အခန်း (၂၀၁-၂၀၂)
Vol. 21 Ch. 201-202
အခန်း (၂၀၁) - အဆက်အသွယ်ဖြတ်တောက်ခြင်း
လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ခန့်က ဖြစ်သည်။
အမည်မသိအခြေစိုက်စခန်းမှ ပြန်လာစဉ် အန်နီ၏စိတ်ထဲ၌ အတွေးပေါင်းစုံဖြစ်နေသည်။ အိမ်ရှေ့သို့ ရောက်ရှိလာချိန်တွင် အေးစက်သော ခံစားချက်တစ်ခုက သူမ၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။
အန်နီ၏ အကြည့်တို့က ဆိုဖာပေါ်တွင်ထိုင်ရင်း လက်သည်းတိုက်နေသည့် သက်ကြီးပိုင်းအမျိုးသမီးထံသို့ ရောက်ရှိသွားသည်။ ထိုအမျိုးသမီးသည် နောင်တစ်ချိန်တွင် သူမ၏သမီးဖြစ်သူကို ဗီဒီယို မှတ်တမ်းများဖြင့် ခြိမ်းခြောက်နိုင်လောက်သည်အထိ သွေးအေးရက်စက်မည့်သူပင် ဖြစ်သည်။
စိတ်မကောင်းစရာက အန်နီသည် အိုင်ဗီ၏စကားများကို တစ်ခွန်းမှ မသံသယဖြစ်ခဲ့ခြင်းပင်။ ရာဇဝတ်ကောင်တစ်ဦးသည် ပြစ်မှုပေါင်းများစွာ ကျူးလွန်လာသောအခါ ထိုသူ၏ အနာဂတ်ကို ခန့်မှန်းရသည်မှာ မခက်ခဲတော့ပေ။
"အလို အန်နီ ပြန်လာပြီလား အင်တာဗျူးက ဘယ်လိုလဲ အရွေးခံရလား ဒါနဲ့ နင် ထမင်းဟင်းချက်ပေးလို့ရမလား ငါ့ခါးတွေ နာနေလို့"
မိခင်ဖြစ်သူ၏ ဟန်ဆောင်ကောင်းလှသော စကားများကို နားထောင်ရင်း အန်နီ၏ရင်ထဲ၌ ခါးသီးမှုများ ပြည့်လျှံလာသည်။
’ဒီလို နှလုံးသားမရှိတဲ့ မိန်းမမျိုး...’
"ပြီးတော့ နင့်မောင်လေးရဲ့ ဆေးဖိုးဝါးခအတွက် ငါတို့ အသုံးစရိတ် ချွေတာဖို့ လိုမယ်နော်"
စိတ်ပျက်လက်ပျက်ဖြစ်သွားရသည့် အန်နီ၏အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။
"ဘာ ပြောလိုက်တာလဲ ကျွန်မ မှတ်မိသလောက်ဆိုရင် သူ့ရဲ့ဆေးဖိုးတွေအတွက် လုံလောက်တာထက်တောင် ပိုပြီး ပေးထားခဲ့ပြီးပြီလေ ဘာလို့ အသုံးစရိတ် ချွေတာရဦးမှာလဲ"
"အဲဒါတွေကို စိန်ဝယ်ဖို့ သုံးပစ်လိုက်လို့လေ ကမ္ဘာပျက်ကပ် မတိုင်ခင်ကတည်းက ငါမျက်စိကျနေတဲ့ ပန်းရောင်စိန်ကို သိတယ်မလား ဈေးဆစ်လိုက်တာ ဆန် ဆယ်ပိဿာတည်းနဲ့ ရခဲ့တာဟဲ့"
မိခင်ဖြစ်သူ၏ မျက်ဝန်းများတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသော်လည်း အန်နီ ခံစားလိုက်ရသည်မှာ ပြင်းထန်သော သစ္စာဖောက်ခံရမှုသာ ဖြစ်သည်။
နေဝင်ကတည်းက နေထွက်သည်အထိ သူမသည် ကျွဲနွားတစ်ကောင်လို ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသည်။ မနက်ဖြန်အထိ အသက်ရှင်ခွင့်ရပါ့မလား မသေချာသည့် အခြေအနေများကြားတွင် အသက်ကို ရင်းခဲ့ရခြင်း ဖြစ်သည်။ သူမ၏ ပင်ပန်းဆင်းရဲမှုများကို မိခင်ဖြစ်သူက ကျောက်ခဲတစ်လုံးအတွက်နှင့် လဲလှယ်ပစ်ခဲ့သည့်အပြင် မောင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေကိုလည်း လျစ်လျူရှုထားခဲ့သည်။
"အမေ... အမေ တကယ်ပဲ မောင်လေးကို ကျောက်ကပ်လှူခဲ့တာရော ဟုတ်ရဲ့လား"
သံသယစိတ်များက အန်နီ၏ရင်ထဲတွင် တိုးဝင်လာသည်။ အမေဖြစ်သူကဲ့သို့ အတ္တကြီးပြီး လောဘရမ္မက် ထူပြောသော မိန်းမတစ်ယောက်သည် ကြင်နာတတ်သည့် မိခင်ကောင်းတစ်ဦးကဲ့သို့ ဘယ်သောအခါမှ ပြုမူနိုင်မည်မဟုတ်ပေ။
"အန်နီ နင် လွန်မလာနဲ့ အဲဒီတုန်းက ငါပေးဆပ်ခဲ့တာတွေကို နင်က ဘယ်လိုလုပ်ပြီး အသိအမှတ်မပြုဘဲ နေနိုင်ရတာလဲ ငရဲကြီးလိုက်တာအေ ငါ ဒီလောက် ပေးဆပ်ခဲ့တာကို နောက်ဆုံးမှာ သံသယတွေပဲ ပြန်ရတယ်ပေါ့ အီးဟီး... အီးဟီး..."
အန်နီ၏အမေသည် ကျယ်လောင်စွာ အော်ဟစ်ငိုယိုတော့သဖြင့် လမ်းသွားလမ်းလာများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ အချို့ကလည်း သနားစရာကောင်းသည်ဟု ဆိုကာ သက်ပြင်းချကြသည်။
"ဟေး... ငါ ဒီမိန်းမကြီးကို သိတယ် သူက ကလေးတွေကို တစ်ကိုယ်တည်း ကျွေးမွေးပြုစုလာတာ အခု သူ အိုမင်းလာတော့မှ ကလေးတွေက ရန်သူလို သဘောထားနေကြတာပဲ ဘဝက ခက်ခဲလိုက်တာ"
"အန်နီက တကယ်ပဲ... ဒီမိန်းကလေးက ရိုးသားပြီး လေးစားစရာကောင်းတယ်လို့ ငါထင်ထားတာ အခုတော့ ငါ့အမြင်တွေ မှားနေပြီထင်တယ်"
"တောက်စ်… ငါတောင် အလိမ်ခံလိုက်ရတာပဲ ဟေ့ အန်နီ... တာဝန်သိတတ်တဲ့သူတစ်ယောက် ဖြစ်စမ်းပါ"
အဆိုပါ လမ်းသွားလမ်းလာများသည် အစပိုင်းတွင် အန်နီ၏အိမ်ရှေ့တွင် ရှိနေကြခြင်း မဟုတ်ပေ။ အငြင်းပွားသံများကို ကြားရ၍ ရောက်လာကြခြင်းဖြစ်ပြီး အခန်းတံခါးမှာ ပွင့်နေသဖြင့် စကားဝိုင်းတစ်ခုလုံးကို နားစွင့်နေကြခြင်း ဖြစ်သည်။
အခြေအနေမဲ့နေသည့် ကာလတွင် အလုပ်အကိုင်နှင့် ဖျော်ဖြေရေး မရှိကြသောကြောင့် အတင်းအဖျင်းသတင်းများနောက်သို့ ခွေးဟောင်သကဲ့သို့ လိုက်နေကြသူများသာ ဖြစ်သည်။
အန်နီက အေးစက်စွာ ရယ်မောလိုက်ပြီး သူတို့၏မျက်နှာများကို စူးရှစွာ ကြည့်လိုက်သည်။
"ဪ... ဒါဆိုရင် ရှင်တို့အားလုံးပဲ တာဝန်ယူပေးလိုက်ကြပါလား စေတနာ သဒ္ဒါတရား တအားထက်သန်နေကြတယ်ဆိုရင် ကျွန်မအမေကို ရှင်တို့အိမ်မှာ ခေါ်ထားလိုက်ကြလေ ကျွန်မ ရှင်တို့အိမ်ရှေ့မှာ နှစ်ရက်တိတိ ဒူးထောက်ပေးမယ်"
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ မည်သူမျှ မလှုပ်ရဲကြတော့ဘဲ သူတို့၏ခြေထောက်များမှာ မြေကြီးတွင် မြုပ်နေသကဲ့သို့ ဖြစ်သွားကြသည်။
"ဘာလဲ...ပြောစရာ စကားတွေ ပျောက်ကုန်ကြပြီလား"
အန်နီက နှာခေါင်းရှုံ့ရင်း လှောင်ပြောင်လိုက်သည်။
"ဟန်ပြတွေ အတင်းပြောဖို့ပဲ သိကြတာ ကမ္ဘာပျက်ကပ်ကြီးကတောင် ရှင်တို့ရဲ့ အတင်းအဖျင်းဝါသနာကို မသတ်နိုင်ဘူးလား တခြားသူကို လူမှုကျင့်ဝတ်တွေနဲ့ ဖိအားပေးဖို့ ခွန်အားတွေ ရှိနေရင် အဲဒီခွန်အားတွေကို ဇမ်ဘီတွေဆီမှာ သွားသုံးလိုက်ကြပါလား လူတွေကို မစားဖို့ ရောဂါမကူးစက်စေဖို့ အဲဒီဇမ်ဘီတွေကို နားချနိုင်ရင် နားချကြည့်လိုက်ကြလေ"
လူအများမှာ "ရက်စက်လိုက်တာ" ဟုသာ စိတ်ထဲမှ ဆိုနိုင်ကြတော့သည်။
အန်နီ၏ တုန့်ပြန်မှုက ပြင်းထန်လွန်းလှသဖြင့် တစ်ယောက်ပြီးတစ်ယောက် လူစုခွဲသွားကြတော့သည်။
လူအုပ်ကြီး ထွက်ခွာသွားသည်ကို မြင်သောအခါ အန်နီ၏အမေမှာ ငိုယိုနေသည်ကို ချက်ချင်းရပ်လိုက်ပြီး ဆိုဖာပေါ်တွင် မှီထိုင်လိုက်သည်။ ဝမ်းနည်းနေရာမှ တည်ငြိမ်သွားသည့် အပြောင်းအလဲမှာ မြန်ဆန်လွန်းလှသဖြင့် အန်နီပင် ချီးကျူးမိမတတ် ဖြစ်သွားရသည်။
"ကျွန်မ မောင်လေးအတွက် ကုသပေးမယ့်သူ ငှားဖို့ အကြွေးယူတော့မယ်" ဟု အန်နီက ပြတ်သားတည်ငြိမ်စွာ ပြောလိုက်သည်။
"ဘယ်လောက်လဲ" ဟု အမေဖြစ်သူက ဂရုမစိုက်ဟန်ဖြင့် မေးသည်။ အကြွေးအတွက် သူမတွင် တာဝန်မရှိဟု ယုံကြည်ထားပုံရသည်။
"တစ်လကို ဆန် ပိဿာ တစ်ရာ့နှစ်ဆယ်လောက် ကျမယ် ကျွန်မရဲ့ အခုလစာနဲ့ဆိုရင် ကာမိနိုင်ပေမဲ့ တစ်လကို ဆန် ပိဿာ ခြောက်ဆယ်လောက်တော့ အကြွေးယူရလိမ့်မယ် မောင်လေး ကျန်းမာလာဖို့က အဓိကပဲ"
အန်နီ၏အမေမှာ နားထဲတွင် အသံများ မြည်ဟည်းသွားပြီးနောက် အော်ဟစ်တော့သည်။
"ဘယ်လို ဆန် ပိဿာ တစ်ရာ့နှစ်ဆယ်တောင်လား ဈေးကြီးလိုက်တာ ပြီးတော့ နင်က တစ်လကို ဆန် ပိဿာ ခြောက်ဆယ် အကြွေးယူမယ် ဟုတ်လား ဒါဆို ငါ့ကို ဘာပေးမှာလဲ ငါ့စားဝတ်နေရေးကရော"
"အမေက ကျွန်မနဲ့အတူ နေမှာပဲလေ ထမင်းဟင်းတွေကို ကျွန်မကိုယ်တိုင် ချက်ကျွေးမယ် အစပိုင်းမှာတော့ ခက်ခဲနိုင်ပေမဲ့ နောက်တော့ ကျင့်သားရသွားမှာပါ တကယ်လို့ ကျွန်မ အကြွေးမဆပ်နိုင်ရင်တောင် အမေက ကူညီပေးနိုင်တာပဲ"
အန်နီ၏ စကားများက အမေဖြစ်သူကို စိတ်မလှုပ်ရှားစေနိုင်သည့်အပြင် ရန်သူတစ်ယောက်ကို ကြည့်သကဲ့သို့ စိုက်ကြည့်လာစေသည်။
"နင်... နင် ငါ့ကို ဒေါသထွက်အောင် တမင်လုပ်နေတာမလား"
"မဟုတ်ပါဘူး အမေရယ်" အန်နီက ခေါင်းခါရင်း မျက်ဝန်းများတွင် ရှားရှားပါးပါး ကြင်နာမှုအချို့ကို ဖော်ပြလိုက်သည်။
"ကျွန်မ ဘာလို့ လိမ်ရမှာလဲ နောက်ငါးနှစ်နေလို့ မောင်လေး နေကောင်းသွားပြီဆိုရင် ကျွန်မတို့ နောက်ထပ် ငါးနှစ်လောက် ကြိုးစားပြီး အလုပ်လုပ်ကြမယ် အဲဒီအခါ အကြွေးတွေ အားလုံး ကျေသွားမှာပါ ဆယ်နှစ်လောက်ပဲ ရုန်းကန်ရမှာပါ"
"ငါ အဲဒီလို မနေချင်ဘူး" မိခင်ဖြစ်သူ၏ မျက်ဝန်းထဲတွင် ဒေါသများ အထင်အသား ပေါ်လာသည်။
"ငါ့အမြင်မှာတော့ နင့်မောင်လေးက နေကောင်းနေတာပဲ ကုသပေးမယ့်သူ ငှားဖို့ မလိုပါဘူး..."
"အမေ" အန်နီက မကျေမနပ် ကြည့်လိုက်သည်။
"အဲဒီလို စကားမျိုး မပြောသင့်ဘူး ကျွန်မ ပြောသလိုပဲ လုပ်ပါ ကျွန်မတို့ကြားက သွေးသားတော်စပ်မှုကို ဖြတ်တောက်လို့ ရတာမှ မဟုတ်တာ"
အန်နီ၏အမေမှာ မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးသွားတော့သည်။
သူမက အနစ်နာခံရမယ်တဲ့လား အိပ်မက်တောင် မမက်လေနဲ့ သို့သော် အန်နီ၏ နောက်ဆုံးစကားက သူမ၏ ဦးနှောက်ကို တစ်ခုခု သတိရသွားစေကာ ပါးစပ်မှ အလျင်အမြန် ထွက်ပေါ်လာတော့သည်။
"ဒါဆိုရင်လည်း အဆက်အသွယ် ဖြတ်ကြတာပေါ့"
အခန်း (၂၀၂) - ဖီးလစ်၏ စွမ်းအား
ရင်ထဲတွင် လှိုက်တက်လာသည့် ဝမ်းသာအားရ အော်ဟစ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း အန်နီက မျက်မှောင်ကြုတ်လိုက်သည်။
"အမေ... ဘာတွေ ပြောနေတာလဲ ကျွန်မတို့ကို ပစ်သွားလို့ မရဘူးလေ မောင်လေးရော ဘယ်လိုလုပ်မလဲ သူက အမေရဲ့ သွေးကို လိုအပ်နေသေးတာလေ"
ထိုစကားများ ပါးစပ်မှ ထွက်သွားသည့်အခိုက်တွင် အန်နီ၏အမေမှာ နောင်တရသွားသယောင် ရှိသော်လည်း အန်နီ၏ စိုးရိမ်တကြီး ကြည့်နေသည့် အကြည့်နှင့် တုန်လှုပ်ချောက်ချားနေမှုကို မြင်လိုက်ရသောအခါ သူမ၏ ရင်ခုန်သံမှာ မြန်လာတော့သည်။
’ငါ ဆုံးဖြတ်ချက် မှန်သွားပြီ ဒီလို အကြွေးနွံနစ်မယ့်သူနဲ့ အတူမနေနိုင်ဘူး’
ရုတ်တရက် အတွေးတစ်ခု ဝင်လာသဖြင့် သူမ တောင့်ခဲသွားသည်။ သူမ၏ မျက်ဝန်းများကို မှေးစင်းကာ အန်နီ၏ လှုပ်ရှားမှုတိုင်းကို စေ့စေ့စပ်စပ် အကဲခတ်ပြီးမှ ထပ်မံ ပြောကြားလိုက်သည်။
"ကောင်းပြီလေ နင်က ငါ့ကို ဒီလောက်တောင် ရှိစေချင်နေမှတော့ ငါ မသွားတော့ပါဘူး"
မိခင်ဖြစ်သူ၏ တည်ငြိမ်လှသော အသံကြောင့် အန်နီ၏ ကိုယ်ခန္ဓာမှာ အေးခဲသွားရသည်။ ဘာကြောင့်များ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ အမေက တစ်ခုခုကို ရိပ်မိသွားတာလား။
သို့သော် အန်နီသည် အိုင်ဗီ၏ အကြံပေးချက်ကို ပြန်လည်အမှတ်ရလိုက်ပြီး ရင်ထဲတွင် လှိုက်တက်လာသော စိုးရိမ်စိတ်ကို ထိန်းချုပ်လိုက်သည်။
’ငါ သရုပ်ဆောင်တာ လွန်သွားလို့ ရိပ်မိသွားတာ ဖြစ်ရမယ်...’
သူမ၏ မိခင်သည် အကဲခတ် အလွန်တော်သူ ဖြစ်သည်။ ထိုသို့ အကဲခတ်မတော်လျှင် အန်နီနှင့် မောင်ဖြစ်သူကို ကိုယ်ဝန်ရအောင် လုပ်နိုင်မည်မဟုတ်သလို တာဝန်မယူသည့် ဖခင်ဖြစ်သူထံမှလည်း ကလေးစရိတ် ရအောင် တောင်းနိုင်မည် မဟုတ်ပေ။
ဘယ်အချက်က မိခင်ဖြစ်သူ၏ အာရုံကို ဆွဲဆောင်သွားသလဲဟု အန်နီ စဉ်းစားလိုက်မိချိန်တွင် နှလုံးခုန်သံများ မြန်လာပြန်သည်။ သူမ ခံစားချက်များကို အပြင်သို့ အလွန်အကျွံ ထုတ်ပြမိသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ပုံမှန်အားဖြင့် သူမသည် မိခင်ဖြစ်သူအပေါ် စိတ်ပျက်မှုနှင့် ဒေါသကိုသာ ပြသလေ့ရှိသည်။ စိုးရိမ်ပူပန်မှုများ ရှိခဲ့ဖူးသော်လည်း ဘယ်သောအခါမှ အပြင်သို့ ထုတ်မပြခဲ့ပေ။ သို့သော် ယနေ့တွင်မူ...
’ငါ ဆုံးဖြတ်ချက် မှားသွားပြီ’
အတွေးတွေချာချာလည်နေသော်လည်း အန်နီ၏ မျက်နှာတွင်တော့ ဘာမှ အရိပ်အယောင် မပေါ်ပေ။ ထို့ပြင် သူမသည် ချက်ချင်းပင် ဖြေရှင်းချက်တစ်ခုကို ထုတ်လိုက်သည်။
"ကောင်းပြီလေ" သူမ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း မျက်ဝန်းများတွင်တော့ ဝမ်းသာရိပ်များ ယှက်သန်းနေသည်။
မိခင်ဖြစ်သူ၏ သံသယအကြည့်များအောက်တွင် အန်နီက ဆိုဖာဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။ ဆိုဖာမှ ထွက်ပေါ်လာသော အသံက ပတ်ဝန်းကျင်၏ တင်းမာမှုကို ဖြိုခွဲလိုက်သကဲ့သို့ ရှိသည်။
အန်နီသည် ပုခုံးများ ဖြေလျော့ကာ ပူထူနေသော သူမ၏ မျက်နှာကို အေးစက်နေသော လက်ဖဝါးများဖြင့် အုပ်လိုက်သည်။ အပူနှင့် အအေး ဓာတ်ပြုမှုကြောင့် သူမ၏ ရှုပ်ထွေးနေသော အတွေးများမှာ ပြန်လည် ကြည်လင်လာတော့သည်။
"အမေ... အမေ ကျွန်မတို့ကို ပစ်သွားမှာကို ကျွန်မ အရမ်းကြောက်နေတာ ကျွန်မ ဘယ်တုန်းကမှ ထုတ်မပြခဲ့ပေမဲ့... ကျွန်မလည်း အားငယ်တတ်တာပဲ ဒီနေ့ ကျွန်မ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ် ကျွန်မရဲ့ နှလုံးခုန်သံတွေ ခဏလောက် ရပ်သွားသလိုတောင် ခံစားခဲ့ရတာ အဲဒီအချိန်မှာ ကျွန်မ နောင်တရမိတယ်... ကိုယ့်ခံစားချက်ကို တစ်ခါမှ ထုတ်မပြောခဲ့မိတာရယ် မောင်လေးရဲ့ ကျန်းမာရေးအတွက် မြန်မြန်ဆန်ဆန် မစီစဉ်ပေးနိုင်ခဲ့တာရယ်ကိုပေါ့ တကယ်လို့ ကျွန်မသာ သေသွားရင် မောင်လေးကို ဘယ်သူက ကြည့်ရှုစောင့်ရှောက်မလဲ ဒါကြောင့် ကျွန်မ ဒီလို ဆုံးဖြတ်ချက်ချလိုက်တာပါ ကျွန်မတို့ကို ပစ်မသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် အမေ အခုမှပဲ ပုခုံးပေါ်က ဝန်ထုပ်ကြီး တစ်ခုလုံး ကျသွားသလို ခံစားရတော့တယ်"
အနုစိတ် ဖန်တီးထားသော မုသားစကား။ သူမ၏ ခံစားချက် ပေါက်ကွဲမှုအတွက် အကြောင်းပြချက်နှင့် အနာဂတ်အတွက် လမ်းခင်းမှုပင် ဖြစ်သည်။
တကယ်လို့ မိခင်ဖြစ်သူက သူမကို စမ်းသပ်နေတာဆိုရင်တော့...
"ငါ... ငါ့ကို အချိန်နည်းနည်းလောက် ပေးပါဦး" မိခင်ဖြစ်သူ၏ တုံ့ဆိုင်းနေသော အသံကြောင့် အန်နီ၏ ရင်ထဲတွင် မျှော်လင့်ချက်မီးစလေး ပြန်လည် တောက်ပလာသည်။ သို့သော် အန်နီသည် ခေါင်းမော့မကြည့်ဘဲ ခံစားချက်အပိုများကို ထိန်းချုပ်ထားကာ စိတ်ပျက်လက်ပျက် သက်ပြင်းတစ်ချက် ချလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
ထိုအပြုအမူမှာ အရင်က အန်နီ ပြုမူနေကျအတိုင်းပင် ဖြစ်သည်။
အန်နီ၏ မိခင်သည် အန်နီ၏ ကျောပြင်ကို ရှုပ်ထွေးသော အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။ ရှက်စိတ်အချို့ ရင်ထဲတွင် တိုးဝင်လာသဖြင့် သူမ ခေါင်းငုံ့လိုက်ချိန်တွင်တော့ မျက်ဝန်းများထဲ၌ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့သည်။
.........
အန်နီသည် အခန်းတံခါးကို အားဖြင့် ပိတ်လိုက်သဖြင့် ကျဉ်းမြောင်းသော အခန်းလေးထဲတွင် တံခါးပိတ်သံမှာ ဟိန်းထွက်သွားသည်။ သံချေးနံ့ သင်းသင်းလေးက နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူမ၏ ရင်ထဲမှ မငြိမ်မသက်ဖြစ်မှုများမှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။
’အမေ... ကျွန်မကို ကူညီပေးပါ... ဒီတစ်ခါတော့ အမေ့ရဲ့ လောဘစကားတွေကိုပဲ နားထောင်လိုက်ပါတော့’
..........
"ကလေးတို့... ကလေးတို့... ထကြပါဦး ဘာလို့ ဘာမှ မပြောကြတာလဲ တို့တွေ ဦးလေးအိမ်ကို ရောက်တော့မယ်လေ" အယ်လင်နာသည် သေလုမတတ် ဖြူဖျော့နေသော သူမ၏ အမြွှာကလေးနှစ်ယောက်၏ ပါးကို ပုတ်ရင်း စိုးရိမ်တကြီး ခေါ်နေမိသည်။
ရင်းနှီးနေသော ကားလေး... ရင်းနှီးနေသော မြင်ကွင်း။ သူမနှင့် ဖီးလစ်တို့ ဂျိုးဇက်ထံသို့ ရောက်ရန် ကြိုးစားနေသည့် အချိန်ကို အိပ်မက်မက်နေခြင်း ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။ သို့သော် အခြေအနေက ဤသို့ ဖြစ်မလာသင့်ပေ။
သူမ၏ ကလေးများထံမှ ထွက်ပေါ်လာသော အအေးဓာတ်ကို ခံစားလိုက်ရသောအခါ သူမ၏ ရင်ထဲတွင် နိမိတ်မကောင်းသော ခံစားချက်တစ်ခု ဝင်လာသည်။
သူတို့ သေသွားပြီလား ဘယ်လိုဖြစ်လို့လဲ။
"ဖီးလစ် ဘယ်လောက်ကြာဦးမှာလဲ" အယ်လင်နာသည် စကားပြောနေမိသော်လည်း ကလေးများကို ဆုံးရှုံးရတော့မည်ဆိုသည့် ကြောက်စိတ်မှာ ယခင်ကနှင့်မတူဘဲ အသစ်အဆန်း ဖြစ်နေသည်။
မဟုတ်ဘူး... သူတို့ အသက်ရှင်နေရမှာလေ။
"နောက် နှစ်နာရီလောက်ပဲ..." ဖီးလစ်၏ စိုးရိမ်တကြီး တုန့်ပြန်သံက သူမ၏ မငြိမ်မသက်မှုကို အနည်းငယ် သက်သာစေသည်။
"သူတို့ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး"
ရုတ်တရက် အယ်လင်နာက ကလေးများ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ရာ ထိတ်လန့်ဖွယ်ရာ ခံစားချက်တစ်ခု ဝင်ရောက်လာသည်။ သူမ၏ တစ်ကိုယ်လုံးတွင် ချွေးစေးများ ထွက်လာပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"သူတို့... သူတို့ အသက်မရှူတော့ဘူး..."
"ဘာ မဟုတ်ဘူး... မဟုတ်ဘူး... ငါ့ကလေးလေးတွေ" ဖီးလစ်၏ နာကျင်လှသော အော်ဟစ်သံကြောင့် အယ်လင်နာ တစ်ယောက် မှင်တက်သွားရသည်။
သူတို့ သေသွားပြီလား ဒါပေမဲ့... သူတို့ကို တစ်ယောက်ယောက်က ကယ်တင်ပေးရမှာလေ... ဘယ်သူလဲ
ပန်းရောင်ဆံနွယ်များ ဖားလျားချထားသည့် လှပသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်က သူမ၏ အမြင်အာရုံတွင် ပြည့်နှက်လာသည်။
နောက်မြင်ကွင်းတစ်ခုသို့ ကူးပြောင်းသွားချိန်တွင်တော့ အယ်လင်နာသည် ရုပ်ရှင်တစ်ကားကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ အတိအကျ ပြောရလျှင် ၎င်းမှာ သူမ၏ ဘဝပင် ဖြစ်သည်။ သို့သော် ကွဲပြားခြားနားသော ဘဝတစ်ခု ဖြစ်သည်။
ကလေးများကို ဆုံးရှုံးလိုက်ရသည့် အယ်လင်နာသည် စိတ်ထိခိုက် ပျက်စီးသွားပြီး ရှားပါးလှသော အဆင့်မြင့် ကုသခြင်းစွမ်းအားကို ရရှိခဲ့သည်။ ကလေးနှစ်ယောက် သေဆုံးပြီးနောက် သူမ မည်သည့်ကလေးကိုမျှ ထပ်မံ မရရှိခဲ့ပေ။
သူမ၏ ခင်ပွန်းဖြစ်သူက စိတ်ဓာတ်ကျနေသော သူမကို ကူညီရန် ကြိုးစားသော်လည်း သူကိုယ်တိုင်လည်း ထူးမခြားနားပင် ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် ချမ်းသာကြွယ်ဝသော ဘဝဖြင့် နေထိုင်ခဲ့ကြသည်။
ကျော်ကြားမှု၊ ငွေကြေးနှင့် စားစရာများကို အလျှံပယ် ရရှိခဲ့ကြသည်။ သူမ၏ စွမ်းအားမှာ လူသားမျိုးနွယ်အတွက် ကောင်းချီးတစ်ခု ဖြစ်ခဲ့သော်လည်း သူမအတွက်မူ ကျိန်စာတစ်ခုကဲ့သို့သာ ခံစားခဲ့ရသည်။
စွမ်းအားကို အသုံးပြုသည့် အကြိမ်တိုင်းတွင် သူမ၏ ကလေးများ မည်သို့ သေဆုံးသွားခဲ့သည်ကို ပြန်လည် အမှတ်ရနေမိသည်။ တဖြည်းဖြည်းနှင့် သူမ၏ ရင်ထဲမှ ဟာလာဟင်းလင်း ဖြစ်မှုများက သူမကို ဝါးမျိုသွားပြီး အသက်ရှင်လိုစိတ်များ ပျောက်ဆုံးသွားခဲ့သည်။
သူမ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီးနောက်တွင်တော့ သူမ၏ ခင်ပွန်းမှာ စိတ်ဝေဒနာရှင်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
သံဝေဂရစရာကောင်းလှသော ဘဝပင်။ ကုသခြင်းစွမ်းအားရှင်တစ်ဦးဖြစ်သော်လည်း စွမ်းအားကို နောက်ကျမှ ရရှိခဲ့သဖြင့် ကလေးများကို မကယ်တင်နိုင်ခဲ့သလို စွမ်းအားရရှိပြီးနောက်တွင်လည်း ခင်ပွန်းဖြစ်သူကို ရောဂါဝေဒနာဖြင့် သေဆုံးသွားခြင်းမှ မကာကွယ်နိုင်ခဲ့ပေ။
နောက်ဆုံးမြင်ကွင်းတွင် သူမ၏ ခင်ပွန်းသည် ဇမ်ဘီအုပ်ကြီးထဲသို့ တိုးဝင်သွားသည်ကို မြင်လိုက်ရသည်။
"မဟုတ်ဘူး" အယ်လင်နာသည် ကုတင်ပေါ်မှ လန့်နိုးလာသည်။ နဖူးတွင် ချွေးများ စိုရွှဲနေပြီး ခြေဖျားလက်ဖျားများမှာလည်း အေးစက်နေတော့သည်။
တစ်ချိန်တည်းမှာပင် သူမ၏ ခင်ပွန်းဖြစ်သူလည်း လန့်နိုးလာသည်။
ခဏအကြာတွင် သူသည် အယ်လင်နာကို ဖက်ထားရင်း တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။
"မင်းလည်း... အဲဒါကို မြင်လိုက်တာလား"
အယ်လင်နာ၏ ရင်ခုန်သံမှာ ရပ်တန့်မတတ် ဖြစ်သွားရသည်။ အိပ်မက်တစ်ခုတည်းကို အတူတူ မက်ခဲ့ကြခြင်းပင်။
ဤနေရာတွင် အယ်လင်နာ၏ စိတ်ထဲ၌ သံသယတစ်ခု ဝင်လာသည်။
"အဲဒါ ရှင်ရဲ့ စွမ်းအားလား ဖီးလစ်"
ဖီးလစ်သည် ကိုယ်ဟန် တောင့်တင်းသွားပြီး သူ၏ မျက်နှာမှာ မယုံကြည်နိုင်မှုများအဖြစ်သို့ ပြောင်းလဲသွားသည်။
"မင်း ဆိုလိုတာက... ငါ့မှာ တခြားကမ္ဘာတစ်ခုကို မြင်နိုင်တဲ့ စွမ်းအားရှိတယ်လို့ ပြောတာလား"
"မဟုတ်ဘူး" အယ်လင်နာက ခေါင်းခါလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် သေချာမှုအချို့ ရှိနေသည်။
"အဲဒီအိပ်မက်က တခြားကမ္ဘာတစ်ခု မဟုတ်ဘူး... အဲဒါ တို့တွေရဲ့ အရင်ဘဝပဲ"
"ဒါဆို... ငါ့မှာ အရင်ဘဝတွေကို မြင်နိုင်တဲ့ စွမ်းအား ရှိနေတာပေါ့"