← Chapters

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

အခန်း (၂၅၅) ကျောက်တုံးလေး၏ ကာကွယ်မှုများ ကျိုးပေါက်သွားခြင်း

ယွင်ဟွား…..

"ဒါပေါ့... ဒါပေါ့..."

ယွင်ဟွားသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်လေ၏။

“ဟီးဟီးဟီး... ကံကောင်းစေတဲ့ အဆောင်လက်ဖွဲ့လေးတစ်ခုလို သဘောထားခံရတာလည်း ကောင်းပါတယ်... ဒါပေမယ့် ငါက ပြဿနာကောင် ဒါမှမဟုတ် အနိုင်ကျင့်တဲ့သူ ဖြစ်ရတာကို ပိုသဘောကျတယ်...အဲ့တာက ငါ့ကို ပိုပြီး ဩဇာတိက္ကမကြီးမားစေတယ်လေ…”

သေခြင်းရှင်ခြင်းစာအုပ်က ပြုံးလိုက်ပြီး စုတ်တံကို သိမ်းဆည်းလိုက်လေ၏။

“အိုး... နင်တို့က ကိစ္စတွေကို အတော်လေး ရှင်းရှင်းလင်းလင်း နားလည်ထားပုံရတယ်.. ကောင်းပြီလေ... ဒါဆိုရင်လည်း နင်တို့ကို သဘောမကျစွာနဲ့ပဲ လွှတ်ပေးလိုက်ပါ့မယ်…”

လူတိုင်းက တိတ်တဆိတ် သက်ပြင်းချလိုက်ကြလေသည်။

လူတိုင်း၏ မျက်နှာအမူအရာများကို စောင့်ကြည့်နေခဲ့သော ငရဲလကျောက်က ရုတ်တရက် ချမ်းစိမ့်သွားလေ၏။

၎င်းကို ထပ်မံ၍ စဉ်းစားခွင့်ပြုပါ... နောက်ထပ် အနည်းငယ်လောက် စဉ်းစားခွင့်ပြုပါ...။

စုတ်တံစုတ်လေးက သူတို့ကို အိပ်မက်ဆိုးတွေ မက်စေမည်ဟု ပြောလိုက်သောအခါ ထိုလူများသည် စုတ်တံစုတ်လေးကို ချက်ချင်း တောင်းပန်ခဲ့ကြသည်။

စုတ်တံစုတ်လေးက သူတို့ကို လွှတ်ပေးမည်ဟု ပြောလိုက်ချိန်တွင် သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပေါ့ပါးသွားကြလေ၏။

ငရဲလကျောက်သည် ၎င်း၏ ရင်ဘတ်ကို ဖိထားလျက် တီးတိုးစကားပြောနေသော မိန်းကလေးနှစ်ဦးထံသို့ ပျံသန်းသွားလေသည်။

"ကျန်းနျန်ကျစ်... သိပ်ပြီး ဆန္ဒမပါတဲ့ ပုံစံမျိုး မလုပ်ပါနဲ့... ယုံအန်းမင်းသမီးကို ရန်သွားစလို့ မရဘူးဆိုတာ မြို့တော်တစ်ခုလုံး သိကြတယ်လေ... စိတ်လိုက်မာန်ပါ မလုပ်မိစေနဲ့... သွားပြီး အရိုက်မခံရပါစေနဲ့..."

ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးက ကြင်နာစွာ သတိပေးလိုက်လေ၏။

သူမသည် ယခင်က ထိုမိန်းကလေးနှင့် သူငယ်ချင်းကောင်းများ ဖြစ်ခဲ့သော်လည်း ကျန်းနျန်ကျစ်အနေဖြင့် မင်းသမီး၏ အတွေးများကို မကြားနိုင်ကြောင်း သိလိုက်ရချိန်မှစ၍ သူမနှင့် တဖြည်းဖြည်း ခပ်ခွာခွာ နေခဲ့လေသည်။

မည်သို့ပင်ဆိုစေကာမူ ကျန်းနျန်ကျစ်အနေဖြင့် ယုံအန်းမင်းသမီးကို ပြဿနာမရှာရန် သူမ မျှော်လင့်မိဆဲဖြစ်သည်။

"ငါ သိပါတယ်..."

ကျန်းနျန်ကျစ်က ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်၏။

ထို့နောက် သူမ၏ အကြည့်များက မင်းသား နန်ကုန်းယွမ်ထံသို့ ရှက်သွေးဖြာစွာ ကျရောက်သွားလေသည်။

ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးမှာ အလွန်တုန်လှုပ်သွားလေ၏။

အိမ်ရှေ့စံသည် အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေတွင် သူ၏ ချစ်ခြင်းမေတ္တာကို လူသိရှင်ကြား ဖွင့်ဟဝန်ခံခဲ့ကြောင်း သူတို့အားလုံး သိထားကြသည်။ တော်ဝင်မိသားစုနှင့် မင်းသားစုအိမ်တော် နှစ်ခုစလုံးကလည်း မင်းသမီးနှင့် အိမ်ရှေ့စံတို့မှာ စုံတွဲများဖြစ်ကြောင်း တိတ်တဆိတ် သဘောတူထားပြီးဖြစ်လေ၏။

ထိုစဉ်အခါက...

အိမ်ရှေ့စံ၏ ခြေထောက်နှစ်ဖက်စလုံးမှာ ဒုက္ခိတဖြစ်နေပြီး အသက်လည်း ကြာရှည်မခံနိုင်ပေ။ သူ၏ ရုပ်ရည်သွင်ပြင်က မည်မျှပင် ထူးချွန်ပြောင်မြောက်နေပါစေ မြို့တော်မှ သခင်မလေးများက သူ့ကို ရှောင်ကြဉ်ကြလေသည်။

ယခုအခါတွင် အဆိပ်ပြေသွားပြီး သူ၏ ခြေထောက်များလည်း ကောင်းမွန်သွားပြီဖြစ်ရာ သူ၏ အေးစက်ပြီး မြင့်မြတ်လှသော ရုပ်ရည်နှင့် အင်အားကြီးမားသော မိသားစုနောက်ခံတို့က ထိုသခင်မလေးများအတွက် လုံးဝကို ဆွဲဆောင်မှု ရှိလွန်းနေလေ၏။

သူတို့၏ အာရုံစိုက်မှုများက သူ့ထံသို့ ပြန်လည်ရောက်ရှိသွားကြလေသည်။

ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးက လှောင်ပြောင်လိုက်လေ၏။ သူမသည် ယခင်က သူ့ကို ရွံရှာပြီး လုံးဝ အနီးအနားမကပ်ချင်ခဲ့သော်လည်း ယခုမူ သူ့ထံသို့ အတင်းကပ်ချင်နေလေပြီ။

သို့သော် ယုံအန်းမင်းသမီးသည် အစအဆုံး မင်းသားကို မည်သည့်အခါကမျှ မုန်းတီးခြင်းမရှိခဲ့ဘဲ အဆိပ်ဖြေရန်ပင် ကူညီပေးခဲ့သည်ကို သူတို့ သတိမထားမိကြပေ။ သူတို့က ဝင်ရောက်စွက်ဖက်ချင်နေကြသော်လည်း မင်းသမီး၏ ခေါင်းထုခြင်းကို ခံရမည်ကို မကြောက်ကြဘူးလား။

သူမက ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ဘေးရှိ အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက သူမ၏ အင်္ကျီလက်စွပ်ကို ဆွဲလိုက်လေသည်။

"သူမကို လျစ်လျူရှုထားလိုက်... သူမက မင်းသမီးရဲ့ အတွေးတွေကို မကြားရသလို ငါတို့ဘက်ကလည်း မဟုတ်ဘူး... သူမ တရားသူကြီးစုတ်တံနဲ့ ပြဿနာတက်သွားတဲ့အခါ ဒုက္ခကြီးကြီးရောက်လိမ့်မယ်..."

ငရဲလကျောက်…

ရုတ်တရက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ၎င်း၏ အမြင်အာရုံမှာ တစ်ခဏမျှ မှောင်မိုက်သွားလေ၏။

ပန်းစုတ်လေးနှင့် သူမ၏ သူငယ်ချင်းများသည် ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲနှင့် ဆူးပါသော တုတ်တိုများကို ကိုင်ဆောင်ထားလျက် ၎င်းကို အပိုင်းပိုင်းအစစဖြစ်အောင် ရိုက်ခွဲတော့မည့် ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းသည့် ပုံစံများကို ၎င်းအနေဖြင့် မြင်တွေ့လိုက်ရသကဲ့သို့ပင်။

ဝါး... ယခုတော့ တကယ် ပြီးဆုံးသွားလေပြီ။

ထို့ကြောင့် ၎င်း၏ နားထောင်ခြင်းစွမ်းအားကြောင့် ပန်းစုတ်လေးအပါအဝင် သူတို့သုံးဦးနှင့် တွဲဖက်ထားမိပြီး လူတစ်စုကို ကြား…ကြားခွင့်ပြုလိုက်မိပြီ...။

သူတို့သုံးဦး၏ အတွေးများကိုပင်။

မဟုတ်ပေ... သူ၏ ကိုယ်ပိုင်အတွေးများလည်း ပါဝင်ကောင်းပါဝင်နိုင်သည်။

ငရဲလကျောက်ခမျာ အလွန်အမင်း စိုးရိမ်ပူပန်သွားသဖြင့် ချွေးအေးများပြန်လာပြီး ၎င်း၏ စိတ်ထဲမှ ကြိုးလေးတစ်ချောင်း ပြတ်တောက်သွားလေ၏။

*မဟုတ်ဘူး... မဟုတ်ဘူး... ဒါက လုံးဝကို မှားယွင်းနေပြီ…*

နားထောင်ခြင်း စွမ်းအား။

သူတို့သည် အပြင်လောကကို နားထောင်နိုင်စွမ်း ရှိရမည်ဖြစ်သော်လည်း ပန်းစုတ်လေးအတွက်မူ လုံးဝကို ပြောင်းပြန်ဖြစ်နေလေ၏။

၎င်း၏ မူလပုံစံ ပြန်လည်မကောင်းမွန်သေးသောကြောင့် ဤစွမ်းရည်တွင် အရေးပါသော အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေပြီး ဆန့်ကျင်ဘက် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားခြင်းများလား။

*ကောင်းကင်ဘုံကြီးရေ... တစ်ယောက်ယောက်က ငါ့ကို ကူညီပေးကြပါဦး…*

“ကျောက်တုံးစုတ်လေး... နင်က ဘာလုပ်နေတာလဲ... ခုလိုမျိုး လည်ပတ်နေတာ…”

တရားသူကြီးစုတ်တံသည် ပျံသန်းလာပြီး ကျောက်တုံးပေါ်ရှိ မျက်ရည်ကွက်များကို ကြည့်ကာ လုံးဝကို စိတ်မသက်မသာ ဖြစ်သွားလေ၏။

“စာအုပ်... ပန်းလေး... သတင်းကြီးပဲ... ကျောက်တုံးက တကယ်ငိုနိုင်တယ်ဟ..”

ငရဲလကျောက်….

*သေစမ်း... အဲ့ဒါက ကြောက်လို့ထွက်လာတဲ့ ချွေးအေးတွေဟ…*

“ရှောင်ယိုယို... ဘာဖြစ်လို့လဲ... ဘယ်သူက နင့်ကို အနိုင်ကျင့်တာလဲ... အစ်မဟွားကို ပြော... နင့်အတွက် ငါ ကလဲ့စားချေပေးမယ်..”

ယွင်ဟွားသည် သူ့ကို သူငယ်ချင်းတစ်ဦးအဖြစ် သတ်မှတ်ထားပြီး သူမ၏ အကာအကွယ်အောက်တွင် ထားရှိလေ၏။

“အစ်မရှူးလည်း နင့်ဘက်က ရပ်တည်ပေးမယ်…”

သေခြင်းရှင်ခြင်းစာအုပ်က ဟွားဟွား လက်ခံထားပြီဖြစ်ရာ ၎င်းတို့လည်း လက်ခံရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ငရဲလကျောက်သ သူ့ပါးစပ်ကို အကြိမ်ကြိမ် ဖွင့်လိုက်ပိတ်လိုက် လုပ်နေလေ၏။

၎င်းအပေါ် သူတို့၏ ဂရုစိုက်မှုကို မြင်တွေ့ရခြင်းက သူ၏ အပြစ်ရှိစိတ်ကို ပိုမိုနက်ရှိုင်းသွားစေသော်လည်း အမှန်တရားကို ပြောပြလိုက်ပါက ရိုက်သတ်ခံရမည်ကို ကြောက်ရွံ့နေလေသည်။

“ဟေး... ဟွားဟွား... ရှူးရှူး... ရှောင်ပေပေ့... နောက်ဆိုရင်လေ... အင်း... နင်တို့ သိပါတယ်... ငါတို့တွေ... ငါတို့တွေ... ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် စကားတွေကို နည်းနည်းလောက် လျှော့ပြောကြရအောင်... ဟုတ်ပြီလား..”

ယွင်ဟွားနှင့် ကျန်နှစ်ဦးက ငရဲလကျောက်ကို အံ့သြတကြီး ကြည့်လိုက်ကြလေ၏။

“မဟုတ်သေးဘူး... ရှောင်ယိုယို... နင်က ဘာကိုဆိုလိုတာလဲ... ငါတို့က အသစ်ဖွဲ့စည်းထားတဲ့ ကပ်ဘေးဒုက္ခလေးပါးလေ... ငါတို့ရဲ့ စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုပြီး လောကကြီးကို အော်ဟစ်ကျော်ဖြတ်ကြရမှာပေါ့... ဘာကို ကြောက်စရာရှိလို့လဲ…”

သေခြင်းရှင်ခြင်းစာအုပ်က ကျောက်တုံးစုတ်လေးအား သစ္စာဖောက်တစ်ဦးကဲ့သို့ စိုက်ကြည့်လိုက်လေ၏။

“အခုကစပြီး နင့်ကို အဲ့လိုအတွေးမျိုး ထပ်တွေးခွင့်မပြုဘူး... ပန်းကလေးရဲ့ ကပ်ဘေးပြီးသွားရင် ငါတို့ ငရဲပြည်မှာ ဆက်ပြီး သောင်းကျန်းကြဦးမှာ... နားလည်လား... ငါတို့ လုံးဝ နောက်ဆုတ်လို့ မရဘူး…”

“ဟုတ်တယ်…”

“ဟွားဟွားက ရှေ့ကနေ ဦးဆောင်တိုက်ခိုက်မယ်... ယိုယိုက ရတနာတွေကို လုယူမယ်... ရှူးရှူးက အမိန့်ပေးမယ်... ပြီးတော့ ပေပေ့က နင်တို့အတွက် ခိုင်မာတဲ့ ထောက်တိုင်ဖြစ်ပေးမယ်... ယမမင်းကို အနိုင်ယူ... တစ္ဆေဧကရာဇ်ငါးပါးကို အနိုင်ယူပြီး ဖုန်းတုဧကရာဇ်ရဲ့ ပလ္လင်ကို လုယူကြစို့…”

တရားသူကြီးစုတ်တံက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်ရာ ပန်းလေး၊ စာအုပ်လေးနှင့် ကျောက်တုံးလေးတို့မှာ လန့်ဖျပ်ပြီး ခုန်ပေါက်သွားကြလေ၏။

“မဟုတ်ဘူး... အဲ့လိုလုပ်ဖို့ မလိုအပ်ပါဘူး... အစ်မဟွားက ငရဲမင်းကို သွားရိုက်ချင်ရုံလေးပါ..”

ဖုန်းတုဧကရာဇ်။

ယွင်ဟွားသည် ထိုအရာက သူမ အိပ်မက်ပင် မမက်ရဲသော အရာတစ်ခုဖြစ်ကြောင်း ဖော်ပြလိုက်လေသည်။

“ပန်းကလေး... နင်က ဘာကို ကြောက်နေတာလဲ... ငါတို့မှာ ရှောင်... အင်း...ယွမ်ယွမ်... ကောင်းကင်ဘုံက ဆရာကြီးရှိတယ်လေ…”

တရားသူကြီးစုတ်တံ၏ နောက်ဆက်တွဲ စကားလုံးများကို ငရဲလကျောက်က ၎င်း၏ ခန္ဓာကိုယ်ဖြင့် ဖိအုပ်၍ နှုတ်ပိတ်လိုက်ပြီး သတိပေးစကား တီးတိုးပြောလိုက်လေ၏။

“ပါးစပ်ပိတ်ထား... နင် ပါးစပ်ပိတ်ထားစမ်း..”

ယခုအခါ သူတို့လေးဦးသည် အရာအားလုံးကို လုံးဝ ပေါက်ကြားသွားစေသော ဇကာပေါက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီဖြစ်ရာ နောက်ထပ် မည်သည့် လျှို့ဝှက်ချက်ကြီးများကိုမှ ဖွင့်ချ၍ မရတော့ပေ။

တရားသူကြီးစုတ်တံ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်သွားလေ၏။

ငရဲလကျောက်သည် လူတိုင်း၏ မျက်နှာအမူအရာများကို စောင့်ကြည့်လိုက်ရာ သူတို့က တည်ငြိမ်အေးဆေးသည့်ပုံစံ ဖမ်းနေသော်လည်း တိတ်တဆိတ် ခိုးနားထောင်နေကြသည်ကို သတိပြုမိလိုက်လေ၏။ ပန်းစုတ်လေးနှင့် အခြားသူများက ဘာကြောင့် သတိမထားမိကြတာလဲ။

သူ့ခမျမှာ အလွန်ပင်ပင်ပန်းလှလေပြီ။

သို့မဟုတ်ပါက။

၎င်းအနေဖြင့် လက်လျှော့လိုက်ပြီး ဘာမှမလုပ်ဘဲ နေလိုက်ခြင်းက ပိုကောင်းပေမည်။ ဘာပဲဖြစ်ဖြစ် သူတို့က ၎င်း၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာ၊ ၎င်းတွင် မည်သည့်စွမ်းရည်များ ရှိသည်ဆိုခြင်းနှင့် ဤအရာက ၎င်းကြောင့် ဖြစ်ပေါ်လာရသည်ဆိုသည်ကို မသိကြပေ။

အဆိုးဆုံးအနေဖြင့် ၎င်းသည် ယခုမှစ၍ တုံးအဟန်ဆောင်နေလိုက်နိုင်သည်။

ဤအချိန်တွင်...

ကျန်းနျန်ကျစ်သည် သူမ၏ အနည်းငယ် ရှုပ်ပွနေသော အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်လေသည်။ မင်းသားစုအိမ်တော်က ယုံအန်းမင်းသမီးကို ရွေးချယ်ပြီးဖြစ်ကြောင်းနှင့် သူမအနေဖြင့် ဂုဏ်ပုဒ်နှင့် အဆင့်အတန်းအရ မင်းသမီးကို ယှဉ်နိုင်မည်မဟုတ်ကြောင်း သူမ သိထားလေ၏။

သို့သော် သူမက နူးညံ့သိမ်မွေ့ပြီး နားလည်မှုရှိသူဖြစ်ရာ အမျိုးသားများသည် ယုံအန်းမင်းသမီး၏ ရက်စက်ကြမ်းကြုတ်မှုထက် သူမအပေါ်သို့ ပိုမိုစွဲလမ်းနှစ်သက်ကြမည် ဖြစ်သည်။

စောင့်ကြည့်ကြသေးတာပေါ့။

သူမသည် သူတို့ကို ဖျက်ဆီးရန် ရောက်လာခြင်းမဟုတ်ဘဲ သူတို့နှင့် ပူးပေါင်းရန် အမှန်တကယ် ဆန္ဒရှိနေခြင်း ဖြစ်လေ၏။

ကျန်းနျန်ကျစ်သည် အရက်ခွက် နှစ်ခွက်ကိုယူကာ ယွင်ဟွားထံသို့ လျှောက်သွားလိုက်ရာ ပန်းရောင်ဝတ်စုံနှင့် မိန်းကလေး၏ မျက်ခွံများမှာ အပြင်းအထန် တုန်လှုပ်သွားလေ၏။

"ယုံအန်းမင်းသမီး... ဒီအရက်ခွက်ကို နျန်ကျစ်က မင်းသမီးကို ဆက်သတာပါ... ကျွန်မအသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

သူမသည် စိတ်ထဲတွင် မျက်လုံးလှန်လိုက်မိလေ၏။ သူမအသက်ကို ကယ်တင်ခဲ့သည်က တစ္ဆေသရဲများသာ ဖြစ်လိမ့်မည်။ အိမ်ရှေ့စံမင်းသားက ကူညီခဲ့ခြင်းဖြစ်သည်မှာ ရှင်းလင်းနေသည်လေ။ ထိုလူများက ဘာတွေ တွေးနေကြသနည်းဟု သူမ တွေးမိလေ၏။

သူတို့က သူမအပေါ်တွင် ကံကောင်းခြင်းဆိုသည့် စကားလုံးကို တပ်ချင်နေကြခြင်းသာ ဖြစ်သည်။

ယွင်ဟွားသည် အရက်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ ချက်ချင်း အရောင်လက်သွားလေ၏။

အရက်လေ။

အိမ်ရှေ့စံ၏ သတိပေးခေါင်းလောင်းသံ မြည်ဟည်းသွားပြီး ပြည့်တန်ဆာအိမ်မှ လှုံ့ဆော်မှုအပြည့်ရှိသော မြင်ကွင်းများက သူ၏ မျက်စိရှေ့တွင် ပြန်လည်ပေါ်လာကာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေလေ၏။

“ဟွားဟွား... နင့်ကို ထိခွင့်မပြုဘူး…”

“အား... နင်က ဟွားဟွားကို အရက်သောက်ဖို့ ပေးရဲတယ်ပေါ့... နင့်ရဲ့ ဘိုးဘေးဆယ့်ရှစ်ဆက်ကို သေတဲ့အထိ ငါ ကျိန်ဆဲပစ်မယ်…”

သို့သော် ယွင်ဟွားသည် ၎င်းကို လုံးဝ လျစ်လျူရှုထားလိုက်လေ၏။ သူမက ၎င်းကို ယူရန် လက်လှမ်းလိုက်စဉ်မှာပင် အိမ်ရှေ့စံက လုယူလိုက်ပြီး နန်ကုန်းယွမ်၏ ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်လေသည်။

နန်ကုန်းယွမ်…

ယွင်ဟွားမှာမူ…

ကျန်းနျန်ကျစ်…

ငါ့ရဲ့ အရက်…

“အိမ်ရှေ့စံကောင်... ဒီနေ့ည ငါက အလှလေးကို ပြန်ပေးဆွဲပြီး နင့်ကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီ သယ်သွားပစ်မယ်…”

အခန်း (၂၅၆) အိမ်ရှေ့စံက ဟန်ဆောင်ကောင်းသူဖြစ်သည်

အိမ်ရှေ့စံသည် ငိုချင်နေသော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေလေ၏။

နန်ကုန်းယွမ်သည် သူ့အား အန္တရာယ်ရှိသော အကြည့်ဖြင့် စိုက်ကြည့်နေစဉ် အိမ်ရှေ့စံကြင်ယာတော်က သူ၏ ခါးရှိ အသားစိုင်ပျော့ပျော့ကို လိမ်ဆွဲလိုက်လေသည်။

ယွင်ဟွားသည် သူ့အား ဒေါသတကြီး စိုက်ကြည့်နေပြီး တတိယမင်းသားမှာမူ ယွင်ဝေ၏ ဘေးတွင်နေလျက် ဤပြဇာတ်ကို အေးအေးဆေးဆေး ကြည့်ရှုနေလေ၏။

အတင်းအဖျင်းပြောတတ်သူသည် အရက်သောက်လျှင် မူးယစ်ကာ ရူးသွပ်စွာ ပြုမူတတ်သဖြင့် သူသည် ကြိုတင်ကာကွယ်မှု ယူထားခြင်းသာ ဖြစ်လေသည်။

"အောက်ဆင်းစမ်း..."

အိမ်ရှေ့စံသည် ကျန်းနျန်ကျစ်အား စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် စိုက်ကြည့်လိုက်လေသည်။ သူမသည် ပြဿနာမည်သို့ ရှာရမည်ကို တကယ်ပင် သိနေလေ၏။

ယွင်ဟွားသည် ကျန်းနျန်ကျစ်၏ လက်ထဲရှိ အခြားခွက်တစ်ခွက်ကို လိုချင်တပ်မက်စွာ စိုက်ကြည့်လျက် နှုတ်ခမ်းကို သပ်လိုက်ပြီး သူမ တုန်ရီစွာ ထွက်မသွားမီ လှမ်းခေါ်လိုက်လေသည်။

"နင့်လက်ထဲက ခွက်ကို ငါ့ကို ပေးနိုင်မလား..."

အိမ်ရှေ့စံ၏ မျက်နှာထားမှာ တင်းမာသွားပြီး ကျန်းနျန်ကျစ်၏ လက်ငယ်လေး တုန်ရီသွားကာ အရက်ခွက်မှာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားလေသည်။

ယွင်ဟွားက အိမ်ရှေ့စံအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"ဟွားအာလေး... သူ့အဆင့်ထိ ဆင်းမသွားကြစို့နဲ့... ဒီနေ့ည ရှောင်ယွမ်ယွမ် ငါက မင်းနဲ့အတူ အရှေ့နန်းဆောင်ထဲ ခိုးဝင်မယ်... ဘဏ္ဍာတိုက်ကို ဖောက်ထွင်းမယ်... အိမ်ရှေ့စံကို ရိုက်မေ့ပြီး သူ့မိန်းမကို ပြန်ပေးဆွဲမယ်... ကလေးနှစ်ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းခေါ်လာခဲ့မယ်..."

နန်ကုန်းယွမ်သည် သူ့အား သီးကာ သေလုမတတ် ဖြစ်စေခဲ့သည့် စောစောက သောက်လိုက်သော အရက်ကို မေ့မရနိုင်သေးပေ။

"ရော့... စိတ်ငြိမ်သွားအောင် မုန့်လေး နည်းနည်းစားလိုက်ဦး..."

နန်ကုန်းယွမ်သည် မုန့်အချို့ကိုယူကာ ယွင်ဟွားအား ခွံ့ကျွေးလိုက်ပြီး သူ၏ အသံဖြင့် ညင်သာစွာ ချော့မော့လိုက်လေသည်။

အိမ်ရှေ့စံသည် မျက်နှာသေဖြင့်သာ နေလိုက်ပြီး ဤခွေးကောင်ကို စိတ်ထဲမှ သေချာပေါက် ကျိန်ဆဲနေလေ၏။

ယွင်ဟွားက ချက်ချင်းပင် ဒေါသပြေသွားလေသည်။

သူမက တစ်ကိုက် ကိုက်စားလိုက်ပြီး ရေရွတ်လိုက်၏။

"ရှောင်ယွမ်ယွမ်... ရှင်က အကောင်းဆုံးပဲ... ရှင့်ကို အချစ်ဆုံးပဲ..."

ယွင်ဟွားသည် သူမ၏ ခင်ပွန်းငယ်၏ အလွန်ချောမောလှပသော မျက်နှာကို စိုက်ကြည့်ရင်း ပါးစပ်ထဲရှိ မုန့်ကို မြိုချလိုက်လေသည်။

သူမသည် ငရဲပြည်တွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။ သူမသည် အမြဲတမ်း လွတ်လပ်စွာ နေထိုင်တတ်ပြီး သူမ နှစ်သက်သောအရာများ သို့မဟုတ် လူများနှင့် ပတ်သက်၍ ခံစားချက်များကို မည်သည့်အခါမျှ ဖုံးကွယ်မထားသလို လှောင်ပြောင်ခံရမည်ကိုလည်း မကြောက်ရွံ့ပေ။

ထိုစကားကို ကြားသောအခါ နန်ကုန်းယွမ် ပြုံးလိုက်ရာ သူ၏ မျက်လုံးထောင့်များ ကွေးညွတ်သွားလေသည်။

"ကိုယ်လည်း အတူတူပဲ..."

နန်ကုန်းယွမ်၏ နားရွက်များ နီရဲသွားပြီး သူ၏ မျက်လုံးများသည် ယွင်ဟွားအား ပြင်းပြသော စိတ်ဆန္ဒများဖြင့် စိုက်ကြည့်နေလေ၏။

အိမ်ရှေ့စံက "အဲ..." ဟု တိုးညင်းစွာ ရေရွတ်လိုက်ပြီး တုန်ယင်သွားလေသည်။

ဤဝမ်းကွဲညီတော်သည် ကြောက်စရာကောင်းလောက်အောင် ခပ်တန်းတန်း နေတတ်ပြီး ရည်းစားရလာပြီးနောက်တွင်မူ ကြောက်စရာကောင်းလောက်အောင် ချိုအီစိမ့်လွန်းလာလေသည်။

အရိပ်ထဲတွင် ပုန်းကွယ်နေသော ရှောင်လီဟွာက စာအုပ်ငယ်တစ်အုပ်ကို ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်လေသည်။

'အနာဂတ် ဆက်ခံသူမင်းသား၏ ဇနီးသည် သာမန်စကားတစ်ခွန်းဖြင့်ပင် ဆက်ခံသူမင်းသားအား အလိုလိုက်ခံထားရသော ကလေးတစ်ဦးကဲ့သို့ ရယ်မောစေကာ ကျားသစ်တစ်ကောင်ကဲ့သို့ အမြီးတယမ်းယမ်း ဖြစ်စေခဲ့သည်...'

ရှောင်ရှင်းဟွာသည် သူ၏ ထူထဲသော စာအုပ်ကို ကြည့်ကာ မျက်မှောင် အဆက်မပြတ် ကုတ်လိုက်ပြီး ပြောလေသည်။

“မင်း ထပ်ရေးနေပြန်ပြီ... သခင်က မင်းကို ထပ်ပြီး အပြစ်ပေးမှာ မကြောက်ဘူးလား..."

ရှောင်လီဟွာသည် သူ့အား မျက်စောင်းထိုးလိုက်ပြီး စာအုပ်ငယ်ကို ရင်ခွင်ထဲသို့ ပြန်ထည့်လိုက်လေသည်။

“မင်း ဘာသိလို့လဲ... ဒါက သခင့်ရဲ့ မင်္ဂလာဆောင်နေ့မှာ ကြင်ယာတော်အတွက် လက်ဆောင်ပဲ... ဒါက ငါတို့ရဲ့ ဆက်ခံသူမင်းသား သူမအပေါ် မည်သည့်အချိန်က စတင်ချစ်မိသွားပြီး မည်ကဲ့သို့သော မိုက်မဲမှုများ ပြုလုပ်ခဲ့တာကို သိစေဖို့ပဲ..."

ရှောင်ရှင်းဟွာ : ......

"ငရုတ်သီးလေး... ကိုယ်လည်း မင်းကို အချစ်ဆုံး... အချစ်ဆုံး... အချစ်ဆုံးပဲ..."

တတိယမင်းသားသည် သူ၏ ဝမ်းကွဲညီ၏ လုပ်ရပ်ကို အတုယူကာ ယွင်ဝေအား မုန့်တစ်ချပ် ခွံ့ကျွေးလိုက်သော်လည်း ကျောက်စိမ်းအုတ်ခဲငယ်တစ်ခုဖြင့်သာ တုံ့ပြန်ခြင်း ခံလိုက်ရလေသည်။

တတိယမင်းသား : ......

သူ၏ ကြင်ယာဖက်၏ တုံ့ပြန်မှုက အဘယ်ကြောင့် အစ်မကြီး၏ တုံ့ပြန်မှုနှင့် ကွာခြားနေရသနည်း။

ကျန်းနျန်ကျစ်ခမျာ ထိုနေရာတွင် မှင်သက်စွာ ရပ်နေလေ၏။

တစ်ချိန်က မြင့်မြတ်လှသော မင်းသားသည် အာဏာရှင်တစ်ဦးကဲ့သို့ မြေပြင်သို့ လိုလိုလားလား ကျဆင်းသွားသည်ကို သူမ ကြည့်နေရင်း လျှို့ဝှက်သော မနာလိုမှုများ သူမ၏ အတွင်းစိတ်၌ ထကြွလာလေသည်။

ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးက သူမအား အမြန်ဆွဲချလိုက်သည်။

"ကျန်းနျန်ကျစ်... နင် မြို့တော်မှာ အေးအေးချမ်းချမ်း နေချင်တယ်ဆိုရင် ယုံအန်းမင်းသမီးကို ပြဿနာမရှာဖို့ ငါ အကြံပေးချင်တယ်..."

ဤသည်မှာ သူမအား နောက်ဆုံးအကြိမ် သတိပေးခြင်း ဖြစ်သည်။ အကယ်၍ သူမသာ ပါးနပ်မည်ဆိုလျှင် အချိန်မီ ရပ်တန့်သင့်လေသည်။

ကျန်းနျန်ကျစ်၏ အကြည့်များက မှောင်မိုက်သွား၏။

လွန်ခဲ့သော ရက်အနည်းငယ်က သူမ စီးနင်းလာသော မြင်းလှည်းသည် ထိန်းမနိုင်သိမ်းမရဖြစ်ကာ တိုက်မိတော့မည့်ဆဲဆဲတွင် သူသည် ကောင်းကင်မှ ဆင်းသက်လာပြီး ၎င်းကို ထိန်းချုပ်ပေးခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူမကို နက်ရှိုင်းစွာ ချစ်မိသွားစေရန် လုံလောက်ခဲ့လေသည်။

သူမသည် ထိုအနိုင်ကျင့်တတ်သူကို ပြဿနာရှာမည် မဟုတ်ပေ။ သူမသည် မင်းသားအား သူမ၏ နူးညံ့ပြီး ကြင်နာတတ်သော အသွင်ကို မြင်စေချင်ခဲ့သည်။

သို့သော်…

သူမက ထိုအနိုင်ကျင့်တတ်သူအား မုန့်ခွံ့ကျွေးနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ အင်္ကျီလက်စအတွင်းမှ လက်ချောင်းများသည် ဖြူလျော့သွားသည်အထိ ဆုပ်ကိုင်ထားမိလေသည်။

သူမ၏ မကျေနပ်ချက်ကို ခံစားမိသော သေခြင်းရှင်ခြင်းစာအုပ်သည် ရုတ်တရက် လဲကျသွားပြီး ၎င်း၏ စာမျက်နှာများကို အမြန်လှန်လှောကြည့်လိုက်လေသည်။

ပန်းကလေးအပေါ် မကောင်းသော ရည်ရွယ်ချက်ရှိသူတိုင်းကို ၎င်းက သေသည်အထိ ဖိခြေပစ်မည် ဖြစ်သည်။

ခဏအကြာတွင်…

သေခြင်းရှင်ခြင်းစာအုပ်က မျက်လုံးပြူးကာ ကြည့်နေလေ၏။

ကျန်းနျန်ကျစ်၏ မျက်လုံးထဲမှ မနာလိုမှုများသည် တဖြည်းဖြည်း ဖိနှိပ်ခံလိုက်ရသည်။

မင်းသား ကွေ့ဟွာပန်းကိတ်မုန့် စားနေသည်ကို သူမ မြင်သောအခါ သူမရှေ့ရှိ ပန်းကန်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားကာ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

"အရှင်မင်းသား... ရှင်လည်း ကွေ့ဟွာပန်းကိတ်မုန့်ကို ကြိုက်တာပဲ... နျန်ကျစ်ဆီမှာ နောက်ထပ် တစ်ပန်းကန် ရှိပါသေးတယ်..."

ကျန်းနျန်ကျစ်သည် တဖြည်းဖြည်း ချဉ်းကပ်လာကာ နန်ကုန်းယွမ်အား ချစ်မြတ်နိုးစွာဖြင့် ကြည့်လိုက်လေသည်။

"ရိုင်းစိုင်းလှချည်လား..."

"ဒီသခင်လေးကို အဆိပ်ခတ်ရဲတယ်ပေါ့..."

နန်ကုန်းယွမ်က သူမအား အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။

ကျန်းနျန်ကျစ်လည်း ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေလေ၏။

"အရှင်မင်းသား... ကျွန်မ... ကျွန်မ ရှင့်ကို ဒုက္ခပေးဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး... နျန်ကျစ်က ရှင့်ကို မုန့်တစ်ပန်းကန် ပေးချင်ရုံသက်သက်ပါ..."

သူမသည် ရင်ထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ဒဏ်ရာရနေသော မျက်လုံးများဖြင့် သူ့အား မော့ကြည့်လိုက်သည်။

နန်ကုန်းယွမ်သည် သူမလက်ထဲရှိ ကွေ့ဟွာပန်းကိတ်မုန့်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

"ငါက အချိုမကြိုက်သလို ကွေ့ဟွာပန်းနဲ့ ဓာတ်မတည့်ဘူးဆိုတာကို တစ်မြို့တော်လုံးမှာ ဘယ်သူက မသိလို့လဲ..."

"ငါက မင်းနဲ့ ဘာရန်ငြိုးမှ မရှိပါဘဲနဲ့ မင်းက ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား လာဆက်သနေတယ်... ဘာလဲ... မင်းက ငါ့ကို ယမမင်းဆီ ပို့ချင်နေတာလား..."

ကျန်းနျန်ကျစ် : …

သူမသည် သူမ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားလေသည်။

ယွင်ဟွားသည် သူ တစ်ဝက်စားထားသော သူ၏ လက်ထဲရှိ ကွေ့ဟွာပန်းကိတ်မုန့်ကို စိုက်ကြည့်ကာ တိတ်ဆိတ်သွားလေ၏။

မှန်၏။

ရှောင်ယွမ်ယွမ်သည် အချိုမကြိုက်ကြောင်း တော်ဝင်ကြင်ယာတော်စု တစ်ခါက ပြောဖူးသည်ကို သူမ မှတ်မိလိုက်လေသည်။

နန်ကုန်းယွမ်သည် ကျန်းနျန်ကျစ်အား လျစ်လျူရှုကာ သူ၏ ဇနီးဖြစ်သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ စား၍မကုန်သေးသော ကွေ့ဟွာပန်းကိတ်မုန့်ကို သူမအား ခွံ့ကျွေးလိုက်လေသည်။

"ဟွားအာလေး... ကွေ့ဟွာပန်းကိတ်မုန့်က အရသာရှိတယ်... ချိုပေမယ့် မအီဘူး... ကိုယ့်ကို နောက်ထပ် တစ်ပိုင်းလောက် ခွံ့ကျွေးနိုင်မလား..."

"စိတ်မပူပါနဲ့... ကိုယ် ဓာတ်မတည့်တာ မရှိပါဘူး... ကိုယ်က တခြားလူတွေရဲ့ အစားအစာတွေနဲ့ပဲ ဓာတ်မတည့်တာပါ..."

နန်ကုန်းယွမ်သည် ယွင်ဟွားအား စူးစိုက်ကြည့်နေပြီး သူ၏ မှောင်မိုက်နေသော မျက်လုံးများသည် ညကောင်းကင်ယံရှိ အတောက်ပဆုံး ကြယ်များကဲ့သို့ တောက်ပနေကာ မျက်စိကျိန်းမတတ် ဆွဲဆောင်မှု ရှိနေလေ၏။

ယွင်ဟွား၏ မျက်နှာသည် အလိုအလျောက် နီရဲသွားပြီး သူမ၏ နှလုံးခုန်သံများ ပို၍မြန်ဆန်လာလေသည်။

“သေစမ်း. သူက ဘာလို့ ငါ့ကို လာမြူဆွယ်နေပြန်တာလဲ... ဒီပန်းကလေးက ဆက်ပြီး မခုခံနိုင်တော့ဘူး…”

“ပန်းကလေး... စိတ်အေးအေးထား... စိတ်အေးအေးထား... ရှောင်ယွမ်ယွမ်ရဲ့ နှာခေါင်းဆွဲခေါ်ရာကို မလိုက်သွားနဲ့…”

သေခြင်းရှင်ခြင်းစာအုပ်က ၎င်း၏ အတောင်ပံလေးများဖြင့် သူမအား ယပ်ခတ်ပေးနေပြီး ပန်းကလေး၏ မျက်နှာမှာ မီးလောင်မတတ် နီရဲနေလေ၏။

“ဟုတ်တယ်... နင့်ရဲ့ မောင်းမဆောင်ကိစ္စကို စဉ်းစားဦး... ကြက်ဥအားလုံးကို ခြင်းတောင်းတစ်လုံးထဲ ထည့်ထားလို့ မရဘူး..”

တရားသူကြီးပေပေ့က ဟွားဟွား၏ ဆံပင်ကို ပွတ်သပ်ကာ သူမ သတိပြန်ဝင်လာစေရန် ကြိုးစားနေလေသည်။

ရှောင်လီဟွာသည် သူမ၏ စုတ်တံထိပ်ကို လျှာဖြင့်လျက်ကာ ဆက်ရေးလိုက်သည်။

"ငါ၏ သခင်သည် ဟန်ဆောင်ကောင်းသူ ဖြစ်သည်။ ကွေ့ဟွာပန်း ဓာတ်မတည့်ပါဟု သူ လိမ်ညာခဲ့သော်လည်း သူ၏ ဇနီးအတွက် အရသာပြောင်းလဲကာ အချိုများကို မြိန်ရေယှက်ရေ စားသောက်ခဲ့သည်..."

ရှောင်ရှင်းဟွာကမူ သူ ထုံထိုင်းသွားပြီဖြစ်ကြောင်း ပြောလေသည်။

ကျန်းနျန်ကျစ်၏ မျက်လုံးများ နီရဲကာ မျက်ရည်များ ပြည့်လျှံနေပြီး နန်ကုန်းယွမ်အား သနားစရာကောင်းသော အမူအရာဖြင့် ကြည့်လိုက်လေသည်။

နန်ကုန်းယွမ်က ကြောက်လန့်သွားပုံရလေ၏။

သူ မတုံးအပေ။ ဤမိန်းကလေးက သူ့အား မျက်စိကျနေသည်မှာ ရှင်းလင်းနေသည်။ သို့သော် သူ၏ မျက်လုံးများနှင့် နှလုံးသားထဲတွင် ထိုမိန်းကလေးငယ် တစ်ဦးသာရှိပြီး ကျန်လူအားလုံး ငရဲသို့ သွားနိုင်လေသည်။

နန်ကုန်းယွမ်သည် ယွင်ဟွားအနီးသို့ အမြန်တိုးကပ်သွားကာ သူမ၏ ပခုံးပေါ်သို့ ခေါင်းမှီလိုက်ပြီး ညည်းညူလိုက်သည်။

"ဟွားအာလေး... သူမရဲ့ မျက်လုံးတွေကို ကြည့်စမ်း... သူမက ကိုယ့်ကို မြူဆွယ်ဖို့ ကြိုးစားနေတယ်... ကိုယ့်ကို သေသေချာချာ စောင့်ကြည့်ထားတာ ပိုကောင်းမယ်..."

လူတိုင်း : ......

အိမ်ရှေ့စံသည် တစ်စုံတစ်ခုကို သင်ယူခဲ့ပြီးဖြစ်ရာ နောင်တွင် သူ၏ ဇနီးအား ထိန်းချုပ်ရန် သူ၏ ဆွဲဆောင်မှုကိုလည်း အသုံးပြုမည်ဖြစ်ကြောင်း ပြောလေသည်။

ကျန်းနျန်ကျစ်မှာ လုံးဝ မှင်သက်သွားလေ၏။

"အရှင်မင်းသား... ကျွန်မ... ကျွန်မက အရှင်မင်းသားရဲ့ ဘေးမှာပဲ ရပ်တည်ချင်ခဲ့တာပါ... မင်းသမီးနဲ့ ဆက်ဆံရေးကို မဖျက်ဆီးချင်ပါဘူး... ဘာလို့ ကျွန်မကို မုန်းတီးရတာလဲ..."

သူ၏ မျက်လုံးထဲမှ ရွံရှာမှုကို မြင်သောအခါ ကျန်းနျန်ကျစ်သည် လုံးဝ ကြေကွဲသွားသလို ခံစားရပြီး ငိုကြွေးချလိုက်လေသည်။

"ပြဿနာရှာတဲ့ကောင်မ..."

"မင်းက ငါ့ကို အဆိပ်ခတ်ချင်ရုံတင်မကဘူး... ငါ့ကို ခေါင်းခွဲခံရစေချင်နေတာပဲ... မင်းရဲ့ တကယ့် ရည်ရွယ်ချက်တွေက ဘာတွေလဲ..."

နန်ကုန်းယွမ်သည် ကျန်းနျန်ကျစ်အား လေးနက်သော အမူအရာဖြင့် ကြည့်လိုက်လေသည်။

All Chapters