အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း ၆၉ - ပြင်းထန်သော ပစ်ခတ်စွမ်းအား
"မရီး၊ ကျွန်တော် ဒီနေ့ အပြင်သွားမလို့၊ ရက်နည်းနည်းလောက် ကြာနိုင်တယ်။ အိမ်မှာပဲ နေခဲ့ပါ။ တစ်ယောက်တည်း ဟိုဟိုဒီဒီ လျှောက်မသွားပါနဲ့"
ဝမ်ထောင်သည် ပြတင်းပေါက်အပြင်ဘက်မှ မိုးကိုကြည့်ကာ ဘေးနားရှိ တင်ယွီချင်ကို ပြောလိုက်သည် ။
"အိုကေပါ"
တင်ယွီချင်သည် သူထွက်သွားမည်ကို အနည်းငယ် မဝံ့မရဲ ဖြစ်နေသော်လည်း ဝမ်ထောင်သည် သူတို့၏ နေအိမ်သစ်ကို ရှာဖွေနေသည်ဆိုသည်ကို သိ၏ ။
မကြာမီ တင်ယွီချင်သည် ဝမ်ထောင်အား အသုံးအဆောင်ပစ္စည်းများ အဆင်သင့်ဖြစ်စေရန် ကူညီပေးလိုက်သည် ။
"သေချာမှတ်ထား၊ အိမ်မှာပဲ နေရမယ်။ အစားအစာတွေ အများကြီး ထားပေးခဲ့တယ်၊ စားဖို့ လုံလောက်တယ်။ မရီးအတွက် ဝေါ်ကီတော်ကီ တစ်ခုလည်း ထားခဲ့ပေးမယ်။ အချိန်ရရင် ကျွန်တော် ဆက်သွယ်ပေးမယ်။ တကယ်လို့ မရီးက အရင်တစ်ခါလို အပြင်ထွက်သွားတာကို သိရရင်တော့ ဖင်ရိုက်ခံရဖို့ပဲ ပြင်ထားတော့"
ပြောရင်းမှ ဝမ်ထောင်သည် တင်ယွီချင်၏ တင်းရင်းနေသော တင်သားကို အားပါးတရ ရိုက်ပြလိုက်သည် ။
"အရမ်းပဲ နှောင့်ယှက်တာပဲ"
တင်ယွီချင်သည် ဝမ်ထောင်ကို မျက်စောင်းထိုးလိုက်ပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည် ။
"စိတ်မပူပါနဲ့၊ ငါ အိမ်မှာပဲ စောင့်နေပါ့မယ်။ အပြင်မှာ ဂရုစိုက်သွားပါ"
တင်ယွီချင်သည် ဝမ်ထောင်ကို ကြင်နာစွာ အနမ်းပေးလိုက်ပြီး ဝမ်ထောင် ဟက်ပီးနက်စ်လူနေရပ်ကွက်မှ ကားမောင်းထွက်သွားသည်ကို တောင့်တစွာ ကြည့်နေလိုက်သည် ။
ကားအသစ် လဲလိုက်ခြင်းသည် တကယ်ပင် ထူးခြားမှု ရှိ၏။ ဤယာဉ်သည် ပိုမိုသက်သောင့်သက်သာ ရှိရုံသာမက ပို၍လည်း တိတ်ဆိတ်သည်။ မိုးသည်းထန်စွာ ရွာသွန်းနေမှုနှင့် သူရွေးချယ်လိုက်သော လမ်းကြောင်းများကြောင့် လမ်းတစ်လျှောက်တွင် ဇွန်ဘီများနှင့် အနည်းငယ်သာ တွေ့ဆုံရသည် ။ လမ်းလွဲနေသောဇွန်ဘီ တစ်ကောင်၊ နှစ်ကောင် ပေါ်လာလျှင်ပင် သူက ကားဖြင့် တိုက်ချလိုက်ရုံသာရှိ၏ ။
သို့သော်လည်း စိတ်မကောင်းစရာမှာ လမ်းတစ်လျှောက်တွင် အထူးဇွန်ဘီများကို မတွေ့ရခြင်းပင် ။
ဝမ်ထောင်သည် ပုံမှန်ဇွန်ဘီများကို သတ်ဖြတ်ရန် စိတ်မဝင်စားတော့သော်လည်း အထူးဇွန်ဘီနှင့် တွေ့ဆုံပါက သတ်ဖြတ်ရန် ကြိုးစားမည်မှာ အသေအချာပင်။ အကြောင်းမှာ အထူးဇွန်ဘီများတွင် အမြုတေများ ရှိနေသောကြောင့် ဖြစ်သည် ။
"ဒီနှုန်းအတိုင်းဆိုရင် ရွှေကျဲတက္ကသိုလ်ကို မိနစ် ၂၀ လောက်ဆို ရောက်နိုင်မယ်..."
ဝမ်ထောင်သည် ကားထဲတွင် ဖိသိပ်ထားသော ဘီစကစ်မုန့်များ စားပြီးနောက် ထပ်မံထွက်ခွာရန် ပြင်ဆင်နေချိန် အဝေးမှ အဆောက်အအုံတစ်ခုကို မြင်လိုက်ရသဖြင့် မျက်ခုံးများ တွန့်ချိုးသွားသည် ။
"ဟင်။ အဲ့ဒါ ရှေ့က ရွေ့ချိုက်စီးပွားရေးလမ်းမ မဟုတ်လား"
ဝမ်ထောင်သည် ကားမြေပုံကို ပြန်ကြည့်လိုက်သည် ။ အကယ်၍ သူသည် ရွေ့ချိုက်စီးပွားရေးလမ်းမကို ဖြတ်သွားမည်ဆိုပါက ရွှေကျဲတက္ကသိုလ်နှင့် အလွန်နီးကပ်သွားမည် ဖြစ်သည်။ ခရီးသွားချိန် အနည်းဆုံး ၁၀ မိနစ်ခန့် သက်သာနိုင်သည် ။
ကမ္ဘာပျက်ကပ်တွင် အချိန်ကို ချွေတာခြင်းသည် မိမိအသက်ကို ချစ်မြတ်နိုးခြင်းနှင့် အတူတူပင် ဖြစ်သည် ။
သို့သော်လည်း အိုရင်းရင်း ဝေါ်ကီတော်ကီမှတစ်ဆင့် ပြောခဲ့သော စကားများကို ပြန်တွေးမိသဖြင့် ဝမ်ထောင်သည် လမ်းပတ်သွားခြင်းကသာ ပိုကောင်းမည်ဟု ခံစားရသည် ။
အန္တရာယ်မရှိမှသာ အချိန်ကို ချွေတာရကျိုးနပ်သည်။ အန္တရာယ်ရှိနေပါက ထိုအကြောင်းကို မေ့လိုက်ခြင်းကသာ အကောင်းဆုံးပင် ။
"ဒတ်..ဒတ်..ဒတ်ဒတ်.."
ရုတ်တရက် စီးပွားရေးလမ်းမမှ စနစ်တကျထွက်ပေါ်သော သေနတ်သံများ ထွက်ပေါ်လာသည် ။ မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ထိုအသံများသည် ရှင်းလင်းစွာ ကြားနေရ၏ ။
"သေနတ်သံလား.. စီးပွားရေးလမ်းမ ဘက်ကနေ ထွက်လာတာပဲ"
ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်ပြီး ကားကို ချက်ချင်း အင်ဂျင်ပိတ်လိုက်သည် ။ ထို့နောက် ကားပေါ်မှ ဆင်းကာ နောက်ဘက်ရှိ သုံးထပ်အဆောက်အအုံပေါ်သို့ တက်လိုက်သည် ။
"ဝုန်း.."
"ဂရား...ဂရား."
"ဂီး.."
သေနတ်သံများသည် ဇွန်ဘီအုပ်စုကြီး၏ ဟိန်းဟောက်သံများကို ဆွပေးလိုက်သကဲ့သို့ ရှိပြီး မြေပြင်မှာလည်း တုန်ခါနေသလို ဖြစ်နေ၏ ။
"ဒတ်ဒတ်..ဒတ်ဒတ်.."
"ဒိုင်းဒိုင်း...ဒိုင်း.."
သေနတ်သံများ ဆက်လက် ထွက်ပေါ်နေပြီး တစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက် ပစ်ခတ်နေသည့် ပုံစံမျိုး ဖြစ်၏ ။
သုံးထပ်အဆောက်အအုံ ခေါင်မိုးပေါ်သို့ ရောက်သောအခါ ဝမ်ထောင်သည် ချက်ချင်း မှန်ပြောင်းကို ထုတ်ကာ အခြေအနေကို စောင့်ကြည့်လိုက်သည် ။
အဝေးရှိ စီးပွားရေးလမ်းမတွင် ဇွန်ဘီများ အုံကြွနေသည်ကို သူမြင်လိုက်ရ၏ ။ ဇွန်ဘီများ၏ ရှေ့လမ်းဝတွင် သံမဏိပြားများ၊ သံဆန်ခါများနှင့် သံချွန်များ တပ်ဆင်ထားသည့် ပြုပြင်မွမ်းမံထားသော တောက်တက်ယာဉ် သုံးစီးကို တွေ့ရသည် ။
ယာဉ်သုံးစီးလုံး၏ ခေါင်မိုးပေါ်တွင် ပစ်ခတ်ပေါက်များ ရှိနေ၏။ အရောင်ဖျောက် ဝတ်စုံဝတ်ထားသော စစ်သားသုံးဦးသည် တစ်ဝက်တစ်ပျက် ထွက်နေပြီး ခေါင်မိုးပေါ်ရှိ စက်သေနတ်များ၏ ခလုတ်ကို ဆွဲကာ ဇွန်ဘီအုပ်စုကို တရစပ်ပစ်ခတ်နေသည် ။ ပြတင်းပေါက်ပေါက်များမှလည်း အခြားသူမများက ရိုင်ဖယ်သေနတ်များဖြင့် ပစ်ခတ်နေကြ၏ ။
ရုပ်ဆိုးပြီး ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီများသည် ရိတ်သိမ်းခံလိုက်ရသော ကောက်ပဲသီးနှံများကဲ့သို့ တစ်သုတ်ပြီးတစ်သုတ် လဲကျသွားသည် ။ ခေါင်းကို ထိမှန်သည်ဖြစ်စေ၊ မထိမှန်သည်ဖြစ်စေ ၁၂.၇ မီလီမီတာစက်သေနတ်များကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ဝက်ခန့် ပျက်စီးသွားပြီး တိုက်ခိုက်မှုစွမ်းရည်များ ချက်ချင်း ဆုံးရှုံးသွားရသည် ။
"သေနတ်တွေရဲ့ စွမ်းအားက ဒီလောက်တောင် ရှိတာလား"
ခေါင်မိုးပေါ်မှ ဤမြင်ကွင်းကို ကြည့်နေရင်း ဝမ်ထောင်သည် စိတ်လှုပ်ရှားမှုများ တဖွားဖွား ဖြစ်ပေါ်လာသည် ။ အမှန်တကယ် ပစ်ခတ်နေသည့်သူမှာ သူဖြစ်နေသကဲ့သို့ ပင် အားရစွာခံစားရ၏ ။ အမျိုးသားတစ်ယောက်အနေဖြင့် သေနတ်များကို မည်သူကများ မနှစ်သက်ဘဲ နေနိုင်ပါ့မလဲ ။
"ဒီလို ပစ်ခတ်မှုစွမ်းအားမျိုး ရှိနေရင် ဇွန်ဘီတွေက လူသားတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ အကြီးစား စစ်တပ်အင်အားစုတွေ အသက်ရှင်ကျန်နေသေးသလား မသိဘူး"
ယာဉ်သုံးစီးနှင့် သေနတ်တစ်ဒါဇင်ကျော်တို့က ဇွန်ဘီအုပ်စုကို ရှင်းလင်းပြီးနောက် ဆိုင်တစ်ခု၏ ရှေ့တွင် တြိဂံပုံစံစစ်ကြောင်းဖြင့် ရပ်တန့်လိုက်ကြသည် ။
ဇွန်ဘီများသည် ပတ်ဝန်းကျင်မှတစ်ဆင့် တိုးဝင်လာသော်လည်း အားလုံး ပစ်သတ်ခံလိုက်ရသည် ။ ရံဖန်ရံခါ လမ်းလွဲနေသော ဇွန်ဘီအနည်းငယ်သာ ပစ်ခတ်မှုလိုင်းကို ကျော်ဖြတ်လာနိုင်သော်လည်း ပြုပြင်မွမ်းမံထားသော စစ်ကားများကို မယှဉ်နိုင်ကြပေ ။
ယာဉ်တစ်စီးအတွင်းမှ တစ်စုံတစ်ယောက်က တံခါးဖွင့်ပြီး ဆိုင်ဘက်သို့ လက်ယပ်ခေါ်လိုက်သည် ။ ထို့နောက် လူရိပ်နှစ်ခုသည် ဆိုင်ထဲမှ ပြေးထွက်လာပြီး ကားထဲသို့ ခုန်တက်သွားသည်ကို တွေ့လိုက်ရသည် ။
"ဟင်... အဲ့ဒီ လူရိပ်နှစ်ခုက ရင်းနှီးသလိုပဲ... အိုရင်းရင်းနဲ့ ဆန်းဝေကွမ် မဟုတ်လား"
ဝမ်ထောင် အနည်းငယ် အံ့အားသင့်သွားသည် ။ ဝေါ်ကီတော်ကီမှတစ်ဆင့် အိုရင်းရင်းတို့ကို စောင့်နေရန်သာ သူက ပြောခဲ့မိခြင်း ဖြစ်ပြီး တကယ်ပင် ကယ်ဆယ်ခံလိုက်ရသည်မှာ ကံကောင်းလွန်းလှသည် ။
ဝမ်ထောင်သည် သူတို့၏ ကံကောင်းမှုကို အနည်းငယ် အားကျမိသည် ။
သူ ဆက်လက် စောင့်ကြည့်နေလိုက်၏ ။ အိုရင်းရင်းနှင့် ကျန်တစ်ယောက် ကားထဲ ရောက်သွားသည်နှင့် စစ်ယာဉ်တန်းသည် ချက်ချင်း ပြန်လှည့်သွားသည် ။
ထိုအချိန်တွင် ဇွန်ဘီများမှာ အရပ်မျက်နှာပေါင်းစုံမှ ဒီရေနက်ကဲ့သို့ ယာဉ်သုံးစီးဆီသို့ အတင်းအကျပ် တိုးဝင်လာကြသည် ။ ဝမ်ထောင်သည် အရင်က သူတွေ့ခဲ့ဖူးသော လူသားများထက် ပိုမြန်ပြီး နံရံကပ်၍ရသော အရူးဇွန်ဘီများ အနည်းဆုံး ဒါဇင်ပေါင်းများစွာကိုပင် မြင်လိုက်ရသည် ။
အရူးဇွန်ဘီများ ရောက်ရှိလာခြင်းကြောင့် လက်နက်ကိုင်ယာဉ်တန်း၏ ဖိအားမှာ ချက်ချင်း မြင့်တက်လာသည် ။
ကားထဲရှိ ဆက်သွယ်ရေး စကားသံများကို မကြားနိုင်သော်လည်း ရုတ်တရက် ရှုပ်ထွေးသွားသော သေနတ်သံများကြောင့် သူတို့ စိုးရိမ်နေကြသည်ကို ဝမ်ထောင် ခန့်မှန်းမိသည် ။
ကံကောင်းစွာပင် သူတို့တွင် ကျည်ဆန်ရိက္ခာများ ပေါများပြီး သံချပ်ကာများလည်း ထူထဲနေသည် ။ အရူးဇွန်ဘီများ မည်မျှပင် သန်မာစေကာမူ ကျည်ဆန်များကို မယှဉ်နိုင်ကြပေ ။
ယာဉ်များသည် ဇွန်ဘီဝိုင်းရံမှုမှ ရုန်းထွက်ကာ ပင်မလမ်းမကြီးသို့ ရောက်ရှိသွားသည် ။ ထို့နောက် အရှိန်တင်လိုက်ပြီး ကားသုံးစီးသည် အရှိန်ဖြင့် မောင်းထွက်သွားကြ၏ ။
သို့သော် ဇွန်ဘီများကို လမ်းဖျောက်ရန် လွယ်ကူသည် မဟုတ်သလို လမ်းအခြေအနေများကြောင့်လည်း အရှိန်ကို မမြှင့်နိုင်ကြပေ ။ ဇွန်ဘီအုပ်စုကြီးသည် သူတို့နောက်မှ ကပ်ပါလာပြီး မည်သည့်အချိန်မဆို ဝါးမြိုပစ်တော့မည့် အနေအထား ဖြစ်နေသည် ။
ဤလူများသည် ရွှေကျဲတက္ကသိုလ်စခန်းမှ ဖြစ်နိုင်သော်လည်း ဇွန်ဘီများကို တက္ကသိုလ်ဘက်သို့ ခေါ်သွားမည်ကို စိုးရိမ်သဖြင့် တက္ကသိုလ်ဘက်သို့ မသွားဘဲ အခြားလမ်းတစ်ခုဘက်သို့ ဇွန်ဘီအုပ်စုကို လမ်းလွဲခေါ်ဆောင်သွားကြသည် ။
ကားသုံးစီးနှင့် ဇွန်ဘီအုပ်စု ထွက်ခွာသွားသည်ကို ကြည့်ပြီး ဝမ်ထောင် ခေါင်းခါလိုက်သည် ။
"ဒီလူတွေက စက်ကိရိယာတွေ ကောင်းပြီး တိုက်ခိုက်မှုစွမ်းရည် မြင့်မားပေမယ့် နည်းနည်းတော့ သတိလက်လွတ် ဖြစ်နေကြတယ် ၊ ဘယ်သူက သူတို့ကို ဦးဆောင်နေတာလဲ မသိဘူး... ဒါပေမဲ့ သူတို့က ဇွန်ဘီတွေကို ခေါ်သွားပေးတော့ ငါ ဖြတ်လမ်းကနေ သွားလို့ ရပြီပေါ့"
ဝမ်ထောင်၏ မျက်လုံးများ အရောင်လက်သွားသည် ။
သူ သေချာ ပြန်ကြည့်လိုက်သည် ။ စီးပွားရေးလမ်းမတွင် ဇွန်ဘီများ မရှိတော့ပါ၊ ပိုတိကျအောင် ပြောရလျှင် အသက်ရှင်နေသော ဇွန်ဘီများ မရှိတော့ပေ ။ ဇွန်ဘီအလောင်းများသာ မြေပြင်တွင် ပြန့်ကျဲနေသည် ။
"အခုချိန်ပဲ၊ မြန်မြန်လုပ်မှ"
ဝမ်ထောင်သည် ဤသည်မှာ အခွင့်အရေးကောင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည် ။
သူ ချက်ချင်း ဆင်းသွားပြီး ကားထဲဝင်လိုက်သည် ။ အင်ဂျင်ကို နှိုးပြီးနောက် စီးပွားရေးလမ်းမဘက်သို့ မောင်းသွားလိုက်သည် ။
စီးပွားရေးလမ်းမသို့ ရောက်ရှိကာ ဇွန်ဘီအလောင်းပုံများကို မြင်လိုက်ရသောအခါ ဝမ်ထောင်သည် နှမြောသလို ခံစားရ၏ ။ သူသာ ကိုယ်တိုင်သတ်ခဲ့လျှင် သွေးအားများ မရနိုင်သည့်တိုင် ပစ္စည်းများစွာ ရနိုင်မည် ဖြစ်သည် ။
အလောင်းများက လမ်းကို ပိတ်ထားသဖြင့် သူ၏ အရှိန်မှာ အနည်းငယ် နှေးသွားသည် ။ ထိုအချိန်တွင် ဝမ်ထောင်သည် ဆိုင်တစ်ခုအတွင်းမှ အသံအချို့ကို ရုတ်တရက် ကြားလိုက်ရ၏ ။
"အဲ့ဒါ ဘာအသံလဲ"
ဝမ်ထောင်သည် ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ ဆိုင်တစ်ဆိုင်၏ သံလိပ်တံခါးမှာ ရုတ်တရက် ပုံပျက်သွားပြီးနောက် ကွဲထွက်သွားသည်ကို မြင်လိုက်ရသည် ။ လူရိပ်တစ်ခုမှာ တံခါးပေါက်မှ လွင့်ထွက်လာ၏ ။
"ဘုန်း.."
ထိုလူရိပ်သည် ဝမ်ထောင်၏ ကားရှေ့ကို ပြင်းထန်စွာ ဆောင့်မိသွားသည် ။
ကံကောင်းစွာပင် သူ အရှိန်မပြင်းသောကြောင့် ကားမှောက်မည့် အန္တရာယ် မရှိခဲ့ပေ ။
ဝမ်ထောင်သည် ကားရှေ့ပိုင်းကို စိုးရိမ်စွာ အရင်ကြည့်လိုက်သည် ။ ကံကောင်းစွာဖြင့် အားဖြည့်ထားသော ကားရှေ့ပိုင်းမှာ ဘာမှ မဖြစ်ပေ ။ ထိုအခါမှသာ သူသည် သွေးနည်းသောအခြေအနေဖြင့် မြေပြင်ပေါ် လဲကျနေသည့် လူရိပ်ကို ကြည့်လိုက်သည် ။
"ဟင်.."
ဝမ်ထောင် အနည်းငယ် အံ့အားသင့်သွားသည် ။ ဤသူမှာ ဟန်ရွေ ဖြစ်နေသည် ။
သူမသည် ရဲဝတ်စုံကို ချွတ်ပြီး သာမန်အဝတ်အစားများ ဝတ်ထားသဖြင့် ဝမ်ထောင် သူမကို အစက မမှတ်မိခြင်း ဖြစ်သည် ။
"ဂါး...ဂါး.."
ထိုအချိန်တွင် ဆိုင်ထဲမှ အားကောင်းသော လူရိပ်တစ်ခု ထွက်လာလေ၏ ။
----
အခန်း ၇၀ - ပစ္စည်းကောက်ခြင်း
"အမြန်ပြေး... အိုး မဟုတ်ဘူး၊ ကျွန်မကို ကယ်ပါ"
ဟန်ရွေ တစ်ယောက် လွင့်ထွက်သွားပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေပြီး ခေါင်းလည်း မူးဝေနေ၏ ။
မိမိရှေ့ရှိ လူရိပ်ကို မြင်သောအခါ ရဲအရာရှိတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံအရ ထိုသူကို ပြေးရန် အလိုအလျောက် သတိပေးမိသည် ။ အကြောင်းမှာ ထိုဇွန်ဘီသည် သာမန်လူတစ်ယောက်အတွက် ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် ဖြစ်၏ ။
သို့သော် သူမ၏ အာရုံများ ပြန်လည်ကောင်းမွန်လာပြီး ထိုသူသည် သံမဏိပြားများဖြင့် အားဖြည့်ထားသော ကားတစ်စီးထဲတွင် ထိုင်နေသည်ကို မြင်လိုက်ရသောအခါ သူမသည် ချက်ချင်း စကားသံပြောင်းကာ ကယ်တင်ပေးရန် တောင်းဆိုလိုက်မိသည် ။
ဝမ်ထောင်သည် ဟန်ရွေကို ချက်ချင်း ကယ်တင်ခြင်းလည်း မပြုသလို ထွက်သွားခြင်းလည်း မလုပ်ပေ ။ သူကတူကို ကောက်ကိုင်ကာ ကားတံခါးကို ဖွင့်ပြီး အပြင်သို့ ထွက်လိုက်သည် ။
"ဖျောက်..ဖျောက်..ဖျောက်.."
အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ဝမ်ထောင်၏ အဝတ်အစားများ ချက်ချင်း စိုရွှဲသွား၏ ။
"ရှင်..."
ဟန်ရွေသည် မိမိရှေ့သို့ လာရပ်လိုက်သော လူကို စိုက်ကြည့်လိုက်သည် ။သူမ ဆိုလိုသည်က ထိုသို့မဟုတ်ပါ ။ သူမအား ကားပေါ်တင်ပြီး မောင်းပြေးရန်ဖြစ်၏။
ယခု မပြေးလျှင် နောက်ကျသွားပေလိမ့်မည်။
သူက အဲဒီဇွန်ဘီကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား။ သူ့ရဲ့ ကြွက်သားတွေကို အားကိုးပြီးတော့လား။
ကံမကောင်းစွာဖြင့် ဟန်ရွေသည် နာကျင်လွန်းသဖြင့် မလှုပ်ရှားနိုင်ပေ။ မဟုတ်ပါက သူမသည် ကားကို အတင်းလုယူပြီး ဒီလူထွားကြီးကို သူမနှင့်အတူ ပါသွားအောင် အတင်းအကျပ် ခေါ်သွားမိလိမ့်မည် ။
ဝမ်ထောင်သည် ဟန်ရွေ၏ အတွေးများကို မသိပေ။ သူသည် အမှန်တကယ်တွင် အထူးဇွန်ဘီများကို ရှာဖွေနေခြင်းဖြစ်ပြီး ယခုတော့ တစ်ကောင်က သူ့ဆီ အလိုလို ရောက်လာခဲ့လေပြီ ။
အရေးကြီးဆုံးမှာ ဤဇွန်ဘီ၏ သွေးမှာ အလွန်နည်းနေခြင်းပင် ဖြစ်၏ ။
【၃၂၁/၁၅၀၀】
ဤမျှကောင်းသော အခွင့်အရေးကို လွှတ်ပေးလိုက်ပါက မိုးကြိုးပစ်ခံ၍သာသေသင့်တော့သည်။
ဝမ်ထောင်သည် တူကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး မလှမ်းမကမ်းရှိ ဇွန်ဘီကို ကြည့်လိုက်၏ ။
၎င်းသည် နှစ်မီတာကျော်မြင့်သော ဇွန်ဘီဖြစ်သော်လည်း ခန္ဓာကိုယ်မှာ ပုံပျက်ပန်းပျက်ဖြစ်နေ၏ ။ သို့သော် ၄င်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းညာဘက်ခြမ်းမှာ ထွားကျိုင်းလွန်းပြီး ဝမ်ထောင်ကိုယ်တိုင်၏ ထက်ဝက်ခန့် ရှိသည့် ညာဘက်လက်မောင်းမှာလည်း ထူးခြားစွာ ကြီးမားနေသည် ။ သို့သော် ဘယ်ဘက်ခြမ်းမှာမူ ညှိုးနွမ်းနေပြီး အထူးသဖြင့် ဘယ်ဘက်လက်မောင်းမှာ သာမန်လူထက်ပင် သေးငယ်နေ၏။ ဘယ်ဘက်ခြမ်းမှ အာဟာရဓာတ်များအားလုံးကို ညာဘက်ခြမ်းသို့ စုပ်ယူထားသည့်နှယ် ဖြစ်သည် ။
ဇွန်ဘီ၏ ခန္ဓာကိုယ်တွင် ကျည်ဆန်ပေါက်များစွာ ရှိပြီး သွေးနက်များ စီးကျနေ၏ ။
"အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီ..."
ဤဇွန်ဘီမျိုးကို စစ်တပ်မှ ပေးထားသော စာရွက်စာတမ်းများတွင် ဖော်ပြထားပြီး အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီဟု အမည်ပေးထားသည် ။
၎င်းသည် အပြေးမြန်သော ဇွန်ဘီများနှင့် မတူပေ။ အမည်တွင် တစ်လုံးသာ ကွာခြားသော်လည်း ခွန်အားကွာဟချက်မှာ ဆယ်ဆထက်မက ပိုများ၏ ။
ဇွန်ဘီက သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ထောင်သည် ကားနှင့် ဝေးရာသို့ ပြတ်သားစွာ ပြေးထွက်သွားသည် ။
"ဂါး..."
အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီ၏ ပုံပျက်နေသော ပါးစပ်ကြီးထဲမှ ဟိန်းဟောက်သံ ထွက်ပေါ်လာသည် ။ ၎င်းသည် ညာဘက်လက်မောင်းကို မြှောက်ကာ နောက်ခြေထောက်များဖြင့် မြေပြင်ကို ကန်၍ ဝမ်ထောင်ဆီသို့ တိုက်ရိုက် ပြေးလာ၏ ။
"ဂရီး..."
နွားသိုးတစ်ကောင်ကဲ့သို့ အရှိန်ပြင်းတိုးဝှေ့လာသော ထွားကျိုင်းသည့် ဇွန်ဘီကို ကြည့်ပြီး ဝမ်ထောင်သည် ရုတ်တရက် ညာဘက်သို့ လှိမ့်လိုက်သည် ။ အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီသည် ဝမ်ထောင်၏ ခန္ဓာကိုယ်ကို ပွတ်သီးပွတ်သပ်ဖြင့် ကျော်ဖြတ်သွားသည် ။
"ဘုန်း.."
အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီသည် သူတို့၏ ဆန့်ကျင်ဘက်ရှိ အဆောက်အအုံ နံရံကို ခေါင်းဖြင့် အားပါးတရ ဆောင့်မိသွားသည် ။
ကျယ်လောင်သော အသံနှင့်အတူ နံရံတွင် အက်ကြောင်းများ ပြည့်နေသည့် ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်သွား၏။ ဇွန်ဘီ၏ ခေါင်းပေါ်တွင် 【-၃】 ဟူသော ဂဏန်းပေါ်လာပြီး တိုက်မိမှုကြောင့် အနည်းငယ် မူးဝေနေပုံရသည် ။
အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီ၏ တိုက်ခိုက်နည်းမှာ ကိုက်ခြင်းမဟုတ်ဘဲ ဆောင့်တိုက်ခြင်း ဖြစ်သည်။ တစ်ခါမှ ထိမှန်မခံရပါက ကိစ္စမရှိ၊ ထိမှန်မိလျှင်တော့ အသက်မသေလျှင်ပင် မသေရုံမလှတပ ဖြစ်သွားနိုင်၏။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူများအတွက်ပင် ဤမျှဖြစ်လျှင် သာမန်လူများမှာဆို ပြောစရာပင်မလိုတော့ပါ။
ဝမ်ထောင်သည် သူ၏ လက်ရှိ ခွန်အားဖြင့် ၎င်းကို တားဆီးနိုင်မည်ဟု ခံစားရသော်လည်း ထိုသို့ လုပ်ရန် မလိုပေ။ ထို့ကြောင့် သူသည် အလွန်မြန်သောအရှိန်ဖြင့် ရှောင်လိုက်ခြင်း ဖြစ်၏ ။
အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီ၏ ဆောင့်တိုက်မှု တစ်ကြိမ်သည် လူတစ်ဦး သို့မဟုတ် အတားအဆီးတစ်ခုခုကို မထိမချင်း မရပ်တန့်ဘဲ မီတာ ၂၀ သို့မဟုတ် ၃၀ အထိ မျဉ်းဖြောင့်အတိုင်း ရောက်ရှိနိုင်သည် ။
အတားအဆီးကို ထိမိပါက အတားအဆီးကို ဖျက်ဆီးပစ်နိုင်သည်၊ သို့မဟုတ် အတားအဆီးကြောင့် ရပ်တန့်သွားပြီး စက္ကန့်အနည်းငယ်ကြာ မူးဝေသွားနိုင်သည် ။
ဤလမ်းမပေါ်ရှိ အဆောက်အအုံများမှာ သံကူကွန်ကရစ်တည်ဆောက်ပုံများ ဖြစ်သောကြောင့် အတော်ပင် ခိုင်ခံ့ပြီး အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီကို ရပ်တန့်စေကာ မူးဝေသွားစေ၏ ။
ကားကို မှီထားသည့် ဟန်ရွေ၏ မျက်လုံးများမှာ မယုံနိုင်စရာများဖြင့် ပြူးကျယ်သွားသည် ။
"သူက တကယ်ပဲ ရှောင်လိုက်တာလား"
ဒီဇွန်ဘီနှင့် တိုက်ရိုက် ရင်ဆိုင်ဖူးသူသာလျှင် ၎င်း၏ အရှိန်ပြင်းတိုးဝှေ့ခြင်းကို ကြောက်လန့်ရကြောင်း သိနိုင်ပေမည်။ ဘေးလူတစ်ယောက်အနေဖြင့် တိုက်မိမည့် လမ်းကြောင်းကို မြင်နိုင်သော်လည်း သင်ကိုယ်တိုင် ပစ်မှတ်ဖြစ်နေပါက ရှောင်ရန် အခွင့်အရေး မရှိသလောက်ပင် ။
သို့သော် ထိုလူထွားကြီးက တကယ်ပင် ရှောင်လိုက်နိင်သည် ။
သူ့ကို သေပြီဟု ထင်ခဲ့မိသော်လည်း သူက တကယ့် ကျွမ်းကျင်သူ ဖြစ်နေ၏ ။
သူမ သူ့ကို အထင်မှားခဲ့မိပြီ ။
တစ်ဖက်တွင် အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီ မူးဝေနေချိန်၌ ဝမ်ထောင်သည် အမြန်ပြေးသွားပြီး ၎င်း၏ခေါင်းကို တူဖြင့် သုံးချက် ရိုက်ချလိုက်သည် ။
ဒုတ်..ဒုတ်...ဒုတ်
【-၁၂၁】
【-၁၂၄】
【-၇၆】
【၀/၁၅၀၀】
သေသွားပြီလား ။
ဝမ်ထောင် အနည်းငယ် အံ့အားသင့်သွားသည် ။ ဤသည်မှာ သွေး ၁၅၀၀ ရှိသော အထူးဇွန်ဘီ ဖြစ်သည်။ သူက အချိန်အတော်ကြာ တိုက်ခိုက်ရမည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည် ။
သို့သော် ပြန်တွေးကြည့်သော်လည်း သူ၏ ခွန်အားမှာ အတော်ပင် တိုးတက်လာပြီဖြစ်ရာ သွေးနည်းနေသော အထူးဇွန်ဘီတစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်မှာ မထူးဆန်းပေ ။
"အမ်"
ဝမ်ထောင်၏ မျက်နှာတွင် ရုတ်တရက် ဝမ်းမြောက်မှုများ ပေါ်လာသည် ။ အကြောင်းမှာ သူ၏ သွေးဘားတန်း တိုးလာသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည် ။
၄၀ မှတ် တိုးလာပြီး ယခုဆိုလျှင် 【၁၀၄၀/၁၀၄၀】 ဖြစ်သွားပြီ ။
ဆိုလိုသည်မှာ ပုံမှန်ဇွန်ဘီများကို သတ်ဖြတ်ခြင်းက သွေးမတိုးတော့သော်လည်း အထူးဇွန်ဘီများကို သတ်ဖြတ်ခြင်းက သွေးတိုးစေဆဲ ဖြစ်သည် ။
သေချာပေါက်ပင်၊ ၁၀၀၀ ဆိုသည်မှာ ကန့်သတ်ချက် မဟုတ်ပေ ။
စိတ်ထဲမှ တွေးလိုက်သည်နှင့် ဇွန်ဘီ ချပေးလိုက်သော တကြည်လင်နေသည့် ပစ္စည်းထုပ်သည် ဝမ်ထောင်၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ ရောက်သွားသည် ။
【ရရှိသည် - အရှိန်ပြင်းညာဘက်လက်မောင်းပြုလုပ်နည်းပုံကြမ်း *၁】
ဝမ်ထောင် ပစ္စည်းကို ကြည့်ရန် အချိန်မရသေးဘဲ အမြန်ပင် တူကို အသုံးပြု၍ ဇွန်ဘီ၏ ခေါင်းထဲမှ အမြုတေကို ထုတ်ယူလိုက်သည် ။
၎င်းသည် 【အရှိန်ပြင်းတိုးဝှေ့ခြင်း】 ဟု အမည်ရသည့် ခရမ်းရောင်အမြုတေ ဖြစ်သည်။ အသေးစိတ် ကြည့်ရန် အချိန်မရှိ၍ ဝမ်ထောင်သည် ၎င်းကို သိမ်းဆည်းလိုက်ပြီး ကားဆီသို့ အမြန် ပြေးသွားသည် ။
ဟန်ရွေ၏ ပါးစပ်မှာမူ ထိတ်လန့်မှုများဖြင့် အချိန်ကြာကြာထိ ပွင့်လျက်သား ဖြစ်နေ၏ ။
ဝမ်ထောင် ဇွန်ဘီ၏ တိုက်ခိုက်မှုကို ရှောင်လိုက်သည်ကို မြင်ပြီးကတည်းက သူမ သူ့ကို အထင်မှားခဲ့ကြောင်း သိလိုက်ရပြီ။ သို့သော် ဝမ်ထောင်က တူသုံးချက်ဖြင့် ဇွန်ဘီကို သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ ဟန်ရွေ လုံးဝ အံ့အားသင့်သွားတော့သည် ။
သေနတ်သံ ကြားသော်လည်း အကူအညီတောင်းရန်ပင် မလှုပ်ရဲလောက်အောင် ကြမ်းတမ်းသည့် ဤဇွန်ဘီ၏ ခွန်အားကို သူမ သိ၏။အသံမထွက်ဝံ့ဘဲ ပုန်းနေခဲ့သော်လည်း နောက်ဆုံးတွင် သူမ အတွေ့ခံလိုက်ရပြီး အသက်ပါ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည် ။
သူမက အစွမ်းကုန် ခုခံခဲ့သော်လည်း ဘာမျှ မထိခိုက်နိုင်ခဲ့ပေ။ သို့သော် ဤအမျိုးသားက တူသုံးချက်ဖြင့်ပင် သတ်လိုက်နိုင်သည်...
သူမကို အံ့အားသင့်စေသည်မှာ ဝမ်ထောင်၏ ကျွမ်းကျင်သောလှုပ်ရှားမှု ဖြစ်၏။ ဤသည်မှာ သူ ပထမဆုံးအကြိမ် လုပ်ဖူးခြင်း မဟုတ်မှန်း သိသာလှသည် ။
သူကလည်း စွမ်းရည်အသုံးပြုသူ တစ်ယောက် ဖြစ်နေတာပဲ ။
ဝမ်ထောင် ကားဆီ ပြန်ရောက်ပြီး ဟန်ရွေက သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်သော်လည်း စကားရှည်ရှည် မပြောတော့ပေ။ သူသည် ဟန်ရွေကို လက်မောင်းမှ ဆွဲမြှောက်ကာ နောက်ခန်းထိုင်ခုံပေါ်သို့ ပစ်တင်လိုက်သည် ။
"အား.... ကျေးဇူးတင်ပါတယ်..."
ဟန်ရွေ နာကျင်စွာ ညည်းညူလိုက်သော်လည်း မကျေနပ်သည့် အရိပ်အယောင် မပြပေ။ ယင်းအစား သူ့ကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည် ။
ကယ်တင်ခံရခြင်းမှာ ကြီးမားသော ကျေးဇူးတစ်ခု ဖြစ်သည်။ သူမ အနေဖြင့် နောက်ထပ် အခွင့်အရေးတောင်းဆိုရန် မဖြစ်နိုင်ပေ ။
ဝမ်ထောင်သည် နောက်ကြည့်မှန်မှတစ်ဆင့် သူမကို တစ်ချက် ကြည့်လိုက်သည် ။
"ခါးပတ်ပတ်ထား"
ထိုစကားကို ကြားသောအခါ ဟန်ရွေသည် တုန်တုန်ရီရီဖြင့် ထိုင်ခုံခါးပတ်ကို အမြန် ပတ်လိုက်သည် ။
ဝမ်ထောင်က လီဗာကို အားပါးတရ နင်းလိုက်သည် ။
"ဝူး...."
မော်တာ၏ လည်ပတ်အားမှာ ကြီးမားပြီး လေးဘီးမောင်းစနစ်သုံးယာဉ် ဖြစ်သဖြင့် ကားသည် ချက်ချင်း ရှေ့သို့ ပြေးထွက်သွားသည် ။
ကားအတွင်းတွင် ဟန်ရွေသည် နောက်ကျောမှ ပြင်းထန်သော တွန်းကန်မှုကို ခံစားလိုက်ရပြီး သူမ၏ မျက်လုံးများတွင် အံ့ဩမှုများ ပေါ်လာ၏ ။
"သူက တစ်ယောက်တည်း အပြင်ထွက်ဖို့ ဘာကြောင့်ရဲရဲဝံ့ဝံ့ ရှိနေတာလဲ ဆိုတာ သိလိုက်ပြီ၊ ဒါက လျှပ်စစ်ကားကိုး"
လျှပ်စစ်ကားများသည် တိတ်ဆိတ်သလို မိုးသည်းထန်စွာ ရွာနေသဖြင့် အသက်ရှင်ကျန်ရစ်သူများစခန်းသို့ ဘေးကင်းစွာ ပြန်ရောက်နိုင်ခြေ များသည်ဟု ဟန်ရွေ ထင်မှတ်လိုက်သည် ။ သူမသည် ဝမ်ထောင်ကို ရွှေကျဲတက္ကသိုလ် အသက်ရှင်ကျန်ရစ်သူများစခန်းမှ ဖြစ်မည်ဟု ယူဆထားသည်၊ အကြောင်းမှာ သူတို့သည် ထိုနေရာနှင့် အလွန်နီးကပ်နေသောကြောင့် ဖြစ်သည် ။
သို့သော် ယခင်က သေနတ်သံများကြောင့် ဖြစ်မည်၊ စီးပွားရေးလမ်းမတွင် ဇွန်ဘီများ မရှိတော့သော်လည်း အခြားနေရာများတွင် များပြားစွာ ရှိနေကြသည် ။
ဘေးကင်းစေရန် ဝမ်ထောင်သည် လမ်းအနည်းငယ် ပတ်သွားလိုက်ရသည် ။
နာရီအနည်းငယ်ကြာပြီးနောက် နေဝင်ရိုးရီအချိန်တွင် ဝမ်ထောင်သည် အဝေးမှ ရွှေကျဲတက္ကသိုလ်ကို မြင်လိုက်ရ၏ ။
ရွှေကျဲတက္ကသိုလ်သည် ယခုအခါ သူမှတ်မိနေသည့် ပုံစံနှင့် လုံးဝ ကွဲပြားသွားလေပြီ ။ ကျောင်းဝင်းတံတိုင်းများမှာ သိသိသာသာ မြင့်တက်လာပြီး အပေါ်တွင် သဲအိတ်များ၊ ပစ်ခတ်ပေါက်များ၊ ဆူးကြိုးများဖြင့် ပြည့်နှက်နေသည် ။ အောက်ဘက်တွင် ဆူးညှောင့်ခလုတ်အတားအဆီးများ၊ ကတုတ်ကျင်းများနှင့် မီးလောင်ရာများ ပါရှိသော သံစပါးအိုးကြီးများ ရှိနေသည်... ထိုမြင်ကွင်းများကို ကြည့်ရုံနှင့်ပင် လုံခြုံစိတ်ချရမှု ခံစားရသည် ။
ပင်မဂိတ်တံခါးအပေါ်တွင် "ရွှေကျဲစခန်း" ဟူသော စာလုံးကြီးလေးလုံးကို ချိတ်ဆွဲထားသည် ။
ဝမ်ထောင် တိုက်ရိုက် မဝင်သေးပေ။ သူသည် ကားကို ဘေးကင်းသောထောင့် တစ်ခုတွင် ရပ်လိုက်ပြီး ဟန်ရွေဘက်သို့ အကြည့် ရွှေ့လိုက်သည် ။
"အရာရှိဟန်၊ ကျွန်တော်တို့ စကားပြောကြရအောင်"
.......