← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃) နိုင်ငံခြားငွေ တင်ပို့ရောင်းချခြင်း

"ဘာ... ဘယ်သူတွေလဲ..."

လျူကော်ချန်၏ ခြေထောက်များမှာ ခွေယိုင်သွားပြီး အေးစက်စက် ချွေးစေးများပင် ချက်ချင်း ထွက်ပေါ်လာတော့သည်။

သူ မတုံ့ပြန်နိုင်ခင်မှာပင် ကားတံခါး ပွင့်သွားလေသည်။

ကျုံရှန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဩဇာအရှိန်အဝါ ကြီးမားသော အလယ်အလတ်အရွယ် လူတစ်ယောက် ထွက်လာ၏။ သူ၏နောက်တွင်လည်း စာရွက်စာတမ်းတွဲများကို ကိုင်ဆောင်ကာ တည်ကြည်သော မျက်နှာထားရှိသည့် အရာရှိများ ထို့အတူ ဒေါသတကြီး ဖြစ်နေသော ခရိုင်အုပ်ချုပ်ရေးမှူးဟူဖုန်းတို့ ပါဝင်လာသည်။

ဟူဖုန်း၏ မျက်နှာထားမှာ တင်းမာနေသော်လည်း ထိုလူကြီးကိုမူ အလွန်ပင် ရိုသေလေးစားစွာ ကြည့်နေလေသည်။

လူအုပ်ကြီးမှာ ဒုတိယထပ်ရှိ ညွှန်ကြားရေးမှူး ရုံးခန်းဆီသို့ တန်းမတ်စွာ လျှောက်သွားကြသည်။

ရုံးခန်းတံခါးမှာ ရုတ်တရက် ပွင့်ထွက်သွား၏။

လျူကော်ချန်မှာ တုန်ယင်စွာဖြင့် ချဉ်းကပ်လာပြီး အတင်းအကြပ် ပြုံးပြလိုက်သည်မှာ ကြောက်စရာကောင်းသော မျက်နှာပေးတစ်ခုလိုပင် ဖြစ်နေတော့သည်။

"ခေါင်းဆောင်... ခေါင်းဆောင်..."

"မင်းက လျူကော်ချန်လား..."

ထိုလူကြီးက သူ့ကို တစ်ချက်ပင် မကြည့်ဘဲ ဓားသွားကဲ့သို့ အေးစက်သော လေသံဖြင့် မေးလိုက်သည်။

"ဟုတ်... ဟုတ်ပါတယ်ခင်ဗျာ..."

“ရွှမ်း..."

အစိုးရစာရွက်စာတမ်း တစ်စောင်မှာ လျူကော်ချန်၏ ဆီပြန်နေသော မျက်နှာပေါ်သို့ ရိုက်ချလိုက်သလိုမျိုး ကျရောက်လာသည်။

စာရွက်၏ အစွန်းများမှာ ထက်မြက်နေသဖြင့် သူ၏မျက်နှာတွင် အနီရောင် အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့ကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

လျူကော်ချန်မှာ ထိုအချက်ကြောင့် ကြောင်အသွားသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ စာရွက်၏ ခေါင်းစဉ်တွင် စာလုံးအမည်းဖြင့် ရေးသားထားသည်ကို တွေ့လိုက်ရ၏။

"ချင်းရှန်းခရိုင်၊ ချင်းရွှေရွာမှ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးခြံကို ပြည်နယ်၏ နိုင်ငံခြားငွေ ရှာဖွေပေးမည့် အထူးတင်ပို့ရေး စခန်းအဖြစ် သတ်မှတ်ရန် အတည်ပြုချက်"

ထိုတောက်ပနေသော အနီရောင်တံဆိပ်တုံးက သူ၏ ခွေးမျက်လုံးများကို ထိုးဖောက်သွားသလိုပင်။

"ဘယ်လောက်တောင် မောက်မာတဲ့ အရာရှိလဲ..."

ထိုလူကြီးက လျူကော်ချန်၏ နှာခေါင်းကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်သည်။

"ချင်းရွှေရွာက ရဲဘော်တွေက နိုင်ငံအတွက် နိုင်ငံခြားငွေ ရှာပေးဖို့ ရာသီမဟုတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ပင်ပင်ပန်းပန်း စိုက်ပျိုးနေရတာ... အဲ့ဒါက ပြည်နယ်ကနေ တရားဝင် အတည်ပြုပေးထားတဲ့ အဓိက စီမံကိန်းကွ... မင်းကတော့ အဲ့ဒါကို မှောင်ခိုသမားတွေ၊ အမြတ်ကြီးစားတွေတဲ့လား... လူကိုတောင် ရိုက်နှက်လိုက်သေးတယ်ပေါ့လေ... ပြီးတော့ သူတို့ထွန်းစက်ကိုတောင် သိမ်းဆည်းမတဲ့လား..."

"ကျွန်တော်... ကျွန်တော် မသိလိုက်လို့ပါ..."

လျူကော်ချန်မှာ အလွန်တရာ ကြောက်လန့်သွားသဖြင့် ဒူးများ ခွေယိုင်ကာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။

"မသိလိုက်ဘူး..."

ဟူဖုန်းက ရွံရှာသော မျက်ဝန်းများဖြင့် ဝင်ပြောလိုက်သည်။

"မနေ့က ချင်းရွှေရွာက ရဲဘော်တွေက ဒါဟာ တိုင်းပြည်ရဲ့ လမ်းညွှန်ချက်အတိုင်း လုပ်တာလို့ပြောတာ မင်း မကြားဘူးလား... လျူကော်ချန်၊ မင်းက နိုင်ငံတော် စီမံကိန်းကို ဖျက်ဆီးနေတာ... မင်းက သမိုင်းတရားခံပဲ..."

ဤကဲ့သို့ ကြီးမားသော တံဆိပ်ကို လျူကော်ချန်၏ ခေါင်းပေါ်သို့ ကပ်လိုက်သောအခါ ကောင်းကင်ကြီး ပြိုကျလာသလိုမျိုး သူ ခံစားလိုက်ရသည်။

ဤခေတ်ကာလတွင် တင်ပို့ရောင်းချခြင်းမှရရှိမည့် ဝင်ငွေကို ဖျက်ဆီးခြင်းဆိုသည်မှာ သေဒဏ်ပေးလောက်သည့် အပြစ်တစ်ခု ဖြစ်လေသည်။

"ခေါင်းဆောင်... ကျွန်တော် မှားပါတယ်... ကျွန်တော် မျက်စိကန်းနေမိပါတယ်... ကျွန်တော် သေသင့်ပါတယ်... သေသင့်ပါတယ်..."

လျူကော်ချန်မှာ သူ့ကိုယ်သူ အကြိမ်ကြိမ် ရိုက်နှက်လိုက်ရာ သူ၏ ဝက်မျက်နှာကြီးမှာ ဟိုယမ်းဒီယမ်း ဖြစ်သွားတော့သည်။

ထိုလူကြီးက စက်ဆုပ်ရွံရှာသည့်ဟန်ဖြင့် တစ်ဝက်ခန့် နောက်သို့ ဆုတ်လိုက်၏။

"ပြည်နယ်က နိုင်ငံခြားဧည့်သည်တော်အဖွဲ့က ဒီဟင်းသီးဟင်းရွက်တွေကို လာရောက် မြည်းစမ်းဖို့ မကြာခင် ရောက်လာတော့မယ်... တစ်ပေါင်တောင် လျော့သွားလို့ကတော့ မင်း ဘယ်လို လျော်ကြေးပေးမလဲဆိုတာ ကြည့်ကြတာပေါ့..."

"နောက်တစ်ခုက"

ထိုလူကြီးက ကိုင်းညွှတ်လိုက်ပြီး လျူကော်ချန်ကို သိမ်းငှက်တစ်ကောင်လို စိုက်ကြည့်လိုက်သည်။

"မင်း သူတို့ထွန်စက်ကိုသိမ်းပြီး လူကို ရိုက်နှက်ခဲ့တယ်... အခုချက်ချင်း ချင်းရွှေရွာကို သွားပြီး တောင်းပန်စမ်း... ရဲဘော်ချန်ရှင်းက မင်းကို ခွင့်မလွှတ်ဘူးဆိုရင် ဒီယူနီဖောင်းကို ချွတ်ပစ်ပြီး ထောင်ထဲသာ တန်းဝင်သွားပေတော့..."

လျူကော်ချန်၏ ဘောင်းဘီခြေထောက် တစ်လျှောက် နွေးထွေးသော အရည်တစ်မျိုး စီးကျလာလေသည်။

စက်ဆုပ်ဖွယ် အနံ့အသက်များက လေထဲတွင် ပြည့်နှက်သွားသည်။

မွန်းလွဲပိုင်းတွင် ချင်းရွှေရွာ၏ အဝင်ဝ၌။

ရွာထဲမှ သက်ကြီးရွယ်အိုမှအစ လူငယ်များအဆုံး အားလုံးနီးပါး ထွက်လာကြရာ ခြေချစရာမရှိအောင်ပင် လူအုပ်ကြီး ဖြစ်နေတော့သည်။

ချန်ရှင်းက ကုလားထိုင်တစ်လုံးကို ရွှေ့လိုက်ပြီး ရွာဝင်ဝရှိ ကျိုင်းပင်ကြီးအောက်တွင် ဩဇာအပြည့်ဖြင့် ထိုင်လိုက်၏။

မျက်နှာတွင် ပတ်တီးစည်းထားသော ချန်အယ်တန့်က သူ၏ဘေးတွင် ဒေါသထွက်နေသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေလေသည်။

အဝေးတစ်နေရာမှ ထွန်စက်သုံးစီးမှာ အင်ဂျင်သံဆူညံစွာဖြင့် မောင်းနှင်လာပြီး နောက်မှ ဂျစ်ကားတစ်စီး ပါလာ၏။

ကား ရပ်သွားသည်နှင့် လျူကော်ချန်မှာ သူ၏ လူနှစ်ယောက်၏ တွဲကူမှုဖြင့် ရွှံ့စိုင်ရွှံ့ခဲတစ်ခုလို ကားပေါ်မှ ဆင်းလာသည်။

သူ၏ ယခင်က မောက်မာသော ဟန်ပန်များမှာ ပျောက်ကွယ်သွားပြီး အကြီးအကျယ် စိတ်ဓာတ်ကျကာ ကြောက်ရွံ့နေသည့် အသွင်အပြင်များဖြင့် အစားထိုးခံလိုက်ရလေသည်။

"အကြံပေးချန်... အကြံပေးချန်..."

လျူကော်ချန်က ချန်ရှင်းဆီသို့ လျှောက်သွားပြီး သေလောက်အောင် တိတ်ဆိတ်နေသည့် အခြေအနေအောက်တွင် သူ၏ ပုံမှန်ဆိုလျှင် မောက်မာနေတတ်သော ကျောပြင်ကို ကွေးညွှတ်လိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လျူကော်ချန် မျက်စိကန်းနေမိပါတယ်... ရွာသူရွာသားတွေရဲ့ စေတနာကို အထင်မှားမိတာပါ..."

သူ၏ အသံမှာ ရှိုက်သံများဖြင့် တုန်ယင်နေပြီး လက်ထဲတွင် ဖောင်းနေသော စာအိတ်တစ်လုံးကို မြှောက်ကိုင်ထား၏။

"ဒါက အဲ့ဒီလူငယ်လေးရဲ့ ဆေးဖိုးဝါးခနဲ့ အာဟာရဖိုးပါ... ပြီးတော့ ပျက်စီးသွားတဲ့ ဟင်းသီးဟင်းရွက်တွေအတွက် လျော်ကြေးပါ... ကျွန်တော် နှစ်ဆပေးပါ့မယ်... မဟုတ်ဘူး... ဆယ်ဆပေးပါ့မယ်..."

ပတ်ဝန်းကျင်မှ ရွာသူရွာသားများမှာ သူတို့မြင်နေရသည်ကိုပင် မယုံနိုင်အောင် မျက်လုံးအပြူးသား ဖြစ်နေကြသည်။

*ဒါဟာ ခရိုင်မြို့ထဲမှာ ဟိုယမ်းဒီယမ်း လျှောက်သွားနေကျ ညွှန်ကြားရေးမှူးလျူ ဟုတ်ပါရဲ့လား*

*မနေ့က သူတို့ကို ဖမ်းဆီးပြီး ထောင်ချမယ်လို့ ခြိမ်းခြောက်နေခဲ့ရာမှ အခုတော့ ခွေးလေးတစ်ကောင်လို ဒူးထောက် တောင်းပန်နေရပြီ*

ချန်ရှင်းက စာအိတ်ကို မယူဘဲ သူ့ကိုသာ အေးစက်စွာ ကြည့်လိုက်သည်။

"ညွှန်ကြားရေးမှူးလျူ... မင်းက အထင်မှားမိတာလို့ ပြောတာပေါ့လေ... ဒါဆိုရင် ငါတို့က မှောင်ခိုသမားတွေ၊ အမြတ်ကြီးစားတွေ မဟုတ်တော့ဘူးပေါ့..."

"ဟုတ်ပါတယ်! လုံးဝ မဟုတ်ပါဘူး"

လျူကော်ချန်က ခေါင်းကို အသည်းအသန် ခါလိုက်သည်။

"ဒါဟာ တိုင်းပြည်အတွက် ဂုဏ်ယူစရာပါ…တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေ ရှာပေးတာပါ.. ကျွန်တော်... ကျွန်တော် မျက်စိကန်းနေမိတာပါ..."

"အဲ့ဒီထွန်စက်ကကော..."

"ထွန်စက်က ဘာမှမဖြစ်ပါဘူး… ကျွန်တော် ကိုယ်တိုင် ဆီအပြည့်ဖြည့်ပြီး ပြန်ပို့ပေးလိုက်ပါတယ်"

လျူကော်ချန်မှာ စိုးရိမ်စိတ်ဖြင့် ချွေးများပင် ဒီးဒီးကျနေ၏။

ချန်ရှင်းက ထရပ်လိုက်ပြီး သူ၏ အဝတ်အစားပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။

"ပိုက်ဆံကို အယ်တန့်ကို ပေးလိုက်... သူ ခံစားခဲ့ရတဲ့ ဒုက္ခတွေအတွက် တရားမျှတမှု ရသင့်တယ်..."

လျူကော်ချန်က ပိုက်ဆံအိတ်ကို ချန်အယ်တန့်၏ လက်ထဲသို့ အမြန်ပင် ထိုးထည့်ပေးလိုက်ပြီး တောင်းပန်စကားများ ဆိုနေသည်။

ချန်အယ်တန့်က ပိုက်ဆံကို ကိုင်ထားရင်း အိပ်မက်မက်နေသလိုပင် ခံစားလိုက်ရသည်။ လက်ထဲတွင် လေးလံနေသည့် ပိုက်ဆံများကို ကိုင်ရင်း သူ နောက်ဆုံးတော့ စိတ်အေးသွားရတော့သည်။

ချန်ရှင်းက လျူကော်ချန်ကို ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ကာ သူ၏နောက်မှ ရွာသားများကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။

"ညွှန်ကြားရေးမှူးလျူ မင်းလည်း ဒါဟာ အထင်မှားမှုတစ်ခုလို့ ပြောတာပဲ... ငါတို့ရဲ့ ကုန်စည်ထောက်ပံ့ရေးနဲ့ ဈေးကွက်သမဝါယမအသင်းက ကျေးဇူးတင်ကြောင်း ဖော်ပြသင့်တာ မဟုတ်ဘူးလား..."

"သေချာပေါက် လုပ်ပေးပါ့မယ်”

လျူကော်ချန်က ဒီငရဲခန်းလို နေရာကနေ အမြန်ဆုံး ထွက်သွားချင်နေပြီး တစ်စုံတစ်ယောက်ကို "အဖေ" လို့ ခေါ်ရမယ်ဆိုရင်တောင် သူ လုပ်ပေးဖို့ ဝန်မလေးတော့ပေ။

"ငါတို့ရွာက ဟင်းသီးဟင်းရွက်တွေက နောင်အခါမှာ ခရိုင်ရဲ့ ကုန်စည်ထောက်ပံ့ရေးနဲ့ ဈေးကွက်သမဝါယမအသင်းတွေမှာ သီးသန့် ကောင်တာ ရှိရမယ်"

ချန်ရှင်းက သာမန်အတိုင်း ပြောလိုက်သည်။

"ပြီးတော့ နေရာကလည်း လူမြင်သာတဲ့ နေရာမှာ ဖြစ်ရမယ်"

"ပြဿနာမရှိပါဘူး… အကောင်းဆုံး နေရာတွေ အကုန်လုံး ချင်းရွှေရွာအတွက်ပါ"

လျူကော်ချန်မှာ ဘာတစ်ခုမှ ငြင်းဆန်စကား မပြောရဲတော့ပေ။

"ကောင်းပြီ သွားတော့..."

ချန်ရှင်းက ယင်ကောင်များကို မောင်းထုတ်သကဲ့သို့ လက်ကို ဝှေ့ယမ်းပြလိုက်သည်။

လျူကော်ချန်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူနှင့် သူ၏လူများမှာ ကားပေါ်သို့ အလောတကြီး တက်လိုက်ပြီး ချင်းရွှေရွာမှနေ၍ ပျာပျာသလဲ ထွက်ခွာသွားကြတော့သည်။

ကားနောက်မီးများ ပျောက်ကွယ်သွားသည်နှင့် ရွာဝင်ဝတွင် ခဏတာ တိတ်ဆိတ်သွားသည်။

ချက်ချင်းဆိုသလိုပင် နားကွဲမတတ် ဝမ်းမြောက်သံများ ပေါက်ကွဲထွက်လာတော့သည်။

"ငါတို့ နိုင်ပြီ…ငါတို့ နိုင်ပြီ…"

"ဟားဟားဟား…ကြည့်စမ်း... အဲ့ဒီဝက်က ဘယ်လောက်တောင် ကြောက်သွားလဲဆိုတာ၊ ဘောင်းဘီထဲတောင် ပေါက်ချလိုက်တာပဲ"

"အကြံပေးချန်ကတော့ တကယ့်ကို ထူးချွန်တာပဲ…ကုန်စည်ထောက်ပံ့ရေးနဲ့ ဈေးကွက်သမဝါယမအသင်း ညွှန်ကြားရေးမှူးကိုတောင် နိုင်အောင် လုပ်ပြလိုက်တယ်"

ရွာသူရွာသားများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများပင် နီရဲနေကြသည်။ သူတို့ ချန်ရှင်းကို ကြည့်သော အကြည့်များမှာ ရိုသေလေးစားမှုထက်ပင် ပိုလွန်လာပြီး အစွဲအလမ်းကြီးသော ယုံကြည်မှုမျိုး ဖြစ်နေကြသည်။

အာဏာရှိသူတို့၏ ဖိနှိပ်မှုအောက်တွင် အသက်ရှူရ ကြပ်နေကြရသည့် ဤခေတ်ကာလတွင် ချန်ရှင်းက သူတို့ကို ငွေရှာပေးရုံသာမကဘဲ သူတို့ ဘယ်သောအခါမှ မခံစားဖူးသည့် ဂုဏ်သိက္ခာကိုပါ ပေးအပ်ခဲ့သည်။

ပိုက်ဆံများကို ကိုင်ထားရင်း ချန်အယ်တန့်က မကြုံစဖူး ယုံကြည်မှုများ တိုးပွားလာသလို ခံစားလိုက်ရသည်။ သူက ချန်ကွမ်လင်၏ အနားသို့ တိုးကပ်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ရွာလူကြီး.. ကျွန်တော်တို့ကို တောသားတွေလို့ ဘယ်သူက ခေါ်ရဲသေးလဲ ကြည့်ကြတာပေါ့..ငါတို့က နိုင်ငံအတွက် နိုင်ငံခြားငွေ ရှာပေးနေတဲ့ သူတွေကွ"

ချန်ကွမ်လင်က မျက်ရည်များ လည်နေလျက် ခေါင်းကို အားပါးတရ ငြိမ့်ပြလိုက်သည်။

"ဟုတ်တယ်.. ငါတို့ ချင်းရွှေရွာက မတ်တပ်ရပ်နိုင်သွားပြီ.."

လူအုပ်ကြားတွင် အထူကြီး ပတ်ထားသော ပုဝါအောက်မှ စုဝမ်က လူအုပ်ကြီး၏ အလယ်တွင် ဝန်းရံခံထားရသော ထိုလူကို ကြည့်နေသည်။

သူ၏ အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သလိုမျိုး အရေးမပါတဲ့ ကိစ္စတစ်ခုလိုပင် ဖြစ်နေသည်။

စုဝမ်၏ နှလုံးသားမှာ တစ်ချက် ခုန်သွားသည်။

ဤအရောင်းအဝယ်ကတော့ လုံးဝ တန်သည်။

ချန်ရှင်း၏ အကြည့်များမှာ ဝမ်းမြောက်နေကြသော လူအုပ်ကြီးကို ကျော်လွန်ကာ အဝေးရှိ တောင်တန်းများဆီသို့ ရောက်သွား၏။

ဤသည်က ဘာမှ မဟုတ်သေးပေ။

နည်းပညာနှင့် အရင်းအနှီးဆိုသည့် တရုဏ်းနှစ်ခုကို သူ ကိုင်ထားနိုင်သမျှ ကာလပတ်လုံး ဤခေတ်ကာလတွင် သူသည် မရှုံးနိမ့်နိုင်ပေ။

"ဒီည ဝက်ပေါ်မယ်”

ချန်ရှင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏အသံမှာ ရွာတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

"ငါတို့ ချင်းရွှေရွာ နိုင်ငံခြားဈေးကွက်ထဲကို တရားဝင် ခြေချနိုင်တာကို အောင်ပွဲခံကြမယ်”

"ဟေး…."

ဝမ်းမြောက်ဝမ်းသာ အော်ဟစ်သံများကြောင့် သစ်ရွက်များပေါ်ရှိ နှင်းများပင် ကြွေကျသွားပြီး ချင်းရွှေရွာတစ်ခုလုံး ဝမ်းမြောက်ခြင်းများဖြင့် ပေါက်ကွဲထွက်လာတော့သည်။

အခန်း (၁၇၄) ညီညွတ်ရေးအမှတ်တံဆိပ် ငွေစက္ကူထက် တန်ဖိုးကြီးမားသော ကုန်ပစ္စည်းများ

ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်း၌ ဖြစ်ပွားခဲ့သော ဤပြဇာတ်အပြီးတွင် ချင်းရွှေရွာမှာ ပတ်ဝန်းကျင်ဒေသတစ်ခုလုံး၌ ကျော်ကြားသွားတော့သည်။

ယခင်က ချင်းရွှေရွာဟု ပြောလိုက်လျှင် သူတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ဆင်းရဲပြီး လူသူဆိတ်သုဉ်းသည့် နေရာဟူ၍သာ ဖြစ်သည်။

ယခုမူ ချင်းရွှေရွာဟု ပြောလိုက်လျှင် လူတို့၏ မျက်ဝန်းများမှာ တောက်ပလာပြီး မနာလိုသည့် လေသံဖြင့် "အော်... အဲ့ဒီရွာက နိုင်ငံခြားသားတွေအတွက် ဟင်းသီးဟင်းရွက် စိုက်ပေးတဲ့ရွာ မဟုတ်လား..." ဟု ပြောဆိုလာကြသည်။

လျူကော်ချန်မှာ တကယ့်ကိုပင် စွမ်းဆောင်ရည် ရှိပေသည်။

နောက်တစ်နေ့တွင် ခရိုင်ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်း၏ အကောင်းဆုံး ကောင်တာကို ရှင်းလင်းပေးလိုက်ပြီး "ချင်းရွှေရွာ၏ ပြည်သူများအတွက် အကျိုးပြုသည့် တင်ပို့ရေး ဟင်းသီးဟင်းရွက် အထူးရောင်းချရေးဌာန" ဟူသော အနီရောင်နောက်ခံ၊ အဝါရောင်စာလုံးများဖြင့် ဆိုင်းဘုတ်ကိုပင် ချိတ်ဆွဲပေးလိုက်သည်။

ဤလုပ်ဆောင်ချက်က ခရိုင်အတွင်းမှ ပြည်သူအများအပြားကို တန်းစီစောင့်ဆိုင်း၍ ဝယ်ယူရန် အလုအယက် ဖြစ်စေခဲ့သည်။

နိုင်ငံခြားသားများ စားသုံးသော အစားအစာ၏ အရသာမှာ မည်ကဲ့သို့ ရှိသည်ကို မည်သူက မမြည်းစမ်းချင်ဘဲ ရှိမည်နည်း။

သို့သော်လည်း အမြတ်ငွေအများစုမှာ ပြည်နယ်မြို့တော်မှသာ ရရှိခြင်းဖြစ်သည်။

"အအေးခန်း ထောက်ပံ့ပို့ဆောင်ရေး" ဟူသော စာတန်းပါသည့် ဧရာမ ကုန်တင်ကားကြီးများမှာ ချင်းရွှေရွာ၏ မြေသားလမ်းပေါ်သို့ တဂျုံးဂျုံးနှင့် ဝင်ရောက်လာသည်။

ရွာသူရွာသားများမှာ ဤကဲ့သို့သော ယာဉ်မျိုးကို မြင်ဖူးသည်သာမက အသံပင် မကြားဖူးကြပေ။

ကုန်တင်ကား၏ နောက်တံခါး ပွင့်သွားသည်နှင့် အဖြူရောင် အခိုးငွေ့များ အူထွက်လာပြီး အေးစက်စက် လေထုက ဖြာထွက်လာသည်။

ကုန်တင်ကုန်ချ လုပ်ဆောင်သူများမှာ တစ်ပုံစံတည်း ဝတ်ဆင်ထားသော အပြာရောင်အလုပ်ဝတ်စုံနှင့် အဖြူရောင် လက်အိတ်များကို ဝတ်ဆင်ထားကြကာ ဟင်းသီးဟင်းရွက် သေတ္တာများကို ရွှေတုံးရွှေခဲများကို ကိုင်တွယ်သကဲ့သို့ အလွန်တရာ ဂရုတစိုက် ကိုင်တွယ်နေကြသည်။

ဤမြင်ကွင်းကို နံရံထိပ်မှနေ၍ ကြည့်ရှုနေကြသော လီကျားရွာမှ ရွာသူရွာသားများမှာ လုံးဝ အံ့အားသင့်သွားကြသည်။

သူတို့သည် မနာလိုသည့် စိတ်လှိုင်းထန်မှုများကို ခံစားလိုက်ရသည်။

လကုန်ခါနီးတွင်။

အနက်ရောင် ဆီဒင်ကားအချို့မှာ ကုန်တင်ကားနောက်မှ လိုက်ပါလာပြီး ရွာလူထုဌာနချုပ်ရှေ့တွင် တည်ငြိမ်စွာ ရပ်တန့်လိုက်သည်။

ကောင်းမင်မှာ မျက်နှာတွင် သွေးရောင်လွှမ်းလျက် ကားထဲမှ ဆင်းလာပြီး သူ၏ လက်မှတ်ဖြစ်သော အနက်ရောင် စာအိတ်တွဲကို ချိုင်းကြားတွင် ညှပ်ထားသည်။

ချန်ရှင်းက ချန်ကွမ်လင်ကို ခေါ်ဆောင်ကာ သူတို့ကို ကြိုဆိုရန် သွားလိုက်သည်။

"အကြံပေးချန်… အလုပ်များ ရှုပ်နေရရှာပြီ..."

ကောင်းမင်က ချန်ရှင်း၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ မသိသူများအဖို့ သူ၏ အဖေအရင်းကို တွေ့ဆုံနေရသကဲ့သို့ပင် ထင်မှတ်သွားစေနိုင်သည်။

"ဒီဟင်းသီးဟင်းရွက် အသုတ်လိုက်က ကွမ်တုန်းကုန်စည်ပြပွဲမှာ အလွန်တရာ ကောင်းမွန်တဲ့ တုံ့ပြန်မှုရရှိခဲ့တယ်.. နိုင်ငံခြား ကုန်သည်အချို့က နေရာတင်မှာတင် အပို မှာယူမှုတွေ လုပ်သွားကြသေးတယ်..."

ချန်ရှင်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

"ခန့်မှန်းထားတဲ့အတိုင်းပါပဲ..."

ကောင်းမင်မှာ အားပါးတရ ရယ်မောလိုက်သည်။ သူသည် ချန်ရှင်း၏ မောက်မာမှုများကို သဘောကျသည်။ အရည်အချင်းရှိသူမှသာ မောက်မာပိုင်ခွင့်ရှိသည် မဟုတ်ပါလော။

"အတွင်းထဲမှာထိုင်ပြီး ငွေစာရင်း ရှင်းကြရအောင်..."

ရွာလူထုဌာနချုပ်၏ ခြံဝင်းအတွင်း၌ ရှည်လျားသော စားပွဲကို ထပ်မံပြင်ဆင်ထားသည်။

ရွာသူရွာသားများမှာ အလွှာပေါင်းများစွာ ဝန်းရံထားကြပြီး ကောင်းမင်၏ ဖောင်းကားနေသော စာအိတ်တွဲကို လိုချင်တပ်မက်စွာ ငေးကြည့်နေကြသည်။

ငွေခွဲဝေရမည့်အချိန် ရောက်ပြီလေ။

ဤသည်မှာ နှစ်သစ်မတိုင်မီ အရေးအကြီးဆုံးသော ဝင်ငွေအရင်းအမြစ်ပင် ဖြစ်သည်။

ချန်ကွမ်လင်က သူ၏ လက်များကို ပွတ်သပ်လိုက်သည်။ သူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး ဆူညံနေသော လူအုပ်ကြီးကို အသံချဲ့စက်ဖြင့် အကြိမ်ကြိမ် အော်ဟစ်မှသာ ငြိမ်သက်သွားတော့သည်။

ကောင်းမင်မှာ စားပွဲတွင် ထိုင်လိုက်ပြီး စာအိတ်တွဲကို ဇစ်ဆွဲဖွင့်လိုက်သည်။

လူတိုင်းမှာ အသက်ရှူမှားလောက်အောင် ဖြစ်သွားကြသည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ လူတိုင်း ရင်းနှီးနေကျဖြစ်သော "ညီညွတ်ရေးအမှတ်တံဆိပ် ငွေစက္ကူ" များ မဟုတ်တော့ပေ။

ယင်းအစား နားမလည်နိုင်သော နိုင်ငံခြား ကုဒ်များနှင့် ပင်ရင်စာလုံးများ ရိုက်နှိပ်ထားသော တောက်ပသည့် အရောင်အသွေးစုံ ငွေစက္ကူများသာ ဖြစ်နေသည်။

ရွာသူရွာသားများမှာ အံ့အားသင့်သွားကြသည်။

"ဘာ... ဘာတွေလဲ..."

"ပိုက်ဆံမပေးတော့ဘဲ စာရွက်တွေ ပေးနေတာလား..."

လူအုပ်ကြီးမှာ လှုပ်ရှားလာပြီး ထိတ်လန့်မှုများ ပျံ့နှံ့သွားသည်။

*ငါတို့ကို လိမ်လိုက်တာများလား*

ချန်ကွမ်လင်မှာလည်း ထိတ်လန့်သွားပြီး ချန်ရှင်းကို ကြည့်ကာ…

"ရှင်းဇီ..ဒါက..."

ချန်ရှင်းက ငွေစက္ကူတစ်ရွက်ကို ကောက်ကိုင်လိုက်ပြီး သူ၏ လက်ချောင်းဖြင့် အသာအယာ ခေါက်ကြည့်လိုက်ရာ "ပလပ်" ဟူသော ကြည်လင်သည့် အသံ ထွက်ပေါ်လာသည်။

သူ ထရပ်လိုက်ပြီး သူ၏ အကြည့်များမှာ အခန်းတစ်ဝိုက်ကို ဝေ့ဝဲသွားကာ သူ၏ နှုတ်ခမ်းထက်တွင် ကစားနေသော အပြုံးတစ်ပွင့် ရှိနေသည်။

"ဘာတွေထိတ်လန့်နေကြတာလဲ..."

အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း အခန်းအတွင်းရှိ လူတိုင်းမှာ ချက်ချင်း ငြိမ်သက်သွားကြသည်။

ချန်ရှင်းက သူ၏လက်ထဲမှ စာရွက်ကို မြှောက်ပြလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"ဒါက ဘာလဲဆိုတာတောင် မင်းတို့ မသိကြဘူးလား..."

အောက်ဘက်တွင် လုံးဝ တိတ်ဆိတ်သွားသည်။

"ဒါကို နိုင်ငံခြားငွေလဲလှယ်လက်မှတ်လို့ ခေါ်တယ်..."

ချန်ရှင်းက ထိုစကားလုံး သုံးလုံးကို အလေးပေး ပြောဆိုလိုက်သည်။

"ဒါရှိရင် မြို့ကြီးတွေက ချစ်ကြည်ရေးစတိုးဆိုင်ကြီးတွေမှာ သွားဝယ်လို့ရတယ်။ ငါတို့ ပုံမှန်ဆို မြင်တောင် မမြင်ဖူးတဲ့ မျက်နှာပြင်ကျယ် တီဗွီတွေ၊ ရေခဲသေတ္တာတွေနဲ့ တခြား ကောင်းမွန်တဲ့ ပစ္စည်းတွေကို ဝယ်လို့ရတယ်။ ဒီလက်မှတ် မရှိရင် မင်းတို့မှာ ယွမ်တစ်သောင်းတန်ဖို့ ဘယ်လောက်ပဲရှိရှိ သူတို့ရောင်းပေးမှာ မဟုတ်ဘူး..."

သူ ခဏရပ်လိုက်ပြီး အောက်တွင် အံ့အားသင့်နေကြသော ရွာသူရွာသားများကို ကြည့်ကာ နောက်ဆုံး ဗုံးတစ်လုံးကို ကြဲချလိုက်သည်။

"မှောင်ခိုဈေးကွက်မှာဆိုရင် ဒီတစ်ယွမ်တန် နိုင်ငံခြားငွေ လဲလှယ်လက်မှတ်တစ်ရွက်ကို ညီညွတ်ရေးအမှတ်တံဆိပ် ငွေစက္ကူ ၁.၃ ယွမ်နဲ့ လဲလို့ရတယ်။ အဲ့ဒါတောင် လူတွေက လုဝယ်ဖို့ တန်းစီနေရတာ..."

“ဝိုး"

လူအုပ်ကြီးမှာ ရှုပ်ထွေးသွားတော့သည်။

*ပိုက်ဆံထက် ပိုတန်ဖိုးရှိတာလား…ဒါမှမဟုတ် နိုင်ငံခြားကုန်ပစ္စည်းတွေကို အထူးဝယ်လို့ ရတာလား*

ရွာသူရွာသားများ၏ မျက်ဝန်းများမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ အံ့အားသင့်မှုနှင့် သံသယမှသည် အလွန်တရာ ပြင်းထန်သော ယုံကြည်မှုများအထိ ဖြစ်သွားသည်။

သူတို့၏ အကြည့်များမှာ ထိုအရောင်စုံ ငွေစက္ကူပုံကြီးကိုတစ်ခုလုံး ဝါးမြိုလိုက်ချင်သည့်အလား ဖြစ်နေသည်။

"အမလေး…ငါတို့က နိုင်ငံခြားသားတွေဆီကနေ ပိုက်ဆံ ရှာနိုင်ခဲ့ပြီပဲ”

"ဒါတစ်ခုက ၁.၃ ယွမ်တန်တာလား... ငါ ချမ်းသာပြီ"

"ဒါဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ ဝန်ဆောင်မှုတစ်ခုပဲ”

မကြုံစဖူးသော မောက်မာမှုနှင့် ဂုဏ်ယူမှုများမှာ ပြင်းထန်သော အရက်တစ်ခွက်ကဲ့သို့ သူတို့၏ ရင်ထဲသို့ စီးဝင်လာပြီး တောင်သူလယ်သမားများကို မူးဝေသွားစေသည်။

သူတို့ တစ်သက်လုံး လယ်ကွင်းထဲတွင် ပင်ပန်းစွာ လုပ်ကိုင်လာခဲ့ကြရာ တစ်နေ့တွင် ဤကဲ့သို့သော ဒဏ္ဍာရီဆန်ဆန် ဇိမ်ခံပစ္စည်းမျိုးကို ကိုင်တွယ်ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

ငွေများကို စတင် ဝေငှလိုက်သည်။

အမည်ခေါ်ခံရသော ရွာသူရွာသားများမှာ ငွေလက်ခံယူရန် မဝံ့မရဲ ဖြစ်နေကြပြီး သူတို့၏ အဝတ်အစားများပေါ်တွင် လက်များကို အားပါးတရ ပွတ်သပ်လိုက်ကြသည်။

တစ်စုံတစ်ယောက်က ငွေစက္ကူကို လက်ထဲတွင် ကိုင်ထားပြီး နေရောင်ဖြင့် စစ်ဆေးကြည့်လိုက်သောအခါ အတုမဖြစ်စေရန် ပြုလုပ်ထားသော ရေစာအမှတ်အသားကို မြင်တွေ့လိုက်ရပြီး ဝမ်းသာအားရ ဖြစ်လွန်း၍ သွားများပင် ကျွတ်ကျမတတ် ဖြစ်သွားသည်။

လီကျားရွာ ပတ်ဝန်းကျင်၌။

နံရံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော ရွာသူရွာသားများ၏ မျက်ဝန်းများမှာ နီရဲနေကြသည်။

"အဲ့ဒါတွေက နိုင်ငံခြားငွေ လဲလှယ်လက်မှတ်တွေ... ပြည်နယ်မြို့တော်မှာ အလုပ်လုပ်တဲ့ ငါ့ဝမ်းကွဲအစ်ကို ပြောတာတော့ အဲ့ဒါက အထက်တန်းလွှာတွေအတွက်ပဲတဲ့..."

လူတစ်ယောက်မှာ တံတွေးကို အခက်သား မျိုချလိုက်ပြီး သူ၏ အသံမှာ တုန်ယင်နေသည်။

"ချန်ရှင်းက ဘာလို့ ဒီလောက်တောင် စွမ်းဆောင်နိုင်ရတာလဲ"

မနာလိုမှုများမှာ ပြင်းထန်စွာ တက်ကြွလာသည်။

သို့သော် မနာလိုဖြစ်နေခြင်းက ဘာအကျိုးရှိမည်နည်း။

သူတို့မှာ ယခု နိုင်ငံခြားငွေ ရှာဖွေပေးသူကြီးများဖြစ်နေပြီး သူတို့မှာမူ ကြက်ချေးကုန်းနေရသူများသာ ဖြစ်သည်။

ကွာခြားချက်မှာ လူနှင့် ခွေးထက်ပင် သာလွန်နေသည်။

နိုင်ငံခြားငွေ လဲလှယ်လက်မှတ်များနှင့် စက်မှုလက်မှု စာချုပ်များစွာကို လက်ထဲတွင် ကိုင်ဆောင်ထားရင်း ချန်ရှင်း၌ အကြံအစည်သစ်တစ်ခု ပေါ်လာသည်။

ရွှီချင်းချင်း၏ ဗိုက်မှာ တစ်နေ့ထက်တစ်နေ့ ပို၍ ကြီးလာသည်။

ဗိုက်ထဲက ကလေးငယ်မှာ မငြိမ်မသက်ဖြစ်ပြီး အခါအားလျော်စွာ ကန်ကျောက်နေတတ်သည်။

ထိုအချိန်က ကျေးလက်ဒေသများတွင် မွေးကင်းစကလေးငယ်များကို မိသားစုများစွာမှ အဝတ်ဟောင်းများဖြင့် ချုပ်လုပ်ထားသော အဝတ်များကို ဝတ်ဆင်ပေးလေ့ရှိပြီး ယင်းမှာ ကံကောင်းခြင်းကို ဆောင်ကြဉ်းပေးရန် ဖြစ်သည်။ ကလေးငယ်များမှာ မိသားစုများစွာ၏ အစာကို စားရပြီး မိသားစုများစွာ၏ အဝတ်များကို ဝတ်ဆင်ရမည်ဖြစ်၍ ပြုစုရ လွယ်ကူသည်ဟု ယုံကြည်ကြသည်။

သို့သော် ချန်ရှင်းမှာမူ ထိုကဲ့သို့ မလုပ်နိုင်ပေ။

သူ၏ သားဖြစ်သူအတွက် အကောင်းဆုံးနှင့် အသစ်စက်စက် အဝတ်အစားများကိုသာ ဝတ်ဆင်ပေးရမည်ဖြစ်သည်။

ရွှီချင်းချင်းမှာ ကလေးအတွက် အဝတ်အစားများကို အများအပြား ဝယ်ထားသော်လည်း သူမကိုယ်တိုင် လက်ဖြင့် ချုပ်ပေးချင်နေသေးသည်။

သူမမှာ အားလပ်ချိန်တိုင်းတွင် အပ်နှင့်ချည်ကို ကိုင်ကာ အဝတ်အစားများကို ချုပ်လုပ် ပြင်ဆင်နေတတ်သည်။

အဝတ်ချုပ်စက်တစ်လုံး လိုအပ်သည်။

အကောင်းဆုံး ဖြစ်ရမည်။

ယနေ့ခေတ်တွင် "အလှည့်သုံးမျိုးနှင့် အသံတစ်မျိုး" မှာ မင်္ဂလာဆောင်အတွက် အကောင်းဆုံး ပစ္စည်းဖြစ်သည်။

လက်ပတ်နာရီ၊ စက်ဘီး၊ အဝတ်ချုပ်စက်နှင့် ရေဒီယို။

အိမ်တစ်အိမ်မှာ အဝတ်ချုပ်စက် ပိုင်ဆိုင်ထားပါက ရွာထဲတွင် သူတို့၏ အဆင့်အတန်းမှာ နောင်ခေတ်က ဖာရာရီကား မောင်းသူများနှင့် အလားတူပင် ဖြစ်သည်။

ချက်ချင်း လုပ်ဆောင်လိုက်သည်။

ချန်ရှင်းက အကြောင်းပြချက်တစ်ခုပေးကာ သူ၏ ထွန်စက်ကို မောင်းပြီး ရွာအပြင်သို့ ထွက်သွားသည်။

လူသူကင်းမဲ့သော တောင်ကြားတစ်ခုသို့ ရောက်သောအခါ သူ၏ အတွေးတစ်ချက်ကြောင့် တံခါးပေါက် ပွင့်သွားသည်။

ခေတ်မီဆန်းသစ်သော စက်မှုဒီဇိုင်း စတူဒီယိုတစ်ခု။

ဆိုင်ပိုင်ရှင်မှာ ချန်ရှင်းက စားပွဲပေါ်သို့ ပစ်တင်လိုက်သော အနီရောင် ငွေစက္ကူပုံကြီးကိုကြည့်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

"လိုအပ်ချက်က တစ်ခုပဲရှိတယ်"

ချန်ရှင်းက သားရေဆိုဖာပေါ်တွင် ထိုင်လျက် လောင်ကျင်း လက်ဖက်ရည်ကို တစ်ငုံချင်း သောက်လိုက်သည်။

"အသွင်အပြင်က လုံးဝ ၇၀ ခုနှစ်ကအတိုင်း ဖြစ်ရမယ် လိပ်ပြာ အမှတ်တံဆိပ်လိုမျိုးပေါ့ ပြီးတော့ အပေါ်က ရွှေရောင် ဆေးသားလိုဂိုကိုလည်း ခေတ်ဟောင်းဆန်ပြီး လေးနက်တဲ့ အငွေ့အသက်မျိုး ပေးရမယ်။"

"ဒါပေမဲ့"

ချန်ရှင်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"အဓိက အစိတ်အပိုင်းတွေအတွက်ကျတော့ အဆင့်အမြင့်ဆုံး ခေတ်မီ နည်းပညာတွေကို သုံးပေးရမယ်။ ဂီယာတွေက တိတ်ဆိတ်နေရမယ်၊ ပို့လွှတ်မှုက ချောမွေ့ရမယ်၊ ပြီးတော့ သုံးရတာ လွယ်ကူရမယ်.. သုံးနှစ်အရွယ် ကလေးတစ်ယောက်တောင် လုပ်နိုင်ရမယ်"

"လုပ်ပေးနိုင်မလား”

ဆိုင်ပိုင်ရှင်က ပိုက်ဆံများကို သူ၏ အိတ်ထဲသို့ ထည့်လိုက်ပြီး ပါးစပ်စေ့မရအောင် ပြုံးကာ...

"အစ်ကိုကြီးရေ ပိုက်ဆံသာ မှန်ရင် လိပ်ပြာစက် မပြောနဲ့.. ထရန်စဖော်မာတောင် လုပ်ပေးလိုက်မယ်"

အဝတ်ချုပ်စက်ကို စီစဉ်ပြီးနောက် ချန်ရှင်းမှာ အထည်ဈေးကွက်သို့ သွားလိုက်သည်။

ဒက်ကရွန်၊ ကော့ဒရွိုင်း၊ ပေါ်ပလင် အထည်များနှင့် သိမ်မွေ့သော ပုံစံများပါသည့် ပိုးထည်အချို့ပင် ရှိသည်။

ယနေ့ခေတ်တွင် ဒက်ကရွန်မှာ ရေပန်းစားသော ကုန်ပစ္စည်းဖြစ်သည်။ ဝတ်ဆင်ရတာ ချောမွေ့ပြီး အရေးအကြောင်း မထင်သလို၊ မကျုံ့ဝင်ပေ။ ရွာထဲတွင် ဒက်ကရွန်အင်္ကျီ ဝတ်ထားသူကိုတွေ့ပါက လူတိုင်းက လှည့်ကြည့်ကြမှာ အသေအချာပင်။

ဝယ်ယူမှု ပြီးဆုံးသွားသောအခါ အရာအားလုံးကို စနစ်၏ သိုလှောင်ရုံထဲသို့ ထည့်လိုက်သည်။

၇၀ ခုနှစ်များသို့ ပြန်သွားကြစို့။

ချန်ရှင်းက ထွန်စက်ကို ရွာဝင်ဝတွင် ရပ်လိုက်သည်။

"အယ်တန့်…လူအချို့ကို ခေါ်ပြီး ကူသယ်ပေးကြ"

ဤအော်ဟစ်သံက ရွာအဝင်ဝတွင် သူ၏ နိုင်ငံခြားငွေ လဲလှယ်လက်မှတ်များကို ဝါကြွားနေသော ချန်အယ်တန့်ကို ထိတ်လန့်သွားစေသည်။

မိနစ်အနည်းငယ် အကြာတွင်။

လူလေးယောက်က ထမ်းပိုးလာသော "လိပ်ပြာ" ဟူသော ရွှေရောင်စာလုံးများ ရေးထိုးထားသည့် ကြီးမားလှသော အနက်ရောင် စက်ကြီးမှာ ရွာလမ်းမပေါ်သို့ ပေါ်ထွက်လာသောအခါ ချင်းရွှေရွာ တစ်ခုလုံး၏ အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားတော့သည်။

All Chapters