အခန်း (၃၄၀-၃၄၂)
Vol. 23 Ch. 340-342
အခန်း -(၃၄၀)
စွမ်းရည်အသုံးပြုသူများအဖွဲ့မှလွဲ၍ ကျန်လူများမှာ သာမန်လူများသာဖြစ်ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များသာဖြစ်သည်။ သူတို့တွေဟာ အပြင်ကိုမထွက်လာဘဲ သူတို့ရဲ့အိမ်များထဲမှာပဲ ပုန်းနေကြပြီး ကလေးအနည်းငယ်ကသာ ပြတင်းပေါက်မှ ချောင်းကြည့်နေကြသည်။
ဒါကိုမြင်တော့ ကျိူးလီဇီက ပြုံးပြီး ကလေးတွေကို လက်ဝှေ့ယမ်းပြလိုက်တယ်။ ကလေးတွေကတော့ သူမ လက် ဝှေ့ယမ်းပြနေတာကို မြင်တာနဲ့ချက်ချင်းမှာ ထွက်ပြေးသွယးကြပြီး အချို့က ကုလားကာနောက်မှာ ပုန်းလိုက်ကြတယ်။
ခြံဝင်းထဲမှာ နေလှန်းထားတဲ့ ငါးတွေကို ကြည့်ရရာတာတော့ ရေကန်ထဲက ငါးတွေက ဗီဇ မပြောင်းလဲသေးဘူးဆိုတာ သိသာပါတယ်။ ရေငန်ငါးတွေ မရနိုင်ပေမယ့် သူမရဲ့ နေရာလွတ်ထဲမှာ ရေချိုငါးတွေ မွေးမြူနိုင်တာကလည်း ကောင်းတဲ့ကိစ္စတစ်ခုပါပဲ။
ထိုအမျိုးသားက သူတို့ကို ရေကန်နားက ဆိပ်ခံတံတာကို ခေါ်သွားပေးပြီး "လှေကိုသုံးပြီး ရေကန်ဆီ သွားနိုင်ပေမယ့် အဝေးကြီးတော့ မသွားနဲ့" လို့ သတိပေးတယ်။
ဒါကိုကြားတော့ နတ်ဆိုးအဖွဲ့ဝင်တွေက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကျောင်းလီရှင်းကတော့ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရဲဘော်" လို့ ပြန်ပြောလိုက်တယ်။
ရှိနေတဲ့လှေအားလုံးထဲကမှ သူတို့က စပိဘုတ်တစ်စီးကို ရွေးချယ်လိုက်ပြီး အင်ဂျင်စက်နှိုးပြီးနောက်မှာတော့ ဆိပ်ကမ်းကနေ ထွက်ခွာလာခဲ့ကြသည်။
သူတို့က စပိဘုတ်ကို ရွေးချယ်အသုံးပြုသွားတာကို မြင်တော့ စွမ်းရည်အသုံးပြုသူများထဲကတစ်ဦးက "ဘော့စ်၊ သူတို့ကို စပိဘုတ်သုံးခွင့်ပေးလိုက်လို့ ရပါ့မလား" ဟု မေးလိုက်သည်။
အသက်လေးဆယ်ကျော်အရွယ်အမျိုးသားကတော့ တဖြည်းဖြည်းဝေးကွာသွားတဲ့ စပိဘုတ်ကိုကြည့်ပြီး အေးစက်စက်ပြောလိုက်တယ် "အဲဒီထဲမှာရှိတဲ့ လောင်စာဆီက ရေကန်အလယ်ကို ရောက်ဖို့ပဲ လုံလောက်တယ်။ ဓာတ်ဆီကုန်သွားရင်တော့ သေဖို့ကိုပဲ စောင့်ရလိမ့်မယ်"
သူ့စကားတွေကိုကြားတော့ အဖွဲ့ဝင်နောက်တစ်ယောက်ကလည်း မေးလာတယ်"ဘော့စ် အပြင်ကလူတွေကော"
" သူတို့အတွက်ကို ငါတို့ကစိတ်ပူပေးနေစရာမလိုပါဘူး။ နေဝင်သွားတဲ့အခါ အဲဒီအရာတွေက သူတို့ကို ဂရုစိုက်ပေးလိမ့်မယ်" ဟု ထိုသူက ပြန်ဖြေသည်။
ထို့နောက်မှာတော့ မည်သူကမျှ နောက်ထပ်မေးခွန်းများ ထပ်မမေးတော့ဘဲ မိမိတို့ရဲ့အလုပ်များကို ပြန်လုပ်လိုက်ကြသည်။
ကျင်းရွှီယန်းနှင့် ကျန်တဲ့သူတွေကတော့ ဆိပ်ခံတံတာကို မမြင်ရတော့တဲ့အထိ စပိဘုတ်ကိုမောင်းနှင်သွားပြီးမှ အင်ဂျင်ကို ပိတ်လိုက်ကြသည်။ရေပြင်ထက်က စပ်ိဘုတ်က တငြိမ့်ငြိမ့်နဲ့ လှုပ်ခါသွားစဥ်မှာပဲ ကျိူးလီဇီ "အစ်ကိုယန်း ၊ အဲဒီလူတွေက တစ်ခုခုလုပ်နေကြသလိုပဲ" လို့ ပြောလိုက်တယ်။
"သူတို့အတွက် စိတ်မပူပါနဲ့။ သူတို့က တစ်ခုခုလုပ်ချင်ရင်တောင် အရင်ဆုံးတော့ အကောင်အထည်ဖော်နိုင်စွမ်းရှိဖို့ လိုအပ်သေးတယ်" ဟု ကျင်းရွှီယန်းက ပေါ့ပေါ့တန်တန်ပဲ ပြန်ဖြေလိုက်သည်။
အဲဒီလိုပြောပြီးတဲ့နောက်မှာပဲ သူက ဆက်ပြောသည် "အာဇီ ၊ ငါးစားချင်နေတယ်လို့ မပြောဘူးလား။ နေမဝင်ခင် ငါးအမြန်ဖမ်းကြရအောင်"
"လီဇီ၊ ငါးမျှားတံတွေ ယူလာခဲ့လား" ဟု ကျောင်းလီရှင်းက လှမ်းမေးလိုက်သည်။
ကျိူးလီဇီက သူမရဲ့ လက်နှစ်ဖက်ကိုမြှောက်ပြပြီး "အစ်မကျောင်း ၊ ငါးမျှားတံတွေ မလိုပါဘူး။ ကျွန်မရဲ့ စွမ်းရည်ကို သုံးပြီး ဖမ်းလို့ရတယ်" ဟု ပြောလိုက်သည်။
နောက်တစ်ခဏမှာတော့ ရေကန်ထဲရှိရေများသည်ငလျင်လှုပ်ခတ်သွားသကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။
လှိုင်းလုံးကြီးတွေတက်လာတော့ ကျောင်းလီရှင်းက လှေမှောက်သွားမှာကို စိုးရိမ်ပြီး လှေအနားစွန်းကို အမိအရ ဆုပ်ကိုင်ထားလိုက်တယ်။ ဒါပေမယ့် ခဏအကြာမှာတော့ လှိုင်းတွေကရိုက်ခတ်နေပေမယ့် လှေကတော့ ငြိမ်သက်နေတဲ့ရေပြင်ပေါ်မှာ ရှိနေသလိုမျိူး တည်ငြိမ်နေတယ်ဆိုတာကို သူမ သဘောပေါက်လိုက်တယ်။
သူမ စိုးရိမ်ထိတ်လန့်နေတာကို သတိထားမိတဲ့ ကျိူးလီဇီက "အစ်မကျောင်း စိတ်မပူပါနဲ့။ ကျွန်မနဲ့အတူရှိနေရင် ကျွန်မတို့ရဲ့လှေက မှောက်မှာမဟုတ်ဘူး" လို့ ပြောလိုက်တယ်။
အဲဒီလိုပြောပြီးနောက်မှာပဲ သူမရဲ့ လက်နှစ်ဖက်ကို ထပ်မံမြှောက်လိုက်တော့ ရေကန်အောက်ဆီမှ ရေလုံးကြီးတစ်ခုက ဝုန်းကနဲ ပေါ်ထွက်လာသည်။ရေပြင်ကျယ်ထဲက ရေလုံကြီးတစ်ခုကို မြှောက်လိုက်သည်နှင့် အောက်ခြေက ဟာလာဟင်းလင်းဖြစ်သွားတဲ့ နေရာလွတ်ကို ဖြည့်ဖို့ ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်မှ ရေများကို စုပ်ယူကာ ထိုကွက်လပ်ကို ဖြည့်လိုက်သည်။
ဒါကိုမြင်တော့ ကျောင်းလီရှင်း နှင့် ချန်ကျိရိတို့က စိုးရိမ်ထိတ်လန့်သွားပြီး အန္တရာယ်တွေအတွက် အသင့်ပြင်ထားလိုက်ကြသည်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူတို့စီးထားတဲ့လှေကို ရေကန်ရဲ့ရုန်းရင်းဆန်ခတ်ဖြစ်နေတာကနေ ကာကွယ်ပေးထားတဲ့ ဝိုင်းရံနေသည့် ရေအလွှာပါးလေးတစ်ခု ရှိနေတာကို သူတို့ သဘောပေါက်လိုက်ကြတယ်။
ကျိူးလီဇီက အပေါ်ကိုမြောက်တက်လာသော ရေဘောလုံးကြီးကို စိုက်ကြည့်လိုက်တော့ အထဲတွင် ငါးပေါင်းများစွာက ကူးခတ်နေကြတာကို မြင်လိုက်ရသည်။ ငါးများအပြင် ပုစွန်၊ ကဏန်းနှင့် ကမာကောင်များပင် ရှိနေသည်။ ထိုပါဝင်ပစ္စည်းများဖြင့် သူမချက်ပြုတ်နိုင်သော ဟင်းလျာများအကြောင်း စဉ်းစားမိရုံဖြင့် ပါးစပ်က သရေတွေယိုလာသည်။
လက်ကိုဝှေ့ယမ်းပြီး ရေဘောလုံးကို သူမရဲ့နေရာလွတ်မှာ သိမ်းထားလိုက်သည်။ သူမရဲ့အသိစိတ်ကို အသုံးပြုပြီး နေရာလွတ်ကို စစ်ဆေးကြည့်လိုက်တော့ ရေဘောလုံးက မြက်ခင်းပြင်ပေါ်မှာ ပေါလောမျောနေတာကို တွေ့လိုက်ရသည်။ ငါးကန်ကိုမပြင်ဆင်ရသေးတဲ့အတွက် ငါးများကို ထိုမျောနေတဲ့ရေလုံးထဲမှာပဲ ခဏထားထားဖို့ ဆုံးဖြတ်လိုက်သည်။
ပထမအကြိမ် အောင်မြင်ပြီးနောက်မှာတော့ သူမသည် နောက်ထပ် ငါးများကိုဖမ်းရန်အတွက်လည်း ယခင်နည်းလမ်းကိုပဲ အသုံးပြုခဲ့သည်။
နှစ်နာရီအကြာတွင် ရေကန်ရဲ့ရေမျက်နှာပြင်က စင်တီမီတာအနည်းငယ်ကျဆင်းသွားပြီး ရေနေသတ္တဝါများကလည်း ဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။
အနာဂတ်မှာဆို ဒီရေကန်က အနီးနားမှာရှိတဲ့ စခန်းအတော်များများအတွက် အရေးကြီးတဲ့ အစားအစာရင်းမြစ်တစ်ခု ဖြစ်လာမှာမို့လို့ သူမက အားလုံးကို မယူသွားခဲ့ပါဘူး။ သူမရဲ့ နေရာလွတ်က ဘယ်လောက်ပဲ ကျယ်ဝန်းနေပါစေ ရေကန်တစ်ခုလုံးကို သိမ်းဆည်းထားဖို့ကတော့ မဖြစ်နိုင်ပါဘူး။
သူမ ရရှိခဲ့တဲ့ပစ္စည်းတွေကြောင့် ကျေနပ်အားရနေတဲ့ ကျိူးလီဇီက "အစ်ကိုယန်း ၊ ပြန်ကြရအောင်" လို့ ပြောလိုက်သည်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး စပိဘုတ်အင်ဂျင်ကို ဖွင့်လိုက်သည်။ သူက လှေကို လှည့်လိုက်တဲ့အချိန်မှာပဲ ရေကန်ရဲ့မျက်နှာပြင်က ရုတ်တရက်ကြီး လှိုင်းထန်လာပြီး လှိုင်းကြီးတွေက လှေကို ရိုက်ခတ်လာသည်။
ကံကောင်းထောက်မစွာနဲ့ ကျိူးလီဇီက ရေအကာကွယ်အလွှာကို မဖယ်ရှားခဲ့ပါဘူး။ မဟုတ်ပါက လှေသည် မတော်တဆမှုကြောင့် တိမ်းမှောက်သွားလိမ့်မည်ဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးအနောက်တွင်တော့ သူတို့ရှိရာအရပ်ဆီကို အရှိန်ဟုန်ပြင်းပြင်းနဲ့ လျင်မြန်စွာကူးခတ်လာနေသည့် ဧရာမ အရိပ်မည်းကြီးတစ်ခုကို သူတို့မြင်လိုက်ရသည်။ ထိုအရိပ်ကိုမြင်လိုက်ရသည့်အချိန်တွင်ပဲ သူမရဲ့အတိတ်ဘဝမှ အမှတ်တရများက ကျိူးလီဇီရဲ့စိတ်ထဲတွင် ပြန်လည်ပေါ်လာသည်။
သူမရဲ့မျက်ဝန်းတွေကတော့ အံ့အားသင့်မှုနှင့် ပျော်ရွှင်မှုတွေကြောင့် တလက်လက်တောက်ပနေသည်။ ဒီအကောင်ကြီးကိုသာ သူမဖမ်းနိုင်ခဲ့မယ်ဆိုရင် သူမရဲ့အဖွဲ့အတွက် ပင်လယ်စာကုန်သွားမှာကို စိတ်ပူစရာမလိုတော့ပါဘူး။
နောက်တစ်ခဏမှာတော့ ရေအောက်ဆီမှ ကြီးမားပြီး ရှည်လျားသော လက်တံရှည်ကြီးတစ်ခု ထွက်လာပြီး သူတို့ရဲ့လှေကို ချိန်ရွယ်လာသည်။
ဒါကိုမြင်တဲ့ ကျိူးလီဇီက လက်မြှောက်လိုက်တဲ့အခါမှာတော့ ရေကန်ထဲကရေတွေက အပေါ်ကိုတက်လာပြီး တိုက်ခိုက်မှုကို တားဆီးဖို့ အကာကွယ်တစ်ခု ဖြစ်လာသည်။
" ဝုန်းးး ဗွမ်းးးး"
ရေက အရည်တစ်မျိုးဖြစ်ပေမယ့် ဖိသိပ်ပြီး အရှိန်မြင့်မြင့်နဲ့ ပစ်ခတ်လိုက်မယ်ဆိုရင် ထက်မြက်လှတဲ့ လက်နက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
အဲဒီ လက်တံကြီးနဲ့ အရှိန်မြင့်မြင့် ပစ်လွှတ်လိုက်တဲ့ ရေလှိုင်းက ထိမှန်သွားပြီး လက်တံရဲ့ ထိပ်ဖျားပိုင်းက ချက်ချင်းပဲ ပြတ်ထွက်သွားသည်။
" ဗွမ်းးး "
လက်တံရှည်ကြီးက လျှပ်စီးကြောင်းလို အမြန်နှုန်းနဲ့ ရေထဲကို ဆုတ်ခွာသွားသည်။ ရေဘဝဲလက်တံရဲ့ ကြီးမားတဲ့ တစ်စိတ်တစ်ပိုင်းအတုံးကြီးက ရေကန်ထဲ ပြုတ်ကျသွားတာမြင်တော့ ကျိူးလီဇီက လက်ကို ဝှေ့ယမ်းပြီး သူမရဲ့ နေရာလွတ်မှာ ချက်ချင်းသိမ်းဆည်းလိုက်သည်။
"အစ်ကိုယန်း ၊ ဒီနေ့က ကျွန်မတို့ရဲ့ ကံကောင်းတဲ့နေ့ပဲ။ ကျွန်မတို့ ဧရာမရေဘဝဲတစ်ကောင်နဲ့ တည့်တည့်တွေ့ခဲ့တယ်" သူမက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
သူ့ရဲ့ချစ်သူ ဘယ်လောက်တောင် ပျော်နေလဲဆိုတာကိုမြင်တော့ ကျင်းရွှီယန်းက သူမရဲ့ခေါင်းကို ညင်သာစွာပုတ်ပေးပြီး ပြုံးရင်းမေးလိုက်တယ် "အရှင်ဖမ်းသင့်လား၊ မီးကင်သင့်လား"
ကျိူးလီဇီက ခဏလောက်စဉ်းစားပြီးမှ "အရှင်ဖမ်းရအောင်" လို့ ပြောလိုက်တယ်။
"အိုကေ"
ဘေးတွင်ရပ်နေသော ချန်ကျိရိနှင့် ကျောင်းလီရှင်းတို့ကတော့ ထိုစုံတွဲရဲ့ ပေါ့ပေါ့ပါးပါး စကားပြောဆိုမှုကြောင့် ကြောင်အမ်းအမ်းဖြစ်နေကြသည်။ သူတို့ အခု ရင်ဆိုင်တိုက်ခိုက်နေရတာက တိုက်ခိုက်နိုင်စွမ်း ပြင်းထန်သော ရေဘဝဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရပေမယ့် သူတို့နှစ်ယောက်ကတော့ ဈေးမှာ ပင်လယ်စာဝယ်နေသကဲ့သို့ ပေါ့ပေါ့ပါးပါးစကားပြောနေကြသည်။
သူတို့ အရမ်းအားကောင်းနေလို့လား၊ ဒါမှမဟုတ် ဧရာမရေဘဝဲကပဲ အရမ်းအားနည်းနေတာများလား။
အခန်း-(၃၄၁)
မကြာခင်မှာပဲ ရေအောက်ထဲကနေ လက်တံအတော်များများက ဝုန်းကနဲဆိုပြီး တစ်ပြိုင်ထဲထွက်ပေါ်လာကာ သူတို့ရှိရာနေရာကို ဦးတည်ကာလာပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်လာသည်။
ဒီတစ်ခါမှာတော့ ကျိူးလီဇီသည် ရေအကာကို မဖန်တီးခဲ့သလို လက်တံများကို ဖြတ်ပစ်ဖို့အတွက် ရေလိုင်းကိုလည်း မသုံးခဲ့ပါဘူး။ အဲဒီအစား သူမက လက်နှစ်ဖက်ကို လျင်မြန်စွာဝှေ့ယမ်းပြီး ဧရာမရေဘဝဲကြီးကို ရေလုံးကြီးထဲမှာ ပိတ်ပစ်လိုက်သည်။
" ဗုန်းး ဗုန်းး ဗုန်းးး "
ပိတ်မိသွားပြီဖြစ်ကြောင်းကို သိလိုက်တဲ့ ဧရာမရေဘဝဲဟာ အန္တရာယ်ကို ခံစားမိပြီး သူ့ရဲ့လက်တံတွေနဲ့ အတားအဆီးရဲ့ပတ်ပတ်လည်ကို ရိုက်ချလိုက်တယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲ ကြိုးစားပြီးတိုက်ခိုက်ပါစေ လွတ်မြောက်နိုင်ခြင်း မရှိပါဘူး။
ရေဘဝဲရဲ့ တိုက်ခိုက်မှုတွေက ပြင်းထန်လွန်းတာကြောင့် ပိတ်လှောင်ထားတဲ့ ရေလုံးကြီး ပျက်စီးသွားတော့မယ်လို့ ကျိူးလီဇီ ခံစားလိုက်ရသည်။ သူမဟာ အံကို တင်းတင်းကြိတ်ပြီး "စုဆောင်း" လို့ ပြောလိုက်တယ်။
ဧရာမရေဘဝဲဟာ ဗီဇပြောင်းလဲသွားတဲ့ သတ္တဝါဖြစ်ပြီး ဇွန်ဘီသတ္တဝါ မဟုတ်တဲ့အတွက် နောက်တစ်စက္ကန့်အတွင်းမှာပဲ သူမရဲ့ အာကာသနေရာလွတ်ထဲကို ဝင်ရောက်လာခဲ့သည်။
" ဗြုန်းး "
ဧရာမရေဘောလုံး ပျောက်ကွယ်သွားပြီးနောက်မှာတော့ ရေကန်ပေါ်တွင် နောက်ထပ် ရေဝဲကြီးတစ်ခု ထပ်ပေါ်လာသည်။ ဒါကိုမြင်တော့ သူမသည် စပိဘုတ်ကို တည်ငြိမ်စေရန်အတွက် အကာကွယ်တစ်ခုကို ဖန်တီးလိုက်သည်။
ဆယ်မိနစ်အကြာတွင် ရေကန်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ထိုနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ခဏာများကို လုံးဝ မတွေ့ရတော့ပေ။
ကျိူးလီဇီက နဖူးပေါ်ရှိ ချွေးများကို သုတ်ရင်း သူမရဲ့စေ့စပ်ထားသူဘက်သို့လှည့်ကာ "အစ်ကိုယန်း ၊ ပြန်ကြရအောင်" ဟု ပြောလိုက်သည်။
ကျင်းရွှီယန်းက သူ့အိတ်ကပ်ထဲက လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူပြီး သူ့ရဲ့စေ့စပ်ထားသူ၏ ချွေးတွေကို အသာအယာသုတ်ပေးလိုက်ပြီးနောက်မှ "ကောင်းပြီ" လို့ ပြောလိုက်တယ်။
အပြန်လမ်းတစ်လျှောက်မှာ ကျောင်းလီရှင်း နှင့် ချန်ကျိရိ တို့သည် သူတို့ရဲ့ တုန်လှုပ်ခြောက်ခြားသွားရတဲ့စိတ်တွေကို ငြိမ်သက်သွားအောင် ကြိုးစားနေကြဆဲပါ။ ကျိူးလီဇီက ဧရာမရေဘဝဲကြီးကို ဘယ်လောက်တောင် လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်ခဲ့လဲဆိုတာကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။သူတို့သာ ဧရာမရေဘဝဲနဲ့ တိုက်ခိုက်ရမယ်ဆိုရင် သူတို့သည် ဧရာမရေဘဝဲအစာ ဖြစ်သွားလောက်ပါပြီ။
သူတို့ရဲ့ ခွန်အားကွာခြားချက်တွေက ဘယ်လောက်အထိတောင် ကွာခြားနေလဲဆိုတာကို သဘောပေါက်လာတဲ့အခါမှာတော့ နှစ်ယောက်စလုံးသည် သူတို့ရဲ့အသင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် ပိုပြီး ကြိုးစားလေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
သူတို့နှစ်ယောက်က ဘာတွေတွေးနေမှန်းမသိတဲ့ ကျိူးလီဇီကတော့ သူမရဲ့အသိစိတ်ကိုသုံးပြီး သူမရဲ့နေရာလွတ်ထဲကအခြေအနေကို စစ်ဆေးလိုက်တယ်။ ဧရာမရေဘဝဲကိုရှာတွေ့နိုင်ဖို့အတွက် သူမမှာ အချိန်အတော်အကြာ ယူခဲ့ရတယ်။
သူမ အရင်ကစုဆောင်းထားတဲ့ ရေဘဝဲလက်တံတွေကို ဖူကွေ့က အားရပါးရစားနေတာမြင်တော့ အံ့သြသွားရတယ်။ သူက ဗီဇပြောင်း တိရစ္ဆာန်တွေနှင့် ဗီဇပြောင်း အပင်တွေကို စားနိုင်ပုံရတယ်။
သူက ဒါတွေကို စားရတာကြိုက်နေတာကြောင့် သူမက သူ့ကို စိတ်ကြိုက်စားခွင့်ပေးလိုက်တယ်။ မြက်ခင်းပြင်ကျယ်ကြီးကို ခဏလောက် စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ ငါးတွေနှင့် ဧရာမရေဘဝဲတွေကို ဗီဇပြောင်း တိရစ္ဆာန်တွေရှိတဲ့နေရာနားမှာ မွေးမြူဖို့ နောက်ဆုံးတော့ ဆုံးဖြတ်လိုက်တယ်။
သူမရဲ့ အသိစိတ်ကို အသုံးပြုပြီး အချင်း ၅၀ မီတာနှင့် အနက် ၂၀ မီတာရှိတဲ့ ရေကန်ကြီးနှစ်ခုကို တူးလိုက်တယ်။ နောက်ပိုင်းမှာ လိုအပ်လာနိုင်တာကြောင့် မြေကြီးတွေကိုတော့ ဘေးမှာပဲ ပုံထားခဲ့ပါတယ်။
ရေကန်တွေတူးပြီးတဲ့အခါမှာတော့ သူမသည် ဧရာမရေဘဝဲကို ရေကန်တစ်ကန်ထဲမှာထည့်ပြီး ကျန်တဲ့ငါးတွေကိုတော့ နောက်ကန်တစ်ကန်ထဲမှာ ထည့်ထားလိုက်တယ်။ ဧရာမရေဘဝဲကြီးက အစာစားဖို့ လိုအပ်မယ်ဆိုတာကိုတွေးပြီး ငါးတွေအပြည့်ပါတဲ့ ရေဘောလုံးနှစ်လုံးကို ရေဘဝဲကြီးရှိရာ ရေကန်တစ်ကန်တည်းထဲမှာ ထည့်လိုက်သည်။
သူမရဲ့ နေရာလွတ်ထဲမှ အလုပ်တွေပြီးပြီး မကြာခင်မှာပဲ သူတို့တွေ ဆိပ်ခံတံတားကို ရောက်လာကြသည်။ စပိဘုတ်ကို သေချာ ရပ်နားပြီးတဲ့နောက်မှ သူတို့အုပ်စုဟာ ဝင်ပေါက်တံခါးဆီ ကို ပြန်လျှောက်သွားလိုက်ကြသည်။
သူတို့ကိုမြင်လိုက်ရသည်နှင့် စွမ်းရည်အသုံးပြုသူအဖွဲ့ဝင်များ၏မျက်လုံးများက ပြူးကျယ်နေကြပြီး ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့ရဲ့တုံ့ပြန်မှုများကိုမြင်တာနဲ့ ကျင်းရွှီယန်းတို့ အဖွဲ့ကလည်း ထိုလူများဟာ ဧရာမရေဘဝဲအကြောင်းကို သိပြီးဖြစ်ကြောင်းနှင့် ယဇ်ပူဇော်သည့်အနေဖြင့် ရေကန်သို့ တမင်တကာစေလွှတ်လိုက်ကြောင်းကို သိလိုက်ကြသည်။
ဒီလူတွေရဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အပြုအမူတွေကြောင့် သူတို့တွေ စိတ်အနှောင့်အယှက်ဖြစ်နေကြပေမယ့် မျက်နှာမှာတော့ မပြလိုက်ပါဘူး။ ဒီလို ကမ္ဘာပျက်ကြီးထဲမှာတော့ ကြင်နာသနားမှုဆိုတာက တန်ဖိုးကြီးလွန်းတဲ့အရာဖြစ်ပြီး ဒီလိုမျိူး သေခြင်းတရားဆီ တွန်းပို့တဲ့အပြုအမူမျိုးကသာ ပုံမှန်ဖြစ်သည်။
သူတို့တွေ အသက်ရှင်လျက် ပြန်လာတာကိုမြင်တော့ စွမ်းရည်အသုံးပြုသူတစ်ယောက်က "ရဲဘော်တို့ ၊ မင်းတို့က ရေကန်ကို မသွားကြဘူးလား" လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ ကျိူးလီဇီက ပြုံးပြီး "ကျွန်မတို့ ရေကန်ဆီကို သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ခဏလောက် လှေစီးပြီးတဲ့အထိ ဘာစိတ်ဝင်စားစရာကိုမှ မတွေ့ခဲ့ဘူးလေ။ ဒါကြောင့်ပဲ ကျွန်မတို့က ပြန်လာခဲ့ကြတာ" လို့ ပြန်ဖြေလိုက်တယ်။
"ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ" ဟု အခြားစွမ်းရည်အသုံးပြုသူတစ်ဦးက မယုံနိုင်စွာ အော်ဟစ်လိုက်သည်။
သူတို့ရဲ့ သံသယတွေကို လျစ်လျူရှုပြီး ကျင်းရွှီယန်းက "ကျွန်တော်တို့လည်း ရှုခင်းတွေကြည့်ပြီးပြီဆိုတော့ အခုပဲ ခရီးစထွက်တော့မယ်" လို့ ပြောလိုက်တယ်။
သူဒီလိုပြောလိုက်တာနဲ့ စွမ်းရည်အသုံးပြုသူအဖွဲ့က သူတို့ရဲ့လမ်းကိုပိတ်ဆို့ပြီး "မင်းတို့ထွက်သွားလို့မရဘူး" လို့ပြောလိုက်တယ်။
မျက်ခုံးပင့်ကာ ကျင်းရွှီယန်းက ခပ်သောသောရယ်လိုက်ပြီး "ဘယ်သူကမှ ငါထွက်သွားတာကို တားဆီးနိုင်မှာမဟုတ်ဘူး။ မင်းတို့ရဲ့အသက်ကို ဂရုမစိုက်ဘူးဆိုရင်တော့ စမ်းကြည့်လို့ရတယ်" လို့ ပေါ့ပေါ့တန်တန်ပြောလိုက်တယ်။
သူ့ရဲ့ မာနထောင်လွှားလွန်းတဲ့ စကားကို ကြားတဲ့အခါမှညတော့ သူတို့က ဒေါသထွက်သွားကြတယ်။
အထူးသဖြင့် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်ဟာ ကျင်းရွှီယန်းလို အဖက်ဖက်က ပြည့်စုံလွန်းတဲ့ လူတစ်ယောက်ကို မြင်ကတည်းက စိတ်ထဲမှာ ကသိကအောက် ဖြစ်ပြီး မကျေမနပ် ဖြစ်နေခဲ့တာပါ။ ဒါကြောင့် အခုလို စိန်ခေါ်တိုက်ခိုက်ဖို့ အခွင့်အရေး ရလာတဲ့အခါမှာတော့ သူက ဘာမှ တွေဝေမနေတော့ဘဲ သူ့ရဲ့လက်ကို ချက်ချင်း မြှောက်လိုက်ပါတော့တယ်"
နောက်တစ်ခဏမှာတော့ ဖရဲသီးတစ်လုံးစာအရွယ်အစားရှိတဲ့ မီးလုံးတစ်လုံးက ကျင်းရွှီယန်ဆီကို အရှိန်ပြင်းပြင်းနှင့် ပျံသန်း တိုက်ခိုက်လာပါတယ်။ ဒါကိုမြင်တော့ ကျင်းရွှီယန်းက နှာခေါင်းတစ်ချက်ရှုံ့ကာလှောင်ပြောင်လိုက်ပြီး လက်ကို ပေါ့ပေါ့ပါးပါး မြှောက်ကာ "ဒီ အမှိုက်လိုစွမ်းရည်နဲ့ မင်းက ငါရှေ့မှာလာပြိး မာနထောင်လွှားရဲသေးတယ်" လို့ ပြောလိုက်ပါတယ်။
"ဝုန်းးး"
မီးလုံးက ကျင်းရွှီယန်းရဲ့လက်ကို ထိတာနဲ့ချက်ချင်း ဝုန်းကနဲပေါက်ကွဲသွားတယ်။ တခြားလူတစ်ယောက်သာဆိုရင် ဒီတိုက်ခိုက်မှုကြောင့် သူ့ရဲ့လက်မောင်းကို ဆုံးရှုံးသွားရလိမ့်မယ်။ ဒါပေမယ့် သူ့အတွက်ကြတော့ ဒါက ကလေးကစားစရာလေး တစ်ခုလိုပါပဲ။
သူ့ရဲ့တိုက်ခိုက်မှုက ပစ်မှတ်ကို ထိမှန်သွားတာကိုမြင်တော့ ထိုလူငယ်က မေးကိုပင့်ပြီး "မင်းရဲ့ လက်တစ်ဖက်ကို ဆုံးရှုံးပြီးသွားတဲ့အချိန်မှာ မင်းအနေနဲ့ ဘယ်လိုမျိုး လေကျယ်နိုင်အုံးမလဲ ဆိုတာကိုကြည့်ကြသေးတာပေါ့ " လို့ အော်ပြောလိုက်တယ်။
အဖွဲ့သားအားလုံးကလည်း ထိုခန့်ညားသောအမျိုးသားသည် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒုက္ခရောက်သွားလိမ့်မည်ဟု စိတ်ကူးထားခဲ့ကြသည်။ သို့သော် ဖုန်မှုန့်များနှင့် လေများ ငြိမ်သက်သွားပြီးနောက်မှာတော့ ထိုအမျိုးသားက လှပသောအမျိုးသမီးရဲ့ အဝတ်အစားများကို ဖုန်ခါပေးရင်း "အာဇီ ၊ နောက်ကြရင် အဝတ်အစားအသစ် လဲရတော့မယ် ထင်တယ်" ဟု ပြောနေသည်ကို သူတို့တွေ့လိုက်ရသည်။
"ဟင်.. ဒါ ...ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..."
ထိုသူရဲ့စကားမဆုံးခင်မှာ ကျင်းရွှီယန်းက သူ့ဘက်ကိုလှည့်ပြီး "မင်းက ငါ့ရဲ့စေ့စပ်ထားသူရဲ့ အဝတ်အစားတွေကို ညစ်ပတ်အောင်လုပ်လိုက်လို့ ငါ့က ပြန်တုံ့ပြန်တာကို အပြစ်မတင်နဲ့" လို့ ပြောလိုက်တယ်။
စကားဆုံးသည်နှင့် သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ အနက်ရောင်မီးတောက်လေးတစ်ခုက ထိုလူထံသို့ မြန်ဆန်သောအရှိန်အဟုန်ဖြစ် ပျံသန်းသွားသည်။ တစ်ဖက်လူတွေ တုံ့ပြန်နိုင်ခြင်းမပြုမီတွင်ပဲ အနက်ရောင်မီးတောက်က ထိုလူငယ်ရဲ့ ကိုယ်ပေါ်တည့်တည့်ကြီးထိမှန်သွားပြီးဖြစ်သည်။ နောက်တစ်စက္ကန့်တွင်ပဲ ထိုအနက်ရောင်မီးတောက်က ဝုန်းကနဲ ထကာလောင်ကျွမ်းလာပြီး ထိုလူကိုဝါးမြိုပစ်လိုက်သည်။
"အားးး"
ပြင်းထန်သောနာကျင်မှုကို ခံစားရတာကြောင့် အာခေါင်ခြစ်ကာ အော်ဟစ်ငြီးတွားနေရင်းနဲ့ မီးလျှံကို ငြိမ်းသတ်ရန်အတွက် မြေပြင်တွင် လူးလိမ့်လို့ ငြိမ်းသတ်နိုင်အောင် ကြိုးစားနေသည်။
ဒါကိုမြင်တော့ စွမ်းရည်အသုံးပြုသူများထဲမှ တစ်ယောက်က လက်ကို ရေကန်ဆီသို့ လျင်မြန်စွာမြှောက်တင်လိုက်သည်။ ဆယ်စက္ကန့်အကြာတွင် ရေလုံးများစွာက ထိုလူထံကိုပျံသန်းလာသည်။ ဒါကိုမြင်သောအခါတွင် ကျောင်းလီရှင်း နှင့် ချန်ကျိရိ တို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သူတို့သိသလောက်တော့ ရေအမျိုးအစား စွမ်းရည်ရှိသူတွေက ရေကို ထုတ်လုပ်နိုင်သင့်ပေမယ့် အများကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု ဒီလူကတော့ ရေကို ကိုယ်တိုင်မဖန်တီးဘဲ အချိန်နှောင့်နှေးသွားမယ့် အန္တရာယ်ကို စွန့်စားပြီး ရေကန်ထဲက ရေကိုပဲလှမ်းယူကာ အသုံးပြုခဲ့တာပါ။ ဒါက သူကိုယ်တိုင် ရေကို မထုတ်လုပ်နိုင်လို့ပဲလား..."
အခန်း -(၃၄၂)
" ရှဲ...ရှဲ ....ရှဲ"
ရေတွေ အငွေ့ပျံသွားတဲ့အသံကို ထိုနေရာတစ်ဝိုက်က လူတိုင်းကြားလိုက်ရသည်။ အဲဒီရေလုံးများက လူငယ်လေးရဲ့ကိုယ်ပေါ်ကျသွားတာနဲ့ ချက်ချင်းမှာတင် ရေနွေးငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး ကျင်းရွှီယန်းရဲ့ အနက်ရောင်မီးလျှံကို ငြိမ်းသတ်နိုင်ခြင်း မရှိပေ။
"အားးးး......ကယ်..ကယ်ကြပါဦး"
သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို မီးလျှံတွေဝါးမြိုနေတာကို ခံစားနေရတဲ့ လူငယ်လေးက မြေပြင်မှာ ဆက်တိုက်လူးလှိမ့်ပြီး အော်ဟစ်ငိုကြွေးနေခဲ့တယ်။
အားလုံးကတော့ ထိုလူငယ်ဟာ မီးလောင်ပြီး သေဆုံးတော့မယ်လို့ ထင်နေကြသောအချိန်မှာပဲ သူတိုရဲ့ခေါင်းဆောင်က အပြေးအလွှားရောက်လာပြီး "ရဲဘော် ၊ ကျေးဇူးပြု၍ ကရုဏာထားပေးပါ" ဟု တောင်းပန်တောလျှိုးလာသည်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက သူ့ရဲ့ချစ်သူကို လှမ်းကြည့်လိုက်ပြီး သူမက ခေါင်းညိတ်တာကိုမြင်တော့ သူ့လက်ကိုဝှေ့ယမ်းကာ အနက်ရောင်မီးတောက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
ဒါကိုမြင်တော့ လူတိုင်းက အံ့အားသင့်သွားကြတယ်။ သူတို့အဖွဲ့ထဲမှာလည်း မီးအမျိုးအစား စွမ်းရည်အသုံးပြုသူ အတော်များများရှိပေမယ့် ဘယ်သူကမှ သူတို့ရဲ့မီးကို ပြန်မသိမ်းနိုင်ကြပါဘူး။ ဒီလူက သူတို့ထင်ထားတာထက် အများကြီး ပိုအန္တရာယ်များတယ်။
ခေါင်းဆောင်ဖြစ်သူက ဒဏ်ရာရသွားတဲ့ သူ့လူကို သေချာစစ်ဆေးကြည့်တဲ့အခါ မီးလောင်ဒဏ်ရာက ပြင်းထန်ပေမယ့် အပေါ်ယံ အရေပြားဒဏ်ရာများသာဖြစ်ကြောင်းကို တွေ့ရှိခဲ့သည်။ သင့်လျော်သော ကုသမှုဖြင့် စနစ်တကျကုသပါက နှစ်လအတွင်းမှာ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
အရင်ကရှိခဲ့ဖူးတဲ့ ထူထဲနက်မှောင်သည့် ဆံပင်တွေကတော့ မရှိတော့ပါဘူး။ မီးလောင်မှုကြောင့် သူ့ရဲ့ဦးခေါင်းဟာ ရုပ်ဆိုးလှတဲ့ ဒဏ်ရာအမာရွတ်တွေနှင့် ဂတုံးပြောင်ကြီးဖြစ်သွားပြီး သူ့ရဲ့ခန္ဓာကိုယ်နဲ့ မျက်နှာဟာလည်း မလွတ်ခဲ့ပါဘူး။
ခဏအကြာမှာတော့ ခေါင်းဆောင်ဖြစ်သူက "သူ့ကို ဆေးရုံ ခေါ်သွားပြီး ဒဏ်ရာကို ကုသပေးလိုက်" လို့ အမိန့်ပေးတယ်။
ဒါကိုကြားတာနဲ့ ကျန်တဲ့အဖွဲ့ဝင်တွေကလည်း သူတို့ရဲ့ခေါင်းဆောင်ဖြစ်သူကို ထားရစ်ခဲ့ပြီး အဲဒီလူကိုသာ မြန်မြန်တွဲခေါ်ကာ ထွက်သွားကြသည်။
သူတို့နဲ့ မီတာအနည်းငယ်အကွာမှာ ရပ်နေတဲ့ ခေါင်းဆောင်ဖြစ်သူက "ရဲဘော်၊ မင်းတို့က လာရောက်လည်ပတ်ချင်တယ်ဆိုလို့ ငါတို့က မင်းတို့ကို အထဲဝင်ခွင့်ပေးတာလေ။ ဒီလိုပုံစံမျိုးနဲ့ ခင်ဗျားက ကျွန်တော်တို့ကို ပြန်ပေးဆပ်လား" လို့ မ ကျေမနပ် မေးလိုက်တယ်။
သူ့ရဲ့စကားတွေကြောင့် ကျင်းရွှီယန်းက ရယ်မောလိုက်ပြီး "မင်းကိုယ်မင်းပဲ အထင်ကြီးလွန်းတာလား ၊ ငါနဲ့ ငါ့အဖွဲ့ကို အထင်သေးနေတာလား ငါမသိဘူး။ မင်းကဘာလို့ ငါတို့ကို ဝင်ခွင့်ပေးတာလဲဆိုတာကို ငါတို့က မသိဘူးလို့များလို့ မင်းထင်နေတာလား" လို့ ပြန်တုံ့ပြန်လိုက်တယ်။
"မင်းက ဘာကိုဆိုလိုတာလဲ" ဟု ခေါင်းဆောင်က မသိနားမလည်သလို ဟန်ဆောင်ကာ မေးလိုက်သည်။
သူရဲ့ အပြစ်ကင်းဟန်ဆောင်တာကို မစောင့်တော့ဘဲ ကျိူးလီဇီက လက်ကိုဝှေ့ယမ်းကာ ဧရာမရေဘဝဲဆီကနေ သူမအရင်ဖြတ်ပစ်ခဲ့တဲ့ လက်တံရဲ့ အစိတ်အပိုင်းကို ထုတ်ယူလိုက်တယ်။
လက်တံကြီး ပေါ်လာတာနဲ့ လူတိုင်းက အသက်ကို ပြင်းပြင်းရှူလိုက်ကြတယ်။
လက်တံကြီးရဲ့အရွယ်အစားက အဆမတန်ကြီးမားတာကြောင့် လက်တံတွေရဲ့ တစ်ချို့နေရာတွေမှာ ဖူကွေ့ချန်ထားခဲ့တဲ့ သွားရာတွေရှိနေတယ်ဆိုတာကို သူတို့သတိမထားမိခဲ့ကြဘူး။
ခဏအကြာတွင် ကျိူးလီဇီက လက်တံကို သူမရဲ့နေရာလွတ်တွင် ပြန်သိမ်းဆည်းလိုက်သည်။ နေရာလွတ်အတွင်းမှာ လက်တံကြီး ပြန်ပေါ်လာတာနဲ့ ဖူကွေ့ရဲ့မျက်လုံးများက တောက်ပသွားပြီး တစ်စုံတစ်ယောက်က သူရဲ့အစားအစာကို ထပ်မံလုယူသွားမည်ကို စိုးရိမ်မိတာကြောင့် လက်တံကြီးကို အတင်းဆွဲကာ မြက်ခင်းပြင်ဆီသို့ ပြေးသွားလိုက်သည်။
နေရာလွတ်ရဲ့အပြင်ဘက်မှာတော့ ကျိူးလီဇီက ပြုံးပြီး "ရဲဘော်... ကျွန်မတို့က ဧရာမရေဘဝဲကြီးကို သတ်ပစ်ပြီးပါပြီ။ ဒါကြောင့် ရှင့်တို့အဖွဲ့က ဒီကိစ္စအတွက်နဲ့ နောက်ထပ်တစ်ကြိမ် စိတ်ပူစရာမလိုတော့ဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်မတို့ ကူညီပေးခဲ့တဲ့အတွက် ကျွန်မတို့ကို တိုက်ခိုက်မယ့်အစား ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား" ဟု ပြောလိုက်သည်။
ခေါင်းဆောင်ဟာ ဧရာမလက်တံကြီးကြောင့် ထိတ်လန့်သွားတယ်။ ဒီလူတွေက ဧရာမရေဘဝဲကို တစ်ကယ်သတ်ခဲ့တာလားဆိုတာကို သူသေချာမသိပေမယ့် သူတို့က အသက်ရှင်လျက်ပြန်လာပြီး လက်တံကြီးကိုပါ ပြန်ယူလာနိုင်တာက သူတို့အဖွဲ့က သူ့ရဲ့အဖွဲ့ထက် ပိုအားကောင်းတယ်ဆိုတာကို သက်သေပြနေတယ်။
သူတို့ထက် အများကြီး ပိုအားကောင်းတဲ့လူတွေကို ဆန့်ကျင်တာက ပညာရှိတဲ့ဆုံးဖြတ်ချက် မဟုတ်ဘူး။ အားသာချက်နှင့် အားနည်းချက်တွေကို စဉ်းစားပြီးတဲ့နောက်ဆုံးမှာမှ ခေါင်းဆောင်က "သူတို့ကို လွှတ်လိုက်" လို့ ပြောလိုက်တယ်။
ဒါကို ကြားတာနဲ့ သူ့ရဲ့လူတွေက ဂိတ်တံခါးကြီးကို အလောတကြီး ဖွင့်ပေးလိုက်ကြပြီး သူတို့ကို ကြောက်ရွံ့ထိတ်လန့်မှုတွေအပြည့်ရှိတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်နေခဲ့ကြတယ်။ သူတို့တွေ ဂိတ်တံခါးအပြင်ဘက်ကို လှမ်းထွက်လိုက်ပြီးတာနဲ့တစ်ပြိုင်နက်တည်းမှာ တံခါးကို ဝုန်းခနဲ ပြန်ပိတ်ပြီး အသေအချာပဲ ချက်ချင်း သော့ခတ်ပစ်လိုက်ကြတော့တယ်။
ဒါကိုမြင်တော့ ရှောင်ချီက "ကပ္ပတိန် ၊ ဘာဖြစ်တာလဲ။ သူတို့က ဘာလို့ အဲ့လောက်တောင်ကြောက်နေကြတာလဲ" လို့ မေးလိုက်တယ်။
သူ့စကားတွေကိုကြားတော့ ကျင်းရွှီယန်းက သူ့ကို တစ်ချက်လှမ်းကြည့်ပြီး "အစောကြီးရှိသေးတာဆိုတော့ ဆေးရုံကို အရင်သွားစစ်ဆေးသင့်တယ်" လို့ ပြောလိုက်တယ်။
သူ့ရဲ့စကားအတိုင်းပဲ ကျိူးလီဇီက သူမရဲ့နေရာလွတ်ကနေ သံချပ်ကာယာဉ်တွေကို ထုတ်ပေးလိုက်တယ်။ သူတို့ရဲ့ ကပ္ပတိန်က ရေကန်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို အသေးစိတ်မပြောပြချင်တဲ့အတွက် အဖွဲ့ဝင်တွေကလည်း မမေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ရေကန်ဧရိယာမှ ထွက်ခွာလာပြီးနောက်တွင် နတ်ဆိုးအဖွဲ့က ပြည်နယ်အဆင့်မြို့သို့ ဦးတည်ကာမောင်းနှင်သွားခဲ့သည်။ သူတို့ရဲ့ နောက်ထပ်ဦးတည်ရာမှာ မြို့ဆေးရုံဖြစ်သည်။ မိုဂျွန်ဂျီက ဓာတ်ခွဲခန်းကိရိယာများကို တောင်းဆိုထားသောကြောင့် ဆေးရုံနှင့် သုတေသနစင်တာ နှစ်ခုလုံးကို စစ်ဆေးရန် လိုအပ်သည်။
နာရီအတော်ကြာမောင်းနှင်လာပြီးတဲ့နောက် နေမွန်းတည့်ချိန်တွင် ပြည်နယ်မြို့သို့ သူတို့ရောက်ရှိလာခဲ့သည်။ သူ့ရဲ့စိတ် မြေပုံကို စစ်ဆေးလိုက်ပြီးတဲ့နောက်တွင် ချင်လူဇီက ဝေါ်ကီတော်ကီကို သုံးပြီး "ကပ္ပတိန် ၊ ငါးမီတာအကွာက ဓာတ်ဆီဆိုင်မှာ ဇွန်ဘီအုပ်စုတစ်စုရှိနေပြီး ပတ်ဝန်းကျင်မှာလည်း ဇွန်ဘီအချို့ လျှောက်သွားနေကြတယ်" ဟု သတင်းပို့လိုက်သည်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက "ဆေးရုံမသွားခင် ဓာတ်ဆီဆိုင်ကို အရင်သွားပြီး အနားယူကြရအောင်" လို့ ညွှန်ကြားလိုက်တယ်။
"နားလည်ပါပြီ"
သူတို့တွေ ဓာတ်ဆီဆိုင်ကိုရောက်တော့ ကားတံခါးကိုဖွင့်ပြီး လီစီခိုင်က ကားပေါ်က အရင်ဆင်းလာတယ်။ ခဏအကြာတွင် မိုးကြိုးအတားအဆီးတစ်ခု ဖန်တီးပြီး စတုရန်းမီတာ ၅၀ အတွင်းက ဇွန်ဘီတွေကို တွန်းထုတ်လိုက်တယ်။
သူက နေရာကို ရှင်းလင်းလိုက်ပြီးတဲ့နောက်မှ ကျန်တဲ့အဖွဲ့ဝင်တွေက ယာဉ်များပေါ်မှ ဆင်းလာကြပြီး ကျိူးလီဇီကတော့ သံချပ်ကာယာဉ်တွေကို သူမရဲ့နေရာလွတ်ထဲမှာ ပြန်သိမ်းဆည်းလိုက်သည်။
ပတ်ဝန်းကျင်မှာရှိ ဇွန်ဘီအရေအတွက်ကိုကြည့်၍ ကျင်းရွှီယန်းက "ပေါက်ကွဲမှုတွေမဖြစ်အောင် သတိထားပါ" လို့ သတိပေးလိုက်သည်။
သူ့စကားတွေကို ကြားတာနဲ့ အဖွဲ့ဝင်တွေက ခေါင်းညိတ်ပြီး "နားလည်ပါပြီ" လို့ တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြတယ်။
သူတို့က ဓာတ်ဆီဆိုင်မှာ ရှိနေတာကြောင့် လေသေနတ်တွေ ဒါမှမဟုတ် စွမ်းရည်တွေကို မသုံးကြပါဘူး။ အဲဒီအစား သူတို့ရဲ့ ဓားမြှောင်တွေကို ဆွဲထုတ်ပြီး ဇွန်ဘီတွေကို ဂေါ်ဖီထုပ်တွေလိုမျိုး ခုတ်ထစ်ပစ်လိုက်ကြတယ်။
သွေးမည်းတွေနှင့် ပုပ်သိုးနေသောအသားစတွေက နေရာအနှံ့မှာပြန့်ကျဲနေတာကိုမြင်သောအခါတွင် မိုဂျွန်ဂျီက လက်ကိုင်ပုဝါတစ်ထည်ကိုထုတ်ယူကာ နှာခေါင်းနှင့်ပါးစပ်ကိုအုပ်ပြီး ခပ်ပျော့ပျော့ ချောင်းတစ်ချက်ဆိုးလိုက်သည်။
ဒါကို သတိထားမိတဲ့ ကျိူးလီဇီက သူမရဲ့နေရာလွတ်ထဲကနေ ကန်ရေပုလင်းတစ်လုံးကို ထုတ်ယူကာ သူ့ကို ပေးရင်းနဲ့ "အစ်ကိုမို၊ ရေသောက်ပြီး အနားယူလိုက်ပါ။ကျန်တာတွေကို ကျွန်မတို့ပဲ ဂရုစိုက်လိုက်ပါ့မယ်" လို့ ပြောလိုက်တယ်။
မိုဂျွန်ဂျီက ရေကိုလက်ခံလိုက်ပြီး "ကျေးဇူးတင်ပါတယ် ညီမ " လို့ ပြန်ပြောလိုက်တယ်။
သူအဆင်ပြေတာ သေချာပြီးတဲ့နောက်မှ ကျိူးလီဇီက အခြားသူများနှင့်ပူးပေါင်းကာ ဇွန်ဘီများကို အားသွန်ခွန်စိုက်သတ်ဖြတ် နေလ်ိုက်သည်။ မိုဂျွန်ဂျီကတော့ နံရံကိုမှီကာ သူတို့ကို မျက်မှောင်ကြုတ်ကာကြည့်နေသည်။
စေးကပ်ကပ်သွေးတွေက သူ့အရေပြားကိုလာထိတယ်ဆိုပြီး တွေးမိရုံနဲ့တင် သူ့လက်မောင်းတွေမှာ ကြက်သီးတွေထသွားတယ်။ သူတို့ရဲ့တစ်ကိုယ်လုံးမှာ အဲဒီလိုတွေ ညစ်ပတ်ပေရေနေတာတောင် ဘာမှမဖြစ်သလိုမျိုးကို အေးအေးဆေးဆေး ဘာကြောင့်နေနိုင်ကြတာလဲဆိုတာကို သူ လုံးဝ နားမလည်နိုင်တော့ပါဘူး"
ဇွန်ဘီက ၁၀၀၀ နီးပါးရှိပေမယ့် နတ်ဆိုးအဖွဲ့သားတွေက ပိုပြီးအားကောင်းလာပြီး တိုက်ပွဲ အတွေ့အကြုံလည်း ရင့်ကျက်နေပြီဖြစ်သည်။
ဒါတင်မကသေးဘဲ သူတို့ထဲအများစုက နောက်တစ်ဆင့်ကို တက်လှမ်းတော့မယ့် အခြေအနေမှာ ရှိနေပါတယ်။ ရလဒ်အနေနဲ့ ဓာတ်ဆီဆိုင်နှင့် အနီးတဝိုက်က ဇွန်ဘီတွေအားလုံးကို ရှင်းလင်းဖို့အတွက် အချိန် တစ်နာရီပဲ ကြာခဲ့တယ်။