← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

203

စုဟယ်သည် အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရင်း သက်ပြင်းရှည်ကြီးတစ်ချက်ကို ခိုးချလိုက်မိသည်။ သူမ တွေးပူနေမိ၏။

'ဒီလျှောက်ထားသူတွေထဲက တစ်ယောက်မှလာနိုင်မှာ မဟုတ်တော့တာများလား'

အကျိုးဆောင်ရီ မှာအားနာဟန်ဖြင့် စတင်ပြောဆိုလာသည်။

“သူဌေးစု၊ ကျွန်တော့်ဘက်က လျှောက်ထားသူတွေက ဒုတိယအဆင့် အင်တာဗျူးပုံစံကို သူဌေးအနေနဲ့ ပြန်စဉ်းစားပေးဖို့ မျှော်လင့်နေကြပါတယ်”

စုဟယ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

“ဘာဖြစ်လို့လဲ"

အကျိုးဆောင်ရီ ဆက်လက်ရှင်းပြသည်။

“နောက်ဆုံးအဆင့် အင်တာဗျူးမှာ ဝန်ထမ်းတွေကိုပါ ပူးပေါင်းပါဝင်ခိုင်းမယ်လို့ သူဌေးပြောခဲ့တယ်မဟုတ်လား၊ လျှောက်ထားသူတွေကတော့ အဲဒီအစီအစဉ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြပါတယ်”

စုဟယ် နားမလည်နိုင်အောင် ဖြစ်သွားရသည်။

“ဘာကွာခြားလို့လဲ တခြားကုမ္ပဏီတွေမှာလည်း အင်တာဗျူးစစ်တဲ့သူက တစ်ယောက်တည်းမှ မဟုတ်တာ၊ အစိုးရဝန်ထမ်းစာမေးပွဲတွေမှာတောင် အနည်းဆုံး လူခုနစ်ယောက်လောက် စစ်ကြတာပဲလေ ကျွန်မတို့ တည်းခိုခန်းမှာက ကျွန်မအပါအဝင်မှ စောင့်ကြည့်မယ့်သူ (၁၁) ယောက်ပဲ ရှိမှာပါ”

အကျိုးဆောင်ရီ ချော့မော့သော အပြုံးဖြင့် ဆိုသည်။

“ဟုတ်ကဲ့ပါ အဲဒါကတော့ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ တခြားကုမ္ပဏီတွေမှာ အင်တာဗျူးစစ်တဲ့သူတွေက အလယ်အလတ် စီမံခန့်ခွဲရေးပိုင်း ဒါမှမဟုတ် ကျွမ်းကျင်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ထမ်းတွေ ဖြစ်ကြတာလေ၊ အခုက သာမန်ဝန်ထမ်းတွေက အင်တာဗျူးစစ်မယ်ဆိုတော့ သူတို့ အလုပ်ခန့်ခံရရင်တောင် အလုပ်လုပ်ရတာ ခက်ခဲသွားမှာကို လျှောက်ထားသူတွေက စိုးရိမ်နေကြတာပါ”

စုဟယ် မျက်မှောင်ကြုတ်သွားသည်။ အကျိုးဆောင်ရီ မှာဆက်လက်ဖျောင်းဖျပြန်သည်။

“သူဌေးစု၊ ဟဲယဲ့တည်းခိုခန်းက အထက်အောက် အဆင့်ဆင့်မဟုတ်ဘဲ တန်းတူညီတူ စီမံတဲ့ပုံစံ သုံးတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ အထွေထွေမန်နေဂျာ ရာထူးက အရမ်းအရေးကြီးသလို ထူးခြားတဲ့ အနေအထားလည်း ဖြစ်နေတယ်လေ၊ လျှောက်ထားသူတွေရဲ့ ဒီတောင်းဆိုချက်က သိပ်တော့ မလွန်ဘူးမလား သာမန်ဝန်ထမ်းတွေကို နောက်ပိုင်း အင်တာဗျူးအဆင့်တွေကျမှ ပေးပါဝင်လည်း ရတာပဲလေ၊ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ဆုံးဖြတ်ချက်ချမှာက သူဌေးပဲ မဟုတ်လား”

စုဟယ်မှာတော့ ခေါင်းကိုသာ ခါယမ်းလိုက်သည်။ တကယ်တော့ ထိုသို့ မဟုတ်ပေ။ သူမ ဝန်ထမ်းအားလုံးကို ပါဝင်ခိုင်းသည်ဆိုကတည်းက သူတို့အားလုံး၏ သဘောထားကို ထည့်သွင်းစဉ်းစားမည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူမသည် ရှောင်ရှီး နှင့် ဝက်သစ်ချပင်ကိုပါ ခေါ်ယူရန်ပင် စိတ်ကူးထားသေးသည်။

“တကယ်လို့ တစ်ဖက်လူက ဒီအချက်ကို လုံးဝ လက်မခံနိုင်ဘူးဆိုရင်တော့ ဒီလျှောက်ထားသူက ကျွန်မတို့ ရာထူးနဲ့ မသင့်တော်ဘူးလို့ပဲ ထင်ပါတယ်”

စုဟယ် အလွန်ပြတ်သားစွာ ပြောလိုက်သည်။ သူမ ရှာနေသည်မှာ ဟဲယဲ့တည်းခိုခန်းအတွက် မန်နေဂျာတစ်ဦးဖြစ်ပြီး အရှင်သခင်တစ်ယောက် မဟုတ်ပေ။ တည်းခိုခန်းထဲကို ခြေမချရသေးခင်မှာတင် တောင်းဆိုချက်တွေ ဒီလောက်များနေရင် တကယ်လည်း အထွေထွေမန်နေဂျာ ဖြစ်သွားရော တောင်းဆိုချက်တွေ ပိုမများလာပေဘူးလား။ ဒါ့အပြင် ဒီလျှောက်ထားသူသည် သာမန်ဝန်ထမ်းများကို ဘာကြောင့် ဒီလောက်အထိ စိုးရိမ်နေရတာလဲ။ သူတို့ရှေ့မှာ စွမ်းဆောင်ရည်မပြနိုင်ဘဲ အရှက်ကွဲမှာ ကြောက်နေတာလား။ အကျိုးဆောင် ရီ မှာတော့ ထပ်မံကြိုးစားကြည့်ချင်သေးသည်။

“ဒါပေမဲ့ လျှောက်ထားသူ နှစ်ယောက်က အင်တာဗျူး လုပ်ငန်းစဉ်ကို ပြင်ဆင်ပေးဖို့ မျှော်လင့်နေကြတာပါ”

စုဟယ်မှာတော့ တုန်လှုပ်ခြင်း မရှိပေ။

“ရပါတယ် သူတို့ လက်မခံနိုင်ရင်လည်း ထားလိုက်ပါတော့၊ ကျွန်မတို့ ဝန်ထမ်းတွေက သာမန်ဝန်ထမ်းတွေ မဟုတ်ကြဘူး သူတို့အားလုံးက ရေရှည်လက်တွဲလာတဲ့ ဝန်ထမ်းတွေဖြစ်ပြီး ဟဲယဲ့တည်းခိုခန်းရဲ့ အလုပ်တွေကို ကျွန်မထက်တောင် ပိုပြီး အသေးစိတ် သိကြတဲ့သူတွေပါ”

အကျိုးဆောင်ရီ သက်ပြင်းချလိုက်မိသည်။ မူလက နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်သူ (၆) ဦး ရှိခဲ့ရာတွင် သူ့ဘက်မှ (၃) ဦးနှင့် အကျိုးဆောင် 'ကျား' ဘက်မှ (၃) ဦး ဖြစ်သည်။ ယခုတော့ သူ့တွင် လျှောက်ထားသူ တစ်ဦးတည်းသာ ကျန်တော့သဖြင့် ယွမ် (၂) သိန်း ရဖို့ရာ မျှော်လင့်ချက် နည်းပါးသွားပြီ ဖြစ်သည်။ အကျိုးဆောင် 'ရီ' သည် သူ့အား မကူညီဘဲ အခက်အခဲဖြစ်စေသော လျှောက်ထားသူများကို စိတ်ထဲမှ တိတ်တဆိတ် မကျေမနပ် ဖြစ်နေမိသည်။ အကျိုးဆောင် ကျား ဘက်မှ လူတွေကျတော့ ဘာလို့ ဒီလို ပြဿနာတွေ မရှိကြတာလဲ။

အခြားတစ်ဖက်တွင်လည်း

“ဟူး"

အကျိုးဆောင်ကျား သည် သူ့ဆံပင်များကို ဆွဲဖွရင်း စိတ်ညစ်နေတော့သည်။ သူ တကယ်ကို မမျှော်လင့်ထားခဲ့ပေ။ ယွမ် (၂) သိန်းမှာ သူ့လက်ထဲရောက်ခါနီးပြီဟု ထင်ထားကာမှ ယခုလို အခြေအနေမျိုးနှင့် တိုးရတော့သည်။ သူ့မျက်နှာကို သူ ပြန်ရိုက်လိုက်သလို ဖြစ်မနေဘူးလား။ အကျိုးဆောင်ကျား တစ်ယောက် ထပ်မံ သက်ပြင်းချလိုက်ပြန်၏။ အဓိကတော့ သူ သေသေချာချာ စုံစမ်းစစ်ဆေးမှု မလုပ်ခဲ့မိခြင်းကြောင့်ပင် ဖြစ်သည်။ သူ အလွန်အမင်း အားကိုးထားသည့် အမျိုးသမီးလျှောက်ထားသူမှာ ကိုယ်ဝန် ခုနစ်လရှိနေပြီဟု ဆိုလာသည်။ အကျိုးဆောင်ကျားမှာတော့ သူမ၏ ညှိုးနွမ်းနေသည့် မျက်နှာသွင်ပြင်နဲ့ ဖောင်းအစ်နေသည့်ပုံစံကို အနားယူမှုမလုံလောက်၍ဟု ရိုးရိုးသားသား ထင်ထားခဲ့မိသည်။ သူမမှာ ကိုယ်ဝန်ရှိနေလိမ့်မည်ဟု ဘယ်လိုလုပ် ထင်ပါ့မည်နည်း။

ဤအမျိုးသမီးမှာ နိုင်ငံတစ်ဝန်း အနှံ့အပြားရှိသည့် Howard Johnson ဟိုတယ်လုပ်ငန်းစုကြီးတွင် ဒေသဆိုင်ရာ မန်နေဂျာအဖြစ် (၁၆) နှစ်ကြာ လုပ်ကိုင်ခဲ့သူဖြစ်သည်။ ယခုနှစ်တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာသည်နှင့်အမျှ သူမသည် တရုတ်အရှေ့ပိုင်းဒေသ၏အထွေထွေမန်နေဂျာအဖြစ် ရာထူးတိုးတော့မည်ဟု အကျိုးဆောင်ကျား ထင်ထားခဲ့သဖြင့် လျှောက်ထားသူစာရင်းထဲတွင် သူမကို ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမသည် နိုင်ငံကျော် ဟိုတယ်လုပ်ငန်းစုကြီးတစ်ခု၏ ဒေသဆိုင်ရာ မန်နေဂျာတစ်ယောက်ပင် မဟုတ်လား။ နာမည်မရှိသည့် ဟဲယဲ့တည်းခိုခန်းလို နေရာမျိုးကို လာဖို့ ဘာကြောင့် စဉ်းစားမှာလဲ။ ဟဲယဲ့တည်းခိုခန်းမှ ပေးမည့်လစာ မြင့်မားသည်ဆိုသော်လည်း ပေးအပ်နိုင်မည့် အခွင့်အလမ်းနှင့် အရင်းအမြစ်များမှာ နိုင်ငံကျော် ဟိုတယ်လုပ်ငန်းစုကြီးနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျလှသည်။ ဒါ့အပြင် လုပ်ငန်းစုကြီးမှာဆိုရင် ရာထူးတိုးဖို့ အခွင့်အလမ်းများ ရှိနေသေးသလို အသက်မွေးဝမ်းကျောင်း တိုးတက်မှု အကန့်အသတ်မှာလည်း ပိုမိုမြင့်မား၏။ အကျိုးဆောင်ကျား အနေဖြင့် ထိုအမျိုးသမီးမှာ ကိုယ်ဝန်ရှိနေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ အားလုံး အလကား ဖြစ်သွားရပြီလား။ တကယ်လို့ သူမမှာ ကိုယ်ဝန်ရှိမှန်းသာ ကြိုသိခဲ့လျှင် ဟဲယဲ့တည်းခိုခန်းတွင် အင်တာဗျူးရန် သူ ဘယ်တော့မှ အကြံပြုခဲ့မည် မဟုတ်ပေ။ အကျိုးဆောင်ကျား မှာစုဟယ်ကို ရှင်းပြလိုက်သည်။

“သူဌေးစု ဒီလိုပါ၊ ကျွန်တော်တို့ဘက်က လျှောက်ထားသူ တစ်ယောက်က ကိုယ်ဝန်ရှိနေလို့ပါ၊ အဲဒါကြောင့် ဒီနောက်ဆုံး အင်တာဗျူးကို"

စုဟယ် ကိုယ်ရေးရာဇဝင်ကို ဖွင့်ကြည့်လိုက်သည်။ အကျိုးဆောင်ကျား အကြံပြုထားသည့် လျှောက်ထားသူ (၃) ဦးထဲတွင် အမျိုးသမီးတစ်ဦးသာ ပါဝင်သည်။

“ကျန်းရှန့်နန် လား"

အကျိုးဆောင်ကျား အနည်းငယ် စိတ်ဓာတ်ကျနေသော အသံဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့ သူပါပဲ”

“သူက အင်တာဗျူး မလာချင်တော့ဘူးလား"

စုဟယ် ခဲတံကိုထုတ်ကာ ကိုယ်ရေးရာဇဝင်ပေါ်တွင် ကြက်ခြေခတ် တစ်ခုခြစ်ရန် ပြင်လိုက်သည်။ သူမသည် ကျန်းရှန့်နန်ကို အစကတည်းက အတော်လေး သဘောကျထားခြင်းဖြစ်၏။ သူမတွင် လုပ်ငန်းအတွေ့အကြုံ ကြွယ်ဝသလို ထိပ်တန်း (၉၈၅) တက္ကသိုလ်တစ်ခုမှ ဟိုတယ်စီမံခန့်ခွဲမှု ဘာသာရပ်ဖြင့် ဘွဲ့ရထားသူလည်း ဖြစ်သည်။ ဤမျှ နှမြောစရာကောင်းသည့် အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အကျိုးဆောင်ကျား မှာ ကြောင်အမ်းအမ်းဖြင့် ‌မေးလိုက်သည်။

“ဗျာ"

စုဟယ် စိတ်ရှည်စွာဖြင့် ထပ်မေးလိုက်သည်။

“သူက အင်တာဗျူး မလာတော့ဘူးလို့ ပြောတာ မဟုတ်လား”

“မဟုတ်ပါဘူး မဟုတ်ပါဘူး၊ သူက မလာချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက ကိုယ်ဝန်ရှိနေတာလေ၊ ခုနစ်လတောင် ရှိနေပြီ"

အကျိုးဆောင်ကျား ရှင်းပြသည်။ ကြက်ခြေခတ်ခြစ်တော့မည့် စုဟယ်၏ လက်မှာ ရပ်တန့်သွား၏။ သူမ ဖုန်းထဲသို့ ဤသို့ ပြောလိုက်သည်။

“ဒါဆိုလည်း သူ့ကို လာခိုင်းလိုက်ပါ”

အကျိုးဆောင်ကျား မယုံနိုင်အောင် ဖြစ်သွားရသည်။

“ဒါပေမဲ့ သူက ကိုယ်ဝန်နဲ့လေ"

“သိပါတယ်၊ အခုလေးတင် ရှင်ပြောပြီးပြီလေ”

စုဟယ် အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။ အကျိုးဆောင်ကျား တံတွေး တစ်ချက်မျိုချလိုက်မိ၏။

“ဒါပေမဲ့ သူက ကိုယ်ဝန်ခုနစ်လနီးပါးရှိနေပြီ၊ အလွန်ဆုံး သုံးလနေရင် သူ မီးဖွားခွင့် ယူရတော့မှာ၊ တည်းခိုခန်းသစ်က နောက် (၆) လနေရင် ဖွင့်မယ်လို့ သူဌေးခန့်မှန်းထားတာ မဟုတ်လား”

စုဟယ် အသံပြုလိုက်သည်။

“အဲဒါက ဘာမှ မနှောင့်နှေးစေပါဘူး၊ လျှောက်ထားသူ ကိုယ်တိုင်ကသာ ပိုပြီး ပင်ပန်းရမှာပါ၊ တကယ်လို့ သူမကို ခန့်ဖြစ်ခဲ့ရင် မီးဖွားခွင့်ယူနေချိန်မှာတောင် အလုပ်နဲ့ လုံးဝပြတ်စဲသွားလို့မရဘဲ အဝေးကနေ အလုပ်လုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်"

အကျိုးဆောင်ကျား အလွန်အမင်း ဝမ်းသာသွားပြီး သူ့ရင်ဘတ်ကို သူပုတ်ကာ အာမခံလိုက်သည်။

“စိတ်ချပါ သူဌေးစု ကျန်းရှန့်နန်ကို ကျွန်တော် သေသေချာချာ ရှင်းပြလိုက်ပါ့မယ်”

တကယ့်ကို မမျှော်လင့်ထားတဲ့ ဝမ်းသာစရာ သတင်းပဲ ဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ အကျိုးဆောင်ကျားသည် အတော်လေး ယုံကြည်မှုရှိနေ၏။ ကျန်းရှန့်နန်မှာ ဤလုပ်ငန်းနယ်ပယ်တွင် အလုပ်ကို အလွန်အမင်း ရူးသွပ်သူ အဖြစ် နာမည်ကျော်သူဖြစ်သည်။ အရင်က သူ သတင်းအချက်အလက် သေသေချာချာ မစုဆောင်းမိခဲ့ဘဲ ကျန်းရှန့်နန် ကိုယ်ဝန်ရှိနေမှန်း မသိခဲ့ခြင်းမှာ သူ့အမှားသာ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ ကျန်းရှန့်နန်၏ အခြေအနေကို သူ သေသေချာချာ နားလည်သွားပြီဖြစ်ရာ နောက်ထပ် အမှားအယွင်း ရှိတော့မည် မဟုတ်ပေ။ စုဟယ်၏ လိုအပ်ချက်များကိုလည်း အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်မှာ သေချာလှသည်။

All Chapters