အခန်း ၂၀၈
Vol. 21 Ch. 208
208
ကျန်းရှန့်နန်သည် စုဟယ်ထံတွင် ထားရစ်ခဲ့သော အစီအစဉ်စာအုပ်ကို ပြန်လည်ယူဆောင်သွားခြင်း မရှိသေးပေ။ ဟဲယဲ့တည်းခိုခန်းအတွက် ဖွံ့ဖြိုးတိုးတက်မည့် လမ်းစဉ်ကို အတည်ပြုပြီးနောက် ကျန်းရှန့်နန်သည် အစီအစဉ်ကို ချက်ချင်းပင် ထပ်မံပြင်ဆင်လိုက်ရာ ယခုဆိုလျှင် အစီအစဉ် (၃) သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း ကျန်းရှန့်နန် တစ်ယောက်တည်းနှင့်ဆိုလျှင် အစီအစဉ် (၄) သို့ တက်လှမ်းရန် အရှိန်မှာ တန့်နေဆဲပင်။ အလုပ်ကို အစွဲအလမ်းကြီးလှသော ကျန်းရှန့်နန်သည် စာသားများဖြင့် ပြည့်နှက်နေသည့် သူမ၏ အလုပ်အချိန်ဇယားကို တစ်ချက်ကြည့်လိုက်ပြီးနောက် စုဟယ်ထံမှ ရန်ပုံငွေတစ်သုတ် တောင်းခံကာ သူမ၏ အဖွဲ့အစည်းကို ချဲ့ထွင်ရန် ပြင်ဆင်တော့သည်။ လူဆိုသည်မှာ အမြဲတမ်း အတိတ်ကို သတိရတတ်ကြစမြဲဖြစ်ရာ ကျန်းရှန့်နန်လည်း ထိုနည်းအတိုင်းပင်ဖြစ်၏။ သူမသည် သူမ၏ အလုပ်ရှင်ဟောင်း ဖြစ်ခဲ့ဖူးသည့် Howard Johnson ဟိုတယ်ကို ပစ်မှတ်ထားလိုက်တော့သည်။ ရန်ပုံငွေ တောင်းခံသည့် အချိန်မှစ၍ အဖွဲ့ဝင်များကို စုစည်းသည်အထိ ကျန်းရှန့်နန်သည် နှစ်ရက်တည်းနှင့် လူဆယ်ယောက်ကို ခေါ်ဆောင်လာနိုင်ခဲ့၏။ ထိုလူများထဲမှ တစ်ဝက်ခန့်မှာ Howard Johnson ဟိုတယ်မှ ရက်ရက်ရောရော လွှတ်ပေးလိုက်သည့်သူများ ဖြစ်ကြသည်။
“ဒါကတော့ ဘဏ္ဍာရေးအရာရှိချုပ်အဖြစ် တာဝန်ပေးဖို့ လျာထားတဲ့ ကွမ်းစီ ပါ”
ကျန်းရှန့်နန်မှာ လှိုင်းထနေသော ဆံနွယ်များရှိသည့် လှပသော အမျိုးသမီးတစ်ဦးကို ညွှန်ပြရင်း မိတ်ဆက်ပေးသည်။ ထိုအမျိုးသမီးတွင် သဘာဝအတိုင်း ပင်လယ်လှိုင်းလုံးများနှယ် လှပစွာ ဝဲကျနေသော ထူထဲသည့် ဆံနွယ်ရှည်များ ရှိပြီး သူမ လျှောက်လှမ်းလိုက်တိုင်း ထိုဆံနွယ်များမှာ အသာအယာ ယိမ်းနွဲ့လျက် ဆွဲဆောင်မှုရှိသော လင်းလက်မှုတို့ကို ထုတ်လွှတ်နေ၏။ ကွမ်းစီသည် ကိန်းဂဏန်းများအပေါ် မွေးရာပါ အာရုံခံစားမှု ထက်မြက်သူဖြစ်ပြီး ရှုပ်ထွေးလှသော ဘဏ္ဍာရေး အစီရင်ခံစာများကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနိုင်ကာ ၎င်းတို့အတွင်းရှိ သိမ်မွေ့သော ကွဲလွဲချက်များနှင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ရိပ်မိနားလည်နိုင်သည်။ သူမ၏ ကျွမ်းကျင်မှုမှာ နက်ရှိုင်းလှသည်။ စာရင်းကိုင်စံနှုန်းများ၊ အခွန်ဥပဒေများ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာများဖြစ်ပါစေ သူမမှာ အားလုံးကို အလွတ်ရနေသူ ဖြစ်၏။ သူမသည် အချက်အလက်များကို အတွင်းကျကျ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဈေးကွက်သုတေသနများအပေါ် အခြေခံ၍ ထိရောက်သော ဘတ်ဂျက်အစီအစဉ်များကို ရေးဆွဲနိုင်ကာ အရင်းအမြစ်များကို ကျိုးကြောင်းဆီလျော်စွာ ခွဲဝေပေးခြင်းဖြင့် ဟိုတယ်၏ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သူ ဖြစ်သည်။
ဤမျှ ထူးချွန်လှသော ကွမ်းစီတစ်ယောက် Howard Johnson ဟိုတယ်မှ အလုပ်ထွက်ရသည့် အကြောင်းရင်းမှာ သူမ တာဝန်ကျရာ ဘဏ်ခွဲ၏ မန်နေဂျာကြောင့် ဖြစ်သည်။ ထိုမန်နေဂျာသည် ဟိုတယ်ကို သူ၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုကဲ့သို့ သဘောထားရုံသာမက ကွမ်းစီကိုလည်း သူ၏ ကိုယ်ပိုင်လူ ကဲ့သို့ သတ်မှတ်ကာ နေ့တိုင်း ရွံရှာဖွယ် မျက်လုံးများဖြင့် စိုက်ကြည့်နေသောကြောင့် ဖြစ်၏။ မူလက အလုပ်ထွက်ပြီး ပြည်ပသို့ ထွက်ခွာရန် ရည်ရွယ်ထားသော ကွမ်းစီကို ကျန်းရှန့်နန်မှာ ဟဲယဲ့တည်းခိုခန်းသို့ စည်းရုံးခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ဟဲယဲ့တည်းခိုခန်း၏ ပိုင်ရှင်မှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းနှင့် ဤနေရာတွင် မည်သည့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမျိုးမှ ဘယ်တော့မှ ရှိလာမည်မဟုတ်ကြောင်း ကျန်းရှန့်နန်က သူမကို အာမခံခဲ့၏။ ကွမ်းစီအပြင် လူ့စွမ်းအားအရင်းအမြစ်ဒါရိုက်တာနှင့် စျေးကွက်ရှာဖွေရေးဒါရိုက်တာ တို့ကိုလည်း ကျန်းစိမ့်နန် Howard Johnson ဟိုတယ်မှပင် ခေါ်ဆောင်လာခဲ့သည်။
လူ့စွမ်းအားအရင်းအမြစ် ဒါရိုက်တာမှာ အတွေ့အကြုံရင့်ကျက်သည့် အဒေါ်ကြီးတစ်ဦးဖြစ်ပြီး အမည်မှာ ရန်လီယွမ် ဖြစ်သည်။ သူမ၏ ရုပ်ရည်မှာ နုပျိုခြင်းမရှိတော့သော်လည်း သူမ၏ အမြင်နှင့် ဉာဏ်ပညာမှာ နှစ်ချို့ဝိုင်နှယ် အချိန်ကြာလာသည်နှင့်အမျှ ပို၍ မွှေးကြိုင်လာခဲ့၏။ နှစ်ကာလများကြောင့် သူမ၏ ဆံပင်များမှာ ငွေရောင်သန်းနေပြီး သူမ၏ အပြုံးမှာ နွေးထွေးကာ ကြင်နာမှုရှိလှသဖြင့် နေ့တိုင်း ဈေးသို့ စောစောထကာ ဟင်းသီးဟင်းရွက် သွားဝယ်လေ့ရှိသည့် အိမ်နီးနားချင်း အဒေါ်ကြီးတစ်ဦးကဲ့သို့ ထင်ရသည်။ သို့သော် ရန်လီယွမ်၏ မျက်လုံးများမှာ ထူးထူးခြားခြား စူးရှလှ၏။ သူမသည် ဈေးထဲမှ အလတ်ဆတ်ဆုံး ဟင်းသီးဟင်းရွက်များကို တိကျစွာ ရွေးချယ်နိုင်သကဲ့သို့ လူအုပ်ကြီးထဲမှ အထူးချွန်ဆုံးသော လူရည်ချွန်များကိုလည်း အမြဲတမ်း ရွေးချယ်နိုင်စွမ်း ရှိသည်။ ရန်လီယွမ်တွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများစွာရှိပြီး လူရွေးချယ်ခြင်း၊ လေ့ကျင့်ပေးခြင်း၊ တွန်းအားပေးခြင်းနှင့် လူမြဲအောင်လုပ်ခြင်းတို့တွင် ထူးခြားသော အမြင်နှင့် နည်းလမ်းများ ရှိသည်။ သို့သော်လည်း Howard Johnson ဟိုတယ်မှာ သူမကို အသက်ကြီးလွန်းပြီဟု ယူဆခဲ့၏။ အမှန်စင်စစ် ရန်လီယွမ်သည် အသက် (၃၅) နှစ်ကို ကျော်လွန်ကာ (၅၀) နားသို့ ချဉ်းကပ်နေပြီ ဖြစ်ရာ Howard Johnson ဟိုတယ်သည် သူမကို အလုပ်မှ ထုတ်ပယ်ရန်နှင့် သူမ၏ နေရာတွင် လစာသက်သာပြီး ပိုမိုနုပျိုသည့် HR ဒါရိုက်တာတစ်ဦးဖြင့် အစားထိုးရန် သဘာဝအတိုင်းပင် လိုလားခဲ့ကြသည်။
စျေးကွက်ရှာဖွေရေး ဒါရိုက်တာမှာတော့ လူငယ်အမျိုးသမီး ရှောင်ယင်း ဖြစ်ပြီး ထိပ်တန်းတက္ကသိုလ်တစ်ခုမှ ဆက်သွယ်ရေးဘာသာရပ်ဖြင့် မဟာဘွဲ့ရထားကာ ပြည်ပတွင် ပညာသင်ကြားခဲ့သည့် အတွေ့အကြုံလည်း ရှိသည်။ သူမ Howard Johnson ဟိုတယ်မှ ထွက်လာရခြင်းမှာ သူမ၏ လစာမှာ နည်းလွန်းလှသောကြောင့်ဖြစ်၏။ Howard Johnson ဟိုတယ်သည် သူမကို စီမံခန့်ခွဲမှုသင်တန်းသား ဟူသော ဘွဲ့အမည်ကို ပေးထားကာ အမှုဆောင်အရာရှိအဖြစ် တိုက်ရိုက် ရာထူးတိုးပေးမည်ဟု အိပ်မက်လှလှများပေးခဲ့သော်လည်း ရှောင်ယင်း မှာ ထိုဟိုတယ်တွင် သုံးနှစ်တိုင်တိုင် နေခဲ့သော် သူမ၏ လစာမှာ တစ်ပြားတစ်ချပ်မှ တိုးမလာခဲ့ပေ။ သူမသည် စျေးကွက်ရှာဖွေရေး ဒါရိုက်တာ ရာထူးကို ရယူထားသော်လည်း တစ်ခုလုံးသော စျေးကွက်ရှာဖွေရေးဌာနတွင် သူမတစ်ယောက်တည်းသာ ရှိသည်။ သူမသည် ဟိုတယ်၏ လူမှုကွန်ရက် အကောင့်များကို စီမံခန့်ခွဲရသည်။ ပလက်ဖောင်းအသီးသီးတွင် ပရိုမိုးရှင်း ကူပွန်များကို စာရင်းတင်ရသည်။ ထို့ပြင် ဖောက်သည်ဝန်ဆောင်မှု အဖြစ်ပါ တာဝန်ယူရ၏။ သူမ၏ အထက်လူကြီးမှာလည်း ရှေးရိုးစွဲလွန်းလှပြီး သူမ တင်ပြသည့် ခေတ်မီပြီး ဖက်ရှင်ကျသော စျေးကွက်ရှာဖွေရေး အစီအစဉ်များကို မနှစ်သက်သည့်အပြင် ရန်ပုံငွေကိုလည်း အနည်းငယ်သာ ပံ့ပိုးပေးပြီးနောက် သူမ၏ ဖောက်သည်ဆွဲဆောင်နိုင်စွမ်း မရှိမှုကိုသာ ပြစ်တင်ဝေဖန်လေ့ ရှိသည်။ ရှောင်ယင်းမှာ သူမ၏ အထက်လူကြီးကြောင့် ရူးမတတ် ဖြစ်နေရပြီး ပါရဂူဘွဲ့ ဆက်တက်ရန် ကျောင်းသို့ ပြန်ပြေးရန် စီစဉ်နေခဲ့၏။ ကံကောင်းစွာဖြင့် ကျန်းရှန့်နန်မှာ သူမအားကမ်းလှမ်းချက် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ဟဲယဲ့တည်းခိုခန်းသည် အမည်မသိ ပုဂ္ဂလိက လုပ်ငန်းငယ်လေးတစ်ခု ဖြစ်သော်လည်း ကမ်းလှမ်းသည့် လစာမှာ Howard Johnson ဟိုတယ်ထက် နှစ်ဆ ရှိသည်။ လူ့လောက၏ ဒဏ်ရာဒဏ်ချက်များကို ခံစားခဲ့ရသော ရှောင်ယင်းသည် မည်သည့် တွန့်ဆုတ်မှုမှ မရှိဘဲ သူမ၏ အထုပ်အပိုးများကို ထုပ်ပိုးကာ ယုံမြစ်သို့ လာခဲ့တော့သည်။
အခန်းထိန်းသိမ်းရေး ဒါရိုက်တာဖြစ်သူ ခယ့်ဖန် နှင့် စားသောက်ကုန်နှင့် အချိုရည် ဒါရိုက်တာဖြစ်သူ ချန်ရင် တို့ကိုလည်း ကျန်းရှန့်နန်မှပင် စည်းရုံးခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ကျန်းရှန့်နန်အနေဖြင့် Howard Johnson ဟိုတယ်မှ လူများကို ဆက်လက် ခေါ်ဆောင်လိုသော်လည်း ဟဲယဲ့တည်းခိုခန်းမှာ စတင်တည်ထောင်ကာစ အဆင့်တွင်သာ ရှိသေးသဖြင့် လူအများအပြားမှာ အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်၏။ ကျန်းရှန့်နန်၏ လုပ်ဖော်ကိုင်ဖက်ဟောင်း အချို့မှာဆိုလျှင် ကျန်းရှန့်နန်တစ်ယောက် ရူးသွားပြီဟုပင် ထင်မှတ်နေကြသည်။ Howard Johnson ဟိုတယ်မှာ အေးအေးဆေးဆေး အနားယူရတာ မကောင်းဘူးလား။ ဘာကြောင့်များ ဝေးလံခေါင်သီတဲ့ အရပ်မှ အမည်မသိ တည်းခိုခန်းလေးဆီကို ပြေးသွားရတာလဲ။ ထိုကောလာဟလများကို ကျန်းရှန့်နန် လျစ်လျူရှုလိုက်ပြီး သူမ၏ အဆက်အသွယ်များကို အသုံးပြုကာ အခြားတစ်နေရာမှ သတင်းအချက်အလက် နည်းပညာ မန်နေဂျာတစ်ဦးကို ခန့်အပ်လိုက်သည်။ ထို IT မန်နေဂျာအသစ်ကို မြင်လိုက်ရသောအခါ စုဟယ်မှာ အနည်းငယ် အံ့အားသင့်သွားရသည် ထိုသူမှာ သူမ သိသည့်လူ ဖြစ်နေသောကြောင့်ပင်။
“မစ္စတာလီ ရှင်က ကျောပိုးအိတ်ခရီးသည် မဟုတ်တော့ဘူးလား”
ဤ IT မန်နေဂျာအသစ်မှာ ယခင်က ဟဲယဲ့တည်းခိုခန်းတွင် တည်းခိုသွားခဲ့သည့် ဧည့်သည်ပင် ဖြစ်သည်။ ဆရာကြီးဝေကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်သင်ကြားရန် အားပေးခဲ့သူမှာလည်း သူပင်ဖြစ်သည်။ မစ္စတာလီမှာ သူ၏ ဆံပင်ကို သပ်တင်လိုက်ရင်း ပြောလိုက်၏။
“သူဌေးစု ကျွန်တော့်ကို မစ္စတာလီလို့ မခေါ်ပါနဲ့တော့၊ လီကျီရှုလို့ပဲခေါ်ပါ”
လီကျီရှု မှာလည်း ခံစားချက်များဖြင့် ပြည့်နှက်နေပုံရပြီး အရာရာ ပြန်လည်ပတ်ချာလည်ပြီးနောက် ဟဲယဲ့တည်းခိုခန်းသို့ တစ်ဖန် ပြန်ရောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ထိုစဉ်က ကုမ္ပဏီကြီးတစ်ခုမှ အလုပ်ထုတ်ပယ် ခံရပြီးနောက် သူသည် စိတ်ဓာတ်ကျနေခဲ့ပြီး သူငယ်ချင်းတစ်ဦး၏ အကြံပြုချက်ဖြင့် ကျောပိုးအိတ်ခရီးသည်အဖြစ် ခရီးစတင်ထွက်ခဲ့ခြင်းဖြစ်သည်။ ခရီးသွားခြင်းမှာ လွတ်လပ်မှု ပေးသော်လည်း သူသည် အမြဲတမ်း အခြေမဲ့ အနေမဲ့ ဖြစ်နေသကဲ့သို့ ခံစားခဲ့ရ၏။ သို့သော်လည်း ဟဲယဲ့တည်းခိုခန်းတွင် ကာလအတန်ကြာ တည်းခိုနေထိုင်ခဲ့ပြီးနောက် သူသည် အိမ်၏ နွေးထွေးမှုကို ခံစားခဲ့ရပြီး မိမိကိုယ်မိမိ တဖြည်းဖြည်း ပြန်လည် ကုသနိုင်ခဲ့သည်။ သူသည် မိမိ၏ မိသားစုကို ကုမ္ပဏီကြီးမှ အလုပ်ထုတ်ခံရသည့်အကြောင်း ဝန်ခံရန် ရွေးချယ်ခဲ့ရာ အံ့ဩစရာကောင်းသည်မှာ သူ၏ မိသားစုသည် သူအလုပ်ထုတ်ခံရခြင်းအပေါ် ဂရုမစိုက်ဘဲ သူ၏ ကျန်းမာရေးကိုသာ ပို၍ အလေးထားခဲ့ကြခြင်းပင်။ မိသားစု၏ အကူအညီဖြင့် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီး စိတ်ကို ရှင်းလင်းကာ အလုပ်ရှာရန် ကိုယ်ရေးရာဇဝင် ကို ထပ်မံတင်ပြခဲ့ခြင်းဖြစ်သည်။ သူငယ်ချင်းများထံမှ အလုပ်အညွှန်းများ ရှာဖွေနေစဉ်တွင် ဟဲယဲ့တည်းခိုခန်းမှ လူခေါ်နေသည့် အချက်အလက်ကို သူအမှတ်မထင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လီကျီရှုသည် ချက်ချင်းပင် သူ၏ ကိုယ်ရေးရာဇဝင်ကို ကျန်းရှန့်နန်ထံသို့ ပေးပို့ခဲ့၏။ သူ၏ ကြွယ်ဝလှသော အလုပ်အတွေ့အကြုံများ
အပေါ် အခြေခံ၍ လီကျီရှုသည် ဟဲယဲ့တည်းခိုခန်းသို့ ပြန်ရောက်လာခဲ့တော့သည်။ စုဟယ် ပြုံးလျက် ဆိုလိုက်၏။
“ဆရာကြီးဝေ ရှင့်ကိုမြင်ရင် အရမ်းဝမ်းသာမှာပဲ”
လီကျီရှုမှာလည်း ရယ်မောလျက် ပြောလိုက်သည်။
“ဒီတစ်ခါတော့ ကျွန်တော် စုတ်တံနဲ့ လက်ရေးမူတွေကိုပါ ယူလာတယ် ဆရာကြီးဝေဆီမှာ သေသေချာချာ သင်ယူဖို့ စိတ်ကူးထားပါတယ်”
ကျွမ်းကျင်ပညာရှင်အဖွဲ့ကြီးမှာ တစ်ဝက်ကျော် တည်ဆောက်ပြီးစီးသွားပြီဖြစ်တော့သည်။