အခန်း ၂၁၂
Vol. 22 Ch. 212
212
ကျိပိုင်သည် ဧည့်ခန်းငယ်လေးရှိ ကော်ဖီစားပွဲတွင် တင်ပလ္လင်ခွေထိုင်ကာ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။ သူ၏အကြည့်များမှာ ဧည့်ခန်းငယ်၏ အခြားတစ်ဖက်သို့ ဖြည်းဖြည်းချင်း ရောက်ရှိသွားရာ ထိုနေရာတွင် အတော်လေး ထူးဆန်းသော စမ်းသပ်ကိရိယာအချို့ကို ချထားသည်ကို တွေ့လိုက်ရ၏။ ထိုကိရိယာများသည် အေးစက်သော သတ္တုရောင်များ တဖျတ်ဖျတ်တောက်နေပြီး ရှုပ်ထွေးလှသော ဝါယာကြိုးများနှင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အချက်ပြမီးများမှာ ခေတ်သစ်နည်းပညာ၏ပုံရိပ်လွှာတစ်ခုကို ဖော်ဆောင်နေသည်။ သို့သော်လည်း သူ့အတွက်မူ ထိုအဆင့်မြင့်လှသည်ဟု ထင်ရသော လျှို့ဝှက်ဆန်းကြယ်သည့် စက်ပစ္စည်းများသည် သူ့နှလုံးသားတွင် မည်သည့် လှိုင်းဂယက်မျှ ထွက်ပေါ်လာစေခြင်း မရှိပေ။ သူ့မျက်လုံးများတွင် တည်ငြိမ်အေးချမ်းမှုနှင့် ရင့်ကျက်တည်ငြိမ်မှုတို့သာ အမြဲကိန်းအောင်းနေပြီး ခေတ်သစ်လူ့အဖွဲ့အစည်း၏ ထုတ်ကုန်များသည် သူ့အတွက် ထူးခြားဆန်းပြားသောအရာများ မဟုတ်သည့်အလား ဖြစ်နေသည်။ သူ့အတွင်းစိတ်မှာ ထိုရုပ်ဝတ္ထုပစ္စည်းများ၏ အနှောင်အဖွဲ့ကို ကျော်လွန်ကာ လောကုတ္တရာနယ်ပယ်သို့ ရောက်ရှိနေပြီဟု ထင်ရ၏။
သူ၏အကြည့်များကို ကိရိယာများထံမှ အမြန်ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရှေ့တွင်ရှိနေသော စုဟယ်ထံသို့ ပြန်ရောက်လာသည်။ စုဟယ်မှာ စနစ်အကြောင်း၊ ဟဲယဲ့တည်းခိုခန်းအကြောင်းနှင့် ခေတ်သစ်လူ့အဖွဲ့အစည်းအကြောင်းကို ရှင်းပြပြီးသွားသည်ကို မြင်သောအခါ သူ ကြင်နာစွာဖြင့် သူမကို လက်ဖက်ရည်ငှဲ့ပေးလိုက်၏။ စုဟယ်သည် လက်ဖက်ရည်သောက်ရင်း ကုချင်းရဟန်းကျိပိုင်ကို အကဲခတ်နေမိသည်။ ကျိပိုင်မှာ အတော်လေးတည်ငြိမ်လွန်းနေသည်။ စုဟယ် စကားပြောလေလေ သူမကိုယ်သူမ ပို၍ မရေမရာဖြစ်လာလေလေဖြစ်ပြီး သူမရှင်းပြနေသည့် အကြောင်းအရာများမှာ အနှစ်သာရမရှိသဖြင့် ကျိပိုင် ပျင်းသွားမလားဟုပင် သံသယဝင်လာမိသည်။ စုဟယ် ဘာတွေးနေသည်ကို သိသည့်အလား ကျိပိုင်မှာ နူးညံ့စွာပြုံးလိုက်ပြီး နှစ်သိမ့်အားပေးသည့်ဟန် ပြလိုက်သည်။ သူသည် လက်ဖက်ရည်ခွက်ကို အသာအယာချလိုက်ပြီး စုဟယ်ကို အေးချမ်းသော အကြည့်ဖြင့် ကြည့်လိုက်ရာ စုဟယ်မှာ ထူးဆန်းသော လုံခြုံမှုတစ်ခုကို ခံစားလိုက်ရ၏။ သူ၏အသံမှာ တည်ငြိမ်ပြီး စိမ့်ဝင်စွမ်းအားရှိလှကာ ဖြည်းဖြည်းချင်းဆိုလာသည်။
“ဒီရဟန်းက အရည်အချင်းမပြည့်ဝပေမဲ့ တည်းခိုခန်းအတွက် တတ်စွမ်းသမျှ ကူညီပေးဖို့ ဆန္ဒရှိပါတယ် ”
သူ့စကားလုံးများတွင် မာန်မာန သို့မဟုတ် ကြွားဝါလိုစိတ် အစအနမျှမရှိဘဲ နှိမ့်ချမှုနှင့် စစ်မှန်သော စေတနာတို့သာ ကိန်းအောင်းနေသည်။ ကျိပိုင်သည် သူဘာကြောင့် ဇာတ်ကောင်ကတ် ဖြစ်လာသည်ကို မသိသော်လည်း ရောက်ရှိလာပြီဖြစ်၍ အခြေအနေကို အကောင်းဆုံး လက်ခံလိုက်၏။ စနစ်နှင့် စုဟယ်တို့မှာ သူ့ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်ရာ စုဟယ် တည်းခိုခန်းကို တိုးတက်အောင် လုပ်ဆောင်ရာတွင် သူတတ်စွမ်းသမျှ ပါဝင်ကူညီသွားမည် ဖြစ်သည်။ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ တကယ့်ကို အံ့ဩစရာ ကောင်းလှသည်။ ကျိပိုင်သည် အခြားသော ဇာတ်ကောင်ကတ်များ ဟဲယဲ့တည်းခိုခန်းတွင် ဘာတွေလုပ်နေကြသည်ကို နားထောင်ပြီးနောက် ဘေးနားရှိ ငွေရောင်တောက်နေသော စမ်းသပ်ကိရိယာများကို ကြည့်လိုက်၏။ အခြားဇာတ်ကောင်တွေမှာ တကယ်ကို တော်ကြလွန်းသည်။ ကျိပိုင်သည် ထိုရှုပ်ထွေးသော ကိရိယာများကို မသင်ယူနိုင်မှန်း သိသလို ခေတ်သစ်အတတ်ပညာများကိုလည်း မသိပေ။ ကုချင်ူတီးရုံသာ တတ်သည့် သူသည် ဘယ်လို အကူအညီများ ပေးနိုင်မည်နည်းဟုလည်း သူ မသိပေ။ ကျိပိုင်၏ မျက်လုံးများတွင် အားနာရိပ်များ ယှက်သန်းသွားသည်။ သူသည် တည်းခိုခန်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမလားဟု ခံစားနေရသည်။
သို့သော် ကျိပိုင်၏ နောက်ခံသမိုင်းကြောင်းကို သိထားသော စုဟယ်မှာမူ ကျိပိုင်မှာ အလွန်ပင် နှိမ့်ချလွန်းနေသည်ဟု ခံစားလိုက်ရသည်။ ကျိပိုင်၏ ဆရာ့ဆရာမှာ မြောက်ပိုင်းဆုန့် မင်းဆက်မှ နန်းတွင်းကုချင်းဆရာကြီးဖြစ်ပြီး ‘လောက၏ နံပါတ်တစ်ကုချင်းပညာရှင်’ ဟု လူသိများသူ ဖြစ်၏။ ဆုန့်မင်းဆက်သည် ဧကရာဇ်မင်းများပင်လျှင် အနုပညာရှင်များဖြစ်ကြသည့် ခေတ်ကာလတစ်ခု ဖြစ်သည်။ ထိုခေတ်မှ လူများသည် သူတို့စုတ်တံများကို ဓားသဖွယ်၊ မှင်များကို သံချပ်ကာသဖွယ် အသုံးပြုကာ သူတို့ခေတ်၏ တောက်ပမှုကို စာလုံးများဖြင့် ရေးထွင်းခဲ့ကြသည်။ သူတို့သည် အတွင်းစိတ် ကျင့်ကြံအားထုတ်မှုနှင့် စိတ်ဝိညာဉ် ကြွယ်ဝမှုကို ဦးစားပေးကြပြီး အနုပညာ၏ စင်ကြယ်မှုနှင့် အတွေးအခေါ်၏ နက်ရှိုင်းမှုကို ရှာဖွေခဲ့ကြ၏။ ဆုန့်မင်းဆက်ကို တစ်နိုင်ငံလုံး အနုပညာရှင်များ ဖြစ်ကြသည့် ခေတ်ဟုပင် ဆိုနိုင်သည်။ ဆုန့်မင်းဆက်တွင် သင်သည် ကဗျာမစပ်တတ်၊ ကုချင်းမတီးတတ် သို့မဟုတ် စာရေးနည်းနှင့် ပန်းချီပညာကို မကျွမ်းကျင်ပါက အပြင်ထွက်၍ လူတကာနှင့် တွေ့ဆုံရန် ရှက်နေရလိမ့်မည်။ ထို့ပြင် ရှေးဟောင်းပညာတတ်များ၏ အတတ်ပညာ (၄) မျိုး (ကုချင၊ စစ်တုရင်၊ စာရေးနည်း၊ ပန်းချီ) ထဲမှ ကုချင်းပညာသည် ဆုန့်မင်းဆက်တွင် ပိုမိုမြင့်မားသော အဆင့်အတန်းတွင် ရှိသည်။ ဧကရာဇ်များမှစ၍ ပညာရှင်များအထိ လူတိုင်းသည် ကုချင်းတီးတတ်ခြင်းကို ဂုဏ်ယူကြသည်။
ကျိပိုင်၏ ဆရာ့ဆရာဖြစ်သူ ‘ကျူးဝန်ကျိ’ မှာ ထိုသူများထဲတွင် အတော်ဆုံးတစ်ဦး ဖြစ်သည်။ သူသည် ဆုန့်မင်းဆက် ဧကရာဇ် ထိုက်ကျုံးခန့်အပ်ထားသော နန်းတွင်းကုချင်းပညာရှင် ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရသော် ကျူးဝန်ကျိသည် တစ်နိုင်ငံလုံးရှိ အနုပညာရှင်များထဲမှ ရွေးချယ်ခံထားရသော အမျိုးသားအဆင့် ကုချင်းဆရာကြီးဖြစ်ပြီး ဧကရာဇ်ကိုယ်တိုင်မှ အမျိုးသားအဆင့် ထိပ်တန်းကုချင်းပညာရှင်အဖြစ် ခန့်အပ်ထားသူ ဖြစ်သည်။ ပထမဆုံးသော ကုချင်းကျမ်း ကုချင်းသမိုင်းတွင်ပင် ကျူးဝန်ကျိကိုနတ်ဘုရားဟု ချီးမွမ်းထားသည်။
နတ်ဘုရားတစ်ပါးနော်။
ထိုကျူးဝန်ကျိ၏ တပည့်ရင်းဖြစ်သော ကျိပိုင်၏ ကုချင်းပညာသည်လည်း အလွန်ပင် ထူးကဲလှသည်။ ထန်နှင့် ဆုန့်မင်းဆက်တို့၏ အကြီးမြတ်ဆုံး စကားပြေဆရာကြီး (၈) ဦးထဲမှ တစ်ဦးဖြစ်သူ အိုးရန်ရှို့သည် ကုချင်းရဟန်းကျိပိုင်သို့ဆိုသည့် ကဗျာကို သူ့အတွက် ရေးသားပေးခဲ့သလို မိန်ယောင်ချန်းကလည်း ကုချင်းရဟန်းကျိပိုင်သို့ဆိုသည့် ကဗျာကို ရေးသားပေးခဲ့၏။ ကျိပိုင်သည် စာပေပညာရှင်ကြီးနှစ်ဦးထံမှ သီးသန့်လက်မှတ်ထိုးအပ်နှင်းချက်များကို ရရှိခဲ့သူဖြစ်သည်။ ငွေပုံအောသုံးခဲ့သော ဝမ်လွန်ပင်လျှင် လီပိုင်ဆီမှ 'ဝမ်လွန်သို့' ဆိုသည့် ကဗျာတစ်ပုဒ်သာရရှိခဲ့သော်လည်း ငွေတစ်ပြားမှမကုန်ဘဲ ထူးကဲသောကုချင်းပညာနှင့်တင် ကျိပိုင်မှာ ဆရာကြီးများ၏ကဗျာနှစ်ပုဒ်ရခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ အလွန်ပင် မနာလိုစရာ ကောင်းလှ၏။ ကံကောင်းထောက်မစွာဖြင့် ကျိပိုင်သည် ဝမ်လွန်၏နောက်မှ မွေးဖွားလာခြင်းဖြစ်သည်။ မဟုတ်ပါက ဝမ်လွန်တစ်ယောက် လီပိုင်နောက် တကောက်ကောက်လိုက်ကာ နောက်ထပ် ကဗျာတစ်ပုဒ် ထပ်ရေးပေးရန် တောင်းပန်နေရလိမ့်မည်။ ယခု ကျိပိုင်မှာ သူသည် အရည်အချင်းမပြည့်ဝပါဟု ပြောသည်ကို စုဟယ် လုံးဝမယုံကြည်ပေ။ စုဟယ်သည် စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကျိပိုင်ကို ကြည့်လိုက်သည်။ ဆရာကြီးနှစ်ဦးကို ဆွဲဆောင်နိုင်ခဲ့သည့် ထိုဂီတကို သူမ အသည်းအသန် နားထောင်ချင်နေမိသည်။
ကျိပိုင်သည် စုဟယ်၏ဆန္ဒကို နားလည်လိုက်သည်။ သူသည် ကုချင်းကြိုးများကို အသာခတ်လိုက်ရာ အသံလှိုင်းများမှာ လေထုထဲတွင် ဖြည်းဖြည်းချင်း လွင့်ပျံ့လာ၏။ ထိုအသံမှာ တောင်ပေါ်မှ နံနက်ခင်း လေပြေညင်းကဲ့သို့ပင်။ နှင်းစက်များ၏ လန်းဆန်းမှုနှင့် ပန်းရနံ့များကို သယ်ဆောင်လာကာ စုဟယ်၏ နားစည်ကို အသာအယာ ပွတ်သပ်ပေးနေသည်။ စုဟယ်သည် မျက်လုံးများကို မှိတ်လိုက်ပြီး လှပငြိမ့်ညောင်းလှသော ကုချင်းသံထဲတွင် အပြည့်အဝနစ်မြုပ်သွားတော့သည်။ အစပိုင်းတွင် စောင်းသံမှာ နံနက်ခင်း နေရောင်အောက်မှမြူနှင်းများကဲ့သို့ လတ်ဆတ်ပြီး စင်ကြယ်နေသော်လည်း ထိုမြူနှင်းများသည် ပိုက်ကွန်တစ်ခုအဖြစ် ယှက်နွယ်သွားကာ စုဟယ်ကို အပြည့်အဝ လွှမ်းခြုံလိုက်၏။ ကုချင်းဂီတမှာ ရုတ်တရက် အဟုန်ပြင်းပြင်းထွက်ပေါ်လာပြီး မြူနှင်းများ ကွဲလွင့်သွားကာ သက်ရှိများ၏ လှုပ်ရှားမှုများကို ဆောင်ကြဉ်းလာသည်။ တေးသွား၏ အတက်အကျနှင့်အတူ ကုချင်းသံမှာ နက်ရှိုင်းကာ တသသကျန်ရစ်စေသည်။ လရောင်အောက်တွင် တိတ်ဆိတ်စွာ စီးဆင်းနေသော တောင်ကျစမ်းရေအလား သို့မဟုတ် ဟိုအဝေး တောင်တန်းများဆီမှ ဟိန်းထွက်လာသည့် ချောက်ကမ်းပါး ပဲ့တင်သံအလား ဖြစ်နေသည်။
စုဟယ်သည် သူမကိုယ်သူမ အဝေးတစ်နေရာမှ ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရသည်။ ထိုနေရာတွင် မြင့်မားသော တောင်တန်းများနှင့် စီးဆင်းနေသော ရေပြင်များ ရှိသည်။ ရှေးဟောင်း သစ်ပင်ကြီးများမှာ ကောင်းကင်သို့ ထိုးတက်နေပြီး ငှက်များမှာ ကောင်းကင်ပြာတွင် ပျံဝဲနေကာ စမ်းချောင်းလေးများမှာ သူမ၏ နှလုံးသားထဲသို့ တသွင်သွင် စီးဝင်နေသည်။ စောင်းတေးသွား တက်လာသည်နှင့်အမျှ ကျိပိုင်၏ လက်ချောင်းများမှာ ကုချင်းကြိုးများပေါ်တွင် ပိုမိုမြန်ဆန်စွာ ကပြနေကြ၏။ ကုချင်းသံမှာ တစ်ခါတစ်ရံတွင် လွမ်းမောဖွယ်ကောင်းကာ နူးညံ့သိမ်မွေ့လှသဖြင့် စိတ်လှုပ်ရှားစေသလို၊ တစ်ခါတစ်ရံတွင်လည်း မိုးကြိုးမုန်တိုင်းများကဲ့သို့ ဟိန်းဟောက်တုန်ခါစေပြန်သည်။ စုဟယ်၏ နှလုံးသားမှာလည်း ကုချင်းဂီတနှင့်အတူ နိမ့်ချီမြင့်ချီ ဖြစ်နေသည်။ သူမခံစားချက်များကို ထိုဂီတမှ ဦးဆောင်နေသည်ဟု သူမ ခံစားရသည်။ တစ်ခါတစ်ရံ ပျော်ရွှင်ရသလို တစ်ခါတစ်ရံ ဝမ်းနည်းရကာ ဤလှပသော ဂီတထဲတွင် လုံးလုံးလျားလျား နစ်မြုပ်နေတော့သည်။ တေးသွားအဆုံးပိုင်းတွင် ကုချင်းသံမှာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွား၏။ ကျိပိုင်၏ လက်ချောင်းများမှာ ကုချင်းကြိုးများကို အသာပွတ်သပ်လိုက်ရာ ဂီတမှာ နူးညံ့သိမ်မွေ့သွားပြီး စုဟယ်၏ ပါးပြင်ကို အသာအယာ ထိတွေ့နေသကဲ့သို့ နွေးထွေးမှုနှင့် နှစ်သိမ့်မှုကို ပေးစွမ်းသည်။ စုဟယ်၏ စိုးရိမ်ပူပန်မှုနှင့် ဝမ်းနည်းမှုများမှာ ထိုနူးညံ့သော တေးသွားထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူမသည် ဤစောင်းဂီတထဲတွင် လွတ်မြောက်မှုကို ရှာဖွေတွေ့ရှိခဲ့ပြီး သူမ၏ဝိညာဉ်မှာလည်း လွတ်လပ်မှုကို ရရှိသွားခဲ့သည်။
ကုချင်းသံမှာ နောက်ဆုံးတွင် တိတ်ဆိတ်သွားပြီး စုဟယ် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူမသည် ဝိညာဉ်ရေးရာဆေးကြောသန့်စင်ခြင်း တစ်ခုကို ခံယူလိုက်ရသလို ခံစားလိုက်ရ၏။ သူမသည် ထိုကုချင်းဂီတထဲတွင် အလွန်အမင်း ယစ်မူးသွားခဲ့သည်။ ကျိပိုင်၏ကုချင်းသံမှာ သူမနှလုံးသားထဲတွင် စွဲထင်သွားခဲ့ပြီဖြစ်ရာ ယခုအချိန်မှ ကုချင်းသံကို သူမ ဘယ်တော့မှမေ့နိုင်တော့မည် မဟုတ်ပေ။ စုဟယ်သည် ‘အသံငြိမ်သွားသော်လည်း (၃) ရက်တိုင်တိုင် ပဲ့တင်ထပ်နေသည်’ ဆိုသည့် စကား၏အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
အနုပညာ ဒါက အနုပညာပဲ။
သူမကဲ့သို့ အနုပညာနှင့် ဝေးကွာသော လူတစ်ယောက်တောင်မှ ယခုအခါ မြင့်မြတ်သော အနုပညာကို ခံစားတတ်သွားပြီ။ စုဟယ်သည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ မျက်ရည်များကို သုတ်လိုက်သည်။
“နားထောင်လို့ အရမ်းကောင်းလွန်းလို့ပါ"
မျက်ရည်များ ဝိုင်းနေသော စုဟယ်ကို ကြည့်ကာ ကျိပိုင် ခဏတာတုံ့ဆိုင်းသွားပြီး ထူးထူးခြားခြား ပျာယာခတ်သွားသည်။ ထို့ကြောင့် သူကုချင်းကြိုးများကို ဆက်လက်ဖိနှိပ်လိုက်သော်လည်း ဤတစ်ကြိမ်တွင်မူ သူ တိုးတိတ်စွာ ရွတ်ဆိုမှုကို စတင်လိုက်၏။ ကျိပိုင်သည် ‘သဒ္ဓမ္မပုဏ္ဍရိကသုတ်’ကို ရွတ်ဆိုလိုက်ခြင်း ဖြစ်သည်။ သူ၏ လက်ချောင်းများမှာ ကုချင်းကြိုးများကို ပိုမိုတင်းကြပ်စွာ ဖိနှိပ်လိုက်ရာ စောင်းမှ နက်ရှိုင်းသောအသံများ ထွက်ပေါ်လာသည်။ ကျိပိုင်၏ နူးညံ့ကြည်လင်သောအသံမှာ ကုချင်းသံနှင့် ရောယှက်သွားပြီး ဖော်ပြ၍မရနိုင်လောက်အောင် လှပသော သဟဇာတဖြစ်မှုကို ဖြစ်ပေါ်စေကာ ‘တရားဓမ္မအနှစ်သာရ’ သဘောတရားများ ကိန်းအောင်းနေသည်။ သူ၏ ရွတ်ဆိုမှုတွင် ထူးကဲသော တည်ငြိမ်မှု ပါရှိနေသဖြင့် လူတစ်ဦး၏ ဝိညာဉ်ကို ဆေးကြောသန့်စင်ပေးနိုင်ကာ လောကီလောက၏ ဆူညံသံများကို မေ့ပျောက်သွားစေနိုင်၏။ ခက်ခဲလှသော သုတ်တော်များသည် သူ၏ရွတ်ဆိုမှုတွင် သက်ဝင်လှုပ်ရှားလာပြီး ထင်ရှားလာသည်။ စကားလုံးတိုင်း၊ စာကြောင်းတိုင်းမှာ နေ့စဉ်ပြောနေကျ စကားသံများကဲ့သို့ပင် စုဟယ်၏ စိတ်ထဲသို့ ချောမွေ့စွာ စီးဝင်သွားသည်။ သူမသည် သုတ်တော်များကို နားလည်သွားရုံသာမက သဒ္ဓမ္မပုဏ္ဍရိကသုတ်၏ အစိတ်အပိုင်း အနည်းငယ်ကိုပါ မှတ်မိသွားခဲ့သည်။
ရွတ်ဆိုသံနှင့် ကုချင်းသံတို့ ယှက်နွယ်ကာ စုဟယ်၏ နှလုံးသားကို တိုက်ရိုက်ရိုက်ခတ်သည့် စိတ်လှုပ်ရှားဖွယ် တေးသွားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံး အပိုဒ်ရောက်သွားသည်နှင့်အမျှ ကျိပိုင်၏ ရွတ်ဆိုသံမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ကုချင်းဂီတမှာလည်း တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွား၏။ အခန်းတစ်ခုလုံးမှာ အေးချမ်းတည်ငြိမ်သော အငွေ့အသက်များ လွှမ်းခြုံသွားပြီး ဖော်ပြ၍မရသော ငြိမ်းချမ်းမှုနှင့် လှပမှုကို ခံစားလိုက်ရသည်။ ကျိပိုင်မှာ ကုချင်းကို အသာချလိုက်သည်။ သေချာပါသည် ဤတစ်ကြိမ်တွင် စုဟယ်မှာ ငိုမနေတော့သဖြင့် ကျိပိုင် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ စုဟယ်မှာ မငိုတော့သော်လည်း သူမဦးနှောက်မှာ အလုပ်မလုပ်တော့ပေ။ ယခုအခါ သူမစိတ်ထဲတွင် ဗလာနတ္ထိ ဖြစ်နေသော်လည်း မျက်နှာတွင် အပြုံးတစ်ခု ရှိနေကာ ခေါင်းလေးကို အရင်ကတေးသွားအတိုင်း ငြိမ့်နေမိသည်။ စုဟယ် သတိပြန်ဝင်လာရန် (၁၀) မိနစ်ခန့် အချိန်ယူလိုက်ရသည်။
“ဆရာတော် ကျိပိုင်၊ ဆရာတော်ရဲ့ ကုချင်းသံက အရမ်းလှတာပဲ၊ ဒါက နတ်ဂီတပဲ ”
စုဟယ် နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ သူမအနေဖြင့် စားဖိုမှူးကိုမလိုချင်တော့ပေ။ ကျိပိုင်သာ ကုချင်းတီးပေးမည်ဆိုပါက သူမအသားမစားဘဲ နေနိုင်ပြီပင်။