အခန်း ၂၁၃
Vol. 22 Ch. 213
213
ညအချိန်တွင် လမ်းဟောင်းပေါ်ရှိ ရင်ပြင်ငယ်လေးသည် အနီးအနားရှိ နေထိုင်သူများအတွက် ညစာစားပြီးနောက် လမ်းလျှောက်ထွက်ကာ အစာခြေရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ ရပ်ကွက်နေ ပြည်သူများသည် အိမ်စီးဖိနပ်များနှင့် အားကစားဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ရင်ပြင်ငယ်လေးအတွင်း အေးအေးလူလူ လမ်းလျှောက်နေကြ၏။ အချို့မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကိရိယာများအနားတွင် ခါးလှည့်လေ့ကျင့်ခန်း လုပ်နေကြသလို၊ အချို့မှာလည်း ထောင့်တစ်နေရာတွင် နှစ်ယောက်တစ်တွဲ သုံးယောက်တစ်စု စုရုံးကာ စကားလက်ဆုံ ကျနေကြသည်။ မကြာမီက ရင်ပြင်ငယ်လေးသို့ လာရောက်သူ ပိုမိုများပြားလာ၏။ အကြောင်းမှာ လမ်းဟောင်းကြီးကို ဖျက်သိမ်းတော့မည်ဖြစ်၍ လူတိုင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ လက်တွဲလာခဲ့ကြသည့် အိမ်နီးချင်း သံယောဇဉ်နှင့် နောက်ဆုံးအချိန်လေးများကို တန်ဖိုးထားလိုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရင်ပြင်ငယ်လေးမှာ စုဝေးစကားပြောနေကြသော ရပ်ကွက်သားများနှင့် ပြည့်နှက်နေတော့သည်။
"အို အဘိုးကြီးဝမ် ၊ ဒီနေ့ မြေးလေးကိုပါ ခေါ်လာတာလား"
အပြေးမပျက် လေ့ကျင့်ခန်းလုပ်နေသည့် လျန်အိုက်တမှာသူ့အသိကို မြင်လိုက်ရသဖြင့် လှမ်း၍ နှုတ်ဆက်လိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် ကောင်လေးကို လမ်းလျှောက်ထွက်ရင်း ခေါ်လာတာ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက သူနေမကောင်းဖြစ်လို့ နေ့တိုင်း ငိုနေတာနဲ့ တော်တော်လေး ပင်ပန်းသွားတယ်၊ ဒီနေ့တော့ နည်းနည်း သက်သာသွားလို့ လေကောင်းလေသန့် ရအောင် ခေါ်လာတာ"
အဘိုးကြီးဝမ်မှာ ကလေးကို ချော့မြှူကာ မြှောက်လိုက်ချလိုက် လုပ်ပေးနေသည်။ လူစိမ်းကြောက်တတ်သော မြေးငယ်လေးမှာ ထိုအခါမှ ငိုယိုခြင်း ရပ်သွားတော့၏။ လျန်အိုက်တသည် ကလေးငိုသံကြားသဖြင့် အနားသို့ သိပ်မကပ်လိုပေ။ သူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး အော်ပြောလိုက်သည်။
"ဒီနေ့ မင်း လာတာ အချိန်ကိုက်ပဲ ဒီည ဟဲယဲ့တည်းခိုခန်းက ပွဲတစ်ခုလုပ်ဖို့ရှိတယ်၊ မင်း မြေးလေးကိုပါ ခေါ်ကြည့်လို့ရတယ်"
အဘိုးကြီးဝမ်မှာ မြေးလေးကို မြှောက်ချည်နှိမ့်ချည်လုပ်ရင်း ပြန်မေးလိုက်သည်။
"ဘာပွဲမျိုးလဲ ငါ့မြေးလေးက လူအုပ်ကြီးရင် ကြောက်တတ်တယ်၊ လူတွေ အရမ်းများရင်တော့ ငါ စောစောပြန်ရလိမ့်မယ်"
လျန်အိုက်တမှာ နေ့ဘက်တွင် ယွမ်ဒန်းချူး ထိုက်ချီကစားလေ့ရှိသည့် နေရာကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုမှာ အဲဒီနေရာမှာပဲ၊ဟဲယဲ့တည်းခိုခန်းက ဆရာအသစ်တစ်ယောက်က ဒီညကုချင်းတီးပြီး သီချင်းဆိုပြလိမ့်မယ် ကုချင်းတဲ့နော်"
"ဒီမနက် ဆရာယွမ်ထိုက်ချီကစားပြီးတော့ လူတိုင်းကို ပြောသွားတာ၊ ငါလည်း လာပြီးအားပေးမလို့လေ"
ယွမ်ဒန်းချူး၏ သစ္စာရှိနောက်လိုက်တစ်ဦးဖြစ်သော လျန်အိုက်တသည် ရင်ပြင်ငယ်လေးသို့ စောစောစီးစီး ရောက်ရှိနေခြင်းဖြစ်သည်။ သို့သော် သူသည် သီချင်းနားထောင်ခြင်းကို အထူးတလည် ဝါသနာမပါသဖြင့် ရှေ့ဆုံးတန်းတွင် သွားမတိုးပေ။ ထိုအစား ထောင့်တစ်နေရာတွင် ရပ်ကာ အပြေးမပျက် ခုန်ပေါက်နေရင်း လေ့ကျင့်ခန်းလုပ်ခြင်းကိုသာ အာရုံစိုက်နေ၏။ အဘိုးကြီးဝမ်သည် လျန်အာ့တာ ညွှန်ပြသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အမှန်ပင် ရင်ပြင်ငယ်၏ အလယ်ဗဟိုတွင် လူတော်တော်များများ စုရုံးနေကြပြီ ဖြစ်သော်လည်း လူစုလူဝေးမှာ အတော်လေး ကျဲကျဲပါးပါး ရှိနေသေးသည်။
ဖျတ်
ရင်ပြင်ငယ် အလယ်ရှိ မီးရောင်မှာ ရုတ်တရက် လင်းထိန်လာပြီး ဧရိယာအတော်များများကို ချက်ချင်း လင်းသွားစေသည်။ အဘိုးကြီးဝမ် သူ၏ ကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး မြေးလေးကို စူးရှသော မီးရောင်နှင့် တိုက်ရိုက်မကြည့်မိအောင် ကာပေးလိုက်၏။ မီးလင်းလာသည့် အခိုက်အတန့်မှာ တိတ်ဆိတ်သော အချက်ပြမှုတစ်ခုကဲ့သို့ပင်။ ရင်ပြင်ပေါ်ရှိ လူများအားလုံး၏ အကြည့်များမှာ ရင်ပြင်အလယ်ဗဟိုဆီသို့ တပြိုင်နက် ရောက်ရှိသွားကြသည်။ အဘိုးကြီးဝမ်နှင့် လျန်အိုက်တတို့အကြည့်များသည် လူအုပ်ကို ဖောက်ထွက်သွားကာ ပုံရိပ်တစ်ခုကို ရှင်းလင်းစွာ မြင်လိုက်ရသည် ရိုးရှင်းသောဝတ်ရုံကို ဝတ်ဆင်ထားသည့် ဦးခေါင်းပြောင်နှင့် လူတစ်ယောက်ဖြစ်သည်။ သူဝတ်ဆင်ထားသောဝတ်ရုံမှာ ရိုးစင်းလှသော်လည်း လောကီနှင့်ကင်းကွာသော တည်ငြိမ်မှုနှင့် ဟန်ချက်ညီမှုကို ထုတ်လွှတ်နေကာ သူ့ဦးခေါင်းမှာလည်း ဗုဒ္ဓဘာသာဆန်သောဝိညာဉ်ရေးရာအရှိန်အဝါကို ပိုမိုတိုးပွားစေ၏။ သို့သော် အထူးခြားဆုံးမှာ သူ့ကျောတွင် လွယ်ထားသော ကုချင်းကြီးပင် ဖြစ်သည်။
အဘိုးကြီးဝမ်နှင့် လျန်အိုက်တတို့ နှစ်ဦးလုံးသည် ကုချင်းကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ မည်သည့် မိတ်ဆက်ခြင်း သို့မဟုတ် ခမ်းနားသော အခမ်းအနား မရှိဘဲ ထိုလူသည် သူ့ဖျော်ဖြေမှုကို ရိုးရှင်းပြီး တိုက်ရိုက်ကျသော နည်းလမ်းဖြင့် စတင်လိုက်၏။ သူသည် ကျောပေါ်မှကုချင်းကို အသာချလိုက်ပြီး ရင်ပြင်အလယ်ရှိ အတော်လေးကြမ်းတမ်းသော စားပွဲတစ်ခုပေါ်တွင် တင်လိုက်သည်။ ထို့နောက် ဝတ်ရုံစကိုမကာ ထိုင်ချလိုက်သည်။ အနီရောင်ပလတ်စတစ်ကုလားထိုင်များနှင့် လေးထောင့်စားပွဲငယ်များမှာ လမ်းဘေးစားသောက်ဆိုင်များကို အမှတ်ရစေကာ လောကီသားတို့၏ ရုန်းကန်လှုပ်ရှားမှု အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ တောက်ပလွန်းသော ထိုစားပွဲနှင့် ကုလားထိုင်များမှာ အနည်းငယ် ကြည့်ရဆိုးကာ အရသာမရှိသလို ဖြစ်နေသော်လည်း ထိုလူ့အရှိန်အဝါကို လျော့ပါးသွားစေခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရွှံ့နွံထဲမှ စင်ကြယ်စွာ ပွင့်ထွက်လာသော ကြာပန်းတစ်ပွင့်အလား သူ့ကို ပိုမိုထင်ရှားစေသည်။
အဘိုးကြီးဝမ်၏ ရင်ခွင်ထဲမှ မြေးငယ်လေးမှာ မျက်လုံးဝိုင်းကြီးများဖြင့် ရင်ပြင်အလယ်ရှိလူကို စူးစိုက်ကြည့်နေသည်။ သူ့လက်ကလေးမှာ အဘိုးကြီးဝမ်၏ အဝတ်အစားကို အလိုလို ဆွဲကိုင်ထားပြီး ပါးစပ်မှလည်း အသံပြုကာ သူ၏စိတ်လှုပ်ရှားမှုနှင့် သိချင်စိတ်ကို ထူးခြားသော နည်းလမ်းဖြင့် ဖော်ပြနေ၏။ အဘိုးကြီးဝမ်သည် မြေးဖြစ်သူ၏ လှုပ်ရှားမှုကို ခံစားမိကာ သူ့ဆန္ဒကို ချက်ချင်း နားလည်လိုက်သည်။ သူသည် မြေးလေး၏ကျောကို အသာပုတ်ပေးလိုက်ပြီးနောက် လူအုပ်ကိုကျော်၍ ရင်ပြင်အလယ်ရှိလူကို ပိုမိုရှင်းလင်းစွာ မြင်နိုင်စေရန် မြေးလေးကို မြှောက်ပေးလိုက်သည်။
ဒေါင်
ကုချင်းကြိုးတစ်ချောင်းကို တီးခတ်လိုက်သံ ထွက်ပေါ်လာသည်။ ထိုနက်ရှိုင်းပြီး ငြိမ့်ညောင်းသော အသံမှာ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းလာသည့်အလား ရှေးဟောင်း တောင်တန်းများနှင့် မြစ်ဝါများဆီမှ စီးဆင်းလာသကဲ့သို့ ခံစားရ၏။ ဆူညံနေသော ရင်ပြင်ငယ်လေးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ ကုချင်းသံမှာ ကြည်လင်ပြတ်သားပြီး ပဲ့တင်ထပ်နေသည်။ တောင်ကျစမ်းရေအလား တသွင်သွင်စီးသော စမ်းချောင်းလေးအလား ကြည်လင်သော်လည်း အားမာန်ပါလှသည်။ ၎င်းသည် လေထုထဲတွင် ဖြည်းညှင်းစွာ စီးဆင်းနေပြီး တေးမှတ်တစ်ခုချင်းစီမှာ ရှေးဟောင်းပုံပြင်တစ်ပုဒ်ကို ပြောပြနေသည့်အလားရှိသည်။ ထိုတေးမှတ်များသည် လေထဲတွင် ကပြနေကြပြီး အသက်ဝင်သော ပုံရိပ်လွှာများအဖြစ် ယှက်နွယ်သွားကြသည်။ ကုချင်းသံအတွင်း၌ နွေဦး၏ လန်းဆန်းသော သက်ဝင်မှု၊ နွေရာသီ၏ ပြင်းပြသော တက်ကြွမှု၊ ဆောင်းဦး၏ ပျော်ရွှင်ဖွယ် ရိတ်သိမ်းမှုနှင့် ဆောင်းရာသီ၏ အေးချမ်းတည်ငြိမ်မှုတို့ ကိန်းအောင်းနေသည်။ ရာသီစက်ဝန်း ပြောင်းလဲမှုနှင့် ဘဝ၏ သံသရာတို့သည် ဤဂီတအတွင်း၌ ပြည့်စုံစွာ ပေါင်းစပ်နေတော့၏။
အဘိုးကြီးဝမ်၏ မြေးငယ်လေးမှာ ရင်ပြင်အလယ်တွင် ကုချင်းတီးနေသူကို မှင်သက်ကာ ငေးကြည့်နေမိသည်။ ကောင်လေး၏ မျက်လုံးများမှာ ဝိုင်းစက်နေပြီး ရှေ့မှ မြင်ကွင်းတွင် အဆုံးစွန်ထိ ဆွဲဆောင်ခံထားရသည့်အလား ငြိမ့်ညောင်းသော ကုချင်းသံနှင့် ကုချင်းတီးနေသူ၏ တင့်တယ်လှပသော အမူအရာတို့အတွင်း လုံးလုံးလျားလျား နစ်မြုပ်နေ၏။ သူ့ပါးစပ်မှာ အကြာကြီး ဟနေသဖြင့် သွားရည်များမှာ အလိုလို စီးကျလာသည်။ ကြည်လင်သော အရည်များမှာ ပါးစပ်ထောင့်မှ ဖြည်းဖြည်းချင်း စီးကျလာပြီး အဘိုးကြီးဝမ်၏ အဝတ်အစားပေါ်သို့ကျကာ စိုစွတ်သော အမှတ်အသားတစ်ခု ဖြစ်သွားသည်။ ထိုအခါမှ အဘိုးကြီးဝမ်သည် လောကုတ္တရာဆန်သောကုချင်းသံထဲမှ သတိပြန်ဝင်လာ၏။ သူသည် အိတ်ထဲမှ လက်ကိုင်ပဝါကိုရှာကာ မြေးလေး၏ ပါးစပ်မှ သွားရည်များကို အမြန်သုတ်ပေးလိုက်ပြီးနောက် မြေးလေးကို ပွေ့ချီကာ ရှေ့သို့ တိုးဝင်လိုက်သည်။
စောစောက အပြေးမပျက် လေ့ကျင့်ခန်းလုပ်နေသည့် လျန်အိုက်တကိုမူ ဘယ်နေရာမှာမှ ရှာမတွေ့တော့ပေ။ အမှန်တော့ ထိုလူ ကုချင်းစတီးကတည်းက သူသည် ရှေ့ဆုံးတန်းသို့ တိုးဝင်သွားခဲ့ပြီးဖြစ်သည်။ ကုချင်းသံစဉ်မှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသော်လည်း ကြွင်းကျန်သော အသံလှိုင်းများမှာ လေထုထဲတွင် ဆက်လက် ပဲ့တင်ထပ်နေဆဲ ဖြစ်၏။ (၃) မိနစ်မှ (၅) မိနစ်ခန့်အထိ ကြာမြင့်သော ထိုတိတ်ဆိတ်မှုအတွင်း ရင်ပြင်ပေါ်ရှိလူများမှာ ကုချင်းမှဆောင်ကြဉ်းပေးသော နက်ရှိုင်းသော အနုပညာနယ်ပယ်အတွင်း နစ်မြုပ်နေကြပြီး ပြန်လည်ရုန်းထွက်နိုင်ခြင်း မရှိကြပေ။
"ကောင်းတယ်"
တစ်စုံတစ်ဦးမှ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည့်တိုင်အောင်ပင်။ ထိုအော်ဟစ်သံမှာ ယမ်းကြိုးကို မီးရှို့လိုက်သည့်အလား ရင်ပြင်ပေါ်ရှိ စိတ်အားထက်သန်မှုများကို ချက်ချင်း ပေါက်ကွဲသွားစေသည်။ ကုချင်းသံထဲတွင် နစ်မြုပ်နေသော လူများသည် ထိုအော်ဟစ်သံကြောင့် နိုးထလာကြပြီး သူတို့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် အံ့ဩချီးကျူးမှုများ တောက်ပနေ၏။ ထို့နောက်တွင်တော့ လက်ခုပ်သံများမှာ ဒီရေအလား ထွက်ပေါ်လာတော့သည်။ အစပိုင်းတွင် တဖျတ်ဖျတ်နှင့် စတင်ခဲ့သော်လည်း မကြာမီမှာပင် တပြိုင်နက်တည်း ဟိန်းထွက်လာသည့် ဟိန်းသံကြီးအဖြစ် ပြောင်းလဲသွားသည်။ လက်ခုပ်သံများမှာ ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်နေပြီး တဖြည်းဖြည်းနှင့် တညီတညွတ်တည်း ဖြစ်လာ၏။ လူတိုင်းမှာ အားပါပါ လက်ခုပ်တီးနေကြသဖြင့် ပြတ်သားပြီး အားမာန်ပါသော အသံများ ထွက်ပေါ်နေသည်။ လက်ခုပ်သံများ ဆက်တိုက်ထွက်ပေါ်နေသည်နှင့်အမျှ ရင်ပြင်ပေါ်ရှိ အငွေ့အသက်မှာ ပိုမိုတက်ကြွလာတော့သည်။ ရင်ပြင်၏ အစွန်အဖျားတွင် လမ်းလျှောက်နေကြသော လူများပင်လျှင် လက်ခုပ်သံနှင့် အော်ဟစ်သံများကြောင့် ဆွဲဆောင်ခံရကာ တဖြည်းဖြည်း စုရုံးလာကြသဖြင့် ရင်ပြင်မှာ ပို၍ ပို၍ လူစည်ကားလာသည်။
ရင်ပြင်အလယ်မှ ကုချင်းတီးနေသူမှာ ခေတ္တရပ်ကာ အခြားတေးသွားတစ်ခုသို့ ပြောင်းလဲလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ကုချင်းတီးရုံသာမက သူက ရွတ်ဆိုမှုကိုပါ စတင်လိုက်၏။ သူသည် ‘သဒ္ဓမ္မပုဏ္ဍရိကသုတ်’ ကို ရွတ်ဆိုနေခြင်း ဖြစ်သည်။ သဒ္ဓမ္မပုဏ္ဍရိကသုတ်၏ နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်သော သုတ်တော်များသည် သူ၏ရွတ်ဆိုမှုမှတစ်ဆင့် သက်ဝင်လှုပ်ရှားလာကာ လူတို့ကို ကူးစက်စေသည်။ အဘိုးကြီးဝမ်မှာ မှင်သက်သွားရပြန်သည်။ သူ့မျက်လုံးများမှာ အသာမှိတ်နေပြီး ငြိမ့်ညောင်းသောကုချင်းသံနှင့် ရွတ်ဆိုသံအတွင်း အပြည့်အဝ နစ်မြုပ်နေ၏။ သူ့နှလုံးသားမှာ ကြည်လင်သောစမ်းရေနှင့် ဆေးကြောသန့်စင်ခံလိုက်ရသလိုပင် စင်ကြယ်ပြီးကြည်လင်သွားသည်။ နေ့စဉ်ဘဝ၏ သေးငယ်သော စိုးရိမ်ပူပန်မှုများများသည် ဖုန်မှုန့်များကဲ့သို့ပင် ဤဂီတစမ်းရေအောက်တွင် လွင့်စင်သွားပြီး မည်သည့် အမှတ်အသားမျှ ကျန်ရစ်ခြင်း မရှိတော့ပေ။
ပတ်ဝန်းကျင်လောကကြီးမှာ ယခုအခါ အဝေးသို့ ရောက်ရှိသွားပြီး ဝေဝါးသွားသည့်အလား ရှိနေကာ ဆူညံသံများအားလုံးမှာ အဘိုးကြီးဝမ်ကို မနှောင့်ယှက်နိုင်တော့ပေ။ သူသည် ဤသီချင်းထဲတွင်သာ ယစ်မူးနေချင်ပြီး ထိုလှပသော တေးသွားမှာ သူ၏ ဝိညာဉ်ကို ပိုမိုအေးချမ်းပြီး ဟန်ချက်ညီသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားရန်သာ ခွင့်ပြုထားလိုက်သည်။ ထိုနေရာတွင် လောကီအနှောင့်အယှက်များမရှိ။ ဘဝ၏ ဖိအားများမရှိ။ ဂီတမှ ဆောင်ကြဉ်းပေးသော တည်ငြိမ်မှုနှင့် အတွင်းစိတ် ငြိမ်းချမ်းမှုသာ ရှိတော့သည်။
အဘိုးကြီးဝမ်၏ခန္ဓာကိုယ်မှာ သူ့စိတ်ဝိညာဉ်နက်ရှိုင်းရာမှ ထွက်ပေါ်လာသော တေးသွားနှင့် ပိုမိုနီးကပ်လိုသဖြင့် အလိုလိုရှေ့သို့ ယိုင်သွားသည်။ ရင်ပြင်မှာ အလွန်တိတ်ဆိတ်သော်လည်း အသံချဲ့စက်များမရှိသဖြင့် နောက်တန်းများသို့ ရောက်ရှိသော အသံမှာ အနည်းငယ် ဝေဝါးနေသေး၏။ သို့သော် ဤတစ်ကြိမ်တွင် ရှေ့သို့ တိုးဝင်ရန် နေနေသာသာ အဘိုးကြီးဝမ်သည် သူ့နေရာမှာနောက်သို့ အနည်းငယ် ရောက်သွားသည်ကို တွေ့လိုက်ရ၏။ သူသည် အစကပဉ္စမတန်းတွင် ရပ်နေခဲ့သော်လည်း သတိပြန်ဝင်လာချိန်တွင် သူ့နေရာမှာ သစ်ပင်နှစ်ပင်စာခန့်နောက်သို့ ဆုတ်သွားခဲ့ပြီ ဖြစ်သည်။ လူအုပ်ကြီးမှာ ရှေ့သို့ တိုးဝှေ့တက်လာကြ၏။
ကုချင်းပညာရှင်မှ နောက်သီချင်းတစ်ပုဒ်သို့ ပြောင်းလဲနေသည့် အကြားတွင် ရင်ပြင်ပေါ်ရှိ အငွေ့အသက်မှာ ပိုမိုပြင်းထန်လာသည်။ ဤစိတ်အားထက်သန်မှုအတွင်း လူတော်တော်များများမှာ သူတို့ဖုန်းများကို ထုတ်ကာ သူငယ်ချင်းများနှင့် မိသားစုဝင်များထံ အသည်းအသန် ဖုန်းဆက်နေကြ၏။ သူတို့အသံများတွင် စိတ်လှုပ်ရှားမှုနှင့် အရေးတကြီးဖြစ်မှုများ ပါဝင်နေပြီး ရှားပါးရတနာတစ်ခုကို တွေ့ရှိလိုက်သဖြင့် အခြားသူများကို မျှဝေချင်နေသည့်အလား ရှိနေသည်။
"မြန်မြန် ရင်ပြင်ငယ်လေးကို လာခဲ့၊ ဒီမှာ ဆရာကြီးတစ်ယောက် ရောက်နေတယ်၊ ငါ မင်းအတွက် နေရာဦးထားပေးတယ် အမြန်လာ "
"အို မြန်မြန်လာစမ်းပါ၊ မင်းရဲ့တရားစာအုပ်တွေပါ ယူလာခဲ့၊ ဒီမှာ ဆရာကြီးတစ်ယောက် တရားရွတ်နေတာ တကယ့်ကို ထိရောက်တာပဲ "
ကုချင်းသံအတွင်း၌ လူတို့သည် ဖော်ပြ၍မရသော တည်ငြိမ်မှုနှင့် နက်ရှိုင်းမှုကို ခံစားရပြီး ဗုဒ္ဓဘာသာ၏ သဘောတရားများမှာ သူတို့၏ နှလုံးသားထဲတွင် တိတ်တဆိတ် ပွင့်လန်းလာသကဲ့သို့ ခံစားရသည်။ ပုံမှန် စိုးရိမ်ပူပန်မှုများသည် တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး နက်ရှိုင်းသော ငြိမ်သက်အေးချမ်းမှုမှာ အစားထိုးဝင်ရောက်လာ၏။ ကုချင်းသံနှင့်အတူ ယှက်နွယ်နေသော ထိုလူ၏ ရွတ်ဆိုသံမှာ သုတ်တော်များထဲမှ မှန်ကန်သော စကားလုံးများကဲ့သို့ပင် စကားလုံးတိုင်းမှာ ပုလဲလုံးလေးများနှယ်။ စာကြောင်းတိုင်းမှာ နှလုံးသားကို ထိတွေ့နေသည်။ သူ့အသံတွင် ဘာသာစကားကို ကျော်လွန်သော စွမ်းအားတစ်ခု ပါဝင်နေသည်။ ၎င်းသည် ဝိညာဉ်၏ အတားအဆီးများကို ဖောက်ထွက်ကာ လူတို့၏ စိတ်ကို ထိတွေ့နိုင်ပြီး ဗုဒ္ဓတရားတော်များအတွင်းရှိ မေတ္တာနှင့် ပညာကို ခံစားသိရှိစေနိုင်သည်။
နောက်ထပ်အနေဖြင့် ကုချင်းတီးနေသူသည် ‘ဟဒယသုတ်’ ကို သီဆိုလိုက်သည်။ လူအုပ်ကြီးမှာ ပို၍ပင်ရူးသွပ်လာကြ၏။ လူတော်တော်များများမှာ သူတို့ထံတွင်ပါလာသော ပစ္စည်းများကိုထုတ်ကာ ရှေ့သို့ပစ်ပေးကြသည်။ ကုချင်းတီးနေသောဆရာကြီးမှာ သူတို့ပစ္စည်းများကို အန္တရာယ်ကင်းအောင် စောင်မပေးစေလိုသောကြောင့်ဖြစ်၏။ အဘိုးကြီးဝမ်သည်လည်း ပျာယာခတ်လာသည်။ သူသည် ကိုယ်ကိုနှံ့အောင် ရှာဖွေကြည့်သော်လည်း မြေးငယ်လေး၏အရုပ်လေးကိုသာ တွေ့သည်။ သူသည် ရှေ့မှလူများကို ထိုအရုပ်လေးအား ရှေ့ဆုံးတန်းအထိရောက်အောင် လက်ဆင့်ကမ်းပေးရန် အမြန်တောင်းပန်လိုက်၏။
သီချင်းသုံးပုဒ် သီဆိုပြီးနောက် ကုချင်းတီးနေသူသည် သူ့တူရိယာကိုယူကာ ထွက်ခွာသွားခဲ့သည်။ ရင်ပြင်အလယ်ရှိ လူများသည် ကုချင်းဆရာကြီးထွက်ခွာသွားရန် လမ်းကို အလိုလိုဖယ်ပေးလိုက်ကြ၏။ သူတို့သည် ဆရာကြီးကို မနှောင့်ယှက်မိစေရန်အတွက် သူ့ဝတ်ရုံစကိုပင် ထိတွေ့ရန် မဝံ့မရဲဖြစ်နေကြသည်။ သို့သော် စားပွဲ၊ ကုလားထိုင်နှင့် မီးသီးများကို လာသိမ်းသည့် စုဟယ်မှာမူ လုံးဝပိတ်မိနေတော့သည်။
"သူဌေးမစု ဘုန်းတော်ကြီးရဲ့နာမည်က ဘယ်သူလဲဟင်၊ သူရဲ့ဘွဲ့တော်ကရော ဘာလဲ"
"သူဌေးမစု၊ ဘုန်းတော်ကြီးကို အလှူငွေ ဘယ်လိုပေးရမလဲ "
"သူဌေးမစု၊ ဘုန်းတော်ကြီးက ဘာလို့ဒီလောက်စောစော ပြန်သွားတာလဲ "
စားပွဲနှင့် ကုလားထိုင်များကိုကိုင်ထားသော စုဟယ်မှာ အဖြေပေးရန်ပင် မတတ်နိုင်တော့ပေ။
"ဘုန်းတော်ကြီး အို မဟုတ်ပါဘူး ဆရာပါ၊ ကုချင်းတီးနေတဲ့သူက ဟဲယဲ့တည်းခိုခန်းက ကျွန်မတို့ရဲ့ဆရာအသစ် ဆရာကျိပိုင်ပါ၊ မနက်ဖြန် မနက်ဖြန်ညမှာလည်း နောက်ထပ် အခမဲ့ဖျော်ဖြေပွဲ ရှိပါသေးတယ်"
စုဟယ် အသံကုန်အော်ပြောလိုက်သည်။
"ဒါက ဘာသာရေးပွဲ မဟုတ်ပါဘူး၊ သီဆိုဖျော်ဖြေပွဲသက်သက်ပါပဲ"
စုဟယ်မှာ နောက်တစ်ကြိမ် အလေးပေး ပြောကြားလိုက်သည်။ ကံမကောင်းစွာဖြင့် သူမ၏နောက်ဆုံးစာကြောင်းကို မည်သူမျှ မကြားလိုက်ကြပေ။