← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅)

တိမ်ကင်းစင်သော မိုး

“ဝီ...”

ရွှီပေါ်အန်းသည် အမွှေးတိုင် ပူဇော်မှု စွမ်းအားများ ပြင်းထန်စွာ တုန်ယင်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ လေ၏။

“ဘာဖြစ်သွားတာလဲ…။*

"ဘတ်စကက်ဘောသည် ငါ့ အားနည်းချက် ဖြစ်သည်" ဟု သူ တွေးလိုက်ချိန်တွင် အမွှေးတိုင် ပူဇော်မှု စွမ်းအား များ တုန်ယင်သွားခြင်း ဖြစ်ပုံရလေ၏။

အားနည်းချက်တဲ့လား။ မိမိကိုယ်ကို အားနည်းသည်ဟု ဝန်ခံလိုက်ခြင်းကိုပင် ၎င်းက ကျေနပ်ပုံမရချေ။

၎င်းက ယုတ္တိတော့ ရှိပေသည်။ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားကို အကောင်းဆုံး လှည့်ကွက်တစ်ခုအဖြစ် အသုံးပြုထားသဖြင့် ကျွန်ုပ်တို့၏ ရွှီအဘိုးကြီးမှာ လုံးဝ အားနည်းချက်မရှိသော ဘက်စုံ တော်သည့် ပညာရှင်နှင့် ခြောက်ထောင့်စစ်သည်တော်တစ်ဦး ဖြစ်နေပြီ ဖြစ်လေသည်။

*ကောင်းပြီလေ...၊ မင်းကိုယ်မင်း အလွန်တရာ ကြီးမြတ်လှပြီလို့ ထင်နေတာလား…။ မင်းရဲ့ စွမ်းဆောင်ရည်တွေ နဲ့ ငါ့ကို ကလေးတစ်ယောက် ရအောင်တော့ မလုပ်ပေးနိုင်ဘူး မဟုတ်လား…။*

ဝီ... ဟူသော အသံနှင့်အတူ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများ တုန်ယင်သွားခဲ့လေ၏။

*သောက်ကျိုးနည်း... တကယ် အံ့ဩစရာပဲ။*

ဤအရာက တကယ်ကို အရမ်းအံဩလွန်းစရာကောင်းလှသဖြင့် စကားကို ပေါ့ပေါ့ဆဆ မပြောဝံ့တော့ချေ။

မင်းက အဲဒီလောက်တောင် အစွမ်းထက်တယ်ဆိုရင် ငါ့ကို အလွန်တရာ ခွန်အားကြီးမားအောင် လုပ်ပေးနိုင်သလို ငါကိုယ်တိုင်တောင် ပြန်ပြီး မနိုင်တဲ့ ကျောက်တုံးတစ်တုံးကို ဖန်တီးခွင့် ပေးနိုင်မလား။

ဤတစ်ကြိမ်တွင်မူ ရွှီပေါ်အန်း၏ ရှုပ်ထွေးလှသော ကစားကွက်ကြောင့် လန့်ဖြန့်သွားသည့်အလား အမွှေးတိုင် ပူဇော်မှုများမှာ နာခံမှုရှိစွာဖြင့် ငြိမ်သက်သွားခဲ့လေတော့သည်။

*ဟားဟား...၊ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု...၊ အို အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြု မှု...။ မင်းက အံ့ဩစရာကောင်းလှတယ်ဆိုတာကို ငါ ဝန်ခံပါတယ်…။*

သို့သော်လည်း ဤမျှ တန်ဖိုးကြီးမားလှသော အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများကို ဘတ်စကက်ဘော ကစားခြင်းတွင် အသုံးပြုပစ်လိုက်ခြင်းမှာ အနည်းငယ် နှမြောစရာ ကောင်းနေပုံရလေ၏။

ထို့အပြင် သူ၏ လက်ရှိ ခန္ဓာကိုယ် အခြေအနေနှင့် စွမ်းရည်များအရ ဘတ်စကက်ဘော ကျွမ်းကျင်မှုများကို သီးခြား အားဖြည့်နေစရာ မလိုဘဲနှင့်ပင် ဘတ်စကက်ဘော ကစားရာတွင် သာမန်လူများထက် အများကြီး သာလွန်နေပြီ ဖြစ်လေသည်။

ဤသို့ တွေးတောရင်း ရွှီပေါ်အန်းသည် သူ၏ရှေ့ရှိ ပြက္ခဒိန်မှ စာရွက်တစ်ရွက်ကို ပေါ့ပေါ့ပါးပါး ဆွဲဆုတ်လိုက် ကာ ဆီးသီးအရွယ်ခန့် အလုံးလေးဖြစ်အောင် လုံးခြေလိုက်ပြီး ငါးမီတာခန့် အကွာရှိ အမှိုက်ပုံးထဲသို့ ပစ်ထည့် လိုက်လေ၏။

ဝှစ်... ဟူသော အသံနှင့်အတူ ၎င်းသည် ပစ်မှတ်ကို တိကျစွာ ထိမှန်သွားခဲ့လေသည်။

ရွှီပေါ်အန်းသည် ကျေနပ်စွာဖြင့် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီးနောက် တံခါးကို သော့ခတ်ကာ မွန်းတည့် ချိန် အနားယူရန် အခန်းတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

နေ့လယ်စာစားချိန် တိုတောင်းသဖြင့် ရွှီပေါ်အန်းမှာ သူ၏ တိုက်ခန်းသို့ ပြန်မနေတော့ချေ။ ရွှီပေါ်အန်းတွင် နေ့လယ်ဘက် တစ်ရေးအိပ်တတ်သော အကျင့်ရှိလေသည်။ ရွှီပေါ်အန်း တစ်ယောက်တည်းသာ မဟုတ်ဘဲ ဆောက်လုပ်ရေးကုမ္ပဏီ အားလုံးနီးပါးတွင် ဤသို့ ကောင်းမွန်သော အစဉ်အလာ ရှိတတ်ကြပေသည်။

စီမံကိန်းအများစုမှာ အခြားမြို့များတွင် အလုပ်လုပ်ရပြီး အိမ်သို့ မပြန်နိုင်ကြသဖြင့် နေ့လယ်စာစားပြီးနောက် လုပ်စရာမရှိသည့်အခါ လူတိုင်း အနားယူကြခြင်း ဖြစ်လေသည်။

အိပ်ရာမှ နိုးလာပြီးနောက် ရွှီပေါ်အန်းသည် စာရွက်စာတမ်း အနည်းငယ်ကို အလျင်အမြန် စစ်ဆေးဆောင်ရွက် လိုက်ပြီးနောက် ဘွန်ဆိုင်းကို ထပ်မံ ထုတ်ယူလိုက်ပြန်လေ၏။

သူသည် လူပုလေးများ ဘီယာဝေငှပြီးသည်အထိ စောင့်ကြည့်နေခဲ့ပြီးမှ ပုလင်းအဖုံးများကို ထုတ်ယူရမည် ဖြစ် ချေသည်။ ဤတစ်ကြိမ်တွင် သူက ပလပ်စတစ် ပုလင်းဖုံး အတော်များများကို ထည့်သွင်းထားခဲ့လေသည်။ အကယ်၍ ၎င်းတို့ကိုသာ မဖယ်ရှားပစ်ပါက ဘွန်ဆိုင်းကမ္ဘာထဲတွင် ပလပ်စတစ်များ အလွန်အမင်း များပြားလာ ပြီး အခြေအနေများ အလွယ်တကူ ထိန်းချုပ်မရ ဖြစ်သွားနိုင်ပေသည်။

ဤအရာများသည် မည်သို့ပင်ဖြစ်စေ ဆွေးမြေ့ပျက်စီးနိုင်ခြင်း မရှိသော အန္တရာယ်ရှိသည့် အရာများ ဖြစ်လေ သည်။ အကယ်၍ ၎င်းတို့ကို နေရာအနှံ့ ပစ်ချထားမည်ဆိုလျှင် ဤနေရာ၏ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည် ဖြစ်၏။

မကြာမီ ရွှီပေါ်အန်းသည် ဘွန်ဆိုင်းအတွင်းရှိ ကမ္ဘာငယ်လေးကို လေ့လာကြည့်ရှုလိုက်လေသည်။ ခေါင်ရှန်းရွာ တွင် လူပုလေး အများအပြား ရှိနေပြီး ရေခဲနှင့် ဘီယာများကိုလည်း ဝေငှပြီးသွားခဲ့ပြီ ဖြစ်သည်။

မြို့စောင့်ရဲမက်များနှင့် ကျင်းတာ့ကျန့် အပါအဝင် တောင်စောင့်နတ်မင်း နတ်ကွန်းတွင် အလုပ်လုပ်နေကြသော လူပုလေးများမှာ လူဦးရေ နည်းပါးသဖြင့် ဘီယာ အများအပြား ကျန်ရှိနေသေးလေ၏။

ရွှီပေါ်အန်းကို အမောအပန်းဆုံး ဖြစ်စေသည့် အရာမှာ အလွန်အကျွံ မသောက်ရန် သူ အကြိမ်ကြိမ် အလေးအ နက်ထား သတိပေးခဲ့သော်လည်း အချို့မှာ အလွန်အကျွံ သောက်သုံးနေကြဆဲပင် ဖြစ်လေသည်။

သို့သော် လူတစ်ဦးစီ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံများ ကွာခြားသဖြင့် ဤကိစ္စကို ထိန်းချုပ်ရန် မလွယ်ကူလှချေ။ နောင် တွင် မိမိအနေဖြင့် ဘီယာကို ဆုအဖြစ် နည်းနည်းသာ ပေးသင့်တော့မည်ဟု ထင်ရလေ၏။ မည်သို့မျှ အဆင်မ ပြေပါက ကိုကာကိုလာ သို့မဟုတ် စပရိုက် ကဲ့သို့သော အချိုရည်များကို အစားထိုး အသုံးပြုလိုက်လျှင်လည်း ရနိုင်ပေသည်။

သို့သော်လည်း ဤကိစ္စကို အလေးအနက်ထားရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက အလွန်အကျွံ မသောက်ရန် လူများကို ကြိုတင်ပြောထားခဲ့သော်လည်း အချို့က မူးယစ်နေအောင် သောက်ရဲနေကြဆဲ ဖြစ်သည်။ အကယ်၍ သူတို့ကို အပြစ်မပေးပါက တောင်စောင့်နတ်မင်း၏ နတ်ဘုရားအာဏာစက်ကို အားနည်းသွားစေမည် မဟုတ် ပါလား။

“လီခန့်ရှန်း...။ ဘယ်နှယောက် မူးနေလဲဆိုတာ စာရင်းကောက်ထားလိုက်...၊ နောက်တစ်ခါ ဆုတွေပေးတဲ့အခါ ဒီလူတွေ ဘာဆုမှ ရမှာမဟုတ်ဘူး...။”

လယ်ကွင်းထဲတွင် အလုပ်လုပ်နေသော လီခန့်ရှန်းသည် သူ၏ ပေါက်ပြားကို အလျင်အမြန် ချထားလိုက်ပြီး ဒူးထောက်ကာ ပြောလိုက်လေ၏။

“တောင်စောင့်နတ်မင်းကြီးရဲ့ အလိုတော်အတိုင်း နာခံပါ့မယ်...။ ဒီလူတွေကို ထမင်းတစ်နပ် အငတ်ထားပြီး အပြစ်ပေးမယ်လို့ ကျွန်တော်မျိုး ပြောထားပြီးပါပြီ...။ ဒီကိစ္စက ကျွန်တော်မျိုးရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကြောင့် ပါ...။ သူတို့နဲ့အတူ တောင်စောင့်နတ်မင်းကြီးရဲ့ အပြစ်ပေးမှုကို ခံယူဖို့ ကျွန်တော်မျိုး ဝန်ခံပါတယ်...။”

ရွှီပေါ်အန်းက ထိုကိစ္စကို အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း မပြုသလို ထိုအကြောင်းကိုလည်း ဆက်မပြောတော့ ချေ။ ထို့အစား သူက မြေရိုင်းများ ဖော်ထုတ်ထားသည့် ကျယ်ပြောလှသော မြေကွက်လပ်ကြီးကို ကြည့်ကာ မေးလိုက်လေသည်။

“ဒီမြေရိုင်းတွေပေါ်မှာ ဘာစိုက်မယ်လို့ ဆုံးဖြတ်ထားကြလဲ...။”

လီခန့်ရှန်းက ပြန်လည်ဖြေကြားလိုက်လေ၏။

“တောင်စောင့်နတ်မင်းကြီးကို အစီရင်ခံပါတယ်...။ ဒီနေရာမှာ စိုက်ပျိုးဖို့ အသင့်တော်ဆုံး သီးနှံကတော့ ဂျုံကြမ်း ပါ...၊ ဒါပေမဲ့ ဒီနှစ်က မိုးခေါင်လို့ ဘာအထွက်နှုန်းမှ မရခဲ့ပါဘူး...။”

သို့သော် လူတိုင်းက အားလပ်နေပြီး လုပ်စရာမရှိသဖြင့် မြေအချို့ကို အရင်ဆုံး ပြုပြင်စိုက်ပျိုးရန် စဉ်းစားခဲ့ကြ ခြင်း ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ မကြာသေးမီက မိုးရွာထားခဲ့သည် မဟုတ်ပါလား။

“မြေကြီးက နည်းနည်း စိုထိုင်းနေတုန်း မျိုးစေ့တွေ ချထားကြတာပေါ့...။ နောက်ပိုင်း မိုးခေါင်တာ နည်းနည်း သက်သာသွားရင် အထွက်နှုန်း နည်းနည်းပါးပါး ရနိုင်သေးတာပဲလေ...။”

ရွှီပေါ်အန်းက မျက်မှောင်အနည်းငယ် ကြုတ်ကာ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်လေ၏။

“မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခက်ခဲတဲ့ ဘဝကို ထောက်ထားပြီး ရေပြဿနာ တစ်ချို့ကို ငါ ကူညီဖြေရှင်းပေး နိုင်ပါတယ်...။”

ထိုစကားကို ကြားသောအခါ လီခန့်ရှန်းမှာ အလွန် စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် ဦးချကာ ပြောလိုက်လေ တော့သည်။

“ကောင်းချီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။”

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းထဲရှိ လူပုလေးများအားလုံးကို မျက်နှာမူကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေ၏။

“အမွှေးတိုင်တစ်တိုင် ကုန်လွန်ပြီးတဲ့နောက် ဒီမြေပေါ်ကို ငါ မိုးရွာချပေးမယ်...။ အခုကစပြီး မင်းတို့မှာ ကောင်း မြတ်တဲ့ ရည်ရွယ်ချက်တွေရှိပြီး ကြိုးကြိုးစားစား အလုပ်လုပ်နေသရွေ့ ငါ ဒီနေရာကို ကာကွယ်စောင့်ရှောက် ပေးပြီး ရာသီဥတု ကောင်းမွန်ကာ သီးနှံတွေ အထွက်တိုးအောင် သေချာပေါက် လုပ်ပေးမယ်...။ ”

ချက်ချင်းပင် ဘွန်ဆိုင်းကမ္ဘာထဲတွင် ဒူးထောက် ဦးချနေသည့် မြင်ကွင်းများကို နေရာအနှံ့ မြင်တွေ့လာရပြီး ဆုတောင်းပတ္ထနာပြုသံများနှင့် ကျေးဇူးတင်စကားများကို နေရာတိုင်းတွင် ကြားနေရလေတော့သည်။

ရွှီပေါ်အန်းသည် လွန်ခဲ့သော ရက်အနည်းငယ်က ဆေးခန်းမှ ပို့ပေးထားသော နက်ဗျူလိုင်ဇာ (အငွေ့ပျံစက်) ကို ထုတ်ယူကာ သန့်စင်ထားသော ရေသန့်များ ဖြည့်တင်းလိုက်ပြီးနောက် နက်ဗျူလိုင်ဇာ စတင် အလုပ်လုပ်လေ တော့၏။

အကြိမ်အနည်းငယ် စမ်းသပ်အသုံးပြုပြီးနောက်တွင် ရွှီပေါ်အန်းသည် ၎င်း၏ အသုံးပြုပုံနှင့် လုပ်ငန်းစဉ်များကို ကျွမ်းကျင်လာခဲ့လေသည်။ မကြာမီ ရွှီပေါ်အန်းသည် နက်ဗျူလိုင်ဇာ၏ ခေါင်းဝကို ဘွန်ဆိုင်းအတွင်းရှိ ကမ္ဘာငယ် လေးဆီသို့ ချိန်ရွယ်လိုက်လေ၏။

သာမန်အခြေအနေအောက်တွင် အလွန်သေးငယ်သော ရေပေါက်ကလေးဟု ထင်ရသောအရာသည် ဘွန်ဆိုင်း ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ပဲတီစိမ်းစေ့ အရွယ်အစားရှိသော မိုးပေါက်များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ဤအရာက ယုံကြည်စိတ်ချရသည်ဟု ရွှီပေါ်အန်းက တိတ်တဆိတ် တွေးလိုက်မိလေသည်။ ကံကောင်းထောက် မစွာဖြင့် သူ နက်ဗျူလိုင်ဇာကို ရှာတွေ့ခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူသာ ရေချိုးခန်းသုံး ရေပန်း သို့မဟုတ် ဆင် တူသော အပေါက်ကျယ် ရေပန်းခေါင်းများကို အသုံးပြုခဲ့မည်ဆိုပါက မိုးတစ်ကြိမ် ရွာချလိုက်သည်နှင့် အမိုးများ ကို ဖောက်ထွက်သွားကာ လူများကိုပါ သတိလစ်သွားစေနိုင်ပေသည်။

နက်ဗျူလိုင်ဇာမှ ထွက်ပေါ်လာသော မြူခိုးများသည် ဘွန်ဆိုင်းအိုးထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် အောက်သို့ အလျင်အမြန် ကျဆင်းသွားလေတော့၏။ ချက်ချင်းပင် ချိုမြိန်သော မိုးရေစက်များ ရွာသွန်းလာခဲ့ လေသည်။

ဘွန်ဆိုင်းကမ္ဘာငယ်လေးသည် ချက်ချင်းပင် ရယ်မောသံများ၊ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့လေတော့၏။

“ဘုရားရေ...၊ တကယ် မိုးရွာနေပြီဟေ့...။”

“အံ့ဩစရာပဲ...၊ တိမ်မည်းတွေ စုဝေးလာတာမျိုး မရှိဘဲနဲ့ကို မိုးစရွာနေပြီ...။”

ဤစကားကို ကြားသောအခါ ရွှီပေါ်အန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့လေသည်။ သူ၏ တန်ခိုးစွမ်းအင်များ တွင် အားနည်းချက်တွေ အလွန်များပြားနေပုံရလေ၏။

တိမ်တိုက်များ မရှိဘဲ မိုးရွာချခြင်းက အမှန်တကယ်ကို အနည်းငယ် အဓိပ္ပာယ်မဲ့နေပေသည်။ သို့သော် တစ်စုံ တစ်ယောက်က ယခင်လူ၏ စကားကို အလျင်အမြန် ချေပလိုက်လေ၏။

“မင်း ဘာသိလို့လဲ...၊ ဒါက တိမ်နတ်မင်း ဒါမှမဟုတ် မိုးနတ်မင်းက တိမ်တွေ မိုးတွေ ဖန်တီးလိုက်တာ မဟုတ်ဘဲ တောင်စောင့်နတ်မင်းကြီးက ငါတို့အတွက် ရွာချပေးလိုက်တဲ့ မိုးကွ...၊ ဘာလို့ အဲ့ဒီလောက် အလန့်တကြား လုပ် နေရတာလဲ...။ မိုးရွာရင် ပြီးတာပဲလေ...။”

“ဟုတ်တယ်...၊ ဒီမိုးရေတွေက တောင်စောင့်နတ်မင်းကြီး ကိုယ်တိုင် သိုလှောင်ထားတဲ့ ရေတွေ ဖြစ်နိုင်တယ်...။”

“ငါ အရမ်းကို ဝမ်းသာလွန်းလို့ပါ...။ တောင်စောင့်နတ်မင်းကြီးက ငါတို့အပေါ် အရမ်းကို ကြင်နာတာပဲ...။”

“ဟုတ်တယ်...၊ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေကို ငါတို့ စိတ်ပျက်အောင် မလုပ်ရဘူး...။”

“အို ဟုတ်သားပဲ...၊ မြန်မြန်လုပ်ကြ...။ အိမ်ပြန်ပြီး ရေခံဖို့ အိုးတွေ ခွက်တွေ သွားယူကြ...။”

ချက်ချင်းပင် လူများမှာ အိမ်သို့ ပြေးလွှားသွားကြပြီး ရေခံရန် ကိရိယာမျိုးစုံကို ထုတ်ယူလာကြလေတော့သည်။

အချိန်အနည်းငယ် ကြာသောအခါ ရေသန့်တစ်ဘူးလုံး ကုန်သွားပြီးနောက် နက်ဗျူလိုင်ဇာဖြင့် ပထမဆုံးအကြိမ် ဖန်တီးထားသော လူလုပ်မိုးရွာသွန်းမှု ပြီးဆုံးသွားခဲ့လေသည်။ ဘွန်ဆိုင်းကမ္ဘာလေးသည် နောက်ဆုံးတွင် စိုစွတ် သွားခဲ့လေပြီ။

ကံမကောင်းစွာဖြင့် ရွှီပေါ်အန်း သေချာကြည့်လိုက်သောအခါ အိုးခွက် ပန်းကန်များဖြင့် ရေထွက်ခံနေကြသော လူပုလေးများမှာ ရေများများစားစား မရကြသေးသည်ကို မြင်လိုက်ရလေ၏။ ထိုကမ္ဘာလေးအတွင်း ဖော်ထုတ် ထားသော မြေဆီလွှာမှာလည်း လုံလောက်စွာ စိုစွတ်ခြင်း မရှိသေးပေ။

ရွှီပေါ်အန်းသည် ရေသန့်ဘူးကြီး တစ်ဘူးကို ယူလာကာ နက်ဗျူလိုင်ဇာထဲသို့ ရေများကို ဆက်တိုက် လောင်း ထည့်လိုက်လေသည်။ ထို့နောက် ရေဘူးတစ်ဝက်ကျော် ကုန်သွားသည်အထိ အထက်ပါ မိုးရွာသွန်းမှု လုပ်ငန်းစဉ် ကို ထပ်မံ လုပ်ဆောင်လိုက်ရာ နောက်ဆုံးတွင် ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ မြေဆီလွှာများ လုံလောက်စွာ စိုစွတ် သွားခဲ့လေတော့သည်။

နေ့လယ်ခင်း တစ်ဝက်ခန့် အလုပ်လုပ်ပြီးနောက် ရွှီပေါ်အန်းသည် လုံလောက်သော မိုးရေချိန် ရရှိစေသည့် မိုးရွာ သွန်းမှု လုပ်ငန်းစဉ်ကို နောက်ဆုံးတွင် အောင်မြင်စွာ ပြီးစီးသွားခဲ့လေသည်။

ရေချိုးခန်းထဲတွင် လက်ဆေးပြီးနောက် ရွှီပေါ်အန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်မိလေ၏။

ဤအရာက လုံးဝ အဖြေတစ်ခု မဟုတ်ချေ။

မိုးတစ်ကြိမ် ရွာအောင် လုပ်ရသည်ကိုပင် ဤမျှလောက် ပင်ပန်းနေရလျှင် ဤနေရာတွင် နောက်ထပ် တစ်နှစ်၊ နှစ်နှစ်ခန့် မိုးထပ်ခေါင်နေမည်ဆိုပါက သူ ဘယ်လောက်တောင် သေမတတ် အလုပ်လုပ်ရမည်ကို တွေးကြည့် စမ်းပါ။

နက်ဗျူလိုင်ဇာကို ရေကန်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်ရန် အနည်းငယ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင် သော်လည်း မိမိ၏ ဘွန်ဆိုင်းကို သိုသိုသိပ်သိပ် ထားရှိရန် လိုအပ်ပြီး အချိန်မရွေး သိမ်းဆည်းထားနိုင်ရမည် ဖြစ်လေသည်။ ထိုကဲ့သို့ ရှုပ်ထွေးသော လုပ်ငန်းစဉ်မျိုးက မိမိအတွက် အဆင်ပြေမည် မဟုတ်ပေ။

*မဖြစ်ဘူး...၊ ထာဝရ ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာရမယ်...။ အကောင်းဆုံးကတော့ အဲ့ဒီ တူလို မြေနံရံ အိမ်ရာလိုမျိုး ဘွန်ဆိုင်းထဲမှာ အမြဲတမ်း ထည့်ထားနိုင်ပြီး အချိန်မရွေး သိမ်းဆည်းနိုင်တာမျိုး ဖြစ်သင့်တယ်...။*

ရွှီပေါ်အန်း တွေးတောနေသော်လည်း မည်သည့် အကြံဉာဏ်ကောင်းမှ ထွက်မလာခဲ့ချေ။

ရွှီပေါ်အန်းသည် လွန်ခဲ့သော ရက်အနည်းငယ်က သူ ဝင်ကြည့်ခဲ့ဖူးသည့် "ချိုးရှီပိုင်ခဲ" အမည်ရှိ ဝက်ဘ်ဆိုက် တစ်ခုကို ရုတ်တရက် သတိရသွားခဲ့ပြီး ထိုအထဲရှိ ရယ်စရာ မှတ်ချက်တချို့က သူ့ကို အကြံဉာဏ်တစ်ခု ရသွားစေခဲ့လေ၏။

ချိုးရှီပိုင်ခဲ ပေါ်ရှိ အသုံးပြုသူအချို့က ဤအရာကို ခွဲခြမ်းစိတ်ဖြာထားခဲ့ကြလေသည်။

[အကယ်၍ ဘာလုပ်ရမှန်း မသိဖြစ်နေလျှင် ကျစ်ဟူ တွင် မေးကြည့်ပါ။ ကျစ်ဟူ က အဖြေမပေးနိုင်လျှင် ကောက်ဖူ ကို စမ်းကြည့်ပါ။ ကောက်ဖူ မှ အဆင်မပြေလျှင် ဟူးဖူ ကို စမ်းကြည့်ပါ။ အကယ်၍ ဟူးဖူ မှ အဖြေမရပါက ပြည်တွင်းရေးကိစ္စများအတွက် ဘိုင်တူး တွင် မေးမြန်းပြီး ပြည်ပရေးရာ ကိစ္စများအတွက် မိုင်ကဲ ကို မေးမြန်းပါ…။]

၎င်းတို့မှာ ချိုးရှီပိုင်ခဲ အသုံးပြုသူများ အနှစ်ချုပ်ထားသော ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းရာတွင် အသုံးပြု သည့် အဓိက လမ်းကြောင်းများပင် ဖြစ်လေသည်။ တွေးတောပြီးနောက် ရွှီပေါ်အန်းသည် သူ၏ ပြဿနာကို ကောက်ဖူ ဖိုရမ်တွင် တင်လိုက်လေတော့၏။

ထူးခြားသော အကြောင်းရင်းတော့ မရှိလှချေ။ ရွှီပေါ်အန်းတွင် ကောက်ဖူ ဖိုရမ် အကောင့်တစ်ခု ရှိနေ၍သာ ဖြစ်လေသည်။

မကြာမီ ရွှီပေါ်အန်း၏ မေးခွန်းသည် ရေပန်းအစားဆုံး ဆွေးနွေးမှု ကဏ္ဍတွင် ပေါ်လာခဲ့လေ၏။

[အကြံဉာဏ်တောင်းခံခြင်း - ကျွန်တော့် မိသားစုတစ်ခုလုံး မြို့ပြင်ကို ခရီးထွက်ကြမှာမို့လို့ ကျွန်တော်တို့ရဲ့ အလှ စိုက် အပင်လေးတွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ရေအဆက်မပြတ် ရနေဖို့ လိုအပ်နေပါတယ်...။ အင်တာနက် အသုံးပြုသူတွေဆီက အကြံဉာဏ်လေးတွေ ရရင် ကျေးဇူးတင်ပါတယ်ခင်ဗျာ...။]

သေချာစဉ်းစားပြီးနောက် ဤပို့စ်ကို မည်သူမှ ဝင်မဖြေမည်ကို ရွှီပေါ်အန်း စိုးရိမ်သွားသဖြင့် သူ၏ ငွေကြေးအင် အားကို တိုက်ရိုက် အသုံးပြုလိုက်လေတော့သည်။

“ဝင်ဖြေတဲ့သူတွေဟာ ကောက်ဖူ ဒင်္ဂါး (၁၀၀၀) ရရှိမှာဖြစ်ပြီး ထိရောက်တဲ့ ဖြေရှင်းနည်းပေးနိုင်တဲ့ သူတွေက တော့ ဆယ်ဆတိုးပြီး ဆုကြေးရရှိမှာ ဖြစ်ပါတယ်...။”

ရွှီပေါ်အန်း၏ ပို့စ်မှာ အလျင်အမြန်ပင် အကြောင်းပြန်မှု ရရှိလာခဲ့လေ၏။

[ရိုးရှင်းပါတယ်...။ ဇလုံတစ်လုံးထဲကို ရေဖြည့်ပြီး အိုးဘေးမှာ ထားလိုက်ပါ...၊ ပြီးရင် စိုနေတဲ့ တဘက်တစ် ထည်ကို ယူပြီး တဘက်ရဲ့ တစ်ဖက်ကို ရေထဲစိမ်ကာ နောက်တစ်ဖက်ကို အပင်အိုးထဲ ထည့်ထားလိုက်ပါ...။ ဒါဆိုရင် သင် လိုချင်တဲ့ အကျိုးသက်ရောက်မှုကို ရပါလိမ့်မယ်...။]

*အင်း...၊ ဒါက အကြံကောင်းတစ်ခုပဲ...။ ဒါပေမဲ့ ဒီရေကို လူပုလေးတွေ နေ့စဉ်ဘဝမှာ သုံးဖို့တင်မကဘူး...၊ အသက် ရှင်ရပ်တည်ဖို့အတွက်ပါ သောက်သုံးဖို့ လိုအပ်တယ်လေ...။ တဘက်ကို သုံးမယ်ဆိုရင် ရေစီးဆင်းမှု နှေးကွေးစေရုံသာမက ညစ်ညမ်းမှုကိုပါ ဖြစ်စေနိုင်တယ်...။ ဒီနည်းလမ်းက အန္တရာယ် နည်းနည်းများလွန်း တယ်...။*

မကြာမီ ဒုတိယမြောက်လူတစ်ဦးက တုံ့ပြန်လာခဲ့လေသည်။

[နေရာယူထားတယ်ဟေ့...၊ စီးကရက်၊ ဘီယာ၊ အချိုရည်၊ ရေသန့်၊ ဆန်ပြုတ်နဲ့ အသင့်စားခေါက်ဆွဲတွေကို ရှေ့ဆုံး တန်းမှာ ရောင်းချပေးနေပါတယ်...။”

ရွှီပေါ်အန်းမှာ ခေတ္တမျှ စကားမဆိုနိုင်အောင် ဖြစ်သွားခဲ့လေ၏။ သူ၏ ပြောဆိုပုံမှာ ဆိုးရွားလှပေသည်။ နေကြာစေ့ များအကြောင်းကိုပင် မေ့နေခဲ့လေသည်။

တတိယမြောက် တုံ့ပြန်သူကမူ စကားမပြောနိုင်လောက်အောင် ဖြစ်စေခဲ့လေသည်။

[အပင်အိုးကို ဘုံဘိုင်ခေါင်းအောက်မှာ ထားပြီး ရေကို နည်းနည်းချင်းစီ ကျနေပါစေ...။ ကောက်ဖူ ဒင်္ဂါးတွေကို အသုံးပြုဖို့ မမေ့ပါနဲ့ ပို့စ်ပိုင်ရှင်ကြီး...။]

ထိုနည်းလမ်းမှာ ဖြစ်နိုင်သော်လည်း ရွှီပေါ်အန်းအတွက်မူ မသင့်တော်လှချေ။

ရွှီပေါ်အန်းသည် ထိုအရာအပေါ် အတင်းအကြပ် စွဲလမ်းမနေခဲ့ပေ။ သူသည် ကုမ္ပဏီဝင်းအတွင်း လမ်းလျှောက် ထွက်ကာ ခေါင်းဆောင်ကြီး ရှိနေသေးသည်ဟူသော အထင်အမြင်မျိုးကို လူများကို ပေးပြီးနောက်မှ ရုံးခန်းသို့ ပြန်လာခဲ့လေ၏။

အချိန်ခဏလေးအတွင်းမှာပင် အင်တာနက် အသုံးပြုသူ အများအပြား ပြန်လည်ဖြေကြားထားခဲ့ကြလေပြီ။ မည် သို့ပင်ဆိုစေကာမူ ဤမျှကြီးမားသော ဆုကြေးငွေက အတော်လေး ဆွဲဆောင်မှု ရှိနေသည် မဟုတ်ပါလား။

မကြာမီ ရွှီပေါ်အန်းသည် သူသဘောကျသော နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့လေသည်။

[ဆေးဆိုင်သို့သွား၍ တစ်ခါသုံး ဆေးထိုးအပ် တစ်ချောင်းကို ဝယ်ယူပါ။ မှတ်သားရန်မှာ သွေးကြောတွင်း ဆေး သွင်းရာတွင် အသုံးပြုသည့် အချောင်းရှည်ပြွန်ပါသော ဆေးထိုးအပ် ဖြစ်ရမည်။]

[တစ်ချိန်တည်းမှာပင် ဂလူးကို့စ် သို့မဟုတ် ဆိုဒီယမ်ကလိုရိုက် ဆေးရည်ပုလင်း တစ်ပုလင်းကို ဝယ်ယူပြီး ဆေးရည်များကို သွန်ပစ်ကာ ရေသန့်များ ပြန်ဖြည့်တင်း၍ ထိုဆေးပုလင်းကို ဆေးချိတ်ထားသကဲ့သို့ ဆွဲချိတ် ထားရန် လိုအပ်ပေသည်။]

[နောက်ဆုံးအနေဖြင့် ဆေးထိုးအပ်ကို ထိုးသွင်းပြီး ရေစီးဆင်းမှုနှုန်းကို ချိန်ညှိလိုက်ပါက ဤပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မည်။ ထို့အပြင် ဂလူးကို့စ်ကို အသုံးပြုရန် အထူး အကြံပြုလိုပါသည်။ ၎င်းကို သောက်သုံးနိုင် ပြီး အလေအလွင့် ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ ဆိုဒီယမ်ကလိုရိုက်မှာမူ ကိုင်တွယ်ရ အလွန် ဆိုးရွားလှပေသည်။]

*တကယ့် အကြံကောင်းပဲ...။ ဘာလို့ ငါ အဲဒီလို မစဉ်းစားမိတာပါလိမ့်...။ ကောင်းပြီ... ဒီနည်းလမ်းကိုပဲ သုံးကြ တာပေါ့...။*

ရွှီပေါ်အန်းသည် ပို့စ်ကို အလျင်အမြန် ပိတ်လိုက်ပြီး ယခင် သဘောတူထားသည့် စည်းမျဉ်းများနှင့်အညီ ပထမဆုံးဖြေဆိုနိုင်သူအား ဆုကြေးငွေ အပြည့်အဝ ချီးမြှင့်လိုက်လေတော့၏။

ထို့နောက် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းအတွင်းရှိ မြေမျက်နှာသွင်ပြင်ကို သေချာစွာ လေ့လာကြည့်ရှုလိုက် လေသည်။

မကြာမီ ရွှီပေါ်အန်း၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု တဖြည်းဖြည်း ပုံဖော်လာခဲ့လေ၏။

ဖုန်းတစ်ကောခေါ်ပြီးနောက် မိမိ လိုအပ်သော ဆေးထိုးအပ်များနှင့် ဂလူးကို့စ်များ ရောက်ရှိလာခဲ့လေသည်။ ထို့နောက် ရွှီပေါ်အန်းသည် မတ်တတ်ရပ်ကာ သူ၏ စားပွဲခုံကို မွှေနှောက်ရှာဖွေလိုက်ရာ ယခင်က ကော်ဖီ သောက်စဉ်က ဝယ်ထားခဲ့သော (၃၀၄) သံချေးမတက်တဲ့သံမဏိ ဖြင့် ပြုလုပ်ထားသည့် လက်ကိုင်ရှည် ဇွန်းငယ် တစ်ချောင်းကို ရှာတွေ့သွားလေ၏။

ထို့နောက် လက်ဖက်ရည်လင်ပန်းအောက်ကို ရှင်းလင်းစဉ် ဓားနှင့်တူသော လက်ဖက်ရည်ခုတ် ဓားငယ်တစ် ချောင်းကိုလည်း ရှာတွေ့ခဲ့လေသည်။ ခေတ္တမျှ တွေးတောပြီးနောက် သူက သံဗီရိုထဲရှိ ကိရိယာသေတ္တာ ငယ်လေးထဲမှ သံမှိုအကြီးတစ်ချောင်းကို ထုတ်ယူကာ စတင် တည်ဆောက်လေတော့၏။

ပထမဆုံးအနေဖြင့် သံချေးမတက်တဲ့သံမဏိ ကော်ဖီဇွန်းကို ဘွန်ဆိုင်းထဲသို့ ထည့်သွင်းကာ တွင်းတစ်ခု စတင် တူးဖော်လေသည်။ ဘွန်ဆိုင်းကမ္ဘာထဲရှိ လူပုလေးများမှာ ဆွံ့အ အံ့သြသွားကြလေ၏။ မျက်စိကျိန်းမတတ် တောက်ပနေသော ငွေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် ကောင်းကင်ယံမှ ဧရာမ ဂေါ်ပြားကြီး တစ်ခု ကျဆင်းလာခဲ့လေသည်။

၎င်းကို မတ်မတ် မထောင်ထားလျှင်ပင် တောင်တန်းများနှင့် သစ်တောများထဲရှိ သစ်ပင်ကြီးတစ်ပင်ခန့် မြင့်မား လေ၏။ ဘဲဥပုံသဏ္ဌာန် ဂေါ်ပြားခေါင်း တစ်ခုတည်းကပင် လူနှစ်ယောက် သုံးယောက်ခန့် အရပ်အမြင့် ရှိပေ သည်။ ဂေါ်ပြားတစ်ချက် တူးလိုက်သည်နှင့် သာမန်အိမ်တစ်လုံးကို တစ်ချက်တည်းနှင့် တူးထုတ်သွားနိုင်လေ သည်။

ထို့နောက် ဂေါ်ပြားကြီး အလိုအလျောက် ရွေ့လျားသွားသည်ကို လူပုလေးများ မြင်လိုက်ရလေ၏။ ပထမဆုံး ကျောက်ဆောင်ကမ်းပါးယံကို ဖွဖွလေး ခေါက်လိုက်ရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် ဂေါ်ပြားကြီးမှာ ရုတ်တရက် ရွေ့လျားသွားပြီး တောင်ခြေရှိ မြေကွက်လပ်တစ်ခုဆီသို့ စိုက်ဝင်သွား လေတော့၏။

၎င်းကို ပြန်လည် ဆွဲထုတ်လိုက်သောအခါ ကျောက်ခဲများ ရောနှောနေသော ခြောက်သွေ့နေသည့် မြေကြီးများကို ဂေါ်ပြားအပြည့် ပါလာပြီး ဘေးသို့ အလွယ်တကူ ပစ်ချလိုက်လေသည်။ ချက်ချင်းပင် ဂေါ်ပြားကြီးမှာ ထပ်မံ ရွေ့လျားသွားပြီးနောက် တောင်ခြေတွင် စပါးနယ်တလင်း အရွယ်အစားခန့်ရှိ တွင်းကြီးတစ်ခု ပေါ်လာခဲ့လေ တော့၏။

ရွှီပေါ်အန်းက သူ၏ လုပ်ဆောင်မှုကို ကျေနပ်စွာ ကြည့်လိုက်ပြီး ဇွန်းကို သိမ်းဆည်းလိုက်ကာ သံမှိုနှင့် လက်ဖက် ရည်ခုတ်ဓားကို ဘွန်ဆိုင်းထဲသို့ ထည့်သွင်း၍ အလုပ်ဆက်လုပ်လေတော့သည်။

ဂေါ်ပြားကြီး ထွက်သွားသည်ကို ရွာသားများ မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ယခင်က တောင်စောင့်နတ်မင်း ချီးမြှင့်ခဲ့သော နတ်ဘုရားလက်နက်နှင့် တူသည့် အရာတစ်ခု ကျဆင်းလာသည်ကို မြင်လိုက်ရပြန်လေ၏။

ဤအရာမှာ နတ်ဘုရားလက်နက်နှင့် ဆင်တူသော်လည်း အဆပေါင်းများစွာ ပိုမို ထူထဲနေပေသည်။

၎င်းနှင့်အတူ ဧရာမ ဓားကြီးတစ်လက်လည်း ပါလာခဲ့လေသည်။ ကိရိယာ နှစ်ခုမှာ ရှေ့နောက် အလုပ်လုပ် နေကြပြီး အချိန်တိုအတွင်းမှာပင် ကျောက်ဆောင်ကမ်းပါးယံတွင် ရှည်လျားသော လမ်းကြောင်းတစ်ခုကို တူးဖော်လိုက်လေတော့၏။

“ဒါက တောင်စောင့်နတ်မင်းကြီးရဲ့ တန်ခိုးစွမ်းအင်များလား...။”

“ဟုတ်မှာပေါ့...၊ အဲဒီလိုမှမဟုတ်ရင် ဘယ်သူက ဒီလောက်ကြီးမားတဲ့ အံ့မခန်း တန်ခိုးစွမ်းအင်တွေ ရှိနိုင်မှာ လဲ...။”

“ဒါပေမဲ့ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ဘာလုပ်မလို့လဲ...။”

“ငါလည်း မသိဘူး...၊ ငါတို့အတွက် တောင်ပေါ်လမ်းတစ်ခု တူးဖော်ပေးမလို့များလား...။”

“မင်း နောက်နေတာလား...၊ အဲ့ဒီလောက် မတ်စောက်ပြီး ကြမ်းတမ်းတဲ့လမ်းကို မင်း တကယ် တက်နိုင်မယ်လို့ သေချာလို့လား...။”

“မငြင်းကြနဲ့တော့...၊ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ဘာအတွက်လဲ ဆိုတာ ငါတို့ကို သေချာပေါက် ပြောပြမှာပါ...။”

တောင်ထိပ်မှ တောင်ခြေအထိ မြောင်းတစ်ခု တူးပြီးနောက် ရွှီပေါ်အန်းသည် ဆေးသွင်းပြွန် တစ်ပိုင်းကို ယူကာ အပ်ကို ညင်သာစွာ ဖယ်ရှားလိုက်ပြီး ပြွန်ကို သူတူးထားသော မြောင်းထဲသို့ တစ်စချင်းစီ ထည့်သွင်းလိုက်ကာ ပြွန်ကို ကျောက်နံရံထဲသို့ တတ်နိုင်သမျှ မြုပ်ဝင်သွားအောင် ကြိုးစားလုပ်ဆောင်လေတော့၏။

ပြွန်၏ အခြားတစ်ဖက်မှာ တောင်ထိပ်သို့ တိုက်ရိုက် ဆန့်ထွက်သွားပြီး ထိုနေရာတွင် လယ်သမားစမ်းရေ များ ဖြည့်ထားသော ဆေးရည်ပုလင်းထဲသို့ ထည့်သွင်းထားလေသည်။

ထို့နောက် ရွှီပေါ်အန်းသည် ဆေးသွင်းကိရိယာပေါ်ရှိ ဘီးကလေးကို ညင်သာစွာ တွန်းလိုက်ရာ လယ်သမား စမ်းရေ ပုလင်းထဲမှ ရေများ စီးကျလာပြီး ဆေးသွင်းပြွန်ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်ကာ အောက်သို့ ဖြည်း ဖြည်းချင်း ကျဆင်းသွားလေတော့သည်။

နောက်ဆုံးတွင် ကျောက်ဆောင်ကမ်းပါးယံတွင် မြုပ်နှံထားသော ဖောက်ထွင်မြင်ရသည့် ရေပိုက်မှတစ်ဆင့် အရည်များက ရွှီပေါ်အန်း ကြိုတင်တူးထားခဲ့သော တွင်းထဲသို့ စီးကျသွားလေတော့၏။

ရွှီပေါ်အန်းသည် ပထမဆုံး ဖန်တီးထားသော စမ်းရေပေါက် ကျဆင်းလာမည်ကို မျှော်လင့်တကြီး စောင့်ကြည့် နေခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်မိလေသည်။

ရေများ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် တွင်းအောက်ခြေရှိ ရွှံ့ဗွက်မြေကြီးက ချက်ချင်း စုပ်ယူသွား သည်ကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရလေတော့၏။

အခန်း (၁၇၆)

ဆေးသွင်းပိုက်များ၏ အံ့ဖွယ်အသုံးဝင်မှုများ

ရွှီပေါ်အန်းသည် အလွန်ပေါ့ပေါ့ပါးပါးနှင့် ကြုံသလို ကိစ္စတစ်ခုကို လုပ်ဆောင်ခဲ့လေ၏။

သို့သော် ဘွန်ဆိုင်းထဲရှိ လူပုလေးများ၏ မျက်လုံးထဲတွင်မူ ဤအရာသည် နှစ်ထောင်ပေါင်းများစွာအတွင်း တွေ့ရခဲသော အံ့ဖွယ်ရာတစ်ခု ဖြစ်လာခဲ့လေသည်။

ဧရာမ ဓားကြီးနှင့် နတ်ဘုရားလက်နက်တို့၏ ကမ္ဘာမြေကို တုန်လှုပ်စေသော လှုပ်ရှားမှုများကို ဘေးဖယ်ထား လိုက်လျှင်ပင် တောင်တန်းကို နဂါးရှည်ကြီးတစ်ကောင်ကဲ့သို့ ရစ်ပတ်ထားသော ဖောက်ထွင်မြင်ရသည့် ပိုက်လုံး သည်ပင် လူပုလေးများအားလုံး၏ အမြင်အာရုံ အတိုင်းအတာကို ကျယ်ပြန့်သွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ် ၏။

"ဘုရားရေ...၊ ဒီနတ်ဘုရားလက်နက်က အလွန်တရာ အစွမ်းထက်တာပဲ...၊ တောင်တွေ၊ ကျောက်ဆောင်တွေကို ဒီလောက်လွယ်လွယ်ကူကူ ခွဲဖြာနိုင်တယ်...။"

"ဟေ့...၊ အဲဒါက တောင်စောင့်နတ်မင်းကြီးမှာ အဆုံးအစမဲ့တဲ့ တန်ခိုးစွမ်းအားတွေ ရှိပြီး အဲဒါကို ထိန်းချုပ်နိုင် လို့ပေါ့...၊ မင်းတို့ ငါတို့သာဆိုရင် ဒီလောက်ကြီးမားတဲ့ ဓားကြီးနဲ့ လှံကြီးကို မနိုင်တာတောင် မဟုတ်ဘူး...၊ မတောင် မ မ နိုင်လောက်ဘူး..."

"ဟုတ်တယ်...၊ တောင်စောင့်နတ်မင်းကြီးဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်...၊ ဒီလောက် ကြီးမားတဲ့ လုပ်ငန်းခွင်ကြီးဆိုရင် ငါတို့ အနည်းဆုံး ဆယ်နှစ်လောက် အချိန်ယူရမှာ...။"

"ဟိုအရှည်ကြီး တွဲလောင်းကျနေတဲ့ ဖဲကြိုးတွေက ဘာတွေလဲ...၊ နတ်ပြည်က အရာတွေများလား...၊ ဖောက်ထွင်းပြီးတောင် မြင်နေရသေးတယ်...။"

"ဖောက်ထွင်းမြင်ရတဲ့ ကြိုးရှည်ကြီးနဲ့ တူတယ်...၊ နတ်ပြည်က ပစ္စည်းတစ်ခု ဖြစ်နိုင်တယ်...၊ ငါတို့ရဲ့ ရေပုံးတွေ ထက်တောင် ပိုထူသေးတယ်...။"

"အို...၊ ဖောက်ထွင်မြင်ရတယ်...၊ နန်းတော်ထဲမှာ ဖန်သား စကြာဝဠာ အကာအကွယ် ရှိတယ်လို့ ကြားဖူးတယ်...၊ အဲဒါကလည်း ဖောက်ထွင်မြင်ရတာပဲ...။"

"ဟား ဟား...၊ မင်းတို့က အချိန်မှားပြီး ရောက်လာတာကိုး...။ တောင်စောင့်နတ်မင်းကြီးက အရင်က သူ့ရဲ့ ကြီးမားတဲ့ တန်ခိုးကို ပြသပြီး ဖန်သား စကြာဝဠာ အကာအကွယ်လို နတ်ဘုရားလက်နက်ကို သုံးပြီး ဝံပုလွေ တွေကို ဖမ်းပြီး ငါတို့ကို ကယ်တင်ခဲ့ဖူးတယ်...။"

"ဘုရားရေ...၊ ကြည့်ကြပါဦး...၊ ရေ...၊ ရေတွေ...။"

"တကယ်ပဲ...၊ အရမ်းကောင်းတာပဲ...၊ အခုတော့ ငါတို့ဆီမှာ ရေရှိသွားပြီ...။ နောက်ဆုံးတော့ ငါတို့ကိုယ်တိုင် ရေချိုးလို့ရပြီ...။"

"အဟမ်း...၊ အသံတိုးတိုးလုပ်စမ်းပါ...၊ နေ့ခင်းကြောင်တောင် ဒီလိုမျိုး ဘယ်လိုလုပ် ပြောရဲရတာလဲ...။ ဒါက ဘယ်လို အပြုအမူမျိုးလဲ...။"

"အို...၊ ငါ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ...။ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဖြစ်တာ အတော်ကြာပြီဆိုတော့ တစ် ကိုယ်လုံး ရွှံ့တွေချည်း ဖြစ်နေပြီ...။"

"ယုံနိုင်စရာတောင် မရှိဘူး...၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် ရေငတ်သေမှာကို စိုးရိမ်နေခဲ့ရတာ...။ အခုတော့ ရေချိုးဖို့အကြောင်းတောင် တွေးလို့ရနေပြီ...။ တောင်စောင့်နတ်မင်းကြီးရဲ့ ကောင်းချီးကို ခံစားရတာက ဘဝ ဆက်တိုင်း ဆည်းပူးခဲ့တဲ့ ကုသိုလ်တွေကြောင့်ပဲ ဖြစ်ရမယ်...။"

"အို...၊ ငါလည်း အလုပ်ကြိုးစားလုပ်မှပဲ...၊ ဒါမှ အမေနဲ့ တခြားသူတွေကိုလည်း ဒီနေရာကို ခေါ်လာနိုင်မှာ...။"

"ဟေ့...၊ ရေတွေ ဘယ်ရောက်သွားတာလဲ...။"

"ကျွတ်...၊ ဘာလောစရာ ရှိလို့လဲ...၊ ရေက မြေကြီးထဲ စိမ့်ဝင်သွားရုံလေးပါ...၊ တောင်စောင့်နတ်မင်းကြီးက အရာအားလုံးကို စွမ်းဆောင်နိုင်လို့ ရေတွေ ထပ်ထွက်လာအောင် လုပ်ပေးလိမ့်မယ်...။"

"ဟုတ်တယ်...၊ မင်းတို့ လူသစ်တွေက မသိကြဘူး...၊ အရင်တုန်းက သည်တစ်ဝိုက် မိုင်ပေါင်းများစွာမှာ ရေတစ် စက်မှ မရှိခဲ့တဲ့ အချိန်ကဆိုရင် တောင်စောင့်နတ်မင်းကြီးက ပေါ့ပေါ့ပါးပါးပဲ လက်ဝှေ့ယမ်းလိုက်တာနဲ့ ရေကန် ကြီး တစ်ကန်လုံး အပြည့် ချိုမြိန်တဲ့ ရေတွေ ပေးသနားခဲ့တာ...၊ အဲဒီအရသာကို အခုထိ မေ့လို့မရသေးဘူး...။"

"ချိုမြိန်တဲ့ရေ...၊ အို...၊ ငါ မစောင့်နိုင်တော့ဘူး...။ ချိုမြိန်တဲ့ရေက ဘယ်လိုအရသာမျိုးလဲဆိုတာ မြည်းစမ်းကြည့် ချင်လှပြီ...။"

"မစိုးရိမ်ပါနဲ့...၊ မစိုးရိမ်ပါနဲ့...။ တောင်စောင့်နတ်မင်းကြီး နောက်ကိုသာ လိုက်နေ...၊ စားရေးသောက်ရေးအတွက် ဘယ်တော့မှ ပူပန်စရာ လိုမှာမဟုတ်ဘူး...။"

ဘွန်ဆိုင်းထဲရှိ လူပုလေးများသည် ရေထွက်ရာနေရာကို မြင်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြ ပြီး စိတ်လှုပ်ရှားစွာဖြင့် စကားများ ပြောဆိုနေကြလေ၏။

သူတို့က ပျော်ရွှင်စွာ ပြောဆိုနေကြသော်လည်း ရွှီပေါ်အန်းမှာမူ ဤလူပုလေးများကဲ့သို့ အကောင်းမြင်မနေခဲ့ပေ။ သူသည် ရေများ အလွန်လျင်မြန်စွာ ယိုစိမ့်ကျနေသော တွင်းကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မတွေးဘဲ မနေနိုင်အောင် ဖြစ်နေလေသည်။

အစက သူသည် ရေကန်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ စိတ်ကူးမှာ အလွန်ရိုးရှင်း လွန်းနေမည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။ သဘာဝ ရေကန်များသည် ဝန်းကျင်ရှိ မြေဆီလွှာများ ရေပြည့်ဝနေခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ယခု သူ၏ရှေ့ရှိ ခြောက်သွေ့နေသော မြေပြင်နှင့်မူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေ၏။

ဤသို့ဆိုလျှင် ဖြစ်မည်မဟုတ်ချေ။ အကယ်၍ ယိုစိမ့်မှုသာ ဆက်ဖြစ်နေမည်ဆိုပါက ရေကန်သည် ရေကို လုံးဝ ထိန်းထားနိုင်မည် မဟုတ်ပေ။ ရေရှည်တွင် လုံလောက်သော ရေပေးဝေမှု သေချာစေရန်အတွက် ရေလဲလှယ် သည့် အကြိမ်အရေအတွက်ကို မလွှဲမရှောင်သာ တိုးမြှင့်ရပေလိမ့်မည်။

လက်ရှိ သူ၏ အဓိက စိုးရိမ်ပူပန်မှုမှာ သူ၏ လက်ရှိစွမ်းဆောင်ရည်သည် တောင်တန်းသစ်တော တစ်ခုလုံးကို လွှမ်းခြုံနိုင်ရန် မလုံလောက်သောကြောင့် ဤလူပုလေးများ၏ နေ့စဉ်ဘဝနှင့် ကုန်ထုတ်လုပ်မှုများအတွက် ရေပေးဝေရန်ပင် ဖြစ်လေ၏။

ထို့ကြောင့် လူပုလေးများ ဤနေရာတွင် အချိန်မရွေး ရေရရှိနိုင်သရွေ့ ရေယိုစိမ့်မှုကို တားဆီးရန် လိုအပ်ပေ သည်။

ထိုသို့ဆိုလျှင် ရှင်းလင်းသွားလေပြီ။ ထိုတွင်းသည် လူပုလေးများအတွက်မူ ဧရာမ ကောက်နယ်တလင်းကြီး တစ်ခုကဲ့သို့ ကြီးမားနေသော်လည်း ရွှီပေါ်အန်းအတွက်မူ အနည်းငယ် ပိုကြီးသော ပုလင်းဖုံးတစ်ခုမျှသာ ဖြစ်ပြီး အားကစားအချိုရည် ပုလင်းဖုံးထက် အနည်းငယ်သာ ပိုကြီးလေ၏။

သို့မဟုတ်ပါက အထဲသို့ ပုလင်းဖုံးတစ်ခု ထည့်လိုက်လျှင်ကော ဘယ်လိုနေမည်နည်း။ ရွှီပေါ်အန်းသည် ထို အတွေးကို အလျင်အမြန်ပင် ဖယ်ရှားလိုက်လေ၏။

ဤရေကန်ကို ရေရှည်အသုံးပြုရန် ရည်ရွယ်ထားသောကြောင့် ဤနေရာတွင် ပလပ်စတစ် ပုလင်းဖုံးများ အသုံး ပြုခြင်းမှာ သိသာထင်ရှားစွာပင် ယုံကြည်စိတ်ချရမှု မရှိလှချေ။ ရေရှည်ခံမည့် ဖြေရှင်းနည်းတစ်ခုကို ရှာဖွေရန် လိုအပ်ပေသည်။

သံချေးမတက်တဲ့သံမဏိ အခွံငယ်တစ်ခု ပြုလုပ်လျှင်ကော ဘယ်လိုနေမည်နည်း။

ထိုအကြံဉာဏ်မှာ ကောင်းမွန်သော်လည်း နောင်တွင် လူဦးရေ တိုးလာပြီး ရေကန်ကို ချဲ့ထွင်လိုပါက အနည်းငယ် အဆင်မပြေ ဖြစ်နိုင်လေသည်။

သူ စိတ်ရှုပ်ထွေးနေစဉ်မှာပင် ရွှီပေါ်အန်းသည် သူ၏ စားပွဲပေါ်ရှိ ဥမင်လှိုင်ခေါင်း တည်ဆောက်ရေးတွင် အသုံး ပြုသော ရေစိုခံ တာပေါ်လင်စများအတွက် အလိုအလျောက် တပ်ဆင်သည့် ကိရိယာနှင့် ပတ်သက်သော စစ်ဆေးရေး အစီရင်ခံစာတစ်ခုကို ရုတ်တရက် သတိပြုမိသွားလေ၏။

ရွှီပေါ်အန်းက သူ၏ နဖူးကို ရိုက်လိုက်လေသည်။

*ငါ တကယ်ပဲ အဝေးကြီးကို လျှောက်တွေးနေမိတာပဲ...။*

*ငါတို့ ဘာလုပ်ကြတာလဲ...။ ငါတို့က အင်ဂျင်နီယာလုပ်ငန်းမှာ အလုပ်လုပ်တာလေ...။ ဒီလောက် သေးငယ်တဲ့ စီမံကိန်းလေးကို ဘယ်လိုလုပ်ပြီး သည်လောက်တောင် ပေါ့ဆနိုင်ရတာလဲ...။*

*ရေစိုခံဖို့ပဲ မဟုတ်လား...။ ရေစိုခံ ပစ္စည်းတချို့ ယူလာပြီး အင်္ဂတေ အနည်းငယ် သုတ်လိမ်းလိုက်ရင် ရပြီပေါ့...။ ရေစိုခံ အထည်တောင် မလိုပါဘူး...၊ ရေစိုခံ အလွှာလေး သုတ်လိုက်ရုံပဲ...။*

ထို့အပြင် အင်္ဂတေကို တောင်ထိပ်မှ လိမ်ခွေဆင်းလာသော ဆေးသွင်းပိုက်ကို ဖုံးအုပ်ရန်အတွက်လည်း အသုံးပြု နိုင်ပြီး ၎င်းက ပလပ်စတစ် ဆေးသွင်းပိုက်ကို ပိုမို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်လေသည်။

*ဒါပဲ...။ ဒါက သေချာပေါက် အကြံဉာဏ်ကောင်းတစ်ခုပဲ...။*

ဤအရာကို စဉ်းစားမိသွားပြီးနောက် ရွှီပေါ်အန်းသည် ကုမ္ပဏီမှာရှိသမျှ ငါ့ဆီမှာလည်း ရှိသည်ဆိုသည့် သူ၏ ကောင်းမွန်သော အစဉ်အလာကို ထပ်မံ ပြသလိုက်လေတော့သည်။ မကြာမီ ရွှီပေါ်အန်းသည် ဓာတ်ခွဲခန်းသို့ ဖုန်းခေါ်ဆိုကာ အင်္ဂတေ အနည်းငယ် ယူလာပေးရန် တောင်းဆိုလိုက်လေ၏။

ဤလုပ်ငန်းပမာဏမှာ ကြွက်တွင်းပိတ်ခြင်းထက်ပင် နည်းပါးလှသဖြင့် အင်ဂျင်နီယာဌာနနှင့် ကွန်ကရစ်ဖျော် စက်ရုံတို့ကို တောင်းဆိုခြင်းမှာ ၎င်းတို့၏ အရင်းအမြစ်များကို ကြီးမားစွာ ဖြုန်းတီးရာရောက်ပေလိမ့်မည်။

ဓာတ်ခွဲခန်းတွင် တစ်နှစ်ပတ်လုံး အရွယ်အစား အမျိုးမျိုးရှိသော ကျောက်စရစ်ကြမ်းများနှင့် အနုများ ရှိသည့် အပြင် အထူးစမ်းသပ်မှုများအတွက် စံသတ်မှတ်ထားသော သဲများလည်း ရှိလေသည်။ အသုံးပြု၍ရနိုင်သော ရောစပ်မှု အချိုးအစားကို ရှာဖွေပြီး ဘိလပ်မြေနှင့် ဖိုက်ဘာ အနည်းငယ် ပေါင်းထည့်ကာ အင်္ဂတေအဖြစ် ရောစပ်လိုက်ရုံဖြင့် အလွန် ပြည့်စုံသွားပေလိမ့်မည်။

ရေစိုခံ ပစ္စည်းများနှင့် ပတ်သက်၍ ဓာတ်ခွဲခန်းတွင် စမ်းသပ်ရန် တင်သွင်းထားသော ရေစိုခံ ပစ္စည်းအမျိုးမျိုး အမြဲတမ်း ပြည့်နှက်နေလေသည်။ သူတို့မှာ ပမာဏ အနည်းငယ်သာ လိုအပ်သဖြင့် အလုံးစုံ လုပ်ငန်းစဉ်အပေါ် လုံးဝ သက်ရောက်မှု ရှိမည်မဟုတ်ပေ။

ခဏအကြာတွင် ဓာတ်ခွဲခန်းမှ ရွှီပေါ်အန်း တောင်းဆိုထားသော အင်္ဂတေနှင့် ရေစိုခံ အလွှာတို့ကို ပို့ဆောင်ပေး လာခဲ့လေသည်။ ရွှီပေါ်အန်းသည် တံခါးပိတ်ကာ အတွင်းဘက်၌ ဘွန်ဆိုင်းနှင့် အလုပ်ရှုပ်နေသောကြောင့် ဧည့်သည်အတွက် သူကိုယ်တိုင် သွားရောက် တံခါးဖွင့်ပေးလိုက်ရလေသည်။

ယေဘုယျအားဖြင့် ပြောရလျှင် သူ၏ ရာထူးနှင့် အဆင့်အတန်းမှာ ထိုအဆင့်အထိ လေးစားမှု ခံရသောကြောင့် မည်သူကမျှ ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် တံခါးမခေါက်ဘဲ သူ၏ ရုံးခန်းထဲသို့ ဝင်လာလိမ့်မည် မဟုတ်ချေ။

သို့သော် ဘွန်ဆိုင်း၏ လျှို့ဝှက်ချက်နှင့် ပတ်သက်လာလျှင်မူ အမှားအယွင်း လုံးဝ မခံနိုင်သောကြောင့် ရွှီပေါ်အန်းမှာ အလွန်တရာ အသေးစိတ် ဂရုစိုက်ရလေသည်။ ထို့ကြောင့် သူ ဘွန်ဆိုင်းကို ဆင့်ခေါ်သည့် အကြိမ် တိုင်း အလုံးစုံ လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်ခဲ့လေ၏။

တံခါးဖွင့်လိုက်သည်နှင့် ရွှီပေါ်အန်းသည် ဧည့်သည်ကို မြင်လိုက်ရလေသည်။ သူ အံ့အားသင့်သွားသည်မှာ အပြင်ဘက်တွင် ရပ်နေသူမှာ အခြားသူ မဟုတ်ဘဲ ဗဟိုဓာတ်ခွဲခန်း၏ ညွှန်ကြားရေးမှူး ယွီဝေ့ ဖြစ်နေခြင်းပင် ဖြစ်၏။

ယွီဝေ့သည် မျက်နှာတစ်ခုလုံး ပြုံးရွှင်နေပြီး သူ၏ ခါးကို အနည်းငယ် ကိုင်းညွတ်ကာ အသက်ရှူရသကဲ့သို့ သဘာဝကျကျပင် ခေါင်းညိတ် အရိုအသေပေးနေလေသည်။ အရင်က ရွှီပေါ်အန်းအား မမြင်ရသူတစ်ဦးကဲ့သို့ လျစ်လျူရှုခဲ့သည့် အရိပ်အယောင် လုံးဝ မရှိတော့ချေ။

"ဟီးဟီး...၊ ဥက္ကဋ္ဌရွှီ...၊ လူကြီးမင်း တောင်းဆိုထားတဲ့ အင်္ဂတေအတွက် ရောစပ်မှု အချိုးအစား သုံးမျိုး ပြင်ဆင် လာပါတယ်...၊ ရေစိုခံ ပစ္စည်းတွေအနေနဲ့လည်း နှစ်မျိုး ယူဆောင်လာပါတယ်...။ တစ်မျိုးက ပိုလီယူရီသိန်း အခြေခံ ရေစိုခံအလွှာ ဖြစ်ပါတယ်...၊ သူ့မှာ ဆွဲဆန့်နိုင်စွမ်း မြင့်မားတယ်၊ ဆန့်ထွက်နိုင်စွမ်း ကောင်းတယ်၊ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး သက်တမ်းလည်း ရှည်ပါတယ်...။”

"နောက်တစ်မျိုးကတော့ အိမ်တွင်း ပြင်ဆင်မှုတွေမှာ အသုံးများတဲ့ အက်ခရီလစ် အလွှာ ဖြစ်ပါတယ်...။ အပူ ဒဏ်ကို ခံနိုင်ရည်ရှိတယ်၊ ကြည့်ကောင်းတယ်၊ ပြင်းထန်တဲ့ အအေးဒဏ် ဒါမှမဟုတ် အပူဒဏ်လို အစွန်းရောက် ရာသီဥတု အပြောင်းအလဲတွေကို လိုက်လျောညီထွေ ဖြစ်စေနိုင်ပြီး ပုံသဏ္ဌာန် ပျက်ယွင်းသွားမှာကို မကြောက် ရလောက်အောင် ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိပါတယ်...၊ ဘယ်တစ်ခုက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ လူကြီးမင်း ကြည့်ရှုနိုင်ပါတယ်...။"

ယွီဝေ့သည် မျက်နှာပေါ်တွင် ဖားယားသော အပြုံးကို အချိန်ပြည့် တပ်ဆင်ထားပြီး သူ၏ မျက်လုံးများက အလွန်တရာ ရိုသေလေးစားမှု ပြသသည့်အနေဖြင့် ရွှီပေါ်အန်းထံသို့သာ စိုက်ကြည့်နေလေ၏။

ရွှီပေါ်အန်းသည် ယွီဝေ့ကို အထင်အမြင်သေးသော်လည်း ထိုလူမှာ သည်အထိ ရောက်လာပြီဖြစ်သဖြင့် သူ့ကို မဝင်ရန် တားမြစ်၍လည်း မကောင်းလှချေ။ အတွင်းသို့ ဝင်ရန် လှည့်လိုက်ရင်း ရွှီပေါ်အန်းက ကြမ်းပြင်ကို ပေါ့ပေါ့ပါးပါး ညွှန်ပြကာ ပြောလိုက်လေ၏။

"တစ်နေရာရာမှာ ရှာပြီး ချထားလိုက်ပါ...၊ ငါ နောက်မှ ကြည့်လိုက်မယ်...။"

ယွီဝေ့သည် ရွှီပေါ်အန်း၏ နောက်မှ အတွင်းသို့ လိုက်ဝင်လာပြီး ပြုံးလျက် သူ၏ အင်္ကျီလက်ကို ခေါက်တင်ရင်း ပြောလိုက်လေသည်။

"ဥက္ကဋ္ဌရွှီ...၊ အင်္ဂတေ သုတ်ဖို့လိုတဲ့ နေရာရှိရင် ကျွန်တော် လုပ်ပေးနိုင်ပါတယ်...၊ ကျွန်တော့်ရဲ့ အင်္ဂတေ သုတ်တဲ့ ကျွမ်းကျင်မှုက တော်တော်လေး ကောင်းပါတယ်...။ ရေစိုခံ ပစ္စည်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင် အကြံ ပြုချက်ကတော့ ပိုလီယူရီသိန်း အမျိုးအစားပါပဲ...၊ တခြားအရာတွေ မဆိုထားနဲ့ စျေးနှုန်းကတင် သူ့ရဲ့ အရည် အသွေးကို ပြောပြနေပါတယ်...။"

ရွှီပေါ်အန်းက အပေါ်ယံ ဟန်ဆောင်အပြုံးတစ်ခုကို ပြုံးပြရင်း ပြောလိုက်လေ၏။

"ကောင်းပါပြီ...၊ ငါ နားလည်ပါပြီ...၊ အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ မင်း လူကိုယ်တိုင် အလုပ်လုပ်ဖို့ မလိုပါဘူး...။ ငါ့မှာ ဘာစီမံကိန်းကြီးမှ မရှိပါဘူး...၊ ငါ့ဟာငါ လျှောက်လုပ်နေတာပါ...။ ရိုးရိုးသား သား ပြောရရင် ယွီအိုကြီး...၊ ဒီလို ကိစ္စသေးသေးလေးအတွက် မင်းကိုယ်တိုင် လာစရာ မလိုပါဘူး...။ လူငယ် လေး တစ်ယောက်ယောက်ကိုပဲ ယူလာခိုင်းလိုက်လို့ ရပါတယ်...။"

စကားပြောနေရင်း ရွှီပေါ်အန်းသည် သူ၏ ရုံးစားပွဲအနောက်ရှိ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သော်လည်း ယွီဝေ့ကို ထိုင်ရန် ဖိတ်ခေါ်ခြင်း မပြုခဲ့ပေ။ သူ အမှန်တကယ်ပင် မေ့သွားခြင်းလား ဆိုသည်မှာမူ မသေချာလှချေ။

ယွီဝေ့သည် တခစ်ခစ် ရယ်မောရင်း အနည်းငယ် တိုးကပ်လာခဲ့လေ၏။ ရွှီပေါ်အန်းက စကားမဟသေးသဖြင့် သူ ကိုယ့်သဘောနှင့်ကိုယ် ထိုင်ရန် သတ္တိမရှိခဲ့ပေ။

"ဥက္ကဋ္ဌရွှီ...၊ လူကြီးမင်း ညွှန်ကြားတဲ့ ကိစ္စတွေကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမှ ကျွန်တော် စိတ်အေးရလို့ပါ...၊ ဟိုလူငယ်လေးတွေက အလုပ်လုပ်ရာမှာ အရမ်းပေါ့ဆလွန်းတယ်...၊ မကြာသေးခင်က ဒုတိယ ညွှန်ကြားရေးမှူး ထျန်း ရှိနေတုန်းကဆိုရင် ကျွန်တော် တော်တော်လေး စိတ်ပူသက်သာခဲ့တယ်...။"

"ဒါပေမဲ့ အခု ညွှန်ကြားရေးမှူးထျန်း ပြောင်းရွှေ့သွားတော့ ကျွန်တော် တစ်ယောက်တည်း အားလုံးကို ထိန်းချုပ် နေရသလို ခံစားရတယ်...၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ လူကြီးမင်းကို အစီရင်ခံပြီး လမ်းညွှန်မှု ခံယူဖို့ရော...၊ ကျွန်တော် တို့ ဓာတ်ခွဲခန်းအတွက် တခြား အရည်အချင်းရှိတဲ့ လက်ထောက်တစ်ယောက် ထပ်ချထားပေးဖို့ ခေါင်းဆောင်တွေကို တောင်းဆိုဖို့ပါ ရောက်လာခဲ့တာပါ...။"

စကားပြောနေစဉ် ယွီဝေ့သည် သူ၏ အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို အလျင်အမြန် ထုတ်ယူကာ ရွှီပေါ်အန်းထံ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ပြီးနောက် မီးခြစ်ကို နီးကပ်စွာ ယူဆောင်ကာ မီးညှိပေးလိုက် လေ၏။

ရွှီပေါ်အန်းက စီးကရက်ကို ဖြည်းညင်းစွာနှင့် သေချာစွာ ဖွာရှိုက်လိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက် လေသည်။ သူ ယခုမှ သတိရသွားသည့်အလား စားပွဲအရှေ့ဘက်ကို လက်ဟန်ပြကာ ပြောလိုက်လေ၏။

"အဲဒီမှာ ရပ်မနေနဲ့...၊ ထိုင်ပါ...။ ထိုင်ပြီး သေချာစကားပြောကြတာပေါ့...။"

ပြုံးနေသော မျက်နှာကို မည်သူကမျှ ပါးမရိုက်ကြချေ။ အတွင်းစိတ်ထဲတွင် မည်သို့ပင် တွေးနေပါစေ အပေါ်ယံ တွင်မူ အသွင်အပြင်ကို ထိန်းသိမ်းထားရမည်ဖြစ်သည်...၊ ဤသည်မှာ လုပ်ငန်းခွင်၏ အခြေခံ စည်းမျဉ်းတစ် ခုပင် ဖြစ်လေသည်။

ယွီဝေ့သည် ရွှင်လန်းသော အပြုံးဖြင့် စားပွဲ၏ မျက်နှာချင်းဆိုင်သို့ လျှောက်သွားခဲ့လေ၏။ သတိထား၍ ထိုင် လိုက်ပြီးနောက် သူသည် ခုံပေါ်တွင် တင်ပါးတစ်ဝက်ကိုသာ ထိုင်ကာ သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းညွတ်ထားရင်း ရွှီပေါ်အန်းကို ကြည့်ကာ နောက်ထပ် ညွှန်ကြားချက်ကို စောင့်ဆိုင်းနေလေတော့သည်။

ရွှီပေါ်အန်းသည် စီးကရက်ကို နောက်ထပ် အကြိမ်အနည်းငယ် ဖွာရှိုက်လိုက်လေ၏။ ခေတ္တမျှ တိတ်ဆိတ်သွား ပြီးနောက် သူက ပေါ့ပေါ့ပါးပါးဟု ထင်ရသော လေသံဖြင့် မေးလိုက်လေသည်။

"ဓာတ်ခွဲခန်းရဲ့ ဒုတိယ ညွှန်ကြားရေးမှူးရာထူးအတွက် မင်းမှာ အကြံပြုချင်တဲ့သူ ရှိလား...။"

ယွီဝေ့က ခေတ္တမျှ တခစ်ခစ် ရယ်မောလိုက်ပြီးနောက် ပြောလိုက်လေ၏။

"ကျွန်တော့်ကို မေးရင်တော့ ညွှန်ကြားရေးမှူးထျန်းက အစွမ်းအစ အရှိဆုံးပါပဲ...၊ ဝမ်းနည်းစရာက ကျွန်တော်တို့ ဓာတ်ခွဲခန်းက ညွှန်ကြားရေးမှူးထျန်းလို နဂါးစစ်စစ် တစ်ကောင်ကို ထားဖို့အတွက် သေးငယ်လွန်းတဲ့ ကျောင်း တော် တစ်ခု ဖြစ်နေတာပါပဲ...။"

ယွီဝေ့ စကားပြောဆိုပုံမှာ အရင်က ထျန်းရှောင်လုံကို အရေးမပါသော ဘေးထိုင်ကြည့်သူ တစ်ဦးကဲ့သို့ ဆက်ဆံ ခဲ့သူမှာ သူ မဟုတ်သည့်အလားပင်။

ရွှီပေါ်အန်း အာရုံမစိုက်သည်ကို မြင်သောအခါ ယွီဝေ့သည် ခေတ္တရပ်လိုက်ပြီး ဆက်ပြောလေသည်။

"လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော်တို့ ဓာတ်ခွဲခန်း စာရင်းထဲမှာရှိတဲ့ အရည်အချင်းပြည့်မီတဲ့ လုပ်ဖော်ကိုင် ဖက်တွေကို ကျွန်တော် ပြန်လည်စစ်ဆေးကြည့်ခဲ့ပါတယ်...၊ အသင့်တော်ဆုံးသူကတော့ ကျင်းဖုန်း စီမံကိန်းက ကွင်းဆင်းဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ကော်ဟွိုက်ကျူး ဖြစ်နိုင်ပါတယ်...။"

"ပထမအချက်အနေနဲ့ ကော်အိုကြီးက ကျွန်တော်တို့ ကုမ္ပဏီမှာ စစ်ဆေးရေး အင်ဂျင်နီယာ လက်မှတ် ကဏ္ဍ ငါးခုစလုံးကို အောင်မြင်ထားတဲ့ တစ်ဦးတည်းသော နည်းပညာ ကျွမ်းကျင်သူပါ...။ ပြီးတော့ သူက ကျွန်တော်နဲ့ တစ်သုတ်တည်း ကုမ္ပဏီကို ဝင်ခဲ့တာဆိုတော့ သူ့ရဲ့ လုပ်သက်ကလည်း အဆင့်မီပါတယ်...။"

"သူ့မှာ ခိုင်မာတဲ့ သီအိုရီ အခြေခံ ရှိရုံသာမက အောက်ခြေ ဓာတ်ခွဲခန်းတွေနဲ့ ဖျော်စက်ရုံ ဓာတ်ခွဲခန်းတွေမှာပါ လုပ်ကိုင်ပြီး အတွေ့အကြုံ ရင့်ကျက်နေပါပြီ...။ သူက ကျွန်တော်တို့ ဓာတ်ခွဲခန်းအတွင်းက ကျွမ်းကျင်မှုပိုင်းဆိုင် ရာ စမ်းသပ်မှု အမျိုးမျိုးမှာ ဆရာတစ်ဆူ ဖြစ်သလို ကွင်းဆင်း တည်ဆောက်ရေးမှာလည်း ကျွမ်းကျင်သူပါ...၊ သူ့လို လူမျိုးက ဒီတာဝန်ကို သေချာပေါက် ထမ်းဆောင်နိုင်မှာပါ...။"

သူ၏ စကားကို အဆုံးသတ်ပြီးနောက် ယွီဝေ့သည် တိတ်ဆိတ်သွားပြီး ရွှီပေါ်အန်း၏ မျက်နှာပေါ်ရှိ သိမ်မွေ့ သော အပြောင်းအလဲများကို အပြုံးဖြင့် စောင့်ကြည့်နေလေ၏။

သူသည် သီးသန့် လျှို့ဝှက်စွာဖြင့် အတော်လေး စုံစမ်းထောက်လှမ်းထားခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က ရွှီပေါ်အန်းသည် ဝမ်ရှန်းခရိုင်ရှိ ကျင်းဖုန်း စီမံကိန်းသို့ စစ်ဆေးရေးနှင့် သုတေသန ခရီးစဉ်အဖြစ် ကိုယ်တိုင် သွား ရောက်ခဲ့စဉ်က သူသည် ကော်ဟွိုက်ကျူးအတွက် အထူးရည်ရွယ်၍ သွားရောက်ခဲ့ခြင်း ဖြစ်လေသည်။ ဤသည် မှာ ရွှီပေါ်အန်းက ကော်ဟွိုက်ကျူးကို အထင်ကြီးကြောင်း သက်သေပြနေသည် မဟုတ်ပါလား။

ခေါင်းဆောင်သစ် တစ်ဦး ရာထူးတက်လာသောအခါ သူတို့သည် အမြဲတမ်း သူတို့၏ ကိုယ်ပိုင်လူများကိုသာ အသုံးပြုလိုကြလေသည်။ ခေါင်းဆောင်တွင် ထိုသို့သော ဆန္ဒရှိနေမှတော့ လက်အောက်ငယ်သား တစ်ဦးအနေ ဖြင့် သူက အလျင်အမြန် လမ်းခင်းပေးသင့်သည် မဟုတ်ပါလား။

ယွီဝေ့က သူ၏ အရင်က မောက်မာမှုသည် ရွှီပေါ်အန်းကို စော်ကားမိခဲ့ပြီး ထိုအငြိုးမှာ ပြေလည်သွားရန် အလွန် ခက်ခဲမည်ကို သိထားလေသည်။ ထို့ကြောင့် သူသည် ဥက္ကဋ္ဌရွှီ၏ မျက်နှာသာပေးမှုကို ရရှိသူတစ်ဦး ဘယ်တော့မှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သို့သော် ရုံးချုပ်မှ လျှိုဝေကဲ့သို့ အရှက်တကွဲ အကျိုးနည်းဖြင့် ဇာတ်ခုံပေါ်မှ ဆင်း ပေးရမည့် အဖြစ်မျိုးနှင့် မကြုံတွေ့စေရန် သူ၏ လက်ရှိရာထူးကို ခိုင်မာအောင် တည်ဆောက်ထားရန် လိုအပ်နေ သေး၏။ ထိုသို့ဖြစ်ခဲ့လျှင် အလွန်တရာ ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ယွီဝေ့သည် ရွှီပေါ်အန်းအပေါ် သူ၏ စေတနာကို ပြသနိုင်ရန် မျှော်လင့်ချက်ဖြင့် ဤဗျူဟာကို အသုံး ပြုခဲ့ခြင်း ဖြစ်လေသည်။

သေချာသည်မှာ ယွီဝေ့ မျှော်လင့်ထားသည့်အတိုင်း ရွှီပေါ်အန်းသည် သူ၏ ပြာများကို ပြာခွက်ထဲသို့ ညင်သာစွာ ခါထုတ်လိုက်ပြီး နောက်ထပ်တစ်ကြိမ် ဖွာရှိုက်ကာ ဖြည်းညင်းစွာ ပြောလိုက်လေသည်။

"ညွှန်ကြားရေးမှူးယွီက ကော်အိုကြီးကို ဒီလောက်တောင် အထင်ကြီးနေမှတော့ ဒီကိစ္စကို နောက်အစည်းအဝေး မှာ တင်ပြပြီး ဆွေးနွေးကြတာပေါ့...။ မင်း အစီရင်ခံစာ ရေးလိုက်...၊ ငါ အတည်ပြုပေးမယ်...။ ပြီးရင် အုပ်စုရဲ့ လူ့စွမ်းအားအရင်းအမြစ် ဌာနကို တင်ပြဖို့ အစည်းအဝေးကနေ အမြန်ဆုံး ရလဒ်တစ်ခု ထုတ်ယူကြတာပေါ့...။ ဘာပဲဖြစ်ဖြစ် ဒီလောက် ကြီးမားတဲ့ ဓာတ်ခွဲခန်းမှာ မင်းတစ်ယောက်တည်း အရာအားလုံး လုပ်နေလို့တော့ မဖြစ်ဘူးလေ...။"

ယွီဝေ့၏ နှလုံးသားမှာ ချက်ချင်းပင် ဝမ်းသာပျော်ရွှင်စွာဖြင့် ခုန်ပေါက်သွားခဲ့လေ၏။ ဤဖားယားမှုမှာ ခေါင်းဆောင်၏ အကြိုက်နှင့် ကွက်တိကျသွားခဲ့လေပြီ။ သူ့ရာထူးမှာ နောက်ဆုံးတော့ လုံခြုံသွားပြီ ဖြစ်ပုံရ လေသည်။

ဆိုရိုးစကားရှိသည့်အတိုင်း လေကို အကုန်တားဆီးနိုင်သော နံရံဟူသည် မရှိချေ။

အထူးသဖြင့် တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော ကော်ဟွိုက် ကျူးကဲ့သို့ ဝါရင့်ဝန်ထမ်းများအတွက် မည်သူ့တွင်မှ ကိုယ်ပိုင် သတင်းရင်းမြစ်များ မရှိဘဲ နေမည်နည်း။

ကော်ဟွိုက်ကျူးသည် ဤသတင်းကို မကြာမီပင် သိရှိသွားခဲ့လေ၏။

ကော်ဟွိုက်ကျူးမှာ အလွန်တရာ ဝမ်းသာပျော်ရွှင်သွားခဲ့လေသည်။

*ဘုရားရေ...၊ ဒါက လုံးဝကို အံ့မခန်း သတင်းကောင်းပါပဲလား...။*

ဘိုးဘေးများ၏ သင်္ချိုင်းဂူများမှ မင်္ဂလာရှိသော မီးခိုးငွေ့များ ထွက်ပေါ်နေသည်ဟု ပြောလျှင်ပင် လျော့လွန်းနေ လိမ့်မည်။ ဘိုးဘေးများ၏ သင်္ချိုင်းဂူများမှ နတ်ဘုရား စွမ်းအင်များ ထွက်ပေါ်နေခြင်းပင် ဖြစ်ရပေမည်။

ယေဘုယျအားဖြင့် သာမန် ဓာတ်ခွဲခန်း နည်းပညာရှင် တစ်ဦး၏ အမြင့်ဆုံးရောက်နိုင်သည့် ရာထူးမှာ ကွင်းဆင်း ဓာတ်ခွဲခန်း ညွှန်ကြားရေးမှူးသာ ဖြစ်ကြောင်း သိထားရန် အရေးကြီးလေသည်။ ကော်ဟွိုက်ကျူး၏ အောင်မြင်မှု မှာ အင်ဂျင်နီယာ အများအပြား အားကျရသော အရာတစ်ခုပင် ဖြစ်၏။

ထိုထက်ပို၍ စီမံကိန်းဌာနများ၏ ဒုတိယ အထွေထွေမန်နေဂျာများ ဖြစ်လာနိုင်သူ သို့မဟုတ် ကုမ္ပဏီ ရုံးချုပ်ရှိ ဒုတိယ အဆင့် ရာထူးများသို့ တိုးမြှင့်ခံရသူများမှာ အလွန်တရာ ရှားပါးလှလေသည်။ အနည်းဆုံး တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ သမိုင်းတစ်လျှောက်တွင် ဤသည်မှာ အစဉ်အလာမရှိခဲ့ဖူးဘူးဟု ပြောလျှင် လည်း ချဲ့ကားရာ ရောက်မည်မဟုတ်ချေ။

ကံမကောင်းစွာဖြင့် ဓာတ်ခွဲခန်းနှင့် သက်ဆိုင်သော နယ်ပယ်အတွက် တိုးတက်မှု လမ်းကြောင်းမှာ ထိုမျှသာ ကျဉ်းမြောင်းလှလေသည်။

အဆက်အသွယ်၊ နောက်ခံနှင့် အရည်အချင်းရှိသူများသည် ဟိုဟာဒီဟာ လုပ်နိုင်သည်ဟု မပြောပါနှင့်။ ယုံကြည် လိုက်ပါ...၊ အကယ်၍ တစ်စုံတစ်ယောက်တွင် အဆက်အသွယ်၊ နောက်ခံနှင့် အရည်အချင်းရှိနေပါက သူတို့ သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ရန် ရွေးချယ်ပါက အဘယ်ကြောင့် အခြားဌာနများသို့ မသွား ဘဲ နေမည်နည်း။

သတင်းရရှိသည်နှင့် တပြိုင်နက် ကော်ဟွိုက်ကျူးသည် တုံ့ဆိုင်းမနေဘဲ စစ်ဆေးရန်အတွက် ပစ္စည်းများ ပို့ ဆောင်သည်ဆိုသော အကြောင်းပြချက်ဖြင့် တုန်းကျန်းမြို့သို့ တိုက်ရိုက် မောင်းနှင်လာခဲ့လေတော့သည်။

ယွီဝေ့ ထွက်ခွာသွားပြီး မကြာမီတွင် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို ထပ်မံ ဆင့်ခေါ်လိုက်ပြန်လေ၏။

တောင်ခြေရှိ ရေအိုင်ငယ်လေးကို မာကျောစေရန် အင်္ဂတေ အသုံးပြုတော့မည့်ဆဲဆဲတွင် သူ ရုတ်တရက် တုံ့ဆိုင်းသွားခဲ့လေသည်။

*အခု ပစ္စည်းတွေ အများကြီး ရနေပြီဆိုတော့ ငါ ဒီအတိုင်း လုပ်ရင်းနဲ့ ရေချိုးဆောင် နောက်ထပ် နှစ်ခုလောက် တည်ဆောက်လိုက်ရင် ပိုကောင်းမယ်...။*

*ခုနကပဲ လူပုလေး တစ်ယောက်က သူ ရေချိုးချင်တယ်လို့ ပြောခဲ့တယ်လေ...။*

*အမျိုးသားတွေအတွက် တစ်ခုနဲ့ အမျိုးသမီးတွေအတွက် တစ်ခု ရေချိုးဆောင် နှစ်ခု ဆောက်ပေးမယ်...၊ ဒါဆို ရင် လူပုလေးတွေ ရေအများကြီး ခပ်ဖို့ အဝေးကြီးကို ပြေးလွှားပြီး ဒုက္ခခံစရာ မလိုတော့ဘူးပေါ့...။*

အရင်က ဘေးကင်းရေးနှင့် အဆင်ပြေစေရေးအတွက် ရွှီပေါ်အန်းသည် ရေပိုက်များနှင့် ရေကန်ကို တူလို မြေနံရံ အိမ်ရာနှင့် အတော်အတန် ကွာဝေးသော နေရာတွင် တပ်ဆင်ထားခဲ့လေသည်။

သို့မဟုတ်ပါက အကယ်၍ ၎င်းတို့သည် အလွန်နီးကပ်နေပါက တည်ဆောက်ရေး လုပ်နေစဉ်အတွင်း ကျောက် စရစ်ခဲ တစ်ခုခု ပြုတ်ကျသွားလျှင် လူပုလေးများကို ထိခိုက်ဒဏ်ရာ ရစေနိုင်လေသည်။ ထို့အပြင် ရေထွက်ရာ နေရာကို ပိုမို ဝေးကွာစွာ ချဲ့ထွင်ထားခြင်းဖြင့် တောထဲရှိ အခြား တိရစ္ဆာန်များကိုလည်း ဂရုစိုက်ရာရောက်လေ သည်။

အကယ်၍ တူလို မြေနံရံအိမ်ရာဘေးတွင် တည်ဆောက်ထားပါက တိရစ္ဆာန်ငယ်လေးများ လာရဲမည် မဟုတ် သလို တိရစ္ဆာန်ကြီးများကလည်း လူပုလေးများကို အန္တရာယ်ပြုနိုင်လေသည်။

ထို့အပြင် ဤရေထွက်ရာ နေရာသည် တူလို မြေနံရံအိမ်ရာများနှင့် မနီးကပ်သော်လည်း ရွာသားများ ဖော်ထုတ် ထားသော လယ်ယာမြေ အများအပြားနှင့်မူ အတော်အတန် နီးကပ်နေလေ၏။

အိမ်သုံးရေ ပမာဏမှာ စိုက်ပျိုးရေးသုံး ရေပမာဏထက် နည်းပါးသဖြင့် ရွာသားများအတွက် သူတို့၏ လယ်ကွင်း များကို ရေသွင်းရန် ပိုမို လွယ်ကူစေလေသည်။

ထို့ကြောင့် အကြောင်းရင်း အမျိုးမျိုးကို ထည့်သွင်းစဉ်းစားပြီးနောက် ရွှီပေါ်အန်းသည် ရေပိုက်များနှင့် ရေကန်ကို ဒီဇိုင်းဆွဲရန် ထိုနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်လေ၏။

သို့သော် ဤသည်မှာ ရွာသားများအနေဖြင့် ရေခပ်ရန် ပိုမို ဝေးကွာသော အကွာအဝေးကို လမ်းလျှောက်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

တစ်နေ့တာ စားသောက်ရန်အတွက် အသုံးပြုသော ရေမှာ များစွာ မရှိလှသဖြင့် နှစ်ခေါက်ခန့် အသွားအပြန် လုပ်ရခြင်းမှာ များစွာ မပင်ပန်းလှချေ။ သို့သော် အကယ်၍ ရေချိုးရန်အတွက် ရေအများအပြား ခပ်ယူလိုပါက အနည်းငယ် အလုပ်ရှုပ်သွားနိုင်လေသည်။

လက်ရှိတွင် စီမံကိန်းမှာ တည်ဆောက်ဆဲ ဖြစ်ပြီး ပစ္စည်းများလည်း အလုံအလောက် ရှိနေသောကြောင့် ဤ အခွင့်အရေးကို ယူပြီး စီမံကိန်းကို ချဲ့ထွင်ကာ ရေချိုးကန် နှစ်ခု ထပ်မံ တည်ဆောက်လိုက်ခြင်းက ပိုကောင်း ပေလိမ့်မည်။

သို့မဟုတ်ပါက ဤကောင်စုတ်လေးများ ရေချိုးရန် နေရာရှိမည် မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ ရာသီဥတုက ပူပြင်းနေသောကြောင့် အပြင်ဘက်တွင် ရေချိုးလျှင် အအေးပတ်မည်ကို ကြောက်စရာ မလိုချေ။ ထို့အပြင် ရေချိုးရာတွင် အသုံးပြုသော ရေကို မြေကြီး ရေလောင်းရန်အတွက်လည်း ဆက်လက် အသုံးပြုနိုင်သေးသဖြင့် ဖြုန်းတီးရာ မရောက်ပေ။

၎င်းတို့ကို မည်သို့ ဖုံးအုပ်မည်နှင့် မည်သို့ ခွဲခြားမည်ဆိုသည်မှာ လူပုလေးများအပေါ်တွင်သာ မူတည်လေသည်။ ရွှီပေါ်အန်းအနေဖြင့် သူတို့အတွက် အရာအားလုံးကို လုပ်ပေးနိုင်မည် မဟုတ်ချေ။

*အကြံကောင်းပဲ...၊ အကောင်အထည် ဖော်လိုက်ကြစို့...။*

သို့သော် ထိုသို့မလုပ်မီ ဤလူပုလေးများထဲတွင် အမျိုးသားနှင့် အမျိုးသမီး မည်မျှရှိသည်ကို အရင်ဆုံး ရေတွက် ရပေမည်။ တည်ဆောက်မည့် ရေကန်၏ အကောင်းဆုံး အရွယ်အစားကို ဆုံးဖြတ်ရန် အချက်အားလုံးကို ထည့် သွင်း စဉ်းစားသင့်လေသည်။

ရွှီပေါ်အန်းသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် လီခန့်ရှန်းကို ခေါ်လိုက်လေ၏။

"လီခန့်ရှန်း...၊ အခု ငါတို့ဆီမှာ အမျိုးသား ဘယ်လောက်နဲ့ အမျိုးသမီး ဘယ်လောက်လောက် ရှိလဲဆိုတာကို ရေတွက်ပြီး ပြောပြပေးလို့ ရမလား...။"

ရွှီပေါ်အန်းက ရေချိုးကန် တည်ဆောက်မည့် သူ၏ ရည်ရွယ်ချက်ကို မပြောပြခဲ့သော်လည်း လီခန့်ရှန်းသည် တောင်စောင့်နတ်မင်းကြီးထံမှ ညွှန်ကြားချက်များကို ချက်ချင်းပင် တစ်ဆင့် ပြန်လည်ပြောပြခဲ့လေ၏။ ဤသည် မှာ အထက်လူကြီးများ မြင်တွေ့လိုသော အရာပင် ဖြစ်လေသည်။

*အကြောင်းပြချက် မရှိဘဲ နာခံခြင်းပင်တည်း...။*

ယနေ့ခေတ်တွင် လီချင်းကျန်းသည် ရွာထဲ၌ ပညာအများဆုံး တတ်သူဖြစ်သောကြောင့် လီခန့်ရှန်းက တုံ့ပြန်ပြော ဆိုပြီးနောက် လီချင်းကျန်းကို သွားရှာလေ၏။

"ချင်းကျန်း...၊ မင်းရဲ့ အကူအညီ လိုအပ်နေတဲ့ ကိစ္စလေး တစ်ခုရှိတယ်...။"

ထိုအချိန်တွင် လီချင်းကျန်းသည် လီဝူးဖူက တောဝံပုလွေများကို လေ့ကျင့်သင်ကြားပေးနေသည်ကို စိတ်ဝင် တစား ကြည့်ရှုနေခဲ့လေ၏။

လီခန့်ရှန်း၏ စကားကို ကြားသောအခါ သူသည် အလျင်အမြန် ရှေ့သို့ တိုးလာပြီး ယဉ်ကျေးစွာ ပြောလိုက် လေသည်။

"အဘိုး...၊ အဘိုး ဘာပြောချင်တာပါလဲ...၊ တိုက်ရိုက်သာ အမိန့်ပေးလိုက်ပါ...။ ဒီလောက်တောင် တရားဝင် ဖြစ်နေစရာ မလိုပါဘူး...။"

လီချင်းကျန်း၏ အဘိုးနှင့် လီခန့်ရှန်းတို့မှာ ညီအစ်ကိုဝမ်းကွဲများ ဖြစ်ကြသဖြင့် သူသည် လီချိန်းရှီ၏ စံနမူနာကို ယူကာ လီခန့်ရှန်းကို "အဘိုး" ဟု ခေါ်ဆိုခြင်း ဖြစ်လေသည်။

လီခန့်ရှန်းသည် လီဝူးဖူကို အပြုံးဖြင့် နှုတ်ဆက်လိုက်ပြီးနောက် ပြောလိုက်လေ၏။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ဒီနေရာမှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်လောက်ရှိလဲဆိုတာကို ရေ တွက်ချင်တယ်လို့ ပြောတယ်...၊ တိတိကျကျ လုပ်နိုင်ဖို့အတွက် ဒီကိစ္စကို မင်းပဲ လုပ်သင့်တယ်လို့ ငါထင် တယ်...။"

လီချင်းကျန်းက ခေါင်းညိတ်လိုက်ပြီးနောက် မသိစိတ်မှ မေးလိုက်မိလေသည်။

"အို...၊ လူဦးရေ စာရင်းကောက်တာလား...။ ဘာရည်ရွယ်ချက်နဲ့များပါလိမ့်...။"

လီခန့်ရှန်းက အလျင်အမြန် လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်ပြီး အနည်းငယ် လေးနက်စွာ ပြောလိုက်လေ ၏။

"ရပ်... ရပ်... ရပ်...၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ မေးခွန်းတွေ အများကြီး မမေးနိုင်ဘူး...။ တိုတိုပြောရရင် ငါတို့ က တောင်စောင့်နတ်မင်းကြီး ညွှန်ကြားတဲ့အတိုင်း လုပ်ဖို့ပဲ လိုတယ်...။"

လီချင်းကျန်းလည်း သဘောပေါက်သွားပြီး ပြောလိုက်လေသည်။

"ဟုတ်တယ်... ဟုတ်တယ်...၊ ကျွန်တော့် ပါးစပ်ကိုပဲ ကြည့်ပါဦး...၊ အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်... ။ မစိုးရိမ်ပါနဲ့...၊ ရေတွက်တုတ်တံတွေအဖြစ် သုံးဖို့ သစ်သားတုတ်ချောင်းလေးတွေ သွားယူပြီး လူတွေကို ဝေ ပေးလိုက်ပါ့မယ်...။ ပြီးရင် သင်္ချာတွက်နည်းကျမ်းထဲက တွက်နည်းကို သုံးပြီး တွက်ချက်မှု နည်းနည်းလုပ် လိုက် ပါမယ်...။ ဒီည မတိုင်ခင် သေချာပေါက် ရလဒ်ထွက်လာစေရပါမယ်...။"

လီခန့်ရှန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ၏။

"ဒီကိစ္စအတွက် မင်းကို အကူအညီတောင်းရမယ်ဆိုတာ ငါသိနေခဲ့တယ်...။"

လီချင်းကျန်းက နှိမ့်ချစွာ ပြုံးပြလိုက်သော်လည်း သူ၏ မျက်လုံးများထဲရှိ ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်ကိုမူ ဖုံးကွယ်ထားရန် မဖြစ်နိုင်ခဲ့ချေ။

မဟာကျင့်မင်းဆက်တွင် စာရေးစာဖတ် တတ်မြောက်ပြီး သင်္ချာပညာတွင် ကျွမ်းကျင်သူများကို အလွန် အောင်မြင်သူများအဖြစ် သတ်မှတ်ထားပြီး ဖြစ်လေသည်။

All Chapters