← Chapters

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အခန်း-(၃၄၃)

သူတို့တွေ ရှင်းပြီးသွားတဲ့အခါမှာတော့ နတ်ဆိုးအဖွဲ့ဝင်တွေက ဓာတ်ဆီဆိုင်နဲ့ မဝေးတဲ့လမ်းပေါ်မှာ ဇွန်ဘီတွေရဲ့ အလောင်းတွေကို စုပုံလိုက်ကြတယ်။ ရှန်းကျင်းဇီက အလောင်းတွေကို မီးရှို့ဖို့လုပ်လိုက်စဉ်မှာပဲ ဖုန်းယွင်က ရုတ်တရက်ကြီး "အစ်ကိုရှန်း ၊ ခဏစောင့်ပါဦး" လို့ လှမ်းတားလိုက်တယ်။

ဒါကိုကြားတော့ ရှန်ကျင်းဇီက ရပ်ပြီး မေးလိုက်တယ် "ဘာဖြစ်လို့လဲ"

ဖုန်းယွင်က ဇွန်ဘီရဲ့အလောင်းတွေကို ခဏလောက်တွေးတော စဉ်းစားနေသလို ကြည့်လိုက်ပြီး "ဒီဇွန်ဘီတွေကို မီးရှို့လို့ရရင် သူတို့ကို လောင်စာအဖြစ်လည်း သုံးလို့ရမလားဆိုပြီး ကျွန်တော်တွေးနေတာ" လို့ သူ့အတွေးတွေကိုပြောပြလိုက်တယ်။

သူ့ရဲ့စကားကြောင့် အဖွဲ့ဝင်တွေရဲ့ မျက်လုံးထဲမှာ အံ့သြမှုတွေပြည့်လျှံထွက်လာသည်။

ခဏအကြာမှာတော့ ယင်းယွီရှန်းက "သူတို့ကို လောင်စာအဖြစ်သုံးဖို့က မဖြစ်နိုင်တဲ့အရာတော့မဟုတ်ဘူး။ အခုအချိန်က နွေရာသီပဲ။ အကယ်၍ ဆောင်းရာသီကို ဝင်သွားတဲ့အခါကြရင် အခန်းတွင်း အပူချိန်ကို ထိန်းသိမ်းထားပြီး နွေးထွေးစေဖို့က လောင်စာအဖြစ် ထင်း ဒါမှမဟုတ် မီးသွေးတွေကို ရှာဖွေရလိမ့်မယ်" ဟု ပြောလိုက်သည်။

"ကျွန်တော်တို့က ထင်း ဒါမှမဟုတ် မီးသွေးတွေ ရှာတွေ့နိုင်ရင်တောင်မှ အဲဒီပမာဏက အခြေစိုက်စခန်းတစ်ခုလုံးအတွက် မလုံလောက်နိုင်ဘူး။ ဒါပေမယ့် ဇွန်ဘီတွေကတော့ နေရာတိုင်းမှာ ရှိနေတယ်။ ကျွန်တော်တို့က သူတို့ကို လောင်စာအဖြစ်အသုံးပြုလို့ မီးရှို့ပြီး အိမ်တွင်းအပူချိန်ကို နွေးနေအောင် ဗဟိုအပူပေးစနစ်အဖြစ် အသုံးပြုနိုင်တယ်" ဟု သူက ထပ်ဖြည့်ပြီးပြောလိုက်သည်။

သူတို့တွေ ဒါကိုကြားလိုက်ရတာနဲ့ အရင်က ပျို့အန်ချင်စရာကောင်းပြီး ကိုင်တွယ်ရခက်တဲ့ ဇွန်ဘီတွေရဲ့ အလောင်းတွေဟာ အခုတော့ သူတို့ရဲ့မျက်လုံးထဲမှာတော့ လောင်စာပုံကြီးလို့ ထင်မြင်သွားကြတယ်။

"ဒါပေမယ့် ၊ ဘယ်လိုသိမ်းဆည်းကြမလဲ။ ကျွန်တော်တို့ရဲ့နေရာလွတ်ထဲကို တိုက်ရိုက်ထည့်လိုက်ရင် ကျွန်တော်တို့နေရာလွတ်ထဲက ပစ္စည်းတွေပါ ညစ်ညမ်းသွားနိုင်တယ်" ဟု ရှောင်ချီက မေးလိုက်သည်။

ဒါကိုကြားတော့ ဝိန့်မိုက "ငါတို့က သူတို့ကို ဖိသိပ်ပစ်ပြီး သတ္တုတုံးထဲမှာ လုံအောင်ပိတ်လိုက်လို့ရတယ်။ လေယိုစိမ့်မှုသာမရှိရင် ဇွန်ဘီဗိုင်းရပ်စ်က မင်းရဲ့နေရာလွတ်ထဲက ပစ္စည်းတွေကို ညစ်ညမ်းသွားစေမှာကို ငါတို့စိတ်ပူစရာမလိုတော့ဘူး" လို့ အကြံပြုလိုက်တယ်။

သူ့စကားတွေကိုကြားတော့ သဘောတူတဲ့အနေနဲ့ အားလုံးက ခေါင်းညိတ်ကြပြီး ဝိန့်ညီအစ်ကိုနှစ်ယောက်ကိုကြည့်ကာ "ဒါဆိုရင် ဒီကိစ္စကို မင်းတို့ဆီပဲ ထားခဲ့လိုက်မယ်" လို့ ပြောလိုက်တယ်။

ဒီတစ်ခါတော့ ဝိန့်ခိုင်နှင့် ဝိန့်မိုတို့က သက်ပြင်းချပြီး "နောက်ဆုံးတော့ ငါတို့လုပ်ရမယ့်အလုပ်က ကျန်သေးတယ်" လို့ တွေးလိုက်ကြတယ်။

သူတို့က ဇွန်ဘီတွေရဲ့ အလောင်းတွေကို ကုဗတုံးတွေအဖြစ် ဖိသိပ်ရမှာမို့ ချင်လူဇီကိုပါ ခေါ်လိုက်တယ်။ သူတို့ရဲ့ အစီအစဉ်တွေကို ရှင်းပြပြီးတဲ့နောက်မှာ‌တော့ ချင်လူဇီက ခေါင်းညိတ်ပြီး "ကိစ္စမရှိပါဘူး" လို့ ပြောလိုက်တယ်။

သူ့လက်နှစ်ဖက်ကိုမြှောက်ပြီး လက်ကောက်ဝတ်တွေကို အကြိမ်ပေါင်းများစွာ လှုပ်ယမ်းလိုက်တဲ့အခါမှာတော့ ဇွန်ဘီတွေရဲ့ အလောင်းတွေဟာ ငါးကုဗမီတာရှိတဲ့ ကုဗတုံးတစ်တုံးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အလောင်း ၁၀၀၀ နီးပါးကို ကုဗတုံးတစ်တုံးအဖြစ် ဖိသိပ်ထားခဲ့တာကြောင့် ဒီတစ်ခုတည်းနဲ့တင် ဘယ်လောက်တောင်တင်းကျပ်စွာ ဖိသိပ်ထားခံရလဲဆိုတာကို သိလိုက်ရတယ်။

ချင်လူဇီရဲ့ အလုပ်ပြီးသွားတဲ့အခါမှာတော့ ဝိန့်ခိုင်နှင့်ဝိန့်မိုတို့က သတ္တုပြားခြောက်ချပ်ကို ဖန်တီးပြီး ဇွန်ဘီတွေရဲ့ အလောင်းတွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့လိုက်တယ်။ အားလုံးပြီးစီးသွားတဲ့အခါမှာတော့ အလောင်းတွေဆီက ထွက်လာနေကြ ပုပ်သိုးသိုးအနံ့ကိုတောင် သူတို့မရတော့ပါဘူး။

"အခုဆိုရင်တော့ လုံးဝ စိတ်ချလို့ရသွားပြီ" ဟု ဝိန့်မိုက စိတ်ကျေနပ်စွာ ပြောလိုက်သည်။

ဖုန်းယွင်က ခေါင်းညိတ်ပြီး လက်ကိုဝှေ့ယမ်းကာ ကုဗတုံးကြီးကို သူ့ရဲ့နေရာလွတ်ထဲမှာ သိမ်းဆည်းလိုက်သည်။ အရာအားလုံးက ဘေးကင်းကြောင်းသေချာစေရန်အတွက် သတ္တုကုဗတုံးကိုထောင့်တွင်ထားပြီး သူသိမ်းဆည်းထားတဲ့ ရိက္ခာပစ္စည်းများ သိမ်းဆည်းထားသောနေရာနဲ့ သီးခြားခွဲထားရန်အတွက် နေရာလွတ်အတားအဆီးတစ်ခုကို ဖန်တီးလိုက်ပါ သေးသည်။ဒီလိုနှစ်ထပ်ကာကွယ်မှုဖြင့်ဆို ဤနည်းလမ်းက အလုပ်ဖြစ်လိမ့်မည်ဟု သူယုံကြည်သည်။

သူတို့ရဲ့ ရှင်းလင်းရေးလုပ်ငန်းစဥ် အားလုံးပြီးစီးသွားပြီ ဖြစ်တာကြောင့် ဓာတ်ဆီဆိုင်ထဲကိုဝင်လာကြတဲ့အခါမှာတော့ သူတို့ရဲ့ ကပ္ပတိန်နှင့် ခယ်မတို့က ကုန်စုံဆိုင်ထဲက ပစ္စည်းလေးတွေကို သိမ်းဆည်းနေတာ တွေ့လိုက်ရတယ်။

ကျိူးလီဇီက ရှိသမျှအရာအားလုံးကို ဘယ်လိုမျိုးသိုလှောင်လိုက်လဲဆိုတာကိုမြင်တော့ မြေအောက်ဆီသိုလှောင်ကန်တွေကိုတောင် သိမ်းသွားခဲ့တာ သူတို့ပြန်အမှတ်ရသွားကြတယ်။ ဒီဓာတ်ဆီဆိုင်က ခရိုင်မြို့မှာ အကြီးဆုံးဖြစ်တာကြောင့် အရင်ကအတွေ့အကြုံတွေအရ သူမက မြေအောက်သိုလှောင်ကန်တွေကို ထပ်ပြီးသိမ်းကျူံးယူသွားဦးမှာက သေချာပါတယ်။

သူတို့တွေက ဆိုင်ထဲဝင်လာပြီး "ကပ္ပတိန် ၊ နေ့လည်စာကိုချက်မလား ဒါမှမဟုတ် အလိုအလျောက်အပူပေးတဲ့ အစားအစာပဲစားမလား" လို့ လှမ်းမေးကြတယ်။

လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေရှိနေတာကြောင့် ပူပူနွေးနွေး အစားအစာကို ပိုနှစ်သက်ကြပြီး ဒါနဲ့ပဲ ကျိူးလီဇီက " စောစောတုန်းက ကျွန်မတို့ ရေဘဝဲကြီးတစ်ကောင်ကို ရေကန်ထဲက ဖမ်းမိခဲ့တယ်လေ။ နေ့လည်စာအတွက် ပူပူနွေးနွေး ပင်လယ်စာချဉ်စပ်ခေါက်ဆွဲ စားကြရအောင်" လို့ ပြောလိုက်တယ်။

ဒီလိုပြောပြီးတဲ့နောက်မှာပဲ ကျိူးလီဇီက သူမရဲ့နေရာလွတ်ကို စစ်ဆေးကြည့်လိုက်တော့ ဖူကွေ့က ဧရာမရေဘဝဲကြီးရဲ့ လက်တံရှည်ကို ဖက်ရင်း အိပ်ပျော်နေတာကို တွေ့လိုက်ရတယ်။ သူက လက်တံကြီးရဲ့ သုံးပုံတစ်ပုံကိုပဲ စားထားသေးတာကြောင့် ကျန်တာတွေကို ကျိူးလီဇီက ထုတ်ယူလိုက်သည်။

လက်တံကြီးပေါ်လာတာမြင်တော့ လူတိုင်းက အံ့အားသင့်သွားကြတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ကျိူးလီဇီက ဆိုင်ထဲကပစ္စည်းတွေအားလုံးကို သူမရဲ့နေရာလွတ်ထဲမှာ သိမ်းထားပြီးသားဖြစ်လို့ ဒီလက်တံအတွက် နေရာအများကြီးရှိပါတယ်။

သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ ရေဓားတစ်ချောင်းက ရေဘဝဲလက်တံဆီ မြန်ဆန်တဲ့အရှိန်နဲ့ ပျံသန်းသွားပြီး ကီလိုဂရမ်သုံးဆယ်လောက်ရှိတဲ့ အစိတ်အပိုင်းလေးတစ်ခုကို လှီးဖြတ်ပစ်လိုက်သည်။ ပြီးတော့ ကျန်ခဲ့တဲ့ ရေဘဝဲလက်တံကို သူမရဲ့နေရာလွတ်မှာ ပြန်သိမ်းထားလိုက်တယ်။

သူတို့တွေ အပြင်မှာ ချက်ပြုတ်နေကြတုန်းမှာ နေရာလွတ်ထဲက ဖူကွေ့ကတော့ ခေါင်းမော့ပြီး မြူခိုးတွေဖုံးလွှမ်းနေတဲ့ ကောင်းကင်ကို မကျေမနပ်နဲ့ စိုက်ကြည့်နေသည်။ အဲဒီလူက ဘာလို့ သူ့အစားအစာတွေကို အမြဲလုယူနေရတာလဲဆိုတာကို သူမသိဘူး။ နောက်တစ်ခါ ထပ်လာဦးမယ်ဆိုရင်တော့ သူ စိတ်ဆိုးနေပြီဖြစ်ကြောင်းကို ကောင်းကောင်းကြီး သိသွားအောင် လုပ်ပြရလိမ့်မယ်လို့ စိတ်ကူးလိုက်တယ်"

ဒီအတွေးနဲ့ပဲ သူဟာ လက်တံလေးကို တင်းတင်းကျပ်ကျပ်ဖက်ပြီး ပြန်အိပ်ပျော်သွားတယ်။ သူအိပ်ပျော်နေချိန်မှာ ဗီဇပြောင်း ရေဘဝဲ၊ ဗီဇပြောင်း သစ်သီးတွေနှင့် ကန်ရေကို သောက်ရာကနေရရှိတဲ့ စွမ်းအင်တွေကို သူ့ဦးနှောက်ထဲမှာ မြှုပ်နှံထားတဲ့ အမြုတေတစ်ခုက ဖြည်းဖြည်းချင်း စုပ်ယူနေတယ်။

သူ့ဦးနှောက်ထဲက အတုပြုလုပ်ထားသော အကြည်ရောင်အမြုတေအပြင် သူ့ချက်အောက်ရဲ့ လက်မအနည်းငယ်အကွာတွင်တည်ရှိသော ငွေရောင်အမြုတေကလည်း စွမ်းအင်ကို အလျင်စလို စုပ်ယူနေသည်။

စွမ်းအင်တွေကို ပိုမိုစုပ်ယူလေ ငွေရောင် အမြုတေက ပိုမိုသန့်စင်လေဖြစ်သည်။ ယခင်က အမြုတေပေါ်မှာရှိတဲ့ အမည်းရောင်မျဉ်းကြောင်းများကလည်း တစ်ခုပြီးတစ်ခု ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ သူ့ရဲ့စစ်မှန်သောအသွင်အပြင်ကို ဖော်ထုတ်လာပါသည်။

ကျိူးလီဇီကတော့ သူမသည် တစ်စုံတစ်ယောက်ကို စော်ကားမိလိုက်တာကို မသိဘဲ သူမရဲ့ခေါက်ဆွဲကိုသာ အရသာရှိရှိ စားနေခဲ့သည်။ သူတို့ရဲ့ စားသောက်နိုင်စွမ်းက ကြီးမားလွန်းသောကြောင့် သူတို့က ခေါက်ဆွဲအိုးကြီးလေးလုံးကို ပြင်ဆင်ခဲ့ပြီး တစ်နာရီအတွင်းမှာ အရာအားလုံးကို ပြောင်သလင်းခါအောင် ရှင်းလင်းပစ်နိုင်ခဲ့သည်။

ဗိုက်ဖြည့်ပြီးနောက် အိပ်ရာဝင်ခါနီးတွင် အိုးများနှင့် မီးဖိုချောင်သုံးပစ္စည်းများကို သန့်ရှင်းရေးလုပ်လိုက်ကြပြီးနောက်မှ အိပ်စက်ဖို့ကို အားလုံးက ပြင်ဆင်လိုက်ကြသည်။

အပြင်မှာရှိနေတဲ့ ကျိူးလီဇီနှင့် ကျင်းရွှီယန်းတို့က အဲဒီနေရာကို စောင့်ကြပ်ဖို့ ဦးဆောင်လုပ်ဆောင်ခဲ့ကြပြီး ကျန်တဲ့အဖွဲ့သားတွေကိုတော့ အိပ်ရာဝင်စေလိုက်ပါတယ်။

သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ ကျင်းရွှီယန်းက ရုတ်တရက်ကြီး မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ် "စွမ်းအင် အတက်အကျလား။ တစ်ယောက်ယောက် အဆင့်တက်နေတယ်"

ဒါကိုကြားတာနဲ့ နှစ်ယောက်သားက အဖွဲ့ဝင်တွေကို စစ်ဆေးဖို့ အမြန်သွားလိုက်ကြတယ်။ အခြေအနေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ နှစ်ယောက်စလုံးက အံ့အားမှင်သင့်သွားကြပါတယ်။

ထူးဆန်းတဲ့အရာတွေ အများကြီးကို သူတို့ရဲ့ အရင်ဘဝတုန်းကမြင်တွေ့ခဲ့ရပေမယ့် အိပ်ပျော်နေချိန်မှာ ဒီလောက်များတဲ့ လူတွေက တစ်ပြိုင်နက်တည်း အဆင့်တက်ဖို့ဖြစ်လာတာကို မြင်တွေ့ခဲ့ရတာကတော့ ဒါ ပထမဆုံးအကြိမ်ပါပဲ။

အခန်း-(၃၄၄)

ကျိူးလီဇီနှင့် ကျင်းရွှီယန်းတို့ နှစ်ယောက်စလုံးဟာ အံဩမှုကြောင့် ခေတ္တမျှ ငြိမ်သက်သွားခဲ့ပြီး သတိပြန်လည်ရရှိရန် အချိန်အနည်းငယ် ယူခဲ့ရသည်။

ကျိူးလီဇီက သူမရဲ့နေရာလွတ်ထဲကနေ အကြည်ရောင် အမြုတေတွေပါတဲ့ သေတ္တာတစ်လုံးကို ထုတ်ယူလိုက်ပြီး "အစ်ကိုယန်း ၊ အဆင့်မတက်တဲ့ အဖွဲ့ဝင်တွေကို နှိုးလိုက်သင့်တယ်။ ဒါမှ သူတို့ကလည်း ကျန်တဲ့သူတွေကို ကူပြီးကာကွယ်ပေးနိုင်မှာ" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကိုယ် သူတို့ကို သွားနှိုးလိုက်မယ် ၊ မင်းက ကျန်တဲ့သူတွေကို စောင့်ကြည့်ပေးထား" လို့ ပြောလိုက်တယ်။

"အိုကေ"

အဆင့်မတက်တဲ့အဖွဲ့ဝင်တွေကို ကျင်းရွှီယန်းက နှိုးနေတုန်းမှာ ကျိူးလီဇီကတော့ အဆင့်တက်ဖို့လုပ်နေတဲ့ အဖွဲ့ဝင်တွေရဲ့လက်ထဲကို အမြုတေတစ်ဆုပ်စီ လိုက်ထိုးထည့်ပေးလိုက်တယ်။

ဆယ်မိနစ်အကြာတွင် သူတို့သည် အဆင့်တက်မှုလုပ်ငန်းစဉ်ကို ဖြတ်သန်းနေသော အဖွဲ့ဝင်များအား မြေပြင်ပေါ်တွင် စီစီရီရီ လဲလှောင်းနိုင်အောင် နေရာ ချထားပြီးဖြစ်သည်။

ဒီအချိန်မှာ ကျင်းရွှီယန်းနှင့် ကျိူးလီဇီအပြင် မိုဂျွန်ဂျီနှင့် ချန်ချန်းဖုန်းတို့သာ အဆင့်တက်ခြင်း မရှိဘဲ နိုးနိုးကြားကြားရှိနေခဲ့သည်။ ကျန်တဲ့အဖွဲ့သားအားလုံးကတော့ သတိမေ့မြော တဲ့ အခြေအနေမျိုးနဲ့ အိပ်ပျော်နေခဲ့ကြတာ ဖြစ်ပါတယ်"

ဒါကိုမြင်တော့ ကျိူးလီဇီသည် ဒါဟာ ကောင်းချီးတစ်ခုလား မဟုတ်ဘူးလားဆိုတာကို သူမ မသိတော့ပါဘူး။ အဆင့်တက်မှုတစ်ခုရဲ့ ကြာချိန်ကလည်း လူတစ်ဦးချင်းစီပေါ်မှာ မူတည်ပြီး နာရီအနည်းငယ်ကနေ ရက်အနည်းငယ်အထိ ကြာနိုင်ပါတယ်။

အဖွဲ့ဝင်တွေကို ဒီအတိုင်းထားခဲ့လို့မရတဲ့အတွက် သူတို့ရဲ့အစီအစဉ်တွေကို ပြောင်းလဲပြီး အားလုံးနိုးလာတဲ့အချိန်ထိ နေရုံပဲ တတ်နိုင်ပါတော့တယ်။

တစ်ချိန်တည်းမှာပဲ အဖွဲ့ဝင်လီချီရွှမ်သည် နှစ်ရက်ကြာအောင် ခရီးသွားပြီးနောက်ဆုံးမှာတော့ အခြေစိုက်စခန်းရဲ့ တံတိုင်းကို မြင်လိုက်ရပါပြီ။ နောက်ထပ်တစ်ရက်သာ ထပ်ကြာသွားခဲ့ရင် ဆူညံနေတဲ့ ကလေးတွေကို ရိုက်မိသွားနိုင်သလို စိတ်အနှောင့်အယှက်ဖြစ်လွန်းလို့လဲ မေ့လဲသွားနိုင်ပါတယ်။

မြင့်မားတဲ့ တံတိုင်းကြီးကိုမြင်တော့ သူကိုယ်တိုင်ကိုက စိတ်လှုပ်ရှားသွားရုံသာမက ကလေးတွေနှင့်ဆရာ ၊ ဆရာမတွေလည်း သက်ပြင်းချနိုင်သွားခဲ့ပါတယ်။

စွမ်းရည်အသုံးပြုသူနှင့်အတူ ခရီးသွားခြင်းက သူတို့အတွက်အလုံခြုံဆုံးဖြစ်သော်လည်း သူတို့နှင့်အတူ ခရီးသွားတဲ့သူမှာ ဒေါသထွက်လွယ်ပြီး ကလေးများကိုလည်း သိသိသာသာပင် မနှစ်သက်ပေ။

ဒါကြောင့်ပဲ လမ်းတစ်လျှောက်လုံးရဲ့ လေထုက မွန်းကြပ်စရာ‌ကောင်းပြီး တင်းမာနေခဲ့တယ်။ အခုက အခြေစိုက်စခန်းကို ရောက်ပြီဆိုတော့ သူတို့ဟာ ဒီစိတ်တိုလွယ်တဲ့လူနဲ့ လမ်းခွဲပြီး တည်ငြိမ်တဲ့ဘဝကို စတင်နိုင်ကြပါပြီ။

ကျောင်းကားနှစ်စီး မောင်းနှင်လာနေတာကို အစောင့်တွေက မြင်သောအခါတွင် သူတို့ထဲမှ နှစ်ယောက်က လမ်းအလယ်သို့ လျှောက်သွားပြီး ကားကို ရပ်ခိုင်းလိုက်သည်။

ဘတ်စ်ကားတွေ ရပ်သွားပြီးနောက်မှ သူတို့ထဲက တစ်ယောက်က လျှောက်လာပြီး "စခန်းထဲကိုဝင်ချင်ရင် စစ်ဆေးခံရမယ် ၊ ဝင်ကြေးပေးဆောင်ရပါမယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ဆရာဖြစ်သူက တံခါးဖွင့်ပြီး အပြင်ထွက်လာကာ "ရဲဘော် ၊ ကျွန်တော်တို့က ပင်းကျန်းမြို့က လာတာပါ။ ဒါက ကျွန်တော့်ရဲ့ ကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။ ဝင်ကြေးက ဘယ်လောက်ကျလဲဆိုတာကို သိလို့ရမလား" ဆိုပြီး ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။

ပြတင်းပေါက်ကနေ ခေါင်းလေးတွေ အများကြီး သူ့ကို ချောင်းကြည့်နေတာကို မြင်တော့ အစောင့်က အံ့သြသင့်သွားပြီး "အားလုံးပဲ ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ" လို့ ပြောလိုက်တယ်။

ဆရာက ခေါင်းညိတ်ပြပြီး ဘတ်စ်ကားဆီကို ပြန်သွားလိုက်တယ်။ စစ်သားဖြစ်သူက ဘယ်ဘက်ဂိတ်ကို လျှောက်သွားလိုက်ပြီး သူ့ရဲ့အထက်လူကြီးကို အခြေအနေကို အကြောင်းကြားလိုက်သည်။ မကြာခင်မှာပဲ သူတို့အားလုံးက ဘယ်ဘက်ဂိတ်နားက တဲတစ်လုံးကို ရောက်လာပြီး စစ်သားက "အားလုံးပဲ ကားပေါ်က ဆင်းလာခဲ့ကြ" လို့ ပြောလိုက်တယ်။

သူ့စကားအတိုင်း လိုက်နာပြီး ဆရာ၊ ဆရာမတွေကလည်း ကလေးတွေကို ဘတ်စ်ကားပေါ်ကနေ ခေါ်ဆင်းလာကြသည်။ အားလုံးက ကားပေါ်က ဆင်းသွားပြီးတဲ့နောက်မှ လီချီရွှမ်က ဖြည်းဖြည်းချင်း ဆင်းလာခဲ့တယ်။

သူ့လည်ဆွဲပေါ်က သတ္တုပြားပေါ်မှာ ထွင်းထားတဲ့ အမှတ်တံဆိပ်ကို မြင်လိုက်ရတာနဲ့ စစ်သားရဲ့မျက်လုံးတွေက တောက်ပသွားပြီး "ဒါဆို ဒါက နတ်ဆိုးအဖွဲ့ဝင်တစ်ယောက်ပဲ။ ရဲဘော် ၊ စခန်း ပြန်လည်ကြိုဆိုပါတယ်" လို့ ပြောလိုက်တယ်။

လီချီရွှမ် ခေါင်းညိတ်ပြပြီး "ကျွန်တော့်ရဲ့ ကပ္ပတိန်က သူတို့ကို အခြေစိုက်စခန်းဆီ ပြန်ပို့ဖို့ ကျွန်တော့်ကို အမိန့်ပေးခဲ့တယ်။ ဒီကလေးတွေထဲက တချို့က စွမ်းရည် နိုးထလာပြီးသားပါ ။ လူကြီးတွေကတော့ သူတို့က ဆရာတွေပေါ့" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ စစ်သားက ပြုံးပြီး "ဒီကိစ္စကို ကျွန်တော့်ရဲ့အဖွဲ့ခေါင်းဆောင်ဆီ တင်ပြလိုက်ပါ့မယ်။ ရဲဘော်၊ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။

လီချီရွှမ် ခေါင်းညိတ်ပြီး စစ်ဆေးမှုကိုခံရန်အတွက် တဲထဲသို့ လျှောက်သွားလိုက်သည်။ သူ့အဝတ်အစားတွေကို ချွတ်ပြီး စစ်သားက သူ့ခန္ဓာကိုယ်ကို ခဏလောက်စစ်ဆေးလိုက်ပြီးမှ "ရဲဘော်၊ မင်းရဲ့ ကြွက်သားအချိုးအစားက အရမ်းကောင်းတယ်" ဟု ပြောလိုက်သည်။

"မင်းနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး" လီချီရွှမ်က အဝတ်အစားတွေပြန်ဝတ်ရင်း ပြန်ဖြေလိုက်သည်။

သူသည် စစ်သားကို ပျော်ရွှင်စွာ ကြည့်လိုက်တယ်။ သူအနေနဲ့ ရှက်ရွံ့ခြင်းကို မခံစားရတဲ့ အကြောင်းရင်းကတော့ သူဟာ နာနိုနည်းပညာ ဝတ်စုံကို ဝတ်ဆင်ထားလို့ပါ။ ဒါကြောင့်ပဲ နည်းပညာပိုင်းအရဆို သူ့ကို အဝတ်ဗလာနဲ့ မတွေ့ရပါဘူး။ သူတို့ မြင်တွေ့ခဲ့ရတာက ဝတ်စုံက ဖန်တီးထားတဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။

စစ်ဆေးခြင်းပြီးဆုံးပြီးနောက်မှာတေယ့ သူသည် ကလေးများကို တစ်ချက်မျှပင် မကြည့်ဘဲ စခန်းထဲသို့ လျှောက်ဝင်သွားလိုက်သည်။

သူထွက်သွားတာကိုမြင်တော့ ကလေးတွေရဲ့မျက်လုံးတွေက မျက်ရည်တွေကို ထိန်းထားရတာကြောင့် နီရဲသွားကြပါတယ်။ သူတို့က အဲဒီအစ်ကိုကြီးကို ကြောက်ရင်တောင် သူက သူတို့ကို ကာကွယ်ပေးပြီး ဘေးကင်းအောင် ထားပေးခဲ့တယ်။ သူ့ကို ခွဲခွာဖို့ တွန့်ဆုတ်နေကြပါတယ်။

ကလေးတွေရဲ့ မျက်နှာအမူအရာကို သတိထားမိတဲ့ စစ်သားက ပြုံးပြီး "အဲဒီအစ်ကိုကြီးက ထွက်သွားရင်တောင် နောက်ကြ ရှာတွေ့နိုင်ပါတယ်။ သူက နတ်ဆိုး အဖွဲ့ဝင်တစ်ယောက်လေ သူတို့က ပထမဧရိယာမှာ နေတယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ကလေးတစ်ယောက်က "အစ်ကို၊ အဲဒီအစ်ကိုကြီးရဲ့နာမည်က ဘာလဲဟင်" လို့ မေးလိုက်တယ်။

စစ်သားက ခဏလောက်စဉ်းစားပြီးမှ "သူ့ရဲ့ မျိုးရိုးနာမည်က လီဆိုတာပဲ ငါသိတယ်" လို့ ပြန်ဖြေလိုက်တယ်။

"ဒါဆို အစ်ကိုလီပေါ့" ကလေးတွေက ခေါင်းညိတ်ပြီး နာမည်ကို မှတ်မိအောင် ကြိုးစားကြတယ်။

ကလေးတွေက ဘယ်လောက်တောင် ချစ်စရာကောင်းလဲဆိုတာကိုမြင်တော့ စစ်သားက သူတို့ရဲ့ခေါင်းလေးတွေကို ပုတ် ပေးပြီး "ကောင်းပြီ၊ တဲထဲဝင်ပြီး စစ်ဆေးကြည့်ကြရအောင်" လို့ ပြောလိုက်တယ်။

"အိုကေ"

စခန်းရဲ့စည်းမျဉ်းများအကြောင်း စစ်သားရဲ့ရှင်းလင်းချက်ကို နားထောင်နေစဉ်တွင် စခန်းမှ ရိက္ခာပစ္စည်းများ ပြန်လည်ရယူရန် စေလွှတ်လိုက်သော အဖွဲ့များ ပြန်လည်ရောက်ရှိလာကြသည်။ ၎င်းတို့သည် ယွန်ရှန်မြို့နယ်စပ်မှ ပြန်လည်ယူဆောင်လာသော တတိယအသုတ် ရိက္ခာပစ္စည်းများ ပြန်သယ်ဆောင်လာခဲ့သည်။

အာကာသအမျိုးအစား စွမ်းရည်အသုံးပြုသူများရဲ့ အကူအညီဖြင့် ဂိုဒေါင်တစ်ခုကို ရှင်းလင်းရန် တစ်ရက်သာကြာသည်။ ယခုအခါတွင်တော့ ယွန်ရှန်မြို့နယ်စပ်သို့ စေလွှတ်လိုက်သော အဖွဲ့များသည် ဒုတိယမြောက်နေရာမှ ဇွန်ဘီများကို ရှင်းလင်းနေကြပြီဖြစ်သည်။

မှတ်ပုံတင်ရန် တန်းစီစောင့်ဆိုင်းနေသော အသက်ရှင်ကျန်ရစ်သူများက ဤမြင်ကွင်းကိုမြင်တော့ သူတို့ရဲ့မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပလာကြသည်။ ဒီလောက်တောင်များတဲ့ ရိက္ခာပစ္စည်းများဖြင့်ဆို အလုပ်ရှာတွေ့နိုင်ပြီး ဗိုက်ပြည့်နိုင်မည်မှာက သေချာပါသည်။

ဤအသစ်တွေ့ရှိသော ရိက္ခာများကြောင့်ပဲ စုဆောင်းရေးလုပ်ငန်းစဉ်က ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ရွှီချွန်း စေလွှတ်လိုက်သောအဖွဲ့ဟာ လင်အန်း မြို့ရှိ အသက်ရှင်ကျန်ရစ်သူစခန်းများစွာသို့ ရောက်ရှိလာခဲ့သည်။

အဖွဲ့တစ်ဖွဲ့ကို ဝမ်ဟဲက ဦးဆောင်ခဲ့ပြီး မြို့လယ်ခေါင်ရဲ့ အရှေ့ဘက်ရှိ စခန်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ဒီစခန်းရဲ့ ပျက်စီးယိုယွင်းနေတဲ့ အတားအဆီးနှင့် တံခါးကိုမြင်တော့ စစ်သားတွေက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဝမ်ဟဲက ခေါင်းခါလိုက်သည်။ ဒီလိုကာကွယ်မှုမျိုးနဲ့သာဆိုရင် နောက်မိုးရွာလာရင် ဇွန်ဘီစာပဲဖြစ်သွားလိမ့်မယ်။

ဝင်လာသောကားများကိုမြင်သောအခါတွင် အစောင့်များက သူတို့ရဲ့လက်နက်များနဲ့ ချိန်ရွယ်ပြီး "အဲဒီမှာတင် ရပ်လိုက်စမ်း" ဟု လှမ်းအော်ကြသည်။

အခန်း - (၃၄၅)

ဝမ်ဟဲတို့အဖွဲ့က ကားတွေကိုရပ်လိုက်ပြီးနောက်မှ အဖွဲ့သားတစ်ယောက်က ကားပေါ်မှဆင်းလာသည်။ သူက လက်ကိုမြှောက်ပြီး "ရဲဘော် ၊ ကျွန်တော်တို့က လင်အန်းအခြေစိုက်စခန်းကပါ။ ခေါင်းဆောင်ရွှီချွန်းရဲ့ အမိန့်အရ အလုပ်သမားတွေ စုဆောင်းဖို့ ရောက်လာတာပါ" လို့ ပြောလိုက်တယ်။

အစောင့်များက ဤသတင်းကိုကြားသည်နှင့် သူတို့ထဲတစ်ယောက်က သူတို့ရဲ့အထက်လူကြီးကို အကြောင်းကြားရန် အထဲသို့ဝင်သွားခဲ့ပြီး ကျန်သူများကတော့ တံခါးကိုပိတ်ဆို့ထားသည်။ သူတို့သည် ရွှီချွန်းရဲ့ အခြေစိုက်စခန်းနှင့်ပတ်သက်သည့် ကောလာဟလများကို ကြားခဲ့ရပြီး သတင်းရဲ့ တစ်ဝက်ကိုသာ ယုံကြည်ထားခဲ့ကြသည်။

တံတိုင်းကြီးကိုဆောက်ဖို့ အဖိုးတန်ရိက္ခာတွေကိုသုံးပြီး လူတွေငှားဖို့ကို ဘယ်လိုလူက ဆန္ဒရှိနိုင်မှာလဲ။

ဒါပေမယ့်လည်း သူတို့မှာ သံသယစိတ်တွေရှိနေပေမယ့် ရိက္ခာပစ္စည်းတွေရှာမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခြေစိုက်စခန်းကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာ‌ တော့တဲ့သူတွေ အမြဲရှိနေခဲ့ပါတယ်။

သူတို့စခန်းမှာက တရားဝင်စည်းမျဉ်းတွေ မရှိတဲ့အတွက် သူတို့တွေ ထွက်သွားတာကို တားဆီးလို့မရသလို ပြန်လာခိုင်းဖို့က်ိုလည်း အတင်းအကျပ် လုပ်လို့မရဘူး။ ဒါကြောင့် သူတို့စခန်းရဲ့ လူအရေအတွက်က တစ်နေ့တခြား လျော့နည်းလာတာကို သူတို့ ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။

အခု သူတို့ရဲ့စခန်းက ပြိုလဲတော့မယ့်အနေအထားမှာ ရှိနေတာကြောင့် ဒီလူတွေက ဒီကိုလာပြီး ရဲရဲရင့်ရင့်နဲ့ လူသစ်စုဆောင်းဖို့ ကြိုးစားနေကြတယ်။ သူတို့ကိုသာ သင်ခန်းစာမပေးလိုက်ရင် ဒီလူတွေကတော့ သူတို့ကို အနိုင်ကျင့်ရတာက လွယ်တယ်လို့ ထင်သွားနိုင်တယ်။

အစောင့်များက သူတို့ကို မကျေမနပ်ဖြင့် စိုက်ကြည့်နေချိန်တွင် ဝမ်ဟဲ နှင့် သူ့အဖွဲ့က ကားများပေါ်မှ ဆင်းလာပြီး စိတ်ရှည်ရှည်ဖြင့် တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။

မိနစ်နှစ်ဆယ်အကြာတွင် လူငယ်တစ်ဦး ဦးဆောင်နေတဲ့ လူတစ်စုက ဂိတ်တံခါးမှ ထွက်လာကြသည်။

အဖွဲ့က သူတို့နဲ့ ဆယ်မီတာအကွာမှာ ရပ်လိုက်ပြီး ဦးဆောင်နေတဲ့ လူငယ်လေးက "မင်းတို့ရဲ့ခေါင်းဆောင်က ငါ့ရဲ့လူတွေကိုစည်းရုံးပြီး ဘာတွေစီစဉ်နေလဲဆိုတာကို ငါမသိဘူး။ ဒါပေမယ့် ငါတို့ကတော့ မင်းတို့ရဲ့ကမ်းလှမ်းချက်ကို လက်ခံဖို့ ရည်ရွယ်ချက်မရှိဘူး။ မင်းတို့ လာခဲ့တဲ့နေရာကို ပြန်လှည့်ကြပါ" လို့ ပြတ်ပြတ်သားသားပြောလိုက်တယ်။

ဒါကိုကြားတော့ ဝမ်ဟဲက ပြုံးလိုက်ပြီးမှ တည်ငြိမ်စွာပြောလိုက်သည် "ရဲဘော်၊ ဆုံးဖြတ်ချက်မချခင်မှာ အရင်ဆုံး ကျွန်တော်ပြောတာကိုတော့ နားထောင်သင့်ပါတယ်"

"နောက်ထပ် ဆွေးနွေးစရာ မလိုဘူး။ ငါတို့က မင်းရဲ့ ကမ်းလှမ်းချက်ကို လက်မခံပါဘူး" ဟု လူငယ်က ခေါင်းမာစွာနဲ့ ပြန်တုံ့ပြန်သည်။

ဝမ်ဟဲက သူ့ရဲ့ခေါင်းမာလှတဲ့ အမူရာကို ကြည့်ကာ ရယ်လိုက်ပြီး "ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းက မင်းရဲ့ မိုက်မဲတဲ့ မာနပေါ်မှာပဲ တွယ်ကပ်နေမယ့်အစား ကိုယ့်လူတွေရဲ့ ဘေးကင်းရေးကိုပဲ ပိုစဉ်းစားသင့်တယ်" လို့ ပြောလိုက်တယ်။

သူ့စကားလည်းဆုံးတော့ လူငယ်လေးက မျက်မှောင်ကြီးကြုတ်ကာ "မင်းဘာပြောလိုက်တာလဲ" ဟု အေးစက်စွာမေးလာသည်။

ဝမ်ဟဲက သူ့အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကို ထုတ်ယူပြီး မီးညှိလိုက်ကာ သက်ပြင်းချလို့ "လူငယ်လေး၊ မင်းရဲ့အပြုအမူအရဆို မင်းက ကမ္ဘာပျက်မတိုင်ခင်မှာတုန်းက သာမန်လူတစ်ယောက်ပဲ" လို့ ပြောလိုက်တယ်။

"ဖြစ်တယ်ဆိုရင်ကော ဘာဖြစ်လဲ" ဟု လူငယ်က မေးသည်။

နားလည်ဟန်ဖြင့် ခေါင်းညိတ်ကာ ဝမ်ဟဲက ပြန်ဖြေသည် "မြို့တော်ကနေ ဘာသတင်းအချက်အလက်မှ မရခဲ့တာက အံ့သြစရာတော့ မဟုတ်ပါဘူး"

သူ့စကားတွေကိုကြားတော့မှ လူငယ်လေးက ခဏလောက် တွန့်ဆုတ်သွားပြီး "မြို့တော်မှာ တစ်ခုခုဖြစ်ခဲ့လား" လို့ မေးလိုက်တယ်။

ဝမ်ဟဲက တိုက်ရိုက်မဖြေဘဲ "ပိုသိချင်ရင် ကျွန်တော် နဲ့ ကျွန်တော့်အဖွဲ့ကို အထဲဝင်ဖို့ ဖိတ်ခေါ်ပါလား" လို့ ပြောလိုက်တယ်။

လူငယ်လေးက ခဏလောက်စဉ်းစားပြီးမှ "သူတို့ကို အထဲဝင်ခိုင်းလိုက်" လို့ နောက်ဆုံးတော့ ပြောလိုက်သည်။

သူရဲ့အမိန့်ကြောင့် ကင်းသမားများသည် အတားအဆီးများကို မလိုလားစွာ ဖယ်ရှားလိုက်ပြီး ၎င်းတို့အား ဝင်ရောက်ခွင့်ပြုခဲ့သည်။ ဝမ်ဟဲတို့အဖွဲ့သည် စခန်းထဲသို့ ကားမောင်းနှင်ကာဝင်လာရင်းနဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်ပြီး စခန်းကို စီမံခန့်ခွဲမှုကညံ့ဖျင်းကြောင်းအား လျင်မြန်စွာ သဘောပေါက်လိုက်ကြသည်။

ဝေယင်းရဲ့စခန်းနဲ့ယှဉ်လိုက်ရင် ဒီနေရာဟာ လူအုပ်စုအတော်များများ စုဝေးနေတဲ့နေရာလိုမျိုး ပိုခံစားရတယ်။ အသက်ရှင်ကျန်ရစ်သူတွေရဲ့ သူတို့ကို သံသယမျက်လုံးတွေနဲ့ကြည့်တဲ့ပုံစံကနေ ဝမ်ဟဲသည် ဒီမှကာ ရာဇဝတ်မှုနှုန်းမြင့်မားနေမယ်ဆိုတာကို ပြောနိုင်တယ်။

ဒီအချက်က ဒီစခန်းမှာ သင့်တော်တဲ့ စည်းမျဉ်းတွေ မရှိဘူးဆိုတာကို အတည်ပြုပေးပြီး အရာအားလုံးကို အင်အားနဲ့ အုပ်ချုပ်တာ်ဆိုတာကို တွေ့ရစေတယ်။ မထိန်းချုပ်ဘဲ ဒီအတိုင်းသာ "တောတွင်းဥပဒေ" နဲ့ဆက်သွားနေမယ်ဆိုရင် နောက်ဆုံးမှာတော့ စခန်းက ဖရိုဖရဲဖြစ်သွားပြီး ပျက်စီးသွားပါလိမ့်မယ်။

သူသည် စခန်းရဲ့အခြေအနေကို စိတ်ပိုင်းဆိုင်ရာအရ အကဲဖြတ်နေစဉ်တွင်ပဲ အဓိကအဆောက်အအုံသို့ သူတို့ရောက်ရှိလာခဲ့ကြသည်။ ကားပေါ်မှ ဆင်းလာပြီးနောက်တွင် ဝမ်ဟဲက ခေါင်းမော့ကာ သူ့ရှေ့ရှိ သုံးထပ်အိမ်ကို ကြည့်လိုက်သည်။ရွှီချွန်းရဲ့ အခြေစိုက်စခန်းနှင့်မတူဘဲ ဤစခန်းကတော့ လူနေရပ်ကွက်ဟောင်းတစ်ခုတွင် တည်ထောင်ထားသည်။

အဆောက်အအုံတွေက ဟောင်းနွမ်းနေပြီး လုံခြုံရေးကလည်း ညံ့ဖျင်းတယ်။ အစောင့်ကလည်းအနည်းငယ်သာရှိပြီး ဒီလူတွေက ဒီလောက်ကြာကြာ ရှင်သန်နိုင်ခဲ့တာကိုက အံ့ဖွယ်ကိစ္စတစ်ခုပါ။

သူ ဘာတွေတွေးနေမှန်းမသိသော လူငယ်လေးက "ဝင်ခဲ့ပါ" ဟု ဖိတ်ခေါ်သည်။

ဒီတစ်ခါမှာတော့ ဝမ်ဟဲနှင့် အသင်းရဲ့ ဒုတိယခေါင်းဆောင်ပဲ ဝင်လာပြီး ကျန်တဲ့အဖွဲ့သားတွေကတော့ အပြင်မှာစောင့်နေကြတယ်။ ဒါကိုမြင်တော့ လူငယ်လေးက မျက်ခုံးပင့်လိုက်တယ်။ တစ်ဖက်လူက ငြိမ်းချမ်းရေးအမူအရာပြနေတာကြောင့် သူတို့ကို အချိန်နည်းနည်းပေးဖို့ ဆုံးဖြတ်လိုက်တယ်။

အဆောက်အဦးထဲ ဝင်သွားပြီးနောက်တွင် လူငယ်လေးက သူတို့ကို ထိုင်ခိုင်းပြီး "အခု ခင်ဗျားတို့ လာလည်ရတဲ့ အကြောင်းရင်းကို ပြောပြနိုင်ပါပြီ" လို့ ပြောတယ်။

သူတို့က နွေးထွေးစွာ ကြိုဆိုခြင်း မခံရသော်လည်း ဝမ်ဟဲက ပြုံးပြီး "လာရတဲ့ ရည်ရွယ်ချက်ကို မပြောခင် မြို့တော်က အချက်အလက်တချို့ကို မျှဝေချင်ပါတယ်" ဟု စကားစလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပတ်က ကြီးမားတဲ့ ဇွန်ဘီအုပ်ကြီးကြောင့် မြို့တော်က ပြိုလဲသွားပြီး ဗဟိုအစိုးရလည်း မရှိတော့ဘူးလေ။ မြို့တော်ကြီးမပျင်သွခင် ကျွန်တော်တို့ နောက်ဆုံးရခဲ့တဲ့ အချက်အလက်ကတော့ နှစ်လအတွင်း မိုးရွာတော့မယ်ဆိုတဲ့အကြောင်းပါ"

ဒါကိုကြားတော့ လူငယ်လေးက မျက်မှောင်ကြုတ်ပြီး "ကျွန်တော်တို့မှာက ရေပြတ်လပ်နေတာကြာပြီ ၊ နှစ်လအတွင်း မိုးရွာရင် ဒါက သတင်းကောင်းပဲ မဟုတ်ဘူးလား" လို့ မေးလိုက်တယ်။

ဝမ်ဟဲက ခေါင်းခါပြီး "ရဲဘော်၊ ပထမဆုံးမိုးရွာပြီးတဲ့နောက်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို မှတ်မိလား" လို့ မေးလိုက်တယ်။

လူငယ်လေးက ခဏလောက် စဉ်းစားလိုက်ပြီးမှ မျက်လုံးတွေ ပြူးကျယ်သွားကာ ကြောက်ရွံ့စွာနဲ့ သူ့ကို ကြည့်လာပြီး "ဒုတိယအကြိမ် မိုးရွာရင် အရင်ကလိုပဲ ဖြစ်လာလိမ့်မယ်လို့ ဆိုလိုတာလား" လို့ မေးလိုက်တယ်။

"ပထမတစ်ကြိမ်လောက်တော့ မဆိုးပါစေနဲ့လို့ပဲ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရဆို နောက်ထပ်မိုးက ပိုပြီး ပြင်းထန်နိုင်ပါတယ်။ အဲဒါကြောင့် နောက်ထပ် ဇွန်ဘီအုပ်‌တွေကိုရင်ဆိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ခံစစ်တွေကို အားကောင်းစေဖို့ ပြင်ဆင်ပြီး ပိုမြင့်တဲ့ တံတိုင်းတွေ တည်ဆောက်နေပါတယ်" ဟု ဝမ်ဟဲက ရှင်းပြသည်။

"ဒါဆိုရင် အဲဒါကြောင့်ပဲ မင်းတို့ရဲ့အခြေစိုက်စခန်းက အခုတလောမှာ လူတွေအများကြီးကို စုဆောင်းနေတာလား" လို့ လူငယ်က မေးလိုက်တယ်။

"အဲဒါက အကြောင်းရင်းတစ်ခုပါပဲ" ဟု ဝမ်ဟဲက သူ့အိတ်ကပ်ထဲမှ စာအုပ်ငယ်တစ်အုပ်ကို ထုတ်ပြီး စားပွဲပေါ်တင်ကာ ပြောလိုက်သည်။

"အဲဒါက ဘာလဲ" ဟု လူငယ်လေးက သံသယဖြင့် မေးလိုက်သည်။

"ဒီစာအုပ်ငယ်မှာ ကျွန်တော်တို့စခန်းရဲ့ စည်းမျဉ်းတွေပါတယ်။ စည်းမျဉ်းတွေ၊ ပြစ်ဒဏ်တွေ၊ အမှတ်စနစ်တွေ၊ မစ်ရှင်အဆင့်တွေ အားလုံးပါဝင်ပါတယ်။ မင်းနှင့် မင်းတို့ရဲ့လူတွေပါ ကျွန်တော်တို့စခန်းမှာ ပူးပေါင်းဖို့ကို စဉ်းစားပေးမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလိုသာဆိုရင် ဒုတိယအကြိမ်မိုးရွာလာတဲ့အခါ ထိခိုက်သေဆုံးမှုတွေကို လျှော့ချနိုင်ပြီး ရှင်သန်နိုင်မယ့်နည်းလမ်းကို ရှာတွေ့နိုင်ပါတယ်" ဟု ဝမ်ဟဲက ရှင်းပြလိုက်သည်။

လူငယ်လေးက စာအုပ်ငယ်ကိုယူပြီး အတော်ကြာဖတ်လိုက်တယ်။ စကားလုံးတစ်လုံးချင်းစီကို သေချာဖတ်ပြီးမှ စာအုပ်ကိုပိတ်လိုက်ပြီး လေးလေးနက်နက် တွေးတောလိုက်သည်။

All Chapters