အခန်း (၁၈၇-၁၈၈)
Vol. 14 Ch. 187-188
အပိုင်း(၁၈၇)
"ဆရာတော်… အနောက်ဘက်ခရီးစဉ်မှာ ဂရုစိုက်သွားပါဦး… ကျွန်မ... ကျွန်မက ယွမ်ကျဲဂူ ထဲကနေ ဆရာတော် ဘေးကင်းဖို့ နေ့ရောညပါ ဆုတောင်းပေးနေမှာပါ..."
ယွမ်ကျဲဂူအပြင်ဘက်၌ ဒုတိယ သခင်မလေးလွမ်၏ မျက်နှာပေါ်တွင် တွန့်ဆုတ်နေသော အရိပ်အယောင်များ ပြည့်နှက်နေပြီး ကျန်းလျိုအား ပြောလိုက်လေသည်။
ယွမ်ကျဲဂူထဲတွင် ရက်အနည်းငယ်မျှ အတူဖြတ်သန်းခွင့်ရခဲ့ခြင်းက ထူးခြားလှသော ကံကောင်းမှုတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ဖြစ်နိုင်မည်ဆိုပါက ဒုတိယ သခင်မလေးလွမ်သည် သူ့အား တတ်နိုင်သမျှ ရက်အကြာကြီး ဆက်လက် ထိန်းသိမ်းထားချင်နေဆဲပင် ဖြစ်၏။ အကယ်၍ သူသာ ထာဝရ နေထိုင်သွားနိုင်မည်ဆိုလျှင် ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် ဒုတိယ သခင်မလေး… ခင်ဗျားလည်း သက်ရှည်ကျန်းမာပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်..."
နဂါးမြင်းဖြူ၏ ကျောပေါ်တွင် ထိုင်နေသော ကျန်းလျိုသည် ကိုယ်ကိုလှည့်ကာ ဒုတိယ သခင်မလေးလွမ်အား ထိုနည်းတူစွာပင် ပြန်လည် ဆုတောင်းပေးလိုက်သည်။
"ဆရာ… ကျွန်တော်တို့ ဒီလိုကြီး ထွက်သွားကြတော့မလို့လား… နောက်ထပ် ရက်ပိုင်းလောက် ဆက်မနေတော့ဘူးလား..."
သို့ရာတွင် သူ့ဘေးရှိ ကျူးပါကျဲ၏ မျက်နှာတွင်မူ လုံးဝ ထွက်မသွားချင်သေးသော အမူအရာများ အထင်းသား ပေါ်လွင်နေလေ၏။
“ငါလည်း နောက်ထပ် ရက်ပိုင်းလောက် ဆက်နေချင်သေးတာပေါ့… ဒါပေမဲ့ ကွမ်ယင်က ယွမ်ကျဲဂူကို တစ်ခေါက် ရောက်လာပြီးပြီလေ… ဒီမှာ ငါ လုပ်စရာဘာမှမရှိဘဲနဲ့ တမင်သက်သက် အချိန်ဆွဲပြီး မထွက်ဘဲနေရင် ဘယ်လိုလုပ် အကြောင်းပြချက် ပေးလို့ရတော့မလဲ… အချိန်ဆွဲမယ်ဆိုရင်တောင် ခိုင်လုံတဲ့ အကြောင်းပြချက်လေးတော့ ရှိရမှာပေါ့…”
ကျူးပါကျဲ၏ စကားများကြောင့် ကျန်းလျို တစ်ယောက် စိတ်ထဲတွင် လက်မြှောက်အရှုံးပေးချင်စိတ်ဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
"သွားကြမယ်..."
ကျန်းလျိုက စကားများများစားစား မပြောတော့ဘဲ တစ်ခွန်းထဲပြောလိုက်သည်။
သူ၏ စကားအဆုံးတွင် နဂါးမြင်းဖြူသည် ကျန်းလျို၏ ရည်ရွယ်ချက်ကို အလိုလို နားလည်သွားကာ လှည့်၍ အဝေးသို့ ခပ်ရွရွ ပြေးထွက်သွားလေရာ စွန်ဝူခုန်းသည်လည်း စကားတစ်ခွန်းမျှ မဟတော့ဘဲ နောက်မှ တိတ်တဆိတ် လိုက်ပါသွားလေတော့သည်။
ဒုတိယ သခင်မလေးလွမ်ကို လှည့်ကြည့်လှည့်ကြည့်နှင့် ကျူးပါကျဲသည် ခေတ္တမျှ တွန့်ဆုတ်သွားပြီး...
"ဒုတိယ သခင်မလေး... ကျွန်တော် သွားတော့မယ်နော်… ရေစက်ပါသေးရင် တစ်နေ့ကျ ပြန်ဆုံခွင့်ရဖို့ မျှော်လင့်ပါတယ်..."
ဒုတိယ သခင်မလေးလွမ်ကို အချိန်အတော်ကြာ လိုက်လံပိုးပန်းခဲ့ပြီးဖြစ်ရာ ယခုကဲ့သို့ ရုတ်တရက် ထွက်ခွာသွားရမည်ကို ကျူးပါကျဲ အမှန်တကယ်ပင် နှမြောတွန့်ဆုတ်နေမိသည်။
"သွားပါတော့… ခရီးစဉ်တစ်လျှောက်လုံး ဆရာတော် ဘေးကင်းဖို့ သေချာလေး ကာကွယ်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်..."
သူမက ခေါင်းညိတ်ပြလိုက်၏။ ဒုတိယသခင်မလေးလွမ်သည် ကျူးပါကျဲအပေါ်တွင် အမြဲတမ်း အေးတိအေးစက် နိုင်လှသော်လည်း ယခု သူတို့ ထွက်ခွာတော့မည်ဖြစ်၍ အရင်ကလောက်တော့ မအေးစက်တော့ချေ။
သို့သော်လည်း ကျူးပါကျဲနှင့် စကားပြောနေစဉ်အတွင်း ဒုတိယ သခင်မလေးလွမ်၏ အကြည့်များက မြင်းဖြူပေါ်တွင် စီးနင်းလိုက်ပါသွားသော ကျောပြင်ဆီ၌သာ တဝဲလည်လည် ဖြစ်နေဆဲပင်။
"ဟူး..."
ဒုတိယ သခင်မလေးလွမ်၏ စိတ်နှလုံးက ကျန်းလျိုအပေါ်၌သာ အပြည့်အဝ စွဲလမ်းနေကြောင်းကို ခံစားသိရှိလိုက်ရသဖြင့် ကျူးပါကျဲသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် လှည့်ကာ ကျန်းလျိုတို့နောက်သို့ အမြန်လိုက်သွားလေတော့သည်။
...
"ဆရာ… ဝက်အိုကြီး ကျွန်တော် ပင်ပန်းနေပါပြီ… ခဏလောက် ရပ်ပြီး နားသင့်တယ် မဟုတ်ဘူးလား… ကြည့်ပါဦးဗျာ… ယွမ်ကျဲဂူကနေ ထွက်လာတာ တစ်လတောင် ရှိသွားပြီ… ခရီးကလည်း လီ ခုနစ်ရာ၊ ရှစ်ရာလောက်တောင် ရောက်နေပြီလေ… ဝက်အိုကြီး ကျွန်တော်ကတော့ ပင်ပန်းလွန်းလို့ ပိန်တောင် ပိန်သွားပြီ..."
ကိုးသွားထွန်ခြစ်ကို ထမ်းထားရင်း ကျူးပါကျဲက ကျန်းလျိုအား ရုတ်တရက် အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်သည်။
တကယ်တော့ သူတို့သည် ခရီးကို အလောတကြီး သွားနေသည်ထက် နွေဦးရာသီ အပန်းဖြေခရီးထွက်နေသည်နှင့် ပို၍တူကာ အေးအေးလူလူ လမ်းလျှောက်နေကြခြင်း ဖြစ်၏။
"အမလေး… ဒီဝက်ပျင်းကြီးကတော့လေ… ပင်ပန်းတယ်လို့ ခုနစ်ခါ ရှစ်ခါလောက် မညည်းတဲ့နေ့ ဘယ်နေ့များ ရှိလို့လဲ… မင်းရဲ့ သွားနေတဲ့နှုန်းနဲ့ဆို အနောက်ကောင်းကင်ဘုံကို ဘယ်တော့များမှ ရောက်တော့မှာလဲ..."
နဂါးမြင်းဖြူပေါ်တွင် ထိုင်နေသော ကျန်းလျိုသည် ကျူးပါကျဲ၏ ပင်ပန်းကြောင်း ညည်းတွားသံကို ထပ်ကြားလိုက်ရသဖြင့် ခေါင်းလှည့်ကာ တင်းမာသော အသံဖြင့် အပြစ်တင်လိုက်လေသည်။
သို့ရာတွင်... စကားဆုံးသည်နှင့် ကျန်းလျိုက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး...
"မတတ်နိုင်ဘူးလေ… မင်းအပေါ် ငါကလည်း မရက်စက်နိုင်ဘူး မဟုတ်လား… မင်းက ပင်ပန်းတယ်လို့ ပြောနေမှတော့ တစ်နာရီလောက် နားကြတာပေါ့…"
မျက်နှာတွင် မလိုလားသော အမူအရာ ရှိနေသော်လည်း ကျန်းလျိုသည် မြင်းပေါ်မှ လျင်လျင်မြန်မြန်နှင့် သွက်သွက်လက်လက် ဆင်းလိုက်၏။
ကျန်းလျို မြင်းပေါ်မှ ဆင်းလိုက်သည်ကို မြင်သောအခါ ကျူးပါကျဲသည် ကြည်နူးသွားသလို အပြစ်ရှိသလိုလည်း ခံစားလိုက်ရသည်။ သူက တွန့်ဆုတ်နေပြီးနောက်...
"ဆရာ… တကယ်တော့ အဲဒီလောက် အကြာကြီး နားစရာ မလိုပါဘူး… နာရီဝက်လောက်ဆိုရင်ပဲ ဝက်အိုကြီး ကျွန်တော့်အတွက် လုံလောက်နေပါပြီ…"
"မရဘူး တစ်နာရီဆို တစ်နာရီပဲ..."
ကျန်းလျို၏ မျက်နှာအမူအရာကမူ အလွန် အတည်ပေါက်ဖြစ်နေပြီး ကျူးပါကျဲကို ပြန်လည်ငြင်းခုံရန် အခွင့်အရေး လုံးဝမပေးတော့ချေ။
ထို့နောက်တွင်တော့ ကျန်းလျိုသည် အနီးနားရှိ မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို စတင် လေ့ကျင့်လေတော့သည်။
"ဆရာ..."
မြက်ခင်းပြင်ပေါ်တွင် နားနေသော ကျန်းလျိုကို မြင်သောအခါ ကျူးပါကျဲ၏ စိတ်ထဲတွင် အလွန်တရာ ကြည်နူးသွားပြီး တစ်ချိန်တည်းမှာပင် သူ၏ အနာဂတ်အတွက်လည်း ယုံကြည်မှုများ ဖြစ်ပေါ်လာခဲ့သည်။
အစပိုင်းတွင် ဆရာသည် သူ့ကို လုံးဝ သဘောမကျသကဲ့သို့ ထင်ရပေသည်။ သို့ရာတွင် နေ့ရက်များတစ်လျှောက် သူ့ကို လေ့လာကြည့်ရှုပြီးနောက် ဆရာသည် နှုတ်ကြမ်းသလောက် စိတ်သဘောထား နူးညံ့ပျော့ပျောင်းသောသူ ဖြစ်ကြောင်း ကျူးပါကျဲ သိမြင်လာခဲ့လေ၏။
အပေါ်ယံတွင် သူ့အား မနှစ်မြို့ပုံရသော်လည်း သူ၏ လုပ်ရပ်များကမူ ကြီးမားသော ဂရုစိုက်မှုနှင့် စိုးရိမ်ပူပန်မှုတို့ကို ပြသနေခဲ့သည်။
ဥပမာအားဖြင့် သူက ပင်ပန်းနေ၍ နားချင်သည်ဟု ဆိုလာသောအခါတိုင်း ဘယ်နှစ်ခါပဲ ပြောပြော ဆရာက သူ့ကို သည်းခံပေးခဲ့သည်။
တစ်လတာ အချိန်အတွင်း သူတို့သည် လီ ခုနစ်ရာ၊ ရှစ်ရာခန့်သာ ခရီးပေါက်ခဲ့သော်လည်း ဆရာ့ထံတွင် သူ့အား အပြစ်တင်မည့် အရိပ်အယောင်မျှ မတွေ့ရခြင်းက ကျူးပါကျဲ၏ စိတ်နှလုံးကို အလွန်တရာ ကြည်နူးစေခဲ့သည်။
ထို့အပြင်... သူ့ကို ဂရုစိုက်သည့်အနေဖြင့် ခရီးထွက်ချိန်၌ပင် နဂါးမြင်းဖြူကို အရှိန်လျှော့သွားရန် ဆရာက အထူးတလည် ညွှန်ကြားထားသေးသည် မဟုတ်ပါလော။
"သိပ်ကောင်းတာပဲ… ဆရာက ငါ့ကို တကယ်ပဲ ဒီလောက်တောင် သဘောကျနေမှတော့ သူ့ရဲ့ စော်ကြည်နည်း လျှို့ဝှက်ချက်ကို ငါ့ဆီ သေချာပေါက် လက်ဆင့်ကမ်းပေးမှာပေါ့ စဉ်းစားကြည့်စမ်း... လှပတဲ့ နတ်သမီးလေးတွေနဲ့ မိန်းမလှ မိစ္ဆာမလေးတွေက ငါ့ဆီကို အလုအယက် ရောက်လာကြမယ့် ဘဝကြီးဆိုတာ ဘယ်လောက်တောင် မိုက်လိုက်မလဲ..."
ဆရာက သူ့ကို မည်မျှ သဘောကျကြောင်း တွေးမိရင်း ကျူးပါကျဲ၏ စိတ်ထဲတွင် ဆရာ့ထံမှ ပညာရပ်များ သင်ယူရရှိမည့် အနာဂတ် အိပ်မက်ပုံရိပ်များဖြင့် ပြည့်နှက်နေလေတော့သည်။
ဒုတိယ သခင်မလေးလွမ်ကဲ့သို့ပင် အမျိုးအစားစုံလင်လှသော နတ်သမီးများနှင့် မိစ္ဆာမလေးများက သူ့ထံသို့ စုရုံးရောက်ရှိလာကြမည်ဟု တွေးကာ တိမ်တိုက်များပေါ်တွင် လွင့်မျောနေရသကဲ့သို့ပင် ခံစားနေရ၏။
"ဟေ့ကောင် အရူး… မင်း ဘာတွေ ဂယောင်ခြောက်ခြား တွေးနေတာလဲ…"
ကျူးပါကျဲ၏ ရူးကြောင်ကြောင် မျက်နှာပေးကို မတော်တဆ မြင်လိုက်ရသော စွန်ဝူခုန်းသည် စိတ်အနှောင့်အယှက်ဖြစ်သွားလေရာ ဝက်နားရွက်ကို ဆွဲလိမ်ရင်း အပြစ်တင်လိုက်လေသည်။
"မျောက်စုတ်… မင်း ဘာလုပ်တာလဲ… မင်း ငါ့ကို မနာလိုဖြစ်နေတာ မဟုတ်လား..."
စွန်ဝူခုန်းက နားရွက်ကို ဆွဲလိမ်လိုက်သဖြင့် နေ့ခင်းကြောင်တောင် အိပ်မက်ကနေ ရုတ်တရက် လန့်နိုးသွားသော ကျူးပါကျဲက ဘွင်းဘွင်းရှင်းရှင်းပင် ပြန်လည် ချေပလိုက်သည်။
"မင်းကို မနာလိုဖြစ်ရမယ်… ဘာကို မနာလိုဖြစ်စရာ အကြောင်းရှိလို့လဲ..."
ကျူးပါကျဲ၏ စကားများကြောင့် စွန်ဝူခုန်းမှာ ခေတ္တမျှ မှင်သက်အံ့ဩသွားရလေ၏။
"ဆရာက ငါ့ကို အများကြီး သဘောကျနေလို့ မင်းက မနာလိုဖြစ်ပြီး ကြည့်မရဖြစ်နေတာ မဟုတ်လား..."
နားရွက်အဆွဲခံထားရသဖြင့် စိတ်တိုနေသော ကျူးပါကျဲက ပြန်လည် တုံ့ပြန်လိုက်သည်။
"ဆရာက မင်းကို အများကြီး သဘောကျတယ်ဟုတ်လား… အဲဒီအကြောင်းက ဘယ်ကနေ ရောက်လာတာလဲ..."
ကျူးပါကျဲ၏ ယုံကြည်မှုက မည်သည့်နေရာမှ မြစ်ဖျားခံလာမှန်း မသိသောကြောင့် စွန်ဝူခုန်းမှာ အတော်လေး ဇဝေဇဝါ ဖြစ်သွားလေတော့သည်။
"ဒါက သိသာနေတာပဲ မဟုတ်လား… ခရီးစဉ်တစ်လျှောက်လုံး ဆရာက ငါ့ကို အရမ်းဂရုစိုက်တာ… ငါ ပင်ပန်းတယ်လို့ ပြောလိုက်တာနဲ့ ဆရာက နားချင်ပုံမရရင်တောင် ငါ့အတွက် မလွှဲသာမရှောင်သာ ရပ်ပေးပြီး နားခိုင်းတယ်လေ… အဲဒါ ငါ့ကို သဘောကျနေတာ မဟုတ်လို့ ဘာလဲ… မင်းက မနာလိုဖြစ်နေလို့ ငါ့ကို ကြည့်မရဖြစ်နေတာ..."
ကျူးပါကျဲက မိမိကိုယ်ကို အလွန်ယုံကြည်မှုရှိသော မျက်နှာပေးဖြင့် စွန်ဝူခုန်းအား စစ်ကြေညာလိုက်သည်။
"အင်း... ဒုတိယနောင်တော် ပြောတာ မှန်တယ်..."
မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းနားနေသော နဂါးမြင်းဖြူသည် ကျူးပါကျဲ၏ စကားများကို ကြားသောအခါ သဘောတူသည့်အနေဖြင့် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
နဂါးမြင်းဖြူနှင့် ခြားနားစွာပင် စွန်ဝူခုန်းနှင့် ကျန်းလျိုတို့သည် အတွေးအမြင်ချင်း တူညီနေကြသည်။ ထို့ကြောင့် အနောက်ဘက်သို့သွားမည့် ခရီးစဉ်တွင် ကျန်းလျို အဘယ်ကြောင့် အချိန်ဆွဲနေရသည့် အကြောင်းရင်းအမှန်ကို စွန်ဝူခုန်းက ရှင်းရှင်းလင်းလင်း နားလည်ထားပေသည်။
မိမိကိုယ်ကို အထင်ကြီးလွန်းကာ ဘဝင်မြင့်နေသော ကျူးပါကျဲကို ကြည့်ရင်း စွန်ဝူခုန်း၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားလေ၏။
ရုတ်တရက်ဆိုသလိုပင် ကျန်းလျိုက သူ့အား မကြာခဏ ပြောလေ့ရှိသော စကားတစ်ခွန်းကို စွန်ဝူခုန်းက သတိရသွားပြီး ပြန်လည် မချေပဘဲ မနေနိုင်တော့ချေ။
"ဟေ့ကောင် ငတုံး… ဦးနှောက်ဆိုတာ ရှိထားသင့်တဲ့ အရာကောင်းတစ်ခုပဲ… တစ်နေ့ကျရင် မင်းရဲ့ ဦးနှောက်ကို တကယ် အသုံးချနိုင်ဖို့ ငါ မျှော်လင့်ပါတယ်ကွာ..."
ခွိ...
အနီးနားတွင် တရားထိုင်နေသော ကျန်းလျိုသည် ဈာန်ဝင်စားခြင်း အတွင်းသို့ အပြည့်အဝ မဝင်ရောက်သေးသဖြင့် စွန်ဝူခုန်းနှင့် ကျူးပါကျဲတို့၏ စကားပြောသံများကို ကြားနေရ၏။ ဤအချိန်တွင်မူ သူသည် အသံထွက်၍ပင် ရယ်မောမိလုမတတ် ဖြစ်သွားရလေသည်။
‘ဒီမျောက်ကတော့ သင်ယူထားတာကို ပြန်အသုံးချတဲ့နေရာမှာ တကယ်ကို မြန်တာပဲ...’
တိတ်တဆိတ် ခေါင်းယမ်းလိုက်ပြီး တပည့်များ၏ အချင်းချင်း ငြင်းခုံနေမှုများကို ဂရုမစိုက်တော့ဘဲ အချိန်များ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားသည်နှင့်အမျှ ကျန်းလျိုသည် သူ၏ ကိုယ်ပိုင်ကျင့်စဉ်အတွင်းသို့ အပြည့်အဝ နစ်မြုပ်သွားလေတော့သည်။
အတွေ့အကြုံမှတ် +၃...
အတွေ့အကြုံမှတ် +၃...
အတွေ့အကြုံမှတ် +၃...
***
အပိုင်း(၁၈၈)
ကျန်းလျို ကျင့်ကြံနေစဉ်အတွင်း သူ၏ ခန္ဓာကိုယ်ထဲရှိ အစစ်အမှန် ယွမ်စွမ်းအင်တို့က အဆက်မပြတ် လည်ပတ်နေပြီး စက်ဝိုင်းအပြည့် ရှစ်ဆယ့်တစ်ပတ်တိတိ လည်ပတ်အပြီးတွင် ငြိမ်သက်သွားလေသည်။ နောက်ထပ် တစ်ကြိမ် ထပ်မံ ကျင့်ကြံပြီးနောက်တွင် သူ၏ ကျင့်စဉ်အဆင့်မှာ အနည်းငယ် ပိုမို အားကောင်းလာသည်ဟု မသဲမကွဲ ခံစားလိုက်ရ၏။
"ကောင်းပြီ… အချိန်လည်း တော်တော်ရပြီဆိုတော့ ခရီးဆက်ကြတာပေါ့..."
ကျင့်ကြံခြင်းမှ အတွေ့အကြုံမှတ် ၂၀၀၀ ခန့် ထပ်မံရရှိပြီးနောက် လန်းဆန်းတက်ကြွနေသော ကျန်းလျိုသည် မတ်တတ်ရပ်ကာ ကြေညာလိုက်သည်။
သူ၏ဘေးတွင် စွန်ဝူခုန်းနှင့် ကျူးပါကျဲတို့ နှစ်ယောက်စလုံး နားနေကြသည်။ သူတို့၏ ငြင်းခုံမှုက တစ်နာရီအပြည့် ကြာမြင့်ခဲ့မည်မဟုတ်သည်မှာ ထင်ရှားလှ၏။
နောက်ထပ် တစ်နာရီခန့် ထပ်မံ ခရီးနှင်ပြီးနောက် မြင့်မား၍ ခန့်ညားထည်ဝါသော တောင်တန်းတစ်ခုသည် ကျန်းလျိုတို့၏ ရှေ့မှောက်တွင် ပေါ်လာလေသည်။
သူတို့ ထိုတောင်တန်းနှင့် နီးကပ်လာလေလေ အပူချိန်က ပို၍ မြင့်တက်လာသည်ကို ကျန်းလျို ခံစားရလေလေ ဖြစ်သည်။ ယခု နှစ်၏ အချိန်ကာလကို ထည့်တွက်ကြည့်လျှင် ဤအချက်က ထူးဆန်းနေ၏။
ကမ္ဘာမြေ ပြက္ခဒိန်အရ ဆိုလျှင် ယခုက ဇန်နဝါရီလ ဖြစ်သည်။ လွန်ခဲ့သော တစ်လခန့် သူတို့ ကောင်းမိသားစုရွာသို့ စတင်ရောက်ရှိခဲ့စဉ်က ပထမဆုံး နှင်းကျသည်ကို တွေ့မြင်ခဲ့ရသည်။ တစ်လကြာပြီးနောက်တွင် ရာသီဥတုက ပို၍ အေးလာသင့်ပေသည်။
သို့ရာတွင် ယခုနောက်ပိုင်း ရက်များ၌ အပူချိန်မှာ ထူးထူးခြားခြား မြင့်မားနေပြီး နွေရာသီ ပြန်ရောက်နေသကဲ့သို့ ကျန်းလျို ခံစားနေရ၏။
"ဝူခုန်း… ပြီးခဲ့တဲ့ လဝက်လောက်အတွင်း မိုးတစ်ပေါက်မှ မရွာတာကို မင်း သတိထားမိလား… ရာသီဥတုက ပုံမှန်မဟုတ်ဘဲ ခြောက်သွေ့နေတာ… လန်းဆန်းသွားအောင် မိုးရွာအောင် လုပ်လိုက်ရင်ရော ဘယ်လိုလဲ..."
သူက ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်းကို ချွတ်လိုက်ပြီး လက်ဖြင့် ယပ်ခတ်ရင်း ကျန်းလျိုက အကြံပြုလိုက်သည်။
နဂါးဝိညာဉ် လက်ကောက်၏ အလိုအလျောက် စွမ်းရည်မှာ မိုးခေါ်ခြင်းဖြစ်ပြီး သူက ၎င်းကို တစ်ကြိမ်မျှ စမ်းသပ်အသုံးပြုကြည့်ရခြင်း မရှိသေးပေ။
"ဆရာ… မလုပ်ပါနဲ့…"
သို့သော် ကျန်းလျို စကားပြောပြီးသည်နှင့် ကျူးပါကျဲက ရုတ်တရက် ဝင်ပြောလိုက်ပြီး အကြံပြုလေသည်။
"ရှေ့မှာရှိနေတာက ဖူထူတောင်ပါ… တစ်နှစ်ပတ်လုံး ပြင်းထန်တဲ့ နွေရာသီလို အမြဲတမ်း ပူပြင်းနေတာ… အဲဒီမှာ မိုးရွာတာကို လုံးဝ မနှစ်သက်တဲ့ ဝူချောင်ဆရာတော် နေထိုင်တယ်လေ… ကျွန်တော်တို့က ဖြတ်သွားရုံသက်သက်ပဲဆိုတော့ ပြဿနာ မရှာတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်…"
"ဖူထူတောင်လား... ဒီမှာလည်း ရှိနေတာလား..."
ကျူးပါကျဲ၏ စကားကို ကြားသောအခါ ဤတောင်နှစ်လုံးမှာ အမည်တူရုံသက်သက်သာ ဖြစ်သော်ငြားလည်း ကျန်းလျိုသည် တာ့ထန်နယ်နိမိတ်အတွင်းရှိ ဖူထူတောင်ကို ချက်ချင်း သတိရသွားလေသည်။
"ဝူချောင်ဆရာတော်... ငါ့ရဲ့ အရင်ဘဝက နာမည်အကြီးဆုံး ခရီးသွားမှတ်တမ်း ရုပ်သံဇာတ်လမ်းတွဲမှာ ဒီလိုဇာတ်ကောင်မျိုး ပါတာကို မမှတ်မိပါဘူး..."
ကျန်းလျိုက တိတ်တဆိတ် တွေးတောလိုက်၏။
"ဟွန့်… ဘာ ဝူချောင်ဆရာတော်လဲ… သူက မိစ္ဆာတစ်ကောင်ပဲ မဟုတ်ဘူးလား… သူသာ ပြဿနာလာရှာရဲရင် လက်ယားနေတဲ့ ငါ စွန်ဝူခုန်းအတွက် အခွင့်အကောင်းပဲပေါ့..."
စွန်ဝူခုန်းကမူ လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ ခေါင်းမာစွာဖြင့် ခေါင်းယမ်းလိုက်လေသည်။
"မျောက်စုတ်… ပေါက်ကရတွေ လျှောက်မပြောနဲ့… ဝူချောင်ဆရာတော်မှာ ကြောက်စရာ ကောင်းတဲ့ မှော်စွမ်းအင်တွေ ရှိတယ်ကွ..."
"မှော်စွမ်းအင်တွေ ရှိတယ်ဟုတ်လား… အတော်ပဲ ငါ စွန်ဝူခုန်းကလည်း မှော်စွမ်းအင်တွေရှိတဲ့ နတ်ဘုရားတစ်ပါးနဲ့ တိုက်ခိုက်ချင်လို့ လက်ယားနေတာ... ဟဲ ဟဲ"
စွန်ဝူခုန်းသည် တိုက်ခိုက်ရန် စိတ်အားထက်သန်နေပြီး ပြဿနာရှာချင်နေသူ တစ်ယောက်၏ ဟန်ပန်ဖြင့် အသံကျယ်ကျယ် ရယ်မောလိုက်လေသည်။
"မှော်စွမ်းအင်တွေရှိတဲ့ ဝူချောင်ဆရာတော် ဆိုပါလား… သူက စွန်ဝူခုန်းထက် ပိုအစွမ်းထက်နိုင်လို့လား… နောက်ပြီး ကျူးပါကျဲလည်း အဲဒီမှာ ရှိနေတယ် မဟုတ်လား… ပြဿနာရှာမိရင်တောင် သိပ်မဆိုးလောက်ပါဘူး… မှော်စွမ်းအင်တွေ ပိုအစွမ်းထက်လေလေ သူ ချပေးနိုင်တဲ့ ပစ္စည်းတွေက ပိုကောင်းလေလေပဲပေါ့…”
စွန်ဝူခုန်းသည် တိုက်ခိုက်ရေးစိတ်ဓာတ်များဖြင့် ပြည့်နှက်နေရုံသာမက ကျန်းလျိုပင်လျှင် တိုက်ခိုက်ကြည့်ချင်စိတ်များဖြင့် လက်ယားနေလေ၏။
‘ပြဿနာ ရှာရင် ကောင်းမလား စွန်ဝူခုန်းရှိနေသလို… ကျူးပါကျဲကလည်း ရှိနေတယ်လေ… ဒီနှစ်ကောင် တိုက်ခိုက်ကြမှာဆိုတော့ ငါတို့ မနိုင်စရာ အကြောင်းမရှိဘူး မဟုတ်လား…ငါတို့ မနိုင်ရင်တောင်မှ တာ့ထန်ရဲ့ ကျမ်းစာပင့်ဆောင်သူ ဆိုတဲ့ အဆင့်အတန်းကြောင့် သေမှာတော့ မဟုတ်ပါဘူး...’
နောက်ဆုံး ရည်မှန်းချက်က ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများအားလုံးကို ဖြုတ်ချရန် ဖြစ်သော်ငြားလည်း လတ်တလောတွင်မူ ထိုကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများက သူ့ကို စောင့်ရှောက်ပေးထားဆဲပင်။
မည်သူက သူ့ကို ပြဿနာ လာရှာရဲမည်နည်း။
အရမ်းကြီး အသက်အန္တရာယ် မဖြစ်နိုင်သရွေ့ သူလည်း အစွမ်းကုန် တိုက်ခိုက်နိုင်သည် မဟုတ်ပါလော။
အကယ်၍ သူတို့ အနိုင်ရလျှင် အကောင်းဆုံးဖြစ်ပြီး ကြီးမားသော အကျိုးအမြတ်များကို ရရှိမည်ဖြစ်သည်။ မနိုင်ခဲ့လျှင်ရော။ သူတို့၏ နောက်ကျောကို တထာဂတဗုဒ္ဓက လုံခြုံစေရန် ကာကွယ်ပေးထားသောကြောင့် ကြောက်ရွံ့နေစရာ မလိုပေ။ အနိုင်အရှုံး မပေါ်သော တိုက်ပွဲဆိုလျှင်ရော။ ထိုအရာက ဤနေရာတွင် ဆက်နေပြီး အချိန်ဖြုန်းဖို့ ပြီးပြည့်စုံသည့် အကြောင်းပြချက် ဖြစ်သွားလိမ့်မည် ဖြစ်သည်။
အဘက်ဘက်မှ စဉ်းစားကြည့်ပြီးနောက် အားလုံးက အကျိုးကျေးဇူးတွေချည်းသာ ဖြစ်ပြီး အားနည်းချက်ဟူ၍ မရှိဟု ကျန်းလျို ဆုံးဖြတ်လိုက်လေသည်။
ထို့ကြောင့်... ကျန်းလျိုသည် ပြဿနာရှာရန်ဟူသော စွန်ဝူခုန်း၏ အကြံအစည်ကို သဘောတူသည့်အနေဖြင့် တိတ်တဆိတ် ခေါင်းညိတ်လိုက်လေ၏။ သူက လက်ကို အနည်းငယ် မြှောက်လိုက်ရာ ထိုခဏ၌ နဂါးဝိညာဉ် လက်ကောက်၏ အလိုအလျောက် စွမ်းရည်က အသက်ဝင်လာလေတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
နဂါးဝိညာဉ် လက်ကောက်၏ အလိုအလျောက် စွမ်းရည်အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် မိုးကုပ်စက်ဝိုင်း၏ တစ်နေရာရာမှ မရေမတွက်နိုင်သော တိမ်မည်းကြီးများ လွင့်မျောလာ၏။ ၎င်းတို့သည် အလွန် ထူထပ်ကာ အနီးကပ်တွင် ရှိနေသဖြင့် လက်လှမ်းမီနိုင်လုနီးပါး ထင်မှတ်ရလေသည်။
တိမ်တိုက်များကြားတွင် ကြမ်းတမ်းသော လျှပ်စီးများ တစ်ခါတစ်ရံ လက်သွားပြီး လေပြင်းများနှင့်အတူ မူလက ပူပြင်းနေသော ရာသီဥတုကို များစွာ အေးမြသွားစေ၏။
"အာ... လေနဲ့ မိုးကို ခေါ်နိုင်တဲ့ ဒီလိုနည်းစနစ်တွေ ဆရာ့ဆီမှာ ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ..."
ကျန်းလျိုက လက်ကို မြှောက်လိုက်ရုံဖြင့် မိုးသည်းထန်စွာ ရွာသွန်းလာသည်ကို မြင်သောအခါ စွန်ဝူခုန်းက အံ့သြတကြီးဖြင့် မေးလိုက်သည်။
သူတို့ ရင်းနှီးလာသည်မှာ အတော်ကြာပြီဖြစ်သော်လည်း ထိုသို့သော စွမ်းရည်များကို ပိုင်ဆိုင်ထားမည်ဟု မမျှော်လင့်ခဲ့ပေ။ သူတို့ အချင်းချင်း ပိုမို သိကျွမ်းလာလေလေ အံ့သြဖွယ် လျှို့ဝှက်ချက်များကို ပိုမို တွေ့ရှိလာရလေလေ ဖြစ်ပုံရသည်။
"တာအို ကျင့်စဉ်ရဲ့ မိုးကြိုးငါးသွယ် နည်းစနစ်တောင် အဲဒီလောက် မမြန်ဘူး မဟုတ်လား..."
စွန်ဝူခုန်းနှင့် နှိုင်းယှဉ်လျှင် ယခင်က ထျန်းဖုန်စစ်သူကြီး ဖြစ်ခဲ့ဖူးသော ကျူးပါကျဲမှာ မိုးခေါ်လေခေါ် နည်းစနစ်များကို ပိုမို သိရှိနားလည်လေသည်။
မိုးကြိုးငါးသွယ် နည်းစနစ်ကို ကျွမ်းကျင်သော အောင်မြင်ပြီးသည့် တာအိုဘုန်းကြီး တစ်ပါးပင်လျှင် မိုးရွာစေရန် အဝါရောင်စက္ကူကို မီးရှို့ပြီး ကောင်းကင်ဘုံသို့ ဆုတောင်းရန် လိုအပ်သေးသည်။ နေကို ဖုံးကွယ်ရန် တိမ်များကို ဖြစ်စေပြီး သဲများကို လွင့်ပျံစေရန် လက်ကို မြှောက်လိုက်ရုံမျှဖြင့် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ထိုအရာက နဂါးမင်းကြီး ကိုယ်တိုင် လုပ်ဆောင်နေသည်နှင့် တူညီပေသည်။
ဝေါ... ဝေါ...
နဂါးဝိညာဉ် လက်ကောက်၏ အထူးအကျိုးသက်ရောက်မှုသည် အမှန်တကယ်ပင် အလွန် အစွမ်းထက်ပြီး နဂါးမင်းကြီး၏ မိုးကို ထိန်းချုပ်နိုင်စွမ်းကို အစားထိုးလုနီးပါးပင် ဖြစ်သည်။ မိနစ်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းလာပြီး ဖူထူတောင်တဝိုက်ရှိ ပြင်းထန်သော အပူရှိန်ကို ချက်ချင်း လွှမ်းမိုးသွားလေတော့သည်။
...
ဖူထူတောင်ထိပ်တွင် အချင်းချင်း အပြန်အလှန် ပံ့ပိုးပေးသကဲ့သို့ ယှက်နွယ်ပေါက်ရောက်နေသော ကြီးမားကြံ့ခိုင်သည့် သစ်ပင်နှစ်ပင် ရှိပြီး ၎င်းတို့ကို ဖူဆန်းသစ်ပင်ဟု ခေါ်ကြသည်။
ဤဖူဆန်းသစ်ပင်၏ ထိပ်တွင် ကြီးမားသော ငှက်သိုက်ကြီးတစ်ခု ရှိ၏။ သို့သော်လည်း ငှက်များမရှိဘဲ တင်ပျဉ်ခွေကာ တိတ်ဆိတ်စွာ ထိုင်နေသည့် အဘိုးအိုတစ်ဦးသာ ရှိလေသည်။
ထိုအဘိုးအို၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး နေရောင်ခြည်ကဲ့သို့ ပူပြင်းကာ တောက်ပနေ၏။
သို့ရာတွင် ခဏအကြာ၌ ကောင်းကင်တွင် တိမ်မည်းများ ဖုံးလွှမ်းသွားပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် ငှက်သိုက်ထဲတွင် ထိုင်နေသော အဘိုးအိုသည် မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ မျက်မှောင်များ အနည်းငယ် ကုတ်သွားလေသည်။
သူသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မျက်မှောင်ကုတ်သွားခြင်းလော သို့မဟုတ် အခြားသူတစ်ဦးက မိုးခေါ်သည့် ဂါထာကို အသုံးပြုနေသည်ဟု ခံစားရသောကြောင့်လော၊ သို့တည်းမဟုတ် ထိုအကြောင်းရင်း နှစ်ခုစလုံးကြောင့်ပင်လော ဆိုသည်ကိုတော့ ရှင်းလင်းစွာ မသိရပေ။
ခေတ္တမျှ မျက်မှောင်ကုတ်ပြီးနောက် အဘိုးအို၏ အကြည့်များက လေဟာပြင်တစ်လျှောက် ကျော်ဖြတ်သွား၏။ သူမြင်ချင်သောအရာကို မြင်နိုင်ရန် အာကာသ ကန့်သတ်ချက်များကိုပင် ထိုးဖောက်သွားသကဲ့သို့ ဖြစ်နေလေသည်။ ထို့နောက် သူသည် လှုပ်ရှားလိုက်ကာ ငှက်သိုက်ထဲမှ ထွက်ခွာလာပြီး ကျန်းလျိုနှင့် သူ၏အဖွဲ့ထံသို့ တိုက်ရိုက် ပျံသန်းလာလေတော့သည်။
အဘိုးအို လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် နေမင်းကြီး ပြန်လည်မွေးဖွားလာသကဲ့သို့ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာလေသည်။
"ဆရာ… လူတစ်ယောက် လာနေတယ်..."
ဖူထူတောင်ထိပ်မှ နေမင်းကဲ့သို့ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်ကို မြင်သောအခါ စွန်ဝူခုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
အလိုအလျောက်ပင် သူသည် ရွှေတုတ်ကို ဆွဲထုတ်လိုက်ပြီး လူတိုင်း၏ရှေ့တွင် နေရာယူကာ အလွန်လေးနက်သော မျက်နှာထားဖြင့် ရပ်နေလိုက်သည်။
စွန်ဝူခုန်း ပြောရန်ပင် မလိုတော့ချေ။ ကျန်းလျို ကိုယ်တိုင်လည်း ၎င်းကို မြင်တွေ့နိုင်လေသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် တက်လာသော နေမင်းကဲ့သို့ တောက်ပနေသည့် အရာကို မမြင်ဘဲနေရန် ခက်ခဲလှပေသည်။
ထိုနေမင်းကြီး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စတင်ရွာသွန်းခါစ မိုးရေများသည် ရုတ်တရက် ရပ်တန့်သွားပြီး ကောင်းကင်ယံရှိ ထူထပ်သော တိမ်မည်းကြီးများပင် ပျောက်ကွယ်သွားလေ၏။
ဤမြင်ကွင်းကို မြင်သောအခါ ကျန်းလျို၏ မျက်နှာထားမှာ ပို၍ လေးနက်တည်ကြည်သွားလေသည်။
ထွက်ပေါ်လာသည့် သကောင့်သားက နံနက်ခင်း နေမင်းနှင့်တူပြီး အသေးအမွှား ကိစ္စတစ်ခု မဟုတ်ပုံရပေ။ သူတို့၏ ပြဿနာရှာရန် ကြိုးပမ်းမှုက အမှန်တကယ်ပင် ကျောက်တောင်ကို ခေါင်းနှင့် ဆောင့်သလို ဖြစ်နေပြီလော။
ထို့ကြောင့်ပင် ကျူးပါကျဲက ပြဿနာမရှာလျှင် ပိုကောင်းမည်ဟု သူ့အား အကြံပေးခဲ့ခြင်း ဖြစ်ပေမည်။
***