← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃)စိတ်ကူးယဥ်ဆန်သော ဇာတ်လမ်းတစ်ပုဒ်အတွက် လိုအပ်သည့် အစိတ်အပိုင်းများ အားလုံး ပြည့်စုံသွားပြီ

"ပြီးပြီ"

နင်းဖန်၏ မျက်လုံးများတွင် ထက်မြက်သော အလင်းတန်း တစ်ခု ဖြတ်သန်းသွားခဲ့၏။ ကျောက်စိမ်းစာလိပ်၏ အဆုံးတွင် သူသည် ကျင့်ကြံခြင်းနည်းစနစ်၏ နာမည်ကို ချန်ထားခဲ့သည်။ ကမ္ဘာဦး အလင်းတန်း မူလအစ တာအို။

ဤကျင့်စဉ်တွင် ကမ္ဘာလောက၏ မူလအစကို တိုက်ရိုက်ထိတွေ့နိုင်လောက်သည့် အလွန်မြင့်မားသော အယူအဆတစ်ခု ပါဝင်နေခြင်းဖြစ်သည်။ သေချာသည်မှာ ဤကျင့်စဉ်သည် အလွန်နက်နဲခက်ခဲပြီး 'အင်္သချေ မူလတာအိုခန္ဓာကိုယ်' ပိုင်ဆိုင်ထားသူများသာလျှင် အောင်မြင်အောင် ကျင့်ကြံနိုင်မည်ဖြစ်သည်။ ဤကျင့်စဉ်၏ အဆင့်မှာမူ ကောင်းကင်ဘုံ အဆင့်မြင့်ပင် ဖြစ်ပေသည်။

"စီနီယာအစ်ကို... ကျွန်မ ခန္ဓာကိုယ်က အရမ်း ပူနေတယ်"

ကျန်းထန်၏ မျက်နှာမှာ နီရဲနေကာ သူမ၏ တစ်ကိုယ်လုံးမှာ တာအိုစည်းချက်များ ဖြာထွက်နေခဲ့၏။ သူ့အပေါ် သူမ၏ အကြည့်များမှာ ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤသည်မှာ တာအိုခန္ဓာကိုယ် သည် ပိုမို သင့်လျော်သော ကျင့်ကြံခြင်းနည်းစနစ်တစ်ခုနှင့် တွေ့ဆုံသောအခါ သဘာဝအတိုင်း ဖြစ်ပေါ်လာသော ထူးဆန်းသည့် ဖြစ်ရပ် ဖြစ်၏။

"ဂျူနီယာညီမလေး... စိတ်မပူနဲ့... ဒီကျင့်ကြံခြင်းနည်းစနစ်ကို မင်းအတွက် သီးသန့် ပြင်ဆင်ပေးထားတာ၊ ပြီးတော့ အဲဒါက မင်း ကျင့်ကြံတဲ့ 'ကိုးကြိမ်လည်ပတ်ခြင်း အရုဏ်ဦး ကျမ်းစာ' ရဲ့ အခြေခံအုတ်မြစ်နဲ့ ချောမွေ့စွာ ချိတ်ဆက်နိုင်တယ်"

နင်းဖန် ပြုံးကာ ကျောက်စိမ်းစာလိပ်ကို လေထဲမှတစ်ဆင့် ကျန်းထန်ထံသို့ တွန်းပို့လိုက်၏။

ကျန်းထန်သည် ထိုကျောက်စိမ်းစာလိပ်ကို သတိကြီးစွာဖြင့် ဖမ်းယူကာ သူမ၏ နဖူးပေါ်တွင် တင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း နင်းဖန် ရေးသားခဲ့သော အကြောင်းအရာများ အားလုံး သူမ၏ အသိစိတ်ပင်လယ်ထဲသို့ စီးဝင်သွားခဲ့၏။

ဖတ်နေစဉ်တွင် သူမသည် စွမ်းအင်များကို လည်ပတ်စေခဲ့သည်။ ကျင့်ကြံခြင်းနည်းစနစ်၏ ကူးပြောင်းမှုမှာ မယုံနိုင်လောက်အောင် သဘာဝကျပြီး သူမ၏ ခန္ဓာကိုယ်နှင့် ချက်ချင်း လိုက်လျောညီထွေ ဖြစ်သွားခဲ့၏။

ဝိညာဉ်စွမ်းအင်များ ဆက်တိုက် တိုးတက်လာပြီး အတားဆီးကို ချက်ချင်း ချိုးဖျက်နိုင်ခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းသည် စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ် အလယ်အလတ်အဆင့် သို့ တက်လှမ်းသွားခဲ့၏။

ကျန်းထန် သူမ၏ ကျင့်ကြံခြင်းနည်းစနစ်ကို ပြောင်းလဲပြီး သူတို့ နှစ်ဦးစလုံး နယ်ပယ် ချိုးဖျက်မှုများကို ပြီးမြောက်ခဲ့စဉ်မှာပင်။

ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌မူ။

အကြီးအကဲများ အားလုံး အသက်ရှူမြန်နေကြ၏။ နင်းဖန်သည် ကျင့်ကြံခြင်းနည်းစနစ်ကို ဖန်တီးနိုင်စွမ်း အမှန်တကယ် ရှိနေခဲ့၏။ ထို့အပြင် ထိုနည်းစနစ်မှာ ကောင်းကင်အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ်ပင် ဖြစ်၏။

ဤသည်မှာ အလွန် ချဲ့ကားလွန်းလှသည်။သူ အဆင့် ၁၀ နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံး ဖော်စပ်သည်ထက်ပင် ပို၍ အံ့သြစရာ ကောင်းပေသည်။

မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းနည်းစနစ်များသည် သိုင်းပညာ အမွေအနှစ်၏ ဝိညာဉ် ဖြစ်၏။ ရှေးပညာရှိများ ဖန်တီးခဲ့သော ကျင့်ကြံခြင်းနည်းစနစ်များသာ မရှိပါက လူသားမျိုးနွယ်သည် ကမ္ဘာပေါ်တွင် ဤမျှကြာရှည်စွာ ရပ်တည်နိုင်မည် မဟုတ်ချေ။

ကျင့်ကြံခြင်း နည်းစနစ်တိုင်းတွင် ထူးခြားသော အရေးပါမှုများ ရှိကြသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ထိပ်တန်းအဆင့် နတ်ဘုရားကျင့်စဉ်များသည် မျိုးဆက်ပေါင်း တစ်သောင်းတိုင်အောင် လက်ဆင့်ကမ်း သွားကြမည်ဖြစ်ပြီး ရေတွက်မရနိုင်သော လူသားကျင့်ကြံသူများ၏ ရိုသေလေးစားမှုကို ရရှိကြမည်ဖြစ်သည်။ ၎င်းတို့ကို ဖန်တီးခဲ့သူများမှာလည်း သမိုင်းတွင် ကမ္ပည်းတင်ကျန်ရစ်ကာ ပညာရှိကြီးများ ဖြစ်လာကြပေလိမ့်မည်။

ယခု သူတို့သည် ကောင်းကင်ဘုံ အဆင့်မြင့်ကျင့်စဉ်တစ်ခု မွေးဖွားလာမှုကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ထိုသို့ ဖန်တီးလိုက်သည့် လုပ်ငန်းစဉ်မှာ နှစ်နာရီပင် မကြာမြင့်ခဲ့ရာ ဤအချက်ကပင် လုံးဝ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

အခြားသူများအနေဖြင့် ကျင့်စဉ်တစ်ခုကို ဖန်တီးရာတွင် တစ်သက်တာလုံးရှိသမျှ အင်အားကို ကုန်ဆုံးရမည့်အပြင် အချိန်အခါကောင်း၊ ပထဝီဝင် အားသာချက်နှင့် လူသားတို့၏ ပူးပေါင်းဆောင်ရွက်မှု စသည့် အချက်သုံးချက်စလုံး ပြည့်စုံမှသာလျှင် အောင်မြင်နိုင်ကြောင်း သိထားသင့်သည်။ သို့သော် နင်းဖန်အတွက်မူ ထိုအရေးမှာ ရေသောက် ထမင်းစားရသကဲ့သို့ အလွန်ပင် လွယ်ကူနေခဲ့တော့သည်။

ရွှီယိုဝေ တံတွေး မျိုချကာ တုန်ယင်စွာ ပြောလိုက်သည်။

"နတ်ဘုရား တစ်ပါး၊ နင်းဖန်က နတ်ဘုရား တစ်ပါးပဲ... သူက ငါ့ထက်တောင် ချွမ်းကုန်းတောင်ထိပ် ရဲ့ တောင်ထိပ်အရှင်သခင် ဖြစ်ဖို့ ပိုသင့်တော်သေးတယ်"

ဂိုဏ်းချုပ် ဖေ့ချင်းယွီ၏ စိတ်မှာလည်း ပွက်လောရိုက်နေခဲ့သည်။

"ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တွေကို ပေါ့ပေါ့ပါးပါး ဖန်တီးနိုင်တာ…. ဒါက သူ့ရဲ့ အခြေခံအုတ်မြစ် ဘာ်လောက်နက်ရှိုင်းလဲဆိုတာ ပြနေရုံသာမကဘူး လူသားမျိုးနွယ်ရဲ့ ရှေးပညာရှိတွေနဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့ အလွန် မြင့်မားတဲ့ နားလည်နိုင်စွမ်းကိုလည်း ပြသနေတာပဲ"

နင်းဖန် ကျင့်ကြံသော အကန့်အသတ်မဲ့ တာအို စိတ်ပင်လယ် သည် ကောင်းကင်အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ် သုံးဆယ့်ခုနစ်ခု၏ ပေါင်းစပ်မှုမှ ဆင်းသက်လာခြင်း ဖြစ်၏။ ဤသည်မှာ သူ၏ အမွေအနှစ် ဖြစ်ပြီး ကျင့်ကြံခြင်းနည်းစနစ်များ ဖန်တီးရာတွင် သူ့ကို အထောက်အကူပြုရန် လုံလောက်သော အခြေခံအုတ်မြစ်လည်း ဖြစ်သည်။ သို့သော် ဤအရာများ ရှိရုံဖြင့် မလုံလောက်ချေ။

'အကန့်အသတ်မဲ့ တာအို စိတ်ပင်လယ်' အတွင်းရှိ ထောင်ပေါင်းများစွာသော နည်းစနစ်များထဲမှ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို သီးသန့်ခွဲထုတ်ပြီး ပြုပြင်ပြောင်းလဲရန်မှာ အလွန်ခက်ခဲလှသော ကိစ္စဖြစ်သည်။

ထိုသို့ပြုလုပ်နိုင်ရန် လျင်မြန်ဆန်းသစ်သော တွေးခေါ်မှုနှင့် အလွန်အားကောင်းသော နားလည်နိုင်စွမ်းတို့ စနစ်တကျ ပေါင်းစပ်ညှိနှိုင်းနိုင်ရမည် ဖြစ်သည်။ ထိုအချက်များ မရှိပါက အခြေအမြစ်မရှိသော အရာတစ်ခုသာ ဖြစ်လာပြီး အောင်မြင်ရန် လုံးဝ မဖြစ်နိုင်ချေ။

သို့သော် ယခုအခိုက်အတန့်တွင် နင်းဖန်၏ လုပ်ရပ်များက အချက်တစ်ချက်ကို တိတ်ဆိတ်စွာ သက်သေပြ ကြေညာနေခဲ့သည်။ ယင်းမှာ သူ၏ ပါရမီစွမ်းရည်သည် ကမ္ဘာကြီးကို တုန်လှုပ်စေရုံရုံမျှမက သူ၏ ဉာဏ်ပညာ နားလည်နိုင်စွမ်းသည်လည်း သမိုင်းတစ်လျှောက်လုံးတွင် အနှိုင်းမဲ့ ပြိုင်ဘက်ကင်း ဖြစ်နေသည်ဟူသော အချက်ပင် ဖြစ်တော့သည်။

ယွီရူရွှမ်း ညင်သာစွာ ပြုံးလိုက်၏။

"နင်းဖန် ရှိနေသရွေ့ ငါတို့ ဂိုဏ်းမှာ အနာဂတ်အတွက် အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ်တွေ ဘယ်တော့မှ ပြတ်လပ်မှာ မဟုတ်ဘူးလို့ ထင်တယ်"

ထိုစဉ်က နင်းဖန် ကျင့်ကြံခြင်းနည်းစနစ်များကို ပေါင်းစပ် ခဲ့စဉ်က ဂိုဏ်းသည် အကန့်အသတ်မဲ့ တာအို စိတ်ပင်လယ် ကဲ့သို့သော နတ်ဘုရား ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ရရှိခဲ့သော်လည်း ကျမ်းစာဆောင်၏ နဝမထပ် သည်လည်း ဟာလာဟင်းလင်း ဖြစ်သွားခဲ့၏။

အကြီးအကဲများသည် ဤမြင်ကွင်းကို ထုတ်မပြောကြသော်လည်း သူတို့၏ နှလုံးသားထဲတွင် ဝမ်းနည်းမှု တစ်ခု ကျန်ရှိနေခဲ့သည်။

သို့သော် နင်းဖန်က အဆင့်မြင့်ကျင့်ကြံခြင်းနည်းစနစ်များကို အလွယ်တကူ ဖန်တီးနိုင်သည့် စွမ်းရည်ရှိကြောင်း ပြသလိုက်သည့်အခါ အားလုံး ချက်ချင်း ဝမ်းသာသွားကြသည်။ နင်းဖန်သာ ဆန္ဒရှိပါက နောက်ထပ်နည်းစနစ်အများအပြားကို ဖန်တီးနိုင်သောကြောင့် ယခင်က ဆုံးရှုံးသွားခဲ့သည့် ကောင်းကင်အဆင့်မြင့် နည်းစနစ် သုံးဆယ့်ခုနစ်ခုအတွက် နှမြောတသဖြစ်စရာ မလိုတော့ဘဲ ဂိုဏ်းအတွက် မျှော်လင့်ချက်အသစ်များ ရရှိသွားကြသည်။

"ဂိုဏ်းချုပ် ... ခင်ဗျား ဘာလို့ ရာထူးက မဆင်းပေးတာလဲ... ဂိုဏ်းအပေါ် ညီအစ်ကိုဖန် ရဲ့ ပံ့ပိုးမှုက အရမ်း ကြီးမားတယ်၊ သူက ဂိုဏ်းချုပ် ဖြစ်ဖို့ ပိုသင့်တော်တယ်လို့ ငါ ထင်တယ်"

ရွှီယိုဝေ သည် သူ၏ လက်ကို မြှောက်ကာ အကြံပြုလိုက်၏။

ဤသည်ကို ကြားသောအခါ ထိုနေရာတွင် ရှိနေသူ အားလုံး၏ မျက်နှာ မဲ‌မှောင်သွားခဲ့သည်။

လီချန်မင် က ပြောလိုက်သည်။

"စီနီယာအစ်ကိုရွှီ... ခင်ဗျား တကယ်ကို အရှက်မရှိတာပဲ"

ရှောင်ချာ၊ ချီလေ့ကွမ် နှင့် အခြားသူများမှာ လီချန်မင် သည် ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ နံပါတ်တစ် အဆိပ်ပြင်းသော လျှာ နှင့် ထိပ်တိုက်ရင်ဆိုင်ရဲလောက်အောင် သတ္တိရှိသည်ကို မြင်သောအခါ လေးစားမှုများဖြင့် ပြည့်နှက်သွားကြပြီး သူတို့ အားလုံး လက်မထောင်ပြလိုက်ကြ၏။

သို့သော် သူတို့၏ လေးစားမှု သုံးစက္ကန့်ပင် မခံခဲ့‌ ပေ။ လီချန်မင် ပြောသည့် နောက်ထပ် စကားကို သူတို့ ကြားလိုက်ရသည်။

" ငါ့အဘိုးက ဘယ်အချိန်တုန်းက မင်းရဲ့ အစ်ကို ဖြစ်သွားတာလဲ"

ထိုစကားများ သူ၏ ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရွှီယိုဝေ နေရာမှာတင် မှင်တက်သွားခဲ့၏။ အခြား အကြီးအကဲများမှာ ခလုတ်တိုက်မိကာ မြေကြီးပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားကြသည်။

နင်းဖန်ကို မျက်နှာချိုသွေးရန်အတွက် ဂုဏ်သိက္ခာ အားလုံးကို စွန့်လွှတ်ပြီး ထိုကဲ့သို့သော စကားမျိုးကိုပင် ပြောဆိုနိုင်သည်ဟု တွေးမိကြသည်။ ဖေ့ချင်းယွီ သည် လုံးဝ မောပန်းနေပုံဖြင့် သူ၏ နဖူးကို လက်တစ်ဖက်ဖြင့်ပင် ကိုင်ထားခဲ့၏။ ယွီရူရွှမ်း သည် အနီးအနားတွင် ပါးစပ်ကို အုပ်ကာ ပြုံးနေခဲ့သည်။

သူ ကိုယ်တိုင် ဖန်တီးထားသော ကျင့်ကြံခြင်းနည်းစနစ်သည် ဂိုဏ်း၏ အပေါ် မည်သို့သော သက်ရောက်မှုများ ရှိစေခဲ့ကြောင်းကို နင်းဖန် မသိသေးချေ။ ယခုအချိန်တွင် သူနှင့် ကျန်းထန် တို့သည် သူတော်စင်မိန်းမပျို နန်းတော်မှ ထွက်လာခဲ့ပြီး အစားအစာ စားရန် သားရဲတစ်သောင်းတောင်ထိပ် သို့ ရောက်ရှိလာကြ၏။ နယ်ပယ် ချိုးဖျက်မှုကို ဂုဏ်ပြုရန်အတွက် သူသည် ဟော့ပေါ့ အမြောက်အမြားကို ချက်ပြုတ်ခဲ့သည်။

ကျန်းထန် သည် ထိုအစားအစာများကို အရူးအမူး စားသောက်နေပြီဖြစ်ပြီး သူမ၏ တူများမှာ ဝဲပျံနေခဲ့၏။ နင်းဖန်သည် အူကြောင်ကြောင် ဂျူနီယာညီမလေး၏ အသွင်အပြင်ကို ကြည့်နေသော်လည်း သူမ၏ အဓိက ကိုယ်ပွား၏ အေးစက်သော အမူအကျင့်ကို သူ မတွေးဘဲ မနေနိုင်ခဲ့ချေ။

"ဂျူနီယာညီမလေး... မင်းရဲ့ အရင် ပုံစံနဲ့ ယှဉ်လိုက်ရင် မင်းတို့က လုံးဝ မတူညီတဲ့ လူနှစ်ယောက်ပဲ"

ကျန်းထန် ထိုစကားကို ကြားသောအခါ သူမ၏ ပါးစပ်ထဲတွင် အသားများ ပြည့်နေပြီး ရေရွတ်လိုက်သည်။

"စီနီယာအစ်ကို... ကျွန်မနဲ့ 'တခြား ကျွန်မ' ကြားမှာ တကယ်ပဲ အများကြီး ကွာခြားနေတာလား"

"သေချာတာပေါ့"

နင်းဖန်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

"တခြား မင်းက အေးစက်တဲ့ မျက်နှာနဲ့ ချစ်စရာလေး၊ ဒါပေမယ့် မင်းက ... မင်းက ချစ်စရာ မျက်နှာနဲ့ ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးပဲ"

"ချစ်စရာ... ချစ်စရာ မျက်နှာနဲ့ ဆွဲဆောင်မှုရှိတဲ့ ကောင်မလေး"

ကျန်းထန် မှင်တက်သွားပြီး ဝါးနေသည်ကိုပင် ရပ်တန့်လိုက်၏။ သူမ၏ ပါးပြင်များမှာ ဖောင်းနေပြီး ရှဉ့်တစ်ကောင်ကဲ့သို့ သူ့ကို ငေးကြောင်ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးကြီးများမှာ ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

စီနီယာအစ်ကိုက အဘယ်ကြောင့် ထူးဆန်းသော စကားများ ထပ်ပြောနေသနည်းဟု တွေးလိုက်မိသည်။ ထို့အပြင် သူမက မည်သည့်နေရာတွင် ဆွဲဆောင်မှု ရှိနေသနည်းဟု စဉ်းစားနေမိသည်။

ဤအခြေအနေကို မြင်သောအခါ နင်းဖန်သည် သူမ နားမလည်ကြောင်း သိလိုက်သဖြင့် ထို အသုံးအနှုန်း နှစ်ခု၏ အဓိပ္ပာယ်ကို ရှင်းပြလိုက်၏။ နောက်ဆုံးတွင် သူက လေးလေးနက်နက် ထပ်ပြောလိုက်သည်။

"ဂျူနီယာညီမလေး... မင်းက နေ့တိုင်း ရုပ်ချောတာကို စွဲလမ်းနေတယ်၊ မင်းရဲ့ စီနီယာအစ်ကိုအပေါ် အခွင့်ကောင်းယူဖို့ အမြဲတမ်း တွေးနေတယ်... ငါ့ရဲ့ ဝမ်းဗိုက် ကြွက်သားတွေတောင် မင်းကြောင့် ချောမွတ်လုနီးပါး ဖြစ်နေပြီ... မင်းက ဆွဲဆောင်မှုရှိတဲ့ ကောင်မလေး မဟုတ်ရင် ဘယ်သူဖြစ်မလဲ"

သူတို့ ပထမဆုံး တွေ့ဆုံခဲ့ချိန်ကို ပြန်တွေးကြည့်လိုက်လျှင် သူမသည် လူမှုဆက်ဆံရေးတွင် အလွန် စိုးရိမ်ပူပန်ပြီး ရှက်တတ်ကာ ချုပ်တည်းထားသကဲ့သို့ ပြုမူခဲ့သည်။ ရင်းနှီးသွားပြီးနောက် သူမ၏ စစ်မှန်သော သဘောသဘာဝက လုံးဝ ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။ သူမက နှာဘူးမကြီးပင် ဖြစ်၏။

"စီနီယာအစ်ကို... ကျွန်မက ရှင့်အပေါ်မှာပဲ ဒီလို ပြုမူတာပါ..."

ကျန်းထန် မျက်နှာနီရဲသွားပြီး ငြင်းခုံလိုက်သည်။

"ပြီးတော့ ဘာလို့လဲတော့ မသိဘူး၊ စီနီယာအစ်ကို ကို မြင်တိုင်း ပိုပိုပြီး နီးကပ်ချင်နေမိတယ်"

နင်းဖန် နားလည်သွားခဲ့သည်။ ဂျူနီယာညီမလေးသည် သူ့ကို စိတ်ရော ကိုယ်ပါ သဘောကျနေခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ နင်းဖန်သည် ဂိမ်း ဆရာကြီး တစ်ဦးအနေဖြင့် ပြဿနာ၏ အဓိက အချက်ကို ချက်ချင်း မြင်လိုက်ရ၏။ သူ၏ အတွင်းစိတ်တွင် အနည်းငယ် ကျေနပ်နေခဲ့သည်။

ဝတ္ထုများသည် သူ့ကို တကယ် မလိမ်ခဲ့ကြောင်း တွေးမိသည်။ သေချာသည်မှာ ဇာတ်လိုက်က တခြား ကမ္ဘာသို့ ကူးပြောင်း ပြီးသွားပြီးနောက် ဇာတ်လမ်းက သဘာဝအတိုင်း ပေါ်လာခြင်းပင် ဖြစ်သည်။ သူရဲကောင်း၊ အလှတရား၊ ကမ္ဘာကြီးကို ကယ်တင်ခြင်း။ ရိုမန်တစ်ဆန်သော ဇာတ်လမ်းတစ်ပုဒ်အတွက် လိုအပ်သည့် အစိတ်အပိုင်းများ အားလုံး ပြည့်စုံသွားပြီဖြစ်ရာ အရာအားလုံးက ပြီးပြည့်စုံနေပေသည်။

---

အခန်း (၁၅၄) ရုပ်သေးရုပ်များကို ထိန်းချုပ်ခြင်းနှင့် နတ်ဘုရားစိတ်အာရုံ ကို ပုံသွင်းရန် ဓားများကို ကိုင်ဆောင်ခြင်း၊ ဂျူနီယာညီမလေး နှင့် အလောင်းအစား လုပ်ခြင်း

နောက်တစ်နေ့။

နံနက်စောစောတွင် နင်းဖန်နှင့် ကျန်းထန်တို့သည် လှေပျံ ကို မောင်းနှင်ကာ ဝိညာဉ်ဖိနှိပ်ခြင်း တောင်ထိပ် ဘက်သို့ သွားခဲ့ကြ၏။

နတ်ဘုရားစိတ်အာရုံကို အားကောင်းစေမည့် နည်းလမ်းများစွာ မရှိချေ။ နတ်ဘုရားစိတ်အာရုံကို မြှင့်တင်ရန် ဆေးလုံးများ သောက်သုံးခြင်းအပြင် ရုပ်သေးရုပ် နှင့် ဓား ထိန်းချုပ်ခြင်း ကဲ့သို့သော အထူး ကျင့်ကြံခြင်း နည်းလမ်းများမှတစ်ဆင့်လည်း အောင်မြင်နိုင်ပေသည်။ ဤနှစ်ခုစလုံးသည် လုပ်ဆောင်ရန် အားကောင်းသော နတ်ဘုရားစိတ်အာရုံ နှင့် ဝိညာဉ် လိုအပ်၏။

အကယ်၍ ရေရှည် ကျင့်ကြံပါက နတ်ဘုရားစိတ်အာရုံသည် ပိုမို ခိုင်မာပြီး အားကောင်းလာမည် ဖြစ်သည်။ နတ်ဘုရားစိတ်အာရုံ၏ အကွာအဝေးမှာ တိုးတက်လာမည် မဟုတ်သော်လည်း နတ်ဘုရားစိတ်အာရုံ၏ အရည်အသွေးမှာ သေချာပေါက် များစွာ ပိုမို နက်ရှိုင်းလာမည် ဖြစ်၏။

ထိုအရည်အသွေးသည် နတ်ဘုရား ကျင့်ကြံသူများ၏ စံနှုန်းအထိပင် ရောက်ရှိနိုင်ပြီး နတ်ဘုရားစိတ်အာရုံကို သဏ္ဌန်များဖြစ် ပေါ်လာစေကာ စိတ်စွမ်းအား ဖြင့် အခြားသူများကို ဒဏ်ရာရစေနိုင်ပေသည်။

"ပုံမှန်လူတွေရဲ့ နတ်ဘုရားစိတ်အာရုံက ဖြန့်ကျက်လိုက်တဲ့အခါ ရေလှိုင်းတစ်ခုလိုပဲ၊ ပြန့်ကျဲနေပြီး ထောက်လှမ်းဖို့ပဲ စွမ်းဆောင်နိုင်တယ်"

" နတ်ဘုရား ကျင့်ကြံသူတွေကတော့ အကွာအဝေး ထက် စွမ်းအားသိပ်သည်းမှု ကို ပိုအာရုံစိုက်ကြတယ်”

"အားကောင်းတဲ့ နတ်ဘုရား ကျင့်ကြံသူတွေက သူတို့ရဲ့ နတ်ဘုရားစိတ်အာရုံကို ပုံစံတွေအဖြစ် ပေါ်လာစေနိုင်တယ်၊ လေဟာနယ် ထဲမှာ သူတို့ လိုချင်တဲ့ ဘယ် ပုံသဏ္ဌာန်မဆို ဖန်တီးနိုင်ပြီး ရန်သူတွေကို မမျှော်လင့်ထားတဲ့ နေရာကနေ တိုက်ခိုက်နိုင်တယ်"

နင်းဖန်သည် လှေပျံ၏ အရှေ့ဘက်တွင် လက်များကို နောက်ပစ်ကာ ရပ်နေပြီး ကျမ်းစာဆောင်မှ သူ ရရှိခဲ့သော အသိပညာများကို ကြွားလုံးထုတ်နေခဲ့၏။

ကျန်းထန် သည် သူ့ဘေးတွင် စိတ်အားထက်သန်စွာ လက်ခုပ်တီးနေခဲ့သည်။ သူမ၏ မျက်လုံးများ တောက်ပနေသည်။

"စီနီယာအစ်ကို က အရမ်း အံ့သြဖို့ကောင်းတာပဲ"

သို့သော် တကယ်တမ်းတွင် ကျန်းထန် သည် အရာအားလုံးကို နားလည်ပေသည်။ သူမသည် စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ် တွင် အကျွမ်းကျင်ဆုံး ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူတော်စင်မိန်းမပျိုသည် ယခင်က စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိခဲ့ဖူးသည်။ သူမ၏ တုံ့ပြန်မှုမှာ နင်းဖန် မျက်နှာမပျက်စေရန် ဖြစ်သည်။

နင်းဖန်လည်း ကျန်းထန်သည် သူ့ကို တမင်တကာ မြှောက်ပင့်နေကြောင်း သိပေသည်။ သူမသည် ဂုဏ်သိက္ခာရှိသော ဂိုဏ်း၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး အပြင်စည်း အစမ်းခန့်တပည့်တစ်ဦးဖြစ်သော သူ့ထက် ကျင့်ကြံခြင်းတာအိုအကြောင်းကိုများစွာ ပိုမိုနားလည်ပေလိမ့်မည်။

"ဝှစ် ဝှစ် ဝှစ်......."

သူတို့၏နားထဲရှိ လေသံမှာ တဖြည်းဖြည်း အားနည်းလာပြီး လှေပျံသည် ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်၏ ထိပ်ဝသို့ ဆင်းသက်သွားခဲ့သည်။

[ဒင် ပိုင်ရှင်သည် ဝိညာဉ်ဖိနှိပ်ခြင်း တောင်ထိပ်သို့ ရောက်ရှိသွားကြောင်း တွေ့ရှိရသည်။ အဆင့်မြင့် လမ်းညွှန် မစ်ရှင် တစ်ခုကို အစပျိုးပေးသည်။ 'ရုပ်သေးရုပ် တစ်သောင်း ဂါရဝပြုရာ ခန်းမ' တွင် ရုပ်သေးရုပ် တစ်ရာကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ပါ။ ပြီးမြောက်ပါက ရွှေရောင် ပါရမီ ဆုလာဘ် "ကောင်းကင် လက်မှုပညာ အမိန့်တော်" ကို ရရှိမည်]

[ကောင်းကင် လက်မှုပညာ အမိန့်တော်- မင်းရဲ့ လက်တွေက ကောင်းကင်ဘုံ အနုပညာ ရဲ့ သက်သေပဲ၊ မင်းရဲ့ ဆန္ဒက ဖန်ဆင်းခြင်း အမိန့်တော် ပဲ ဒီ ပါရမီ ကို ပိုင်ဆိုင်ထားတဲ့အခါ ရုပ်သေးရုပ် တာအို အပေါ် နားလည်မှုက အလွန် တိုးတက်လာမယ်၊ ရုပ်သေးရုပ်တွေကို ထိန်းချုပ်ဖို့ နတ်ဘုရားစိတ်အာရုံ ရဲ့ အသုံးပြုမှု နှုန်းက သုံးဆ တိုးလာမယ်၊ ပြီးတော့ ဘယ် အဆင့် ရုပ်သေးရုပ်ကိုမဆို ပြုလုပ်ရာမှာ မင်းရဲ့ အောင်မြင်မှု နှုန်းက ကိုးဆယ် ရာခိုင်နှုန်း အထိ တိုးလာမယ်]

နင်းဖန် ဆင်းသက်လိုက်သည်နှင့်တပြိုင်နက် စနစ်၏ အသိပေးချက်က သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့၏။ သူ၏ မျက်လုံးများလင်းလက်သွားခဲ့သည်။ မင်း နောက်ဆုံးတော့ ပေါ်လာပြီး။

ထို့အပြင် ဤမစ်ရှင်၏ အကြောင်းအရာသည် သူ လုပ်ဆောင်တော့မည့်အရာနှင့် ကိုက်ညီနေခဲ့၏။

ရုပ်သေးရုပ် တာအိုသည် လူသိနည်းသော လမ်းကြောင်းတစ်ခု ဖြစ်သော်လည်း၊ အမှန်တကယ် ကျွမ်းကျင်ပါက ဆေးဖော်စပ်ခြင်း သို့မဟုတ် မှော်လက်နက် ဖန်တီးခြင်းထက် မနိမ့်ကျပေ။

ထိုအရာကို ကျယ်ကျယ်ပြန့်ပြန့် အသုံး မပြုရသည့် အကြောင်းရင်းမှာ သုံးချက် ရှိသည်။ ပထမအ ချက်မှာ ရုပ်သေးရုပ်များ ဖန်တီးရာတွင် အလွန် မြင့်မားသော ပါရမီ လိုအပ်သည်။ဒုတိယမှာ ရုပ်သေးရုပ် နည်းစနစ်များသည် ရှားပါးပြီး ဈေးကွက်တွင် တွေ့ရန် နည်းပါးသည်။ တတိယအချက်မှာ ရုပ်သေးရုပ် တာအိုသည် ပြင်ပစွမ်းအားဖြစ်ပြီ ဤကမ္ဘာရှိ လူများသည် ပြင်ပအရာဝတ္ထုများထက် မိမိကိုယ်ကို ကျင့်ကြံခြင်းကို ပို၍ နှစ်သက်ကြသည်။

မည်သို့ပင်ဆိုစေ အရာအားလုံးသည် အတုအယောင်များ ဖြစ်သည်။ ကိုယ်ပိုင် ကျင့်ကြံခြင်း သာလျှင် အစစ်အမှန် ဖြစ်သည်။ ရုပ်သေးရုပ် နည်းစနစ်များကို မည်မျှပင် ကျင့်ကြံထားပါစေ ၊ တိုက်ခိုက်ရေးစွမ်းအား မည်မျှပင် အားကောင်းစေကာမူ မိမိ၏ ကိုယ်ပိုင်နယ်ပယ် နိမ့်ကျနေပါက နောက်ဆုံးတွင် သက်တမ်းကုန်ဆုံးမည့် နေ့တစ်နေ့ ရောက်လာမည် ဖြစ်သည်။

ထို့ အကြောင်းအမျိုးမျိုးကြောင့် ရုပ်သေးရုပ် ပညာသည် တဖြည်းဖြည်း ကျဆင်းလာပြီး လူသိနည်းသော လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ပထမတန်းစား ဂိုဏ်းကြီးများနှင့် ထိပ်တန်းအဆင့် အင်အားစုများစွာတွင်ပင် ထိုအရာကို ကျင့်ကြံသူ မရှိပေ။

ထိုက်ရီအစစ်အမှန်ဂိုဏ်းသည် ချွင်းချက် ဖြစ်သည်။ ခွဲခြားဆက်ဆံမှု မရှိဘဲ အားလုံးကို လက်ခံသည့် ဂိုဏ်းတစ်ခုအနေဖြင့်၊ ဤနေရာတွင် မည်သည့် ထူးခြားသော လမ်းကြောင်းမဆို ပြသခွင့် ရရှိပေသည်။ ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်၏ မျိုးဆက်တစ်လျှောက်တွင် အဆက်ဆက်သော တောင်ထိပ် အရှင်သခင်များအားလုံးသည် ရုပ်‌ သေးတာအိုအပေါ် အလွန် စိတ်ဝင်စားမှု ပြသခဲ့ကြသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း သောင်းချီကတည်းက လူများသည် အမျိုးမျိုးသော ရုပ်သေးရုပ် နည်းစနစ်များကို စတင် စုဆောင်းခဲ့ကြသည်။

နောက်ပိုင်းတွင် ဂိုဏ်းချုပ်တစ်ဦးက အထူးခွင့်ပြုချက် ပေးခဲ့ပြီး ထိုစဉ်က ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်၏ တောင်ထိပ်အရှင်သခင်အား တောင်ပေါ်တွင် "ရုပ်သေးရုပ် တစ်သောင်း ဂါရဝပြုရာ ခန်းမ" တစ်ခု တည်ဆောက်ခွင့် ပြုခဲ့သည်။

ဤခန်းမအတွင်း၌ ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်၏ တောင်ထိပ်အရှင်သခင်များ ဖန်တီးခဲ့သော ရုပ်သေးရုပ်များကို သိမ်းဆည်းထားသည်။ သူတို့သည် အခြေအနေ တင်းမာနေချိန်တွင် တိုက်ခိုက်ရေး အင်အားစုတစ်ခုအဖြစ် ထမ်းဆောင်နိုင်ရုံသာမက၊ ငြိမ်းချမ်းပြီး သာယာဝပြောသော အချိန်များတွင် ဂိုဏ်းအတွင်းရှိ တပည့်များကို ရုပ်သေးရုပ် ထိန်းချုပ်ခြင်းမှတစ်ဆင့် နတ်ဘုရားစိတ်အာရုံကို ကျင့်ကြံခွင့်ပြုနိုင်ပေသည်။

ရုပ်သေးရုပ်များ ပိုမို ထိန်းချုပ်နိုင်လေလေ နတ်ဘုရားစိတ်အာရုံ ကျင့်ကြံခြင်းတွင် အကျိုးသက်ရောက်မှု ပိုကောင်းလေလေ ဖြစ်သည်။

ယနေ့ နင်းဖန်နှင့် ကျန်းထန်တို့ ဤနေရာသို့ လာရောက်ကာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့ရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ စနစ်၏ မစ်ရှင်သည် အသင့်တော်ဆုံး အချိန်တွင် ရောက်လာသည်ဟု ပြောနိုင်ပေသည်။ သူတို့နှစ်ဦးသည် ခရီးဆက်ခဲ့ပြီး မကြာမီ ရုပ်သေးရုပ် တစ်သောင်း ဂါရဝပြုရာ ခန်းမသို့ ရောက်ရှိခဲ့ကြသည်။

ဤခန်းမကို ပင်မ အဆောက်အအုံ၏ မြေအောက်တွင် တည်ဆောက်ထားပြီး အတွင်းပိုင်းမှ ဝင်ရောက်နိုင်ပေသည်။ ဧရိယာ တစ်ခုလုံးမှာ အလွန် ကျယ်ဝန်းပြီး တောင်ထိပ်အပိုင်းကို လုံးဝနီးပါး တူးဖော်ထားခဲ့သည်။

ချင်းရှီဟွမ်၏ ဂူဗိမာန်ရှိ ရွှံ့စစ်တပ်နှင့် ကဲ့သို့ ရေတွက်မရနိုင်သော ရုပ်သေးရုပ်များသည် ဤနေရောင်မရသော မြေအောက်တွင် အတန်းလိုက် စီထားကြသည်။

နင်းဖန် ဝင်ရောက်ပြီးနောက် ဝိညာဉ် စွမ်းအားတစ်မျှင်ကို အလင်းရောင်အတွက် အသုံးပြုသော ညဘက်တောက်ပကျောက်စိမ်း အတွင်းသို့ ပေးပို့လိုက်သည်။ ဤကျယ်ပြောလှသော နေရာသည် ချက်ချင်း လင်းထိန်သွားခဲ့သည်။

"ဝါး... စက်ယန္တရား ဖန်တီးမှုတွေ အများကြီးပဲ"

ကျန်းထန် သည် ထူးဆန်းသော ပုံစံရှိသည့် ရုပ်သေးရုပ်များကို စိုက်ကြည့်နေပြီး အခုမှ မြင်တွေ့ဖူးသော ကလေးတစ်ယောက်ကဲ့သို့ သူမ၏ မျက်လုံးများ တောက်ပနေခဲ့၏။

နင်းဖန်သည် သူ၏ သိုလှောင်ရေး လက်စွပ် ထဲမှ 'ရုပ်သေးရုပ် ထိန်းချုပ်ခြင်း အနုပညာ လမ်းညွှန်' ကို ထုတ်ယူကာ လျင်မြန်စွာ စတင် ဖတ်ရှုတော့၏။

"ငါ နားလည်ပြီ၊ နတ်ဘုရားစိတ်အာရုံက ရုပ်သေးရုပ် တစ်ခုနဲ့ ချိတ်ဆက်တဲ့အခါ အဲဒီစိတ်အာရုံကို အတွင်းမှာ ရေးထိုးထားတဲ့ ဝင်္ကပါ က စုပ်ယူသွားတာပဲ"

"နတ်ဘုရားစိတ်အာရုံ ရဲ့ သုံးဆယ် ရာခိုင်နှုန်းကို အသုံးပြုရ‌ ပေမယ့် နောက်ဆုံးမှာတော့ ဆယ်ရာခိုင်နှုန်းပဲ အကျိုးသက်ရောက်မှု ရှိတယ်"

"ဒါက ရုပ်သေးရုပ် များစွာကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ဖို့ ခက်ခဲရတဲ့ အကြောင်းရင်းပဲ ဘာလို့လဲဆိုတော့ နတ်ဘုရားစိတ်အာရုံ က မလုံလောက်လို့"

"ပြီးတော့ စနစ်က ဆုချတဲ့ 'ကောင်းကင် လက်မှုပညာ အမိန့်တော်' ပါရမီ က နတ်ဘုရားစိတ်အာရုံ ရဲ့ အသုံးပြုမှု နှုန်းကို သုံးဆ တိုးစေပြီး စုပ်ယူမှုကို လျှော့ချပေးတယ်"

သူသည် ရုပ်သေးရုပ် တာအိုနှင့် ပတ်သက်၍ အခြေခံ နားလည်မှုတစ်ခု ရရှိသွားသည်။

'ကောင်းကင် လက်မှုပညာ အမိန့်တော်' ပါရမီသည် ရွှေရောင်အဆင့်နှင့် ထိုက်တန်ကြောင်း ပြောရမည်ဖြစ်ပြီး တကယ်ကို အားကောင်းလှသည်။ ထိုအရာကို ရယူရန် စနစ်၏ အဆင့်မြင့်မစ်ရှင်ကို ဦးစွာ ပြီးမြောက်ရန် လိုအပ်သည်။ ထိုမစ်ရှင်မှာ ရုပ်သေးရုပ်တစ်ရာကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ခြင်း ပင်ဖြစ်သည်။ သို့သော် ဤသည်မှာ နင်းဖန်အတွက် မခက်ခဲချေ။

ပထမအချက်မှာ သူ၏ နတ်ဘုရားစိတ်အာရုံသည် လုံလောက်အောင် နက်ရှိုင်းနေပြီဖြစ် သည်။ ဒုတိယအချက်မှာ 'အကန့်အသတ်မဲ့ တာအို စိတ်ပင်လယ်’ သည် ကမ္ဘာကြီး၏ မရေမတွက်နိုင်သော နည်းလမ်းများကို စုစည်းထားသည်။

တိုက်ခိုက်ရေး သို့မဟုတ် ကာကွယ်ရေး နည်းစနစ်များ၊ လွတ်မြောက်ရေး အနုပညာများ၊ ဆေးဖော်စပ်ခြင်း၊ မှော်လက်နက် ဖန်တီးခြင်း၊ ဝင်္ကပါများ သို့မဟုတ် အဆောင်လက်ဖွဲ့များ ဖြစ်စေ၊ ထိုပညာရပ်များကို လွယ်ကူစွာ အသုံးချနိုင်သည်။

ထို့ကြောင့် ရုပ်သေးရုပ်တစ်ရာကို ထိန်းချုပ်သည့် အလုပ်မှာ အခြားသူများအတွက် အလွန် ခက်ခဲနိုင်သော်လည်း၊ နင်းဖန်အတွက်မူ အောင်မြင်ရန် အနည်းငယ် ကြိုးစားရုံသာ လိုအပ်သည်။

"ဂျူနီယာညီမလေး... ငါတို့ ပြိုင်ပွဲ တစ်ခု လုပ်ကြရအောင်……သုံးရက်အတွင်း ဘယ်သူက ရုပ်သေးရုပ်တွေကို ပိုထိန်းချုပ်နိုင်မလဲ ဆိုတာ ကြည့်ရအောင်၊ ဘယ်လိုလဲ"

သူသည် လက်များကို နောက်ပစ်ကာ ရပ်နေပြီး ကျန်းထန်ကို ပြုံးကာ ကြည့်လိုက်၏။ စီနီယာအစ်ကို က သူမနှင့် ယှဉ်ပြိုင်ချင်ကြောင်း ကြားသောအခါ စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ"

"ဒါဆို အလောင်းအစား တစ်ခု ထည့်လိုက်ရအောင်... အကယ်၍ ငါနိုင်ရင် မင်းက 'တခြား မင်း' ကို ထွက်လာပြီး ငါနဲ့ စကားပြောခွင့် ပေးမယ်၊ဘယ်လိုလဲ"

နင်းဖန်က အခွင့်အရေးကို ဆုပ်ကိုင်ကာ စကားပြောလိုက်၏။

ကျန်းထန် ခဏတာ တွေးတောလိုက်သည်။

"အဲဒါကို ကျွန်မ သဘောတူနိုင်ပါတယ် စီနီယာအစ်ကို၊ ဒါပေမယ့် 'သူမ' ထွက်လာချင်မှ ထွက်လာမှာနော်..."

နင်းဖန်က သဘောထားကြီးစွာဖြင့် ပြောလိုက်၏။

"ဘာမှ မဖြစ်ပါဘူး၊ မင်း ကြိုးစားကြည့်ရုံပဲလေ..."

ဤသည်ကို မြင်သောအခါ ကျန်းထန် က မျှော်လင့်တကြီး မေးလိုက်သည်။

"စီနီယာအစ်ကို... အကယ်၍ ကျွန်မ နိုင်ရင်ရော ”

နင်းဖန် ခဏတာ စဉ်းစားပြီး ဆုတစ်ခု အဆိုပြုလိုက်၏。

"အင်း... မင်းကို ငါ့ရဲ့ ဝမ်းဗိုက် ကြွက်သားတွေ ထိခွင့်ပေးမယ်၊ ဘယ်လိုလဲ"

ဤသည်ကို ကြားသောအခါ ကျန်းထန် သည် သူမ၏ ခေါင်းကို ခါရမ်းလိုက်ပြီး သူမ၏ အမူအရာမှာ လေးနက်နေသည်။

"စီနီယာအစ်ကို... ရှင် ကျွန်မကို အရမ်း အထင်သေးလွန်းတယ်... ရှင့်မျက်လုံးထဲမှာ ဒီ ကျွန်မ က တကယ်ပဲ အဲဒီလို လူမျိုးလား”

နင်းဖန် မေးလိုက်၏။

"ဒါဆို မင်း ဘာလိုချင်လဲ"

ကျန်းထန် စဉ်းလဲစွာ ပြုံးလိုက်သည်။

"ရှင့်ရဲ့ ရင်အုပ် ကြွက်သားတွေကို ထိခွင့်ပေး"

နင်းဖန်- "..."

‘မင်းရဲ့ သေးငယ်သော ရည်မှန်းချက်များကို ကြည့်ပါဦး'

အလောင်းအစားကို အတည်ပြုပြီးနောက် ထိုနှစ်ဦးသည် ခန်းမအလယ်ကို နယ်နိမိတ်သတ်မှတ်ကာ ရုပ်သေးရုပ်များကို ဘယ်နှင့်ညာ ပိုင်းခြား၍ တစ်ယောက်တစ်သုတ်စီ ထိန်းချုပ်ရန် ရွေးချယ်လိုက်ကြသည်။ မြေအောက်နန်းတော်၏ ညာဘက်ခြမ်းသို့ သွားသော ကျန်းထန်၏ မျက်နှာလေးတွင် ယုံကြည်မှုများ ပြည့်နှက်နေပြီး တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

"စီနီယာအစ်ကို၊ စီနီယာအစ်ကို... ကျွန်မ ရုပ်သေးအတတ်နဲ့ အချိန်အတော်ကြာကတည်းက ထိတွေ့ခဲ့ဖူးတယ် ဆိုတာကို ရှင် သေချာပေါက် မသိဘူး... ပြီးတော့ ဒီနေရာမှာ အရင်က ကျင့်ကြံခဲ့ဖူးတယ်၊ ကျွန်မရဲ့ အတွေ့အကြုံက ရှင့်ထက် အများကြီး သာလွန်တယ်...”

"ကျွန်မကို အပြစ်မတင်ပါနဲ့... ဘာပဲဖြစ်ဖြစ် ကျွန်မလို ကလေးမျက်နှာနဲ့ ဝံပုလွေ တစ်ကောင်က အောင်ပွဲရဖို့ ဂုဏ်သိက္ခာမဲ့တဲ့ နည်းလမ်းတွေကို ဘယ်တော့မှ အသုံးမပြုပါဘူး “

သူမ တွေးတောရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ သူမ၏ ပြည့်ဖြိုးသော ကလေးမျက်နှာလေးမှာ ရက်စက်သည့်အသွင်နှင့် မကိုက်ညီကြောင်း သူမ မသိခဲ့ချေ။ ထို့ကြောင့် သူမ၏ လက်ရှိအမူအရာမှာ ထူးဆန်းနေသည့်ပုံ ပေါက်နေသည်။

မြေအောက်နန်းတော်၏ ဘယ်ဘက်ခြမ်းရှိ နင်းဖန်သည် တစ်ယောက်တည်း ရေရွတ် နေသော ကျန်းထန်ကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေသည်။ ထို့နောက် သူ သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် အပြစ်ရှိသလို ခံစားရင်း တွေးလိုက်သည်။

"ဂျူနီယာညီမလေး၊ ဂျူနီယာညီမလေး... မင်းကို အနိုင်ကျင့်တဲ့အတွက် စီနီယာအစ်ကို ကိုလည်း အပြစ်မတင်ပါနဲ့... ဘာပဲဖြစ်ဖြစ် လှည့်ကွက် အသေးလေး သုံးတာက လှည့်ကွက် သုံးတယ်လို့ မသတ်မှတ်ဘူးလေ"

All Chapters