← Chapters

မြို့တော် တီဗွီချန်နယ်၏ မျက်နှာလုပ်ခြင်း

Vol. 13 Ch. 190

မြို့တော် တီဗွီချန်နယ်၏ မျက်နှာလုပ်ခြင်း

Vol. 13 Ch. 190

တရုတ်နိုင်ငံ Top Voice ၏ ကြေညာချက် အပြီးတွင် မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနကလည်း ကြေညာချက် ထုတ်လာသည်။

[ကျုပ်တို့ တရုတ်နိုင်ငံရဲ့ Top Voice အစီအစဉ်ကို အတွင်းပိုင်း ပြင်ဆင်မှုနဲ့ စည်းမျဉ်းအချို့ ပြန်ပြင်ဆင်မှု လုပ်ရန်အတွက် ထုတ်လွှင့်ခြင်းကို ယာယီ ရပ်နားထားပါမယ်၊ ဟုန်နာကို ဒိုင်လူကြီးအဖြစ်က ထုတ်ပယ် လိုက်ပြီးတော့ သူ့ကို ကျုပ်တို့ရဲ့ အမည်ပျက်စာရင်းထဲ သွင်းလိုက်ပါပြီ၊ အခုချိန်ကစပြီး ဟုန်နာက မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနရဲ့ လာမယ့် အစီအစဉ်တွေမှာ ပါဝင်ခွင့်ရှိမှာ မဟုတ်ပါဘူး]

ယင်းက မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနဘက်မှ ဟုန်နာကို တစ်ဖက်သတ် ပိတ်ပင်လိုက်ခြင်းနှင့် အတူတူပင်။

ကျောက်တုံးလေးတစ်လုံးက လှိုင်းထသွားစေခဲ့လေပြီ။

စူပါစတားတစ်ယောက်အတွက် ယင်းက အပြင်းဆုံး ပြစ်ဒဏ်ပင်။

မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာန တစ်ခုတည်းက ပိတ်ပင်လိုက်ခြင်း ဖြစ်သော်လည်း ယင်းက ဟုန်နာကို အတော်လေး အထိနာစေပြီး သူမ၏ အနုပညာသမိုင်း၌ အမည်းစက် စွန်းထင်းစေပေလိမ့်မည်။ အခြား တီဗွီ အစီအစဉ်များက ဟုန်နာကို ရိုက်ကူးရေးရန် ဖိတ်ကြားချင်ပါက နှစ်ခါ စဉ်းစားကြပေတော့မည်။

ရှင်းရှင်းပြောရမည်ဆိုလျင် အနုပညာနယ်ပယ်အတွင်း၌ ဟုန်နာ၏ အဆင့်အတန်းက လျင်မြန်စွာ ကျဆင်းသွားပြီး ပြန်နလန်ထူလာရန် မဖြစ်နိုင်လုနီးပါးပင်။

မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာန၏ ပြတ်သားသော ဆုံးဖြတ်ချက်နှင့် ရက်စက်သော လုပ်ဆောင်မှုကို မည်သူမှ ထင်မထားမိပေ။ သူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဟုန်နာ၏ အသက်မွေးဝမ်းကြောင်းကို အညှာ အတာမဲ့စွာ တစ်ချက်တည်းဖြင့် သတ်ခဲ့လေသည်။

သို့သော် အရာအားလုံးက မှန်သဖွယ် ပြုမူခဲ့ခြင်းဖြစ်သည်။

မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာန၏ အပြုအမူက အဆိုတော် ဝိုင်ထံမှ သူတို့ နာမည်ကောင်း ရအောင် လုပ်ပြလိုခြင်း ဖြစ်ကြောင်း သူတို့အားလုံး ရိပ်စားမိသည်။

အဆိုတော်ဝိုင်၏ အရည်အချင်းက သံသယဝင်စရာမရှိပေ။ သူ့ကိုယ်သူ တစ်ခါမှ လူလုံးထွက်မပြဖူးသော်လည်း ဂီတလောက၌ သူ၏ လွှမ်းမိုးမှုက ကြောက်စရာကောင်းလှသည်။ မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနက ဟုန်နာကို စွန့်လွှတ်၍ သူတို့၏ လောင်းကြေးကို ဝိုင်ပေါ်တွင်သာ ပုံအောလိုက်လေပြီ။

ထိုကြေညာချက် ထွက်ပြီးနောက် တစ်ချိန်တည်းလိုလိုမှာပင် မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနမှ ဥက္ကဋ္ဌတင်းကလည်း သူ၏ ဝေ့ပေါ်အကောင့်မှနေ၍ စာတင်လေသည်။

[ချန်ရှောင်ယန် အထုတ်ခံလိုက်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် အလွန်အမင်း နောင်တရမိပါတယ်၊ ကျွန်တော်တို့ ထုတ်လွှင့်ရေးဌာနက နောက်လာမယ့် အစီအစဉ်တွေမှာ အလားတူ အဖြစ်မျိုး မဖြစ်အောင် သေချာလေး စောင့်ကြည့်ပါ့မယ်၊ ချန်ရှောင်ယန်နဲ့ ဝိုင်တို့က ကျွန်တော်တို့ ရုပ်မြင်သံကြား ထုတ်လွှင့်ရေး ဌာနကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်၊ နှစ်ယောက်လုံးကို ကျွန်တော်တို့ ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနက ကြိုဆိုနေပါတယ်]

ထိုအခိုက်တွင် မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာန၏ ရုံးချုပ်၌ …

“ဥက္ကဋ္ဌ၊ ကျွန်တော်တို့ အပြုအမူက နည်းနည်းများ လွန်သွားမလား”

ရှောင်ဝူသည် ဥက္ကဋ္ဌတင်း၏ အတွင်းရေးမှူး ဖြစ်သည်။ သူက ဝေ့ပေါ်မှ အုတ်အုတ်ကျက်ကျက် ဖြစ်နေသော ပြောဆိုမှုများကို ဖတ်ပြိး စိုးရိမ်နေသော လေသံဖြင့် မေးလေသည်။

“ဟားဟား မင်း နားမလည်ပါဘူး၊ ဒီကိစ္စရဲ့ အဓိကကျတဲ့အရာကို မင်း မမြင်သေးပါဘူးကွာ”

ဥက္ကဋ္ဌတင်းက ခေါင်းယမ်း၍ ရယ်သည်။

“ဟုန်နာက နက်ရှိုင်းတဲ့ နောက်ခံရှိတဲ့ ဂီတဘုရင်မ ဖြစ်ပြီးတော့ ချန်ရှောင်ယန်နဲ့ ဝိုင်တို့က ဘာအခြေခံမှ မရှိတဲ့ သူတွေမို့ ငါ့လုပ်ရပ်က မဆင်မခြင်လုပ်ရာ ကျလွန်းတယ်လို့ မင်း ထင်နေတာလား”

ရှောင်ဝူက မဝံ့မရဲဖြင့် ခေါင်းညိတ်ပြသည်။

“တရုတ်နိုင်ငံရဲ့ Top Voice လည်း အဲ့လိုပဲ ထင်ခဲ့တာ၊ အခု သူတို့ ဘယ်လို ပြဿနာတက်နေလဲ မြင်လား”

ဥက္ကဋ္ဌတင်းသည် မေးခွန်းထုတ်ပြီးနောက် တစ်ခဏမျှ ငြိမ်သွားပြီးမှ ဆက်ပြောသည်။

“ဝိုင်က သီချင်းလေးပုဒ်ပဲ ရေးထားတယ်ဆိုပင်မယ့် အဲ့လေးပုဒ်လုံးကနေ ငါ အကန့်အသတ်မရှိတဲ့ အလားအလာ တွေကို ငါ မြင်နေရတယ်၊ သူက ရတနာတွင်းလိုပဲ၊ ဂီတလောကတစ်ခုလုံးကို ကိုင်လှုပ်နိုင်တဲ့ ရတနာမျိုး”

ရှောင်ဝူ ပင့်သက်ရှိုက်မိသွားသည်။ ဥက္ကဋ္ဌက တစ်စုံတစ်ယောက်အား ဤသို့ ချီးကျူးသည်ကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

“သူက အဲ့လောက် အံ့ဩဖို့ကောင်းတာလား”

ဥက္ကဋ္ဌတင်းက အလေးအနက်ထား၍ ခေါင်းညိတ်ကာ ဆက်ပြောသည်။

“သေချာစဉ်းစားကြည့်၊ ဝိုင်က ဘယ်အခြေအနေတွေမှာ သူ့သီချင်းကို ရေးခဲ့တာလဲ”

ရှောင်ဝူ ငြိမ်ကျသွားသည်။ သို့သော် သူ့ဦးနှောက်က အသည်းအသန် အလုပ်လုပ်နေသည်။ သူ တွေးမိလေလေ ပိုပို၍ ထိတ်လန့်လာလေလေ ဖြစ်လာ၏။

စဉ်းစားပြီးနောက် သူ သတိပြုမိသွားလေသည်။ ချန်ရှောင်ယန်အတွက် မရှင်းလင်းသော အကြောင်းပြချက်တို့ဖြင့် ရေးထားသော ပထမဆုံးသီချင်းမှလွဲလျင် ကျန်သုံးပုဒ်လုံးက ဟုန်နာ၏ ရန်စခြင်းကို ဝိုင်က ပြန်တုံ့ပြန်ထားသော သီချင်းများ ဖြစ်လေသည်။

ထို့အပြင် အားလုံးက အတွေးထဲမှ ချက်ချင်း ထွက်လာခြင်း ဖြစ်ပြီး သီချင်းအားလုံးကို ပစ်မှတ်ထား၍ ရေးထားခဲ့သည်။

*ပါရမီရှင်*

*ကြောက်စရာကောင်းတဲ့ ပါရမီရှင်ပဲ*

ဝိုင်သာ သူ့လက်ရာများ ဖန်တီးခြင်း၌ အပြည့်အဝ အာရုံစိုက်ပါက သူ၏ ဂီတအောင်မြင်မှုက ကြောက်စရာ ကောင်းလောက်သည်။

“အခု မင်း နားလည်ပြီမလား”

ဥက္ကဋ္ဌတင်း၏ မျက်လုံးများ အရောင်တောက်လာသည်။

“ချန်ရှောင်ယန် အောင်မြင်လာတာ မတော်တဆ မဟုတ်ဘူး၊ အဓိကက ဝိုင်ကြောင့်ပဲ”

“ဒါက ဝိုင်က ကြယ်ပွင့်တွေကို မွေးထုတ်ဖန်တီးပေးနိုင်တယ်လို့ ဆိုလိုတာပဲ”

ရှောင်ဝူ၏ အသံက တုန်နေပြီး ဆက်ပြောလေသည်။

“ဝိုင်သာ ဆန္ဒရှိမယ်ဆိုရင် လက်ရာကောင်းတွေ အများကြီး ဖန်တီးနိုင်တာပဲ”

“ဟားဟား ဒါ အကုန် မဟုတ်သေးဘူး”

ဥက္ကဋ္ဌတင်းက လေးနက်သော မျက်နှာအမူအရာဖြင့် ပြုံးနေပြီး သိနေတယ်လေဟူသောဟန်နှင့် ပြောသည်။

“အခု ဝိုင်တွေ အများကြီး ပေါ်လာနေပြီးတော့ တစ်ယောက်ချင်းစီက အံ့ဩစရာကောင်းတဲ့ ကိုယ်ပိုင် အရည်အချင်းတွေ ရှိကြတယ်၊ တိုက်ဆိုင်တာဘဲဖြစ်ဖြစ် တမင်လုပ်တာပဲဖြစ်ဖြစ် ငါတို့ အေးအေးလူလူ ကျော်ဖြတ်ပြီး ဘယ်ဝိုင်ကိုမှ ရန်မစမိဖို့ လိုတယ်”

ထိုအခါတွင်မှ ရှောင်ဝူ နားလည်သဘောပေါက်သွားသည်။

ထိုစဉ် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာ နီရဲလာကာ စိတ်လှုပ်ရှားစွာ ထအော်လေသည်။

“ဥက္ကဋ္ဌ၊ ဝိုင်က ကျွန်တော်တို့ ကြေညာချက်ကို လိုက်ခ် လုပ်သွားတယ်”

ထိုလိုက်ခ်လုပ်ခြင်းသည် ဝိုင်၏ မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနကို တုံ့ပြန်ချက်ပင်။ နှစ်ဦးနှစ်ဖက် ကြားမှ အထင်လွဲမှုကို ပပျောက်သွားစေခဲ့လေပြီ။

ဥက္ကဋ္ဌတင်းက စိတ်လှုပ်ရှားစွာ ရယ်မောလိုက်ပြီး သူ လောင်းကြေးထပ်သည့်ဘက် မှန်ခဲ့ကြောင်း သိနေလေသည်။

တစ်ချိန်တည်းမှာပင် အဆိုတော်ဝိုင်က မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာန၏ ကြေညာချက်ကို လိုက်ခ်လုပ်သွားသည် ဟူသည့် သတင်းက လူအများကြားထဲ၌ ပျံ့နှံ့သွားသည်။

[လခွမ်း ဝိုင်က မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနရဲ့ ကြေညာချက်ကို လိုက်ခ်လုပ်တယ်ဟ]

[ဟားဟားဟား တရုတ်နိုင်ငံရဲ့ Top Voice ကတော့ သွားပြီပဲ၊ ဟုန်နာလည်း အတူတူပဲ၊ ဒါ မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးရဲ့ အတော်လေး ရဲတင်းတဲ့ လုပ်ရပ်ပါလား]

[ဒါ ဝိုင်နဲ့ နီးစပ်အောင် ကြိုးစားတဲ့လုပ်ရပ်လား၊ နောက်ပိုင်း မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနမှာ ဝိုင်ပေါ်လာမယ့်အချိန်ကို ငါ မျှော်လင့်နေမိပြီ]

[ဝိုင် မင်း ဘယ်တော့ ကိုယ့်ကိုယ်ကိုယ် လူလုံးထွက်ပြမှာလဲ၊ ငါ မင်းသီချင်းတွေကို အများကြီး ကြားချင် သေးတယ်]

…

ဟုန်နာမှာမူ ဝေ့ပေါ်တွင် ဒေါသူပုန်ထနေပြီး မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနအား ဆက်ဆံရေး ဖျက်သိမ်းခဲ့မှု၊ အညှာအတာမဲ့မှု၊ ဝါရင့်အနုပညာရှင်များကို အထင်သေးခြင်းနှင့် အမြတ်ထုတ်သည်ဟု ပြောဆိုကာ ဝေဖန်ပြစ်တင်နေ၏။

ထိုစကားများကလည်း ဝေဖန်သူများ၏ မှတ်ချက်ပင်လယ်ထဲ၌ နစ်မြုပ်သွားလေသည်။

မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာန၏ ကြေညာချက်ကို လိုက်ခ် ပေးပြီးနောက် ရဲ့လင်းချန်က ဝေ့ပေါ်ထဲမှ ထွက်လိုက်သည်။

ထိုအဖြစ်က မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနနှင့် ဘာမှသက်ဆိုင်ခြင်း မရှိပေ။ ထို့အပြင် သူတို့က သူတို့၏ စိတ်ရင်းကို ပြသခဲ့သဖြင့် တုံ့ပြန်မှုနှင့် ထိုက်တန်ပေသည်။ ရဲ့လင်းချန်က ရေပန်းစားမှုအမှတ်ကို စုဆောင်းရန် လိုအပ်နေပေသေးသည်။ သူတို့နှင့် သူ၏ ဆက်ဆံရေးကို ခွာပြဲအောင် လုပ်လိုက်ခြင်းက ဉာဏ်အမြော်အမြင်မရှိသော လုပ်ရပ်ပင်။

အားလပ်နေသော အချိန်ဖြစ်သဖြင့် ရဲ့လင်းချန် စနစ်မီနူးကို ဖွင့်လိုက်သည်။

လက်ရှိတွင် သူ၏ အဆိုတော်ဝိုင်ဇာတ်ရုပ်က အတော်လေး လူစိတ်ဝင်စားမှု များနေသည်။ သူသည် ချန်ရှောင်ယန်အတွက် တရုတ်နိုင်ငံ Top Voice ပြိုင်ပွဲတွင် ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်ကို ပထမဆုံး ရေးသားခဲ့ပြီး ထို့နောက်တွင် အလင်းနှစ်များစွာကို ရေးသားခဲ့သည်။

သီချင်းနှစ်ပုဒ်လုံးက အတော်လေး ပေါက်နေသည်။ ထို့နောက် ဟုန်နာ၏ ပြဿနာရှာသော အပြုအမူကြောင့် ဤအဖြစ်အပျက်က ပိုအရှိန်မြင့်လာပြီးနောက် သူ ရေးခဲ့သော လူတစ်ချို့ကလည်း များပြားသော ရေပန်းစားမှု အမှတ်များ ရရှိစေခဲ့သည်။

၇၀,၀၀၀ မှနေ၍ ၂၂၃,၆၉၈ သို့ တစ်ခဏအတွင်း ရောက်သွားလေသည်။

သူ မကြည့်မိလျင် ၎င်းကို သတိထားမိမှာ မဟုတ်ပေ။ တိုးတက်လာသော နှုန်းက ရဲ့လင်းချန်အား မှင်တက် သွားစေ၏။

သို့သော် ယင်းအား နားလည်နိုင်ပါသည်။ သီချင်းများ၏ အရည်အသွေးက မေးခွန်းထုတ်စရာပင် မလိုချေ။ တရုတ်နိုင်ငံ Top Voice မှ အဖြစ်အပျက်က ပရိသတ်များထံမှ ပို၍ စိတ်ဝင်စားမှု ရလာစေပြီး လွန်လွန်ကဲကဲ ကြော်ငြာလိုက်သလို ဖြစ်သွားသည်။ ဤမျှ ရေပန်းစားမှုအမှတ် ရလာခြင်းက အဓိပ္ပာယ် ရှိပါ၏။

ဂီတအပြင် ရဲ့လင်းချန်က နတ်ဘုရားများကို သုတ်သင်ခြင်းကိုလည်း ရေးထားသည်။ နတ်ဘုရားများကို သုတ်သင်ခြင်းက ဝတ္ထုအသစ် စာရင်းထဲ၌ ဖြစ်နေသေးသော်လည်း အစကတည်းက လူစိတ်ဝင်စားခံနေရလေပြီ။ ယင်းကလည်း သူ့အား ရေပန်းစားမှု အမှတ်များစွာကို ရစေပြီး အဆိုတော်ဝိုင်လောက်သာ မရသေးပေ။

သူ ရေပန်းစားမှုအမှတ်များ မြန်မြန်ရအောင် ကိစ္စများကို အုတ်အုတ်ကျက်ကျက် ဖြစ်အောင် လုပ်ရန် လိုနေသေးသည့်ပုံပင်။

ရေပန်းစားမှုအမှတ် နှစ်သိန်းကျော်က စွမ်းရည်နှစ်ခုကို အခြေခံအဆင့်သို့ ရောက်အောင်လုပ်ရန် လုံလောက် ပေသည်။

ရဲ့လင်းချန်သည် တစ်ခဏမျှ တွေးတောပြီးနောက် ရေပန်းစားမှုအမှတ်များကို ဆက်သိမ်းထားရန် ဆုံးဖြတ် လိုက်သည်။

လက်ရှိတွင် သူသည် စွမ်းရည်တော်တော်များများကို တတ်ကျွမ်းနေပြီဖြစ်ပြီး အခြေခံအဆင့်သို့ တိုးတက်အောင် လုပ်ရန် လိုအပ်သည့် စွမ်းရည်ကလည်း အနည်းအကျဉ်းသာ ရှိသည်။ သူ ရေပန်းစားမှုအမှတ်များကို ပိုစုထားပြီး အလယ်အလတ်အဆင့်သို့ မြှင့်နိုင်ရန် အမှတ် တစ်သန်းရောက်အောင် စောင့်လိုက်သင့်သည်။

အခြေခံအဆင့်များကပင် ဤမျှ အံ့ဩစရာကောင်းနေလျင် အလယ်အလတ်အဆင့်များက ဘယ်လိုနေမလဲ ရဲ့လင်းချန် သိချင်မိသည်။

ဥပမာအားဖြင့် ပြောရလျင် လျင်မြန်စွာပြေးခြင်းပညာပင်။ ယင်းသာ အလယ်အလတ်အဆင့်သို့ ရောက်သွားပါက နောက်တစ်ခါ မီးလောင်မှု ဖြစ်သွားပါက သူ သွားလိုသည့် နေရာသို့ ချက်ချင်း ရောက်အောင် သွားနိုင်လောက်သည်ဟု ခန့်မှန်းမိသည်။ ခွေးဘာသာစကားဆိုလျင်လည်း သူ ရှောင်ချင်နှင့်ရှောင်ဟွေတို့ကို တိုက်ရိုက် ဆက်သွယ်ပြောဆိုနိုင်လောက်သည်။ ထို့အပြင် ဝေဖန်မှုပညာ၊ သားရဲယဉ်ပါးခြင်းပညာ၊ အရဟာ လက်သီးနှင့် အခြားပညာများလည်း ရှိသေးသည်။

*အလယ်အလတ်အဆင့် စွမ်းရည်တွေက တော်တော် မက်မောစရာကောင်းတာပဲ၊ တွေးမိရုံနဲ့တင် တော်တော် ပျော်နေပြီ*

All Chapters