အခန်း (၁၈၅-၁၈၆)
Vol. 14 Ch. 185-186
အပိုင်း(၁၈၅)
"အခုတော့ အားလုံး အဆင်ပြေသွားပြီပေါ့... ဝမ်းသာစရာပဲ..."
နဂါးမြင်းဖြူလေးသည် ကျူးပါကျဲနှင့် စွန်ဝူခုန်းတို့ အပြန်အလှန် စနောက်နေကြသည်ကို ကြည့်ပြီး စိတ်ထဲမှ သက်သာရာရသွား၏။ ကျမ်းစာပင့်ဆောင်သူအဖွဲ့အတွင်း ဘာပြဿနာမှ မရှိလျှင်ပင် သူ စိတ်အေးရပေသည်။
ထိုနေ့ညနေတွင် ကျန်းလျို စိတ်အခြေအနေ အလွန်ကောင်းနေသဖြင့် စားပွဲအပြည့် အရသာရှိသော ဟင်းလျာများကို အစွမ်းကုန် ပြင်ဆင်လိုက်တော့သည်။ သူ၏ တပည့်များသာမက ဒုတိယသခင်မလေးလွမ်ကိုပါ အတူတူစားရန် ဖိတ်ခေါ်လိုက်၏။
"ဆရာတော်... ကျွန်မ အရင်ဆုံး ဂါရဝပြုပါရစေ... ဒီရက်ပိုင်းအတွင်း ဧည့်ဝတ်ကျေပွန်မှု မရှိခဲ့တာတွေကို ခွင့်လွှတ်ပေးစေချင်ပါတယ်... ဆရာတော်က အသားနဲ့ သေရည်ကို သုံးဆောင်မှန်း ကျွန်မ လုံးဝ မသိခဲ့လို့ပါ..."
အားလုံး ထိုင်မိကြသောအခါ ဒုတိယသခင်မလေးလွမ်က သူမ၏ ခွက်ကို မြှောက်ကာ ကျန်းလျိုကို အားနာတကြီး ပြောလိုက်သည်။
ဝိုင်နှင့် ဟင်းလျာအစုံအလင်ဖြင့် ပြည့်နေသော စားပွဲကို ကြည့်ရင်း မိမိ ကျွေးမွေးခဲ့သော သာမန် သတ်သတ်လွတ် ဟင်းလျာများကို ပြန်တွေးမိကာ ဒုတိယသခင်မလေးလွမ် အနည်းငယ် အရှက်ရနေမိခြင်း ဖြစ်၏။
"အားနာစရာ မလိုပါဘူး ဒကာမလေးရယ်..."
ကျန်းလျိုကလည်း သူ၏ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း သောက်လိုက်၏။ ပြီးနောက်...
"အသားနဲ့ သေရည်က အူလမ်းကြောင်းထဲက ဖြတ်သွားပေမဲ့ ဗုဒ္ဓကတော့ နှလုံးသားထဲမှာ ကိန်းဝပ်နေတာပဲ... ဒီအနောက်ဘက် ခရီးစဉ်မှာ ငါ ဘယ်တုန်းကမှ အသားနဲ့ သေရည်ကို ရှောင်ကြဉ်ခဲ့တာ မဟုတ်ဘူး... ငါ့နှလုံးသားထဲက ဗုဒ္ဓကို မထိခိုက်သရွေ့ ဒါတွေက အဆင်ပြေပါတယ်..."
"ဆရာတော်ရဲ့ စကားက တကယ့်ကို ကြည်ညိုစရာ ကောင်းလှပါတယ်..."
ကျန်းလျိုထံမှ ရုတ်တရက် ထွက်ပေါ်လာသော ဇင်စကားကြောင့် ဒုတိယ သခင်မလေးလွမ်က စိတ်ရင်းဖြင့် ချီးကျူးလိုက်မိသည်။
"ဟုတ်တယ်… ကျွန်တော် ကျူးပါကျဲလည်း ဆရာပြောတာကို သဘောကျတယ်ဗျ… နေ့တိုင်း သတ်သတ်လွတ်စားရတာက ကျွန်တော့်အတွက်တော့ မလွယ်ဘူး... ဆရာ့လက်ရာတွေက တကယ်ကို စားလို့ကောင်းလိုက်တာ..."
ကျန်းလျို၏ စကားကို ကြားသောအခါ ကျူးပါကျဲကလည်း အားတက်သရော ထောက်ခံလေ၏။ ဝက်ကြီးသည် လေမုန်တိုင်းအလား အငမ်းမရ စားသောက်နေပြီး ပါးစပ်တွင်လည်း ဆီများ ပေကျံနေတော့သည်။
"ဒါပေါ့... ဆရာ့လက်ရာက တကယ် အရသာရှိတာ… အထူးသဖြင့် ဒီ ဝက်နားရွက်သုပ် ပေါ့... ငါဝူခုန်း အခုမှ မြည်းကြည့်ဖူးတော့တယ်... ပါကျဲ… မင်းလည်း နည်းနည်းလောက် မြည်းကြည့်ပါဦးလား..."
စွန်ဝူခုန်းနှင့် ကျူးပါကျဲမှာ သဘာဝအရပင် မတည့်ကြပေ။ ထိုသို့ပြောရင်း သူက ဝက်နားရွက်သုပ် ပန်းကန်ကို မကာ ကျူးပါကျဲကို တမင်သက်သက် ကျွေးရန် ပြင်နေတော့သည်။
"မင်းလို မျောက်နာ…"
ကျူးပါကျဲက စွန်ဝူခုန်းကို တိုးတိုးလေး ဆဲလိုက်ပြီးနောက် ကျန်းလျိုဘက်သို့ လှည့်ကာ...
"ဆရာ... ကျွန်တော် ထင်တာတော့ မျောက်ဦးနှောက် က စားလို့ကောင်းမယ်ထင်တယ်ဗျ... နောက်တစ်ခါကျရင် ကျွန်တော့်အတွက် မျောက်ဦးနှောက် ဟင်းလျာလေး တစ်ခွက်လောက် ပြင်ပေးနိုင်မလား..."
"ကျွန်တော် ကြားဖူးတာတော့ မျောက်ဦးနှောက် ပြင်ဆင်တာက မခက်ဘူးတဲ့... မျောက်တစ်ကောင်ကို အသေအချာ ချုပ်နှောင်ပြီး ခေါင်းလေးပဲ ပေါ်နေအောင် ထားရတယ်… ပြီးတော့ သူ အသက်ရှိနေတုန်းမှာတင်..."
"ခွေးမသား… ဝက်မသား... ကြည့်ရတာ မင်း အသက်မရှင်ချင်တော့ဘူး ထင်တယ်…"
ကျူးပါကျဲက မျောက်ဦးနှောက် စားချင်သည်ဟု ပြောရုံတင်မကဘဲ ပြုလုပ်ပုံကိုပါ အသေးစိတ် ဖော်ပြနေသဖြင့် စွန်ဝူခုန်းမှာ ဒေါသထွက်ကာ ထရပ်လိုက်တော့သည်။
"မင်းက ဟင်းမှာလို့ရပြီး ငါ ကျူးပါကျဲကကျတော့ မှာလို့မရဘူးလား... မင်းက ဝက်နားရွက်သုပ်ကို ကြိုက်ရင် ငါကရော မျောက်ဦးနှောက်ကို မကြိုက်ရဘူးလား..."
ယွမ်ကျဲဂူ၏ အပြင်ဘက်တွင်မူ နဂါးမြင်းဖြူလေးမှာ မြက်ခင်းပေါ်၌ ငြိမ်သက်စွာ လဲလျောင်းရင်း ဂူအတွင်းမှ စည်ကားနေသော အသံများကို နားထောင်နေသည်။ သူသည် ခေါင်းကိုမော့ကာ ကြယ်တာရာများ စုံလင်လှသော ကောင်းကင်နှင့် တောက်ပသော လပြည့်ဝန်းကြီးကို ကြည့်ရင်း အတွေးပေါင်းများစွာဖြင့် ပြည့်နှက်နေမိသည်။
သူ့စိတ်ထဲတွင် အနောက်ပင်လယ်ကို သတိရနေမိ၏။ ထွက်ခွာလာခဲ့သည်မှာ ကြာပြီဖြစ်ရာ ထိုအရပ်တွင် ယခု ဘယ်လိုဖြစ်နေမလဲ ဆိုသည်ကို သိချင်နေမိသည်။ အထီးကျန်လှသော လမင်းကြီးက သူ့ကို အိမ်လွမ်းစိတ် ပိုမိုပြင်းထန်စေခဲ့သည်။
ထို့နောက်... သူ၏ မင်္ဂလာဆောင်နေ့တွင် ဝမ်ရှန့်မင်းသမီးက ခေါင်းကိုးလုံး မိစ္ဆာနှင့် ဖောက်ပြန်ခဲ့သည့်နေ့ကိုလည်း ပြန်လည် မြင်ယောင်နေမိသည်။ သစ္စာဖောက်ခံရသည့် ဒေါသများက ထိုအကြောင်းကို တွေးမိတိုင်း ပြန်လည် ထကြွလာတတ်၏။
ထို့ပြင်... သူသည် သူ့အပေါ် အမြဲတမ်း ဂရုစိုက်ပေးခဲ့သော ဦးလေးဖြစ်သူ ကျင်းမြစ် နဂါးမင်းကြီးကိုလည်း သတိရနေမိသည်။ ကံဆိုးစွာဖြင့် ဦးလေးမှာ ဆန်းကြယ်သော အခြေအနေများအောက်တွင် သေဆုံးသွားခဲ့ရရာ ယခုအခါ ငရဲပြည်တွင် မည်သို့ရှိနေမည်ကို သူ မသိရှိပေ။
အနောက်ဘက်ခရီးစဉ် ပြီးဆုံး၍ သူ ဘွဲ့ထူးရရှိလာခဲ့လျှင်တော့ သူ၏ အဆင့်အတန်းမှာ ပြောင်းလဲသွားလိမ့်မည်။ ထိုအချိန်ကျမှသာ ဦးလေး သေဆုံးခဲ့ရသည့် စစ်မှန်သော အကြောင်းရင်းကို သူ သေချာပေါက် စုံစမ်းရပေမည်။
ထိုသို့ တွေးမိသောအခါ နဂါးမြင်းဖြူလေး၏ စိတ်ထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ပေါ်ပေါက်လာတော့သည်။
"ရှောင်ပိုင်... ဘာတွေ တွေးနေတာလဲ..."
ထိုအချိန်တွင် ရင်းနှီးနေသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး နဂါးမြင်းဖြူလေး၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
၎င်းမှာ ကျန်းလျို ဖြစ်နေပြီး သူသည် ဟင်းလျာများ ထည့်ထားသော ပန်းကန်ကို ကိုင်ကာ နဂါးမြင်းဖြူလေး၏ ဘေးရှိ မြက်ခင်းပေါ်တွင် ဝင်ထိုင်လိုက်ခြင်း ဖြစ်၏။
"ဆရာတော်…"
ကျန်းလျို မိမိဘေးတွင် ထိုင်သည်ကို မြင်သောအခါ နဂါးမြင်းဖြူလေးက နှုတ်ဆက်လိုက်သည်။
"ကဲပါ... ထမနေပါနဲ့… အေးအေးဆေးဆေး စားပါ... မင်းအတွက် စားစရာတွေ ယူလာခဲ့တယ်…"
ကျန်းလျိုက ထိုသို့ပြောရင်း ပန်းကန်ကို နဂါးမြင်းဖြူလေး၏ ရှေ့တွင် ချပေးလိုက်သည်။
နဂါးမြင်းဖြူလေးသည် မိမိရှေ့ရှိ အသား၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများဖြင့် စုံလင်လှသော ပန်းကန်ကို ကြည့်ရင်း အလွန်ပင် စိတ်လှုပ်ရှား ဝမ်းသာသွားရလေတော့သည်။
ကျမ်းစာပင့်ဆောင်သူအဖွဲ့ထဲကို ဝင်ခဲ့သော်လည်း နဂါးမြင်းဖြူလေးသည် မိမိကိုယ်ကိုယ် ဝန်တင်တိရစ္ဆာန်တစ်ကောင်၊ အစေအပါးတစ်ယောက်လိုပဲ အမြဲခံယူထားခဲ့သည်။
သို့ရာတွင် ယွမ်ကျဲဂူထဲ၌ အားလုံးတူတူ စားသောက်နေကြချိန်တွင် ဆရာဖြစ်သူသည် သူ့ကိုမမေ့ဘဲ စားစရာတွေကို ကိုယ်တိုင်လာပေးလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ ဆရာနှင့် စတင်တွေ့ရှိခဲ့သော အချိန်မှစ၍ အခုအခြေအနေကို ပြန်နှိုင်းယှဉ်ကြည့်လျှင် နဂါးမြင်းဖြူလေးသည် ရုတ်တရက်ဆိုသလို နွေးထွေးသောပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
ပြောချင်တဲ့စကားတွေ ရင်ထဲမှာ အပြည့်ရှိနေသော်လည်း နောက်ဆုံးတွင် ကျေးဇူးတင်စကားကိုသာ ခက်ခက်ခဲခဲပြောလိုက်ပြီး ရှေ့မှစားစရာများကိုသာ ခေါင်းငုံ့စားနေမိတော့သည်။ သူ၏ စားသောက်ပုံမှာ စည်းစနစ် ကျနပြီး အေးအေဆေးဆေး ရှိလှသည်။
သူသည်ယခုအခါတွင် မြင်းဖြူအသွင်ဖြစ်နေသော်လည်း အမှန်စင်စစ် အနောက်ပင်လယ်နဂါးမင်းကြီး၏ တတိယသားတော်ဖြစ်သောကြောင့် သူ့စားသောက်ပုံသည် စွန်ဝူခုန်းနှင့်ကျူးပါကျဲတို့ထက် အများကြီး ပို၍ယဉ်ကျေးနေလေသည်။
သူ့ဘေးတွင်ထိုင်နေသော ကျန်းလျိုကလည်း ညဉ့်ကောင်းကင်ယံမှ လပြည့်ဝန်းကြီးကို မော့ကြည့်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။
"ရှောင်ပိုင်... ငါ ချန်အန်းမြို့မှာ ရှိနေတုန်းက မင်းရဲ့ဦးလေး ကျင်းမြစ်နဂါးမင်းကြီးနဲ့ တစ်ခါဆုံခဲ့ဖူးတယ်..."
ကျန်းလျို၏စကားကို ကြားလိုက်ရသည့်အခါတွင် နဂါးမြင်းဖြူလေးသည် ဝါးလက်စကို ရပ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ မေးလိုက်သည်။
"ဆရာ... ဘာပြောလိုက်တာလဲ... ကျွန်တော့်ဦးလေးနဲ့ ဆုံခဲ့ဖူးတယ် ဟုတ်လား..."
"ဟုတ်တယ်... သူအသတ်မခံရခင် တစ်ရက်အလိုကပေါ့... အဲ့ဒီတုန်းက ငါ ချန်အန်းမြို့မှာ ရှိနေတာ..."
ကျန်းလျိုက အသာအယာခေါင်းညိတ်ပြလိုက်၏။ သူ့စိတ်သည် နိမိတ်ဖတ်သည့်ဆိုင်ရှေ့သို့ ပြန်ရောက်သွားလေသည်။ ထိုနေ့က ပညာရှိဝတ်စုံဖြင့် ရောက်လာခဲ့သည့် ကျင်းမြစ်နဂါးမင်းကြီးသည် ကျန်းလျို၏ သတိပေးချက်ကို ကြားပြီးနောက် တစ်စုံတစ်ခုကို ရိပ်မိသွားသလိုဖြင့် နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။
ထိုနောက်တွင် ကျန်းလျိုသည် နန်းတော်ထဲဝင်သည့်အခါ ယွမ်ထျန်းကန်းနှင့်ဆုံခဲ့ပြီး သူ့ဦးလေး ယွမ်ရှို့ချန်သည် နာမည်ကြီးအောင် လုပ်စားနေသည့် လူလိမ်တစ်ယောက်သာဖြစ်ကြောင်း သိခဲ့ရသည်။
"ဆရာ... အဲ့ဒီတုန်းက ဘာတွေဖြစ်ခဲ့တာလဲ..."
ကျန်းလျို၏စကားကြောင့် နဂါးမြင်းဖြူလေးသည် စားနေသည်ကို ရပ်လိုက်ပြီး သူ၏မျက်နှာမှာ တည်ကြည်လေးနက်ကာ စိုးရိမ်စိတ်များ ပြည့်နှက်သွားတော့သည်။
နဂါးမြင်းဖြူလေးအတွက် ဤအနောက်ဘက်ခရီးစဉ်ကို လိုက်ပါရခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ ဦးလေးဖြစ်သူ၏ ဆန်းကြယ်သော သေဆုံးမှုကို စုံစမ်းရန်အတွက်လည်း ပါဝင်သည်။ ယခုတော့ ဆရာ့ဆီမှ သဲလွန်စတချို့ ရနိုင်တော့မည်ဖြစ်သည်။
"အဲ့ဒီတုန်းက အခြေအနေတွေက အတော်လေး ဆန်းကြယ်တယ်လို့ ပြောလို့ရတယ်..."
ကျန်းလျိုသည် နဂါးမြင်းဖြူလေးနှင့် စကားပြောရန် ဆုံးဖြတ်ထားပြီးသားဖြစ်သောကြောင့် သူမြင်ခဲ့၊ ကြားခဲ့ရသမျှများကို တစ်ခုမှမချန်ဘဲ အကုန်ပြန်ပြောပြလိုက်သည်။
သို့ရာတွင် သူသည် မူရင်းဇာတ်လမ်းကို သိနေသောကြောင့် အမှန်တရားကို တိုက်ရိုက်ကြီး ထုတ်မပြောခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ကျန်းလျိုသည် အမှန်တရားကို အသင့်ပြောပြလိုက်ခြင်းထက် နဂါးမြင်းဖြူလေးကိုယ်တိုင် ဤအမှု၏ ဆန်းကြယ်မှုများကို ရှာဖွေပြီး အဖြေထုတ်နိုင်ခြင်းက ပို၍အဓိပ္ပာယ်ရှိသည်ဟု ထင်သောကြောင့်ဖြစ်သည်။
"ငါကတော့ မင်းဦးလေး တစ်ခုခုကို နားလည်သွားပြီး ပြင်ဆင်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ မမျှော်လင့်ဘဲ နောက်တစ်ရက်မှာပဲ သူအသတ်ခံလိုက်ရတယ်... သူရဲ့နဂါးခေါင်းကြီး ကောင်းကင်ပေါ်က ပြုတ်ကျလာတာကို ချန်အန်းမြို့သားတွေအားလုံး မြင်လိုက်ကြရတာပဲ..."
ကျန်းလျိုသည် ဇာတ်လမ်းကို အဆုံးသတ်ရင်း သက်ပြင်းအသာချလိုက်သည်။
"ကျွန်တော် ထင်ထားတဲ့အတိုင်းပါပဲ... ဒီကိစ္စရဲ့ နောက်ကွယ်မှာ တကယ့်ကို ဆန်းကြယ်တဲ့ အစီအစဉ်တစ်ခု ရှိနေတာပဲ…"
ကျန်းလျိုသည် အမှန်တရားအားလုံးကို မပြောပြသော်လည်း ဖြစ်ပျက်ခဲ့သမျှကို သိလိုက်ရုံနှင့် နဂါးမြင်းဖြူလေးသည် သူ့ဦးလေး၏သေဆုံးမှုက ပုံမှန်မဟုတ်သည်ကို ခန့်မှန်းမိသွားသည်။ ၎င်းက သူ၏ အရင်သံသယများကို ပိုပြီးခိုင်မာစေခဲ့သည်။
"ယွမ်ရှို့ချန်… သူကပဲ ဒါတွေအားလုံးရဲ့ လက်သည်လား..."
နဂါးမြင်းဖြူလေးက တိုးတိုးလေး ရေရွတ်လိုက်ပြီး ခေါင်းကိုခါယမ်းလိုက်သည်။
“မဟုတ်ဘူး... ဆရာပြောတဲ့ အတိုင်း ဆိုရင်…ယွမ်ရှို့ချန်က လူလိမ်တစ်ယောက်ပဲလေ… သာမန်လူသားတစ်ယောက်က ကျောက်စိမ်းဧကရာဇ်ရဲ့ အမိန့်တော်ကို ကြိုပြီး ဘယ်လိုလုပ် သိနိုင်မှာလဲ…”
ဤကိစ္စ၏ နောက်ကွယ်မှ အကြောင်းတရားများသည် သူထင်ထားတာထက် အများကြီး ပို၍ကြောက်ဖို့ကောင်းနေသည်။
သာမန်လူသားတစ်ယောက်သည် ကျောက်စိမ်းဧကရာဇ်၏ အမိန့်တော်ကို ကြိုတင်၍ အဘယ်သို့ သိနိုင်မည်နည်း။ ကျောက်စိမ်းဧကရာဇ်၏ အလိုတော် ကြိုတင်ပေါက်ကြားခြင်းမှာ သေးငယ်သော ကိစ္စတစ်ရပ် မဟုတ်ပေ။
***
အပိုင်း(၁၈၆)
နဂါးမြင်းဖြူလေးသည် တိတ်ဆိတ်သွားပြီး ဤတုန်လှုပ်ဖွယ်သတင်းကို အသေအချာ တွေးတောနေလေသည်။ ကျောက်စိမ်းဧကရာဇ်၏ အလိုတော် ကြိုတင်ပေါက်ကြားခြင်းဟူသော အချက်တစ်ခုတည်းနှင့်ပင် ကန့်လန့်ကာနောက်ကွယ်မှ အရာအားလုံးကို ခြယ်လှယ်နေသော ကြီးမားသည့် အင်အားစုကြီးတစ်ခု ရှိနေကြောင်း မည်သူမဆို ရိပ်မိနိုင်ပေသည်။ ယုံကြည်ရန်ပင် ခက်ခဲလှ၏။ သူ၏ ဦးလေး ကျင်းမြစ် နဂါးမင်းကြီးသည် မြင့်မြတ်သော အဆင့်အတန်းရှိသည် ဆိုသော်လည်း မြေစောင့်နတ် အဆင့်မျှသာ ဖြစ်ပေသည်။ မည်သူက သူ့ကို သတ်ဖြတ်ရန် ဤမျှအထိ အားထုတ်ကြိုးပမ်းခဲ့သနည်း။
နောက်ကွယ်မှ ကြိုးကိုင်သူသည် မည်သူပင်ဖြစ်စေကာမူ ကျောက်စိမ်းဧကရာဇ်၏ အမိန့်တော်ကို ကြိုသိနိုင်စွမ်းရှိခြင်းက သူ၏ အဆင့်အတန်းမှာ သာမန်မဟုတ်ကြောင်း ပြသနေ၏။ အမှန်တရားကို ဖော်ထုတ်ပြီး လက်တွေ့ကို ရင်ဆိုင်ရန်မှာ သူထင်ထားသည်ထက် ပို၍ပင် ခက်ခဲနေပုံရသည်။
ကျန်းလျို သည် ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး နဂါးမြင်းဖြူလေး၏ အတွေးများကို မနှောင့်ယှက်ဘဲ နေလိုက်သည်။
အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်ခြင်း ခရီးစဉ်ကြီး၏ ကြီးမားလှသော အစီအစဉ်ကို နဂါးမြင်းဖြူလေးက မသိရှိသော်လည်း ဤဖြစ်ရပ်မှတစ်ဆင့် ရေခဲတောင်ကြီး၏ ထိပ်စွန်းလေးကို သူ တဖြည်းဖြည်း ရိပ်မိစပြုလာပြီ ဖြစ်သည်။
"ဆရာ... ဆရာက ဒီကိစ္စရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ပိုသိနေတာလားဟင်..."
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် နဂါးမြင်းဖြူလေးက ရုတ်တရက် အသံထွက်ကာ ကျန်းလျိုကို မေးလိုက်သည်။
"မင်းက ဘာလို့ အဲ့ဒီလို ထင်ရတာလဲ..."
ကျန်းလျိုက ပြန်လည် မေးခွန်းထုတ်လိုက်၏။
"တကယ်လို့ ဆရာသာ ဒါတွေအားလုံးရဲ့ အနှစ်သာရကို စောစောစီးစီး မရိပ်မိခဲ့ဘူးဆိုရင်… ဘာလို့ ဂရုမစိုက်သလို ဟန်ဆောင်ပြီး ကျွန်တော့်ဦးလေးကို သွယ်ဝိုက်တဲ့နည်းနဲ့ သတိပေးခဲ့တာလဲ..."
နဂါးမြင်းဖြူလေးက အသံကို နှိမ့်ကာ ပြန်ဖြေလိုက်သည်။
ထိုစကားကြောင့် ကျန်းလျို ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူက ငြင်းဆိုခြင်းမပြုဘဲ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
"မှန်တယ်... ငါ သိတယ်... နည်းနည်းလေး သိတာမဟုတ်ဘူး… အများကြီးကို သိတာ... မင်း ထင်ထားနိုင်တာထက်ကို အများကြီး ပိုသိတာ..."
"ဒါဆိုရင် ဆရာ... ကျွန်တော့်ကို ပြောပြလို့ ရမလားဟင်..."
ကျန်းလျို၏ အဖြေကြောင့် နဂါးမြင်းဖြူလေးမှာ စိတ်လှုပ်ရှားသွားရသည်။
အနောက်ဘက်သို့ သွားရောက်ကာ ဘွဲ့ထူးခံယူမည့် သူ၏ ရည်ရွယ်ချက်မှာ အဆင့်အတန်းနှင့် ရာထူးအတွက်သက်သက် မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ သူ၏ဦးလေး သေဆုံးရခြင်း နောက်ကွယ်မှ အမှန်တရားကို ဖော်ထုတ်လိုခြင်း ဖြစ်သည်။ အမှန်တရားမှာ လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဖြစ်ရာ သူသည် ဇာစ်မြစ်ကို အပြည့်အဝ သိရှိလိုစိတ် ပြင်းပြနေတော့သည်။
"မရဘူး... ဒီကိစ္စရဲ့ အမှန်တရားကို မင်းကိုယ်တိုင်ပဲ ရှာဖွေဖော်ထုတ်ရလိမ့်မယ်..."
သို့သော် နဂါးမြင်းဖြူလေး၏ တောင်းဆိုချက်ကို မလိုက်လျောဘဲ ကျန်းလျိုက ခေါင်းခါကာ ငြင်းဆိုလိုက်သည်။
အကယ်၍ နဂါးမြင်းဖြူလေးသာ အမှန်တရားကို သိသွားပါက မိမိဘက်၌ ရပ်တည်လာပြီး မဟာမိတ်တစ်ဦး ဖြစ်လာနိုင်ခြေ အလွန်များကြောင်း ကျန်းလျို သိထားသော်လည်း ထိုအမှန်တရားကို ထုတ်ပြောရန် သူ လုံးဝ စိတ်ကူးမရှိခဲ့ပေ။
အလွယ်တကူ ပြောပြလိုက်သောအရာနှင့် ကြိုးစားပမ်းစား စုံစမ်းဖော်ထုတ်ရသောအရာတို့၏ တန်ဖိုးနှင့် အဓိပ္ပာယ်မှာ လုံးဝ ကွဲပြားခြားနားလှပေသည်။
ပို၍ အရေးကြီးသည်မှာ သူကိုယ်တိုင် တဖြည်းဖြည်း စုံစမ်းဖော်ထုတ်ခြင်းဖြင့်သာ အနောက်ဘက် ကျမ်းစာပင့်ဆောင်ခြင်း ခရီးစဉ်ကြီး၏ အစီအစဉ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်လာနိုင်မည် ဖြစ်ပြီး နောက်ဆုံးတွင် အနောက်ဘက် နတ်ဝိညာဉ်တောင်တော် သို့ ရောက်ရှိသည့်အခါ သူ၏ ကိုယ်ပိုင် ရှင်းလင်းသော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည် ဖြစ်သည်။
ကျန်းလျို၏ ငြင်းဆိုချက်ကို ကြားသောအခါ နဂါးမြင်းဖြူလေးမှာ အလွန် စိတ်ပျက်သွားရသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ဆရာဖြစ်သူက သူ့အတွက် သဲလွန်စအချို့ကို အရိပ်အမြွက် ပေးခဲ့ပြီးပြီဖြစ်ရာ ၎င်းမှာ သူ၏အတွက် အလွန်ကြီးမားသော အမြတ်တစ်ခု ဖြစ်နေပြီဖြစ်သည်။
ခေါင်းကို ငုံ့ကာ ခေတ္တမျှ စဉ်းစားပြီးနောက် နဂါးမြင်းဖြူလေးသည် ကျန်းလျိုကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ပြောကြားလိုက်သည်။
"ကဲ... မင်းလည်း စောစောနားတော့... ငါတို့ မနက်ဖြန် ခရီးဆက်ရနိုင်တယ်..."
ပြောသင့်သည်များကို ပြောပြီးသွားပြီဖြစ်ရာ ကျန်းလျိုသည် သူ့လက်ထဲတွင် ကျင်းမြစ် နဂါးမင်းကြီး ၏ ဝိညာဉ် ရှိနေသည့်ကိစ္စကို အလျင်စလို မပြောပြသေးဘဲ နဂါးမြင်းဖြူလေး၏ ကျောကို အသာအယာ ပုတ်ကာ မတ်တပ်ရပ်လျက် ယွမ်ကျဲဂူ အတွင်းသို့ ပြန်ဝင်သွားလေသည်။
...
ညစာစားပွဲမှာ အိမ်ရှင်ရော ဧည့်သည်ပါ အလွန်ပင် ပျော်ရွှင်ကြည်နူးစရာ ကောင်းလှပေသည်။ ဒုတိယသခင်မလေးလွမ် မှာ ရွှမ်ကျန်းဆရာတော် ကိုယ်တိုင်ချက်ပြုတ်သော ဟင်းလျာများကို မြည်းစမ်းခွင့်ရသဖြင့် အလွန်အမင်း ကြည်နူးပီတိ ဖြစ်နေမိသည်။ ထိုဟင်းလျာများမှာ အလွန်ပင် အရသာရှိလှသဖြင့် အကယ်၍ ဤသတင်းသာ ပြန့်သွားပါက ရေတွက်၍မရနိုင်သော မိစ္ဆာမလေးများနှင့် နတ်သမီးများပင် မနာလိုဖြစ်သွားကြမည်မှာ အသေအချာပင်။
အတိုချုပ်ဆိုရလျှင် ဤဖြစ်ရပ်တစ်ခုတည်းနှင့်ပင် သူမ၏ တစ်သက်တာလုံး ဂုဏ်ယူကြွားဝါရန် လုံလောက်နေပြီ ဖြစ်၏။
ကျူးပါကျဲ နှင့် စွန်ဝူခုန်း တို့ကရော... သူတို့နှစ်ဦးမှာလည်း အစားအသောက်များကို အလွန်ပင် မြိန်ယှက်စွာ စားသောက်ခဲ့ကြသည်။ သို့သော် သူတို့၏ သဘာဝအတိုင်း မတည့်သည့် အကျင့်မှာ စားပွဲပေါ်တွင် အထင်းသား ပေါ်လွင်နေပြီး အဆက်မပြတ် စကားများနေခဲ့ကြသည်။ ၎င်းက ညစာစားပွဲကို အနည်းငယ် ရှုပ်ထွေးသွားစေသော်လည်း ပို၍ပင် စည်ကားသက်ဝင်သွားစေခဲ့ပေသည်။
ကျန်းလျို ယွမ်ကျဲဂူသို့ ပြန်ရောက်ပြီးနောက် အဝစားထားသော ကျူးပါကျဲမှာ မိုးခြိမ်းသံကဲ့သို့ ဟောက်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
စွန်ဝူခုန်းသည် လဲလျောင်းနေ၏။ သူ၏ တင်ပါးနောက်မှ အမြီးမှာ ဟိုဘက်ဒီဘက် တယမ်းယမ်း ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် စိတ်အခြေအနေ အလွန်ကောင်းနေကြောင်း သိသာလှပေသည်။
ကျန်းလျိုသည် ယနေ့ကပြခဲ့သော အစစ်နှင့် အတု မျောက်မင်း ပြဇာတ်အတွက် အလွန်ပင် ကျေနပ်နေမိသည်။ အကြောင်းရင်းမှာ သူသည် ကွမ်ယင်ဗောဓိသတ်၏ သံသယများကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သောကြောင့်ပင်။
ကွမ်ယင်ဗောဓိသတ်သာ သူ ကျင်းမြစ် နဂါးမင်းကြီး ၏ ဝိညာဉ်အပေါ် စိတ်ဝင်စားနေကြောင်း သိရှိသွားပါက ထိုအရာက သူသည် အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်ခြင်း အစီအစဉ်တစ်ခုလုံးအပေါ် သံသယဝင်နေပြီဖြစ်ကြောင်း ဗောဓိသတ်ကို ဖွင့်ချလိုက်သလို ဖြစ်သွားမည် ဖြစ်ပေသည်။
အမှန်စင်စစ်... သူသည် ဘာမှမသိနားမလည်သူတစ်ယောက်အဖြစ် အမြဲတမ်း ဟန်ဆောင်နေခဲ့ပြီး ဤအစီအစဉ်ကြီး၏ စစ်တုရင်ရုပ်လေး တစ်ရုပ်အဖြစ်သာ ကျေကျေနပ်နပ် ပါဝင်ကပြနေခဲ့ခြင်း ဖြစ်ပေသည်။ သူ အတင်းတောင်းဆိုခဲ့သော ကိုယ်နှောင်ကွင်း မှာမူ အပိုဆုအနေဖြင့် ရလိုက်သော အကျိုးအမြတ်လေးတစ်ခုမျှသာ ဖြစ်၏။
ကိုယ်နှောင်ကွင်း အကြောင်းကို တွေးမိသည်နှင့် ကျန်းလျိုက ၎င်းကို ထုတ်ယူကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ ရွှေကိုယ်နှောင်ကွင်းနှင့် ကိုယ်နှောင်ကွင်းတို့ကြားတွင် ကွာခြားချက်အချို့ ရှိနေပေသည်။
ရွှေနှောင်ကွင်းကို ဦးခေါင်းတွင် စွပ်ပြီး ဂါထာရွတ်လိုက်သောအခါ ဝတ်ဆင်ထားသူအား ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားရစေပြီး၊ ဂါထာရွတ်သူကိုလည်း ပြန်လည် မတိုက်ခိုက်နိုင်တော့ပေ။
ထို့ကြောင့်လည်း မူရင်းဇာတ်လမ်းထဲတွင် စွန်ဝူခုန်းသည် နာကျင်လွန်းသဖြင့် မြေပြင်ပေါ်၌ လူးလှိမ့်နေရသော်လည်း ထန်ကိုယ်တော်ကို ရွှေတုတ်တော်ဖြင့် ရိုက်သတ်ရန် မစွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက နာကျင်မှု မည်မျှပင် ပြင်းထန်စေကာမူ စွန်ဝူခုန်းသည် အံကြိတ်ခံကာ ထန်ကိုယ်တော်ကို တစ်ချက်တည်း ရိုက်သတ်ပြီး အရာအားလုံးကို အဆုံးသတ်လိုက်နိုင်သည် မဟုတ်ပါလား။
သို့သော် ကိုယ်နှောင်ကွင်းမှာမူ လုံးဝ ခြားနားလှပေသည်။ ဂါထာရွတ်လိုက်ပါက ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားရစေဆဲဖြစ်သော်လည်း၊ ထိုထက် ပိုမိုသည်က ပစ်မှတ်၏ အပြုအမူနှင့် လှုပ်ရှားမှုများကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိနေသေး၏။
"ဒါဆိုရင် ငါက ဂါထာရွတ်လိုက်ရင် တစ်ဖက်လူကို ရုပ်သေးရုပ်လိုမျိုး အသုံးချလို့ ရတာပေါ့..."
ကိုယ်နှောင်ကွင်း၏ အချက်အလက်များကို ကြည့်ရင်း ကျန်းလျို၏ စိတ်ထဲ၌ လှုပ်ရှားသွား၏။ မူရင်းဇာတ်လမ်းထဲတွင် နတ်သားနီလေးသည် ဤကွင်းမျိုးဖြင့် အချုပ်နှောင်ခံခဲ့ရပုံကို ပြန်လည် သတိရမိသွားသည်။
ဦးခေါင်းတွင် စွပ်လိုက်သည်နှင့် ထိုကွင်းသည် ငါးကွင်းအဖြစ် ကွဲထွက်သွားပြီး ဦးခေါင်းနှင့် ခြေလက်များကိုပါ ရစ်ပတ်နှောင်ဖွဲ့လိုက်သည်။ ထို့နောက် ကွမ်ယင်ဗောဓိသတ်က နတ်သားနီလေးကို တင်ပျဉ်ခွေထိုင်ကာ လက်အုပ်ချီထားစေရန် အတင်းအကျပ် ခိုင်းစေနိုင်ပြီး လုံးဝ မလှုပ်ရှားနိုင်အောင် ပြုလုပ်နိုင်ခဲ့သည် မဟုတ်ပါလား။
ကြည့်ရသည်မှာ ဤကွင်းသည် မူရင်းဇာတ်လမ်းထဲတွင် နတ်သားနီလေး၏ ဦးခေါင်းပေါ်၌ စွပ်ခံရမည့် ကွင်းပင် ဖြစ်ဟန်တူပေသည်။
"ဒါဆိုရင် နောက်ဆုံးကျန်နေတဲ့ တားမြစ်ကိုယ်နှောင်ကွင်း ကရော ဘယ်လို အစွမ်းမျိုး ရှိမလဲ..."
ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းလျို၏ အတွေးများက နောက်ဆုံးကျန်ရှိနေသော တားမြစ်ကိုယ်နှောင်ကွင်း ဆီသို့ ရောက်သွားတော့သည်။
မူယင်း ဇာတ်လမ်းတွဲထဲ၌ မြတ်စွာဘုရားရှင်သည် သူ၏ တပည့်သုံးဦး အသီးသီး ဝတ်ဆင်စေရန် ရည်ရွယ်၍ နှောင်ကွင်း သုံးကွင်း ပေးသနားခဲ့သည်။ သို့သော် မူရင်းဇာတ်လမ်းထဲတွင်မူ ကွမ်ယင်ဗောဓိသတ်က လောဘတကြီးဖြင့် နှစ်ကွင်းကို သိမ်းဆည်းထားလိုက်ပြီး ဝက်ဝံနက်မိစ္ဆာနှင့် နတ်သားနီလေးတို့ကို အသီးသီး ဝတ်ဆင်စေခဲ့သည်။
တစ်ဖက်မှ ကြည့်လျှင် ထိုကွင်းနှစ်ကွင်းသည်သာ အလွန်တန်ဖိုးမရှိခဲ့ပါက ကွမ်ယင်ဗောဓိသတ် လောဘတက်လိမ့်မည် မဟုတ်ပါချေ။
ကျန်းလျို အတွေးလွန်နေသည့် တစ်ချိန်တည်းတွင်ပင် စွန်ဝူခုန်းသည်လည်း ယနေ့ကပြခဲ့သော အစစ်နှင့် အတု မျောက်မင်း ပြဇာတ်အတွက် အလွန်ပင် ကျေနပ်နေမိသည်။
အကျိုးအမြတ်များကို တွက်ချက်နေသော ကျန်းလျိုနှင့် ခြားနားစွာပင် စွန်ဝူခုန်း၏ ပျော်ရွှင်မှုမှာ အလွန်ပင် ရိုးရှင်းလှ၏။ ၎င်းမှာ ဆရာဖြစ်သူ၏ အစီအစဉ်အတိုင်း လိုက်လုပ်ကာ ကွမ်ယင်ဗောဓိသတ်ကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့သောကြောင့်ပင် ဖြစ်သည်။
ကွမ်ယင်ဗောဓိသတ်ကို လှည့်စားပြီး သူမကို ခေါင်းချာချာလည်သွားစေခြင်းမှာ စွန်ဝူခုန်းအတွက် တကယ့်ကို ပျော်ရွှင်ကြည်နူးစရာ ကိစ္စတစ်ခု ဖြစ်နေတော့သည်။
"မဆိုးဘူး... မဆိုးဘူး... ဒီဘုန်းကြီးလေးရဲ့ ဉာဏ်ပညာက တကယ့်ကို ထူးခြားတာပဲ... သူပြောတဲ့ သူ့ရဲ့ နာမည်ပြောင်က ဘာတဲ့... ရှာလော့ဟုမ်း တဲ့လား... ဒါက အလကား ကြွားပြောနေတာမျိုး မဟုတ်ဘူးပဲ... အခုကစပြီး အနောက်ဘက် ခရီးစဉ်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတော့မယ် ထင်တယ်..."
ကျန်းလျို၏ ခရီးစဉ် ရည်ရွယ်ချက်မှာ ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် မဟာယနဂိုဏ်း တစ်ခုလုံးကို မှောက်လှန်ပစ်ရန်ဟူသော သူ၏ ရည်မှန်းချက်နှင့် ထပ်တူကျနေသဖြင့် စွန်ဝူခုန်း၏ အနောက်ဘက် ကျမ်းစာပင့်ဆောင်ခြင်း ခရီးစဉ်အပေါ် မျှော်လင့်ချက်များမှာ ပိုမို ကြီးမားလာတော့သည်။
***