← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

207

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကျန်းရှန့်နန်သည် သူမ၏အလုပ်ကို လုံးဝပစ်ပယ်ထားခဲ့သည်မဟုတ်ပေ။ သူမသည် ကမ္ဘာလှည့်ခရီးသည်များကြားတွင် ရောနှောနေထိုင်ရင်း သာမန်ဧည့်သည်တစ်ဦးကဲ့သို့ တည်းခိုခန်း၏ အသေးစိတ်အချက်အလက်တိုင်းကို လေ့လာစောင့်ကြည့်နေခဲ့ခြင်းသာဖြစ်သည်။ တစ်ခါတစ်ရံတွင် သူမသည် တည်းခိုခန်း၏ ဧည့်ခန်းမထဲတွင် လှုပ်ရှားသွားလာရင်း လှေကားထစ်များပေါ်တွင် ရပ်ကာ ဧည့်ကြိုကောင်တာရှိ လီရှီ၏ အလုပ်လုပ်ပုံအဆင့်ဆင့်ကို အကဲခတ်တတ်၏။ ထို့ပြင် ဧည့်ခန်းများထဲသို့ ဝင်ရောက်ကာ သန့်ရှင်းမှုရှိမရှိနှင့် အသုံးအဆောင်ပစ္စည်းများမှာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိမရှိကိုလည်း စစ်ဆေးသည်။ စားသောက်ခန်းမတွင်လည်း စားပွဲမှာထိုင်ကာ ဟင်းပွဲတိုင်းကို မြည်းစမ်းကြည့်ပြီး ဝယ်ယူသူများ၏ ကျေနပ်မှုကို တိတ်တဆိတ် မှတ်တမ်းတင်ထားခဲ့သည်။

ကျန်းရှန့်နန်သည် မမြင်နိုင်သော အကဲခတ်သူတစ်ဦးကဲ့သို့ပင် သူမ၏ စူးရှသောမျက်လုံးများဖြင့် အသေးစိတ်အချက်တိုင်းကို ဖမ်းယူပြီး ဝယ်ယူသူတိုင်း၏ လိုအပ်ချက်ကို စေ့စပ်သေချာစွာ စောင့်ကြည့်နေသည်။ သူမသည် ဤနည်းလမ်းကို အသုံးပြု၍ တည်းခိုခန်း၏ လုပ်ငန်းလည်ပတ်မှု အခြေအနေတစ်ခုလုံးကို ဘက်‌ပေါင်းစုံမှ နားလည်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ နောက်ဆုံးတွင် သူမသည် မိမိတွေ့ရှိခဲ့သမျှကို အစီအစဉ်သစ်ထဲတွင် ထည့်သွင်းလိုက်တော့သည်။ စုဟယ်သည် ကျန်းရှန့်နန်၏ အစီအစဉ်စာအုပ်ကို လှမ်းယူလိုက်၏။

“ဟဲယဲ့တည်းခိုခန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေး အစီအစဉ် (၂) လား”

ဤအစီအစဉ် (၂) မှာ သိသိသာသာ ပိုမိုထူထဲလာသည်။ အကယ်၍ ဤအရာမှာ (၂) ဆိုလျှင် နောက်ပိုင်းတွင် (၃) နှင့် (၄) များပါ ထပ်လာဦးမည်ဟု ဆိုလိုခြင်းလား။ ကျန်းရှန့်နန်မှာ အလုပ်အပေါ် အလွန်အမင်း အာရုံစိုက်လွန်းလှသည်။ စုဟယ်မှာ သူမ၏နှာခေါင်းကို ပွတ်သပ်ရင်း မိမိကိုယ်မိမိ အလုပ်ကို ကြိုးကြိုးစားစား မလုပ်ခဲ့သလိုမျိုး ခံစားလိုက်ရ၏။ ထို့နောက် ကျန်းရှန့်နန်သည် လက်ရှိ ဆောက်လုပ်နေသည့်ဟဲယဲ့တည်းခိုခန်းအသစ်၏ ဒီဇိုင်းပုံစံကို စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ဤအတောအတွင်း ကျန်းရှန့်နန်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး စုဟယ်၏ မိဘများနှင့် အသေးစိတ် ဆွေးနွေးကာ လုပ်ငန်းခွင်၏ တိုးတက်မှုအခြေအနေကိုလည်း လေ့လာခဲ့ပြီးဖြစ်၏။ လုပ်ငန်းခွင်ရှိ ဆောက်လုပ်ရေးအရှိန်မှာ မယုံနိုင်လောက်အောင်ပင် မြန်ဆန်လှသည်။ ဤမျှအထိ ဝီရိယရှိပြီး ကြိုးစားကြသည့် ဆောက်လုပ်ရေးအဖွဲ့များကို စုဟယ်၏ မိဘများ ဘယ်ကနေ ရှာလာကြသလဲဆိုသည်ကို ကျန်းရှန့်နန် စဉ်းစားမရနိုင်အောင်ပင်။ ဖြစ်နိုင်သည်မှာ သူတို့မှာ အလွန်ကြိုးစားကြလွန်းသဖြင့် အသားအရေများ ထိုမျှအထိ မည်းမှောင်နေကြခြင်းဖြစ်ပေလိမ့်မည်။ လက်ရှိ ဆောက်လုပ်ရေး အရှိန်အရဆိုလျှင် ဟဲယဲ့တည်းခိုခန်းအသစ်သည် တစ်လခန့် စောပြီး ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ အချိန်နှင့် လုပ်ဆောင်ရမည့် အလုပ်များကို တွက်ချက်ကြည့်ပြီးနောက် ကျန်းရှန့်နန်မှာ အချိန်သည် အလွန်ပင် နီးကပ်နေပြီဟု ရုတ်တရက် ခံစားလိုက်ရ၏။ သူမသည် အစီအစဉ်သစ်ကို တစ်ညလုံး ပြင်ဆင်ပြီးနောက်တွင်မှ အလုပ်တိုးတက်မှုများကို တွန်းအားပေးရန်နှင့် အသေးစိတ်အချက်များကို အတည်ပြုရန် စုဟယ်ကို လာရှာခဲ့ခြင်းဖြစ်သည်။

ကျန်းရှန့်နန်၏ လက်ချောင်းများသည် ဒီဇိုင်းပုံစံပေါ်တွင် အသာအယာ လှည့်လည်နေပြီး သူမ၏ မျက်လုံးများမှာလည်း ပုံချပ်ပေါ်တွင် စိုက်ကြည့်နေသည်။ သူမသည် ထိုစာရွက်ပေါ်မှတစ်ဆင့် အနာဂတ် ဟဲယဲ့တည်းခိုခန်း၏ ထောင့်တိုင်းကို မြင်တွေ့လိုနေသကဲ့သို့ပင်။ သူမ၏ လက်ချောင်းများ လှုပ်ရှားနေသည်နှင့်အမျှ သူမ၏ ဦးနှောက်ထဲရှိ သုံးဖက်မြင် (3D) ပုံစံငယ်မှာလည်း တဖြည်းဖြည်း ရှင်းလင်းလာတော့သည်။ အခန်းတစ်ခုချင်းစီ၏ တည်နေရာ၊ စင်္ကြံတိုင်း၏ ဦးတည်ရာနှင့် အလှဆင်ပစ္စည်းတိုင်း၏ အသေးစိတ်ကိုပါ သူမ စိတ်ကူးပုံဖော်နိုင်နေပြီဖြစ်၏။ သူမသည် ဤအဆောက်အဦကို သူမ၏ စိတ်ထဲတွင် အကြိမ်ကြိမ် ပြန်လည် ပုံဖော်ခဲ့ဖူးသည်။ အကြိမ်တိုင်းတွင်လည်း စိတ်ကူးသစ်များနှင့် တိုးတက်မှုများကို ရရှိခဲ့၏။ ကျန်းရှန့်နန်သည် နေရာလွတ်များကို အကျိုးရှိရှိ အသုံးပြုနိုင်ရန်နှင့် သွားလာမှု ချောမွေ့စေရန်အတွက် ဟိုတယ်၏ အတွင်းပိုင်းတည်ဆောက်ပုံကို စေ့စပ်စွာ ညှိနှိုင်းခဲ့သည်။ သူမသည် အလင်းဝင်ရောက်မှု၊ လေဝင်လေထွက်နှင့် ဧည့်သည်များ၏ ခံစားချက်တို့ကို ထည့်သွင်းစဉ်းစားကာ အသေးစိတ်အချက်တိုင်းကို ဂရုတစိုက် ဆင်ခြင်သုံးသပ်ခဲ့သည်။

“သူဌေး ဒီဇိုင်းပုံထဲမှာ ပြင်လို့ရသေးတဲ့ နေရာတွေ ရှိနေသေးတယ်လို့ ကျွန်မ ထင်တယ်”

ကျန်းရှန့်နန်သည် ဟဲယဲ့တည်းခိုခန်း၏ ဒီဇိုင်းပုံကို ညွှန်ပြလိုက်သည်။ ၎င်းပေါ်တွင် ခဲတံဖြင့် မှတ်သားထားသည့် အမှတ်အသားများ ပြည့်နှက်နေပြီး အားလုံးမှာ ကျန်းရှန့်နန် ပြင်ဆင်လိုသည့် နေရာများကို ညွှန်ပြနေခြင်းဖြစ်သည်။ (၁၆) ထပ်ရှိသော ဟဲယဲ့တည်းခိုခန်းတွင် မူလက (၁၂) ထပ်ကို ဧည့်ခန်းများအတွက် သတ်မှတ်ထားပြီး ပထမထပ်တွင် ရှေ့တန်းဧည့်ကြိုကောင်တာ၊ စားသောက်ခန်းမနှင့် အဆာပြေမုန့်ဆိုင်တို့ ပါဝင်၏။ ဒုတိယထပ်မှာ အားကစားခန်းမဖြစ်ပြီး တတိယထပ်မှာ အစည်းအဝေးခန်းဖြစ်သည်။ ကျန်းရှန့်နန်သည် စတုတ္ထထပ်နှင့် ပဉ္စမထပ်ကို ဝိုင်းပြလိုက်ပြီး ဆဋ္ဌမထပ်တွင်တော့ မေးခွန်းသင်္ကေတ တစ်ခုကို ဆွဲလိုက်သည်။

“သူဌေး ဧည့်ခန်းအရေအတွက်ကို လျှော့ပြီး အများသုံးလို့ရတဲ့ နေရာတွေကို ပိုပြီး တိုးချဲ့သင့်တယ်လို့ ကျွန်မ ထင်တယ်၊ ကျွန်မ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကားမောင်းသွားကြည့်ခဲ့တယ် သာမန်အခြေအနေမှာ တည်းခိုခန်းအသစ်ကိုသွားဖို့ မိနစ် (၃၀) ကြာတယ်၊ ဒါပေမဲ့ ရပ်ကွက်ဟောင်းဘက်က လမ်းအရမ်းပိတ်တတ်တော့ မနက်နဲ့ ညနေ ရုံးတက်ရုံးဆင်းချိန်တွေမှာဆိုရင် အနည်းဆုံး မိနစ် (၅၀) ကြာလိမ့်မယ်၊ လေဆိပ်နဲ့ ရထားဘူတာကနေ တည်းခိုခန်းအသစ်ကို သွားရမယ့် အချိန်ကိုလည်း ကျွန်မ တွက်ချက်ထားပြီးပြီ၊ နှစ်ခုလုံးက မိနစ် (၄၀) ကျော် ကြာတယ်”

ကျန်းရှန့်နန်သည် သူမ တွက်ချက်ထားသည့် အချက်အလက်များကို စာရွက်ပေါ်တွင် ရေးချလိုက်သည်။ ကျန်းရှန့်နန် ဆက်ပြော၏။

“ကျွန်မ မြို့ပြဆောက်လုပ်ရေးဌာနကိုလည်း ဖုန်းဆက်ကြည့်ခဲ့သေးတယ်၊ ရပ်ကွက်သစ်က မြေအောက်ရထားဘူတာ စောပြီး ဖွင့်နိုင်ချေရှိပေမဲ့ အဲဒါကလည်း ဟဲယဲ့တည်းခိုခန်း ဆောက်ပြီးလို့ အနည်းဆုံး သုံးလလောက်နေမှ ဖြစ်မှာ၊ နောက်တစ်ခု ရှိသေးတယ် ရပ်ကွက်သစ်မှာ ဖျက်သိမ်းမယ့် အစီအစဉ် နှစ်ခု ထပ်ရှိနေသေးတယ် လောလောဆယ် အစိုးရက ပြည်သူတွေနဲ့ ဖျက်သိမ်းဖို့ သဘောတူညီချက် လက်မှတ်ထိုးထားရုံပဲ ရှိသေးတာ၊ ကောင်းတဲ့ဘက်ကကြည့်ရင်တော့ ရပ်ကွက်သစ်က ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အများကြီးရှိတယ် ဘဏ္ဍာရေးစင်တာနဲ့ သိပ္ပံပန်းခြံတွေပါ တည်ဆောက်ဖို့ ရှိနေတယ်၊ ဒါပေမဲ့ အဲဒါက ဘာကို ဆိုလိုတာလဲဆိုတော့ နောက်ထပ် (၅) နှစ်လောက်အထိ ဟဲယဲ့တည်းခိုခန်းရဲ့ ပတ်ဝန်းကျင်က ဖုန်တထောင်းထောင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီး ဖြစ်နေလိမ့်မယ် ဆိုတာပဲ”

ကျန်းရှန့်နန်သည် သူမ၏ နားထင်ကို ပွတ်သပ်လိုက်သည်။ စုဟယ်မှာလည်း အနည်းငယ် ခေါင်းခဲသွားရ၏။ ဤပြဿနာများသည် တကယ်ပင် လက်တွေ့ရှိနေသည့် အခက်အခဲများ ဖြစ်သည်။ ရပ်ကွက်သစ်မှာ မြို့ပြအတွင်းရှိ ကျေးရွာတစ်ခုဖြစ်ပြီး ဖျက်သိမ်းမှု အရှိန်မှာ နှေးကွေးလှသည်။ ကျန်းရှန့်နန် ခန့်မှန်းထားသည်မှာ လျော့နေခြင်းဖြစ်နိုင်ပြီး ရပ်ကွက်သစ်သည် နောက်ထပ် (၁၀) နှစ်လောက်အထိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီး ဖြစ်နေနိုင်သည်ဟု စုဟယ် ခံစားရသည်။

“ဒါကြောင့် ဧည့်ခန်းအရေအတွက်ကို လျှော့ချဖို့ ကျွန်မ အကြံပေးချင်တာပါ”

ကျန်းရှန့်နန်သည် ပြဿနာများကိုသာ တင်ပြခြင်းမဟုတ်ဘဲ ဖြေရှင်းချက်များကိုပါ တပါတည်း ပေးအပ်ခဲ့သည်။ ကျန်းရှန့်နန်သည် ဖိုင်တွဲတစ်ခုကို ဖွင့်လိုက်ပြီး လှပသော ဟိုတယ်ဓာတ်ပုံ အချို့ကို ထုတ်ပြလိုက်၏။ စုဟယ်၏ အကြည့်တို့သည် ပထမဆုံးအနေဖြင့် ကျွန်းတစ်ကျွန်းပေါ်ရှိ ခရုခွံပုံစံ ဟိုတယ်ဓာတ်ပုံပေါ်သို့ ကျရောက်သွားသည်။ ကမ်းခြေပေါ်ရှိ ထိုအဆောက်အဦးမှာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီစွာ တည်ရှိနေပြီး ခရုခွံပုံစံ ခေါင်မိုးမှာ နေရောင်အောက်တွင် တောက်ပနေကာ ပတ်ဝန်းကျင်ရှိ သဲသောင်ပြင်နှင့် လှိုင်းလုံးများကြားတွင် သဟဇာတ ဖြစ်နေသည်။ ဝိုင်းဝန်းနေသော ကျွန်းလေးကိုလည်း အဆုံးမရှိသော အပြာရောင် ပင်လယ်ပြင်မှ ဝန်းရံထားသည်မှာ တကယ်ပင် လှပလွန်းလှ၏။ နောက်တစ်ပုံတွင်တော့ သူမ၏ အကြည့်တို့သည် သစ်တောနက်ထဲတွင် ဝှက်ထားသည့် သစ်လုံးအိမ် ဟိုတယ်လေးဆီသို့ ရောက်သွားပြန်သည်။ အိမ်လေး၏ ဒီဇိုင်းမှာ ရိုးရှင်းပြီး နွေးထွေးကာ စိမ်းစိုနေသော သစ်ပင်များ ဝန်းရံထားသည်မှာ သဘာဝတရားထဲရှိ ဆိတ်ငြိမ်အနားယူရာ နေရာလေးတစ်ခုနှယ်။ ကျန်းရှန့်နန် မိတ်ဆက်ပေးသည်။

“ဒါတွေအားလုံးက နာမည်ကြီးတဲ့ အပန်းဖြေဟိုတယ်တွေပါ”

စုဟယ် ခေါင်းညိတ်လိုက်သည်။ ရှုခင်းတွေမှာ အရမ်းလှလွန်းသဖြင့် ဓာတ်ပုံတွေကို ကြည့်ရုံနှင့်ပင် ခရီးထွက်ချင်စိတ်များ ပေါက်လာတော့၏။

“ဒါပေမဲ့ ဒီဟိုတယ်တွေမှာလည်း ဟဲယဲ့တည်းခိုခန်းလိုပဲ ပြဿနာတစ်ခု ရှိနေတယ် အဲဒါက သွားလာရေး မလွယ်ကူတာပဲ၊ ဒီကျွန်းဟိုတယ်ကို သွားဖို့ဆိုရင် အမြန်‌ရေယာဉ်နဲ့ သွားရတယ် လှိုင်းကြီးတဲ့ အချိန်ဆိုရင် ကျွန်းတစ်ခုလုံးကို ပိတ်ထားတတ်တယ်၊ ဒီသစ်တောဟိုတယ်လည်း အတူတူပဲ တောင်ပေါ်ကို ကေဘယ်ကားနဲ့ ဖြစ်ဖြစ် ရဟတ်ယာဉ်နဲ့ ဖြစ်ဖြစ် သွားရတာ၊ ဒါပေမဲ့ ဒီဟိုတယ်တွေက အရမ်းကို နာမည်ကြီးပြီး လူကြိုက်များကြတယ် အနည်းဆုံး တစ်နှစ်ကြိုတင်ပြီး ဘွတ်ကင်လုပ်ထားမှရတာမျိုးပါ”

ကျန်းရှန့်နန်သည် ဓာတ်ပုံများကို ကြည့်နေရင်း သူမ၏ မျက်ဝန်းထဲတွင် ကြီးမားသော ရည်မှန်းချက်များ ပေါ်လွင်နေသည်။ သူမသည် ဟဲယဲ့တည်းခိုခန်းကိုလည်း ထိုကဲ့သို့ နာမည်ကြီးသော တည်းခိုခန်းတစ်ခု ဖြစ်လာစေချင်၏။ စုဟယ် စဉ်းစားလိုက်ရင်း ပြောလိုက်သည်။

“ဆိုလိုတာက ဟဲယဲ့တည်းခိုခန်းကိုလည်း ဒီလမ်းစဉ်အတိုင်း သွားပြီး အပန်းဖြေဟိုတယ်အဖြစ် ပြောင်းလဲပစ်ရမယ်ပေါ့၊ ကျွန်မတို့မှာ လှပတဲ့ ရှုခင်းတွေ မရှိပေမဲ့ တခြားစိတ်ဝင်စားစရာ အင်္ဂါရပ်တွေကို ထည့်သွင်းပေးလို့ ရတယ်မဟုတ်လား”

ကျန်းရှန့်နန် အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။ စုဟယ်မှာ သူမ၏ စိတ်ကူးကို ဤမျှမြန်မြန် သဘောပေါက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

“ဟုတ်ပါတယ်၊ ဟဲယဲ့တည်းခိုခန်းကို အပန်းဖြေစတိုင် တည်းခိုခန်းအဖြစ် ပြောင်းလဲပစ်ပြီး ထူးခြားတဲ့ အင်္ဂါရပ်တွေနဲ့ ဧည့်သည်တွေကို ဆွဲဆောင်နိုင်ပါတယ်၊ ဒါကြောင့် ပထမထပ်ကိုတော့ မူလအတိုင်း ထားမယ် ဒုတိယထပ်ကို မင်္ဂလာဆောင်/ဧည့်ခံပွဲ ခန်းမအဖြစ် ပြောင်းမယ် တတိယထပ်မှာ အားကစားခန်းမနဲ့ ရေကူးကန် ထားမယ် စတုတ္ထထပ်မှာ ဘက်စုံသုံး အစည်းအဝေးခန်းတွေ ထားမယ် ပဉ္စမထပ်မှာတော့ စင်မြင့်နဲ့ ဖျော်ဖြေရေးခန်း ထားမယ် ဆဋ္ဌမထပ်ကိုတော့ ကျွန်မ သေသေချာချာ မဆုံးဖြတ်ရသေးဘူး”

ကျန်းရှန့်နန်သည် ဆဋ္ဌမထပ်ကို ဝေဝေဝါးဝါး ဝိုင်းပြလိုက်သည်။ စုဟယ်သည် တည်းခိုခန်းထဲရှိ ဇာတ်ကောင်ကတ်ပြားထဲမှ လူအချို့ကို တွက်ချက်ကြည့်လိုက်၏။ ဟုန်လျန်နှင့် မစ္စကျိတို့မှာတော့ ပထမထပ်မှာ အမြဲတမ်း ရှိနေကြမည့်သူများ ဖြစ်သည်။ ဟဲယဲ့တည်းခိုခန်းကို စတင်ဒီဇိုင်းဆွဲကတည်းက အစည်းအဝေးခန်းနှင့် စာသင်ခန်းများကို ထည့်သွင်းစဉ်းစားထားခဲ့ပြီး ဤနေရာများကို ဆရာကြီးဝေမှ စီမံခန့်ခွဲလိမ့်မည်။ ပဉ္စမထပ်မှ စင်မြင့်ကိုတော့ ယွမ်ဒန်းချူး အသုံးပြုနိုင်သော်လည်း ယွမ်ဒန်းချူး အတွက် ပိုမိုကြီးမားသော ဓာတ်ခွဲခန်းတစ်ခု လိုအပ်နေသေးသည်။ မီနာမှာလည်း ရက်ကန်းရက်ဖို့အတွက် နေရာလွတ်တစ်ခု လိုအပ်၏။ စုဟယ် ကျန်းရှန့်နန်၏ စိတ်ကူးကို ထောက်ခံလိုက်သည်။

“ဆဋ္ဌမထပ်ကိုလည်း ဖယ်လိုက်ကြရအောင်”

အပန်းဖြေဟိုတယ်များအကြောင်း ပြောလိုက်သောအခါ စုဟယ်သည် မြောက်ပိုင်းဒေသသို့ ခရီးသွားစဉ်က ရောက်ခဲ့ဖူးသည့် ရေချိုးခန်းမ တစ်ခုကို သတိရသွားသည်။ သူမသည် ထိုနေရာတွင် ခြေထောက်ဆေးခြင်း၊ အနှိပ်ခံခြင်း၊ ဂိမ်းကစားခြင်းနှင့် ဘူဖေးစားခြင်းတို့ဖြင့် တစ်နေ့ကုန်အောင် အချိန်ဖြုန်းခဲ့ဖူးသော်လည်း ပျင်းစရာမကောင်းခဲ့ပေ။

“ဆဋ္ဌမထပ်ကို အနှိပ်ခန်းနဲ့ အနားယူတဲ့နေရာအဖြစ်ပြောင်းရင်ရော ဘယ်လိုလဲ”

စုဟယ် ကျန်းရှန့်နန်၏ သဘောထားကို မေးလိုက်သည်။ ကျန်းရှန့်နန်၏ မျက်လုံးများမှာ ဝင်းလက်သွားတော့၏။

“ဟုတ်တယ် Spa အဖြစ် ပြောင်းလို့ရတာပဲ၊ ကျွန်မ ဆရာဒန်းချူး ဖော်စပ်ထားတဲ့ ရှေးဟောင်းနည်းစနစ် အသားဖြူဆပ်ပြာကို သုံးကြည့်ဖူးတယ် အာနိသင်က တကယ်ကို ကောင်းတာ၊ ဆရာဒန်းချူး ကိုအဲဒီပစ္စည်းတွေကို အဆီအဖြစ် ပြောင်းခိုင်းပြီး ကျွန်မတို့ရဲ့ Spa နဲ့ အလှပြင်ခန်းတွေမှာ သီးသန့်သုံးလို့ရတာပဲ၊ ကျွန်မ အခုပဲ ဒီဇိုင်းပုံကို သွားပြီး ပြန်ပြင်လိုက်ဦးမယ် ”

ကျန်းရှန့်နန်သည် ပြောပြီးသည်နှင့် ချက်ချင်းပင် အပြေးအလွှား ထွက်သွားပြန်သည်။ စုဟယ် သူမ၏လက်ကို ဆန့်ထုတ်ကာ လှမ်းခေါ်လိုက်၏။

“အစီအစဉ်စာအုပ် အစီအစဉ်စာအုပ် ဒီမှာ ကျန်ခဲ့တယ်”

All Chapters