← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 14 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 14 Ch. 189-190

အပိုင်း(၁၈၉)

ဤဖြစ်စဉ်သည် လာသည်လည်း မြန်သကဲ့သို့ သွားသည်မှာလည်း မြန်ဆန်လှ၏။ စူးရှသော အလင်းရောင်များ လျော့ကျသွားပြီးနောက် ကျန်းလျိုသည် သူ၏ ရှေ့မှောက်တွင် အဘိုးအိုတစ်ဦး ပေါ်လာသည်ကို မြင်လိုက်ရသည်။ အသက် ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့် ရှိပုံရသော်လည်း ထိုသူ၏ ကိုယ်ပေါ်မှ အလွန်တရာ ကြံ့ခိုင်သော 'ယန်' စွမ်းအင်များ ဖြာထွက်နေ၏။ သက်ကြီးရွယ်အိုများတွင် တွေ့ရလေ့ရှိသော အိုမင်းမစွမ်းဖြစ်နေသည့် အရိပ်အယောင်မျိုး လုံးဝ မရှိပေ။

"ဝူချောင်ဆရာတော်… နေကောင်းတယ် မဟုတ်လား..."

အဘိုးအိုကို မြင်သောအခါ ကျူးပါကျဲသည် ပြဿနာကို ပိုမို မကြီးထွားစေလိုဟန်ဖြင့် အရင်ဆုံး စတင် နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။

ကျူးပါကျဲ၏ နှုတ်ဆက်စကားကို အဘိုးအိုက ချက်ချင်း ပြန်လည် မတုံ့ပြန်ချေ။ သူ၏ အကြည့်များက သူတို့အပေါ် လွှမ်းခြုံသွားပြီး ကျန်းလျိုထံတွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက်မှ ကျူးပါကျဲအား ပြန်လည် ဖြေကြားလိုက်၏။

"မင်းကိုး… အရင်တုန်းက မင်းက ငါ့နောက်လိုက်ပြီး ကျင့်ကြံဖို့ ငြင်းဆန်ခဲ့တာ… အခုတော့ ကျမ်းစာပင့်ဆောင်သူနဲ့ ဘယ်လိုလုပ် အတူရှိနေရတာလဲ…"

"ဟီးဟီးဟီး… ဆရာတော်ဘိုးဘိုးကြီး… ဒါက ရေစက်ကြောင့် နေမှာပါ… ကျွန်တော်က ကျမ်းစာပင့်ဆောင်သူရဲ့ တပည့် ဖြစ်နေပါပြီ…"

ကျူးပါကျဲက ရှက်ကိုးရှက်ကန်းဖြင့် သူ၏ ဂုတ်ကိုကုပ်ကာ ပြုံးရင်း ပြောလိုက်သည်။

"ဒါဆိုလည်း ပြီးရောလေ..."

ကျူးပါကျဲ၏ အဖြေကို ကြားသောအခါ ဝူချောင်ဆရာတော်သည် ဆက်လက် အတင်းအကြပ် ပြောဆိုလိုခြင်း မရှိတော့ဘဲ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်၏။

“ဒီဘိုးတော်က ဘယ်သူများလဲ...”

ဝူချောင်ဆရာတော်ဟု ခေါ်ဆိုသောသူနှင့် ကျူးပါကျဲတို့၏ စကားပြောဆိုမှုများကို နားထောင်ရင်း ကျန်းလျိုသည် တိတ်တဆိတ် အံ့အားသင့်သွားပြီး ဝူချောင်ဆရာတော်၏ ဇာတိမည်သူမည်ဝါဖြစ်ကြောင်းက သူထင်မှတ်ထားသည်ထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းနိုင်သည်ကို ခံစားလိုက်ရသည်။

ကျူးပါကျဲသည် အောက်ခြေအထိ ကျဆင်းသွားခဲ့ရသော်လည်း ထျန်းဖုန်စစ်သူကြီးအဖြစ် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထိခိုက်သွားခဲ့ခြင်း မရှိပေ။ ဤဝူချောင်ဆရာတော်သည် ကျူးပါကျဲ၏ ဆရာအဖြစ် ခံယူရန်ပင် ထိုက်တန်နေသည်လော။

"ဆရာတော် ဘိုးဘိုးကြီး… မင်္ဂလာပါ… ကျွန်တော်က ရွှမ်ကျန်းပါ… တွေ့ရတာ ဝမ်းသာပါတယ်..."

ကျန်းလျိုက နှုတ်ဆက်လိုက်၏။

"ဟွန့်… ယဉ်ကျေးမှုကို အရင်ပြပြီးမှ အင်အားသုံးရတယ်လို့ ဆိုရိုးစကားရှိပေမဲ့… ဆရာတော်က အင်အားကို အရင်သုံးပြီးမှ ယဉ်ကျေးမှုပြနေတာလား…"

သို့ရာတွင် ကျန်းလျို၏ ယဉ်ကျေးသော နှုတ်ဆက်မှုအပေါ် ဝူချောင်ဆရာတော်က ကောင်းမွန်စွာ တုံ့ပြန်ခြင်းမရှိဘဲ အေးစက်စက် နှာခေါင်းရှုံ့ကာ ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"ဒါက..."

ကျန်းလျိုသည် အမှန်ပင် အနည်းငယ် ရှက်ရွံ့သွားဟန် ရှိလေသည်။ သူက ပြဿနာအနည်းငယ်လောက် ရှာရန် တွေးခဲ့သော်လည်း ဤမျှ အရေးပါသော ပုဂ္ဂိုလ်ကြီးကို ဆွပေးမိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ထို့ထက်ပိုသည်မှာ ဤသို့သော ပုဂ္ဂိုလ်ကြီးမျိုးက မူရင်းဇာတ်လမ်းထဲတွင် သိပ်ပြီး ပါဝင်ခဲ့ခြင်း မရှိပေ။

အနောက်ဘက်သို့ ခရီးသွားခြင်း လောက၏ ရေစီးကြောင်းက နက်ရှိုင်းလှကြောင်းကို ကျန်းလျို သိထားသည်မှာ ကြာပြီဖြစ်သည်။

သို့သော်... သူ၏ စိတ်ထဲတွင် ဘုံသုံးပါးအတွင်းမှ အဓိက ကစားသမားများမှာ ကျောက်စိမ်းဧကရာဇ်၊ တထာဂတဗုဒ္ဓနှင့် ထိုက်ရှန်းလောင်ကျွင်း ကဲ့သို့သော သူများသာ ဖြစ်မည်ဟု တွေးထင်ထားခဲ့၏။ ယခုအခါတွင်မူ လျှို့ဝှက်ဆန်းကြယ်သော ဝူချောင်ဆရာတော် တစ်ပါးက ရုတ်တရက် ပေါ်ထွက်လာခဲ့လေပြီ။

ဤသို့ဆိုလျှင်... အနောက်ဘက်သို့ ခရီးသွားခြင်း မှတ်တမ်းတွင် ပါဝင်သည့် အရာအားလုံးသည် ဤကမ္ဘာကြီး၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်နေသည်လော။

သေချာစွာ တွေးကြည့်ပါက ထိုအချက်မှာ မမှားနိုင်ပေ။ အနောက်ဘက်သို့ ခရီးစဉ်သည် မိုင်ပေါင်း ရှစ်သောင်းတစ်ထောင် ရှိသည်ဟု ဆိုသော်လည်း တာ့ထန်မှ အနောက်ဘက် ကောင်းကင်ဘုံရှိ နတ်ဝိညာဉ်တောင်တော်အထိသာ ဖြစ်သည်။

"ဟေ့... အဘိုးကြီး… ငါ့ဆရာက အပူဒဏ်ကို မခံနိုင်လို့ မိုးလေး နည်းနည်း ရွာချင်တော့ ဘာဖြစ်လဲ..."

ဝူချောင်ဆရာတော်၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်စဉ်အဆင့်ကို သိရှိသော်လည်း တထာဂတဗုဒ္ဓကိုပင် ကြောက်ရွံ့ခြင်းမရှိသော စွန်ဝူခုန်းသည် ဝူချောင်ဆရာတော်၏ အပြစ်တင်သည့် ဟန်ပန်ကို ရင်ဆိုင်ကာ အားနာခြင်းမရှိဘဲ ဆဲဆိုလိုက်လေသည်။

"ကောင်းကင်နဲ့ မြေကြီးရဲ့ ကျယ်ပြောမှုကိုတောင် နားမလည်တဲ့ သာမန် မျောက်ငယ်လေးပဲ… မင်းက ဘယ်သူလဲ…"

ဝူချောင်ဆရာတော်က စွန်ဝူခုန်းအား တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်၏။

"မင်းကမှ ဘာမှမသိတဲ့ အဘိုးကြီးပဲ… ငါ စွန်ဝူခုန်းက လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက ကောင်းကင်ဘုံကို တက်သောင်းကြမ်းခဲ့တဲ့ ကောင်းကင်ဘုံနဲ့ တစ်ဂိုဏ်းတည်း မဟာပညာရှိကြီးကွ… မင်းရဲ့ အဘိုးစွန် နာမည်ကို မကြားဖူးဘူးလား..."

ဝူချောင်ဆရာတော်၏ စကားများက စွန်ဝူခုန်းကို ပို၍ ဒေါသထွက်စေခဲ့သည်။ ကျူးပါကျဲကို သိပြီး သူ့ကိုတော့ မသိဘူးတဲ့လော။ ထို့အပြင် မျောက်ငယ်လေးဟုလည်း ခေါ်လိုက်သေးသည်။

"ကောင်းကင်ဘုံကို သောင်းကြမ်းခဲ့တယ်ဟုတ်လား… မင်းပြောပုံအရဆို မင်းက အတော်လေး အစွမ်းအစရှိပုံရတယ်ပေါ့လေ…"

ဝူချောင်ဆရာတော်၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး သူ၏ အကြည့်များက စွန်ဝူခုန်းထံတွင် ရပ်တန့်သွား၏။

အပေါ်ယံအားဖြင့် စွန်ဝူခုန်း၏ အစွမ်းအစများကို အသိအမှတ်ပြုပုံရသော်လည်း သူ၏ မျက်လုံးများထဲရှိ မေးခွန်းထုတ်နေသော အကြည့်များက အခြားတစ်မျိုးကို ဆိုလိုနေကြောင်း ထင်ရှားလှပေသည်။

"အစွမ်းအစ ရှိမရှိဆိုတာ မင်းကိုယ်တိုင် စမ်းကြည့်ရင် မသိနိုင်ဘူးလား..."

ဝူချောင်ဆရာတော်၏ သံသယဝင်နေသော အမူအရာကို သည်းမခံနိုင်တော့သဖြင့် စွန်ဝူခုန်းက သူ၏ ရွှေတုတ်ကို မြှောက်ကာ ဝူချောင်ဆရာတော်ထံသို့ ရိုက်ချလိုက်လေသည်။

ဘုန်း... ဘုန်း... ဘုန်း...

စွန်ဝူခုန်း၏ ရွှေတုတ်က ပြင်းထန်စွာ ရိုက်ချလာသောအခါ ဝူချောင်ဆရာတော်သည် သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ရွှေရောင်မီးတောက်များ ပတ်လည်တွင် ဖြာထွက်သွားကာ စွန်ဝူခုန်း၏ တိုက်ခိုက်မှု အားလုံးကို တားဆီးပိတ်ဆို့လိုက်လေသည်။

"ကောင်းကင်ဘုံက ဒီလောက်တောင် ကျဆင်းသွားပြီလား… ဒီလောက် အစွမ်းအစ သေးသေးလေးနဲ့တောင် ကောင်းကင်ဘုံကို တက်သောင်းကြမ်းနိုင်ခဲ့တယ်ပေါ့လေ”

စွန်ဝူခုန်း၏ ရွှေတုတ်ကို လွယ်ကူစွာ တားဆီးလိုက်ပြီးနောက် ဝူချောင်ဆရာတော်က ရိုင်းပျစွာပင် ပြောဆိုလိုက်သည်။

"ဟီးဟီးဟီး... မဆိုးဘူးပဲ အဘိုးကြီး ဒါဆို ငါ စွန်ဝူခုန်းလည်း အားနာမနေတော့ဘူး..."

ဝူချောင်ဆရာတော်၏ စကားများက စွန်ဝူခုန်း၏ တိုက်ခိုက်ရေး စိတ်ဓာတ်ကို ပိုမို တက်ကြွစေခဲ့သည်။ သူသည် ထူးဆန်းစွာ ရယ်မောလိုက်ပြီး သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာလေသည်။

"ရပါတယ်... ငါ့ကို လုံးဝ အားနာမနေပါနဲ့… ဒီ အရိုးစု အဘိုးကြီးက ခံနိုင်ရည် ရှိပါသေးတယ်..."

ဝူချောင်ဆရာတော်သည် စွန်ဝူခုန်းထံမှ ပေါက်ကွဲထွက်လာသော သတ်ဖြတ်လိုသည့် အရှိန်အဝါများကို ခံစားမိသော်လည်း အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး ဥပဒေသ မှော်စွမ်းအင်များ အသက်ဝင်လာလေ၏။ ရွှေတုတ်သည် ကောင်းကင်ကို ထောက်ပင့်ထားသည့် ဧရာမတိုင်ကြီး တစ်ခုအလား ဖြစ်သွားပြီး ရိုက်ချက်တိုင်းတွင် တောင်တန်းများနှင့် မြစ်များကိုပင် အပိုင်းပိုင်း အစစ ပျက်စီးသွားစေနိုင်သော စွမ်းအားများ ပါဝင်နေသည်။ စွန်ဝူခုန်း အမှန်တကယ်ပင် အစွမ်းကုန် တိုက်ခိုက်နေကြောင်းကို ပြသနေလေသည်။

ရွှေရောင် မီးတောက်များလည်း တောက်လောင်နေ၏။ ဝူချောင်ဆရာတော်သည် လေထဲတွင် ဝဲပျံနေပြီး ပူပြင်းသော နေမင်းကြီး တစ်စင်းနှင့် တူနေကာ မိုင်တစ်ထောင်အကွာအဝေးရှိ မြေပြင်ကိုပင် လောင်ကျွမ်းသွားစေနိုင်သော အလွန် ပူပြင်းသည့် အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။

"ကြောက်စရာကောင်းလိုက်တာ… ဒီ ဝူချောင်ဆရာတော်က တကယ်ပဲ ဘယ်သူများလဲ…"

စွန်ဝူခုန်း အစွမ်းကုန် တိုက်ခိုက်နေသော်လည်း ဝူချောင်ဆရာတော်က ကြံ့ကြံ့ခံနေနိုင်ဆဲ ဖြစ်သည်ကို ကြည့်ရင်း ကျန်းလျိုသည် တိတ်တဆိတ် အံ့အားသင့်နေမိ၏။ အနောက်ဘက်သို့ ခရီးသွားခြင်း လောက၏ နက်ရှိုင်းမှုက သူထင်မှတ်ထားသည်ထက် များစွာ ပိုမို ကြီးမားကျယ်ပြန့်နေလေသည်။

"ပါကျဲ… မင်း ကူမတိုက်ပေးဘူးလား..."

စွန်ဝူခုန်း တစ်ယောက် တစ်ဖက်လူ၏ ဖိနှိပ်ခြင်းအား တဖြည်းဖြည်း ခံလာရသည်ကို မြင်သောအခါ ကျန်းလျိုက လှည့်၍ ဘေးနားရှိ ကျူးပါကျဲအား မေးလိုက်သည်။

"ဆရာ… ဒီ ဝူချောင်ဆရာတော်က ကြီးမားတဲ့ မှော်စွမ်းအင်တွေ ရှိတယ်… သူ့ရဲ့ ကျင့်စဉ်အဆင့်က တထာဂတဗုဒ္ဓထက် မနိမ့်ဘူး… ဝက်အိုကြီး ကျွန်တော် ဝင်ကူရင်တောင်မှ သိပ်အများကြီး ပြောင်းလဲသွားမှာ မဟုတ်ပါဘူး..."

ကျူးပါကျဲက သူ၏ ပုံမှန် ပျင်းရိပျင်းတွဲဟန်ဖြင့် ခေါင်းယမ်းကာ ပြန်ဖြေလိုက်၏။

"တထာဂတဗုဒ္ဓထက် မနိမ့်ဘူးဟုတ်လား..."

ကျန်းလျို၏ ရင်ထဲတွင် တင်းကျပ်သွားလေသည်။

ကျူးပါကျဲ၏ မှတ်ချက်က အခြေအမြစ်မရှိဘဲ ပြောဆိုခြင်းမျိုး မဖြစ်နိုင်ပေ။ ထျန်းဖုန်စစ်သူကြီးဟူသော သူ၏ အဆင့်အတန်းနှင့် ထိုးထွင်းသိမြင်နိုင်သော မျက်လုံးများအရ သူသည် အကဲဖြတ် မှားယွင်းနိုင်စရာ အကြောင်းမရှိချေ။

သို့ရာတွင်... မိုးခေါ်ခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ စွန်ဝူခုန်း တစ်ယောက်တည်း ရန်သူကို ရင်ဆိုင်နေရသည်ကို ကျန်းလျို မည်သို့ ခွင့်ပြုနိုင်မည်နည်း။

စိတ်ထဲမှ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲရှိ တောင်ဝှေးကို မြှောက်ကာ စွန်ဝူခုန်းထံသို့ ညင်သာစွာ ဝှေ့ယမ်းလိုက်လေ၏။

ကရုဏာရှင် ဗောဓိသတ်၏ အထောက်အပံ့စွမ်းရည် ဖြစ်သော အဆင့်မြှင့် မိစ္ဆာနှိမ်နင်းရေး ဂါထာသည် စွန်ဝူခုန်းထံသို့ ရောက်ရှိသွားလေတော့သည်။

မိစ္ဆာနှိမ်နင်းရေး ဂါထာသည် စွမ်းရည်များကို တိုးမြှင့်ပေးသည့် ကျွမ်းကျင်မှုစွမ်းရည်တစ်ခု ဖြစ်သော်လည်း နောက်ဆုံးတွင်မူ ၎င်းသည် အဆင့်ကူးပြောင်းရေး မတိုင်မီ အခြေခံကာလမှ စွမ်းရည်တစ်ခုသာ ဖြစ်သည်။ ကျွမ်းကျင်မှတ်များကို အများဆုံးအထိ တင်ထားလျှင်ပင် ၎င်းက တိုက်ခိုက်ရေးစွမ်းအား အမှတ်ရာအနည်းငယ်ခန့်ကိုသာ အများဆုံး တိုးမြှင့်ပေးနိုင်မည် ဖြစ်၏။

အဆင့် (၂၀) သို့ မရောက်မီတွင် ဤတိုးမြှင့်မှုက အတော်လေး သိသာထင်ရှားလှသည်။ သို့ရာတွင် အဆင့်များ ဆက်လက် မြင့်တက်လာသည်နှင့်အမျှ ဤတိုးမြှင့်မှု၏ အကျိုးသက်ရောက်မှုမှာ ကျဆင်းလာလေသည်။

သို့သော် အဆင့်မြှင့် မိစ္ဆာနှိမ်နင်းရေး ဂါထာကမူ ကွဲပြားခြားနား၏။ ၎င်းသည် အချိုးအစားအလိုက် တိုးမြှင့်ပေးသော တိုက်ခိုက်ရေး အကျိုးသက်ရောက်မှုတစ်ခု ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကရုဏာရှင် ဗောဓိသတ်၏ အသက်မွေးဝမ်းကျောင်းသည် သီးသန့် အထောက်အပံ့ပေးသော အမျိုးအစားများအပေါ်တွင်သာ အဓိက အာရုံစိုက်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် အဆင့်မြှင့် မိစ္ဆာနှိမ်နင်းရေး ဂါထာစွမ်းရည် အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် စွန်ဝူခုန်းသည် မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခု သူ၏ ခန္ဓာကိုယ်ထဲတွင် လှိုင်းထလာသည်ကို ခံစားလိုက်ရပြီး ရုတ်တရက် သူ၏ ခွန်အားများကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးလိုက်လေသည်။

***

အပိုင်း(၁၉၀)

"ဒီခံစားချက်… ဒီခံစားချက်က တကယ်ကို မိုက်တာပဲ..."

ကောင်းကင်နှင့် မြေကြီး ဥပဒေသ၏ ပုံသဏ္ဍာန်အောက်တွင် စွန်ဝူခုန်းသည် သူ၏ ခန္ဓာကိုယ်တွင်းမှ အဆုံးမဲ့ စွမ်းအားများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသဖြင့် အလွန် ဝမ်းသာပျော်ရွှင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ အကြည့်များက ကျန်းလျိုထံသို့ တိတ်တဆိတ် ရောက်ရှိသွားလေ၏။

ဤစွမ်းရည်ကို ဆရာတော် အသုံးပြုလိုက်ခြင်း ဖြစ်ကြောင်းကို သူက သေချာပေါက် နားလည်ထားပေသည်။

ကျန်းလျို၏ ကျင့်စဉ်အဆင့်မှာ အထင်ကြီးလောက်စရာ မရှိသော်လည်း သူ ပြသခဲ့သော ဉာဏ်ပညာနှင့် စွမ်းရည်များက ထူးခြားလွန်းလှသည်။ စွန်ဝူခုန်းသည် သူ၏ ဆရာ ဖြစ်သူမှာ နက်နဲခက်ခဲလွန်းပြီး သူ့ကို မည်သည့်အခါမျှ ထိုးထွင်းမသိမြင်နိုင်တော့သကဲ့သို့ ခံစားလာရလေသည်။

တစ်ချိန်တည်းမှာပင် ဒြပ်စင်ငါးပါးတောင်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အလွန် ပညာပါသော ဆုံးဖြတ်ချက် ဖြစ်သည်ဟု စွန်ဝူခုန်းက ပို၍ ခံစားလာရ၏။

"ဟား ဟား ဟား… အဘိုးကြီး… ငါ စွန်ဝူခုန်း လုံးဝ သက်ညှာနေတော့မှာ မဟုတ်ဘူးကွ…"

အဆင့်မြှင့် မိစ္ဆာနှိမ်နင်းရေး ဂါထာ၏ ပံ့ပိုးမှုကြောင့် စွန်ဝူခုန်း၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ယုံကြည်မှု နှစ်ခုစလုံးက အလွန်အမင်း တက်ကြွလာခဲ့သည်။ သူ၏ လက်ထဲရှိ ရွှေတုတ်သည် ကောင်းကင်ကို ထောက်ပင့်ထားသည့် ဧရာမတိုင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ဝူချောင်ဆရာတော်ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေ၏။

သို့ရာတွင် ဝူချောင်ဆရာတော်သည် ရွှေရောင်မီးတောက်အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံမှ တောက်ပသော နေမင်းကြီး တစ်စင်းအလား ဆင်းသက်လာကာ စွန်ဝူခုန်းအပေါ်သို့ အားပါးတရ အရှိန်ဖြင့် ဝင်တိုက်လိုက်လေသည်။

ဤဆင်းသက်မှုက နေမင်းကြီး ကိုယ်တိုင် ပြုတ်ကျလာသကဲ့သို့ပင် ဖြစ်၏။

ဝရဇိန်ဂါထာ...

ဤမြင်ကွင်းကို ကြည့်ရင်း ကျန်းလျို၏ လက်က ထပ်မံ လှုပ်ရှားသွား၏။ ဝရဇိန်ဂါထာ ကျွမ်းကျင်မှုစွမ်းရည်ကို အသုံးပြုလိုက်ရာ စွန်ဝူခုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။

ဘုန်း...

ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသော မိုးကြိုးကဲ့သို့ ကျယ်လောင်သည့် မြည်ဟည်းသံကြီးနှင့်အတူ မြေပြင်ကြီး တစ်ခုလုံး အပိုင်းပိုင်း ကွဲထွက်သွားတော့မတတ် ခံစားလိုက်ရ၏။ မြင်ကွင်းက အလွန်တရာ အံ့မခန်း ဖြစ်လှပေသည်။

တုန်ခါမှုများ ငြိမ်သက်သွားပြီးနောက် ကျန်းလျိုက သေချာစွာ ကြည့်လိုက်ရာ စွန်ဝူခုန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မျောက်ငယ်လေး သဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေသည်။ ခန္ဓာကိုယ် နေရာအနှံ့တွင် မီးလောင်ကျွမ်းထားသော ဒဏ်ရာများနှင့် အလွန် သနားစရာကောင်းသော အသွင်ဖြစ်နေပြီး သူ၏ ကြီးမားသည့်ပုံစံမှာလည်း ပြန်လည် ရုပ်သိမ်းသွားခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ၏ ခေါင်းပေါ်ရှိ သွေးတန်းကို ကြည့်လိုက်ရာ တစ်ဝက်ခန့်သာ ကျန်ရှိတော့၏။

ဝူချောင်ဆရာတော်ကတော့ လေထဲတွင် ဝဲပျံနေဆဲဖြစ်၏။ သူ၏ ပတ်လည်ရှိ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားကာ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေလေသည်။

ကျန်းလျို၏ အကြည့်က သူ့ထံသို့ ကျရောက်သွားသောအခါ ဝူချောင်ဆရာတော်၏ သွေးတန်းမှာ အပြည့်နီးပါး ရှိနေသေးသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

"နောက်နေတာ မဟုတ်လား… ဒီ ဝူချောင်ဆရာတော်ရဲ့ စွမ်းအားက…"

ဤမြင်ကွင်းကို ကြည့်ရင်း ကျန်းလျိုသည် အသက်ကို ပြင်းပြင်းရှူမသွင်းဘဲ မနေနိုင်တော့ချေ။

"ဝရဇိန်ဂါထာက ထိခိုက်မှုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ပျက်ပြယ်စေနိုင်တာတောင်မှ အဲဒီတစ်ချက်တည်းနဲ့တင် စွန်ဝူခုန်းရဲ့ သွေးတန်း လေးပုံတစ်ပုံလောက် ပျောက်သွားတာလား..."

"ဝရဇိန်ဂါထာရဲ့ ကာကွယ်မှုသာ မပါရင် သူ ချက်ချင်း သေသွားလောက်တယ် မဟုတ်လား..."

"ဘုံသုံးပါးနဲ့ လမ်းစဉ်ခြောက်သွယ်မှာ ဒီလောက် အစွမ်းထက်တဲ့သူ ဘယ်လိုလုပ် ရှိနေနိုင်တာလဲ..."

"ဂါး... ငါ စွန်ဝူခုန်း မရှုံးသေးဘူးကွ..."

အသွင်အပြင်မှာ သနားစရာကောင်းနေသော်လည်း သွေးတန်းမှာ တစ်ဝက်ကျော် ကျန်ရှိနေသေးသဖြင့် စွန်ဝူခုန်း၏ ဒဏ်ရာများမှာ အထူးတလည် ပြင်းထန်လှခြင်း မရှိပေ။

သူ၏ တိုက်ခိုက်ရေး စိတ်ဓာတ်များမှာ လျော့ကျမသွားဘဲ ဟိန်းဟောက်သံတစ်ချက်ပေးကာ အမြန် ပြန်ထရပ်လိုက်လေသည်။

"အိုး... မင်းလို မျောက်မျိုးက ဒီအဘိုးကြီးရဲ့ အကြိုက်ပဲ… ဒီလိုမှတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမြတ်မှုကို မင်းကို ပြသရသေးတာပေါ့…"

ဝူချောင်ဆရာတော်က စွန်ဝူခုန်း၏ စိတ်ဓာတ်တက်ကြွမှုကို သဘောကျပုံရပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်လေ၏။

စကားပြောနေစဉ်မှာပင် သူသည် ဘူးသီးခြောက်တစ်လုံးကို ထုတ်ယူကာ လေထဲသို့ မြှောက်လိုက်၏။

ဝှစ်...

ကောင်းကင်နှင့် မြေကြီးကိုပင် ထက်ပိုင်းခွဲပစ်နိုင်လောက်အောင် အလွန်တရာ ထက်မြက်လှသော ဓားချီစွမ်းအင်တစ်စုသည် ဘူးသီးခြောက်၏ အဝမှနေ၍ ထွက်ပေါ်လာလေသည်။

ထိုဓားချီစွမ်းအင်သည် အလွန်တရာ ထက်မြက်လှသော်လည်း ကိုင်တွယ်ထိတွေ့နိုင်သော အရာတစ်ခုကဲ့သို့ ဖြစ်နေ၏။ ယင်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးကြားရှိ လေထုတစ်ခွင်လုံးသည် အသူရာဘုံသို့ ရောက်ရှိသွားသကဲ့သို့ ခြောက်ခြားဖွယ်ရာ အရှိန်အဝါများဖြင့် ပြည့်နှက်သွားလေတော့သည်။

ဘူးသီးခြောက်ကို မြှောက်ပြီးနောက် ဝူချောင်ဆရာတော်က လေထဲတွင် ၎င်းကို ဦးညွှတ်လိုက်ပြီး...

"လှည့်လည်တော့ ငါ့ရတနာ..."

"မဖြစ်နိုင်တာ… ဒီဘူးသီးခြောက်က..."

ဤမြင်ကွင်းက ကျန်းလျိုအား မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်လှုပ်သွားစေ၏။ သူ ဝူချောင်ဆရာတော်၏ ဇာတိအမှန်ကို ရိပ်မိသွားကာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်လေသည်။ အကယ်၍ သူ သံသယရှိနေသည့် အရာသာ တကယ်ဖြစ်နေခဲ့လျှင် စွန်ဝူခုန်းသည် ယခုအခါ အမှန်တကယ်ပင် သေရေးရှင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီ ဖြစ်၏။

သို့သော်လည်း... စွန်ဝူခုန်းအား အသက်လုထွက်ပြေးရန် ကျန်းလျို သတိမပေးရသေးမီမှာပင် ရုတ်တရက် ကမ္ဘာလောကကြီးသည် တောက်ပသော ဗုဒ္ဓအလင်းတော်များဖြင့် ဖုံးလွှမ်းသွားသည်။ ပြီးနောက် ပွင့်ဖတ်ဆယ့်နှစ်ခုပါ ရွှေကြာပန်းတစ်ပွင့် ပေါ်လာကာ ဝူချောင်ဆရာတော်၏ တိုက်ခိုက်မှုမှ စွန်ဝူခုန်းကို ကာကွယ်ပေးလိုက်လေသည်။

ဘုန်း...

"ဟား ဟား ဟား… မျိုးဆက်သစ်လေးကို နည်းနည်း စနောက်လိုက်တာပါ… ဘာလို့ ဒီလောက်တောင် အတည်ပေါက် ဖြစ်သွားရတာလဲ…"

ရုတ်တရက် ပေါ်လာသော ပွင့်ဖတ်ဆယ့်နှစ်ခုပါ ရွှေကြာပန်းကို မြင်သောအခါ ဝူချောင်ဆရာတော်သည် အားပါးတရ ရယ်မောလိုက်ပြီး လေထဲတွင် တွဲလွဲဆွဲနေသော ဘူးသီးခြောက်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။

ဝူချောင်ဆရာတော်က သူ၏ ဘူးသီးခြောက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်နှင့်တပြိုင်နက် လေထဲရှိ ပွင့်ဖတ်ဆယ့်နှစ်ခုပါ ရွှေကြာပန်းသည်လည်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားလေတော့၏။

သို့သော်ငြားလည်း... တိုက်ခိုက်ရေးစိတ်ဓာတ်များ အထွတ်အထိပ်သို့ ရောက်နေသော စွန်ဝူခုန်းသည် ရပ်တန့်လိုက်ရန် ဆန္ဒမရှိသေးပေ။ သူသည် ရွှေတုတ်ကို ဝှေ့ယမ်းကာ ဝူချောင်ဆရာတော်ကို လက်ညှိုးထိုးပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

"အဘိုးကြီး… ဆက်ချကြတာပေါ…."

"ဝူခုန်း… ဒီကို ပြန်လာခဲ့စမ်း…"

စွန်ဝူခုန်းက ဝူချောင်ဆရာတော်ကို အံတုရန် ရဲတင်းနေဆဲဖြစ်ကြောင်း ကြားလိုက်ရသဖြင့် ကျန်းလျို တစ်ယောက် လန့်ဖြန့်သွားပြီး တင်းမာသော မျက်နှာထားဖြင့် အမြန် လှမ်းခေါ်လိုက်လေသည်။

ကျန်းလျိုဘက်သို့ လှည့်ကြည့်လိုက်ရာ လေးနက်သော အမူအရာကို မြင်လိုက်ရသဖြင့် စွန်ဝူခုန်းသည် အနည်းငယ် တွန့်ဆုတ်သွားပြီး ရွှေတုတ်ကို ပြန်သိမ်းကာ ကျန်းလျို၏ ဘေးသို့ ဆင်းသက်လာခဲ့သည်။

"ဆရာ… ကျုပ် စွန်ဝူခုန်းက သူ့ကို နောက်ထပ် အချီသုံးရာလောက် ဆက်တိုက်နိုင်သေးတယ်… နောက်ဆုံး ဘယ်သူနိုင်မလဲဆိုတာ မသေချာသေးဘူး..."

"အေးပါကွာ… ဆရာ့တပည့်လေး အစွမ်းထက်တယ်ဆိုတာ ဆရာ သိပါတယ်ကွာ ဟုတ်ပြီလား..."

စွန်ဝူခုန်းက တစ်ဖက်လူထက် နိမ့်ကျနေသည်ဟု မပြောဘဲ ကျန်းလျိုသည် သူ့အား နှစ်သိမ့်ချီးမွမ်းသည့် စကားများကိုသာ တိုးတိုးလေး ပြောလိုက်၏။

ထိုသို့ ပြောဆိုနေစဉ်မှာပင် သူ၏ လက်ဝါးကို မြှောက်ရင်း ကွမ်ယင် ဂါထာ ကျွမ်းကျင်မှုစွမ်းရည်ကို အသုံးပြုလိုက်ရာ မြူနှင်းကဲ့သို့သော အလင်းတန်းလေးသည် စွန်ဝူခုန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ထိုအရာက သူ၏ ဒဏ်ရာများကို ချက်ချင်းနီးပါး သက်သာပျောက်ကင်းသွားစေပြီး ကိုယ်ပေါ်ရှိ မီးလောင်ကျွမ်းထားသော အမာရွတ်များပင် မှေးမှိန်ပျောက်ကွယ်သွားလေတော့သည်။

"ဆရာတော်ဘိုးဘိုးကြီး… တောင်းပန်ပါတယ်… ကျွန်တော့်တပည့်တွေက ဆရာတော့်ရဲ့ ကြီးမြတ်မှုကို မသိနားမလည်ဘဲ အနှောင့်အယှက် ပေးမိသွားတယ်..."

စွန်ဝူခုန်းအပေါ် ကွမ်ယင် ဂါထာ အသုံးပြုပြီးနောက် ကျန်းလျိုက လှည့်ကာ လက်အုပ်ချီလျက် တောင်းပန်လိုက်သည်။

အခြား ရွေးချယ်စရာလမ်း မရှိပေ။ ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးကို ရင်ဆိုင်ရာတွင် ပြဿနာကို စတင်ဖန်တီးခဲ့သူမှာ သူသာ ဖြစ်သောကြောင့် တောင်းပန်ရုံမှတစ်ပါး အခြား ဘာလုပ်နိုင်မည်နည်း။

"မင်းကတော့ အမြင်ကျယ်တဲ့ ဘုန်းကြီးပေါက်စလေးပဲ…"

ကျန်းလျို၏ စကားများကို ကြားသောအခါ ဝူချောင်ဆရာတော်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ကျန်းလျိုအပေါ် ပို၍ စိတ်ဝင်စားသွားပုံရ၏။

"ဆရာတော်ဘိုးဘိုးကြီးရဲ့ ဘူးသီးခြောက်အကြောင်းကို နည်းနည်းပါးပါး ကြားဖူးထားလို့ပါ…"

ကျန်းလျိုက သူ၏ သိရှိထားမှုကို ဖုံးကွယ်မထားဘဲ တိုးတိုးလေး ပြောလိုက်သည်။

"ဟားဟားဟား… စိတ်ဝင်စားစရာပဲ… တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်… ကျမ်းစာပင့်ဆောင်သူ... မင်းက ဒီဘုန်းကြီးအိုကြီးကို တကယ် အံ့အားသင့်စေတာပဲ… ဆက်သွားကြပါတော့… နတ်ဝိညာဉ်တောင်တော်က ပြဇာတ်ကို ကြည့်ရဖို့ ငါကိုယ်တော် အတော်လေး စိတ်အားထက်သန်နေပြီ..."

ဝူချောင်ဆရာတော်သည် ကျန်းလျို၏ အဖြေကို အားပါးတရ ရယ်မောကာ ပြန်လည် ပြောဆိုလိုက်လေ၏။

ရှူး...

ဝူချောင်ဆရာတော်၏ မှတ်ချက်စကားကြောင့် ကျန်းလျိုသည် စိတ်ထဲတွင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိလေသည်။

‘သူ ဘာပြောလိုက်တာလဲ... နတ်ဝိညာဉ်တောင်တော်က ပြဇာတ်ကို ကြည့်ရဖို့ စိတ်အားထက်သန်နေတယ် ဟုတ်လား... အဲဒါက ဒီတိုင်း လွှတ်ခနဲ ပြောလိုက်တာလား ဒါမှမဟုတ် တမင်ရည်ရွယ်ပြီး ပြောလိုက်တာလား...’

အကယ်၍ တမင်ရည်ရွယ်ပြီး ပြောလိုက်တာဆိုလျှင် နတ်ဝိညာဉ်တောင်တော်သို့ သွားမည့် ကျန်းလျို၏ ရည်ရွယ်ချက်ကို သူ သိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

"ဆရာတော်ဘိုးဘိုးကြီး..."

ဤအရာက သူ၏ သေရေးရှင်ရေးနှင့် ပတ်သက်နေနိုင်သော ကိစ္စဖြစ်သောကြောင့် ကျန်းလျိုက ခရီးမဆက်မီ ထပ်မံစုံစမ်းကာ ရှင်းလင်းသွားအောင် လုပ်ချင်နေသည်။

သို့ရာတွင် ကျန်းလျို စကားပြောရန် အစပြုလိုက်ချိန်၌ပင် ဝူချောင်ဆရာတော်သည် ကျန်းလျို၏ ရည်ရွယ်ချက် အတွက် အခွင့်အရေး မပေးတော့ချေ။ သူ၏ ပုံသဏ္ဌာန် ပြောင်းလဲသွားကာ တောက်လောင်နေသော နေမင်းကြီးအဖြစ် ပြောင်းလဲသွားပြီးနောက် ဖူထူတောင်ထိပ်သို့ တိုက်ရိုက် ပျံသန်းသွားလေတော့၏။

***

All Chapters