အခန်း ၂၀၂
Vol. 21 Ch. 202
202
အင်တာဗျူးတစ်ခုအတွင်းမှာ ဒီလိုပွင့်လင်းလွန်းသည့် သူဌေးမနှင့်တိုးရသည်မှာ တကယ့်ကို ရှားပါးလှသည့် အတွေ့အကြုံပင်ဖြစ်လိမ့်မည်။ စုဟယ်၏စကားအဆုံးမှာတော့ လျှောက်ထားသူ နှစ်ဦးသည် ဤအလုပ်မှာ ယုံကြည်စိတ်ချရခြင်းမရှိဟု ယူဆကာ အွန်လိုင်းအစည်းအဝေးမှ ချက်ချင်း ထွက်ခွာသွားကြတော့သည်။ စုဟယ်မှာ သူမအခြေအနေများကို အကုန်ချပြလိုက်ပြီဖြစ်သဖြင့် အကျိုးဆောင်ကျား နှင့် အကျိုးဆောင်ရီတို့လည်းစိတ်ကို တင်းထားပြီး ရှေ့ဆက်ရတော့သည်။
“လျှောက်ထားသူတို့ခင်ဗျာ သိချင်တာတွေရှိရင် မေးမြန်းနိုင်ပါတယ်”
ဝတ်စုံအပြည့်ဖြင့် ခန့်ခန့်ညားညားရှိလှသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးမှ စတင်မေးမြန်းလိုက်သည်။
“ကျွန်တော်သိချင်တာကတော့ ဟဲယဲ့တည်းခိုခန်းရဲ့ ရှယ်ယာဖွဲ့စည်းပုံက ဘယ်လိုရှိပါသလဲ”
“ဟဲယဲ့တည်းခိုခန်းကို အသစ်ပြန်ဆောက်ရတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့ရဲ့ (၆) ထပ် အဆောက်အအုံဟောင်းက ဖျက်သိမ်းမယ့် နယ်မြေထဲမှာ ပါသွားလို့ပါ၊ အဲဒီအတွက် ဖျက်သိမ်းမှု လျော်ကြေးငွေ အမြောက်အမြား ရထားသလို ပြင်ပ ရင်းနှီးမြှုပ်နှံမှုအချို့လည်း ရှိပါတယ်၊ ဒါပေမဲ့ အားလုံးစိတ်ချလို့ရတာကတော့ ဟဲယဲ့တည်းခိုခန်းရဲ့ တာဝန်အားလုံးက ကျွန်မဆီမှာပဲရှိပါတယ်၊ ရှယ်ယာရှင်တွေကြား ပဋိပက္ခဖြစ်မှာကိုတော့ စိုးရိမ်စရာမလိုပါဘူး”
စုဟယ် ရှင်းပြလိုက်သည်။ ဝတ်စုံနှင့် အမျိုးသားမှာ မျက်မှောင်ကြုတ်သွား၏။ ဟဲယဲ့တည်းခိုခန်းမှာ နောက်ခံအင်အားမရှိဘဲ လျော်ကြေးငွေရလို့ ချမ်းသာလာသည့် အိမ်ထောင်စုတစ်ခုပဲလား။ ဒါက ဟာသလုပ်နေတာလား။ သူသည်လည်း အစည်းအဝေးခန်းမှ ထွက်ခွာသွားခဲ့သည်။ နောက်ထပ် ကျော့ရှင်းသော အမျိုးသမီးတစ်ဦးမှ မေးပြန်သည်။
“ဟဲယဲ့တည်းခိုခန်းက ဖျော်ဖြေရေးလောကနဲ့ မကြာခဏအဆက်အသွယ်ရှိတယ်လို့ သိရပါတယ်၊ တည်းခိုခန်းမှာ အဲဒီနဲ့ပတ်သက်တဲ့ အဆက်အသွယ် အရင်းအမြစ်တွေ ရှိပါသလား”
စုဟယ် ခေါင်းခါပြလိုက်သည်။
“မရှိပါဘူး ကျွန်မတို့ တည်းခိုခန်းမှာ ရုပ်ရှင်အဖွဲ့တွေထဲမှာ တိရစ္ဆာန်သရုပ်ဆောင်အဖြစ် အလုပ်လုပ်နေတဲ့ ခပ်သွက်သွက်ကျီးကန်းတစ်ကောင်ပဲရှိပါတယ်”
ကျော့ရှင်းသော အမျိုးသမီးမှာ စိတ်ပျက်သွားပြီး အစည်းအဝေးခန်းမှ ထွက်ခွာသွားပြန်သည်။ မေးခွန်းများစွာ မေးမြန်းပြီးနောက်တွင် စုဟယ်သည် လျှောက်ထားသူများ၏ ဟဲယဲ့တည်းခိုခန်းအပေါ် ထားရှိသည့် စိတ်ကူးယဉ်အယူအဆများကို တစ်ခုပြီးတစ်ခု ရိုက်ချိုးပစ်လိုက်ရာ အစည်းအဝေးခန်းထဲတွင် လူဦးရေမှာ တဖြည်းဖြည်း နည်းပါးလာတော့၏။ အကျိုးဆောင်ကျား နှင့် အကျိုးဆောင်ရီတို့၏ သက်ပြင်းချသံများကို စုဟယ် အကြိမ်ကြိမ်ကြားနေရသော်လည်း သူမမှာတော့ အင်တာဗျူးလာသူများကို စစ်ထုတ်ရန်အတွက် ဤသို့တမင်တကာ လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤလျှောက်ထားသူများသည် တကယ့်လက်တွေ့နှင့် မကိုက်ညီသော မျှော်လင့်ချက်များ၊ စိတ်ကူးယဉ်မှုများဖြင့် ဟဲယဲ့တည်းခိုခန်းသို့ရောက်လာပြီးမှ စိတ်ကူးနှင့် လက်တွေ့ တခြားစီဖြစ်နေသည်ကိုသိရှိကာ အရာအားလုံးကို ပစ်ချပြီးထွက်သွားကြမည်ကို သူမ မလိုလားပေ။ အစကတည်းမှ ဘာမှမရှိသည့် အခြေအနေထက်စာလျှင် လုပ်လက်စတန်းလန်းနှင့် ပျက်စီးနေသည့် အခြေအနေကို ပြန်လည် ဆယ်ယူရန်မှာ ပို၍ ခက်ခဲလှသည် မဟုတ်ပါလား။
“နောက်ထပ် မေးစရာရှိပါသေးလား”
အကျိုးဆောင်ကျားမှာအစည်းအဝေးခန်းထဲတွင် ကျန်ရှိနေသည့် လျှောက်ထားသူ (၁၀) ဦးကို ကြည့်ကာ အားမပါသော အသံဖြင့် မေးလိုက်သည်။ မျက်နှာဖောင်းဖောင်းနှင့် အမျိုးသမီးတစ်ဦး မေးလိုက်၏။
“ကျွန်မမှာ မေးစရာတစ်ခုရှိပါတယ်၊ အလုပ်ခေါ်စာမှာရေးထားတဲ့ လစာက တကယ်ပဲလား"
နောက်ဆုံးတော့ စုဟယ်ယုံကြည်ချက်အပြည့်နှင့်ဖြေနိုင်မည့် မေးခွန်းတစ်ခု ရောက်လာခဲ့ပြီဖြစ်သည်။
“တကယ်ပါ ကျွန်မတို့ရဲ့လစာဖွဲ့စည်းပုံက အခွန်မဆောင်ခင် တစ်လကို ယွမ် (၈) သောင်းဖြစ်ပြီး တစ်နှစ်ကို (၁၃) လစာပေးပါတယ်၊ ဒါကြောင့် နှစ်စဉ် အခြေခံလစာက ယွမ် (၁.၀၄)သန်းရှိပါမယ်၊ နှစ်ကုန်မှာတော့ အလုပ်လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး အပိုဆုကြေး တွေထုတ်ပေးမှာဖြစ်သလို တကယ်လို့ စွမ်းဆောင်ရည် အလွန်ကောင်းမွန်မယ်ဆိုရင် ဟိုတယ်ရဲ့ဝင်ငွေအပေါ် မူတည်ပြီး အမြတ်ဝေစုခံစားခွင့်လည်းရှိပါမယ်၊ ဒါတွေအားလုံးကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုနိုင်ပါတယ်၊ နှစ်စဉ်လစာ (၁.၀၄) သန်း ကတော့ အသေအချာရရှိမှာဖြစ်ပြီး အပိုဆုကြေးတွေလည်း ရှိပါမယ်၊ အမြတ်ဝေစုကတော့ နှစ်ကုန်ဝင်ငွေအပေါ် မူတည်ပါလိမ့်မယ်”
စုဟယ်မှာ လစာ၏စစ်မှန်မှုကို ထပ်လောင်း အာမခံလိုက်သည်။ ဤငွေများအားလုံးမှာ ဟဲယဲ့တည်းခိုခန်း၏ ကျေးဇူးရှင်ကြီးဖြစ်သော အိပ်ပျော်နေသောမင်းသမီးလေး၏ကုတင်ထံမှ ရရှိလာခြင်းဖြစ်၏။ အကျိုးဆောင်ကျား မှာ အမြန်ပင် ဝင်ပြောလိုက်သည်။
“လစာနဲ့ ပတ်သက်လို့တော့ အားလုံး စိတ်ချနိုင်ပါတယ်ခင်ဗျာ”
ဘုရားရေ (၁၀) မိနစ်ပြီးမှ သူဝင်ပြောလို့ရမည့် အခွင့်အရေးတစ်ခုရခဲ့ပြီပင်။ အကျိုးဆောင်ကျားသည် ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ လျှောက်ထားသူများကို လစာနှင့် ခံစားခွင့်များ၏ ခိုင်မာမှုကို အားတက်သရော ထပ်လောင်းရှင်းပြတော့၏။
“ကျွန်မမှာတော့ နောက်ထပ် မေးစရာမရှိတော့ပါဘူး”
မျက်နှာဖောင်းဖောင်းနှင့် အမျိုးသမီးမှာ ဟဲယဲ့တည်းခိုခန်းမှ ပေးမည့် လစာအပေါ် သိသိသာသာ ကျေနပ်သွားပုံရသည်။ အကျိုးဆောင်ကျား၏မျက်နှာတွင် အပြုံးများဝေဆာသွားသည်။ ဤအခက်ခဲဆုံး အပိုင်းကို နောက်ဆုံးတော့ ကျော်ဖြတ်နိုင်ခဲ့ပြီ။
“ကောင်းပါပြီ ဒါဆိုရင် တစ်ဦးချင်း အင်တာဗျူးတွေကို ဆက်သွားပါမယ်၊ ကျန်ရှိတဲ့လျှောက်ထားသူ (၈) ဦးကို တစ်ယောက်ချင်းစီ အသစ်ဖွင့်ထားတဲ့ ဧည့်ခန်းထဲကို ဖိတ်ခေါ်ပါမယ်၊ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးကြပါ”
ပထမဆုံးအင်တာဗျူးပင် မစရသေးမီ လျှောက်ထားသူ (၃၀) ထဲမှ (၈) ဦးသာ ကျန်ရှိတော့ခြင်းမှာ တကယ့်ကိုအံ့ဩစရာ ကောင်းလှသည်။ ကျန်ရှိသူ (၈) ဦးသာရှိတော့သဖြင့် စုဟယ်မှာ သူမ ပြင်ဆင်ထားသည့် မေးခွန်းများကို မေးရန် အချိန်ပိုမိုရရှိသွား၏။ သူမမေးခွန်းများမှာ ဝေဝါးမနေဘဲ အလွန်တိကျလှသည်။
“ကျွန်မတို့ တည်းခိုခန်းက နေရာသစ်ကို ရွှေ့ပြောင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်၊ အရင်ပုံမှန်လာနေကျ ဧည့်သည်ဟောင်းတွေကို ဒီအကြောင်း ဘယ်လို အသိပေးသင့်သလဲ”
“တည်းခိုခန်းအသစ်ရဲ့ တည်နေရာက အတော်လေး အလှမ်းဝေးပါတယ်၊ ဒါကို ဘယ်လို ဖြေရှင်းသင့်သလဲ”
“အဖွဲ့အစည်းအသစ်တစ်ခု တည်ဆောက်ဖို့အတွက် ခန့်မှန်းခြေ ဘတ်ဂျက်က ဘယ်လောက်လိုအပ်မလဲ”
မေးခွန်းတိုင်းမှာ ဟဲယဲ့တည်းခိုခန်းအတွက် အမြန်ဆုံးဖြေရှင်းရန်လိုအပ်နေသည့် ကိစ္စရပ်များဖြစ်ကြပြီး ဤမေးခွန်းများကြောင့် အစကယုံကြည်မှု ရှိနေသည့် လျှောက်ထားသူများပင် ချွေးပြန်သွားကြရသည်။ ထို့အပြင် လျှောက်ထားသူ (၂) ဦးမှာ မေးခွန်းများကိုကြားပြီးနောက် အင်တာဗျူးမှ နှုတ်ထွက်လိုကြောင်း ပြောလာကြပြန်၏။ ယခုအချိန်တွင် လျှောက်ထားသူများသာမက အကျိုးဆောင်ကျား နှင့် အကျိုးဆောင်ရီတို့ပါ ချွေးပြန်နေကြပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် ရွေးချယ်စရာ လျှောက်ထားသူ (၆)ဦး ကျန်ရှိနေခဲ့၏။ အကျိုးဆောင်ကျားမှာသတိကြီးစွာဖြင့် မေးလိုက်သည်။
“သူဌေးစု အခုလျှောက်ထားသူ (၆) ယောက်ကျန်ပါတယ်၊ ဒုတိယအဆင့် အင်တာဗျူးကို ဘယ်တော့လောက် လုပ်ချင်ပါသလဲ”
အကျိုးဆောင်ရီမှာလည်း စုဟယ်မှာ ပထမအဆင့်မှာတင် လူအားလုံးကို ပယ်ထုတ်လိုက်ပြီး ရွေးချယ်စရာလူမကျန်တော့ဘဲ ကိုယ်ရေးရာဇဝင်များအား အစကနေပြန်ရှာရမှာကို အလွန်ကြောက်လန့်နေမိသည်။ ထိုသည်မှာ တကယ့်ကို ထိတ်လန့်စရာကောင်းလိမ့်မည်။
“ဒါဆိုရင် လျှောက်ထားသူတွေ ဘယ်အချိန်အဆင်ပြေမလဲဆိုတာကို အကျိုးဆောင်တို့ဘက်က ဆက်သွယ်ပေးပါ၊ ဒုတိယအဆင့်ကိုတော့ လူကိုယ်တိုင်တွေ့ အင်တာဗျူးလုပ်ပါမယ်၊ တည်းခိုခန်းက ဝန်ထမ်းတွေလည်း မန်နေဂျာ ရွေးချယ်တဲ့နေရာမှာ ပါဝင်ကြပါလိမ့်မယ်”
ကျန်ရှိနေသည့် (၆)ဦးလုံးမှာ အတော်လေး ထူးချွန်ကြပြီး ကိုယ်စီအားသာချက်များရှိကြသဖြင့် စုဟယ်မှာ သူတို့အားလုံးကို နောက်တစ်ဆင့်သို့ တိုက်ရိုက်တက်ခွင့်ပေးလိုက်သည်။
“ဒုတိယအဆင့် အင်တာဗျူးကို လူကိုယ်တိုင်တွေ့လုပ်မှာလား"
အကျိုးဆောင်ကျားမှာ စုဟယ်တစ်ယောက် လုပ်ငန်းခွင်စည်းမျဉ်းများကို နားမလည်မည်စိုးသဖြင့် ပုံမှန်အားဖြင့် တတိယအဆင့်ရောက်မှသာ လျှောက်ထားသူတွေသည် သူဌေးနှင့် တွေ့ရလေ့ရှိကြောင်း ရှင်းပြလိုက်သည်။ စုဟယ်မှာတော့ တတိယအဆင့်အထိ သွားရန် အစီအစဉ်မရှိပေ။
“တိုက်ရိုက်ပဲလာခိုင်းလိုက်ပါ၊ နောက်တစ်ဆင့်က နောက်ဆုံးအင်တာဗျူး ဖြစ်ပါလိမ့်မယ်၊ အကျိုးဆောင်တို့ဘက်ကလည်း လျှောက်ထားသူတစ်ယောက်ချင်းစီကို သေသေချာချာအတည်ပြုပေးပါ၊ နောက်တစ်ဆင့် အင်တာဗျူးပြီးတာနဲ့ ရွေးချယ်ခံရတဲ့သူကို ကျွန်မ ချက်ချင်း ကြေညာမှာဖြစ်လို့ ရွေးချယ်ခံရပြီးမှ အလုပ်မဆင်းနိုင်ဘူးလို့ မပြောရအောင် သူတို့ဘက်က အပြည့်အဝ ပြင်ဆင်လာဖို့ ပြောပေးပါ”
အကျိုးဆောင်ကျားမှာ သက်ပြင်းချနိုင်သွားသည်။ အင်တာဗျူးတစ်ဆင့် လျော့သွားခြင်းမှာ ကောင်းပါသည်။ ယွမ် (၂) သိန်းဆီသို့ ခြေတစ်လှမ်းပိုနီးကပ်သွားပြီ မဟုတ်ပါလား။
“ပြဿနာ မရှိပါဘူး၊ လျှောက်ထားသူတွေနဲ့ အဆင်ပြေအောင် ကျွန်တော် သေချာညှိနှိုင်းပေးပါ့မယ်”
အကျိုးဆောင်ကျား ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ အကျိုးဆောင်ကျားနှင့် အကျိုးဆောင်ရီတို့သည် လျှောက်ထားသူများကို ဆက်သွယ်ရန် လိုင်းဆင်းသွားကြ၏။ သို့သော် သိပ်မကြာခင်မှာပင် အကျိုးဆောင်ကျားမှာ တုန်တုန်ရင်ရင်ဖြင့် စုဟယ်ကိုပြန်လည် ဆက်သွယ်လာသည်။
“ဒီလိုပါ သူဌေးစု အခြေအနေ ထူးခြားချက်လေးတစ်ခု ပေါ်လာလို့ပါ”
အကျိုးဆောင်ရီမှာလည်း စုဟယ်ထံသို့ ဒူးထောက်တောင်းပန်နေသည့် အီမိုဂျီလေးတစ်ခု ပို့လာသည်။
“သူဌေးစု ကျွန်တော် ပြောသင့်မပြောသင့်မသိတဲ့ ကိစ္စတစ်ခုရှိနေလို့ပါ”