← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

201

စုဟယ်သည် လူရှာပေးသည့် အကျိုးဆောင်ကုမ္ပဏီနှစ်ခုလုံးနှင့် စာချုပ်ချုပ်ဆိုပြီး စရန်ငွေများကို ပေးချေလိုက်သည်။ အကျိုးဆောင်ကုမ္ပဏီများ ပါဝင်လာသည်နှင့်အမျှ ကိစ္စရပ်များမှာ ပိုမိုချောမွေ့လာတော့၏။ အကျိုးဆောင်များသည် ကိုယ်ရေးရာဇဝင်များကို ကြိုတင်စိစစ်ပေးသည့်အပြင် လျှောက်ထားသူများ၏ အချက်အလက်များကိုလည်း ၎င်းတို့၏ ကွန်ရက်များမှတစ်ဆင့် အတည်ပြုပေးသဖြင့် ကိုယ်ရေးရာဇဝင် အလိမ်အညာများ ဖြစ်လာနိုင်ခြေကို အနည်းဆုံးအထိ လျှော့ချပေးနိုင်သည်။ အကျိုးဆောင်ကုမ္ပဏီများတွင် ကျယ်ပြန့်သော သတင်းအချက်အလက် လမ်းကြောင်းများရှိကြပြီး အခြားကုမ္ပဏီတစ်ခုမှလည်း ဤလုပ်ငန်းအတွက် ပြိုင်ဆိုင်နေသည်ကို ချက်ချင်းပင် သိရှိသွားကြသည်။ ပြိုင်ဆိုင်မှုရှိလာလျှင် တက်ကြွမှုလည်း ရှိလာစမြဲဖြစ်ရာ အကျိုးဆောင်နှစ်ခုလုံးသည် ဟဲယဲ့တည်းခိုခန်း၏ လုပ်ငန်းအတွက် ယခင်ကထက်ပင် ပိုမို အားစိုက်ထုတ်လာကြ၏။

တစ်ပတ်အတွင်းမှာပင် စုဟယ်သည် အကျိုးဆောင်ကုမ္ပဏီနှစ်ခုထံမှ ကိုယ်ရေးရာဇဝင်ပေါင်း (၅၀) ကျော်ကို လက်ခံရရှိခဲ့သည်။ လျှောက်ထားသူများ၏ (၉၀) ရာခိုင်နှုန်းမှာ လက်ရှိတွင် အလုပ်လုပ်ကိုင်နေဆဲ ကျွမ်းကျင်သူများဖြစ်ကြသည်။ စုဟယ် ကိုယ်တိုင် အလုပ်ခေါ်စာတင်စဉ်မှာ ဘာကြောင့် လူစိတ်ဝင်စားမှု မရခဲ့သလဲဆိုသည်မှာ မဆန်းတော့ပေ။ အလုပ်ရှိပြီးသား ထိပ်တန်းကျွမ်းကျင်များသည် များသောအားဖြင့် သာမန်အလုပ်ခေါ်စာများကို လိုက်ကြည့်လေ့မရှိကြခြင်းကြောင့်ပင်။ သို့သော် အကျိုးဆောင်ကုမ္ပဏီများသည်ကား အလုပ်သစ် အသည်းအသန် ရှာမနေသည့် ထိုအရည်အချင်းရှိသူများထံသို့ ထိုးဖောက်ရောက်ရှိနိုင်သည်။ ၎င်းမှာ ၎င်းတို့တွင် ကျယ်ပြန့်သော လုပ်ငန်းခွင်ကွန်ရက်နှင့် နက်ရှိုင်းသော အဆက်အသွယ်များ ရှိနေခြင်းကြောင့်ဖြစ်၏။ ၎င်းတို့သည် လုပ်ငန်းဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ကျွမ်းကျင်သူများ၏ လူမှုကွန်ရက်များနှင့် ယခင်က စီးပွားရေးအရ ဆက်သွယ်ခဲ့ဖူးသူများမှတစ်ဆင့် မည်သည့်အရည်အချင်းရှိသူမှာ မိမိတို့ရာထူးတွင် အကောင်းဆုံး စွမ်းဆောင်နေပြီး မည်သူမှာ စိန်ခေါ်မှုအသစ်များကို စိတ်ဝင်စားနိုင်သလဲဆိုသည်ကို အမျိုးမျိုးသော လမ်းကြောင်းများမှတစ်ဆင့် သိရှိနိုင်ကြသည်။

သူမအခန်းထဲတွင် စုဟယ်သည် ကြိုတင်စိစစ်ထားသော ကိုယ်ရေးရာဇဝင်များကို အသေးစိတ် ထပ်မံစစ်ဆေးနေတော့သည်။ သူမသည် ကိုယ်ရေးရာဇဝင်များကို သေသေချာချာကြည့်ရှုကာ လျှောက်ထားသူများ၏ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ၊ ယခင်က အောင်မြင်မှုများနှင့် အလုပ်အကိုင် တိုးတက်မှု လမ်းကြောင်းများကဲ့သို့သော အဓိက အချက်အလက်များကို ဝိုင်းထား၏။ စိစစ်နေစဉ်အတွင်း စုဟယ်သည် ဟိုတယ်ကြီးများတွင် စီမံခန့်ခွဲဖူးသည့် အတွေ့အကြုံရှိသူများကို အထူးတလည် ဂရုပြုကြည့်ရှုသည်။ အကြောင်းမှာ ထိုအတွေ့အကြုံများသည် ဟဲယဲ့တည်းခိုခန်း၏ လိုအပ်ချက်နှင့် အလွန်ကိုက်ညီနေခြင်းကြောင့်ဖြစ်၏။ ဟိုတယ်ကြီးများ၏ စီမံခန့်ခွဲမှုပုံစံမှာ အတော်လေး စနစ်ကျပြီးသား ဖြစ်သဖြင့် ဟဲယဲ့တည်းခိုခန်းအနေဖြင့် အတုယူရန်နှင့်သင်ယူရန် အလွန်သင့်တော်လှသည်။ နာရီပေါင်းများစွာ အာရုံစူးစိုက် အလုပ်လုပ်ပြီးနောက်တွင် စုဟယ်သည် ကိုယ်ရေးရာဇဝင် (၅၀) ကျော်ထဲမှ (၃၀) ကို နောက်ဆုံးအဆင့်အဖြစ် ရွေးချယ်လိုက်သည်။ စုဟယ်၏ အမြင်တွင် ထိုလျှောက်ထားသူ (၃၀) မှာ လိုအပ်သော ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများ ရှိရုံသာမက သူတို့၏ အလုပ်အကိုင် ရည်မှန်းချက်နှင့် ကိုယ်ပိုင်တန်ဖိုးထားမှုများမှာလည်း ဟဲယဲ့တည်းခိုခန်း၏ တိုးတက်မှု မျှော်မှန်းချက်နှင့် ကိုက်ညီနေကြသည်။

ထို (၃၀) လုံးမှာ အလွန်ထူးချွန်ကြပြီး ကိုယ်ရေးရာဇဝင်များမှာလည်း ပြစ်ချက်မရှိ ပြည့်စုံလွန်းလှသဖြင့် စုဟယ်သည် အပြစ်ရှာမရဘဲ နောက်ထပ် စစ်ဆေးမှုအဆင့်သို့သာ ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။ အကျိုးဆောင်များမှာ အွန်လိုင်းအင်တာဗျူးများကို စီစဉ်ပေးပြီး စုဟယ်အတွက် အင်တာဗျူးမေးခွန်းအစုံအလင်ကိုပါ သေသေချာချာ ပြင်ဆင်ပေးထားကြ၏။ အကျိုးဆောင်မှာ သူမကို စေတနာဖြင့် သတိပေးလိုက်သေးသည်။

“အချိန်တန်ရင် ဒီမေးခွန်းတွေကို သုံးပြီး လျှောက်ထားသူတွေကို အကဲဖြတ်နိုင်ပါတယ်၊ ဒါတွေက ကျွန်တော်တို့ စနစ်တကျ ပြုစုထားတဲ့ပစ်မှတ်ထား မေးခွန်းတွေပါ”

စုဟယ်က ထိုမေးခွန်းများကို တစ်ချက်ကြည့်လိုက်သည်။ အများစုမှာ အခြေအနေအရ ဆုံးဖြတ်ရသည့် မေးခွန်းများ ဖြစ်ကြသည်။ ဥပမာ - "အဖွဲ့တွင်း ပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်မလဲ" နှင့် "အရည်အချင်းရှိသူတွေကို ရှာဖွေတာနဲ့ အဖွဲ့အစည်း တည်ဆောက်ပုံကို ဘယ်လို ချဉ်းကပ်မလဲ" စသည်တို့ ဖြစ်သည်။ စုဟယ်သည် အကျိုးဆောင်များကို ကျေးဇူးတင်လိုက်သော်လည်း ပေးထားသော မေးခွန်းပုံစံခွက်အတိုင်း မေးရန် စိတ်ကူးမရှိပေ။

“အားလုံးပဲ အစည်းအဝေးခန်းထဲကို ဝင်ပေးကြပါခင်ဗျာ၊ နောက်ထပ်အနေနဲ့ ဟဲယဲ့တည်းခိုခန်းရဲ့ တာဝန်ခံက တည်းခိုခန်းရဲ့ အခြေအနေကို မိတ်ဆက်ပေးပါလိမ့်မယ်၊ အဲဒီနောက်မှာ တစ်ဦးချင်း အင်တာဗျူးတွေကို ဆက်သွားပါမယ်၊ အင်တာဗျူး လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်နာရီအတွင်း အပြီးသတ်မှာဖြစ်လို့ အချိန်ကိုသေချာ စီမံခန့်ခွဲပေးကြပါ”

အကျိုးဆောင်များမှာ အွန်လိုင်း အစည်းအဝေးကို ဦးဆောင်ကျင်းပပေးကြသည်။ အကျိုးဆောင် နှစ်ဖက်လုံးမှ ကိုယ်စားလှယ်များသည်လည်း ဤအင်တာဗျူးကို စောင့်ကြည့်နေကြမည်ဖြစ်ပြီး လျှောက်ထားသူများ၏ စွမ်းဆောင်ရည်အပေါ် မူတည်ကာ စုဟယ်ကို ရွေးချယ်မှုပြုနိုင်ရန် ထပ်မံကူညီပေးကြမည်ဖြစ်၏။ အကျိုးဆောင်များ၏အစီအစဉ်အရ စုဟယ်သည် ဟဲယဲ့တည်းခိုခန်း၏ လှပသောအနာဂတ်နှင့် အားသာချက်များကို ချပြပြီး ကြီးကျယ်ခမ်းနားသော မျှော်မှန်းချက်တစ်ခုကို ပုံဖော်ပြရမည်ဖြစ်သည်။ စုဟယ်သည် အကျိုးဆောင်များမှ စာရွက်ထဲတွင် ပြသထားသော ဟဲယဲ့တည်းခိုခန်း၏ (၁၆) ထပ်ပါဝင်မည့် အဆင့်မြင့်ဒီဇိုင်းပုံစံကို ကြည့်ရင်း ချောင်းတစ်ချက် ဟန့်လိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မက ဟဲယဲ့တည်းခိုခန်းရဲ့ သူဌေး စုဟယ်ပါ၊ ကျွန်မတို့ရဲ့ ဟဲယဲ့တည်းခိုခန်းက အခုလောလောဆယ်မှာ အခန်းပေါင်း (၅၅) ခန်းပဲရှိတဲ့ (၆)ထပ် တည်းခိုခန်းလေးတစ်ခုပါ၊ ဒါပေမဲ့ ဟဲယဲ့တည်းခိုခန်း အသစ်ကိုတော့ အခုဆောက်လုပ်နေပါပြီ”

အွန်လိုင်းအစည်းအဝေးခန်းထဲမှ လျှောက်ထားသူများမှာ ခေါင်းညိတ်ပြကြသည်။ အကျိုးဆောင်များမှာ သူတို့ကို ဤအချက်ကို ပြောပြထားပြီးသား ဖြစ်၏။ သူတို့ ဟဲယဲ့တည်းခိုခန်းတွင် အင်တာဗျူးရန် သဘောတူခဲ့ကြသည့် အကြောင်းရင်းမှာ တစ်ဖက်တွင်ဆွဲဆောင်မှုရှိသော လစာကြောင့်ဖြစ်ပြီး နောက်တစ်ဖက်တွင်မူ တိုးတက်မှုအလားအလာရှိသော တည်းခိုခန်းတစ်ခု၏ ကနဦးအဆင့်တွင် ပါဝင်ခြင်းဖြင့် အနာဂတ်တွင် ပိုမိုကြီးမားသော အကျိုးအမြတ်များ ရရှိနိုင်သောကြောင့် ဖြစ်သည်။ ဤလျှောက်ထားသူများသည် အခြေခံအားဖြင့် ငွေကြေးအရ လွတ်လပ်မှု ရရှိထားသူများဖြစ်ကြပြီး ဟဲယဲ့တည်းခိုခန်းသို့ ဝင်ရောက်ပြီးနောက် တည်းခိုခန်း၏ မူလရှယ်ယာများ ကို ရရှိနိုင်မည့် အခွင့်အရေးကို မျှော်လင့်နေကြခြင်းဖြစ်၏။ သို့သော် စုဟယ်၏ နောက်ထပ်စကားများကြောင့် သူတို့အားလုံး မှင်တက်သွားရသည်။

“ဒါပေမဲ့ အခုလောလောဆယ်မှာ ကျွန်မတို့ တည်းခိုခန်းမှာ ဝန်ထမ်း (၅) ယောက်ပဲ ရှိပါတယ်၊ ဒီဝန်ထမ်း (၅) ယောက်က အခန်းဝန်ဆောင်မှုနဲ့ ဧည့်ကြိုပိုင်းကို အဓိကတာဝန်ယူထားတာပါ၊ သူတို့မှာ မြင့်မားတဲ့ပညာအရည်အချင်းတွေမရှိကြသလို သူတို့ရဲ့ ပျမ်းမျှအသက်က (၄၆) နှစ်ဖြစ်ပါတယ်၊ ပြီးတော့ တခြားဝန်ထမ်း (၅) ယောက် (ဟုန်လျန်၊ မစ္စကျီ၊ ဆရာကြီးဝေ၊ ယွမ်ဒန်ချူး၊ မီနာ) ကတော့ အထူးပြုအလုပ်တွေကိုပဲ တာဝန်ယူထားတာဖြစ်လို့ တည်းခိုခန်းရဲ့ နေ့စဉ်လည်ပတ်မှုတွေမှာ ပါဝင်မှာ မဟုတ်ပါဘူး”

စုဟယ်သည် ဟဲယဲ့တည်းခိုခန်း၏ရှိသမျှအားလုံးကို အရှိကိုအရှိအတိုင်း ချပြလိုက်တော့သည်။ စုဟယ် စကားပြောပြီးသွားသောအခါ အကျိုးဆောင်နှစ်ဦးစလုံး စိုးရိမ်တကြီး ဖြစ်သွားကြ၏။ ဘယ်သူများ ကိုယ့်အားနည်းချက်ကို ဒီလောက်အထိ အကုန်ဖွင့်ပြောပြပါ့မလဲ။ တည်းခိုခန်းတစ်ခုလုံးတွင် ပညာအရည်အချင်းနည်းပြီး အသက်ကြီးပိုင်း ဝန်ထမ်း (၅) ဦးသာ ရှိသည်။ လီရှီ တစ်ယောက်တည်းနှင့်တော့ အစ်မကျန်းတို့၏ ပျမ်းမျှအသက်ကို လျှော့ချရန် မစွမ်းသာပေ။ ကျန်သည့်ဝန်ထမ်း (၅) ဦးမှာလည်း စုဟယ်ပြောပုံအရဆိုလျှင် ဘာမှအားကိုး၍ရမည့်ပုံမပေါ်ပေ။ ထိုသို့ဆိုလျှင် အထွေထွေမန်နေဂျာအဖြစ်ရောက်လာမည့်သူသည် ဘာမှမရှိသောနေရာတွင် တစ်ယောက်တည်း ကွပ်ကဲရမည့် ဗိုလ်ချုပ်တစ်ဦးကဲ့သို့ ဖြစ်မနေဘူးလား။ အကျိုးဆောင်နှစ်ဦးစလုံး ချွေးပြန်သွားကြပြီး ဤလုပ်ငန်းကို လက်လျှော့လိုက်ချင်စိတ်ပင် ပေါက်သွားသည်။ သို့သော် ဤအလုပ်အောင်မြင်လျှင်ရမည့် ယွမ် (၂)သိန်းကို ပြန်တွေးမိကြသလို ပြိုင်ဘက်ကုမ္ပဏီမှာလည်း စောင့်ကြည့်နေသည်ဖြစ်ရာ အခြေအနေကို အမြန်ဆုံးဆယ်ယူရန် ကြိုးစားကြတော့သည်။

“အားလုံး မြင်တွေ့ရတဲ့အတိုင်းပါပဲ မစ္စစုဟယ်ကအားလုံးနဲ့ အလွန်ရိုးသားစွာ ဆက်သွယ်ပြောဆိုနေတာပါ၊ သူမက တကယ့်ကို စိတ်ရင်းမှန်တဲ့သူဌေးတစ်ယောက်ပါ၊ တကယ်တော့ ဟဲယဲ့တည်းခိုခန်းရဲ့အဖွဲ့အစည်းက သေးငယ်တယ်ဆိုပေမဲ့ ဟဲယဲ့တည်းခိုခန်းမှာ သစ္စာရှိပြီး အတွေ့အကြုံရှိတဲ့ဝန်ထမ်းတွေရှိနေပါတယ်”

အကျိုးဆောင်ကျားမှာ အမြန်ဆုံး အဖြေတစ်ခုကို စဉ်းစားထုတ်လိုက်သည်။

“ဒီအသက်ကြီးပိုင်း ဝန်ထမ်း (၅) ယောက်က တည်းခိုခန်းရဲ့လည်ပတ်မှုတွေကို ကျွမ်းကျင်ရုံတင်မကဘဲ ဒေသခံဈေးကွက်နဲ့ ဖောက်သည်တွေရဲ့ အကြောင်းကိုလည်း နက်နက်ရှိုင်းရှိုင်း နားလည်ထားကြတယ်၊ ဒါတွေက အထွေထွေမန်နေဂျာအသစ်အတွက် အားကိုးရမယ့် တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေပါပဲ”

အကျိုးဆောင်ရီမှာလည်း အရှုံးမပေးဘဲ ဝင်ပြောသည်။ အကျိုးဆောင်ကျား ၏ဦးနှောက်မှာ အစွမ်းကုန်အလုပ်လုပ်နေ၏။

“ဒါတင်မကသေးပါဘူး ဟဲယဲ့တည်းခိုခန်းရဲ့ အထူးပြုဝန်ထမ်း (၅) ယောက်ဟာဆိုရင်လည်း စာလုံးလှပညာရှင်၊ မုန့်လုပ်ငန်းကျွမ်းကျင်သူနဲ့ ရှေးဟောင်းဆေးဖော်စပ်နည်း အမွေခံသူတွေပါ၊ သူတို့တစ်ဦးချင်းစီမှာ သက်ဆိုင်ရာ နယ်ပယ်အလိုက်ထူးခြားတဲ့ ပါရမီတွေနဲ့ နက်ရှိုင်းတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိကြတယ်၊ သူတို့က တည်းခိုခန်းအတွက် ထူးခြားတဲ့ ယဉ်ကျေးမှုရသကို ပေးစွမ်းနိုင်ရုံတင်မကဘဲ ဧည့်သည်တွေအတွက်လည်း ထူးကဲတဲ့ အတွေ့အကြုံတွေကို ပေးနိုင်ပါတယ်၊ ဒါတွေက ဟဲယဲ့တည်းခိုခန်းရဲ့ ထူးခြားချက်နဲ့ ကျွန်တော်တို့ ဂုဏ်ယူရတဲ့ အချက်တွေပါပဲ”

အကျိုးဆောင်ရီ ဆက်ပြောသည်။

“သူတို့ကို သင့်တော်တဲ့ လေ့ကျင့်မှုနဲ့ လမ်းညွှန်မှုတွေ ပေးနိုင်မယ်ဆိုရင် တည်းခိုခန်း လည်ပတ်ရေးအတွက် အရေးကြီးတဲ့ ထောက်တိုင်တွေဖြစ်လာနိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

အကျိုးဆောင်ကျားထပ်လောင်း အလေးပေး ပြောကြားသည်။

“အထွေထွေမန်နေဂျာအသစ်အနေနဲ့ ဒီလို အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေနဲ့ လက်တွဲပြီး တည်းခိုခန်းတိုးတက်အောင် လုပ်ဆောင်နိုင်မယ့် အခွင့်အရေးရှိပါတယ်၊ ဒါ့အပြင် မစ္စစုဟယ်ကလည်း အထွေထွေမန်နေဂျာအသစ်တာဝန်ယူပြီးတာနဲ့ လူသစ်ခေါ်ယူရေး အစီအစဉ်တွေကို ထပ်မံလုပ်ဆောင်ဖို့ စီစဉ်ထားပြီးသားပါ၊ ဒါမှလည်း အလားအလာရှိတဲ့ လူငယ်တွေကို ဆွဲဆောင်နိုင်ပြီး တည်းခိုခန်း တိုးတက်နိုင်မှာ ဖြစ်ပါတယ်”

“အထွေထွေမန်နေဂျာအသစ်အပေါ် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကတော့ သူ/သူမရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို အသုံးချပြီး အဖွဲ့ကို ပိုမိုကြီးမားတဲ့ တိုးတက်မှုဆီ ဦးဆောင်သွားဖို့ပါပဲ၊ အဲဒီအတွက် သူဌေးစုဟယ်က အပြည့်အဝ ထောက်ပံ့ပေးမှာဖြစ်သလို အားလုံးကိုလည်း လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ပေးထားမှာပါ”

အကျိုးဆောင်ရီသည် အခြေအနေ ပြေလည်သွားစေရန် အစွမ်းကုန် ကြိုးစားပြောဆိုလိုက်သည်။ စကားပြောပြီးနောက် အကျိုးဆောင်ကျားနှင့် ရီတို့သည် စခရင်မှတစ်ဆင့် စုဟယ်ကို စိုးရိမ်တကြီးကြည့်နေကြ၏။ သူမ နောက်ထပ် ဘာတွေလျှောက်ပြောဦးမလဲဆိုသည်ကို ကြောက်နေကြခြင်းဖြစ်သည်။ အကျိုးဆောင်များမှာ စုဟယ်၏ဘေးနားတွင်သာ ရှိနေချင်တော့သည်။ သို့မှသာ သူမပါးစပ်ကို ပိတ်ထားပြီး သူတို့နှင့် အပေးအယူတည့်အောင် လုပ်ဆောင်ခိုင်းနိုင်မည် မဟုတ်ပါလား။ စခရင်ကို ဖောက်ထွက်မတတ် စူးစိုက်ကြည့်နေသော အကျိုးဆောင်များ၏ အကြည့်များအောက်တွင်ပင် စုဟယ်မှာ စကားဆက်ပြောသည်။

“ဒီနေ့ အင်တာဗျူးကို မစခင်မှာ အားလုံးကို သေသေချာချာစဉ်းစားစေချင်ပါတယ်၊ တကယ်လို့ ဟဲယဲ့တည်းခိုခန်းနဲ့ ပတ်သက်ပြီး သိချင်တာရှိရင် ကျွန်မကို တိုက်ရိုက်မေးနိုင်ပါတယ်၊ ကျွန်မ (၁၀) မိနစ်အချိန်ပေးပြီး ဖြေပေးပါ့မယ်၊ တကယ်လို့ ဟဲယဲ့တည်းခိုခန်းက ရှင်တို့ရဲ့မျှော်မှန်းချက်နဲ့ မကိုက်ညီဘူးလို့ ခံစားရရင်တော့ ဒီအစည်းအဝေးကနေ တိုက်ရိုက်ထွက်ခွာသွားနိုင်ပါတယ်”

စုဟယ် ဤသို့ပြောလိုက်သောအခါ အကျိုးဆောင် နှစ်ဦးစလုံးမှာ လုံးဝကို စိတ်ပျက်သွားကြတော့သည်။ ဘယ်လို သူဌေးကများ အင်တာဗျူးတောင် မစရသေးဘဲ လူတွေကို နှုတ်ထွက်သွားဖို့ တိုက်တွန်းရသလဲ။

ယွမ် (၂) သိန်း၊ ယွမ် (၂) သိန်းကြီးများတောင် လိပ်ပြာလေးတွေလို ပျံထွက်သွားတော့မှာပါလား။

All Chapters