အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အခန်း (၁၇၁)
ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း
မကြာမီတွင် ရွှီပေါ်အန်းသည် ဗဟိုဗီလာသို့ ကားမောင်း၍ ပြန်လာခဲ့လေ၏။ ထို့နောက် အသိဟောင်းဖြစ်သော ကျောက်ယွန်းထောင်နှင့် တွေ့ဆုံပြီးနောက် ၎င်းတို့သည် ချက်ချင်းပင် အရောင်းအဝယ် စတင်ခဲ့ကြလေသည်။
ဤအရောင်းအဝယ်၏ ပမာဏအရ ဂရမ်အနည်းငယ်မျှအထိ တိကျစွာ ချိန်တွယ်နေရန် မလိုအပ်ပေ။
ကျောက်ယွန်းထောင်၏ ကားထဲတွင် တိကျမှုမြင့်မားသော ချိန်ခွင်တစ်ခု ပါရှိလေရာ ပစ္စည်းများကို ချိန်တွယ် ပြီးနောက် အချင်းချင်း အလျော့အတင်း ပြုလုပ်ကာ ကျောက်ယွန်းထောင်၏ ကားထဲတွင်ပင် အရောင်းအဝယ် ကိစ္စကို အပြီးသတ်လိုက်ကြလေ၏။ ရွှေတုံးတစ်တုံးကို ရောင်းချလိုက်ခြင်းဖြင့် ရွှီပေါ်အန်းသည် နောက်ထပ် ယွမ်သန်းနှစ်ဆယ်ကို အိတ်ကပ်ထဲသို့ ထည့်လိုက်နိုင်ခဲ့လေသည်။ ထို့ကြောင့် ရွှီပေါ်အန်းသည် ထပ်မံ၍ ငွေကြေး သုံးစွဲရာတွင် လက်ဖွာလာခဲ့ပြန်လေ၏။
သူ၏ ဘဏ်အကောင့်ထဲသို့ ငွေများ ဝင်လာသည်နှင့်တစ်ပြိုင်နက် ရွှီပေါ်အန်း၏ ယုံကြည်မှုမှာလည်း သိသိသာ သာ တိုးတက်လာခဲ့လေသည်။ ဂူထဲတွင် သိမ်းဆည်းထားသော ရွှေငွေ ရတနာသေတ္တာ အပြည့်အချို့ကို တွေးမိ သောအခါ ရွှီပေါ်အန်း၏ စိတ်ထဲတွင် ပို၍ပင် စိတ်အေးသက်သာ ဖြစ်သွားရလေ၏။ ယန်မီနှင့် ညစာအတူစားရန် ကိစ္စကိုမူ ရွှီပေါ်အန်းက စဉ်းစားပင်မနေတော့ဘဲ လက်လျှော့လိုက်လေသည်။
သူသည် ယန်မီကို တကယ်တွေ့ချင်ခဲ့သော်လည်း ချန်ရှီရှီ၏ အခြေအနေကို ရှင်းပြရန် ခက်ခဲနေခဲ့ခြင်း ဖြစ်လေ သည်။ ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် သူ၏ စိတ်အားထက်သန်မှုကို ဖိနှိပ်ထားခဲ့ရလေ၏။
တစ်ဖက်တွင်မူ ကျောက်ယွန်းထောင်မှာ အချစ်အတွက် အမှန်တကယ်ပင် အနစ်နာခံသူ တစ်ဦးဖြစ်လေသည်။
သူသည် အဆက်အသွယ်များကို အစွမ်းကုန် အသုံးချကာ ဗဟိုခြံဝင်းအတွင်း၌ အိမ်တစ်လုံးကို ယာယီငှားရမ်း နိုင်ခဲ့လေ၏။ ယန်မီနှင့် မတော်တဆ ဆုံတွေ့နိုင်မည့် အခွင့်အရေးတစ်ခု ဖန်တီးနိုင်ရန်အတွက်သာ ဖြစ်ပေသည်။
ထိုအရာကသာ ပရိသတ်စစ်စစ် ဟု ခေါ်ဆိုနိုင်လေသည်။ ရွှီပေါ်အန်းကဲ့သို့သော သူမျိုးမှာမူ အကောင်းဆုံးဆို လျှင်တောင် ယောကျ်ားတစ်ယောက်၏ မူလစရိုက်လက္ခဏာမျှသာ ဖြစ်ပေမည်။
အိမ်သို့ပြန်ရောက်သောအခါ ချန်ဖိန်ဖိန်သည် ထန်ရုံကျီ၏ အဝတ်အစားများနှင့် ခရီးဆောင်အိတ်များကို ကူညီ၍ ထုပ်ပိုးပေးနေခဲ့လေသည်။ ဘေးတွင် ရပ်နေသော ရွှီကျန်းချန်ပင်လျှင် ဟောင်းနွမ်းနေသော ခရီးဆောင်အိတ် တစ်လုံးကို နေရာချထားရင်း ထူးထူးခြားခြား အလုပ်များနေခဲ့လေ၏။ ရွှီပေါ်အန်း ပြန်လာသည်ကို မြင်သောအခါ ရွှီကျန်းချန်က အလျင်အမြန် လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။
"မင်းလာတာ အတော်ပဲ...၊ ခရီးဆောင်အိတ်ကို ဖိပေးဖို့ လာကူပါဦး...။ ဇစ်က ဆွဲပိတ်လို့ မရဘူးဖြစ်နေတယ်...။"
"အဖေနဲ့ အမေ...၊ နောက်ထပ် နှစ်ရက်လောက် ထပ်မနေတော့ဘူးလား...။ ဘာလို့ ဒီလောက် အလောတကြီး ပြန်ချင်နေရတာလဲ...။"
မြင်ကွင်းကို ကြည့်ရုံဖြင့် သက်ကြီးရွယ်အို ဇနီးမောင်နှံသည် အိမ်သို့ပြန်ရန် စီစဉ်နေကြောင်း သိသာထင်ရှားနေ လေသည်။
ထန်ရုံကျီက ညင်သာစွာ ပြောလိုက်လေ၏။
"အိမ်မှာ ရှင်းစရာတွေ အများကြီး ရှိသေးတယ်လေ...။ ဒါနဲ့ မင်း ညစာစားပြီးပြီလား...၊ အိုးထဲမှာ ဟင်းပေါင်း ကျန် သေးတယ်...၊ အမေ သွားနွှေးပေးမယ်...။"
ဖခင်ဖြစ်သူအား ခရီးဆောင်အိတ်ကို ဖိပေးရင်း ရွှီပေါ်အန်းက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"နည်းနည်းလောက် စားမယ်လေ...။ မစားရတာ ကြာပြီဆိုတော့ တော်တော် စားချင်နေပြီ...။"
ဟင်းပေါင်း ဆိုသည်မှာ တုန်းကျန်း ကျေးလက်ဒေသ၏ လယ်သမားအစားအစာ တစ်မျိုးဖြစ်လေ သည်။ ၎င်း တွင်ဆပ်ပြုတ်ထဲသို့ ခေါက်ဆွဲ၊ နှမ်းဆီ၊ ဟင်းနုနွယ်ကဲ့သို့သော အရွက်များသာမက တစ်ခါတစ်ရံ အာလူးနှင့် ရွှေဖရုံသီးကဲ့သို့သော အခြားပါဝင်ပစ္စည်းများကိုပါ ထည့်သွင်းချက်ပြုတ်လေ့ရှိသည်။ ရရှိလာသော ဟင်းချိုမှာ အစာအိမ်အတွက် အတော်လေး သက်တောင့်သက်သာ ရှိစေလေ၏။
သို့သော် ရွှီပေါ်အန်းသည် ငယ်စဉ်က ဤကဲ့သို့ အရသာပေါ့ပျက်ပျက်နိုင်သော အစားအစာများကို မနှစ်သက်ခဲ့ ပေ။ သူ ကြီးပြင်းလာပြီး စားသောက်ဆိုင်များရှိ ဟင်းလျာမျိုးစုံကို အသားကျလာပြီးနောက်မှသာ ဤရိုးရှင်း သော အစားအစာများကို လွမ်းဆွတ်လာခဲ့ခြင်း ဖြစ်လေသည်။
ထိုစကားကို ကြားသောအခါ ချန်ဖိန်ဖိန်က သေသပ်စွာ ခေါက်ထားသော အဝတ်တစ်ထည်ကို အိတ်ထဲသို့ ထည့် လိုက်ရင်း ပြောလိုက်လေသည်။
"သမီး သွားလုပ်လိုက်ပါ့မယ်...၊ အန်တီ ခဏလောက် နားလိုက်ပါဦး...။"
မည်သို့ပင်ဆိုစေ မနက်ဖြန်တွင် ပြန်ကြတော့မည်ဖြစ်ရာ သူတို့သားအမိ စကားပြောရန် အချိန်နှင့် နေရာတစ်ခု ပေးလိုက်ခြင်း ဖြစ်ပေသည်။
ထန်ရုံကျီမှာ အားနာနေဆဲဖြစ်သဖြင့် ယဉ်ကျေးစွာ စကားအနည်းငယ် ပြောဆိုပြီးနောက် ချန်ဖိန်ဖိန်နှင့်အတူ မီးဖိုချောင်ထဲသို့ ဝင်သွားလေတော့သည်။
ရွှီကျန်းချန်သည် နောက်ဆုံးတွင် ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်နိုင်သွားပြီးနောက် တိုးညှင်းစွာ ပြောလိုက် လေ၏။
"အဖေတို့ နောက်ထပ် နှစ်ရက်လောက် နေလို့ရသေးတယ်...။ ဒါပေမဲ့ ဒီနေ့မွန်းလွဲပိုင်းက မင်းအဖွား ရွာကနေ ဖုန်းဆက်လာတယ်လေ...။ မြို့ရွာဖျက်သိမ်းရေးကိစ္စ ဆွေးနွေးဖို့ ပြန်လာခဲ့ပါတဲ့...၊ မင်းအမေက မထိုင်နိုင် မထ နိုင်ဖြစ်ပြီး အတင်းပြန်မယ် လုပ်နေတာပဲ...။"
ဖျက်သိမ်းခြင်းနှင့် နေရာချထားခြင်းကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်မျိုးတွင် မည်သူမဆို တည်ငြိမ်စွာ နေ ထိုင်ရန် ခက်ခဲမည်ဖြစ်ရာ ဘဝတစ်သက်တာလုံး ဆင်းရဲနွမ်းပါးစွာ နေထိုင်ခဲ့ရသော သက်ကြီးရွယ်အို နှစ်ဦး အတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ရွှီပေါ်အန်းသည် နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ညင်သာစွာ ပြောလိုက်လေသည်။
"ကောင်းပြီလေ...၊ မနက်ဖြန် သား ကိုယ်တိုင် ကားမောင်းပြီး ပို့ပေးမယ်...။"
ရွှီကျန်းချန်က လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းရင်း ငြင်းဆန်လိုက်လေ၏။
"အဲ့ဒီလို လုပ်စရာ မလိုပါဘူး...။ အခုခေတ်မှာ ရထားတွေက အရမ်း အဆင်ပြေနေပြီပဲဟာ...။"
သူသည် အသက်ကြီးလာသည်နှင့်အမျှ သားသမီးများကို ပို၍ ဒုက္ခမပေးချင်တော့ပေ။
ရွှီပေါ်အန်းက ပြုံး၍ ပြောလိုက်လေသည်။
"ကိစ္စမရှိပါဘူး အဖေရာ...၊ မနက်ဖြန်က စနေတနင်္ဂနွေ ပိတ်ရက်ဖြစ်နေပြီး သားလည်း အားနေတာပဲလေ...။ နယ်ကို မပြန်ဖြစ်တာလည်း တော်တော်ကြာနေပြီဆိုတော့ အတူတူ သွားကြတာပေါ့...။"
ရွှီပေါ်အန်း၏ အဘိုးနှင့် အဘွား ကွယ်လွန်သွားပြီးနောက်ပိုင်း သူသည် နယ်သို့ မပြန်ဖြစ်သည်မှာ နှစ်ပေါင်းများ စွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ မိဘများ သက်ရှိထင်ရှား ရှိနေသမျှ ကာလပတ်လုံး လာစရာ နေရာတစ်ခု ရှိနေသေးသည်၊ မိဘများ မရှိတော့ပါက အပြန်လမ်းသာ ရှိတော့သည် ဟူသော ဆိုရိုးစကား တစ်ခုလည်း ရှိပေသည်။
အဘိုးအဘွားများနှင့် ပတ်သက်၍လည်း ဤသဘောတရားမှာ အတူတူပင် ဖြစ်လေ၏။
သူ၏ အဘိုးနှင့် အဘွား သက်ရှိထင်ရှား ရှိစဉ်က ရွှီပေါ်အန်းသည် အားလပ်ရက်များတွင် သွားရောက်လည်ပတ် လေ့ရှိပြီး ကျောင်းပိတ်ရက်များဖြစ်သော ဆောင်းရာသီနှင့် နွေရာသီ အားလပ်ရက်များတွင်ပင် ထိုနေရာ၌ အချိန် ကြာမြင့်စွာ နေထိုင်လေ့ရှိခဲ့လေသည်။ သူ၏ ကလေးဘဝ ပျော်ရွှင်မှုများစွာသည် ထိုနေရာ၌ပင် ဖြစ်တည်ခဲ့လေ ၏။ ထိုသက်ကြီးရွယ်အို နှစ်ဦး ထွက်ခွာ သွားပြီးနောက် ရွှီပေါ်အန်းအတွက် ပြန်သွားစရာ အကြောင်းပြချက် မရှိ တော့ပေ။
ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ ရွှီကျန်းချန်မှာ အတော်လေး အံ့အားသင့်သွားပြီး ပြန်လည်မေးခွန်း ထုတ်လိုက်လေသည်။
"စနေတနင်္ဂနွေ ပိတ်ရက်...၊ အားလပ်ရက် ဟုတ်လား...။"
ရွှီကျန်းချန်၏ မှတ်ဉာဏ်ထဲတွင် သူ၏သားသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ စတင် အလုပ်လုပ်ကတည်းက စနေတနင်္ဂနွေ ပိတ်ရက်ဟူ၍ နီးပါးမျှ မရှိခဲ့ဖူးပေ ။ အများဆုံးဆိုလျှင် ပွဲတော်ရက်များအတွင်း နှစ်စဉ်ခွင့်ရက် များကို ညှိနှိုင်းယူခြင်းမျိုးသာ ရှိလေသည်။
ရွှီပေါ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ၏။
"ဟုတ်တယ်...။ စနေတနင်္ဂနွေ ပိတ်ရက်လေ...။ သား ကားမောင်းပြီး အတူတူ ပြန်ပို့ပေးပါ့မယ်...။"
အင်ဂျင်နီယာ ကုမ္ပဏီများသည် စနေတနင်္ဂနွေ ပိတ်ရက်များ ရှားပါးလှသော်လည်း ထိုအရာက အောက်ခြေ စီမံကိန်းများတွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများကိုသာ ဆိုလိုခြင်းဖြစ်လေသည်။ ကုမ္ပဏီများနှင့် အစိုးရရုံး များအတွက်မူ စနေတနင်္ဂနွေ ခွင့်ရက်စနစ်ကို ယေဘုယျအားဖြင့် အကောင်အထည်ဖော်ထားလေ့ ရှိပေသည်။
အထူးသဖြင့် ရွှီပေါ်အန်းကဲ့သို့သော မန်နေဂျာများအတွက်မူ အချိန်ပို၍ လွတ်လပ်မှု ရှိလေသည်။
အချိန်ပို အလုပ်များ ရှိနိုင်သော်လည်း အချိန်ပိုဆင်းသည့်အတွက် အစားထိုး ခွင့်ရက်များကို အလွယ်တကူ ရရှိ နိုင်ပေသည်။ ထို့အပြင် မန်နေဂျာ အများစုသည် အိမ်ပြန်ရမည့်အစား ကုမ္ပဏီတွင်သာ နေထိုင်ရန် ပို၍ လိုလား ကြလေသည်။ လုပ်ငန်းခွင်တွင် မင်းမျိုးမင်းနွယ် တစ်ပါးကဲ့သို့ အစေခံခံရပြီး အလေးအမြတ် ထားခံရသော် လည်း အိမ်တွင်မူ အိမ်ထောင်ဖက်၏ အပြစ်တင် ညည်းတွားမှုနှင့် မလိုလားမှုကို ခံရလေ့ရှိပေသည်။
စိတ်ပညာ ရှုထောင့်မှ ကြည့်လျှင် ပထမအချက်က ပို၍ သာယာပျော်ရွှင်ဖွယ်ကောင်းသည်မှာ သေချာလှလေ သည်။ဤသည်မှာ အချို့သော ခေါင်းဆောင်များသည် အချိန်ပို လုပ်ရန် မလိုသော်ငြားလည်း ကုမ္ပဏီတွင်သာ ဆက်နေပြီး ပြန်ရန် ငြင်းဆန်ကြသည့် အကြောင်းရင်းပင် ဖြစ်လေ၏။
ရွှီပေါ်အန်း အမှန်တကယ်ပင် စနေတနင်္ဂနွေ နှစ်ရက်တာ ခွင့်ရက်ရနိုင်ကြောင်း ကြားသိရသောအခါ ရွှီကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သားဖြစ်သူ၏ ကားဖြင့် အိမ်ပြန်ရန် သဘောတူလိုက်လေတော့သည်။
မည်သို့ပင်ဆိုစေ ခရိုင်သို့ ရထားဖြင့် ပြန်လျှင်တောင်မှ ခရိုင်မှတစ်ဆင့် ရွာသို့ ပြန်ရန်အတွက် အဆင်ပြေသော ဘတ်စ်ကား မရှိသဖြင့် ရွာသို့ပြန်လိုပါက နောက်ထပ် ကားတစ်ဆင့် ထပ်စီးရဦးမည် ဖြစ်လေသည်။ မိမိ၏ သား အရင်းက ကိုယ်တိုင် လိုက်ပို့ပေးမည်ဆိုပါက ဤထက် ပို၍ အဆင်ပြေနိုင်စရာ အကြောင်းမရှိတော့ပေ။
ထို့အပြင် ဤအရွယ်ရှိ သက်ကြီးရွယ်အိုများအတွက် သူတို့ ရပ်တည်နေသော ဂုဏ်သိက္ခာဆိုသည်မှာ သူတို့၏ သားသမီးများက ပေးအပ်ထားခြင်းပင် ဖြစ်လေ၏။
သားသမီးများက ခေါ်ဆောင်သွားပြီး ကိုယ်ပိုင်ကားလေးဖြင့် ဂုဏ်ယူဝင့်ကြွားစွာ အိမ်သို့ ပြန်ရခြင်းမျိုးကို မည် သည့် သက်ကြီးရွယ်အိုက မလိုချင်ဘဲ နေမည်နည်း။
နောက်တစ်နေ့တွင် ခရီးသွားရမည်ဖြစ်ရာ ရွှီပေါ်အန်း စားသောက်ပြီးနောက် မိဘများ၏ ခရီးဆောင်အိတ်များကို ကူညီထုပ်ပိုးပေးရန် ပြင်ဆင်နေစဉ် ထန်ရုံကျီက နောက်တစ်နေ့ ကားမောင်းရာတွင် အိပ်ငိုက်ခြင်းမှ ကင်းဝေးစေ ရန် စောစောအနားယူနိုင်ရန်အတွက် အိပ်ခန်းထဲသို့ ပြန်သွားရန် တိုက်တွန်းလေတော့သည်။
ရွှီပေါ်အန်းသည် နှစ်ကာလများစွာ ညဉ့်နက်သည်အထိ နေလေ့ရှိသော အကျင့်တစ်ခု ရနေခဲ့လေပြီ။ သဘာဝကျ စွာပင် ဤအချိန်၌ သူ အိပ်မပျော်နိုင်သေးချေ။
လတ်တလောတွင်မူ သူ၏ စွမ်းအင်များကို ဘွန်ဆိုင်းကမ္ဘာအပေါ်၌သာ အာရုံစိုက်ထားခဲ့လေသည်။
ဘွန်ဆိုင်းကမ္ဘာထဲတွင်…။
ခေါင်ရှန်းရွာ တစ်ဝိုက်ရှိ ဧရိယာမှာ အတော်လေး တိတ်ဆိတ်နေခဲ့လေပြီ…။
ဘွန်ဆိုင်းကမ္ဘာထဲရှိ လူပုလေးများအတွက်မူ ညဘက်တွင် မီးခွက်အလင်းရောင် မရှိဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြပေ။ မြို့ပြများတွင် ညဘက် ဖျော်ဖြေရေးပုံစံ အမျိုးမျိုး ရှိနေသော်ငြားလည်း ထိုအရာများ သည် သာမန်လူများ တတ်နိုင်သော အရာများ မဟုတ်ချေ။
ခေါင်ရှန်းရွာတွင် အိမ်ထောင်စု အနည်းငယ်ကသာ ဆီမီးခွက်များကို ထွန်းညှိထားပြီး အသက်မွေးဝမ်းကျောင်း အတွက် ဖာထေးချုပ်လုပ်ခြင်းများကို ပြုလုပ်နေကြလေသည်။
လီချင်းကျန်းသည် အမှန်တကယ်ပင် ကြိုးစားသော ကျောင်းသားတစ်ဦး ဖြစ်လေသည်။ ထိုကောင်လေး မီးရောင်အောက်တွင် စာဖတ်ခြင်း၌ နစ်မြောနေသည်ကို ရွှီပေါ်အန်း မြင်တွေ့လိုက်ရပြီး သူ၏ ကဲ့သို့ ကြိုးစား ပမ်းစား လုပ်ဆောင်သူ တစ်ဦးက အင်ပါယာ စာမေးပွဲများကို အကြိမ်ကြိမ် ကျရှုံးနိုင်သည်ဆိုသည်ကို ယုံကြည် ရန် ခက်ခဲနေမိလေ၏။
တစ်နေကုန် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရသူများမှာ အနားယူရန် အများဆုံး လိုအပ်သူများပင် ဖြစ်ကြလေ သည်။ ချန်ရှီရှီပင်လျှင် အိပ်ပျော်နေခဲ့ပြီဖြစ်ကာ သူမ၏ ကိုယ်လုံးလေးမှာ အသက်ရှူသံ စည်းချက်နှင့်အတူ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေလေ၏။
*တောင်းပန်ပါတယ်...၊ တောင်းပန်ပါတယ်...။ မိန်းကလေးတွေကို ဒီလောက် အနီးကပ် မကြည့်သင့်ပါဘူး လေ…။*
ထို့နောက် ရွှီပေါ်အန်းသည် ရွှေ၊ ငွေနှင့် ရတနာများ သိမ်းဆည်းထားသော ဘေးဘက်ရှိ လိုဏ်ဂူထဲသို့ သွားရောက် ကြည့်ရှုလိုက်လေသည်။
*ဘုရားရေ...*
သူ၏ ကိုယ်ပိုင် အစောင့်အရှောက်လေးဖြစ်သော ထိုဝက်ဝံညိုကြီးသည် ဤနေရာ၌ အမှန်တကယ် အနားယူနေခဲ့ လေ၏။
သူ၏ လက်များနှင့် ခြေထောက်များကြားတွင် အနီနှင့်အဖြူ ရောယှက်နေသော ကျောက်စိမ်းကဲ့သို့သော အရာ ဝတ္ထုကြီး တစ်ခုနှင့် ရွှေတုံးအချို့ကိုလည်း ဖက်ထားသေးလေသည်။
*ဒီကောင်ကြီးက တကယ်ကို ထူးဆန်းတာပဲ…။ သူက ဘာကြောင့် ဒီနေရာမှာ လာနေရတာလဲ...။ တွင်းတူးရမှာ ပျင်းလို့များလား...။ ဒါပေမဲ့ အရင်က သူ ဘယ်မှာ နေခဲ့တာလဲ...။*
ရွှီပေါ်အန်း တစ်ယောက် အလဟဿ တွေးတောရင်း အတွေးများ လွင့်မျောနေစဉ် ရုတ်တရက် သူ့ထံသို့ ခေါ်ဆိုမှု တစ်ခု ရောက်ရှိလာခဲ့လေသည်။
ရွှီပေါ်အန်း၏ အကြည့်က တောင်စောင့်နတ်မင်း နတ်ကွန်းဆီသို့ ချက်ချင်း ကျရောက်သွားခဲ့၏။ နောက်တစ်ခဏ တွင် သူသည် ပူဖောင်းကို နှိပ်လိုက်ရာ ဟုန်ယာရွာရှိ တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းသို့ ရောက်ရှိသွား လေတော့သည်။
နံ့သာပူဇော်ရာ စားပွဲရှေ့ရှိ ဆုတောင်းဖျာပေါ်တွင် သူ၏ မိတ်ဆွေဟောင်း နျူရှီအာသည် စိတ်ဓာတ်ကျနေသော မျက်နှာထားဖြင့် ဒူးထောက်ကာ တီးတိုး ဆုတောင်းနေလေသည်။
"တောင်စောင့်နတ်မင်းကြီး...၊ ကျွန်တော်မျိုး နျူရှီအာက လမ်းညွှန်ပြသပေးဖို့ တောင်းဆိုပါတယ်...။"
"အရှင်နတ်မင်းကြီး ကျွန်တော်မျိုးကို ကူညီပေးရပါမယ်...၊ ကျွန်တော်မျိုးမှာ တခြား ရွေးချယ်စရာ မရှိတော့လို့ ပါ...။"
"နျူရှီအာ...၊ မင်းကို ဒီလောက်တောင် ထိတ်လန့်နေစေတဲ့ ကိစ္စက ဘာများလဲ...။"
ရွှီပေါ်အန်းက မေးလိုက်လေ၏။
ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ နျူရှီအာ၏ မျက်နှာသည် ဝမ်းသာအားရ ဖြစ်သွားလေသည်။ သူက ချက်ချင်းပင် ရှေ့သို့ ကိုင်းညွတ်ကာ ထပ်မံ ဦးချလိုက်ပြီး ပြောလိုက်လေ၏။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ပုန်ကန်သူတွေ တိုက်ခိုက်လာချိန်မှာ ကျွန်တော်မျိုးတို့ အားလုံး ပုန်းအောင်း နေခဲ့ကြပါတယ်...။"
"ဒါပေမဲ့ မိုင်းတွင်းပိုင်ရှင်ကတော့ အရမ်း မာနထောင်လွှားလွန်းလို့ ပုန်းအောင်းဖို့ မကြိုးစားခဲ့ပါဘူး...။ ကံမ ကောင်းစွာနဲ့ပဲ သူက ပုန်ကန်သူတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်...။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတည်းက မိုင်းတွင်းကို ပိတ်ထားလိုက်ရပါပြီ...။"
"ကျွန်တော်မျိုးရဲ့ အဖေက အားလုံးကို လျန်ဟယ်တောက်က မိုင်းတွင်းတွေမှာ အလုပ်လုပ်ဖို့ မြောက်ဘက်ကို ခေါ်သွားချင်နေပါတယ်...။ တခြား ဦးလေးတစ်ယောက်ကတော့ လင်းရှီးတောက်က မိုင်းတွင်းတွေမှာ အလုပ် လုပ်ဖို့ အားလုံးကို တောင်ဘက်ဆီ ခေါ်သွားချင်နေပြန်ပါတယ်...။"
"အခု နှစ်ဖက်စလုံးက အကြိတ်အနယ် ဖြစ်နေကြပြီမလို့ တောင်ဘက်ကို သွားရမလား...၊ မြောက်ဘက်ကို သွား ရမလားဆိုတာ ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခု ရှာပေးဖို့ တောင်စောင့်နတ်မင်းကြီးကို တောင်းဆိုချင်ပါ တယ်...။"
ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ အပြောရခက်သွားလေတော့သည်။
*နျူရှီအာ... နျူရှီအာ... မင်းက ငါ့ကို အရာအားလုံး စွမ်းဆောင်နိုင်တဲ့ နတ်ဘုရားတစ်ပါးလို့ တကယ်ထင်နေ တာပဲကိုး...။ မင်း ဘာမှ မသိပါဘူးလေ...၊ ငါ့မှာလည်း ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိနေတာကိုး...။*
*တကယ်လို့ ငါ့ဆီကနေ စားစရာ သောက်စရာ တစ်ခုခု လိုအပ်မယ်ဆိုရင်တော့ ငါ ကူညီပေးလို့ ရပါတယ်...။
မင်းက ငါ့ကို ကံကြမ္မာဟောကိန်းထုတ်ဖို့နဲ့ ဗေဒင်တွက်ပေးဖို့ တောင်းဆိုနေတာကျတော့ ငါ့အတွက် နည်းနည်း ခက်ခဲနေတယ်လေ...။ ငါ့မှာ ဗေဒင်တွက်ခြင်းလိုမျိုး သဘာဝလွန် စွမ်းအားတစ်ခုခု မရှိဘူးဆိုရင် ငါတို့မှာ အဲဒီ စွမ်းရည်မျိုး မရှိဘူးလေ...။*
ထိုအတွေးသည် သူ၏စိတ်ထဲတွင် ပေါ်လာရုံသာ ရှိသေးချိန်၌ ရုတ်တရက် အမွှေးတိုင် ပူဇော်မှု စွမ်းအားများ ပြင်းထန်စွာ တုန်ခါသွားသည်ကို ရွှီပေါ်အန်း ခံစားလိုက်ရလေသည်။
*ဟင်...*
ရွှီပေါ်အန်းမှာ ခေတ္တမျှ ကြက်သေသေသွားခဲ့လေ၏။
*ဒါက တကယ်ပဲ ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား...၊ အမွှေးတိုင် ပူဇော်မှုနဲ့ ဆုတောင်းပတ္ထနာပြုမှုတွေကို အသုံး ပြုပြီးတော့ ဗေဒင်ဟောကိန်းထုတ်နိုင်တဲ့ သဘာဝလွန် စွမ်းအားကို ရရှိနိုင်တာလား...။*
အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများသည် ထပ်မံ၍ တုန်ခါသွားပြန်လေသည်။
ရွှီပေါ်အန်းမှာ အလွန်တရာ ဝမ်းသာသွားခဲ့လေ၏။ ဤသည်မှာ လုံးဝကို အံ့အားသင့်စရာပင် ဖြစ်လေသည်။
*အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများကို အသုံးပြုနေပြီပဲ...။ ဗေဒင်ဟောကိန်းထုတ်နိုင်တဲ့ သဘာဝလွန်စွမ်းအားကို ငါ ကျွမ်းကျင်အောင် လုပ်ရမယ်...။*
နောက်တစ်ခဏတွင် အမွှေးတိုင် ပူဇော်မှုများနှင့် ဆုတောင်းပတ္ထနာပြုမှုများ လျော့ကျသွားသည်ကို ရွှီပေါ်အန်း ရှင်းလင်းစွာ ခံစားလိုက်ရလေ၏။
ထို့နောက် ရွှီပေါ်အန်းသည် သူ၏ စိတ်ထဲ၌ ထိုရင်းနှီးနေသော ပြည့်စုံမှု ခံစားချက်ကို ထပ်မံ ခံစားလိုက်ရပြန်လေ သည်။ သူသည် ကလေးဘဝကတည်းက လောကကြီးရှိ အရာအားလုံးကို အုပ်စိုးထားသော နိယာမများကို လေ့လာစောင့်ကြည့်ရန် နှစ်သက်ခဲ့ပုံရလေသည်။
ငယ်စဉ်ကတည်းကပင် သူသည် လောကကြီးရှိ အရာအားလုံး၏ အပြောင်းအလဲများနှင့် ကောင်းကင်ယံရှိ ကျယ် ပြန့်သော ကြယ်တာရာများ၏ အပြောင်းအလဲများကို စောင့်ကြည့်လေ့လာခဲ့လေ၏။
မြစ်ထဲတွင်၊ တံတားပေါ်တွင်၊ တောင်တန်းများပေါ်တွင်၊ နတ်ကွန်းထဲတွင်...၊ဈ သူသည် နောက်ဆုံးတွင် ကိုယ်ပိုင် နောက်လိုက်များနှင့် ကိုယ်ပိုင် နတ်ကွန်းတစ်ခုကို မရရှိမီ နှစ်ပေါင်းငါးရာတိုင်တိုင် စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခ များကို ခံစားခဲ့ရပြီး နောက်ထပ် နှစ်ပေါင်းငါးရာတိုင်တိုင် လေနှင့် နေရောင်ခြည်ကို ခံစားခဲ့ရကာ နောက်ထပ် နှစ်ပေါင်းငါးရာတိုင်တိုင် အတားအဆီးများကို ကျော်လွှားခဲ့ရလေသည်။
*အို... ငါက နိုးထလာတဲ့ လိပ်တစ်ကောင်နဲ့ တူနေတယ်...။*
သူသည် မူလက မြစ်ထဲရှိ ငါး၊ ပုစွန်နှင့် ဂဏန်းများ၏ ကံကြမ္မာကို ဟောကိန်းထုတ်ခဲ့ပြီး ခရီးသည်များကို သူတို့ ၏ ခရီးစဉ်များတွင် လမ်းညွှန်ပေးကာ အသက်ရှင်ရပ်တည်ရေးအတွက် ကြိုးပမ်းနေသော မုဆိုးများ၏ ကံကြမ္မာ ကို ဟောကိန်းထုတ်ပေးခဲ့လေသည်။ နောက်ဆုံးတွင် သူသည် ဒေသခံများ၏ ကိုးကွယ်ယုံကြည်မှုကို ခံရသော ဒေသခံ နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့လေ၏။
ရာစုနှစ်ပေါင်းများစွာ တွက်ချက်မှုများ ပြုလုပ်ခဲ့ခြင်းမှတစ်ဆင့် သူသည် ယုံကြည်ကိုးကွယ်သူများအတွက် အမျိုး မျိုးသော ဗေဒင်ဟောကိန်းများနှင့် တွက်ချက်မှုများ ပြုလုပ်ရာတွင် ကျွမ်းကျင်လာခဲ့လေသည်။
ကောင်းကျိုးဆိုးကျိုးကို ဟောကိန်းထုတ်ခြင်း၊ အနာဂတ်ကို တွက်ချက်ခြင်း၊ ကံကြမ္မာကို အကဲဖြတ်ခြင်း၊ ဖုန်းရွှေ ကြည့်ရှုခြင်းနှင့် အိမ်ထောင်ရေး ဟောကိန်းထုတ်ခြင်းတို့တွင် သူ၌ အသိပညာ အချို့ ရှိခဲ့လေသည်။
အသိစိတ် ပြန်လည်ဝင်ရောက်လာသော ရွှီပေါ်အန်းမှာ ချက်ချင်းပင် လန့်ဖြန့်သွားခဲ့လေ၏။
*ဘုရားရေ...၊ တော်တော် ကြမ်းတာပဲ...။ ဒီလောက်တောင် ကျယ်ပြန့်တဲ့ လုပ်ငန်းတွေလား...။*
*ကောင်းကျိုးဆိုးကျိုး ဟောကိန်းထုတ်တာ၊ ကံကြမ္မာကို အကဲဖြတ်တာနဲ့ ဖုန်းရွှေ ကြည့်ရှုတာလိုမျိုး ပုံမှန် လုပ်ရိုးလုပ်စဉ်တွေကို ခဏထားလိုက်ဦး...။ ဒီ "အိမ်ထောင်ရေး ဟောကိန်းထုတ်ခြင်း" ဆိုတာက အတိအကျ ဘာကြီးလဲ...။*
*ဘွန်ဆိုင်းကမ္ဘာထဲမှာ အောင်သွယ်ပေးတဲ့ ကိစ္စတွေကို တာဝန်ယူရတဲ့ လမင်းအောက်က အဘိုးအို လိုမျိုး နတ်ဘုရားတွေ မရှိဘူးလို့များ ဆိုလိုတာလား...။ ဒီတာဝန်ကိုတောင် ဒေသခံ မြေစောင့်နတ်နဲ့ တောင်စောင့် နတ်မင်းတွေကပဲ ကိုင်တွယ်ဖြေရှင်းရတာလား...။*
*ဒါမှမဟုတ် အထက်မှာ အောင်သွယ်ပေးတဲ့သူ ရှိနေသေးတာလား...။ ဒါပေမဲ့ လူတစ်ယောက်တည်းက လုပ်ငန်း စဉ် တစ်ခုလုံးကို မထောက်ပံ့နိုင်လို့ လုပ်ငန်း အစိတ်အပိုင်းတွေကို အောက်ခြေအဆင့်ဆီ တိုက်ရိုက် လွှဲပြောင်း ပေးလိုက်တာများလား...။*
*ဘုရားရေ...။ အဲဒါက တကယ်သာဆိုရင် အပေါ်မှာ ကြိုးတစ်ထောင်ရှိပြီး အောက်မှာ အပ်တစ်ချောင်းတည်း ရှိနေတယ်ဆိုတဲ့ ဂန္ထဝင်မြောက် ဥပမာတစ်ခု ဖြစ်မနေဘူးလား...။*
သူ့အတွက်တော့ ကျွမ်းကျင်မှု ပိုများလေ ပိုကောင်းလေပင် ဖြစ်သည်။ သူ ရယ်မောနေစဉ်မှာပင် ရွှီပေါ်အန်းသည် ရုတ်တရက် ကြက်သေသေသွားခဲ့လေ၏။ သေချာစွာ ထပ်ကြည့်လိုက်သောအခါ ရွှီပေါ်အန်းသည် ငိုချလုမတတ် ဖြစ်သွားရလေသည်။
သူ၏ အမွှေးတိုင် ပူဇော်မှုများနှင့် ဆုတောင်းပတ္ထနာပြုမှုများမှာ ဆယ်ကြိုး အတိအကျ လျော့ကျသွားကြောင်းကို သူ ယခုလေးတင် တွေ့ရှိလိုက်ရခြင်း ဖြစ်လေသည်။
*ဘုရားရေ... မင်း ငါ့ကို နောက်နေတာလား...။ ဆယ်ကြိုးတောင်လား...၊ မြေရှင်တွေနဲ့ သူဌေးတွေတောင် ဒီလောက်အထိ မလွန်ကဲဘူးလေ...။*
*ကြိုးတစ်ကြိုးတည်းကနေ စပြီး နှစ်ဆ၊ လေးဆ၊ ရှစ်ဆ စသဖြင့် မြှောက်သွားရမှာ မဟုတ်ဘူးလား...။ တစ်ပြိုင် တည်း ဆယ်ကြိုးဆိုတာက နည်းနည်း ဈေးကြီးလွန်းမနေဘူးလား...။ ပြန်ပေးလို့ ရမလား...။*
ရွှီပေါ်အန်းသည် ခေတ္တမျှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သော်လည်း အမွှေးတိုင် ပူဇော်မှုများနှင့် ဆုတောင်း ပတ္ထနာပြုမှုများမှာ မည်သို့မျှ တုံ့ပြန်မှု မရှိခဲ့ပေ။
*ကောင်းပြီလေ...။ ဒါက တစ်ကြိမ်တည်းသော အရောင်းအဝယ်ပဲ...၊ ဝယ်ပြီးသွားရင် ပြီးပြီပေါ့...။ ခုနစ်ရက် အတွင်း ပြန်ပေးတာတွေ၊ လဲလှယ်တာတွေ မရဘူး...။*
အခြေအနေများ ဤအဆင့်သို့ ရောက်လာပြီဖြစ်ရာ ရွှီပေါ်အန်းအတွက် အခြား ရွေးချယ်စရာ မရှိတော့ပေ။
သူ ယခုလေးတင် ဆုပ်ကိုင်မိလိုက်သော သဘာဝလွန်စွမ်းအားကို ဂရုတစိုက် နားလည်သဘောပေါက်နိုင်ရန် သူ ချက်ချင်းပင် စတင်လိုက်လေသည်။
ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း...။
ဤသည်မှာ ရွှီပေါ်အန်း ယခုလေးတင် နားလည်သဘောပေါက်သွားသော သဘာဝလွန်စွမ်းအား၏ အမည်ပင် ဖြစ်လေသည်။
မိတ်ဆက်စကားအရ ဤသည်မှာ တောင်စောင့်နတ်မင်းနှင့် မြေစောင့်နတ် မျိုးဆက်၏ မူလ သဘာဝလွန် စွမ်းအားဖြစ်ပြီး မူလအရင်းအမြစ် မျိုးဆက်မှ ဆင်းသက်လာခြင်း ဖြစ်လေသည်။ အတိတ်သို့ နှစ်ငါးရာနှင့် အနာဂတ်သို့ နှစ်ငါးရာ ကြိုသိနိုင်သော ထူးကဲသော စွမ်းအားကို မရရှိနိုင်သော်ငြားလည်း ကောင်းကျိုးဆိုးကျိုးကို ဟောကိန်းထုတ်ရန်အတွက် ရိုးရှင်းသော ဗေဒင်တွက်ချက်မှုများကိုမူ လုပ်ဆောင်နိုင်သေးလေသည်။
အတိုချုပ်ပြောရလျှင် ၎င်းမှာ သူ ယခုလေးတင် သဘောပေါက်သွားသည့် အရာနှင့် ဆင်တူလေသည်။
ကောင်းကျိုးဆိုးကျိုး ဟောကိန်းထုတ်ခြင်း၊ အနာဂတ် ဖြစ်ရပ်များကို တွက်ချက်ခြင်း၊ ကံကြမ္မာကို ကြိုတင်ခန့် မှန်းခြင်း၊ ဖုန်းရွှေ အကဲဖြတ်ခြင်းနှင့် အိမ်ထောင်ရေး အလားအလာများကို ဟောကိန်းထုတ်ခြင်း စသည်တို့ အားလုံးတွင် သူသည် ကျွမ်းကျင်သူ တစ်ဦး ဖြစ်လေသည်။
ဤသည်မှာ ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်...။ ရွှီပေါ်အန်းသည် ယခုအချိန်အထိ အခြေခံဗားရှင်းကိုသာ ဆုပ်ကိုင်နိုင်သေးခြင်း ဖြစ်လေသည် အကယ်၍ တစ်စုံတစ်ဦးက ၎င်းကို ဆက်လက်၍ နားလည်သဘောပေါက် အောင် ကြိုးပမ်းမည်ဆိုပါက ပို၍မြင့်မားသော သဘာဝလွန်စွမ်းအား ဗားရှင်းများပင် ပေါ်ထွက်လာဦးမည် ဖြစ်လေသည်။
*ကောင်းပြီလေ...။ လုံးဝ အချည်းနှီးတော့ မဟုတ်ပါဘူး...၊ အဲဒီ အမွှေးတိုင် ပူဇော်မှု ဆယ်ကြိုးက အလဟဿ မဖြစ်သွားပါဘူး...။*
စမ်းသပ်မှု၏ ရည်ရွယ်ချက်ကို စဉ်းစားရင်း ရွှီပေါ်အန်းသည် နျူရှီအာကို မေးခွန်းတစ်ခု မေးရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ မျက်လုံးများ စူးရှသွားပြီး နျူရှီအာ၏ နဖူးကို ကြည့်လိုက်လေသည်။
ဤအခိုက်အတန့်တွင် နျူရှီအာ၏ နဖူးပေါ်ရှိ အရေပြားထဲတွင် မှေးမှိန်သော အမည်းရောင် မြူခိုးများ ပုန်းကွယ် နေခဲ့လေသည်။ အစပိုင်းတွင် သူ၏ ဦးချမှု အားပြင်းခြင်းကြောင့် ဖြစ်သည်ဟု ရွှီပေါ်အန်း ထင်မှတ်ခဲ့လေ၏။
ဤ "ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း" ကို နားလည်သဘောပေါက်ပြီးနောက်မှသာ နျူရှီအာ ၏ အခြေအနေမှာ ဒဏ္ဍာရီလာ "နဖူးမည်းခြင်း" ဖြစ်ရမည်ကို သူ သဘောပေါက်သွားခဲ့လေသည်။
ရွှီပေါ်အန်း သည် ခေတ္တမျှ ဂရုတစိုက် တွက်ချက်လိုက်ပြီးနောက် နားလည်သဘောပေါက်သွားကာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေ၏။
"နျူရှီအာ...၊ မင်းက မင်းရဲ့ အဖေနဲ့အတူ လျန်ဟယ်တောက်ကို သွားဖို့ စီစဉ်နေတာလား...။"
ရွှီပေါ်အန်းက မေးလိုက်လေသည်။
နျူရှီအာက အလျင်အမြန် ပြန်ဖြေလိုက်လေ၏။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးကို အကြောင်းပြန်ရရင်...၊ ကျွန်တော်မျိုးတို့မှာ အဲဒီလို အစီအစဉ် ရှိနေတာ တော့ အမှန်ပါပဲ...။ ကျွန်တော်မျိုးရဲ့ အဖေကလည်း အသက်ကြီးလာပြီဆိုတော့ သူ့ရဲ့ သားအနေနဲ့ သဘာဝကျ ကျပဲ သူနဲ့ အတူတူ နေချင်တာပါ...။"
ရွှီပေါ်အန်းက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်လေသည်။
"အဲဒီအတွေးကို စွန့်လွှတ်လိုက်ပါ...။ မြောက်ဘက်ကို သွားတာက နိမိတ်မကောင်းဘူး...။"
နျူရှီအာ၏ မျက်လုံးများ အရောင်လက်သွားပြီး အလျင်အမြန် အရိုအသေပေးကာ တောင်စောင့်နတ်မင်းကို ကျေးဇူးတင်စကား ဆိုလိုက်လေ၏။
"နျူရှီအာ နားလည်ပါပြီ...။ လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်စောင့်နတ် မင်းဘိုးဘိုး ကြီး...။ ကျွန်တော်မျိုး အိမ်ပြန်ပြီး မြောက်ဘက်ကို သွားမယ့် အကြံကို ရပ်တန့်ဖို့နဲ့ တခြားသူတွေနဲ့အတူ တောင်ဘက်ကို သွားဖို့ အဖေ့ကို ပြောလိုက်ပါ့မယ်...။"
ရွှီပေါ်အန်းက ထပ်မံ ငြင်းဆိုလိုက်ပြီး ပြောလိုက်လေသည်။
"မဟုတ်သေးဘူး...၊ မဟုတ်သေးဘူး...။ တောင်ဘက်ကို သွားတာက နည်းနည်း ပိုကောင်းပေမဲ့ အဲဒါကလည်း အပြည့်အဝ စိတ်ချရတဲ့ အစီအစဉ်တစ်ခုတော့ မဟုတ်သေးဘူး...။"
နျူရှီအာက မျက်လုံးထဲတွင် ရှုပ်ထွေးနေသော အမူအရာဖြင့် မေးလိုက်လေ၏။
"ဟင်...၊ မြောက်ဘက်ကိုလည်း သွားလို့ မရဘူး...၊ တောင်ဘက်ကိုလည်း သွားလို့ မရဘူးဆိုရင်...၊ ကျွန်တော်မျိုး တို့ ဘယ်ကို သွားရမလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။"
ရွှီပေါ်အန်းက ဖြည်းညင်စွာ ပြောလိုက်လေသည်။
"လောလောဆယ်တော့ ဒီနေရာမှာပဲ ဆက်နေတာက အကောင်းဆုံး ရွေးချယ်မှုပဲ...။"
"ဒီနေရာမှာလား…။ ဒါပေမဲ့ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ဒီမှာက လုပ်စရာ အလုပ်လည်း မရှိတော့ဘူး...၊ တူးစရာ မိုင်းတွင်းလည်း မရှိတော့ဘူးလေ...။"
နျူရှီအာက နားမလည်နိုင်စွာဖြင့် မေးလိုက်လေ၏။
ရွှီပေါ်အန်းက မတင်မကျ ပြန်ဖြေလိုက်လေသည်။
"စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါ...။ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြသလို့ မရဘူးလေ...။"
ထို့နောက် နျူရှီအာသည် ရိုသေလေးစားစွာဖြင့် ဦးချလိုက်ပြီး ပြောလိုက်လေ၏။
"လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ အခု ကျွန်တော်မျိုး နားလည်ပါပြီ...။ သွားပြီးတော့ အဖေ့ကို ရှင်းပြလိုက်ပါ့မယ်...။"
နျူရှီအာ ထွက်သွားပြီးနောက် ရွှီပေါ်အန်းလည်း ချက်ချင်း ပြန်ဆုတ်ခွာလာခဲ့လေသည်။
ပထမဦးဆုံး သူ ကိုယ်တိုင်အတွက် တွက်ချက်ကြည့်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့လေသည်။ အမြဲတစေ ရှုပ်ထွေးနေသော အနှောင့်အယှက် တစ်ခုခု ရှိနေပုံရလေ၏။ သူ၏ မိဘများအပေါ် စမ်းသပ်ကြည့်ရာ တွင်လည်း ထိုနည်းတူပင် ဖြစ်လေသည်။
*ကောင်းပြီလေ...၊ ငါ မျှော်လင့်ထားသလိုပဲ...။ ငါ ထင်ထားတဲ့အတိုင်း ကွက်တိပဲ...။*
ဗေဒင်တွက်ခြင်း နည်းစနစ်များကို မိမိ၏ ကိုယ်ပိုင် မိသားစုအပေါ်တွင် အသုံးပြု၍ မရသင့်ပေ။ အိပ်ရာပေါ်တွင် လဲလျောင်းကာ "ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း" ကို ဂရုတစိုက် လေ့လာရင်းဖြင့် ရွှီပေါ်အန်း မှာ မသိလိုက်မသိဘာသာ အိပ်ပျော်သွားခဲ့လေတော့သည်။
သူ အိပ်ပျော်သွားခဲ့သော်လည်း အချို့လူများမှာမူ မည်သို့ပင်ဖြစ်စေ လုံးဝ အိပ်မပျော်နိုင်ခဲ့ကြပေ။
ရွှီပေါ်အန်း ၏ အိမ်နှင့် မနီးမဝေးရှိ အခြားဗီလာတစ်ခုတွင် တာ့မီမီသည် လက်ကိုမြှောက်ကာ ခွက်ကို ကောက် ကိုင်လိုက်ပြီး ကော်ဖီ နောက်ဆုံးတစ်ငုံကို သောက်လိုက်လေသည်။ သူမက ဖုန်းကို ထပ်မံ ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုများ ထင်ရှားနေလေ၏။
သူမ၏ ဘေးရှိ လက်ထောက်ဖြစ်သူက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
"အစ်မမီ...၊ သတင်းအစအန မရသေးဘူးလား...။"
တာ့မီမီက ခေါင်းခါလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေ၏။
"ငါ့ရဲ့ လွှမ်းမိုးနိုင်စွမ်းကို ငါ အထင်ကြီးလွန်းသွားပုံရတယ်...။"
လက်ထောက်ဖြစ်သူက အလျင်အမြန် ပြောလိုက်လေသည်။
"အစ်မမီ...၊ အစ်မ အများကြီး ကြိုးစားခဲ့ပြီးပါပြီ...။ တစ်ဖက်လူမှာ သတင်းအချက်အလက်တွေ အရမ်းများနေ ပြီး ဖုံးကွယ်ခံထားရလို့ သူ လုံးဝ မတွေ့တာလည်း ဖြစ်နိုင်ပါတယ်...။"
တာ့မီမီက သက်ပြင်းချလိုက်ပြီး ပြောလိုက်လေ၏။
"ဒါက ပိုဆိုးတာပေါ့...။ တစ်ဖက်လူက ငါတို့ရဲ့ မက်ဆေ့ခ်ျတွေကိုတောင် မမြင်ရဘူးဆိုရင် ငါတို့ ဘယ်လိုလုပ်ပြီး ညှိနှိုင်းလို့ ရတော့မှာလဲ...။"
လက်ထောက်ဖြစ်သူက အကြံပြုလိုက်လေသည်။
"အစ်မမီ...၊ အချိန်လည်း တော်တော် လင့်နေပြီ...။ အစ်မ အရင် နားလိုက်ပါလား...။ မနက်ဖြန်ကျမှ ညီမတို့ ဆက်ဆွေးနွေးကြတာပေါ့...။ မဟုတ်ရင် အစ်မရဲ့ အသားအရေအတွက် မကောင်းဘူးလေ...။"
တာ့မီမီက ခေါင်းညိတ်လိုက်ပြီး အကြောဆန့်လိုက်ကာ အဆီပို တစ်စက်မျှ မရှိသော သူမ၏ သွယ်လျသော ခါးလေးကို ထုတ်ကြွားလိုက်လေ၏။
"ကောင်းပြီလေ...၊ နင်လည်း နားတော့...။ ဒီအတိုင်းဆက်နေရင် နင့်မျက်ကွင်းညိုတာတွေ ဖုံးကွယ်ရတာ ပိုခက် သွားလိမ့်မယ်...။"
"ဟုတ်ကဲ့ပါ အစ်မမီ...၊ ညီမ အခုပဲ သွားတော့မယ်...။ ဒါနဲ့ လာရာလမ်းက အဆောက်အအုံအစုအဝေး မျက်နှာ ချင်းဆိုင်မှာ ကွမ်တုံး လက်ဖက်ရည်ဆိုင် တစ်ဆိုင် တွေ့ခဲ့တယ်...။ မနက်ဖြန် မနက်ကျရင် သွားစမ်းကြည့်ကြ မလား...။"
စကားပြောပြီးသည်နှင့် လက်ထောက်ဖြစ်သူ၏ ဖုန်းမြည်လာခဲ့လေသည်။ ဖုန်းဖြေပြီး မကြာမီမှာပင် လက်ထောက်ဖြစ်သူ၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
"တကယ်လား...၊ ကျေးဇူးအများကြီးတင်ပါတယ်ရှင်...။"
ဖုန်းချပြီးနောက် လက်ထောက်ဖြစ်သူသည် ယန်မီ၏ စပ်စုချင်နေသော မျက်လုံးများကို ကြည့်ကာ ပျော်ရွှင်စွာ ပြောလိုက်လေသည်။
"အစ်မမီ...၊ ညီမတို့ ရှာတွေ့သွားပြီ...။"
တာ့မီမီ၏ ကြီးမားနေပြီးသား မျက်လုံးများမှာ ပို၍ အသက်ဝင်လာခဲ့ပြီး သူမ၏ နှုတ်ခမ်းနီနီလေးများကို အနည်း ငယ် ဟလိုက်ကာ ပြောလိုက်လေ၏။
"ဟင်... ငါတို့ အဲဒီလူကို ရှာတွေ့သွားပြီလား...။"
လက်ထောက်ဖြစ်သူက အနည်းငယ် အားလျော့သွားပြီး အနေရခက်စွာ ရယ်မောလိုက်ကာ ရှင်းပြလိုက်လေ သည်။
"မတွေ့သေးပါဘူး...။ ဒါပေမဲ့ ညီမရဲ့ သူငယ်ချင်းက တည်နေရာကို ဗဟိုခြံဝင်း လူနေရပ်ကွက်ဆိုပြီး တိတိကျကျ ထောက်ပြထားတယ်လေ...။ တစ်ဖက်လူ ဗီဒီယို တင်ခဲ့တဲ့ နေရာက အတိအကျ ဒီနေရာမှာပဲ...။"
တာ့မီမီ မျက်တောင်ခတ်လိုက်ပြီး တားဆီးမရသော အပြုံးတစ်ခု သူမ၏ မျက်နှာပေါ်တွင် ပျံ့နှံ့သွားခဲ့လေ၏။
"ဟားဟား...။ နင့်ကို ငါ ဘာပြောခဲ့လဲ...၊ ငါက ဒီကောင်မလေးနဲ့ တွေ့ဖို့ ရေစက်ပါပြီးသားလေ...။ သူမက တကယ်ကြီး ဒီမှာ ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး...။"
"အစ်မမီ... နောက်ထပ် ဘာဆက်လုပ်ကြမလဲ...။"
လက်ထောက်ဖြစ်သူက မေးလိုက်လေသည်။
တာ့မီမီက ပြုံးလိုက်ပြီး ပြတ်သားစွာ ပြောလိုက်လေ၏။
"ရှာကြတာပေါ့...၊ ရပ်ကွက်ထဲမှာ လေ့ကျင့်ခန်း လုပ်တယ်လို့ပဲ သဘောထားလိုက်လေ...။ အဝင်အထွက် ဂိတ် တွေနားမှာ လမ်းလျှောက်တာကို အာရုံစိုက်ပြီး လုံခြုံရေးတွေကို သတင်းအချက်အလက်တွေ မေးကြည့်ဖို့ ကြိုးစားပါ...။ ဒါပေမဲ့ အရမ်းကြီး သိသာမနေစေနဲ့...။ ငါတို့ သတင်းအချက်အလက်တွေကို ရှာဖွေနိုင်မယ်ဆိုရင် ငါတို့ရဲ့ ပြိုင်ဘက်တွေကလည်း ရှာဖွေနိုင်မှာကို ငါ စိုးရိမ်တယ်....။"
လက်ထောက်ဖြစ်သူက ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
"နားလည်ပါပြီ...၊ ညီမ သတိထားပါ့မယ်...။"
...
နောက်တစ်နေ့ မနက်ခင်းတွင် ရွှီပေါ်အန်းသည် နံနက်စာစားပြီးနောက် သူ၏ ပစ္စည်းများကို ကောက်ကိုင်လိုက် ကာ ခရီးဆောင်အိတ်ကို ကားထဲသို့ ထည့်ရန် ပြင်နေစဉ် တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသံကို ကြားလိုက်ရ လေ၏။
"မင်္ဂလာနံနက်ခင်းပါ...။ အထွေထွေမန်နေဂျာရွှီ...။"
ရွှီပေါ်အန်း ခေါင်းလှည့်ကြည့်လိုက်ရာ အနက်နှင့်အဖြူ အားကစားဝတ်စုံကို ဝတ်ဆင်ထားသော ကျောက်ယွန်း ထောင် က ဖြည်းညင်းစွာ ပြေးလာနေသည်ကို မြင်လိုက်ရလေသည်။
သူ၏ နားထဲတွင် အားကစား နားကြပ်များ တပ်ဆင်ထားရုံသာမက သူ၏ ခေါင်းပေါ်ရှိ တောက်ပသော အနီရောင် ချွေးခံခေါင်းစည်းကလည်း အထူးသဖြင့် မျက်စိကျစရာ ဖြစ်နေလေ၏။
ရွှီပေါ်အန်းမှာ လက်မထောင်မပြဘဲ မနေနိုင်တော့ပေ။ သူ လေ့ကျင့်ခန်း မလုပ်သည်မှာ ကြာပြီဖြစ်ကြောင်း တွေးမိကာ ရိုးသားစွာ ပြုံးလိုက်ပြီး ချီးကျူးလိုက်လေသည်။
"လက်ခုပ်တီးပေးပါတယ်...၊ ငါ မင်းဆီကနေ သင်ယူရမယ်...။"
ကျောက်ယွန်းထောင်က ရယ်မောလိုက်ပြီး ရွှီပေါ်အန်းဆီသို့ ပြေးလာကာ ခြေလှမ်းကို နှေးလိုက်သော်လည်း ချက်ချင်း ရပ်မသွားဘဲ အနည်းငယ် ယိမ်းနွဲ့နေဆဲပင် ဖြစ်လေသည်။ သူက ညင်သာစွာ ပြောလိုက်၏။
"အို...၊ အထွေထွေမန်နေဂျာရွှီက ကျွန်တော့်ကို တကယ် အထင်ကြီးလွန်းနေပြီ...။"
"ကျွန်တော့်ကို မရယ်ပါနဲ့...။ ယန်မီမှာ မနက်ခင်း လမ်းလျှောက်တတ်တဲ့ အကျင့်ရှိတယ်လို့ ကျွန်တော် ကြားထား လို့ အစောကြီး ထွက်ပြီး ကံစမ်းကြည့်မလို့ပါ...။"
လေ့ကျင့်ခန်း လုပ်ပြီးသည်နှင့် ချက်ချင်း ရပ်တန့်၍ မရနိုင်ကြောင်းကို ရွှီပေါ်အန်း သိထားသဖြင့် ကျောက်ယွန်း ထောင်၏ လုပ်ရပ်များကို သိပ်ဂရုမစိုက်မိချေ။ သူ မျက်ခုံးပင့်လိုက်ပြီး အတင်းအဖျင်းသဘောဖြင့် မေးလိုက်လေ သည်။
"အို...၊ မင်းရဲ့ ကံက ဘယ်လိုနေလဲ...။"
ကျောက်ယွန်းထောင်က ပခုံးတွန့်လိုက်ပြီး ပြောလိုက်လေ၏။
"မပြောပါနဲ့တော့ဗျာ...။ တစ်နာရီခွဲတောင် ရှိနေပြီ...၊ ကျွန်တော်တို့ မတွေ့ရသေးဘူး...။ ဒီအတိုင်း ဆက်သွားရင် ကျွန်တော် ပင်ပန်းပြီး သေတော့မှာပဲ...။"
စကားပြောရင်းပင် ကျောက်ယွန်းထောင်သည် လက်ကို မြှောက်ကာ သူ၏ နဖူးမှ ဆံပင်စည်းကြိုးကို ချွတ် လိုက်လေသည်။ သူက ၎င်းကို လက်တစ်ဖက်ဖြင့် တင်းကျပ်စွာ ညှစ်လိုက်ရာ ချွေးပေါက်တစ်ပေါက် ထွက်လာ ခဲ့လေ၏။
*ဟုတ်တယ်ဟ...၊ ကျောက်ယွန်းထောင် တကယ် ပြေးခဲ့တာပဲ...။ သူ ဟန်ဆောင်နေတာ မဟုတ်ဘူးပဲ...။*
ရွှီပေါ်အန်းသည် ကျောက်ယွန်းထောင်အား အားပေးစကား အနည်းငယ် ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် သူ ကြက်သေသေသွားခဲ့လေသည်။
ကျောက်ယွန်းထောင်၏ နဖူးပေါ်တွင် ဝေဝါးနေသော အမည်းရောင် မြူခိုးကဲ့သို့ အမှတ်အသား အသေးစားလေး တစ်ခုကို ရွှီပေါ်အန်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေ၏။ ဤမြင်ကွင်းသည် သူ့အတွက် အလွန်တရာ ရင်းနှီးနေခဲ့ လေပြီ။ ဤပုံစံသည် ပြီးခဲ့သည့်ညက ဘွန်ဆိုင်းကမ္ဘာရှိ ဟုန်ယာရွာ မြေစောင့်နတ် နတ်ကွန်းတွင် နျူရှီအာ၏ နဖူး ပေါ်၌ ရွှီပေါ်အန်း မြင်တွေ့ခဲ့ရသော ပုံစံနှင့် အတိအကျ တူညီနေခဲ့လေသည်။
ရွှီပေါ်အန်းသည် မသိစိတ်ဖြင့် ကျောက်ယွန်းထောင်ကို ပစ်မှတ်ထားလိုက်ပြီး ပြီးခဲ့သည့်ညက သူ ယခုလေးတင် နားလည်သဘောပေါက်ထားသော "ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း" ကို တိတ်တဆိတ် အသုံးပြုလိုက်လေ၏။
နောက်တစ်ခဏတွင် ရွှီပေါ်အန်း နားလည်သွားခဲ့လေသည်။ ကျောက်ယွန်းထောင် ကံကောင်းသွားခဲ့သည်ပင်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဤသဘာဝလွန်စွမ်းအားကို ယခုလေးတင် ကျွမ်းကျင်ထား၍သာ ဖြစ်သည် ။ မဟုတ်လျှင် ကျောက်ယွန်းထောင်သည် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်လေသည်။
ရွှီပေါ်အန်းသည် ဤကိစ္စနှင့် ပတ်သက်၍ ကျောက်ယွန်းထောင်ကို မည်သို့ ပြောပြရမည်ကို တွေးတောနေစဉ် မှာပင် ကျောက်ယွန်းထောင်က ရွှီပေါ်အန်း၏ လက်ထဲရှိ ခရီးဆောင်အိတ်ကို လက်ညှိုးထိုးပြကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်ကို မြင်လိုက်ရလေ၏။
"အထွေထွေမန်နေဂျာရွှီ...၊ ခရီးဝေး သွားမလို့လား...။"
ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
"အဘိုးကြီးနဲ့ အဘွားကြီးကို နယ်ကို ပြန်ပို့မလို့လေ...။"
ထိုစကားကို ကြားသောအခါ ကျောက်ယွန်းထောင်က အတော်လေး နောင်တရစွာဖြင့် ပြောလိုက်လေ၏။
"ကျွန်တော့်ကို ကြည့်ပါဦး...။ လူကြီးတွေကိုတောင် လာမတွေ့ရသေးဘူး...၊ အထွေထွေမန်နေဂျာရွှီ...၊ ခင်ဗျားရဲ့ မိဘတွေ မနက်စာ စားပြီးပြီလား..။. ရပ်ကွက် မျက်နှာချင်းဆိုင်မှာ ကွမ်တုံး လက်ဖက်ရည်ဆိုင် အသစ်တစ်ဆိုင် ဖွင့်ထားတယ်...။ သူတို့ရဲ့ မနက်စာက တော်တော်ကောင်းတယ်ဗျ...၊ ကျွန်တော့်ကို အခွင့်အရေး တစ်ခုလောက် ပေးပါ...။ သူတို့ကို စမ်းစားကြည့်ဖို့ ကျွန်တော် ဖိတ်ပါရစေ...၊ သိပ်တော့ နောက်ကျမှာ မဟုတ်ပါဘူးနော်...။"
ရွှီပေါ်အန်းက ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ ငါတို့ မနက်စာ စားပြီးပြီလေ...၊ မင်းကတော့ ဆက်မပြေးနဲ့တော့...။ မင်းက ပုံမှန် လေ့ကျင့်ခန်း မလုပ်ဘူးဆိုရင် ပင်ပန်းပြီး ပြဿနာတွေ မဖြစ်ရအောင် လေ့ကျင့်ခန်း လျှော့လုပ်တာ ပိုကောင်းတယ်...။"
ကျောက်ယွန်းထောင်က ရယ်မောလိုက်ပြီး ပြောလိုက်လေ၏。
"ဟူး...၊ အရင်တုန်းကတော့ ကျောင်းအားကစားပွဲမှာ အဝေးပြေးပြိုင်ပွဲ ထိပ်ဆုံးသုံးယောက်ထဲမှာ ပါခဲ့တာဗျ...။ အခုတော့ တကယ် အကျင့်ပျက်သွားပြီ...၊ ခုနကတောင် ဘေးမှာ နည်းနည်း အောင့်သွားသေးတယ်...။ ခင်ဗျား ပြောတာကို နားထောင်ပြီး ဆက်မလုပ်တော့ပါဘူးဗျာ...။ အမောပြေအောင် နှစ်ပတ်လောက် ထပ်လျှောက် ပြီးတော့ ကံစမ်းကြည့်လိုက်ဦးမယ်...။ အဆင်မပြေရင်လည်း အို...၊ ကျွန်တော်က အဲဒီအတွက် ရေစက်မပါဘူး လို့ပဲ မှတ်လိုက်တော့မယ်ဗျာ...။"
ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
"ငါပြောတာကိုပဲ နားထောင်ပါ...။ ငါ့ရဲ့ ဆဋ္ဌမအာရုံက ပုံမှန်အားဖြင့် တော်တော် တိကျတယ်...။ ဒါနဲ့ ခင်မင်မှုနဲ့ သတိပေးရရင် မင်းရဲ့ နဖူးက မည်းနေတာကို ငါ တွေ့နေရတယ်...။ ဒီနေ့ မင်း ရေကို ရှောင်သင့်တယ်လို့ ထင် တယ်...။ ဒီနေ့ သတိထားပါ...၊ ရေနားကို မသွားနဲ့...။"
ကျောက်ယွန်းထောင်က အားရပါးရ ရယ်မောလိုက်ပြီး ရွှီပေါ်အန်း၏ ခရီးဆောင်အိတ်ကို ကားထဲသို့ ကူညီ ထည့်ပေးကာ ပြောလိုက်လေ၏။
"ကောင်းပါပြီ...၊ အစ်ကိုကြီးရဲ့ စိုးရိမ်မှုကို ကျွန်တော် မှတ်ထားပါ့မယ်...။"
သူက အလွန် ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ထိုအရာမှာ ရှင်းလင်းစွာပင် နောက်ပြောင်သော ချီးကျူး စကားမျှသာ ဖြစ်လေသည်။ သူက လုံးဝ အလေးအနက် မထားခဲ့ချေ။
သို့သော် ရွှီပေါ်အန်းက ဂရုမစိုက်ပေ။ ၎င်းမှာ သူ၏ ကံကြမ္မာကို ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်ကြောင်းကို ကျောက်ယွန်းထောင်အား သူ သတိပေးပြီးပြီ ဖြစ်လေသည်။ အကယ်၍ ကျောက်ယွန်းထောင်က ထိုဖြစ်ရပ်ကို ရှောင်လွှဲ၍မရဘဲ ကြုံတွေ့ရသေးမည်ဆိုပါက သူသည် ဤကဲ့သို့သော ဘေးဒုက္ခကို ခံစားရရန် ဖန်တီးခံရသည်ဟု သာ ဆိုနိုင်ပေမည်။
ရွှီပေါ်အန်းတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း ရှိသော်ငြားလည်း သူ၏ လက်ရှိ ကျွမ်းကျင်မှုများဖြင့် အခြေအနေကို ဖြိုခွဲရန်အတွက် တိုက်ရိုက် ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။
ဤနည်းဖြင့် ရွှီပေါ်အန်းသည် တန်ပြန်သက်ရောက်မှုကို ခံစားရရုံသာမက ကျောက်ယွန်းထောင်သည်လည်း အခြားပြဿနာများကို ရှောင်လွှဲနိုင်မည် မဟုတ်ဘဲ ကံဆိုးမှုများဖြင့် ဒုက္ခရောက်နိုင်ချေ ရှိလေသည်။ ထို့ကြောင့် ရွှီပေါ်အန်းအတွက် တစ်ခုတည်းသော မှန်ကန်သည့် ဖြေရှင်းနည်းမှာ လမ်းညွှန်ပေးပြီး ပြဿနာကို ဖြေရှင်းပေး ရန်ပင် ဖြစ်လေ၏။
ရွှီပေါ်အန်းနှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ကျောက်ယွန်းထောင်သည် သူ၏ အေးအေးလူလူ လမ်းလျှောက်ခြင်းကို မဆက်မီ ရွှီပေါ်အန်း၏ ခရီးဆောင်အိတ်အားလုံးကို ကားထဲသို့ ကူညီထည့်ပေးခဲ့လေ သည်။
ရွှီပေါ်အန်း ကားမောင်းထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျောက်ယွန်းထောင်က လက်ဝှေ့ယမ်းကာ ရွှီပေါ်အန်း၏ အနီရောင် ပစ်ကပ်ကားလေး ထွက်သွားသည်ကို ခေတ္တမျှ ကြည့်နေလိုက်သည်။ ရုတ်တရက် သူ၏ မျက်လုံးများ အရောင်လက်သွားပြီး မလှမ်းမကမ်းရှိ ဗီလာတွင် သူ အလွန် တွေ့ချင်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခု ပေါ်လာ သည်ကို မြင်လိုက်ရလေ၏။
ကျောက်ယွန်းထောင်သည် သူ၏ ကောလိပ် အခန်းဖော် လောင်အာ ပိုင်ဆိုင်သော ဗီလာ၏ တိကျသော လိပ်စာ ကို သိရှိထားလေသည်။
အွန်လိုင်းတွင် တွေ့ရသော သက်ဆိုင်ရာ ဗီဒီယို သဲလွန်စများနှင့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်၊ လမ်းလျှောက် ပုံတို့ကို ပေါင်းစပ်စဉ်းစားကြည့်ရာ သူမမှာ အမှန်တကယ်ပင် သူ အလွန် တွေ့ချင်နေသော စူပါစတား ယန်မီပင် ဖြစ်လေသည်။
ကျောက်ယွန်းထောင်သည် သူတို့နောက်သို့ တိတ်တဆိတ် လိုက်ရန် ပြင်နေစဉ် သူ၏ ဖုန်းမြည်လာခဲ့လေ၏။
ကျောက်ယွန်းထောင်သည် ဖုန်းချပြီး မကိုင်ရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ ဒုတိယအခန်းဖော်ဖြစ်နေသည်ကို မြင်သောအခါ ဖုန်းမကိုင်ရသည်မှာ အားနာစရာ ကောင်းသည်ဟု သူ ခံစားလိုက်ရလေသည်။
ဖုန်းချိတ်ဆက်သွားသည်နှင့်တစ်ပြိုင်နက် တစ်ဖက်မှ ရွှင်လန်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
"ဟေး...၊ စတုတ္ထအစ်ကို...၊ ဒီနေ့ ရာသီဥတု တော်တော်ကောင်းတယ်...။ ငါ ငါးမျှားဖို့ နေရာသစ်တစ်ခု ရှာတွေ့ ထားတယ်...၊ အတူတူ ငါးသွားမျှားကြမလား...။"
အခန်း (၁၇၂)
ကျောက်ယွန်းထောင်၏ လေးစားအထင်ကြီးသွားမှု
ကျောက်ယွန်းထောင်သည် သူ၏သူငယ်ချင်းဖြစ်သူ၏ ဖိတ်ကြားချက်ကို တုံ့ဆိုင်းမနေဘဲ ငြင်းဆန်လိုက်လေ၏။
*နောက်နေတာလား…။ င့ါ အိပ်မက်ထဲက နတ်သမီးလေးက ငါ့ရှေ့မှာတင် ရှိနေပြီး သူငယ်ချင်းဖြစ်ဖို့ အခွင့်အ ရေး ရတော့မှာကို ဘယ်သူက ငါးသွားမျှားချင်မှာလဲ…။*
“ငါ မလိုက်တော့ဘူး သူငယ်ချင်း...၊ ငါ အလုပ်မအားလို့...၊ မင်းဘာသာမင်းပဲ သွားလိုက်တော့...။”
ကျောက်ယွန်းထောင်သည် သူ၏ ဒုတိယအစ်ကိုကို အားနာမနေဘဲ ချက်ချင်းပင် ငြင်းဆန်လိုက်လေသည်။
စကားပြောနေစဉ်တွင်ပင် ကျောက်ယွန်းထောင်၏ မျက်လုံးများသည် တာ့မီမီထံမှ မခွာဘဲ သူမ သူ၏ အမြင် အာရုံထဲမှ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့်အလား စိုက်ကြည့်နေခဲ့လေ၏။
ဖုန်းတစ်ဖက်မှ သူငယ်ချင်းဖြစ်သူကလည်း ဆက်လက်၍ အတင်းမတိုက်တွန်းတော့ဘဲ ကျောက်ယွန်းထောင် အား တစ်ချက်နှစ်ချက်ခန့် ရယ်မောလှောင်ပြောင်ပြီးနောက် ဖုန်းချသွားလေတော့သည်။
ကျောက်ယွန်းထောင်သည် တာ့မီမီ၏နောက်သို့ သတိထားကာ အတန်ကြာ လိုက်သွားခဲ့ပြီး သူမ၏ စိတ်ဝင်စားမှု ရရှိစေရန် မည်သို့သော စကားမျိုးဖြင့် စတင်နှုတ်ဆက်ရမည်နည်း၊ ကံကောင်းလျှင် သူမနှင့် ဓာတ်ပုံတွဲရိုက်ကာ သူ၏ ဆန္ဒကို ဖြည့်ဆည်းနိုင်မည်လောဟု တွေးတောနေခဲ့လေ၏။
သူ မည်သို့လုပ်ရမည်ကို စဉ်းစား၍ မရမီမှာပင် တာ့မီမီသည် ရုတ်တရက် လမ်းချိုးတစ်ခုသို့ ကွေ့ဝင်ကာ ပျောက် ကွယ်သွားသည်ကို မြင်လိုက်ရလေသည်။
ကျောက်ယွန်းထောင်လည်း အလျင်အမြန် လိုက်သွားခဲ့၏။
လမ်းချိုးကို ကွေ့ဝင်လိုက်သည်နှင့် သူ၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားပြီး အနေရခက်စွာဖြင့် ရယ်မော လိုက်ရလေတော့သည်။
သူ့ရှေ့ မျက်နှာချင်းဆိုင်တွင် ဗဟိုခြံဝင်းမှ လုံခြုံရေးဝန်ထမ်း လေးဦး ရပ်နေခဲ့ခြင်း ဖြစ်လေသည်။
ထိုလူငယ်တစ်စုသည် ကျောက်ယွန်းထောင်ကိုသာ စူးစိုက်ကြည့်နေကြ၏။
သူ တစ်စုံတစ်ဦးနောက်သို့ လိုက်နေသည့် အကြံအစည်မှာ အထမြောက်မသွားဘဲ လူမိသွားကာ လုံခြုံရေး ဝန်ထမ်းများထံ တိုင်ကြားခံလိုက်ရကြောင်းကို လူမိုက်ပင်လျှင် သိနိုင်ပေသည်။
အကယ်၍ သူသာ အနည်းငယ် ထူးခြားသော လှုပ်ရှားမှုတစ်ခု လုပ်လိုက်မိပါက ထိုလေးဦးစလုံး သူ့အပေါ်သို့ ခုန်အုပ်လာမည်ကို ကျောက်ယွန်းထောင် သံသယဖြစ်စရာ မလိုအောင်ပင် သိနေခဲ့လေ၏။
“မင်္ဂလာပါ လူကြီးမင်း...၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ အလုပ်ကို ပူးပေါင်းပါဝင်တဲ့အနေနဲ့ လုံခြုံရေးအခန်းကို လိုက်ခဲ့ပေးပါ...၊ လူကြီးမင်းရဲ့ အချက်အလက်တွေကို စစ်ဆေးဖို့ လိုအပ်လို့ပါ...။”
အခြေအနေက ဤသို့ဖြစ်လာပြီဖြစ်ရာ ကျောက်ယွန်းထောင်အနေဖြင့် သဘာဝကျကျပင် မငြင်းဆန်ရဲသလို ခုခံမှုလည်း မပြုရဲတော့ချေ။ ဤကိစ္စကို ပြဿနာကြီးဖြစ်အောင် လုပ်ခြင်းက သူ့ကိုယ်သူ ပို၍ အရှက်ကွဲစေ ရုံသာ ရှိပေမည်။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ သူတစ်ပါးနောက်သို့ ခိုးလိုက်ခြင်းမှာ မှားယွင်းသော လုပ်ရပ်ပင် ဖြစ်လေသည်။
မကြာမီပင် ကျောက်ယွန်းထောင်သည် လုံခြုံရေးဝန်ထမ်းများနောက်သို့ လိုက်ကာ လုံခြုံရေးအခန်းဆီသို့ ရောက် ရှိသွားခဲ့လေသည်။
လုံခြုံရေးခေါင်းဆောင်တစ်ဦးက သူ၏ ဝန်ထမ်းကတ်ကို ပြသကာ ကျောက်ယွန်းထောင်အား စစ်ဆေး မေးမြန်း ခြင်းကို တာဝန်ယူ လုပ်ဆောင်လေ၏။
“လူကြီးမင်းက ကျွန်တော်တို့ အိမ်ရာဝင်းထဲက နေထိုင်သူပဲလား...။”
ကျောက်ယွန်းထောင်က သူ၏ အခြေအနေကို အမြန်ရှင်းပြလိုက်လေသည်။
“မဟုတ်ပါဘူး...၊ ဒါပေမဲ့ ကျွန်တော်က သူငယ်ချင်းဖြစ်သူရဲ့အိမ်၊ အဆောက်အအုံ (B) ၊ အခန်း (၁၂) မှာ ခေတ္တ တည်းခိုနေတာပါ...။”
လုံခြုံရေးခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီးနောက်၊
“ကောင်းပါပြီ...၊ ကျွန်တော်တို့ အဲဒါကို စစ်ဆေးကြည့်ပါ့မယ်...၊ ဒါပေမဲ့ လူကြီးမင်းက ဘာဖြစ်လို့ ဒီအမျိုးသမီး ငယ်ရဲ့နောက်ကို တိတ်တဆိတ် လိုက်နေခဲ့တာလဲဆိုတာကို မေးလို့ရမလား...။”
စကားပြောနေစဉ်မှာပင် လုံခြုံရေးခေါင်းဆောင်က ဘေးရှိ မျက်နှာပြင်ကြီးပေါ်မှ ပြန်ဖွင့်ပြနေသော ဗီဒီယိုမှတ် တမ်းဆီသို့ လက်ညှိုးထိုးပြလိုက်လေ၏။
ထိုမျက်နှာပြင်ပေါ်တွင် နှာခေါင်းစည်း တပ်ဆင်ထားသော ယန်မီ၏နောက်တွင် ကျောက်ယွန်းထောင် တစ် ယောက် ခိုးကြောင်ခိုးဝှက်ဖြင့် လိုက်ပါသွားသည်ကို တွေ့မြင်နေရလေသည်။
ကျောက်ယွန်းထောင်မှာ ပို၍ပင် ရှက်ရွံ့သွားခဲ့ရပြီး ၊
“မဟုတ်... မဟုတ်ပါဘူး...၊ ကျွန်တော်က မနက်ခင်း လမ်းလျှောက်တာမျိုးလို လေ့ကျင့်ခန်း လုပ်နေခဲ့တာပါ...။” ဟု ဖြစ်သလို ဖုံးကွယ်ပြောဆိုလိုက်လေ၏။
လုံခြုံရေးခေါင်းဆောင်က တင်းမာသော လေသံဖြင့်၊
“လူကြီးမင်း...၊ ကျွန်တော်တို့ရဲ့ ကင်မရာမှတ်တမ်းတွေအရ လူကြီးမင်းဟာ ဒီအမျိုးသမီးရဲ့နောက်ကို မိနစ်(၂၀) ကျော်ကြာအောင် လိုက်နေခဲ့တာပါ...၊ သူမ ဖိနပ်ကြိုးချည်နေတဲ့အချိန်မှာ လူကြီးမင်းကလည်း ကိုယ့်ဖိနပ်ကြိုး ကိုယ် ပြန်ချည်သလိုမျိုးတောင် ဟန်ဆောင်ခဲ့ပါသေးတယ်...၊ အဲဒါက လက်ခံနိုင်စရာ မရှိပါဘူး...။ ”
လုံခြုံရေးခေါင်းဆောင်က စားပွဲကို သူ၏လက်ဆစ်များဖြင့် ဖွဖွခေါက်လိုက်ပြီးနောက် မျက်နှာပြင်ဆီသို့ လက်ညှိုးထိုးပြလိုက်ပြန်လေသည်။
ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။ အကယ်၍ သူ သဘောမတူပါက ဗီဒီယိုမှတ်တမ်းကို ဆက်လက်ကြည့် ရှုနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်၏။
“ကျွန်တော်...၊”
ကျောက်ယွန်းထောင်မှာ စကားရပ်သွားပြီး ခေတ္တမျှ စကားပြောရန် ဆွံ့အသွားခဲ့လေသည်။
ထိုစဉ် အခြားလုံခြုံရေးဝန်ထမ်းတစ်ဦး လျှောက်လာပြီး လုံခြုံရေးခေါင်းဆောင်အား စကားအနည်းငယ် တီးတိုး ပြောဆိုလိုက်လေ၏။
လုံခြုံရေးခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး၊
“မစ္စတာကျောက်...၊ လူကြီးမင်းက B အဆောက်အအုံ၊ အခန်း (၁၂) ပိုင်ရှင်ရဲ့ သူငယ်ချင်း အစစ်အမှန်ဖြစ် ကြောင်းကို ကျွန်တော်တို့ အတည်ပြုပြီးပါပြီ...။ ကျွန်တော်တို့ အခုလိုပုံစံမျိုးနဲ့ တွေ့ဆုံခဲ့ရတာ ဝမ်းနည်းစရာပါ ပဲ...။” ဟု ပြောလိုက်လေသည်။
ဤစကားကို ကြားသောအခါ ကျောက်ယွန်းထောင်မှာ မြေကြီးအက်ကွဲကြောင်းထဲသို့သာ တိုးဝင်ပျောက်ကွယ် သွားချင်စိတ် ပေါက်သွားခဲ့ရတော့၏။ သူကိုယ်တိုင် အလွန်တရာ အရှက်ကွဲခဲ့ရပြီး သူ၏ သူငယ်ချင်းများကပါ ဤရှက်ဖွယ်ကောင်းသော ဖြစ်ရပ်ကို သိရှိသွားခဲ့ပြီ ဖြစ်လေသည်။
နောက်ကြောင်းကို ပြန်တွေးကြည့်လျှင် သူ ထပ်မံ၍ လှောင်ပြောင်ခံရဦးမည်မှာ သေချာလှပေသည်။
ကျောက်ယွန်းထောင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး၊
“အစ်ကို...၊ တကယ်တော့ ကျွန်တော့်မှာ ဘာရည်ရွယ်ချက်ဆိုးမှ မရှိပါဘူး...။ ကျွန်တော့်ကို မရယ်ပါနဲ့...၊ ကျွန်တော်က ယန်မီကို တကယ် သဘောကျလို့ပါ...၊ သူမ ဘယ်သူလဲဆိုတာကို အစ်ကိုတို့အားလုံး သိကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...။ ကျွန်တော်က ပရိသတ်တစ်ယောက်ပါ...၊ အဲဒါက မမှားဘူး မဟုတ်လား...။”
လုံခြုံရေးခေါင်းဆောင်က ခေါင်းခါလိုက်ပြီး၊
“နာမည်ကြီးတွေကို အားပေးချစ်ခင်တာက လူကြီးမင်းရဲ့ လွတ်လပ်ခွင့်ဖြစ်ပြီး အပြည့်အဝ လက်ခံနိုင်စရာပါ...၊ ဒါပေမဲ့ ဒီအပြုအမူကတော့ အနည်းငယ် လွန်ကဲနေပါတယ်...။ ဘာကြောင့်လဲဆိုတော့ သာမန်အားဖြင့် လူတစ် ယောက်က သူတို့ကို ဒုက္ခပေးမယ်၊ မပေးဘူးဆိုတာကို သာမန်လူတွေအနေနဲ့ ခွဲခြားသိမြင်ဖို့ ခက်ခဲလို့ပါပဲ...။”
“ကံကောင်းထောက်မစွာနဲ့ပဲ မစ်ယန်က ဒီတစ်ကြိမ်မှာ လူကြီးမင်းရဲ့ တာဝန်ရှိမှုကို ဆက်လက် အရေးမယူတော့ ဘူးလို့ ပြောပါတယ်...။ အကယ်၍ နောက်တစ်ကြိမ်သာ ရှိခဲ့မယ်ဆိုရင် လူကြီးမင်း ဒီနေရာမှာ ထိုင်နေရမှာ မဟုတ်ပါဘူး...၊ တရားဥပဒေစိုးမိုးရေး စခန်းကိုသွားပြီး သူတို့ကို ရှင်းပြရပါလိမ့်မယ်...။”
ယန်မီက ဤကိစ္စကို ဆက်လက် အရေးမယူတော့ကြောင်း ကြားလိုက်ရသောအခါ ကျောက်ယွန်းထောင်မှာ စိတ် သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်လေ၏။
အခြေအနေက ဤသို့ဖြစ်လာပြီဖြစ်ရာ ဆက်လက်၍ ငြင်းခုံနေခြင်း သို့မဟုတ် ရှင်းပြနေခြင်းက အဓိပ္ပာယ်မရှိ တော့ချေ။ လုံခြုံရေးဝန်ထမ်းကိုသာ ပြောချင်ရာပြောခွင့် ပြုလိုက်လေတော့သည်။ အဆုံးစွန်ဆိုရလျှင် ဤသည် မှာ သူ၏အမှားသာ အမှန်တကယ် ဖြစ်လေ၏။
အချိန်အနည်းငယ်ကြာပြီးနောက် ကျောက်ယွန်းထောင်သည် လေပေါက်နေသော ပူဖောင်းတစ်လုံးကဲ့သို့ စိတ်ပျက်လက်ပျက်ဖြင့် လုံခြုံရေးအခန်းထဲမှ ထွက်လာခဲ့လေသည်။
ဤသည်မှာ အလွန်ပင် ရှက်ဖွယ်ကောင်းလှပေသည်။
သူငယ်ချင်းဖြစ်သူအား သူတို့အိမ်တွင် ခေတ္တတည်းခိုမည်ဟု သူ ပြောခဲ့စဉ်က သူငယ်ချင်းဖြစ်သူမှာ အကြောင်း ပြချက်ပင် မမေးဘဲ အလွယ်တကူ သဘောတူခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဤကိစ္စသာ လူသိရှင်ကြား ဖြစ်သွားပါက သူ အမှန်တကယ်ပင် အရှက်ကွဲရပေလိမ့်မည်။
ယခုအခါ သူ၏ ဝီချက်အကောင့်မှ လူဆယ်ဦးတွင် ကိုးဦးခန့်က သူသည် သူ၏ အသည်းစွဲနောက်သို့ ပါပါရာဇီ တစ်ဦးကဲ့သို့ လိုက်ခဲ့ကြောင်း၊ လုံခြုံရေး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အချုပ်ကျလုနီးပါး ဖြစ်ခဲ့ကြောင်းကို သိရှိ သွားကြပြီ ဖြစ်လေသည်။
ကျောက်ယွန်းထောင်သည် စိတ်ပျက်လက်ပျက်ဖြင့် ဗဟိုခြံဝင်းမှ ထွက်ခွာရန် သူ၏ ပစ္စည်းများကို သိမ်းဆည်း နေစဉ် သူ၏ ဖုန်းမှာ ထပ်မံ မြည်လာခဲ့ပြန်လေ၏။
ကျောက်ယွန်းထောင်က စိတ်ဓာတ်ကျနေသော လေသံဖြင့် ဖုန်းကို ဖြေလိုက်ရာ တစ်ဖက်မှ ရွှင်လန်းသော ရယ်မောသံကို ကြားလိုက်ရလေသည်။
“ဟားဟား... ကျောက်လေး...၊ ငါ ဒီနေ့ ကံအကောင်းဆုံးပဲကွ...။ ငါ ထိုင်နေတာ ဆယ်မိနစ်ပဲ ရှိသေးတယ်...၊ တစ်ဆယ့်တစ်ပေါင်လောက် လေးတဲ့ မြက်စားငါးကြင်းတစ်ကောင်ကို ရလိုက်ပြီ...၊ ငါ့ရဲ့ အံ့မခန်း ကံကောင်းမှုကို မင်း လာမကြည့်တော့ဘူးလား...။”
ကျောက်ယွန်းထောင်က စိတ်ပါလက်ပါမရှိဘဲ၊
“မင်း ရူးနေလား...၊ တန်ဖိုးမရှိတဲ့ မြက်စားငါးကြင်းတစ်ကောင်က ကြွားစရာတစ်ခုလို့ မင်းထင်နေတာလား...။”
“ကျစ်... မြက်စားငါးကြင်းဖြစ်တော့ရော ဘာဖြစ်လဲ...၊ အလေးချိန် ဆယ်ပေါင်ကျော်တယ်လေကွာ...။ ငါက တော့ ဂုဏ်ယူတယ်...၊ မဟုတ်သေးပါဘူး...၊ မင်းက အမြဲတမ်း လက်ဗလာနဲ့ ပြန်လာတတ်တဲ့ ငါးမျှားဝါရင့် တစ်ယောက်ဖြစ်ပြီး ငါ့ကိုတောင် ရယ်ရဲသေးတယ်ပေါ့လေ...။”
ကျောက်ယွန်းထောင်က အံကြိတ်ကာ၊
“မင်းက သွေးအေးလွန်းတယ်...၊ မင်းရဲ့ တည်နေရာကို ငါ့ဆီ ပို့လိုက်...၊ ရွေးချယ်ခံရသူအစစ်ဆိုတာ ဘယ်လိုပုံစံ လဲဆိုတာကို ငါ ပြပေးမယ်...။”
“ဟားဟား... အဲဒါကိုပဲ ငါ စောင့်နေတာ...၊ လာခဲ့တော့...၊ ဪ... ပြီးတော့ ခြင်ကာကွယ်ဝတ်စုံ တစ်စုံပါ ယူလာ ခဲ့ပေးဦး...၊ ငါ့ကို ခြင်တွေ အရမ်းကိုက်နေလို့...။”
ဖုန်းချပြီးနောက် ဖုန်းတစ်ဖက်မှ လူက ကျောက်ယွန်းထောင်ထံသို့ လိပ်စာတစ်ခုကို အမြန်ပို့ပေးလိုက်လေသည်။
ကျောက်ယွန်းထောင်သည် သူ၏ နဖူးကိုသူ ရိုက်လိုက်မိလေ၏။
*ဘုရားရေ...*
ဤကောင် သူ့ကို ဒုက္ခပေးရန် ဖုန်းဆက်သည်မှာ အံ့သြစရာမရှိပေ။ သူက ခြင်ကာကွယ် ဝတ်စုံ ယူလာရန် မေ့သွားခဲ့သဖြင့် သူ့ကို ယူလာစေချင်သောကြောင့် ဖြစ်လေသည်။
ကျောက်ယွန်းထောင်သည် စိတ်အခြေအနေ မကောင်းဖြစ်နေပြီး လုပ်စရာလည်း တစ်ခုမျှ မရှိချေ။ ဗဟိုခြံဝင်း တွင် ဆက်နေရန်လည်း အရှက်ရလွန်းလှသဖြင့် သူ၏ စိတ်ကို ကြည်လင်သွားစေရန် ငါးသွားမျှားရန် ဆုံးဖြတ် လိုက်လေတော့သည်။
ကျောက်ယွန်းထောင်သည် တုံ့ဆိုင်းမနေတော့ဘဲ ငါးမျှားရာနေရာဆီသို့ ဦးတည်ထွက်ခွာသွားလေ၏။
ဆယ်မိနစ်ကျော် ကြာပြီးနောက် သူ၏ရှေ့ရှိ ပုန်းကွယ်နေသော ဆူးခြုံတောကို ကြည့်ရင်း ကျောက်ယွန်းထောင် သည် သူ နေရာမှားလာခဲ့ပြီဟု ထင်မှတ်သွားခဲ့လေသည်။
ထိုဆူးခြုံတော၏ ရှေ့တွင် တုန်းကျန်းမြို့၌ လူသိများသော မြစ်တစ်စင်းဖြစ်သည့် ဖူရွှေမြစ် ရှိကြောင်းကို ကျောက်ယွန်းထောင် သိထားလေ၏။
ဒဏ္ဍာရီများအရ ဖူရွှေမြစ်ရွာကို ကာကွယ်စောင့်ရှောက်ပေးသော ရေစောင့်နတ်တစ်ပါး ရှိခဲ့ဖူးသည်ဟု ဆိုကြ သည်။ သူ တည်ရှိနေစဉ် ကာလအတွင်း ရေထဲသို့ ကျသွားသူ မည်သူမဆို ရေအောက်သို့ မနစ်မြုပ်ဘဲ ရေမျက်နှာ ပြင်ပေါ်တွင် ပေါလောပေါ်နေမည်ဖြစ်ကာ မရေမတွက်နိုင်သော လူများကို ကယ်တင်နိုင်ခဲ့လေသည်။
ထို့ကြောင့် မူလက အမည်မရှိဘဲ ဒေသခံများက "တာ့ဟယ်" ဟု ရိုးရှင်းစွာ ခေါ်ဝေါ်ခဲ့ကြသော ဤမြစ်ကို ဖူရွှေ မြစ် ဟု အမည်ပေးခဲ့ကြပြီး ထိုအချိန်မှစ၍ ဤအမည်ဖြင့်သာ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်လေသည်။
အဆုံးတွင် အများ၏ လေးစားကြည်ညိုခြင်းကို ခံရသော ထိုရေစောင့်နတ်သည် ရာထူးပိုမြင့်သော ဝမ်ပင်မြစ် စောင့်နတ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရလေသည်။
ဝမ်ပင်မြစ်သည် ကျန်းကျိုးပြည်နယ်၏ မိခင်မြစ်ကြီးဖြစ်ရာ ဤသည်က ဒဏ္ဍာရီထဲတွင် ထိုရေစောင့်နတ်၏ အဆင့်အတန်း မည်မျှမြင့်မားကြောင်းကို ပြသနေပေသည်။
ကျောက်ယွန်းထောင်သည်လည်း ဖူရွှေမြစ်နှင့် အလွန် ရင်းနှီးကျွမ်းဝင်လှပေသည်။
သူတို့သည် ထိုမြစ်တစ်လျှောက်တွင် ငါးမျှားလေ့ရှိကြ၏။
သို့သော် ထိုနေရာအများစုမှာ အတော်အတန် ပုံမှန်ဖြစ်သော မြစ်ကမ်းပါးများသာ ဖြစ်ကြသည်။ နေရာလွတ် တစ်ခုတွင် ဆူးခြုံတောကြီး ရှိနေသော ဤကဲ့သို့သော နေရာမျိုးမှာ သာမန်လူတစ်ယောက် ဝင်ရောက်ရန် အလွန် ကြောက်ရွံ့ဖွယ်ကောင်းလှပေမည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ကျောက်ယွန်းထောင်သည် ဖုန်းကို ထုတ်ကာ သူ၏ ဒုတိယအစ်ကို၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်လေသည်။
သူ၏ ဒုတိယအစ်ကို၏ ဖုန်းနံပါတ်ကို ခေါ်ဆိုပြီး မကြာမီမှာပင် ဆူးခြုံတောထဲမှ ဖုန်းမြည်သံကို တိုးညင်းစွာ ကြားလိုက်ရလေ၏။
ထို့နောက် ဆူးခြုံတောမှာ လှုပ်ခါသွားပြီး နေကာဦးထုပ် ဆောင်းထားသော သူ၏ ဒုတိယအစ်ကိုသည် ခြုံတောထဲ မှ ထွက်ပေါ်လာလေတော့သည်။
ဒုတိယအစ်ကို၏ အမည်အပြည့်အစုံမှာ ကျန်းတာ့ပင်း ဖြစ်သည်။ သူတို့ ကျောင်းတက်စဉ်က အဆောင်တွင် ဒုတိယမြောက် အသက်အကြီးဆုံးသူ ဖြစ်လေသည်။
ညီအစ်ကိုများထဲတွင် စတုတ္ထမြောက် အသက်အကြီးဆုံးဖြစ်သော ကျောက်ယွန်းထောင်အနေဖြင့် သူ့ကို "ဒုတိယအစ်ကို" ဟုသာ ခေါ်ဆိုနိုင်လေ၏။
ခြင်ကိုက်ခံရသဖြင့် လက်မောင်းပေါ်ရှိ အနီရောင်အဖုများကို ကုတ်ရင်း ကျန်းတာ့ပင်းက ညည်းတွားလိုက် လေသည်။
“ကျစ်...၊ ငါ ဖုန်းကို အသံပိတ်ထားဖို့ ထပ်မေ့သွားပြန်ပြီ...၊ ငါးက ငါးစာကို လာဟပ်တာနဲ့ မင်းရဲ့ ဖုန်းခေါ်လိုက် တာက ငါးကို လန့်သွားစေတော့တာပဲ...။”
ကျောက်ယွန်းထောင်က ကျန်းတာ့ပင်းအတွက် ပြင်ဆင်လာသော ခြင်ကာကွယ်သည့် ဝတ်စုံကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီး ၊
“မင်းက ဘယ်လို စောက်ရမ်းဆိုးတဲ့ နေရာကို ရှာတွေ့ထားတာလဲ...၊ ငါတို့က အပေါက်တစ်ခုထဲကနေ တွားသွား ပြီး ဝင်ရမှာလား...။”
ခြင်ကာကွယ်သည့် ဝတ်စုံကို ဝတ်ဆင်ရင်း ကျန်းတာ့ပင်းက၊
“မင်း ဘာသိလို့လဲ...၊ ဒီနေရာတွေကို ဘယ်သူမှ မရှာတွေ့သေးဘူး...၊ အဲဒါကြောင့် ငါးမျှားဖို့ အရမ်းကောင်း နေတာပေါ့...။ မြန်မြန်လာ... ငါ ခုလေးတင် အဲဒီနေရာမှာ ငါးစာချထားတာ...၊ ပြီးတော့ ငါ အရမ်းကံကောင်းနေ တယ်...၊ ဝင်လာပြီး ငါ့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်စမ်းပါ...။”
သူ အရောက်လာခဲ့ပြီဖြစ်ရာ ကျောက်ယွန်းထောင်က ဆက်၍ ဘာမျှ မပြောတော့ချေ။ ထို့နောက် သူသည် ကျန်းတာ့ပင်းနောက်သို့ လိုက်ကာ အထဲသို့ ဝင်သွားလေ၏။
အထဲရှိ ဆူးခြုံတောမှာ အပြင်ဘက်လောက် ထူထပ်မနေချေ။ အပြင်ဘက်ဆုံးအလွှာကို မ,တင်လိုက်ပြီးနောက် တစ်ကြိမ်လျှင် လူတစ်ယောက်သာ ဝင်ဆံ့နိုင်သော လမ်းကျဉ်းလေးတစ်ခုကို တွေ့ရပေမည်။
ကျိုးပဲ့နေသော သစ်ကိုင်းများကို ကြည့်ခြင်းအားဖြင့် ၎င်းကို မကြာသေးမီကမှ ခုတ်ထွင်ထားကြောင်း ထင်ရှား နေလေသည်။
ဤလူများသည် ဤနေရာကို ရှာဖွေရန် အမှန်တကယ်ပင် အားထုတ်ကြိုးပမ်းခဲ့ကြပေသည်။
ကျောက်ယွန်းထောင် မြစ်ကမ်းပါးသို့ ချဉ်းကပ်သွားစဉ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထိုနေရာရှိ ငါးမျှား ဖော်များမှာ အတော်လေး စုံလင်နေသည်ကို သတိပြုမိလိုက်လေသည်။ သူတို့အားလုံးမှာ ယခင်အဖွဲ့မှ ငါးမျှား ဖော်ဟောင်းများသာ ဖြစ်ကြသည်။
ကျောက်ယွန်းထောင် ချဉ်းကပ်လာသည်ကို မြင်သောအခါ ရင်းနှီးသူ နှစ်ဦးက သူ့ကို လက်ပြနှုတ်ဆက်သော် လည်း စကားတစ်ခွန်းမျှ မပြောရဲကြချေ။
မည်သို့ပင်ဆိုစေကာမူ ငါးမျှားရာတွင် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေရန် လိုအပ်သည် မဟုတ်ပါလား။
ကျောက်ယွန်းထောင်သည် အလယ်တွင် လွတ်နေသော ငါးမျှားမည့်နေရာတစ်ခုကို မြင်တွေ့လိုက်သဖြင့် ထိုင်ရန် ပြင်လိုက်စဉ်မှာပင် ရွှီပေါ်အန်း၏ စကားများကို ရုတ်တရက် သတိရသွားခဲ့လေ၏။
*ရေနဲ့ ဝေးဝေးနေပါ...။*
သူသည် ရေအနီးတွင် ရောက်နေရုံသာမက တုန်းကျန်းမြို့ရှိ နာမည်ကျော် ဖူရွှေမြစ်၏ ဘေးနားတွင်လည်း ရှိနေခဲ့ ခြင်း ဖြစ်လေသည်။
ဖူရွှေမြစ်၏ ဒဏ္ဍာရီများကို လုံးဝ အတည်မယူသင့်ချေ။
အဘယ်ကြောင့်ဆိုသော် နွေရာသီ ကျောင်းပိတ်ရက်အတွင်း ဤမြစ်ထဲတွင် လူနစ်သေဆုံးသည့် ဖြစ်စဉ်များ အမြဲလိုလို ရှိနေတတ်သောကြောင့် ဖြစ်လေသည်။
ကျောက်ယွန်းထောင် ကျောင်းစတက်ကတည်းက နွေရာသီ ကျောင်းပိတ်ရက် မတိုင်မီတိုင်း ကလေးများကို ဖူရွှေမြစ်ဘေးတွင် မကစားကြရန် ဆရာ၊ ဆရာမများက အမြဲ သတိပေးလေ့ရှိကြောင်းကို သူ မှတ်မိနေခဲ့၏။
ကျောက်ယွန်းထောင် အတွေးနက်နေစဉ် ကျန်းတာ့ပင်းက ခေါင်းလှည့်ကာ သူ့ကို လှမ်းကြည့်လိုက်လေသည်။
“မင်း ဘာတွေ ငေးမောတွေးတောနေတာလဲ ကောင်လေး...၊ ထိုင်ပြီး အလုပ်လုပ်တော့လေ...၊ ငါ ဘာလုပ်နိုင်လဲ ဆိုတာကို မင်းကို ပြပေးမယ်...။”
ရွှီပေါ်အန်း၏ စကားများကို တွေးတောပြီးနောက် ကျောက်ယွန်းထောင်သည် အနည်းငယ် သတိဝင်နေခဲ့ပြီ ဖြစ် သည်။
ယခု ငြိမ်သက်နေသော မြစ်ပြင်ကို ကြည့်ရင်း အမည်မသိ ကြောက်ရွံ့မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေ ၏။
ကျောက်ယွန်းထောင်က လက်ဝှေ့ယမ်းကာ၊
“ခဏစောင့်...၊ ငါ အပေါ်တက်ပြီး အပေါ့အပါးသွားဖို့ နေရာတစ်ခု သွားရှာလိုက်ဦးမယ်...။”
ကျန်းတာ့ပင်းက ညည်းညူလိုက်လေသည်။
“မင်းက ငပျင်းပဲ...၊ မင်းက ချီးတွေ၊ သေးတွေ အရမ်းများတဲ့ ပျင်းရိတဲ့ မြည်းတစ်ကောင်ပဲ...၊ မြန်မြန်လုပ်...၊ လှည်းပေါ်မှာ ခေါက်သာခွက်သာ သုံးလို့ရတဲ့ အိမ်သာတစ်ခု ရှိတယ်...။”
ကျောက်ယွန်းထောင်သည် လမ်းဘေးတွင် ကားတစ်စီးကို အကာအကွယ်ယူ၍ အပေါ့အပါးသွားပြီးနောက် စီးကရက်တစ်လိပ် သောက်ကာ အောက်သို့ ပြန်ဆင်းသင့်၊ မဆင်းသင့် တွေးတောနေစဉ် တောအုပ်ထဲမှ အော်ဟစ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေ၏။
ထို့နောက် သူတို့ ရယ်မောသံများ ထွက်ပေါ်လာလေသည်။
ကျောက်ယွန်းထောင်မှာ စပ်စုလိုစိတ် ဖြစ်ပေါ်လာပြီး ဘာဖြစ်နေသနည်းဟု သွားရောက် မေးမြန်းရန် တွေးလိုက်လေ၏။
နောက်တစ်ခဏတွင် အာမေဍိတ်သံ အများအပြား တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာခဲ့လေသည်။
ကျောက်ယွန်းထောင်သည် ဆူးခြုံတောဆီသို့ အလျင်အမြန် ခြေလှမ်းအနည်းငယ် ပြေးသွားကာ အပြင်ဘက် အကာကို မ,ပြီး အထဲသို့ ကြည့်လိုက်ရာ ချက်ချင်းပင် မှင်သက်သွားခဲ့လေတော့သည်။
ယခုလေးတင် ကမ်းစပ်တွင် ငါးမျှားနေသော လူသုံးဦးစလုံး ပျောက်ကွယ်သွားခဲ့လေပြီ။
ရေမျက်နှာပြင်ပေါ်တွင် ပူပေါင်းများသာ ရံဖန်ရံခါ ထွက်ပေါ်လာလေသည်။
*ဟင်...၊ ရေထဲ ပြုတ်ကျသွားတာလား...။*
ကျောက်ယွန်းထောင်၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မည့်အလား ရုတ်တရက် လျင်မြန်စွာ ခုန်ပေါက်လာခဲ့လေသည်။ သူသည် တုန်ယင်နေသော လက်များဖြင့် အရေးပေါ်ဖုန်းနံပါတ်ကို အမြန်ခေါ်ဆို လိုက်လေတော့သည်။
...
ရွှီပေါ်အန်းသည် မိဘများကို ရွာသို့ ပြန်ပို့ပြီးခါစတွင် ကျောက်ယွန်းထောင်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိ ခဲ့လေသည်။
“အစ်ကိုရွှီ...၊ စကားပြောဖို့ အဆင်ပြေရဲ့လား...။”
ကျောက်ယွန်းထောင်က ပြင်းထန်စွာ မောဟိုက်နေပြီး စိုးရိမ်ပူပန်နေသော လေသံဖြင့် ပြောလိုက်လေသည်။
ရွှီပေါ်အန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး၊
“အဆင်ပြေပါတယ်...၊ ပြောလေ... ဘာကိစ္စလဲ...။”
ကျောက်ယွန်းထောင်က စိတ်လှုပ်ရှားစွာဖြင့်၊
“အစ်ကိုရွှီ...၊ ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်လို့ကို မဆုံးနိုင်တော့ပါဘူး...၊ ကျွန်တော် ခင်ဗျားကို အသက် တစ်ချောင်း အကြွေးတင်သွားပြီဗျာ...။”
“ဟင်...”
ရွှီပေါ်အန်းမှာ ခေတ္တမျှ ကြောင်အသွားသော်လည်း ထိုနေ့နံနက် အိမ်မှမထွက်ခွာမီ ကျောက်ယွန်းထောင်ကို သူ ပြောခဲ့သော စကားများကို အမြန် သတိရသွားခဲ့လေ၏။
ကျောက်ယွန်းထောင်၏ စကားများကို ကြားလိုက်ရသောအခါ ကျောက်ယွန်းထောင်မှာ ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့ကြောင်းကို ရွှီပေါ်အန်း သိလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူက သူ့ထံ ဖုန်းဆက်နိုင်သေးသည်ဆိုခြင်းမှာ သူ အဆင်ပြေနေသည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။
“ဘာတွေဖြစ်နေတာလဲ...၊ ငါ့ကို သေချာပြောပြပါဦး...။”
ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ "ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း" ၏ စွမ်းရည်များကို လက်တွေ့ကမ္ဘာတွင် သူ ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။
ကျောက်ယွန်းထောင်သည် သူ၏ ရင်ထဲတွင် ကျန်ရစ်နေသေးသော ကြောက်ရွံ့မှုကို ဖိနှိပ်ကာ အသက်ပြင်းပြင်း နှစ်ခါ ရှူလိုက်ပြီး သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ရွှီပေါ်အန်းအား အသေးစိတ် ပြန်လည်ပြောပြလေ တော့၏။
ရွှီပေါ်အန်းသည် စကားတစ်ခွန်းမျှ မပြောဘဲ နားထောင်နေခဲ့ပြီး မကြာမီတွင် ကျောက်ယွန်းထောင် ရင်ဆိုင်ခဲ့ရ သော ပြဿနာကို သိရှိသွားခဲ့လေသည်။
အကြောင်းရင်းမှာ ကျောက်ယွန်းထောင်သည် မြစ်ဘေးတွင် ငါးမျှားရန် ပြင်ဆင်နေစဉ် ရွှီပေါ်အန်း၏ အစောပိုင်း သတိပေးချက်ကို ရုတ်တရက် သတိရသွားခဲ့ခြင်း ဖြစ်လေသည်။
သူ၏ စိတ်ထဲတွင် သံသယများဖြင့် ၎င်းကို သေချာစွာ စဉ်းစားရန် အိမ်သာသို့ သွားခဲ့ခြင်း ဖြစ်သည်။
သူ အိမ်သာမှ ပြန်မလာနိုင်မီမှာပင် ငါးမျှားရာနေရာမှ အသက်ရှူမှားလောက်သော အသံတစ်ခုကို ကြားလိုက်ရ လေသည်။
ကျောက်ယွန်းထောင် ငါးမျှားရာနေရာသို့ အလျင်အမြန် ပြန်သွားသောအခါ ကမ်းစပ်မှာ လူသူကင်းမဲ့နေခဲ့ပြီ ဖြစ်သည်။ တစ်ချိန်က ငြိမ်သက်နေခဲ့သော မြစ်ပြင်သည် ယခုအခါ ပူပေါင်းများ ဆက်တိုက် ထွက်ပေါ်နေပြီး မြစ်ကမ်းပါးမှာလည်း ဖရိုဖရဲ ဖြစ်နေခဲ့လေ၏။
ထိုလူသုံးဦး မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်းကို ကျောက်ယွန်းထောင်က တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေ သည်။
ကျောက်ယွန်းထောင်သည် အောက်ဆင်းကာ လူများကို ကယ်တင်ချင်ခဲ့သော်လည်း သူသည် ရေကူးလုံးဝ မတတ်သူ တစ်ဦး ဖြစ်နေခဲ့၏။
နောက်ဆုံးတွင် လမ်းဘေးရှိ စေတနာရှင်များနှင့် ကျွမ်းကျင်သော တရားဥပဒေစိုးမိုးရေး အရာရှိများ၏ အကူ အညီဖြင့် မြစ်အောက်ပိုင်းသို့ မျောပါသွားသော လူနှစ်ဦးကို ရှာတွေ့ခဲ့ပြီး ကံကောင်းထောက်မစွာ သေဘေးမှ လွတ်မြောက်ခဲ့သော ကျန်းတာ့ပင်းကိုလည်း ရှာတွေ့ခဲ့လေသည်။
ထိုသုံးဦးအနက် ကျန်းတာ့ပင်း တစ်ဦးတည်းသာ မြစ်အောက်ပိုင်းသို့ မျောပါသွားစဉ် ရေကူးကျွမ်းကျင်မှုကြောင့် မြစ်လယ်ရှိ ကျောက်ဆောင်တစ်ခုဆီသို့ ကူးခတ်နိုင်ခဲ့သဖြင့် အသက်ရှင် ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။
အခြား ငါးမျှားဖော်နှစ်ဦးမှာမူ ကယ်တင်၍ မရနိုင်တော့ဘဲ ခန္ဓာကိုယ်များ ဖောရောင်နေခဲ့ပြီ ဖြစ်သည်။
နောက်ပိုင်းတွင် ကျန်းတာ့ပင်း သတိပြန်လည်လာပြီး ရှင်းပြပြီးနောက် ကျောက်ယွန်းထောင် ထွက်သွားပြီးနောက် ငါးမျှားဖော်တစ်ဦးက ကံကောင်းစွာဖြင့် ကီလို (၂၀) ကျော် အလေးချိန်ရှိသော ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့ ကြောင်း သိရလေသည်။
မမျှော်လင့်ဘဲ ငါးမျှားကြိုးကို ပြန်ရုပ်သိမ်းလိုက်ချိန်တွင် ငါးမှာ ရုတ်တရက် ရုန်းကန်လိုက်သဖြင့် ကြိုးပြတ်ထွက် သွားကာ ငါးမျှားဖော်တစ်ဦး ရေထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့လေ၏။
ကျန်းတာ့ပင်းက ငါးကို ဆွဲထုတ်ရန် အလျင်အမြန် သွားရောက်ကူညီခဲ့သော်လည်း ငါးမှာ အလွန်တရာ အား ကောင်းနေကြောင်းကို သိလိုက်ရလေသည်။ သူတို့နှစ်ဦး ပေါင်း၍ပင် ငါးမျှားတံကို မထိန်းချုပ်နိုင်ခဲ့ချေ။
၎င်းကို မြင်သောအခါ အခြား ငါးမျှားဖော်တစ်ဦးက ငါးမျှားတံကို ကူဆွဲရန် အခြားတစ်ဖက်သို့ အမြန် တိုးဝင် သွားခဲ့သော်လည်း အလျင်လိုမှုကြောင့် သူ၏ဘေးတွင် ချထားသော ငါးစာခွက်ကို ကန်မိသွားခဲ့လေသည်။ သူတို့ သုံးဦးစလုံး ချော်လဲသွားခဲ့ပြီး ငါးကြီး၏ ပြင်းထန်သော ရုန်းကန်အားကြောင့် ဟန်ချက်ပျက်သွားခဲ့လေ၏။
ထို့နောက် ထိုငါးကြီး၏ ပြင်းထန်သော အားကြောင့် သူတို့သုံးဦးစလုံး မြစ်ထဲသို့ ရုတ်တရက် ဆွဲချခံလိုက်ရ ခြင်ဖြစ်လေသည်။
အဆုံးတွင် ၎င်းက လူနှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိမှုဆီသို့ ဦးတည်သွားစေခဲ့လေ၏။
ကျောက်ယွန်းထောင် ဤအကြောင်းကို သိလိုက်ရသောအခါ လုံးဝ မှင်သက်သွားခဲ့လေတော့သည်။ သူသည် ရေကူးလုံးဝ မတတ်သူ တစ်ဦးဖြစ်ရာ ကြောက်ရွံ့မှုလှိုင်းလုံးတစ်ခုကို ခံစားလိုက်ရလေ၏။
အကယ်၍ ရွှီပေါ်အန်းသာ သူ့ကို သတိမပေးခဲ့ဘဲ သူ၏ အမှားကို သတိမပြုမိစေခဲ့ပါက သူ အိမ်သာသို့ သွားခဲ့ မည် မဟုတ်ချေ။ ထို့ကြောင့် ယနေ့ ဤလူများထဲတွင် သူလည်း အများဆုံး ပါဝင်သွားနိုင်ချေ ရှိနေပေသည်။
“အစ်ကိုရွှီ...၊ ကျွန်တော် အစ်ကို့ကို တကယ် လေးစားသွားပါပြီ...၊ ဒိတစ်ကြိမ်မှာ အစ်ကိုသာ မရှိခဲ့ရင် ပရိသတ် တစ်ယောက် ဖြစ်ဖို့နေနေသာသာ အနာဂတ်မှာ ဆက်ပြီး ရှင်သန်ခွင့်တောင် ရတော့မှာ မဟုတ်ပါဘူး...။”
ကျောက်ယွန်းထောင်က လေးနက်စွာ ပြောလိုက်လေသည်။
ကျောက်ယွန်းထောင်၏ စိတ်လှုပ်ရှားနေသော စကားများကို ကြားသောအခါ ရွှီပေါ်အန်းက ပြုံး၍၊
“ငါက မစဉ်းစားဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်မိတာပါ...၊ ငါတို့ ညီအစ်ကိုတွေက ရေစက်ဆုံဖို့ ကံပါလာတာ လေ...၊ အဲဒါက မင်းကို ကူညီဖို့ နတ်ဘုရားရဲ့ နည်းလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...၊ အားမနာပါနဲ့...။”
ကျောက်ယွန်းထောင်က ကျေးဇူးတင်စကားဖြင့် မျက်ရည်ဝဲကာ၊
“အစ်ကိုရွှီ...၊ ကျွန်တော် ထပ်ပြောစရာ စကားမရှိတော့ပါဘူး...၊ နောင်အနာဂတ်မှာ အစ်ကို့အတွက် ကျွန်တော် ကူညီပေးနိုင်တာ တစ်ခုခုရှိရင် တောင်းဆိုလိုက်ပါ...၊ ကျွန်တော် သေချာပေါက် လုပ်ပေးပါ့မယ်...။”
“ဟားဟား... မင်းက သဘောကောင်းလွန်းပါတယ် ယွန်းထောင်ရာ...၊ အရင်ကလည်း ငါ မင်းကို ပေါ့ပေါ့ပါးပါး ပြောနေကျပဲလေ...။”
ရွှီပေါ်အန်းက ၎င်းကို အလေးအနက် မထားသော်လည်း သူ၏အပေါ်ထားရှိသော ကျောက်ယွန်းထောင်၏ သဘောထားမှာ ယခင်ကနှင့် မတူတော့ကြောင်းကို သူ ရှင်းလင်းစွာ ခံစားသိရှိနိုင်လေ၏။
ရိုးရှင်းသော ယဉ်ကျေးပျူငှာမှုအဖြစ် စတင်ခဲ့ရာမှ ယခုအခါ ကျေးဇူးတင်မှုနှင့် ကြောက်ရွံ့ရိုသေမှု အငွေ့အသက် လေးတစ်ခုအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ အသက်အန္တရာယ်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်ခန့်မှန်းနိုင်စွမ်းမှာ လေးစားမှုရထိုက်သော အရာတစ်ခုပင် ဖြစ်လေတော့သည်။