အခန်း ၂၀၆
Vol. 21 Ch. 206
206
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ကျန်းရှန့်နန်နှင့် သူမ၏ခင်ပွန်းတို့သည် အထုပ်အပိုးများဖြင့် ဟဲယဲ့တည်းခိုခန်းသို့ ရောက်ရှိလာကြသည်။ ကျန်းရှန့်နန်သည် ရိုးရှင်းသော ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး ဆံပင်အတိုနှင့်ဖြစ်ရာ ကြည့်လိုက်သည်နှင့် အလွန်ပင် ဖျတ်လတ်တက်ကြွပြီး အရည်အချင်းရှိသည့်ပုံပေါက်နေ၏။ ရှန်ဟိုင်းမှ ယုံမြစ်သို့ ကားဖြင့်လာလျှင် အနည်းဆုံး သုံးနာရီခန့် ကြာတတ်သော်လည်း ကျန်းရှန့်နန်မှာ မွန်းတည့်ချိန်၌ပင် ရောက်ရှိလာခြင်းဖြစ်သည်။ ဤသည်မှာ သူမအနေဖြင့် နံနက်စောစောကတည်းက အလုပ်ရှုပ်ခံကာ အလုပ်ထွက်ခွင့်ကိစ္စများကို ချက်ချင်းစီစဉ်ပြီး ပြောင်းရွှေ့ဖို့ ပြင်ဆင်မှုများကို အမြန်ဆုံး အဆုံးသတ်ခဲ့သည်ဟု ဆိုလိုခြင်းပင်။ ကျန်းရှန့်နန်၏ အလုပ်လုပ်နှုန်းနှင့် အချိန်စီမံခန့်ခွဲမှုစွမ်းရည်ကို ကြည့်ပြီး စုဟယ်မှာ အံ့အားသင့်သွားရတော့သည်။ ကျန်းရှန့်နန်သည် ဘေးသို့အနည်းငယ်စောင်းကာ သူမ၏ မျက်ဝန်းထဲတွင် ဂုဏ်ယူမှုနှင့်ပျော်ရွှင်မှုအရိပ်အယောင်များ ယှက်သန်းနေလျက် သူဌေးမစုကို သူမ၏ခင်ပွန်းနှင့် ပြုံးရွှင်စွာ မိတ်ဆက်ပေးလိုက်၏။
“သူဌေးမစု ကျွန်မ အလုပ်ကိစ္စအားလုံးကို အပြတ်ရှင်းခဲ့ပြီးပြီဆိုတော့ အရင်ရောက်လာတာပါ၊ ဒါက ကျွန်မရဲ့ ခင်ပွန်း ယွီမန့် ပါ သူက ကာတွန်းဆရာတစ်ယောက်ပါ သူက အလွတ်တန်းအလုပ်လုပ်တာဆိုတော့ ကျွန်မနဲ့အတူ ယုံမြစ်ကို ပြောင်းလာတာပါ”
ယွီမန့်သည် သူမ၏ဘေးတွင် ပေါ့ပေါ့ပါးပါး အဝတ်အစားများဖြင့် ရပ်နေပြီး မျက်နှာတွင် နူးညံ့သောအပြုံးတစ်ခု ရှိနေကာ ကြည့်ရသည်မှာ ဖော်ရွေပြီး အေးအေးဆေးဆေးရှိမည့်ပုံ ပေါ်သည်။ သူသည် စုဟယ်ကို ခေါင်းညိတ်နှုတ်ဆက်လိုက်၏။ ကျန်းရှန့်နန် ဆက်ပြောသည်။
“သူက ဒီနှစ်ရက်အတွင်းမှာ ငှားဖို့ သင့်တော်တဲ့ အိမ်တစ်လုံး ရှာဖွေမှာပါ၊ ပြီးရင်တော့ ကျွန်မရဲ့ ယောက္ခမတွေလည်း လိုက်လာကြမှာပါ”
ကျန်းရှန့်နန်သည် သူမ၏ အနာဂတ်အစီအစဉ်များကို ပြောပြနေခြင်းဖြစ်သည်။ သူမ၏ အလုပ်အတွက် တစ်မိသားစုလုံး ယုံမြစ်သို့ ပြောင်းရွှေ့လာကြမည်။ ဤသည်မှာ သူမ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာမက တစ်မိသားစုလုံး၏ စုပေါင်းရွေးချယ်မှုလည်း ဖြစ်သည်။ ဤစကားကို ကြားသောအခါ စုဟယ်မှာ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားမိသည်။ ကျန်းရှန့်နန်အနေဖြင့် သူမ၏ အလုပ်အတွက် ဤမျှအထိ ကြီးမားသော စွန့်လွှတ်မှုနှင့် ပြောင်းလဲမှုမျိုးကို လုပ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဤသို့ဆိုလျှင် ကျန်းရှန့်နန်အနေဖြင့် အချိန်တိုအတွင်း အလုပ်ထွက်သွားမည်ကို သူမ စိုးရိမ်စရာ မလိုတော့ပေ။ စုဟယ်သည် သူတို့ဇနီးမောင်နှံကို အခန်းရှိရာသို့ ဦးဆောင်ခေါ်သွားရင်း စိတ်ထဲတွင် အားနာသလို ခံစားနေရသည်။ သူမ အကောင်းဆုံး ပြင်ဆင်ထားသည်ဆိုသော်ငြား ကျန်းရှန့်နန်တစ်မိသားစုလုံး အလုပ်အတွက် ပြောင်းလာကြသည့်အခြေအနေနှင့် ယှဉ်လျှင် သူမ ပြင်ထားပေးသည့် အခန်းမှာ ရိုးရှင်းလွန်းနေသကဲ့သို့ ခံစားနေရခြင်း ဖြစ်၏။ တည်းခိုခန်းတွင် အခန်းများမှာ ကျပ်တည်းနေသဖြင့် စုဟယ်သည် သူမ၏ ကိုယ်ပိုင်အခန်းကို ဖယ်ပေးလိုက်ပြီး သူမ၏ ပစ္စည်းအားလုံးကို မိဘများအခန်းသို့ ရွှေ့ကာ မိဘများနှင့် ခေတ္တအတူနေရန် စီစဉ်ထားခြင်းဖြစ်သည်။
“အခန်းကို တည်းခိုခန်းရဲ့ စံနှုန်းအတိုင်း အသစ်ပြန်ပြင်ထားပါတယ်၊ သန့်ရှင်းရေးအဒေါ်ကြီးကလည်း သေသေချာချာ သန့်ရှင်းရေး လုပ်ပေးထားပါတယ်”
စုဟယ် အားနာသံလေးဖြင့် ဆိုလိုက်သည်။ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သောအခါ ကျန်းရှန့်နန်နှင့် ယွီမန့်တို့မှာ သန့်ရှင်းပြီး နွေးထွေးသည့် အခန်းလေးတစ်ခန်းကို မြင်လိုက်ရ၏။ အခန်း၏ အပြင်အဆင်မှာ ရိုးရှင်းသော်လည်း စုဟယ်၏ စေ့စပ်မှုကို အသေးစိတ်အချက်တိုင်းမှာ တွေ့နေရသည်။ အိပ်ယာခင်းများကို ဖြူစင်သန့်ရှင်းသော အခင်းသစ်များဖြင့် လဲလှယ်ထားပြီး ပရိဘောဂများမှာလည်း ဖုန်တစ်စမရှိဘဲ ပြောင်လက်နေသည်။ ကျန်းရှန့်နန်သည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ကျေးဇူးတင်သော အပြုံးဖြင့် ဆိုလိုက်၏။
“သူဌေးမစု အခုလို သေသေချာချာ စီစဉ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်၊ ဒီလောက်ဆိုရင်ပဲ အများကြီး ကောင်းနေပါပြီ”
သူမသည် မူလကတည်းက နေထိုင်မှုအဆင့်အတန်းအပေါ် တောင်းဆိုမှု နည်းပါးသူဖြစ်ရာ ဤအခန်းလေးမှာ တကယ်ပင် ကောင်းမွန်လှသည်ဟု သူမ ခံစားရသည်။ စုဟယ်သည် သူတို့ကို အနားယူရန် အချိန်နှင့်နေရာပေးပြီး ထွက်လာခဲ့၏။ ဧည့်ကြိုကောင်တာတွင်တော့ လီရှီမှာ စိတ်လှုပ်ရှားနေပြီး ဖုန်းတောင် မထုတ်ကြည့်ရဲပေ။ မန်နေဂျာအသစ် ကျန်းရှန့်နန်သည် ယနေ့တည်းခိုခန်းသို့ ရောက်လာပြီဖြစ်သည်။ 'အရာရှိသစ် အာဏာပြ' တတ်သည်ဟု ဆိုရိုးရှိသဖြင့် လီရှီမှာ အမှားလုပ်မိမှာ စိုးရိမ်ပြီး အလုပ်မရှိသည့် အချိန်မှာတောင် ကောင်တာတွင် မတ်တပ်ရပ်နေတော့သည်။
သို့သော် ကျန်းရှန့်နန်မှာ ချက်ချင်းကြီး ပြောင်းလဲမှုတွေ စမလုပ်သေးဘဲ ဟဲယဲ့တည်းခိုခန်းကို သာမန်ဧည့်သည်တစ်ယောက်ကဲ့သို့ စတင်ခံစားကြည့်နေသည်။ သူမသည် နေ့တိုင်းပင် အိပ်ချင်သလောက် အိပ်ပြီးမှ နိုးလာတတ်၏။ နိုးလာသည့် အကြိမ်တိုင်းတွင်လည်း လန်းဆန်းမှုကို ခံစားရပြီး တစ်လောကလုံး ပို၍ နူးညံ့သွားသကဲ့သို့ပင်။ နိုးလာပြီးနောက် ကျန်းရှန့်နန်သည် ယွမ်ဒန်းချူးနှင့်အတူ ထိုက်ချီကို အေးအေးဆေးဆေး လေ့ကျင့်သည်။ ယွမ်ဒန်းချူး၏ လမ်းညွှန်မှုအောက်တွင် ကျန်းရှန့်နန်မှာ ထိုက်ချီအကွက်များကို တစ်ကွက်ချင်းစီ ဖြည်းဖြည်းချင်း လေ့လာ၏။ သူမ၏ လှုပ်ရှားမှုများမှာ အနည်းငယ် မကျွမ်းကျင်သေးသော်လည်း သူမခန္ဓာကိုယ်မှာ ပိုမိုပေါ့ပါးလာသလို ခံစားရသည်။ သို့သော် ယွမ်ဒန်းချူး၏ ကျော်ကြားမှုမှာ တကယ်ပင် ကြီးမားလှပေသည်။ လာရောက်လေ့ကျင့်သူ ဦးရေများပြားလွန်းသဖြင့် နေရာမှာ အနည်းငယ် ကျပ်ညပ်နေသကဲ့သို့ဖြစ်နေ၏။ အကယ်၍ သူမသည် ကိုယ်ဝန်နှင့်ဖြစ်သဖြင့် အထူးဂရုစိုက်ခံရခြင်းမရှိပါက လူအုပ်ကြားတွင် ရပ်နေရင်း ယွမ်ဒန်းချူး၏ ဦးခေါင်းကိုပင် မြင်ရလိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြစ်လင့်ကစား ကျန်းရှန့်နန်မှာ အလွန်ပင် ကျေနပ်နေမိသည်။
ထိုက်ချီကစားပြီးနောက် သူမနှင့် ယွီမန့်တို့သည် လူအုပ်ကြီးနောက်မှ လိုက်ပါရင်း စားသောက်ခန်းမသို့ ဆန်ပြုတ်သောက်ရန် ဖြည်းဖြည်းချင်း လျှောက်လာကြသည်။ ရှေ့မှ မွှေးကြိုင်လှသော ဆန်ပြုတ်ပန်းကန်များကို ကြည့်ရင်း ကျန်းရှန့်နန်မှာ ချက်ချင်းပင် ဗိုက်ဆာလာတော့၏။ သူမဝမ်းဗိုက်ထဲမှ ဆာလောင်မှုကို ခံစားနေရသည်။ ၎င်းမှာ အရသာရှိသော အစားအစာအပေါ် သဘာဝအတိုင်း တုံ့ပြန်မှုပင်။ သူမနှင့် ယွီမန့်တို့သည် ပြတင်းပေါက်နားမှ ခုံတစ်ခုကို ရွေးထိုင်လိုက်ပြီး နံနက်ခင်း နေရောင်ခြည်နှင့် ဆန်ပြုတ်နံ့ကို ခံစားလိုက်ရသည်။ မွန်းလွဲပိုင်းတွင်တော့ ကျန်းရှန့်နန်သည် တစ်ခါတစ်ရံ မစ္စကျိနှင့်အတူ ဟင်းသီးဟင်းရွက် စိုက်ခင်းထဲတွင် အချိန်ကုန်ဆုံးတတ်၏။ စိုက်ခင်းလေးမှာ စိမ်းစိုလန်းဆန်းနေသည်။ သူတို့နှစ်ဦး အတူတကွ အလုပ်လုပ်ကြပြီး ပေါင်းပင်နှုတ်ခြင်း၊ ရေလောင်းခြင်းတို့ကို လုပ်ဆောင်ရင်း စိုက်ပျိုးရေးမှ ပေးသော ပျော်ရွှင်မှုကို ခံစားကြသည်။ စိုက်ခင်းထဲတွင် အလုပ်လုပ်ပြီးနောက်တွင် ကျန်းရှန့်နန်သည် တစ်ခါတစ်ရံ မီနာ ရက်ကန်းရက်နေသည်ကို သွားကြည့်တတ်သည်။ မီနာ၏ လက်ချောင်းများမှာ ရက်ကန်းစင်ပေါ်တွင် ကျွမ်းကျင်စွာ ကခုန်နေပြီး အရောင်စုံ ချည်မျှင်များကို လှပသော ပုံဖော်ချက်များအဖြစ် ရက်လုပ်နေသည်။ ကျန်းရှန့်နန်သည် ရက်ကန်းစင်ကို အလွန်ပင် ဆန်းသစ်သည်ဟု ထင်မိ၏။ သူမသည် ဤရိုးရာလက်မှုပညာကို တစ်ခါမှ ကိုယ်တိုင်မမြင်ဖူးခဲ့ဘဲ မီနာကိုပင် သူမအား ရက်ကန်းရက်နည်း သင်ပေးရန် တောင်းဆိုခဲ့သေးသည်။ ကျန်းရှန့်နန်သည် လက်ရေးလှပညာကို အလွန်အမင်း စိတ်မဝင်စားသော်လည်း သူမ၏ခင်ပွန်း ယွီမန့်မှာ သဘောကျသဖြင့် ဆရာကြီးဝေ၏ လက်ရေးလှသင်တန်းသို့ သူမပါလိုက်ပါနားထောင်ပေးတတ်သည်။
တည်းခိုခန်းတွင် ငါးရက်ကြာ နေထိုင်ပြီး နောက်တွင်တော့ ကျန်းရှန့်နန်သည် သူမ မျက်စိကျနေသည့် ထင်းရှူးစေ့ကိတ်မုန့် ကိုနောက်ဆုံးတွင် တန်းစီပြီး ဝယ်နိုင်ခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကိတ်မုန့်တန်းစီသည့် လူဦးရေမှာ နည်းမသွားဘဲ ပို၍ပင် များလာခဲ့၏။ သူမ ထိုက်ချီ ကစားပြီး တန်းစီဖို့ လာသည့်အချိန်တိုင်း ထိုကိတ်မုန့်မှာ စောစောစီးစီးပင် ကုန်သွားတတ်သည်။ လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ထင်းရှူးစေ့ကိတ်မုန့်လေးမှာ ရွှေအိုရောင်နှင့် ဆွဲဆောင်မှုရှိနေပြီး မွှေးရနံ့လေး သင်းပျံ့နေသည်။ အပြင်ဘက် အပေါ်ယံအလွှာမှာ အထပ်ထပ်ဖြစ်နေပြီး အသာအယာ ကိုက်လိုက်သည်နှင့် ပါးစပ်ထဲတွင် “ဂျွတ်” ကနဲ အသံထွက်သွား၏။ ကိတ်မုန့်၏ အတွင်းပိုင်းမှာ နူးညံ့သော ခရင်မ်နှင့် ထင်းရှူးစေ့ အစာသွတ်များဖြင့် ပြည့်နှက်နေသည်။ ကိုက်လိုက်တိုင်း ထူးခြားသော အရသာကို ခံစားရ၏။ ခရင်မ်မှာ ချိုသော်လည်း မအီပေ။ ထင်းရှူးစေ့မှာ မွှေးသော်လည်း မခြောက်သွေ့ပေ။ ထိုနှစ်ခု ပေါင်းစပ်လိုက်သောအခါ တစ်ခုပြီးတစ်ခု စားချင်စိတ်ကို ဖြစ်ပေါ်စေသည်။ ဤကိတ်မုန့်မှာ အဘယ်ကြောင့် ဤမျှ နာမည်ကြီးနေသည်ကို သူမ နားလည်သွားတော့၏။ ကိတ်မုန့်အရသာကို ခံစားပြီးနောက် ကျန်းရှန့်နန်သည် လက်ကို အေးအေးလူလူ သုတ်လိုက်ပြီး ထူထဲသော စာရွက်စာတမ်း အထပ်လိုက်ကြီးကို ကိုင်ကာ စုဟယ်ကိုသွားရှာတော့သည်။