အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း (၁၇၉)
ဖန်သား စကြာဝဠာ အကာအကွယ် ပြန်လည်ပေါ်ထွက်လာခြင်း
ရွှီပေါ်အန်း၏ မေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် ပိုင်ရှန်းရှန်းက အားနာဟန်ဖြင့် ပြုံးလိုက်ပြီးနောက် စကားဆိုလာ လေ၏။
"တောင်းပန်ပါတယ်...၊ အခုလောလောဆယ် အတိအကျ ပြောပြလို့ မရသေးပါဘူး...၊ ရှင် ကျွန်မတို့အဖွဲ့ထဲ ဝင်လာပြီးမှပဲ တရားဝင် လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်လို့ ရပါလိမ့်မယ်...။"
"ဒါပေမဲ့ ဒီကိစ္စမှာ ရှင့်ရဲ့ ပူးပေါင်းပါဝင်မှုကို ကျွန်မတို့ တကယ်ပဲ ကျေးဇူးတင်မိမှာပါ...၊ ဒီလိုလုပ်ရင်ကော ဘယ် လိုလဲ...။ မနက်ဖြန်မနက်ကျရင် ကျွန်မ ရှင့်ကို လာကြိုပါ့မယ်...၊ အဆင်ပြေနိုင်မလား...။"
ပိုင်ရှန်းရှန်း၏ လေသံထဲမှ ကူကယ်ရာမဲ့နေမှုကို ကြားလိုက်ရသောအခါ ရွှီပေါ်အန်းသည် ထပ်မံ ဖိအားမပေး တော့ဘဲ ပြောလိုက်လေ၏။
"ကောင်းပါပြီ...၊ ခင်ဗျားတို့ရဲ့ အလုပ်ကို ပူးပေါင်းကူညီဖို့က နိုင်ငံသားတိုင်းရဲ့ တာဝန်ပါပဲ...၊ ခင်ဗျားက အခုလို ပြောလာမှတော့ ကျွန်တော်က ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ...။"
ပိုင်ရှန်းရှန်းက ယဉ်ကျေးစွာ ပြောလာလေသည်။
"ရှင့်ရဲ့ ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်...၊ ကျေးဇူးပြုပြီး နေရပ်လိပ်စာလေး ပေးနိုင်မလား...။"
ရွှီပေါ်အန်းက ပြန်ပြောလိုက်၏။
"မလိုပါဘူး...၊ မနက်ဖြန် ကျွန်တော့်ဘာသာ လာခဲ့ပါ့မယ်...၊ လိပ်စာတစ်ခုသာ ပေးပါ...။"
ပိုင်ရှန်းရှန်းက ထပ်မံ၍ စကားဆိုလေသည်။
"ကောင်းပါပြီ...၊ ခဏနေရင် ကျွန်မရဲ့ တည်နေရာကို ပို့ပေးပါ့မယ်...။ ပြီးတော့ ကျွန်မအနေနဲ့ နောက်တစ်ကြိမ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ...။"
ထို့နောက် သူတို့နှစ်ဦးသည် ဖုန်းကို အမြန်ချလိုက်ကြလေ၏။
ရွှီပေါ်အန်းသည် ရုတ်တရက် တစ်စုံတစ်ရာကို စဉ်းစားမိသွားလေသည်။
ထိုနေ့က သူ ပိုင်ရှန်းရှန်းကို ကယ်ဆယ်ခဲ့ချိန်တွင် ဘွန်ဆိုင်းကမ္ဘာထဲ၌ သူ သင်ယူတတ်မြောက်ခဲ့သော တိရစ္ဆာန် များနှင့် ဆက်သွယ်နိုင်သည့် စွမ်းရည်ကို အသုံးပြုကာ လက်တွေ့ကမ္ဘာရှိ တိရစ္ဆာန်များနှင့်လည်း ဆက်သွယ် နိုင်ကြောင်း မတော်တဆ ရှာဖွေတွေ့ရှိခဲ့လေ၏။
ထိုစဉ်က မိမိကိုယ်ကိုယ်နှင့် ပိုင်ရှန်းရှန်းကို အတူတကွ ချည်နှောင်ရန်အတွက် ထိုကြိုးကို ရယူရာတွင် ထိုခွေးဝါ ကြီးနှင့် ချောမွေ့စွာ ဆက်သွယ်နိုင်ခဲ့သည် မဟုတ်ပါလား။
ဤအကြောင်းကို တွေးမိသောအခါ ရွှီပေါ်အန်းသည် ရုတ်တရက် အလွန်တရာ စိတ်လှုပ်ရှားလာခဲ့လေသည်။
ကုမ္ပဏီဝင်းထဲတွင် ခွေးနှစ်ကောင် ရှိနေလေ၏။ ခွေးများ၏ တည်ရှိမှုကို အသုံးပြုခြင်းဖြင့် သတင်းအချက်အ လက်များ စုဆောင်းရန်အတွက် အသုံးဝင်လှသော အကူအညီပေးမည့် အပေါင်းအပါ နှစ်ဦး ထပ်တိုးလာမည် မဟုတ်ပါလား။
ထို့အပြင်။ ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ ရှန်းယန်မြို့တွင် လီချိန်းရှီနှင့် သူ၏လူများ လက်ရှိ ရင်ဆိုင်နေရသော အကြီးမားဆုံး ပြဿနာမှာ ဝိုင်းရံပိတ်ဆို့ထားသည့် တပ်ဖွဲ့များ၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို မဆုံးဖြတ်နိုင်ခြင်းပင် ဖြစ်လေသည်။
အကယ်၍ သတင်းအချက်အလက် စုဆောင်းရန်အတွက် တိရစ္ဆာန်များကို အားကိုးမည်ဆိုလျှင် ဤသည်မှာ ရုတ်တရက် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတစ်ခု၏ ပြီးပြည့်စုံသော ဥပမာတစ်ခု ဖြစ်လာမည် မဟုတ်ပါလား။
ရွှီပေါ်အန်းသည် အခြားသော တိရစ္ဆာန်များအကြောင်းကို မသိသော်လည်း မြို့ပြင်ရှိ ဝိုင်းရံထားသော စစ်သည် များ၏ ကျောက်တုံးပစ်စက်များကို ကြည့်လိုက်ချိန်တွင် မလှမ်းမကမ်း၌ ဘေးတိုက်ရံထားသော မြင်းစီး စစ်သည် များလည်း ရှိနေသည်ကို တွေ့လိုက်ရလေ၏။
ဤမြင်းများကို မေးမြန်းကြည့်ပါက အဆက်အသွယ် တစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်ကောင်း တွေ့ရှိနိုင်ပေမည်။
ဤသည်ကို တွေးမိသည်နှင့် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာရှိ ရှန်းယန်မြို့ဆီသို့ အလျင်အမြန် ပြောင်းလဲသွား ကာ သူ၏အကြည့်ကို ထပ်မံ နှိမ့်ချလိုက်ပြီး မြို့ရိုးအတွင်းအပြင်ရှိ တိုက်ပွဲကို စောင့်ကြည့်လိုက်လေသည်။ ယခု အချိန်တွင် ရွှီပေါ်အန်း ချထားပေးခဲ့သော ဖုန်းမှန်ကပ်ကြောင့် မြို့တော်သည် ယခင်ကကဲ့သို့ ကြီးမားသော ဆုံးရှုံး မှုများကို မခံစားရတော့ချေ။
သို့ရာတွင် အချို့သော ကောင်းစွာ ချိန်တွယ်ထားသည့် ကျောက်တုံးပစ်စက်များသည် ဘတ်စကက်ဘောလုံး အရွယ်အစားရှိ ကျောက်တုံးများကို မြင့်မားသော မြို့ရိုးများပေါ်မှ ကျော်လွန်၍ အမှန်တကယ် ပစ်လွှတ်နိုင် ကြောင်းကို ရွှီပေါ်အန်း တွေ့ရှိခဲ့ရဆဲပင် ဖြစ်၏။
ဖုန်းမှန်ကပ် အချို့တွင် အဖြူရောင် အစက်အပြောက်ငယ်များစွာ ဖြစ်ပေါ်နေသည်ကိုပင် ရွှီပေါ်အန်း သတိပြုမိ လိုက်ပြီး ဤအတိုင်းသာ ဆက်သွားနေပါက ဖုန်းမှန်ကပ်များပင် ကျိုးပဲ့သွားနိုင်ကြောင်းကို သိလိုက်လေသည်။ ဖုန်းမှန်ကပ်များသည် အလွန် ကျိုးပဲ့လွယ်ကြောင်းကို သိထားရန် အရေးကြီးပေသည်။ အက်ကွဲကြောင်း တစ်ခု ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖုန်းမှန်ကပ် တစ်ခုလုံး ချက်ချင်း ကျိုးပဲ့သွားမည်သာ ဖြစ်လေ၏။
ဤသည်ကို မြင်သောအခါ ရွှီပေါ်အန်းမှာ အတော်လေး အံ့အားသင့်သွားခဲ့ရလေသည်။ ဤအရာက တကယ်ကို အထင်ကြီးစရာပင်။ ၎င်းသည် သူ ထင်ထားခဲ့သည်ထက် များစွာ ပို၍ အထင်ကြီးစရာ ကောင်းနေခဲ့၏။
ရွှီပေါ်အန်းသည် မြို့ရိုးအပြင်ဘက်ရှိ ထိုရိုးရှင်းသော ကျောက်တုံးပစ်စက်များကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ဖူး လေသည်။ ၎င်းတို့ကို လက်မောင်းခန့် တုတ်ခိုင်သော ဝါးလုံးများနှင့် ဝါးခြင်းတောင်းများကို အတူတကွ ချည် နှောင်ကာ ပြုလုပ်ထားခြင်း ဖြစ်လေ၏။
ထိုကဲ့သို့သော ကျောက်တုံးပစ်စက်မျိုးက ဤမျှဝေးဝေးအထိ ပစ်လွှတ်နိုင်ပြီး ဤမျှလောက် ကြီးမားသော ဖျက်ဆီးနိုင်စွမ်း ရှိနေလိမ့်မည်ဟု ရွှီပေါ်အန်းအတွက် ယုံကြည်ရန် ခက်ခဲနေခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ ကာကွယ်ရေးအတွက် မြို့ရိုးပေါ်တွင် ရွှီပေါ်အန်း ချထားပေးခဲ့သော ဖုန်းမှန်ကပ်များသည် ဆယ်စင်တီမီတာကျော်ခန့်သာ မြင့်သော်လည်း ဘွန်ဆိုင်းကမ္ဘာထဲရှိ လူပုလေးများ၏ အချိုးအစားအရဆိုလျှင် မီတာနှစ်ဆယ်ကျော် အမြင့်နှင့် ညီမျှနေခဲ့သည် မဟုတ်ပါလား။
မြို့ရိုး၏ မူလအမြင့်ကို ထည့်သွင်းစဉ်းစားကာ ရန်သူများ၏ ကျောက်တုံးပစ်စက်များသည် မည်သို့ပင်ဖြစ်စေ ကာမူ ၎င်းကို ထိုးဖောက်ကျော်လွန်နိုင်လိမ့်မည် မဟုတ်ဟု ရွှီပေါ်အန်း အစက ထင်မှတ်ထားခဲ့လေ၏။
သို့သော် ယခုအချိန်တွင် ကျောက်တုံးပစ်စက် ဒါဇင်ပေါင်းများစွာသည် မနားတမ်း အလုပ်လုပ်နေကြလျက်ရှိကြ ပြီး ကျောက်တုံးအချို့မှာ ဖုန်းမှန်ကပ်များကို ကျော်လွန်ပျံသန်းကာ မြို့တွင်းသို့ ကျရောက်နေဆဲပင် ဖြစ်လေ သည်။ ထို့အပြင် မြို့ရိုးအောက်ရှိ တိုက်ခိုက်သူများသည် ကျောက်တုံးပစ်စက်များ၏ သင့်လျော်သော ထောင့်ကို တဖြည်းဖြည်း ကျွမ်းကျင်လာသည်နှင့်အမျှ နောက်ထပ် ကျောက်တုံးများစွာကို ပစ်လွှတ်နိုင်လိမ့်မည်ဟု ကြိုတင် မှန်းဆနိုင်ပေသည်။
ပစ်လွှတ်သည့်အမြင့်ကို တိုးမြှင့်လိုက်ခြင်းက ပစ်လွှတ်လိုက်သော ကျောက်တုံး၏ ကျရောက်မည့် အကွာအဝေး ကို တိုတောင်းသွားစေမည်မှာ ရှောင်လွှဲ၍မရသော်လည်း ဤသည်က ဘာများ အရေးကြီးပါသနည်း။
အကယ်၍ တိုက်ခိုက်သူများသည် မြို့ရိုးပေါ်ရှိ ကာကွယ်သူများကိုသာ ထိမှန်နိုင်လျှင်တောင်မှ ၎င်းတို့အတွက် သေချာပေါက် ဆုံးရှုံးမှု ဖြစ်လိမ့်မည် မဟုတ်ချေ။
ကျောက်တုံးပစ်စက်မှ ပစ်လွှတ်လိုက်သော ကျောက်တုံးများသည် ဖုန်းမှန်ကပ် အကာအကွယ်ကို ကျော်လွန်ပျံ သန်းကာ တစ်လုံးပြီးတစ်လုံး ကျဆင်းလာသည်နှင့်အမျှ ရွှီပေါ်အန်းမှာ ဆက်လက် သည်းမခံနိုင်တော့ဘဲ ကျောက်တုံးများကို ဖမ်းရန် အလျင်အမြန် လက်လှမ်းလိုက်လေတော့သည်။
ဘတ်စကက်ဘောလုံး အရွယ်အစားရှိ ကျောက်တုံးတစ်ခုသည် ရွှီပေါ်အန်း၏ လက်ဖဝါးထဲတွင် ပဲကြီးစေ့ အရွယ် အစားခန့်သာ သေးငယ်နေလေ၏။
ရွှီပေါ်အန်းသည် ကျောက်တုံးကို မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ချထားလိုက်ပြီး သူ၏ လက်များသည်လည်း မရပ်တန့်ဘဲ ရွေ့လျားနေခဲ့လေသည်။ သူသည် မြို့ရိုးပေါ်ရှိ ဖုန်းမှန်ကပ်ကို ညင်သာစွာ ကျော်လွန်သွားကာ တိကျသော ကျောက်တုံးပစ်စက်ကို လက်နှစ်ချောင်းဖြင့် ညှပ်ကိုင်လိုက်ပြီး မြေကြီးပေါ်မှ ခပ်ဆတ်ဆတ်လေး ဆွဲမလိုက်လေ၏။
အခင်းဖြစ်ပွားရာ နေရာရှိ တိုက်ခိုက်ရေး စစ်သည်များမှာ ချက်ချင်းပင် ကြက်သေသေသွားကြလေတော့သည်။ သူတို့၏ ကျောက်တုံးပစ်စက် တစ်ခုသည် ရုတ်တရက် ပျံသန်းသွားကာ လေထဲသို့ တဖြည်းဖြည်း မြင့်တက်သွား ပြီး သေးငယ်သည်ထက် သေးငယ်လာကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်ကို သူတို့ မျက်မြင်တွေ့လိုက် ကြရလေ၏။
"အို ဘုရားသခင်...၊ ဘာတွေဖြစ်ကုန်တာလဲ...။ ငါ မျက်စိမှားသွားတာလား...။"
"ရုတ်တရက် အပေါ်ကို ပျံတက်သွားတဲ့ ဒီအမြောက်အကြောင်းကို မင်း ပြောနေတာလား...။"
"ဟုတ်တယ်...၊ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အဲ့လို ဖြစ်သွားရတာလဲ...။"
"ကျစ်...၊ ဒီအရာက တကယ်ကို ထူးဆန်းလွန်းတယ်...။ ပထမတော့ သူတို့ရဲ့ မြို့ရိုးတွေက အကြောင်းပြချက် တစ်ခုခုကြောင့် အပိုအကာအကွယ် အလွှာတစ်ခု ရရှိနေသလိုပဲ...။ အခုကျတော့ ငါတို့ရဲ့ မိုးကြိုးအမြောက်က ရှင်းပြလို့မရအောင် လွင့်စင်သွားပြန်ပြီ...။ ဒါက နိမိတ်မကောင်းတဲ့ လက္ခဏာပဲ...၊ ဆုတ်ခွာကြ...။ ညီအစ်ကို တွေကို အရင် ဆုတ်ခွာခိုင်းလိုက်...။"
အမိန့်ကို အလျင်အမြန် လက်ဆင့်ကမ်းလိုက်ကြလေသည်။ မြို့ကို တိုက်ခိုက်နေဆဲ ဖြစ်သော စစ်သည်များသည် ချက်ချင်းပင် ကျောက်တုံးပစ်စက်များကို တွန်းကာ ဆုတ်ခွာသွားကြလေတော့၏။
ရွှီပေါ်အန်း၏ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ အကြည့်ကို ချက်ချင်း နှိမ့်ချကာ စစ်သည်များ၏ နောက် သို့ လိုက်ကြည့်လိုက်လေသည်။
သူတို့သည် အပြင်ဘက်တွင် တန်းစီနေသော မြင်းစီးစစ်သည်များထံသို့ တိုက်ရိုက် ချီတက်သွားကြလေ၏။ မြင်းစီးစစ်သည်များအကြား ဗဟိုတွင် ထူးခြားသော သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး ရစ်ငှက်၏ အမြီးနှင့် တူသော အမွေးရှည်ကြီးကို ဦးထုပ်တွင် ထိုးစိုက်ထားသည့် ခေါင်းဆောင်ဖြစ်သူ အမျိုးသားတစ်ဦး ရှိနေလေ သည်။
ဤသူသည် ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ရှင်းလင်းနေလေ၏။ ၎င်းသည် မည်သည့်အဆင့်ဖြစ်ကြောင်း ရွှီပေါ်အန်း မသိသော်လည်း သဘာဝကျစွာပင် သူသည် ခေါင်းဆောင်ဖြစ်သူ စီးနင်းထားသော သစ်အယ်ရောင် မြင်းအပေါ်တွင် သူ၏ စကားပြောဆိုမှုကို အာရုံစိုက်မည် မဟုတ်ပေ။
ထို့နောက် ရွှီပေါ်အန်း၏ အကြည့်က ဤမြင်းစီးစစ်သည်များ၏ နောက်ဘက်သို့ ရောက်ရှိသွားလေသည်။
မကြာမီ ခမ်းနားထည်ဝါပြီး ခြိမ်းခြောက်မှု အပြည့်ရှိသော စစ်သည်များ၏ အတန်းများကြားတွင် ရွှီပေါ်အန်း သည် ဟန်ပြသက်သက်သာ လုပ်ဆောင်နေပုံရသော အနောက်ဆုံးမှ စစ်သည်တစ်ဦးကို တွေ့ရှိလိုက်လေ၏။
ဤလူသည် မြင်းပေါ်တွင် ထိုင်နေဆဲ ဖြစ်သော်လည်း သူ၏ မျက်ခွံများမှာ တွဲကျနေပြီး ခေါင်းညိတ်ပိုးကောင် တစ်ကောင်ကဲ့သို့ ခေါင်းကို အဆက်မပြတ် ညိတ်နေလေသည်။ ဤကောင်လေး အလွန်အမင်း ပင်ပန်းနွမ်းနယ် နေကြောင်း ရှင်းလင်းနေလေ၏။ မနေ့ညက သူ ဘာအရေးကြီးတာတွေများ လုပ်နေခဲ့သလဲဟုပင် တွေးမိစရာ ဖြစ်လေသည်။
သူ၏အောက်ရှိ သာမန် ဝါကြန့်ကြန့် မြင်းကို ကြည့်ရင်း ရွှီပေါ်အန်းက စကားပြောရန် ကြိုးစားလိုက်လေ၏။
"ဟေး...၊ ဒီလူတွေက ဘယ်သူတွေလဲ...။"
၎င်း၏ ရှေ့ခွာများဖြင့် မြေကြီးကို ယက်ရင်း မြေကြီးကို ငုံ့ကြည့်နေသော မြင်းဝါကြီးသည် ရွှီပေါ်အန်း၏ အသံကို ကြားသောအခါ အံ့အားသင့်သွားပုံ မပေါ်ချေ။
၎င်းသည် ခေါင်းကိုပင် မမော့တော့ဘဲ နှာခေါင်းထဲမှ ပူနွေးသော လေပူများကို မှုတ်ထုတ်ကာ ညည်းညူလိုက် လေ၏။
"မင်း ဘာတွေပြောနေတာလဲ...၊ မင်းက ငါတို့ကို အစာကျွေးတဲ့သူ ဖြစ်နေတာ ရှင်းနေတာပဲလေ...။ မင်းက ဒီနေရာကို အသစ်ရောက်လာတာ မဟုတ်လား...။"
ဤသည်ကို ကြားသောအခါ ရွှီပေါ်အန်းသည် မြင်းက သူ့ကို သူ၏ အဖော်တစ်ဦးအဖြစ် သတ်မှတ်ထားရမည်ဟု တွေးလိုက်လေသည်။
ရွှီပေါ်အန်းကလည်း အလိုက်သင့်လေး ဆက်လက် ပြောဆိုလိုက်၏။
"ငါ ဆိုလိုတာက...၊ ငါတို့က ဘယ်ကနေ လာတာလဲ...။"
"ဟွန့်...၊ အရူးကောင်...။ ငါက မြင်းခြံကလာတာ သေချာတာပေါ့...။ ဒီနေ့ မင်း ဘာဖြစ်နေတာလဲ ကောင်လေး.။"
သူတို့ စကားပြောနေစဉ်မှာပင် မြင်းဝါကြီးသည် စိတ်မရှည်စွာဖြင့် ခေါင်းကို မော့လိုက်လေသည်။ ထို့နောက် ၎င်း ၏ ကြီးမားသော ခေါင်းကြီး လှည့်သွားပြီး မျက်လုံးများက ပတ်ဝန်းကျင်ကို စကင်န်ဖတ် ကြည့်လိုက်သော်လည်း အသံလာရာ အရင်းအမြစ်ကို ရှာမတွေ့နိုင်ခဲ့ပေ။
မြင်းကြီးမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပုံရလေ၏။ ၎င်းက မသိမသာ မေးလိုက်လေသည်။
"ဟေး...၊ အကောင်တို့...၊ စောစောက ငါနဲ့ စကားပြောနေတာ ဘယ်သူလဲ...။"
၎င်းသည် ၎င်း၏ပတ်ဝန်းကျင်ရှိ မြင်းများထံမှ အမျိုးမျိုးသော တုံ့ပြန်နှုတ်ဆက်မှုများနှင့် ရင်ဆိုင်လိုက်ရလေ၏။ အရှေ့ဘက်ရှိ မြင်းက ၎င်း မသိကြောင်း ပြသသည့်အနေဖြင့် အမြီးကို ခါရမ်းပြလေသည်။ တစ်ဖက်တစ်ချက်ရှိ မြင်းများကလည်း မင်း ဘာတွေပြောနေမှန်း မသိကြောင်း ပြသသည့်အနေဖြင့် မင်းကို လှမ်းကြည့်ရန် ခေါင်းကို လှည့်လာကြလေ၏။
အနောက်ဘက်ရှိ မြင်းများကမူ...
မြင်းဝါကြီးသည် ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး ချက်ချင်း သတိဝင်လာခဲ့လေသည်။ ၎င်း၏ နောက်မှာ ဘာမှကို မရှိနေခဲ့ပေ။ မြင်းဝါကြီးသည် ရုတ်တရက် အသံကျယ်လောင်စွာ နှာချေလိုက်လေ၏။
*ဘာသောက်ချိုးလဲ...၊ စောစောက ငါ့ကို ဘယ်သူ စကားပြောသွားတာလဲ...။*
မြင်းဝါကြီးသည် မယုံကြည်နိုင်စွာဖြင့် ၎င်း၏ ညာဘက်သို့ ကြည့်ကာ စကားဆိုလိုက်လေသည်။
"အစ်ကို...၊ ငါတို့ ဘယ်ကလာတာလဲလို့ မေးတဲ့အသံကို မင်း ကြားလိုက်လား...။"
ညာဘက်ရှိ မြင်းက စိတ်မရှည်စွာဖြင့် ပြန်ပြောလေ၏။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ... ။ အဲ့ဒီကနေ အသံထွက်လာတာ...၊ တိတ်တိတ်နေပြီး ငြိမ်ငြိမ်ရပ်နေ စမ်းပါ...။ မဟုတ်ရင် မင်း အရိုက်ခံရလိမ့်မယ်...။"
ဤသို့ပြောပြီးနောက် ၎င်းသည် သတိထား၍ ခေါင်းကို လှည့်လိုက်ပြီး မြင်းဝါကြီးနှင့် စကားပြောဆိုခြင်းကို ရပ်တန့်လိုက်လေတော့သည်။ မြင်းများကြားရှိ အပြန်အလှန် စကားပြောဆိုမှုများကို နားထောင်ပြီးနောက် ရွှီပေါ်အန်းသည် သူ အလွန်အကျွံ တွေးတောနေမိကြောင်း သဘောပေါက်သွားခဲ့လေ၏။
ဤစစ်မြင်းများသည် သူတို့၏ ကိုယ်ပိုင်စကားများကို နားလည်နိုင်ကြသော်လည်း အခြားသူများ၏ စကား များကိုမူ နားမလည်နိုင်ကြချေ။
အလွန်ဆုံးအနေဖြင့် မြင်း၏ ကိုယ်ပိုင်နားလည်မှုအပေါ် အခြေခံ၍သာ မေးခွန်းများကို မေးမြန်းနိုင်သော်လည်း မိမိ၏ ကိုယ်ပိုင်မေးခွန်းများအတွက်မူ ၎င်းတို့က အနည်းငယ် ရှုပ်ထွေးနေပါက ဖြေဆိုရန် အလွန်ခက်ခဲ လေသည်။
သို့ရာတွင် သတင်းကောင်းအချို့ ရှိနေလေ၏။ လူများနှင့် အချိန်များစွာ ကုန်ဆုံးခဲ့ရသောကြောင့် ဖြစ်ပုံရကာ ဤစစ်မြင်းများသည် အတော်လေး ချောမွေ့စွာ စကားပြောဆိုနိုင်ကြခြင်းပင် ဖြစ်လေသည်။
အားလပ်ချိန် ရသည့်အခါတိုင်း လူစကားကို နားလည်စေရန် တိရစ္ဆာန်ငယ်လေး တစ်ကောင်ကို ရှာဖွေပြီး လေ့ကျင့်ပေးရမည် ဖြစ်ကာ သို့မှသာ ၎င်းက ငါ့အတွက် သတင်းအချက်အလက်များကို စုဆောင်းပေး နိုင်လိမ့်မည်။
ကျောက်တုံးပစ်စက် တပ်ဖွဲ့များ ဆုတ်ခွာသွားသည်နှင့်အမျှ မြင်းစီးတပ်ဖွဲ့သည်လည်း အချိန်ကြာမြင့်စွာ မနေ တော့ဘဲ အလျင်စလို ဆုတ်ခွာသွားကာ အကွာအဝေးတစ်ခုအထိ လူစုခွဲသွားကြလေ၏။ ၎င်းတို့ တပ်မချမီ မည်မျှအထိ ဆုတ်ခွာသွားကြသည်ကိုမူ ရွှီပေါ်အန်း အမှန်တကယ်ပင် မသိခဲ့ချေ။
တစ်ကီလိုမီတာ အကွာအဝေးတွင် သူ၏ အမြင်အာရုံမှာ မှုန်ဝါးသွားခြင်းကြောင့် ရှင်းပြ၍မရအောင် ပိတ်ဆို့ ခံလိုက်ရလေသည်။
ဘွန်ဆိုင်းဥယျာဉ်အတွင်းရှိ အမြင်အာရုံကဲ့သို့ပင် အမြင်အာရုံ ကန့်သတ်ချက် ရှိနေမည်ဟု ယူဆရလေ၏။
စစ်သည်များ ဆုတ်ခွာသွားသည်ကို မြင်သောအခါ မြို့ရိုးပေါ်ရှိ လီချိန်းရှီနှင့် အခြားသူများသည် စိတ်လှုပ်ရှားစွာ ဖြင့် အားပေးအော်ဟစ်ကြလေတော့သည်။
အထူးသဖြင့် မြို့ရိုးကို စောင့်ကြပ်နေသော ပင်ပန်းနွမ်းနယ်နေသည့် စစ်သည်များ၏ မျက်နှာများပေါ်တွင် ဘေးဒုက္ခ တစ်ခုမှ အသက်ရှင်ကျန်ရစ်ခဲ့သည့်အလား စိတ်သက်သာရာရမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက် နေလေ၏။
ဤလူများသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများအောက်တွင် ရှိနေခဲ့ကြခြင်း ဖြစ်လေသည်။
ရွှီပေါ်အန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရက်ဘူးလ် စည်သွပ်ဘူး တစ်ဘူးကို ယူကာ ဖွင့်လိုက်ပြီး
သန့်ရှင်းသော ဆေးလိပ်ပြာခွက်တစ်ခုထဲသို့ လောင်းထည့်လိုက်လေ၏။ ခွက်တစ်ခွက် သောက်ပြီးနောက်တွင် စည်သွပ်ဘူးမှာ ပြည့်သွားပြီး ပြာခွက်နှင့် တစ်ပြေးညီ ဖြစ်သွားလေသည်။
ရွှီပေါ်အန်းသည် ထိုပြာခွက်ကို မြို့ရိုး၏ အတွင်းဘက်ခြမ်းတွင် သတိထား၍ ညင်သာစွာ ချထားလိုက်လေသည်။
ကံမကောင်းစွာဖြင့် သူသည် စစ်သည်များ လန်းဆန်းသွားစေရန် သောက်သုံးနိုင်စေရန်အတွက် ၎င်းကို မြို့ရိုးပေါ် တွင် ချထားပေးချင်ခဲ့ခြင်း ဖြစ်လေ၏။
သို့သော် ထိုသို့ လုပ်၍မရချေ။ ဤအထူစား ဖန်ပြာခွက်သည် အလွန်ကြီးမားပြီး အလွန်လေးလံနေ၏။ အကယ်၍ ၎င်းကို မြို့ရိုးပေါ်တွင် ချထားမည်ဆိုပါက လမ်းကြောင်းကို ပိတ်ဆို့သွားစေနိုင်ပြီး ၎င်းမှာ အသေးအမွှား ပြဿ နာသာ ဖြစ်လေသည်။ ၎င်းက မြို့ရိုးကိုပင် ပြိုကျသွားစေနိုင်ပေသည်။
နေမင်းကိုပင် ဖုံးကွယ်သွားစေလောက်အောင် ကြီးမားလှသော အရာတစ်ခုက ကောင်းကင်မှ ရုတ်တရက် ဆင်း သက်လာသည်ကို မြင်သောအခါ မြို့တွင်းရှိ အချို့လူများက ၎င်းကို နတ်ဘုရားတို့၏ အပြစ်ပေးမှုဟု ချက်ချင်း ထင်မှတ်သွားကြလေသည်။
သူတို့အားလုံး၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာများ ပေါ်လာကြလေ၏။
"အို ဘုရားသခင်...၊ ကောင်းကင်ကနေ မည်းမှောင်နေတဲ့ တိမ်တိုက်တွေ ဆင်းသက်လာတယ်....။ ဒါက...၊ နတ်ဘုရားတွေရဲ့ အပြစ်ပေးမှုများလား...။"
"မြို့ကို စောင့်ကြပ်နေတဲ့ ဒီလူကြီးမင်းတွေက တကယ်ပဲ လူဆိုးတွေများ ဖြစ်နေမလား...။"
"ဒီလိုတော့ မဖြစ်နိုင်ပါဘူး...။ အရင်က ပိုင်မြန့်ဂိုဏ်း သူပုန်တွေ မြို့ကို ဝင်တိုက်တုန်းက ဒီလူကြီးမင်းတွေက ငါတို့ကို ကာကွယ်ဖို့ သူတို့ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့ကြတာပဲ...။"
"အာ... ဒါဆိုရင် ကောင်းကင်ကလာတဲ့ ဒီထူးဆန်းတဲ့ ဖြစ်စဉ်ကို ငါတို့ ဘယ်လို ရှင်းပြရမလဲ...။"
မြို့တွင်းရှိ အရပ်သားများ သံသယဖြစ်နေကြသည်သာမက မြို့ကို စောင့်ကြပ်နေသော စစ်သည်များပင်လျှင် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြလေ၏။
"ကောင်းကင်ကြီး...၊ ကြည့်ကြစမ်း...။ ကောင်းကင်ကနေ ထူးဆန်းတဲ့ အရာတစ်ခု ကျလာတယ်...။ ဒီအရာက... ဟိုလူတွေ မြို့ကို တိုက်ခိုက်ဖို့ သုံးတဲ့ နည်းဗျူဟာအသစ်များ ဖြစ်နေမလား...။"
"မင်း ငါ့ကို နောက်နေတာလား...။ ကျောက်တုံးပစ်စက်က အဲ့ဒီလောက် ကြီးမားတဲ့ အရာတစ်ခုကို ပစ်လွှတ်နိုင် ပါ့မလား...။"
"ငါက ဒါကို ကျောက်တုံးပစ်စက်လို့ မပြောပါဘူး...။ အခြားအရာတစ်ခုခုများ ဖြစ်နေမလား...။ ကြည့်စမ်း...၊ အဲ့ဒီအရာကြီး ကျလာပြီ...၊ ပြေးကြ...။"
"မင်းတို့က ဘာလို့ ပြေးနေကြတာလဲ...။ အဲ့ဒီအရာကြီးက ခြံဝင်းသုံးခုစာလောက်ကို ကြီးမားနေတာ...။ တကယ် လို့ ဒါကြီးသာ တကယ် ပြုတ်ကျလာရင် ငါတို့ လွတ်မြောက်နိုင်မယ်လို့ မင်းတို့ ထင်နေကြတာလား...။"
"ငါ့ကို ပြောစမ်းပါဦး...။ အပြင်ဘက်က လူတွေက အတိအကျ ဘယ်သူတွေလဲ...၊ သူတို့က ဘယ်လိုလုပ်ပြီး ဒီလို မျိုး နည်းလမ်းတွေကို သုံးနိုင်ရတာလဲ...။"
"မဟာကျင့်မင်းဆက်ရဲ့ ငါတို့ နိုင်ငံတော်ဆရာကြီးက ပဲစေ့တွေကို စစ်သည်တွေအဖြစ် ပြောင်းလဲနိုင်ပြီး သဲတွေ ကို မျှော်စင်တွေအဖြစ် ပြောင်းလဲနိုင်တယ်လို့ ငါ ကြားဖူးတယ်...။ သူ ကိုယ်တိုင် ဒီအစွမ်းကို ပြသလိုက်တာများ ဖြစ်နိုင်မလား...။"
"အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေစမ်းပါနဲ့...။ နိုင်ငံတော်ဆရာကြီးက ငါတို့ရဲ့ သာမန် ရှန်းယန်ခရိုင်လေးရဲ့ အသေးအမွှား ကိစ္စလေးတွေကို ဂရုစိုက်ဖို့ အချိန်ဘယ်လိုလုပ် ရှိနိုင်မှာလဲ...။"
"ဒါဆိုရင် ဒီအရာက ဘာလဲဆိုတာ ငါ့ကို ပြောပြပါဦး...။"
"အလွန်အကျွံ တွေးမနေစမ်းပါနဲ့...။ ဖြစ်လာမယ့်အရာက ဖြစ်လာမှာပဲ...။ ငါတို့ အကြီးအကဲယန်ရဲ့ နောက်ကို လိုက်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ...။ မင်းဆီမှာ အသိဉာဏ်လေး နည်းနည်းတောင် မရှိဘူးလား...။"
"ထို့အပြင် ဒီအရာက ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ ရှိပုံမပေါ်ဘူး...။ ဒါက သိပ်မမြန်ဘူးလေ...၊ အကယ်၍ အဲ့ဒါကြီးမှာ တကယ်ပဲ ရန်လိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေမယ်ဆိုရင် အခုလောက်ဆို ရိုက်ချိုးခံလိုက်ရ လောက်ပြီ...။"
သူ၏ စစ်သည်များ ဆွေးနွေးနေကြသည်သာမက ယန်ရှိုယီ ကိုယ်တိုင်ပင်လျှင် ရုတ်တရက် အခြေအနေ ပြောင်းလဲသွားမှုကြောင့် ကြက်သေသေသွားခဲ့ရလေ၏။
တစ်ဖက်တွင်မူ လီချိန်းရှီသည် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရွှီပေါ်အန်း၏ ရတနာကို ယခင်က မြင်ဖူးခဲ့သောကြောင့် ဖြစ်လေ၏။
ယခင်က ခေါင်ရှန်းရွာမှ ရွာသားများသည် ရုတ်တရက် ဝံပုလွေအုပ် တစ်အုပ်၏ ခြိမ်းခြောက်မှုကို ခံခဲ့ရပြီး ချက်ချင်း အန္တရာယ်ကြုံတွေ့ခဲ့ရလေသည်။
အရေးကြီးသော အချိန်တွင် တောင်စောင့်နတ်မင်း ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ခဲ့ပြီး ထိုရက်စက်ကြမ်းကြုတ် သော ဝံပုလွေများကို ရက်အတန်ကြာ ဖိနှိပ်ထားရန် ဖန်သား စကြာဝဠာ အကာအကွယ် ဟုခေါ်သော မှော်လက် နက်ကို အသုံးပြုခဲ့ခြင်း ဖြစ်လေ၏။
နောက်ဆုံးတွင် ဤသည်က ဝံပုလွေများကို အရှုံးပေးသွားစေခဲ့ပြီး ၎င်းတို့ကို အကူအညီမဲ့သွားစေကာ ဦးလေးဝူးဖူ ၏ ယဉ်ပါးအောင် ပြုလုပ်ခြင်းကို အတင်းအကျပ် လက်ခံစေခဲ့လေသည်။
"ဘာ... ဘာတွေ ဖြစ်နေတာလဲ...။"
ယန်ရှိုယီသည် ကောင်းကင်မှ ဆင်းသက်လာသော အရိပ်ကြီးကို စိုက်ကြည့်နေရင်း သူ၏ နှလုံးသားမှာလည်း အောက်ခြေ အထိ ထိုးကျသွားခဲ့လေ၏။
လီချိန်းရှီက ပြုံးလျက် ပြောလိုက်လေသည်။
"အစ်ကိုယန်...၊ စိတ်မပူပါနဲ့...။ ဒါက တောင်စောင့်နတ်မင်းကြီး ကျွန်တော်တို့ကို ကူညီနေတာပါ...။ ကျွန်တော် မမှားဘူးဆိုရင် မြို့ရိုးပေါ်က ထူးဆန်းတဲ့ ဖြစ်စဉ်တွေနဲ့ မြို့ရိုးအပြင်ဘက်က ဝိုင်းရံထားတဲ့ ကျောက်တုံးပစ်စက် တွေ အားလုံးက တောင်စောင့်နတ်မင်းကြီးရဲ့ အကူအညီတွေချည်းပါပဲ...။"
ယန်ရှိုယီက အလျင်အမြန် မေးလိုက်လေ၏။
"အို... တောင်စောင့်နတ်မင်းဘိုးဘိုးကြီးလား...၊ ညီလေးက ဘာဖြစ်လို့ အဲ့လို ပြောရတာလဲ...။"
လီချိန်းရှီသည် ကောင်းကင်မှ ဖြည်းညင်းစွာ ကျဆင်းလာသော ဖန်ပြာခွက်ကို လက်ညှိုးထိုးပြကာ ပြောလိုက် လေသည်။
"ကျွန်တော် ဒီရတနာကို အရင်က မြင်ဖူးတယ်...။ ဒါကို ဖန်သား စကြာဝဠာ အကာအကွယ် လို့ ခေါ်တယ်...၊ အရင်တုန်းက ကျွန်တော်တို့ ရွာမှာ ရှိနေစဉ်က တောင်စောင့်နတ်မင်းကြီးက ကျွန်တော်တို့ကို ကာကွယ်ဖို့အတွက် တောဝံပုလွေ တစ်အုပ်ကို နှိမ်နင်းဖို့ ဒီရတနာကို စေလွှတ်ပေးခဲ့တာလေ...။"
"ဖန်သား စကြာဝဠာ အကာအကွယ်တဲ့လား...။"
ပြာခွက်သည် မြို့ရိုး၏ အတွင်းဘက်ခြမ်းတစ်လျှောက် ဖြည်းညင်းစွာ ကျဆင်းလာသည်ကို ကြည့်ရင်း ယန်ရှိုယီ က သူ့ဘာသာ ရေရွတ်လိုက်လေ၏။
"ဒီအရာက အလင်းပေါက်နေတာကလွဲရင် အိုးကြီးတစ်လုံးနဲ့ တူတယ်နော်...။"
လီချိန်းရှီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။
"အကာအကွယ်ပဲလေ...၊ ဒါကို ပြောင်းပြန်လှန်လိုက်ရင် အိုးတစ်လုံးပါပဲ...၊ အဲ့ဒါက ဘာတွေများ ထူးဆန်းနေလို့ လဲ...။"
ဤအချိန်တွင် ရွှီပေါ်အန်း၏ အသံက ထပ်မံ ထွက်ပေါ်လာခဲ့လေ၏။
"လီချိန်းရှီ...၊ ယန်ရှိုယီ...။ ဒီအရာက စိတ်ကို လန်းဆန်းစေပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေတဲ့ အာနိသင် ရှိတယ်...။ ပြီးတော့ ချက်ချင်းလည်း ထိရောက်တယ်...၊ သာမန် အိပ်စက်ခြင်းကို မထိခိုက်စေဖို့ အများကြီး မသောက်မိအောင် သတိထားကြ...။"
လီချိန်းရှီနှင့် ယန်ရှိုယီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ရွှီပေါ်အန်းကို အလျင် အမြန် ဦးချရှိခိုးလိုက်ကြလေသည်။
ရွှီပေါ်အန်းသည် မြို့ပြင်ရှိ ထိုလူများ၏ အခြေအနေနှင့် ပတ်သက်၍ ထပ်မံ မေးမြန်းချင်သေးသော်လည်း ရုတ်တရက် သူ၏အပေါ်သို့ ပင်ပန်းနွမ်းနယ်သည့် ခံစားချက်တစ်ခု ထပ်မံ ရောက်ရှိလာခဲ့လေ၏။
အမွှေးတိုင်က ကုန်ခါနီး ဖြစ်နေလေပြီ။ ထို့နောက် ရွှီပေါ်အန်းသည် ဆုတ်ခွာသွားလေတော့သည်။ အပြင်သို့ ရောက်လာပြီးနောက်တွင် ရွှီပေါ်အန်းသည် သူ သိမ်းဆည်းရမိထားသော ထူးဆန်းသည့် ဝါးကို ထုတ်ယူကာ စစ်ဆေးကြည့်ရန် နောက်ဆုံးတွင် အချိန်ရသွားခဲ့လေ၏။
လက်ဖဝါးထဲရှိ ကျောက်တုံးပစ်စက်ငယ်လေးကို ဝါးလုံးကဲ့သို့သော ဖရိန်တစ်ခုနှင့် အနောက်ဘက်ရှိ ခြင်းတောင်း တစ်ခုတို့ဖြင့် အဓိက ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ သို့သော် ဤဝါးနှင့်တူသော အရာမှာ အစိမ်းရောင် မဟုတ် ဘဲ ကြံနှင့် အနည်းငယ်တူသော ခရမ်းရောင် ဖြစ်နေလေ၏။
ရွှီပေါ်အန်းသည် မသိမသာ တစ်စုံတစ်ရာကို တွေးမိသွားခဲ့လေသည်။ ဤအရာမှာ ကျန်းမိသားစု၏ ဘိုးဘွားစဉ် ဆက် ဆေးကျမ်းထဲရှိ အဖိုးတန်ဆုံး ဆေးဖက်ဝင်အပင်များထဲမှ တစ်ခု ဖြစ်လေ၏။
သံမည်း ခရမ်းရောင် ဝါးမျှစ်များ။
*ဒီအရာက... ရွှမ်းထျဲ့ကျီကျူး (သံမည်း ခရမ်းရောင် ဝါး) များ ဖြစ်နေနိုင်မလား…။*
ဆေးကျမ်းမှတ်တမ်းများအရ ရွှမ်းထျဲ့ကျီကျူး၏ ဝါးမျှစ်များသည် ကြွပ်ရွပြီး နူးညံ့နေဆဲ ဖြစ်သော်လည်း ၎င်းတို့ ကြီးထွားလာသောအခါတွင် သံမည်းကဲ့သို့ပင် တင်းမာကာ ကျုံ့ဆန့်နိုင်စွမ်းရှိလာပြီး အလွယ်တကူ ကျိုးပဲ့မသွား နိုင်ကြောင်း ဆိုထားလေသည်။
ဤကဲ့သို့သော အထူးအာနိသင်များသည် ကျောက်တုံးပစ်စက် ပြုလုပ်ရန် အသုံးပြုသော အရာနှင့် အတိအကျ ကိုက်ညီနေပုံရလေ၏။
ရွှီပေါ်အန်း၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေကြောင်းကို သူ ခံစားလိုက်ရလေသည်။ ဒဏ္ဍာရီများအရ ဤ ဆေးဖက်ဝင်အပင်သည် ထာဝရအသက်ရှင်ခြင်းနှင့် အဆက်မပြတ်သော လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သည့် အံ့ဖွယ်ဆေးတစ်ခွက် ဖန်တီးရန် လိုအပ်သော အဓိကပါဝင်ပစ္စည်းများထဲမှ တစ်ခု ဖြစ်လေ သည်။
သေချာသည်မှာ ထာဝရအသက်ရှင်ခြင်းဟု ဆိုခြင်းက ချဲ့ကားပြောဆိုမှုတစ်ခု ဖြစ်သော်လည်း ဆေးညွှန်းတွင်မူ သက်တမ်းကို ဆယ်နှစ်ကျော်အထိ သက်တမ်းတိုးပေးနိုင်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားရာ လူအများအပြား ကို မနာလိုဖြစ်သွားစေရန် လုံလောက်လှပေသည်။
*ဒီဆေးက တကယ်ပဲ တည်ရှိနေတာလား...။*
အခန်း (၁၈၀)
ခရမ်းရွှေဝါး
သူ့လက်ဖဝါးထဲရှိ လောက်လေးခွငယ်လေးကို ကြည့်ရင်း ရွှီပေါ်အန်း၏ မျက်လုံးများတွင် အလွန်တရာ စိတ်အား ထက်သန်သော အလင်းရောင်များ တောက်ပနေခဲ့လေ၏။ အသက်ရှည်ခြင်း၏ မြှူဆွယ်မှုသည် မည်သူ့မျက်စိ တွင်မဆို တန်ဖိုးဖြတ်မရနိုင်လောက်အောင် ကြီးမားလှပေသည်။
ဒေါက်တာကျန်း မိသားစု၏ ဘိုးဘွားစဉ်ဆက် ဆေးကျမ်းတွင် သူတို့၏ မျိုးဆက်သည် ဒဏ္ဍာရီလာ သမားတော် ကြီး ကျန်းကျုံးကျင့်ထံမှ ဆင်းသက်လာကြောင်း မှတ်တမ်းတင်ထားသည်ကို ရွှီပေါ်အန်း မှတ်မိနေခဲ့လေသည်။
ကျန်းကျုံးကျင့်၏ အမွေအနှစ်ဖြစ်နေသောကြောင့် ဤဆေးညွှန်းသည် အတုမဖြစ်နိုင်သည်မှာ သေချာလှသည် မဟုတ်ပါလား။
သို့သော်လည်း ရွှီပေါ်အန်းသည် သံမည်း ခရမ်းရောင် ဝါးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သလို ၎င်း၏ ဝါးမျှစ် များကိုဆိုလျှင် ပို၍ပင် မသိနိုင်ပေ။
ဤအရာနှင့်ပတ်သက်၍ သူ ရာခိုင်နှုန်းပြည့် သေချာနေလျှင်ပင် သူ အာမခံရဲမည် မဟုတ်ချေ။ ဆေးဝါးဆိုသည်မှာ ၎င်းကိုယ်တိုင်က အဆိပ်တစ်ခု ဖြစ်လေသည်။ ဆေးဖက်ဝင်အပင် ရာပေါင်းများစွာကို မြည်းစမ်းခဲ့သော ရှန်းနုံ ပင် လျှင် အဆိပ်ပြင်းသော ကောက်ရိုးနွယ်ပင်ကြောင့် ဘေးဥပဒ် ကြုံတွေ့ခဲ့ရသည်ဟု ဆိုကြလေ၏။
ဆေးဖက်ဝင် အပင်များကို ကိုယ်တိုင် သေချာစွာ စစ်ဆေးခြင်းက အကောင်းဆုံးပင် ဖြစ်ပေသည်။
ကျန်းမိသားစု၏ ဘိုးဘွားစဉ်ဆက် ဆေးကျမ်းတွင် ထိုဆေးညွှန်းနှင့်အတူ မှတ်စုများ ပါဝင်ကြောင်းကို ရွှီပေါ်အန်း ပြန်လည်အမှတ်ရသွားခဲ့၏။ ထိုစာသားများထဲတွင် သံမည်း ခရမ်းရောင် ဝါး နှင့်ပတ်သက်သော အချက်အလက် အချို့ကို ရှင်းလင်းစွာ ဖော်ပြထားလေသည်။
သံမည်း ခရမ်းရောင် ဝါးသည် လောကတွင် အလွန်တရာ ရှားပါးလှပေသည်။ ဆေးပညာမှတ်တမ်းများအရ သံမည်း ခရမ်းရောင် ဝါးသည် နွေးထွေးစိုစွတ်သော ပတ်ဝန်းကျင်ကို နှစ်သက်သည့် သာမန်ဝါးများနှင့် ကွဲပြား ခြားနားလေ၏။
သံမည်း ခရမ်းရောင် ဝါးသည် အလွန်မြင့်မားသော နှင်းဖုံးတောင်တန်းများပေါ်တွင် ပေါက်ရောက်တတ်သည့် အအေးဒဏ်ခံနိုင်သော ဝါးတစ်မျိုး ဖြစ်လေသည်။ ဒေါက်တာကျန်း၏ ဘိုးဘေးသည် သံမည်း ခရမ်းရောင် ဝါးကို စတင်တွေ့ရှိခဲ့ချိန်က ဝေးလံခေါင်ဖျားသော နှင်းဖုံးတောင်တန်းတစ်ခုပေါ်တွင် ထျန်းရှန်း နှင်းကြာပန်းကို ရှာဖွေ နေခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြလေသည်။
မမျှော်လင့်ဘဲ ထျန်းရှန်း နှင်းကြာပန်းကို မတွေ့ရဘဲ ခရမ်းရောင် ဝါးတောတစ်ခုထဲသို့ မတော်တဆ ရောက်ရှိ သွားခဲ့လေ၏။ ကျန်းမိသားစု၏ ဘိုးဘေးသည် အစပိုင်းတွင် အနွေးဓာတ်ရရန် ထင်းအဖြစ် အသုံးပြုရန် ခရမ်း ရောင် ဝါးအချို့ကို ခုတ်ထစ်ချင်ခဲ့လေသည်။
မထင်မှတ်ထားဘဲ လမ်းရှင်းရန် အသုံးပြုခဲ့သော သူ၏ ဓားမကြီးသည် တစ်ချက်တည်း ခုတ်လိုက်ရုံဖြင့် အသွား များ ပဲ့ထွက်သွားခဲ့လေတော့သည်။ ထိုအခါမှသာ သံမည်း ခရမ်းရောင် ဝါးသည် လူအများရှေ့သို့ ပေါ်ထွက်လာ ခဲ့ခြင်း ဖြစ်လေ၏။
နောက်ပိုင်းတွင် နှစ်ပေါင်းများစွာ လေ့လာစောင့်ကြည့်ပြီးနောက် ဤနှင်းဖုံးတောင်တန်း၏ တောင်ခြေတွင် အလွန်ပေါကြွယ်ဝသော သံသတ္တုရိုင်းများ ရှိနေကြောင်း ထိုကျန်းမိသားစု၏ ဘိုးဘေးက ရှာဖွေတွေ့ရှိခဲ့ လေသည်။
ထိုသတ္တုရိုင်းများသည် သာမန်သံသတ္တုရိုင်းများနှင့် မတူဘဲ ပိုမိုမာကျောခိုင်ခံ့ကာ အရွယ်အစားတူညီသော သတ္တု ရိုင်းများပင်လျှင် သာမန်သံသတ္တုရိုင်းများထက် များစွာ ပိုလေးနေခဲ့လေ၏။
သံနှင့်တူသော ဤလျှို့ဝှက်ဆန်းကြယ်သည့် သတ္တုရိုင်းကို ထိုအချိန်က "သံမည်း" ဟု ခေါ်ဆိုခဲ့ကြလေသည်။
နောက်ပိုင်း ခေတ်အဆက်ဆက်တွင် ဆေးကျမ်းများကို တဖြည်းဖြည်း ပြင်ဆင်မွမ်းမံလာကြပြီးနောက်မှသာ တစ်စုံတစ်ယောက်က ရဲတင်းသော အယူအဆတစ်ခုကို တင်ပြလာခဲ့လေသည်။
သံမည်း ခရမ်းရောင် ဝါး၏ ထူးခြားသော လက္ခဏာများသည် ၎င်းကြီးထွားလာသည့် လုပ်ငန်းစဉ်အတွင်း တွင်းထွက်ပစ္စည်းများနှင့် သဲလွန်စဒြပ်စင်များကို စုပ်ယူမှုကြောင့် ဖြစ်သည်ဟု ယုံကြည်ကြလေ၏။
အရောင်ပြောင်းလဲသွားခြင်းနှင့် ပတ်သက်၍မူ မြင့်မားသော အရပ်ဒေသများတွင် ခရမ်းလွန်ရောင်ခြည်များ အများအပြား ရှိတတ်သည် မဟုတ်ပါလား။
သေချာသည်မှာ ထိုရှင်းလင်းချက်များသည် သိပ္ပံနည်းကျ အခြေခံမရှိဘဲ သိပ္ပံနည်းကျ အတည်ပြုထားခြင်းလည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် နည်းပညာများ တိုးတက်လာသည်နှင့်အမျှ သံမည်း ခရမ်းရောင် ဝါးသည် နှစ်ပေါင်းရာနှင့်ချီ၍ ပေါ်မလာခဲ့သောကြောင့်ပင် ဖြစ်လေသည်။
ဤစိတ်ကူးယဉ်ဆန်သော မှတ်စုများနှင့် ပတ်သက်၍ ရွှီပေါ်အန်းသည် အမြဲတမ်း "နောင်တရတာထက်စာရင် သတိထားတာက ပိုကောင်းတယ်" ဟူသော သဘောထားကိုသာ ထားရှိခဲ့လေ၏။
အဘယ်ကြောင့်ဆိုသော် ရွှီပေါ်အန်း ကိုယ်တိုင်လည်း ၎င်းကို ရှင်းပြရန် ပိုကောင်းသော နည်းလမ်းကို မရှာတွေ့ နိုင်သောကြောင့် ဖြစ်သည်။
ဖျော်ဖြေရေးတစ်ခုအနေဖြင့်သာ သဘောထားလိုက်လေ၏။
သိပ်မကြာမီမှာပင် သံမည်း ခရမ်းရောင် ဝါးနှင့် အလွန်တရာ ဆင်တူသော အရာတစ်ခုကို ရရှိရန် ကံကောင်းလိမ့် မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။ ဆေးကျမ်းထဲရှိ မှတ်စုများအရပင် ဖြစ်လေသည်။
၎င်း၏ ဝါးမျှစ်အဆင့်တွင် သံမည်း ခရမ်းရောင် ဝါးသည် သာမန်ဝါးများကဲ့သို့ပင် အစိမ်းရောင် ဖြစ်လေ၏။
သာမန်လူတစ်ယောက်အတွက် ဤအရာသည် သာမန်ဝါးမျှစ်တစ်ခုနှင့် တစ်ပုံစံတည်း တူညီနေပြီး နှင်းဖုံး တောင်တန်းများပေါ်တွင် သိသာထင်ရှားစွာ ရှိနေတတ်လေသည်။
သို့သော်လည်း တစ်ရက်ပင် မပြည့်မီ အချိန်အတွင်း သံမည်း ခရမ်းရောင် ဝါးမျှစ်များသည် တဖြည်းဖြည်း ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး အရိုင်းဆန်စွာ ကြီးထွားလာမည် ဖြစ်လေသည်။
နှင်းဖုံးတောင်တန်းများပေါ်ရှိ ပြင်းထန်သော အအေးဒဏ်နှင့် မုန်တိုင်းများကို အမှုမထားဘဲ ၎င်းတို့သည် ဆယ် ရက်ခန့်အတွင်း လေးမီတာမှ ငါးမီတာခန့် မြင့်သော ရင့်ကျက်သည့် ဝါးပင်များအဖြစ် ကြီးထွားလာနိုင်ရာ အလွန် တရာ မြန်ဆန်လှပေသည်။
ဤအရာကို တွေးမိသောအခါ ရွှီပေါ်အန်း၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့လေ၏။ သူသည် လောက် လေးခွမှ ဝါးခြင်းတောင်းကို ဂရုတစိုက် ဖယ်ရှားလိုက်ပြီး ခရမ်းရောင် ဝါးတုတ်ကိုသာ သူ၏ လက်ထဲတွင် ကိုင် ထားကာ ပိုကြီးလာစေရန် စိတ်ထဲမှ တွေးလိုက်လေသည်။
မကြာမီမှာပင် ထိုတိုင်လေးသည် ရွှီပေါ်အန်း၏ လက်ဖဝါးထဲတွင် စတင် ကြီးမားလာလေတော့၏။
ရူရီကျင်းကူးတုတ်တံ ကဲ့သို့ပင် ၎င်းသည် တူတစ်ချောင်းထက်ပင် တိုသော ဆယ်စင်တီမီတာခန့်ရှိ သေးငယ်သည့် အရာတစ်ခုမှ တစ်မီတာကျော်ရှည်ကာ လက်ကောက်ဝတ်ခန့် တုတ်သော ခရမ်းရောင် ဝါးလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ဤဝါး၏ အချင်းပေါ် မူတည်၍ ပုံမှန် တွက်ချက်မှုများအရ ၎င်း၏ စုစုပေါင်း အရှည်မှာ သေချာပေါက် လေးမီ တာ၊ ငါးမီတာကျော် ရှိနေမည် ဖြစ်လေသည်။
အပြင်ပန်းကြည့်လျှင် အရောင်မှလွဲ၍ ဝါးဆစ်များနှင့် ဝါး၏ ချောမွေ့သော မျက်နှာပြင်သည် သာမန်ဝါးများနှင့် ဘာမျှမကွာခြားလှချေ။
ရွှီပေါ်အန်းသည် ခရမ်းရောင် ဝါး၏ တစ်ဖက်ကို မြေကြီးပေါ်တွင် ချထားပြီး အခြားတစ်ဖက်ကို လက်ဖြင့် ကို င်ကာ အနည်းငယ် ဖိချလိုက်လေ၏။ သူသည် ဆယ်စက္ကန့်ခန့် အားစိုက်ကြည့်သော်လည်း သူ၏ လက်ထဲရှိ ဝါးမှာ လုံးဝ မလှုပ်မယှက် ရှိနေခဲ့လေသည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့သော အင်အားမျိုးဆိုလျှင် ခိုင်ခံ့သော သစ်သားစားပွဲတစ်လုံးကိုပင် ကွဲအက်သွားစေရန် လုံလောက်ပေသည်။
ရွှီပေါ်အန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး အင်အားကို ပိုတိုးလိုက်သော်လည်း ခရမ်းရောင် ဝါးမှာ ပြောင်းလဲမှု မရှိသေးချေ။
ဤမျှ အင်အားမျိုးဖြင့် ရွှီပေါ်အန်းသည် ထမင်းစားရာတွင် အသုံးပြုသော သံချေးမတက်သည့် ဇွန်းတစ်ချောင်း ကိုပင် ပုံပျက်သွားစေနိုင်လေသည်။
ရွှီပေါ်အန်း ထပ်မံ၍ အားစိုက်လိုက်ရာ အံများကိုပင် ကြိတ်ထားရပြီး သူ၏ ဆုပ်ကိုင်ထားမှုမှာ အနည်းငယ် ရွေ့လျားသွားကာ အနည်းငယ် လျော့ရဲသွားသကဲ့သို့ ထင်ရလေ၏။ ရွှီပေါ်အန်း လက်လွှတ်ကာ ငုံ့ကြည့်လိုက် သောအခါ မူလက ချောမွေ့နေသော ဝါးပေါ်တွင် သူ ဆုပ်ကိုင်ထားခဲ့သော နေရာ၌ မှေးမှိန်သော လက်ရာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ပုံမှန်အားဖြင့် (၂၂) မီလီမီတာ သံချောင်းဖြစ်လျှင်ပင် ရွှီပေါ်အန်းသည် လက်ရှိ သူ၏ အင်အားဖြင့် ၎င်းပေါ်ရှိ အစင်းကြောင်းများကို အလွယ်တကူ ပြားသွားအောင် လုပ်နိုင်လေသည်။ ရွှီပေါ်အန်းသည် ဤမှော်ဆန်သော ခရမ်းရောင် ဝါးပေါ်တွင် မသိမသာ မှေးမှိန်သော လက်ရာတစ်ခုကိုသာ ဖန်တီးနိုင်ခဲ့လေ၏။
ဤရလဒ်ကို မြင်သောအခါ ရွှီပေါ်အန်း ပို၍ပင် သေချာသွားခဲ့လေသည်။
အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ၎င်းသည် သာမန်ဝါးတစ်လုံးသာ ဖြစ်ခဲ့လျှင် သူ၏ ကိုယ်ပိုင်အင်အား အောက်တွင် အပိုင်းပိုင်းအစစ ကြေမွသွားမည်မှာ သေချာကြောင်း သင် သိသင့်လေသည်။ ဤအရာ၏ မာကျော မှုနှင့် ပျော့ပျောင်းမှုသည် အမှန်တကယ်ပင် အံ့မခန်း ဖြစ်ပေသည်။
သူ အမှန်တကယ်ပင် ရတနာသိုက်ကြီးကို တွေ့ရှိခဲ့ပြီဟု ရွှီပေါ်အန်း ပို၍ ယုံကြည်သွားခဲ့လေ၏။ ထိုကဲ့သို့သော တန်ဖိုးကြီး ရတနာမျိုးကို ရွှီပေါ်အန်းသည် လက်တွေ့ကမ္ဘာတွင် မထားရဲခဲ့ချေ။
အကယ်၍ တစ်ခုခု မှားယွင်းသွားပြီး ပျောက်ဆုံးသွားပါက ရွှီပေါ်အန်းသည် သူ၏ ဘဝတစ်သက်တာလုံး နောင်တရနေမည် ဖြစ်လေသည်။
ဤသည်ကို တွေးမိသောအခါ ရွှီပေါ်အန်းသည် ခရမ်းရောင် ဝါးကို နဂိုမူလ အရှည် စင်တီမီတာ အနည်းငယ်သာ ရှိသော အခြေအနေသို့ အလျင်အမြန် ပြန်လည်ကျုံ့ဝင်စေလိုက်ပြီး ဘွန်ဆိုင်းကမ္ဘာထဲရှိ တောင်စောင့်နတ်မင်း နတ်ကွန်းထဲသို့ သတိထားကာ ချောင်းကြည့်လိုက်ပြီး အလွန်ကောင်းမွန်သော နေရာတစ်ခုကို ဂရုတစိုက် ရွေးချယ်လိုက်လေ၏။
ချန်ရှီရှီ ယူလာသော ပန်းအိုးကြီးထဲတွင် ဖြစ်လေသည်။
ချန်ရှီရှီ အကြောင်း တွေးနေစဉ်မှာပင် ကျွီကနဲ မြည်သံကို ကြားလိုက်ရပြီး တောင်စောင့်နတ်မင်း နတ်ကွန်း၏ တံခါးမှာ တွန်းဖွင့်ခံလိုက်ရလေသည်။
ထို့နောက် တစ်စတုရန်းမီတာခန့် ကျယ်ဝန်းသော နေထိုင်စရာ ဖျာဝိုင်းကြီး တစ်ခုကို ထမ်းပိုးထားသည့် သွယ်လျ သော အမျိုးသမီးတစ်ဦးသည် အခက်အခဲဖြင့် ဝင်ရောက်လာလေ၏။
၎င်းမှာ ချန်ရှီရှီပင် ဖြစ်လေသည်။
မောပန်းနွမ်းနယ်နေသဖြင့် ချန်ရှီရှီ၏ လှပသော မျက်နှာလေးမှာ နီမြန်းနေပြီး သူမ၏ နဖူးနှင့် မျက်နှာပေါ်ရှိ ချွေးများကြောင့် ဆံပင်အနည်းငယ်မှာ အရေပြားပေါ်တွင် ကပ်နေကာ အိမ်နီးချင်း မိန်းကလေးတစ်ဦး၏ ထူးခြား သော အလှတရားကို ဖော်ပြနေလေ၏။
“ချန်ရှီရှီ...၊ မင်း ဒီဖျာထိုင်ခုံကို လုပ်ခဲ့တာလား...။”
သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်းသည် လက်လှမ်းကာ ဆုတောင်းဖျာကြမ်းကြီးကို ယူ လိုက်ပြီး အမွှေးတိုင်စင်ရှေ့တွင် ချထားလိုက်လေ၏။
ချန်ရှီရှီက အမြန်ခြေလှမ်းနှစ်လှမ်း လှမ်းကာ မြေကြီးပေါ်တွင် ဒူးထောက်လိုက်ပြီး ညင်သာစွာ ပြောလိုက် လေသည်။
“တောင်စောင့်နတ်မင်းကြီးကို အကြောင်းပြန်ရမယ်ဆိုရင် ကျွန်မရဲ့ ကျွမ်းကျင်မှုက သိပ်မကောင်းလို့ ရက်လုပ် ထားတာ နည်းနည်း ကြမ်းတမ်းနေပါတယ်...။ တောင်စောင့်နတ်မင်းကြီးက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်...။”
“ရပါတယ်...။”
ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးနောက် ထပ်ဖြည့်ပြောလေ၏။
“မင်း တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ ပန်းချီဆွဲရတာ အလုပ်များနေတာ မဟုတ်ဘူးလား...။ ဘယ်လိုလုပ်ပြီး ဖျာထိုင်ခုံတွေ ပြန်လုပ်နေရတာလဲ...၊ အဲ့ဒါက ဝမ်ကွေ့ဖန်း မိသားစုရဲ့ ကျွမ်းကျင်မှုလေ...။”
ချန်ရှီရှီက ရှင်းပြလေသည်။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ ကျွန်မက တောင်စောင့်နတ်မင်း နတ်ကွန်းရဲ့ တံခါး နဲ့ ပြတင်းပေါက် သုံးဆယ်အတွက် လိုအပ်တဲ့ သစ်သားပြားတွေ အားလုံးမှာ ပန်းချီကားမျိုးစုံကို ဆွဲပြီး သွားပါပြီ...။ ဘာမှလုပ်စရာမရှိတဲ့အချိန်မှာ နောင်တစ်ချိန် လူတိုင်း အရှင်နတ်မင်းကြီးကို ဒူးထောက် ရှိခိုးဖို့ နေရာရအောင် ဆုတောင်းဖျာထိုင်ခုံ အနည်းငယ်ကိုလည်း ရက်လုပ်ထားပါတယ်...။”
“ဒီ ကျွမ်းကျင်မှုနှင့် ပတ်သက်လို့ပြောရရင် ကျွန်မ ကျွီရှန်ဖန်းမှာ ပညာသင်နေတုန်းက စောင်းတီးတာ၊ စစ်တုရင် ကစားတာ၊ စာရေးတာနဲ့ ပန်းချီဆွဲတာတွေအပြင် အမှားလုပ်မိရင် အပြစ်ပေးခံရတာတွေလည်း ရှိခဲ့ပါတယ်... ။ စာအုပ်တွေ ကူးရေးတာ၊ သီချင်းမှတ်စုတွေ ကျက်မှတ်ရတာလိုမျိုး သေးငယ်တဲ့ အလုပ်တွေတင် မကပါဘူး...၊ ဖျာထိုင်ခုံရက်တာ၊ အဝတ်လျှော်တာ၊ ဟင်းချက်တာအပြင် ထင်းခုတ်တာနဲ့ ဝက်စာကျွေးတာလိုမျိုး အလုပ် တွေ ကိုလည်း လုပ်ခဲ့ရပါတယ်...။ ဒါကြောင့် ကျွန်မမှာ သိပ်မသပ်ရပ်တဲ့ ကျွမ်းကျင်မှုတချို့တော့ ရှိနေပါတယ်...။”
ရွှီပေါ်အန်းက နှုတ်ခမ်းကို တွန့်လိုက်လေ၏။ "ဘိုးဘိုးကြီး" ဆိုတာက ဘာသဘောလဲ။ မင်း နားလည်မှုလွဲနေပြီ။ ငါက အသက် နည်းနည်း ပိုကြီးတာ မှန်ပေမယ့် တကယ်တော့ လုံးဝ မအိုသေးပါဘူး။
သေချာသည်မှာ ရွှီပေါ်အန်းသည် ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စလေးကို ရှင်းပြနေရန် အချိန်ဖြုန်းမည် မဟုတ် ချေ။
ချန်ရှီရှီ၏ ကျွီရှန်ဖန်းရှိ အတွေ့အကြုံက ဤမျှ ရှုပ်ထွေးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိခြင်းသာ ဖြစ်လေ သည်။
ဤသည်က ရွှီပေါ်အန်းကို ပို၍ပင် စပ်စုချင်စိတ် ဖြစ်ပေါ်စေခဲ့လေ၏။
ကျွီရှန်ဖန်းအတွင်းရှိ အခြေအနေက အဘယ်ကြောင့် ဤမျှများပြားလှသော ရှုပ်ထွေးမှုများ ရှိနေရသနည်း။
အကယ်၍ နောက်တစ်နေ့တွင် အခွင့်အရေးရပါက ဤမျှ ကျွမ်းကျင်သော အထက်တန်းစား ဖျော်ဖြေရေးမယ် တစ်ဦးကို ပျိုးထောင်ရန် ဤနေရာတွင် မည်ကဲ့သို့သော စွမ်းရည်မျိုး ရှိနေသည်ကို သွားရောက်ကြည့်ရှုရမည် ဖြစ်လေသည်။
အရာအားလုံးတွင် ကျွမ်းကျင်နေသည်လား။
ဤသည်ကို တွေးမိသောအခါ ရွှီပေါ်အန်းသည် သံမည်း ခရမ်းရောင် ဝါး ကို ကိုယ်စားပြုသော အရာဝတ္ထုကို ထုတ်ယူကာ ချန်ရှီရှီ၏ ရှေ့တွင် ချထားလိုက်လေ၏။
“ချန်ရှီရှီ...၊ ဒါက ဘာလဲဆိုတာ မင်း သိလား...။”
ဤသည်ကို ကြားသောအခါ ချန်ရှီရှီသည် ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ ခရမ်းရောင်ဝါးကို တွေ့လိုက်ရလေသည်။
“ခရမ်းရောင်ဝါးလား...။”
ချန်ရှီရှီက အံ့အားသင့်စွာ ရေရွတ်လိုက်လေ၏။
ချန်ရှီရှီ၏ အာမေဍိတ်သံသည် ရွှီပေါ်အန်း၏ မေးခွန်းအတွက် အဖြေတစ်ခုဟု မထင်ရဘဲ သံမည်း ခရမ်းရောင် ဝါးကို မြင်ပြီးနောက် သူမ၏ သတိလွတ် အံ့သြသွားမှုကို ဖော်ပြနေခြင်းသာ ဖြစ်လေသည်။
ဤသည်ကို ကြားသောအခါ ရွှီပေါ်အန်းမှာ အလွန်တရာ ဝမ်းသာသွားခဲ့လေ၏။ ထိုအမည်သည် သံမည်း ခရမ်း ရောင် ဝါးအတွက် အနည်းငယ် သင့်တော်ပုံရလေသည်။
ချန်ရှီရှီသည် ဤအကြောင်းကို အမှန်တကယ် သိပုံရပေသည်။ သူမသည် ဗဟုသုတကြွယ်ဝသော အထက်တန်း စား ဖျော်ဖြေရေးမယ်ဟု ခေါ်ဆိုခံရသည်မှာ အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်ခဏ၌ ချန်ရှီရှီက စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့လေသည်။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်မပြောတာမမှားဘူးဆိုရင် ဒီအရာကို ခရမ်းရွှေဝါးလို့ ခေါ်ပြီး မဟာရှားစစ်တပ်မှာ အသုံးများတဲ့ လက်နက်ဖြည့်တင်းရေး ကိရိယာတစ်ခုပါ...။”
“မဟာကျင့်မင်းဆက်ရဲ့ တော်ဝင်မိသားစုအောက်ရှိ ခရမ်းရောင်ဝတ်ရံရွေတော်များက ထိန်းချုပ်ထားပြီး ဒီလက် နက်တွေကို ယေဘုယျအားဖြင့် သူတို့ရဲ့ ပုံမှန်လက်နက်တွေအတွက် ဖြည့်စွက်မှုအဖြစ် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ တစ်ခုစီကို ခွဲဝေပေးလေ့ရှိပါတယ်...။ သူတို့ရဲ့ ခိုင်ခံ့ပြီး မချိုးဖောက်နိုင်တဲ့ သဘာဝကြောင့် သိုင်းပညာရှင် တွေကြားမှာ အလွန် ရေပန်းစားခဲ့ပါတယ်...။”
“ဤခရမ်းရွှေဝါးက ဒေါင်လိုက်နဲ့ အလျားလိုက် ပလွေတွေလို တူရိယာတွေ ဖန်တီးဖို့အတွက် အကောင်းဆုံး ပစ္စည်းတစ်ခု ဖြစ်တဲ့အပြင် ခရမ်းရောင်ဝတ်ရံရွေတော်တွေက ပိုင်ဆိုင်မှုကို ထိန်းချုပ်လိုက်ကတည်းက ပိုပိုပြီး ရှားပါးလာခဲ့ပါတယ်...”
ချန်ရှီရှီ၏ ရှင်းပြချက်ကို ကြားသောအခါ ဤအရာသည် အမှန်တကယ်ပင် တေးဂီတတူရိယာများ ဖန်တီးရာတွင် အသုံးပြုနိုင်ကြောင်း ရွှီပေါ်အန်း သဘောပေါက်သွားခဲ့လေ၏။
ဤမျှမာကျောသော ဝါးထဲတွင် တူရိယာများပြုလုပ်ရန် အပေါက်များ ဖောက်ရသည်မှာ မည်မျှခက်ခဲမည်ကိုသာ သူ တွေးမိနေခဲ့လေသည်။ ရွှီပေါ်အန်းက ထပ်မေးလိုက်လေ၏။
“ဤခရမ်းရွှေဝါးက ဘယ်မှာပေါက်ရောက်သလဲဆိုတာ မင်း သိလား...။”
ချန်ရှီရှီက ခေါင်းညိတ်ကာ ပြောလေသည်။
“လောကကြီးမှာ ခရမ်းရွှေဝါး ပေါက်ရောက်တဲ့ နေရာ သုံးနေရာပဲ ရှိတယ်လို့ စကားပြောကောင်းတဲ့ လူတစ် ယောက်က ပြောဖူးတာကို ကျွန်မ ကြားဖူးပါတယ်...။”
“ပထမနေရာကတော့ ကျွန်မတို့ မဟာကျင့်မင်းဆက်ရဲ့ တော်ဝင်ဥယျာဉ်တွေထဲက ချီလင်ရွှမ်း ခြံဝင်းပါ...၊ သေ ချာတာကတော့ အဲဒီက ခရမ်းရောင်ဝါး အရေအတွက်က ကန့်သတ်ထားပြီး အဓိကအားဖြင့် ကြည့်ရှုဖို့အတွက်ပဲ ဖြစ်ပါတယ်...။ ဒီဝါးတွေ အသက်ရှင်နေသေးသလား ဆိုတာကိုတော့ ကျွန်မ မကြားဖူးပါဘူး...။”
“ဒုတိယနေရာကတော့ မဟာကျင့်မင်းဆက်ရဲ့ မြောက်ဘက်အစွန်ဆုံး ဝမ်ထျန်းတောင်တန်းတွေမှာပါ...။ လူတွေ သိပ်မသွားကြတဲ့ တောင်တန်းတွေရဲ့ နက်ရှိုင်းတဲ့နေရာက နှင်းဖုံးနေတဲ့ တောင်ထွတ်တွေပေါ်မှာ ခရမ်းရောင်ဝါး တွေ ရှိတယ်လို့ ဆိုကြပါတယ်...။ တော်ဝင်ဥယျာဉ်ထဲက ခရမ်းရောင်ဝါးတွေက ဒီနေရာကနေ ပြောင်းရွှေ့လာ တာလို့ ဒဏ္ဍာရီတွေမှာ ပြောကြပါတယ်...။”
“နောက်ဆုံး နေရာအနေနဲ့ကတော့ လော့ကျားတောင်မှာ တည်ရှိတဲ့ ဒဏ္ဍာရီလာ သီးခြား ကောင်းကင်ဘုံ တစ်ခုပဲ ဖြစ်ပါတယ်...။ ခရမ်းရွှေဝါးဟာ အဲဒီကနေ စတင် ပေါ်ပေါက်လာတာ ဖြစ်ပြီး အဲဒီမှာ အလွန် ထူးခြားတဲ့ အင်မော် တယ် တစ်ပါး နေထိုင်ခဲ့တယ်လို့ ဒဏ္ဍာရီတွေမှာ ဆိုကြပါတယ်...။”
“သူဟာ လေနဲ့မိုးကို ခေါ်ယူနိုင်တဲ့ စွမ်းအား၊ သေဆုံးသူတွေကို ပြန်လည်ရှင်သန်စေပြီး ဒဏ်ရာရသူတွေကို ကုသ ပေးနိုင်တဲ့ စွမ်းရည်၊ အဖြစ်အပျက်တွေကို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့ စွမ်းအားနဲ့ သာမန်လူတွေအပေါ်မှာ ကရုဏာ ထားနိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားပါတယ်...။”
အဆုံးတွင် ချန်ရှီရှီသည် တောင်စောင့်နတ်မင်းကြီး၏ ရှေ့မှောက်၌ အခြားသော နတ်ဘုရားတစ်ပါးကို ဤမျှ ထိန်းချုပ်မှုမရှိဘဲ ချီးကျူးရန် မသင့်တော်ဟု ခံစားလိုက်ရပုံပေါ်လေ၏။
ထို့နောက် စကားလမ်းကြောင်းပြောင်းကာ သူမက ပြောလေသည်။
“အဲဒီအင်မော်တယ်ရဲ့ လုပ်ရပ်တွေက တောင်စောင့်နတ်မင်းကြီးရဲ့ လုပ်ရပ်တွေနဲ့ ဘာမှမကွာခြားပါဘူး...။ ကျွန်မ လို မိန်းမငယ်လေးတစ်ယောက်က ဘဝသုံးဆက်တိုင်တိုင် တောင်စောင့်နတ်မင်းကြီးရဲ့ ကောင်းချီးပေးတာကို ခံရတာဟာ တကယ်ကို ကောင်းချီးမင်္ဂလာ တစ်ခုပါပဲ...။”
ဤသည်ကို ကြားသောအခါ ရွှီပေါ်အန်းသည် အနည်းငယ် တုန်ယင်သွားခဲ့လေ၏။ ချန်ရှီရှီ၏ မြှောက်ပင့်သော စကားများကြောင့် မဟုတ်ဘဲ အထက်ပါ "လော့ကျားတောင်" ဟူသော စကားလုံးသုံးလုံးကို ကြားလိုက်ရသဖြင့် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခြင်းကြောင့်သာ ဖြစ်လေသည်။
ဤနေရာအမည်က အလွန်ရင်းနှီးနေသကဲ့သို့ပင်။
*မင်း ပြောနေတာက ဒဏ္ဍာရီလာ မယ်တော်ကွမ်ရင် နေထိုင်သည်ဟု ဆိုကြသော နေရာကို ပြောနေခြင်းလား။*
ထိုနေရာတွင် ခရမ်းရောင်တောအုပ်တစ်ခု ရှိသည်ဟု သူ ကြားဖူးသော်လည်း ဘွန်ဆိုင်းကမ္ဘာထဲတွင် ထိုကဲ့ သို့သော ဒဏ္ဍာရီမျိုး ရှိနေမည်ကို ယုံကြည်ရန် ရွှီပေါ်အန်းအတွက် ခက်ခဲနေခဲ့လေ၏။ ဤသည်မှာ အလွန် လျှို့ဝှက်ဆန်းကြယ်လှပေသည်။
ထို့နောက် ရွှီပေါ်အန်းက မေးလိုက်လေသည်။
“ချန်ရှီရှီ...၊ မင်းပြောတဲ့ အင်မော်တယ်က ချောင်ရင်ဂူလို့ ခေါ်တဲ့ ဂူထဲမှာ နေတာလား...။”
ချန်ရှီရှီသည် အနည်းငယ် တန့်သွားပြီး သူမ၏ မျက်မှောင်များမှာ စိတ်ဝင်စားဖွယ်ရာ တွန့်ကွေးသွားပြီးမှ ပြန်လည် ပြေလျော့သွားခဲ့လေ၏။
သူမက ခေါင်းယမ်းလိုက်ပြီးနောက် ပြောလေသည်။
“ကျွန်မ တစ်ခါမှ မကြားဖူးပါဘူး...။ လော့ကျားတောင်ဟာ အင်မော်တယ်တွေ ကျင့်ကြံတဲ့နေရာလို့ပဲ ကျွန်မ ကြားဖူးပါတယ်...။ ဒီချောင်ရင်ဂူဆိုတာက ဘယ်လိုနေရာမျိုးလဲ ဆိုတာကို တောင်စောင့်နတ်မင်းကြီးက ရှင်းပြ ပေးဖို့ မျှော်လင့်ပါတယ်...။”
သေချာသည်မှာ ရွှီပေါ်အန်းသည် ဤအကြောင်းအရာကို ဆက်လက် ပြောဆိုမည် မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်လေ၏။
“ဘာမှမဟုတ်ပါဘူး...၊ မင်းပြောတဲ့ လော့ကျားတောင်နဲ့ အဲ့နေရာက ချောင်ရင်ဂူကို ငါလည်း ပိုင်ဆိုင်ထားလို့ မေး ကြည့်တာပါ...။”
ချန်ရှီရှီက မျက်တောင်လေးများကို ညင်သာစွာ ခတ်လိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။
“အင်မော်တယ်ကမ္ဘာမှာ တကယ်ပဲ အဲ့ဒီလိုနေရာမျိုး ရှိတာလား...။ ဒါဆိုရင် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ အရှင် နတ်မင်းကြီး ပြောတဲ့ ချောင်ရင်ဂူဆိုတာ အရှင်နတ်မင်းကြီးရဲ့ ဂူတွေထဲက တစ်ခုများလား...။”
ရွှီပေါ်အန်းသည် ချန်ရှီရှီ၏ မေးခွန်းကို မဖြေဘဲ ဘာမှမဟုတ်ပါဘူးဟုသာ ပြောလိုက်ပြီး ဆက်လက်မေးလိုက် လေ၏။
“ဒီခရမ်းရွှေဝါးရဲ့ ကြီးထွားလာတဲ့ အခြေအနေကို မင်း မြင်ဖူးလား...။ ခရမ်းရွှေဝါးက ဝါးမျှစ်အခြေအနေမှာ ဘယ်လိုပုံစံမျိုး ရှိသလဲ...။”
ချန်ရှီရှီသည် ထင်ရှားစွာပင် အံ့သြသွားပြီးနောက် ပြောလေသည်။
“ကျွန်မ တစ်ခါမှ မမြင်ဖူးပါဘူး...။ ဒီဝါးက မြေအောက်မှာ အချိန်အကြာကြီး ကြီးထွားတယ်လို့ပဲ ကြားဖူးပါ တယ်...။ မြေကြီးကို ဖောက်ထွက်လာတဲ့နေ့ဟာ သူ ရင့်ကျက်တဲ့နေ့ပါပဲ...။ သူက တစ်ရက်ကို သုံးလံနှုန်းနဲ့ ကြီး ထွားပါတယ်...။ တက်လို့ ခရမ်းရွှေဝါးကို အမြဲတမ်း စောင့်ကြည့်မနေဘူးဆိုရင် မြင်တွေ့ရဖို့ အခွင့် အရေး ရမှာ မဟုတ်ပါဘူး...။ ဒါကြောင့် ခရမ်းရွှေဝါး အငယ်လေးဘဝမှာ ဘယ်လိုပုံစံ ရှိတယ်ဆိုတာကို မြင်တွေ့ရဖို့ ကျွန်မမှာ အခွင့်အရေး မရှိခဲ့ပါဘူး...။”
ရွှီပေါ်အန်း၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေပြီးသား ဖြစ်လေ၏။
အနည်းဆုံးတော့ မဟာကျင့်မင်းဆက် ကာလအတွင်း ဘွန်ဆိုင်းကမ္ဘာထဲတွင် ခရမ်းရွှေဝါးမျှစ်များ၏ ဆေး ဖက်ဝင် အကျိုးသက်ရောက်မှုများကို မသိကြသေးကြောင်း ထင်ရှားလှပေသည်။ ခရမ်းရောင်ဝါးမှ ဝါးမျှစ် အချို့ကို ရှာဖွေနိုင်ရန် နည်းလမ်းတစ်ခုခုကို စဉ်းစားရမည် ဖြစ်လေသည်။
ချန်ရှီရှီသည် သူနှင့် အတန်ကြာ စကားစမြည် ပြောဆိုနေစဉ် အချိန်တစ်လျှောက်လုံး ဒူးထောက်နေခဲ့ရသဖြင့် အတော်လေး ပင်ပန်းနေမည်မှာ သေချာလှပေသည်။
ရွှီပေါ်အန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် စားပွဲပေါ်မှ သကြားလုံးကဲ့သို့ ထုပ်ပိုးထားသော အမဲသားခြောက် တစ်ထုပ်ကို ယူလိုက်လေ၏။
ချန်ရှီရှီ၏ ရှေ့တွင် အမဲသားခြောက်ကို ညင်သာစွာ ချထားလိုက်ပြီး ရွှီပေါ်အန်းက ပြောလိုက်လေသည်။
“ဒါက မင်းအတွက် ဆုလာဘ်ပဲ...၊ နောက်ပိုင်း အစားအသောက်ပျက်လာရင် ဒီအရာကို အစားထိုး အနေနဲ့ စား နိုင်တယ်...။ အရသာက တော်တော်လေး ကောင်းပါတယ်...။”
စကားပြောရင်း ရွှီပေါ်အန်းသည် အမဲသားခြောက်ကို ထုတ်ယူကာ ညှစ်လိုက်ပြီးနောက် စင်တီမီတာဝက် ခန့်ရှိသော အပိုင်းလေးတစ်ပိုင်းကို ရွေးချယ်ကာ ထည့်ပေးလိုက်လေ၏။
အခြားနည်းလမ်း မရှိချေ။ အကယ်၍ ချန်ရှီရှီကို ဤသကြားလုံးအရွယ် အမဲသားတုံး တစ်ခုလုံးကို ပေးလိုက် မည်ဆိုလျှင် သူမသည် သေချာပေါက် သယ်ဆောင်နိုင်မည် မဟုတ်ပေ။
ချန်ရှီရှီ ထပ်မံ ဒူးထောက်လိုက်ချိန်တွင် သူမသည် ချွေးများရွှဲနစ်နေပြီး သူမ၏ လှပသော အဖြူရောင်ရှပ် အင်္ကျီ လေးမှာ ယခုအခါ သူမ၏ ကိုယ်ပေါ်တွင် တင်းကျပ်စွာ ကပ်နေကြောင်း ရွှီပေါ်အန်း သတိထားမိလိုက်လေသည်။ ရွှီပေါ်အန်း၏ ပါးစပ်မှာ ရုတ်တရက် ခြောက်သွေ့သွားသကဲ့သို့ ခံစားလိုက်ရလေ၏။
ရွှီပေါ်အန်းသည် သံမည်း ခရမ်းရောင် ဝါး ကို ချထားပြီးနောက် အလျင်အမြန် ဆုတ်ခွာသွားခဲ့လေ၏။
သူ အပြင်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်ယွန်းထောင် ထံမှ ဖုန်းအသစ်တစ်ခု ဝင်လာကာ ဖုန်းစခရင် မှာ လင်းသွားခဲ့လေသည်။ ရွှီပေါ်အန်း ဖုန်းကို ဖြေလိုက်သော်လည်း သူ စကားမပြောနိုင်မီ တစ်ဖက်မှ ကြမ်း တမ်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
“မင်းကောင်စုတ်လေး...၊ မင်းကိုယ်မင်း ဘာလို့ ကျောက်ယွန်းထောင် လို့ ခေါ်မနေတာလဲ...။ ပေါ်ယွန်းထောင် လို့ ခေါ်လိုက်တာက ပိုကောင်းမယ်…၊ ဟားဟားဟား...။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ...။ ငါ့ကို လာရှုပ် ရဲအောင်လို့...။ မင်း ကလေးမရနိုင်တော့တဲ့အထိ အရိုက်ခံရအောင် ငါ လုပ်ပစ်မယ်...၊ မင်း ယုံလား...။”
ရွှီပေါ်အန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်လေ၏။ ထိုအသံက အတော်လေး မောက်မာလွန်းလှပေသည်။