← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 21 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 21 Ch. 241-242

အခန်း ၂၄၁

တိုက်ပွဲအပြီး ကျင်းပတဲ့ ပါတီပွဲလေးက သေးငယ်ပြီး ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့နဲ့ မိုက်ကယ်တို့ အဖွဲ့သားတွေပဲ ပါဝင်ကြပါတယ်။ စစ်သည်တော်လောင်းတွေက ဇိုင်ယွန်ကို ချက်ချင်း ဝိုင်းအုံလာကြပြီး သူ့ရဲ့ လှုပ်ရှားမှုအချို့ကို သင်ပေးနိုင်မလားလို့ မေးကြတာပေါ့။ လက်ဝှေ့အိတ်လမ်းစဉ်ကို ရွေးချယ်ထားကြတဲ့ စစ်သည်တော်တွေဆိုရင် သူတို့ရဲ့ စကားသံတွေထဲမှာ ပိုပြီးတော့တောင် စိတ်အားထက်သန်မှုတွေ ပြည့်နှက်နေခဲ့ကြရပါတယ်။

"ကျွန်တော်တို့ကိုလည်း သင်ပေးပါဦး။ ခင်ဗျား လက်သီးထိုးတာက တကယ်ကို မြန်ဆန်လွန်းတယ်။ ခင်ဗျားလိုမျိုး ငုံ့ပြီး ရှောင်တိမ်းတာမျိုးကို တစ်ခါမှတောင် မမြင်ဖူးဘူး"

"ပြီးတော့ ဟောဒီ လက်ဝှေ့အိတ်ကြီးတွေကော။ ကျွန်တော်တို့ကို ပြလို့ရမလား။ ဒါက တကယ်ပဲ မီသရယ် အသုံးအဆောင်ပစ္စည်းတွေနဲ့ လုပ်ထားတာလား"

ဇိုင်ယွန်က သူ့ကို ချီးကျူးသမျှ စကားလုံးတွေကို နှိမ့်ချတဲ့ လေယူလေသိမ်းနဲ့ အလိုက်သင့်ပဲ လက်ခံလိုက်ပြီး သူလုပ်ခဲ့တာတွေက ထူးထူးခြားခြား မဟုတ်ပါဘူးလို့ ပြန်ပြောရှာပါတယ်။ ဒါပေမဲ့လည်း သူ့မျက်နှာပေါ်က အပြုံးရိပ်ကတော့ လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံနေရတာကို တကယ်ပဲ သဘောကျနှစ်ခြိုက်နေတယ်ဆိုတာ ပြသနေခဲ့တာပေါ့။

သူက လေထဲကို လက်သီးချက်အချို့ ပစ်သွင်းပြီး ခြေလှမ်းတွေကိုလည်း လှုပ်ရှားရင်း စစ်သည်တော်ကြီးတွေအတွက် သူ့ရဲ့ အရိပ်လက်ဝှေ့ ကျင့်စဉ် လှုပ်ရှားမှုတွေကို သရုပ်ပြပေးနေခဲ့ပါတယ်။

လက်ဝှေ့လမ်းစဉ်က စစ်သည်တော်လောင်းတွေနဲ့ စစ်သည်တော်ကြီးတွေဟာ မိုက်ကယ်ရဲ့ အရင်ဘဝတုန်းက ခေတ်ဟောင်း လက်ဝှေ့သမားတွေနဲ့ တူနေတာကို မိုက်ကယ် သတိထားမိသွားတယ်။ သူတို့ရဲ့ ကိုယ်ဟန်အနေအထားတွေက လုံးဝကို တောင့်တင်းလွန်းနေပြီး လက်တွေကိုလည်း အရှေ့မှာ ထူးဆန်းတဲ့ ပုံစံမျိုးနဲ့ပဲ အဆင်မပြေစွာ တားဆီးထားကြလို့ပါပဲ။

ဒီကမ္ဘာမှာတော့ လက်ဝှေ့ထိုးတဲ့ နည်းစနစ်တွေက အဆင့်မမြင့်သေးဘူးလို့ ပြောရမှာပေါ့။ ဒါကြောင့်လည်း သူတို့တွေက သာမန် ခြေလှမ်းအပြောင်းအလဲလေးတစ်ခုကိုတင် တကယ့်ကို အံ့ဩမှင်တက်နေကြတာကိုး။

ကျန်တဲ့ စစ်သည်တော်ကြီးတွေက ဂရီးဗ်၊ ဖတ်ချ်၊ ဇိုင်ယွန်တို့နဲ့ ပျော်ပါးနေကြတဲ့အချိန်မှာပဲ မိုက်ကယ်ဆီကို လက်တစ်ဖက်စီမှာ ဂျိုင်းထောက်တွေ အားပြုထားရတဲ့ ဆာဂျွန်က လျှောက်လာခဲ့ပါတယ်။

"ဒဏ်ရာတွေ သက်သာရဲ့လား" လို့ သူက ဆာဂျွန်ကို မေးလိုက်ရာ စစ်သည်တော်ကြီးက ခေါင်းညိတ်ပြရှာပါတယ်။

"ခန္ဓာကိုယ်ကတော့ မနက်ဖြန်ဆိုရင် လမ်းလျှောက်လို့ရပါပြီ... ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်သက်သာဖို့ကတော့ အချိန်ပိုပြီး လိုအပ်ဦးမယ်။ ကျွန်တော့်ရဲ့ ပုဆိန်က ကျွန်တော့်ရဲ့ အသက်သွေးကြောပဲလေ။ အဲဒါ ပျက်စီးသွားခဲ့ရတယ်ဆိုကတည်းက ကျွန်တော် အဲဒီကွင်းပြင်ထဲမှာတင် သေဆုံးသွားခဲ့သင့်တာ"

မိုက်ကယ်က သူ့ကို နှစ်သိမ့်စကား ဆိုလိုက်ပါတယ်။

"ခင်ဗျားလည်း ကြိုပြီး မသိနိုင်ခဲ့ဘူးပဲဥစ္စာ။ ဖိုက်ဗ်က ဟက်ဖေးစတပ်စ် ကုမ္ပဏီလို့ခေါ်တဲ့ ဆေးဝါးလုပ်ငန်းစုကြီးတစ်ခုက လာတဲ့သူလို့ ကျွန်တော် ကြားလိုက်ရတယ်"

"အာ။ အဲလိုလား။ ဒါဆိုရင်တော့ ကျွန်တော့်ရဲ့ လက်နက်က စံချိန်စံညွှန်း မမီခဲ့တာ မဆန်းတော့ပါဘူး။ ပြီးတော့ သူ့ရဲ့အဖွဲ့က အခုထိ သူ့ကို လာပြီး မခေါ်သေးတာကလည်း ဒါကြောင့် ဖြစ်ရမယ်"

တိုက်ပွဲပြီးတဲ့နောက်မှာ စစ်သည်တော်ကြီးတွေက ဖိုက်ဗ်ကို ဒဏ်ရာတွေ သက်သာအောင် ပြုစုပေးခဲ့ကြတယ်လို့ ဆာဂျွန်က ရှင်းပြပါတယ်။

ပုံမှန်ဆိုရင်တော့ သူက အခုအချိန်မှာ ဟမ်းမားစတုန်း ကုမ္ပဏီရဲ့ ခေါ်ဆောင်သွားခြင်းကို ခံရပြီး သူတို့ရဲ့ အဆောက်အအုံမှာ ကုသမှု ခံယူနေရမှာ ဖြစ်ရမှာပေါ့။ ဒါပေမဲ့လည်း အခုအချိန်ထိ ဘယ်သူကမှ သူ့ကို လာပြီး တောင်းဆိုခြင်း မရှိကြသေးပါဘူး။

ဒါဟာ ဖိုက်ဗ်တစ်ယောက် သူ့ရဲ့ကုမ္ပဏီကနေ စွန့်ပစ်ခြင်း ခံလိုက်ရပြီဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ရမှာပေါ့။

"အဲဒီ ဆေးဝါးလုပ်ငန်းစုကြီးတွေက တော်တော်လေး စည်းကမ်းကြီးကြတာ။ တစ်ကြိမ်တည်း ကျရှုံးရုံနဲ့တင် အလုပ်ဖြုတ်ခံရပြီး စွန့်ပစ်ခံရဖို့အတွက် လုံလောက်နေခဲ့တာလေ။ ဖိုက်ဗ်တစ်ယောက် ကွင်းပြင်ထဲမှာ ဘာကိုပဲ လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပါစေ၊ သူက အောင်အောင်မြင်မြင် မလုပ်ဆောင်နိုင်ခဲ့တာကြောင့် အခုလို အလုပ်ဖြုတ်ခံလိုက်ရတဲ့ ပုံစံမျိုးပါပဲ"

မိုက်ကယ်ကတော့ ဒါက တကယ်ကို သွေးအေးလွန်းတဲ့ လုပ်ရပ်တစ်ခုလို့ ထင်မြင်မိပါတယ်။ ဒါပေမဲ့လည်း အခြေအနေတွေက ဒီလိုပဲ သွားတတ်တာကိုး။ သူ့ရဲ့ အရင်ကမ္ဘာမှာတင် အမှားတစ်ခုက မည်သူ့ကိုမဆို အလုပ်လက်မဲ့ ဖြစ်သွားစေနိုင်တာပဲ မဟုတ်လား။

ပြီးတော့ ဖိုက်ဗ်က ဆာဂျွန်လိုမျိုး ကြယ်ငါးပွင့်အဆင့်ရှိတဲ့ စစ်သည်တော်ကြီးတစ်ယောက်ကို အနိုင်ယူနိုင်လောက်အောင် သန်မာတာကြောင့် တခြားကုမ္ပဏီတစ်ခုမှာ အလုပ်အသစ်တစ်ခု ထပ်ရဖို့အတွက်တော့ ဘာမှ အခက်အခဲ ရှိမှာ မဟုတ်ပါဘူး။

"ဒါနဲ့ သူစားသုံးလိုက်တဲ့ ဆေးလုံးက ဘာဆေးလုံးလဲ"

"အဲဒါက ကျင့်စဉ်ဆေးလုံးတစ်လုံး ဖြစ်ဖို့ များပါတယ်။ များသောအားဖြင့်တော့ ခန္ဓာကိုယ်ထဲကို မှော်စွမ်းအင်တွေ စုပ်ယူမှု မြင့်မားလာစေဖို့အတွက် တရားထိုင်နေတဲ့ အချိန်တွေမှာပဲ စားသုံးလေ့ ရှိကြတာ။ ဒါပေမဲ့ သူက တိုက်ပွဲဝင်နေတဲ့ အခြေအနေမျိုးမှာ သုံးစွဲလိုက်တာကြောင့် ခန္ဓာကိုယ်ပေါ်မှာ အမျိုးမျိုးသော ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာခဲ့ရတာပေါ့"

အဲဒီနောက် ဆာဂျွန်က တစ်ခုခုကို ပြောဖို့ ခက်ခဲနေတဲ့အတိုင်း မိုက်ကယ်ကို အားနာတဲ့ အမူအရာမျိုးနဲ့ စိုက်ကြည့်လာပါတယ်။

"ဒါက... ကျွန်တော့်ဘက်ကနေ ခင်ဗျားကို အကူအညီတစ်ခု တောင်းခံချင်လို့ပါ"

"ကျွန်တော်တို့ရဲ့ စစ်သည်တော်များရုံးတော် တစ်ခုလုံးက ခင်ဗျားတို့ ကုမ္ပဏီဆီကနေ ချောကလက်တွေနဲ့ ဝတ်စုံတွေကို တိုက်ရိုက် ဝယ်ယူချင်ကြပါတယ်"

မိုက်ကယ်က ထိုအဆိုပြုချက်ကို စိတ်ဝင်စားသွားတာကြောင့် မျက်ခုံးပင့်လိုက်မိပါတယ်။

"ကျွန်တော်တို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေက ဘယ်လောက်အထိ အားနည်းနေလဲဆိုတာကို မြင်တွေ့လိုက်ရတာကြောင့် အဆင့်မြှင့်တင်ဖို့ တကယ်ကို အရေးတကြီး လိုအပ်နေခဲ့ပါပြီ။ ခင်ဗျားတို့ရဲ့ လက်နက်တွေနဲ့ ဝတ်စုံတွေက မကြာသေးမီ နှစ်တွေအတွင်းမှာ ကျွန်တော်တို့ မြင်ဖူးသမျှထဲမှာ တကယ့်ကို အကောင်းဆုံး အရည်အသွေးတွေ ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့လို့ပါပဲ"

သေချာတာပေါ့၊ မိုက်ကယ်က သဘောတူလိုက်တာပေါ့။ အန်ဂိုရာမြို့ရဲ့ စစ်သည်တော်များရုံးတော်ကို လက်နက်နဲ့ ဝတ်စုံတွေ ဖြန့်ဖြူးပေးမယ့်သူ ဖြစ်လာရမှာက ဘယ်လိုမှ လက်လွှတ်မခံသင့်တဲ့ ကြီးမားလှတဲ့ အခွင့်အရေးတစ်ခုပဲ မဟုတ်လား။

"ဒါပေမဲ့ ကျွန်တော့်ဘက်ကနေ သတိပေးစကားလေး တစ်ချက်တော့ ပြောရလိမ့်မယ်၊ ချောကလက်တွေမှာက တကယ့် စွမ်းအားအကျိုးသက်ရောက်မှုတွေ မရှိဘူးဆိုတာ သိထားရမယ်နော်။ တို့တွေ ရီနေးတားနိုင်ငံသားတွေမှာက အဲဒီ ချောကလက်ရဲ့ ဂုဏ်သတ္တိတွေကို အသုံးချနိုင်တဲ့ အထူးစွမ်းရည် ရှိနေကြလို့ပါ"

ဆာဂျွန်ကတော့ ချောကလက်တွေကိုပါ အရောင်းအဝယ် ကိစ္စထဲမှာ ထည့်သွင်းဖို့ ဆက်ပြီး အခိုင်အမာ တောင်းဆိုနေခဲ့ပါတယ်။

"ဟိုက လူငယ်လေး ဇိုင်ယွန်လောက်အထိ အကျိုးသက်ရောက်မှုက မကြီးမားရင်တောင်မှ ကျွန်တော်တို့ ချောကလက် စားသုံးလိုက်တဲ့ အခါတိုင်းမှာ အနည်းငယ်တော့ တိုးတက်လာသလို ခံစားရလို့ပါ။

ပြီးတော့ အဲဒါက တို့တွေရဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲ ဆိုရင်တောင်မှ တို့တွေကတော့ အဲဒီ အချိုဓာတ်ရဲ့ အရသာကို စွဲလန်းနှစ်သက်သွားခဲ့ကြရပါပြီ"

အခုအချိန်မှာတင် စစ်သည်တော်ကြီးတွေက စားပွဲတွေမှာ ဘီယာသောက်ရင်း ချောကလက်တွေကို မြိန်ရေယှက်ရေ စားသုံးနေကြတာလေ။

မိုက်ကယ်လည်း နောက်ဆုံးမှာတော့ သဘောတူလိုက်ပြီး ဆာဂျွန်အပြင် ကျန်တဲ့ စစ်သည်တော်ကြီးတွေနဲ့ပါ အရောင်းအဝယ် ကိစ္စကို အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ပါတယ်။

သူတို့တွေ လက်ဆွဲမနှုတ်ဆက်ကြမီမှာ ဆာဂျွန်က နောက်ဆုံး တောင်းဆိုချက်တစ်ခုကို ဆိုပါသေးတယ်။

"ဪ... ပြီးတော့ တို့တွေ ဘီယာတွေလည်း ပိုပြီး ရနိုင်မလား"

ရုံးတော်က အောင်ပွဲခံပွဲ ပြီးသွားခဲ့ပြီးတဲ့နောက်မှာတော့ မိုက်ကယ်နဲ့ တခြားသူတွေဟာ မြို့ထဲမှာရှိတဲ့ သူတို့ရဲ့ ရုံးချုပ်ဆီကို ပြန်လာခဲ့ကြပါတယ်။

သူတို့တွေက ဝဲလ်ကမ်တည်းခိုဆောင်ဆီကို ပြန်ရောက်လာကြတာ ဖြစ်ပြီး အဆိုပါ နေရာက အခုဆိုရင် အပြင်ဘက်ကနေ ကြည့်လျှင် အဆောက်အအုံတစ်ခုလုံးကို ကွယ်ဝှက်ထားတဲ့ ကြီးမားလှတဲ့ အဝတ်စကြီးတစ်ခုနဲ့ လုံးဝကို ဖုံးအုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အဝတ်စကြီးရဲ့ အောက်ကနေ တူထုသံတွေက တိုးတိုးတိတ်တိတ် ထွက်ပေါ်နေခဲ့တာကြောင့် အထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်ဆိုတာကို သိသာစေခဲ့တာပေါ့။

ဒါတွေအားလုံးက အဆောက်အအုံတစ်ခုလုံးကို ပြုပြင်မွမ်းမံပြီး ရီနေးတားရဲ့ အန်ဂိုရာမြို့ ရုံးချုပ်အဖြစ် ပြောင်းလဲပစ်ဖို့ မိုက်ကယ်ရဲ့ အစီအစဉ်တွေပဲ ဖြစ်ပါတယ်။

အဝတ်စ အကာအကွယ်ကို ဖြတ်ကျော်ပြီး ဝင်လိုက်တဲ့အခါ မိုက်ကယ်က အဆောက်အအုံတစ်ခုလုံးဟာ အတွင်းပိုင်းကနေ လုံးဝ ပျက်စီးနေခဲ့တာကို မြင်လိုက်ရပြီး ပိုမို ခိုင်ခံ့မှု ရှိစေရန်အတွက် သစ်သားတည်ဆောက်ပုံတွေကို ကွန်ကရစ်တိုင်ကြီးတွေနဲ့ အစားထိုးထားတာကို တွေ့လိုက်ရပါတယ်။

ရီနေးတားနိုင်ငံသား အသစ်တွေနဲ့ အဟောင်းတွေကတော့ အောက်ထပ်က ယာယီ ကွန်ကရစ် အခန်းလေးတွေထဲမှာ သူတို့ရဲ့ အခြေစိုက် အိမ်ဂေဟာလေးတွေ ဖန်တီးထားခဲ့ကြတယ်။

စောစောက ကွင်းပြင်ထဲက အနီရောင် မျောက်လူတွေဟာလည်း ဒီနေရာမှာ ရှိတဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ အောင်အောင်မြင်မြင် ပြန်လည် ဆုံတွေ့သွားခဲ့ကြရတာကို မိုက်ကယ် မြင်လိုက်ရပါတယ်။

သူတို့က မိုက်ကယ်ရဲ့ ကူညီမှုအတွက် အထူးပင် ကျေးဇူးတင်ရှိနေကြပြီး သူတို့ဘက်ကနေ ကျေးဇူးပြန်ဆပ်နိုင်ဖို့အတွက် လုပ်ဆောင်ပေးရမယ့်အရာ ရှိမရှိကိုလည်း မေးမြန်းရှာပါတယ်။

သူတို့ရဲ့ ပါရမီက ဆောက်လုပ်ရေး လုပ်ငန်းတွေထက်စာရင် တိုက်ခိုက်ရေးအပိုင်းမှာပဲ ရှိနေတာကြောင့် အခုလောလောဆယ်မှာတော့ သူတို့ လုပ်နိုင်မယ့် အလုပ်က မရှိသေးပါဘူး။

ဒါကြောင့် သူက သူတို့ကို အခုလောလောဆယ် ဂရီးဗ်ရဲ့ နောက်ကိုပဲ လိုက်ပါသွားဖို့ အကြံပြုလိုက်ပါတယ်။

မသေမျိုး အရိုးစုစစ်သူကြီး ကတော့ အနီရောင်မျောက်လူတွေကို ချက်ချင်းပဲ အုပ်ချုပ်လိုက်ပြီး ခန္ဓာကိုယ်ပိုင်း ကြံ့ခိုင်လာစေဖို့အတွက် အမျိုးမျိုးသော ကိုယ်လက်လှုပ်ရှားမှု ဆောက်လုပ်ရေး အလုပ်တွေကို စတင်ပြီး လုပ်ကိုင်စေခဲ့တာပေါ့။

"ပြန်လာတာ ကြိုဆိုပါတယ် သခင်ကြီး မိုက်ကယ်"

ရှီနာက မိုက်ကယ်ကို နှုတ်ဆက်လိုက်ပြီး သူ မရှိတဲ့အချိန်အတွင်းမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အစီရင်ခံ တင်ပြရှာပါတယ်။ ကံကောင်းထောက်မစွာပဲ ထူးခြားတဲ့ အဖြစ်အပျက်မျိုးတော့ မရှိခဲ့ပါဘူး။

"ဒီနေ့ကော အလုပ်တွေ အဆင်ပြေခဲ့ရဲ့လား" လို့ ယူနာက မေးလိုက်ပါတယ်။

သူက ဆာဂျွန်အပြင် စစ်သည်တော်ကြီးတွေနဲ့ ဆွေးနွေးခဲ့တဲ့ အရောင်းအဝယ် ကိစ္စတွေကို ပြောပြလိုက်ရာ သံတမန်မလေးဆီကနေ သဘောကျနှစ်ခြိုက်တဲ့ အပြုအမူမျိုးကို ရရှိခဲ့ပါတယ်။

"အခုဆိုရင် နင့်အနေနဲ့ မှော်မျှော်စင်က လူတွေနဲ့ ဆုံတွေ့ပြီး သူတို့ရဲ့ သဘောတူညီချက်ကို ရယူဖို့ပဲ လိုအပ်တော့တာ။ အဲဒီ အဖွဲ့အစည်း နှစ်ခုကသာ သဘောတူမယ်ဆိုရင် နယ်စားမင်းကြီး အနေနဲ့ မင်းရဲ့ ရွှေလမ်းမကြီးကို အန်ဂိုရာမြို့ကို ဖြတ်သန်းခွင့်ပြုဖို့အတွက် ဆွဲဆောင်ဖို့ လုံလောက်သွားပါပြီ"

"ငါ အဲဒါကို မနက်ဖြန်ကျရင် လုပ်ဖို့ စဉ်းစားထားတယ်" လို့ သူက သူမကို ပြန်ပြောလိုက်ပါတယ်။

အဲဒီအတောအတွင်းမှာတော့ ဒီညမှာ သူ ဘာမှ လုပ်စရာ မရှိတာကြောင့် မိုက်ကယ်က ရီနေးတား အင်ဂျင်နီယာတွေကို ရုံးချုပ် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဝင်ရောက်ပြီး ကူညီပေးခဲ့ပါတယ်။

သူ့ရဲ့ မှော်စွမ်းအင်အပေါ် ကျွမ်းကျင်စွာ အသုံးချနိုင်မှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွေက အဆမတန် မြန်ဆန်သွားခဲ့ရပြီး နာရီအနည်းငယ်အတွင်းမှာတင် တည်ဆောက်မှုအားလုံးကို လုံးဝ ပြီးစီးသွားစေခဲ့တာ ဖြစ်ရမှာပေါ့။

နေမင်းကြီး ကောင်းကင်ယံထက်ကို အလင်းဆောင်လာတဲ့ အချိန်မှာတော့ အဆောက်အအုံအသစ်ကြီးက အန်ဂိုရာမြို့က အများပြည်သူတွေ မြင်တွေ့နိုင်ဖို့အတွက် အသင့်ဖြစ်နေခဲ့ပါပြီ။

မနေ့က ကွင်းပြင်ထဲက တိုက်ပွဲကြောင့် ရီနေးတားဟာ မြို့တစ်ခုလုံးရဲ့ ပြောစမှတ်ပြုစရာ ဖြစ်နေခဲ့တာလေ။ သတင်းတွေက တော်တော်လေးကို လျင်လျင်မြန်မြန် ပြန့်နှံ့သွားခဲ့ရတာကြောင့် လူအများအပြားဟာ နေရာအနှံ့မှာ ရီနေးတားကုမ္ပဏီကို စိုးရိမ်တကြီး ရှာဖွေနေခဲ့ကြရတာ ဖြစ်ပါတယ်။

အစောင့်စစ်သည်အချို့က လမ်းမလယ်က ခမ်းနားကြီးကျယ်လှတဲ့ အဆောက်အအုံကြီးတစ်ခုဆီကို သူတို့ကို လမ်းညွှန်ပေးလိုက်တဲ့ အချိန်အထိပေါ့။

"ဟင်။ ဒီ ကျောက်တုံး အဆောက်အအုံကြီးက ဘယ်ကနေ ရုတ်တရက် ရောက်လာတာလဲ"

* * * * * * * * *

စာစဉ်(၁၁)

အခန်း( ၂၄၂)

နံနက်စောစောအချိန်မှာတင် အန်ဂိုရာမြို့က ပြည်သူတွေဟာ လမ်းမလယ်မှာ ခမ်းနားထည်ဝါစွာ ပေါ်ထွက်လာခဲ့တဲ့ ကြီးမားလှတဲ့ ကျောက်တုံး အဆောက်အအုံကြီးကို ကြည့်ပြီး နိုးထလာခဲ့ကြရပါတယ်။ အဆောက်အအုံရဲ့ ဆန်းပြားလှတဲ့ ဗိသုကာလက်ရာတွေကို သူတို့တွေ သေချာပေါက် မှတ်မိနေမှာ ဖြစ်တာကြောင့် ဒါဟာ အရင်က ဒီနေရာမှာ ရှိမနေခဲ့တာ အသေအချာပါပဲ။

"ရီနေးတားကုမ္ပဏီ ဟုတ်လား။ မင်းပြောတာ ဂူသင်္ချိုင်းကို သိမ်းပိုက်ခဲ့တဲ့သူတွေကို ပြောတာလား"

"ငါကတော့ သူတို့ကို ချောကလက်တွေကြောင့်ပဲ သိထားတာ..."

"မင်း မနေ့ကအကြောင်း မကြားမိဘူးလား။ သူတို့တွေ ဟမ်းမားစတုန်းအဖွဲ့က လူတစ်ယောက်ကို အပြတ်အသတ် အနိုင်ယူလိုက်တာလေ"

နောက်ဆုံးမှာတော့ အရှေ့ဘက်မှာ လူအုပ်ကြီးက စုရုံးလာခဲ့ကြရပြီး အဖြေအချို့ကို ရှာဖွေဖို့အတွက် စူးစမ်းလိုစိတ် ပြည့်နှက်နေတဲ့ ပြည်သူတွေက ပိုမို များပြားလာခဲ့ရတာပေါ့။

ရုတ်တရက်ဆိုသလို တံခါးချပ်ကြီးကပွင့်သွားခဲ့ရပြီးနောက် ဂါဝန်ကို ဝတ်ဆင်ထားတဲ့ ကြည့်ကောင်းလှတဲ့ အမျိုးသမီးတစ်ယောက်က ထွက်ပေါ်လာပါတယ်။ သူမက အရှေ့က လူအုပ်ကြီးကို ကြည့်လိုက်ပြီး လေးစားသမှုဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်တာကိုး။

"ရီနေးတား ကုန်တိုက်ကြီး ဆီကို လာရောက်ကြတဲ့ ချစ်ခင်ရပါသော ဖောက်သည်တို့ရှင်။ အခုဆိုရင် အထဲကို လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ" လို့ သူမက ဆိုပါတယ်။

စူးစမ်းလိုစိတ် ရှိနေကြတဲ့ ကြည့်ရှုသူတွေဟာ တိုးတိုးတိတ်တိတ် ရေရွတ်မိလိုက်ကြပြီး အမျိုးသမီးရဲ့ စကားတွေကို အမှန်အတိုင်း ယုံကြည်ဖို့အတွက် တွန့်ဆုတ်နေခဲ့ကြရပါတယ်။ သူတို့တွေက 'ကုန်တိုက်' ဆိုတဲ့ အခေါ်အဝေါ်မျိုးကို တစ်ခါမှ မကြားဖူးကြလို့ပါပဲ။

"ကျေးဇူးပြုပြီး အထဲကို ဝင်လာခဲ့ကြပြီး တို့တွေရဲ့ ကုန်ပစ္စည်းတွေကို လေ့လာကြည့်ရှုပေးကြပါရှင်"

သူမက လည်ပတ်နေတဲ့ ဆုံလည်တံခါးဆီကို ပြန်ပြီး လျှောက်လှမ်းသွားခဲ့ရတာကြောင့် အချို့သော သူရဲကောင်းအချို့ကလည်း သူမရဲ့ အနောက်ကနေ သတ္တိရှိရှိ လိုက်ပါသွားခဲ့ကြရပါတယ်။

အထဲက မြင်ကွင်းကို မြင်လိုက်ရတဲ့ အချိန်မှာတော့ သူတို့တွေ လုံးဝကို မှင်တက်သွားခဲ့ရပြီး အံ့ဩဆွံ့အကုန်ကြတာပေါ့။

သူတို့ မြင်နိုင်သမျှ နေရာတိုင်းမှာ အမျိုးမျိုးသော သတ္တု လက်နက်ကိရိယာတွေနဲ့ ဝတ်စုံတွေပြည့်နှက်နေတဲ့ စင်ကြီးတွေက အစီအရီ တည်ရှိနေခဲ့ကြလို့ပါပဲ။ မှိန်ပျပျ အလင်းရောင်အောက်မှာတင် အရာအားလုံးက တောက်ပနေခဲ့ကြရတာ ဖြစ်တာကြောင့် အဝေးကနေ ကြည့်လျှင်ပင် ၎င်းတို့ရဲ့ မြင့်မားလှတဲ့ အရည်အသွေးတွေကို ပေါ်လွင်စေခဲ့ရတာကိုး။

စင်တစ်ခုချင်းစီမှာ သီးခြား လက်နက်ကိရိယာတွေကို တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဘယ်ဘက်အစွန်ဆုံးမှာတော့ လက်မောင်းအကာအကွယ်တွေနဲ့ လက်ဝှေ့အိတ်တွေ သီးသန့် ရှိနေခဲ့ပြီး ၎င်းရဲ့ ဘေးက စင်မှာတော့ ရင်ဘတ်အကာအကွယ်တွေနဲ့ ပုခုံးအကာအကွယ် ဝတ်စုံတွေအတွက် ဖြစ်ပါတယ်။

ပြည်သူတွေက စင်တွေကို ဖြတ်သန်းပြီး လမ်းလျှောက်လာခဲ့ကြရာ နောက်ဆုံးမှာတော့ ကောင်တာတစ်ခု ရှိရာ နေရာဆီကို ရောက်ရှိသွားခဲ့ကြရပါတယ်။ စားပွဲရဲ့ အနောက်မှာတော့ လာရောက်နိုင်ချေရှိတဲ့ ဖောက်သည်တွေကို ယဉ်ကျေးပျူငှာစွာ ဦးညွှတ်နှုတ်ဆက်နေကြတဲ့ လူတစ်ပိုင်းသတ္တဝါ ဝန်ထမ်းအချို့ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

"မင်္ဂလာပါ လူကြီးမင်းတို့ရှင်။ တို့တွေရဲ့ ချောကလက် မုန့်အသစ်တွေကို မြည်းစမ်းကြည့်ချင်ပါသလားရှင်"

စားပွဲရဲ့ ဘေးမှာတော့ ချောကလက် မုန့်တွေ ပြည့်နှက်နေတဲ့ သေတ္တာတွေနဲ့ ဘူးတွေ ရှိနေခဲ့ပါတယ်။ မျက်နှာပေါ်မှာ ကျေနပ်စရာ အပြုံးတွေနဲ့ ချောကလက် စားသုံးနေကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ပုံရိပ်တွေကို ဖော်ပြထားခဲ့တာ ဖြစ်တာကြောင့် ကြည့်လိုက်တဲ့သူတိုင်းရဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနေခဲ့ရတာပေါ့။

ပထမဆုံး ရောက်ရှိလာတဲ့ ဖောက်သည်တွေထဲက တစ်ယောက်က စားပွဲဆီကို ရှက်ကိုးရှက်ကန်းနဲ့ တိုးကပ်လာခဲ့ပါတယ်။

"ဟို... ကျွန်တော် ချောကလက် တစ်ချောင်းလောက် ဝယ်ချင်လို့ပါ" လို့ သူက ဆိုပါတယ်။

အခြားတစ်ဖက်က ဝန်ထမ်းတွေက ဖောက်သည်ကို ပြုံးပြလိုက်ကြပြီး "ရပါတယ်ရှင်။ ဝတ်ဆင်ရတာ စတိုင်ကျပြီး အကာအကွယ်လည်း ပေးနိုင်တဲ့ တို့တွေရဲ့ သားရေအင်္ကျီအသစ်ကိုကော ဝယ်ယူချင်ပါသလားရှင်။ အကယ်၍ အခု ဝယ်ယူမယ်ဆိုရင်တော့ ချောကလက် သေတ္တာတစ်လုံးလုံးကိုပါ စုစုပေါင်း ရွှေဒင်္ဂါး ၁၀၀ တည်းနဲ့ အကုန်လုံး ရရှိနိုင်မှာ ဖြစ်ပါတယ်ရှင်"

အမျိုးသားက ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပြီး ရွှေဒင်္ဂါးတွေ ပါတဲ့ အိတ်ကို ကောင်တာပေါ် တွန်းတင်ပေးလိုက်ကာ အင်္ကျီအသစ်နဲ့ ချောကလက် သေတ္တာကို လက်ခံရရှိသွားခဲ့ရပါတယ်။

ဒါကို ကြားလိုက်ရတဲ့ တခြားသော လူတွေကလည်း မနေနိုင်ကြတော့ဘဲ သူတို့ကိုယ်တိုင်အတွက်ပါ တစ်ခုစီ ဝယ်ယူလိုက်ကြပါတော့တယ်။ ဒါက တကယ့်ကို တန်လွန်းလှတဲ့ အရောင်းအဝယ်တစ်ခုပဲ မဟုတ်လား။

မိုက်ကယ်က ကုန်တိုက်တစ်ခုလုံးကို စီးမိုးမြင်တွေ့နေရတဲ့ ဝရန်တာပေါ်ကနေ ငုံ့ကြည့်နေခဲ့ပါတယ်။

သူတို့ရဲ့ ရုံးချုပ်အသစ်ကို အများပြည်သူတွေအတွက် ဖွင့်လှစ်ပေးခဲ့တာ နာရီအနည်းငယ်ပဲ ရှိသေးပေမဲ့ အောက်ထပ်တစ်ခုလုံးမှာ စွန့်စားရှာဖွေသူတွေနဲ့ အရပ်သားတွေ တပြိုင်နက်တည်း ကြိတ်ကြိတ်တိုး စည်ကားနေခဲ့ရပါပြီ။

ပထမဆုံး ကျေနပ်သွားခဲ့ရတဲ့ ဖောက်သည်က အဆောက်အအုံထဲကနေ ထွက်ခွာသွားတာနဲ့ တပြိုင်နက် သတင်းတွေက တောမီးပမာ ပြန့်နှံ့သွားခဲ့ရတာကိုး။ ပြည်သူတွေက တစ်ညတည်းနဲ့ ဆောက်လုပ်လိုက်တဲ့ ပုံစံမျိုး ဖြစ်ပေါ်နေတဲ့ ရီနေးတားကုန်တိုက်ကြီးကို ကြည့်ရှုဖို့အတွက် မြို့ရဲ့ ဒီလို လူသူအရောက်အပေါက်နည်းတဲ့ နေရာဆီကို လာရောက်လည်ပတ်နေခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါဟာ လူအများစုအတွက်တော့ မယုံနိုင်စရာ ဇာတ်လမ်းတစ်ခု ဖြစ်နေခဲ့ရပေမဲ့ အဆောက်အအုံအစစ်အမှန်ဆီကို လာရောက်ကြည့်ရှုပြီးတဲ့ နောက်မှာတော့ ချက်ချင်းပဲ အမှန်တရား ဖြစ်သွားခဲ့တယ်။

စူးစမ်းလိုစိတ်က လူတွေကို အဆောက်အအုံထဲ ဝင်ရောက်လာစေဖို့ တွန်းအားပေးခဲ့တာ ဖြစ်ပြီး အရည်အသွေးမြင့်မားတဲ့ ကုန်ပစ္စည်းတွေကတော့ သူတို့ကို ဆက်ပြီး ရှိနေစေကာ ကိုယ်ပိုင် ဝယ်ယူမှုတွေ ပြုလုပ်သွားစေဖို့ အတင်းအကျပ် ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။

"ကြည့်စမ်း။ ဒီ မျောက်လူဝတ်စုံအစုံက သာမန်အဆင့် ဆိုပေမဲ့ ခိုင်ခံ့တဲ့ ပုံစံမျိုး ရှိပြီး လှုပ်ရှားရတာလည်း လွယ်ကူမယ့် ပုံပဲ" လို့ ပြသထားတဲ့ ဝတ်စုံကို သေချာ စစ်ဆေးနေတဲ့ စွန့်စားရှာဖွေသူတစ်ယောက်က ဆိုပါတယ်။

"ဒါက မနေ့က ကွင်းပြင်ထဲမှာ တို့တွေ မြင်တွေ့ခဲ့ရတဲ့ ဒရာဂွန်ဘွန်းရဲ့ ဝတ်စုံနဲ့ တူတယ်ဟ။ အတူတူပဲ တောက်ပတဲ့ အနီရောင်ကြီးတောင် ပါသေးတယ်" လို့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူက မှန်သေတ္တာထဲမှာ ပြသထားတဲ့ ဇိုင်ယွန်ရဲ့ ပုံစံကို အခြေခံပြီး ပြုလုပ်ထားတဲ့ ဝတ်စုံအစုံကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်တာကိုး။

"ငါ သိတာပေါ့။ အဲဒီ ရှားပါးအဆင့် ဒရာဂွန်ဘွန်း ရင်ဘတ်အကာအကွယ်ကြီးကို ဝယ်ချင်လိုက်တာ၊ ဒါပေမဲ့ ငါ့အတွက်တော့ စျေးကြီးလွန်းနေတယ်"

မနေ့က ဇိုင်ယွန်ရဲ့ တကယ့်ကို ထူးခြားလှတဲ့ ပြသမှုက မြို့ထဲမှာ ရီနေးတား ကုန်ပစ္စည်းတွေရဲ့ နာမည်ဂုဏ်သတင်းကို မြင့်တက်သွားစေခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ လူတိုင်းနီးပါး အဲဒီအကြောင်းကို ကြားသိထားကြရပြီ ဖြစ်တာကြောင့် အချိန်ကိုက်ပဲ သူတို့ရဲ့ ကိုယ်ပိုင် ရီနေးတား ဝတ်စုံတွေကို ဒီနေရာမှာ ဝယ်ယူနိုင်ကြပြီလေ။

ဇိုင်ယွန်ရဲ့ လက်နက်နဲ့ ဝတ်စုံက ဟမ်းမားစတုန်း အသုံးအဆောင်ပစ္စည်းတွေကို အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရီနေးတားရဲ့ အရည်အသွေးက ထိပ်တန်းအဆင့် ဖြစ်တယ်ဆိုတာကို ပြည်သူတွေ ယုံကြည်သွားစေဖို့အတွက် လုံလောက်လှတဲ့ စိတ်ချရမှုတစ်ခု ဖြစ်ခဲ့ရတာကြောင့် သူတို့တွေ အုပ်စုလိုက်ကြီးကို ဝယ်ယူနေခဲ့ကြရတာ ဖြစ်ရမှာပေါ့။

လက်ထဲမှာ လက်နက်တစ်ချက်တင် မကိုင်ဖူးကြသေးတဲ့ အရပ်သားတွေတောင်မှ သူတို့ရဲ့ စိတ်အလိုကျ ပျော်ရွှင်မှုအတွက် သားရေဝတ်စုံတွေနဲ့ အလှဆင် လက်နက်တွေကို ဝယ်ယူ ဖြစ်သွားခဲ့ကြရရှာပါတယ်။

"ဂုဏ်ယူပါတယ်ရှင်၊ ဟောဒီ ရီနေးတား သံမဏိဓားက သာမန်အဆင့် ဖြစ်ပေမဲ့ အခမဲ့ ချောကလက် ၁၀ ချောင်းနဲ့အတူ ရရှိမှာ ဖြစ်ပါတယ်ရှင်။ စိတ်ကြိုက် သုံးဆောင်ပါဦးရှင်" လို့ ငွေကိုင်ဝန်ထမ်းတစ်ယောက်က ဖောက်သည်ရဲ့ ဓားကို 'R' အမှတ်တံဆိပ် ထထင်ထင် ထုဆစ်ထားတဲ့ ခမ်းနားလှတဲ့ သစ်သားသေတ္တာကြီးထဲ ထည့်ပြီး ကမ်းလှမ်းရင်း ပြောလိုက်တာကိုး။

တိုက်ပွဲအတွင်းမှာ ဇိုင်ယွန်ရဲ့ ချောကလက် စားသုံးမှုကလည်း ချောကလက်တွေရဲ့ လူကြိုက်များမှုကို မြင့်တက်လာစေဖို့ ကူညီပေးခဲ့ရတာ ဖြစ်ပြီး တခြားသူတွေကလည်း စားသုံးလိုက်လျှင် သူ့လိုမျိုး အဆမတန် သန်မာလာနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့ကြရလို့ပါပဲ။

ခြုံပြောရရင်တော့ အန်ဂိုရာမြို့မှာ ပထမဆုံး စတင်တဲ့ စီးပွားရေးနေ့ရက်က တကယ့်ကို အဆမတန် ကောင်းမွန်လွန်းနေခဲ့ရပါတယ်။

"စီးပွားရေးက တကယ့်ကို အဆင်ပြေနေခဲ့တာပဲ သခင်ကြီး မိုက်ကယ်" ရှီနာက လက်ထဲမှာ စာရွက်စာတမ်း အပြည့်နဲ့ မိုက်ကယ်ရဲ့ အနားကို လျှောက်လာခဲ့ပါတယ်။

"မြို့ထဲက ကုမ္ပဏီအများအပြားက တို့တွေရဲ့ ကုန်တိုက်အသစ်ကြီးကို ကြည့်ပြီး တကယ့်ကို အံ့ဩသွားကြတယ်လို့ အရိပ်အော့ခ်တွေဆီကနေ ကြားသိရပါတယ်" လို့ သူမက စာရွက်တွေကို ကြည့်ရင်း ဆိုရှာတာပေါ့။

"ဒါက သဘာဝကျပါတယ်" လို့ သူက ပြန်ဖြေလိုက်တယ်။

"သူတို့တွေ တို့ဘက်ကနေ ဒီလောက် ကြီးမားလှတဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုကို တစ်ရက်မပြည့်ခင် အချိန်အတွင်းမှာ ဘယ်လိုမျိုး အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့လဲဆိုတာကို စူးစမ်းဖို့ ကြိုးစားနေကြမှာ သေချာသလောက်ပဲ"

"ကျွန်မအနေနဲ့ အရိပ်အော့ခ်တွေကို သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို လွဲမှားသွားအောင် မျက်လှည့်ပြကွက်တွေ ဖန်တီးပြီး လမ်းလွဲပေးဖို့ ညွှန်ကြားရမလားရှင်"

မိုက်ကယ်က ခေါင်းခါပြလိုက်ပါတယ်။ "မဟုတ်တာ။ သူတို့ကို ကွန်ကရစ်အကြောင်း သိသွားခွင့် ပေးလိုက်ပါ"

ရှီနာက မိုက်ကယ်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားတဲ့ အခါမှာတော့ သူမရဲ့ မျက်လုံးတွေက တောက်ပလာခဲ့ရပါတယ်။

"သဘောပေါက်ပါပြီ။ သူတို့တွေ ကွန်ကရစ်အကြောင်း သိသွားကြတာနဲ့ တပြိုင်နက် ကိုယ်ပိုင် ကွန်ကရစ်တွေ ဝယ်ယူနိုင်ဖို့အတွက် သခင့်ဆီကို သေချာပေါက် ဆက်သွယ်လာကြမှာပဲ မဟုတ်လား"

"ဟုတ်တယ်" လို့ သူက ပြုံးရင်း ပြန်ဖြေလိုက်တယ်။

"ဒီကောလာဟလတွေ ပိုပြီး ပြန့်နှံ့လေလေ၊ တို့တွေရဲ့ ကုန်ပစ္စည်းတွေကို ကြော်ငြာဖို့အတွက် တို့တွေ ဘာမှ လုပ်ဆောင်စရာ မလိုလေလေပဲ"

ဒရာဂွန်ဘွန်းမလေးက မိုက်ကယ်ရဲ့ ပါရမီကို နောက်တစ်ကြိမ် အံ့ဩမိရပြန်တာကြောင့် လေးစားစွာဖြင့် ဦးညွှတ်လိုက်ရှာပါတယ်။

"ဒါဆိုရင်တော့... သူတို့တွေ တို့ရဲ့ ပစ္စည်းစာရင်းတွေထဲမှာ ကွန်ကရစ်အကြောင်းကို မတော်တဆ သိရှိသွားအောင် ကျွန်မ သေချာပေါက် စီစဉ်လိုက်ပါ့မယ်"

ရှီနာ ထွက်ခွာသွားခဲ့ပြီးနောက် မိုက်ကယ်တစ်ယောက်တည်း သူ့ရဲ့ အရိပ်နဲ့အတူ ကျန်ရှိနေခဲ့ရတာပေါ့။

"နာရီတို၊ ဆာဆူကီ။ စတုန်းကိုးလ် ဆစ်ခ်စ်အဖွဲ့ အကြောင်း ဘာတွေ စုံစမ်းသိရှိခဲ့လဲ။ အခုဆိုရင် အဖွဲ့ဝင်တစ်ယောက် လျော့နည်းသွားခဲ့ပြီ ဖြစ်တာကြောင့် သူတို့ကို စတုန်းကိုးလ် ဖိုက်ဗ်အဖွဲ့လို့ ခေါ်ရမလားပဲ"

အရိပ်အော့ခ်နှစ်ယောက်က သူ့ရဲ့ အရိပ်ထဲကနေ ထွက်ပေါ်လာခဲ့ကြပြီး ဒူးထောက်လိုက်ကြရပါတယ်။

"တခြားကုမ္ပဏီတွေလိုမျိုးပဲ၊ သူတို့တွေကလည်း ကျွန်တော်တို့တွေဘက်ကနေ ဒီလောက် ကြီးမားလှတဲ့ စီမံကိန်းကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့အပေါ် အံ့ဩနေကြတာပါ။ ကျွန်တော်တို့တွေ ဖွင့်လှစ်တဲ့ ပထမဆုံးနေ့မှာတင် ဖောက်သည် အမြောက်အမြားကို ဖမ်းစားနိုင်ခဲ့တာကြောင့် သူတို့ရဲ့ ဖောက်သည်တွေ တိုက်ရိုက် ကျဆင်းသွားခဲ့ရတဲ့အပေါ် ပိုပြီးတော့တောင် အံ့ဩနေကြပါသေးတယ်" လို့ နာရီတိုက ဆိုပါတယ်။

"ဖိုက်ဗ်အကြောင်းကော သူတို့ ဘာတွေ ပြောကြလဲ"

"သူတို့တွေ သူ့ရဲ့ ရှုံးနိမ့်မှုအပေါ် ထိတ်လန့်နေကြပေမဲ့လည်း အဲဒါက ဖိုက်ဗ်ရဲ့ ကျရှုံးမှုသက်သက်ပဲ ဖြစ်ပြီး ဇိုင်ယွန်ရဲ့ ခွန်အားကြောင့် မဟုတ်ဘူးလို့ မှတ်ယူနေကြတာပါ။ သူတို့တွေက အခုထိ မီသရယ် အသုံးအဆောင်ပစ္စည်းတွေ ပေါ်ထွက်လာတာကို အစစ်အမှန်လို့ မယူဆကြသေးဘဲ ဇိုင်ယွန်က တစ်မျိုးမျိုးသော အထူးလက်နက်တွေနဲ့ ဝတ်စုံတွေကို သုံးစွဲသွားခဲ့တာလို့ပဲ ထင်မြင်နေကြတုန်းပါပဲ" လို့ ဆာဆူကီက အစီရင်ခံစာကို အဆုံးသတ်ရင်း ပြောလိုက်တာကိုး။

မိုက်ကယ်က အခြေအနေတွေကို စောင့်ကြည့်ဖို့အတွက် ဟမ်းမားစတုန်း ကုမ္ပဏီမှာ အချိန်ပြည့် တာဝန်ချထားခဲ့တဲ့ အရိပ်အော့ခ်နှစ်ယောက်ကို ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။

"ဆက်ပြီး စောင့်ကြည့်ပေးကြပါဦး" လို့ သူက သူတို့ကို ပြောလိုက်ရာ ထိုနှစ်ယောက်က အရိပ်တွေထဲကို ပြန်လည် ဆင်းသက်သွားခဲ့ကြရရှာပါတယ်။

သူ့ရဲ့ ပြင်ဆင်မှုတွေ ပြီးစီးသွားခဲ့ပြီ ဖြစ်တာကြောင့် မိုက်ကယ်က မြို့တစ်ခုလုံးမှာ အမြင့်မားဆုံး စုချွန်မျှော်စင်ကြီး ဖြစ်တဲ့ အန်ဂိုရာမြို့ မှော်မျှော်စင် ဆီကို အကြည့်ကို ပို့ဆောင်လိုက်တယ်။

* * * * * * * * *

All Chapters