အခန်း ၂၀၄
Vol. 21 Ch. 204
204
အကျိုးဆောင်ကျား ဘာမှထပ်မပြောရသေးခင်မှာတင် ကျန်းရှန့်နန်မှာ ကတိတစ်ခုပေးလိုက်သည်။
“ကျွန်မရဲ့ ကိုယ်ဝန်က အလုပ်အပေါ် ဘာသက်ရောက်မှုမှ မရှိစေရဘူးလို့ အာမခံပါတယ်”
ကျန်းရှန့်နန်အနေဖြင့် ဟဲယဲ့တည်းခိုခန်းမှာ သူမကို ဤအခွင့်အရေးပေးလိမ့်မည်ဟု တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။ သူမသည် Howard Johnson ဟိုတယ်လုပ်ငန်းစုတွင် (၁၆) နှစ်ကြာ အလုပ်လုပ်ခဲ့သူဖြစ်သည်။ ဘာမှမသိနားမလည်သည့် ကျောင်းဆင်း စီမံခန့်ခွဲမှုသင်တန်းသားဘဝမှ ဒေသဆိုင်ရာမန်နေဂျာဖြစ်လာသည်အထိ သူမသည် ခဏတောင် အနားမယူဘဲ တစ်စိုက်မတ်မတ် ကြိုးစားခဲ့ရ၏။ လောကတွင် အရာရာပြည့်စုံဖို့ဆိုသည်မှာ ရှားပါးလှသည်ဖြစ်ရာ အသက်မွေးဝမ်းကျောင်း တိုးတက်ဖို့အတွက် သူမသည် မိသားစုကို အချိန်မပေးနိုင်ဘဲ လျစ်လျူရှုထားခဲ့ရသည်။ ကံကောင်းသည်မှာ သူမ၏ဘဝလက်တွဲဖော်သည် လက်ရေးလှပညာနောက်ခံရှိသည့် ပညာတတ်မိသားစုမှဖြစ်ပြီး သူမ၏ရွေးချယ်မှုမှန်သမျှကို နားလည်ပေးကာ ပံ့ပိုးပေးခဲ့ခြင်းပင်။ ပုဂ္ဂလိကလုပ်ငန်းများမှာ အမြတ်အစွန်းကိုသာ ဦးစားပေးသည်ဖြစ်ရာ ကျန်းရှန့်နန်သည် သူမ၏ရာထူးကို ထိန်းသိမ်းနိုင်ရန် ကိုယ်ဝန်ဆောင်ဖို့ပင် မဝံ့ရဲခဲ့ပေ။ ယခုနှစ်တွင် ကိုယ်ဝန်ယူရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း သေသေချာချာ စဉ်းစားပြီးမှဖြစ်သည်။ တစ်ဖက်တွင်လည်း သူမ အသက်ကြီးလာပြီဖြစ်ရာ (၃၈ နှစ် ရှိပြီဖြစ်သဖြင့် အသက်ကြီးမှ ကလေးယူသည့် မိခင်အမျိုးအစားဖြစ်သည်) နောက်ထပ်နှစ်နှစ်ဆိုလျှင် သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ခြေ ပိုနည်းသွားမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း Howard Johnson ဟိုတယ်လုပ်ငန်းစု၏ လက်ရှိ တရုတ်အရှေ့ပိုင်းဒေသ အထွေထွေမန်နေဂျာသည် နောက်နှစ်တွင် အနားယူတော့မည်ဖြစ်ရာ ထိုရာထူးကို ရရှိမည်ဟု သူမ ယုံကြည်ချက်ရှိနေသည်။ သူမ စီမံခန့်ခွဲသည့် ဟိုတယ်ခွဲများသည် တရုတ်အရှေ့ပိုင်းဒေသတွင် စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် နှစ်ပေါင်းများစွာ ဆက်တိုက် ရပ်တည်နိုင်ခဲ့သည် မဟုတ်ပါလား။ ကျန်းရှန့်နန် စီစဉ်ထားသည်မှာ ဤသို့ဖြစ်သည်။ ယခုနှစ်တွင် ကိုယ်ဝန်ယူကာ ကလေးမွေးမည်။ မီးဖွားခွင့်ပြီးဆုံးပါက နောက်နှစ် ဧပြီလတွင် အလုပ်ပြန်ဝင်မည်။ ထိုသို့ဆိုလျှင် သူမအနေဖြင့် အလုပ်ခွင်နှင့် ပြန်လည်အသားကျရန် အနည်းဆုံး (၆) လခန့် အချိန်ရမည်ဖြစ်သည်။ သူမ၏မိသားစုမှာလည်း အိမ်တွင်းရေးကိစ္စအားလုံးကို တာဝန်ယူပေးမည်ဖြစ်ရာ ဘာမှပူစရာမလိုဘဲ သူမ၏ အသက်မွေးဝမ်းကျောင်းကို အားသွန်ခွန်စိုက် ကြိုးပမ်းနိုင်မည်ဖြစ်၏။
ကျန်းရှန့်နန်သည် Howard Johnson အုပ်စု၏ ထိပ်တန်းခေါင်းဆောင်များနှင့် ဆက်ဆံရေးကောင်းရှိသည်ဟု ယုံကြည်ထားသူဖြစ်သည်။ သူမ ကိုယ်ဝန်ရပြီးနောက်တွင်လည်း သူမ၏ အစီအစဉ်များကို ခေါင်းဆောင်များအား အသိပေးခဲ့၏။ သို့သော် မမျှော်လင့်ဘဲ ထိုစဉ်က သူမကို ဂုဏ်ပြုပေးခဲ့သော ခေါင်းဆောင်များသည် ကိုယ်ဝန်ဆောင်ချိန်တွင် အလွန်အမင်း မပင်ပန်းစေရန် အလုပ်ဝန်ထုတ်ဝန်ပိုးကို ခွဲဝေယူပေးမည်ဟု အကြောင်းပြကာ သူမ၏ဘေးတွင် ဒုတိယမန်နေဂျာတစ်ဦးကို ခန့်အပ်လိုက်၏။ သို့သော် ထိုဒုတိယမန်နေဂျာသည် သူမ၏ အာဏာကို တဖြည်းဖြည်းနှင့် လျော့ကျသွားအောင် လုပ်ဆောင်လာတော့သည်။ ကျန်းရှန့်နန်မှာ နည်းလမ်းအမျိုးမျိုးဖြင့် စုံစမ်းကြည့်သောအခါ ထိုအထွေထွေမန်နေဂျာအသစ်မှာ ခေါင်းဆောင်များကို ဖားထားပြီးသားဖြစ်ကာ ရာထူးတက်ဖို့ အခွင့်အရေးကိုသာ စောင့်နေသူဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏ စွမ်းဆောင်ရည်မှာ အလွန်ထူးချွန်လွန်းနေသဖြင့် ခေါင်းဆောင်များသည် ရာထူးမှ ဖယ်ရှားဖို့ အကြောင်းပြချက် မရှာနိုင်ခဲ့ခြင်းသာဖြစ်၏။ ယခုတော့ သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ရာ ရက်စက်လှသော လုပ်ငန်းခွင်လောကမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သနားညှာတာလိမ့်မည် မဟုတ်ပေ။ ဒုတိယမန်နေဂျာမှာ သူမကို လှေကားထစ်သဖွယ် အသုံးချသွားခဲ့ပြီး လစ်လပ်မည့် တရုတ်အရှေ့ပိုင်းဒေသ အထွေထွေမန်နေဂျာ ရာထူးအတွက်လည်း ရွေးချယ်ထားသည့် လူရှိနေလောက်ပြီဖြစ်သည်။
သစ္စာဖောက်ခံရသည်ဟု ခံစားရသဖြင့် ကျန်းရှန့်နန်မှာ သူမ၏ အဆက်အသွယ်များကို သုံးကာ တရားမျှတမှု ရှာချင်သော်လည်း သူမမှာ ကိုယ်ဝန်နှင့်ဖြစ်နေသည်။ ကိုယ်ဝန်ရပြီးမှသာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ လုပ်ငန်းခွင်တွင် မည်မျှအထိ ခွဲခြားဆက်ဆံခံရသည်ကို သူမ သိလိုက်ရတော့၏။ ရင်းနှီးသော ခေါင်းဆောင်အချို့မှာ သူမ ကလေးမွေးပြီးလျှင်တောင် အာရုံစိုက်မှုသည် မိသားစုဘက်သို့ ရောက်သွားလိမ့်မည်ဟု လုပ်ငန်းစုမှ ယူဆထားသဖြင့် သူမ မည်မျှပင် ကတိပေးပါစေ အရာထင်လိမ့်မည်မဟုတ်ကြောင်း တိတ်တဆိတ် ပြောပြလာကြသည်။ ထို့ကြောင့် ကျန်းရှန့်နန်သည် တခြားနေရာတွင် အခွင့်အလမ်းသစ် ရှာဖွေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ ကျန်းရှန့်နန်သည် သူမအား တခြားကုမ္ပဏီကြီးများသို့ ထောက်ခံချက်ပေးရန် လူအချို့ကို အကူအညီတောင်းခဲ့သော်လည်း ဟိုတယ်လုပ်ငန်းစု အတော်များများမှာ ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ကြသည် သို့မဟုတ် သူမ၏ လစာကို အဆမတန် နှိမ်ခဲ့ကြသည်။ ကျန်းရှန့်နန်သည် ဟဲယဲ့တည်းခိုခန်းတွင် အင်တာဗျူးရန် အခွင့်အရေးကို အလွန်တန်ဖိုးထားသည်။ သူမ စိတ်မပျက်သွားပေ။ အင်တာဗျူးမေးခွန်းများကို လက်ဝယ်ရရှိသည်နှင့် သူမသည် ညဉ့်နက်သန်းခေါင်အထိ အားသွန်ခွန်စိုက် ပြင်ဆင်တော့၏။ နောက်ဆုံးတွင် လျှောက်ထားသူ (၄) ဦးသာ ဟဲယဲ့တည်းခိုခန်းသို့ အင်တာဗျူးရန် လာရောက်ခဲ့ကြသည်။ အင်တာဗျူးကို ဟဲယဲ့တည်းခိုခန်း၏ (၆) ထပ်ရှိ အစည်းအဝေးခန်းတွင် စီစဉ်ထားသည်။
အကျိုးဆောင်ရီသည် သူ့လက်ထဲရှိ တစ်ဦးတည်းသော လျှောက်ထားသူကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် အကျိုးဆောင်ကျား ခေါ်လာသည့် လူများကို လှည့်ကြည့်လိုက်သောအခါ ကျန် (၂) ယောက်မှာ ပြဿနာမရှိသော်လည်း ဘာကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး ပါနေရသနည်းဟု တွေးမိကာ ခေါင်းခါလိုက်မိ၏။ ထိုကိုယ်ဝန်ဆောင်မှာ အရေအတွက်ဖြည့်ရုံသက်သက်သာ ဖြစ်လိမ့်မည်ဟု သူ ထင်လိုက်သည်။ အကယ်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အလုပ်မထုတ်ရဟု နိုင်ငံတော်မှ တရားဝင် ဥပဒေထုတ်မထားလျှင် ကုမ္ပဏီအတော်များများမှာ အမြတ်အစွန်းအတွက် ကိုယ်ဝန်ဆောင်များကို အလုပ်ဖြုတ်ပစ်ကြမည်မှာ သေချာသည်။ အမျိုးသမီးများသည် လုပ်ငန်းခွင်တွင် အသာစီးမရနိုင်သည့် အခြေအနေမှာ ရှိနေပြီးသားဖြစ်ရာ ကိုယ်ဝန်ဆောင်များဆိုလျှင် ပိုဆိုးပေလိမ့်မည်။ အခြားကိစ္စတွေ မပြောနဲ့ဦး ဟိုတယ်လုပ်ငန်းဆိုသည်မှာ အရက်သောက်ရသည့် လူမှုရေးကိစ္စတွေနှင့် မကင်းပေ။ ထိုအခါ ကိုယ်ဝန်ဆောင်တစ်ဦးမှာ ဘာလုပ်နိုင်မှာလဲ။ ဘေးမှ ငေးကြည့်နေရုံသာ ရှိသည်။ သို့သော် ဤအချက်မှာ ကောင်းကွက်လည်းရှိသည်ဟု အကျိုးဆောင်ရီ တွေးလိုက်သည်။ ထိုသို့ဆိုလျှင် အကျိုးဆောင်ကျား နှင့် သူ့ကြားမှ ကွာဟချက်မှာ အလွန်အမင်း သိသာမည်မဟုတ်တော့ပေ။ တစ်ဖက်မှာ (၂) ယောက်၊ သူ့ဘက်မှာ (၁) ယောက်၊ (၂) နှင့် (၁) ဆိုတော့ မျှော်လင့်ချက် ရှိပါသေးသည်။ အကျိုးဆောင်ရီ ဝတ်စုံပြည့်နှင့် လျှောက်ထားသူကို မှာကြားလိုက်၏။
“သူဌေးစုက အရမ်းကြင်နာတတ်တဲ့သူပါ အထဲဝင်သွားရင် စိတ်အေးအေးထားပြီး ဖြေပါ”
ဝတ်စုံနှင့် လျှောက်ထားသူသည် အသက်ပြင်းပြင်းရှူကာ အစည်းအဝေးခန်းထဲသို့ ဝင်သွားသည်။ အစည်းအဝေးခန်းထဲ ရောက်သည်နှင့် ရှေ့ဆုံးတန်းတွင် ထိုင်နေသော ဟဲယဲ့တည်းခိုခန်း၏ ဝန်ထမ်းများကို သူ မြင်လိုက်ရ၏။ အဲဒါ ထားပါဦး သူဌေးမလေးရဲ့ ပခုံးပေါ်မှာ ငှက်တစ်ကောင် ဘာလို့ ရှိနေရတာလဲ။ ဝတ်စုံနှင့် လျှောက်ထားသူသည် ရှေ့ကိုသာ တည့်တည့်ကြည့်ရန် ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ခုန်ပေါက်နေသော ငှက်ကလေးကို လျစ်လျူရှုရန် ကြိုးစားလိုက်သည်။ သူသည် သူ၏ အလုပ်အတွေးအခေါ်များကို စတင်ပြောပြနေစဉ်မှာပင် တစ်ခုခုမှ လှုပ်ရှားနေသည်ဟု ခံစားနေရ၏။ သူသည် မျက်လုံးထောင့်မှ တိတ်တဆိတ် ကြည့်လိုက်သောအခါ ပြတင်းပေါက်နားတွင် အရိပ်တစ်ခု လှုပ်ခတ်နေသည်ကို တွေ့လိုက်ရသည်။ ဝတ်စုံပြည့်နှင့် အမျိုးသားမှာ ပထမတော့ အမြင်မှားသည်ဟု ထင်ခဲ့သော်လည်း ထိုလှုပ်ရှားမှုမှာ ပိုမိုကြီးမားလာပြီး အသံပင် အနည်းငယ် ထွက်လာသည်။ ဤနေရာသည်(၆) ထပ် မဟုတ်လား။ (၆) ထပ်ပြတင်းပေါက် အပြင်ဘက်မှာ ကောင်းကင်မှလွဲလို့ ဘာရှိနိုင်မှာလဲ။ သူ အပိုတွေမတွေးဖို့ ကြိုးစားသော်လည်း စိတ် လွင့်ပျံသွားကာ သူကြားဖူးနားဝရှိသည့် မြို့ပြထိတ်လန့်စရာ ပုံပြင်များ ခေါင်းထဲသို့ ရုတ်တရက် ရောက်လာတော့သည်။ သူ ပြင်ဆင်လာသည်များကို ပြောပြီးသွားသောအခါ ဝတ်စုံပြည့်နှင့် အမျိုးသားမှာ ခြေကုန်လက်ပန်းကျနေပြီး အပြင်သို့ ယိုင်နဲ့နဲ့ခြေလှမ်းများဖြင့် ထွက်သွားတော့၏။
ရှေ့ဆုံးတန်းရှိ လီရှီမှာ အလွန်အာရုံစိုက်နားထောင်နေပြီး လျှောက်ထားသူ၏ စွမ်းဆောင်ရည်ကို မှတ်စုထုတ်နေသည်။ သူ့အထင်တော့ ဤလျှောက်ထားသူမှာ မကောင်းဘူးဟု ခံစားရသည်။ ဘာကြောင့် စကားပြောရင်းနှင့် ယုံကြည်မှုတွေ ပိုနည်းလာရသလဲ။ လီရှီမှာ ခေါင်းခါယမ်းကာ သူ့ဘေးမှ အစ်မကျန်းကို လှည့်ကြည့်လိုက်သောအခါ အစ်မကျန်းနှင့် လျိုရှန်းတို့ တိုးတိုးလေး ပြောနေကြသည်ကို ကြားလိုက်ရသည်။
“ဒီလူက မဟုတ်သေးပါဘူး၊ ကြည့်ရတာ ကျောက်ကပ်အားနည်းတဲ့ပုံပဲ”
နောက်တန်းတွင်တော့ စုဟယ်နှင့် ဇာတ်ကောင်ကတ်ပြားထဲမှ ဇာတ်ကောင်များ အတူထိုင်နေကြသည်။ ရှောင်ရှီးမှာ အလွန်မကျေမနပ် ဖြစ်နေ၏။
“ဟွန့် ဝက်သစ်ချပင်က နည်းနည်းလေး လှုပ်လိုက်တာကို သူက ဒီလောက်အထိ ကြောက်နေတာလား၊ ဒီလူကတော့ မရဘူး”
ပြောပြီးသည်နှင့် သူသည် ပြတင်းပေါက်အပြင်သို့ ပျံထွက်သွားကာ ဝက်သစ်ချပင်၏ လှုပ်ရှားမှုများကို ပိုမိုသိသာအောင် လုပ်ဆောင်ရန် ကြံစည်တော့သည်။ တံခါးဝတွင် စောင့်နေသော ကျန်းရှန့်နန်မှာတော့ အထဲဝင်သွားသည့် လျှောက်ထားသူ (၃) ဦးလုံး မျက်နှာဖြူလျော့လျော့ဖြင့် ပြန်ထွက်လာကြသည်ကို မြင်ရသောအခါ သူမပါ စိတ်လှုပ်ရှားလာတော့၏။ ကျန်းရှန့်နန် အထဲသို့ ဝင်လာသည့်အချိန်တွင် ပြတင်းပေါက်အပြင်ဘက်ရှိ ဝက်သစ်ချပင်မှာ ပုန်းကွယ်မနေတော့ဘဲ ရှည်လျားလှပသော သစ်ကိုင်းကြီးတစ်ခုကို ပြတင်းပေါက်အပြင်မှာ အရှိန်အဟုန်ဖြင့် လှုပ်ယမ်းပြနေတော့သည်။ ကျန်းရှန့်နန်သည် ပြတင်းပေါက် အပြင်ဘက်သို့ အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်ကို ပြန်လည်စုစည်းကာ သူမ ပြင်ဆင်လာသည်များကို စတင်တင်ပြတော့သည်။ ဤတစ်ကြိမ် အင်တာဗျူးခေါင်းစဉ်မှာ ဟဲယဲ့တည်းခိုခန်း၏ တိုးတက်မှု အစီအစဉ်ဖြစ်၏။ စုဟယ်မှာ အင်တာဗျူးမေးခွန်းများကို ကြိုတင်ကြေညာထားပြီးဖြစ်ရာ အနည်းငယ် ကြိုးစားလိုက်လျှင် ပြည့်စုံသော အစီအစဉ်တစ်ခု ထွက်လာနိုင်သည်။ ယခင် လျှောက်ထားသူများနှင့် ယှဉ်လျှင် ကျန်းရှန့်နန်မှာ သိသိသာသာ ပို၍ အားစိုက်ထားကြောင်း ပေါ်လွင်နေသည်။ သူမသည် အသေးစိတ်အချက်အလက်များစွာကို စဉ်းစားထားသလို ဟဲယဲ့တည်းခိုခန်း၏ ထူးခြားသော အခြေအနေများကိုလည်း ထည့်သွင်းတွက်ချက်ထားသဖြင့် သူမ၏ အစီအစဉ်မှာ အလွန်ပင် တိကျလှ၏။
ပထမတော့ မေကျဲနှင့် တုန်းကျင့်တို့မှာ ဤကိုယ်ဝန်ဆောင်အမျိုးသမီး ကျန်းရှန့်နန်အပေါ် မျှော်လင့်ချက် မထားခဲ့ကြပေ။ သူတို့နှစ်ဦးလုံးမှာ ကလေးမွေးဖူးသူများဖြစ်သဖြင့် ကလေးမွေးရခြင်း၏ ခက်ခဲပင်ပန်းမှုကိုသိကြသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ကြုံရသည့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများမှာ စကားဖြင့် ပြောရုံနှင့် ကျော်လွှားနိုင်သည့်အရာ မဟုတ်ပေ။ မေကျဲနှင့် တုန်းကျင့်တို့အနေဖြင့် ထိုမျှ နာကျင်ပင်ပန်းနေသည့် လုပ်ငန်းစဉ်ကြားမှ အလုပ်ကို ဘယ်လိုများ ဟန်ချက်ညီအောင် လုပ်နိုင်မလဲဆိုသည်ကို စိတ်ပင် မကူးနိုင်ကြပေ။ သို့သော် ကျန်းရှန့်နန်၏ ပြောစကားများမှာ အလွန်ပင် ကောင်းမွန်လွန်းနေသည်။ သူမသည် အခြားလျှောက်ထားသူများကဲ့သို့ ခက်ခဲသော လုပ်ငန်းသုံး ဝေါဟာရများကို မသုံးဘဲ အလွန်ရိုးရှင်းသော စကားလုံးများဖြင့် သူမ ရာထူးရလာလျှင် မည်သို့သော အလုပ်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရှင်းပြသွားခဲ့၏။ မေကျဲနှင့် တုန်းကျင့်တို့မှာ ပညာအရည်အချင်း နည်းကြသည်။ သူတို့သည် ယခင် လျှောက်ထားသူများ၏ တင်ပြချက်များကို နားထောင်စဉ်က ဇဝေဇဝါ ဖြစ်နေခဲ့ကြပြီး စုဟယ်မှာ သူတို့ကို ဘာကြောင့် ခေါ်ထားသလဲဆိုသည်ကိုပင် နားမလည်ခဲ့ကြပေ။ သို့သော် ကျန်းရှန့်နန်၏ တင်ပြချက်ကို နားထောင်ပြီးနောက်တွင်တော့ ဟဲယဲ့တည်းခိုခန်းအသစ်နှင့် ပတ်သက်ပြီး သူတို့တွင် တိကျသော နားလည်မှုတစ်ခု ရရှိသွားတော့သည်။ အခန်းဝန်ဆောင်မှုဌာန အဲဒါက သူတို့ နောက်ပိုင်း တာဝန်ယူရမည့်ဌာနပဲ မဟုတ်လား။
ကျန်းရှန့်နန်၏ အစီအစဉ်အရ သန့်ရှင်းရေးဌာနသည် နောင်တွင် လုပ်ဆောင်ချက်အပေါ် အခြေခံသည့် စနစ်ကို ကျင့်သုံးမည်ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သန့်ရှင်းအောင် လုပ်နိုင်လျှင် ပိုက်ဆံပိုရမည် မသန့်လျှင် ပိုက်ဆံနည်းမည်။ အလုပ်ပိုလုပ်လျှင် ပိုရမည် ဖြစ်သည်။ မေကျဲနှင့် တုန်းကျင့်တို့ နှစ်ဦးစလုံးမှာ ဤအစီအစဉ်ကို အလွန်အမင်း သဘောတူကြ၏။ လီရှီ၏ မျက်လုံးများမှာ တောက်ပနေပြီး သူသည် မှတ်စုစာအုပ်ထဲတွင် စာမျက်နှာ အတော်များများ မှတ်သားထားပြီးဖြစ်သည်။ သူသည် မည်သူ့ကို ရွေးရမလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်နေခဲ့သော်လည်း ယခုတော့ သူ့စိတ်ထဲမှာ ရှင်းလင်းသွားပြီ ဖြစ်သည်။ အားလုံးတွင် ကိုယ်စီအတွေးများ ရှိနေကြသည်ကို မြင်သောအခါ စုဟယ်မှာ စက္ကူအလွတ်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းကို ထုတ်လိုက်၏။
“ကဲ လာကြ၊ အားလုံး မဲပေးကြရအောင်”