← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

205

အားလုံး၏ သဘောထားမှာ အံ့ဩစရာကောင်းလောက်အောင် တညီတညွတ်တည်း ဖြစ်နေကြသည်။ ဝက်သစ်ချပင်ပင်လျှင် လေထဲတွင် ယိမ်းနွဲ့လှုပ်ရှားရင်း သစ်ကိုင်းလေးခုကို ဆန့်ထုတ်ကာ ကျန်းစိမ့်နန်ကို ရွေးချယ်ကြောင်း ပြသခဲ့၏။ စုဟယ်သည် မဲစာရင်းများကို မှတ်တမ်းတင်ထားပြီးနောက် မဲစာရွက်ကို ကိုင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ဝတ်စုံပြည့်နှင့် အမျိုးသားမှာ အစည်းအဝေးခန်းထဲမှ ထွက်လာစဉ်ကတည်းက တစ်ကိုယ်လုံး ချွေး‌တွေဖြင့်စိုရွှဲနေပြီဖြစ်သည်။ သူသည် စိတ်မသက်မသာဖြင့် နဖူးမှချွေးများကို သုတ်ရင်း အခန်းအပြင်ဘက်၌ စောင့်ဆိုင်းနေခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ သူ့စိတ်ထဲမှ မလုံခြုံမှုနှင့် စိုးရိမ်ပူပန်မှုများမှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာတော့သည်။ သူသည် နဖူးပေါ်မှ ချွေးစက်များကို လက်ဖဝါးဖြင့် အကြိမ်ကြိမ် သုတ်ကာ တည်ငြိမ်နေပုံပေါက်အောင် ကြိုးစားနေရသည်။ အထူးသဖြင့် ကျန်ရှိသည့် လျှောက်ထားသူ နှစ်ဦးမှာ ပုံမှန်အတိုင်း ပြန်ထွက်လာကြသည်ကို မြင်သောအခါ ဝတ်စုံပြည့်နှင့် အမျိုးသားမှာ ပို၍ပင် ထိတ်လန့်လာတော့သည်။

နောက်ဆုံးတွင် ကျန်းရှန့်နန် အင်တာဗျူးရန် အထဲသို့ ဝင်သွားသည့်အချိန်မှာတော့ ဝတ်စုံပြည့်နှင့် အမျိုးသားမှာ လက်လျှော့ကာ ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် သူတစ်ပါး အာရုံမစိုက်မိစေရန် တိတ်တဆိတ် ထရပ်လိုက်ပြီး တည်းခိုခန်းစင်္ကြံတစ်လျှောက် ခပ်သွက်သွက် လျှောက်လှမ်းရင်း လူအုပ်ထဲတွင် ပျောက်ကွယ်သွားတော့၏။ သူသည် မိမိကိုယ်မိမိ စွမ်းဆောင်ရည် မကောင်းခဲ့မှန်း သိသဖြင့် ချွေးများကို သုတ်ကာ ဟဲယဲ့တည်းခိုခန်းမှ စောစောစီးစီးပင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ကျန်ရှိသည့် လျှောက်ထားသူ နှစ်ဦးမှာ ဝတ်စုံပြည့်နှင့် အမျိုးသား၏ အရှက်တကွဲ ဆုတ်ခွာသွားမှုကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ကြပြီး သူတို့၏ ပြိုင်ဘက်စာရင်းမှ ပယ်ထုတ်လိုက်ကြသည်။ သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါး ကြည့်လိုက်ကြရင်း အပြန်အလှန် သတိထားနေကြ၏။ သူတို့နှစ်ဦးမှာ တကယ်ပင် အတွေးတူနေကြပြီး တစ်ဦးကိုတစ်ဦး အကြီးမားဆုံးသော ပြိုင်ဘက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။

ကျန်းရှန့်နန် အင်တာဗျူးပြီး၍ ပြန်ထွက်လာသောအခါ ထိုလျှောက်ထားသူနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း ဆေးလိပ်သောက်နေကြသည်ကို တွေ့လိုက်ရသည်။ လေထဲတွင် ပျံ့လွင့်နေသော ဆေးလိပ်နံ့ကို မခံနိုင်သဖြင့် ကျန်းရှန့်နန်သည် ရှောင်ကွင်းရန်အတွက် လှေကားရှိရာသို့ လျှောက်သွားလိုက်သည်။ သူမ၏ တင်ပြချက်အပေါ် သူမ ကျေနပ်မိ၏။ ကျန်တာတော့ ကံတရားအပေါ်မှာသာ မူတည်တော့သည်။ သူမသည် ပြတင်းပေါက်နားတွင် ငြိမ်သက်စွာ ရပ်နေမိ၏။ သူမ၏ အကြည့်တို့သည် ကြည်လင်သော မှန်သားကို ဖြတ်ကျော်ကာ အောက်ထပ်ရှိ စိမ်းလန်းစိုပြည်နေသော ဟင်းသီးဟင်းရွက် စိုက်ခင်းလေးဆီသို့ ရောက်ရှိသွားသည်။ ဤနေရာမှ ကြည့်လျှင် စိုက်ခင်းထဲရှိ အရွက်တိုင်း၏ အကြောများနှင့် ပန်းပွင့်လေးတိုင်း၏ နုနယ်လှပမှုကိုပါ အထင်အသား မြင်တွေ့နေရသည်။ စိုက်ခင်းလေးမှာ စနစ်တကျ ပြုစုပျိုးထောင်ထားပြီး မြေကွက်လပ်တိုင်းမှာ စိမ်းလန်းမှုများဖြင့် ပြည့်နှက်နေသည်မှာ ဆူညံလှသော မြို့ပြအလယ်တွင် မြှုပ်နှံထားသည့် အေးချမ်းလှသော အစိမ်းရောင်ကျောက်မျက်ရတနာလေးတစ်ခုနှယ်။

ကျန်းရှန့်နန်သည် ကိုယ်ကိုအပြင်သို့ အနည်းငယ်ကိုင်းကာ လတ်ဆတ်သော လေကို ဝဝလင်လင် ရှူသွင်းလိုက်သည်။ စိမ်းစိုနေသော အပင်များကြားတွင် အစိမ်းရောင် အကွက်တစ်ခုမှာ ထူးထူးခြားခြား ထင်ရှားနေပြီး ပတ်ဝန်းကျင်မှ အစိမ်းရောင်များထက် ပို၍ တောက်ပလန်းဆန်းနေသည်။

ထိုအစိမ်းရောင်မှာ စိုက်ခင်း၏ ထောင့်တစ်နေရာမှ စတင်ကာ အစိမ်းရောင် ဖဲကြိုးလေးတစ်ခုကဲ့သို့ တဖြည်းဖြည်း ပြန့်ကားလာခြင်းဖြစ်၏။ ၎င်းသည် စိုက်ခင်း၏ အစွန်းအတိုင်း လိုက်ပါလာပြီး သပ်ရပ်လှသော ဟင်းသီးဟင်းရွက်ခင်းများကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် နံရံပေါ်သို့ တွားတက်သွားသည်။ ၎င်းသည် နံရံမျက်နှာပြင်အတိုင်း အပေါ်သို့ တရိပ်ရိပ် တက်လာပြီး နောက်ဆုံးတွင် (၆) ထပ်ရှိ ပြတင်းပေါက်သို့ ရောက်ရှိလာ၏။ ဤနေရာသည် ၎င်းအတွက် အကောင်းဆုံး နားခိုရာနေရာ ဖြစ်ပုံရသည်။ ၎င်းသည် ပြတင်းပေါက်ဘောင်ပေါ်တွင် ခွေယှက်နေပြီး အစိမ်းရောင် အရွက်များမှာ ပြတင်းပေါက်အနားသတ်ကို ထိတွေ့နေကာ သစ်ကိုင်းများမှာလည်း အသိဉာဏ်ရှိနေသကဲ့သို့ တဆတ်ဆတ် လှုပ်ခါနေသည်။

“ဟင်”

ဤအစိမ်းရောင်နွယ်ပင်မှာ ဘယ်လိုအပင်မျိုးလဲဆိုသည်ကို ကျန်းရှန့်နန် မျက်မှောင်ကြုတ်ကာ သေသေချာချာ ကြည့်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ မျက်လုံးများသည် ရုတ်တရက် လှုပ်ခတ်သွားပြန်သည်။ ထိုအစိမ်းရောင်မှာ ချက်ချင်းပင် ငြိမ်သက်သွားပြီး အရောင်မှာလည်း မှေးမှိန်သွားတော့၏။ ခုနက သစ်ကိုင်းလှုပ်နေတာသည် အမြင်မှားတာများလားဟု ထင်ရလောက်အောင်ပင် နံရံပေါ်မှ နွယ်ပင်မှာ လှုပ်ရှားမှုမရှိဘဲ ကပ်ငြိနေတော့သည်။ ကျန်းရှန့်နန်တစ်ယောက် သူမ အမြင်မှားတာလားဟု တွေးတောနေစဉ်မှာပင် အကျိုးဆောင်ကျားမှာ ဝမ်းသာအားရ မျက်နှာဖြင့် လျှောက်လာသည်။

“အစ်မကျန်း အလုပ်ရပြီ၊ လာလာ သူဌေးစုက စောင့်နေတယ်၊ အေးအေးဆေးဆေး စကားပြောကြရအောင်”

အကျိုးဆောင်ကျား၏ ခြေလှမ်းများမှာ ပေါ့ပါးနေပြီး အပြုံးများမှာဝေဆာနေတော့သည်။ ယွမ် နှစ်သိန်းမှာ သူ့အိတ်ထဲကို ရောက်လာပြီမဟုတ်ပါလား။ သူသည် ဤအပေးအယူကြီးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့ပြီ။

'အိုး ဝန်ထမ်းရှာရတာ ထင်သလောက် မခက်ပါဘူး'

အကျိုးဆောင်ကျား ဂုဏ်ယူဝင့်ကြွားစွာ တွေးနေမိတော့သည်။ အခြားတစ်ဖက်တွင်တော့ အကျိုးဆောင်ရီမှာ ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရ၏။ ဤတစ်ကြိမ်တွင်တော့ သူသည် တစ်ပန်းရှုံးသွားခဲ့ရပြီဖြစ်ရာ မတတ်သာဘဲ လက်လျှော့ကာပြန်ခဲ့ရတော့သည်။ သို့သော်လည်း ဟဲယဲ့တည်းခိုခန်းသည် နောက်ပိုင်းတွင် ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုလုံးကို ငှားရမ်းဦးမည်ဟု စုဟယ်ပြောထားသည်ကို သူ မှတ်မိနေသေးသဖြင့် အကျိုးဆောင်ရီသည် စိတ်ကို ချက်ချင်း ပြန်လည်စုစည်းကာ အရည်အချင်းရှိသူများကို ဆက်လက်ရှာဖွေရန် ပြင်ဆင်တော့၏။ အကျိုးဆောင်ကျားသည် ဟဲယဲ့တည်းခိုခန်းနှင့် အပေးအယူအောင်မြင်သွားသော်လည်း ဘဝင်မြင့်မသွားပေ။ ကျန်းရှန့်နန်မှာ သူမတွင် ကိုယ်ဝန်ရှိကြောင်း ပြောပြစဉ်တွင် သူမည်မျှအထိ ထိတ်လန့်သွားခဲ့ရသည်ကို ကောင်းကောင်းမှတ်မိနေပြီး ယခုကဲ့သို့ အရေးကြီးသောအချိန်တွင် နောက်ထပ် အမှားအယွင်း အဖြစ်မခံနိုင်တော့ပေ။ အကျိုးဆောင်ကျားသည် ကျန်းရှန့်နန်ကို စုဟယ်နှင့် မိတ်ဆက်ပေးပြီးနောက်တွင် ကျန်ရှိနေသည့် အလုပ်များကို အပြီးသတ်ရန် ချက်ချင်းပင် အပြေးအလွှား သွားတော့သည်။ သူသည် အလုပ်မရလိုက်သည့် လျှောက်ထားသူနှစ်ဦးကို နှစ်သိမ့်ပေးကာ ပိုကောင်းသောနေရာများတွင် အလုပ်ရအောင် ထောက်ခံပေးမည်ဟု ကတိပေးလိုက်၏။

ကျန်းရှန့်နန်သည် အစည်းအဝေးခန်းထဲသို့ ပြန်ဝင်လာသောအခါ ဤတစ်ကြိမ်တွင်တော့ သူမ၏စိတ်အခြေအနေမှာ အလွန်ပင် ပေါ့ပါးနေပြီ ဖြစ်သည်။ ပြတင်းပေါက်မှ ဝင်ရောက်လာသော နေရောင်ခြည်သည် သူမအပေါ်သို့ ရွှေရောင်အလင်းတန်းများ ဖြာကျနေသဖြင့် သူမမှာ ရွှေရောင်ဝတ်ရုံကို ခြုံလွှမ်းထားသကဲ့သို့ပင်။ သူမ၏ မျက်နှာတွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးများ ဝေဆာနေပြီး မျက်ဝန်းများမှာလည်း အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။ ဤတစ်ကြိမ်တွင် သူမသည် လျှောက်ထားသူ တစ်ဦးမဟုတ်တော့ဘဲ ဟဲယဲ့တည်းခိုခန်း၏ မကြာခင် တာဝန်ယူတော့မည့် အထွေထွေမန်နေဂျာသစ် ဖြစ်လာခဲ့ပြီ။ သူမ၏ အကြည့်တို့သည် အစည်းအဝေးခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်မိသည်။ တစ်ချိန်က ရှေ့ဆုံးတန်းတွင် ထိုင်ကာ သူမကို စစ်ဆေးမေးမြန်းခဲ့ကြသည့် အင်တာဗျူးသူများသည် ယခုတော့ သူမ၏ရှေ့တွင် လုံးဝသစ်လွင်သော အခန်းကဏ္ဍများဖြင့် ရှိနေကြပြီဖြစ်၏။ သူတို့သည် မကြာခင်မှာပင် သူမ၏ လုပ်ဖော်ကိုင်ဖက်များ၊မိတ်‌ဆွေများ ဖြစ်လာကြတော့မည်ဖြစ်ပြီး အချို့မှာ သူမ၏ လက်အောက်ငယ်သားများပင် ဖြစ်လာကြလိမ့်မည်။ အစည်းအဝေးခန်းထဲရှိ လေထုမှာလည်း ပို၍ ပေါ့ပါးလာသည်။ အစ်မကျန်းမှာ ထိုင်ခုံတစ်လုံးကို တက်တက်ကြွကြွဖြင့် သယ်လာပေး၏။

“ကဲ မန်နေဂျာကျန်း၊ ဒီမှာ ထိုင်ပါဦး”

ကျန်းရှန့်နန်မှာ လူတိုင်းမှ ဤမျှအထိ နွေးထွေးကြလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ငြင်းပယ်ရန် ပြင်သော်လည်း အစ်မကျန်းမှာ သူမကို ထိုင်ခုံပေါ်သို့ အသာအယာ ဖိချကာ ထိုင်ခိုင်းလိုက်သည်။

“အို မန်နေဂျာက ကိုယ်ဝန်နဲ့လေ၊ မတ်တတ်ရပ်နေရတာ ပင်ပန်းပါတယ်၊ ခဏလောက် ထိုင်ပါဦး ထိုင်ပါ"

စုဟယ် အထဲသို့ ဝင်လာပြီးနောက် ထိုင်ခုံတစ်ခုတွင်ဝင်ထိုင်ကာ မိတ်ဆက်ပေးတော့သည်။

“မန်နေဂျာကျန်း အခု အစည်းအဝေးခန်းထဲမှာရှိနေတဲ့သူတွေ အားလုံးက ကျွန်မတို့ တည်းခိုခန်းရဲ့ ဝန်ထမ်းတွေပါပဲ၊ ရှေ့ဆုံးတန်းကတော့ ကျွန်မတို့ တည်းခိုခန်းရဲ့ အဓိကအဖွဲ့ဝင်တွေပေါ့၊ ဒါက လီရှီ၊ သူကတော့ အဓိကအားဖြင့် ဧည့်ကြို‌ကောင်တာကအလုပ်ကို တာဝန်ယူထားတာပါ"

စုဟယ်သည် လူတိုင်း၏ အလုပ်တာဝန်များကို အကျဉ်းချုပ် မိတ်ဆက်ပေးပြီးနောက် နောက်တန်းတွင် ထိုင်နေသော ဇာတ်ကောင်ကတ်ပြားထဲမှ ဇာတ်ကောင်များကို ညွှန်ပြလိုက်သည်။

“ဒီလူတွေကတော့ သူတို့မှာ ကိုယ်စီတာဝန်တွေ ရှိကြတယ်၊ ပုံမှန်အားဖြင့်တော့ တည်းခိုခန်းရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို သူတို့မလုပ်ကြပါဘူး”

ကျန်းရှန့်နန် ဘာကန့်ကွက်မှုမှမရှိသည်ကိုမြင်သောအခါ စုဟယ် ဆက်လက် မိတ်ဆက်ပေးသည်။

“ဒါက ဟုန်လျန်၊ ကျွန်မတို့ တည်းခိုခန်းရဲ့ လက်ဖက်ရည်နဲ့ မုန့်တွေပြုလုပ်တဲ့အပိုင်းကို အဓိက တာဝန်ယူထားတာပါ"

ဝန်ထမ်းများနှင့် မိတ်ဆက်ပေးပြီးနောက် စုဟယ်သည် ကျန်းရှန့်နန်ကို အသေးစိတ် ဆွေးနွေးရန် ချန်ထားခဲ့သည်။

“မန်နေဂျာကျန်း ဘယ်တော့လောက် အလုပ်စဝင်နိုင်မလဲ"

စုဟယ် မေးလိုက်သည်။ ကျန်းရှန့်နန်မှာ သူမဆံပင်များကို နားနောက်သို့ သပ်တင်လိုက်ရင်း ပြောလိုက်၏။

“ကျွန်မ ဒီနေ့ပဲ ရှန်ဟိုင်းကိုပြန်ပြီး အလုပ်ထွက်ဖို့ကိစ္စတွေ သွားလုပ်မယ်၊ မနက်ဖြန်ကျရင် အလုပ်စဝင်နိုင်ပါတယ်”

စုဟယ်၏မျက်လုံးများ အနည်းငယ် ပြူးသွားရပြီး အမြန်ပင် ရှင်းပြလိုက်သည်။

“ကျွန်မက မန်နေဂျာကျန်းကိုလောခိုင်းတာမဟုတ်ပါဘူး၊ အချိန်ကို အတည်ပြုချင်ရုံတင်ပါ၊ မန်နေဂျာဘက်က အလုပ်ထွက်ဖို့ အချိန်လိုသလို ရှန်ဟိုင်းကနေ ပြောင်းလာဖို့လည်း အချိန်လိုမှာပဲလေ၊ အဲဒီလောက်အထိ အလျင်စလိုလုပ်စရာ မလိုပါဘူး”

ကျန်းရှန့်နန်သည် စုဟယ်၏စကားများထဲမှ စိုးရိမ်ပူပန်ပေးမှုကို ခံစားလိုက်ရသော်လည်း သူမမှာတော့ ခိုင်ခိုင်မာမာပင် ဆိုလိုက်သည်။

“မနက်ဖြန် ကျွန်မလာနိုင်ပါတယ်”

ယခုအချိန်တွင် သူမကိုယ်ဝန်မှာ ပိုရင့်လာပြီဖြစ်ရာ သူမ ကိုယ်လက်လှုပ်ရှားဖို့ အဆင်ပြေနေသေးသည့်အချိန်မှာ အစောပိုင်း အလုပ်တွေကို အပြီးသတ်ချင်နေမိသည်။ သူမ ရေးသားထားသည့် အစီအစဉ်ကို သတိရသွားကာ ကျန်းရှန့်နန်သည် စုဟယ်နှင့် အသေးစိတ် အချက်အလက်များကို အတည်ပြုရန် ချက်ချင်း ထုတ်လိုက်၏။

“သူဌေးမစု လောလောဆယ် ဟဲယဲ့တည်းခိုခန်းရဲ့ အရေးကြီးဆုံးအလုပ်က အရည်အချင်းရှိသူတွေကို ရှာဖွေပြီး အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ပါပဲ၊ တည်းခိုခန်းမှာ လောလောဆယ် ရန်ပုံငွေ ဘယ်လောက်ရှိသလဲဆိုတာ သိချင်ပါတယ်၊ တစ်နေ့တာ ဝင်ငွေက ခန့်မှန်းခြေ ဘယ်လောက်ရှိသလဲ၊ တည်းခိုခန်းရဲ့ ငွေသားစီးဆင်းမှု က ဘယ်လိုရှိသလဲ ဝန်ထမ်းအသစ်တွေ ခန့်ဖို့အတွက် ရန်ပုံငွေ ဘယ်လောက် ဖယ်ထားနိုင်မလဲ”

အစီအစဉ်အကြောင်း ပြောလိုက်သည်နှင့် ကျန်းရှန့်နန်၏အကြည့်တို့မှာ စူးရှသွားတော့သည်။ သူမသည် ချက်ချင်းထရပ်ကာ စုဟယ်၏ ဘေးတွင် ကပ်ထိုင်လိုက်ပြီး အစီအစဉ်ပါအချက်အလက်များကို တစ်ချက်ချင်းစီ သေသေချာချာ စတင်ညှိနှိုင်းတော့၏။ ကျန်းရှန့်နန်သည် အစီအစဉ်ထဲရှိ စကားလုံးတိုင်း၊ စာသားတိုင်းကို အပြည့်အစုံဆုံး ဖြစ်စေချင်သည်။ သူမသည် အစီအစဉ်မူကြမ်းကို ညွှန်ပြရင်း သူမ၏ အတွေးအခေါ်များနှင့် စိတ်ကူးများကို အားတက်သရော ရှင်းပြနေတော့၏။ အချိန်ကုန်ဆုံးသွားမှန်းပင် မသိလိုက်ကြဘဲ ညနေ (၄) နာရီ ထိုးတော့မှသာ ကျန်းရှန့်နန်သည် စုဟယ်ကို လွှတ်ပေးလိုက်တော့သည်။ စုဟယ်သည် ထိုင်ခုံပေါ်တွင် ထိုင်ရင်း သူမ၏ အနည်းငယ် နာကျင်နေသော ပခုံးများကို နှိပ်နယ်ကာ ငေးငေးငိုင်ငိုင် ဖြစ်နေမိသည်။ ကျန်းရှန့်နန်၏ လက်ထဲရှိ အစီအစဉ်စာအုပ်ကို ကြည့်ရင်း စုဟယ်မှာ စိတ်ထဲတွင် တစ်မျိုး ခံစားလိုက်ရ၏။ သူတို့ သုံးနာရီ အပြည့် စကားပြောခဲ့ကြသော်လည်း အစီအစဉ်၏ ပထမဆုံး စာမျက်နှာကိုပင် မပြီးသေးပေ။ စုဟယ်သည် ကျန်ရှိနေသေးသော ထူထဲလှသည့် အစီအစဉ်စာမျက်နှာများကို ကြည့်လိုက်မိသည်။ မန်နေဂျာအသစ် ရလာပြီးတဲ့နောက်မှာ ဘာလို့ သူမရဲ့ အလုပ်တွေ ပိုများလာသလို ခံစားနေရတာလဲ။

“သူဌေးမစု ဒါဆို မနက်ဖြန်မှ တွေ့ကြတာပေါ့၊ ကျွန်မ ပြန်သွားပြီး ဒီအစီအစဉ်ကို ပိုပြီးပြည့်စုံအောင် ထပ်ပြင်လိုက်ဦးမယ်”

ကျန်းရှန့်နန် အချိန်ကိုကြည့်လိုက်ရင်း အားမရသေးသည့်ပုံဖြင့် ဆိုသည်။ တကယ်လို့ ရှန်ဟိုင်းကိုပြန်မည့် ရထားကို အမှီသွားစရာ မလိုလျှင် သူမသည် ဆက်ပြီး ဆွေးနွေးချင်နေသေး၏။ စုဟယ်သည် ထရပ်ကာ ကျန်းရှန့်နန်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

“မန်နေဂျာကျန်း မနက်ဖြန်ပြန်တွေ့ဖို့ မျှော်လင့်နေပါတယ်၊ လမ်းခရီးမှာ သေသေချာချာ ဂရုစိုက်သွားပါဦး၊ ကျွန်မ မန်နေဂျာအတွက် အခန်းတစ်ခန်း ပြင်ထားပေးပါ့မယ်၊ ပြောင်းရွှေ့နေထိုင်တဲ့ ကြားကာလမှာ တည်းခိုခန်းမှာပဲ တည်းခိုလို့ရပါတယ်”

စုဟယ်သည် အပြင်ပန်းတွင်ခွဲခွာရမည်ကိုနှမြောသလို ဟန်ဆောင်နေသော်လည်း အတွင်းစိတ်ထဲမှာတော့ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ဤဉာဏ်ရည်နှင့် ကြံ့ခိုင်မှုနှစ်မျိုးလုံးကို စမ်းသပ်နေသည့် စစ်ဆေးမှုကြီးမှ ခေတ္တခဏတော့ လွတ်မြောက်နိုင်ခဲ့ပြီ။ မန်နေဂျာအသစ်မှာ တကယ်ကို ကြောက်စရာကောင်းလှပေသည်။

All Chapters