← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇) အမွှာပူးကလေးများ

ကားမောင်းလာသည်မှာ သုံးနာရီကျော် ကြာမြင့်သော်လည်း ခရိုင်နယ်နိမိတ်ကို မကျော်လွန်သေးပေ။ ချန်ရှင်းက ကွေ့ကောက်တစ်ခုကို ချိုးကွေ့လိုက်ပြီး နိုင်ငံပိုင် ဧည့်ဂေဟာတစ်ခုဆီသို့ ဦးတည်မောင်းနှင်သွားသည်။ ဤနေရာမှာ လူသူကင်းမဲ့သော နေရာလွတ်တစ်ခုတွင် ရှိနေပြီး ယခင်က သစ်တောစခန်းတစ်ခု ဖြစ်ခဲ့ဖူးသည်။ ပုံမှန်အားဖြင့် လူနေထိုင်ခြင်း မရှိသော်လည်း အလွန်တရာ တိတ်ဆိတ်ငြိမ်သက်လှသည်။

ဧည့်ဂေဟာမှ လက်ခံသူမှာ ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသော မိန်းကလေးငယ်တစ်ဦးဖြစ်သည်။ သူမသည် ထိုသို့သော ရုပ်ရည်ချောမောသည့် လူငယ်တစ်ယောက် ဆီဒင်ကားကို မောင်းနှင်လာသည်ကို မြင်သောအခါ အလွန်ပင် ရင်းနှီးဖော်ရွေစွာ ဆက်ဆံပြီး အခန်းကောင်းတစ်ခန်းကို ပေးအပ်လိုက်သည်။

အခန်းတွင်းသို့ ရောက်သည်နှင့် ချန်ရှင်းက ကုလားကာများကို ဆွဲပိတ်လိုက်သည်။ အလင်းရောင်များ မှိန်ဖျော့သွားပြီး ကုလားကာအစွန်းများကြားမှ လေထဲတွင် လွင့်မျောနေသော ဖုန်မှုန်အချို့ကိုသာ မြင်ရတော့သည်။ ရွှီချင်းချင်းက ကုတင်စွန်းတွင် ထိုင်နေရင်း အကျွမ်းတဝင် မရှိသော ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်နေသည်။

"အစ်ကို... ဆေးရုံမှာ စာရင်းသွားမသွင်းရသေးဘူးလား"

"စာရင်းသွင်းဖို့ တန်းစီရတာ ပင်ပန်းလွန်းလို့ပါ၊ ကိုယ့်မိန်းမရဲ့ ခန္ဓာကိုယ်က ဒါကို မခံနိုင်မှာ စိုးရိမ်မိတယ်..."

ချန်ရှင်းက လျှို့ဝှက်စွာ ပြုံးလိုက်ပြီး အခန်းတံခါးကို အတွင်းဘက်မှ သော့ခတ်လိုက်သည်။

"နိုင်ငံခြားကနေ ကိုယ့်ဇနီးရဲ့ ဗိုက်ကို စစ်ဆေးဖို့အတွက် အထူးထုတ်ကုန်ပစ္စည်းသစ်တစ်ခုကို ညွှန်ကြားရေးမှူးကောင်းဆီကနေ မှာယူထားတယ်"

စကားပြောနေရင်းပင် သူက နောက်သို့လှည့်ကာ ဧရာမ ခရီးဆောင်အိတ်ကြီးကို မှော်ပညာတစ်ရပ်လိုမျိုး ဟန်ချက်ညီညီ လှုပ်ရှားလိုက်သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားသည်။ စနစ်၏ သိုလှောင်ရုံထဲမှ သူဝယ်ယူထားသော ခရီးဆောင် အာလ်ထရာဆောင်းစက်ကို ထုတ်ယူလိုက်သည်။

ရွှီချင်းချင်းသည် ရေဒီယိုအရွယ်အစားခန့်ရှိသော ထိုအဖြူရောင် စက်ပစ္စည်းနှင့် ပတ်ပတ်လည်တွင် ကြိုးများဖြင့် ချိတ်ဆက်ထားသော စမ်းသပ်တံကို ငေးကြည့်နေမိသည်။

"ဒါ... ဒါက ဘာလဲအစ်ကို"

"နိုင်ငံခြားက နည်းပညာမြင့် ပစ္စည်းပေါ့၊ အာလ်ထရာဆောင်းလို့ ခေါ်တယ်"

ချန်ရှင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒါက ဗိုက်ထဲက ကလေးလေးကို မြင်ရအောင် လုပ်ပေးနိုင်တယ်"

"တကယ်လား..."

ရွှီချင်းချင်းက သံသယဖြစ်မိသော်လည်း ချန်ရှင်းအပေါ် အကြွင်းမဲ့ ယုံကြည်မှုကြောင့် နာခံစွာပင် လှဲချလိုက်သည်။

"အင်္ကျီကိုလှန်ပြီး ဗိုက်ကို ပြလိုက်ပါ"

ချန်ရှင်းက ကုတင်စွန်းတွင် ထိုင်ကာ ကြည်လင်ပြီး အေးမြသော ဂျယ်လ်ရည် အချို့ကို စမ်းသပ်တံပေါ်သို့ ညှစ်ချလိုက်သည်။

"နည်းနည်းတော့ အေးလိမ့်မယ်…သည်းခံပေးနော်"

စမ်းသပ်တံ သူမ၏ အရေပြားကို ထိတွေ့လိုက်သည့်အခိုက် ရွှီချင်းချင်းမှာ သဲ့သဲ့လေး ညည်းတွားလိုက်မိပြီး ကုတင်ခင်းကို တင်းတင်းဆုပ်ကိုင်ကာ အသက်ပင် မရှူဝံ့တော့အောင် စိတ်လှုပ်ရှားနေသည်။ ချန်ရှင်းကိုယ်တိုင်လည်း အလွန်ပင် စိုးရိမ်နေသည်။ သူသည် ဆေးပညာကို တရားဝင် သင်ယူခဲ့ဖူးသူ မဟုတ်သော်လည်း ဤခရီးဆောင် အာလ်ထရာဆောင်းစက်မှာ အမှားအယွင်း မရှိနိုင်ကြောင်း သိထားသည်။ သူလိုအပ်သည်မှာ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်ရရန်သာ ဖြစ်သည်။

သူသည် စမ်းသပ်တံကို ရွှီချင်းချင်း၏ ဗိုက်ပေါ်တွင် ဖြည်းညင်းစွာ ရွှေ့လိုက်သည်။ စက်မျက်နှာပြင်ပေါ်တွင် အဖြူအမည်း ဆူညံသံများနှင့် ဝါးတားတား အရိပ်များသာ ပြည့်နှက်နေသည်။ ချန်ရှင်းက အသက်ကို အောင့်ထားပြီး ထောင့်မှန်ကို တစ်စက်ချင်းစီ ချိန်ညှိလိုက်သည်။

ရုတ်တရက်…

မျက်နှာပြင်ပေါ်ရှိ ဆီးနှင်းမှုန်များ ပျောက်ကွယ်သွားပြီး အနည်းငယ် ဝါးနေသော်လည်း ခွဲခြားနိုင်သည့် ပန်ကာပုံသဏ္ဍာန် ဖြတ်ပိုင်းပုံရိပ်တစ်ခု ပေါ်လာသည်။ အဖြူအမည်း ပုံရိပ်ထဲတွင် သေးငယ်ပြီး ကွေးကွေးလေးဖြစ်နေသော ပုံစံတစ်ရပ်ကို မြင်လိုက်ရသည်။

"တွေ့ပြီ..."

ချန်ရှင်း၏ လည်ချောင်းထဲတွင် တံတွေးပင် ခမ်းခြောက်သွားသည်။

"ဘာတွေမြင်ရလို့လဲ..."

ရွှီချင်းချင်းက ထကြည့်ရန် ကြိုးစားသော်လည်း ချန်ရှင်းက သူမကို ဖိထားလိုက်သည်။

"မလှုပ်နဲ့ဦး…ကိုယ်နောက်တစ်ခေါက် ထပ်ကြည့်ရအောင်"

ချန်ရှင်းသည် စမ်းသပ်တံကို ဆက်လက် ရွှေ့လိုက်သော်လည်း သူ၏ မျက်ခုံးတို့ ပို၍ပင် တွန့်ချိုးလာသည်။ နမှန်ကန်ပေ။ ဤနေရာတွင် ဦးခေါင်းတစ်ခု ရှိနေသည်။ ဒါပေမဲ့ ဘေးနားမှာ နောက်ထပ် တစ်ခုခု ရှိနေသေးတာ ဘာကြောင့်လဲ။ သူ၏ လက်များ အနည်းငယ် တုန်ယင်သွားပြီး ထောင့်မှန်ကို ပြောင်းလဲလိုက်သည်။

ထိုစက္ကန့်တွင် ချန်ရှင်း၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး အသက်ရှူပင် ရပ်တန့်သွားသယောင် ခံစားလိုက်ရသည်။ မျက်နှာပြင်၏ ဗဟိုတည့်တည့်တွင်...

အားပါသော အလင်းစက်နှစ်ခုမှာ နရီစည်းချက်အတိုင်း တဖျပ်ဖျပ် တုန်ခါနေသည်။

တပ်... တပ်…

*ဒါက ကလေးရဲ့ နှလုံးခုန်သံပဲ!

ပြီးတော့ နှစ်ခုတောင် ဖြစ်နေတယ်*

ထိုကလေးငယ်နှစ်ဦးမှာ ပဲပင်ပေါက်လေးများကဲ့သို့ တစ်ဦးကိုတစ်ဦး တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားကြသည်။ တစ်ယောက်၏ ခြေထောက်က နောက်တစ်ယောက်၏ ခေါင်းပေါ်တွင် ရောက်နေသည်။ ကြပ်ညပ်နေသော်လည်း အလွန်တရာ ဟန်ချက်ညီလှသည်။

"သေရော..."

ချန်ရှင်းသည် တရုတ်စာပေ အသုံးအနှုန်းအတိုင်း အာမေဍိတ်သံကို မထိန်းနိုင်ဘဲ ထွက်ပေါ်သွားသည်။ မခံမရပ်နိုင်အောင် ပျော်ရွှင်မှုတို့မှာ မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာပြီး သူ၏ ဆင်ခြင်တုံတရားကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ သူ ပထမဆုံး နိုင်ငံခြားငွေ ရှာနိုင်ခဲ့သည့်အချိန်၊ တစ်ရွာလုံးက သူ့ကို အထင်ကြီးလေးစားခဲ့သည့် အချိန်မှာတောင် သူသည် ယခုလောက်အထိ စိတ်လှုပ်ရှားခဲ့ဖူးခြင်း မရှိပေ။ သူ၏ လက်များ အလွန်အမင်း တုန်ရီနေပြီး စမ်းသပ်တံကိုပင် လွတ်ကျလုနီးပါး ဖြစ်သွားသည်။

"အစ်ကို... ဘာဖြစ်တာလဲ၊ ကလေးမှာ တစ်ခုခု ဖြစ်နေတာလား"

ချန်ရှင်း၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး လက်များ တုန်ရီနေသည်ကို မြင်သောအခါ ရွှီချင်းချင်းမှာ ကြောက်လန့်တကြား ဖြစ်သွားသည်။ မျက်ရည်များ ဝဲတက်လာပြီး အသံမှာလည်း ရှိုက်ကြီးတငင်ဖြစ်နေသည်။

"မဟုတ်ဘူး... ဘာမှ မဖြစ်ဘူး..."

ချန်ရှင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စက်မျက်နှာပြင်ကို ရွှီချင်းချင်းဘက်သို့ လှည့်ပေးကာ အသံဝင်ဝင်ဖြင့် ပြောလိုက်သည်။

"ဇနီးလေး... ကြည့်စမ်း"

"ဒါက ဘာလဲဟင်..."

ရွှီချင်းချင်းက မျက်ရည်များကြားမှ အဖြူအမည်း အစက်အပြောက်များကို ငေးကြည့်နေသည်။

ချန်ရှင်းက သူမ၏ လက်ချောင်းကို ဆန့်ထုတ်ကာ တုန်ခါနေသော အစက်နှစ်ခုကို ထောက်ပြလိုက်သည်။

"ဒါက နှလုံးခုန်သံလေ... နှစ်ခုလုံး..."

သူက ခေါင်းမော့လိုက်ပြီး ရွှီချင်းချင်း၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ စကားလုံးတစ်လုံးချင်းစီကို အလေးအနက် ပြောလိုက်သည်။

"ချင်းချင်း…ငါတို့ ကလေးနှစ်ယောက် ရတော့မယ် အမွှာပူးတွေလေ..”

လေထုမှာ သုံးစက္ကန့်မျှ တိတ်ဆိတ်သွားသည်။ ရွှီချင်းချင်းက စက်မျက်နှာပြင်ကို ငေးကြည့်နေရင်းမှ ချန်ရှင်း၏ ပျော်ရွှင်လွန်းသည့် မျက်နှာကို ပြန်ကြည့်လိုက်သည်။

"အမွှာပူး…”

သူမသည် ထိုစကားလုံးကို နားမလည်သကဲ့သို့ ရေရွတ်လိုက်မိသည်။

နောက်တစ်စက္ကန့်တွင်...

ဆူနာမီလှိုင်းကဲ့သို့ ပြင်းထန်သော ပျော်ရွှင်မှုတို့မှာ သူမ၏ ရင်ထဲသို့ ဝင်ရောက်လာပြီး သူမကို လုံးဝ ပျော်ရွှင်မှုတို့ဖြင့် လွှမ်းခြုံသွားစေသည်။ ဤခေတ်ကာလတွင် ကလေးများများ မွေးဖွားခြင်းမှာ ကောင်းချီးတစ်ခုဟု ယူဆကြပြီး အမွှာပူးဆိုသည်မှာ ပို၍ပင် မင်္ဂလာရှိသော အရိပ်အယောင်ဖြစ်သည်။

"တကယ်လား အစ်ကို... ကျွန်မကို မညာပါနဲ့နော်"

"ကိုယ့်မိန်းမကို ကိုယ် ဘယ်တုန်းက ညာဖူးလို့လဲ”

ချန်ရှင်းက အာလ်ထရာဆောင်းစက်ကို ပိတ်လိုက်ပြီး ကုတင်ပေါ်သို့ ပစ်ချလိုက်ကာ ရွှီချင်းချင်းကို စောင်နှင့်အတူ ပွေ့ဖက်လိုက်သည်။ သူ အလွန်ပင် အားပါလှသဖြင့် ရွှီချင်းချင်းမှာ နာကျင်သွားရသော်လည်း သူမ လုံးဝ ရုန်းကန်မနေခဲ့ပေ။

"ငါတို့အိမ်မှာ ကလေးနှစ်ယောက် ရတော့မယ်”

ချန်ရှင်းသည် သူမ၏ လည်ပင်းကြားတွင် မျက်နှာအပ်လိုက်ပြီး ပူနွေးသော အသက်ရှူသံတို့မှာ သူမ၏ အရေပြားပေါ်သို့ ပျံ့လွင့်နေသည်။ ထိန်းမရနိုင်သော စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။

"မင်းဗိုက် ဘာကြောင့် ဒီလောက်ကြီးမှန်းသိပြီ၊ အထဲမှာ နယ်မြေလုနေတဲ့ ကလေးနှစ်ယောက် ရှိနေလို့ကိုး"

ရွှီချင်းချင်းမှာ ငိုလိုက်၊ ရယ်လိုက် ဖြစ်နေပြီး သူမ၏ ဗိုက်ကို ပွတ်သပ်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ ချစ်ခင်မြတ်နိုးမှုတို့ဖြင့် ပြည့်လျှံနေသည်။

"အရမ်းကောင်းတာပဲ... အရမ်းကောင်းတာပဲ..."

ထိုစဉ်မှာပင် စိတ်ထဲတွင် ရင်းနှီးနေသော စက်ရုပ်အသံမှာ နတ်သံစဉ်ကဲ့သို့ ပေါ်ထွက်လာသည်။

[အသုံးပြုသူထံမှ အလွန်ပြင်းထန်သော ပျော်ရွှင်မှု ခံစားချက်ကို တွေ့ရှိရသည်]

[စွမ်းအင် +၂၀၀၀!]

*စွမ်းအင် နှစ်ထောင်…ကောင်းလိုက်တာ*

...

ဂျစ်ကားသည် ညနေစောင်းအချိန်တွင် ချင်းရှေရွာသို့ ဆီးနှင်းမှုန်များကို လွင့်စင်လျက် ပြန်လည် ရောက်ရှိလာသည်။ ကားမရပ်ခင်မှာပင် ချန်အယ်တန့်က မျက်စိရှင်စွာဖြင့် မြင်တွေ့သွားပြီး အသံကုန် ဟစ်အော်လိုက်သည်။

“ပြန်လာကြပြီ…အကြံပေးချန်က သူ့ဇနီးကို ပြန်ခေါ်လာပြီ"

ထိုအသံကြောင့် ဆောင်းရာသီတွင် အိမ်တွင်း၌သာ နေထိုင်ကြသော ရွာသားများမှာ တစ်ပြိုင်နက် အပြင်သို့ ပြေးထွက်လာကြသည်။ ချန်ရှင်းက ရွှီချင်းချင်းကို ကားပေါ်မှ တွဲဆင်းပေးသည်။ သူ၏ လှုပ်ရှားမှုများမှာ အလွန်တရာ သတိထားနေပုံရပြီး တန်ဖိုးကြီးလှသော ရတနာတစ်ပါးကို ကိုင်တွယ်နေသကဲ့သို့ပင်။

ချန်ကွမ်လင်သည် အပေါ်အင်္ကျီကို ဝတ်ဆင်ကာ ဝါဂွမ်းဖိနပ်ဖြင့် အမြန်လျှောက်လာပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"ဘယ်လိုလဲ…ပြည်နယ်မြို့တော်က ဆရာဝန်က ဘာပြောလဲ..အဆင်ပြေရဲ့လား"

ချန်ရှင်းက ပတ်ဝန်းကျင်မှ စိုးရိမ်တကြီး ကြည့်နေသော မျက်ဝန်းများကို ကြည့်လိုက်ပြီး ပြုံးရယ်နေမိသည်။ နောက်ဆုံးတွင် သူသည် လေးနက်သယောင် ဟန်ဆောင်နေခြင်းကို ရပ်လိုက်ပြီး ရယ်မောကာ လက်ချောင်းနှစ်ချောင်းကို ထောင်ပြလိုက်သည်။

"အကုန်အဆင်ပြေပါတယ်…ပြီးတော့ သတင်းကောင်းကြီးတစ်ခုလည်း ရှိတယ်”

သူက လည်ချောင်းရှင်းလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ချင်းချင်းက အမွှာပူး ကိုယ်ဝန်ဆောင်ထားတာ…အမွှာပူးပါ…"

တိတ်ဆိတ်သွား၏။

သေဆုံးမတတ် တိတ်ဆိတ်သွား၏။

ချက်ချင်းဆိုသလိုပင် “ဝိုး" ခနဲ အသံကြီးနှင့်အတူ လူအုပ်ကြီးမှာ ရှုပ်ထွေးသွားသည်။

"ကောင်းကင်ဘုံရေ.. နှစ်ယောက်လား တစ်ခါတည်းနဲ့ နှစ်ဆတိုးတာပဲ"

"ဒါက စာပေဘုရင်က ဆင်းသက်လာတာလား၊ ဒါမှမဟုတ် တစ်စုံလိုက် မွေးဖွားတာလား"

"ငါပြောသားပဲ ချင်းချင်းရဲ့ ဗိုက်က ပုံမှန်မဟုတ်ဘဲ ကြီးနေတာ.. ဒါ မင်္ဂလာနိမိတ်ပဲ.. ငါတို့ ချင်းရှေရွာအတွက် မင်္ဂလာနိမိတ်ပဲ"

ချန်ကွမ်လင်မှာ ပျော်ရွှင်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူသည် ချန်ရှင်း၏ လက်ကို ဆုပ်ကိုင်ကာ စကားများ ထစ်ငေါ့နေသည်။

"ကောင်းလိုက်တာ..ကောင်းလိုက်တာ..ချန်မျိုးရိုးရဲ့ ဘိုးဘွားသင်္ချိုင်းကနေ မင်္ဂလာမီးခိုးငွေ့တွေ ထွက်နေပြီ..ဒါက လူတွေကို ကောင်းတဲ့ဘဝဆီ ပို့ဆောင်ပေးတဲ့အတွက် ကောင်းကင်ဘုံက ပေးတဲ့ ဆုလာဘ်ပဲ… ငါတို့ရွာက ကုသိုလ်ကောင်းမှုတွေ အများကြီး စုဆောင်းထားမိပြီ..”

လမ်းလျှောက်လျှင်ပင် အမောဖောက်တတ်သော အဘိုးအိုအချို့မှာ ထိုသတင်းကို ကြားလိုက်ရသဖြင့် ခါးနာ၊ ခြေထောက်နာခြင်းများ ပျောက်ကွယ်သွားသယောင် ခံစားလိုက်ရသည်။ ကိုးဆယ်ကျော်အရွယ် အဘိုးအိုတစ်ဦးက တုတ်ကောက်ကို ကိုင်လျက် အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်သည်။

"အမြန်… အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေ သွားယူကြ.. တောင်ပေါ် ဘုရားကျောင်းကို သွားကြမယ်။။။ ရွှီကလေးအတွက် ဆုတောင်းပေးရမယ်၊ ဒီကလေးနှစ်ယောက် ဘေးကင်းစွာနဲ့ မွေးဖွားလာနိုင်ဖို့လေ..”

အလွန်အေးစက်သော နေ့တစ်နေ့တွင် အဘိုးအိုအုပ်စုမှာ အေးစက်သော လေတိုက်ခတ်မှုကို ဂရုမစိုက်ဘဲ အမွှေးတိုင်များ၊ ဖယောင်းတိုင်များနှင့် ငွေစက္ကူများကို ကိုင်ဆောင်ကာ တောင်ပေါ်သို့ တက်သွားကြသည်။ သူတို့သည် ငယ်ရွယ်သူများ၏ အကူအညီကို ငြင်းဆန်ကာ တည်ငြိမ်သော်လည်း ပြတ်သားသော ခြေလှမ်းများဖြင့် တောင်ထိပ်သို့ တက်လှမ်းသွားကြလေသည်။

မည်သို့ပင် တားဆီးသော်လည်း ရပ်တန့်နိုင်ခြင်း မရှိတော့ပေ။

အခန်း (၁၇၈) အိမ်ရှင်မတာဝန်

အမွှာပူး ကိုယ်ဝန်ရှိကြောင်း သိရှိပြီးနောက်ပိုင်း ရွှီချင်းချင်း၏ မိသားစုအတွင်း အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်လာသည်။

"အဲ့ဒီနေရာမှာပဲ ထားလိုက်…မရွှေ့နဲ့.."

ရွှီချင်းချင်းက စားပွဲပေါ်ရှိ ရေသောက်ခွက်ကို လှမ်းယူမည့်အချိန်တွင် ချန်ရှင်း၏ အသံကျယ်ကျယ်ကြောင့် သူမ လက်ကလေး တုန်ယင်သွားသည်။ သူမ ဘာမှတောင် မလုပ်ရသေးခင် ချန်ရှင်းက ရှေ့သို့ အမြန်တိုးလာပြီး ရေသောက်ခွက်ကို သူမနှုတ်ခမ်းနား တေ့ပေးကာ အပူချိန်ကို အရင်စမ်းသပ်လိုက်သည်။

"ဒီလိုလေးတောင် ကိုယ်တိုင် လုပ်မနေပါနဲ့တော့၊ ခါးနာသွားရင် ဘယ်လိုလုပ်မလဲ"

ရွှီချင်းချင်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ဒီစဉ့်ကြွေခွက်လေးက ဘယ်လောက်များ လေးနေလို့လဲ။ သို့သော် ထိုယောက်ျား၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ပျားရည်သုတ်ထားသလိုပင် ချိုမြိန်သွားပြီး ချန်ရှင်း၏ လက်မှတစ်ဆင့် ရေကို နာခံစွာ သောက်လိုက်သည်။

ချန်ရှင်း၏ ဂရုစိုက်မှုမှာမူ အသေးစိတ်ဆုံး ဖြစ်သည်။ တစ်နေ့တာ အစားအစာ သုံးနပ်လုံးကို သူကိုယ်တိုင် ကြီးကြပ်ပြီး ချက်ပြုတ်ပေးသည်။ ခေတ်သစ်ကမ္ဘာနှင့် ဆက်သွယ်ထားသည့် တံခါးပေါက်၏ အဆင်ပြေမှုကို အသုံးချကာ ခေတ်မီ အာဟာရဖြည့်စွက်စာများကို အစုံအလင် ဝယ်ယူထား၏။ နံနက်စာတွင် အာဟာရပြည့်ဝသော ကြက်ဥကြော်နှင့် ခေတ်မီ ကယ်လ်စီယမ်ဓာတ်ပါသည့် နို့ကို မပါမဖြစ် ကျွေးမွေးသည်။ နေ့လယ်နှင့် ညစာတွင်လည်း ဝက်နံရိုးချက်၊ ကကတစ်ငါးပေါင်း၊ ကြက်နက်ဟင်းချို စသည့်တို့ဖြင့် အမျိုးမျိုး ချက်ပြုတ်ပေးသည်။ ရွှီချင်းချင်း တစ်ခါမှ မမြင်ဖူးသည့် ဆေးပြားလေးများကိုလည်း မကျန်အောင် တိုက်ကျွေး၏။

"ဒီမှာ... ဒါလေး စားလိုက်ဦး"

ချန်ရှင်းက ငါးကြီးဆီနှင့် DHA ပါဝင်သော ဆေးတောင့်များကို ကမ်းပေးသည်။

"ဒါ ဘာလဲအစ်ကို... ကြည့်ရတာ ကြည်ကြည်လေးနဲ့ ထူးဆန်းလိုက်တာ"

ရွှီချင်းချင်းက စပ်စုလိုက်သည်။

"ဒါက ကိုယ့်သမီးနဲ့ သားရဲ့ ဦးနှောက်ကို အာဟာရဖြစ်စေဖို့လေ၊ မွေးလာရင် သူတို့က တက္ကသိုလ်ကျောင်းသားတွေထက်တောင် ပိုတော်လိမ့်မယ်"

ချန်ရှင်းက သူမကို စည်းရုံးပြီး မျိုချခိုင်းသည်။

ရွှီချင်းချင်းက သူမ၏ ဗိုက်လုံးလေးကို ပွတ်သပ်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ နူးညံ့သိမ်မွေ့နေပြီး မိခင်တစ်ယောက်၏ ဂုဏ်ရောင်များ လင်းလက်နေ၏။

ညဉ့်နက်သန်းခေါင်ယံတွင် လေအေးများ တိုက်ခတ်နေသည်။ မီးဖိုထဲတွင် မီးများ တောက်လောင်နေသဖြင့် အခန်းတွင်းမှာ နွေးထွေးနေသည်။ ရွှီချင်းချင်း တစ်ရေးနိုးလာစဉ်မှာပင် မျက်ခုံးများ တွန့်ချိုးသွားပြီး ခြေသလုံး ကြွက်သားများ တဆတ်ဆတ် တုန်လာသည်။ နာကျင်မှုကြောင့် သူမ ညည်းညူလိုက်မိသည်။

"အား... နာလိုက်တာ..."

စကားသံ ထွက်ပေါ်သည်နှင့် ချန်ရှင်းက ချက်ချင်း နိုးလာသည်။ ပျင်းရိခြင်း သို့မဟုတ် အိပ်ငိုက်ခြင်း အရိပ်အယောင် လုံးဝ မရှိ။ သူက စောင်ကို လှပ်လိုက်ပြီး ကြွက်တက်နေသော ရွှီချင်းချင်း၏ အေးစက်နေသည့် ခြေထောက်ကို ဆွဲယူလိုက်သည်။

"ကြွက်တက်ပြန်ပြီလား"

ချန်ရှင်းက အေးစက်နေသည်ကို ဂရုမစိုက်ဘဲ သူမ၏ ခြေထောက်ကို သူ၏ နွေးထွေးသော ရင်ခွင်ထဲသို့ တိုက်ရိုက်ထည့်ကာ တင်းတင်းဖိထားလိုက်သည်။ ထိုအခိုက်အတန့်တွင် ခံစားလိုက်ရသည့် နွေးထွေးမှုကြောင့် ရွှီချင်းချင်း သက်ပြင်းချလိုက်မိသည်။ ချန်ရှင်း၏ လက်ဝါးကြီးကြီးက သူမ၏ ခြေသလုံးကို နရီစည်းချက်အတိုင်း နှိပ်နယ်ပေးနေသည်။ အားချိန်သား ကိုက်ညီသဖြင့် နာကျင်မှုကို ချက်ချင်း ပျောက်ကွယ်သွားစေသည်။

"သက်သာလား"

ချန်ရှင်းက မီးဖိုရောင်အောက်တွင် သူ့ရင်ခွင်ထဲရှိ မိန်းကလေးငယ်ကို ငုံ့ကြည့်လိုက်သည်။ ရွှီချင်းချင်းက မီးရောင်အောက်မှ ထိုယောက်ျား၏ ရင့်ကျက်တည်ကြည်သော မျက်နှာကို ကြည့်ရင်း စိုးရိမ်နေသည့် အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် မျက်ရည်ဝဲတက်လာသည်။ ရွာပြင်ပတွင် လေးစားခံရသူ၊ ခရိုင်အုပ်ချုပ်ရေးမှူးပင် ရိုသေရသူ၊ တစ်ရွာလုံးက နတ်ဘုရားတစ်ပါးလို ကိုးကွယ်သူသည် ယခုအချိန်တွင် သူမ၏ ခြေထောက်ကို နွေးပေးနေသည်။

"သက်သာသွားပြီ... အစ်ကိုက တကယ် ကြင်နာတတ်တာပဲ"

ရွှီချင်းချင်းက နှာခေါင်းရှုံ့ကာ နူးညံ့စွာ ပြောသည်။

"အရူးမလေး... ကိုယ့်ဇနီး ခြေထောက် ကိုယ်နွေးပေးတာ သဘာဝပဲလေ"

ချန်ရှင်းက ရယ်မောလိုက်ပြီး သူမ၏ နဖူးကို နမ်းလိုက်သည်။

"အိပ်လိုက်ပါဦး..ကိုယ် ခဏလောက် ထပ်နွေးပေးထားဦးမယ်"

နံရံတစ်ဖက်တွင်…

လင်းရှို့ရှို့မှာ ကုတင်ပေါ်တွင် လူးလိမ့်နေပြီး အိပ်မပျော်နိုင် ဖြစ်နေသည်။ အိမ်မှာ အသံလုံခြင်း မရှိသဖြင့် ညဉ့်ငြိမ်ချိန်တွင် နံရံတစ်ဖက်မှ ကြင်နာယုယသည့် စကားသံများကို ကြားနေရသည်။ ရင်ထဲတွင် ဝမ်းနည်းမှုတို့ လှိုက်တက်လာသည်။ မနာလိုခြင်း မဟုတ်ဘဲ အားကျခြင်း ဖြစ်သည်။ ပို၍ပင် လေးနက်သော အထီးကျန်မှုတို့က သူမ၏ နှလုံးသားကို ကိုက်ခဲနေသည်။ လူအချင်းချင်း ကံကြမ္မာက ဘာလို့ ဤမျှလောက် ကွာခြားနေရတာလဲ။

လင်းရှို့ရှို့က ထိုင်လိုက်သည်။ သူမ အိပ်မပျော်နိုင်တော့ပါ။ ပါးလွှာသော ဝါဂွမ်းအင်္ကျီကို ဝတ်ဆင်ကာ ခြေသံလုံအောင် ခြံထဲသို့ ထွက်လာခဲ့သည်။ လမင်းကြီးက နှင်းများပေါ်တွင် ဖြာကျနေပြီး အေးစက်စက် လင်းလက်နေသည်။ ခြံထောင့်တွင် မလျှော်ရသေးသော ချန်ရှင်း၏ အင်္ကျီနှင့် ဘောင်းဘီများ ပုံထားသည်။ ဒေါသထွက်စရာကို ရှာတွေ့သွားသလိုပင် လင်းရှို့ရှို့ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရေတိုင်ကီပေါ်ရှိ ရေခဲပြင်ကို ခွဲလိုက်ကာ ရေခပ်လိုက်သည်။

ရေခဲရေက သူမ၏ လက်များကို ချက်ချင်း နီရဲသွားစေပြီး လက်ဆစ်များမှာ အပ်ဖြင့် ထိုးသလို နာကျင်သွားသည်။ သို့သော် သူမ ဂရုမစိုက်ဘဲ အင်္ကျီများကိုသာ စက်ရုပ်လို ပွတ်တိုက်နေသည်။ ဤအေးစက်မှုကသာ သူမ၏ ရင်ထဲရှိ ပူလောင်မှုနှင့် ခါးသီးမှုကို နှိမ်နှင်းနိုင်လိမ့်မည်ဟု ထင်နေပုံရသည်။

ချန်ရှင်းက ရွှီချင်းချင်းကို အိပ်ပျော်အောင် လုပ်ပေးပြီးနောက် ရေဆာသဖြင့် အင်္ကျီဝတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် ခြံထောင့်တွင် ထိုင်နေသော ပိန်သွယ်သည့် ပုံရိပ်ကို မြင်လိုက်ရသည်။ ခုလို အေးစက်တဲ့ညမှာ ဘယ်သူလဲ။ သူ မျက်ခုံးတွန့်လိုက်ပြီး နှစ်လှမ်းလောက် တိုးသွားမှ လင်းရှို့ရှို့ ဖြစ်နေကြောင်း သိလိုက်ရသည်။

လင်းရှို့ရှို့မှာ ရေခဲတုံးများ ပြည့်နေသော ရေထဲတွင် ချန်ရှင်း၏ ဘောင်းဘီကို အားစိုက်ပွတ်နေသည်။ သူမ၏ လက်များမှာ မုန်လာဥနီလို ရဲတက်နေပြီး လက်ဆစ်များ ကွဲအက်ကာ နာကျင်နေပုံရသည်။

"အစ်မရှို့ရှို့"

ချန်ရှင်းက ခေါ်လိုက်သည်။

လင်းရှို့ရှို့က တောင့်သွား၏။ သူမ လက်များကို အနောက်သို့ အမြန်ပုန်းကွယ်လိုက်ပြီး ထရပ်ကာ ခေါင်းငုံ့ထားသည်။

"အကြံပေးချန်... နှောင့်ယှက်မိလိုက်လား"

"ဘာလို့ ဒီလိုညဉ့်နက်ကြီးမှာ အိပ်မအိပ်ဘဲ အဝတ်တွေ လျှော်နေတာလဲ"

ချန်ရှင်းက ရေခဲရေဇလုံကို ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။

"ရေထဲမှာ ရေခဲတုံးတွေတောင် ပါနေတာကို၊ လက်ကို မလိုချင်တော့ဘူးလား"

"ကျွန်မ... ကျွန်မ အိပ်မပျော်လို့ပါ၊ ဘာမှလည်း မလုပ်ရသေးဘူးလေ..."

လင်းရှို့ရှို့၏ အသံမှာ တုန်ယင်နေသည်။

ချန်ရှင်းက ဘာမှပြန်မပြောဘဲ မျက်နှာတည်ဖြင့် အိမ်ထဲသို့ ပြန်ဝင်သွားသည်။ လင်းရှို့ရှို့၏ ရင်ထဲတွင် တင်းကျပ်သွားပြီး မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။ ငါ သူ့ကို စိတ်အနှောင့်အယှက် ပေးမိပြီလား။ ဇလုံကို သိမ်းကာ ရေလောင်းချရန် ပြင်လိုက်စဉ်မှာပင် ချန်ရှင်းက ပြန်ထွက်လာသည်။

သူ့လက်ထဲတွင် အဖြူရောင် ပိုက်ငယ်လေးတစ်ခု ပါလာ၏။ သူက လင်းရှို့ရှို့ဆီသို့ လျှောက်လာပြီး ရေစိုနေသည့် သူမ၏ လက်ကို ဆွဲကိုင်လိုက်သည်။ လင်းရှို့ရှို့မှာ လန့်သွားပြီး အလိုအလျောက် ရှောင်ဖယ်လိုက်သည်။

"ညစ်ပတ်တယ်... ရှင့်အင်္ကျီတွေကို မထိစေနဲ့..."

"မလှုပ်နဲ့”

ချန်ရှင်းက တင်းမာစွာ အမိန့်ပေးလိုက်သည်။

သူက ဘေးမှ ခြောက်သွေ့သော တဘက်ကို ယူလိုက်ပြီး သန့်ရှင်းစွာ သုတ်ပေးလိုက်သည်။ ထိုနွေးထွေးသော လက်ဝါးကြီးက လင်းရှို့ရှို့၏ အေးစက်နေသော လက်ကို ဖြတ်သန်းကာ နှလုံးသားဆီသို့ ရောက်သွားသည်။ သူမ၏ စိတ်ထဲတွင် ဘာမှ မရှိတော့ဘဲ ရင်ခုန်သံများသာ ကျယ်လောင်စွာ ကြားနေရသည်။

ချန်ရှင်းက ပိုက်ငယ်လေးကို ဖွင့်လိုက်သည်။ မွှေးပျံ့သော အနံ့လေးတစ်ခု အေးစက်သော လေထုထဲသို့ ပျံ့လွင့်သွား၏။ ၎င်းမှာ ချန်ရှင်း ခေတ်သစ်ကမ္ဘာမှ ဝယ်လာသော လက်လိမ်းခရင်မ်ဖြစ်သည်။ ချန်ရှင်းက ခရင်မ်များကို ညှစ်ထုတ်ကာ လင်းရှို့ရှို့၏ ကွဲအက်နေသော လက်များပေါ်သို့ ဖြည်းညင်းစွာ လိမ်းပေးလိုက်သည်။

"ဒီလက်တွေကို ဒီလို မဖြုန်းတီးသင့်ဘူး"

ချန်ရှင်းက ခေါင်းငုံ့လျက် ပြောလိုက်သည်။

"နောင်ဆိုရင် အေးနေတဲ့ ရေနဲ့ အဝတ်မလျှော်ပါနဲ့… အိမ်ထဲမှာ ရေနွေးရှိတာပဲလေ။ မရရင်လည်း နေရောင်ထွက်လာတဲ့အချိန်မှ လျှော်ပါ။ လက်တွေ ပျက်စီးသွားရင် ဒီအိမ်ကို ဘယ်သူ စောင့်ရှောက်ပေးမလဲ။ ချင်းချင်းရော ကျွန်တော်ပါ အိမ်မှုကိစ္စတွေကို အစ်မလက်ထဲ အပ်ထားရတာပါ”

All Chapters