အခန်း (၂၄၅-၂၄၆)
Vol. 21 Ch. 245-246
အခန်း(၂၄၅)
မိုက်ကယ်က တိတ်ဆိတ်သွားပြီးနောက် အခြေအနေတွေကို သေချာစဉ်းစားလိုက်ပါတယ်။
"ဟမ်းမားစတုန်းကုမ္ပဏီက အန်ဂိုရာမြို့ကို သူတို့ရဲ့ ရွှေလမ်းမကြီးထဲက အစိတ်အပိုင်းတစ်ခု ဖြစ်စေချင်နေတာလား" လို့ သူက တိုးတိုးလေး မေးလိုက်ပါတယ်။
"ဒါတင်မကသေးဘူး" ထရက်ကီးယပ်စ်က သက်ပြင်းချလိုက်ရှာတယ်။
"တို့တွေသာ ဟမ်းမားစတုန်းကုမ္ပဏီဘက်က ပါဝင်လိုက်မယ်ဆိုရင် သူတို့ရဲ့ တိုက်ပွဲတွေထဲမှာ တို့တွေပါ ရောပါသွားလိမ့်မယ်လို့ ငါ ခံစားနေရတယ်။ စိတ်မကောင်းစရာ ဖြစ်ပေမဲ့ ဒီရွှေလမ်းမကြီးစစ်ပွဲက သွေးထွက်သံယိုမှုအချို့ ရှိလာလိမ့်မယ်"
မိုက်ကယ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိပါတယ်။ သူက အကြမ်းဖက်မှုတွေကို မုန်းတီးပေမဲ့ အချို့သောအခြေအနေတွေမှာ ဒါက လိုအပ်ချက်တစ်ခု ဖြစ်နေတာကိုတော့ လက်ခံထားပါတယ်။ အကောင်းဆုံးကတော့ အရာအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တာပေါ့၊ ဒါပေမဲ့ လူတိုင်းက အဲဒီလိုမျိုး စဉ်းစားကြတာမှ မဟုတ်တာ။
"ဒါဆိုရင် ဆရာကြီးအနေနဲ့ သူတို့ကို တိုက်ရိုက်ပဲ ငြင်းပယ်လိုက်သင့်တာပေါ့" လို့ သူက အချက်အလက်ကျကျ ဆိုလိုက်ပါတယ်။
"အဲဒါကပဲ ပြဿနာ ဖြစ်နေတာ။ အကယ်၍ တို့တွေက သူတို့ဘက်က အခုမပါဝင်ဘူးဆိုရင် နောက်ပိုင်းကျရင် တခြားကုမ္ပဏီတစ်ခုခုက တို့တွေကို သူတို့ဘက်ပါလာအောင် အတင်းအကျပ် လာလုပ်ကြလိမ့်မယ်လို့ ယူဆစရာ အကြောင်းရင်း ရှိနေတယ်။
ကုမ္ပဏီတွေက နယ်မြေတွေကို ရနိုင်သမျှ အများဆုံး ရရှိအောင် ကြိုးစားနေကြပြီး ဈေးကွက်ထဲမှာ လက်ဝါးကြီးအုပ်နိုင်ဖို့ လုပ်ဆောင်နေကြတာ။ ပြီးတော့ အဲဒီနယ်မြေတွေရဲ့ ခေါင်းဆောင်တွေကို ဩဇာလွှမ်းမိုးခြင်းအားဖြင့် တခြားသောကုမ္ပဏီတွေအနေနဲ့ အထဲမှာ စီးပွားရေး လာမလုပ်နိုင်အောင် သေချာပေါက် တားဆီးနိုင်ကြလိမ့်မယ်။
တို့မြို့က ဒါကို အခုထိ မခံစားရသေးပေမဲ့ မလွဲမသွေ ဒီကိစ္စထဲ ပါဝင်ပတ်သက်လာရမှာပဲ။ ဒါက တို့တွေ ဘယ်သူ့ဘက်က ပါဝင်မလဲ ဒါမှမဟုတ် ဘယ်သူ့ကို ရန်သူအဖြစ် သတ်မှတ်မလဲဆိုတဲ့ ကိစ္စရပ်သက်သက်ပဲ"
မိုက်ကယ်က မျှော်စင်သခင်ကြီး ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ကောင်းကောင်း မြင်သာလိုက်ပါတယ်။ သူက ကျောက်တုံးကြီးနှစ်ခုကြားမှာ ညပ်နေသလိုမျိုး ခံစားချက်ကို နားလည်ပေးနိုင်လို့ပါပဲ။
အကယ်၍ သူတို့က ဟမ်းမားစတုန်းကုမ္ပဏီဘက်က ပါဝင်လိုက်မယ်ဆိုရင် သူတို့ တစ်ခါမှ မတောင်းဆိုခဲ့ဖူးတဲ့ တိုက်ပွဲတစ်ခုထဲကို အတင်းအကျပ် ရောက်ရှိသွားနိုင်ပါတယ်။ ပြီးတော့ ဟမ်းမားစတုန်းကုမ္ပဏီဘက်က မပါဝင်ပြန်ရင်လည်း နောင်အနာဂတ်မှာ တခြားကုမ္ပဏီတစ်ခုခုက လာရောက် တိုက်ခိုက်တဲ့အခါ မဟာမိတ် ရှိနေမှာ မဟုတ်ပါဘူး။
"ဒါပေမဲ့… အခု မင်းက ဒီနေရာမှာ ရွှေလမ်းမကြီး ဆောက်လုပ်ဖို့ စီစဉ်နေမှန်း ငါ သိလိုက်ရပြီဆိုတော့ ငါ့ရဲ့ ဆုံးဖြတ်ချက်က လွယ်ကူသွားပါပြီ။ ငါ့ရဲ့ မဲကို ရီနေးတားဆီပဲ ပေးလိုက်ပါ့မယ်"
မိုက်ကယ်ရဲ့ မျက်နှာက ဝင်းပသွားခဲ့ရပါတယ်။ "တကယ်လား။ ကျေးဇူးအများကြီး တင်ပါတယ်" လို့ သူက စစ်မှန်တဲ့ လေယူလေသိမ်းနဲ့ ဆိုပါတယ်။
ထရက်ကီးယပ်စ်က မိုက်ကယ်ရဲ့ တုံ့ပြန်မှုကို မြင်တဲ့အခါမှာတော့ မရယ်ဘဲ မနေနိုင် ဖြစ်သွားခဲ့ရပါတယ်။
"မင်းက ကိုယ့်ကိုယ်ကိုယ် တော်တော်လေး အထင်သေးနေတုန်းပဲ။ ကမ္ဘာပေါ်မှာ မီသရယ်မှော်ဝင်ပစ္စည်းတွေကို ထုတ်လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူက မင်း ဖြစ်မှန်း သိရင် ဘယ်သူမဆို မင်းဘက်ကနေ ဝမ်းမြောက်ဝမ်းသာ ပါဝင်ကြမှာပဲ။ ဒါတင်မကသေးဘူး… လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မင်း ပြသခဲ့တဲ့… မော်တော်ကား… ဆိုတာကလည်း အသိဉာဏ် ရှိတဲ့သူတိုင်းအတွက် တကယ့်ကို အံ့ဩစရာ ကောင်းလှတဲ့ တော်လှန်ရေးထုတ်ကုန်တစ်ခုပဲလေ။
ငါ့အမြင်မှာတော့ မင်းရဲ့ကုမ္ပဏီက ကမ္ဘာ့ထိပ်တန်း ၅၀၀ စာရင်းထဲ မပါသေးရင်တောင်မှ ၎င်းရဲ့ အလားအလာ တစ်ခုတည်းနဲ့တင် စာရင်းရဲ့ ထိပ်ဆုံးမှာ ရောက်နေပြီးသားပါ"
မိုက်ကယ်က ရှက်ကိုးရှက်ကန်းနဲ့ ရယ်မောလိုက်ပြီး မျှော်စင်သခင်ကြီးကို ကြည့်လိုက်ပါတယ်။
"ဒါဆို ဆရာကြီး ကိုယ်တိုင်အတွက်ပါ မီသရယ်မှော်ဝင်ပစ္စည်းတစ်ခု ရရှိဖို့ တောင်းဆိုတာလို့ ကျွန်တော် ခန့်မှန်းရမလား"
"ဟိုး…ဟိုး….ဟိုး… ငါ အဲဒီလောက်တောင် ပေါ်လွင်သွားတာလား"
မိုက်ကယ်က ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို လက်ဆောင်တစ်ခု ပေးဖို့ ကတိပြုလိုက်ပါတယ်။
"ဆရာကြီးက ဆီဘက်စတီယန်ရဲ့ သူငယ်ချင်း ဖြစ်တာကြောင့် ဆရာကြီးအတွက် အထူးပြုလုပ်ထားတဲ့ မီသရယ်မှော်တံကို ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ပြုလုပ်ပေးပါ့မယ်။ ဆရာကြီးရဲ့ အထူးပြုဒြပ်စင်က ရေဒြပ်စင်မှော်စွမ်းအင် ဟုတ်တယ်မလား"
ထရက်ကီးယပ်စ်က အနည်းငယ် အံ့ဩသွားတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်။
"မင်းက ငါ့ရဲ့ ရေဒြပ်စင်မှော်စွမ်းအင် ကျွမ်းကျင်မှုကို ဒီလောက် အလွယ်တကူ သိရှိနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ဒါကြောင့်လည်း မင်းကို ပါရမီရှင်လို့ ခေါ်ကြတာကိုး။ ကျေးဇူးတင်ပါတယ်"
သူတို့ရဲ့ စကားဝိုင်း ပြီးဆုံးသွားတဲ့အခါ မိုက်ကယ်က သူ့ရဲ့ ဘုရင်မရုပ်လေးကို တိုက်ပွဲတွေအားလုံးနဲ့ ဝေးကွာလှတဲ့ စစ်တုရင်ခုံရဲ့ ထောင့်စွန်းဆီကို ရွှေ့လိုက်ပါတယ်။
"ဒါနဲ့… ကျွန်တော့်ဘက်က ဆရာကြီးဆီမှာ သေးငယ်တဲ့ အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ" လို့ သူက မျှော်စင်သခင်ကြီးကို မေးလိုက်ပါတယ်။
"ဘာလဲ" ထရက်ကီးယပ်စ်က မိုက်ကယ်ရဲ့ ရွှေ့ကွက်နောက်ကွယ်က အကြောင်းရင်းကို စဉ်းစားနေဆဲ ဖြစ်တာကြောင့် စိတ်မပါ့တပါနဲ့ပဲ ပြန်ဖြေလိုက်တယ်။
"ကျွန်တော် ဆရာကြီးတို့ရဲ့ မှော်စာကြည့်တိုက်ဆီကို သွားရောက်လေ့လာချင်လို့ပါ"
ဒီအချိန်ကျမှပဲ ထရက်ကီးယပ်စ်က မိုက်ကယ်ရဲ့ အရင်ရွှေ့ကွက်ရဲ့ ကြီးမားလှတဲ့ အကျိုးသက်ရောက်မှုကို သဘောပေါက်သွားခဲ့ရပါတယ်။ ဒါက ဘုရင်မရုပ်ကို ဖယ်ရှားလိုက်ပြီးနောက် မိုက်ကယ်ရဲ့ ဘုန်းကြီးရုပ်က သူ့ရဲ့ဘုရင်ရုပ်ဆီကို တိုက်ရိုက် မြင်ကွင်း ရောက်ရှိသွားတဲ့ အကွက် ဖြစ်နေခဲ့လို့ပါပဲ။
ဒီနေရာကနေဆိုရင် နောက်ထပ် ရွှေ့စရာ ကွက် လုံးဝ မရှိတော့ပါဘူး။
"Checkmate" မိုက်ကယ်က ပြုံးရင်း ဆိုပါတယ်။
"ဆရာကြီးက ကျွန်တော့်ကို မှော်စာကြည့်တိုက်ဆီ သွားခွင့်ပြုမှာ မဟုတ်လား။ ကျေးဇူးတင်ပါတယ်"
ထရက်ကီးယပ်စ်က သူ့ရဲ့ ကုလားထိုင်ပေါ်ကို ပြန်ပြီး မှီချလိုက်ကာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ အပြတ်အသတ် အနိုင်ယူခြင်း ခံလိုက်ရတဲ့အပေါ် စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ်ရယ်မောလိုက်ပါတော့တယ်။
ကစားပွဲအပြီးမှာတော့ ထရက်ကီးယပ်စ်က မိုက်ကယ်ကို မှော်မျှော်စင်ရဲ့ အမြင့်ဆုံးအထပ်ဆီကို ဦးဆောင်ခေါ်သွားခဲ့ရပါတယ်။ ကင်းစ်ဘရစ်ချ်မြို့က မှော်မျှော်စင်တုန်းကလိုမျိုးပဲ၊ ဒီနေရာက မျှော်စင်သခင်ကြီး တစ်နေ့တာရဲ့ အချိန်အများစုကို ကုန်ဆုံးတဲ့ နေရာ ဖြစ်ပါတယ်။
သူက လေထဲမှာ ဝေ့ဝဲနေတဲ့ စင်တွေပေါ်မှာ သေသေသပ်သပ် တင်ထားတဲ့ စာအုပ်တွေနဲ့ မှော်ပရပိုဒ်တွေကို မြင်တွေ့လိုက်ရပါတယ်။ ဒါ့အပြင် ကျောက်သင်ပုန်းတွေပေါ်မှာ အဖြူရောင် မှော်မှုန့်တွေနဲ့ ထွင်းထုထားတဲ့ မှော်မန္တန်အဝိုင်းတွေကိုလည်း မြင်တွေ့ရတာပေါ့။ ပြီးတော့ အားလုံးထဲမှာ အာရုံအဖမ်းစားနိုင်ဆုံးကတော့ အခန်းရဲ့ အလယ်တည့်တည့်မှာ လေထဲမှာ ဝေ့ဝဲလှုပ်ရှားနေတဲ့ ကြီးမားလှတဲ့ အလင်းလုံးကြီး ဖြစ်ပါတယ်။
ဒါက ဒီမျှော်စင်ထဲမှာ ရှိတဲ့ မှော်ပညာရပ် အားလုံးကို သိမ်းဆည်းထားတဲ့ မှော်စာကြည့်တိုက်ကြီး ဖြစ်ပါတယ်။
"ဒီထဲမှာ အခြေခံမန္တန်တွေကော၊ သီးသန့်မန္တန်တွေကော ပါဝင်တယ်" ထရက်ကီးယပ်စ်က ဆိုပါတယ်။ "အခြေခံမန္တန်တွေကတော့ အများပြည်သူတွေအတွက် အလွယ်တကူ ရရှိနိုင်ပြီး တို့တွေရဲ့ မှော်ပရပိုဒ်တွေကို ဝယ်ယူပြီးတော့လည်း ရရှိနိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့ သီးသန့်မန္တန်တွေက ပိုပြီးတော့ ရှားပါးလှတယ်၊ ဘာလို့လဲဆိုတော့ ဒီနေရာမှာတင်မကဘဲ တခြားသော မှော်မျှော်စင်တွေမှာပါ ရှာဖွေနိုင်လို့ပဲ"
ဒီမျှော်စင်ထဲက မှော်ဆရာတွေနဲ့ ပညာရှိတွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေနဲ့ စမ်းသပ်မှုတွေ အားလုံးက ဒီအခန်းကျယ်ကြီးထဲမှာ တိုက်ရိုက် သိမ်းဆည်းထားတာ ဖြစ်ကြောင်း ထရက်ကီးယပ်စ်က ရှင်းပြလိုက်ပါတယ်။ အလင်းလုံးကြီးရဲ့ စက်ဝိုင်းပုံစံ ပတ်လမ်းကြောင်းအတိုင်း လေထဲမှာ ဝေ့ဝဲလှုပ်ရှားနေတဲ့ အလင်းစက်တစ်ခုချင်းစီထဲမှာ မန္တန်အသစ်တွေကို ဖန်တီးခြင်း၊ ပုံသေနည်းချခြင်းနဲ့ စမ်းသပ်ခြင်း အစရှိတဲ့ သူတို့ရဲ့ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့မှု အားလုံးကို စုစည်းထည့်သွင်းထားတာ ဖြစ်လို့ပါပဲ။
တစ်နည်းအားဖြင့် ပြောရရင် ဒီမှော်စာကြည့်တိုက်ကို ဝင်ရောက်ကြည့်ရှုခွင့် တောင်းခံတာက သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ကျူးကျော်ဝင်ရောက်တာလို့ သတ်မှတ်နိုင်ပါတယ်။
"ဆရာကြီးကို တကယ့်ကို ကျေးဇူးတင်ပါတယ်" လို့ မိုက်ကယ်က ဆိုလိုက်ရုံသာ ပြုလုပ်နိုင်ပါတယ်။
ထရက်ကီးယပ်စ်က ရယ်မောလိုက်တယ်။ ဆီဘက်စတီယန်က မိုက်ကယ်ကို ကူညီပေးဖို့ သူ့ဆီမှာ အကူအညီ တောင်းခံထားခဲ့ပြီးပြီ ဖြစ်တာကြောင့် ထရက်ကီးယပ်စ်က သူ့ကို မှော်စာကြည့်တိုက်ကို ကြည့်ရှုခွင့်ပေးဖို့ ကြိုတင်ပြီး စီစဉ်ထားခဲ့ပြီးသား ဖြစ်ပါတယ်။ ပြီးတော့ မိုက်ကယ်လိုမျိုး အံ့ဩစရာကောင်းလှတဲ့ မှော်ပညာပါရမီရှင်တစ်ယောက်အနေနဲ့ နောင်အနာဂတ်မှာ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်အောင် သိရှိနိုင်သမျှ အရာအားလုံးကို လေ့လာခွင့်ပေးလိုက်တာကလည်း ကောင်းမွန်လှတဲ့ ကိစ္စရပ်တစ်ခု မဟုတ်လား။
ပြီးတော့ မိုက်ကယ်က သူ့ကို မီသရယ်မှော်ဝင်ပစ္စည်းတစ်ခု လက်ဆောင်ပေးဖို့ စီစဉ်နေတာကြောင့် သူ့အနေနဲ့ မှော်စာကြည့်တိုက်ကို တစ်ချက်လေးတောင် ပေးမကြည့်ဘူးဆိုရင်တော့ တကယ့်ကို လောဘကြီးရာ ကျသွားပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မီသရယ် အစိတ်အပိုင်း သေးသေးလေးတစ်ခုကတင် အဆမတန် ပိုပြီးတော့ တန်ဖိုးကြီးမားလှတာကိုး။
ဒါပေါ့… သူကတော့ နိုဗာအနေနဲ့ တစ်ချက်လေး ထိတွေ့လိုက်ရုံတင် ရှိသေးတယ်၊ စာကြည့်တိုက်ထဲမှာ ဝှက်ထားတဲ့ အသိပညာ ဗဟုသုတ အားလုံးကို အကုန်လုံး စုပ်ယူပစ်လိုက်နိုင်လိမ့်မယ်ဆိုတာကို လုံးဝ သိရှိမနေခဲ့ပါဘူး။
"ငါ အောက်ထပ်မှာ တို့ရဲ့ စစ်တုရင် ကစားနည်းစွမ်းရည်ကို သွားပြီး လေ့ကျင့်နေဦးမယ်၊ ဒါကြောင့် မင်းရဲ့ အချိန်ကို စိတ်ကြိုက် ယူနိုင်ပါတယ်" ထရက်ကီးယပ်စ်က မိုက်ကယ်ကို တစ်ယောက်တည်း လွတ်လပ်စွာ ရှိနေစေဖို့အတွက် အခန်းထဲကနေ တယ်လီပို့နဲ့ ထွက်ခွာသွားခဲ့ရပါတယ်။
မိုက်ကယ်က အချိန်ကို ထပ်ပြီး ဖြုန်းမနေတော့ဘဲ လေထဲမှာ ဝေ့ဝဲလှုပ်ရှားနေတဲ့ ကြီးမားလှတဲ့ အလင်းလုံးကြီးရဲ့ အနားကို တိုးကပ်သွားခဲ့ရပါတယ်။
သူက လက်ကို မြှောက်လိုက်ပြီး အလင်းစက်တွေထဲက တစ်ခုကို ထိတွေ့လိုက်ရာ အချင်းချင်း ချိတ်ဆက်ထားတဲ့ လိုင်းတွေကြားထဲမှာ လှိုင်းတွန့် အကျိုးသက်ရောက်မှုတစ်ခုက ပေါ်ထွက်လာပါတယ်။
[မှော်စာကြည့်တိုက်ထဲကို ဝင်ရောက်နေပါတယ်…]
[အထဲက အကြောင်းအရာ အားလုံးကို ဒေါင်းလုဒ်ဆွဲနေပါတယ်…]
[နောက်ထပ် အပ်ဒိတ်အတွက် လုပ်ဆောင်ချက် စတင်မှု - ၅၀.၆၄ %]
[နောက်ထပ် အပ်ဒိတ်အတွက် လုပ်ဆောင်ချက် စတင်မှု - ၆၅.၃၂ %]
[နောက်ထပ် အပ်ဒိတ်အတွက် လုပ်ဆောင်ချက် စတင်မှု - ၇၃.၀၉ %]
မိုက်ကယ်က သူ့ရဲ့ စိတ်အာရုံထဲကို သတင်းအချက်အလက်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် မျက်လုံးကို ပိတ်လိုက်မိပါတယ်။ ဒါက တကယ့်ကို စာအုပ်အစစ်အမှန်တွေနဲ့ မှော်ပရပိုဒ်တွေက သူ့ဆီကို ဦးတည်လာပြီး သူ့ရဲ့ ဦးခေါင်းထဲကို မြန်ဆန်လှတဲ့ နှုန်းနဲ့ အတင်းအကျပ် ဝင်ရောက်လာသလိုမျိုး ခံစားလိုက်ရတာပါ။
သူတို့တွေက အရမ်းကို မြန်ဆန်လှတာကြောင့် အထဲမှာ ဘာတွေ ပါလဲဆိုတာကို ဝေဝေဝါးဝါးပဲ မြင်တွေ့လိုက်ရပေမဲ့ ၎င်းက သူ့ရဲ့ ခေါင်းထဲ ရောက်သွားတာနဲ့ တပြိုင်နက် မူလကတည်းက ရှိနေခဲ့ပြီးသားအတိုင်း အရာအားလုံးကို အလိုအလျောက် မှတ်မိသွားခဲ့ရပါတယ်။
သူက အသိပညာတွေကို စုပ်ယူနေရင်းနဲ့မှ မှော်စာကြည့်တိုက်ရဲ့ အလင်းလုံးကြီးက နိုဗာလို့ ခေါ်တဲ့ ငတ်မွတ်နေတဲ့ ဝါးမြိုသူကြီးကို တောင့်မခံနိုင်တော့တာကြောင့် စက္ကန့်အနည်းငယ်လောက်အထိ တုန်ခါသွားခဲ့ရပါတယ်။
[နောက်ထပ် အပ်ဒိတ်အတွက် လုပ်ဆောင်ချက် စတင်မှု - ၈၄.၈၁ %]
[နောက်ထပ် အပ်ဒိတ်အတွက် လုပ်ဆောင်ချက် စတင်မှု - ၉၁.၄၂ %]
လုပ်ဆောင်ချက် စတင်မှုနှုန်းက ဆက်ပြီး မြင့်တက်လာခဲ့ရာ နောက်ဆုံးမှာတော့ အမြင့်ဆုံး အဆင့်ဆီကို ရောက်ရှိသွားခဲ့ရတာပေါ့။
[နောက်ထပ် အပ်ဒိတ်အတွက် လုပ်ဆောင်ချက် စတင်မှု - ၁၀၀ %]
[ဆော့ဖ်ဝဲ အပ်ဒိတ်ကို စတင်နေပါတယ်…]
* * * * * * * * *
စာစဉ်(၂၁)
အခန်း(၂၄၆)
မိုက်ကယ်က မျက်လုံးကို ပြန်ပြီး ဖွင့်လိုက်တဲ့ အချိန်မှာတော့ အချိန် ဘယ်လောက်တောင် ကုန်ဆုံးသွားခဲ့ပြီလဲဆိုတာကို လုံးဝ မသိရှိလိုက်ပါဘူး။
[မင်္ဂလာပါ မိုက်ကယ်။ ကျွန်ုပ်က နိုဗာ ဗားရှင်း ၄ ဖြစ်ပြီး မင်းကို ကူညီပေးဖို့အတွက် အဆင်သင့် ရှိနေပါပြီ။ မင်း သိချင်တဲ့ အရာမှန်သမျှကို လွတ်လပ်စွာ မေးမြန်းနိုင်ပြီး ကျွန်ုပ်ဘက်က အကောင်းဆုံး ဖြေကြားပေးပါ့မယ်]
သူ့ရဲ့ ကိုယ်ပိုင် အေအိုင်အကူ ရဲ့ စကားသံက သူ့ကို တကယ့် ကမ္ဘာအစစ်အမှန်ဆီကို ပြန်လည် ရောက်ရှိသွားစေခဲ့ပါတယ်။
"ငါ ခံစားရတာ… တစ်မျိုးကြီးပဲ" လို့ သူက နိုဗာကို ဆိုပါတယ်။
[ဟုတ်ပါတယ် မိုက်ကယ်။ ဒီဆော့ဖ်ဝဲ အပ်ဒိတ်အသစ်က မင်း လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ စုဆောင်းခဲ့တဲ့ အခြေခံ ကိုယ်ခံပညာရပ်တွေနဲ့ မှော်ပညာရပ် မန္တန်တွေ အားလုံးကို ပေါင်းစပ်ခွင့် ပေးလိုက်တာပါ။ ကျွန်ုပ်က ၎င်းတို့ရဲ့ ထိရောက်မှုကို အမြင့်မားဆုံး ဖြစ်လာစေဖို့အတွက် မင်းရဲ့ မှော်စွမ်းအင် စီးဆင်းမှု စနစ်တစ်ခုလုံးကိုပါ ကိုယ်တိုင် ပြန်လည် မွမ်းမံပေးထားခဲ့ရပါတယ်]
သူက ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီး ငုံ့ကြည့်လိုက်ရာ သဟဇာတမှော်စွမ်းအင်တွေက အဆမတန် ပြင်းထန်ပြီး အားကောင်းလှတာကြောင့် သွေးကြောတွေထဲမှာ စီးဆင်းနေတာကိုပင် ဝေဝေဝါးဝါး ခံစားလိုက်ရပါတယ်။ အခုအချိန်မှာတော့ ဒါက တကယ့်ကို ချောမွေ့နေခဲ့ပြီ ဖြစ်ပြီး သူ့ရဲ့ မှော်ပညာရပ်နဲ့ ကိုယ်ခံပညာရပ်တို့အတွက် မှော်စွမ်းအင် စီးဆင်းမှုကို အထိရောက်ဆုံး နည်းလမ်းနဲ့ အပြည့်အဝ ပေါင်းစပ်ပေးထားခဲ့တာကိုး။
ဒါပေမဲ့ သူတစ်ယောက်တည်း ခံစားချက် ကွဲပြားသွားတာ မဟုတ်ပါဘူး၊ နိုဗာရဲ့ ခံစားချက်ကလည်း ကွဲပြားသွားခဲ့ရပါတယ်။ ဒါက လက်ရှိမှာ တကယ့် လူသားတစ်ယောက်နဲ့ စကားပြောနေရသလိုမျိုး ဖြစ်ပေါ်နေလို့ပါပဲ။ အရင်တုန်းကဆိုရင် အသံက ဝေဝေဝါးဝါး ဖြစ်နေခဲ့ပြီး နားထဲမှာ အစစ်အမှန်အတိုင်း ကြားရတဲ့ အသံမျိုး မဟုတ်ပါဘူး။ အခုအချိန်မှာတော့ အမျိုးသမီးတစ်ယောက်ရဲ့ စကားသံကို ကျယ်ကျယ်လောင်လောင်နဲ့ ကွင်းကွင်းကွက်ကွက် ကြားနေရတာ ဖြစ်လို့ပါပဲ။
"နိုဗာ… ဒီဆော့ဖ်ဝဲ အပ်ဒိတ်အသစ်ရဲ့ လုပ်ဆောင်ချက်အသစ်တွေက ဘာတွေလဲ"
[မင်းရဲ့ စွမ်းရည်တွေမှာ ကြီးမားလှတဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်မလာခဲ့ဘူးလို့ ထင်ရပေမဲ့လည်း မင်းရဲ့ မှော်ပညာရပ်အတွက် အလားအလာကတော့ အဆမတန် မြင့်တက်သွားခဲ့ပြီ ဖြစ်ကြောင်း ကျွန်ုပ် အာမခံနိုင်ပါတယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေကို ခံစားကြည့်လိုက်ပါဦး] လို့ နိုဗာက ဆိုပါတယ်။
မိုက်ကယ်က မျက်လုံးကို ပိတ်လိုက်ပြီး မှော်စွမ်းအင်တွေကို စောင့်ကြည့်ဖို့အတွက် သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ကို အသုံးပြုလိုက်တယ်။
"ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ အထဲက သဟဇာတမှော်ပညာရပ်ကို ပိုပြီးတော့ ကောင်းကောင်း ချိတ်ဆက်နိုင်သလိုမျိုး ခံစားရတယ်" လို့ သူက မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်ထွက်လာရင်း ပြောလိုက်တာကိုး။
သူက သူ့ရဲ့ မှော်စွမ်းအင်တစ်ခုလုံးကို ပိုပြီးတော့ သေသေချာချာ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် မှော်မန္တန်တွေလိုမျိုး အရာတွေအတွက် လိုအပ်တဲ့ သိမ်မွေ့ပြီး ရှုပ်ထွေးလှတဲ့ ထိန်းချုပ်မှုမျိုးကိုပါ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
"ဒါက ငါ ထင်ထားတဲ့ အဓိပ္ပာယ်မျိုးကို ပြောတာလား" လို့ သူက စိတ်လှုပ်ရှားမှုတွေ မြင့်တက်လာရင်း နိုဗာကို မေးလိုက်ပါတယ်။
[မင်းက အခုဆိုရင် မင်းရဲ့ မှော်မန္တန်တွေအတွက်ပါ သဟဇာတမှော်စွမ်းအင်ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်] လို့ သူမက တည်ငြိမ်စွာဆိုတယ်။
ဒါက မိုက်ကယ်အတွက်တော့ တကယ့်ကို ကြီးမားလှတဲ့ အောင်မြင်မှုတစ်ခု ဖြစ်နေခဲ့ရပါတယ်။ အခုအချိန်အထိ သူက ကမ္ဘာပေါ်မှာ ရှိတဲ့ ထင်ရှားလှတဲ့ ဒြပ်စင် ၈ ခုလုံးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူက သူတို့ကို ထိန်းချုပ်နိုင်ပြီး သူ သိထားတဲ့ ဘယ်လို မန္တန်မျိုးကိုမဆို ပြဿနာမရှိဘဲ အလွယ်တကူ သုံးစွဲနိုင်ခဲ့တာကိုး။
ဒါပေမဲ့လည်း သူက ၎င်းတို့ အားလုံးကို တပြိုင်နက်တည်းတော့ တစ်ခါမှ မသုံးစွဲနိုင်ခဲ့ပါဘူး။ သူက တပြိုင်နက်တည်းမှာ ဒြပ်စင် ၂ ခု၊ ၃ ခု ဒါမှမဟုတ် ၄ ခုအထိပဲ သုံးစွဲနိုင်တာ ဖြစ်ပြီး ၈ ခုလုံးကိုတော့ လုံးဝ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
ဒါက ဘာလို့လဲဆိုတော့ သူ သိထားတဲ့ မန္တန်တွေထဲက တစ်ခုမှ ဒြပ်စင်မှော်စွမ်းအင် ၈ ခုလုံးကို တပြိုင်နက်တည်း သုံးစွဲဖို့ မလိုအပ်လို့ပါပဲ။ သူ့ရဲ့ ခန့်မှန်းချက်အရဆိုရင် ဒါဟာ သဟဇာတမှော်စွမ်းအင်ရဲ့ ပင်ကိုယ် စွမ်းအား ပြင်းထန်လွန်းလှတာကြောင့် ရှုပ်ထွေးပြီး သိမ်မွေ့လှတဲ့ မှော်ကျင့်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မလာဘဲ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲသွားတတ်လို့ ဖြစ်ရမှာပေါ့။
ဒါပေမဲ့ အခုအချိန်မှာတော့ မိုက်ကယ်က ပထမဆုံးသော သဟဇာတမန္တန်တွေကို ဖန်တီးနိုင်လိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။ ဒါက လုံးဝကို မသိရှိသေးတဲ့ နယ်ပယ်ထဲကို ခြေလှမ်းလှမ်းလိုက်ရသလိုမျိုး ဖြစ်တာကြောင့် လက်ရှိမှာ ဒါက ဘာတွေ ဖြစ်ပေါ်လာမလဲဆိုတာကို သူ မသိသေးပေမဲ့လည်း တကယ့်ကို စိတ်လှုပ်ရှားနေမိတာပါ။ အခွင့်အလမ်းတွေက အကန့်အသတ်မရှိ တည်ရှိနေခဲ့တာ ဖြစ်တာကြောင့် သူက အဆင်ပြေမယ့် နည်းလမ်းတစ်ခုကိုပဲ ရှာဖွေဖို့ လိုအပ်တော့တာကိုး။
"နိုဗာ… မင်း သဟဇာတမှော်စွမ်းအင်ကို သုံးပြီး မှော်မန္တန်တစ်ခု ဖန်တီးနိုင်မလား"
[ရပါတယ်၊ ဒါပေမဲ့ လက်ရှိအချိန်မှာ ရှုပ်ရှုပ်ထွေးထွေး ရှိလှတဲ့ မှော်မန္တန်တွေကိုတော့ ကျွန်ုပ် မပေါင်းစပ်နိုင်သေးကြောင်း ကြိုပြီး သတိပေးပါရစေ။ မင်းရဲ့ မျက်နှာရှေ့တင် ပေါက်ကွဲမသွားမယ့် မှော်ကျင့်စဉ်တစ်ခုကို သေသေချာချာ ဖန်တီးနိုင်ဖို့အတွက် သဟဇာတမှော်စွမ်းအင်အပေါ် ကျွန်ုပ်ရဲ့ နားလည်မှုက အနည်းငယ် လိုအပ်နေသေးလို့ပါပဲ]
နိုဗာရဲ့ စကားသံက ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်နေသလိုမျိုး အသံထွက်ပေါ်နေခဲ့ရပါတယ်။
"ရပါတယ်၊ အဲဒါကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ ငါ့မှာ တကယ့်ကို ရိုးရှင်းလှတဲ့ မှော်မန္တန်တစ်ခုအတွက် အကြံဉာဏ် ရှိနေခဲ့တယ်။ မင်း အဲဒါကို လုပ်ဆောင်နိုင်မလား" လို့ သူက မေးလိုက်တာကိုး။
[ကောင်းပါပြီ။ ကျွန်ုပ် မင်အတွက် ဒီမှော်မန္တန်ကို ပေါင်းစပ်ပေးပါ့မယ်။ သင့်တော်မယ့် မှော်ကျင့်စဉ်ကို ရှာဖွေဖို့နဲ့ ၎င်းရဲ့ ထိရောက်မှုကို စမ်းသပ်ဖို့အတွက် ခန့်မှန်းခြေ ၁၂ နာရီလောက် ကြာမြင့်ပါလိမ့်မယ်]
[ခန့်မှန်းခြေ ကျန်ရှိသည့် အချိန် - ၁၁ နာရီ ၊ ၅၉ မိနစ် ၊ ၅၇ စက္ကန့်]
မိုက်ကယ်က မှော်မျှော်စင်ရဲ့ ပထမထပ်ဆီကို တယ်လီပို့နဲ့ ပြန်ပြီး ဆင်းသက်လာခဲ့ရာ ထိုနေရာမှာ တခြားသော မှော်ဆရာတွေနဲ့ စစ်တုရင် ကစားနေတဲ့ ထရက်ကီးယပ်စ်ကို မြင်တွေ့လိုက်ရပါတယ်။
မိုက်ကယ်က မှော်စာကြည့်တိုက်ထဲကို ဝင်သွားပြီးနောက် တစ်နာရီမပြည့်ခင် အချိန်အတွင်းမှာတင် ပြန်ထွက်လာခဲ့တာ ဖြစ်တာကြောင့် မိုက်ကယ်က လေ့လာဖို့အတွက် အချိန်အနည်းငယ်ပဲ သုံးစွဲခဲ့တဲ့အပေါ် ထရက်ကီးယပ်စ်က တော်တော်လေး အံ့ဩသွားခဲ့ရတာပေါ့။
"ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ သူက ထရက်ကီးယပ်စ်ကို ပြောလိုက်ပြီး တန်ဖိုးကြီးလှတဲ့ အနက်ရောင် သစ်သားနဲ့ ပြုလုပ်ထားတဲ့ ပါးလွှာတဲ့ လေးထောင့်သေတ္တာလေးကို ကမ်းပေးလိုက်ပါတယ်။
မျှော်စင်သခင်ကြီးက သေတ္တာကို မျက်လုံးအစုံ ပြူးကျယ်သွားရင်း စိုက်ကြည့်လိုက်မိပါတယ်။ သူက ရုတ်တရက် ဝုန်းခနဲ မတ်တတ်ရပ်လိုက်တာကြောင့် စစ်တုရင်ခုံပေါ်က နယ်ရုပ်တွေရဲ့ တည်နေရာတွေပါ အကုန်လုံး ပျက်စီးသွားခဲ့ရရှာတာပေါ့။ ဒါပေမဲ့ သူက ဒါကို ဂရုမစိုက်ပါဘူး။
"ဒါ… ဒါက…" ထရက်ကီးယပ်စ်က သေတ္တာကို ကြည့်ပြီး တံတွေးပင် မြိုချမိမတတ် မေးမြန်းလိုက်တာပါ။
"ဟုတ်တယ်။ ဒါက ဆရာကြီးအတွက် ကျွန်တော့်ဘက်က ပေးတဲ့ လက်ဆောင်အနည်းငယ်ပါ။ ဆီဘက်စတီယန်က ဆရာကြီးနဲ့ တွေ့ဆုံဖို့ ပြောကတည်းက ကျွန်တော် ဒါကို ကြိုတင်ပြီး ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်" လို့ သူက ပြောလိုက်ပြီး တုန်ရင်နေတဲ့ မျှော်စင်သခင်ကြီးရဲ့ လက်တွေဆီကို သေတ္တာလေး တိုးပေးလိုက်တယ်။
ထရက်ကီးယပ်စ်က ခမ်းနားလှတဲ့ သေတ္တာလေးကို လက်ခံလိုက်ပြီး အထဲက ပစ္စည်းတွေကို ချောင်းကြည့်ဖို့အတွက် အဖုံးကို ဖြည်းဖြည်းချင်း လှန်လိုက်ပါတယ်။
ထို့နောက် သူက ကတ္တီပါသားပေါ်မှာ တင်ထားတဲ့၊ ရေနဲ့ သမုဒ္ဒရာတို့ရဲ့ ဆန်းပြားလှတဲ့ ထွင်းထုမှုတွေ ပါဝင်တဲ့ ဖန်သားပမာ တောက်ပနေတဲ့ မှော်တံကြီးကို မြင်တွေ့လိုက်ရတာကိုး။ ၎င်းက မှုန်ပျပျ အပြာရောင် အလင်းတန်းတွေကို ထုတ်လွှတ်နေခဲ့တာ ဖြစ်တာကြောင့် ထရက်ကီးယပ်စ်ရဲ့ ရေဒြပ်စင်မှော်စွမ်းအင်တွေကပါ လက်ထဲကနေ ဝုန်းခနဲ ထွက်ပေါ်လာမတတ် ဖြစ်သွားခဲ့ရပါတယ်။
"ကျေးဇူးတင်ပါတယ်" လို့ ထရက်ကီးယပ်စ်က ပြောလိုက်ရှာတာပေါ့။
မိုက်ကယ်ကတော့ လှည့်ပြန်သွားခဲ့ပြီ ဖြစ်တာကြောင့် မှော်မျှော်စင်ထဲကနေ လုံးဝ ထွက်မသွားမီမှာတင် မျှော်စင်သခင်ကြီးကို ကျော့ရှင်းစွာ လက်ဝှေ့ယမ်းပြလိုက်ရုံသာ ပြုလုပ်လိုက်ပါတော့တယ်။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မိုက်ကယ်က သူတို့ရဲ့ ရုံးချုပ် ဖြစ်တဲ့ ရီနေးတား ကုန်တိုက်ကြီးရဲ့ ဝင်ပေါက်ဆီကို ရောက်ရှိသွားခဲ့ရပါတယ်။
နေဝင်တော့မယ့် အချိန် ဖြစ်နေခဲ့လျှင်ပင် တစ်နေရာလုံးမှာ ဝတ်စုံအသစ်တွေနဲ့ လက်နက်ကိရိယာတွေကို ကိုယ်တိုင် ဝယ်ယူဖို့နဲ့ စမ်းသပ်ဖို့အတွက် ရောက်ရှိနေကြတဲ့ ဖောက်သည်တွေနဲ့ ပြည့်နှက် စည်ကားနေဆဲပါပဲ။
သူ့ရဲ့ အရင်ကမ္ဘာတုန်းက အဝတ်အထည်ဆိုင်တွေလိုမျိုးပဲ၊ မိုက်ကယ်က ဖောက်သည်တွေကို ပထမထပ်ရဲ့ တခြားတစ်ဖက်မှာ ရှိတဲ့ သီးသန့်လေ့ကျင့်ရေးကွင်းပြင်ကျယ်ကြီးထဲမှာ သူတို့ သဘောကျတဲ့ လက်နက်တွေနဲ့ ဝတ်စုံတွေကို စမ်းသပ်ဝတ်ဆင်ခွင့် ပြုထားခဲ့တာ ဖြစ်လို့ပါပဲ။
ဒီလိုမျိုး လုပ်ဆောင်ချက်ကြောင့်ပဲ စီးပွားရေးက တကယ့်ကို အဆင်ပြေနေခဲ့တာ ဖြစ်ပြီး ရီနေးတားနိုင်ငံသားတွေကိုပါ တော်တော်လေး အလုပ်ရှုပ်သွားစေခဲ့ရတာပေါ့။
မိုက်ကယ်က သူနဲ့ တခြားသူတွေ အကုန်လုံး နေထိုင်ကြတဲ့ အိပ်ဆောင် ရှိရာ ဒုတိယထပ်ဆီကို လျှောက်လှမ်းလာခဲ့ပါတယ်။
သူက ဒရာဂွန်ဘွန်းတွေရဲ့ အခန်းတွေထဲကနေ ထွက်ပေါ်လာတဲ့ ဆူညံလှတဲ့ ရယ်မောသံတွေကို အဝေးကနေတင် ကြားနေရပြီ ဖြစ်တာကိုး။ သူတို့တွေက သူ မိတ်ဆက်ပေးထားခဲ့တဲ့ ဘုတ်ဂိမ်းကစားနည်းတွေထဲက တစ်ခုနဲ့ တကယ့်ကို ပျော်ရွှင်စွာ အလုပ်ရှုပ်နေကြတဲ့ ပုံပါပဲ။
ဒီညမှာတော့ သူတို့တွေက အူးနိုးလို့ ခေါ်တဲ့ ဖဲချပ်ကစားနည်းကို ကစားနေကြတာ ဖြစ်ပါတယ်။
"အပေါင်း လေးကွက်" လို့ ရှီနာက သာမန်ကာလျှံကာ ဆိုလိုက်ပါတယ်။
"ဟာ… မတရားဘူး အမရယ်" လို့ ဇိုင်ယွန်က အော်ဟစ်လိုက်ရှာတာပေါ့။
"မင်း အလှည့် ကျော်သွားပြီဆိုတော့ ငါ့အလှည့်ပဲ၊ ပြီးတော့ ငါက အရောင်ကို အမည်းရောင် ပြောင်းချင်တယ်" လို့ ဖတ်ချ်က ပြောလိုက်တာကြောင့် တစ်ဖက်က ပြိုင်ဘက်တွေဆီကနေ ညည်းတွားသံတွေ ထွက်ပေါ်လာခဲ့ရပါတယ်။
"ဟီးဟီး… တို့တွေ ပြောပြီးပြီလေ ဖတ်ချ်လေးရဲ့၊ ဒီကစားနည်းမှာ အမည်းရောင် ဆိုတာ မရှိဘူးလေ" ယူနာက တခိခိ ရယ်မောလိုက်တာကိုး။
မိုက်ကယ်က တံခါးကို ဖွင့်လိုက်ပြီး နံရံကို မှီလိုက်ပါတယ်။
"ဖတ်ချ်… မင်း အခုထိ ကစားနည်းရဲ့ စည်းမျဉ်းတွေကို မသိသေးဘူးလား"
သူတို့တွေက မှော်မျှော်စင်ကနေ ပြန်လာတဲ့ မိုက်ကယ်ကို ချက်ချင်းပဲ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြပြီး သူတို့နဲ့အတူ ဝင်ကစားနိုင်ဖို့အတွက် နေရာတစ်ခုပါ ချပေးလိုက်ကြပါတယ်။
သူက ဒရာဂွန်ဘွန်းတွေ အကုန်လုံးကို အနိုင်ကစားပြီး အူးနိုးကစားနည်းကို ကစားရင်း နာရီအနည်းငယ်လောက်အထိ အချိန်ကုန်ဆုံးလိုက်တာ ဖြစ်ပြီး အခန်းထဲကို ဖယောင်းတိုင်အလင်းရောင်တွေသာ လင်းထိန်စေတဲ့အထိ နေလုံးကြီး လုံးဝ ဝင်သွားတဲ့အချိန်အထိ ယူနာနဲ့ စည်းမျဉ်းတွေအကြောင်း ငြင်းခုံနေခဲ့ကြရတာ ဖြစ်ပါတယ်။
ညအချိန် ရောက်ရှိသွားခဲ့ပြီ ဖြစ်တာကြောင့် သူတို့တွေအားလုံး ကစားပွဲကို အဆုံးသတ်လိုက်ကြပြီး မနက်ဖြန်မှ ဆက်ကစားဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။
ဒီအထပ်ထဲမှာ လင်းထိန်စေဖို့အတွက် ဖယောင်းတိုင်တွေကိုပဲ အားကိုးနေရတုန်း ဖြစ်တာကတော့ နှမြောစရာ ကောင်းလှပါတယ်။ သူက ဒီမြို့ဆီကို ရွှေလမ်းမကြီးကို အောင်အောင်မြင်မြင် ဆောက်လုပ်နိုင်ခဲ့ပြီး နီယိုအော်ကပ်စ်မှာ ရှိတဲ့ လျှပ်စစ်လိုင်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့အတွက်ကိုသာ တကယ့်ကို မျှော်လင့်နေမိတာ ဖြစ်လို့ပါပဲ။
ဒါပေမဲ့ အဲဒီလို ဖြစ်လာဖို့အတွက်ဆိုရင်တော့ ဒီနယ်မြေရဲ့ ပိုင်ရှင် ဖြစ်တဲ့ မြို့စားမင်းဆီကနေ ခွင့်ပြုချက် ရရှိဖို့ လိုအပ်ပါတယ်။
'မြို့စားမင်းနဲ့ တွေ့ဆုံဖို့အတွက် ငါ ပြင်ဆင်ထားသင့်တယ် ထင်တယ်၊ သူတို့ ပြောတာတော့ တို့တွေ ရုန်းတော်ရဲ့ တံခါးဝဆီကို တိုက်ရိုက် လျှောက်လှမ်းသွားရုံနဲ့တင် သူတို့ဘက်က အထဲကို ပေးဝင်လိမ့်မယ်ဆိုပဲ'
နောက်တစ်နေ့ မနက်ခင်းမှာတော့ မိုက်ကယ်က မြို့စားမင်းဆီကနေ တိုက်ရိုက် ပေးပို့လိုက်တဲ့ စာတစ်စောင်ကို လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ရှီနာရဲ့ လာရောက် နှိုးမှုကြောင့် နိုးထလာခဲ့ရပါတော့တယ်။
* * * * * * * * *