← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇) - ဆင့်ကဲပြောင်းလဲခြင်း အလင်းတန်း

ဆိုင်းလပ်စ်က စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက်ပြီး ခေါင်းညိတ်ပြသည်။ "ဒါဆိုရင်တော့ ခင်ဗျားတို့အနေနဲ့ ကျွန်တော် ရှိနေတာကို ကန့်ကွက်မှာ မဟုတ်ပါဘူး"

အယ်လင်နာနှင့် ဖီးလစ်တို့သည် ဆိုင်းလပ်စ်၏ အကာအကွယ်ပေးလိုစိတ်ကြောင့် အံ့အားသင့်သွားကြသည်။ ဆိုင်းလပ်စ်၏ စကားမှာ ပေါ့ပေါ့ပါးပါး မှတ်ချက်တစ်ခုကဲ့သို့ ထင်ရသော်လည်း ထိုစကားနောက်ကွယ်မှ ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို သူတို့နှစ်ဦးစလုံး နားလည်လိုက်ကြသည်။

အိုင်ဗီက မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့ကို ပြန်လည်ငြင်းခုံခြင်း မပြုခဲ့ပေ။ သူတို့အနေဖြင့် လိုအပ်သည်များကို သီးသန့် ဆွေးနွေးရဦးမည် မဟုတ်ပါလား။

"ဒါပေါ့... မကန့်ကွက်ပါဘူး" အယ်လင်နာက သဘာဝကျကျ ပြုံးပြလိုက်သည်။ သူမ၏ အရှိန်အဝါမှာ နူးညံ့လှပြီး တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် အိုင်ဗီအနေဖြင့် သူမ၏ထံမှ တည်ငြိမ်မှုတစ်မျိုးကို ခံစားနေရသည်။ ၎င်းမှာ ဘဝတွင် အရာအားလုံးကို အောင်မြင်ပြီးမြောက်ပြီးမှ ရရှိလာတတ်သော တည်ငြိမ်မှုမျိုး ဖြစ်သည်။

၎င်းမှာ အရင်ဘဝက အယ်လင်နာနှင့်ပင် ဆင်တူနေသကဲ့သို့ ရှိသည်။ ကွဲပြားသည်မှာ... အရင်ဘဝက အယ်လင်နာသည် စိတ်ပျက်အားငယ်မှုများ လွှမ်းမိုးနေသော်လည်း ယခု အယ်လင်နာမှာမူ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခြင်းပင် ဖြစ်သည်။

ဖီးလစ်က အယ်လင်နာအတွက် ထိုင်ခုံကို ဆွဲပေးလိုက်ရာ ထိုင်ခုံနှင့် ကြမ်းပြင်ပွတ်တိုက်သံကြောင့် အိုင်ဗီ၏ ငေးမောနေမှုမှာ ပြတ်တောက်သွားတော့သည်။

အယ်လင်နာနှင့် ဖီးလစ်တို့ ထိုင်လိုက်သည်နှင့် အိုင်ဗီက သူတို့ကို ရေတစ်ဖန်ခွက်စီ တိုက်သော်လည်း အယ်လင်နာက ခေါင်းခါပြလိုက်သည်။

"မလိုပါဘူး တို့တွေ ဒီကိုလာတာက ဒီစခန်းထဲဝင်ပြီး အကျိုးပြုချင်လို့ပါ မင်းက ဒီစခန်းနဲ့ ပတ်သက်နေပြီး ထူးချွန်တဲ့သူတွေကို စုဆောင်းနေတယ်လို့ ကြားလို့လေ"

ဆိုင်းလပ်စ် မျက်တောင်ခတ်လိုက်မိသည်။ အိုင်ဗီကို ကျေးဇူးတင်တာက ဒီလိုပုံစံမျိုးလား။

အယ်လင်နာ၏ အစစ်အမှန်စွမ်းအားကို မသိသော ဆိုင်းလပ်စ်အဖို့တော့ အယ်လင်နာသည် မိမိကိုယ်မိမိ အမွှမ်းတင်လွန်းသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း အိုင်ဗီအတွက်မူ ထိုသို့မဟုတ်ပေ။

"ရတာပေါ့ ခင်ဗျားတို့ရဲ့ စွမ်းအားတွေကို သိပါရစေဦး" အိုင်ဗီသည် သူမ၏ မျှော်လင့်ချက်များကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း မသိစိတ်မှတစ်ဆင့် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ အယ်လင်နာတို့ဘက်သို့ တိုးကပ်လိုက်မိခြင်းက သူမ မည်မျှ စိတ်ဝင်စားနေသည်ကို ဖော်ပြနေသည်။

"တို့မှာ ကုသခြင်းစွမ်းအား ရှိတယ် လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ နိုးထလာတာပါ တို့ခင်ပွန်းကတော့... သူက အရင်ဘဝတွေကို မြင်နိုင်တဲ့ စွမ်းအားရှိတယ်" အယ်လင်နာက အိုင်ဗီကို သားကောင်ကို စောင့်ကြည့်နေသည့် လင်းယုန်ငှက်ကဲ့သို့ စိုက်ကြည့်ရင်း ကြေညာလိုက်သည်။ သူမ ထင်ထားသည့်အတိုင်းပင် အိုင်ဗီမှာ အနည်းငယ် တောင့်ခဲသွားပြီးမှ တည်ငြိမ်သော အမူအရာသို့ ပြန်လည်ရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။

ဖီးလစ်၏ စွမ်းအားကြောင့် သူ အန္တရာယ်ပြုခံရမည်ကို အယ်လင်နာ အနည်းငယ်မျှ စိုးရိမ်ခြင်း မရှိပေ။ လူအများစုအတွက်တော့ ၎င်းမှာ အသုံးမဝင်သော စွမ်းအားတစ်ခုသာ ဖြစ်သည်။ အထူးသဖြင့် အသက်ရှင်သန်ရန်သာ အဓိကကျသော ကမ္ဘာပျက်ကပ်ကြီးထဲတွင် အရင်ဘဝက ဘာဖြစ်ခဲ့သည်ကို သိနေသည့် မြင့်မြတ်သော အတွေးအခေါ်မျိုးထက် စားဝတ်နေရေးက ပိုအရေးကြီးတယ် မဟုတ်လား

ဆိုင်းလပ်စ် တောင့်ခဲသွားသည်။ သူက ဖီးလစ်ကို အလေးအနက် စိုက်ကြည့်လိုက်ရာ မျက်ဝန်းများထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် အိုင်ဗီ၏ အရင်ဘဝအကြောင်းကို သိလိုပြီး သူမကို နာကျင်အောင် လုပ်ခဲ့သူအားလုံးကို ရှာဖွေကာ တရားမျှတမှု ရှာပေးချင်နေသည်။

တစ်ချိန်တည်းမှာပင် သူသည် အိုင်ဗီကို ထိုမှတ်ဉာဏ်ဆိုးများ ပြန်လည်သတိရလာအောင်လည်း အတင်းအကျပ် မလုပ်လိုပေ။ သို့သော် အခုတော့... အခွင့်အရေးတစ်ခု ပေါ်လာပြီဖြစ်သည်။

ဒေါက်တာ သော်မ်ဆန်နှင့် အခြား စမ်းသပ်သူများကို ရှာဖွေဖော်ထုတ်နိုင်ရန်မှာ ထိုရာဇဝတ်ကောင်များ၏ မျက်နှာကို သူ မှတ်မိရန် လိုအပ်သည်။ မဟုတ်လျှင်... ဆိုင်းလပ်စ်၏ ဘဝကုန်ဆုံးသည့်တိုင်အောင် ဒေါက်တာ သော်မ်ဆန် အမည်ရှိသူ အားလုံးကို လိုက်သတ်နေရပေလိမ့်မည်။

အိုင်ဗီမှာမူ တောင့်ခဲနေပြီး အယ်လင်နာ ဖီးလစ်တို့က သူမဟာ ပြန်လည်ဝင်စားလာသူဖြစ်ကြောင်း သိနေကြသလားဟုပင် တွေးတောနေမိသည်။ တကယ်လို့ သူတို့သာ သူမ၏ ဘေးကင်းဇုန်စွမ်းအားအကြောင်းကို သိသွားရင်ကော။

’စိတ်အေးအေးထား... သူတို့မှာ ခိုင်လုံတဲ့ သက်သေမရှိပါဘူး ငါ့ရဲ့ အရင်ဘဝကို သူတို့ လုံးဝ မမြင်အောင် ကာကွယ်ထားသရွေ့တော့ ဘာမှ မှားယွင်းမှာ မဟုတ်ဘူး’

"ဟုတ်လား အဲဒါ တကယ့်ကို ကောင်းတာပဲ ကျွန်မရဲ့ လက်ထောက်ကိုပြောပြီး ခင်ဗျားကို ဆေးဘက်ဆိုင်ရာဌာနမှာ တာဝန်ပေးလိုက်ပါ့မယ် ဆေးရုံနဲ့ ပတ်သက်ရင်တော့ စခန်းက အဖွဲ့တွေ အဖြေရှာနေကြတုန်းပါ ရှင့်ခင်ပွန်းကတော့ ဗေဒင်နဲ့ နိမိတ်ဖတ်တဲ့ဌာနမှာ အလုပ်လုပ်လို့ ရပါတယ်"

ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် အိုင်ဗီ၏ အခြေစိုက်စခန်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ယခုအခါ စခန်းတွင် စီးပွားရေးဆိုင်ရာ သဘောတူညီမှုများကို ညှိနှိုင်းရန်နှင့် ဈေးကွက်ငယ်လေးကို ထိန်းညှိရန်၊ စခန်းမှ ထုတ်ကုန်များကို (ဥပမာ- ဈေးပေါသော အစားအစာများ) ပြန်လည်ရောင်းချသည့် မရိုးသားသော လုပ်ရပ်များကို တားဆီးရန်အတွက် စီးပွားရေးဌာနတစ်ခု ရှိနေပြီဖြစ်သည်။ ထို့ပြင် စခန်း၏ အတွင်းနှင့် အပြင် ပတ်ဝန်းကျင်ကို ကင်းလှည့်သည့် စစ်တပ်လည်း ရှိသည်။

နောက်တစ်ခုမှာ ဗေဒင်နှင့် နိမိတ်ဖတ်သည့်ဌာန ဖြစ်သော်လည်း... ထိုဌာနတွင် ထူးချွန်သူ အလွန်နည်းပါးလှသည်။ နောက် ၂ ရက် သို့မဟုတ် ၃ ရက်အတွင်း ဖြစ်ပျက်မည့်အရာများကိုသာ ခန့်မှန်းနိုင်သည့် ရိုဟန် အမည်ရှိ အမျိုးသားတစ်ဦးမှလွဲ၍ အခြားသူ မရှိပေ။

ဆေးဘက်ဆိုင်ရာဌာနမှာလည်း ထူးချွန်သူ နည်းပါးသည့် နောက်ထပ်ဌာနတစ်ခု ဖြစ်သည်။ ကုသသူများမှာ ရှားပါးပြီး ရှာဖွေရန် ခက်ခဲလှသည်။

စိုက်ပျိုးရေးဌာနတွင် လူအများအပြား ရှိသော်လည်း ထုတ်လုပ်နိုင်စွမ်းမှာ သုညနှင့် နီးစပ်နေသည်။ ၎င်းမှာ သူတို့ အစွမ်းအစ မရှိ၍ မဟုတ်ပေ။ လေထုထဲရှိ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကြောင့် မြေဆီလွှာများမှာ တဖြည်းဖြည်း ပျက်စီးလာခဲ့ရာ မြေပေါ်တွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရန်မှာ မဖြစ်နိုင်သလောက် ဖြစ်နေ၍ပင်။

ဒါတွေအပြင် သာမန်ပြည်သူများ ကိုယ်ခံပညာ သင်ယူနိုင်ရန်အတွက် အထူးလေ့ကျင့်ရေးဌာနတစ်ခုလည်း ရှိသည်။ ၎င်းမှာ စခန်း၏ စုစုပေါင်းအင်အားကို မြှင့်တင်ပေးနိုင်လိမ့်မည်။

အိုင်ဗီသည် သူမ၏ စခန်းကာကွယ်ရေးကို အပြည့်အဝ ယုံကြည်မှု ရှိသော်လည်း အဆိုးဆုံး အခြေအနေကိုပါ ထည့်သွင်းစဉ်းစားထားရန် အရေးကြီးသည်ဟု သူမ ယူဆထားသည်။

ထို့နောက် သုတေသနဌာန ရှိသော်လည်း ထိုဌာနတွင်တော့ မည်သည့် ထူးချွန်သူမျှ မရှိသေးပေ။ သို့သော် အိုင်ဗီက အလျင်မလိုခဲ့ပါ။ အကောင်းဆုံး သုတေသနပညာရှင်များသည် ဤနိုင်ငံသို့ ရောက်မလာသေးသောကြောင့် ထိုဌာန၏ ဖွံ့ဖြိုးတိုးတက်မှုကို သူမ ခေတ္တ ဆိုင်းငံ့ထားခြင်း ဖြစ်သည်။

"ကောင်းပါပြီ" အယ်လင်နာက သဘောတူလိုက်သည်။ သူမ၏ မျက်ခုံးများမှာ ပြေလျော့သွားပြီး အရှိန်အဝါမှာလည်း ငြိမ်သက်နေသော ရေပြင်ကဲ့သို့ နူးညံ့သွားသည်။ သူမ၏ အကြည့်ထဲမှ မြတ်နိုးမှုမှာ သိသာလွန်းလှသဖြင့် ဆိုင်းလပ်စ်ပင်လျှင် ခံစားမိသွားသည်။

၎င်းမှာ ကျေးဇူးတင်ရုံသက်သက် အကြည့်မျိုး မဟုတ်တော့ဘဲ... ထို့ထက် ပိုမိုနက်ရှိုင်းသည့် အရာတစ်ခု ဖြစ်နေသည်။ ဖီးလစ်၏ မျက်နှာပေးမှာလည်း အယ်လင်နာနှင့် ထပ်တူပင် ဖြစ်သည်။

သူတို့၏ ရည်မှန်းချက်မှာ ဘာပဲဖြစ်ဖြစ်... အခုတော့ အောင်မြင်သွားပြီ ဖြစ်သည်။

ထိုစုံတွဲ ထွက်သွားပြီးနောက် ဆိုင်းလပ်စ်က အိုင်ဗီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ကိုယ် သွားပြီး ခရီးထွက်ဖို့ ပြင်ဆင်လိုက်ဦးမယ် မင်းလည်း မင်းဘက်က ပြင်စရာရှိတာတွေ ပြင်ထားဦး"

"အင်း" သူမ အတွေးလွန်နေ၍လားမသိ အိုင်ဗီက စိတ်မပါ့တပါ ပြန်ထူးလိုက်သည်။

ဆိုင်းလပ်စ်သည်လည်း သူ၏ အတွေးများဖြင့် အလုပ်ရှုပ်နေသဖြင့် ထွက်သွားတော့သည်။

အိုင်ဗီသည် ရုံးခန်းထဲမှ ထွက်သွားသည့် ထိုအရပ်ရှည်ရှည် ပုံရိပ်ကို ငေးကြည့်နေမိသည်။ အဲယားကွန်းမှ ထွက်ပေါ်လာသည့် တိုးညင်းသော အသံလေးမှာ စိတ်ကို ကြည်လင်စေသည့် နောက်ခံအသံတစ်ခုကဲ့သို့ပင်။

မကြာမီမှာပင် သူမသည် အရေးကြီးသည့် ကိစ္စရပ်အပေါ် အာရုံစိုက်လိုက်သည်။

’တောက်စ်စ်... ငါသာ ဒီနိုင်ငံကနေ ထွက်သွားရင် စခန်းကို ငါ ကာကွယ်နိုင်မှာ မဟုတ်ဘူး ငါ့ရဲ့ ဘေးကင်းဇုန်စွမ်းအားရဲ့ အတိုင်းအတာကို ချဲ့ထွင်နိုင်မယ့် နည်းလမ်းကို ရှာရမယ်၊ ဒါမှမဟုတ်ရင်လည်း ငါ့ခရီးစဉ်ကို တိုတောင်းအောင် လုပ်ရမယ်’

ထိုသို့တွေးပြီး သူမသည် စွမ်းအင် သိုလှောင်ရုံထဲမှ အာကာသနှင့် စိတ်စွမ်းအင် အမြူ‌တေများကို ထုတ်ယူကာ စုပ်ယူလိုက်သည်။ အမြူ‌တေများမှ ထွက်ပေါ်လာသည့် အေးမြသော စွမ်းအင်များသည် သူမ၏ အာရုံကြောများတစ်လျှောက် စီးဆင်းသွားပြီး အမြူ‌တေများမှ စွမ်းအင်များ လုံးဝ ကုန်ဆုံးသွားချိန်တွင် ထိုအမြူ‌တေများသည် အရောင်အဝါများ ပျောက်ကွယ်သွားကာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ရုတ်တရက် သူမ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော စွမ်းအင်များမှာ အဆပေါင်းများစွာ ကြီးမားလာပြီး တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုက သူမကို လွှမ်းခြုံသွားတော့သည်။

အကယ်၍ ဆိုင်းလပ်စ်သာ ဤနေရာတွင် ရှိနေဦးမည်ဆိုလျှင် ထိုအလင်းတန်းမှာ... ဆင့်ကဲပြောင်းလဲခြင်း အလင်းတန်း ဖြစ်ကြောင်း သူ သိမြင်သွားပေလိမ့်မည်။

အခန်း (၂၀၈) - ဆိုင်းလပ်စ်၏ တောင်းဆိုချက်

ထိုနေ့ ညနေခင်းမှာပင်။

ဆိုင်းလပ်စ်သည် တင်းမာခက်ထန်သော မျက်နှာပေးဖြင့် စစ်တပ်အတွင်းသို့ ပြန်ရောက်လာသည်။ သူ၏ ရင်ခုန်သံများမှာ မြန်ဆန်နေပြီး သူ၏ ခြေလှမ်းများတွင် ပါဝင်နေသော အရေးတကြီးဖြစ်မှုမှာ စစ်သားများ တစ်ခါမျှ မမြင်ဖူးသည့် အခြေအနေမျိုး ဖြစ်သည်။

သူ လျှောက်လှမ်းသွားစဉ် စစ်သားအချို့က သူ့ကို ခေါင်းညိတ်နှုတ်ဆက်ကြသော်လည်း သူကတော့ တောင့်တောင့်တင်းတင်း ခေါင်းညိတ်ပြရုံမှလွဲ၍ ဘာမှ ပြန်မလုပ်နိုင်ခဲ့ပေ။

မကြာမီမှာပင် သူသည် ဖခင်ဖြစ်သူ၏ ရုံးခန်းအပြင်ဘက်သို့ ရောက်ရှိသွားသည်။ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် တံခါးကို တွန်းဖွင့်ဝင်လိုက်တော့သည်။

ရုံးခန်းအတွင်း၌ ဗိုလ်ချုပ်ကြီးဒန်တေးသည် သူ၏ စားပွဲနောက်တွင် ထိုင်နေပြီး ရှေ့တွင် စာရွက်စာတမ်း အထူကြီးများ ပြန့်ကျဲနေသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင်တော့ ထုံးစံအတိုင်း အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် တာလီယာ ရှိနေသည်။

သူတို့နှစ်ဦးမှာ ဆွေးနွေးမှုတစ်ခုအတွင်း အာရုံနစ်ဝင်နေကြခြင်း ဖြစ်သည်။

ဆိုင်းလပ်စ်ကို ပထမဆုံး သတိပြုမိသူမှာ တာလီယာ ဖြစ်သော်လည်း သူတို့နှစ်ဦးစလုံးက ချက်ချင်း လှည့်မကြည့်ကြသေးပေ။

"ဗိုလ်ချုပ်ကြီးဖရန့်ခ်ရဲ့ မကြာသေးမီက လှုပ်ရှားမှုတွေအကြောင်း လာပြောတာလား" ဟု သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ဆိုင်းလပ်စ်က တံခါးကို တည်ငြိမ်စွာ ပြန်ပိတ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။ "မဟုတ်ဘူး ကျွန်တော် တခြားအရာတစ်ခုကို တောင်းဆိုဖို့ လာတာ ကျွန်တော်တို့အိမ်မှာရှိတဲ့ ရဟတ်ယာဉ်ကို ကျွန်တော် လိုချင်တယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင်မှ ဗိုလ်ချုပ်ဒန်တေးသည် ခေါင်းမော့ကြည့်လာတော့သည်။ သူ၏ မျက်ဝန်းများမှာ မှေးစင်းသွားပြီး "ဘာအကြောင်းကြောင့်လဲ" ဟု သံသယများဖြင့် မေးလိုက်သည်။

"အိုင်ဗီ တခြားနိုင်ငံတစ်ခုကို သွားဖို့ လိုအပ်နေလို့ပါ သူက သူ့အမေကို သွားတွေ့ချင်နေတယ်" ဟု ဆိုင်းလပ်စ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

အခန်းတွင်းရှိ အပူချိန်မှာ ရုတ်ချည်း ကျဆင်းသွားတော့သည်။

ဗိုလ်ချုပ်ဒန်တေး၏ မျက်နှာမှာ မှောင်ကျသွားပြီး "ဒုန်း" ခနဲ မြည်အောင် လက်ဖဝါးဖြင့် စားပွဲကို ရိုက်ချလိုက်သည်။

"မင်း ရူးနေတာလား ကောင်လေး" ဟု သူက အော်ဟစ်လိုက်တော့သည်။

"လောကကြီးရဲ့ အခြေအနေကို မင်းမမြင်ဘူးလား တံတိုင်းတွေအပြင်ဘက်မှာ ဇမ်ဘီတွေ ပြည့်နေတယ် ကောင်းကင်မှာလည်း မျိုးဗီဇပြောင်း ငှက်တွေက ချောင်းနေကြတာ စစ်တပ်ရဲ့ ဟန်ချက်ကလည်း ကြိုးတန်းပေါ် လျှောက်နေရသလိုပဲ အဲဒါကို မင်းက တခြားနိုင်ငံကို ရဟတ်ယာဉ်နဲ့ သွားချင်တယ် ဟုတ်လား ကမ္ဘာပျက်ကပ်ကြီးကို ကလေးကစားကွင်းလို့ မင်း ထင်နေတာလား"

ဒေါသတကြီး ထွက်ပေါ်လာသော သူ၏ အသံမှာ ခြင်္သေ့ဟောက်သံကဲ့သို့ပင် ပြင်းထန်လှသည်။

သို့သော် ဆိုင်းလပ်စ်ကတော့ တုန်လှုပ်ခြင်း မရှိပေ။

သူ၏ အသံမှာ ထုံးစံအတိုင်း တည်ငြိမ်နေမြဲပင်။

"အဲဒါတွေက အရေးမကြီးပါဘူး အိုင်ဗီက ဒါကို လိုအပ်နေတာ သူ အဲဒီလူတွေကို တွေ့ချင်နေတယ် အဲဒီလူတွေက သူ့အတွက် အရေးကြီးတယ်ဆိုတာ ကျွန်တော် ခံစားလို့ရတယ် သူ့ရဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ သူ့ဆန္ဒကို ကျွန်တော် ဖြည့်ဆည်းပေးရမယ်"

'ခင်ပွန်း' ဆိုသည့် စကားလုံးမှာ အခန်းတွင်းသို့ လေးလံသော ကျောက်တုံးကြီးတစ်တုံး ကျလာသကဲ့သို့ ဖြစ်သွားစေသည်။

တာလီယာမှာ မှင်တက်သွားပြီး "ခင်ပွန်း ဟုတ်လား" ဟု ပြန်မေးလိုက်မိသည်။

ဗိုလ်ချုပ်ကြီးဒန်တေးပင်လျှင် ဆွံ့အသွားပြီး သားဖြစ်သူကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေမိသည်။

အပြင်ဘက်တွင်မူ ဟင်နရီ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် တံခါးခေါက်ရန် လက်ရွယ်လိုက်သော်လည်း ဆိုင်းလပ်စ်၏ စကားများကို ကြားလိုက်ရချိန်တွင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

’ဘာ... လက်ထပ်လိုက်ပြီ ဟုတ်လား ဆားနတ်သမီးလေးနဲ့ သူ လက်ထပ်ပြီးသွားပြီပေါ့လေ’

သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာပြီး ဆိုင်းလပ်စ်၏ ဤအောင်မြင်မှုအတွက် အထဲဝင်ကာ ဝမ်းသာအားရ ဂုဏ်ပြုပေးချင်စိတ်ပင် ပေါက်သွားသည်။

သို့သော် သူ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်သည်။ တကယ်လို့ သူသာ အခု အထဲကို ဇွတ်ဝင်သွားရင် ဗိုလ်ချုပ်ကြီးဒန်တေးက သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်မှာ သေချာသည်။

သို့သော်လည်း ဒီသတင်းဦးသတင်းထူးကို သူ လက်လွတ်မခံချင်သဖြင့် တံခါးမှာ နားကပ်ကာ ချောင်းနားထောင်နေတော့သည်။

‘ဒီကောင်ကတော့... အား... အသက်ရှင်သန်နိုင်စွမ်း သုညပဲ ငါနဲ့တောင် တူနေပြီ ဟူး..’

အတွင်းခန်းထဲတွင် ဗိုလ်ချုပ်ကြီးဒန်တေး၏ အသံမှာ အေးစက်စွာဖြင့် ထပ်မံထွက်ပေါ်လာသည်။

"ဆိုင်းလပ်စ်... မင်း အခု 'ဇနီး' လို့ ပြောလိုက်တာလား အဲဒီမိန်းကလေးနဲ့ မင်း အခုကတည်းက ပတ်သက်လိုက်ပြီလို့တော့ ငါ့ကို မပြောနဲ့နော်"

"ဟုတ်တယ် ပတ်သက်လိုက်ပြီ" ဟု ဆိုင်းလပ်စ်က တွန့်ဆုတ်မနေဘဲ ပြန်ပြောလိုက်သည်။

"ကျွန်တော်တို့ လက်ထပ်ပြီးပြီ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကတော့ ကျင်းပရဦးမှာပေါ့ ဒါပေမဲ့ အဲဒါက အိုင်ဗီ တွေ့ချင်တဲ့သူတွေကို တွေ့ပြီးမှ ဖြစ်လာလိမ့်မယ်"

"မင်း..." ဗိုလ်ချုပ်ဒန်တေးသည် ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်ရာ ထိုင်ခုံနှင့် ကြမ်းပြင်ပွတ်တိုက်သံမှာ ဓားအိမ်ထဲမှ ဓားတစ်လက်ကို ဆွဲထုတ်လိုက်သကဲ့သို့ စူးရှလှသည်။

သူ့လက်မှာ စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ကြမ်းပြင်ပေါ်သို့ ဝှေ့ယမ်းပစ်တော့မည့်အလား ဖြစ်နေသည်။

"မင်း ရူးသွားပြီ ငါ မင်းကို အရင်ကတည်းက ပြောပြီးသား အဲဒီမိန်းကလေးက ပြဿနာပဲ ငါ့စကားကို မှတ်ထားလိုက် သူက ပြဿနာပဲ မင်းသာ သူ့ကို တွယ်ကပ်နေမယ်ဆိုရင် သူ့ကြောင့်နဲ့ပဲ မင်း သေရလိမ့်မယ်"

သူက သားဖြစ်သူကို လက်ညှိုးငေါ့ငေါ့ထိုးကာ ပြောလိုက်သည်။

ဆိုင်းလပ်စ်၏ မျက်ဝန်းများမှာ အေးစက်သွားတော့သည်။

သူ၏ အသံမှာ တည်ငြိမ်သော်လည်း ပြတ်သားလှသော ဆုံးဖြတ်ချက်များ ပါဝင်နေသည်။

"နောက်ကျသွားပြီ အဖေ အရာအားလုံးက ပြီးသွားပြီ ကျွန်တော်သာ အခု သူ့ကို ပစ်ထားခဲ့ရင် ကျွန်တော်ဟာ လူယုတ်မာတစ်ယောက် ဖြစ်သွားလိမ့်မယ် ကျွန်တော် ကျွန်တော့်ဇနီးကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး"

တာလီယာက အခြေအနေကို ပြေလျော့အောင် ကြိုးစားပေးသည်။

"အဖေ... အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့ဦး" ဟု သူမက ဂရုတစိုက် ပြောလိုက်ပြီး ဆိုင်းလပ်စ်ဘက်သို့ လှည့်လိုက်သည်။

သူမ၏ အသံတွင် ဒေါသအရိပ်အယောင် မရှိဘဲ စစ်မှန်သော စိုးရိမ်ပူပန်မှုများသာ ပါဝင်နေသည်။

"မင်း ဒီလမ်းကို ရွေးချယ်ပြီးပြီဆိုရင် အိုင်ဗီကို ကောင်းကောင်း ဆက်ဆံရမယ်နော် စာရွက်တစ်ရွက်ပေးရုံနဲ့ လက်ထပ်တယ်လို့ ခေါ်လို့မရဘူး ဇနီးတစ်ယောက်ဆိုတာ အဲဒီထက်မက တန်ဖိုးထားခံရဖို့ ထိုက်တန်တယ်"

ဆိုင်းလပ်စ်က သူမကို ကြည့်လိုက်ချိန်တွင် စူးရှသော မျက်ဝန်းများမှာ နူးညံ့သွားတော့သည်။

သူမ၏ သဘောထား ပြောင်းလဲသွားသည်ကို သူ မြင်လိုက်ရသည်။

တာလီယာသည် အိုင်ဗီအပေါ် အမုန်းတရားများ ပြည့်နှက်မနေတော့ပေ။ အမှန်အတိုင်းဆိုရလျှင် သူမ ဖုံးကွယ်ထားသော်လည်း သူမ၏ မျက်ဝန်းထဲတွင် နွေးထွေးမှုအချို့ပင် ရှိနေသေးသည်။

"နားလည်ပါပြီ" ဟု ဆိုင်းလပ်စ်က တိုးတိုးလေး ပြောလိုက်သည်။

ထို့နောက် သူက ဗိုလ်ချုပ်ဒန်တေးဘက်သို့ ပြန်လှည့်လိုက်သည်။

"အဖေက ဗိုလ်ချုပ်ကြီးဖရန့်ခ်အကြောင်း ဆွေးနွေးချင်တာ မဟုတ်လား သူ့ရဲ့ နောက်ထပ် လှုပ်ရှားမှုတွေကို ကျွန်တော် ပြောပြမယ် ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ကျွန်တော် ရဟတ်ယာဉ်ရယ် တစ်လစာ ခွင့်ရယ် လိုချင်တယ်"

ဗိုလ်ချုပ်ကြီးဒန်တေး၏ လက်သီးများမှာ တင်းမာသွားတော့သည်။

သူ့စိတ်ထဲတွင် လွန်ခဲ့သော အချိန်များစွာက ဘုန်းတော်ကြီး ပြောခဲ့သော စကားများကို ပြန်လည်ကြားယောင်လာသည်။ ‘သူဟာ လူသားမဟုတ်တဲ့ တစ်စုံတစ်ယောက်ကို ချစ်မိလိမ့်မယ် အဲဒီတစ်ယောက်ကပဲ သူ့ရဲ့ သေမင်း ဖြစ်လိမ့်မယ်’

ထိုစဉ်က ဒန်တေးသည် ထိုစကားကို လှောင်ပြောင်ခဲ့သော်လည်း အခုတော့ ထိုကျိန်စာက သားဖြစ်သူကို ရစ်ပတ်လာသည်ဟု သူ ခံစားနေရသည်။

’ဒါဟာ ဘုန်းတော်ကြီး ဆိုလိုတဲ့အချက်ပဲ အဲဒီမိန်းကလေးက သူ့ကို ဖျက်ဆီးလိမ့်မယ်’

ဖခင်ဖြစ်သူ၏ ရင်တွင်းတိုက်ပွဲကို သတိမထားမိဘဲ ဆိုင်းလပ်စ်ကတော့ တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။

နောက်ဆုံးတွင် ဗိုလ်ချုပ်ဒန်တေးသည် သက်ပြင်းတစ်ချက်ချကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ "ကောင်းပြီ ငါ သဘောတူတယ်။ ဖရန့်ခ်အကြောင်း ပြောပြတော့"

ဆိုင်းလပ်စ်၏ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

"လိမ္မာပါးနပ်တဲ့ ရွေးချယ်မှုပဲ" သူက ခေါက်ထားသော စာတစ်စောင်ကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။

"ဒါပေမဲ့ အရင်ဆုံး ဒါကို လက်မှတ်ထိုးပေးပါ ဒါက ကျွန်တော့်ရဲ့ ခွင့်ကို အတည်ပြုပေးမှာပါ"

ဗိုလ်ချုပ်ကြီးဒန်တေး၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားသည်။

"မင်းရဲ့ အစီအစဉ်ကို မပြောခင် ငါ့ကို အရင် လက်မှတ်ထိုးခိုင်းတာလား မင်း အဖေကို အဲဒီလောက်တောင် မယုံဘူးလား"

ဆိုင်းလပ်စ်၏ မျက်ဝန်းများ မှေးစင်းသွားသည်။

‘သားက အဖေ့သားလေ’

"အဖေက မူဝါဒကို အလေးထားတဲ့သူပါ ဒါပေမဲ့ အိုင်ဗီနဲ့ ပတ်သက်လာရင်တော့ အဖေ့ရဲ့ မူဝါဒတွေ ပျောက်ဆုံးသွားပြီး အမုန်းတရားတွေကိုပဲ အဖေ မြင်တော့တာ အိုင်ဗီနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အဖေကို ကျွန်တော် မယုံကြည်မိတာကို ခွင့်လွှတ်ပါ"

ဒန်တေးက ပါးစပ်ဟလိုက်သော်လည်း စကားလုံးများ ထွက်မလာခဲ့ပေ။

သူ့ရင်ထဲတွင် သားဖြစ်သူ ပြောသည်မှာ အမှန်တရားဖြစ်ကြောင်း သူ သိနေသည်။

သူ၏ သွားများကို ကြိတ်ထားရင်း နောက်ဆုံးတွင် ဘောပင်ကို ယူကာ လက်မှတ်ထိုးပေးလိုက်သည်။ သူ၏ လက်များမှာ ဒေါသကြောင့် တုန်ရီနေတော့သည်။

"အခု ပြောတော့" ဟု သူက ဟိန်းဟောက်လိုက်သည်။

ဆိုင်းလပ်စ်က ရှေ့သို့ တိုးလိုက်သည်။

"ဖရန့်ခ်က ကျွန်တော်တို့ကို ရိက္ခာတွေကို ကာကွယ်ဖို့ တာဝန်ပေးထားတယ် ဖြစ်နိုင်တာကတော့ သူက ပြီးခဲ့တဲ့ အကြိမ်က ဆေးဝါးတွေကို ခိုးယူခဲ့သလိုမျိုး အခုလည်း ရိက္ခာတွေကို ခိုးယူလိမ့်မယ် ဒါမှမဟုတ်လည်း သဘာဝဘေးအန္တရာယ်တစ်ခုခု ဟန်ဆောင်ဖန်တီးပြီး ရိက္ခာတွေ ပျက်စီးသွားသယောင် လုပ်လိမ့်မယ် အမှန်တော့ သူက အဲဒီရိက္ခာတွေကို သူ့အိမ်ဆီ လျှို့ဝှက်ပြောင်းရွှေ့ထားမှာပေါ့ တတိယဖြစ်နိုင်ခြေကတော့ သူက မှတ်တမ်းတွေကို ပြုပြင်ပြီး ဘလက်ခ်သောန်မိသားစုကပဲ ခိုးယူသွားသလိုမျိုး အကွက်ဆင်လိမ့်မယ် ဘယ်လိုပဲဖြစ်ဖြစ် သူက ယုံကြည်မှုကို ဖျက်ဆီးချင်နေတာပဲ"

ဗိုလ်ချုပ်ကြီးဒန်တေးသည် မျက်မှောင်ကြုတ်ကာ အတွေးနက်သွားတော့သည်။

ထို့နောက် ဆိုင်းလပ်စ်က တာလီယာဘက်သို့ လှည့်လိုက်သည်။ သူ၏ အသံမှာ နူးညံ့သွားသည်။

"မင်းရဲ့ စေ့စပ်ထားတဲ့သူကို စစ်ဆေးမေးမြန်းတဲ့ ကိစ္စကော ဘယ်လိုရှိလဲ"

All Chapters