← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅) အလှည့်သုံးမျိုးနှင့် အသံတစ်မျိုး

နေရောင်ခြည်အောက်တွင် ချုပ်စက်ခေါင်းပိုင်းက နက်မှောင်သော ကျောက်မျက်ရတနာကဲ့သို့ တလက်လက် တောက်ပနေ၏။ သစ်သားစားပွဲခုံ၏ အသားအရောင်ကလည်း ထင်ရှားနေပြီး သစ်စေးဆီနံ့သင်းသင်းလေးကိုပင် ရနေသည်။

"ဘုရားရေ..."

ရေတွင်းနားတွင် ဟင်းရွက်ဆေးနေသော အဒေါ်လျူမှာ သူမလက်ထဲရှိ အဝတ်လျှော်တုတ်ကို "ခလွမ်း" ဟူသော အသံနှင့်အတူ ရေဇလုံထဲသို့ ပြုတ်ကျသွားသည်။ ရေများ သူမမျက်နှာပေါ်သို့ စင်လာသော်လည်း သူမ ဂရုမစိုက်နိုင်တော့ပေ။

"အဲ့ဒါ... ချုပ်စက်လား"

"အဲ့ဒါ လိပ်ပြာအမှတ်တံဆိပ်ပဲ၊ နာမည်ကြီး အမှတ်တံဆိပ်လေ..."

တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။ ခဏချင်းမှာပင် ရွာထဲရှိ မိန်းမသားအားလုံးမှာ ရူးမတတ် ဖြစ်သွားကြတော့သည်။

ဝက်စာကျွေးနေသူများက ဝက်စာခွက်ကို ပစ်ချလိုက်ကြ၊ ဖိနပ်အောက်ခံ ချုပ်နေသူများက ခြင်းတောင်းကို ပစ်ချလိုက်ကြ၊ ကလေးများကို ဆူပူနေသူများကလည်း ဆူပူခြင်းကို ရပ်တန့်လိုက်ကြ၏။ အမျိုးသမီးငယ်များမှအစ အသက်ကြီးသူများအထိ အုပ်စုလိုက်ကြီးမှာ ချန်မိသားစုအိမ်ဝင်းထဲသို့ လှိုင်းလုံးကြီးများအလား စီးဝင်လာကြသည်။

အမျိုးသားများလည်း အလျှော့မပေးကြပေ။ ထိုပစ္စည်းများကို အသုံးမပြုတတ်ကြသော်လည်း ၎င်းသည် ဂုဏ်သိက္ခာကိစ္စပင်။ ဤသည်မှာ တစ်ရွာလုံးတွင် ပထမဦးဆုံး ပေါ်ပေါက်လာသော ချုပ်စက်မဟုတ်ပါလား။

လူအုပ်ကြီးက ဟိန်းဟိန်းကျော်စွာဖြင့် ချန်မိသားစုဝင်းထဲသို့ ဝင်ရောက်လာကြ၏။ ရွှီချင်းချင်းမှာ ခြံဝင်းထဲတွင် ရေနွေးအိတ်ကို ပွေ့ဖက်လျက် နေလှုံနေသည်။ လူအများကြီး ရုတ်တရက် ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူမ လန့်သွားပြီး ထရန် ကြိုးစားလိုက်သည်။

"မလှုပ်နဲ့..."

ချန်ရှင်းက ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာပြီး သူမပခုံးကို လက်ဖြင့် ဖိထားလိုက်ကာ

"ထိုင်နေပြီးပဲ ကြည့်လိုက်ပါ..."

ဟု ဆိုသည်။

"ဒုန်း..."

ချုပ်စက်ကို ဧည့်ခန်း၏ အလယ်တည့်တည့်၊ ဘုရားစင်ထက်ပင် ပိုမိုထင်ရှားသော နေရာတွင် တည်ငြိမ်စွာ ချထားလိုက်သည်။ လင်းရှို့ရှို့က ထောင့်တစ်နေရာတွင် ရပ်နေရင်း လက်ထဲတွင် အဝတ်စုတ်တစ်စကို တင်းတင်းဆုပ်ကိုင်ထား၏။ သူမမျက်လုံးများမှာ ချုပ်စက်ပေါ်တွင်သာ စွဲမြဲနေပြီး ထိုအကြည့်များထဲမှ တောက်ပနေသော စိတ်လှုပ်ရှားမှုတို့ကို ဖုံးကွယ်၍ မရနိုင်တော့ပေ။

ထိုအရာသည် အမျိုးသမီးတိုင်း၏ နောက်ဆုံးပန်းတိုင် အိမ်မက်ပင်။

ချန်ရှင်းက အထည်များ ထုပ်ထားသော အထုပ်ကြီးကို ဖြေလိုက်သည်။

"ဝုန်း"

တောက်ပသောအရောင်ရှိသည့် ဒက်ကရွန်အထည်များ၊ ထူထဲပြီး နွေးထွေးသည့် ကော့ဒရွိုင်းအထည်များ၊ ကိုင်တွယ်ရသည်မှာ ချောမွတ်လွန်းသည့် ပိုးထည်များက ရောင်စုံတိမ်တိုက်များအလား စီးဆင်းထွက်ပေါ်လာသည်။

တစ်ရွာလုံး ငြိမ်သက်သွားပြီးနောက် သက်ပြင်းချသံများ တပြိုင်နက် ထွက်ပေါ်လာသည်။

"ဒီအထည်တွေ... ဒီ…ဒီဇိုင်းတွေ..."

ရွှီချင်းချင်းက သူမရှေ့ရှိ အရာအားလုံးကို ကြည့်လိုက်ပြီး လက်ဖြင့် ပါးစပ်ကို ပိတ်လိုက်ကာ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲတက်လာသည်။

"ကြိုက်ရဲ့လား..."

ချန်ရှင်းက သူမဘေးသို့ ကိုင်းညွတ်လိုက်ပြီး သူမ နားထင်မှ ဆံပင်စလေးများကို သပ်တင်ပေးလိုက်သည်။ ရွှီချင်းချင်းက မျက်ရည်များကို အံကြိတ်ထိန်းချုပ်ထားရင်း စကားမဆိုနိုင်ဘဲ ခေါင်းကိုသာ ပြင်းပြင်းထန်ထန် ငြိမ့်ပြနေမိ၏။ သူမ ကျေးလက်သို့ စရောက်ခါစက အဝတ်အစားကောင်းတစ်စုံတောင်မရှိဘဲ ဆောင်းတွင်းတွင် အအေးဒဏ်ကြောင့် တုန်ရီခဲ့ရပုံကို သူမ ပြန်တွေးမိသည်။

ယခုမူ သူမကို တစ်ချိန်က ကြောက်လန့်စေခဲ့သူက ကမ္ဘာပေါ်တွင် အကောင်းဆုံးသောအရာတို့ကို သူမအား ပေးအပ်နေသည်။

"အကြံပေးရှင်း... ဒီစက်ကို ကိုင်ကြည့်လို့ ရမလား..."

ရဲရင့်သည့် အဒေါ်ကြီးတစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်သည်။ သူမမျက်လုံးများထဲတွင် တောင့်တမှုများ ပြည့်နှက်နေသည်။

ချန်ရှင်းက မတ်တပ်ရပ်လိုက်ပြီး ကြည့်ရှုနေသော မိန်းမသားများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီး ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။

"ဒီစက်ကို သုံးဖို့ ဝယ်ထားတာလေ... ဒီနေ့ကစပြီး ဒီချုပ်စက်ကို ဧည့်ခန်းထဲမှာပဲ ထားမယ်။ ချင်းချင်းက ကိုယ်ဝန်သည်ဆိုတော့ အကြာကြီး ထိုင်ဖို့ မလွယ်ဘူး။ အစ်မရှို့ရှို့က အလုပ်တချို့ကိုတော့ အားနာပေမဲ့ အကူအညီတောင်းရမှာပဲ..."

သူပြောနေစဉ် လင်းရှို့ရှို့ကို ကြည့်လိုက်ရာ လင်းရှို့ရှို့မှာ အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လာသည်။

"နောက်ပြီးတော့..."

ချန်ရှင်း ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ငါတို့တွေက အိမ်နီးချင်းတွေပဲလေ၊ ဘယ်သူမဆို အဝတ်အစားချုပ်ချင်တယ်ဆိုရင် ကိုယ့်အိမ်က ချည်နဲ့ အထည်ကို ယူလာပြီး အချိန်မရွေး လာချုပ်လို့ရတယ်..."

အိမ်ထဲတွင် တိတ်ဆိတ်သွား၏။ ခဏကြာပြီးနောက် နားကွဲမတတ် ဝမ်းမြောက်သံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"နည်းပညာပိုင်းဆိုင်ရာ အကြံပေးမှူးချုပ်ချန် စစ်ကြောင်းရှည်ပါစေ..."

"အကြံပေးချန်က သက်ရှိထင်ရှား ဓနနတ်မင်းပဲ..."

အဒေါ်ကြီးများမှာ စိတ်လှုပ်ရှားလွန်း၍ မျက်နှာများပင် ရဲတက်လာကြသည်။ မြို့ပေါ်က ပန်းရန်ဆိုင်တွင် အဝတ်ချုပ်ခမှာ မပေါချေ။ အထူးသဖြင့် လုပ်အားခအတွက်ပင်။ ယခုအခါ ဤချုပ်စက်ဖြင့် အလကားချုပ်နိုင်ပြီဆိုတော့ ဘယ်လောက်တောင် ငွေကုန်သက်သာသွားမည်နည်း။ ပို၍အရေးကြီးသည်မှာ ဤလိပ်ပြာအမှတ်တံဆိပ်နှင့် ချုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်၍ အပြင်ထွက်လျှင် အလွန်ကြည့်ကောင်းနေမည်မှာ အသေအချာပင်။

ထိုနေ့လယ်တွင် ချန်မိသားစု၏ ဧည့်ခန်းမှာ တစ်ရွာလုံးတွင် အသက်ဝင်ဆုံးနေရာ ဖြစ်လာသည်။ ရွှီချင်းချင်းမှာ ကိုယ်ဝန်ဆောင်ထားသော်လည်း စိတ်ကြည်လင်လန်းဆန်းနေသည်။ သူမက ထိုင်ခုံတွင် ထိုင်ရင်း အထည်များအား မည်သို့ညှပ်ရမည်ကို အားလုံးကို ညွှန်ကြားနေ၏။ သူမသည် ပညာတတ်လူငယ်တစ်ယောက်ဖြစ်၍ လောကအမြင်ရှိသလို သူမ၏ အလှအပဆိုင်ရာ အမြင်များမှာလည်း ရွာထဲရှိ အမျိုးသမီးများထက် များစွာသာလွန်သည်။

"လည်ပင်းအိတ်ကို နည်းနည်းပိုကျယ်အောင် လုပ် အဲ့ဒါကို လည်ပင်းကောက်လို့ ခေါ်တယ်၊ မြို့ပေါ်မှာ လူတွေ ဒီလိုပဲ ဝတ်ကြတာ..."

ရွှီချင်းချင်းက လက်ဟန်ခြေဟန်ဖြင့် ပြသည်။

ငယ်ရွယ်သည့် အိမ်ထောင်ရှင်မများက စိတ်ဝင်တစား နားထောင်နေကြပြီး ရွှီချင်းချင်းကို ခေတ်ရေစီးကြောင်းကို ဦးဆောင်သူတစ်ဦးအလား အလေးအနက် ကြည့်နေကြ၏။ စက်ကို တကယ်တမ်း လည်ပတ်နေသူမှာ လင်းရှို့ရှို့ပင် ဖြစ်သည်။

ချန်ရှင်း အထူးမှာယူထားသည့် ချုပ်စက်မှာ တကယ်ပင် ထူးခြားလှသည်။ အခြားချုပ်စက်များကို နင်းလိုက်လျှင် ထွန်စက်ကဲ့သို့ "တဂျုန်းဂျုန်း" အသံမြည်တတ်သော်လည်း ဤစက်ကမူ သစ်ရွက်များကို လေတိုးသကဲ့သို့ နူးညံ့စွာ မြည်သည်။ ခြေဖြင့် နင်းလိုက်သည်နှင့် အပ်မှာ အထက်အောက် လျင်မြန်စွာ ရွေ့လျားသွားပြီး မြင်ကွင်းမှာ ဝါးတားတားသာ ဖြစ်ကျန်ခဲ့သည်။ ကော့ဒရွိုင်းအထည်များကဲ့သို့ ထူထဲသည့် အထည်များပင်ဖြစ်စေ၊ စက်၏ အောက်တွင် ထည့်လိုက်သည်နှင့် ချုပ်ရိုးများမှာ ပေတံဖြင့် တိုင်းထားသကဲ့သို့ ဖြောင့်စင်းညီညာနေသည်။

"အံ့ဩစရာကောင်းလိုက်တာ၊ တကယ့်ကို အံ့ဩစရာပဲ..."

လင်းရှို့ရှို့က နင်းခုံကို နင်းရင်း သူမခြေဖဝါးအောက်ရှိ ပိုးသားကဲ့သို့ ချောမွတ်သည့် အထိအတွေ့ကြောင့် စွဲလမ်းသွားသည်။ သူမသည် အလုပ်လုပ်နေခြင်းမဟုတ်ဘဲ စန္ဒရားတီးခတ်နေရသကဲ့သို့ ခံစားလိုက်ရသည်။ မိနစ်ဝက်အတွင်းမှာပင် ကလေးငယ်များအတွက် ဘောင်းဘီတစ်ထည်ကို ချုပ်ပြီးသွားသည်။ ချုပ်ရိုးချုပ်သားများမှာ သေသပ်ပြီး ကြိုးစလေးများပင် မကျန်တော့ပေ။

"ရှို့ရှို့ရဲ့ လက်ရာက တကယ့်ကို မိုက်တယ်နော်..."

"အဲ့ဒါ စက်ကောင်းလို့လေ.. ချုပ်ရိုးတွေ ဘယ်လောက်ညီလဲ ကြည့်စမ်း..."

ပတ်ဝန်းကျင်မှ ချီးမွမ်းသံများကို ကြားရသောအခါ လင်းရှို့ရှို့၏ မျက်နှာပေါ်တွင် ပျောက်ဆုံးသွားခဲ့သည့် ရှက်ရွံ့ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ပေါ်လာသည်။ ဤမိသားစုထဲတွင် သူမသည် အမြဲတမ်း ဝန်ထုပ်ဝန်ပိုးတစ်ခုသဖွယ် ခံစားခဲ့ရပြီး ချန်ရှင်း၏ အလှူအတန်းဖြင့် အသက်ရှင်နေရသည်ဟု ထင်ခဲ့သည်။ သို့သော် ယခုအခိုက်အတန့်တွင် ချုပ်စက်၏ ပျော်ရွှင်စရာ အသံကို နားထောင်ရင်း သူမလက်ထဲရှိ ချုပ်ပြီးသား အဝတ်ကိုကြည့်ကာ သူမ တန်ဖိုးရှိနေသည်ဟု ပထမဆုံးအကြိမ် ခံစားမိလိုက်သည်။

သူမက ချန်ကွမ်လင်နှင့်အတူ ခြံဝင်းထဲတွင် ဆေးလိပ်သောက်နေသော ချန်ရှင်းကို ခိုးကြည့်လိုက်သည်။ ထိုလူမှာ သူမကို ကျောပေးထားပြီး ထင်းရှူးပင်ကဲ့သို့ မတ်မတ်ရပ်နေ၏။ လင်းရှို့ရှို့မှာ နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်ဝန်းထဲတွင် နူးညံ့သော မျက်ရည်များ ဝဲလာကာ ခေါင်းကို ငုံ့၍ ပိုမိုအားမာန်ပါပါဖြင့် စက်ကို နင်းတော့သည်။ သူမ ချင်းချင်း၏ ဗိုက်ထဲရှိ ကလေးငယ်အတွက် ကမ္ဘာပေါ်တွင် အလှပဆုံးသော အဝတ်လေးများကို ချုပ်ပေးချင်သည်။ သူမ၏ ခြေထောက်များပင် ကျိုးသွားစေကာမူ သူမ ဝမ်းမြောက်စွာ လုပ်ပေးမည်ပင်။

ခြံဝင်းထဲတွင်…

ချန်ကွမ်လင်က ဆေးလိပ်ဖွာရင်း ဧည့်ခန်းထဲရှိ ပျော်ရွှင်စရာ မြင်ကွင်းကို ကြည့်ကာ သက်ပြင်းချရင်း

"အကြံပေးချန်ရေ၊ အခုတော့ အရာအားလုံးက တကယ့်ကို ကောင်းလာပြီ..."

ချန်ရှင်းက ဆေးလိပ်ပြာကို ခါလိုက်ပြီး တည်ငြိမ်စွာဖြင့်

"ကျွန်တော်တို့တွေက တစ်ရွာတည်းသားတွေပဲ၊ တတ်နိုင်သလောက်တော့ တစ်ယောက်နဲ့တစ်ယောက် ကူညီကြရမှာပေါ့..."

"အတိုချုပ်ပြောရရင်တော့ ဒါတွေအားလုံးက မင်းကြောင့်ပါပဲ..."

ချန်ကွမ်လင်က ရယ်မောလိုက်ပြီးနောက် အလေးအနက်ဖြင့်

"ညွှန်ကြားရေးမှူးကောင်း မသွားခင်က ပြောသွားသေးတယ်၊ နောက်တစ်သုတ် တင်ပို့ရမယ့် ပမာဏက ပိုများလာဦးမှာတဲ့။ ငါတို့ရွာက ဖန်လုံအိမ် အနည်းငယ်နဲ့တင် လောက်မှာ မဟုတ်ဘူး..."

ချန်ရှင်းက မျက်လုံးကိုမှေးကာ အဝေးရှိ တောင်တန်းကြီးများကို ကြည့်လိုက်သည်။

"ဒါဆိုလည်း တိုးချဲ့ကြတာပေါ့..."

"မြေနေရာက မလောက်တော့ဘူးလေ..."

ချန်ကွမ်လင်က စိုးရိမ်စွာဖြင့်

"ရွာထဲက မြေပြန့်တွေကို အကုန်သုံးထားပြီးပြီ..."

ချန်ရှင်းက နောက်သို့လှည့်လိုက်ပြီး အဝေးသို့ လက်ညှိုးထိုးပြလိုက်သည်။

"ဘယ်သူပြောလဲ မြေပြန့်မှာပဲ စိုက်ရမယ်လို့..."

ချန်ကွမ်လင်က သူညွှန်ပြရာဘက်သို့ ကြည့်လိုက်ရာ... တောင်နောက်ဘက်က မြေဆီလွှာ မကောင်းသော တောင်စောင်းကြီးကို တွေ့လိုက်ရသည်။

"မင်းဆိုလိုတာ... လှေကားထစ် စိုက်ခင်းတွေလား..."

ချန်ရှင်းက ခေါင်းငြိမ့်လိုက်ပြီး

"ကျွန်တော်တို့က လှေကားထစ် စိုက်ခင်းတွေနဲ့ ဖန်လုံအိမ်တွေပဲ ဆောက်ရမှာ မဟုတ်ဘူး၊ လီကျားရွာက မသုံးတဲ့ မြေလွတ်တွေကိုလည်း အသုံးချရမယ်..."

"လီကျားရွာလား..."

ချန်ကွမ်လင်မှာ အံ့အားသင့်သွား၏။

"အင်း..."

ချန်ရှင်းက ဆေးလိပ်တိုကို မြေပေါ်သို့ ပစ်ချလိုက်ပြီး ခြေဖဝါးဖြင့် နင်းခြေလိုက်ကာ

"သူတို့ကို ရွာထဲက မြေနေရာတွေကို ရှင်းခိုင်းလိုက်၊ ပြီးရင် ကျွန်တော်တို့ စံနှုန်းအတိုင်း ဖန်လုံအိမ်တွေ ဆောက်ခိုင်းထားလိုက်..."

အိမ်ထဲတွင်တော့ ရယ်မောသံများနှင့် ပျော်ရွှင်စရာ စကားသံများက ပြည့်နှက်နေ၏။ အပြင်ဘက်တွင်မူ လေတိုက်နှုန်းမှာ အေးစက်နေသည်။ ချန်ရှင်းမှာ သူ၏ လက်ရှိ တည်ငြိမ်မှုနှင့် ကြွယ်ဝမှုများမှာ အကြွင်းမဲ့ အစွမ်းအစပေါ်တွင် တည်ဆောက်ထားကြောင်း ကောင်းစွာသိရှိသည်။

မည်သူမျှ စားပွဲကို မှောက်မလှန်ရဲလောက်အောင် ကိတ်မုန့်ကို အကြီးကြီး ဖန်တီးမှသာလျှင် အိမ်ထဲတွင် ပြည့်နှက်နေသည့် နွေဦး၏ လှပမှုကို သူ ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

အခန်း (၁၇၆) ဗိုက်ထဲက လေပူဖောင်းများ

ညနေစောင်းသောအခါ လူအုပ်ကြီး ပြန်လည်ကွဲသွားကြပြီဖြစ်သည်။ ချန်ရှင်းတို့ မိသားစုဘဝလေးမှာလည်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ရွှီချင်းချင်းသည် အသစ်ချုပ်လုပ်ထားသော ကျားခေါင်းပုံစံ ရင်ခံလေးကို ကိုင်ကာ အလွန်တရာ ချစ်ခင်မြတ်နိုးစွာ ကြည့်နေရှာသည်။ ၎င်းကို လင်းရှို့ရှို့က မိုးပြာရောင် ကော့ဒရွိုင်း အထည်စဖြင့် ချုပ်လုပ်ပေးထားခြင်းဖြစ်ပြီး ပေါ်တွင် ချစ်စဖွယ် ကျားခေါင်းလေးကိုလည်း ပန်းထိုးထားသေးသည်။

"ကြည့်ကောင်းလိုက်တာနော်..."

ရွှီချင်းချင်းက သူမ၏ ရင်ဘတ်နေရာကို ပွတ်သပ်ကာ အခန်းထဲသို့ ဝင်လာသော ချန်ရှင်းကို မော့ကြည့်ရင်း ပြောလိုက်သည်။

"အစ်ကို... ရှို့ရှို့အစ်မအတွက်လည်း အင်္ကျီလေး တစ်ထည်လောက် ချုပ်ပေးချင်တယ်"

ချန်ရှင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်ရင်း

"ဟုတ်လား..."

"အစ်မက နေ့တိုင်း အိမ်မှုကိစ္စတွေနဲ့ အလုပ်ရှုပ်နေရတော့ သူဝတ်ထားတဲ့ ဝါဂွမ်းအင်္ကျီကလည်း အကြိမ်ကြိမ် လျှော်ထားရလို့ အရောင်တွေတောင် မှိန်နေပြီ..."

ရွှီချင်းချင်းက သူမကို စာနာမိသည်။

"ဒီနေ့ အစ်မ အဲ့ဒီခရမ်းရင့်ရောင် ကော့ဒရွိုင်းအထည်စကို အကြိမ်ကြိမ် ကိုင်ကြည့်နေတာ မြင်လိုက်ရတယ်၊ သူ သဘောကျနေတာ သေချာတယ်"

ချန်ရှင်း၏ နှလုံးသားမှာ တစ်ချက်မျှ ခုန်လှုပ်သွားရသည်။ သူ့ဇနီးလေးက ဘယ်လောက်တောင် စိတ်သဘောထား နူးညံ့သိမ်မွေ့လိုက်သလဲ။ သို့သော်လည်း သူမ၏ ထိုစိတ်ထားကိုပင် သူ အနှစ်သက်ဆုံးဖြစ်သည်။

"ကောင်းပြီလေ... ဒီအိမ်ရဲ့ အိမ်ရှင်မပဲဟာ၊ ဒီလောက်ကိစ္စလေးကတော့ ကိုယ့်သဘောအတိုင်း လုပ်လိုက်ပါ"

ချန်ရှင်းက ကုတင်စွန်းတွင် ထိုင်လိုက်ပြီး သူမ၏ ကိုယ်ဝန်ရှိ ဗိုက်လုံးလေးပေါ်သို့ လက်ဝါးကြီးကြီးဖြင့် အုပ်ကိုင်လိုက်သည်။

"ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... အလုပ်တွေ ရှုပ်ပြီး ပင်ပန်းမခံရဘူးနော်"

ရွှီချင်းချင်းက ချိုမြိန်စွာ ပြုံးလိုက်ပြီး ကြောင်ပေါက်လေးတစ်ကောင်လို သူမ၏ ပါးပြင်ကို သူ၏ လက်ဖဝါးကျယ်ကြီးဆီသို့ အသာအယာ အပ်လိုက်သည်။

တံခါးအပြင်ဘက်တွင်မူ...

ခြေဆေးရေ ယူလာပေးမည့် လင်းရှို့ရှို့က အခန်းထဲမှ စကားသံများကို ကြားသွားရသည်။ သူမ လှမ်းနေသော ခြေလှမ်းတို့ ရပ်တန့်သွား၏။ သူမ ဝတ်ဆင်ထားသော အစက်အပြောက်တို့ဖြင့် ပြည့်နေသည့် ဟောင်းနွမ်းသော ဝါဂွမ်းအင်္ကျီကို ငုံ့ကြည့်ရင်း ရွှီချင်းချင်း ပြောသွားသော စကားတို့ကို ပြန်လည် အမှတ်ရမိသည်။

ရေဇလုံထဲသို့ မျက်ရည်စက်များ တဖျပ်ဖျပ် ကျဆင်းလာပြီး ရေပြင်တွင် လှိုင်းထသွားသည်။ ဤဘဝတွင် သူတို့နှင့် တွေ့ဆုံခွင့်ရသည်မှာ ကံကောင်းလွန်းလှပါသည်။ ဤမျှလောက်ဆိုလျှင်ပင် တန်ပါပြီ။

နှစ်ကုန်ခါနီးအချိန် ဖြစ်သည်။

ချန်ရှင်းတို့အိမ်ရှိ အပ်ချုပ်စက်များမှာ တစ်လခွဲခန့်အထိ လူကြိုက်များခဲ့ပြီးမှ အနည်းငယ် ပြန်လည်ငြိမ်ကျသွားသည်။ အဓိကခန်းမဆောင်၏ ဝင်ပေါက်မှာလည်း လူများ ဖိနပ်ဖြင့် နင်းမိခြင်းကြောင့် ပြားချပ်လုနီးပါး ဖြစ်နေချေပြီ။ ရွာထဲရှိ အိမ်ထောင်ရှင်မများနှင့် မိန်းကလေးငယ်များအနေဖြင့် ချန်ရှင်းတို့အိမ်သို့ အထည်စ တစ်စကို ကိုင်ဆောင်ပြီး လာရောက် အသုံးပြုခြင်း မရှိပါက အပြင်ထွက်လျှင်ပင် သူများနှင့် မျက်နှာချင်းဆိုင်ရမှာ ရှက်စရာကောင်းသည်ဟု ထင်မှတ်နေကြသည်။

ချန်ရှင်းကတော့ ၎င်းကိစ္စများကို စိတ်မဝင်စားဘဲ ရွှီချင်းချင်း၏ ဗိုက်ကိုသာ အဓိကထား ကြည့်နေမိသည်။ သူမ၏ ဗိုက်မှာ ယုတ္တိမရှိအောင်ပင် ကြီးထွားလာနေသည်။ ကိုယ်ဝန်လေးလကျော်သာ ရှိသေးသဖြင့် ပုံမှန်အားဖြင့်ဆိုလျှင် ဝါဂွမ်းအင်္ကျီ ထူထူဝတ်ထားပါက ကိုယ်ဝန်ရှိသည်ဟုပင် သိနိုင်မည်မဟုတ်ပေ။ သို့သော် ရွှီချင်းချင်း၏ ဗိုက်မှာ ယခုအခါ လေမှုတ်ထားသော ပူဖောင်းတစ်လုံးကဲ့သို့ လုံးဝန်းကြီးမားနေပြီး မသိသူတို့အနေဖြင့် ကိုယ်ဝန် ခြောက်လ သို့မဟုတ် ခုနစ်လပင် ရှိနေပြီဟု ထင်မှတ်မှားလောက်သည်။

"အကြံပေးချန်... မင်းဇနီးရဲ့ ဗိုက်က... နည်းနည်း ပိုကြီးမနေဘူးလား"

အဒေါ်လျူက ပဲငံပြာရည် လာချေးရင်း ခြံထဲတွင် နေပူစာလှုံနေသော ရွှီချင်းချင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ လက်ထဲတွင် ပဲငံပြာရည်ပုလင်းကို ကိုင်ထားသော်လည်း ပြန်ရန်ပင် မေ့သွားပြီး သူမ၏ မျက်ခုံးတို့မှာ ယင်ကောင် းတစ်ကောင်တောင် ပိတ်မိလောက်အောင်ပင် တွန့်ချိုးနေသည်။

"ငါ့တတိယမြောက်ကလေးကို ကိုယ်ဝန်ဆောင်တုန်းက ဒီလောက်အရွယ်ပဲ ရှိတာ။ ချင်ချင်းက ပိန်ပိန်လေးရယ်၊ ဒီလောက်ကြီးတာ သူမအတွက် ဝန်ပိမနေဘူးလား"

ရွှီချင်းချင်းမှာ စဉ့်ကြွေခွက်ထဲမှ ရေနွေးကို သောက်နေရင်း ထိုစကားကို ကြားလိုက်သောအခါ လက်များ တုန်ယင်သွားပြီး ရေစက်အချို့ သူမ၏ ဘောင်းဘီပေါ်သို့ ဖိတ်စင်သွားသည်။ သူမကိုယ်တိုင်လည်း မသေချာမရေရာ ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ နောက်ပိုင်းတွင် အလွန်တရာ လေးလံနေသလို ခံစားရပြီး အနည်းငယ် လှုပ်ရှားရုံမျှနှင့်ပင် ခါးနာတတ်သည်။ ညဘက် လှည့်အိပ်လျှင်လည်း ဗိုက်ထဲမှ လှုပ်ရှားသံများမှာ ကြောက်ခမန်းလိလိ ကျယ်လောင်လှသည်။

"ခြောက်ယောက်မြောက်အဒေါ်... ကျွန်မကို မခြောက်ပါနဲ့တော့"

ရွှီချင်းချင်း၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ဗိုက်ကို အလိုအလျောက် အကာအကွယ်ပေးလိုက်သည်။

"ဒါ... ဒါက ကျွန်မ နောက်ပိုင်းမှာ အစားကောင်းတွေ စားနေမိလို့များလား"

ချန်ရှင်းက သူမကို နေ့တိုင်း အရသာရှိသော အစားအစာများ ကျွေးမွေးကာ နို့မှုန့်များကို ရေကဲ့သို့ တိုက်ပြီး ကယ်လ်စီယမ်ဆေးပြားများကို သကြားလုံးကဲ့သို့ ကျွေးမွေးနေသလို၊ ကြားဖူးနားဝ မရှိသော အဆင့်မြင့် သစ်သီးများကိုလည်း အမြဲတမ်း ဖြည့်စွက်ပေးနေသည်။

"အစားကောင်းစားတာက လူကို ဝလာစေတာပဲ၊ ဗိုက်ကို ကြီးလာစေတာ မဟုတ်ဘူး"

အဒေါ်လျူက စိတ်သဘောထား ကောင်းသူဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိသည်။

“မင်းရဲ့ ဗိုက်ပဲ ကြီးလာပြီး လက်တွေ၊ ခြေထောက်တွေကတော့ တုတ်ချောင်းလေးလိုပဲ ပိန်နေတာ။ ဒါကတော့..."

သူမ စကားမဆုံးခင်မှာပင် ၎င်းစကားမှာ အတိတ်နိမိတ် မကောင်းမှန်း ရိပ်မိသွားသဖြင့် စကားကို အမြန်ဖြတ်လိုက်ပြီး အဆင်မပြေစွာ ရယ်မောကာ ပဲငံပြာရည်ပုလင်းကို ကိုင်လျက် ထွက်သွားတော့သည်။ ရွှီချင်းချင်းမှာတော့ ထိုစကားမဆုံးသော ဝါကျကြောင့် ပို၍ပင် ထိတ်လန့်သွားရသည်။ ထိုကာလတွင် ဆေးပညာမှာ နောက်ကျကျန်ရစ်သေးသဖြင့် ပတ်ဝန်းကျင်ရွာများတွင် မွေးရာပါ ချို့ယွင်းချက်များနှင့် မွေးဖွားရခက်ခဲသော အဖြစ်အပျက်များမှာ အလွန်ပင် ပေါများလှသည်။

ချန်ရှင်းကလည်း ထိုစကားကို ကြားလိုက်ရပြီး သူ၏ မျက်နှာမှာလည်း မသာယာလှတော့ပေ။ သူသည် စနစ်မှ ထုတ်လုပ်သော အရည်အသွေးမြင့် အာဟာရဖြည့်စွက်စာများကိုသာ သူမအား တိုက်ကျွေးထားခြင်းဖြစ်သဖြင့် ပုံမှန်ထက် ပို၍ လျင်မြန်စွာ ဖွံ့ဖြိုးသင့်သည်မှန်သော်လည်း ယခုနှုန်းထားမှာမူ မျှော်လင့်ထားသည်ထက် ပိုလွန်နေသည်။

"အဒေါ်လျူရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့"

ချန်ရှင်းက လျှောက်လာပြီး ရွှီချင်းချင်း၏ ပခုံးပေါ်သို့ အင်္ကျီကို လွှမ်းခြုံပေးကာ သူမ၏ ဗိုက်လုံးလေးပေါ်သို့ လက်ဝါးကြီးကြီးဖြင့် အုပ်ကိုင်လိုက်သည်။ လက်ဝါးအတွင်းမှ ပြင်းထန်သော လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ အလွန်ပင် ပြင်းထန်လွန်းသည်။ သို့သော် ထိုစွမ်းအင်မှာ ပုံမှန်မဟုတ်ဘဲ ဘယ်ဘက်ကို ကန်လိုက်လျှင် ညာဘက်မှ ဖောင်းတက်လာတတ်ပြီး ဗိုက်တစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အလား ကျယ်လောင်စွာ လှုပ်ရှားနေသည်။

ရွှီချင်းချင်းက မျက်လုံးများ နီရဲလျက် မော့ကြည့်လိုက်သည်။

“အစ်ကို... ကျွန်မ ဗိုက်ထဲမှာ... ဘာတွေ ဖြစ်နေတာလဲ"

"ဘာတွေလျှောက်တွေးနေတာလဲ"

ချန်ရှင်းက သူမစကားကို ဖြတ်ပြောလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ သူ့ဇနီး၏ မျက်လုံးကို တည့်တည့်ကြည့်လိုက်သည်။

"ငါတို့ကလေးက ကံကောင်းခြင်းတွေနဲ့အတူ ရောက်လာတာပါ..ဗိုက်ကြီးတယ်ဆိုတာ ကလေးက ကျန်းမာလို့ပါ"

ထိုသို့ ပြောလိုက်သော်လည်း ချန်ရှင်း၏ စိတ်ထဲတွင်တော့ အလွန်ပင် တုန်လှုပ်နေသည်။ သူ့တွင် စနစ်ရှိသည်။

အရင်းအမြစ်များရှိသည်၊ အစားအသောက်နှင့် အဝတ်အထည် ကိစ္စများကို ဖြေရှင်းနိုင်ပြီး သူဌေးဖြစ်လာနိုင်သော်လည်း သူ မလုပ်နိုင်သည့် တစ်ခုတည်းသောကိစ္စမှာ ကလေးမွေးဖွားခြင်း ဖြစ်သည်။ ၎င်းမှာ ငရဲပေါက်ဝကို ဖြတ်လျှောက်ရခြင်းနှင့် တူညီသည်။ အကယ်၍သာ သန္ဓေသား အနေအထား မှားယွင်းခြင်း သို့မဟုတ် အခြားပြဿနာ တစ်စုံတစ်ရာရှိလာပါက ရိုးရာကုထုံးသမားများသာရှိသော ဤကျေးလက်ဒေသတွင် မည်သူ့ကိုမှ အားကိုးစရာမရှိပေ။

"ပြည်နယ်မြို့တော်ကို သွားကြမယ်"

ချန်ရှင်း မတ်တပ်ရပ်လိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။

“ဆေးရုံကြီးမှာ သွားစစ်ကြည့်ရအောင်။ မင်းလည်း ဒီရွာထဲမှာပဲ ကုန်းအောင်းနေတာ ကြာပြီ၊ အပြင်လောကကို ခဏလောက် အလည်သွားရအောင်"

ရွှီချင်းချင်း အံ့အားသင့်သွားသည်။

"ပြည်နယ်မြို့တော်ကိုလား။ အဲ့ဒီမှာက အဝေးကြီးနော် ပြီးတော့ မိတ်ဆက်စာလည်း လိုအပ်လိမ့်မယ်..."

"ဒီကိစ္စတွေအတွက် စိတ်မပူပါနဲ့"

ချန်ရှင်းက သူမပါးပြင်ကို အသာညှစ်လိုက်သည်။

"မင်းအနေနဲ့က အနွေးထည်တွေသာ ထူထူဝတ်ထားပြီး အအေးမမိဖို့ပဲ ဂရုစိုက်"

ချန်ရှင်းသည် အလုပ်ကိစ္စတွင် အမြဲတမ်း လျင်မြန်ဖြတ်လတ်သူဖြစ်သည်။

တစ်ဝက်ခန့်အကြာတွင် နိုင်ငံခြားကုန်သွယ်ရေး လိုင်စင်နံပါတ်ပါသော ဆီဒင်ကားတစ်စီး ရွာထိပ်တွင် ရပ်တန့်သွားသည်။ ၎င်းကားမှာ ကောင်းမင်က ချန်ရှင်းအား အလုပ်ကိစ္စများအတွက် အသုံးပြုရန် ပေးထားခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ ကိုယ်ပိုင ကားအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ ကား၏ နောက်ခန်းတွင်မူ တိမ်တိုက်များကဲ့သို့ နူးညံ့သော ဝါဂွမ်းစောင်ထူများကို ခင်းကျင်းထားသည်။

လင်းရှို့ရှို့က ကားအနီးတွင် ရပ်နေပြီး မြောင်မြောင်ကို ပွေ့ဖက်ထားသည်။ သူမလက်ထဲတွင် ကြက်ဥပြုတ်များ၊ ပန်ကိတ်များပါသော အိတ်ကြီးတစ်ခုနှင့် ရေနွေးဖြည့်ထားသည့် စစ်တပ်သုံး ရေဗူးတစ်ခုကို ကိုင်ဆောင်ထားသည်။

"ချင်ချင်း... လမ်းမှာ ဗိုက်ဆာရင် စားလိုက်နော်၊ အားမနာပါနဲ့"

လင်းရှို့ရှို့က စိုးရိမ်တကြီးဖြင့် အိတ်ကို ပေးလိုက်သည်။

"ပြည်နယ်မြို့တော်ကို ရောက်ရင်... အဲ့ဒီမှာ ဘာပဲဖြစ်ဖြစ် ဖုန်းဆက်လိုက်ဦးနော်။ ရွာလူထုဌာနချုပ်မှာ ဖုန်းရှိတယ်"

သူမလည်း ရွှီချင်းချင်း၏ ဗိုက်မှာ ပုံမှန်ထက် ပိုကြီးနေသည်ဟု ထင်မြင်နေမိသည်။

"ရှို့ရှို့အစ်မ၊ စိတ်မပူပါနဲ့။ အိမ်ကိစ္စတွေကိုတော့ အစ်မပဲ တာဝန်ယူပေးရလိမ့်မယ်"

ချန်ရှင်းက ကားနောက်ခန်းကို ပိတ်လိုက်ပြီး လင်းရှို့ရှို့ကို ခေါင်းငြိမ့်ပြလိုက်သည်။

လင်းရှို့ရှို့က လက်ကို အမြန် ဝှေ့ယမ်းပြလိုက်သည်။

"အိမ်ကိစ္စကို စိတ်မပူနဲ့…ကြက်မွေးမြူရေးခြံကို အစ်မပဲ စောင့်ကြည့်ထားပေးမယ်၊ ဘာမှ မဖြစ်စေရဘူး"

အိမ်တော်ထိန်းဖြစ်လာပြီးနောက် လင်းရှို့ရှို့၏ ကြောက်ရွံ့တတ်သော စိတ်သဘောထားမှာ အတော်ပင် လျော့ပါးသွားပြီး အရည်အချင်းရှိပြီး ထိရောက်မှုရှိသော သူတစ်ယောက်အဖြစ် ပြောင်းလဲလာသည်။ သူမသည် ဤနောက်တန်းကို ကာကွယ်ပေးခြင်းမှာ သူမ၏ တာဝန်ဖြစ်ကြောင်း သိရှိနားလည်သည်။

ကားစက်နှိုးလိုက်ရာ ဆီးနှင်းမှုန်များ လွင့်စင်သွားသည်။ ရွာသားများက လမ်းဘေးတွင် ရပ်ကြည့်နေကြပြီး ထွက်ခွာသွားသော ကားကို ငေးမောကာ အားကျစွာ ပြောဆိုနေကြသည်။

"အကြံပေးချန်ကို ကြည့်စမ်း.. သူ့ဇနီး ကိုယ်ဝန်ရှိတော့ ပြည်နယ်မြို့တော်က ဆေးရုံကြီးအထိတောင် ကားနဲ့ သွားခေါ်တာ"

"ဟုတ်ပ… သူတို့က အခု နိုင်ငံအတွက် နိုင်ငံခြားငွေ ရှာပေးနေတဲ့သူတွေလေ… ငါတို့နဲ့ ဘယ်လိုလုပ် တူပါ့မလဲ"

"ဒါပေမဲ့ တကယ်ပြောရရင် ချင်ချင်းရဲ့ ဗိုက်က နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်။ သွားစစ်တာ ကောင်းပါတယ်.. စိတ်ထဲမှာလည်း အေးသွားတာပေါ့”

ကားကို အလွန်ပင် တည်ငြိမ်စွာ မောင်းနှင်သည်။

ချန်ရှင်းမှာ ကားမောင်းရာတွင် ကျွမ်းကျင်သူဖြစ်ပြီး အမြဲတမ်း ချောမွေ့သော လမ်းများကိုသာ ရွေးချယ်ကာ ကျင်းများ၊ အဖုအထစ်များရှိသော နေရာများကို ရှောင်ရှားသည်။ ရွှီချင်းချင်းမှာ နောက်ခန်းရှိ စောင်များကြားတွင် နွေးထွေးစွာ ကွေးနေရင်း အိပ်ငိုက်လာသည်။ ချန်ရှင်းက နောက်ကြည့်မှန်မှ သူမကို တစ်ချက်ကြည့်လိုက်ပြီး အတွေးထဲတွင် မြုပ်ဝင်သွားသည်။

အမှန်စင်စစ် သူသည် ပြည်နယ်မြို့တော်ရှိ ဆေးရုံကြီးသို့ တကယ်တမ်း သွားရန် စီစဉ်ထားခြင်း မဟုတ်ပေ။

သူ လိုချင်သည်မှာ တိကျသော အဖြေတစ်ခုနှင့် ခိုင်လုံသော အကြောင်းပြချက် တစ်ခုသာဖြစ်သည်။

All Chapters