အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း (၁၅၅) အခု ငါ့အလှည့်ပဲ
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။
နင်းဖန်နှင့် ကျန်းထန်တို့ ဝိညာဉ်ဖိနှိပ်ခြင်း တောင်ထိပ်သို့ ရောက်လာသောအခါ အကြီးအကဲ တစ်စုသည်လည်း သူတို့ကို အာရုံစိုက်လိုက်ကြ၏။
"သူတို့က နတ်ဘုရားစိတ်အာရုံကို ကျင့်ကြံဖို့ ရုပ်သေးရုပ်တွေကို ထိန်းချုပ်တဲ့ နည်းလမ်းကိုတောင် သုံးတတ်တယ်ပေါ့... မဆိုးပါဘူး"
ရွှီယိုဝေက ကျေနပ်စွာ ချီးကျူးလိုက်သည်။ အတွေ့အကြုံရှိ ဆရာများနှင့် အကြီးအကဲများသည် လျှို့ဝှက်နယ်မြေတွင် ပိတ်မိနေပြီး ဂိုဏ်းသမိုင်းတစ်လျှောက် အထူးချွန်ဆုံးတပည့် ကျင့်ကြံနေသည်ကို အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်သည်။
ထိုအခြေအနေမှာ အလွန် အကူအညီမဲ့ဖွယ် ဖြစ်သော်လည်း ကံကောင်းစွာပင် နင်းဖန်သည် အလွန်ပါရမီပါသဖြင့် ယခုအထိ အမှားတစ်ခုမျှ မလုပ်ခဲ့ခြင်း ဖြစ်သည်။
သူသည် ကျမ်းစာဆောင်ရှိ ရှေးဟောင်းစာအုပ်များကိုသာ အားကိုး၍ ကျင့်ကြံခြင်းလမ်းကြောင်းကို တည်ငြိမ်စွာ လျှောက်လှမ်းနိုင်ခဲ့ရာ၊ ထိုအရာမှာ အံ့ဖွယ်တစ်ခုနှင့်ပင် တူနေတော့သည်။
ချီလေ့ကွမ် ရှေ့သို့ ထွက်လာပြီး ပပြောလိုက်သည်။
"ရုပ်သေး တစ်သောင်း ဂါရဝပြုရာ ခန်းမ ထဲက ရုပ်သေးတွေက နက်နဲအဆင့် ကနေ အထက်တန်း မြေကမ္ဘာအဆင့် အထိ ရှိပါတယ်... အဲဒါတွေကို တောင်ထိပ် အရှင်သခင် တွေက ဖန်တီးခဲ့တာဖြစ်ပြီး စုစုပေါင်း အရေအတွက် တစ်ထောင် ရှိတယ်"
"ဒီ ရုပ်သေးရုပ်တွေထဲမှာ ဘယ်သူ့ရဲ့ နတ်ဘုရား ဝိညာဉ် အမှတ်အသား မှ မကျန်ခဲ့ဘူး၊ အဲဒါတွေက တပည့်တွေ နတ်ဘုရားစိတ်အာရုံ ကို ကျင့်ကြံ ဖို့ သီးသန့်ပါပဲ"
"တစ်ပြိုင်တည်း ရုပ်သေးရုပ်တွေ ပိုပြီး ထိန်းချုပ်နိုင်လေလေ နတ်ဘုရားစိတ်အာရုံ သန်စင်တဲ့ အကျိုးသက်ရောက်မှုက ပိုကောင်းလေလေပဲ"
"ဒါပေမယ့် အဓိကအချက်က ဒီလို တစ်ပြိုင်နက်တည်း ထိန်းချုပ်မှုမျိုးဟာ ကျယ်ပြန့်တဲ့ နတ်ဘုရားစိတ်အာရုံ အကွာအဝေးကို မလိုအပ်ပါဘူး၊ အရည်အသွေးကို ပိုပြီး တန်ဖိုးထားပါတယ်"
"အတိတ်က တပည့်တွေကို ကြည့်ရင် အတွင်းစည်း တပည့်တွေက ရုပ်သေးရုပ် ဆယ့်ငါးခုကနေ နှစ်ဆယ် အထိ ထိန်းချုပ်နိုင်ကြပြီး အစစ်အမှန်တပည့် တွေက နှစ်ဆယ်ကနေ လေးဆယ် အထိ လုပ်နိုင်ကြပါတယ်... တစ်ကြိမ်တည်းမှာ ငါးဆယ် လောက်ကို ထိန်းချုပ်နိုင်တဲ့ ပါရမီရှင် အနည်းငယ်လည်း ရှိပါတယ်"
"တိုက်ဆိုင်စွာပဲ သူတော်စင်မိန်းမပျို က သူတို့ထဲက တစ်ယောက်ပဲ"
"အဲဒီတုန်းက သူမဟာ ခန်းမ ထဲမှာ တံခါးပိတ် ကျင့်ကြံခြင်း သုံးနှစ် လုပ်ခဲ့တယ်... နောက်ဆုံးမှာတော့ သူမရဲ့ နတ်ဘုရားစိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်တာနဲ့တင် ရုပ်သေးရုပ် ငါးဆယ့်ရှစ်ခု က ချက်ချင်း လှုပ်ရှားသွားခဲ့တယ်"
ချီလေ့ကွမ် ၏ စကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ အစစ်အမှန်တပည့် များ အားလုံး အံ့သြတကြီး ဖြစ်သွားကြ၏။ သူတော်စင်မိန်းမပျို ၏ ကျင့်ကြံခြင်း သည် စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ် ၏ နှောင်းပိုင်းအဆင့် တွင် နတ်ဘုရားစိတ်အာရုံ အကွာအဝေး မိုင် နှစ်သောင်း ရှိကြောင်းကိုသာ သူတို့ သိကြ၏။ ထိုအရာကို ဤနည်းဖြင့် ကျင့်ကြံ ခဲ့ကြောင်း သူတို့ မသိခဲ့ကြချေ။
လီချန်မင် က ပြောလိုက်သည်။
"အဲဒီလိုဆိုရင် နင်းဖန်က သူတော်စင်မိန်းမပျို နဲ့ အလောင်းအစားကို အနိုင်ရဖို့ အရမ်း ခက်ခဲနေမှာ မဟုတ်ဘူးလား"
ကျန်းထန် ၏ နတ်ဘုရားစိတ်အာရုံ သည် ဤနေရာတွင် ကျင့်ကြံ ခဲ့သော သုံးနှစ် ကျင့်ကြံဖူးသောကြောင့် အားသာချက် တစ်ခု ရှိသည်။ သူမသည် ရုပ်သေးရုပ် ငါးဆယ့်ရှစ်ခု ကို ထိန်းချုပ်နိုင်ပေသည်။
ဆန့်ကျင်ဘက်အနေဖြင့် နင်းဖန်သည် လူသစ် တစ်ယောက် ဖြစ်သည်။ ရုပ်သေး နည်းစနစ် များ၏ အခြေခံ သဘောတရားများကိုပင် သူ မသိနိုင်ပေ။ ရုပ်သေးရုပ်များကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်နေပြီဖြစ်သော ကျန်းထန် နှင့် သူ မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း ။
ထို့ကြောင့် အကြီးအကဲများ၏ အမြင်တွင် ကျန်းထန် သည် အလောင်းအစားကို အနိုင်ရရန် အခွင့်အရေး များစွာ ရှိနေခဲ့၏။
အခြား တပည့်များသည်လည်း ဤအရာကို သဘောပေါက်သွားကြပြီး သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှု အမူအရာများ ပေါ်လာခဲ့၏။
"မှန်တယ် အဲဒီလိုဆိုရင် သူတော်စင်မိန်းမပျို က အလွယ်တကူ နိုင်မှာ မဟုတ်ဘူးလား"
"ဟာဟာ၊ ငါတို့ နောက်ဆုံးတော့ နင်းဖန် တစ်ကြိမ်လောက် ရှုံးနိမ့်တာကို မြင်ရတော့မယ်"
"နင်းဖန် ဘယ်လောက်ပဲ ထက်မြက်ပါစေ သူ့ရှေ့က ဆယ့်ရှစ်နှစ်အရွယ်လို့ ထင်ရတဲ့ ကျန်းထန် ဟာ ပြန်လည် ကျင့်ကြံ နေတဲ့ အသက် ငါးဆယ့်သုံးနှစ် အရွယ် သူတော်စင်မိန်းမပျို ဆိုတာကို သူ သေချာပေါက် မမျှော်လင့်ထားလောက်ဘူး"
"ကျန်းထန် ဟာ သူတော်စင်မိန်းမပျို ဆိုတာကို မသိသေးပေမယ့် ကျင့်ကြံခြင်း နဲ့ ပတ်သက်တဲ့ သူမရဲ့ မှတ်ဉာဏ်တွေ အားလုံး ပြန်ရလာပြီလေ... သူမ ရုပ်သေးရုပ် ငါးဆယ့်ရှစ်ခု ကို ထိန်းချုပ်နိုင်တယ်ဆိုတာကို သေချာပေါက် သိမှာပါ"
"ဒါကြောင့် ငါတို့ရဲ့ သူတော်စင်မိန်းမပျို... မဟုတ်ဘူး၊ ငါတို့ရဲ့ ဂျူနီယာညီမလေး ကျန်းထန် က လုံးဝ မအပါဘူး"
"ဒီတစ်ကြိမ်တော့ နင်းဖန် ရှုံးတော့မှာပဲ"
တစ်ယောက်ပြီးတစ်ယောက် နင်ဖန် အခက်တွေ့သည်ကို ဝမ်းသာသော လှောင်ပြောင်သည့် မှတ်ချက်များ ထွက်ပေါ်လာခဲ့၏။ တပည့်များစွာသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော မျက်နှာများ ရှိကြ၏။ နေ့တိုင်း သူတော်စင်မိန်းမပျို ကို လှည့်စားနေသော နင်းဖန်သည် မည်သို့ လှည့်စားခံရမည်ကို သူတို့ မြင်ချင်နေကြသည်။
ကြီးမားသော မြေအောက် နန်းတော် အတွင်း၌။ နင်းဖန်သည် လူသဏ္ဌာန် ရုပ်သေးရုပ် တစ်ခုရှေ့တွင် ရပ်နေပြီး သူ၏ နတ်ဘုရားစိတ်အာရုံ ဖြင့် မည်သို့ ချိတ်ဆက်ရမည်ကို လေ့လာနေခဲ့၏။
ရုတ်တရက် စက်ယန္တရား အသံ ဆက်တိုက် သူ၏ နားထဲသို့ ရောက်လာခဲ့၏။ သူ လှည့်ကြည့်လိုက်ရာ ကျန်းထန် ၏ မျက်နှာမှာ အာရုံစူးစိုက်မှုများဖြင့် ပြည့်နှက်နေကြောင်း မြင်တွေ့လိုက်ရ၏။ နတ်ဘုရားစိတ်အာရုံ ကို ထိန်းချုပ်ကာ သူမသည် ရုပ်သေးရုပ် သားရဲ သုံးကောင်နှင့် ချိတ်ဆက်မှုများကို ပြုလုပ်ထားပြီး ဖြစ်၏။
"ဒီလောက် မြန်တာလား"
နင်းဖန်၏ အမူအရာမှာ အံ့အားသင့်လွန်းသဖြင့် တောင့်ခဲသွားရသည်။ ဂျူနီယာညီမလေးမှာ သူထင်ထားသည်ထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြန်ဆန်နေခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် သူမ၏ အခြေအနေကို ကြည့်ရသည်မှာ အားအင်များစွာ ကျန်ရှိနေသေးကြောင်း ထင်ရှားနေပြီး၊ မကြာမီအချိန်အတွင်း သူမ ထိန်းချုပ်နိုင်သည့် ရုပ်သေးရုပ် အရေအတွက်မှာ ဒါဇင်ပေါင်းများစွာအထိ တိုးပွားလာမည်ကို သူ စိုးရိမ်မိသည်။
ဤသည်ကို တွေးမိသောအခါ နင်းဖန်၏ စိတ်ထဲတွင် အရေးတကြီး ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် သိုလှောင်လက်စွပ်အတွင်းမှ ‘အခြေခံ ရုပ်သေးရုပ် ထိန်းချုပ်နည်း လမ်းညွှန်’ စာအုပ်ကို အလျင်အမြန် ထုတ်ယူကာ အသည်းအသန် စတင်ဖတ်ရှုတော့သည်။ တစ်ဖက်တွင်လည်း လျှို့ဝှက်နယ်မြေအတွင်းရှိ မြင်ကွင်းကို စောင့်ကြည့်နေကြသော အကြီးအကဲများမှာ နင်းဖန်၏ လုပ်ရပ်ကြောင့် ထူးဆန်းအံ့သြသော အမူအရာများ ဖြစ်ပေါ်နေကြတော့သည်။
ရှောင်ချာ ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး မေးလိုက်သည် ။
"နေပါဦး... သူ အခုမှ သင်နေတာလား"
ချီလေ့ကွမ် က ခေါင်းညိတ်ပြီး ထပ်ပြောလိုက်သည်။
"ပြီးတော့ သူက အလုပ်သင်တွေအတွက် ရည်ရွယ်ထားတဲ့ အခြေခံ ရုပ်သေးရုပ် နည်းစနစ် စာအုပ် ကနေ သင်နေတာပဲ"
ရှောင်ချာ-
အခြား အကြီးအကဲများသည်လည်း ဘာပြောရမှန်းမသိဘဲ တုံ့ဆိုင်းနေခဲ့ကြ၏။ သို့သော် တပည့်များမှာမူ ထိုသို့သော တွန့်ဆုတ်မှုမျိုး မရှိကြချေ။ ဤအခိုက်အတန့်တွင် သူတို့သည် ရယ်မော ကာ လှောင်ပြောင်နေကြ၏။
"တကယ့် လူလိမ်ပဲ"
"ဒါဆို သူက ရုပ်သေး နည်းစနစ် တွေရဲ့ အခြေခံ ကိုတောင် မသိဘဲနဲ့ သူတော်စင်မိန်းမပျို ကျန်း နဲ့ အလောင်းအစား လုပ်ရဲတာပေါ့"
"တပည့်ခေါင်းဆောင် နင်း က တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ လူပဲ"
" နင်းဖန်သာ ရုပ်သေးရုပ် တွေကို ထိန်းချုပ်ရာမှာ သူတော်စင်မိန်းမပျို ကို နိုင်သေးတယ်ဆိုရင် ငါ ခေါင်းနဲ့ ရပ်ပြီး လူတိုင်းရဲ့ ဖိနပ်တွေကို လျှာနဲ့လျက်ပြီး သန့်ရှင်းပေးမယ်"
တပည့်များသည် စိတ်ဝင်စားမှုများ အပြည့်ဖြင့်ကြည့်နေကြ၏။ အလောင်းအစားမှာ ထိုနှစ်ဦးကြား အပျော်သဘော နောက်ပြောင်ခြင်းမျှသာ ဖြစ်သော်လည်း လူတိုင်း၏ နှလုံးသားထဲရှိ စိတ်အားထက်သန်မှုကို မဟန့်တားနိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် အရာအားလုံး စွမ်းဆောင်နိုင်သော တပည့်ခေါင်းဆောင် နင်း ၏ ဘဝတွင် ရှုံးနိမ့်မှုကို ခံစားရမည့် တစ်ခုတည်းသော အချိန် ဖြစ်နိုင်သောကြောင့်ပင်။
လူတိုင်း ဤမြင်ကွင်းကို ကြည့်ရန် စောင့်မျှော်နေကြသည်... နာရီဝက် ကုန်လွန်သွားခဲ့၏။
နင်းဖန်သည် သူ၏ လက်ထဲရှိ 'အခြေခံ ရုပ်သေးရုပ် လမ်းညွှန်' ကို လုံးဝ ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်၏။ သူ ကျေနပ်စွာ ပြုံးလိုက်သည်။
" ငါ သင်ယူပြီးပြီ... နောက်မှ ကောင်းကင်ဘုံအဆင့် ရုပ်သေးရုပ် ကို ပြုပြင်ဖို့ စမ်းကြည့်လို့ရပြီ"
သူသည် လက်စွပ်ထဲသို့ စာအုပ်ကို ပြန်သိမ်းလိုက်ပြီး ရှေ့တွင်ရှိနေသည့် ရုပ်သေးရုပ်များကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
သူဖတ်ခဲ့သည်မှာ အခြေခံလမ်းညွှန်စာအုပ်မျှသာ ဖြစ်သော်လည်း၊ ထိုစာအုပ်ရေးသူက အစပျိုးသင်ယူသူများ နားလည်စေရန် ရုပ်သေးရုပ်များနှင့် စိတ်အာရုံချိတ်ဆက်ပုံ အခြေခံသဘောတရားများကို ထည့်သွင်းရေးသားထားသည်။
နင်းဖန်သည် သူ၏ ထူးကဲသော နားလည်နိုင်စွမ်းနှင့် 'အကန့်အသတ်မဲ့ တာအို စိတ်ပင်လယ်’ ၏ အကူအညီဖြင့် ထိုအခြေခံမူများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ရုပ်သေးရုပ်များကို ထိန်းချုပ်ရန်သာမက၊ ၎င်းတို့ကို ကိုယ်တိုင်ဖန်တီးရန်ပင် ခက်ခဲတော့မည်မဟုတ်ကြောင်း ယုံကြည်သွားလေသည်။
" ဂျူနီယာညီမလေး က ရုပ်သေးရုပ် သားရဲ အခု လေးဆယ် ကျော်ကို ထိန်းချုပ်ထားပြီးပြီလား"
ရုတ်တရက် အနီးအနားမှ လှုပ်ရှားမှုကြောင့် နင်းဖန် အကြည့်ရောက်သွားသည်။ စင်မြင့်မြင့်တစ်ခုပေါ်တွင် ကျန်းထန်သည် ခါးကိုလက်ထောက်ကာ ရပ်နေပြီး သူမ၏အောက်တွင်မူ ရုပ်သေးရုပ်သားရဲများစွာက ခြံရံလျက် ဦးညွှတ်နေကြသည်။
နင်းဖန် ကြည့်နေသည်ကို သတိပြုမိသွားကာ ကျန်းထန်က သူ့ကို အထင်အမြင်သေးသောအကြည့်ဖြင့် ပြန်လည်စိုက်ကြည့်လိုက်လေသည်။
သူမက...
"စီနီယာအစ်ကို... ကျွန်မ ဘယ်လောက် အံ့သြဖို့ကောင်းလဲ ဆိုတာ ရှင် မြင်လား"
ဟု ပြောနေသကဲ့သို့ပင်။
"ငါ မမြင်ပါဘူး"
နင်းဖန် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူကာ ရှေ့တွင်ရှိသည့် ရုပ်သေးရုပ်များဆီသို့ အကြည့်ကို ပြန်လည်ရွှေ့လိုက်လေသည်။
‘အခု ငါ့အလှည့်ပဲ'
---
အခန်း (၁၅၆) သူ တကယ်ပဲ ရုပ်သေးရုပ် ထိန်းချုပ်တဲ့ ပါရမီရှင် တစ်ယောက် ဖြစ်နိုင်မလား
သူ့စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်နှင့် နတ်ဘုရားစိတ်အာရုံများသည် ရေလှိုင်းပမာ ထွက်ပေါ်လာပြီး ရှေ့ရှိ ရုပ်သေးရုပ်အခု ၅၀ ထံ စီးဆင်းသွားသည်။ အချို့စိတ်အာရုံများမှာ ပိုးကြိုးမျှင်ကဲ့သို့ သေးမျှင်ပြီး အချို့မှာမူ ဓား မော့ ၊ ဓားကောက်များကဲ့သို့ ထည်ဝါလှကာ ရုပ်သေးရုပ်အသီးသီးအတွင်းသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စိတ်အာရုံများသည် ရုပ်သေးရုပ်အတွင်းရှိ ဝင်္ကပါများနှင့် ချိတ်ဆက်မိသွားပြီး ဝင်္ကပါများ လင်းထိန်လာကာ ရုပ်သေးရုပ်များ၏ ခန္ဓာကိုယ်များလည်း တဖြည်းဖြည်း တောက်ပလာသည်။ သို့သော် ဤနေရာတွင် ပထမဆုံး စိန်ခေါ်မှုနှင့် စတင်ရင်ဆိုင်ရတော့သည်။
ပုံမှန်အားဖြင့် ရုပ်သေးရုပ်များကို အမိန့်ပေးစေခိုင်းရာတွင် နတ်ဘုရားစိတ်အာရုံကို သုံးရသော်လည်း ၎င်းသည် ရုပ်သေးရုပ်ခန္ဓာကိုယ်အပေါ် တိုက်ရိုက်သက်ရောက်မှု မရှိချေ။ အတွင်းရှိ ဝင်္ကပါများကို ကြားခံအဖြစ် အသုံးချပြီးမှသာ ထိန်းချုပ်နိုင်သည်။
ထိုသို့ထိန်းချုပ်ရာတွင် ဝင်္ကပါများက နတ်ဘုရားစိတ်အာရုံ၏ အရည်အသွေးကို စုပ်ယူသဖြင့် အချို့စိတ်အာရုံများမှာ အလဟဿ ဆုံးရှုံးသွားရသည်။ ထို့ကြောင့် ရုပ်သေးရုပ်ထိန်းချုပ်ခြင်းသည် စိတ်စွမ်းအင် အလွန်ကုန်ဆုံးပြီး နတ်ဘုရားစိတ်အာရုံလည်း စက္ကန့်တိုင်း ပြုန်းတီးနေရခြင်းဖြစ်သည်။
သို့သော် စိတ်အာရုံသည် ပုံသဏ္ဌာန်မရှိဘဲ စိတ်ပင်လယ်ထဲတွင် အချိန်မရွေး ပြန်လည်ဖြစ်ပေါ်နိုင်သောကြောင့် ပြဿနာမရှိပေ။ သုံးစွဲလိုက်မှသာ နောက်ထပ်ပြန် ပေါ်လာမည့် စိတ်အာရုံမှာ အရည်အသွေး ပိုမိုမြင့်မားလာမည် ဖြစ်သည်။
အကယ်၍ အကြိမ်ပေါင်းသောင်းချီ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် နတ်ဘုရားစိတ်အာရုံက သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် ထူထဲသိပ်သည်းလာပါက "နတ်ဘုရားစိတ်အာရုံ ပုံပေါ်ခြင်း" အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
ယခု နင်းဖန်သည် ရုပ်သေးရုပ်အခု ၅၀ ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်ရာ အလွန်ရဲရင့်လွန်းသည့် လုပ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရုပ်သေးရုပ် အရေအတွက်များလေလေ စိတ်အာရုံပြုန်းတီးမှု ပိုမိုများပြားလေလေ ဖြစ်သောကြောင့်ပင်။ ထို့ပြင် စေ့စပ်သေချာသော ထိန်းချုပ်မှုနှင့်အတူ အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်စွမ်းလည်း လိုအပ်လှသည်။
ရုပ်သေးရုပ်ပညာရပ်တွင် အဆင့်တစ်ခုအထိ ကျွမ်းကျင်ပြီးသားသူများသာ ဤကဲ့သို့ စွန့်စားကြလေ့ရှိသည်။ လူတိုင်းသည် ကျန်းထန်ကဲ့သို့ပင် ရုပ်သေး တစ်ခုချင်းစီသာ တဖြည်းဖြည်း တိုးမြှင့်ထိန်းချုပ်ကြသည်။
နင်းဖန်၏လုပ်ရပ်ကြောင့် အားလုံး မှင်တက်သွားကြရသည်။ အထူးသဖြင့် ရုပ်သေးရုပ်အခု ၅၀ စလုံး နင်းဖန်၏ နတ်ဘုရားစိတ်အာရုံနှင့် အောင်မြင်စွာ ချိတ်ဆက်မိသွားသည်ကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးအိမ်များပင် ထွက်ကျမတတ် ဖြစ်သွားကြလေသည်။
"စီနီယာအစ်ကို... ရှင် ဘယ်လိုလုပ်..."
စင်မြင့်မြင့်ပေါ်တွင် ရပ်နေသော ကျန်းထန်သည် ပါးစပ်အဟောင်းသား ဖြစ်နေသည်။ မျက်စိတစ်မှိတ်အတွင်း ဘယ်လိုဖြစ်သွားသည်ကို သူမ ခေါင်းထဲ စဉ်းစား၍မရချေ။ နင်းဖန် ထိန်းချုပ်ထားသော ရုပ်သေးရုပ် အရေအတွက်သည် သုညမှ ငါးဆယ်အထိ ခုန်တက်သွားသည်။
ထိုအရာက မမှန်နိုင်ဟု သူမ ထင်သည်။
သူမသည် ယခင်ကျင့်ကြံမှု အတွေ့အကြုံကို အားကိုးကာ ရုပ်သေးရုပ် အရေအတွက်ကို တဖြည်းဖြည်းချင်း တိုးမြှင့်ခဲ့ရသည်။ နာရီဝက်ခန့် လုပ်ဆောင်ခဲ့ပြီးမှသာ လေးဆယ်ကျော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် နင်းဖန်သည် တစ်ပြိုင်နက်တည်း ငါးဆယ်အထိ ဖြစ်သွားသည်။
ဤကိစ္စတွင် တစ်ခုခု ထူးဆန်းနေသည်မှာ သေချာသည်။ သံသယဖြစ်စရာ ကောင်းလွန်းနေသည်။
ကျန်းထန် စိုးရိမ်လာပြီး အော်ပြောလိုက်သည် ။
"စီနီယာအစ်ကို ကျွန်မ မယုံဘူး စစ်ဆေးပေးဖို့ တောင်းဆိုတယ်"
"စစ်ဆေးဖို့ မလိုပါဘူး ဂျူနီယာညီမလေး... ဘာမှ မမှားဘူး၊ မင်းရဲ့ စီနီယာအစ်ကို က ထက်မြက်လွန်းနေလို့ပါ"
နင်းဖန်သည် လက်များကို နောက်ပစ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ပတ်လည်ရှိ ရုပ်သေးရုပ် ငါးဆယ်သည် သူတို့၏ ဘုရင်အသစ်ကို ကြိုဆိုနေသကဲ့သို့ အားလုံး ဒူးထောက်လိုက်ကြသည်။ ဤသည်က ရုပ်သေးရုပ် ထိန်းချုပ်ရာတွင် နင်းဖန်၏ ကျွမ်းကျင်မှု မည်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို ပြသနေသည်။
ကျန်းထန် လုံးဝ ဆွံ့အသွားသည်။ သူမ၏ စီနီယာအစ်ကိုကို အနိုင်ယူနိုင်မည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းတွင် စီနီယာအစ်ကိုသည် သူမထက်ပင် ပို၍ စွမ်းနေပြီး ရုပ်သေးရုပ် ငါးဆယ်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်နေသည်။ အရေးအကြီးဆုံးမှာ... နင်းဖန်သည် ရုပ်သေးတာအိုကို ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်သည်။
"ပြီးပြီ သူ့ရဲ့ ရင်အုပ် ကြွက်သားတွေကို ငါ ထိရတော့မှာ မဟုတ်ဘူး"
ကျန်းထန်သည် သူမ၏ ပါးစပ်လေးကို စူကာ မကျေမနပ် ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် ထိုက်ရီအကြွင်းအကျန်နယ်မြေအတွင်းရှိ လူသိန်းပေါင်းများစွာသည်လည်း ကျန်းထန်ကဲ့သို့ပင် အံ့အားသင့်နေကြ၏။ အားလုံးမှာ စကားမပြောနိုင်လောက်အောင် မှင်တက်သွားကြသည်။
နင်းဖန်က ရုပ်သေး သားရဲ ငါးဆယ်ကို တိုက်ရိုက် ထိန်းချုပ်လိုက်သည့် လုပ်ရပ်ကို မည်သူက ခံနိုင်ရည်ရှိမည်နည်း။
ဟာသလုပ်ရန် စောင့်ဆိုင်းနေကြသော အစစ်အမှန်တပည့်တစ်စုလုံး တိတ်ဆိတ်သွားကြသည်။ အချိန်အတော်ကြာမှသာ သူတို့၏ တည်ငြိမ်မှုများ ပျက်စီးသွားပြီး ထိုအကြောင်းကို စတင်ဆွေးနွေးကြတော့သည်။
" ဘာတွေ ဖြစ်နေတာလဲ"
"နင်းဖန်ကလည်း ဒီမှာ အရင်က ကျင့်ကြံ ခဲ့ဖူးတာများလား"
"သူတော်စင်မိန်းမပျိုက တစ်ပွဲ နိုင်မယ်ဆို ဘာဖြစ်သွားတာလဲ... ဇာတ်ညွှန်းက ဒီလို သွားရမှာ မဟုတ်ဘူးလေ"
"ဒီလူမှာ တကယ်ပဲ အားနည်းချက် မရှိဘူးလား"
"တစ်ယောက်ယောက် ငါ့ကို ပြောပြနိုင်မလား၊ ရုပ်သေးရုပ် သားရဲ အခု ငါးဆယ် ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်တာက ဘယ်အဆင့်မှာ ရှိလဲဆိုတာ"
"သူတော်စင်မိန်းမပျို က သူမရဲ့ ရုပ်သေး ထိန်းချုပ်မှု အရေအတွက်ကို ငါးဆယ့်ရှစ်ခု အထိ တိုးမြှင့်ဖို့ ဒီမှာ သုံးနှစ်ကြာ တံခါးပိတ် ကျင့်ကြံ ခဲ့တယ်၊ သူကတော့ ပထမဆုံး အကြိမ်မှာတင် လုပ်နိုင်ခဲ့တယ်... အဲဒါ ဘယ်အဆင့်လဲဆိုတာ မင်းပဲ ပြောကြည့်တော့"
အတွင်းစည်း များနှင့် တောင်ထိပ် (၇၂) ခုမှ အစစ်အမှန်တပည့်များကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။ နင်းဖန်၏ နတ်ဘုရားနှင့်တူသော လုပ်ဆောင်မှုကြောင့် အားလုံး တုန်လှုပ်သွားကြသလို အကြီးအကဲများ၏ စိတ်ထဲတွင်လည်း မငြိမ်မသက် ဖြစ်နေကြသည်။
လီချန်မင်၊ ရှောင်ချာ၊ ရွှီယိုဝေနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့သြသွားကြသော်လည်း အမူအရာကို ထိန်းထားနိုင်ကြသည်။ ချီလေ့ကွမ် တစ်ယောက်တည်းသာ လုံးဝ တည်ငြိမ်မှု ပျက်ပြားနေခဲ့၏။
သူသည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ခေါင်းကို လက်ဖြင့်ကိုင်ပြီး အောက်ဘက်သို့ စိုက်ကြည့်နေသည်။ မျက်လုံးများ ပြူးကျယ်နေပြီး တိုးညင်းသော အသံဖြင့် အဆက်မပြတ် ရေရွတ်နေတော့သည်။
"ဒီလို မဖြစ်သင့်ဘူး"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"သူ အဲဒါကို ဘယ်လို လုပ်ခဲ့တာလဲ"
"သူ တကယ်ပဲ ရုပ်သေး ထိန်းချုပ်တဲ့ ပါရမီရှင် တစ်ယောက် ဖြစ်နိုင်မလား"
ချီလေ့ကွမ် အလွန် ဇဝေဇဝါ ဖြစ်နေသည်။ ဤလမ်းကြောင်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော မဟာဆရာကြီးတစ်ဦးအနေဖြင့် ရုပ်သေးထိန်းချုပ်ခြင်း နည်းစနစ်သည် ရုပ်သေးဆရာတစ်ဦးအတွက် မည်မျှအရေးပါကြောင်း သူသိသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်သေးဆရာတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားသည် ၎င်းတို့ဖန်တီးသော ရုပ်သေးအဆင့်နှင့် အရေအတွက် ပေါ်တွင် မူတည်သောကြောင့် ဖြစ်သည်။
သို့သော် အဆင့်မြင့်ရုပ်သေးများကို ဖန်တီးနိုင်ရန်မှာ ခက်ခဲလှပြီး ကံကြမ္မာပေါ်တွင်လည်း မူတည်သည်။ လူအများစုမှာ မိမိဘဝတစ်လျှောက် ထိပ်တန်းအဆင့် ရုပ်သေးရုပ်တစ်ကောင်ကိုမျှ ဖန်တီးနိုင်ခြင်းမရှိဘဲ အချိန်ကုန်သွားတတ်ကြသည်။ ထိုအခါ အရေအတွက်ဖြင့် အစားထိုးရန် လိုအပ်လာသည်။
ဥပမာအားဖြင့် နာကျင်မှုနှင့် ကြောက်ရွံ့မှုကို မသိသော အဆင့်နိမ့်ရုပ်သေးရုပ် အမြောက်အမြားကို အသုံးပြုကာ အရာအားလုံးကို ခြေမှုန်းပစ်ခြင်းမျိုး ဖြစ်သည်။
ထိုသို့ပြုလုပ်နိုင်ရန်မှာ အရည်အသွေးမြင့် နတ်ဘုရားစိတ်အာရုံသာမက ကြီးမားသော ပါရမီနှင့် နားလည်နိုင်စွမ်းလည်း လိုအပ်သည်။ ဤစွမ်းရည်အများစုမှာ လေ့ကျင့်မှုများစွာဖြင့် တဖြည်းဖြည်း တိုးတက်လာခြင်းဖြစ်ပြီး အောင်မြင်သူမှာ အလွန်ရှားပါးလှသည်။
ဂိုဏ်း၏သမိုင်းတွင် ထိုသို့သောသူတစ်ဦး အမှန်တကယ်ရှိခဲ့ဖူးသည်။ ထိုသူမှာ ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်၏ (၁၂) ဆက်မြောက် တောင်ထိပ်အရှင်သခင် ဖြစ်သည်။ သူ၏ကျင့်ကြံမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ကောင်းကင်ဘုံအဆင့် ရုပ်သေးရုပ်များကို ရေတွက်မရနိုင်အောင် ဖန်တီးခဲ့သည်။
သူသည် နက်နဲအဆင့် ရုပ်သေးရုပ် သန်းနှစ်ဆယ်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ကာ ဧရာမဝင်္ကပါကြီးတစ်ခုကို ဖွဲ့စည်းနိုင်ပြီး သူ၏အဆင့်ထက်သာလွန်သော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်သည်ဟု ဆိုကြသည်။
သူသည် ထိုဝင်္ကပါကို အသုံးပြု၍ တောင်ပိုင်းအထွတ်အထိပ် နယ်မြေများသို့ ချီတက်ခဲ့ပြီး ရှေးဟောင်းမျိုးစိတ်များ၏ အသိုက်များအတွင်း လွတ်လပ်စွာ ဝင်ထွက်နိုင်ခဲ့သည်။ နတ်ဘုရားနဂါးမျိုးနွယ်စုနယ်မြေပင်လျှင် သူ့ကို မတားဆီးနိုင်ခဲ့ဘဲ ခြေမှုန်းခြင်း ခံခဲ့ရသည်။
ထိုအချိန်မှစ၍ ကမ္ဘာကြီးက ထိပ်တန်းရုပ်သေးရုပ်ဆရာတစ်ဦး၏ စွမ်းအားကို အသိအမှတ်ပြုခဲ့ကြပြီး ရုပ်သေးနည်းစနစ်သည်လည်း ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်တွင် မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သည်။
တောင်ထိပ်အရှင်သခင်တိုင်းသည် ထိုနည်းစနစ်ကို လေ့လာကြသည်။ ဤလမ်းကြောင်းတွင် ပါရမီမရှိလျှင်ပင် မည်သူမျှ ပေါ့ပေါ့တန်တန် သဘောမထားကြချေ။ ရုပ်သေးရုပ်နည်းစနစ်အားလုံးကို ပင်မခန်းမတွင် အသေအချာ ထိန်းသိမ်းထားပြီး ယနေ့တိုင် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။
"၁၂ ဆက်မြောက် တောင်ထိပ် အရှင်သခင် ရဲ့ အတ္ထုပ္ပတ္တိ ကို ငါ ဖတ်ဖူးတယ်... သူ ရုပ်သေးရုပ် တာအို ကို ပထမဆုံး တွေ့ကြုံရချိန်မှာ နက်နဲအဆင့် ရုပ်သေးရုပ် အခု သုံးဆယ် ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ခဲ့တယ်လို့ တစ်ခါက ပြောဖူးတယ်... အဲဒီတုန်းက သူ့ရဲ့ ဆရာ က သူ့ကို ရုပ်သေးရုပ် တာအို ရဲ့ အနာဂတ် ခေါင်းဆောင် လို့ ခေါ်ဆိုပြီး အံ့အားသင့်သွားခဲ့တယ်"
"နောက်ပိုင်းမှာ ဒီစကားတွေက တကယ်ပဲ မှန်ကန်လာခဲ့တယ်... ၁၂ ဆက်မြောက် တောင်ထိပ် အရှင်သခင် ဟာ ရုပ်သေးရုပ် လမ်းကြောင်းမှာ အမြင့်ဆုံး အထွတ်အထိပ် သို့ ရောက်ရှိခဲ့ပြီး ရုပ်သေးရုပ်တွေ ကတစ်ဆင့် သူ့ရဲ့ တာအို ကို သက်သေပြခဲ့တယ်။ကမ္ဘာကြီးမှာ လှည့်လည်သွားလာရင်း ပြိုင်ဘက်ကင်းတဲ့ အောင်မြင်မှုတွေကို ယူဆောင်ခဲ့ပြီး သူ့ဘဝမှာ ရေတွက်မရနိုင်တဲ့ ရုပ်သေးရုပ်တွေကို ဖန်တီးခဲ့တယ်"
"အခုကျတော့ နင်းဖန် ပထမဆုံးအကြိမ် ရုပ်သေးရုပ်တွေကို ထိန်းချုပ်တဲ့ အရေအတွက်က သူ့ထက် နှစ်ဆယ် တောင် ပိုများနေတယ်"
"သူ့မှာ နာမည်ကြီး ဆရာတစ်ယောက်ရဲ့ လမ်းညွှန်မှုတောင် မရှိဘူး၊ 'အခြေခံ ရုပ်သေးရုပ် နည်းစနစ် လမ်းညွှန်' ကိုပဲ အားကိုးခဲ့တယ်"
ချီလေ့ကွမ် သည် ဆံပင်များကို ဆုပ်ကိုင်ထားပြီး ဤစကားများကို ပြောပြီးနောက် သူ၏ ခွန်အားများ အားလုံး ဆုံးရှုံးသွားသကဲ့သို့ ဖြစ်နေခဲ့၏။