ခွန်အားတွေကို ပြသခဲ့ကြတာက တစ်ပိုင်းဆိုပေမဲ့၊ သူတို့တွေက တစ်ကမ္ဘာလုံးမှာ ပထမဆုံးအကြိမ်အဖြစ် ချောကလက်ကို ဖန်တီးခဲ့တဲ့သူတွေ ဖြစ်နေကြတာကတော့ လုံးဝကို ကွဲပြားခြားနားတဲ့ အခြေအနေတစ်ခု ဖြစ်လို့ပါပဲ။ အခုအချိန်အထိ သူတို့ နေ့တိုင်း စားသုံးဖို့ အကြိုက်ဆုံး အဆာပြေမုန့်က ရီနေးတား ကုမ္ပဏီက ထွက်တဲ့ ချောကလက်တွေ ဖြစ်နေရတာကိုး။
"ရီနေးတား ဟုတ်လား။ နောက်ဆုံးတော့ တွေ့ဆုံခွင့် ရခဲ့တာ တကယ့်ကို ဝမ်းသာစရာပါပဲဗျာ"
"ဆာဂျွန် က ခင်ဗျားတို့ဆီမှာ မီသရယ် မှော်ဝင်ပစ္စည်းတွေ ရှိတယ်လို့ ပြောခဲ့တာ တကယ်ပဲလားဗျ"
"ခင်ဗျားတို့ ဒီကို လာတုန်းက မြင်းတွေ မလိုဘဲနဲ့ အလိုအလျောက် သွားနိုင်တဲ့ သံမဏိမြင်းရထားကြီးတွေနဲ့ လာခဲ့ကြတာလို့တောင် ကျွန်တော် ကြားဖူးတယ်နော်"
မိုက်ကယ်နဲ့ သူ့ရဲ့ အဖွဲ့သားတွေဟာ စစ်သည်တော်တွေရဲ့ ဝိုင်းအုံခြင်းကို ခံလိုက်ရတာဖြစ်ပြီး၊ ကွင်းပြင်ထဲက လူအုပ်ကြီးရဲ့ အာရုံစိုက်ခြင်းကိုပါ ချက်ချင်း ရရှိသွားခဲ့ရတယ်။
"ဟေ့... ဆာရူးပတ် က ဘယ်သူနဲ့ စကားပြောနေတာလဲ။ အဲဒီနေရာက စစ်သည်တော်တွေပဲ သွားခွင့်ရှိတဲ့နေရာ မဟုတ်ဘူးလား"
"နေဦး... သူတို့တွေ ရီနေးတား လို့ ခေါ်တဲ့ ကုမ္ပဏီအကြောင်း ပြောနေကြတာကို ကြားလိုက်ရသလိုပဲ။ ဘယ်သူမဆို အဲဒီအကြောင်း ကြားဖူးကြလား"
"သူတို့က ဂူသင်္ချိုင်းကို အပြီးသတ် သိမ်းပိုက်ခဲ့တဲ့သူတွေလေ"
တစ်ဖက်မှာလည်း မိုက်ကယ်က အနီရောင်မျောက်လူ သန့်ရှင်းရေးဝန်ထမ်းတွေအကြောင်း ပိုပြီး သိရှိရအောင်လို့ စစ်သည်တော်တွေကို ချောကလက်တုံးလေးအချို့နဲ့ လာဘ်ထိုးလိုက်တယ်။
"သူတို့တွေက တကယ့်ကို ရိုးရိုးသားသားနဲ့ အလုပ်ကြိုးစားကြရှာတဲ့သူတွေပါဗျာ" လို့ စစ်သည်တော်က ချောကလက် ကွတ်ကီးအချို့ကို ဝါးမြိုရင်းနဲ့ ဆိုလိုက်တာလေ။
"သူတို့မှာ ထူးထူးဆန်းဆန်း သန်မာလှတဲ့ ခန္ဓာကိုယ်တွေ ရှိကြတာဖြစ်ပြီး၊ ဒါက ဟောဒီတရားရုံးမှာ သန့်ရှင်းရေးအလုပ်တွေ လုပ်ဖို့အတွက် တကယ့်ကို ပြီးပြည့်စုံတဲ့ အခြေအနေမျိုးပဲပေါ့"
"သူတို့ထဲက အချို့ဆိုရင် တိုက်ခိုက်ရေးပိုင်းမှာ ပါရမီတွေ ပြသကြသေးတယ်ဗျ။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ပဲ သူတို့တွေက တခြားလူတွေထက် ဓားကို ပိုပြီးတော့ ကောင်းကောင်း ဝှေ့ယမ်းနိုင်ကြတယ်ဆိုရင်တောင်မှ၊ ဘာမှော်ပညာမှ အသုံးမချနိုင်ကြတာဖြစ်လို့ အရာရာတိုင်းက အသုံးမဝင်သလို ဖြစ်နေရတာပါပဲ" လို့ သူက ထပ်ဖြည့်ပြောတယ်။
ကြည့်ရတာ ဟောဒီ စစ်သည်တော်တွေကလည်း အနီရောင်မျောက်လူတွေရဲ့ ပင်ကိုယ် ပါရမီတွေအကြောင်းကို အနည်းငယ် သိရှိထားကြတဲ့ အမူအရာပါပဲ။
"ကျွန်တော် သူတို့နဲ့ စကားပြောလို့ ရမလား"
မိနစ်ပိုင်းလောက်ပဲ ကြာပြီးတဲ့နောက်မှာတော့ စစ်သည်တော်တွေက အနီရောင် မျောက်လူတွေကို စုစည်းပေးလိုက်ကြပြီး စကားပြောနိုင်ဖို့အတွက် နေရာလွတ်တစ်ခု ပြင်ဆင်ပေးလိုက်တာဖြစ်ပြီး၊ သူတို့ကိုယ်တိုင်ကတော့ ကွင်းပြင်ထဲက တိုက်ပွဲတွေဆီကိုပဲ ပြန်လည် အာရုံစိုက်သွားကြပါတော့တယ်။
မိုက်ကယ်က သူတို့ရဲ့ ပါရမီတွေကို စစ်ဆေးဖို့အတွက် သူ့ရဲ့ အရိပ်တွေကို တိတ်တဆိတ် အသုံးချလိုက်တယ်။
သူ မျှော်လင့်ထားခဲ့တဲ့အတိုင်းပါပဲ... သူတို့အားလုံးမှာ ဖော်ထုတ်ဖို့ စောင့်ဆိုင်းနေကြတဲ့ တကယ့်ကို လျှို့ဝှက် တိုက်ခိုက်ရေး ပါရမီတွေ အပြည့်အစုံ ရှိနေကြတာကိုး။
ဒါပေမဲ့လည်း သူတို့ထဲမှာ ဒရာကွန်ဘွန်းတွေလိုမျိုး လုံးဝကို လွှမ်းမိုးထားနိုင်တဲ့ တကယ့် အဆင့်မြင့် ပါရမီရှင်မျိုးတော့ ပါမလာခဲ့ပါဘူး။ အနည်းဆုံးတော့ သူတို့ထဲက တစ်ယောက်ယောက်ဆီကနေ S-class ပါရမီရှင်မျိုးကို တွေ့ရလိမ့်မယ်လို့ ထင်ထားခဲ့တာဖြစ်လို့ ဒါက နည်းနည်းတော့ ထူးဆန်းနေသလိုပါပဲ။
အဲဒီအချိန်ကျမှပဲ မိုက်ကယ်က တစ်ခုခုကို သတိပြုမိသွားခဲ့ရတယ်။
အတိတ်တုန်းက ပလေတိုရဲ့ တည်းခိုဆောင်မှာ တခြား အနီရောင် မျောက်လူတွေနဲ့ တွေ့ဆုံခဲ့စဉ်တုန်းကလည်း၊ သူ့ရဲ့ အဆင့်မြင့် ရွှေနှာခေါင်း စွမ်းရည်က တရစပ် သတိပေးချက်တွေ ပြသခဲ့တာပဲလေ။ ဒါပေမဲ့လည်း သူတို့ထဲမှာ လုံးဝကို ထူးကဲလွန်းလှတဲ့ ပါရမီရှင်မျိုးကိုတော့ ရှာမတွေ့ခဲ့ပါဘူး။
အခုလည်း အခြေအနေက အတူတူပါပဲ။
ဒါက တိုက်ဆိုင်မှုတစ်ခုတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ အနီရောင်မျောက်လူတွေနဲ့ တွေ့ဆုံလိုက်တဲ့ အချိန်တိုင်းမှာတင် သူ့ရဲ့ စွမ်းရည်က ဘာလို့ ဒီလောက်အထိ အချက်ပြနေရသလဲဆိုတာ အကြောင်းပြချက် ရှိရမှာပေါ့။
မိုက်ကယ်က စဉ်းစားခန်း ဝင်နေခဲ့ရတဲ့ အချိန်မှာတင်၊ စောစောက ဂရီးဗ် ပြောသွားခဲ့တဲ့ စကားလုံးတွေကို ရုတ်တရက် ပြန်လည် သတိရသွားခဲ့ရတယ်။
"သူတို့တွေက တကယ့် ထိပ်သီး စစ်သည်တော်တွေ" လို့ သူက ဆိုခဲ့တာလေ။
တကယ်လို့ အနီရောင် မျောက်လူတွေထဲမှာ တစ်ဦးတည်းသော ထူးကဲလှတဲ့ ပါရမီရှင်မျိုး ရှိမနေခဲ့ရင်ကော။ တကယ်လို့ သူတို့တွေက အစုအဖွဲ့တစ်ခုအနေနဲ့၊ မျိုးနွယ်စုတစ်ခုလုံးအနေနဲ့ ပါရမီ ရှိနေကြတာမျိုးဆိုရင်ကော။
တကယ်လို့ သူတို့တွေက လူအမြောက်အမြားနဲ့ တစ်ချိန်တည်းမှာ အတူတူ လှုပ်ရှားကြတဲ့ အချိန်ကျမှသာ သူတို့ရဲ့ စစ်မှန်တဲ့ ခွန်အားတွေကို ထုတ်ပြနိုင်ကြတာမျိုးဆိုရင်ကော။
* * * * * * * * *