အခန်း (၁၉၁-၁၉၂)
Vol. 14 Ch. 191-192
အပိုင်း(၁၉၁)
ဝူချောင်ဆရာတော်၏ စကားများသည် ကျန်းလျို၏ ရင်ဘတ်ကို အပ်ဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။ ကံမကောင်းစွာဖြင့် သူက အသေးစိတ် ရှင်းပြမည့် အရိပ်အယောင် မပြခဲ့သောကြောင့် ကျန်းလျို၏ အတွေးများကို ဝရုန်းသုန်းကား ဖြစ်သွားစေလေသည်။
ဝူချောင်ဆရာတော်က သူ၏ ရည်ရွယ်ချက်ကို အမှန်တကယ် သိနေခဲ့မည်ဆိုလျှင် တထာဂတဗုဒ္ဓကရော သိနေမည်လော။
ယုတ္တိဗေဒအရဆိုလျှင် တထာဂတဗုဒ္ဓ၏ စွမ်းအားမှာ ဝူချောင်ဆရာတော်နှင့် တစ်ထပ်တည်းနီးပါး တူညီသင့်သည် မဟုတ်ပါလော။
အချိန်တစ်လျှောက်လုံး ကျန်းလျိုသည် ဗုဒ္ဓဘာသာဂိုဏ်း၏ အကြံအစည်များကို မသိချင်ယောင်ဆောင်ကာ တထာဂတဗုဒ္ဓနှင့် ကွမ်ယင်တို့အား လှည့်စားထားနိုင်ခဲ့ပြီဟု ယုံကြည်ထားခဲ့သော်လည်း ဝူချောင်ဆရာတော်က အမှန်တကယ် သိနေခဲ့ပါက တထာဂတဗုဒ္ဓကရော သိနေမည်လား။
ဝူချောင်ဆရာတော်က ယင်းကို သတိထားမိနေခဲ့ပါက သူ မည်သည့်နည်းလမ်းဖြင့် သိရှိလာခဲ့သနည်း။ ထို့ထက်ပို၍ အရေးကြီးသည်မှာ တထာဂတဗုဒ္ဓကပါ သိရှိနေနိုင်ခြေ ရှိပါသလား။
သို့တည်းမဟုတ် တထာဂတဗုဒ္ဓသည် သိရှိပြီးဖြစ်နေသော်လည်း ကျန်းလျို၏ လက်ရှိစွမ်းအားမှာ အလွန်နည်းပါးလွန်းသောကြောင့် တထာဂတဗုဒ္ဓက သူ့ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် လုံးဝ မသတ်မှတ်ထားခြင်းများ ဖြစ်နေမည်လော။
"ဆရာ… အဲဒီအဘိုးကြီးက ဘယ်သူလဲ… ဆရာ သူ့ကို သိနေတဲ့ပုံပဲ..."
ကျန်းလျို တိတ်တဆိတ် တွေးတောနေစဉ် တပည့်ဖြစ်သူ စွန်ဝူခုန်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။
"အင်း... သူက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးပဲ… ပါကျဲပြောတာ မမှားဘူး… သူ့ရဲ့ အစွမ်းအစက တထာဂတဗုဒ္ဓထက် မနိမ့်ကျဘူး..."
စွန်ဝူခုန်း၏ အမေးကို ပြန်ဖြေပြီးနောက် ကျန်းလျိုသည် သူ၏ စိတ်ထဲရှိ ရေတွက်၍မရနိုင်သော အတွေးများကို ခေတ္တမျှ ဖိနှိပ်ထားလိုက်ပြီး ရေရှည်အတွက် ဖြည်းဖြည်းချင်း စုံစမ်းရန် ဆုံးဖြတ်လိုက်လေ၏။
ဝူချောင်ဆရာတော်က အသေးစိတ် ရှင်းပြလိုသည့် ဆန္ဒမရှိကြောင်း ရှင်းလင်းစွာ ပြသခဲ့သောကြောင့် ကျန်းလျိုသည်လည်း ထိုကိစ္စကို ဆုပ်ကိုင်ထားမည် မဟုတ်ပေ။
ဝူချောင်ဆရာတော်က မည်သူမည်ဝါဖြစ်ကြောင်းကို စွန်ဝူခုန်းအား အကြမ်းဖျင်း ရှင်းပြပြီးနောက် သူတို့သည် ဆက်လက် မနေတော့ဘဲ ဖူထူတောင်မှ လျင်မြန်စွာ ထွက်ခွာခဲ့ကြရာ လမ်းတစ်လျှောက်တွင် ကျူးပါကျဲပင်လျှင် ပင်ပန်းကြောင်း မညည်းတွားတော့ချေ။
ဖူထူတောင်ထိပ် ဖူဆန်းသစ်ပင်၏ အထွတ်အထိပ်ရှိ ကြီးမားလှသော ငှက်သိုက်ကြီးထဲတွင်မူ တင်ပျဉ်ခွေထိုင်နေသော ဝူချောင်ဆရာတော်သည် ကျန်းလျိုနှင့် သူ၏ တပည့်များ အဝေးသို့ ထွက်ခွာသွားသည်ကို အမြင့်မှနေ၍ ငုံ့ကြည့်နေပြီး သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားလေသည်။
"တိုပေါင်… မင်းက စစ်တုရင်ကစားပွဲ အပြင်ဘက်မှာ ထိုင်ပြီး အမည်းရောင် နယ်ရုပ်ကို ကိုင်ထားပေမဲ့… အတွင်းရော အပြင်မှာပါ အရောင်က မင်းမျှော်လင့်ထားသလို ဖြစ်နေမလားဆိုတာကို တွေးကြည့်ဖူးရဲ့လား..."
...
ခွပ်... ခွပ်... ခွပ်...
နဂါးမြင်းဖြူသည် အလျင်အမြန် ဒုန်းစိုင်းပြေးသွားရာ နာရီဝက်ပင် မပြည့်မီ အချိန်အတွင်း ကျန်းလျိုတို့ ဆရာတပည့် သုံးယောက်သည် ဖူထူတောင်ကို ကျော်ဖြတ်ကာ မိုင်တစ်ရာကျော်အထိ ရောက်ရှိသွားခဲ့လေပြီ။
နောက်သို့ လှည့်ကြည့်လိုက်ရာ အလွန်ဝေးကွာသွားပြီဖြစ်သော ဖူထူတောင်ကို လှမ်းမြင်လိုက်ရသဖြင့် ကျန်းလျိုသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။
ယေဘုယျအားဖြင့် ဆိုရလျှင် ဖူထူတောင်ရှိ ဝူချောင်ဆရာတော်နှင့် ဆုံတွေ့ခဲ့ရမှုက အန္တရာယ်အစစ်အမှန် မရှိဘဲ သီသီလေး လွတ်မြောက်လာခဲ့ရခြင်းဟု သတ်မှတ်နိုင်ပေသည်။
ထိခိုက်ဒဏ်ရာ မရှိခဲ့သော်လည်း တုန်လှုပ်ချောက်ချားမှုကမူ ကျန်းလျိုအား သေမတတ် ကြောက်လန့်သွားစေခဲ့သည်။
ထိုသို့ဖြစ်ရခြင်းမှာ ဝူချောင်ဆရာတော်၏ စွမ်းအားသက်သက်ကြောင့် မဟုတ်ဘဲ သူ့စကားများနှင့် သူ မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုက်ရသောကြောင့် ပို၍ဖြစ်ပေသည်။
နဂါးမြင်းဖြူ၏ ကျောပေါ်တွင် ထိုင်ရင်း ဖူထူတောင်ကို အဝေး၌ ချန်ထားရစ်ခဲ့ပြီးနောက် ကျန်းလျို၏ စိတ်နှလုံးသည် နောက်ဆုံးတွင် စတင် ငြိမ်သက်လာပြီး ခေါင်းငုံ့ကာ နက်နက်နဲနဲ တွေးတောနေလေသည်။
အနောက်ဘက်သို့ ခရီးသွားခြင်း လောကထဲသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ဝက်ခန့်ပင် ရှိခဲ့လေပြီ။ အစပိုင်းတွင် သူသည် တာ့ထန်ခေတ်သို့ ရောက်ရှိသွားခြင်းသက်သက်သာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း နံ့သာတိုင်ပူဇော်ပွဲ စတင်လာသည်နှင့်အမျှ ဤကမ္ဘာကြီးတွင် မိစ္ဆာများနှင့် ကျင့်ကြံသူများလည်း ရှိနေကြောင်း ကျန်းလျို နားလည်လာခဲ့သည်။
မဟာဗုဒ္ဓကျောင်းတော်၏ နံ့သာတိုင်ပူဇော်ပွဲ ပြီးဆုံးပြီးနောက် သူ့အား ရွှမ်ကျန်းဟူသော အမည်ပေးလိုက်သောအခါမှသာ သူသည် အနောက်ဘက်သို့ ခရီးသွားခြင်း လောကထဲတွင် ရောက်နေကြောင်းကို ရုတ်တရက် သတိပြုမိသွားခဲ့ခြင်း ဖြစ်၏။
သို့ရာတွင် ယနေ့ ဝူချောင်ဆရာတော်နှင့် ဆုံတွေ့ခဲ့ရမှုက အနောက်ဘက်သို့ ခရီးသွားခြင်း လောကကြီးမှာ ဇာတ်လမ်းထက် ပို၍ ကျယ်ပြန့်သလောဟု ကျန်းလျိုကို မေးခွန်းထုတ်စရာ ဖြစ်လာစေခဲ့သည်။
ဤကမ္ဘာကြီးက နတ်ဘုရားများ ခန့်အပ်ခြင်း လောကနှင့်ရော ချိတ်ဆက်နေသည်လား။
ဝူချောင်ဆရာတော် ဆိုသည်မှာ မည်သူနည်း။ သူသည် ဘူးသီးခြောက်တစ်လုံးကို ထုတ်ယူကာ ဦးညွှတ်လိုက်ပြီး "လှည့်လည်ပါတော့ ငါ၏ ရတနာ" ဟု ပြောဆိုခဲ့သည်။ သူ၏ ဇာတိအမှန်ကို စဉ်းစားနေရန် လိုသေးသလော။ သူက တာအို ကျင့်ကြံသူ လုယာပင် မဟုတ်ပါလော။
ထို့ပြင် တာအို ကျင့်ကြံသူ လုယာ ဆိုသည်မှာ နတ်ဘုရားများခန့်အပ်ခြင်း ဇာတ်လမ်းထဲမှ ဇာတ်ကောင်တစ်ဦး မဟုတ်ပါလော။
အနောက်ဘက်သို့ ခရီးသွားခြင်း လောက၏ ရေစီးကြောင်းက နက်ရှိုင်းပြီးဖြစ်သော်လည်း ယခုအခါ ဝူချောင်ဆရာတော် ပို၍တိတိကျကျ ဆိုရလျှင် တာအိုဆရာတော် လုယာ ထံမှနေ၍ ဤကမ္ဘာသည် နတ်ဘုရားများခန့်အပ်ခြင်း ကမ္ဘာနှင့် ချိတ်ဆက်နေကြောင်း ကျန်းလျို သိရှိလိုက်ရသည်။ ထို့ကြောင့် သူ ယုံကြည်ထားခဲ့သည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဤကမ္ဘာကြီး၏ အလွန် နက်ရှိုင်းမှုအတွက် ပို၍ပင် ထိတ်လန့်သွားရလေသည်။
နတ်ဘုရားများခန့်အပ်ခြင်း ကမ္ဘာအကြောင်းကို တွေးမိသည်နှင့် ကျန်းလျို၏ တစ်ကိုယ်လုံး ချမ်းစိမ့်သွားလေ၏။ ၎င်းသည် ထိုက်ရီ အဆင့်ရှိသူများ နေရာတိုင်းတွင် လမ်းလျှောက်သွားလာနေပြီး ကောင်းကင်နတ်များဆိုလျှင် ခွေးတစ်ကောင်လောက်ပင် တန်ဖိုးမရှိသော ကမ္ဘာတစ်ခု ဖြစ်သည်။
အနောက်ဘက်သို့ ခရီးသွားခြင်း ကမ္ဘာထဲတွင်သာဆိုလျှင် ကျောက်စိမ်းဧကရာဇ်နှင့် တထာဂတဗုဒ္ဓတို့သည် သေချာပေါက် အထွတ်အထိပ် အကြီးအကဲများ ဖြစ်ကြသည်။
သို့သော်လည်း အကယ်၍ ဤကမ္ဘာသည် နတ်ဘုရားများခန့်အပ်ခြင်း ကမ္ဘာနှင့် တစ်ထပ်တည်းဖြစ်နေမည်ဆိုပါက တထာဂတဗုဒ္ဓနှင့် ကျောက်စိမ်းဧကရာဇ်တို့သည် ဒုတိယအဆင့်၌သာ ရှိမည်ဟု သတ်မှတ်ရမည် မဟုတ်ပါလော။
နတ်ဘုရားများခန့်အပ်ခြင်း ကမ္ဘာတွင် နတ်သူတော်စင်များ ရှိပြီး နတ်သူတော်စင်များ၏ အထက်တွင် ဟုန်ကျွင်းဘိုးဘေး ရှိကြောင်းကို ကျန်းလျို မေ့လျော့သွားမည် မဟုတ်ပေ။
တကယ်ကို ကြောက်စရာကောင်းလှသည်။ အနောက်ဘက်သို့ ခရီးသွားခြင်း လောကထဲသို့ ရောက်ရှိခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း ဤကမ္ဘာကြီးက ပို၍ နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းကြောင်း ကျန်းလျို တွေ့ရှိလိုက်ရ၏။
"ဟေ့... ဆရာတော်… ဘာတွေ တွေးနေတာလဲ… ခုနက အဘိုးကြီးက တကယ်ကို ဘယ်သူကြီးလဲ… ဆရာ ဒီလိုပုံစံဖြစ်သွားတာ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ..."
ခေါင်းငုံ့ကာ အတွေးလွန်နေသော ကျန်းလျိုထံသို့ စွန်ဝူခုန်း ရောက်လာပြီး သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်လေသည်။
ကျန်းလျိုနှင့်အတူ နှစ်ဝက်ခန့် အတူတကွ ရှိနေခဲ့ပြီးနောက် စွန်ဝူခုန်းသည် သူ့ကို အတိုင်းအတာတစ်ခုအထိ နားလည်လာခဲ့လေပြီ။ သူသည် ကွမ်ယင်ဗောဓိသတ်ကိုပင် အကြံအစည်ထုတ်ရန် ရဲတင်းခဲ့သူ ဖြစ်သော်လည်း စောစောက အဘိုးကြီးက သူ့ကို ဤမျှမြန်မြန် ထွက်ပြေးသွားရလောက်အောင် ခြောက်လှန့်နိုင်ခဲ့သည်လော...။
ဒြပ်စင်ငါးပါးတောင်မှ ထွက်ခွာလာကတည်းက သူတို့၏ ခရီးသွားနှုန်းမှာ နှေးကွေးလေးတွဲနေခဲ့သော်လည်း ယနေ့ နာရီဝက်အတွင်း သူတို့ ဖြတ်သန်းလာခဲ့သော ခရီးအကွာအဝေးမှာ ပုံမှန် ရက်အတော်ကြာ သွားရမည့် ခရီးနှင့် ညီမျှနေသည် မဟုတ်ပါလော။
စွန်ဝူခုန်း၏ အမေးကို ကျန်းလျိုက ခေါင်းယမ်းပြလိုက်လိုက်၏။ သူ ထပ်မပြောလိုတော့ပေ။
သို့သော်လည်း လုယာ မည်သူမည်ဝါဖြစ်ကြောင်း ဂယက်ရိုက်ခတ်မှုများအပြင် ကျန်းလျို ပို၍ စိုးရိမ်နေမိသည်မှာ ကျန်းလျို၏ ရည်ရွယ်ချက်ကို သူသိနေကြောင်း သွယ်ဝိုက်၍ အရိပ်အမြွက် ပြဆိုနေသကဲ့သို့ ဖြစ်နေသည့် သူ၏ စကားများပင် ဖြစ်လေတော့သည်။
ကွမ်ယင်နှင့် အခြားသူများက သူ၏ ရည်ရွယ်ချက်ကို သိနေသလား ဆိုသည်ကို ကျန်းလျိုသည် အနာဂတ်တွင် သေချာပေါက် အသေအချာ စုံစမ်းရတော့မည် ဖြစ်ပုံရလေသည်။
ထိုသို့မှ မဟုတ်လျှင် သူ၏ ရင်ထဲ၌ ဆူးတစ်ချောင်း အမြဲတမ်း စူးဝင်နေသကဲ့သို့ ခံစားနေရမည် ဖြစ်၏။
ရှူး... ရှူး...
ကျူးပါကျဲသည် နဂါးမြင်းဖြူ၏ နောက်မှ အချိန်အတော်ကြာ ပြေးလာခဲ့ရသဖြင့် မငြီးတွားခဲ့သော်လည်း ယခုအခါ ဖူထူတောင်နှင့် အတော်လေး ဝေးကွာလပြီ ဖြစ်လေရာ အသက်ရှူပြင်းပြင်း ရှူနေရလေပြီ။
"ဆရာ... ဆရာ... ဝက်အိုကြီး ကျွန်တော် ဆက်မပြေးနိုင်တော့ဘူး... နည်းနည်းလောက် နားကြမလား..."
သူက အမောတကော ပြောလိုက်သည်
"ဟင်..."
ကျန်းလျိုသည် ကျူးပါကျဲဘက်သို့ လှည့်ကြည့်လိုက်၏။ ထို့နောက် ပတ်ဝန်းကျင် မြင်ကွင်း လျှင်မြန်စွာ ပြောင်းလဲ သွားနေသည်ကို ကြည့်ရင်း နဂါးမြင်းဖြူက ဤမျှ မြန်မြန် ပြေးနေခဲ့သလားဟု ရုတ်တရက် သတိပြုမိသွားလေသည်။ မျက်တောင်တစ်ခတ်အတွင်း သွားခဲ့သော ခရီးအကွာအဝေးမှာ အလွန်ပင် ကျယ်ဝန်းလှပေသည်။
"ရပ် ရပ် ရပ်... ရပ်ပြီး သေချာလေး နားကြတာပေါ့..."
ကျန်းလျိုက အလောတကြီး ပြောလိုက်၏။ ကျန်းလျို၏ စကားများကို ကြားသောအခါ နဂါးမြင်းဖြူသည်လည်း အမြန် ရပ်တန့်လိုက်လေသည်။
***
အပိုင်း (၁၉၂)
"တကယ်ပဲ... ဆရာက ငါ့ကို တကယ် သဘောကျနေတာပဲ..."
အသက်ရှူမဝတော့သလိုနှင့် ဆက်မပြေးနိုင်တော့သယောင် ဟန်ဆောင်လိုက်သည်ကို ဆရာဖြစ်သူက အလောတကြီး ရပ်ခိုင်းလိုက်သောကြောင့် ကျူးပါကျဲသည် စွန်ဝူခုန်းအား ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် လှမ်းကြည့်လိုက်လေ၏။
သို့ရာတွင် စွန်ဝူခုန်း၏ စိတ်အာရုံမှာ စောစောက ဝူချောင်ဆရာတော်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲပေါ်တွင်သာ အာရုံစိုက်နေဆဲဖြစ်ပြီး ကျူးပါကျဲ၏ ဂုဏ်ယူဝင့်ကြွားမှုကို ဂရုစိုက်ရန် စိတ်ဝင်စားမှု မရှိပေ။
"အစ်ကိုကြီး… ကျွန်တော်တို့အားလုံး တော်တော်လေး ပင်ပန်းနေကြပြီ အတူတူ နားကြတာပေါ့..."
စွန်ဝူခုန်းက မိမိအား အာရုံမစိုက်သည်ကို မြင်သောအခါ ကျူးပါကျဲသည် ဒီအတိုင်း လက်မလျှော့လိုက်ဘဲ စွန်ဝူခုန်းအား သတိပေးသည့်အနေဖြင့် အရင် စကားစပြောလိုက်၏။
"အင်း... နားမယ်… နားကြတာပေါ့..."
သို့ရာတွင် စွန်ဝူခုန်းမှာ သူ့ကို အာရုံစိုက်ရန် ပျင်းရိနေဆဲဖြစ်ပြီး သူ၏ ကိုယ်ပိုင်ပြဿနာများကိုသာ စဉ်းစားတွေးတောနေလေသည်။
ပထမအချက်မှာ ဝူချောင်ဆရာတော်၏ စွမ်းအားဖြစ်သည်။ ယခု သူ စိတ်ငြိမ်သွားပြီဖြစ်ရာ ဆရာတော်ဘိုးဘိုးကြီး၏ နည်းစနစ်များသည် သူ့ထက် အမှန်ပင် သာလွန်ကြောင်း အထူးသဖြင့် ရွှေရောင်မီးတောက်များသည် တိုက်ရှန်းလောင်ကျွင်း၏ သမာဓိ မီးတောက်များနှင့် နှိုင်းယှဉ်နိုင်လောက်အောင် အစွမ်းထက်ကြောင်းကို စွန်ဝူခုန်း ဝန်ခံရပေမည်။
ထို့အပြင်... ဆရာဖြစ်သူ ရွှမ်ကျန်း၏ မှော်စွမ်းအင်များမှာလည်း အံ့ဩစရာ ကောင်းလှပေသည်။ ထိုအချိန်က သူ၏ ခွန်အားများ သိသိသာသာ တိုးလာသည်ကို ရှင်းလင်းစွာ ခံစားခဲ့ရ၏။ ဆရာဖြစ်သူ၏ စွမ်းအားများက သူ၏ ခွန်အားကို ဤမျှလောက်အထိ တိုးမြှင့်ပေးနိုင်ခြင်းက တကယ်ကို အံ့သြ ချောက်ချားဖွယ် ကောင်းလှသည်။
ထို့အပြင်... ကာကွယ်ရေး နည်းစနစ်ပါ ရှိသေးသည်။ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များကြောင့် သူ သေဖို့ သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရဖို့ သေချာနေခဲ့သော်လည်း ရွှမ်ကျန်း၏ နည်းလမ်းကြောင့် အလယ်အလတ် ဒဏ်ရာများသာ ရရှိခဲ့သည်။
ကျင့်စဉ်အဆင့်မှာ နိမ့်ကျနေသော်လည်း ဆရာဖြစ်သူ၏ နည်းစနစ်များက အမှန်ပင် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။
စွန်ဝူခုန်းက မိမိကို လုံးဝ လျစ်လျူရှုထားသောကြောင့် ကျူးပါကျဲမှာ ဝါဂွမ်းကို ထိုးကြိတ်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ခေတ္တမျှ တွေးတောပြီးနောက် သူသည် စွန်ဝူခုန်းအား ရန်စစကားများ ထပ်မံ ပြောဆိုလိုက်လေ၏။
"ဟေ့... မျောက်စုတ်… စိတ်လိုက်မာန်ပါ မလုပ်ဖို့ မင်းကို ငါ အမြဲ ပြောနေတယ် မဟုတ်လား... ဆရာတော်လဘိုးဘိုးကြီးကသာ ထိန်းချုပ်မထားရင် ငါတို့တစ်ယောက်မှ ဖူထူတောင်ကနေ ထွက်သွားနိုင်မှာမဟုတ်ဘူး..."
“...”
စွန်ဝူခုန်းက အတွေးနက်နေပုံ ပေါက်သော်လည်း ကျူးပါကျဲ စကားပြောလိုက်ချိန်တွင် ကျန်းလျိုက သူ့ကို မော့ကြည့်လိုက်လေသည်။
ပုံမှန်အားဖြင့် ထိုညီအစ်ကို နှစ်ယောက် မည်မျှပင် ငြင်းခုံကြပါစေ ကျန်းလျိုက မည်သည့်အခါမျှ ဝင်မစွက်ဖက်ခဲ့ပေ။ ၎င်းမှာ သူတို့၏ ခံစားချက်များကို ဖော်ပြသည့် သူတို့ကိုယ်ပိုင် ထူးဆန်းသော နည်းလမ်းများ ဖြစ်နေသည်သာ။
သို့ရာတွင် ယနေ့ ဝူချောင်ဆရာတော်ကို ရင်ဆိုင်ရာ၌ စွန်ဝူခုန်းက ပထမဆုံး ထွက်လာခဲ့သော်လည်း ကျူးပါကျဲကမူ ဝင်တိုက်ပေးရန် ငြင်းဆန်ခဲ့သည်။
'ကျူးပါကျဲက သူ့ကိုယ်သူ အရမ်းအချစ်ခံရတယ်လို့ အမြဲ ထင်နေပုံရတယ်… ဒါကြောင့် နည်းနည်း ဘဝင်မြင့်နေတာလား…'
ကျူးပါကျဲ အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ခဲ့ကြောင်းကို သူ သိထားပြီး သူတို့အားလုံး ပေါင်းတိုက်လျှင်ပင် ဝူချောင်ဆရာတော်ကို မယှဉ်နိုင်ကြောင်း အသိတရားဖြင့် နားလည်ထားသော်လည်း စိတ်ခံစားမှုအရ အလိုမကျဖြစ်ရခြင်းမှာ အခြား ကိစ္စတစ်ရပ် ဖြစ်နေ၏။
ထို့ထက်ပိုသည်မှာ... ကျူးပါကျဲက စွန်ဝူခုန်း၏ ရှေ့တွင် ဘာကြောင့် ဤမျှ ဝင့်ကြွားနေရသနည်း။
"ဝူခုန်း… အချိန်လည်း နည်းနည်း လင့်နေပြီဆိုတော့ တောဝက်တစ်ကောင်လောက် သွားအမဲလိုက်ချေ..."
ကျန်းလျိုက စွန်ဝူခုန်းအား ပြောလိုက်သည်။
"ကောင်းပါပြီ ဆရာ..."
ကျူးပါကျဲ၏ စကားများကို လျစ်လျူရှုထားခဲ့သော စွန်ဝူခုန်းသည် ကျန်းလျို၏ စကားများကိုမူ ကွဲပြားစွာ တုံ့ပြန်ခဲ့၏။
စွန်ဝူခုန်းသည် သူ၏ မျက်နှာတွင် ပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်လျက် အားပါးတရ ခေါင်းညိတ်လိုက်ပြီး တစ်ချက် ခုန်ပျံလိုက်ကာ အမဲလိုက်ရန် မိုးကုပ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားလေတော့သည်။
၎င်းမှာ ကျူးပါကျဲနှင့်သူ၏သဘောထားကွဲလွဲမှုများကြောင့်လော သို့မဟုတ် ဒြပ်စင်ငါးပါးတောင်အောက်တွင် ကျန်းလျိုထံမှ ပထမဆုံး ကျွေးမွေးခံခဲ့ရသော အစားအစာမှာ ဝက်သားဖြစ်ခဲ့သောကြောင့်လော မသိသော်လည်း ခရီးစဉ်တစ်လျှောက်လုံး စွန်ဝူခုန်း အနှစ်သက်ဆုံး အသားတစ်ခု ရှိမည်ဆိုပါက ၎င်းမှာ ဝက်သားပင် ဖြစ်လေသည်။
...
အခြားတစ်ဖက်၌... ဖူထူတောင်ထိပ်ရှိ ဝူချောင်ဆရာတော်အတွက် သူတို့ ဖြတ်သန်းသွားခြင်းမှာ သေးငယ်သော ဇာတ်ကွက်ငယ်တစ်ခုသက်သက်သာ ဖြစ်ပုံရလေသည်။
သူတို့ ထွက်ခွာသွားပြီးနောက် ဝူချောင်ဆရာတော်သည် သူ၏ ငှက်သိုက်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေလေ၏။
သို့သော် အချိန်ခဏအကြာတွင် လေဟာနယ်ထဲ၌ တရားသံစဉ်များ ပျံ့လွင့်လာကာ ကောင်းကင်ယံမှ ပန်းပွင့်များ ကြွေကျလာသည့် မြင်ကွင်းကို တွေ့မြင်လိုက်ရလေသည်။
ဝူချောင်ဆရာတော်က မျက်လုံးများကို ဖွင့်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့်...
"ခမ်းနားလိုက်တာ… မင်း ရောက်လာတာကို ကြိုဆိုနေတဲ့ ဒီလို ထူးကဲတဲ့ ဖြစ်စဉ်တွေက တကယ်ကို အားကျစရာပဲ..."
"အောမိတော်ဖော… ချစ်မိတ်ဆွေ တာအိုဘုန်းကြီး… ဒီဘုန်းကြီးကို မစနောက်ပါနဲ့…"
ဝူချောင်ဆရာတော်၏ စကားအဆုံးတွင် တထာဂတဗုဒ္ဓသည် ပွင့်ဖတ်ဆယ့်နှစ်ခုပါ ကြာပန်းပလ္လင်နှင့် အတူ ဝမ်းနည်းခြင်း၊ ဝမ်းမြောက်ခြင်း အလျဉ်းမရှိဘဲ သူ၏ ရှေ့မှောက်ရှိ ဝူချောင်ဆရာတော်ကို တိတ်ဆိတ်စွာ ကြည့်နေလေ၏။
"တာအို ချစ်မိတ်ဆွေ ဟုတ်လား… မင်းက တာအိုကို စွန့်လွှတ်ပြီး မဟာယနဘက် ကူးပြောင်းသွားခဲ့တာ… ဒီနာမည်ကို ခေါ်ဆိုခွင့် ဘယ်လိုလုပ် ရှိတော့မှာလဲ… မဟာယန နယ်မြေရဲ့ အရှင်သခင် တစ်ပါးအနေနဲ့ မင်းက အကြောင်းမရှိဘဲ လာလည်မယ့်သူ မဟုတ်ဘူး… ဒီနေ့ ငါ့ရဲ့ ဖူထူတောင်ကို ဘာကိစ္စနဲ့ ရောက်လာတာလဲ… ပွင့်ပွင့်လင်းလင်းသာ ပြောပါ..."
ဝူချောင်ဆရာတော်၏ မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
တထာဂတဗုဒ္ဓ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး ဒေါသထွက်ခြင်း မရှိချေ။ ထို့အစား ဝူချောင်ဆရာတော်၏ အောက်ရှိ ဖူဆန်းသစ်ပင်ကို လှမ်းကြည့်ရင်း...
"နှစ်တွေ အတော်ကြာခဲ့ပြီ… မင်းက တော်တော်လေး အေးအေးဆေးဆေး ရှိနေပုံရတယ်… ဒီ ဖူဆန်းသစ်ပင်ကို ပြုစုပျိုးထောင်ရတာ မင်း အတွက် ခွန်အားတွေ အများကြီး ကုန်ဆုံးစေခဲ့တယ် မဟုတ်လား..."
"ငါတို့ကြားမှာ ပြောစရာ ပတ်သက်မှု ဘာမှမရှိဘူး… ဒါကြောင့် အတိတ်ကြောင်းတွေ ပြန်ပြောနေစရာ မလိုဘူး..."
တထာဂတဗုဒ္ဓသည် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ဝူချောင်ဆရာတော်၏ မျက်နှာထားမှာ ပို၍ အေးစက်လာ၏။ သူသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ကျမ်းစာပင့်ဆောင်သူက မင်းရဲ့ ဗုဒ္ဓဘာသာအတွက် အရေးကြီးတယ်ဆိုပေမဲ့… ငါက မျိုးဆက်သစ်လေး တစ်ယောက်နဲ့ ကစားခဲ့ရုံသက်သက်ပါ… အဲဒါကိုများ ငါ့ကို အပြစ်တင်ဖို့ မင်းကိုယ်တိုင် ဆင်းလာခဲ့တာလား..."
"အဝေးကြီးပါ… မင်းက ချဲ့ကားလွန်းနေပြီ..."
ဝူချောင်ဆရာတော်၏ စကားကို ကြားသောအခါ တထာဂတက ခေါင်းယမ်းလိုက်၏။
"ငါကိုယ်တော်က မင်းအတွက် သိချင်ရုံသက်သက်ပါ… မင်းက ဘုံသုံးပါးရဲ့ ကိစ္စတွေကနေ ကင်းကွာနေခဲ့တာ နှစ်တွေ အတော်ကြာနေပြီလေ… မျိုးဆက်သစ် တော်တော်များများက မင်းရဲ့ တည်ရှိမှုကိုတောင် မေ့နေကြပြီ… ဒါဆို မင်းက ဘာလို့များ ကျမ်းစာပင့်ဆောင်သူကို ဒီလောက်တောင် ဂရုစိုက်နေရတာလဲ..."
"စိတ်ကူးပေါက်လို့ လုပ်လိုက်တာလေ… ဘာဖြစ်လို့လဲ မင်းရဲ့ မဟာယနဂိုဏ်းက အစွမ်းထက်တယ် ဆိုပေမဲ့ ငါ့ကို ထိန်းချုပ်ဖို့ ကြိုးစားတာက နည်းနည်းတော့ မာနကြီးလွန်းရာ မကျဘူးလား..."
ဝူချောင်ဆရာတော်က ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။ သူ၏ အရှိန်အဝါများက မီးတောက်မီးလျှံများကဲ့သို့ ပူပြင်းနေသော်လည်း သူ၏ အကြည့်များက ရေခဲတမျှ အေးစက်နေ၏။
တထာဂတဗုဒ္ဓသည် ခေါင်းငုံ့ကာ တည်ငြိမ်သော ဟန်ပန်ကို ထိန်းသိမ်းထားသော်လည်း တိုးတိုးလေး ရေရွတ်လိုက်၏။
"စိတ်ကူးပေါက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းရဲ့ ရတနာဘူးသီးခြောက်ကို ထုတ်သုံးဖို့ လိုအပ်လို့လား… စွန်ဝူခုန်းက အစွမ်းထက်တယ် ဆိုတာ သေချာပေမဲ့ မင်းရဲ့ နတ်ဘုရားသတ် ဓားပျံ ထုတ်သုံးရလောက်တဲ့အထိတော့ မဖြစ်နိုင်ဘူး မဟုတ်လား… မင်း အဲဒါကို အသုံးမပြုတာ နှစ်နှစ်ထောင်နီးပါးလောက် ရှိနေပြီလေ… ဒီနေ့မှ မျိုးဆက်သစ်လေး တစ်ယောက်နဲ့ ကစားဖို့ ဒီရတနာကို ထုတ်သုံးခဲ့တာလား..."
"မင်း ပြောသလိုပဲ… ငါ့ရဲ့ အရိုးအကြောတွေကို မဖြေလျှော့ရတာ နှစ်နှစ်ထောင်နီးပါးလောက် ရှိနေပြီ… ဒီနေ့ မင်း ငါ့ကို စမ်းသပ်ကြည့်ချင်သေးလို့လား..."
ဝူချောင်ဆရာတော်၏ အကြည့်များက တထာဂတဗုဒ္ဓထံတွင် တည်ငြိမ်စွာ ကျရောက်နေပြီး ပြန်လည် ပြောဆိုလိုက်သည်။
"အောမိတော်ဖော… ဒီလိုဆိုမှတော့ မင်းရဲ့ တရားထိုင်ခြင်းနဲ့ ဆင်ခြင်အောက်မေ့ခြင်းတွေကို ငါကိုယ်တော် ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး..."
တထာဂတဗုဒ္ဓ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး တိုက်ခိုက်မည့် အရိပ်အယောင်မျှ မပြဘဲ ဗုဒ္ဓဂါထာကို တိုးတိုးလေး ရွတ်ဆိုကာ ဖူထူတောင်မှ လှည့်ထွက်သွားလေတော့သည်။
နတ်ဘုရားများခန့်အပ်ခြင်း ကပ်ဘေးကြီးပြီးကတည်းက ဝူချောင် ဆရာတော်သည် ဖူထူတောင်တွင် ပုန်းအောင်းကာ အထီးကျန်ဆန်စွာ နေထိုင်ခဲ့သည်။ သို့သော် ယနေ့တွင်မူ သူသည် မျိုးဆက်သစ်တစ်ဦးကို အမှန်တကယ် တိုက်ခိုက်ခဲ့ပြီး နတ်သတ် ဓားပျံကိုပင် ထုတ်ယူခဲ့လေသည်။ ဤအချက်က တထာဂတဗုဒ္ဓအား အလွန် ဇဝေဇဝါ ဖြစ်စေခဲ့သည်။ ထို့ကြောင့်ပင် တစ်စုံတစ်ရာကို သွယ်ဝိုက်သောနည်းဖြင့် ရှာဖွေဖော်ထုတ်နိုင်ရန် ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ခြင်း ဖြစ်၏။
ကံမကောင်းစွာဖြင့် ဝူချောင် ဆရာတော်က ၎င်းကို စိတ်ကူးပေါက်၍သာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ တထာဂတဗုဒ္ဓသည် ဤစကားကို သိပ်မယုံကြည်သော်လည်း သေချာစွာ ပြန်လည်စဉ်းစားကြည့်သောအခါ အခြားဖြစ်နိုင်ခြေကို မတွေးတတ်အောင် ဖြစ်နေ၏။
မည်သို့ပင်ဆိုစေ... သူသည် ထိုနေရာတွင် နှစ်နှစ်ထောင်နီးပါး ရှိနေခဲ့သည်မှာ အမှန်ဖြစ်သည်။ ဖူထူတောင်ကို ကိုယ်တိုင် သွားရောက် ပြဿနာ ရှာသူများမှာ ကျမ်းစာပင့်ဆောင်သူတို့ အဖွဲ့သာ ဖြစ်လေသည်။
သို့သော်လည်း တထာဂတ နောက်ပြန်လှည့်ခဲ့ရသည့် အဓိက အကြောင်းရင်းက ဝူချောင်ဆရာတော်ကို ရင်ဆိုင်ရာတွင် သူ့၌ အနိုင်ရရန် အာမခံချက် မရှိသောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူ့ကို အနိုင်ယူပြီးမှ မေးခွန်းများကို မေးလိုက်မည်သာ ဖြစ်၏။
***