အခန်း (၇၁-၇၂)
Vol. 7 Ch. 71-72
အခန်း ၇၁ - ဟန်ရွေ၏ အချက်အလက်များ
"ကျွန်မကို သိလို့လား"
ဟန်ရွေသည် တစ်ကိုယ်လုံး လုံခြုံအောင် ဝတ်ဆင်ထားသော ဝမ်ထောင်ကို အံ့ဩမှုနှင့်အတူ သတိထားနေသောအကြည့်ဖြင့် ကြည့်လိုက်သည် ။
"အရင်က မြင်ဖူးတယ်လေ"
ဝမ်ထောင်က အသေးစိတ် ပြောမပြပါ ။
"ရှင်... ဘာပြောချင်လို့လဲ"
ဟန်ရွေသည် ဝမ်ထောင်၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ဖြစ်နေသည် ။
"ဒီစခန်းက ယုံကြည်ရရဲ့လား"
ဝမ်ထောင်သည် သူတို့ရှေ့ရှိ စခန်းကို ကြည့်ကာ မေးလိုက်သည် ။
ဝမ်ထောင်၏ "ယုံကြည်ရသလား" ဆိုသော စကား၏ အဓိပ္ပာယ်ကို ဟန်ရွေ နားလည်၏။ သူမသည် ယခင်က မရိုးသားသော အသက်ရှင်ကျန်ရစ်သူများ အဖွဲ့နှင့် တွေ့ဆုံဖူးပြီးဖြစ်ရာ ယခုအခါ အခြားသူများကို အလွယ်တကူ မယုံကြည်တော့ပေ။ ဝမ်ထောင်က သူမ၏အသက်ကို ကယ်တင်ပေးခဲ့သော်လည်း သူ့ကိုပင် အတိုင်းအတာတစ်ခုအထိ သတိထားနေဆဲ ဖြစ်သည် ။
သို့သော်လည်း ဤရွှေကျဲတက္ကသိုလ် အသက်ရှင်ကျန်ရစ်သူများစခန်းမှာမူ သူမအတွက် ယုံကြည်ရမည်ဟု ခံစားရ၏ ။
"ယုံကြည်ရတာပေါ့။ ကျွန်မရဲ့ အထက်လူကြီးဟောင်းလည်း အထဲမှာ ရှိတယ်။ ပြီးတော့ ဒါက ကျွန်မတို့ လုံခြုံရေးတပ်က တည်ထောင်ထားတဲ့ စခန်းလေ..."
ဟန်ရွေသည် သူမသိထားသည့် အချက်အလက်အချို့ကို ပြောပြလိုက်သည် ။
"ဟုတ်ပါပြီ၊ ဒါဆိုလည်း ကျွန်တော် စိတ်အေးပါပြီ"
ဝမ်ထောင် ခေါင်းညိတ်လိုက်ပြီးနောက် ဟန်ရွေကို ကြည့်ကာ ထပ်မေးလိုက်သည် ။
"အရာရှိဟန် ဘယ်လိုလုပ်ပြီး ရွေချိုက်စီးပွားရေးလမ်းမကို ရောက်သွားရတာလဲ။ နှစ်ယွမ်တန်ဆိုင်မှာ ပိတ်မိနေတုန်းက ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော် စိတ်ဝင်စားမိတယ်။ အရာရှိဟန် ကျွန်တော့်ရဲ့ သိချင်စိတ်ကို ဖြေပေးနိုင်မလား"
"...ပြဿနာမရှိပါဘူး"
ဟန်ရွေ ပြတ်သားစွာ ခေါင်းညိတ်လိုက်သည် ။ သူမသည် လက်ရှိအခြေအနေကို အလွန်ကောင်းစွာ နားလည်ထား၏။ ဇွန်ဘီများ၏ အန္တရာယ်မှ လွတ်မြောက်လာပြီး ဤလူ၏ ကယ်တင်ခြင်းကို ခံခဲ့ရသော်လည်း သူမ၏အသက်မှာ သူ၏လက်ထဲတွင် ရှိနေသကဲ့သို့ပင် ။
ဟန်ရွေသည် ဝမ်ထောင်၏ ရည်ရွယ်ချက်ကို မသိသေးပါ ။ ထို့ကြောင့် သူက သူမကို တစ်စုံတစ်ရာ ထူးခြားစွာ မလုပ်သရွေ့ သူမသည် အကောင်းဆုံး လိုက်လျောညီထွေနေထိုင်ပြီး သူ့ကို ဒေါသထွက်စေမည့် အပြုအမူမျိုး ရှောင်ရှားမည် ဖြစ်သည် ။
"ပြီးခဲ့တဲ့ တစ်ပတ်လောက်က ဖြစ်မယ်၊ ဘယ်နေ့ဆိုတာတော့ တိတိကျကျ မမှတ်မိတော့ဘူး။ ရွေချိုက်စီးပွားရေးလမ်းမကို ရောက်သွားတဲ့အချိန်မှာ..."
ဟန်ရွေ၏ ပြောပြချက်မှာ အိုရင်းရင်း ပြောခဲ့သည်နှင့် ဆင်တူသော်လည်း အသေးစိတ်အချက်အလက်များတွင် ကွဲပြားမှုအချို့ ရှိနေသည် ။
သူတို့သည် ရွေချိုက်စီးပွားရေးလမ်းမသို့ ထူးခြားမှုမရှိဘဲ ရောက်ရှိလာခဲ့ကြသည်။ ရွှေကျဲတက္ကသိုလ် အသက်ရှင်ကျန်ရစ်သူများစခန်းသို့ နီးကပ်နေပြီဖြစ်၍ သုံးယောက်စလုံး အလွန်စိတ်လှုပ်ရှားနေကြ၏ ။
ဟန်ရွေက စီးပွားရေးလမ်းမကို ရှောင်ကွင်းပြီး ပတ်သွားရန် အကြံပြုခဲ့သည်။ စီးပွားရေးလမ်းမတွင် ဇွန်ဘီများ များပြားပုံမရသော်လည်း သူမ စိုးရိမ်နေဆဲ ဖြစ်သည် ။
သူမ၏ ခင်ပွန်း ဆန်းဝေကွမ်ကမူ စီးပွားရေးလမ်းမထဲကို တန်းဖြတ်သွားချင်နေ၏ ။
စီးပွားရေးလမ်းမဆိုသည်မှာ ဧရိယာတစ်ခုလုံးကို ဆိုလိုခြင်း ဖြစ်သည်။ ရှောင်ကွင်းသွားခြင်းမှာ အဝေးကြီး လမ်းလျှောက်ရမည်။ ကမ္ဘာပျက်ကပ်တွင် အပြင်ဘက်၌ အချိန်ပိုကြာလေလေ အန္တရာယ်ပိုများလေလေ ဖြစ်သည်။ စီးပွားရေးလမ်းမကို ဖြတ်သွားပါက အချိန်အများကြီး သက်သာမည် ဖြစ်သည် ။
သူတို့သည် စီးပွားရေးလမ်းမတွင် ဇွန်ဘီများ အလွန် မများပြားသည်ကိုလည်း သတိပြုမိကြသည်။ ၎င်းမှာ မြင်သာသော ဘေးကင်းမှုဖြစ်ပြီး ရှောင်ကွင်းသွားခြင်းက မမြင်နိုင်သော အန္တရာယ်များကို ပိုများစေသည်ဟု ယူဆကြ၏ ။
အိုရင်းရင်းမှာ ကိုယ်ပိုင်အယူအဆ မရှိသောသူ ဖြစ်သည်။ သူမက ဟန်ရွေပြောသည်မှာလည်း မှန်သည်ဟု ထင်သလို ဆန်းဝေကွမ် ပြောသည်မှာလည်း မှန်သည်ဟု ထင်နေ၏။ နောက်ဆုံးတွင် နှစ်ယောက်စလုံး သူမကို ကြည့်လိုက်သောအခါ သူမသည် ဆန်းဝေကွမ်ဘက်ကိုသာ ရွေးချယ်လိုက်ပြီး စီးပွားရေးလမ်းမကို ဖြတ်သွားရန် ဆုံးဖြတ်လိုက်ကြသည် ။
ဟန်ရွေမှာ အမှန်တကယ်တွင် ကိုယ်ပိုင်အယူအဆ ခိုင်မာသူ ဖြစ်သော်လည်း ထိုအချိန်ကမူ သူမ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း အသေအချာ မပြောနိုင်ခဲ့ပေ ။
ထို့ကြောင့် ထိုအချိန်က သူမသည် အများစု၏ ဆုံးဖြတ်ချက်အတိုင်း လိုက်လျောခဲ့ရသည် ။
စီးပွားရေးလမ်းမထဲ ဝင်ရောက်သွားချိန်တွင် အရာအားလုံး ချောမွေ့နေ၏။ သုံးယောက်စလုံး တိတ်ဆိတ်စွာ နေကြသဖြင့် ဇွန်ဘီများကို အာရုံစိုက်မှု မရရှိခဲ့ပေ ။
သို့သော် လက်ဖက်ရည်ဆိုင် တစ်ဆိုင်၏ အရှေ့ဘက်သို့ ရောက်သောအခါ အိုရင်းရင်းက ရေငတ်သဖြင့် ရေလိုချင်ကြောင်း ပြောလာသည် ။ သူတို့သည် တစ်နေ့လုံး ရေမသောက်ရသေးပေ ။
ဆန်းဝေကွမ်လည်း အလွန် ရေငတ်နေ၏။ ထိုစကားကို ကြားသောအခါ အနီးနားရှိ လက်ဖက်ရည်ဆိုင်ကို လှမ်းကြည့်လိုက်သည် ။
ဆိုင်မှာ မကြီးမသေးဖြစ်ပြီး တံခါးမှာ ပွင့်နေကာ အတွင်းဘက်အခြေအနေကို တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်၏။ ဇွန်ဘီများ မရှိချေ ။
ထို့နောက် ဆန်းဝေကွမ်သည် အိုရင်းရင်းကို ရေရှာပေးရန် ဆိုင်ထဲသို့ ခေါ်သွားရန် စေတနာပြလိုက်သည် ။ လက်ဖက်ရည်ဆိုင် ဖြစ်သည့်အတွက် သန့်ရှင်းသောရေ ရှိနိုင်သည်ဟု ယူဆကြ၏ ။
ဟန်ရွေသည် ရှေ့နားရှိ ထောင့်တစ်ခုတွင် လမ်းကို ပိတ်ဆို့နေသော ဇွန်ဘီတစ်ကောင်ကို သတိပြုမိလိုက်သည် ။ သူမသည် ထိုဇွန်ဘီကို ရှင်းလင်းရန် ရှေ့သို့ ထွက်သွားခဲ့၏။
ထိုဇွန်ဘီကို ဖြေရှင်းရန်ကြိုးစားပြီးနောက် လက်ဖက်ရည်ဆိုင်အတွင်းမှ ရုတ်တရက် အသံတစ်စုံတစ်ရာ ထွက်ပေါ်လာသည် ။
ဘာဖြစ်နေသည်ကို မသိခင်မှာပင် အခြားဇွန်ဘီများနှင့် မတူသော အမျိုးသမီးဇွန်ဘီတစ်ကောင် ပေါ်လာပြီး လက်ဖက်ရည်ဆိုင်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားသည်ကို မြင်လိုက်ရ၏ ။
ဟန်ရွေ အပြေးသွားကြည့်လိုက်ရာ ဆန်းဝေကွမ်နှင့် အိုရင်းရင်းတို့ စားပွဲအောက်တွင် ပုန်းနေသည်ကို တွေ့ရသည်။ ဇွန်ဘီက စားပွဲကို တွန်းဖယ်ပြီး သူတို့ကို ကိုက်တော့မည့်အချိန်တွင် ဟန်ရွေသည် ပစ္စတိုသေနတ်ကို ထုတ်ကာ မောင်းခလုတ်ကို ပြတ်သားစွာ ဆွဲလိုက်သည် ။
"ဒိုင်း" ဟူသော အသံနှင့်အတူ ကျည်ဆန်သည် ဇွန်ဘီကို ထိမှန်သွားပြီး ၎င်း၏ အာရုံကို အောင်မြင်စွာ လွှဲပြောင်းနိုင်လိုက်သည်။ သို့သော် ၎င်းသည် ပတ်ဝန်းကျင်ရှိ အခြားဇွန်ဘီများ၏ အာရုံကိုလည်း ဆွဲဆောင်သွား၏ ။
ဟန်ရွေသည် ထိုသူနှစ်ယောက်ကို သံလိပ်တံခါး ဆွဲချပြီး ပုန်းနေရန် အမြန်ပြောလိုက်ပြီးနောက် အနီးနားရှိ ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ပုန်းလိုက်သည် ။
ထိုအထူးဇွန်ဘီသည် သူမနောက်သို့ လိုက်လာသော်လည်း သူမ၏ သေနတ်ပစ်ခတ်မှုစွမ်းရည်မှာ အလွန်တိကျ၏။ ဇွန်ဘီက အထဲကို လိုက်ဝင်လာသည့်အချိန်မှာပင် သူမသည် ကျည်အိမ်ထဲရှိ ကျည်ဆန်များကို ပစ်ထုတ်လိုက်သည် ။
ယခုအချိန်အထိ ဇွန်ဘီတစ်ကောင် မည်မျှပင် သန်မာစေကာမူ အသားနှင့်သွေးသာ ဖြစ်ပြီး ကျည်ဆန်ကို မတားဆီးနိုင်ပေ။ သေနတ်ပစ်ခတ်မှုစွမ်းရည် ကောင်းပြီး ဇွန်ဘီ၏ အသက်အန္တရာယ်ရှိသောအချက်များကို ထိမှန်နိုင်သရွေ့ အထူးဇွန်ဘီတစ်ကောင်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည် ။
ထို့ကြောင့် ထိုအထူးဇွန်ဘီသည် ဟန်ရွေ၏ ပစ်ခတ်မှုဖြင့် သေဆုံးသွားခဲ့ရသည် ။
သို့သော် ထိုအချိန်တွင် ဇွန်ဘီလှိုင်းလုံးကြီးမှာ အပြင်ဘက်သို့ ရောက်နေနှင့်ပြီ ဖြစ်သည်။ သူမသည် ဆန်းဝေကွမ်တို့နှင့် ပြန်မပေါင်းနိုင်တော့ဘဲ တံခါးနှင့် ပြတင်းပေါက်များကို သော့ခတ်ပြီး ထိုနေရာတွင်သာ ပုန်းနေခဲ့ရသည် ။
ဟန်ရွေသည် အပြင်ဘက်ရှိ ဇွန်ဘီများ မကြာမီ ထွက်သွားလိမ့်မည်ဟု မူလက ထင်ခဲ့သော်လည်း ၎င်းတို့မှာ လမ်းမပေါ်တွင်ပင် ဆက်ရှိနေပြီး ဘယ်တော့မှ ထွက်မသွားတော့သည့်နှယ် ဖြစ်နေသည် ။
ကံကောင်းစွာပင် ဆိုင်ထဲတွင် အစားအစာ အနည်းငယ် ရှိနေသဖြင့် သူမ အငတ်ဘေးမှ လွတ်ခဲ့၏ ။
သို့သော် သူမ မမျှော်လင့်ထားသည်မှာ အချိန်တစ်ခုတွင် ထွားကျိုင်းသောအထူးဇွန်ဘီတစ်ကောင်မှာ ဘေးအိမ်အဆောက်အအုံထဲသို့ ဝင်ရောက်လာခြင်းပင် ဖြစ်သည် ။
သူမ၏ သေနတ်မှာ ကျည်ကုန်နေပြီဖြစ်ပြီး လက်ဗလာဖြင့် အထူးဇွန်ဘီတစ်ကောင်ကို မတိုက်နိုင်သဖြင့် ပုန်းနေရန်သာ ရွေးချယ်နိုင်ခဲ့သည် ။ ထို့နောက် ယနေ့အထိ စောင့်ဆိုင်းခဲ့ခြင်း ဖြစ်သည် ။
ယနေ့တွင် အပြင်ဘက်မှ သေနတ်သံများကို ကြားရသောအခါ သူမသည် ကယ်တင်ခံရတော့မည်ဟု ထင်ကာ အလွန်စိတ်လှုပ်ရှားခဲ့သည် ။
သို့သော် အနီးနားတွင် ကြောက်မက်ဖွယ်ကောင်းသော အထူးဇွန်ဘီတစ်ကောင် ရှိနေသဖြင့် သူမ အသံမထွက်ဝံ့ပေ။ အထူးဇွန်ဘီကို အပြင်သို့ ဆွဲထုတ်သွားသည်အထိ စောင့်ရန် ကြိုးစားခဲ့သည် ။
မမျှော်လင့်ဘဲ အထူးဇွန်ဘီမှာ ဒဏ်ရာရနေသည်လား မသိ၊ အပြင်သို့ မထွက်ဘဲ အခန်းထဲတွင်သာ ပုန်းအောင်းနေခဲ့သည် ။
ဤအခြေအနေကြောင့် ဟန်ရွေလည်း ဒုက္ခရောက်ခဲ့ရသည် ။ သေနတ်သံများ ဝေးသွားသည်အထိ စောင့်သော်လည်း သင့်လျော်သော အခွင့်အရေးကို မရရှိခဲ့ပေ။ သူမ တံခါးဖွင့်ရန် သို့မဟုတ် အော်ဟစ်ရန် မဝံ့ရဲဘဲ အကယ်၍ လုပ်မိပါက မည်သူမျှ မကယ်တင်ခင် ဇွန်ဘီကိုက်သတ်ခြင်း ခံရလိမ့်မည် ဖြစ်သည် ။
သို့သော် ကံကောင်းသည့်အချက်တစ်ခုမှာ အပြင်ဘက်ရှိ အဖွဲ့က ဇွန်ဘီအုပ်စုကြီးကို လမ်းလွဲခေါ်ဆောင်သွားခြင်းပင် ဖြစ်သည်။ ဘေးအိမ်ရှိ အထူးဇွန်ဘီကိုသာ ရှောင်ကွင်းနိုင်ပါက သူမ အပြင်ထွက်နိုင်သည် ။
နောက်ဆုံးတွင် သူမ ရှောင်ကွင်း၍ မရဘဲ ဇွန်ဘီ၏ အတွေ့ခံလိုက်ရသည် ။
ထို့နောက် ဝမ်ထောင် မြင်လိုက်ရသည့် အခြေအနေသို့ ရောက်သွား၏။ သူမ ရှောင်ရန် အချိန်မရလိုက်ဘဲ အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီ၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားပြီး သံလိပ်တံခါးကို ဖောက်ထွက်ကာ ဝမ်ထောင်၏ ကားကို ဆောင့်မိသွားခြင်း ဖြစ်သည် ။
"အဲဒီလို ဖြစ်ခဲ့တာပါ"
သူမ၏ အတွေ့အကြုံကို တစ်ချက်တည်း ရှင်းပြပြီးနောက် ဟန်ရွေသည် ခြောက်ကပ်နေသော သူမ၏ နှုတ်ခမ်းများကို လျှာဖြင့် သတ်လိုက်သည် ။
ဟန်ရွေ၏ ပြောပြချက်တွင် အိုရင်းရင်းထက် ပိုမိုအသေးစိတ်ပြီး အချက်တစ်ချက် ကွဲပြားနေသည် ။
အိုရင်းရင်းက ဆန်းဝေကွမ်သည် သူတို့နှစ်ယောက်အတွက် လက်ဖက်ရည်ကို ဦးဆောင်ရှာပေးသည်ဟု ပြောခဲ့သော်လည်း ဟန်ရွေကမူ အိုရင်းရင်းသာ ရေလိုချင်သဖြင့် ဆန်းဝေကွမ်က လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်ရှာပေးခြင်းဖြစ်ကြောင်း ပြောသည် ။
သူတို့၏ စရိုက်လက္ခဏာများကို နားလည်မှုနှင့် ဝမ်ထောင်၏ ကိုယ်ပိုင်သုံးသပ်ချက်များအရ ဟန်ရွေ၏ ဗားရှင်းမှာ ပိုမိုယုံကြည်ရမည်ဟု ဝမ်ထောင် ခံစားရသည် ။ အိုရင်းရင်းမှာ တာဝန်ယူမှုကို မိမိဆီမှ အခြားသူဆီသို့ လွှဲပြောင်းရန် ကြိုးစားနေသည်မှာ ထင်ရှား၏ ။
သို့သော် အခုချိန်မှာတော့ ဘာမှ မထူးခြားတော့ပါ၊ ဖြစ်ပြီးသွားပြီ ဖြစ်သောကြောင့် ဖြစ်သည် ။
ပြီးတော့... ဟန်ရွေသည် အမှန်တရားအားလုံးကို မပြောပြသေးပါ။
ဝမ်ထောင်သည် ဟန်ရွေကို ကြည့်ကာ အသာအယာ ရယ်လိုက်သည် ။
"အရာရှိဟန်၊ ခင်ဗျား ချန်လှပ်ထားတဲ့အရာ အနည်းငယ် ရှိနေသေးတယ်"
"..."
"အထူးဇွန်ဘီကို သတ်ပြီး ရလာတဲ့ ပစ္စည်းတွေအကြောင်းနဲ့ ခင်ဗျားရဲ့ စွမ်းရည်အကြောင်းကို မပြောခဲ့ဘူးနော်"
"..."
ဟန်ရွေ၏ ပါးစပ်မှာ အနည်းငယ် ပွင့်ဟသွားပြီး စကားမပြောနိုင်ဘဲ ငြိမ်သက်သွားသည် ။
အစောပိုင်းက ဝမ်ထောင်သည် ဇွန်ဘီ၏ ခေါင်းထဲမှ အမြုတေကို ကျွမ်းကျင်စွာ ထုတ်ယူသည်ကို မြင်ပြီးကတည်းက သူ တစ်စုံတစ်ရာ သိရှိထားကြောင်း သူမ သိလိုက်ရသည်။ သို့သော် သူမတွင် စွမ်းရည်တစ်ခု ရှိနေသည်ကိုပင် ခန့်မှန်းနိုင်လောက်အောင် သူက အသိပညာ ကြွယ်ဝလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ!
သူမကိုယ်သူမ ဘယ်လိုများ ပေါက်ကြားသွားသလဲ ဆိုသည်ကို သူမ မသိလိုက်ပါ ။
သူမ၏ စွမ်းရည်အကြောင်းကို အခြားသူများကို အမှန်တကယ် မပြောပြချင်ပေ။ သို့သော် ဝမ်ထောင်မှာ သူမ၏ ကယ်တင်ရှင် ဖြစ်နေပြန်သဖြင့် သူမ အလွန် ဝေခွဲမရ ဖြစ်နေရသည် ။
ဝမ်ထောင်သည် ဟန်ရွေကို စကားမပြောဘဲ တိတ်ဆိတ်စွာ ကြည့်လိုက်သည် ။
ဟန်ရွေတွင် စွမ်းရည်ရှိကြောင်း သူသိရသည့် အကြောင်းရင်းမှာ ရိုးရှင်း၏။ဟန်ရွေ၏ အချက်အလက်များသည် သာမန်လူများနှင့် မတူသောကြောင့် ဖြစ်သည် ။
သွေးပမာဏ 【၈၅/၂၃၁】
စွမ်းအင်ပမာဏ 【၃၀/၁၀၀】
【ဖုံးကွယ်ထားသောအချက်အလက် - ဖမ်းဆီးခြင်း】
【ခန္ဓာကိုယ်တွင်းမစင်ကြယ်သောအရာများ - ၀%】
`...........
အခန်း ၇၂ - အသက်ရှင်ကျန်ရစ်သူများစခန်းသို့ ဝင်ရောက်ခြင်း
ဟန်ရွေ၏ စွမ်းရည်အပြင် ဝမ်ထောင်သည် သူမ၏ ဖုံးကွယ်ထားသောအချက်အလက်ကိုလည်း အလွန်စိတ်ဝင်စားမိသည် ။
သူ ရေပေးဝေရေးစက်ရုံတွင် ဟန်ရွေနှင့် တွေ့ဆုံခဲ့စဉ်က သူမတွင် ဖုံးကွယ်ထားသောအချက်အလက် မရှိခဲ့ကြောင်း ဝမ်ထောင် ကောင်းကောင်းမှတ်မိနေသည် ။ ထိုအချိန်က ဟန်ရွေ၏ သွေးပမာဏမှာ ၁၀၀ ကျော်လွန်နေပြီဖြစ်ရာ သူမသည် ဇွန်ဘီများကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ကြောင်း ပြသနေ၏ ။ သူမ၏ ကံကြမ္မာမှာ အနည်းငယ် ညံ့ဖျင်းပုံရသည် ။
ဟန်ရွေ၏ ဤဖုံးကွယ်ထားသောအချက်အလက်မှာမူ အတော်ပင် စိတ်ဝင်စားစရာကောင်း၏ ။
【ဖမ်းဆီးခြင်း - ရာဇဝတ်မှုသံသယရှိသူများကို ဖမ်းဆီးရန် ပိုမိုလွယ်ကူစေသည်】
ဤဖုံးကွယ်ထားသောအချက်အလက်မှာ ကြည့်ကောင်းသော်လည်း ကမ္ဘာပျက်ကပ်တွင် အသုံးဝင်ပုံမရပေ ။ ထို့အပြင် "ရာဇဝတ်မှုသံသယရှိသူ" ဆိုသည်ကို မည်သို့ သတ်မှတ်သနည်း ။ ဝမ်ထောင်ကိုယ်တိုင်ပင် လူသတ်ခဲ့ဖူးသည်၊ ထိုသူမှာ အခြားသူများကို ဒုက္ခပေးသည့် အရူးတစ်ယောက် ဖြစ်သော်လည်း ငြိမ်းချမ်းသောကာလ ဥပဒေအရဆိုပါက သူသည် သံသယရှိသူ ဖြစ်လာလိမ့်မည် ။
သို့သော် ပြဿနာမှာ ယခုအခါ ဥပဒေဟူသည် မရှိတော့ခြင်းပင် ဖြစ်၏... ဝမ်ထောင် စဉ်းစားမရဖြစ်နေသော်လည်း အနာဂတ်တွင် အခွင့်အရေးရှိလျှင် စောင့်ကြည့်နိုင်သေးသည် ။ မည်သို့ဆိုစေကာမူ ၎င်းမှာ ဖုံးကွယ်ထားသောအချက်အလက် တစ်ခုဖြစ်နေဆဲပင် ။
အောက်ဆုံးရှိ 【ခန္ဓာကိုယ်တွင်းမသန့်စင်သောအရာများ - ၀%】 ဆိုသည်မှာ စာသားအတိုင်းပင် ဖြစ်ရမည် ။
အဆင့် ၁ ဇွန်ဘီအမြုတေ၏ သန့်စင်မှုမှာ ၅၀% သာရှိပြီး ကျန် ၅၀% မှာ မသန့်စင်သောအရာများ ဖြစ်သည် ။ ထို့ကြောင့် အမြုတေကို ပေါင်းစပ်ပြီးနောက် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ခန္ဓာကိုယ်ထဲတွင် မသန့်စင်သောအရာများ စုပုံလာလိမ့်မည် ။
"၀%" ဆိုသည်မှာ လုံးဝမရှိဟု ဆိုလိုခြင်းမဟုတ်ဘဲ အနည်းငယ်သာရှိသဖြင့် သုညအဖြစ် သတ်မှတ်ထားခြင်း ဖြစ်နိုင်သည်။ ဝမ်ထောင်သည် သူ၏စွမ်းရည်ကို သိရှိပြီးနောက် သူ၏ အချက်အလက်စာရင်းတွင် "ခန္ဓာကိုယ်တွင်းမသန့်စင်သောအရာများ" ဆိုသည့် အချက်အလက်ပင် မပေါ်လာတော့ပေ ။
ခန္ဓာကိုယ်တွင်းမသန့်စင်သောအရာများ ၁၀၀% ပြည့်သွားလျှင်တော့ ဇွန်ဘီတစ်ကောင်အဖြစ် လုံးဝပြောင်းလဲသွားဖွယ်ရှိသည်!
"ဟုတ်ပါတယ်၊ အခြေအနေကတော့ ဒီလိုပါ..."
ခဏတာ တွန့်ဆုတ်ပြီးနောက် ဟန်ရွေ ပြောပြရန် ဆုံးဖြတ်လိုက်သည် ။
ဝမ်ထောင်လည်း စွမ်းရည်အသုံးပြုသူ တစ်ယောက်ဖြစ်နိုင်ပြီး စွမ်းရည်နှင့် ပတ်သက်၍ သူမလည်း အသိပညာ နည်းပါးနေသေးသည်ဟု ဟန်ရွေ ခံစားရ၏။ သူမနှင့် အတွေ့အကြုံချင်း ဖလှယ်နိုင်မည့်သူ ရှိခြင်းမှာ ကောင်းမွန်ပေမည် ။
"ကျွန်မ ခင်ပွန်းနဲ့ အိုရင်းရင်းတို့ကို လန့်ဖြန့်စေခဲ့တဲ့ အမျိုးသမီးဇွန်ဘီက တခြားဇွန်ဘီတွေနဲ့ လုံးဝမတူဘူး။ ပုံမှန်ဇွန်ဘီတွေထက် တစ်ဆလောက်ပိုမြင့်ပြီး သူမရဲ့ ပုံပန်းသဏ္ဌာန်က အရမ်းကို ကြောက်မက်ဖွယ်ကောင်းတယ်၊ သူမရဲ့ မျက်နှာက မိစ္ဆာတစ်ကောင်နဲ့ တူတယ်..."
"အရေးကြီးဆုံးက သူမက တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်ပြီး အာရုံခံနိုင်စွမ်းကလည်း အလွန်ထက်မြက်တယ်။ သူမ ဘယ်အချိန်က ရောက်လာမှန်းတောင် ကျွန်မ မသိလိုက်ဘူး။ ကျွန်မ သူ့ဘက်ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်တာနဲ့ သူမက ကျွန်မကို တွေ့သွားတယ်! ဒါပေမဲ့ သူမရဲ့ ရည်မှန်းချက်က လက်ဖက်ရည်ဆိုင်ထဲက လူနှစ်ယောက် ဖြစ်နေတယ်။ ကျွန်မ သေနတ်မပစ်ခဲ့ရင် သူမ ကျွန်မကို လိုက်မှာ မဟုတ်ဘူး..."
"သူမ ကျွန်မကို လိုက်တဲ့အချိန်မှာ နှေးမနေဘူး၊ ဒါပေမဲ့ သူမက ရှောင်တတ်ပုံမရဘူး။ သူမ ဆိုင်ထဲကို လိုက်ဝင်လာတော့ သူမရဲ့ ခေါင်းကို သေနတ်နဲ့ အချက်အနည်းငယ် ပစ်ပြီး ဖြိုချလိုက်နိုင်ခဲ့တယ်... ဒါပေမဲ့ သူမ လဲကျပြီးနောက်မှာ သူမရဲ့ ကွဲအက်နေတဲ့ ခေါင်းထဲကနေ စိန်ပုံစံ အနီရောင်အမြုတေတစ်ခု လိမ့်ထွက်လာပြီး ကျွန်မရဲ့ ခြေဖဝါးဆီ ရောက်လာတယ်။ အဲဒီအချိန်က ဘာဖြစ်နေမှန်း ကျွန်မ မသိခဲ့ပေမဲ့ အဲဒီ အနီရောင်အမြုတေကို မြင်တော့ စားချင်စိတ် ပေါ်လာတယ်။ ဒါပေမဲ့ သူက သွေးတွေ ပေကျံနေပြီး စက်ဆုပ်ဖွယ် ကောင်းနေတာ..."
"ဒါနဲ့ပဲ ကျွန်မ ရေနဲ့ ဆေးလိုက်တယ်။ ပြီးတော့ ကျွန်မ ခန္ဓာကိုယ်က သူ့အလိုလို လှုပ်ရှားသွားသလိုပဲ။ ကျွန်မ သတိပြုမိတဲ့အချိန်မှာ အဲဒီအမြုတေကို မျိုချလိုက်ပြီးပြီ... သန့်သန့်စင်စင် ဆေးမိရဲ့လားတောင် မသိလိုက်ဘူး။ အမြုတေကို စားပြီးနောက်မှာ ကျွန်မရဲ့ အမြင်အာရုံတွေ ဝါးတားတား ဖြစ်လာပြီး အိပ်ငိုက်စိတ်တွေ ဝင်လာတယ်။ ကျွန်မ ကူးစက်ခံလိုက်ရပြီလို့ ထင်ခဲ့တာ... သတိလစ်ခါနီး အချိန်မှာတောင် ကျွန်မရဲ့ ပါးစပ်ကို ဘာလို့ မထိန်းနိုင်ရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် နောင်တရနေခဲ့တာ..."
"တကယ်တမ်းတော့ ကျွန်မ ကူးစက်မခံရပါဘူး၊ အိပ်ပျော်သွားတာပါ။ ဒါပေမဲ့ အဲဒီအိပ်စက်မှုက နည်းနည်း ကြာတယ်၊ နှစ်ရက်၊ သုံးရက်လောက် ကြာသွားတယ်။ ဗိုက်ဆာတာတောင် မခံစားရဘူး၊ ပြီးတော့—"
ဟန်ရွေ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏ ။
"ပြီးတော့ ကျွန်မမှာ ထူးခြားတဲ့ စွမ်းရည်တစ်ခု ရလာတာကို သိလိုက်ရတယ်၊ အိမ်အပြင်ဘက်မှာ ရှိတဲ့ ဇွန်ဘီအချို့ကို ကျွန်မ အနည်းငယ် အာရုံခံနိုင်လာတယ်"
"ရှင်တို့ကို ဘယ်လို ရှင်းပြရမလဲ မသိဘူး၊ အဲဒီခံစားချက်က စကားလုံးနဲ့ ဖော်ပြလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် အပြင်မှာ ဇွန်ဘီတွေ ရှိနေတယ်ဆိုတာကို ကျွန်မ ခံစားလို့ရတယ်၊ သူတို့ရဲ့ အရေအတွက်ကိုတောင် ခန့်မှန်းလို့ ရတယ်"
ထိုသို့ ပြောဆိုနေစဉ် ဟန်ရွေ၏ မျက်လုံးများမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏ ။
သူမသည် အရင်က ကမ္ဘာပျက်ကပ်ကြောင့် စိတ်ဓာတ်ကျနေခဲ့ပြီး စိတ်ဓာတ်ခွန်အားဖြင့်သာ ဆက်လက် ရှင်သန်နေခဲ့ခြင်း ဖြစ်သည် ။ သို့သော် ယခု စွမ်းရည်ကို ရရှိလိုက်သောအခါ သူမသည် မျှော်လင့်ချက်ကို တကယ်တမ်း မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည် ။
"ရှင် သတ်လိုက်တဲ့ ဇွန်ဘီအကြီးစားက ကျွန်မ အိပ်ပျော်နေတုန်းက ရောက်လာတာ ဖြစ်မယ်။ ကျွန်မ နိုးလာတော့ ဘေးအိမ်မှာ သူရှိနေတာကို ခံစားမိလိုက်တယ်၊ ကျွန်မတို့ကြားမှာ အုတ်နံရံ တစ်ခုသာခြားနေတာ... သူ့ရဲ့ အရွယ်အစားကြောင့် ကျွန်မ မလှုပ်ဝံ့ခဲ့ဘူး။ ကံမကောင်းစွာနဲ့ပဲ နောက်ဆုံးမှာ ကျွန်မ အတွေ့ခံလိုက်ရတယ်။ ကျွန်မ သတိထားပြီး အမြဲ စောင့်ကြည့်နေပေမဲ့ သူက နံရံကို ဖောက်ဝင်လာပြီး ကျွန်မကို လွင့်ထွက်သွားအောင် လုပ်တဲ့အချိန်မှာ ကျွန်မ မတုံ့ပြန်နိုင်ခဲ့ဘူး..."
ဤအကြောင်းကို ပြောပြနေရင်း ဟန်ရွေမှာ ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲ ဖြစ်၏ ။
သူမ၏ စွမ်းရည်မှာ တိုက်ခိုက်ရေးနှင့် မသက်ဆိုင်ဘဲ ထောက်ကူပေးသော အမျိုးအစားသာ ဖြစ်သည် ။ သူမ၏ ဒဏ်ရာများနှင့် ကျည်ကုန်နေသော ပစ္စတိုသေနတ်ကြောင့် တိုက်ခိုက်နိုင်စွမ်း မရှိသလောက်ပင် ဖြစ်၏။ ဝမ်ထောင်သာ မကယ်တင်ခဲ့ပါက ထိုဇွန်ဘီ ထပ်ရိုက်ပါက သူမ သေချာပေါက် သေဆုံးသွားမည် ဖြစ်သည် ။
"ကျွန်မကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ အခုလောလောဆယ် ပြန်ဆပ်စရာ ဘာမှ မရှိသေးပေမဲ့ အသက်ရှင်ကျန်ရစ်သူများစခန်းကို ရောက်ရင်တော့ ရှင်ကို ဆုလာဘ်ပေးဖို့ နည်းလမ်း ရှာပါ့မယ်"
ဟန်ရွေသည် ဝမ်ထောင်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည် ။
ဝမ်ထောင်သည် ဟန်ရွေ၏ ကျေးဇူးတင်စကားကို လက်ခံလိုက်သည် ။ ဆုလာဘ်ကိစ္စအတွက်ဆိုလျှင်... ဝမ်ထောင်မှာ ပြန်လည်ပေးဆပ်မှုကို မျှော်လင့်တတ်သူမျိုးလား ။
"ဟုတ်ပါပြီ၊ ကျွန်တော် စောင့်နေပါ့မယ်"
"ကျွန်မ ကတိတည်မှာပါ"
ကတိပေးပြီးနောက် ဟန်ရွေက စပ်စုစွာ မေးလိုက်သည် ။
"ရှင်နာမည်က ဘာလဲ။ ရှင်ကို ဆုလာဘ်ပေးဖို့အတွက် ရှင်ဘယ်သူလဲဆိုတာ သိရမယ်မလား"
ဝမ်ထောင်သည် သူ၏ မျက်မှန်နှင့် နှာခေါင်းစည်းကို ချွတ်လိုက်ရာ သူ၏ မျက်နှာ ပေါ်လာ၏ ။
"ကျွန်တော့်နာမည် ဝမ်ထောင်ပါ"
ဟန်ရွေ အနည်းငယ် အံ့အားသင့်သွားသည် ။ ဝမ်ထောင်၏ ကိုယ်လုံးကိုယ်ထည်ကို ကြည့်ပြီး သူက ကြမ်းတမ်းသော လူလတ်ပိုင်းအမျိုးသားတစ်ယောက်ဟု ထင်ခဲ့သော်လည်း သူ၏ မျက်နှာသွင်ပြင်မှာ အတော်လေး နူးညံ့နေသည် ။
"တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မက ဟန်ရွေပါ။ အခု ကျွန်မတို့... ဝင်လို့ရပြီလား"
သူတို့နှစ်ယောက်သည် အသက်ရှင်ကျန်ရစ်သူများစခန်း အပြင်ဘက်တွင် ရှိနေသည်မှာ ကြာပြီဖြစ်ရာ ဟန်ရွေ လုံခြုံမှု မရှိသလို ခံစားရသည် ။
"ရပါတယ်"
ဝမ်ထောင် ခေါင်းညိတ်လိုက်ပြီးနောက် ကားကို ပြန်နှိုးကာ ရွှေကျဲတက္ကသိုလ်ဆီသို့ ဖြည်းညှင်းစွာ မောင်းဝင်သွားသည် ။
ရွှေကျဲတက္ကသိုလ် ဂိတ်တံခါးတွင် သစ်သားဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့် ကင်းမျှော်စင် ရှိပြီး ဝမ်ထောင်၏ ကားကို မြင်လိုက်ရသောအခါ ချက်ချင်း အာရုံစိုက်ခံလိုက်ရသည် ။
မကြာမီ စစ်မြေပြင်သုံးဝတ်စုံများ ဝတ်ဆင်ထားပြီး လက်နက်အပြည့်အစုံကိုင်ဆောင်ထားသော စစ်သား လေးဦးသည် ဘေးဂိတ်တံခါးငယ်တစ်ခုမှ ထွက်လာကြ၏ ။
စစ်သားလေးဦးမှာ သေနတ်ပြောင်းဝများကို အောက်ဘက်သို့ ချထားသော်လည်း သူတို့၏ မျက်လုံးများမှာ ဝမ်ထောင်၏ ကားပေါ်တွင်သာ ရှိနေသည် ။ သူတို့ထဲမှ တစ်ဦးက ကားနားသို့ ချဉ်းကပ်လာပြီး ပြောလိုက်သည် ။
"မင်္ဂလာပါ၊ အသက်ရှင်ကျန်ရစ်သူ။ ဒါက ရွှေကျဲတက္ကသိုလ် အသက်ရှင်ကျန်ရစ်သူများစခန်း ဖြစ်ပါတယ်။ စခန်းထဲကို ဝင်ရောက်လိုတယ်ဆိုရင် ဒီနေရာကို လာပြီး ကျွန်တော်တို့ရဲ့ စစ်ဆေးရေးလုပ်ထုံးလုပ်နည်းကို ပူးပေါင်းဆောင်ရွက်ပေးပါ"
ဝမ်ထောင် ပြတင်းပေါက်မှတစ်ဆင့် လက်ကိုထုတ်ကာ "အိုကေ" ဟု အချက်ပြလိုက်သည် ။
စစ်သားသည် ဝေါ်ကီတော်ကီထဲသို့ စကားပြောလိုက်ရာ မကြာမီ ကျောင်းဂိတ်တံခါးမှာ ပွင့်လာ၏။ သို့သော် ၎င်းမှာ နှစ်ထပ်တံခါးဖြစ်ပြီး အထဲတွင် မီးခိုးရောင်ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားကာ လက်နှိပ်ဓာတ်မီးများကို ကိုင်ဆောင်ထားသော လူနှစ်ဦး စောင့်နေကြသည် ။
ဝမ်ထောင် ဖြည်းညှင်းစွာ မောင်းဝင်သွားလိုက်သည် ။ စစ်သားနားသို့ ရောက်သောအခါ သူသည် မျက်မှန်ကို ချွတ်ပြီး မေးလိုက်သည် ။
"စစ်ဆေးရေးလုပ်ထုံးလုပ်နည်းက ဘာလဲ"
စစ်သားသည် ဝမ်ထောင်၏ မျက်လုံးများကို ခဏမျှ စိုက်ကြည့်ပြီးနောက် ရုတ်တရက် ပြုံး၍ ပြောလိုက်သည် ။
"ကျွန်တော်တို့က ခင်ဗျားကားထဲမှာ ဇွန်ဘီတွေ ပုန်းနေသလားဆိုတာနဲ့ မျက်ဆန်ကို စစ်ဆေးတာပါ ၊ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံထားရသူရဲ့ မျက်ဆန်က သာမန်လူတွေနဲ့ မတူဘူး။ ခင်ဗျားက အဆင်ပြေတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ စိတ်မပူပါနဲ့"
ဝမ်ထောင် အတော်ပင် အံ့အားသင့်သွားသည် ။ မျက်ဆန်ကို ကြည့်ရုံနဲ့ သိနိုင်တာလား။ သူ အဲဒီအကြောင်းကို နောက်ထပ် လေ့လာမှ ဖြစ်တော့မည် ။
`...........