← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 14 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 14 Ch. 193-194

အပိုင်း(၁၉၃)

တထာဂတ ထွက်ခွာသွားမှုအပေါ် ဝူချောင်ဆရာတော်မှာ အံ့သြသည့် အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်သည်။ မဟာယနဂိုဏ်း၏ ကြီးမားလှသော ဩဇာလွှမ်းမိုးမှုက သူ့ကို အမှန်ပင် သတိထားစေခဲ့သော်လည်း သူ ကြောက်ရွံ့သည်မှာ မဟာယနဂိုဏ်း တစ်ခုလုံး၏ အင်အားကိုသာ ဖြစ်ပြီး တထာဂတဗုဒ္ဓ တစ်ပါးတည်းကို မဟုတ်ပေ။

"ဒါပေမဲ့ တထာဂတ ပြောသွားသလိုပဲ… မိစ္ဆာမျိုးနွယ်က မျိုးဆက်သစ်လေး တစ်ယောက်အတွက်နဲ့များ ငါက ဘာလို့ နတ်သတ် ဓားပျံကို အသုံးပြုဖို့ လိုအပ်ခဲ့ရတာလဲ..."

သို့ရာတွင်... ဝူချောင်ဆရာတော်သည် သူ နတ်သတ် ဓားပျံကို ထုတ်ယူလိုက်စဉ်က ကျန်းလျို၏ မျက်နှာပေါ်မှ အမူအရာကို ပြန်လည် သတိရသွားကာ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားလေသည်။

“အဟွတ်... အဟွတ်... အဟွတ်...”

ထိုအချိန်မှာပင် ဝူချောင်ဆရာတော်၏ မျက်နှာအရောင်က ရုတ်တရက် ဖြူရော်သွားပြီး သူ၏ ပါးစပ်ကို ကာ၍ အမြန် ချောင်းဆိုးလိုက်လေသည်။ သူ၏ လက်ကို ပြန်ချလိုက်သောအခါ လက်ဝါးထဲတွင် မီးလျှံကဲ့သို့ နီရဲနေသော သွေးအိုင်တစ်ခုကို မြင်တွေ့လိုက်ရ၏။

"နှစ်ဝက်တောင် ကျော်နေပြီ… ငါ့ရဲ့ ဒဏ်ရာက ဒီလောက်တောင် ပြင်းထန်နေတုန်းလား… ဘယ်တော့များမှ သက်သာလာမလဲဆိုတာ တကယ်ကို မသိတော့ဘူး… ဟူး…"

...

တစ်ချိန်တည်း၌ ကျန်းလျိုသည် မီးဖိုနှင့် အခြားအရာများကို ပြင်ဆင်ပြီးနောက် ဟင်းတစ်အိုးကြီးကို ချက်ပြုတ်ထားနှင့်ပြီး ဖြစ်လေသည်။ နှုတ်ခမ်းတစ်ဝိုက်တွင် ဆီများပေကျံနေသော စွန်ဝူခုန်းမှာ ဘေးနားရှိ ကျူးပါကျဲအား ရယ်မောလျက် ပြောလိုက်၏။

"ဟီး ဟီး ဟီး… ပါကျဲ… လာစားလေ… ဆရာ ချက်ထားတဲ့ ဝက်သားနှပ်က အရမ်းစားကောင်းတာပဲ..."

သို့ရာတွင် ယခုအခါ၌ တိတ်ဆိတ်နေရန် အလှည့်ကျသူမှာ ကျူးပါကျဲ ဖြစ်နေပြီး သူသည် ထမင်းဖြူ ပန်းကန်လုံးကြီး တစ်လုံးကို အငမ်းမရ စားသောက်နေလေသည်။

ကျူးပါကျဲမှာ ပျင်းရိသော်လည်း သူက အရူးတစ်ယောက်ဟု မဆိုလိုပေ။ ယနေ့ စားသောက်ရသည့် အစားအစာမှတစ်ဆင့် ဆရာဖြစ်သူက သူ့အပေါ် အလိုမကျ ဖြစ်နေကြောင်းကို သူ သတိပြုမိလိုက်သည်။ အကြောင်းရင်းကို သူအကောင်းဆုံး နားလည်ထားလေသည်။

သူတို့၏ဘေးတွင် နဂါးမြင်းဖြူမှာလည်း သူ၏ရှေ့၌ ပန်းကန်လုံးတစ်လုံး ချထားပြီး သပ်ရပ်သေချာစွာ စားသောက်နေလေသည်။ အဖွဲ့အတွင်းမှ အခြေအနေများကို မှတ်ချက်ပေးခြင်းမှ ဉာဏ်ပညာရှိစွာပင် သူ ရှောင်ကြဉ်နေခဲ့၏။

သူက စီးတော်ယာဉ်သက်သက်သာ ဖြစ်သော်လည်း မည်သူ့ကိုမျှ မစော်ကားရဲသူ တစ်ယောက် အမှန်ပင် ဖြစ်လေသည်။

ညစာစားပြီးနောက် ကျူးပါကျဲအား အိုးခွက်ပန်းကန်များကို ရှင်းလင်းသိမ်းဆည်းခိုင်းပြီး ကျန်းလျိုသည် တရားထိုင်ရန် ပြင်ဆင်လိုက်သည်။

ပုံမှန်အားဖြင့် ချက်ပြုတ်သည့် အိုးခွက်ပန်းကန်များကို ရှင်းလင်းရန် ခိုင်းပါက ကျူးပါကျဲသည် အချိန်ဆွဲနေတတ်သော်လည်း ယနေ့တွင်မူ စကားများများ မပြောရဲတော့ဘဲ သိမ်းဆည်းရှင်းလင်းရန် ခေါင်းညိတ် သဘောတူလိုက်လေ၏။

"ဒါနဲ့ ဆရာ… ခုနက ကျွန်တော် အမဲလိုက်ထွက်တုန်းက ဒီကနေ မြောက်ဘက်ကို မိုင်နှစ်ဆယ်… သုံးဆယ်လောက် အကွာမှာ မြို့ငယ်လေး တစ်မြို့ရှိတာကို တွေ့ခဲ့တယ်… ဖူထူတောင်ကနေ ထွက်လာကတည်းက ရာသီဥတုက တော်တော်လေး အေးလာတယ်… အထူးသဖြင့် ညဘက်မှာပေါ့..."

ကျန်းလျို တရားထိုင်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ စွန်ဝူခုန်းက အကြံပြုပြောဆိုလိုက်သည်။

"အင်း... မြောက်ဘက်ကိုလား… ကောင်းပြီလေ… ပါကျဲ ရှင်းလင်းသိမ်းဆည်းလို့ ပြီးတာနဲ့ ငါတို့ သွားကြတာပေါ့…"

ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းလျိုက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

ဤသို့ဖြင့် အချိန်အနည်းငယ်အကြာ နေဝင်ဆည်းဆာအချိန်တွင် ကျန်းလျိုနှင့် သူ၏ အဖော်များသည် မြောက်ဘက်သို့ ထွက်ခွာခဲ့ကြလေသည်။

သူတို့သည် အနောက်ဘက်သို့ သွားနေခြင်း မဟုတ်သောကြောင့် မိုင်နှစ်ဆယ်၊ သုံးဆယ်မျှသာရှိသော အကွာအဝေးကို ဖြတ်ကျော်ရန် အချိန်သိပ်မကြာလိုက်ပေ။ အဝေးမှကြည့်လျှင် နေဝင်ချိန်အောက်၌ အတော်လေး စည်ကားပုံရသော မြို့ငယ်လေးတစ်မြို့ကို အမှန်ပင် လှမ်းမြင်နေရသည်။

မြို့ပြင်တွင် စိုက်ပျိုးထားသော ကောက်ပဲသီးနှံ အများအပြားကို တွေ့မြင်နိုင်ပြီး လယ်သမား အများအပြားသည်လည်း အနီးနားရှိ ရေမြောင်းများတွင် သူတို့၏ လက်များနှင့် ခြေထောက်များမှ ရွှံ့များကို ဆေးကြောကာ ခြေဗလာဖြင့် အိမ်ပြန်လာကြသည်ကို မြင်တွေ့ရလေသည်။

နေထွက်ချိန်တွင် အလုပ်ထလုပ်ပြီး နေဝင်ချိန်တွင် အနားယူရသော ဘဝမျိုးမှာ ရိုးရှင်းသော်လည်း အမှန်တကယ်ပင် ကြည်နူးစရာ ကောင်းလှပေသည်။

မြင်းဖြူပေါ်တွင် စီးနင်းလိုက်ပါလာသော ကျန်းလျိုသည် အမှန်တကယ်ပင် ထူးခြားလှသော အသွင်အပြင် ရှိနေ၏။ မျောက်ငယ်လေး တစ်ကောင် လိုက်ပါလာခြင်းမှာလည်း ပြဿနာ မရှိပေ။ သို့ရာတွင် ဝက်ဝံနက်ကြီးကဲ့သို့ ခန္ဓာကိုယ် အရွယ်အစားရှိပြီး မတ်တတ်ရပ်ကာ လမ်းလျှောက်နေသော ဝက်မည်းကြီး တစ်ကောင် ပါဝင်လာခြင်းကမူ မြို့ခံများစွာကို လန့်ဖြန့်သွားစေခဲ့သည်။ သူတို့က 'မိစ္ဆာကြီး' ဟု အော်ဟစ်ကာ လှည့်၍ ထွက်ပြေးကြလေတော့၏။

"ပါကျဲ… မင်းရဲ့ ရုပ်သွင်ကို ပြောင်းလိုက်သင့်တယ်… မင်းရဲ့ လက်ရှိ ပုံစံက ကြောက်စရာကောင်းပြီး တကယ်ကို မကောင်းဘူး..."

လူများ၏ တုံ့ပြန်မှုများကို မြင်သောအခါ ကျန်းလျိုက ပြောလိုက်သည်။

"ကောင်းပါပြီ ဆရာ… ဆရာလည်း ဝက်အိုကြီးရဲ့ ပုံစံကို ငြီးငွေ့နေပြီ မဟုတ်လား..."

ကျန်းလျို၏ မှတ်ချက်အပေါ် ကျူးပါကျဲသည် တိုးတိုးလေး ညည်းတွားပြောဆိုနေသော်လည်း ကောင်းကင်လေပြေ ၃၆ မျိုး အသွင်ပြောင်းပညာရပ်ကို အသုံးပြုကာ ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲလိုက်လေသည်။

"အောမိတော်ဖော… ပါကျဲ…အပေါ်ယံ အသားအရေ ဆိုတာ ရုပ်သွင်သက်သက်ပါပဲ… လူတွေကို မခြောက်လှန့်ဖို့လောက် ပြောင်းလဲလိုက်ရင် ရပါပြီ… ရုပ်ရည်ချောမောတဲ့ အမျိုးသားတစ်ယောက်အဖြစ် ပြောင်းလဲတာကတော့…မင်း ဒီသဘောတရားကို စောစောစီးစီး နားလည်ထားဖို့ လိုတယ်… ဆရာ့ရဲ့ ရုပ်ရည်က သန့်စင်ချောမောတယ် ဆိုပေမဲ့… ဒါက သဘာဝအတိုင်းမို့ ဆရာလည်း မတတ်နိုင်ဘူးလေ…"

တည်ငြိမ်ရင့်ကျက်ပြီး နေမင်းကြီးကဲ့သို့ တက်ကြွသည့် အရှိန်အဝါများ ဖြာထွက်နေသော ကျူးပါကျဲ၏ ပြောင်းလဲသွားသည့် ပုံစံကို ကြည့်ရင်း ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားကာ ပြောလိုက်၏။

ကျူးပါကျဲ ပြန်မပြောရသေးမီမှာပင် စွန်ဝူခုန်းက ကြားဖြတ်၍...

"ဆရာ… ဆရာ မသိလို့ပါ… ဒီ ဝက်အိုကြီးက ထျန်းဖုန်စစ်သူကြီး ဖြစ်စဉ်တုန်းကတည်းက ဒီပုံစံမျိုး ရှိခဲ့တာပါ…"

"ဟင်…"

ကျန်းလျိုသည် အံ့အားသင့်သွားပြီး ကျူးပါကျဲအား အံ့ဩတကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။

ထျန်းဖုန်စစ်သူကြီး ဖြစ်စဉ်က ကျူးပါကျဲမှာ ဤမျှ ချောမောခဲ့သလော။ ရုပ်ရည်ချောမောရုံသာမက စစ်သူကြီးတစ်ဦး၏ ခိုင်မာကြံ့ခိုင်သော အရှိန်အဝါများပါ ရှိနေသည်။ သူကိုယ်တိုင်၏ အတိတ်ဘတမှ လူငယ် သရုပ်ဆောင်များ၏ နုနယ်သော အလှအပမျိုးနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။

'ဒီကောင်က တော်တော် ချောတာပဲ… ငါ့ကိုတောင် မီတော့မယ်… ပြီးတော့ နတ်ဘုရားနယ်မြေမှာ သူက ရေတပ်အင်အား ရှစ်သောင်းကို ကွပ်ကဲရတဲ့ မဟာ ထျန်းဖုန်စစ်သူကြီးလေ… ဒါပေမဲ့ သူက ချန်အဲ့ရဲ့ မျက်နှာသာပေးမှုကို မရယူနိုင်ခဲ့တဲ့အပြင် လူ့ပြည်ကိုတောင် အဆင့်ချခံခဲ့ရတယ်ပေါ့… ကောင်းကင်ဘုံကနေ ငရဲပြည်ကို တိုက်ရိုက် ရိုက်ချခံလိုက်ရသလိုပဲ မဟုတ်လား…''

ကျူးပါကျဲ၏ မူလ ချောမောသော ပုံစံသို့ ပြန်လည်ပြောင်းလဲသွားသည်ကို မြင်သောအခါ ကျန်းလျိုသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

ထျန်းဖုန်း စစ်သူကြီးသည် စွမ်းအားများ ပျောက်ကွယ်သွားပြီး မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏ ချောမောပြီး တက်ကြွသော ရုပ်သွင်များ ပျောက်ကွယ်သွားကာ ရုပ်ဆိုးပြီး မည်းနက်သော ဝက်ကြီးတစ်ကောင်အဖြစ် ပြန်လည် ဝင်စားလာခဲ့ရသည်။ မည်သူက ဤမျှ ကြီးမားသော ထိုးနှက်မှုကို ခံနိုင်ရည်ရှိမည်နည်း။ ကျူးပါကျဲက မည်သည့်အရာအတွက်မျှ စိတ်အားထက်သန်မှု မရှိတော့ဘဲ သူ၏ ကံကြမ္မာကို လက်မြှောက်အရှုံးပေးထားသကဲ့သို့ ဖြစ်နေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

"ဟူး..."

ယခင်ပုံစံသို့ ပြန်လည်ပြောင်းလဲပြီးနောက် ကျူးပါကျဲက ခပ်ဖွဖွ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိရန် သူသည် အသွင်ပြောင်းပညာကို အားကိုးခဲ့ရပေသည်။ ဤအရာ၏ ခါးသီးမှုကို ပြင်ပလူများအား ဖော်ပြရန် မဖြစ်နိုင်ပေ။

ပုံမှန်လူတစ်ယောက်က သူ၏ မျက်နှာအစစ်အမှန်ကို ကမ္ဘာကြီးအား ပြသရန် ကိုယ်ပိုင် မျက်နှာဖုံးကို တပ်ဆင်ထားရသကဲ့သို့ပင် ဖြစ်လေသည်။

"ဟင်... ခဏလေး..."

သို့ရာတွင် လက်ဖက်ရည် တစ်ခွက် သောက်ချိန်ခန့်အကြာ မြောက်ဘက်သို့ လမ်းလျှောက်လာပြီးနောက် မြို့အနီးသို့ ရောက်ရှိချိန်တွင် ကျန်းလျို၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူသည် နဂါးမြင်းဖြူ၏ ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။

သူသည် မီတာဝက်အောက်သာ မြင့်သော ကောက်ပဲသီးနှံများ စိုက်ပျိုးထားသည့် လယ်ကွင်းတစ်ခုဆီသို့ ချဉ်းကပ်သွားလေသည်။ ကျန်းလျို နီးကပ်သွားသည်နှင့်အမျှ ထူးဆန်းသော ရနံ့တစ်ခုက သူ၏ အာရုံကို ဆွဲဆောင်သွားပြီး သူ၏ မျက်လုံးများ သိသိသာသာ တောက်ပသွားလေသည်။

"ဒါတွေက..."

သူသည် ငုံ့ကာ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို သေချာစစ်ဆေးရင်း တိတ်တဆိတ် ရေရွတ်လိုက်၏။

"ဆရာ… ဒါတွေက ဘာတွေလဲ…"

အပင်ငယ်လေးများကို ကြည့်ကာ ဝမ်းသာအားရ အံ့သြနေသော ကျန်းလျို၏ အမူအရာကို မြင်သောအခါ စွန်ဝူခုန်းသည် သိချင်စိတ်ဖြင့် ချဉ်းကပ်လာပြီး မေးလိုက်သည်။

"ဝူခုန်း… ဒါကို ဇီယာစေ့လို့ ခေါ်တယ်… အဲဒါကို ဇီယာမှုန့်အဖြစ် ကြိတ်လိုက်မယ်ဆိုရင် မင်း သေချာပေါက် ကြိုက်သွားလိမ့်မယ်လို့ ငါ အာမခံတယ်…"

သူ့ရှေ့ရှိ မီတာဝက်အောက်သာ မြင့်သော အပင်ငယ်လေးများကို ကြည့်ရင်း ကျန်းလျိုက ဝမ်းသာအားရ ပြောလိုက်လေသည်။

***

အပိုင်း(၁၉၄)

အမှန်တကယ်ပင် အနောက်ဘက်သို့ ခရီးသွားခြင်း လောကသည် အံ့သြဖွယ် ရှာဖွေတွေ့ရှိမှုများဖြင့် ပြည့်နှက်နေ၏။ ဇီယာစေ့ကို တွေ့ရှိပြီးနောက် ငရုတ်သီးကရော ဘယ်လောက် ဝေးဝေးမှာ ရှိနေနိုင်ဦးမည်နည်း။

ဇီယာမှုန့်၊ ငရုတ်သီးမှုန့်နှင့် ငရုတ်ကောင်းမည်းတို့ကို ဖြူးထားသော အသားကင်တစ်ချောင်းကို ကိုင်ထားပြီး လက်တစ်ဖက်ကလည်း အချိုရည်တစ်ခွက် ကိုင်ထားရမည်ဟု မြင်ယောင်ကြည့်လိုက်ပါ။ ထိုအရာကမှ တကယ့် ဘဝ ဖြစ်သည်။

ဝမ်းနည်းစရာက သူသည် ဘီယာ မချက်တတ်ပေ။ ထိုသို့သာ မဟုတ်ပါက အေးစက်နေသော ဘီယာတစ်ခွက်နှင့် တွဲဖက်လိုက်လျှင် အလွန် ပြီးပြည့်စုံသွားမည်သာ ဖြစ်၏။

"ဇီယာစေ့ဟုတ်လား… အဲဒါက ဘာအတွက်လဲ…"

ကျန်းလျို၏ မျက်နှာပေါ်ရှိ အမူအရာက စွန်ဝူခုန်းအား သိချင်စိတ် ပြင်းပြ လာစေခဲ့၏။

"ဟေ့... ခင်ဗျားတို့တွေက ဘယ်သူတွေလဲ… ဒီမှာ ဘာလာလုပ်နေတာလဲ..."

ကျန်းလျို ပြန်မဖြေရသေးမီမှာပင် အသားမည်းမည်းနှင့် အမျိုးသားတစ်ဦးက ချဉ်းကပ်လာလေသည်။ သူ၏ ပိုင်ဆိုင်မှုများကို တစ်စုံတစ်ယောက်က လာရောက်စွက်ဖက်နေမည်ကို စိုးရိမ်နေပုံရပြီး လာရောက်စုံစမ်းခြင်း ဖြစ်၏။

"ခွင့်လွှတ်ပါ ဒကာကြီး… ဒီအပင်တွေကို ဘယ်လိုခေါ်လဲ..."

အသားမည်းမည်းနှင့် အမျိုးသား ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျန်းလျိုက သူ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး ရိုသေယဉ်ကျေးစွာဖြင့် မေးမြန်းလိုက်သည်။

"ဒီ ဟစ်ဆော့ပ် တွေကို ပြောတာလား… အဲဒါတွေက အနောက်ဘက်ကနေ ရောက်လာတာ… လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ ဒီနေရာမှာ စိုက်ပျိုးတာလေ… အနံ့က တော်တော်လေး ကောင်းတော့ ငါ့မိန်းမ အမွှေးအိတ်လုပ်ပြီး ရောင်းလို့ရမလားဆိုပြီး ဒီနှစ်မှာ စမ်းပြီး စိုက်ကြည့်ထားတာ..."

ကျန်းလျိုက သူ၏ ကောက်ပဲသီးနှံများကို စိတ်ဝင်စားနေသည်ကို ကြားသောအခါ အသားမည်းမည်းနှင့် အမျိုးသားက ပြန်ဖြေလိုက်၏။

"အမွှေးအိတ်..."

ထိုအမျိုးသား၏ အဖြေကြောင့် ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။

"ဟုတ်တယ်လေ… လယ်သမားတွေအနေနဲ့ အရေးအကြီးဆုံးက စားစရာသီးနှံတွေ စိုက်ပျိုးဖို့ပဲ… ဒီ ဟစ်ဆော့ပ် တွေကို စိုက်ဖို့အတွက် ငါ့မိန်းမနဲ့ အတော်လေးကို စကားများခဲ့ရတာ… ဒီဖူထူတောင်နားမှာဆိုတော့ တစ်နှစ်ပတ်လုံး နွေဦးရာသီလို ဖြစ်နေလို့ တော်သေးတာပေါ့… ဒီလိုမှမဟုတ်ရင် ဆောင်းရာသီမှာ ဘယ်သူကများ ဒီအပင်တွေအတွက် မြေသြဇာကောင်းတဲ့ လယ်မြေတွေကို အလဟဿ အဖြစ်ခံမှာလဲ..."

အမျိုးသားက ပြောဆိုရင်း နောင်တရသကဲ့သို့ ခေါင်းယမ်းလိုက်သည်။

ထိုအမျိုးသား၏ စကားများကို ကြားသောအခါ ကျန်းလျိုက ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်၏။

အမှန်တကယ်ပင် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဇီယာစေ့ စိုက်ခင်းမှာ ဧက သုံးဧကခန့်သာ ရှိပြီး အခြား လယ်ကွင်းအားလုံးတွင်မူ ဂျုံစပါးများကိုသာ စိုက်ပျိုးထားလေသည်။

"မစိုးရိမ်ပါနဲ့… ဒီအပင်တွေကို စိုက်ပျိုးဖို့ ဒကာကြီးရဲ့ ဆုံးဖြတ်ချက်က လုံးဝ မှန်ကန်ပါတယ်… ဘယ်လောက်လောက် ရိတ်သိမ်းပြီးပြီလဲ…ကိုယ်တော် အားလုံး ယူမယ်..."

ဇီယာစေ့ ရှားပါးမှုကို ထည့်တွက်ကာ ကျန်းလျိုက ပြောလိုက်သည်။

"တကယ်လား… အဲဒါဆို သိပ်ကောင်းတာပေါ့…"

ကျန်းလျိုက အားလုံးကို ဝယ်ယူမည်ဟူသော ကမ်းလှမ်းမှုကြောင့် အမျိုးသားမှာ အလွန် ဝမ်းသာသွားလေ၏။

သို့သော် ထိုဝမ်းသာမှုသည် မကြာမီမှာပင် အခက်အခဲ တစ်စုံတစ်ရာ ရှိနေသည့် အမူအရာသို့ ပြောင်းလဲသွားပြီး...

"ဒါပေမဲ့ ဆရာ… ကျွန်တော်က ဒါတွေကို တစ်ခါမှ မရောင်းဖူးတော့ ဘယ်လောက်တောင်းရမလဲ မသိဘူး… ဆရာ ဘယ်လိုထင်လဲ…"

"ဒီလိုလုပ်ရအောင်... မင်းကို ငါ အနှိမ်မခံစေချင်ဘူး… ဒီ ဟစ်ဆော့ပ် ရဲ့ အထွက်နှုန်းက ဂျုံစပါးထက် အများကြီး လျော့နည်းတဲ့အတွက် စျေးနှုန်းက ပိုမြင့်ရမယ်… ငါက ဂျုံစပါးစျေးရဲ့ ဆယ်ဆ ပေးမယ်…"

ကျန်းလျိုက ခေတ္တမျှ စဉ်းစားပြီးနောက် ကမ်းလှမ်းလိုက်၏။

"ဒါက အရမ်းများလွန်းပါတယ်… တူညီတဲ့ မြေနေရာမှာ ဒီ ဟစ်ဆော့ပ် ထက် ဂျုံစပါးက သုံးဆလောက် ပိုထွက်တာပဲ ရှိပါတယ်..."

ကျန်းလျို၏ စျေးနှုန်းကြောင့် အမျိုးသားမှာ အံ့အားသင့်သွားလေသည်။

"လာပါ… မင်း အိမ်သွားပြီး ဘယ်လောက် ရိတ်သိမ်းထားလဲဆိုတာ သွားကြည့်ကြတာပေါ့…"

ကျန်းလျိုက အလွန် ရက်ရောဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ ဂျုံစပါးစျေး၏ ဆယ်ဆဆိုသည်မှာ မိစ္ဆာများကို အနိုင်ယူခြင်းဖြင့် ရွှေများ ရရှိနိုင်သော ကျန်းလျိုကဲ့သို့ သူတစ်ယောက်အတွက် ဘာမှမဟုတ်ပေ။

ထို့အပြင် တာ့ထန်မှ ထွက်ခွာလာစဉ်က ကျန်းလျိုသည် များပြားလှသော ရွှေများကို သယ်ဆောင်လာရန် တွန့်ဆုတ်မနေခဲ့ချေ။

ကျန်းလျို၏ ရက်ရောသော သဘောထားကို မြင်တွေ့ရပြီး သူ စွန့်စားစိုက်ပျိုးခဲ့သော ကောက်ပဲသီးနှံများကို တစ်စုံတစ်ယောက်က နောက်ဆုံးတွင် တန်ဖိုးထားပေးသည်ကို တွေ့ရသောအခါ အမျိုးသားသည် အနီးနားရှိ ရေမြောင်းတွင် သူ၏ လက်များကို အမြန်ဆေးကြောကာ ကျန်းလျိုနှင့် အခြားသူများကို သူ၏ အိမ်သို့ နွေးထွေးစွာ ဖိတ်ခေါ်လေတော့သည်။

...

တောင်တန်းများက ကြမ်းတမ်းပြီး ရေပြင်များက ညစ်ညမ်းလှကာ မကောင်းဆိုးဝါး မိစ္ဆာများစွာဖြင့် ပြည့်နှက်နေသော နေရာ တစ်ခု...

ကောင်းကင်နှင့် မြေကြီးကြားတွင် မကောင်းဆိုးဝါးများ မရေမတွက်နိုင်အောင် ရှိသော်လည်း ထိုမကောင်းဆိုးဝါး အများစုသည် သူတို့၏ ကိုယ်ပိုင် နယ်မြေများ၌သာ လှုပ်ရှားကြပြီး သာမန်လူများမှာလည်း အလွန်တရာ ပြင်းထန်ကြမ်းကြုတ်သော မိစ္ဆာများ နေထိုင်ရာ နေရာများသို့ ခြေမချရဲကြပေ။

ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဤမိစ္ဆာများ ကျက်စားရာ နယ်မြေများတွင် လူများ ဖြတ်သန်းသွားလာလေ့ မရှိတော့ချေ။

တောင်တန်းများ၏ နက်ရှိုင်းသော နေရာတွင် လေဝါတောင်ကြော ဟုခေါ်သော တောင်ကြီးတစ်လုံး ရှိလေသည်။

ထိုည လေဝါတောင်ကြောအတွင်း၌ ဧရာမ ကြွက်ကြီးတစ်ကောင်သည် တောင်ပေါ်မှဆင်းလာပြီး မိုင်ပေါင်းများစွာ ကွာဝေးသော မြို့တစ်မြို့ဆီသို့ ဦးတည်သွားလေ၏။

၎င်းသည် မိစ္ဆာတစ်ကောင် ဖြစ်သည်။ သို့သော်လည်း ဤဧရာမ ကြွက်ကြီးသည် လူများကို မစားချေ။ သို့ရာတွင် သူ၏ သဘာဝကို ထိန်းချုပ်ရန် ခက်ခဲသောကြောင့်လော မသိ ကြောက်မက်ဖွယ် မှော်စွမ်းအင်များကို ပိုင်ဆိုင်ထားသော်လည်း သူ၏ ဆာလောင်မှုကို ဖြေဖျောက်ရန် လုယက်ခြင်းမျိုး တစ်ခါမျှ မလုပ်ဘဲ အစားအသောက်များကိုသာ ခိုးယူလေ့ရှိလေသည်။

ထိုညနေခင်းတွင် ကြွက်ကြီးသည် သူ၏ မူလပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်ပြီး ညအမှောင်ကို အကာအကွယ်ယူကာ မြို့ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး မည်သည့်အိမ်မှ အစားအသောက် အနည်းငယ် ခိုးယူရမည်ကို စဉ်းစားတွေးတောနေလေ၏။

ရုတ်တရက် လေပြေများနှင့်အတူ ဖော်ပြ၍မရနိုင်လောက်အောင် ထူးဆန်းသော ရနံ့တစ်ခု ပျံ့လွင့်လာရာ ကြွက်ကြီး၏ နှာခေါင်းက အနည်းငယ် ရှုံ့မဲ့သွားပြီးနောက် သူ၏ မျက်လုံးများက တောက်ပသွားလေတော့သည်။

...

ကျန်းလျိုသည် အသားမည်းမည်းနှင့် ဟန်အမျိုးသား၏ လမ်းညွှန်မှုနောက်သို့ လိုက်ကာ မြို့ထဲသို့ အလျင်အမြန် ဝင်ရောက်လာပြီး နေအိမ်တစ်လုံးသို့ ရောက်ရှိသွားလေသည်။

အမျိုးသားသည် အိမ်ရှေ့တံခါးအနောက်ဘက်တွင် လယ်ယာသုံး ကိရိယာအချို့ကို ပေါ့ပေါ့ပါးပါး ချထားလိုက်ပြီး ယနေ့ သက်သတ်လွတ်ဟင်းလျာများကို ပိုချက်ထားရန် သူ၏ ဇနီးဖြစ်သူအား အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

ဟန်အမျိုးသားက အော်ပြောလိုက်သောအခါ ကြမ်းတမ်းသော လျှော်တေအဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထွက်လာပြီး ညွှန်ကြားချက်များကို အသိအမှတ်ပြုကာ ကျန်းလျိုနှင့် အခြားသူများက ဟင်းခတ်အမွှေးအကြိုင်များကို ဝယ်ယူရန် ရောက်ရှိလာကြောင်း သိရှိသွားသဖြင့် ခေါင်းညိတ်ပြပြီး မီးဖိုချောင်ဘက်သို့ လှည့်သွားလေသည်။

"နေပါဦး… အားနာစရာ မလိုပါဘူး… ဦးဇင်းတို့ အားလုံး စားပြီးကြပါပြီ… ဦးဇင်းတို့အတွက် ညစာ ပြင်ဆင်ပေးစရာ မလိုပါဘူး…"

ဟန်အမျိုးသားနှင့် သူ၏ ဇနီးတို့၏ စကားပြောဆိုမှုကို ကြားသောအခါ ကျန်းလျိုက ဝင်ပြောလိုက်သည်။

အမှန်ပင် သူတို့သည် စောစောက စားပြီးခဲ့ပြီ ဖြစ်သည်။ မိုးလင်းသည်နှင့် အလုပ်လုပ်ပြီး မိုးချုပ်မှ နားကြကာ လယ်ယာအလုပ်များဖြင့် အလုပ်များနေသောကြောင့် အလွန်စောစော နံနက်စာစားပြီး အလွန်နောက်ကျမှ ညစာစားလေ့ရှိသော ဤလူများနှင့် မတူပေ။

"ဆရာ... ကျွန်တော် နည်းနည်း ပြန်ဆာလာပြီ..."

သို့ရာတွင် အစားအသောက်များ ရှိသည်ဟု ကြားသောအခါ ကျူးပါကျဲ၏ မျက်လုံးများက တောက်ပသွားပြီး ဗိုက်ကို ပွတ်သပ်ရင်း ဝင်ပြောလိုက်လေသည်။

"မင်းက ဝက်လား..."

ကျန်းလျို၏ မျက်နှာက မည်းမှောင်သွားပြီး တိတ်တဆိတ် ညည်းတွားလိုက်၏။ သို့သော်... အမှန်တကယ်ပင် ဤကောင်က တကယ် ဝက်တစ်ကောင် ဖြစ်နေသည် မဟုတ်ပါလော။

"ဟီး ဟီး..."

မီးဖိုချောင်သို့ သွားတော့မည့် အမျိုးသမီးမှာ အသံထွက်၍ မရယ်မိအောင် မထိန်းနိုင်တော့ဘဲ ခေါင်းညိတ်ပြကာ ထွက်သွားလေတော့သည်။

ဤမိသားစုတွင် ဇနီးမောင်နှံ နှစ်ဦးအပြင် အသက် လေးနှစ်၊ ငါးနှစ်ခန့်ရှိ ကလေးငယ် နှစ်ယောက်လည်း ရှိလေသည်။

ထိုကလေးငယ် နှစ်ယောက်သည် စွန်ဝူခုန်းကို အလွန် စိတ်ဝင်စားနေကြပြီး ယခင်က မျောက်တစ်ကောင်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပုံရသည်။ စွန်ဝူခုန်းသည်လည်း ထိုကလေးများနှင့် ဆော့ကစားရသည်ကို နှစ်သက်နေလေသည်။

"ဆရာ… ဒါက ကျွန်တော် ရိတ်သိမ်းထားတဲ့ ဟစ်ဆော့ပ် တွေပါ… တစ်ခါပဲ ရိတ်သိမ်းရသေးတော့ အထွက်နှုန်း သိပ်မများဘူး… သုံး 'တို' လောက်ပဲ ရှိတယ်..."

အမျိုးသားသည် သူ၏ အလုပ်အပေါ်တွင်သာ အာရုံစိုက်ထားပြီး အဝတ်အိတ်တစ်ခုအတွင်း သိမ်းဆည်းထားသည့် ဇီယာစေ့များကို သူ၏ အိမ်ထဲမှ အမြန် ယူဆောင်လာခဲ့သည်။ အမှန်ပင် အတော်လေး ပြည့်နေ၏။

ကျန်းလျို၏ မျက်လုံးများက ၎င်း၏ အနံ့ကို ရလိုက်သည်နှင့် တောက်ပသွားလေသည်။ အမှန်တကယ်ကို အလွန် ကောင်းမွန်လှပေသည်။

တစ် 'တို' လျှင် ဆယ့်သုံးပေါင်ခန့် ရှိကြောင်း သူ၏ စိတ်ထဲတွင် အမြန် တွက်ချက်လိုက်ပြီး ဤဇီယာစေ့များအတွက် စားသောက်ကုန်စျေး၏ ဆယ်ဆ ပေးမည်ဟု သူ ကတိပြုထားသောကြောင့် ဇီယာစေ့ သုံး 'တို' ကို ဂျုံစပါး သုံးဆယ် 'တို' ခန့်ဖြင့် ဝယ်ယူရမည် ဖြစ်သည်။

"မဆိုးဘူး… ဒါက အတော်လေး ကောင်းပါတယ်… ဒီမှာ ငွေနှစ်ကျပ်သား ရှိတယ်… အဲဒါက ဒကာကြီးရဲ့ ဟစ်ဆော့ပ် အတွက် ကျသင့်ငွေပါ… သိမ်းထားလိုက်ပါ..."

ကျန်းလျိုက ခေတ္တမျှ စဉ်းစားပြီးနောက် ငွေနှစ်ကျပ်သားကို ထုတ်ပေးလိုက်၏။

"ဒါက အရမ်းများလွန်းပါတယ်..."

ကျန်းလျို ထုတ်ပေးလိုက်သော ငွေကို မြင်သောအခါ ဟန်အမျိုးသားသည် အံ့အားသင့်သွားလေသည်။

ဆယ်ဆ တိုးမြှင့်ထားလျှင်ပင် ဂျုံစပါး သုံးဆယ် 'တို' သည် ဤမျှ ငွေပမာဏအထိ မရှိပေ။ စျေးနှုန်းများအရဆိုလျှင် သူက အကြွေစေ့များ ပြန်အမ်းပေးရမည် ဖြစ်၏။

"ယူသာ ယူထားလိုက်ပါ… ဒါနဲ့ ဒကာကြီးအိမ်မှာ ကျောက်ဆုံ ရှိလား… ဒီ ဟစ်ဆော့ပ် တွေကို အမှုန့်ဖြစ်အောင် ထောင်းပေးနိုင်မလား… ကျန်တဲ့ငွေကို ဒကာကြီးရဲ့ လုပ်အားခလို့ သတ်မှတ်လိုက်ပေါ့…"

ဇီယာစေ့များမှာ အကောင်းဆုံး ဖြစ်စေရန်အတွက် အမှုန့်ပုံစံ ကြိတ်ချေရန် လိုအပ်သောကြောင့် ကျန်းလျိုက ပြောလိုက်သည်။

"သဘောတူတယ်… တပည့်တော် ကြိတ်ပေးပါ့မယ်…"

ကျန်းလျို၏ စကားများကို ကြားသောအခါ ဟန်အမျိုးသားသည် ဆက်လက် တွန့်ဆုတ်မနေတော့ဘဲ ဝမ်းသာအားရ သဘောတူလိုက်ပြီး ငွေများကို ယူကာ အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။

မကြာမီမှာပင် မီးဖိုချောင်ထဲမှ ဇနီးမောင်နှံ နှစ်ဦး၏ အံ့သြတကြီး အာမေဍိတ်သံများကို ကြားလိုက်ရလေ၏။

သာမန် မိသားစုတစ်စုအတွက် ငွေနှစ်ကျပ်သား ဆိုသည်မှာ ကြီးမားသော စည်းစိမ်တစ်ခု ဖြစ်ကြောင်း ထင်ရှားလှပေသည်။

မီးဖိုချောင်မှ ရယ်မောသံများကို ကြားရသောအခါ ကျန်းလျို၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားလေသည်။

နတ်ဘုရားများ တည်ရှိပြီး မိစ္ဆာများက ခွေးများကဲ့သို့ ပေါများလှသော ဤခေတ်ကြီးတွင် သာမန်လူများ၏ ရိုးရှင်းသော ပျော်ရွှင်မှုသည် အမှန်တကယ်ပင် တန်ဖိုးရှိလှပေသည်။

ငွေနှစ်ကျပ်သားဆိုသည်မှာ အမှန်တကယ်ပင် များပြားလှပေသည်။ ကျင်းဆန်းကျောင်းတော်တွင် ရှိစဉ်က နောင်တော် ရွှမ်ဝူ တောင်အောက်ဆင်း၍ ဘာသာရေးပွဲများ ပြုလုပ်ပေးစဉ်ကပင် ငွေအကြွေစေ့ တစ်ဆယ့်နှစ်ပြားခန့်သာ ရရှိခဲ့ဖူးကြောင်းကို ကျန်းလျို မှတ်မိနေသေး၏။

ဇနီးဖြစ်သူထံ ငွေများ အပ်နှံပြီးနောက် ဟန်အမျိုးသားသည် ကျန်းလျိုအတွက် ဇီယာမှုန့် ကြိတ်ပေးရန် ကျောက်ဆုံကို တက်ကြွစွာ ပြင်ဆင်နေ၏။ သူသည် အလုပ်များလွန်းသဖြင့် ထမင်းစားရန်ပင် သတိမရတော့ချေ။

သို့ရာတွင် ကျူးပါကျဲကမူ အားနာခြင်း အလျဉ်းမရှိဘဲ ထပ်မံ စားသောက်နေပြန်ရာ သူ၏ ဗိုက်မှာ အဆုံး မရှိသည့်အလား ထင်မှတ်ရလေသည်။

***

All Chapters