အခန်း (၂၅၃-၂၅၄)
Vol. 26 Ch. 253-254
အခန်း (၂၅၃) မီးပုံးပွဲတော်
မီးပုံးပွဲတော်။
ယွင်ဟွားသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ နဖူးထက်တွင် ပန်းပွင့်ပုံစံ တန်ဆာဆင်ထားရာ တောက်ပလောင်ကျွမ်းနေသော နေမင်းကြီးကဲ့သို့ စူးရှတောက်ပပြီး တက်ကြွသော စွမ်းအင်များ ဖြာထွက်နေလေ၏။
"ရှောင်ယွမ်ယွမ်..."
ယွင်ဟွားသည် ယွင်အိမ်တော်၏ တံခါးဝမှ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ချစ်လှစွာသော ခင်ပွန်းလောင်းကို မြင်တွေ့လိုက်ရလေသည်။ သူသည် ထင်းရှူးပင်တစ်ပင်ကဲ့သို့ မတ်မတ်မတ်မတ် ရပ်နေပြီး သူ၏ အေးစက်ကာ ချောမောသော မျက်နှာထက်တွင် မွန်မြတ်သော အငွေ့အသက်များ ဖြာထွက်နေလေ၏။
သူ၏ မျက်ခုံးများတွင် အေးစက်ပြီး ခပ်တည်တည်နိုင်သော အငွေ့အသက်များ ရှိနေသော်လည်း နူးညံ့သိမ်မွေ့မှုများလည်း ရှိနေလေသည်။ သူ၏ မျက်လုံးများသည် တောက်ပကာ နက်ရှိုင်းနေပြီး ယွင်ဟွားကို အလွန်အမင်း အလိုလိုက်မြတ်နိုးသည့် အကြည့်များဖြင့် ကြည့်နေလေ၏။
"ဟွားအာလေး..."
နန်ကုန်းယွမ်သည် မျက်တောင်များကို အနည်းငယ်ပင့်လိုက်ပြီး သူ့ထံသို့ ပြေးလာနေသော သူ၏ ဇနီးလေးကိုကြည့်ကာ လက်မောင်းများကို ဆန့်တန်းလိုက်လေသည်။
နောက်တစ်စက္ကန့်တွင်။
သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း အေးခဲသွားလေ၏။ အကြောင်းမှာ သူ၏ လက်မောင်းထဲတွင် ကလေးငယ်တစ်ဦး ရောက်ရှိနေပြီး သူ့ကို ပြုံးဖြီးဖြီးဖြင့် ကြည့်နေသောကြောင့် ဖြစ်သည်။
"တူတော်... ဒီနေ့ည ငါ့ရဲ့ သားအငယ်ဆုံးကို ဂရုစိုက်ပေးဖို့ မင်းကို အလုပ်ရှုပ်ခံခိုင်းရတော့မယ်..."
ယွင်ရှောင်ထျန်းက ပြုံးလျက် ပြောလိုက်ပြီး သူ၏ အခြားလက်တစ်ဖက်ကိုမူ သူ၏ သမီးငယ်လေး၏ ခေါင်းပေါ်သို့ တင်းကျပ်စွာ ဖိချထားလေ၏။
အလွန်ပင် ရင်ကွဲစရာကောင်းလှပေသည်။
မိမိအိမ်မှ ဤမုန်ညင်းဖြူလေးသည် သူမ၏ ကိုယ်ပိုင်ရေဇလုံကို ကောက်ကိုင်ကာ ဝက်နောက်သို့ လိုက်ပြေးရန် ကြိုးစားနေလေ၏။
နန်ကုန်းယွမ်မှာ…
ဟီးဟီးဟီး…
အမြဲတမ်းလိုလိုပင် သူမ၏ အနာဂတ်ယောက္ခမသည် ဤစုံတွဲကို ခွဲပစ်ရန် စိတ်ပိုင်းဖြတ်ထားလေသည်။
"အဖေ...အဲ့လိုလုပ်လို့မရဘူးလေ..."
ယွင်ဟွားသည် ခြေဆောင့်လိုက်ပြီး ရှောင်ယွမ်ယွမ်၏ လက်မောင်းထဲမှ သူမ၏ မောင်လေးကို ပြန်ယူရန် လက်လှမ်းလိုက်လေသည်။
သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေသည်မှာ ထိုကလေးငယ်က နန်ကုန်းယွမ်၏ လည်ပင်းကို ဖက်တွယ်ထားပြီး လွှတ်မပေးခြင်းပင် ဖြစ်၏။
"ဟင့်အင်း... မလုပ်ဘူး... အစ်ကို ပွေ့ချီထားတာကိုပဲ လိုချင်တာ..."
ကလေးငယ်လေးသည် နှုတ်ခမ်းဆူထားပြီး ဘာပဲဖြစ်ဖြစ် လွှတ်မပေးပေ။
ယွင်ဟွားသည် စိုးရိမ်ပူပန်မှုကြောင့် ချွေးများပင် ပြန်လာလေ၏။ အင်အားသုံးလိုက်လျှင် ကလေးငယ် ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် သူမသည် ချော့မော့ရုံသာ တတ်နိုင်တော့သည်။
"မောင်လေး... လိမ္မာတယ်နော်... လွှတ်လိုက်ရအောင်... စတုတ္ထအစ်မက နောက်မှ မောင်လေးအတွက် သကြားလုံး ဝယ်ကျွေးမယ်နော်..."
ဝါး... သူမသည် သူမ၏ ခင်ပွန်းလေးနှင့် နှစ်ကိုယ်တည်း အတူရှိနေချင်ခဲ့ခြင်း ဖြစ်လေ၏။
ကလေးငယ်လေး၏ မျက်လုံးများက အရောင်လက်သွားသော်လည်း သူ၏ ဗိုက်လေးကို အားပါးတရ စုပ်သွင်းလိုက်ပြီးနောက် သူ၏ မျက်နှာလေးပေါ်တွင် ရှုံးနိမ့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။
"ဟင့်အင်း... မရဘူး... ကျွန်တော် မဆာသေးဘူး..."
ယွင်ဟွား....
မဟုတ်သေးဘူး... ဤကောင်စုတ်လေးက ယနေ့ ကောင်းကင်နတ်ဘုရားတွေကို ဆန့်ကျင်နေတာပဲ။
ယွင်ရှောင်ထျန်းသည် စိတ်မရှည်ဖြစ်နေသော သူ၏ သမီးငယ်လေးကိုကြည့်ကာ သူ၏ သားအငယ်ဆုံးကို မျက်စိမှိတ်ပြလိုက်လေ၏။ ကံကောင်းထောက်မစွာဖြင့် သူသည် ကလေး၏ ဗိုက်လေးကို စောစောစီးစီးကတည်းက ဖြည့်တင်းပေးထားခဲ့သဖြင့် မည်သည့်လှည့်ကွက်မျိုးကမျှ အလုပ်ဖြစ်မည် မဟုတ်ပေ။
ကလေးငယ်လေးသည် သူ၏ နှုတ်ခမ်းများကို စေ့လိုက်ပြီး အချက်ပြမှုကို ရရှိပြီးနောက် သူ၏ လက်တံတိုလေးနှစ်ဖက်ဖြင့် ပို၍ပင် တင်းကျပ်စွာ ဖက်တွယ်ထားလိုက်လေသည်။
သူ့ဖခင်က ဤလူသည် သူ၏ စတုတ္ထအစ်မကို ခိုးယူရန် ရောက်လာခြင်းဖြစ်ပြီး သူတို့နှစ်ဦးကို အတူတူထားခဲ့၍မရဟု ပြောထားလေ၏။ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်လျှင် ဆုလာဘ်ရမည်ဟုလည်း ဖခင်ဖြစ်သူက ပြောထားသည်။
ကစားစရာများနှင့် မုန့်များ ကြိုက်ရာကို ရွေးချယ်နိုင်သည်။
ဖခင်ဖြစ်သူက သူသည် တားဆီးမည့် ခလုတ်ကန်သင်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး တစ်တွဲပြီးတစ်တွဲ ဖျက်ဆီးပစ်ရမည်ဟု ဆိုထားလေ၏။ သူ၏ အစ်မများအားလုံးသည် သူနှင့်သာ သက်ဆိုင်ပြီး မည်သူကမျှ ခေါ်ဆောင်သွား၍ မရပေ။ သို့မဟုတ်ပါက သူတို့ကို ဘယ်တော့မှ ပြန်တွေ့ရတော့မည် မဟုတ်ဟု ဆိုထားလေသည်။
တတိယမင်းသားသည် ဘေးဘက်မှနေ၍ ဤပြဇာတ်ကို ကြည့်ရှုနေကာ ရယ်မောလုနီးပါး ဖြစ်နေသော်လည်း ယွင်ဝေ ထွက်လာသည်ကို မြင်လိုက်ရသောအခါ သူ၏ အဝတ်အစားများကို သေသပ်အောင် ပြင်ဆင်လိုက်ပြီး လျင်မြန်စွာ ပြေးသွားလေ၏။
သို့သော် ဘယ်သူသိမည်နည်း။
တစ်စုံတစ်ယောက်က သူ၏ ပခုံးကို ဖက်လိုက်လေသည်။
"တတိယမင်းသား... ဒီနေ့ညမှာ ပဟေဠိကစားပွဲတစ်ခု ရှိတယ်... ငါတို့တွေ ပြိုင်ပွဲလေးတစ်ခုလောက် လုပ်ကြရင်ကော... အကယ်၍ မင်း ငါ့ကို အနိုင်ယူနိုင်ရင် ငါ့ရဲ့ တတိယအစ်မကို မင်း တွေ့ဖို့ ငါ ထပ်ပြီး မတားတော့ဘူး... ဘယ်လိုလဲ..."
တတိယမင်းသားသည် ကျိန်ဆဲလုနီးပါး ဖြစ်သွားလေ၏။
ဇနီးတစ်ယောက်ရဖို့က လွယ်ကူသလား။
"အနာဂတ် ယောက်ဖတော်... မင်းက ငါ့ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား..."
"မြို့တော်ရဲ့ အာဏာရှင်လေးဖြစ်တဲ့ ငါက အချိန်တိုင်း စားသောက်နေတဲ့ ပျင်းရိတဲ့ မင်းသားတစ်ပါးသာဖြစ်တယ်... ငါက မင်းထက်စာရင် အနည်းငယ်လောက်ပဲ ပိုသိတာပါ... မင်းနဲ့အတူ ပဟေဠိဖြေရှင်းဖို့ ယှဉ်ပြိုင်ရတာက ငါ့ကို သတ်ပစ်တာနဲ့ မထူးပါဘူး..."
တတိယမင်းသားသည် သေချင်စိတ်ပင် ပေါက်သွားသော်လည်း သူ၏ အနာဂတ်ယောက်ဖဖြစ်သူကို ဖိအားပေးရန် သူ၏ မင်းသားရာထူးကို အသုံးမပြုနိုင်ပေ။
သူ၏ မျက်နှာအမူအရာကိုကြည့်ကာ ယွင်ချင်းမော့က ကူကယ်ရာမဲ့သလို ခံစားလိုက်ရလေ၏။
သူသည်လည်း သူ၏ ကိုယ်ပိုင်ဖခင်ထံမှ ခြိမ်းခြောက်ခံထားရခြင်းဖြစ်သည်။ အကယ်၍ သူသာ ဤမြွေပါကောင်ကို မတားဆီးနိုင်ပါက ကျန်းမိသားစုထံသို့ တောင်းရမ်းရန် သွားမည့်ကိစ္စကို ဖခင်ဖြစ်သူက ရွှေ့ဆိုင်းထားမည်ဟု ဆိုထားလေ၏။
*ငါသေတာထက်စာရင် မင်းသေတာက ပိုကောင်းပါတယ်... ဒါကြောင့် မင်းကိုယ်မင်း အနစ်နာခံသင့်တယ်…*
ယွင်ရှောင်ထျန်းက အလွန်ကို ကျေနပ်နေပြီး သူ၏ နှုတ်ခမ်းထောင့်များက အပြုံးများမှ ဘယ်သောအခါမှ မခွာတော့ပေ။
"ရှင် သိပ်ပြီး အလွန်အကျွံမလုပ်နဲ့နော်..."
ချွေ့ဝမ်ရှင်းသည် သူမ၏ လက်သီးကို တိတ်တဆိတ် ဆုပ်ထားလိုက်သော်လည်း ယွင်ရှောင်ထျန်းက သူမ၏ လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်လေ၏။
သူက ရယ်မောလျက် ပြောလိုက်သည်။
"မင်းကို လက်ထပ်ခွင့်မရခင်က မင်းအဖေရဲ့ လက်ထဲမှာ ငါ အများကြီး ဒုက္ခခံခဲ့ရတာလေ... အခုတော့ သူတို့ကို ဒုက္ခမပေးရဘူးဆိုရင် ငါ ခံစားရတာ အဆင်ပြေမှာ မဟုတ်ဘူး..."
ချွေ့ဝမ်ရှင်း…
"ဖူး..."
ကိုယ်လုပ်တော်လီက သူမ၏ ပါးစပ်ကိုအုပ်ကာ အသံထွက်၍ ရယ်မောလိုက်လေ၏။
"သခင်မ... အဲ့အချိန်တုန်းက သခင်ကြီးက နယ်စားကြီးရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို အမှန်တကယ်ပဲ ခံခဲ့ရတာပါ..."
ထိုမြင်ကွင်းကို တွေးမိတိုင်း သူမက မရယ်ဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။
"နင်ကပါ ငါ့ကို လှောင်ပြောင်နေပြီပေါ့..."
ချွေ့ဝမ်ရှင်းက သူမ၏ လက်ကိုဆွဲကာ ပြောလိုက်လေ၏။
“နင်လည်း တစ်နေ့လုံး အိမ်တော်ထဲမှာပဲ နေနေတာဆိုတော့ ဒီနေ့ ငါတို့နဲ့အတူ လိုက်ခဲ့ပြီး လာပျော်ကြရအောင်..."
ကိုယ်လုပ်တော်လီသည် အလျင်အမြန် ခေါင်းယမ်းလိုက်လေသည်။
“သခင်မ... ရှင့်တို့တွေပဲ သွားကြပါ... ကျွန်မ ဒီနေရာမှာပဲ နေခဲ့ပါ့မယ်..."
သူမ စကားမဆုံးမီမှာပင် ယွင်ရှောင်ထျန်းက ဖြတ်ပြောလိုက်လေ၏။
“ငါတို့က မိသားစုတွေပဲ... အားလုံး အတူတူရှိနေရမယ်... ဘယ်သူမှ လျော့နေလို့ မဖြစ်ဘူး..."
ကိုယ်လုပ်တော်လီ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီးနောက် သူမက ခေါင်းညိတ်လိုက်လေသည်။
ဤမျှ နွေးထွေးပြီး ချစ်ခင်ကြင်နာတတ်သော မိသားစုတစ်ခုရှိနေခြင်းက သူမအတွက် အလွန်ထူးခြားသော အရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ခြင်းပင်ဖြစ်၏။
ယွင်မိသားစုတစ်ခုလုံး လှုပ်ရှားလာကြလေသည်။ ယွင်ဟွားသည် ကလေးငယ်အား လွှတ်ပေးရန် အစွမ်းကုန် ချော့မော့နေသော်လည်း နန်ကုန်းယွမ်၏ မျက်နှာပေါ်တွင်မူ အပြုံးတစ်ခုရှိနေကာ အေးချမ်းသော ဘဝကို ခံစားနေရသကဲ့သို့ ဖြစ်နေလေ၏။
သူတို့သုံးဦးသည် ရှေ့မှ လျှောက်သွားကြပြီး ယွင်ချင်းမော့၏ ဆွဲထားခြင်းကို ခံထားရသော တတိယမင်းသားမှာမူ မနာလိုစွာဖြင့် ကြည့်နေလေသည်။
သူတို့က တကယ့်ကို မိသားစု သုံးယောက်နှင့် တူလှပေသည်။ အထူးသဖြင့် ထိုကလေးငယ်မှာ သူ၏ ညီတော်နှင့် အတူဆုံးဖြစ်လေ၏။
မြို့တော်တစ်ခုလုံး လင်းထိန်နေပြီး လူအုပ်ကြီးသည် အရပ်မျက်နှာ အသီးသီးမှ ဝင်ရောက်လာကြလေသည်။ လူများ၏ မျက်နှာများတွင် ပျော်ရွှင်သော အပြုံးများ ပြည့်နှက်နေပြီး လမ်း၏ တစ်ဖက်တစ်ချက်စီတွင် မျက်စိကျိန်းလောက်အောင် တောက်ပနေသော မီးပုံးအမျိုးမျိုးကို ချိတ်ဆွဲထားလေ၏။
ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများသည် မြင့်တက်လာလိုက် ကျဆင်းသွားလိုက်ဖြစ်နေပြီး မီးပုံးများက လမ်းများကို နေ့လယ်ခင်းကဲ့သို့ လင်းထိန်နေစေသည်။
"ကျား... ကျားလေး... အဲ့ဟာ လိုချင်တယ်..."
ကလေးငယ်သည် ဈေးဆိုင်တစ်ခုပေါ်ရှိ ကျားမီးပုံးတစ်ခုကို လက်ညှိုးထိုးပြလိုက်ရာ သူ၏ မျက်လုံးများမှာ တောက်ပလင်းလက်နေလေ၏။ ယွင်ဟွားသည် ရွေးချယ်စရာမရှိဘဲ သူမ၏ ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်ရလေသည်။
“ပန်းကလေး... ငါလည်း တစ်ခုလိုချင်တယ်..”
ငရဲလကျောက်သည် ကြာပန်းပုံစံ မီးပုံးတစ်ခုကို သဘောကျသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေလေ၏။ အကြောင်းမှာ ထိုအရာက သူ၏ မူလပုံစံနှင့် ၇၀ ရာခိုင်နှုန်းခန့် တူညီနေသောကြောင့် ဖြစ်သည်။
“ပန်းကလေး... ငါ ယုန်လေး လိုချင်တယ်.. ယုန်လေး..”
သေခြင်းရှင်ခြင်းစာအုပ်သည် ယွင်ဟွား၏ ဆံပင်ကို ဆွဲကိုင်ကာ ဘေးဘက်ရှိ ဆိုင်ဆီသို့ သူမကို ခေါ်သွားရန် ကြိုးစားနေလေ၏။
“ဟွားဟွား... ပေပေ့အတွက် အရင်ဝယ်ပေး... ပေပေ့က မျက်နှာဖုံး လိုချင်တယ်... အဲ့ကြောက်စရာကောင်းတဲ့ မျက်နှာဖုံးက ငါ့စတိုင်နဲ့ လိုက်ဖက်တယ်..”
“ဟင့်အင်း... ကြာပန်းမီးပုံးကို အရင်ဝယ်မယ်လို့ ငါအရင်ပြောထားတယ်လေ…”
“ငါက ဆရာကြီးပဲ... ငါပြောတာ နားထောင်စမ်း... ယုန်လေးကို ဝယ်..”
“ပေပေ့က အငယ်ဆုံးဖြစ်တဲ့အတွက် ပေပေ့သဘောကျတဲ့ မျက်နှာဖုံးကို အရင်ဝယ်ပေးရမယ်..”
ယွင်ဟွား၏ နားများက ထိုအသံ လေးသံကြောင့် နာကျင်လာလေ၏။
“အားလုံးကို ဝယ်ပေးမယ်.. တစ်ခုပြီးတစ်ခု ဝယ်မယ်.. ရန်ဖြစ်ခွင့် မပြုဘူး..”
ယွင်ဟွားသည် သူမက ရှုခင်းကြည့်ရန် ရောက်လာခြင်းမဟုတ်ဘဲ သူတို့၏ အသုံးစရိတ်များကို ပေးချေရန် ရောက်လာခြင်းဖြစ်သည်ဟု ခံစားလိုက်ရလေသည်။
လူများသည် "ခေါင်းခွဲမင်းသမီး" ၏ ထူးခြားသော အပြုအမူများအကြောင်းကို အချိန်အတော်ကြာကတည်းက သိရှိထားပြီးဖြစ်ရာ သူမ၏ အတွေးများကို ကြားပြီးနောက်တွင် တည်ငြိမ်အေးဆေးစွာပင် ရှိနေကြလေ၏။
“ယုံအန်းမင်းသမီး”
ကလေးငယ်များ၏ အသံများကို ကြားလိုက်ရသဖြင့် ချန်ကျဲဟန်သည် သူ၏ အသက်တစ်နှစ်နီးပါးအရွယ် သမီးငယ်လေးကို ပွေ့ချီကာ ယွင်ဟွားရှိရာသို့ တိုးဝှေ့လာလေ၏။
သူ၏ လက်မောင်းထဲရှိ ကလေးမလေးသည် နန်ကုန်းယွမ်၏ လက်မောင်းထဲမှ ကလေးငယ်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေပြီး သွားရည်များကျကာ ခုန်ပေါက်လျက် နန်ကုန်းယွမ်ထံသို့ လက်လှမ်းလိုက်လေသည်။
"အား... အား... သူ့ကို... လိုချင်တယ်..."
စကားမပီသသေးသော ကလေးမလေးသည် ကလေးငယ်လေး၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီး ရှင်းလင်းသော စကားလုံးသုံးလုံးကို အောင်မြင်စွာ ပြောထွက်လာနိုင်ခဲ့လေ၏။
ယွင်ဟွားသည် သူမ၏ ဖောင်းမို့နေသော ပါးပြင်လေးကို ဆွဲညှစ်လိုက်သည်။ သူမက အမှန်တကယ်ပင် အလွန်ချစ်စရာကောင်းလှ၏။
ကလေးမလေးက မယုံနိုင်လောက်အောင် အားသန်လှပေသည်။ ချန်ကျဲဟန်သည် သူမကို မနည်းထိန်းကိုင်ထားရလေ၏။ သူက သူမ၏ တင်ပါးလေးကို ညင်သာစွာ ပုတ်လိုက်ပြီး ချော့မော့လိုက်သည်။
"လိမ္မာတယ်နော်... ဆက်ပြီး ပေါက်ကရမလုပ်နဲ့တော့..."
ချန်ကျဲဟန်သည် သူ၏ သမီးအငယ်ဆုံးလေးက အနာဂတ်တွင် ယွင်မိသားစု၏ သားလေးနောက်သို့ လိုက်နေလိမ့်မည်ဟု ယွင်ဟွား တစ်ခါက ပြောခဲ့ဖူးသည်ကို ချက်ချင်း သတိရသွားလေ၏။
သူမက အခု အသက်ဘယ်လောက်ရှိသေးလို့လဲ။
ဤအရာက သူမ၏ စစ်မှန်သော သဘာဝကို ဖော်ပြနေပြီ ဖြစ်လေသည်။
ကလေးငယ်လေးသည် သူ တောင့်တနေခဲ့သော ကျားမီးပုံးလေးကို ကိုင်ထားလျက် ကလေးမလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နန်ကုန်းယွမ်ကို ပြန်လည်ဖက်တွယ်ထားလိုက်လေ၏။
"အား... ဝါး…သူ့ကိုလိုချင်တယ်..."
သူမကို လျစ်လျူရှုထားသည်ကို မြင်သောအခါ ကလေးမလေးက စိုးရိမ်လာပြီး သူ၏ အပေါ်သို့ ခုန်အုပ်လိုက်ရာ ချန်ကျဲဟန်ကို လန့်သွားစေလေ၏။ နန်ကုန်းယွမ်သည် ကလေးမလေးကို ပွေ့ချီရန်အတွက် သူ၏ လက်တစ်ဖက်ကို အလျင်အမြန် လွတ်စေလိုက်ရလေသည်။
ကလေးမလေးသည် သူမ၏ ရည်မှန်းချက် အောင်မြင်သွားသဖြင့် ကလေးငယ်လေး၏ ခေါင်းကို ဖက်ကာ သူ့ကို နမ်းလိုက်လေ၏။
ကျယ်လောင်ပြီး ပြတ်သားသော "ရွှတ်" ဟူသည့် အသံနှစ်သံ ထွက်ပေါ်လာလေသည်။
ချန်ကျဲဟန်၏ နှလုံးသားမှာ ပြန်လည်မွမ်းမံ၍ မရနိုင်လောက်အောင် ကြေမွသွားလေပြီ။
"ဟားဟားဟား... အဘိုးကြီးချန်... မင်းရဲ့ သမီးက မင်းကို မလိုချင်တော့ဘူး... ဒီကနေ့ကစပြီး သူမကို ငါ့အိမ်ဆီ တိုက်ရိုက် ပို့လိုက်ရင် မကောင်းဘူးလား..."
ယွင်ရှောင်ထျန်းက အလွန်ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။
ချန်ကျဲဟန်မှာ မေ့လဲလုနီးပါး ဖြစ်သွားလေသည်။
သူသည် ယခင်က ဤအကြောင်းကို ထည့်ပြောခဲ့ဖူးသော်လည်း ထိုအရာက သူ၏ သမီးအငယ်ဆုံးကို ယွင်မိသားစုထံသို့ အမှန်တကယ် ပို့ဆောင်ရန် ရည်ရွယ်ထားသည်ဟု မဆိုလိုပေ။
ချန်ကျဲဟန်သည် ယွင်ရှောင်ထျန်းနှင့် ရန်ဖြစ်ရန် ပြင်လိုက်စဉ်မှာပင် အိမ်ရှေ့စံကြင်ယာတော်ဘက်မှ အစောင့်တစ်ဦး လျှောက်လာလေ၏။
"ယုံအန်းမင်းသမီး... အိမ်ရှေ့စံကြင်ယာတော်က သင်္ဘောပေါ်က တွေ့ဆုံပွဲတစ်ခုကို တက်ရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်..."
“ငါ့ရဲ့ အလှလေးတွေ... ငါ့ရဲ့ မိန်းမလှလေးတွေ..”
ယွင်ဟွားသည် သူမ၏ စိတ်ထဲတွင် အော်ဟစ်လိုက်ပြီး နန်ကုန်းယွမ်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားလေ၏။
အခန်း (၂၅၄) အပျော်စီးသင်္ဘောပေါ်တွင် နန်ကုန်းယွမ်က သတ္တဝါငယ်လေးအချို့ကို မြင်တွေ့နိုင်ခဲ့ခြင်း
အိမ်ရှေ့စံသည် သူ၏ သွားများကို အမှုန့်ဖြစ်မတတ် ကြိတ်ထားမိလေ၏။
ဤကဲ့သို့ ဖြစ်လာမည်ကို သူ ကြိုသိနေခဲ့သည်။
ထို့ကြောင့်…
ဤနှစ်တွင် အတင်းအဖျင်းပြောဆိုခြင်းများကို ရှောင်ရှားရန် သူ၏ ခရီးစဉ်အစီအစဉ်ကို ပြောင်းလဲခဲ့သော်လည်း မျှော်လင့်မထားဘဲ အစီအစဉ်အချို့ကို သွားရောက်လုပ်ဆောင်ပြီး ပြန်လာချိန်တွင် သူ မတွေ့ချင်ဆုံးဖြစ်သောသူက သူ၏ ဇနီးသည်နေရာကို ဝင်ယူထားသည်ကို မြင်တွေ့လိုက်ရလေသည်။
အေးစက်သော အငွေ့အသက်များ ဖြာထွက်နေသည့် အိမ်ရှေ့စံက နန်ကုန်းယွမ်၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး အရက်တစ်ငုံ သောက်လိုက်လေ၏။
"ငါ မင်းကို ပြောရဦးမယ်... မင်းက နည်းနည်းလောက် ပိုပြီး ပြတ်ပြတ်သားသား လုပ်ပြီး မင်းရဲ့ ဇနီးကို ပြန်မခေါ်နိုင်ဘူးလား..."
အိမ်ရှေ့စံသည် သူ၏ ဇနီးဖြစ်သူ ထပ်မံခေါ်ဆောင်သွားခံရသည်ကို မြင်သော်လည်း ဒေါသထွက်နေသည့်တိုင် ဖွင့်မပြောရဲဘဲ သူ၏ ဝမ်းကွဲညီဖြစ်သူကိုသာ လှည့်၍ ပြဿနာရှာနိုင်တော့သည်။
နန်ကုန်းယွမ်မှာလည်း ဒုက္ခရောက်နေလေသည်။
သူက သူ၏ ဇနီးငယ်လေး၏ အာရုံစိုက်မှုကို မလိုချင်သည့်အလားပင်။
"လာစမ်းပါ... ဒီကလေးနှစ်ယောက်ကို မင်း ဂရုစိုက်ထားလိုက်... ငါ့ရဲ့ ကလေးမလေးကို ငါ သွားခေါ်လိုက်ဦးမယ်..."
အနာဂတ် ယောက္ခမဖြစ်သူက ယောက္ခမလောင်းကို မီးပုံးပွဲတော်သို့ ခေါ်ဆောင်သွားပြီး အမတ်ချန်ကလည်း သူ၏ ဇနီးဖြစ်သူကို ဆွဲခေါ်သွားလေ၏။ သူကမူ ကလေးထိန်းဖြစ်နေပြီး သူတို့၏ ကလေးများကို ကြည့်ရှုပေးရန် သီးသန့် ရောက်ရှိနေခြင်း ဖြစ်သည်။
နန်ကုန်းယွမ်သည် ဤဒုက္ခပေးတတ်သော သတ္တဝါငယ်လေးနှစ်ဦးကို ဖယ်ရှားပစ်လိုသည်မှာ ကြာပြီဖြစ်သည်။ ကလေးငယ်လေးက သူ၏ လက်မောင်းထဲမှ မထွက်သကဲ့သို့ ကလေးမလေးကလည်း သူ့ကို လွှတ်မပေးပေ။
အိမ်ရှေ့စံက သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် အထိန်းတော်ကို လက်ယပ်ခေါ်ကာ ပြောလိုက်လေ၏။
"ဝမ်းကွဲညီလေး... စိတ်မရှိနဲ့နော်... မင်းက ကလေးနှစ်ယောက်ကိုတောင် မထိန်းနိုင်ဘူးဆိုတော့ ဘာအသုံးကျတော့မှာလဲ..."
ကလေးငယ်လေးမှာ ထက်မြက်လှသည်။ အခြေအနေ မကောင်းသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲရှိ ကစားစရာကို အောက်ချလိုက်ပြီး နန်ကုန်းယွမ်၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဖက်ကာ သွားဖြီးပြပြီး အိမ်ရှေ့စံကို စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။
"ငါ့အနားက ဖယ်စမ်း..."
"ဟေး... မင်းလို ကောင်စုတ်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်လေး ကြမ်းပါလား…”
အိမ်ရှေ့စံသည် ဖရဲသီးဝိညာဉ်နှင့် ဆင်တူသော မျက်နှာလေးကိုကြည့်ကာ သူ၏ စိတ်ထဲတွင် ဆိုးသွမ်းသော အတွေးတစ်ခု ပေါ်လာလေ၏။ သူသည် လက်လှမ်းကာ ထိုမျက်နှာလေးကို ဆွဲညှစ်ရန် ပြင်လိုက်သည်။
ကလေးငယ်လေးသည် သူ၏ မျက်မှောင်ကို ကြုတ်လိုက်ပြီး အိမ်ရှေ့စံက သူ့ထံသို့ ချဉ်းကပ်လာချိန်မှာပင် သူ၏ လက်သေးသေးလေးများဖြင့် အင်္ကျီအတွင်းသို့ နှိုက်လိုက်လေ၏။
မင်းကို ငါ အချက်အနည်းငယ်လောက် ထုလိုက်ဦးမည်။
အိမ်ရှေ့စံ၏ လက်သည် အုတ်ခဲတစ်လုံး၏ ခပ်ပြင်းပြင်း ထုရိုက်ခြင်းကို ခံလိုက်ရလေသည်။
ကလေးငယ်လေးသည် အိမ်ရှေ့စံ၏ ခေါင်းကို စိုက်ကြည့်ကာ သူ၏ လက်ထဲရှိ သစ်သားအုတ်ခဲလေးကို ကြမ်းတမ်းသော အမူအရာဖြင့် မြှောက်ထားလေ၏။ ဦးခေါင်းခွံကို ခွဲပစ်ချင်နေသကဲ့သို့ ဖြစ်နေသော သူ၏ ဟန်ပန်မှာ အတင်းအဖျင်းပြောသူ၏ ပုံစံအတိုင်း ကွက်တိပင် ဖြစ်လေသည်။
အိမ်ရှေ့စံ၏ လက်မှာ မနာကျင်သော်လည်း ကလေးငယ်လေး၏ အပြုအမူကြောင့် နန်ကုန်းယွမ်နှင့် အိမ်ရှေ့စံ နှစ်ဦးစလုံးမှာ ဆွံ့အသွားကြလေသည်။
"နေပါဦး... မင်းတို့ ယွင်မိသားစုက အုတ်ခဲတွေ ထုတ်လုပ်နေတာလား... ဘယ်လိုလုပ်ပြီး လူတိုင်းမှာတစ်လုံးစီ ရှိနေရတာလဲ..."
အိမ်ရှေ့စံသည် သဘောကျသွားပြီး ကလေးငယ်လေးကို ဆက်လက်စနောက်လိုသော်လည်း သူ၏ ဘေးရှိ ကလေးမလေးက အခွင့်အရေးကို ဆုပ်ကိုင်ကာ သူမ၏ သွားသေးသေးလေးများ ပေါ်လာသည်အထိ သူ၏ လက်ကို ကိုက်ချလိုက်လေ၏။
"ရွှီး..."
အိမ်ရှေ့စံသည် အသံထွက်သွားပြီးနောက် ထိုကလေးမလေးက သူ၏ အရေပြားတစ်စိတ်တစ်ပိုင်းကို ကိုက်ထားလျက် သူမ၏ သွားများဖြင့် အပြန်ပြန်အလှန်လှန် ကြိတ်ဝါးနေလေ၏။
"သူတို့က တကယ်ပဲ လိုက်ဖက်တဲ့ အတွဲပါပဲ... ဒီကောင်မလေးက သူမရဲ့ လူကိုတောင် ဘယ်လို ကာကွယ်ရမလဲဆိုတာ သိနေသေးတယ်..."
အိမ်ရှေ့စံသည် သူမ၏ မျက်နှာလေးကို ဆွဲဖယ်လိုက်ရာ သွားရာအချို့ ပေါ်လာလေ၏။
နန်ကုန်းယွမ်သည် သူ့ကို မျက်ခုံးတစ်ဖက် ပင့်ပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေ၏။
"အခုတော့ ဒီကလေးနှစ်ယောက်ကို ကိုင်တွယ်ဖို့ အနည်းငယ် ခက်ခဲတယ်ဆိုတာ မင်း သိသွားပြီ မဟုတ်လား..."
လမ်းတစ်လျှောက်လုံးတွင် သူက ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ပြီးဖြစ်လေသည်။
ရှုံးနိမ့်ခြင်းကို ဝန်မခံလိုသော အိမ်ရှေ့စံသည် သူ၏ ဇနီးဖြစ်သူအတွက် လေ့ကျင့်ခန်းတစ်ခုအဖြစ် သတ်မှတ်ကာ ကလေးချော့သည့် အဖွဲ့ထဲသို့ ဝင်ရောက်လာခဲ့လေ၏။
ယွင်ဟွားသည် အိမ်ရှေ့စံကြင်ယာတော်နှင့် စကားစမြည်ပြောဆိုကာ ပျော်ရွှင်နေစဉ် သူ၏ ယောက်ဖဖြစ်သူကို ရှင်းထုတ်နိုင်ခဲ့သော တတိယမင်းသားက နောက်ဆုံးတွင် သင်္ဘောပေါ်သို့ တက်လာပြီး သူမကို လာရှာလေသည်။ သူ အထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
"ငရုတ်သီးလေး... မင်းရဲ့ အနာဂတ်ခင်ပွန်း ရောက်လာပြီ..."
လူတိုင်းသည် သူတို့၏ ရယ်မောမှုကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးစားခဲ့ကြပြီး သူတို့၏ မျက်လုံးများက ထိုနှစ်ဦးကြားတွင် ကူးလူးနေလေ၏။
ယွင်ဝေ၏ မျက်နှာမှာ နီရဲသွားပြီး သူ့ကို နှုတ်ပိတ်ထားလိုက်ချင်စိတ်များ ပေါက်သွားလေသည်။
တုံးအလိုက်လေခြင်း။
အိမ်ရှေ့စံသည် နန်ကုန်းယွမ်ကို သူ၏ တံတောင်ဆစ်ဖြင့် တွတ်လိုက်လေ၏။
"တတိယမင်းသားကို ကြည့်လိုက်စမ်း... ပြီးတော့ မင်းကိုယ်မင်း ပြန်ကြည့်... မင်း တစ်ခုခုတော့ သင်ယူလို့ မရဘူးလား..."
ဤမျှသာ ဖြစ်လေသည်။
သူသည် အင်္ကျီကို မ,တင်ကာ မတ်တတ်ရပ်လိုက်ပြီး တတိယညီဖြစ်သူ၏ ကော်လာကို ဆွဲကိုင်ကာ သူတို့ထံသို့ ဆွဲခေါ်လာခဲ့လေ၏။ သူတို့နှစ်ဦးစလုံး သူတို့၏ ဇနီးများနှင့် မနီးကပ်ရသည့်အပြင် ပြဿနာကောင်ဖြစ်သော တတိယညီသည်လည်း ဤကိစ္စကို တွေးပင် မတွေးသင့်ပေ။
"ဟေး... ဟေး... မင်း ဘာလုပ်နေတာလဲ... မင်း ဘာလုပ်နေတာလဲ... ငါ ငရုတ်သီးလေးကို သွားရှာရမယ်.. ငရုတ်သီးလေး..."
တတိယမင်းသား၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေ၏။ ဤသို့ ချစ်သူနှစ်ဦးကို ခွဲခွာပစ်ခြင်းမှာ လွန်လွန်းလှပေသည်။
သူတို့သုံးဦးစလုံးသည် တူညီသော မကျေနပ်မှုများကို မျှဝေခံစားနေကြပြီး သူတို့၏ မျက်လုံးများသည် သူတို့၏ ဇနီးသည်များထံသို့သာ စူးစိုက်ကြည့်နေကြလေ၏။
ယွင်ဟွားသည် သူမအပေါ် ကျရောက်နေသော ပူပြင်းသည့် အကြည့်များကို ခံစားလိုက်ရပြီး မော့ကြည့်လိုက်သောအခါ သူမ၏ ရှောင်ယွမ်ယွမ်က သူမကို နာကြည်းစွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရလေသည်။
“အို…”
“ငါ ငါ့ဇနီးသည်လေးကို လုံးဝ မေ့သွားခဲ့တာပဲ…”
“အိုး... ဒီကိုယ်လုပ်တော်လေးက အရမ်းကို ဆွဲဆောင်မှုရှိလွန်းတော့ ငါ မခံနိုင်တော့ဘူး..”
"ရှောင်ယွမ်ယွမ်... လာ...ဒီနေရာမှာလာထိုင်..."
ယွင်ဟွားသည် သူမ၏ တတိယအစ်မကို တွန်းဖယ်လိုက်ပြီး သူမဘေးရှိ ထိုင်ခုံကို ပုတ်ပြလိုက်လေ၏။
ယွင်ဝေ…...
*ဝါး... ငါ့ရဲ့ ညီမလေးက ငါ့ကို မလိုချင်တော့ဘူး…*
နန်ကုန်းယွမ်သည် ကလေးနှစ်ဦးကို ပွေ့ချီထားရင်း သူ၏ အပြုံးများက နားရွက်တိုင်အောင် ကျယ်ပြန့်သွားလေ၏။ သူက ဝင့်ကြွားသော အပြုံးဖြင့် ပြောလိုက်သည်။
“တွေ့လား... ငါ့ရဲ့ ဇနီးလေးက အကောင်းဆုံးပဲ... သူမက ငါ့ကို အရင်သတိရတာ..."
အိမ်ရှေ့စံသည် သူ၏ နောက်အံသွားများကို ကြိတ်လိုက်မိလေ၏။
"ပြဿနာကောင်သုံး... နင်လည်း ဒီနေရာကို လာခဲ့..."
ယွင်ဝေသည် နှာခေါင်းရှုံ့လိုက်လေ၏။ ကျေးဇူးကန်းသော ညီမငယ်လေးပင်။ သူမက သူမ၏ ခန်းဝင်အစေခံမလေးဖြစ်လာဖို့တောင် စဉ်းစားနေခဲ့တာကို။
"ရောက်လာပြီ..."
တတိယမင်းသားသည် ပြုံးဖြီးဖြီးလုပ်လိုက်ကာ အိမ်ရှေ့စံဘက်သို့ ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့ပြလိုက်လေ၏။
"အစ်ကိုတော်... မင်းက သနားစရာ အကောင်းဆုံးပဲ... မင်းရဲ့ဇနီးက မင်းကို လုံးဝ မေ့သွားပြီ..."
ငရုတ်သီးလေး ဝေဝေက နောက်ဆုံးတော့ သူ့အတွက် တစ်ဦးတည်းသောသူ ဖြစ်လာတာ အရမ်းကို ကောင်းမွန်လှပေသည်။
အိမ်ရှေ့စံသည် မနာလိုလွန်းသဖြင့် သူ၏ မျက်နှာမှာ ရှုံ့မဲ့သွားလေ၏။
ရုတ်တရက်…
ထိတ်လန့်တကြား အော်ဟစ်သံများနှင့်အတူ အပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်လာလေ၏။
"မီး... မီးလောင်နေပြီ... ကယ်ကြပါဦး..."
"ငါ့ရဲ့ သခင်မလေးက သင်္ဘောပေါ်မှာ ရှိနေသေးတယ်... မြန်မြန်... ငါ့ရဲ့ သခင်မလေးကို ကယ်ကြပါဦး..."
"သခင်လေး... သခင်လေး... ဘယ်မှာလဲ..."
လူတိုင်းမှာ ထိတ်လန့်သွားကြလေသည်။
အိမ်ရှေ့စံသည် အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားလေ၏။
"ဘာဖြစ်တာလဲ... ဘယ်နေရာမှာ မီးလောင်နေတာလဲ..."
"အရှင်မင်းသား... ငါတို့သင်္ဘော မဟုတ်ပါဘူး... အနီးအနားက အပျော်စီးသင်္ဘောကပါ... မီးလောင်နေတာ တော်တော်လေး းကြီးတယ်..."
အစောင့်က ရိုသေစွာ ပြန်ဖြေလေ၏။
"လူတွေကို အရင်ဆုံး ကယ်ဆယ်ဖို့ အစီအစဉ်ချပေးလိုက်..."
အိမ်ရှေ့စံ၏ အမိန့်အရ အစောင့်များသည် ရှေ့သို့ ပြေးထွက်သွားကြလေ၏။
ယွင်ဟွားသည် သူမ၏ အင်္ကျီလက်စွပ်ထဲမှ ယင်စွမ်းအင်တစ်စကို ထုတ်လွှတ်လိုက်ရာ မီးတောက်များ တဖြည်းဖြည်း သေးငယ်သွားလေ၏။ သင်္ဘောပေါ်ရှိ လူများထဲမှ မည်သူမျှ ဒဏ်ရာမရခဲ့ဘဲ အလွန်ဆုံးအနေဖြင့် သူတို့ ထိတ်လန့်သွားရုံသာ ဖြစ်လေသည်။
နန်ကုန်းယွမ်၏ မျက်လုံးများက မှောင်မိုက်သွားလေ၏။
သူသည် သူ၏ ဇနီးသည် လက်ချောင်းထိပ်များရှိ ထူးဆန်းမှုများကို မလွတ်တမ်း မြင်လိုက်ရပြီး သူ၏ ခြေထောက် ကောင်းမွန်သွားပြီးနောက်တွင် သေခြင်းရှင်ခြင်းစာအုပ်၊ တရားသူကြီးစုတ်တံနှင့် စကားပြောနေသော ကျောက်တုံးတစ်ခုတို့၏ တည်ရှိမှုကို သူ အမှန်တကယ် မြင်တွေ့ခဲ့ရလေသည်။
ဒါပေမယ့်...
သူက ဘာလို့ ဤအရာတွေကို ထပ်ခါတလဲလဲ မြင်တွေ့နေရတာလဲ။
ထို့နောက် ပြီးခဲ့တဲ့အကြိမ်က ထူးဆန်းတဲ့ အိပ်မက်တစ်ခုလည်း ရှိသေးသည်။ ဘာအကြောင်းကြောင့်လဲဆိုတာ သူ တကယ်ကို စဉ်းစားလို့မရခဲ့ပေ။
"အရှင်မင်းသားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်..."
လူတိုင်း အသက်ဘေးမှ လွတ်မြောက်သွားပြီးနောက် သူတို့အားလုံးက အိမ်ရှေ့စံကို ကျေးဇူးတင်ကြလေသည်။
သေခြင်းရှင်ခြင်းစာအုပ်က မကျေနပ်သဖြင့် ခါးထောက်ကာ ပန်းကလေးကို ကန့်ကွက်ပြောဆိုလိုက်လေ၏။
“အိမ်ရှေ့စံရဲ့ အကူအညီက ဘာလဲ... ငါ့ရဲ့ ပန်းကလေးက လုပ်ခဲ့တာပါနော်... မဟုတ်ရင် နင်တို့ဆီ မရောက်ခင် မီးက ဘယ်လိုလုပ်ပြီး သေးသွားမှာလဲ…”
“ဟုတ်တယ် ဟုတ်တယ်... အကယ်၍ အိမ်ရှေ့စံရဲ့လူတွေ လာကယ်ဖို့ စောင့်နေရရင် နင်တို့တွေ သင်္ဘောပေါ်ကနေ ခုန်ချရမှာ ဒါမှမဟုတ် ပြာကျသွားမှာပဲ…”
တရားသူကြီးစုတ်တံသည် စာအုပ်ငယ်လေး၏ စာမျက်နှာများကို လှန်လှောကာ တီးတိုးရေရွတ်လိုက်လေ၏။
“တကယ်ပါပဲ... မူလမှတ်တမ်းအရ လူနှစ်ယောက် မီးလောင်သေဆုံးပြီး တစ်ယောက် ရေနစ်သေဆုံးကာ အစေခံများစွာလည်း ကြီးစွာ ဒုက္ခရောက်လိမ့်မယ်လို့ ဆိုထားတယ်..”
“ဟွန့်... နောက်ကျရင် စုတ်တံနဲ့ အချက်အနည်းငယ်လောက် ထပ်ပေါင်းထည့်ပေးလိုက်မယ်... ဒါမှ မှားယွင်းတဲ့သူကို ကျေးဇူးတင်မိလို့ ဒီနေ့ည သရဲခြောက်ပြီး အိပ်မက်ဆိုးတွေ မက်လိမ့်မယ်... ဟီးဟီးဟီး..”
ကယ်ဆယ်ခံရသော လူများ…..
ကောင်လေးတစ်ယောက်မှာ တုန်ယင်သွားပြီး အလျင်အမြန် ရှေ့သို့ ထွက်လာလေ၏။
"ယုံအန်းမင်းသမီးလည်း ဒီနေရာမှာ ရှိနေတာပဲ..."
သူက မျက်နှာချိုသွေးကာ ပြုံးလိုက်လေသည်။
"ငါတို့ ကယ်တင်ခံရတာ အံ့သြစရာ မရှိပါဘူး... မင်းသမီးရဲ့ ကံကောင်းမှုတွေက ငါတို့ကို ကယ်တင်ပေးခဲ့တာပါ... အသက်ကို ကယ်တင်ပေးတဲ့အတွက် မင်းသမီးကို ကျေးဇူးတင်ပါတယ်..."
"မင်းသမီးက တုံလင်နိုင်ငံရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးဖြစ်ပြီး လူပေါင်းသောင်းချီရဲ့ အသက်ကို ကယ်တင်ခဲ့တယ်လို့လည်း ငါ ကြားဖူးတယိ... မင်းသမီးရဲ့ အကာအကွယ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်...."
"ကျေးဇူးတင်ပါတယ် မင်းသမီး..."
"......"
အိမ်ရှေ့စံ…
*ဘာလဲ... သူက ဘာအကူအညီမှ မပေးခဲ့ဖူးဘူးလား…*