အခန်း (၂၅၇-၂၅၈)
Vol. 26 Ch. 257-258
အခန်း (၂၅၇) သူမ၏ ကံကြမ္မာကို ဟောကိန်းထုတ်ခြင်း
"ကျွန်မ မဟုတ်ပါဘူး..."
ကျန်းနျန်ကျစ်၏ မျက်နှာမှာ ဖြူလျော့သွားလေ၏။ ဆက်ခံသူက အဘယ်ကြောင့် သူမအပေါ် အထင်လွဲရပါသနည်း။
"ယုံအန်းမင်းသမီး... မင်းသမီးက ကြင်နာတတ်ပြီး သဘောထားကြီးပါတယ်... မင်းသမီးက ပုံမှန်ဆို ညီလာခံတက်ပြီး တိုင်းပြည်ရေးရာတွေကို ကိုင်တွယ်ရတော့ အိမ်ရှေ့စံနားမှာ အဖော်ပြုပေးဖို့ အခွင့်အရေး အတော်လေး နည်းပါလိမ့်မယ်... နျန်ကျစ်ကို အခွင့်အရေးတစ်ခု ပေးဖို့ မင်းသမီးကို တောင်းဆိုပါတယ်..."
"မင်းသမီး... မင်းသမီးက မနာလိုဖြစ်နေတာတော့ မဟုတ်ပါဘူးနော်... အိမ်ရှေ့စံက မြင့်မြတ်တဲ့ မွေးဖွားခြင်းရှိသူမို့ ကိုယ်လုပ်တော်တွေ ရှိလာမှာက ရှောင်လွှဲလို့မရပါဘူး..."
ကျန်းနျန်ကျစ်သည် ယွင်ဟွားအား ဝမ်းနည်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်စဉ် နန်ကုန်းယွမ်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
သူမ မျက်ကန်းနေသလော။
"ဒီမင်းသားက မြင့်မြတ်တဲ့ အဆင့်အတန်းရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ဟွားအာလေးရဲ့ မင်းသမီးအဆင့်အတန်းက ကိုယ်တော်ထက် အဆင့်များစွာ ပိုမြင့်နေတာ ထင်ရှားတယ်လေ..."
"ကိုယ်လုပ်တော် ယူရမယ်... ကိုယ့်ရဲ့ ပင်မကြင်ယာတော်နေရာလေး မြဲပါ့မလားဆိုတာတောင် ကိုယ်က စိုးရိမ်နေရတာ..."
"ဟွားအာလေး... သူမက မင်းကို ကိုယ်ကျင့်တရားနဲ့ အကျပ်ကိုင်ရဲတယ်... သူမကို ထုလိုက်စမ်း... ခေါင်းကွဲအောင် ရိုက်ခွဲလိုက်..."
“ဟွန့်…”
သူမ၏ အလှအပကို တပ်မက်နေသော်လည်း သူ၏ နောက်တွင် ရပ်နေသော မိန်းမက မည်သူဖြစ်သည်ကိုပင် သူမ ထည့်မစဉ်းစားခဲ့ပေ။
နန်ကုန်းယွမ်သည် သူ၏ ရင်ခွင်ထဲရှိ ကလေးငယ်နှစ်ဦးကို ဖက်ထားလျက် ပြတ်သားစွာ ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့ ဟွားအာလေး... ကိုယ် ယွမ်ယွမ်က အစကနေ အဆုံးထိ တစ်ခွက်တည်းပဲ သောက်မှာပါ..."
နန်ကုန်းယွမ်၏ စကားများသည် ယွင်ဟွား၏ နားထဲသို့ ညင်သာစွာ ကျဆင်းသွားပုံရပြီး သူမသည် ချိုမြိန်စွာ ကျေနပ်သွားပုံရလေ၏။
သေခြင်းရှင်ခြင်းစာအုပ်မှာမူ စိတ်ပျက်မှုများ ပြည့်နှက်နေလေသည်။
“ပန်းကလေး... နင် ထပ်ပြီး လှည့်စားခံလိုက်ရပြန်ပြီ…”
တရားသူကြီးပေပေ့သည် လူးလွန့်သွားကာ ၎င်း၏ မျက်နှာငယ်လေး နီရဲသွားပြီး ပြောလိုက်လေသည်။
“ရှူးရှူး... ငါလည်း တစ်ခွက်တည်းပဲ သောက်မှာပါ... ဘယ်သူမှ ငါတို့ကို ခွဲခွာလို့ မရပါဘူး…”
သေခြင်းရှင်ခြင်းစာအုပ် : ......
“ထွက်သွားစမ်း…”
“ကောင်းပါပြီ... ပေပေ့က ရှူးရှူးရဲ့ စကားကို နားထောင်ရမှာပေါ့..”
ထို့နောက် ၎င်းသည် နှစ်သိမ့်မှုရရန် ယွင်ဟွားထံသို့ အမြန်သွားလေ၏။
ဤသည်ကို ကြားသောအခါ ကျန်းနျန်ကျစ်၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားပြီး လဲကျတော့မည့်အလား ဖြစ်သွားလေသည်။
နန်ကုန်းယွမ်သည် သူမအား လုံးဝ လျစ်လျူရှုထားပြီး ဇနီးဖြစ်သူ၏ နားထဲသို့ ဆက်လက် တိုးတိုးပြောလိုက်လေသည်။
"ဟွားအာလေး... ကိုယ်တို့က မျောက်ကို ခြောက်ဖို့အတွက် ကြက်ကို သတ်ပြရမယ်... သူမက အဲ့ကြက်ပဲ..."
နန်ကုန်းယွမ်၏ မျက်လုံးများမှာ ကြမ်းကြုတ်သွားပြီး သူက လည်ပင်းလှီးသည့် ဟန်အမူအရာ လုပ်ပြလိုက်လေ၏။
သူ၏ ခြေထောက်များ မသန်မစွမ်း မဖြစ်တော့သည့် အချိန်မှစ၍ ထိုမင်းသမီးများနှင့် သခင်မလေးများသည် သူနှင့် နီးစပ်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြရာ ၎င်းမှာ သူ့အတွက် ကြီးမားသော အနှောင့်အယှက်တစ်ခု ဖြစ်လာခဲ့လေသည်။
ကျန်းနျန်ကျစ်သည် နန်ကုန်းယွမ်အား မယုံနိုင်စွာဖြင့် စိုက်ကြည့်နေလေ၏။
"အရှင်မင်းသား... အရှင်မင်းသားက ကျွန်မကို ဘယ်လိုလုပ် ခုလိုပြုမူရက်ရတာလဲ..."
သူမ၏ ရိုးသားဖြူစင်မှုကို တစ်ခဏအတွင်း နင်းချေခံလိုက်ရသကဲ့သို့ ခံစားရကာ သူမ၏ နှုတ်ခမ်းများမှာ ဖြူလျော့သွားလေသည်။
“ဟုတ်တယ်... ပန်းကလေး... ရှောင်ယွမ်ယွမ်ရဲ့ စကားကို နားထောင်ပြီး သူမကို စံနမူနာပြ အပြစ်ပေးလိုက်ရအောင်…”
ရှောင်ယွမ်ယွမ်သည် ပန်းကလေး၏ အကောင်းဆုံး သူငယ်ချင်းဖြစ်ရာ ယမမင်းက သူမကို လာရှာမည်စိုးသဖြင့် သူတို့က သေချာစွာ စောင့်ကြည့်ထားရမည်ဖြစ်သည်။
ထို့အပြင် သူတို့သည် သူ၏ ဩဇာလွှမ်းမိုးမှုကိုလည်း အသုံးချရန် လိုအပ်သေးသည် မဟုတ်ပါလား။
ယွင်ဟွား၏ မျက်လုံးများက အရောင်လက်သွားလေ၏။ ဤအမျိုးသမီးသည် မကောင်းသော ရည်ရွယ်ချက်ရှိနေကြောင်း အစကတည်းက သူမ သိထားလေသည်။ သူမသည် သူမ၏ ယောက်ျားကို လုယူရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူမသည် အသက်ရှင်ရတာ ငြီးငွေ့နေပြီ ဖြစ်ရမည်။
သူမသည် လက်ငယ်လေးကို လှန်လိုက်ကာ အင်အားကို ထိန်းချုပ်လိုက်လေသည်။
"ဘုန်း" ဟူသော အသံတစ်သံနှင့်အတူ...
ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲက သူမရှေ့ရှိ စားပွဲပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားကာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားစေလေ၏။
လူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရလေသည်။
"ရှောင်ယွမ်ယွမ်က ငါ့အပိုင်ပဲ..."
သူမ မျက်စိကျထားသော ယောက်ျားကို လုယူရဲသူ မည်သူမဆို ရိုက်ခွဲခံရမည်ဖြစ်ကြောင်း ယွင်ဟွားက ကျန်းနျန်ကျစ်အား သတိပေးသည့်အနေဖြင့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။
ကျန်းနျန်ကျစ်သည် မကျေနပ်ချက်များ ပြည့်နှက်နေပြီး တစ်စုံတစ်ခုကို ထပ်ပြောချင်နေသော်လည်း လူအုပ်ထဲရှိ ကျန်းနျန်ရှူမှာ ရှေ့သို့ ထွက်လာကာ သူမ၏ ပါးစပ်ကို ပိတ်ထားလိုက်ရလေ၏။
"ပါးစပ်ပိတ်ထားစမ်း..."
"ငါနဲ့အတူ လိမ္မာပါးနပ်စွာ ပြန်ထိုင်နေစမ်း... နင့်အဖေတောင်မှ မင်းသမီးကို ပြဿနာရှာရဲတာ မဟုတ်ဘူး... နင်က တကယ်ပဲ ခေါင်းရိုက်ခွဲခံချင်နေတာလား..."
ကျန်းနျန်ရှူသည် ဤညီမငယ်အား တကယ်ပင် သဘောမကျပေ။ သူမသည် မိဘများရှေ့တွင် မျက်နှာနှစ်ဖက်ရှိကာ အချိုသတ်တတ်သဖြင့် မိသားစုက သူမကို နှစ်သက်ကြလေသည်။
သို့သော် သူမ နောက်ကွယ်သို့ ရောက်သွားသည်နှင့် သူမကိုယ်သူမ အပြစ်ဖို့ခံရအောင် မကြာခဏ ထောင်ချောက်ဆင်တတ်လေသည်။ ကျန်းနျန်ရှူက သူမကို ဖော်ထုတ်လိုက်သည့်အခါ သူမသည် သားကောင်အဖြစ် ဟန်ဆောင်တတ်သလို မတရားခံရသည့်ဟန်လည်း ဆောင်တတ်လေ၏။
ကျန်းနျန်ကျစ်သည် ကျန်းနျန်ရှူအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူမ၏ လက်ကို ရိုက်ဖယ်လိုက်လေသည်။
"သူမ တကယ်ပဲ ရိုက်ခွဲရဲမယ်ဆိုတာကို ငါ မယုံဘူး..."
"ဟေး... နင်က မယုံဘူးလား... ငါ့ညီမလေးက တကယ်ပဲ ဘယ်လိုရိုက်ခွဲရမလဲဆိုတာ သိတယ်နော်... သူမတင် မဟုတ်ဘူး ငါလည်း လူတွေကို ရိုက်ခွဲရတာ ကြိုက်တယ်..."
ယွင်ဝေက သင့်တော်စွာ ဝင်ပြောလိုက်ပြီး ကျောက်စိမ်းအုတ်ခဲငယ်ကို စားပွဲပေါ်သို့ တင်လိုက်လေသည်။
"ရိုက်ခွဲလိုက်... အစ်မအတွက် ငါလည်း ကူပြီးရိုက်ခွဲပေးမယ်..."
ကလေးငယ်လေးသည် သူ၏ လက်ထဲတွင် သစ်သားအုတ်ခဲငယ်လေးတစ်ခုကို ကိုင်ထားလျက် သူ၏ အစ်မကို ထောက်ခံချင်ကြောင်း ပြသနေလေ၏။
ကျန်းနျန်ကျစ်၏ မျက်လုံးများမှာ သွေးလွှမ်းနေပြီး သူမ၏ အောက်နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်ထားလေသည်။
"မင်းသမီး... မင်းသမီးက အဲ့လောက် တစ်ကိုယ်ကောင်း မဆန်သင့်ဘူး... မင်းသားက မင်းသမီး တစ်ယောက်တည်းအပိုင် မဟုတ်ဘူး..."
ယွင်ဟွားသည် ကလေးငယ်လေး၏ ပါးကို အနမ်းကြီးကြီးတစ်ခု ပေးလိုက်ပြီး သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေ၏။
"နင် တကယ်ပဲ သေချင်နေတာပဲ..."
ယွင်ဟွား မော့ကြည့်လိုက်သောအခါ အားကောင်းသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တစ်ခုက ကျန်းနျန်ကျစ်ထံသို့ တိုက်ရိုက် လွှမ်းခြုံသွားလေသည်။
ချက်ချင်းပင်…
သူမ၏ ကျောရိုးတစ်လျှောက် အေးစက်သော တုန်ရီမှုကို ဖြစ်စေသည့် ချမ်းစိမ့်သော အရှိန်အဝါဖြင့် ပိတ်လှောင်ခံလိုက်ရသဖြင့် ကျန်းနျန်ကျစ်၏ ခြေထောက်များမှာ အားပျော့သွားလေ၏။
သူမ၏ မျက်လုံးများနှင့် ယွင်ဟွား၏ မျက်လုံးများ ဆုံတွေ့လိုက်သည့်အခါ သူမ၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရီသွားလေသည်။
နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်မည်ဆိုလျှင် သူမအတွက် သေချာပေါက် သေဆုံးရမည့်အလား ဖြစ်နေလေ၏။
ထိုနေရာရှိ လူတိုင်းသည် တိတ်ဆိတ်နေကြပြီး ယွင်ဟွားထံမှ ထွက်ပေါ်လာသော ကြမ်းကြုတ်သည့် အရှိန်အဝါကြောင့် အားလုံးမှာ ကြောက်လန့်သွားကြလေသည်။
"ငါ မင်းသမီးက နင့်အတွက် ကံကြမ္မာဟောကိန်းတစ်ခုလောက် ထုတ်ပေးရင်ကော ဘယ်လိုလဲ..."
ယွင်ဟွားသည် အနည်းငယ် ပြုံးလိုက်ပြီး ရုန်းကန်နေသော ကလေးမလေးကို ပွေ့ချီလိုက်လေ၏။ ကလေးငယ် နှစ်ဦးသည် ယွင်ဟွား၏ ရင်ခွင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေကြပြီး နန်ကုန်းယွမ်က သူတို့သုံးဦးအား မုန့်ခွံ့ကျွေးရန်သာ အာရုံစိုက်နေလေသည်။
“ရှူးရှူးလေး... သူမကို ငါ့လက်ထဲ အပ်လိုက်စမ်း..”
အကယ်၍သာ ဤကလေးငယ်နှစ်ဦးမရှိဘဲ သွေးထွက်သံယို မြင်ကွင်းက သူတို့ကို ကြောက်လန့်သွားစေမည်ကို စိုးရိမ်မနေခဲ့လျှင် ယွင်ဟွားသည် သူမ၏ ခေါင်းကို အုတ်ခဲဖြင့် ရိုက်ခွဲကာ ရေထဲသို့ ပြန်လွှင့်ပစ်လိုက်မည် ဖြစ်လေသည်။
ကျန်းနျန်ကျစ်က တံတွေးကို ခက်ခဲစွာ မြိုချလိုက်လေ၏။
"မ... မလိုအပ်ပါဘူး မင်းသမီး..."
ယွင်ဟွား၏ နှုတ်ခမ်းပေါ်ရှိ ထူးဆန်းသော အပြုံးကို သူမ မြင်သောအခါ သူမ၏ နှလုံးသားမှာ စိုးရိမ်ပူပန်မှုများဖြင့် ခုန်ပေါက်လာလေသည်။
ကျန်းနျန်ကျစ်သည် ကျန်းနျန်ရှူ၏ လက်ကို ဆွဲကိုင်လိုက်ပြီး တုန်ရီသော အသံဖြင့် ပြောလိုက်လေသည်။
"အစ်မ... ငါ... လေကောင်းလေသန့် နည်းနည်းရဖို့ အပြင်ထွက်တော့မယ်... ငါ အပြင်သွားမယ်... ငါ... ကမ်းပေါ် တက်ဖို့ လိုတယ်... ကျေးဇူးပြုပြီး ငါ့ကို ကမ်းပေါ် အမြန်ပြန်ပို့ပေးပါ..."
သူမက ကံကြမ္မာဟောနိုင်တယ်ဆိုတာကို ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ။
နန်ကုန်းယွမ်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ မြေပဲစေ့တစ်စေ့ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး သူမ၏ သွေးကြောမှတ်ကို ပိတ်ရန် ၎င်းကို အသုံးပြုလိုက်လေသည်။
"ယုံအန်းမင်းသမီးက မင်းအတွက် ကံကြမ္မာဟောပေးမယ်ဆိုတာကို မင်းက ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ..."
နန်ကုန်းယွမ်က အေးစက်စွာ ပြောလိုက်လေသည်။ သူမက လျှို့ဝှက်ချက်တစ်ခုခုကို ဖုံးကွယ်ထားသကဲ့သို့ သူမ၏ မျက်လုံးထဲမှ ထိတ်လန့်မှုကို သူ လွတ်မသွားခဲ့ပေ။
ကျန်းနျန်ကျစ်၏ မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့သွားပြီး သူမသည် စကားတစ်ခွန်းမျှ မဟနိုင်ဘဲ ထစ်ငေါ့နေရုံသာ တတ်နိုင်တော့လေသည်။
“ပန်းကလေး... သူမရဲ့ အဖေက တရားစီရင်ရေးရုံးတော်ရဲ့ ညွှန်ကြားရေးမှူး ကျန်းမင်ကျန်းဖြစ်ပြီး ကောင်းမွန်တဲ့ အရာရှိတစ်ဦးပါ... ဒါပေမယ့် သူမက သူမမိခင်ရဲ့ ယုတ်မာမှုတွေကို အမွေရထားတယ်... သူမက သူမရဲ့ အစ်မဖြစ်သူကို ထောင်ချောက်ဆင်တယ်... အစေခံတွေကို ရိုက်နှက်သတ်ဖြတ်တယ်... ပြီးတော့ သူတို့မျက်နှာရှေ့မှာ မျက်နှာနှစ်ဖက်ရှိပြီး အလိမ်အညာမှာ တကယ့်ကို ဆရာတစ်ဆူပဲ…”
ကျန်းနျန်ရှူသည် မယုံနိုင်စွာဖြင့် မျက်လုံးပြူးကာ ကြည့်နေလေ၏။
*မဖြစ်နိုင်ဘူး…*
သူမ၏ မိခင်မှာ အလွန်နူးညံ့ပြီး ကြင်နာတတ်သူ ဖြစ်သည်။ သူမသည် သေခြင်းရှင်ခြင်းစာအုပ်တွင် ဖော်ပြထားသည့် လူစားမျိုး လုံးဝ မဖြစ်နိုင်ပေ။
“ဟူး..”
ယွင်ဟွားက သက်ပြင်းချလိုက်လေသည်။
“အဲ့အမတ်က ခန္ဓာကိုယ်အားနည်းရုံသာမက အမြင်လည်း အတော်လေး ဆိုးရွားတာပဲ... သူက အဲ့လိုမိန်းမမျိုးကို ယူထားတာ... သူမက မိသားစုကို ပြောင်းပြန်လှန်ပစ်လိုက်မှာကို သူ မကြောက်ဘူးလား..”
ယွင်ဟွားက ရေရွတ်လိုက်လေသည်။
“ပန်းကလေး... နင် မှားနေပြီ... သခင်မကျန်းက လူကောင်းတစ်ယောက်ပါ…”
သေခြင်းရှင်ခြင်းစာအုပ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလျက် ပြောလိုက်လေသည်။
ယွင်ဟွားထံတွင် အလင်းတန်းတစ်ခု ပေါ်လာလေ၏။
“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... ညီလာခံမှာ ဖမ်းစရာ အကျင့်ပျက်အရာရှိတွေ မရှိပေမယ့် အမတ်တွေရဲ့ ကိုယ်ပိုင်အဆောင်တွေမှာတော့ ခုလို အရှုပ်တော်ပုံ ပြဇာတ်တွေနဲ့ ပြည့်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး... ဖောက်ပြန်တာ မဟုတ်ရင် ကလေးချင်း လဲလှယ်တာပဲ…”
“မှန်တယ်…”
“ပန်းကလေး... နင် ဖြေတာ တစ်ဝက် မှန်သွားပြီ…”
သေခြင်းရှင်ခြင်းစာအုပ်က ဆက်ပြောလေသည်။
“အဲ့ကျန်းနျန်ကျစ်က တကယ်တော့ ကိုယ်လုပ်တော်ချင်းရဲ့ သမီးပါ…”
ကျန်းနျန်ရှူမှာ လန့်ဖြန့်သွားပြီး သူမ၏ ညီမငယ်ကို ရုတ်တရက် လှည့်ကြည့်လိုက်လေ၏။
“ပန်းကလေး... အဲ့အချိန်တုန်းက သခင်မကျန်းနဲ့ ကိုယ်လုပ်တော်ချင်းတို့က တစ်ချိန်တည်းမှာ ကိုယ်ဝန်ဆောင်ခဲ့ကြတယ်... သခင်မကျန်းက မီးဖွားရခက်ခဲခဲ့ပြီး သားတစ်ယောက် မွေးဖွားခဲ့တယ်... အဲ့နောက်ပိုင်းမှာ သူမက ကလေးမရနိုင်တော့ဘူး…”
“ကိုယ်လုပ်တော်ချင်းက သမီးတစ်ယောက်ကို အရင်မွေးဖွားခဲ့ပေမယ့် သူမက ယုတ်မာပြီး လက်သည်ကို လာဘ်ထိုးထားပြီးပြီ... သခင်မကျန်းက ယောကျ်ားလေးမွေးမွေး၊ မိန်းကလေးမွေးမွေး တရားဝင်သမီးအဖြစ် အဆင့်အတန်းကို ရယူဖို့အတွက် သူမရဲ့ ကလေးကို လက်သည်နဲ့ပေါင်းပြီး လဲလှယ်ပစ်ချင်ခဲ့တာ…”
ယွင်ဟွားက ဆက်ပြောလေသည်။
"သခင်မကျန်းရဲ့ အရင်းအချာသားကကော ဘယ်လိုလုပ်မလဲ... သူက သူမရဲ့သား မဖြစ်လာဘဲ တရားမဝင်မွေးဖွားလာတဲ့ သားတစ်ယောက် ဖြစ်သွားမှာပေါ့..."
“မဟုတ်ဘူး..”
သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းခါလိုက်လေသည်။
“သူမကိုယ်သူမ နောင်အနာဂတ်မှာ ပြဿနာမကျန်ရစ်စေဖို့အတွက် ကိုယ်လုပ်တော်ချင်းက သူမရဲ့ ကလေးမှာ သေဆုံးသွားပြီလို့ လိမ်ညာခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူမက လက်သည်ကို သတ်ခိုင်းခဲ့တာပဲ…”
လူတိုင်း : ......
အလွန်ရက်စက်လှချည်လား။
အခန်း (၂၅၈) ငါ့ယောက်ျားကို လုချင်တဲ့အတွက် နင့်ကို အရင်ဆုံး ဆုံးမရမယ်
လူအုပ်ကြီး၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ ထင်ဟပ်နေလေသည်။
ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ငရဲလကျောက်သည် ကျိုးပဲ့နေသော ပန်းခေါင်းငယ်လေးပေါ်တွင် လုံးဝ ခွေယိုင်ကျသွားတော့၏။
“တကယ့်ကို ရက်စက်လွန်းလှတယ်…”
သေခြင်းရှင်ခြင်းစာအုပ်၏ စကားကို ကြားသောအခါ ယွင်ဟွားမှာ အလွန်ဒေါသထွက်သွားပြီး သူမရှေ့ရှိ စားပွဲကို လက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။
'ဒိုင်း' ဟူသော အသံနှင့်အတူ စားပွဲမှာ ကွဲကြေသွားတော့၏။
ယွင်ဟွား…
နန်ကုန်းယွမ်သည် ချက်ချင်းပင် သူ၏ အတွင်းအားကို အသုံးပြုကာ အပျက်အစီးများကို ဖယ်ရှားလိုက်ပြီး အိမ်ရှေ့စံမင်းသားရှေ့ရှိ စားပွဲကို ကောက်ယူလိုက်သည်။
"ရှောင်ဟွားဟွား... လက်နာသွားပြီလား... နောက်တစ်ခါ စားပွဲကို ရိုက်ချင်ရင် ကိုယ်ကိုသာ ပြောပါ... ရှောင်ယွမ်ယွမ်က မင်းအတွက် လုပ်ပေးပါ့မယ်..."
နန်ကုန်းယွမ်မှာ အလွန် ရင်ကွဲနာကျရ၏။ သူ၏ ဇနီးငယ်လေး၏ လက်မှာ နီရဲနေပြီ ဖြစ်သည်။
အိမ်ရှေ့စံမင်းသားက ဆက်၍ သည်းမခံနိုင်တော့ပေ။
ငရဲလကျောက်က ၎င်း၏ ယခင်က ခန့်ညားထည်ဝါပြီး မြင့်မြတ်လှသော သခင်ကို ပြန်လည်သတိရမိသော်လည်း ယခုမူ ဤလူ၏ ခေါင်းသည် တံခါးတွင် ညပ်သွားခဲ့လေသလားဟု တွေးတောမိလေ၏။
ယွင်ဟွားသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ရှောင်ယွမ်ယွမ်... ရှင်က ဘယ်လိုလုပ်ပြီး..."
“ပန်းကလေး... နင် ဖရဲသီး ဆက်စားချင်သေးလား... စိတ်မဝင်စားရင်တော့ ငါ ဘာမှ ဆက်မပြောတော့ဘူး…”
သေခြင်းရှင်ခြင်းစာအုပ်က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
သေချာသည်မှာ ယောက်ျားများသည် မိန်းမများ ဓားဆွဲထုတ်သည့် အရှိန်ကို နှေးကွေးသွားစေတတ်ပေသည်။
“စားမယ်လေ..”
ယွင်ဟွားက ချက်ချင်းပင် ခေါင်းလှည့်သွားရာ နန်ကုန်းယွမ်မှာ သေခြင်းရှင်ခြင်းစာအုပ်ကို အကြိမ်ကြိမ် စိုက်ကြည့်နေမိလေသည်။
ငရဲလကျောက်…
မဟုတ်သေးပါဘူး…
သူ... သူသည် အခြားသော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားပုံရ၏။
စောစောက သခင်သည် ဤစုတ်ပြဲနေသော စာအုပ်ကို မကျေမနပ်ဖြင့် စိုက်ကြည့်နေခဲ့သည် မဟုတ်ပါလား။
ငရဲလကျောက်သည် ခန္ဓာကိုယ် တောင့်တင်းသွားလျက် နန်ကုန်းယွမ်အား စိုက်ကြည့်နေမိသည်။
၎င်း၏ အကြည့်များက အလွန် ပြင်းထန်လွန်းနေသောကြောင့်ဖြစ်မည်။ နန်ကုန်းယွမ်က ၎င်းကို အကြိမ်အနည်းငယ် လှမ်းကြည့်သော်လည်း ၎င်းသည် ကျောက်တုံးတစ်တုံးသာ ဖြစ်နေသောကြောင့် ရှောင်ယိုယိုက သူ့အား နတ်ဘုရားအာရုံဖြင့် စိုက်ကြည့်နေသည်ကို သူ မသိခဲ့ပေ။
ငရဲလကျောက်...
ယခုမူ သူက လုံးဝ ထုံကျဉ်သွားခဲ့ပြီ ဖြစ်သည်။
“ပန်းကလေး... သခင်မကျန်းက ကလေး ထပ်မမွေးနိုင်တော့ဘူး... သူမမှာ သမီးနှစ်ယောက်ပဲ ရှိတယ်... ကိုယ်လုပ်တော်ချင်းက နောက်ပိုင်းမှာ သားတစ်ယောက် မွေးလာတော့ သူမရဲ့သားကို သခင်မကျန်းရဲ့ နာမည်အောက်မှာ တရားဝင်ဆက်ခံသူအဖြစ် စာရင်းသွင်းချင်နေတာ…”
ယွင်ဟွားက ခပ်ဖွဖွ နှာမှုတ်လိုက်၏။
“သူမက အကြံကောင်းနေတာပဲ..”
“ဒါပေါ့... ဒါပေမယ့် သခင်မကျန်းက သဘောမတူဘူး... ပြီးတော့ အမတ်ကျန်းကလည်း သဘောတူအောင် အတင်းအကျပ် မလုပ်ဘူးလေ... ဒါကြောင့် ကိုယ်လုပ်တော်ချင်းက ရန်ငြိုးထားသွားတာ... သူမက သခင်မကျန်းကို အားနည်းသွားစေတဲ့ အဆိပ်ခတ်ပြီး သေဆုံးသွားသယောင် ဖန်တီးကာ သူမနေရာကို လုယူဖို့ ကြိုးစားခဲ့တာ..”
*ဘာပဲဖြစ်ဖြစ် အမတ်ကျန်းမှာ ဒီတရားမဝင် သားတစ်ယောက်တည်း ရှိတာကိုး..”
ကျန်းနျန်ရှူမှာ ယိမ်းယိုင်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက သူမကို ထိန်းကိုင်ပေးထားလေသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူမ မိခင်၏ ကျန်းမာရေးက အဘယ်ကြောင့် တဖြည်းဖြည်း အားနည်းလာရသနည်း ဆိုသည်ကို ယခုမှပင် သဘောပေါက်သွားတော့၏။
“အဟက်... ဇနီးမယားကို အဆိပ်ခတ်ပြီး တရားဝင်သားသမီးကို ဒုက္ခပေးရဲတယ်ပေါ့... သူတို့က သိပ်ရဲတင်းလွန်းနေပြီ…”
ယွင်ဟွားသည် သူမ၏ ဒေါသကို မြိုသိပ်ထားလိုက်ပြီး နောက်ပိုင်းတွင် ဤသားအမိနှစ်ယောက်ကို မည်သို့ ကိုင်တွယ်ရမည်ကို တွေးတောနေလေသည်။
အိမ်ရှေ့စံမင်းသားက အစောင့်များကို လက်ဟန်ပြလိုက်သည်။
"ကမ်းကပ်ဖို့ အမိန့်ပေးလိုက်..."
"မှန်လှပါ..."
“ဟွားဟွား... တကယ်တော့ ကျန်းနျန်ကျစ်က သူမရဲ့ မိခင်အရင်းဟာ ဘယ်သူလဲဆိုတာ သိပြီးသားပဲ... သခင်မကျန်းက အဆိပ်ခတ်ခံရနိုင်တယ်ဆိုတာကို တစ်ခါမှ မတွေးမိခဲ့ဘူး... တစ်စိတ်တစ်ပိုင်းက သူမက ဖုံးကွယ်ပေးဖို့ ကြိုးစားနေတာကြောင့်လည်း ပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အရင်းနှီးဆုံး သမီးကများ ကိုယ့်မိခင်ကို အဆိပ်ခတ်ပါ့မလဲ…”
လူတိုင်း…
“စကားမစပ်... သခင်မကျန်းရဲ့ သားက မသေသေးဘူး... သားဖွားဆရာမက စိတ်မကောင်းဖြစ်ပြီး သူ့ကို ဇလုံတစ်ခုထဲ ထည့်ကာ မြစ်ထဲ မျှောလိုက်တာ... သူ့ကို လယ်သမားမိသားစုတစ်စုက မွေးစားပြီး သေချာပြုစုပျိုးထောင်ပေးခဲ့တယ်... တစ်မိသားစုလုံးက သူ့ပညာရေးအတွက် ထောက်ပံ့ပေးခဲ့ကြပြီး သူက အင်ပါယာစာမေးပွဲ ဖြေဆိုဖို့အတွက် လမ်းခရီးမှာ ရောက်နေပြီ…”
တစ်စက္ကန့်ခန့်တွင် ကျန်းနျန်ရှူက ကျန်းနျန်ကျစ်အား သတ်ပစ်ချင်စိတ် ပေါ်လာသော်လည်း နောက်တစ်စက္ကန့်တွင်မူ သူမသည် အလွန်ဝမ်းသာသွားပြီး ဝမ်းသာမျက်ရည်များ ကျဆင်းလာတော့၏။
သူမ၏ မောင်လေးသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားသည်ကိုသိလျှင် သူမ မိခင် ခံနိုင်ရည်ရှိမည် မဟုတ်ဟု အလွန် စိုးရိမ်ခဲ့ဖူးသော်လည်း ယခုမူ သူ အသက်ရှင်နေပြီး မြို့တော်သို့ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် အရာအားလုံး အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။
“နောက်ဆုံးတော့ သတင်းကောင်းလေး ကြားရပြီပေါ့…”
“အဲ့သားအမိနှစ်ယောက်က ဒီမင်းသမီးနဲ့ လာတိုးတာ ကံဆိုးတာပဲ... ဒီညတော့ သူတို့ရဲ့ အိပ်မက်တွေကို ဖျက်ဆီးပစ်ရမယ်…”
ယွင်ဟွားက ကလေးငယ်နှစ်ဦးကို နန်ကုန်းယွမ်၏ ရင်ခွင်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ သူမသည် သူမ၏ အစွမ်းကုန်လှုပ်ရှားမှုများကို ထုတ်ဖော်တော့မည် ဖြစ်သည်။
“ပန်းကလေး... နင့်အတွက် နောက်ထပ် သတင်းကြီးတစ်ခု ရှိသေးတယ်... သူတို့ စီးလာတဲ့ လှေပေါ်က မီးလောင်မှုဟာ ကျန်းနျန်ကျစ်နဲ့ သူ့အမေကြောင့် ဖြစ်ရတာ... သူတို့က သခင်မကျန်းရဲ့ တစ်ဦးတည်းသော သမီးကို သတ်ပစ်ချင်နေကြတာ…”
“အရင်က လူနှစ်ယောက် မီးလောင်သေဆုံးပြီး တစ်ယောက် ရေနစ်သေဆုံးတယ်လို့ ပြောခဲ့ကြတယ်... ရေနစ်သေဆုံးတဲ့သူက ကျန်းနျန်ရှူလေ... ရေကူးကျွမ်းကျင်တဲ့သူ နှစ်ယောက်က ရေထဲမှာ ချောင်းမြောင်းနေခဲ့ကြတာ... မီးလောင်တာကို အခွင့်ကောင်းယူပြီး ကျန်းနျန်ကျစ်က ကျန်းနျန်ရှူကို လှေပေါ်ကနေ ခုန်ချပြီး ထွက်ပြေးဖို့ ဆွဲခေါ်သွားခဲ့တယ်... တစ်ယောက်က လူကယ်တယ်... နောက်တစ်ယောက်က ဒုက္ခပေးတယ်...အဲ့နောက်မှာတော့ ကျန်းမိသားစုရဲ့ သမီးအကြီးဆုံးက ကံဆိုးတယ်လို့ပဲ ပြောလို့ရတော့မှာပေါ့…”
သေဘေးမှ လွတ်မြောက်လာသူများသည် ကျန်းနျန်ကျစ်အား ဒေါသတကြီး စိုက်ကြည့်နေကြပြီး ထိတ်လန့်ဖွယ်ရာ မြင်ကွင်းက သူတို့၏ စိတ်ထဲတွင် ထင်ဟပ်နေဆဲ ဖြစ်သည်။
"ရှောင်ယွမ်ယွမ်... ခဏနေရင် သူတို့ရဲ့ မျက်လုံးတွေကို ဖုံးအုပ်ထားဖို့ မမေ့နဲ့နော်..."
ယွင်ဟွားက သူမ၏ လက်ကောက်ဝတ်ကို ပွတ်သပ်ကာ မတ်တတ်ရပ်လိုက်ရာ ယွင်ဝေ၏ မျက်လုံးများက အရောင်လက်သွားလေသည်။
"စိတ်မပူပါနဲ့ ရှောင်ဟွားဟွား... မင်း ရှေ့ကနေ သွားပြီး ဦးဆောင်လိုက်ပါ... ရှောင်ယွမ်ယွမ်က မင်းအတွက် နောက်ကနေ ကာကွယ်ပေးထားပါ့မယ်..."
နန်ကုန်းယွမ်က ပြုံးလျက် ပြန်ဖြေလိုက်ပြီးနောက် ပန်းနှစ်ပွင့်ကို လက်ဟန်ဖြင့် ခေါ်လိုက်သည်။
“သွား... အဲ့လူနှစ်ယောက်ကို သွားရှာချေ... ပြီးတော့ အမတ်ကျန်းကိုလည်း ဒီနေရာကိုလာခဲ့ဖို့ အကြောင်းကြားလိုက်..."
"မှန်လှပါ သခင်..."
ရှောင်ရှင်းဟွာက အရင် ထွက်သွားပြီး နန်ကုန်းယွမ်သည် ရှောင်လီဟွာ၏ ရင်ခွင်ထဲရှိ ဖောင်းမို့နေသော နေရာကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"မင်း အခု လွှဲပေးမလား... ဒါမှမဟုတ် ရွှမ်ကျားတပ်စခန်းကို ပြန်သွားမလား..."
ရှောင်လီဟွာမှာ အနည်းငယ် တုန်ယင်သွားပြီး အောက်ကျို့သော အပြုံးဖြင့် ပြောလိုက်သည်။
"သခင်... ဒါက ယုံအန်းမင်းသမီး ကြည့်ချင်တဲ့အရာပါ... ကျွန်တော်မျိုးမ ဒါကို ပြုပြင်ထားပြီးပြီဖြစ်သလို သခင်တို့ရဲ့ ချိုမြိန်ပြီး ကြင်နာယုယတဲ့ အခိုက်အတန့်တွေ အားလုံးကိုလည်း မှတ်တမ်းတင်ထားပါတယ်... သခင်က ဒါကို တကယ်ကြီး ဖျက်ဆီးပစ်ချင်လို့လား..."
နန်ကုန်းယွမ်မှာ အံ့သြသွားပြီး ခပ်ဖွဖွ ချောင်းဆိုးလိုက်လေသည်။
"အဟွတ်... အဟွတ်..."
"ရှောင်ဟွားဟွားက ဖတ်ချင်တယ်ဆိုတော့လည်း... ကောင်းပြီလေ... မင်း ဆက်ရေးလို့ ရပါတယ်... ဒါပေမယ့် ကိုယ်တော့်ရဲ့ ပုံရိပ်ကိုတော့ မဖျက်ဆီးပစ်နဲ့... ပြီးတော့ သူမနဲ့ ကိုယ်တော့်ကြားက ချိုမြိန်တဲ့ အခိုက်အတန့်တွေကို ပိုပြီး မှတ်တမ်းတင်ပေး..."
ရှောင်လီဟွာသည် တောက်ပစွာ ပြုံးလိုက်ပြီး သူမ၏ ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်၏။
"စိတ်မပူပါနဲ့ သခင်... လီဟွာက အလွန် ယုံကြည်စိတ်ချရပါတယ်..."
ယွင်ဟွား ချဉ်းကပ်လာသည်ကို ကျန်းနျန်ကျစ် မြင်လိုက်ရသောအခါ သူမ၏ နှလုံးသားမှသည် ခြေလက်များဆီသို့ အေးစက်မှုတစ်ခု စီးဆင်းသွားလေသည်။ အကြံအိုက်သွားသဖြင့် သူမသည် သူမ၏ အစ်မကြီးထံသို့ အကူအညီတောင်းသည့် အချက်ပြမှုတစ်ခုကို ပေးပို့လိုက်သည်။
ကျန်းနျန်ရှူက ခေါင်းလွှဲသွားကာ သူမကို လုံးဝ လျစ်လျူရှုထားရာ ထိုအရာက သူမ၏ မျက်လုံးများကို နာကျည်းမှုများ ပြည့်နှက်သွားစေ၏။
"ကျန်းနျန်ကျစ်... ပြင်ထားလိုက်တော့... ဒီမင်းသမီးက နင့်ကို အရင်ဆုံး ဆုံးမတော့မယ်..."
ယွင်ဟွားက သူမ၏ လက်သီးပေါ်သို့ လေမှုတ်လိုက်ပြီး လက်သီးတစ်ချက် ထိုးချလိုက်သည်။
နန်ကုန်းယွမ်သည် ထိတ်လန့်ဖွယ် အသံမထွက်စေဘဲ သူမ၏ သွေးကြောများကို သတိတရဖြင့် ဖြေလျှော့ပေးလိုက်သည်။ သို့မဟုတ်ပါက ရှောင်ဟွားဟွားအနေဖြင့် လုံလောက်သော ရိုက်နှက်မှုကို ပြုလုပ်နိုင်မည် မဟုတ်ပေ။
"အား..."
အော်ဟစ်သံများက ညကောင်းကင်ယံကို ဖြတ်တောက်သွားလေသည်။
ကျန်းနျန်ကျစ်သည် အကာအကွယ်အောက်တွင် ကြီးပြင်းလာရသော မိသားစုမှ သခင်မလေးတစ်ဦးဖြစ်ရာ ယွင်ဟွား၏ ခွန်အားကို မယှဉ်နိုင်ပေ။ သူမသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သွားအနည်းငယ်နှင့်အတူ သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။
ထိုအခါ ယွင်ဟွား၏ လက်သီးက သူမအပေါ်သို့ ထပ်မံ ကျရောက်လာပြန်သည်။
"နင်က ငါ့ယောက်ျားကို လုရဲတယ်ပေါ့..."
"ရှောင်ယွမ်ယွမ်က ငါ့အပိုင်ပဲ... နင်က သူ့ကိုများ အကွက်ဆင်ဖို့ ကြိုးစားရဲရင် နင့်ကို အရင်ဆုံး အဆုံးစီရင်ပစ်မယ် ခွေးမ..."
"ဘယ်မျောက်မတွေက ရှောင်ယွမ်ယွမ်ကို ထပ်ပြီး လုယူဖို့ ကြိုးစားရဲသေးလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."
နန်ကုန်းယွမ်မှာ အလွန် ဝမ်းသာသွားသည်။
"ရှောင်ဟွားဟွား... သူမကို ပြင်းပြင်းထန်ထန်သာ ရိုက်ပစ်လိုက်... အခြားသူတွေ အတုယူနိုင်အောင် သူမကို နမူနာပြဖို့ လိုတယ်... ကိုယ် မင်းကို ပြောပြရဦးမယ်... ကိုယ်က အခု မသန်မစွမ်း မဟုတ်တော့လို့ အဲ့မူးမတ်သခင်မလေးတွေ အားလုံးက ကိုယ့်ကို မျက်စိကျနေကြတာ..."
"ကိုယ် အပြင်ထွက်လိုက်တာနဲ့ ရှောင်ယွမ်ယွမ်ဆီကို ပဝါတွေ ပစ်ပေါက်ကြတယ်... မျက်စိမှိတ်ပြကြတယ်... ဒါမှမဟုတ် လဲကျချင်ယောင်ဆောင်ပြီး ကိုယ့်အပေါ် အပြစ်ပုံချဖို့ ကြိုးစားကြတယ်... ကံကောင်းလို့ ကိုယ်က မြန်မြန် ရှောင်တိမ်းနိုင်ခဲ့တာ... မဟုတ်ရင် ကိုယ့်ရဲ့ အပြစ်ကင်းစင်မှုက အန္တရာယ်ရှိသွားနိုင်တယ်..."
ဤသည်ကို ကြားသောအခါ...
ယွင်ဟွားက သူမ၏ လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"စိတ်မပူပါနဲ့ ရှောင်ယွမ်ယွမ်... နောင်မှာ တစ်ယောက်ယောက်က ရှင့်ကို ဖြားယောင်းဖို့ ကြိုးစားရင် ငါ့ကိုသာ ပြောလိုက်... ဒီမင်းသမီးက သူတို့ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပြီး ခြေထောက်တွေကို ချိုးပစ်မယ်..."
ယခင်က မည်သူမျှ ရှောင်ယွမ်ယွမ်အတွက် တိုက်ခိုက်ရန် ဂရုစိုက်မည် မဟုတ်သော်လည်း ယခုမူ သူတို့အားလုံးက တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာကြလေပြီ။
“ပန်းကလေး... ပြင်းပြင်းထန်ထန်သာ ရိုက်ပစ်လိုက်... ဒီတစ်ကြိမ်ကို မပြောနဲ့ဦး... သူမရဲ့ လက်ထဲမှာ အသက်ပေါင်းများစွာ ရှိနေတာ... နင်သာ မရှိခဲ့ရင် နောက်ထပ် လူအနည်းငယ် ထပ်သေသွားနိုင်တယ်…”
သေခြင်းရှင်ခြင်းစာအုပ်က အလံကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
“ဟွားဟွား... သူမ သေနိုင်လား... သူမရဲ့ သက်တမ်းကို အရင်တွက်ချက်ရမလား... ဒါမှမဟုတ် သူမကို ဆီပူအိုးထဲ အရင်ထည့်ရမလား…”
တရားသူကြီးစုတ်တံက ၎င်း၏ ပြောင်နေသော ခေါင်းလေးကို ပွတ်သပ်ကာ အလွန်အမင်း ဗျာများနေလေသည်။
လူအုပ်ထဲတွင် အချင်းချင်း ဝင်တိုက်မိဟန်ဆောင်ခဲ့ကြသော မူးမတ်သခင်မလေးအချို့မှာမူ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေကြပြီး သူတို့၏ မျက်နှာလေးများမှာ သွေးဆုတ်ကာ ဖြူရော်နေလေသည်။
မင်းသားစု၏ ဆက်ခံသူ…
သူတို့သည် သူ့အပေါ်သို့ နောက်တစ်ကြိမ် အကွက်ဆင်ရန် မရဲကြတော့ပေ။