← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 14 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 14 Ch. 183-184

အပိုင်း(၁၈၃)

"ရဲတင်းလိုက်တဲ့ မိစ္ဆာ… ထွက်ပြေးဖို့ စဉ်းစားနေတာလား..."

နားခြောက်ဖက်မျောက်၏ ဇာတိပေါ်သွားပြီး ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေသည်ကို မြင်သောအခါ စွန်ဝူခုန်းက သူ့ကို လွယ်လွယ်ကူကူ လွှတ်မပေးတော့ချေ။ သူက ရွှေတုတ်ကို မြှောက်ကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။

ယင်းကို မြင်သောအခါ ကွမ်ယင်မှာလည်း မည်သူက အစစ်၊ မည်သူက အတုဖြစ်သည်ကို သေချာပေါက် နားလည်သွားပြီးနောက် သူမ၏ မိုးမခကိုင်းကို ထုတ်ယူကာ ညင်သာစွာ ခါယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကိုင်းတံလေးများသည် အစိမ်းရောင် ဖဲကြိုးတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး နားခြောက်ဖက်မျောက်က စွန်ဝူခုန်းနှင့် တိုက်ခိုက်နေစဉ်တွင် သူ့အား ရစ်ပတ်ကာ ချုပ်နှောင်လိုက်လေ၏။

"နားခြောက်ဖက်မျောက်… အခု ငါကိုယ်တော် မေးမယ်… မင်းက ဘာလို့ မြေအောက်ကမ္ဘာမှာ ကမောက်ကမတွေဖြစ်အောင် လုပ်ပြီး… ကျင်းမြစ် နဂါးမင်းကြီးရဲ့ ဝိညာဉ်ကို ဖမ်းဆီးခဲ့တာလဲ..."

အခွင့်ကောင်းယူကာ လှုပ်ရှားလိုက်သဖြင့် ကွမ်ယင်သည် နားခြောက်ဖက်မျောက်ကို အလွယ်တကူပင် ချုပ်နှောင်နိုင်ခဲ့ပြီး အဖြေအတွက် တင်းမာစွာ ဖိအားပေး မေးမြန်းလိုက်သည်။

"ဘာလို့ မလုပ်ရမှာလဲ..."

ဗောဓိသတ်၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ နားခြောက်ဖက်မျောက်မှာ သွားဖြဲပြကာ ရန်လိုသော အမူအရာဖြင့် အော်ဟစ်လိုက်သည်။

"စွန်ဝူခုန်း မှာ ဘာအရည်အချင်းတွေ ရှိလို့လဲ... သူက ငရဲပြည်မှာ သောင်းကျန်းနိုင်တယ်၊ နတ်မက်မွန်သီးပွဲတော်ကို ဖျက်ဆီးနိုင်တယ်၊ အနောက်ဘက်မှာ ကျမ်းစာတောင် သွားပင့်နိုင်သေးတာပဲ... သိုင်းပညာနဲ့ အစွမ်းအစမှာ ငါက သူ့ထက် ဘာနိမ့်ကျလို့လဲ..."

"ဒါကြောင့် ငါ နားခြောက်ဖက်မျောက် ကလည်း ငရဲပြည်မှာ သောင်းကျန်းပြတာပေါ့... အဲ့ဒီ နဂါးမင်းကြီး ဆိုတဲ့ကောင်လား... ငါ သူ့ကို သတ်ပစ်လိုက်ပြီလေ… ငရဲစစ်သည်တွေ အများကြီးနဲ့ စောင့်ကြပ်နေတာ ကြည့်ရတာ သူက အရေးကြီးတဲ့ ရာဇဝတ်သား ဖြစ်ရမယ်... ဟား ဟား ဟား… ပြီးတော့ ငါက ရွှမ်ကျန်း နဲ့ သူ့အဖွဲ့ကိုတောင် အထူးတလည် သွားရိုက်ခဲ့သေးတယ်...ဗောဓိသတ်သာ ဒီလောက် မြန်မြန် ရောက်မလာရင် ငါ နားခြောက်ဖက်မျောက်က ဒီ ပန်းသီးပန်းပွင့်တောင် က မျောက်တွေအားလုံးကို ဦးဆောင်ပြီး ကောင်းကင်ဘုံကို စစ်ကြေညာပြဦးမှာ... ဟား ဟား ဟား... စွန်ဝူခုန်း ကောင်းကင်ဘုံကို ဆူပူသောင်းကျန်းနိုင်ရင် ငါကရော ဘာလို့ မလုပ်နိုင်ရမှာလဲ..."

"မင်းလို မိစ္ဆာယုတ်... ကိုယ့်သေတွင်းကိုယ် တူးရုံတင်မကဘဲ ငါဝူခုန်းရဲ့ ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးတယ်… ပြီးတော့ ငါ့ရဲ့ မြေးလေးတွေကိုပါ မင်းနဲ့အတူ အသေခံခိုင်းဖို့ ကြံစည်သေးတယ်ပေါ့... ငါဝူခုန်း မင်းကို အသေသတ်မယ်…”

နားခြောက်ဖက်မျောက်၏ ရူးသွပ်လှသော စကားများကြောင့် စွန်ဝူခုန်းမှာ ထိတ်လန့်ဒေါသထွက်သွားရသည်။ သူသည် သွားဖြဲပြကာ ရက်စက်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း လက်ထဲမှ ရွှေတုတ်ကို မြှောက်ကာ နားခြောက်ဖက်မျောက်၏ ဦးခေါင်းကို အားကုန်လွှဲရိုက်လိုက်တော့သည်။

"ဝူခုန်း…နေဦး..."

စွန်ဝူခုန်း၏ ပြင်းထန်သော ဒေါသကို မြင်လိုက်ရသောအခါ ဗောဓိသတ်မှာ စိုးရိမ်တုန်လှုပ်သွားပြီး တားဆီးရန် မိန့်ကြားလိုက်၏။

သို့သော် ယခုအချိန်တွင် စွန်ဝူခုန်း၏ ကြမ်းတမ်းမှုမှာ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ ဗောဓိသတ်၏ စကားကို မည်သို့ နားထောင်ပါတော့မည်နည်း။

ဒုတ်...

ရွှေတုတ်တော်မှာ နားခြောက်ဖက်မျောက်၏ ဦးခေါင်းပေါ်သို့ ရက်စက်စွာ ကျရောက်သွားပြီး ၎င်းကို ချက်ချင်းပင် အသက်ပျောက်စေတော့သည်။

"အော မိ သော ဖော... ကောင်းလေစွ… ကောင်းလေစွ..."

နားခြောက်ဖက်မျောက်၏ သနားစဖွယ် သေဆုံးမှုကို မြင်သောအခါ ဗောဓိသတ်မှာ မကြည့်ရက်သဖြင့် မျက်လုံးများကို လွှဲလိုက်ပြီး ဘုရားအမည်ကို တိုးတိုးလေး ရွတ်ဆိုနေမိသည်။

"ဟဲဟဲ... ဒီမိစ္ဆာက သေထိုက်တာပဲဗျာ..."

စွန်ဝူခုန်းက ရွှေတုတ်ကို ဝှေ့ယမ်းကာ မကျေမနပ် ဖြစ်နေဆဲ မျက်နှာထားဖြင့် ပြန်သိမ်းလိုက်သည်။

"ဒီ မျောက်စုတ်ကတော့... ငါ မင်းကို ရပ်ဖို့ ပြောထားတယ် မဟုတ်လား... ဒီမျောက်က ယုတ်မာတယ်ဆိုပေမဲ့ မင်း အရင်က ကျူးလွန်ခဲ့တဲ့ အမှားတွေက ပိုတောင် ကြီးသေးတယ် မဟုတ်လား... မင်းတောင် ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေး ရခဲ့သေးတာပဲ..."

ဗောဓိသတ်က ခေါင်းကို မတတ်သာသလို ခါယမ်းကာ စွန်ဝူခုန်းကို မိန့်ကြားလိုက်သည်။

"ဟဲဟဲ... ဗောဓိသတ်မှာတော့ ကရုဏာစိတ် ရှိမှာပေါ့… ဒါပေမဲ့ ငါဝူခုန်းမှာတော့ အဲ့ဒီလို စိတ်မျိုး မရှိဘူးဗျ..."

စွန်ဝူခုန်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။

"မင်းကတော့လေ... ကဲပါ... ဒီကိစ္စကတော့ ပြီးသွားပြီ… မင်းလည်း မြန်မြန်ပြန်ပြီး ဆရာတော်ကို စောင့်ရှောက်ပေတော့..."

စွန်ဝူခုန်း၏ ခေါင်းမာသော အမူအရာကို မြင်သဖြင့် ကွမ်ယင်ဗောဓိသတ်မှာလည်း သက်ပြင်းချကာ မိန့်ကြားလိုက်ရတော့သည်။

"ကဲ... မျောက်လေးတွေရေ... မင်းတို့ရဲ့ ဘိုးဘိုး ဝူခုန်း ဆရာတော်ကို ဆက်ပြီး စောင့်ရှောက်ရဦးမယ်... စိတ်မပူကြနဲ့ဦး… နောက်ထပ် သုံးနှစ်၊ ငါးနှစ်လောက်ပဲ စောင့်ကြပါ... ငါ အနောက်ဘက် နတ်ဝိညာဉ်တောင်တော် ကနေ စစ်မှန်တဲ့ ကျမ်းစာတွေ ရလာတဲ့အခါ ငါ မင်းတို့နဲ့ အမြဲတမ်း ပြန်နေတော့မှာ..."

စွန်ဝူခုန်းမှာ စိတ်အေးသွားပြီဖြစ်သဖြင့် တွေဝေမနေတော့ဘဲ ပန်းသီးပန်းပွင့်တောင်မှ မျောက်ကလေး၊ မြေးကလေးများကို နှုတ်ဆက်လိုက်သည်။

ထို့နောက် နှမြောတသဖြစ်နေကြသော မျောက်ကလေးများ၏ အကြည့်အောက်တွင် ဗောဓိသတ်နှင့်အတူ ဖူလင်တောင် ဆီသို့ ပြန်လည် ထွက်ခွာလာခဲ့ကြလေသည်။

"သုံးနှစ်၊ ငါးနှစ် ဟုတ်လား..."

ကြာပန်းပလ္လင်ထက်တွင် စံပယ်ကာ ပျံသန်းနေသော ဗောဓိသတ်၏ အကြည့်မှာ ဘေးနားတွင် ထိုင်နေသော စွန်ဝူခုန်းထံသို့ မသိမသာ ရောက်သွားပြီး တိုးတိုးလေး ရေရွတ်မိသည်။

စွန်ဝူခုန်း ပြောလိုက်သည့် စကားက အနောက်ဘက်မှ ကျမ်းစာပင့်ဆောင်ခြင်းကို သုံးနှစ်၊ ငါးနှစ်အတွင်းမှာ အပြီးသတ်နိုင်မည်ဟု ဆိုလိုခြင်း ဖြစ်နိုင်ပါသလား။

ကွမ်ယင်ဗောဓိသတ်က စိတ်ထဲမှ ပြန်လည် တွက်ချက်ကြည့်လိုက်ရာ ရှစ်ဆယ့်တစ်ပါးသော ဘေးဒုက္ခများမှာ စတင်ရုံသာ ရှိသေး၏။

အကယ်၍ သူတို့သာ အရှိန်အဟုန်ဖြင့် သွားကြပါက အနောက်ဘက်ကို စောစောစီးစီး ရောက်သွားပြီး ကပ်ဘေးများ မပြည့်စုံလျှင် မည်ကဲ့သို့ လုပ်မည်နည်း။

ကြည့်ရသည်က လာမည့်ရက်များအတွင်း ဤကိုးဆယ့်ကိုးပါးသော ဘေးဒုက္ခများကို အချိန်မီပြီးစီးအောင် သေသေချာချာ စီစဉ်ရတော့မည် ဖြစ်သည်။

"ဗောဓိသတ်... ဗောဓိသတ်... ဘာတွေ တွေးနေတာလဲ..."

ကွမ်ယင်ဗောဓိသတ် တစ်ယောက် ကြာပန်းပလ္လင်ထက်တွင် ထိုင်ကာ စဉ်းစားနေစဉ် ဘေးမှ စွန်ဝူခုန်းက သူ၏ လက်ဖဝါးကို ဗောဓိသတ်၏ မျက်စိရှေ့တွင် ယမ်းပြကာ စပ်စုလိုက်၏။

"ဪ... ဘာမှမဟုတ်ပါဘူး... ဒီကျယ်ပြောလှတဲ့ လောကကြီးမှာ အတိုင်းအဆမရှိ ဆန်းကြယ်မှုတွေ ရှိနေတာပဲ... ဘယ်အချိန်မှာ ဘယ်လို အစွမ်းထက်တဲ့သူတွေ ပေါ်လာဦးမလဲဆိုတာ ဘယ်သူသိမှာလဲ လို့ တွေးနေမိလို့ပါ..."

စွန်ဝူခုန်းကြောင့် အတွေးစ ပြတ်သွားသဖြင့် ဗောဓိသတ်က အေးအေးဆေးဆေးပင် ပြန်လည် မိန့်ကြားလိုက်သည်။

"ဗောဓိသတ်... အခု ကိစ္စလည်း ပြီးသွားပြီဆိုတော့ လော့ကျားတောင် ကို ဘာလို့ ပြန်မကြွသေးတာလဲဗျ..."

ဗောဓိသတ်၏ စကားကို စိတ်မဝင်စားဘဲ စွန်ဝူခုန်းက ခေတ္တစဉ်းစားကာ သိချင်စိတ်ဖြင့် မေးလိုက်ပြန်သည်။

"ဒါက မင်းကြောင့်ပေါ့... ဒီ မျောက်စုတ်ရဲ့..."

စွန်ဝူခုန်း၏ စကားကြောင့် ဗောဓိသတ်က စိတ်မရှည်သလို တစ်ချက်ကြည့်လိုက်၏။

"ငါ ဝူခုန်းကြောင့် ဟုတ်လား... ငါက ဘာဖြစ်လို့လဲ..."

စွန်ဝူခုန်းမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရသည်။

"အဲ့ဒီကို ရောက်ရင် မင်း သိမှာပေါ့..."

ဗောဓိသတ်က သက်ပြင်းအသာချကာ ခေါင်းခါယမ်းလျက် ပြန်ဖြေလိုက်လေသည်။

စကားပြောနေကြရင်း စွန်ဝူခုန်းနှင့် ဗောဓိသတ်တို့မှာ ဖူလင်းတောင်ရှိ ယွမ်ကျဲဂူ အထက်သို့ မကြာမီမှာပင် ရောက်ရှိလာကြတော့သည်။

စွန်ဝူခုန်းသည် တိမ်စိုင်များအကြားမှ ဆင်းသက်လာရာ ကျောက်ဆောင်ကြီးတစ်ခုအနီးတွင် ထိုင်နေသော ကျန်းလျို ကို တွေ့လိုက်ရသည်။ နဂါးမြင်းဖြူလေးမှာလည်း အနားတွင် ခေါင်းငိုက်စိုက်ကျလျက်ရှိပြီး ကျူးပါကျဲမှာမူ မြက်ခင်းပေါ်၌ ဟောက်သံပေးကာ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။

"ဆရာတော်... တပည့် ဝူခုန်း ပြန်လာပြီဗျ..."

စွန်ဝူခုန်းသည် မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် ကျန်းလျိုကို လှမ်းခေါ်လိုက်တော့သည်။

သို့သော် စွန်ဝူခုန်း စကားပြောလိုက်သည်နှင့် ကျန်းလျိုမှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်နှင့် တိုးသကဲ့သို့ ထိတ်လန့်သွားပြီး ကျောက်ဆောင်ပေါ်မှ မြေပြင်သို့ လူးလိမ့်ကျသွားလေတော့သည်။

"ဆရာ... ဘာဖြစ်လို့လဲဟင်..."

ကျန်းလျို၏ ပြင်းထန်သော တုံ့ပြန်မှုကို မြင်သောအခါ စွန်ဝူခုန်းက သူ့ကို ထူရန် အမြန်ပြေးသွား၏။

"မလာနဲ့... အနားမလာနဲ့..."

ကျန်းလျိုမှာ အလွန်အမင်း ထိတ်လန့်နေဟန်ဖြင့် စွန်ဝူခုန်းကို အော်ဟစ်တားဆီးလိုက်သည်။

"မင်းလို ကြမ်းတမ်းရက်စက်တဲ့ မျောက်... ငါနဲ့အတူ အနောက်ဘက်ကို ကျမ်းစာပင့်ဖို့ လိုက်မလာနဲ့တော့... မင်းရဲ့ စောင့်ရှောက်မှုကို ခံယူဖို့ ငါ့မှာ ကံမပါဘူး..."

"ဆရာရယ်... ခုနက ကိစ္စတွေက အထင်မှားတာပါ... ဆရာ့ကို တိုက်ခိုက်ခဲ့တာ တပည့် ဝူခုန်း မဟုတ်ပါဘူး… အဲ့ဒီ နားခြောက်ဖက်မျောက် ပါ... ကျုပ်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတဲ့ အဲ့ဒီလူယုတ်မာကို ကျုပ် ဝူခုန်း သတ်ပစ်လိုက်ပြီ... အခုတော့ ဆရာ လုံးဝ စိတ်ချလိုက်ပါတော့..."

စွန်ဝူခုန်းက သူ၏ မကျေနပ်ချက်များကို ရှင်းပြရင်း အားငယ်စွာ ပြောရှာသည်။

"ဟုတ်ပါတယ် ရွှမ်ကျန်း... ငါ ခုနတင် ဝူခုန်းနဲ့အတူ ပန်းသီးပန်းပွင့်တောင် ကို လိုက်သွားခဲ့ပါတယ်... အဲ့ဒီမှာ နားခြောက်ဖက်မျောက် နဲ့ တကယ်တွေ့ခဲ့ပြီး သူကလည်း သူ့အပြစ်တွေကို ဝန်ခံသွားခဲ့တယ်... ဒါတွေက ဝူခုန်းနဲ့ ဘာမှမဆိုင်ပါဘူး..."

ကျမ်းစာပင့်ဆောင်သူ အဖွဲ့အတွင်း ပြဿနာတက်နေသည်ကို မြင်သောအခါ ကွမ်ယင်ဗောဓိသတ်က ဝင်ရောက်ဖျောင်းဖျပေးလေသည်။

"ဗောဓိသတ်... ဗောဓိသတ်ကိုယ်တိုင် သက်သေခံပေးမှတော့ ကျွန်တော်မျိုး ယုံကြည်ပါတယ်... ဒါပေမဲ့... ဒါပေမဲ့လည်း..."

ကျန်းလျိုက လက်အုပ်ချီထားသော်လည်း စကားအဆုံးတွင် အခက်တွေ့နေဟန် ပြလိုက်သည်။

"ဒါပေမဲ့ ဘာဖြစ်လို့လဲ... မင်းရဲ့ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ..."

ကျန်းလျိုတွင် အခြားစိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မြင်သောအခါ ဗောဓိသတ်က တိုက်တွန်းလိုက်၏။

"အဲ့ဒီမျောက်က သဘာဝအရ ကြမ်းတမ်းလွန်းပါတယ်... ခရီးစဉ်တစ်လျှောက်လုံးမှာ အမြဲတမ်း အကြမ်းဖက်သတ်ဖြတ်မှုတွေကိုပဲ လုပ်နေတာ... ဒီလိုနဲ့ အနောက်ဘက် နတ်ဝိညာဉ်တောင်တော် ကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ... ကျွန်တော်မျိုးက ဆုံးမဩဝါဒပေးပေမဲ့ သူက ဘယ်တုန်းကမှ နားမထောင်ခဲ့ဘူး…"

ကျန်းလျိုကလည်း ဝမ်းနည်းပူပန်သော မျက်နှာဖြင့် ဗောဓိသတ်အား တိုင်တောလေတော့သည်။

"ဗောဓိသတ်... ဒီမျောက်ကို ဘေးနားမှာ ထားရတာဟာ ကျားကြီးတစ်ကောင်နဲ့ အတူနေနေရသလိုပဲ... ကျွန်တော်မျိုး အိပ်လို့လည်း မပျော်၊ စားလို့လည်း မဝင်ပါဘူး... ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးလိုက်ပါတော့..."

"ဟေး... မင်းကတော့ တကယ့်ကို အကျိုးအကြောင်းမသိတဲ့ ဘုန်းကြီးလေးပဲ..."

ထိုစကားကို ကြားသောအခါ စွန်ဝူခုန်းမှာလည်း ဆက်လက်သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ပြန်ပြောလိုက်၏။

"စဉ်းစားကြည့်စမ်းပါဦး... ငါဝူခုန်း ကောင်းကင်ဘုံကို ဆူပူသောင်းကျန်းတုန်းက ဘယ်လောက်တောင် ခန့်ညားခဲ့လဲဆိုတာ... ဒီနေ့မှာ ငါက မင်းကို ဆရာအဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံပြီး အနောက်ဘက်ခရီးစဉ်ကို စောင့်ရှောက်ပေးနေတာဟာ မင်းအတွက် ဘယ်လောက်ကံကောင်းလဲ... ဒါကိုတောင် မင်းက ငါဝူခုန်းကို အထင်သေးရဲတယ်ပေါ့လေ..."

ထိုသို့ပြောပြီးနောက် စွန်ဝူခုန်းက ဗောဓိသတ်ဘက်သို့ လှည့်ကာဆက်ပြောလိုက်သည်။

"ဗောဓိသတ်... ဗောဓိသတ်ရဲ့ လမ်းညွှန်မှုကြောင့်သာ ဒီဘာမှမသိတဲ့ ဘုန်းကြီးကို ဆရာအဖြစ် တင်မြှောက်ပြီး အနောက်ဘက်ခရီးစဉ်ကို စောင့်ရှောက်ခဲ့တာပါ... ကျွန်တော်မျိုးမှာ သူ့အပေါ် အမှားအယွင်း လုပ်ခဲ့တာ မရှိဘူးလို့ ယုံကြည်ပါတယ်... ကဲ... ဒီဘုန်းကြီးလေးကမှ ငါဝူခုန်းကို နှင်ထုတ်နေမှတော့ ငါလည်း အခုပဲ ထွက်သွားပြီး ငါ့ရဲ့ ပန်းသီးပန်းပွင့်တောင် မှာပဲ အေးအေးဆေးဆေး ပျော်ပျော်ပါးပါး ပြန်နေတော့မယ်ဗျာ..."

"မျောက်စုတ်... အပိုတွေ လာမပြောနဲ့… လူတစ်ယောက်ရဲ့ ကတိဆိုတာ ရွှေထက်တန်ဖိုးရှိတယ်... မင်းရဲ့ ကတိကဝတ်တွေကို ဒီလောက်အလွယ်တကူ စွန့်လွှတ်လို့ ဘယ်ဖြစ်မလဲ..."

ဗောဓိသတ်က စွန်ဝူခုန်းကို အသံနှိမ့်ကာ ကြိမ်းမောင်းလိုက်၏။ အမှန်တကယ်ပင် စိတ်ညစ်စရာ ကောင်းလှပေသည်။ ဗောဓိသတ်မှာ ယခုအချိန်တွင် အတော်ပင် ခေါင်းခဲနေရပြီ ဖြစ်၏။

***

အပိုင်း(၁၈၄)

ကျန်းလျိုသည် စွန်ဝူခုန်းကို မကျေနပ်သည်မှာ ကြာပြီဖြစ်သလို အစစ်နှင့် အတု မျောက်မင်း ဖြစ်ရပ်တွင် အရိုက်ခံလိုက်ရခြင်းကလည်း သူ၏ အမုန်းတရားနှင့် အစွဲအလမ်းများကို ပိုမိုကြီးထွားစေခဲ့ပုံ ရသည်။ အထင်မှားမှုဖြစ်ကြောင်း ရှင်းပြသော်လည်း စွန်ဝူခုန်းအပေါ် ကြောက်စိတ်က ကျန်ရှိနေဆဲဖြစ်ရာ သူ့ကို အဖွဲ့ထဲမှ မောင်းထုတ်ချင်နေခြင်း ဖြစ်ပေလိမ့်မည်။

အခြားတစ်ဖက်တွင်လည်း မဟာပညာရှိကြီး စွန်ဝူခုန်းမှာလည်း သူ၏ မာနနှင့်သူ ရှိပေသည်။ ပြင်ပလူတစ်ယောက်၏ အမြင်တွင်မူ သူသည် အတော်ပင် ကောင်းမွန်စွာ လုပ်ဆောင်နေသူ ဖြစ်၏။

သူ့ကို လိမ္မာယဉ်ကျေးသော မျောက်ကလေးတစ်ကောင်ဖြစ်အောင် အတင်းအကျပ် လုပ်နိုင်ပါမည်လော။ ရွှမ်ကျန်းတင်မကဘဲ မြတ်စွာဘုရားကိုယ်တိုင်တောင် ထိုအရာကို လုပ်နိုင်ဖို့ မလွယ်ကူလှပေ။

ဆရာတပည့် နှစ်ဦးမှာ ယနေ့တွင် ပြင်းထန်စွာ စကားများနေကြပြီး လမ်းခွဲမည်ဟုပင် အော်ဟစ်နေကြရာ ဤအခြေအနေမှာ ဗောဓိသတ်ကို အတော်ပင် ဒုက္ခပေးနေတော့သည်။

သို့သော် လက်ရှိအခြေအနေကို ကြည့်လျှင် ပြဿနာ၏ မြစ်ဖျားခံရာမှာ ရွှမ်ကျန်းပင် ဖြစ်၏။ စွန်ဝူခုန်းမှာ သူ၏ စကားကြောင့် ဒေါသထွက်ကာ ပန်းသီးပန်းပွင့်တောင် သို့ ပြန်မည်ဟု ပြောခြင်းသာ ဖြစ်သည်။

စွန်ဝူခုန်းကို ငြိမ်အောင် ကြိမ်းမောင်းပြီးနောက် ဗောဓိသတ်၏ အကြည့်မှာ ရွှမ်ကျန်းထံသို့ ကျရောက်သွားပြီး ခေတ္တမျှ တန့်သွားကာမှ အသာအယာ မိန့်ကြားလိုက်သည်။

"ရွှမ်ကျန်း... ငါ့ကို ပြောစမ်းပါ... ဝူခုန်း မင်းရဲ့ တပည့်ဖြစ်လာကတည်းက မင်းအပေါ် အမှားအယွင်း လုပ်ခဲ့တာ ရှိဖူးလို့လား..."

"ကျွန်တော်မျိုးအပေါ် အမှားအယွင်း မလုပ်ခဲ့ပါဘူး... ဒါပေမဲ့ သူက ကျွန်တော်မျိုးရဲ့ တပည့်ဖြစ်နေမှတော့ ကျွန်တော်မျိုးရဲ့ ဆုံးမမှုကို နားထောင်သင့်တာ မဟုတ်ဘူးလား... အမြဲတမ်း အကြမ်းဖက်ချင်နေတဲ့ သူ့ရဲ့ ရက်စက်တဲ့ စရိုက်ကိုတော့ ဆုံးမမရတဲ့ တပည့်အဖြစ် ကျွန်တော်မျိုး လက်မခံနိုင်ပါဘူး..."

ကျန်းလျိုက ဗောဓိသတ်အား သူ၏ မကျေနပ်ချက်များကို ဆက်လက် တိုင်တောနေလေသည်။

"ဗောဓိသတ်... ကျွန်တော်မျိုး ဒီမျောက်ကို ဆက်ပြီး မထိန်းချုပ်နိုင်တော့ပါဘူး... တစ်နေ့နေ့မှာ ဒီမျောက်ကို စိတ်ဆိုးအောင် လုပ်မိလို့ ကျွန်တော်မျိုးကို ရိုက်သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ... ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးလိုက်ပါတော့..."

ကျန်းလျို၏ စကားကြောင့် ဗောဓိသတ်မှာ သက်ပြင်းအသာချလိုက်ပြီး သူ့ကို သီးသန့်တစ်နေရာသို့ ခေါ်ထုတ်ကာ တိုးတိုးလေး မိန့်ကြားလိုက်သည်။

"ဒီလိုဖြစ်မယ်မှန်း သိရင် အရင်က ငါပေးခဲ့တဲ့ ခေါင်းကိုက်စေတဲ့ ရွှေနှောင်ကွင်း ကို ဘာလို့ မသုံးခဲ့တာလဲ..."

ရွှေနှောင်ကွင်း အကြောင်းကို တွေးမိသောအခါ ဗောဓိသတ်မှာ ရှက်လည်းရှက်၊ စိတ်လည်းတိုသွားရသည်။ သူမ ပေးခဲ့သော ကိုယ်နှောင်ကွင်းကို ရွှမ်ကျန်းက ဝက်ဝံနက်မိစ္ဆာအပေါ်မှာ သုံးလိုက်ပြီး ယနေ့ စွန်ဝူခုန်းနှင့် ပြဿနာတက်သောအခါတွင်မူ သူ့ကို ထိန်းချုပ်ရန် မည်သည့်နည်းလမ်းမျှ မရှိတော့ပေ။

"ဟုတ်သားပဲ…"

ကျန်းလျိုက သူ၏ ဦးခေါင်းကို လက်ဖြင့်ပုတ်ကာ ခုမှ သတိရဟန်ဖြင့် ပြောလိုက်လေသည်။

"ဗောဓိသတ်... အရင်တစ်ခေါက်က ပေးခဲ့တဲ့ ရွှေနှောင်ကွင်း မျိုး နောက်ထပ် ရှိသေးလားဟင်... ဆယ်ကွင်း၊ ရှစ်ကွင်းလောက် ပေးပါဦး... ဒီမျောက်ရဲ့ ကိုယ်ပေါ်မှာ အဲ့ဒါတွေ ဝတ်ခိုင်းထားရင် ကျွန်တော်မျိုးလည်း သူ့ကို ကြောက်နေစရာ မလိုတော့ဘူးပေါ့..."

"ဒါကတော့..."

ဗောဓိသတ်၏ မျက်နှာတွင် တွေဝေသွားသော အမူအရာ ပေါ်လာ၏။

"ဗောဓိသတ်မှာ မရှိတော့ဘူးလား... ဒါဆိုရင်တော့ ထားလိုက်ပါတော့... ကျွန်တော်မျိုး မြတ်စွာဘုရားဆီ သွားပြီး အဲ့ဒါတွေ ရှိလားလို့ မေးကြည့်ပါရစေ... မြတ်စွာဘုရားမှာတော့ သေချာပေါက် ရှိမှာပါနော်..."

ကျန်းလျိုက ရုလိုင် ကိုယ်တော်မြတ်နှင့် ကိုင်ပေါက်နေပြီ ဖြစ်ရာ ဗောဓိသတ်၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားပြီး မတတ်သာသလိုဖြင့် မိန့်ကြားလိုက်လေသည်။

"ကဲပါ... အမှန်တော့ ငါ့မှာ ကိုယ်နှောင်ကွင်း နောက်ထပ် တစ်ကွင်း ကျန်ပါသေးတယ်...”

"တကယ်ပဲလား... ဗောဓိသတ်မှာ နောက်ထပ် တစ်ကွင်း ရှိသေးတာလားဟင်... နောက်ပြီး ကိုယ်နှောင်ကွင်း ဟုတ်လား..."

ကျန်းလျိုက အံ့အားသင့်သွားဟန်ဖြင့် မျက်လုံးအဝိုင်းသားနှင့် ပြောလိုက်လေသည်။

"အမှန်ပဲ…"

ဗောဓိသတ်မှာ စိတ်ထဲမှ မတတ်သာသလို သက်ပြင်းချလိုက်သော်လည်း တည်ငြိမ်သော မျက်နှာထားကို ဆက်လက်ထိန်းသိမ်းထားရင်း ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ လက်ဝါးကို ဖြန့်လိုက်ရာ နောက်ထပ် ကွင်းတစ်ကွင်း ပေါ်လာတော့သည်။

ထိုကွင်းမှာ အရင်က ဝက်ဝံနက်မိစ္ဆာ၏ ဦးခေါင်းတွင် ဝတ်ဆင်ပေးခဲ့သော ကွင်းနှင့် အလွန်တူလှ၏။ ဗောဓိသတ်က...

"ဒါက ကိုယ်နှောင်ကွင်း ပဲ... ငါ့မှာ မင်းအတွက် ရွတ်ဆိုရမယ့် ဂါထာလည်း ရှိတယ်... အရင် ရွှေနှောင်ကွင်း အတိုင်းပဲ အစွမ်းထက်တယ်... အနားကို လာပြီး နားထောင်ပေတော့..."

ကိုယ်နှောင်ကွင်း ကို လက်ခံရရှိပြီးနောက် ကျန်းလျိုက ဗောဓိသတ်အနားသို့ တိုးသွားရာ ဗောဓိသတ်က ဂါထာကို သူ့ထံ တိုးတိုးလေး လွှဲပြောင်းပေးလိုက်တော့သည်။

ဂါထာမှာ မခက်ခဲလှပေ။ ဂါထာတိုလေး တစ်ပုဒ်မျှသာ ဖြစ်၏။ ထိုကွင်းကို ထိန်းချုပ်ရန်အတွက် ထိုဂါထာကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုရုံသာ ဖြစ်သည်။

"တပည့်တော် မှတ်မိပါပြီဘုရား…"

ဗောဓိသတ်ထံမှ ဂါထာကို ရရှိပြီးနောက် ကျန်းလျိုက ခေါင်းညိတ်ပြကာ ထိုကွင်းကို သေသေချာချာ သိမ်းဆည်းလိုက်၏။

"ကဲ... အဲ့ဒီ မျောက်ကို မင်းရဲ့ဘေးမှာ ဆက်ထားလိုက်ပါ... အခွင့်ကောင်းရတဲ့အခါ ဒီကွင်းကို သူ့ရဲ့ ခေါင်းမှာ စွပ်လိုက်… လိုအပ်တဲ့အခါ ဒီဂါထာကို ရွတ်ဖတ်ရုံပဲ... သူ ခေါင်းကိုက်လွန်းလို့ သည်းမခံနိုင်ဖြစ်ပြီး မင်းကို ရန်မပြုနိုင်တော့ဘူး... ဒါဆိုရင် မင်းရဲ့ အနောက်ဘက်ခရီးစဉ်မှာ သူ့ကို ကြောက်နေစရာ မလိုတော့ဘူးပေါ့..."

ကျန်းလျိုက ကိုယ်နှောင်ကွင်းအား သိမ်းလိုက်သည်ကို မြင်သောအခါ ဗောဓိသတ်က စိတ်ထဲမှ သက်ပြင်းချရင်း မိန့်ကြားလိုက်လေသည်။

စကားဆုံးသည်နှင့် သူမသည် ဆက်လက်သီတင်းသုံးရန် အစီအစဉ်မရှိတော့ဘဲ လျင်မြန်သော အရှိန်ဖြင့် ယွမ်ကျဲဂူ အနီးမှ ထွက်ခွာသွားတော့သည်။ ရွှေနှောင်ကွင်း နှစ်ခု အထိ ပေးလိုက်ရသဖြင့် ဗောဓိသတ်မှာ စိတ်အခြေအနေ သိပ်မကောင်းလှပေ။

"ဗောဓိသတ်... ကောင်းကောင်း ကြွမြန်းပါဘုရား…"

ကျန်းလျိုသည် ထွက်ခွာသွားသော ဗောဓိသတ်၏ ကျောပြင်ကို ကြည့်ကာ အလွန်အမင်း ပျော်ရွှင်နေသော အသံဖြင့် ကျယ်လောင်စွာ နှုတ်ဆက်လိုက်လေသည်။

ကျန်းလျိုမှာ ကြည်နူးနေတော့သည်။ ယခုတစ်ကြိမ် တိုက်ဆိုင်မှုမှတစ်ဆင့် အစစ်နှင့် အတု မျောက်မင်း အကြောင်း အမှန်တရားကို သူ သိရှိခဲ့ရသည်။ မူရင်းဇာတ်လမ်းကို အခြေခံပြီး သူကိုယ်တိုင် ဒါရိုက်တာလုပ်ကာ ပြဇာတ်ကပြခဲ့ခြင်းကြောင့် အာရုံလွှဲနိုင်ခဲ့ရုံတင်မကဘဲ ကျင်းမြစ် နဂါးမင်းကြီး၏ ဝိညာဉ်ကို ကယ်ထုတ်ခဲ့သည့် ပြဿနာကိုပါ ဖုံးကွယ်နိုင်ခဲ့သည်။ ထို့ပြင် ဗောဓိသတ်ထံမှ နောက်ထပ် ကိုယ်နှောင်ကွင်း တစ်ကွင်းကိုပါ ရရှိခဲ့သဖြင့် ကျန်းလျို အလွန်ကျေနပ်နေမိသည်။

‘ဒီကွင်းကို စွန်ဝူခုန်းရဲ့ ခေါင်းပေါ် စွပ်ရမယ် ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’

ကျန်းလျို စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်၏။ စွန်ဝူခုန်းဆိုသည်မှာ သူ့ဘေးနားမှာ ရပ်တည်ပြီး ကောင်းကင်ဘုံနှင့် နတ်မင်းကြီးများကို တိုက်ခိုက်မည့်သူ မဟုတ်ပါလား။ အကယ်၍ သူ့ခေါင်းပေါ်တွင် ဤကွင်းရှိနေလျှင် ဗောဓိသတ်တို့ ဂါထာရွတ်သည့် အခါ စွန်ဝူခုန်းက မည်ကဲ့သို့ အသုံးဝင်တော့မည်နည်း။

"ကဲ... ဝူခုန်း… ဆရာ အခုတော့ အကုန်နားလည်သွားပါပြီ... ခုနက ကိစ္စတွေက အထင်မှားတာတွေပဲဆိုတော့ ထားလိုက်ပါတော့နော်..."

ပြန်ရောက်လာသော ကျန်းလျိုက ပြုံးလျက် စွန်ဝူခုန်းကို ပြောလိုက်သည်။

"ဟွန်း…"

စွန်ဝူခုန်းက ကျန်းလျိုကို တစ်ချက်ကြည့်ကာ မကျေမနပ် နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းကို တခြားဘက်သို့ တမင်လှည့်သွားတော့သည်။

စွန်ဝူခုန်း၏ မာနကြီးသော အမူအရာကို မြင်သောအခါ ကျန်းလျိုက အကုန်သိနေသည့်အလား ပြုံးလိုက်၏။

"ကဲပါ... ဆရာ ခုနက ပြောမိတာတွေအတွက် အမှားဝန်ခံပါတယ်... ဒီည ဘာစားချင်လဲ... ဆရာကိုယ်တိုင် မင်းအတွက် ချက်ကျွေးမယ်လေ… ဘယ်လိုလဲ..."

"တကယ်လား…"

ထိုစကားကို ကြားသည်နှင့် စွန်ဝူခုန်း၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားပြီး ခေါင်းကို ချက်ချင်း ပြန်လှည့်ကာ ကျန်းလျိုကို အံ့အားသင့်စွာ ကြည့်တော့သည်။

"ဒါပေါ့…"

ကျန်းလျိုက အလေးအနက် ခေါင်းညိတ်ပြလိုက်၏။ အပေါ်ယံကြည့်လျှင် သူက ခုနက ပြောမိသည်များအတွက် တောင်းပန်နေခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင် ကျန်းလျိုက သူ့ကို ဆုချချင်နေခြင်း ဖြစ်သည်။ အစစ်နှင့် အတု မျောက်မင်း ပြဇာတ်မှာ အလွန်ပင် ပြောင်မြောက်လှပေသည်။ ကျန်းလျိုသည် ထိုသရုပ်ဆောင်မှုအတွက် မိမိကိုယ်ကို ၁၀ မှတ် ပေးထားသလို၊ စွန်ဝူခုန်းကိုလည်း အမှတ် ၉ မှတ် အပြည့် ပေးထားပေသည်။

စိတ်ကြည်လင်နေသဖြင့် ကျန်းလျိုသည် အောင်ပွဲခံသည့်အနေဖြင့် ဟင်းချက်ကျွေးရန် အလွန်ပင် ဆန္ဒရှိနေခြင်း ဖြစ်၏။

ကျူးပါကျဲမှာ နိုးနေသည်မှာ ကြာပြီဖြစ်ရာ ကျန်းလျိုနှင့် ဗောဓိသတ်တို့ စကားပြောနေသည်ကို ကြည့်ပြီးနောက် သူတို့ ပြန်လည်သင့်မြတ်သွားသည်ကို မြင်သောအခါ မတတ်သာသလို ခေါင်းခါယမ်းနေမိသည်။

“ဒါဆို ပြီးသွားပြီပေါ့... ဒီမျောက်က ဘယ်မှ ထွက်မသွားတော့ဘဲ သူ့လက်အောက်မှာပဲ ပြန်နေရဦးမှာပေါ့...”

မိုင်ပေါင်း တစ်သိန်းရှစ်ထောင် ခရီးစဉ်ကြီးကို တွေးကြည့်မိတော့ အမှောင်ထုကြီးကိုပဲ မြင်နေရသလို ခံစားလိုက်ရသည်။ သူ ထွက်ပြေးရန်ပင် စဉ်းစားလိုက်မိသည်။

"ဒုတိယသခင်မလေးလွမ်... ဒီနေ့ ကိုယ်တော် ကိုယ်တိုင် ဟင်းချက်ပါ့မယ်... ခင်ဗျားလည်း ကျွန်တော်တို့နဲ့ အတူတူ စားပါဦး… ဒီရက်ပိုင်းအတွင်း ဧည့်ဝတ်ကျေပွန်ခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ပါ..."

ကျန်းလျိုက အနားရှိ ဒုတိယ သခင်မလေးလွမ်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ ၎င်းမှာ ပြဇာတ်တစ်ခုသာ ဖြစ်သော်လည်း ဇာတ်ညွှန်းကို အမှန်တကယ် သိသူမှာ သူနှင့် စွန်ဝူခုန်း နှစ်ဦးတည်းသာ ရှိသည်။ သူ အတိုက်ခံရချိန်တွင် ဒုတိယသခင်မလေးလွမ်က အားတက်သရော ဝင်ကူညီခဲ့သဖြင့် ကျန်းလျိုက သူမကို ကျေးဇူးတင်နေမိသည်။ ထို့ကြောင့် ဟင်းချက်ရာတွင် သူမကို မေ့ထား၍ မဖြစ်ပေ။

ကျန်းလျိုက သူမအတွက် ကိုယ်တိုင် ချက်ကျွေးမည်ဟူသော စကားကြောင့် ဒုတိယသခင်မလေးလွမ်၏ မျက်လုံးများမှာ တောက်ပသွားသည်။ သူမ၏ အကြည့်များမှာလည်း နူးညံ့သိမ်မွေ့သွားကာ ကျန်းလျိုကို တိုးတိုးလေး ပြောလိုက်လေသည်။

"တကယ်လား…ကျေးဇူးတင်ပါတယ် ဆရာတော်... ကျွန်မလည်း ဆရာတော် ဟင်းချက်တာကို ဝိုင်းကူပေးပါရစေ... ဆရာတော်နဲ့ အတူတူ ဟင်းချက်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ..."

တစ်ဖက်တွင်မူ အဖွဲ့မှ ထွက်ပြေးရန် ကြံစည်နေသော ကျူးပါကျဲမှာ ဒုတိယသခင်မလေးလွမ်က ကျန်းလျိုကို ချိုချိုသာသာ ပြောနေသည်ကို မြင်လိုက်ရသောအခါ ထွက်ပြေးချင်သည့် စိတ်ကူးများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

‘မဖြစ်ဘူး… ငါ ဗောဓိသတ်ကို အနောက်ဘက်ခရီးစဉ် လိုက်ပါ့မယ်လို့ ကတိပေးထားပြီးပြီပဲ… ငါ ပြောတဲ့အတိုင်း လုပ်ရမှာပေါ့…’

အခြားတစ်ဖက်၌ စွန်းဝူခုန်း တစ်ယောက်ကတော့ ကျန်းလျိုက သူ့ကို ဟင်း စိတ်ကြိုက် ရွေးခိုင်းသဖြင့် ပို၍ပင် ပျော်ရွှင်နေပုံရသည်။ သူက ခေတ္တမျှ စဉ်းစားပြီးနောက် အလေးအနက် ပြောလိုက်၏။

"ဆရာ... တပည့် ဝူခုန်း ဝက်နားရွက်သုပ်ကို မြည်းကြည့်ချင်တယ်ဗျ... ဆရာက အဲ့ဒါ အရမ်းစားကောင်းတယ်လို့ ပြောဖူးပေမဲ့ ကျွန်တော် တစ်ခါမှ မစားဖူးသေးဘူး…"

"မင်းလို မျောက်နာ... စားစရာတွေ အများကြီး ရှိရက်သားနဲ့ ဝက်နားရွက်ကိုမှ ရွေးရသလား…”

စွန်ဝူခုန်း၏ တောင်းဆိုချက်ကြောင့် ကျူးပါကျဲမှာ ပေါက်ကွဲလုနီးပါးဖြစ်သွားပြီး မကျေမနပ် ပြန်လည် တုံ့ပြန်လေတော့သည်။

***

All Chapters