← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃)

နွေရာသီ၏ ရေခဲပါး လက်ဆောင်

ကျောက်ယွန်းထောင်နှင့် ယဉ်ကျေးစွာ စကားအနည်းငယ် ပြောဆိုပြီးနောက် ရွှီပေါ်အန်းသည် ဖုန်းချလိုက် လေ၏။

ရွှီကျန်းချန်နှင့် ထန်ရုံကျီတို့သည် ဖျက်သိမ်းရေး လျော်ကြေးနှင့် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးရန် ရွာရုံးချုပ်သို့ သွားနေကြလေသည်။ ရွှီပေါ်အန်းမှာမူ ဖုန်းပြောနေရသဖြင့် ကားပေါ်မှ မဆင်းရသေးချေ။

သူ့ရှေ့ရှိ တိတ်ဆိတ်ငြိမ်သက်နေသော ရွာအိုကြီးကို ကြည့်ရင်း ရွှီပေါ်အန်းသည် အတွေးလွန်နေမိလေ၏။

လူတို့သည် လူလတ်ပိုင်းအရွယ်သို့ ရောက်သောအခါ အတိတ်ကို လွမ်းဆွတ်တတ်ကြပြီး အသက်အရွယ် ကြီးရင့် လာချိန်တွင် တစ်နေ့တာ၏ အချိန်အများစုကို အတိတ်အကြောင်း ပြန်ပြောင်းတွေးတောရင်း ကုန်ဆုံးလေ့ရှိကြ သည်ဟု ဆိုကြလေသည်။

ရွှီပေါ်အန်း ကိုယ်တိုင်လည်း အသက်ပိုကြီးလာသည်နှင့်အမျှ အတိတ်ကို လွမ်းဆွတ်သော အတွေးများ အမှန် တကယ် ပိုများလာသည်ကို တွေ့ရှိခဲ့ရလေ၏။

ရွှီပေါ်အန်း၏ အဘိုးအဘွားများ နေထိုင်ရာရွာကို ထန်ကျားဖျင်ဟု ခေါ်လေသည်။ သူ ငယ်စဉ်က မိဘများ အလုပ် များသဖြင့် ရွှီပေါ်အန်းသည် အဘိုးအဘွားများနှင့် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရလေ၏။

မူလတန်းကျောင်းတက်စဉ် အရွယ်က ရွှီပေါ်အန်းသည် ဆောင်းရာသီနှင့် နွေရာသီ ကျောင်းပိတ်ရက်တိုင်းကို ဤနေရာ၌ပင် ကုန်ဆုံးခဲ့ခြင်း ဖြစ်ပေသည်။

တောင်ပေါ်တွင် နှံကောင်များ ဖမ်းခြင်း၊ သစ်ပင်ပေါ်မှ ငှက်သိုက်များကို နှိုက်ခြင်း၊ မြစ်ထဲတွင် ငါးငယ်လေးများ ဖမ်းခြင်း၊ တွင်းတူး၍ အာလူးဖုတ်ခြင်း အစရှိသည်တို့ဖြင့်...။ ရွှီပေါ်အန်း၏ ကလေးဘဝ အမှတ်တရ တစ်ဝက်ခန့် မှာ ဤနေရာမှပင် ဖြစ်လေသည်။

အတိတ်ဟောင်းကို ပြန်လည်အောက်မေ့ လွမ်းဆွတ်နေစဉ်မှာပင် ရွှီပေါ်အန်းသည် ကားပြတင်းပေါက်ဘေးမှ ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရလေ၏။

ရွှီပေါ်အန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ကားပြတင်းပေါက်အနီးသို့ ကပ်နေသော ခေါင်းကြီးတစ်လုံးကို တွေ့လိုက်ရလေသည်။ ထိုသူသည် လက်ဖြင့် မျက်လုံးများကို ကွယ်ထားကာ ကားအတွင်းသို့ ပြုံးဖြီးဖြီးဖြင့် ချောင်းကြည့်နေခဲ့၏။

တစ်ဖက်လူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ရွှီပေါ်အန်း၏ မျက်နှာထားမှာ နူးညံ့သွားပြီး နှုတ်ဆက်လိုက်လေသည်။

“အစ်ကိုပေါက်စီ...”

ထိုအမျိုးသားက လူအအတစ်ယောက်လို ရယ်မောလိုက်ပြီး လက်များကို သွက်လက်စွာ ဝှေ့ယမ်းပြသော်လည်း မည်သည့်စကားမှ မဆိုခဲ့ချေ။

ရွှီပေါ်အန်းသည် ကားပေါ်မှ မဆင်းမီ လက်တင်ခံ အိတ်ထဲမှ စီးကရက်တစ်ဗူးကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်ပြီး လျှောက်သွားလေ၏။

ပေါက်စီ၏ နာမည်ရင်းမှာ ထန်ရှောင်ပေါင် ဖြစ်လေသည်။ အရပ်စကားဖြင့် ဆိုရလျှင် သူသည် ထန်ကျားဖျင် ရွာ၏ ရွာစောင့်နတ်ပင် ဖြစ်ပေသည်။

ထန်ရှောင်ပေါင်သည် မိဘမဲ့တစ်ဦး ဖြစ်၏။ ရွှီပေါ်အန်း သူ့ကို စတင်တွေ့ရှိခဲ့ချိန်မှစ၍ သူသည် ယိုယွင်းပျက်စီး နေသော ခြံဝင်းအဟောင်းတစ်ခုတွင် နေထိုင်ခဲ့လေသည်။ ခြံဝင်းမှာ မသေးငယ်သော်လည်း နံရံများမှာ လုံးဝနီး ပါး ပြိုကျနေခဲ့လေပြီ။ ရွာသားများ၏ အကူအညီကြောင့်သာ လိုဏ်ဂူအိမ်၏ တံခါးများနှင့် ပြတင်းပေါက်များကို လေတိုက်ခတ်မှုမှ ကာကွယ်ရန် ဆီစိမ်စက္ကူများဖြင့် ဖုံးအုပ်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။

အစားအသောက်အတွက်မူ ရွာသားများက အလှည့်ကျ လာပို့ပေးသော အိမ်ချက်ဟင်းလျာများကိုသာ အဓိက စားသောက်ရလေ၏။

ရွာကို ဖျက်သိမ်းပြီးနောက် ထန်ရှောင်ပေါင် ဘာဆက်လုပ်မည်ကိုမူ မည်သူမျှ မသိနိုင်ချေ။ ထန်ရှောင်ပေါင် သည် ရွှီပေါ်အန်းထက် ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့် ပိုကြီးပေလိမ့်မည်။ သူသည် ဉာဏ်ရည်ချို့တဲ့နေသော် ငြားလည်း စိတ်ထားကောင်းမွန်သူ တစ်ဦးဖြစ်လေသည်။

ထန်ကျားဖျင်ရွာတွင် ကလေးဘဝက နေထိုင်စဉ် ထန်ရှောင်ပေါင်သည် သူတို့ သူငယ်ချင်းတစ်စု၏ အနောက်မှ လိုက်၍ ကစားလေ့ရှိသည်ကို ရွှီပေါ်အန်း မှတ်မိနေသေး၏။

သူသည် အလုပ်လုပ်ရာတွင် အနည်းငယ် နှေးကွေးသော်လည်း သူငယ်ချင်းများကိုမူ အလွန် ကာကွယ်ပေး တတ်လေသည်။ မည်သည့် အလုပ်မျိုးဖြစ်စေ သူက အမြဲတမ်း မိမိသဘောဆန္ဒအလျောက် ဝင်လုပ်ပေးတတ် လေ၏။

“အစ်ကိုပေါက် ရော့လေ...။”

ရွှီပေါ်အန်းက ပြောရင်း ထန်ရှောင်ပေါင်ထံသို့ စီးကရက်တစ်ဗူးကို ပစ်ပေးလိုက်လေ၏။

ထန်ရှောင်ပေါင်သည် ဆေးလိပ် မသောက်တတ်ချေ။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်က ရွှီပေါ်အန်း ပြန် လာစဉ်က ထန်ရှောင်ပေါင်၏ အိတ်ကပ်ထဲတွင် စီးကရက်တစ်ဗူး အမြဲပါရှိနေသည်ကို မြင်တွေ့ခဲ့ရလေသည်။

မိခင်ဖြစ်သူ ထန်ရုံကျီ၏ ပြောပြချက်အရ ထိုအရာကို ယခင် သူငယ်ချင်းတစ်ဦးက သူ့အား ပေးခဲ့ခြင်းဖြစ်သည် ဟု ဆိုလေသည်။ ထိုစီးကရက်ဗူးဖြင့် ရွာရှိ ဆိုင်တွင် အစားအသောက်များနှင့် လဲလှယ်နိုင်လေ၏။

ရွာရှိ ဆိုင်များသည် အပြင်ဘက်ရှိ ဆိုင်များကဲ့သို့ စနစ်တကျ မရှိလှချေ။ ရွာတွင် စီးကရက်ကို အဗူးလိုက်သာ မက တစ်လိပ် သို့မဟုတ် နှစ်လိပ်စီ ခွဲ၍လည်း ဝယ်ယူနိုင်ပေသည်။

ရွှီပေါ်အန်းတွင် မက်မွန်သီးကွတ်ကီး ကဲ့သို့သော မုန့်အချို့ ပါလာသဖြင့် ထန်ရှောင်ပေါင်ကို အနည်းငယ် ခွဲပေး လိုက်လေ၏။

ဤတစ်ကြိမ် ပြန်လာစဉ် ရွှီပေါ်အန်းသည် အစားအသောက် များများစားစား ယူမလာခဲ့သဖြင့် ထန်ရှောင်ပေါင် အား စီးကရက်တစ်ဗူးပေးကာ အစားအသောက်အချို့နှင့် လဲလှယ်ရန် စဉ်းစားမိခြင်း ဖြစ်လေသည်။

ထန်ရှောင်ပေါင်သည် လက်များကို အနေခက်စွာ ဆန့်တန်းကာ ပျာပျာသလဲ ဖမ်းယူရန် ကြိုးစားသော်လည်း အဆုံးတွင် မဖမ်းမိခဲ့ချေ။ သူသည် အလျင်အမြန် ထိုင်ချလိုက်ပြီး စီးကရက်ဗူးကို ကောက်ယူကာ သေချာစွာ သုတ်သင်ရှင်းလင်းလိုက်လေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီပေါ်အန်းသည် သူကိုယ်တိုင် လက်ထဲသို့ သေချာပေးခဲ့သင့်သည်ဟု ချက်ချင်းပင် နောင်တရသွားမိလေသည်။

ထန်ရှောင်ပေါင်သည် စီးကရက်ဗူးကို သန့်ရှင်းသွားအောင် သုတ်ပြီးနောက် ရယ်မောကာ ပြန်ပေးရင်း ပြော လိုက်လေ၏။

“မင်းကျသွားလို့ပါ ရော့ရော့...။”

ရွှီပေါ်အန်းက လက်လှမ်းကာ ထန်ရှောင်ပေါင်၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး ပြောလိုက်လေသည်။

“ကိတ်မုန့်နဲ့ လဲဖို့ ယူထားလိုက်လေ...”

ရွာရှိ ကိတ်မုန့်များမှာ လှပခမ်းနားသော မုန့်နှစ်ပါသည့် မွေးနေ့ကိတ်များ မဟုတ်ဘဲ မုန့်နှစ်မပါသော လက်သီး ဆုပ်အရွယ်ခန့် ရိုးရှင်းသည့် ကိတ်မုန့်များသာ ဖြစ်ပြီး အချို့နေရာများတွင် ထိုမုန့်များကို မြက်ကိတ်မုန့်ဟုလည်း ခေါ်ဝေါ်ကြလေသည်။

ထန်ရှောင်ပေါင်က ရယ်မောလိုက်ပြီး ပြောလေ၏။

“မင်းပဲသောက်ပါ ငါ့ဆီမှာလည်း ရှိသေးတယ်နော်... ။”

ပြောရင်းဆိုရင်းပင် သူက သူ၏အဝတ်အစားပေါ်ရှိ အိတ်ကပ်ငယ်ကို ပုတ်ပြလိုက်လေသည်။

ရွှီပေါ်အန်းသည် ထန်ရှောင်ပေါင်ကို သေချာစွာ အကဲခတ်ကြည့်ပြီးနောက် အဆုံးတွင် သက်ပြင်းချလိုက်လေ၏။

အကယ်၍ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုသာဆိုလျှင် ရွှီပေါ်အန်းက ကုသပေးနိုင်သေးသော်လည်း ထန်ရှောင်ပေါင် ၏ အခြေအနေအတွက်မူ မည်သည့် ဖြေရှင်းနည်းမှ မရှိချေ။

တောရွာတွင် နှစ်ရက်ကြာ အချိန်ကုန်ဆုံးပြီးနောက် ရွှီပေါ်အန်းသည် တုန်းကျန်းမြို့သို့ ပြန်လာခဲ့လေသည်။

မိဘများမှာ ဖျက်သိမ်းရေးနှင့် ပတ်သက်သော ကိစ္စရပ်များ အတည်ပြုခြင်းနှင့် စာရွက်စာတမ်းများ ဖြည့်စွက် ခြင်းတို့ကို ဆက်လက် လုပ်ဆောင်ရန် ရွာတွင် ကျန်ရစ်ခဲ့ရသဖြင့် ရွှီပေါ်အန်းနှင့်အတူ ပြန်မလိုက်လာခဲ့ကြပေ။

လွန်ခဲ့သော နှစ်ရက်အတွင်း ရွာရှိ လူတိုင်းနှင့်အတူ အပူပေး အုတ်ကုတင်ပေါ်တွင် အနားယူနေခဲ့ရသဖြင့် ရွှီပေါ်အန်းမှာ ဘွန်ဆိုင်းကမ္ဘာလေးကို အာရုံစိုက်ရန် သီးသန့် အချိန်မရခဲ့ပေ။

သူသည် ခေါင်ရှန်းရွာတစ်ဝိုက်ကို အမြန်လှည့်လည် ကြည့်ရှုခဲ့ရာ အရာအားလုံး ချောမွေ့စွာ လည်ပတ်နေသဖြင့် စိုးရိမ်စရာ တစ်စုံတစ်ရာ မရှိခဲ့ချေ။

တနင်္လာနေ့ နံနက်စောစောတွင် ရွှီပေါ်အန်းသည် အုပ်စုတစ်ခုလုံးနှင့် သက်ဆိုင်သော ဗီဒီယိုအစည်းအဝေး ကျင်းပရန် ရှိနေသဖြင့် အိမ်သို့မပြန်ဘဲ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီသို့ တိုက်ရိုက် သွားရောက်ခဲ့ လေသည်။

အစည်းအဝေးတွင် စူးထိုက်က လုပ်ငန်းခွင်ဆိုင်ရာ သတင်းများနှင့် ဘေးကင်းလုံခြုံ၍ စနစ်ကျသော ဆောက်လုပ် ရေးအတွက် နောက်ဆုံး လိုအပ်ချက်များကို ဖတ်ပြခဲ့လေ၏။ ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသော စီမံကိန်းများသည် ပြည်နယ်၏ ဆောက်လုပ်ရေးလုပ်ငန်းတွင် စံပြစီမံကိန်းများ ဖြစ်လာစေရန် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်စွာ လိုက်နာကျင့်သုံးကြရန်နှင့် ဝန်ထမ်းများအားလုံး စိတ်တူကိုယ်တူဖြင့် ပူးပေါင်းလုပ်ဆောင်ကြရန် သူက တိုက်တွန်းခဲ့လေသည်။

အစည်းအဝေး ပြီးဆုံးပြီးနောက် ရွှီပေါ်အန်းသည် သူ၏ ရုံးခန်းသို့ ပြန်လာခဲ့ပြီး ဌာနအသီးသီးမှ အကြီးအကဲများ ၏ လုပ်ငန်းအစီရင်ခံမှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းကာ တံခါးကို သော့ခတ်၍ ဘွန်ဆိုင်းကို ထုတ်ယူလိုက် လေသည်။

ဘွန်ဆိုင်းဥယျာဉ်အတွင်းရှိ တောင်စောင့်နတ်မင်း နတ်ကွန်း တည်ရှိရာ တောင်ခါးပန်း မြေကွက်လပ်ပေါ်တွင် ကျင်းတာ့ကျန့်နှင့် သူ၏လူများသည် နတ်ကွန်းကို စနစ်တကျ ဆက်လက် တည်ဆောက်နေကြဆဲပင် ဖြစ်လေ၏။

ချန်ရှီရှီမှာ တံခါးများနှင့် ပြတင်းပေါက်များပေါ်တွင် ပန်းချီဆွဲရန် အာရုံစိုက်နေခဲ့သည်။

တောင်ခြေရှိ ခေါင်ရှန်းရွာတွင် လီခန့်ရှန်း ဦးဆောင်သော ရွာသားများသည် ကြီးမားကျယ်ဝန်းလှသော လယ်ယာ မြေများကို ဖော်ထုတ် စိုက်ပျိုးထားခဲ့ကြလေပြီ။

သပ်ရပ်ညီညာနေသော လယ်ကွက်တန်းများသည် အလွန်တရာ ခမ်းနားထည်ဝါနေပုံရလေ၏။

တူလို မြေနံရံအိမ်ရာ၏ ခြံဝင်းအတွင်း၌ အမျိုးသမီးအချို့သည် ရွှီပေါ်အန်း ယခင်က ပေးထားခဲ့သော ဝါဂွမ်းလက် အိတ်များကို အသုံးပြု၍ အဝတ်အထည်များ ရက်လုပ်နေကြလေသည်။

အနီးအနားရှိ သစ်တောထဲတွင် လီဝူးဖူနှင့် အခြားလူအချို့က တောရိုင်း ဝံပုလွေများကို လေ့ကျင့်သင်ကြား ပေး နေခဲ့ကြ၏။

လူအများစုမှာ သစ်တောထဲတွင် ထင်းခုတ်နေကြလေသည်။ ရွာသားများအတွက်မူ ထင်းသည် မရှိမဖြစ် လိုအပ် ပြီး နေ့စဉ် လျင်မြန်စွာ ကုန်ဆုံးလေ့ရှိသော အခြေခံ လိုအပ်ချက်တစ်ခုပင် ဖြစ်ပေသည်။

အဝေးရှိ မြို့ရိုးပေါ်တွင် တာဝန်သိတတ်သော အစောင့်ငယ်လေး တစ်စုသည် မြို့ရိုးတစ်လျှောက် ဟိုဟိုဒီဒီ လမ်း လျှောက်ကာ အလွန် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ကင်းလှည့်နေကြလေ၏။

ရွှီပေါ်အန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး တောင်ပေါ်တွင် ဝံပုလွေများကို လေ့ကျင့်ပေးနေသော လီဝူးဖူနှင့် သူ၏လူစုအပေါ်သို့ အာရုံစိုက်လိုက်လေသည်။

လီဝူးဖူ၏ လမ်းညွှန်သင်ကြားမှုအောက်တွင် ဝံပုလွေများသည် ရိုးရှင်းသော အမိန့်များကို နားလည်နိုင်လာကြပြီ ဖြစ်လေ၏။

အထူးသဖြင့် နွားငယ်တစ်ကောင် အရွယ်ခန့်ရှိသော ဝံပုလွေခေါင်းဆောင်ကြီးမှာ ယခုအခါ လီဝူးဖူကို သူ၏ ကျောပေါ်တွင် တင်ဆောင်ကာ မြင်းစွမ်းကောင်း သို့မဟုတ် ကျားသစ်တစ်ကောင်ကဲ့သို့ တောင်တန်းများနှင့် သစ်တောများကြားတွင် လျင်မြန်စွာ သွားလာနိုင်နေပြီ ဖြစ်လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီပေါ်အန်းမှာ အားကျစိတ်များ ပြည့်နှက်သွားခဲ့လေ၏။

ထိုကောင်လေး၏ စီးတော်ယာကို ကြည့်လိုက်စမ်း...၊ အလွန်ပင် ခမ်းနားပြီး ကြီးစိုးနိုင်စွမ်း ရှိလှပေသည်။ ထိုဝံပုလွေကြီးနှင့် နှိုင်းယှဉ်လိုက်လျှင် သူ၏ ကိုယ်ပိုင် ဖို့ဒ် ရက်ပ်တာ ကားကြီးမှာ အရောင်အဝါ မှေးမှိန်သွား တော့၏။

ဝံပုလွေကြီးကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ရွှီပေါ်အန်းသည် တောင်စောင့်နတ်မင်း နတ်ကွန်း တည် ဆောက်မှု တိုးတက်မှုအခြေအနေအပေါ်သို့ စိတ်မပါ့တပါဖြင့် အာရုံပြန်ပြောင်းလိုက်လေသည်။

မဟာကျင့်မင်းဆက်၏ နည်းပညာနှင့် ယဉ်ကျေးမှုမှာ နှိုင်းယှဉ်ချက်အရ နောက်ကျနေသော်လည်း သူတို့၏ သစ်သား လက်မှုပညာကိုမူ ရွှီပေါ်အန်း အံ့ဩချီးကျူးခြင်းငှာ မတတ်နိုင်တော့ချေ။

ကျင်းတာ့ကျန့်သည် ထိုသစ်သားတုံးများကို သံမှို သို့မဟုတ် ကြိုး တစ်ချောင်းမျှ အသုံးမပြုဘဲ တင်းကျပ်စွာ တပ်ဆင်နေသည်ကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့နေရလေသည်။ အဆက်အစပ်များမှာ အလွန် ချောမွေ့သေချာလှသဖြင့် ထိုသစ်သားများသည် မည်သည့်အခါကမျှ ဖြတ်တောက်ခြင်း သို့မဟုတ် ပြုပြင်ခြင်း မခံရဘဲ သဘာဝအတိုင်း ထိုအတိုင်း ကြီးထွားလာခဲ့သည်နှင့်ပင် တူနေလေတော့၏။

အနီးအနားတွင် ကျင်းတာ့ကျန့်လက်အောက်၌ တပည့်အဖြစ် အလုပ်လုပ်နေသော လူငယ်နှစ်ဦးက သူ၏ လှုပ်ရှားမှုများကို လေးစားအားကျစွာ ကြည့်ရင်း မနာလိုစိတ်ဖြင့် ပြောလိုက်လေသည်။

“အစ်ကိုတာ့ကျန့်...၊ အစ်ကို့ရဲ့ လက်မှုပညာက တကယ်ကို အံ့သြစရာကောင်းတာပဲလေ...။ ကျွန်တော်တို့ကော ဘယ်တော့လောက်မှ အစ်ကို့လို ကျွမ်းကျင်မှုမျိုးကို သင်ယူနိုင်မှာလဲ...။”

“ဟုတ်တယ် အစ်ကိုကျင်းရေ...၊ တကယ်လို့များ ကျွန်တော့်မှာသာ ဒီလိုကျွမ်းကျင်မှုမျိုး ရှိခဲ့ရင် ကျွန်တော့်အမေ က ကျွန်တော် မိန်းမရဖို့ကိစ္စအတွက် သေချာပေါက် စိတ်ပူနေမှာ မဟုတ်ဘူးနော်...။”

ကျင်းတာ့ကျန့်က သူတို့နှစ်ဦးကို မော့ကြည့်ကာ ရယ်မောရင်း နောက်ပြောင်လိုက်လေ၏။

“မင်းတို့ ဘာတွေ အိပ်မက်မက်နေကြတာလဲ...၊ ဒီလိုအချိန်မျိုးမှာ ဒီလောက်လေးတတ်ရုံနဲ့ မိန်းမရနိုင်မှာ မဟုတ် ဘူးလေ...။ မဟုတ်ရင် ငါလည်း ရွှေမည်းကျောက် သတ္တုတွင်းမှာ သတ္တုတွင်းလုပ်သားအဖြစ် သွားအလုပ်လုပ် နေမှာ မဟုတ်ဘူး...။”

သူ့ဘေးရှိ လူငယ်လေးက လျှာထုတ်ပြကာ ပြောလေသည်။

“အစ်ကိုကျင်းက အဲဒီလိုပြောမယ်ဆိုရင် ကျွန်တော်ကော သတ္တုတွင်းလုပ်သားအဖြစ် တန်းပြီး မလုပ်သင့်ဘူး လား...။ ဒါဆိုရင် ကျွန်တော်လည်း နှစ်အနည်းငယ်လောက် အချိန်ကုန်သက်သာသွားမှာလေ...။”

ကျင်းတာ့ကျန့်က သက်ပြင်းချကာ ပြောလိုက်လေ၏။

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ ကလေးရာ...။ လမ်းဆုံးရောက်နေတဲ့ အခြေအနေမျိုး မဟုတ်ရင် သတ္တု တွင်းကို ဒုက္ခခံဖို့ ဘယ်တော့မှ မသွားနဲ့နော်...၊ မဟုတ်ရင် မင်း ပိုက်ဆံရှာဖို့တော့ အသက်ရှင်နေနိုင်ပေမယ့် သုံးဖို့ အတွက်တော့ အသက်မပါဘဲ ဖြစ်သွားနိုင်တယ်လေ...။ အိမ်က ကလေးနှစ်ယောက်ကို မကျွေးမွေးနိုင်တဲ့ အခြေ အနေကြောင့်သာ မဟုတ်ရင် ငါလည်း အသက်စွန့်ပြီး အဲဒီလိုနေရာမျိုးကို ဘာအတွက်မှ သွားမှာမဟုတ်ဘူး ...။”

ပထမလူငယ်လေးက ဝင်ပြောလေသည်။

“အစ်ကိုတာ့ကျန့်...၊ ခေါင်ရှန်းရွာက အခုချိန်မှာ စားစရာသောက်စရာ မရှားပါဘူးလေ...။ ကျွန်တော်တို့ ညီအစ်ကို တွေက အစ်ကို့နောက်လိုက်ပြီး ပညာသင်မယ်ဆိုရင် သေချာပေါက် မိသားစုကို ကျွေးမွေးနိုင်မှာပါ...။ ကျွန်တော် တို့ သတ္တုတွင်းကို မသွားပါဘူးနော်...။”

သတ္တုတွင်းသွားမည်ဟု နောက်ပြောင်ခဲ့သော အခြားလူငယ်လေးကလည်း ထောက်ခံလေ၏။

:”ဟုတ်တယ် အစ်ကိုကျင်းရဲ့...၊ ကျွန်တော်က နောက်လိုက်တာပါလေ...။ အစ်ကို့ဆီကနေ ပညာကို သေချာသင် ချင်ပါသေးတယ်…။ မနေ့ညက ကျွန်တော့်အမေတောင် ပြောသေးတယ်...၊ အစ်ကို့ရဲ့ လမ်းညွှန်မှုအောက်မှာ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးအတွက် အလုပ်ကို သေချာလုပ်ပေးမယ်ဆိုရင် တောင်စောင့်နတ်မင်းဘိုးဘိုး ကြီးက သေချာပေါက် ကျွန်တော်တို့ကို မျက်နှာသာပေးမှာပဲတဲ့လေ...။”

ကျင်းတာ့ကျန့်က နဖူးမှ ချွေးများကို သုတ်ရင်း ပြောလိုက်လေသည်။

“ဒါက အမှန်ပဲလေ...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံရတာက ဘဝဆက်တိုင်း စုဆောင်းခဲ့တဲ့ ကုသိုလ်ကံတွေကြောင့် ရလာတဲ့ ကောင်းချီးတစ်ခုပဲပေါ့...။ သွား...၊ ငါ့ကို နောက်ထပ် ရေတစ်ပုံး လောက် ခပ်ပေးဦး...၊ ဒီရာသီဥတုက အရမ်းပူလွန်းတယ်...။ ဘယ်တော့များမှ မိုးပြန်ရွာမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ...။”

လူငယ်နှစ်ဦးသည် ချက်ချင်းပင် ခုန်ထကာ မလှမ်းမကမ်းရှိ သစ်သားရေပုံးဆီသို့ ပြိုင်တူ ပြေးသွားကြလေ တော့၏။

ကျင်းတာ့ကျန့်က ရယ်မောကာ ဆူပူလိုက်လေသည်။

“မင်းတို့နှစ်ယောက် အရမ်းမလောကြနဲ့လေ...။ သူတော်စင်မကို လန့်သွားစေဦးမယ်နော်...။”

သူတော်စင်မဟု ခေါ်ဆိုသူမှာ အခြားသူမဟုတ်ဘဲ ချန်ရှီရှီပင် ဖြစ်လေသည်။ လွန်ခဲ့သော အကြိမ်က လီခန့်ရှန်း၏ နားလည်မှုလွဲမှားခြင်းကို ရွှီပေါ်အန်းက ရည်ရွယ်၍ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲဖြစ်စေ လက်ခံပေးလိုက်ပြီး နောက် ထိုအဆင့်အတန်းကို အသိအမှတ်ပြုလိုက်ချိန်မှစ၍ သူတော်စင်မအဖြစ် ချန်ရှီရှီ၏ အထီးကျန်ပြီး ထူးခြား သော ရပ်တည်ချက်မှာ ခိုင်မာသွားခဲ့လေပြီ။

လက်ရှိတွင် တောင်စောင့်နတ်မင်း နတ်ကွန်း၏ ခြံဝင်းအတွင်း၌ ချန်ရှီရှီ တစ်ဦးတည်းသာ ရှိနေလေသည်။ အမျိုးသားနှင့် အမျိုးသမီးကြားရှိ ရိုးရာ ကန့်သတ်ချက်များကြောင့် ကျင်းတာ့ကျန့်သည် အလုပ်သမားများကို ခြံဝင်းအတွင်းမှ လုံးဝ ထွက်ခွာသွားရန် ညွှန်ကြားထားခဲ့ခြင်း ဖြစ်၏။ ပြီးစီးသွားသော တံခါးများ၊ ပြတင်းပေါက် များနှင့် နံရံပြားများ အားလုံးကို ချန်ရှီရှီ စိတ်ကြိုက် ပန်းချီဆွဲနိုင်ရန် ဤနေရာသို့ ယူဆောင်လာခဲ့ကြခြင်း ဖြစ်လေ သည်။

သို့သော်လည်း ခြံဝင်းအတွင်းရှိ ရေကန်ငယ်လေးသည် ဤနေရာအတွက် တစ်ခုတည်းသော ရေအရင်းအမြစ် ဖြစ်နေလေ၏။ ထို့ကြောင့် လူများ ရေလာခပ်တိုင်း ချန်ရှီရှီနှင့် မလွဲမသွေ ဆုံတွေ့ကြရလေသည်။ ဤသည်မှာ လူငယ်လေးများအကြားတွင် တိတ်တဆိတ် အလွန် လိုလားတောင့်တကြသော အလုပ်တစ်ခု ဖြစ်လာခဲ့လေ တော့သည်။

သူတို့၏ နေ့စဉ်ဘဝတွင် ကျော်ကြားလှသော ပန်းဘုရင်မတစ်ဦးကို မဆိုထားနှင့်၊ အသားဖြူဖြူနှင့် အနည်းငယ် ပြင်ဆင်ဝတ်စားထားသော အပျိုအရွယ် မိန်းမပျိုလေးများကိုပင် မြင်တွေ့ဖူးခြင်း မရှိကြချေ။

တောသူမများသည် ကိုယ်ပိုင် အိပ်ခန်းများထဲတွင် ပုန်းအောင်းနေရသော မြို့သူများကဲ့သို့ မဟုတ်သလို၊ အနုပညာရပ်များကို ကျွမ်းကျင်သော ချမ်းသာသည့် မိန်းမပျိုလေးများနှင့်လည်း မတူကြပေ။ ထို့ပြင် သူတို့၏ မျက်မှောင်ကြုတ်ခြင်းနှင့် ပြုံးရယ်ခြင်းတိုင်းက ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲဆောင်မှုရှိနေသည့် ဂီတအိမ်တော်များမှ အမျိုးသမီးများနှင့်လည်း မတူညီကြချေ။

တောသူမများသည် ခါးကားကားနှင့် တင်ပါးဆုံ ကြီးမားခြင်းအတွက်သာ တန်ဖိုးထားခံရလေသည်။ ထိုလက္ခဏာ များသည် သူတို့ အလုပ်လုပ်နိုင်ခြင်း၊ ကလေးမွေးနိုင်ခြင်းနှင့် ကလေးများကို ကောင်းစွာ ပြုစုစောင့်ရှောက်နိုင် ခြင်းကို ဆိုလိုခြင်းဖြစ်ပေသည်။

ထို့ကြောင့် အလွန်လှပကျက်သရေရှိသော ပန်းဘုရင်မ အစစ်အမှန် တစ်ဦးကို တစ်ချက်လောက် မြင်လိုက်ရရုံ ဖြင့် ဤလူငယ်လေးများ၏ ခန္ဓာကိုယ်အတွင်း လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ ခံစားရစေပြီး အလွန်ပင် လန်းဆန်းသွားစေလေ၏။

ထို့ကြောင့် လွန်ခဲ့သော နှစ်ရက်အတွင်း တောင်စောင့်နတ်မင်း နတ်ကွန်း ခြံဝင်းအတွင်းသို့ ရေသွားခပ်ရခြင်းမှာ ဤလူငယ်လေးများ၏ မျက်လုံးထဲတွင် အဖိုးတန်သော အလုပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေတော့သည်။

မကြာမီတွင် နှေးကွေးသော လူငယ်လေး၏ စိတ်ပျက်အားငယ်မှုများကြားမှ ရေပုံးကို အောင်မြင်စွာ လုယူနိုင်ခဲ့ သူသည် ရေပုံးကို ကိုင်ကာ ခြံဝင်းအတွင်းသို့ ပျော်ရွှင်စွာ ပြေးဝင်သွားလေတော့၏။

သူ၏ ခုန်ပေါက်နေသော နှလုံးသားကို တည်ငြိမ်စေရန် နတ်ကွန်းတံခါး အပြင်ဘက်တွင် အသက်ကို ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းပြီးနောက် လူငယ်လေးသည် နီမြန်းနေသော မျက်နှာဖြင့် ခြံဝင်းအတွင်းသို့ ဝင်ရောက် သွားလေသည်။ သူက ချန်ရှီရှီအား အနေခက်စွာဖြင့် နှုတ်ဆက်လိုက်လေ၏။

“သူတော်စင်မလေး...၊ အစ်ကိုကျင်းက ကျွန်တော့်ကို ရေတစ်ပုံး သွားခပ်ခိုင်းလို့ပါပေါ့...။”

ချန်ရှီရှီက အကြည့်ကို အနည်းငယ် ပြောင်းလိုက်ပြီး လင်းလက်တောက်ပစွာ ပြုံးပြရင်း လူငယ်လေးအား ညင်သာစွာ ပြောလိုက်လေသည်။

“ကိုယ့်ဘာသာကိုယ် ယူလိုက်ပါရှင်...၊ ကျွန်မကို အသိပေးစရာ မလိုပါဘူး...။”

လှပသော ပန်းဘုရင်မ တစ်ဦးထံမှ ထိုကဲ့သို့သော မျက်နှာအမူအရာကို ဤလူငယ်လေးက မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။ သူသည် ချက်ချင်းပင် ပို၍ တောင့်တင်းသွားလေတော့၏။ သူက လူအအတစ်ယောက်လို ပြုံးပြ ကာ ချန်ရှီရှီကို ကျေးဇူးတင်စကား ဆိုပြီးနောက် ရေခပ်ရန် ရှေ့သို့ ခြေလှမ်းလိုက်စဉ် သူ၏ ခြေထောက်မှာ ခပ်မြင့်မြင့် ထွက်နေသော ကျောက်တုံးတစ်တုံးကို သတိမထားမိခဲ့ချေ။ သူသည် ချက်ချင်းပင် ခလုတ်တိုက်ကာ မြေကြီးပေါ်တွင် အနေခက်စွာ လဲကျသွားပြီးမှသာ ပြန်လည် မတ်တတ်ရပ်နိုင်ခဲ့လေသည်။

ချန်ရှီရှီက အလျင်အမြန် ထရပ်ကာ လျှောက်သွားပြီး သူမလက်ထဲရှိ ပိုးပုဝါကို ကမ်းပေးရင်း ပြောလိုက်လေ၏။

“မောင်လေး...၊ မင်းရဲ့ ဒူးက သွေးတွေကို မြန်မြန်သုတ်လိုက်လေ...။”

ထိုအခါမှသာ လူငယ်လေးသည် သူ၏ ဒူးမှာ ပွန်းပဲ့ပြီး သွေးထွက်နေသည်ကို သတိပြုမိသွားလေသည်။ ချန်ရှီရှီ ၏ ပိုးပုဝါကို ကြည့်ရင်း သူ မယူရဲချေ။ မျက်နှာတစ်ခုလုံး နီရဲလာကာ လက်ကာပြရင်း ပြောလိုက်လေ၏။

“ဘာမှမဖြစ်ပါဘူး သူတော်စင်မလေးရယ်...၊ ဒါက ပြဿနာသေးသေးလေးပါ...။ သူတော်စင်မလေးရဲ့ ပုဝါကို တော့ အပေမခံပါနဲ့...။”

ပြောရင်းဆိုရင်းပင် လူငယ်လေးသည် အလျင်အမြန် နောက်ဆုတ်ကာ အံကြိတ်၍ မတ်တတ်ရပ်လိုက်လေသည်။ ခြေထောက်ထော့နဲ့ ထော့နဲ့ဖြင့် လမ်းလျှောက်ရင်း သူက ရေပုံးကို ကောက်ကိုင်ကာ ရေကန်ဆီသို့ သွားလေ တော့၏။

သူတို့၏ လူ့အသိုင်းအဝိုင်းတွင် အမျိုးသားနှင့် အမျိုးသမီးကြား မသင့်လျော်သော ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများ ကို တင်းကျပ်စွာ ရှောင်ကြဉ်ကြလေသည်။ လူငယ်လေး၏ အပြုအမူကို မြင်သောအခါ ချန်ရှီရှီလည်း ဘာမျှ ဆက်မပြောနိုင်တော့ဘဲ သူမ၏ ပန်းချီကို ဆက်ဆွဲရန်သာ လှည့်ထွက်သွားခဲ့လေတော့သည်။

လူငယ်လေးသည် သွားကိုက်ကာ အတင်းအကြပ် ရေပုံးကို ဖြည့်လိုက်လေ၏။ တောင်စောင့်နတ်မင်း နတ်ကွန်း ခြံဝင်းတံခါးမှ ခြေဆွံ့ကာ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ ဆက်၍ တောင့်မခံနိုင်တော့ဘဲ အလျင်အမြန် ထိုင်ချလိုက်လေတော့သည်။

သူ၏ ခြေကျင်းဝတ်ကို ကြည့်လိုက်ရာ ကြီးမားသော အပြာရင့်ရောင် ရောင်ရမ်းမှုကြီးမှာ ဖောင်းကားနေလေပြီ။ ၎င်းမှာ ပြင်းထန်သော အကြောလွဲခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။ ၎င်းနှင့် နှိုင်းယှဉ်လျှင် ဒူးပေါ်မှ ပွန်းပဲ့ရာ မှာ ကြီးမားသော ပြဿနာ မဟုတ်တော့ချေ။

စောစောက ရေပုံးကို မလုနိုင်ခဲ့သော လူငယ်လေးသည် မလှမ်းမကမ်းတွင် စောင့်နေဆဲပင် ဖြစ်၏။ သူ၏ အဖော် ဖြစ်သူ၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိသောအခါ သူက အလျင်အမြန် ပြေးသွားပြီး ရေပုံးကို ကူမ ကာ သူ့သူငယ်ချင်းကို ကျင်းတာ့ကျန့်ဆီသို့ တွဲခေါ်လာခဲ့လေသည်။

“ဘာဖြစ်တာလဲ...။”

ကျင်းတာ့ကျန့်က မေးလိုက်ပြီးနောက် လူငယ်လေး၏ အလွန်အမင်း ရောင်ရမ်းနေသော ခြေကျင်းဝတ်ကို မြင်လိုက်ရလေ၏။

“ဒုက္ခပါပဲ...၊ ဒါက ပြဿနာတက်တော့မှာပဲ...။ အကြောနဲ့ အရိုးတွေ အနည်းငယ် ဒဏ်ရာရတာတောင် ပျောက်ဖို့ ရက်တစ်ရာလောက် ကြာတတ်တယ်...။ တကယ်လို့များ ကပ်ဖို့ ရေခဲနည်းနည်းလောက် ရှိရင် ကောင်းမှာပဲ...။”

ကျင်းတာ့ကျန့်က စိုးရိမ်တကြီး မျက်နှာထားဖြင့် ပြောလိုက်လေသည်။

ဤကဲ့သို့သော တစ္ဆေဆန်သည့် ရာသီဥတုမျိုးတွင် နေမင်းကြီးက မြေကြီး အက်ကွဲသည်အထိ ပူပြင်းနေပြီး ရေပင် ရှားပါးနေရာ သူတို့အနေဖြင့် ရေခဲကို မည်သို့ ရှာဖွေနိုင်မည်နည်း ဆိုသည်ကိုလည်း သူ သိရှိနေလေ၏။

ထိုမြင်ကွင်းကို စောင့်ကြည့်နေသော ရွှီပေါ်အန်း၏ မျက်လုံးများ အရောင်လက်သွားခဲ့လေသည်။

“ရေခဲတုံးများ...။”

*ဒါက လွယ်ပါတယ်...။*

သူ့တွင် ရေခဲသေတ္တာ ရှိနေသဖြင့် ရေခဲတုံးများကို သူ လိုချင်သလောက် ရနိုင်ပေ သည်။

ထိုသို့ တွေးမိသည်နှင့် ရွှီပေါ်အန်းသည် သူ၏ အခန်းထဲသို့ ဝင်ကာ ရေခဲသေတ္တာကို ဖွင့်ပြီး ကြာမြင့်စွာကတည်း က ခဲထားသော ဆီလီကွန် ရေခဲခွက်ကို ထုတ်ယူလိုက်လေ၏။ ဤနည်းဖြင့် ခဲထားသော ရေခဲတုံးများသည် ပုံပန်း သဏ္ဌာန် တူညီရုံသာမက အရေးအကြီးဆုံးမှာ ၎င်းတို့သည် အလွန် ပါးလွှာပြီး ကျွတ်ဆတ်နေခြင်းပင် ဖြစ်သည်။

လူများ ကိုက်စားရန် သို့မဟုတ် လျင်မြန်စွာ အရည်ပျော်၍ အအေးသောက်စရာများကို အေးမြသွားစေရန် အဆင်ပြေလှပေသည်။ ယခု ရွှီပေါ်အန်း၏ မျက်လုံးထဲတွင်မူ ပါးလွှာသော ရေခဲတုံးများက ဘွန်ဆိုင်းထဲရှိ လူပုလေးများ အသုံးပြုရန် ပို၍ အဆင်ပြေမည် ဖြစ်လေသည်။

ခပ်ဖွဖွ လိမ်ဆွဲလိုက်သောအခါ လက်မဆစ် အရွယ်ခန့်ရှိ အခေါင်းပေါက်ပါသော ရေခဲတုံး ခြောက်တုံး အပြည့် ထွက်လာပြီး တစ်ခါသုံး စက္ကူခွက်တစ်ခုထဲသို့ ကျသွားလေတော့၏။

ရေခဲသေတ္တာကို ပိတ်ခါနီးတွင် ရွှီပေါ်အန်းသည် ဘေးဘက်၌ ထိုင်နေသော ဘီယာဗူး တစ်ဗူးကို တွေ့လိုက်ရ လေသည်။

ပူပြင်းလှသော နွေရာသီ၏ အပူဒဏ်တွင် အလုပ်လုပ်နေစဉ် ရေခဲလို အေးစက်နေသော ဘီယာတစ်ငုံ သောက် လိုက်ရလျှင် မည်သို့ ခံစားရမည်နည်း...။

အလွန်ပင် လန်းဆန်းတက်ကြွသွားစေမည် ဖြစ်လေသည်။

ထိုသို့တွေးရင်း ရွှီပေါ်အန်းသည် ဘီယာကိုပါ ဆွဲထုတ်လိုက်ပြီးမှသာ ရေခဲသေတ္တာကို ပိတ်လိုက်လေတော့၏။

အခန်း (၁၇၄)

ဘီယာ ဆုချခြင်း

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းဆီသို့ ပြန်သွားကာ လက်ဖက်ရည်ခူးရာတွင် အသုံးပြုသော ညှပ်ကလေးဖြင့် အခေါင်း ပေါက်ပါသော ရေခဲတုံးတစ်တုံးကို ညင်သာစွာ ကောက်ယူလိုက်ပြီး ကျင်းတာ့ကျန့်၏ဘေးတွင် ဖွဖွလေး ချထား လိုက်လေ၏။

ကျင်းတာ့ကျန့်မှာ ခြေကျင်းဝတ် လည်သွားသော လူငယ်လေးအား နှိပ်နယ်ပေးနေဆဲ ဖြစ်ပေသည်။

ရုတ်တရက် အအေးဓာတ်တစ်ခုကို ခံစားလိုက်ရလေ၏။ ဘေးသို့ လှည့်ကြည့်လိုက်သောအခါ သူ့ထက်ပင် အရပ် ရှည်သော ဖောက်ထွင်းမြင်နိုင်သည့် အိမ်ငယ်လေးတစ်လုံး သူ၏ဘေးတွင် ပေါ်လာသည်ကို မြင်လိုက်ရလေ သည်။

"ဒါ...၊ ဒါ ရေခဲပဲ...။"

"ရေခဲ...၊ ဒီလိုသပ်ရပ်တဲ့ ပုံစံရှိတဲ့ ရေခဲမျိုးကို တစ်ခါမှ မမြင်ဖူးဘူး...။"

"ဘုရားရေ...၊ ဒီလောက် ပူပြင်းနေတဲ့ နေ့မျိုးမှာ ရေခဲက ဘယ်လိုလုပ် ရှိနေနိုင်တာလဲ...။"

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ငါတို့ကို လက်ဆောင်ပေးတာ ဖြစ်ရ မယ်...။"

"ကြည့်စမ်း...၊ ဒီရေခဲတုံးကြီးက အထဲမှာ အခေါင်းပေါက် ဖြစ်နေပုံရတယ်...။"

"ဝိုး...၊ တကယ်ပဲ...၊ ရေခဲနဲ့လုပ်ထားတဲ့ အိမ်လေးတစ်လုံးများ ဖြစ်နေမလား...။"

"ဘုရားရေ...၊ တကယ့်ကို ရေခဲအိမ်လေးပါလား...။"

"ဒီအရာက တကယ့်ကို ထူးခြားလှတယ်...၊ နန်းတော်ထဲက ရေခဲတိုက်တွေကို ဒီလိုမျိုး ပြုလုပ်ထားတာများ လား...။"

"ဟာသတွေ ပြောမနေနဲ့...။ ဒါက ကောင်းကင်ဘုံက အရာပဲ...၊ ဧကရာဇ်နန်းတော်က ဘယ်လောက်ပဲ ခမ်းနား ကြီးကျယ်ပါစေ...၊ သာမန် လက်မှုပညာသည်တွေ အလုပ်လုပ်တဲ့ နေရာတစ်ခုပဲလေ...။ သူတို့မှာ ဒီလောက် ကောင်းတဲ့ လက်မှုပညာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ...။"

"ငတုံးရဲ့...။ ရေခဲတိုက်ဆိုတာ ရေခဲတွေကို သိုလှောင်တဲ့ မြေအောက်ခန်းကို ခေါ်တာ...၊ ရေခဲနဲ့ လုပ်ထားတဲ့ အခန်း မဟုတ်ဘူး...။"

ထိုအုပ်စု တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချနိုင်မီမှာပင် ကြီးမားလှသော အဖြူရောင် ရေကန်ကြီးတစ်ခု ကောင်း ကင်မှ ကျဆင်းလာပြီး သူတို့ဆီသို့ လွှမ်းခြုံကျရောက်လာလေ၏။

ရေကန်ထဲတွင် အဝါရောင် အရည်များ တစ်ဝက်ခန့် ပြည့်နေပြီး ပထမအကြိမ် မြင်လိုက်ရချိန်၌ မြင်းသေးနှင့် အနည်းငယ် တူနေသဖြင့် လူများကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

သို့သော် ရေကန်ထဲမှ ထွက်ပေါ်လာသော အေးစိမ့်သည့် လေပြေများကြောင့် အနီးသို့ မချဉ်းကပ်ဘဲ မနေနိုင် အောင် ဖြစ်သွားစေလေ၏။

အလွန်အမင်း ပူပြင်းလှသော နွေရာသီကာလတွင် ဤမျှ အေးမြပြီး လေပြေသွေးနေသော နေရာတစ်ခု ရှိနေခြင်း မှာ တကယ့်ကို ကောင်းချီးမင်္ဂလာတစ်ရပ်ပင် ဖြစ်ပေသည်။

ရေကန်မှာ ရွှီပေါ်အန်း အသုံးပြုခဲ့သော လယ်သမားစမ်းရေ ရေသန့်ဘူး၏ အဖုံးသာဖြစ်ပြီး အဖုံးထဲတွင် ဘီယာ များ ရှိနေခဲ့ခြင်း ဖြစ်လေသည်။

"ကျင်းတာ့ကျန့်...၊ ဒီအဝါရောင်အရည်က ဘီယာလို့ခေါ်တဲ့ ရေငတ်ပြေစေပြီး အပူကျစေတဲ့ သောက်စရာတစ်ခု ဖြစ်တယ်...။ ဒါပေမဲ့ ချင့်ချိန်သောက်ဖို့နဲ့ မူးပြီး ပြဿနာမရှာမိအောင် ရှောင်ကြဉ်ဖို့ မှတ်ထားပါ...။"

"မင်းတို့ ဘီယာထဲကို ဒီရေခဲတုံးတချို့ ထည့်ပြီး အေးအောင်လုပ်သောက်လို့ ရတယ်...။ ဒါဆိုရင် အရသာ ပိုပြီး ကောင်းသွားလိမ့်မယ်...။ သေချာတာပေါ့...၊ အေးမြသွားအောင်ပဲဖြစ်ဖြစ် တခြားကိစ္စတွေအတွက်ပဲ ဖြစ်ဖြစ် လည်း အသုံးပြုလို့ ရပါတယ်...။"

ထို့နောက် ရွှီပေါ်အန်းသည် အသံကို မြှင့်ကာ ပြောလိုက်လေ၏။

"ကျင်းတာ့ကျန့်နှင့် တခြားသူများဟာ တောင်စောင့်နတ်မင်း နတ်ကွန်း တည်ဆောက်ရာမှာ အကျိုးပြုခဲ့ကြ တယ်...။ သူတို့ကို အားပေးတဲ့အနေနဲ့ ရေခဲတုံးတစ်တုံးနဲ့ ဘီယာ၊ သောက်စရာ ရေကန်တစ်ကန်ကို ဆုချလိုက် တယ်...။"

တောင်စောင့်နတ်မင်းကြီး၏ စကားကို ကြားသောအခါ ဘွန်ဆိုင်းထဲရှိ လူပုလေးများအားလုံး မော့ကြည့်လိုက် ကြပြီး တောင်စောင့်နတ်မင်း နတ်ကွန်းရှိရာ အရပ်ဆီသို့ အားကျမနာလိုစွာဖြင့် ငေးကြည့်နေကြလေ၏။

ခေတ္တမျှ ရပ်နားပြီးနောက် ရွှီပေါ်အန်းက ဆက်ပြောလေသည်။

"အလွန်ပူပြင်းလှတဲ့ နွေရာသီရဲ့ အပူဒဏ်ထဲမှာ ကျန်တဲ့သူတွေကိုလည်း ဆုအဖြစ် ရေခဲနဲ့ ဘီယာတွေ ပေးအပ် သွားမယ်...၊ ဒါတွေကို လီခန့်ရှန်းကနေတစ်ဆင့် ဖြန့်ဝေပေးသွားလိမ့်မယ်...။"

ထိုသို့ပြောဆိုနေစဉ်မှာပင် ရွှီပေါ်အန်းသည် ကျင်းတာ့ကျန့်နှင့် အခြားသူများကို ပေးခဲ့သည့် ညွှန်ကြားချက်များ အတိုင်း လီခန့်ရှန်းထံသို့ သူ၏စကားများကို လျှို့ဝှက်စွာ ပေးပို့လိုက်လေ၏။

ဘွန်ဆိုင်းကမ္ဘာထဲရှိ လူပုလေးများမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး ကောင်းကင်ယံဆီသို့ မျှော်လင့်တကြီး စိုက်ကြည့်နေကြလေသည်။

ထို့နောက် အိမ်ငယ်လေးတစ်လုံးစာခန့် အရွယ်အစားရှိသော ဖောက်ထွင်းမြင်နိုင်သည့် ရေခဲတုံးငယ်လေးများ စတင် ကျဆင်းလာခဲ့လေ၏။

ကောင်းကင်မှ နောက်ထပ် ရေကန်အများအပြားလည်း ကျဆင်းလာခဲ့လေသည်။

မြို့ရိုးများကို စောင့်ကြပ်နေသည့် ထိုလူပုလေးများမှာ အလွန်အမင်း အားကျသွားကြလေ၏။

"ငါတို့ရော ဒါတွေကို ရနိုင်မယ်လို့ ထင်လား...။"

"ဖြစ်နိုင်တယ်...၊ ဖြစ်လောက်တယ်...၊ ဖြစ်နိုင်ချေရှိတယ်...၊ ရသင့်ပါတယ်...။"

သူ စကားပြော၍ပင် မဆုံးသေးမီ ကောင်းကင်ယံမှ ရေခဲတုံးတစ်တုံးနှင့် ဘီယာကန်တစ်ကန် ကျဆင်းလာခဲ့ လေ၏။

ချက်ချင်းပင် လူတိုင်းမှာ အလွန်တရာ ဝမ်းသာသွားကြလေတော့သည်။

ခေါင်ရှန်းရွာ၏ တူလို မြေနံရံအိမ်ရာ အပြင်ဘက်တွင်မူ ကလေးတစ်စုသည် တန်းစီနေကြပြီး အသုံးအဆောင် မျိုးစုံကို သယ်ဆောင်ကာ လီခန့်ရှန်း၏ အစီအစဉ်ချပေးမှုအောက်တွင် ရေခဲနှင့် ဘီယာများကို စည်းကမ်းတကျ လက်ခံရယူနေကြလေ၏။

လီဝူးဖူနှင့် သူ၏အဖွဲ့မှာ တောင်ပေါ်မှ ပြန်ရောက်ခါစဖြစ်ပြီး ဤမျှ ခမ်းနားကြီးကျယ်လှသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရလေသည်။

လီဝူးဖူက လက်ခုပ်တီးကာ ပြောလိုက်လေ၏။

"စန်းဝါကျီ...၊ မြန်မြန်သွားပြီး တန်းစီဖို့ ကူညီပေးပါဦး...။ ကျန်တဲ့သူတွေက အနောက်ကိုပြန်ပြီး ကိုယ့်ကိရိယာ တွေကို ရှာကြ...၊ ဖြစ်နိုင်ရင် ရေခဲနည်းနည်း ပိုယူခဲ့...၊ ဒီဝံပုလွေပေါက်လေးတွေက အပူဒဏ်ကို မုန်းကြ တယ်...။"

အနီးအနားရှိ ဝံပုလွေများမှာ တဟဲဟဲနှင့် မောဟိုက်နေကြပြီး ခွေးများနှင့် ပို၍ပင် တူနေလေတော့သည်။

အချိန်အနည်းငယ် ကြာပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လူဆယ်ဦးကျော်ကို ဦးဆောင်ကာ တူလို မြေနံရံအိမ်ရာ၏ တံခါးဝမှ ထွက်လာခဲ့လေ၏။

ထိုအမျိုးသားမှာ ဝမ်ကွေ့ဖန်း၏ ခင်ပွန်း လီအာ့ဟူ ပင်ဖြစ်သည်။ သူသည် ကျွမ်းကျင်သော ခြင်းတောင်းရက် လုပ်သူတစ်ဦး ဖြစ်ပြီး ပတ်ဝန်းကျင်တစ်ဝိုက်တွင် နာမည်ကြီးလှပေသည်။

ထိုသူများသည် ဝါးခြင်းတောင်း အများအပြားကို သယ်ဆောင်လာခဲ့ကြပြီး လီခန့်ရှန်း၏ အနီးသို့ ရောက်သော အခါ မြေကြီးပေါ်သို့ အားလုံး ချထားလိုက်ကြလေ၏။

"ရွာလူကြီး...၊ ဒါတွေက တခြားသူတွေရဲ့ အကူအညီနဲ့ ကျွန်တော် ရက်လုပ်ထားတဲ့ ခြင်းတောင်းတွေပါ...။ လူ တိုင်းကို ရေခဲထည့်ဖို့ အသုံးပြုခိုင်းလိုက်ပါ...။"

လီခန့်ရှန်းက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"အာ့ဟူ...၊ မင်းက အချိန်ကိုက် ရောက်လာတာပဲ...။ လူတော်တော်များများမှာ ရေခဲထည့်ဖို့ ကိရိယာတွေ တောင် မရှိကြဘူးလေ...။"

ရွှေ့ပြောင်းအလုပ်သမား အများစုမှာ ဇာတိရပ်ရွာများမှ ကမန်းကတန်း ထွက်ပြေးလာကြရသဖြင့် တန်ဖိုးကြီး ပစ္စည်း တချို့ကိုသာ အများဆုံး ယူဆောင်လာနိုင်ခဲ့ကြပြီး ဝါးခြင်းတောင်း ယူဆောင်လာသူမှာ အလွန်နည်းပါး လှပေသည်။

လီအာ့ဟူက ရယ်မောရင်း ပြောလေ၏။

"ကွေ့ဖန်းက လူတိုင်း လိုအပ်လိမ့်မယ်လို့ ပြောလို့ ကျွန်တော့်ကို ယူလာခိုင်းတာပါ...။"

လီခန့်ရှန်းက ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။

"အချိန်ကိုက်ပါပဲ...၊ ကွေ့ဖန်းနဲ့ တခြားသူတွေအတွက် ရေခဲတချို့ ယူသွားပေးလိုက်ပါဦး...။ သူတို့က အထဲမှာ ချည်ငင်နေကြတာဆိုတော့ တော်တော်လေး ပူနေမှာ...။"

လီခန့်ရှန်းက ပေးအပ်သည့် အခွင့်ထူးများနှင့် ပတ်သက်၍ မည်သူမျှ လုံးဝ ညည်းညူခြင်း မရှိခဲ့ကြချေ။

ရွှီပေါ်အန်းမှာ ချောင်းကြည့်ရသည်ကို စိတ်ဝင်စားနေစဉ် တံခါးခေါက်သံကို ကြားလိုက်ရလေ၏။

ဘွန်ဆိုင်းကို သိမ်းဆည်းလိုက်ပြီးနောက် ရွှီပေါ်အန်းသည် သူ၏ ရေခွက်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ကာ တံခါးဆီသို့ လျှောက်သွားပြီး ဖွင့်ကြည့်လိုက်ရာ အပြင်ဘက်တွင် မျက်လုံးများ နီရဲနေသော ထျန်ရှောင်ထုန် ရပ် နေသည်ကို မြင်လိုက်ရလေသည်။

"ဥက္ကဋ္ဌရွှီ...၊"

ထျန်ရှောင်ထုန်သည် စကားလုံးများကို ဟသံထွက်ရုံမျှသာ ပြောနိုင်ခဲ့ပြီး ရှိုက်ကြီးတငင် ငိုကြွေးကာ ဆက်၍ပင် စကားမပြောနိုင်တော့ချေ။

ရွှီပေါ်အန်းက မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်လေ၏။

"ဘာဖြစ်လို့လဲ...။"

ထျန်ရှောင်ထုန်က မျက်ရည်များကို သုတ်ကာ ပြောလေသည်။

"ကျွန်မရဲ့ အစ်မ ဆေးရုံတက်နေရလို့ပါ...၊ သူ့ကို သွားကြည့်ဖို့ တုန်းကျန်း အမှတ် (၂) ဆေးရုံကို သွားချင်လို့ ခွင့်တောင်းချင်ပါတယ်...။"

*အစ်မ ဟုတ်လား...။ သူက ဗဟိုခြံဝင်းရဲ့ လှပတဲ့ အရောင်းမန်နေဂျာ ထျန်ရှောင်ရို့ မဟုတ်ဘူးလား...။*

သူတို့က အသိအကျွမ်းများ ဖြစ်နေကြသဖြင့် ရွှီပေါ်အန်းက အလိုအလျောက်ပင် မေးလိုက်မိလေ၏။

"ဆေးရုံတက်ရတယ်...၊ ဟုတ်လား…။ ဘာဖြစ်လို့လဲ...၊ အခြေအနေ ဆိုးလို့လား...။"

ထျန်ရှောင်ထုန်သည် ရွှီပေါ်အန်း၏ မေးခွန်းကို တိတိကျကျ မဖြေဆိုဘဲ ဝေဝေဝါးဝါးဖြင့်သာ ပြောလေသည်။

"ကျွန်မလည်း သေချာ မသိသေးဘူး...။ သိရအောင် သွားကြည့်ရဦးမယ်...၊ ဒါပေမဲ့ ကျွန်မအစ်မကတော့ အဆင် ပြေပါတယ်လို့ ပြောပါတယ်...။ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်ရှင်...။"

ရွှီပေါ်အန်းက ခေါင်းညိတ်ကာ ပြောလေ၏။

"ကောင်းပြီ...၊ သွားလေ...၊ လမ်းမှာ ဂရုစိုက်သွားဦး...။"

ခေတ္တမျှ ရပ်နားပြီးနောက် ရွှီပေါ်အန်းက ထပ်ဖြည့်ပြောလေသည်။

"အကူအညီ တစ်ခုခု လိုအပ်ရင်သာ ဖုန်းဆက်လိုက်ပါ...။"

မည်သို့ပင်ဆိုစေကာမူ သူမသည် သူ၏ အတွင်းရေးမှူး ဖြစ်သဖြင့် သူ၏ လူယုံတစ်ဦးသဖွယ် ဖြစ်နေလေပြီ။

ထိုနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး သိကျွမ်းခဲ့သည်မှာ သိပ်မကြာသေးသော်လည်း ရွှီပေါ်အန်းအနေဖြင့် ရိုးသားမှုကို ပြသရန် လိုအပ်ဆဲပင် ဖြစ်သည်။ သို့မဟုတ်ပါက လူများကို စိတ်ဓာတ်ကျစေမည်မှာ သေချာလှပေသည်။

ထျန်ရှောင်ထုန်က နှစ်ကြိမ်ခန့် ထပ်မံ ရှိုက်ငိုပြီးနောက် ခေါင်းညိတ်ကာ ပြောလေ၏။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌရွှီ...၊ ကျွန်မ နားလည်ပါတယ်...။"

ရွှီပေါ်အန်းက လက်ယမ်းပြကာ ပြောလိုက်လေသည်။

"ကောင်းပြီ...၊ သွားလိုက်ပါတော့...။"

ထျန်ရှောင်ထုန် လှည့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်း၏ ဖုန်းမြည်လာခဲ့လေ၏။

ဖုန်းခေါ်ဆိုသူ၏ အမည်တွင် ချန်ဖိန်ဖိန်ဟု ပေါ်နေသည်ကို မြင်သောအခါ ရွှီပေါ်အန်းမှာ တော်တော်လေး အံ့အား သင့်သွားခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးသည် နေ့စဉ်နီးပါး တွေ့မြင်နေရသော်လည်း ရက်အ တော်ကြာ ဖုန်းဖြင့် စကားမပြောဖြစ်ခဲ့ကြပေ။

ဖုန်းကို ဖြေလိုက်သည်နှင့် ချန်ဖိန်ဖိန်က တောင်းပန်သည့်ဟန်ဖြင့် ပြောလေ၏။

"ရွှီအိုကြီး...၊ ကျွန်မ အခုလေးတင် ရှင်ရဲ့ အန်တီကို ဆက်သွယ်လိုက်တော့ ရှင် ပြန်ရောက်နေပြီဆိုတာ သိလိုက်ရ တယ်...။ ကျွန်မ အခု ကျူယွမ်ခရိုင်က မင်္ဂလာဆောင်တစ်ခုကို တက်နေလို့ ယနေ့ညအထိ ပြန်ရောက်လာမှာ မဟုတ်ဘူး...၊ ရှင့်အတွက် နေ့လည်စာ ပြင်ဆင်မပေးနိုင်လို့ တောင်းပန်ပါတယ်...။"

ရွှီပေါ်အန်းသည် ထိုအရာကို အလေးအနက် မထားဘဲ ရယ်မောကာ ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး...၊ ကျွန်တော် စားသောက်ခန်းမမှာ နေ့လည်စာ စားခဲ့ပါတယ်...။"

ချန်ဖိန်ဖိန်က ထပ်ဖြည့်ပြောလေ၏။

"တကယ် အားနာပါတယ်...၊ ဒီနေ့ည ရှင့်အတွက် အရသာရှိတာတစ်ခုခု ချက်ကျွေးပါ့မယ်...။ ဒီနေရာမှာ ရှားပါးတဲ့ ပစ္စည်းတချို့ ဝယ်ထားတယ်...။ နောက်မှ ရှင့်အတွက် ဟင်းချိုလုပ်ပေးမယ်...။"

ရွှီပေါ်အန်းက ယဉ်ကျေးစွာ ပြောလိုက်လေသည်။

"အလောတကြီး မလိုပါဘူး...၊ ဒီနေ့ည စားသောက်ခန်းမမှာ စားပြီးမှ ပြန်သွားလိုက်မယ်...။ မင်းက နောက်ဆုံး တော့မှ နှစ်ရက်လောက် နားရက်ရတာကို အိမ်သန့်ရှင်းရေးတွေ လုပ်ပြီး ခရီးဝေး ကားမောင်းနေရတယ်...။ တော် တော်လေး ပင်ပန်းနေမှာပေါ့...၊ ခေါက်တုံ့ခေါက်ပြန် သွားမနေသင့်ဘူး ထင်တယ်...။ အရင်ဆုံး နားလိုက်ပါဦး...။"

ပြီးခဲ့သော ရက်အနည်းငယ်က ရွှီကျန်းချန်နှင့် ထန်ရုံကျီတို့ တုန်းကျန်းတွင် ရှိနေစဉ်အတွင်း အဖော်ပြုရန် ချန်ဖိန်ဖိန် ကို လုံးလုံးလျားလျား အားကိုးခဲ့ရလေသည်။

ရွှီပေါ်အန်းအနေဖြင့် သက်ကြီးရွယ်အို မောင်နှံ၏ စားရေး၊ ဝတ်ရေး၊ နေရေး သို့မဟုတ် သွားလာရေးအတွက် စိတ်ပူစရာ မလိုခဲ့ပေ။ ထို့ကြောင့် ရွှီပေါ်အန်းမှာ ချန်ဖိန်ဖိန်ကို တော်တော်လေး ကျေးဇူးတင်နေခဲ့လေ၏။

ချန်ဖိန်ဖိန်က ရယ်မောကာ ပြောလေသည်။

"ဘာတွေ ပင်ပန်းစရာ ရှိလို့လဲရှင်...၊ မနေ့က အိမ်သန့်ရှင်းရေး လုပ်တာကို ရှောင်ရို့က ကူညီပေးခဲ့သေးတယ်...။ ဒီနေ့လည်း တခြားတစ်ယောက်ရဲ့ ကားနဲ့ လိုက်လာတာ...။ ကျွန်မ နည်းနည်းလေးမှ မပင်ပန်းပါဘူး...။"

*ထျန်ရှောင်ရို့လား...။*

ရွှီပေါ်အန်းက မသိစိတ်မှ ရေရွတ်လိုက်မိလေ၏။

ချန်ဖိန်ဖိန်က ပြောလေသည်။

"ဟုတ်တယ်...၊ မနေ့က သူမက ကျွန်မကို စျေးဝယ်ထွက်ဖို့ ခေါ်တာ...၊ ဒီနေ့က သူ့ အမျိုးသားရဲ့ မွေးနေ့လေ...။ ဘာလက်ဆောင်ဝယ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ ကျွန်မကို ကူညီခိုင်းချင်နေတာ...။ အဲဒီအချိန်က ကျွန်မ အိမ်ရှင်းဖို့ အလုပ်များနေတော့ သူလာပြီး ကူညီပေးတယ်...။ ပြီးတော့မှ ကျွန်မတို့ စျေးဝယ်ထွက်ကြတာ...။"

"သူ့ အမျိုးသား...၊ သူက အိမ်ထောင်ကျနေပြီလား...။"

ရွှီပေါ်အန်းက အံ့သြတကြီး ရေရွတ်လိုက်လေ၏။

ရွှီပေါ်အန်း၏ မှတ်ဉာဏ်ထဲတွင် ထျန်ရှောင်ရို့သည် ခွန်အားကြီးမားသော အမျိုးသမီးတစ်ဦး၏ အသွင်အပြင် ရှိ သော်လည်း သူမမှာ အသက်သိပ်မကြီးလှဘဲ ထျန်ရှောင်ထုန်ထက် နှစ်နှစ် သုံးနှစ်ခန့်သာ ကြီးလေသည်။

သူမ အိမ်ထောင်ကျနေပြီဟု သူ တစ်ခါမှ မတွေးမိခဲ့ချေ။

"ဟုတ်တယ်...။ ကျွန်မ သိလိုက်ရတုန်းကလည်း တော်တော်လေး အံ့အားသင့်သွားတာ...။"

ချန်ဖိန်ဖိန်က အသံကို နှိမ့်ကာ ပြောလေ၏။

"ရှောင်ရို့ရဲ့ ခင်ပွန်းက လူကောင်း မဟုတ်ဘူး...။ အဲဒီတုန်းက ရှောင်ရို့က လူ့အသိုင်းအဝိုင်းထဲကို အခုမှ ဝင်လာ ကာစဆိုတော့ ချိုသာတဲ့ စကားတွေနဲ့ လှည့်စားပြီး လက်ထပ်ခံလိုက်ရတာ...။"

လက်ထပ်ပြီးနောက် ထိုလူက သူ၏ ယုတ်မာလှသော စရိုက်အမှန်ကို ထုတ်ဖော်ပြသလာမည်ဟု ဘယ်သူက ထင် ထားမည်နည်း။ လောင်းကစားအကြွေးများ တောင်လိုပုံနေရုံသာမက အိမ်တွင်း အကြမ်းဖက်လိုသည့် သဘော ထားမျိုးလည်း ရှိနေခဲ့သည်။

အကြိမ်ကြိမ် သည်းခံပြီးနောက် ရှောင်ရို့သည် နောက်ဆုံးတွင် အရှုံးပေးကာ ကွာ ရှင်းခွင့် တောင်းဆိုခဲ့လေသည်။ သို့သော် ထိုလူက သဘောမတူသဖြင့် ရှောင်ရို့က သူ့ကို ရှောင်ရှားရန် အိမ်ပြောင်းသွားခဲ့ခြင်းဖြစ်ပေသည်။

သက်ပြင်းချလိုက် ပြီးနောက်...

"ငါတို့က လှေတစ်စင်းတည်း စီးနေကြတဲ့သူတွေလိုပါပဲ...။ နှစ်ယောက်စလုံး လူဆိုးလူယုတ်တွေနဲ့ ကြုံတွေ့ခဲ့ ရတယ်...။"

ရွှီပေါ်အန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရှုပ်ထွေးစွာဖြင့် မေးလိုက်လေ၏။

"ဒီလို ဆက်ဆံရေးမျိုးနဲ့ သူ့အတွက် မွေးနေ့လက်ဆောင် ဘာကြောင့် ဝယ်ပေးဖို့ လိုသေးတာလဲ...။"

ချန်ဖိန်ဖိန်က တီးတိုး ပြောလေသည်။

"နောက်ဆုံးတော့ သူ ကွာရှင်းဖို့ သဘောတူလိုက်တယ်လေ...။ ဒါပေမဲ့ နောက်ဆုံးအနေနဲ့ အတူတူ ထမင်းတစ်နပ် စားဖို့ တောင်းဆိုခဲ့ပြီး သူ့ရဲ့ နောက်ဆုံးမွေးနေ့ကို ရှောင်ရို့နဲ့အတူ ဖြတ်သန်းချင်တယ်တဲ့...။ ယဉ်ကျေးမှုအရ ရှောင်ရို့ က သူ့ကို လက်ဆောင်တစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်တာ...။"

ရွှီပေါ်အန်းသည် မသိမသာ ခေါင်းညိတ်လိုက်သော်လည်း ခေတ္တမျှ ကြက်သေသေသွားခဲ့လေ၏။

*ထျန်ရှောင်ရို့က ဆေးရုံကို ဘယ်လိုရောက်သွားတာလဲ...။*

ရွှီပေါ်အန်း၏ စပ်စုလိုစိတ်မှာ ကြာကြာ မခံခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ဤကိစ္စက သူနှင့် သိပ်သက်ဆိုင်ခြင်း မရှိပေ။ အကယ်၍ ထျန်ရှောင်ထုန်က အကူအညီတောင်းရန် တကယ် ဖုန်းဆက်လာပါက ရွှီပေါ်အန်းအနေဖြင့် အသေးစိတ်ကို သိရှိနိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက ဘာမှမပြောလျှင် ဆက်မေးနေလို့ မရနိုင် ဘူး မဟုတ်ပါလား...။

ရွှီပေါ်အန်းသည် မူလက ဆေးရုံတက်ရသည့် အကြောင်းကို ချန်ဖိန်ဖိန်အား ပြောပြရန် ရည်ရွယ်ထားသော်လည်း ချန်ဖိန်ဖိန်မှာ သူနှင့် ပို၍ ရင်းနှီးသည်ဟု တွေးလိုက်မိလေ၏။ ဤကိစ္စနှင့် ပတ်သက်၍ ဘာမှမပြောပဲနေလိုက် ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

အချိန်ခဏမျှ စကားပြောပြီးနောက် ထိုနှစ်ဦးသည် ဖုန်းချလိုက်ကြလေ၏။

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို ဆက်လက်လေ့လာရန် ပြင်နေစဉ်မှာပင် ဖုန်းထပ်မြည်လာခဲ့ပြန်လေသည်။ ဖုန်းနံ ပါတ်အစိမ်း ဖြစ်နေသည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် ဘာမှမတွေးဘဲ ဖုန်းချလိုက်လေ၏။

စားပွဲဆီသို့ ပြန်လျှောက်သွားပြီး ထိုင်၍ပင် မရသေးမီ ဖုန်းထပ်မြည်လာခဲ့ပြန်လေသည်။

အရင်က ခေါ်ဆိုခဲ့သည့် ဖုန်းနံပါတ်တူပင် ဖြစ်နေသည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် ခေတ္တမျှ တုံ့ဆိုင်းသွား သော်လည်း မဖြေဆိုခဲ့ချေ။

ထိုဖုန်းနံပါတ်တူက တတိယအကြိမ် မြည်လာသောအခါ ရွှီပေါ်အန်းက လိမ်လည်မှု သို့မဟုတ် အရောင်းမြှင့်တင် ရေး ဖုန်းမဟုတ်ဟု ခံစားလိုက်ရလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော ဖုန်းခေါ်ဆိုမှုများကို များသောအား ဖြင့် တစ်ကြိမ်သာ ခေါ်ဆိုလေ့ရှိသောကြောင့် ဖြစ်သည်။

"ဟဲလို..."

"ဟဲလို...၊ ရှင်က မစ္စတာရွှီလား...။"

ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းသော လေသံဖြင့် ပြောဆိုလာသည့် မိန်းကလေး၏ စံကိုက် မန်ဒရင်းအသံကြောင့် ရွှီပေါ်အန်းမှာ ခေတ္တမျှ တွေဝေသွားခဲ့လေ၏။

*သူမက ဘယ်သူလဲ...။ ပြီးတော့ သူမရဲ့ အစီအစဉ်က ဘာလဲ...။*

သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဦးစွာ ထုတ်ဖော်မပြောဘဲ ရွှီပေါ်အန်းက မေးလိုက်လေသည်။

"မင်းက ဘယ်သူလဲ...။"

ထိုအခါ တစ်ဖက်လူက သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလာခဲ့လေ၏။

"လူကြီးမင်းရှင်...၊ ကျွန်မက ခွိုက်ယင် ပလက်ဖောင်းက ဝန်ထမ်းတစ်ဦးပါ...။ လူကြီးမင်း ခွိုက်ယင်မှာ တင်ထား တဲ့ ဖီဖာ တီးခတ်ထားတဲ့ သီချင်းရဲ့ မူပိုင်ခွင့်ကို လူကြီးမင်း ပိုင်ဆိုင်သလားဆိုတာ မေးချင်လို့ပါ...။"

ရွှီပေါ်အန်းက တစ်ဖက်လူမှာ ထိုတေးဂီတအတွက် လာခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ရွှီပေါ်အန်းသည် သတိထားလာမိလေ၏။ ခွိုက်ယင် အက်ပ်မှ လူများက သူ့ကို ဤမျှမြန်မြန် ဆက်သွယ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ထို့ကြောင့် နောင်တွင် သူ ပိုမို သတိထားရပေလိမ့်မည်။ အကယ်၍ နောက်ပိုင်းတွင် ဗီဒီယိုထဲမှ ပုံမှန်မဟုတ်မှုများကို တစ်စုံတစ်ယောက်က တွေ့ရှိသွားပါက သူ၏ လျှို့ဝှက်ချက်ကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။

"တောင်းပန်ပါတယ်...၊ မူပိုင်ခွင့်က ဖီဖာ တီးခတ်ခဲ့တဲ့ မိန်းမလှလေးနဲ့သာ သက်ဆိုင်ပါတယ်...။"

"မစ္စတာရွှီ...၊ အဲ့ဒီ မိန်းမလှလေးက ရှင့်ရဲ့ သူငယ်ချင်း ဖြစ်ရမယ်...။ တကယ်လို့ အဆင်ပြေရင် သူမရဲ့ ဆက်သွယ် ရန် အချက်အလက်တွေကို ပြောပြပေးနိုင်မလားရှင်...။"

ရွှီပေါ်အန်းက အလျင်အမြန် ငြင်းဆန်လိုက်ကာ ပြောလေ၏။

"တောင်းပန်ပါတယ်...၊ အဆင်မပြေပါဘူး...။"

"မစ္စတာရွှီ...၊ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မတို့အတွက် သတင်းစကားလေး ပါးပေးလို့ ရမလား...။ ကျွန်မတို့ ကုမ္ပဏီ က သူမရဲ့ တေးဂီတအတွက် မူပိုင်ခွင့်အားလုံးကို ယွမ်တစ်သန်းနဲ့ အပြတ်ဝယ်ယူချင်လို့ပါ...။"

*တစ်သန်း...။*

ထိုစျေးနှုန်းကို ကြားလိုက်ရသောအခါ သန်းပေါင်းဆယ်နှင့်ချီ၍ ကြွယ်ဝသော ရွှီပေါ်အန်းပင်လျှင် အနည်းငယ် သွေးဆောင်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။

မည်သို့ပင်ဆိုစေကာမူ သူ၏အမြင်တွင် ငွေရှာရသည်မှာ အလွန်လွယ်ကူလွန်းနေပုံရလေ၏။ အကယ်၍ သီချင်း တစ်ပုဒ်ကို တစ်သန်းဖြင့် ရောင်းချနိုင်ပြီး သူတို့၏ စီးပွားရေးကို တိုးချဲ့နိုင်ပါက သူတို့သည် အလွယ်တကူပင် ချမ်းသာကြွယ်ဝလာနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ဘွန်ဆိုင်းကမ္ဘာထဲတွင် လက်တွေ့ကမ္ဘာ၌ မရှိသော တေးဂီတများစွာ ရှိနေသည် မဟုတ် ပါလား။

အကယ်၍ နားထောင်လို့ကောင်းသော သီချင်းအချို့ကိုသာ ရွေးချယ်လိုက်ပါက အချိန်တိုအတွင်း ငွေအမြောက် အမြား ရနိုင်မည် မဟုတ်ပါလား...။

သို့သော် ရွှီပေါ်အန်းသည် ထိုအကြံအစည်ကို အလျင်အမြန် ပယ်ဖျက်လိုက်လေ၏။

တေးဂီတဆိုသည်မှာ ပါရမီ လိုအပ်သော အရာတစ်ခု ဖြစ်ပေသည်။ အကယ်၍ သူသာ ဤအရာများကို ခိုးယူကူး ချခဲ့ပါက တေးဂီတ သီအိုရီများကို မကျွမ်းကျင်သဖြင့် နောက်ပိုင်း အင်တာဗျူးလုပ်ခံရသည့်အခါ ရှက်ရွံ့မှုကို ရှောင်လွှဲ၍ မရနိုင်ပေ။

သို့သော် ရွှီပေါ်အန်းသည် ဤစွမ်းရည်ကို မြှင့်တင်ရန် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှုများကို အသုံးပြုခြင်းမှာ အသုံးမဝင်ဘဲ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှုများကို ဖြုန်းတီးရာရောက်သည်ဟု ခံစားမိလေသည်။

ဘာပဲဖြစ်ဖြစ် သူ့မှာ ငွေကြေး မပြတ်လပ်သလို ငွေရှာရန် နည်းလမ်းများစွာလည်း ရှိပေသည်။ ထို့ကြောင့် ရွှီပေါ်အန်းသည် ထိုအကြောင်းကို တွေးတောပြီးနောက် အကြံအစည်ကို စွန့်လွှတ်လိုက်လေ၏။

ရွှီပေါ်အန်းက ဖြေးညှင်းစွာ ပြောလိုက်လေသည်။

"ကျွန်တော် နားလည်ပါပြီ...။ ခင်ဗျားအတွက် သတင်းစကား ပါးပေးပါ့မယ်...။"

"ကောင်းပါပြီရှင်...၊ သတင်းအချက်အလက် တစ်ခုခုရရင် ကျွန်မကို ဆက်သွယ်ပေးပါရှင်...။ တကယ်လို့ ဒီကိစ္စ အောင်မြင်သွားရင် ရှင့်အတွက်လည်း ဆုကြေးငွေ ဝေစု သေချာပေါက် ရပါလိမ့်မယ်...။"

ဖုန်းတစ်ဖက်စွန်းမှ မိန်းကလေးက စိတ်လှုပ်ရှားစွာ ပြောလေ၏။

ရွှီပေါ်အန်းမှာ အနည်းငယ် ရှက်ရွံ့သွားခဲ့လေသည်။

"*ညီမလေး...၊ ကျွန်တော်က ယဉ်ကျေးမှုအရ ပြောလိုက်တာပါ...။ မင်း တကယ်ကြီး အတည်ယူလိုက်တာ လား...။ သူတို့က ငါတို့နဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ ကမ္ဘာကလေ...။ ငါ ဒီကိစ္စကို သူတို့ကို ဘယ်လို ရှင်းပြ ရမှာလဲ...။ ကောင်းကင်ဘုံက နတ်ဘုရားတွေက မင်းရဲ့ တေးဂီတကို အရမ်းသဘောကျတယ်လို့ အတိအကျ ပြောလို့မှ မရနိုင်တာ...၊ ဟုတ်တယ် မဟုတ်လား...။*

ရွှီပေါ်အန်း ထပ်မံ၍ တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် ဖုန်းတစ်ဖက်စွန်းမှ လူသည် အကြိမ်ကြိမ် ကျေးဇူးတင် စကား ဆိုပြီးနောက် ဖုန်းချသွားခဲ့လေပြီ။

ထိုစဉ် ကုမ္ပဏီအတွင်း၌ ဂီတသံ စတင် ထွက်ပေါ်လာခဲ့လေ၏။

ဤတေးဂီတမှာ ကျောင်းခေါင်းလောင်းကဲ့သို့ ရည်ရွယ်ချက်တူညီပြီး ယေဘုယျအားဖြင့် ကုမ္ပဏီဝန်ထမ်းများအား အလုပ်ဆင်းချိန် သို့မဟုတ် ညစာစားချိန် ရောက်ပြီဖြစ်ကြောင်း သတိပေးရန် အသုံးပြုခြင်း ဖြစ်လေသည်။

တေးဂီတသံကို ကြားလိုက်ရသောအခါ ရွှီပေါ်အန်းမှာ ၎င်း၏ ဆန်းသစ်မှုကြောင့် ချက်ချင်းပင် အံ့အားသင့် သွားခဲ့ရလေ၏။

အတိတ်က ဂန္ထဝင် တေးဂီတအချို့ကို ယခုအခါ ချန်ရှီရှီ ဖီဖာတီးခတ်နေသည့် ဗီဒီယိုထဲမှ တေးဂီတနှင့် တူညီ သော ရင်းနှီးပြီးသား သံစဉ်များဖြင့် အစားထိုးလိုက်ပြီ ဖြစ်လေသည်။ ဗီဒီယို ကန့်သတ်ချက်များကြောင့် ရွှီပေါ်အန်း သည် တစ်မိနစ်အောက်သာ ကြာမြင့်သော ဗီဒီယိုကိုသာ ရိုက်ကူးထားနိုင်ခဲ့လေသည်။

ယခုအချိန်တွင် ဤမျှတိုတောင်းသော တေးဂီတသည် တိုတောင်းသော ဖုန်းမြည်သံအတွက် အလွန် သင့်လျော် လှပေသည်။ ဤတေးဂီတသည် ဤမျှအထိ လူကြိုက်များလာလိမ့်မည်ဟု ရွှီပေါ်အန်း တစ်ခါမှ မမျှော်လင့်ထားခဲ့ ချေ။

လမ်းမများနှင့် လမ်းကြားများတွင် တစ်ညတွင်းချင်း ရေပန်းစားလာသည့် ဤကဲ့သို့သော သီချင်းမျိုးသည် လွန်ခဲ့ သော ဆယ်နှစ်ကျော်က အင်တာနက် ပေါ့ပ်သီချင်းများနှင့် ဆင်တူသည့် အောင်မြင်မှုတစ်ခုကို ရရှိသွားပုံရလေ သည်။

ထိုတေးဂီတ၏ ရုတ်တရက် ရေပန်းစားလာမှုကို မည်သို့ ဖြေရှင်းရမည်နည်းဟု ရွှီပေါ်အန်း စဉ်းစားနေစဉ် သူ၏ ဖုန်းမှ ဝီချက် မက်ဆေ့ချ် အသိပေးချက်အသံ ထွက်ပေါ်လာခဲ့လေ၏။ နောက်တစ်ခဏတွင် ရွှီပေါ်အန်းသည် သက်ဆိုင်ရာ အကြောင်းအရာကို မြင်တွေ့လိုက်ရလေသည်။

တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ အလယ်အလတ်နှင့် အကြီးတန်း စီမံခန့်ခွဲရေး ဝန်ထမ်းများပင် ဖြစ်သည်။

"အားလုံးပဲ အာရုံစိုက်ကြပါ...။ အထက်အာဏာပိုင်များထံမှ အသိပေးချက်အရ နှစ်ပတ်လည် ဘတ်စကက်ဘော ပြိုင်ပွဲကို နောက်အပတ်တွင် စတင်ပါမည်...။ မိမိတို့၏ ဝန်ထမ်းများ ပါဝင်လာစေရန် အားပေးတိုက်တွန်းရန် အတွက် ဌာနအားလုံးကို စည်းရုံးလှုံ့ဆော်ပေးပါ...။ ဒီပြိုင်ပွဲကို ကျွန်ုပ်တို့ ဆောက်လုပ်ရေး အင်ဂျင်နီယာအုပ်စုမှ ကမကထပြုလုပ်ပြီး ဆောက်လုပ်ရေးဖလား ဟု အမည်ပေးထားပါတယ်...။ ဌာနအားလုံးအနေဖြင့် ဒါကို အလေးအနက်ထားပြီး ထူးချွန်သော ကစားသမားများကို တက်ကြွစွာ ရှာဖွေဖော်ထုတ်ကာ ဆောက်လုပ်ရေး အင်ဂျင်နီယာအုပ်စု၏ စိတ်ဓာတ်ကို ထုတ်ဖော်ပြသပြီး ဆောက်လုပ်ရေး အင်ဂျင်နီယာအုပ်စု၏ ဂုဏ်သတင်းကို မြှင့်တင်ရပါမယ်...။"

ရွှီပေါ်အန်းသည် X ကို တိတ်ဆိတ်စွာ နှိပ်လိုက်ပြီး အုပ်စု မက်ဆေ့ချ်ကို ပိတ်လိုက်လေ၏။

ဘတ်စကက်ဘောသည် ငါ၏ အားနည်းချက် ဖြစ်ပေသည်...။ သို့သော် စားပွဲတင်တင်းနစ်သာဆိုလျှင် စမ်းကြည့် ရန် တန်ပေလိမ့်မည်။

*ဘတ်စကက်ဘောနဲ့ ပတ်သက်ပြီးတော့ ငါ သွားပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခံမှာ မဟုတ်ဘူး...။*

*အခွင့်အရေးကို လူငယ်လေးတွေဆီပဲ ပေးလိုက်တာ အကောင်းဆုံးပါပဲလေ...။*

All Chapters