အခန်း ၂၁၄
Vol. 22 Ch. 214
214
“ဌာနခွဲမှူးဖန်း၊ ဒီနေ့ အလုပ်က စောစောဆင်းတာလားရှင့်”
အလုပ်သင်ဝန်ထမ်းလေး ရှောင်ကျောက်မှာ အံ့အားသင့်စွာ မေးလိုက်သည်။ အမြဲတမ်း အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်တတ်သည့် ဌာနခွဲမှူးဖန်းတစ်ယောက် ရုံးဆင်းချိန်မတိုင်မီ အိမ်ပြန်ရန် ပြင်ဆင်နေသည်ကို သူမ ပထမဆုံး မြင်ဖူးခြင်း ဖြစ်၏။ ဌာနခွဲမှူးဖန်းသည် သူတို့ဌာန၏ အားကိုးရဆုံးသော သူတစ်ဦးဖြစ်ကြောင်း လူတိုင်း သိကြသည်။ သူမသည် ကလေးရပြီးသည့်တိုင်အောင် ကလေးထိန်းသည့်ကိစ္စကို အလုပ်နှင့် လုံးဝ ရောထွေးခြင်း မရှိခဲ့ပေ။ ယနေ့တွင် ဖန်းခဲ့ တစ်ယောက် ဤမျှ စောစော အိမ်ပြန်သည်မှာ အလွန်ပင် ရှားပါးလှသဖြင့် ရှောင်ကျောက်မှာ သူမ၏ အိမ်တွင် တစ်စုံတစ်ရာ ဖြစ်ပွားခဲ့သလားဟု စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။ ဌာနခွဲမှူးဖန်းသည် လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်ပြေအောင် ပေါင်းသင်းတတ်သူဖြစ်၏။ ရှောင်ကျောက်နှင့် အခြားသော ဝါရင့်လုပ်ဖော်ကိုင်ဖက်များမှာ သူမကို စိုးရိမ်တကြီး ကြည့်နေကြသည်ကို မြင်သောအခါ သူမက သက်ပြင်းချလိုက်ပြီး စတင်ရင်ဖွင့်တော့သည်။
“မပြောပါနဲ့တော့၊ ငါ့ရဲ့ ယောက္ခမတွေက ငါ့ကလေးကို ကူထိန်းပေးနေကြတာလေ ဟုတ်တယ်မလား၊ မနေ့ညက ငါနဲ့ ငါ့ယောကျ်ား အိမ်ပြန်ပြီး ထမင်းစားတော့ မြေးလေးက နောက်ပိုင်း တော်တော်လေး လိမ္မာလာတယ် မငိုတော့ဘူးဆိုပြီး ပြောကြတာ၊ အဲဒီတော့မှ ယောက္ခမတွေက လွှတ်ခနဲ ပြောချလိုက်တာ ပေါင်ပေါင် မငိုတော့တာက ညတိုင်း သူ့ကို ‘စိတ်ဝိညာဉ် ဆေးကြောသန့်စင်ပွဲ’ ဆီ ခေါ်သွားလို့တဲ့”
ဖန်းခဲ့မှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
“ဒါက အဓိပ္ပာယ်မရှိတာပဲ မဟုတ်လား၊ ငါလည်း မနေ့က အဲဒီကိစ္စနဲ့ သူတို့ကို အကြီးအကျယ် ငြင်းခဲ့သေးတယ်၊ သူတို့ကတော့ အဲဒီ ဆေးကြောသန့်စင်ပွဲကို သွားပြီးကတည်းက ပေါင်ပေါင် ငိုတာ ရပ်သွားရုံတင်မကဘူး သူတို့ကိုယ်တိုင်လည်း နေလို့ထိုင်လို့ ကောင်းလာတယ်တဲ့၊ ခါးနာတာတွေ ပျောက်သွားပြီး ညဘက်ဆိုလည်း အိပ်ပျော်ရလွယ်လာတယ်ဆိုပဲ၊ အဆိုးဆုံးကတော့ ပေါင်ပေါင်ရဲ့ အရုပ်လေးက ဘုန်းတော်ကြီးရဲ့ မေတ္တာပို့ပေးတာ ခံရပြီးနောက်ပိုင်း ကလေးကို စိတ်တည်ငြိမ်စေတဲ့ အစွမ်းရှိသွားလို့ ကလေးထိရတာ ပိုလွယ်လာတယ်လို့တောင် ပြောနေကြသေးတယ်”
ဖန်းခဲ့ ပြောလေလေ ပို၍ စိတ်မကောင်းဖြစ်လာလေလေ ဖြစ်သည်။ သူမနှင့် သူမ၏ ယောကျ်ားဖြစ်သူမှာ မိသားစုကို ထောက်ပံ့ရန်နှင့် ပေါင်ပေါင်အတွက် တစ်ဗူးကို ယွမ် (၃၀၀) ပေးရသည့် နို့မှုန့်ဖိုးကို ရှာဖွေရန် အသက်မွေးဝမ်းကျောင်းအလုပ်တွင်သာ အာရုံစိုက်နေရ၏။ သူမ၏ အိမ်တွင်းရေးကို အေးအေးချမ်းချမ်း ထိန်းသိမ်းပေးထားမည်ဟု ယူဆထားသော ယောက္ခမများမှာ ဤကဲ့သို့ စိတ်မချရသော ကိစ္စများတွင် ပါဝင်ပတ်သက်နေလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူတို့၏ ပေါင်ပေါင်လေးမှာ အငိုသန်ရုံတင်မကဘဲ လူအုပ်ကြီးကိုလည်း ကြောက်တတ်သည့် ကလေးမျိုး ဖြစ်သည်။ ထိုဆေးကြောသန့်စင်ပွဲမှာ အစွမ်းထက်ကြောင်း သက်သေပြရန်အတွက် သူမ၏ ယောက္ခမများမှာ အိမ်နီးချင်းများကိုပင် သက်သေအဖြစ် ဆွဲသွင်းခဲ့ကြသေးသည်။ သူတို့၏ ပြောပြချက်အရ လမ်းဟောင်းရင်ပြင် တွင် ညတိုင်း လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီး အားလုံးမှာ ဘုန်းတော်ကြီး တရားရွတ်တာကို လာနားထောင်ကြခြင်းဖြစ်သည်ဟုဆိုသည်။ ယခုအခါ လူတွေ ပိုပိုများလာသဖြင့် ဘုန်းတော်ကြီးမှာ ပွဲကိုပိုစောစော စတင်ရသည်ဟု သိရ၏။ လူအုပ်ကြီးအကြောင်း ကြားလိုက်ရခြင်းမှာ ဖန်းခဲ့ကို ပို၍ စိုးရိမ်တုန်လှုပ်သွားစေသည်။ ကလေးငယ်များမှာ ကိုယ်ခံအားစနစ် အားနည်းကြပြီး ပေါင်ပေါင်လေးမှာလည်း နေမကောင်းဖြစ်ရာမှ ပြန်လည်သက်သာလာကာစရှိသေးသည်။ သို့သော်လည်း သူမ၏ ယောက္ခမများမှာ လူစည်ကားသော နေရာများသို့ ကလေးကို အတင်းအကျပ် ခေါ်သွားနေခြင်းမှာ ကလေး၏ အသက်အန္တရာယ်ကို စိန်ခေါ်နေသကဲ့သို့ပင်။ ပြီးတော့ စိတ်ဝိညာဉ် ဆေးကြောသန့်စင်ပွဲ ဟုတ်လား။ ဒါဟာ လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။
ဖန်းခဲ့သည် သူမ၏ယောက္ခမများမှာ ကြက်ဥအခမဲ့ရဖို့ တန်းစီတတ်သည့် သို့မဟုတ် ငွေကြေးလိမ်လည်မှုများနောက် လိုက်တတ်သည့် သက်ကြီးရွယ်အိုမျိုးမဟုတ်ဟု အမြဲယုံကြည်ခဲ့သည်။ သူတို့သည် ယခင်က လိမ်လည်လှည့်ဖြားမှုတွေထဲမှာ မပါဝင်ခဲ့ခြင်းမှာ ထိုလိမ်လည်သူတွေ၏ ပစ်မှတ် မဖြစ်ခဲ့ဖူးလို့သာ ဖြစ်မည်ဟု သူမ ယခုမှ တွေးမိတော့သည်။ ယခုတော့ သူတို့သည် ထိုဆေးကြောသန့်စင်ပွဲ ဆိုသည်ကို တကယ်ကြီး စတင်ယုံကြည်နေကြပြီ ဖြစ်၏။ ဤလိမ်လည်မှုမှာ အတော်လေး ပါးနပ်ပုံရသည်ဟု ဖန်းခဲ့ တွေးလိုက်သည်။ သူမ၏ သတိအမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး ယနေ့ အလုပ်စောစောဆင်းကာ ထိုဆေးကြောသန့်စင်ပွဲဆိုသည့်နေရာသို့ သွားရောက်ပြီး ဘုန်းတော်ကြီးဆိုသူ၏ လိမ်လည်လှည့်ဖြားမှုများကို လူပုံအလယ်တွင် ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ ဘေးနားတွင် ရပ်နေသော ရှောင်ကျောက်မှာ တိုးတိုးလေး ဝင်ပြောလိုက်၏။
“အဲဒီ ဆေးကြောသန့်စင်ပွဲဆိုတာ လမ်းဟောင်းရင်ပြင်မှာ လုပ်တဲ့ပွဲလားဟင်”
ဖန်းခဲ့ အံ့အားသင့်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။
“မင်းလည်း သိနေတာလား”
လူတော်တော်များများ လိမ်လည်ခံနေရပုံပေ။ ရှောင်ကျောက်မှာ သူမဖုန်းကို မြှောက်ပြလိုက်သည်။
“ဒီဆေးကြောသန့်စင်ပွဲက အခု အွန်လိုင်းမှာ အရမ်း နာမည်ကြီးနေတာလေ၊ စာအုပ်စိမ်းလေးမှာ ကျွန်မတွေ့လိုက်တာ၊ ညတိုင်း လမ်းဟောင်းရင်ပြင်မှာ ဘုန်းတော်ကြီးတစ်ပါးက တရားရွတ်ပေးတယ်တဲ့၊ ဘာပဲဖြစ်ဖြစ် အလကားပဲလေ၊ ကျွန်မရဲ့သူငယ်ချင်းအရင်းတောင် အဲဒီကို သွားကြည့်ဖို့ပြင်နေတာ၊ ကျွန်မသူငယ်ချင်းပြောတာတော့ သူက ပုံမှန်ဆို တိုက်ရိုက်ဂီတဖျော်ဖြေပွဲတွေ သွားကြည့်ဖို့ ပိုက်ဆံပေးရတယ်တဲ့၊ အခု ဘုန်းတော်ကြီးရွတ်တာကလည်း တကယ်တော့ ဂီတပွဲလိုပဲလေ၊ ဘုရားကျောင်းသွားနေမယ့်အစား ရင်ပြင်မှာ ဘုန်းတော်ကြီးရဲ့ တိုက်ရိုက်တရားပွဲကို အလကား သွားနားထောင်တာကမှ ပိုတန်တယ်ဆိုပြီး ပြောနေတာ”
ဂီတဝါသနာအိုး ရှောင်ကျောက်မှာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ ထိုအခါ အနားရှိ အတွေ့အကြုံရှိသော ဝါရင့်လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ ဝင်ရောက်မှတ်ချက်ပေး၏။
“အို ဒါမျိုးတွေက ဒီလိုပဲစတာပါပဲ၊ အစပိုင်းမှာတော့ လူတွေကို ဆွဲဆောင်ဖို့အတွက် ဆွဲဆောင်မှုရှိတဲ့ နည်းလမ်းမျိုးစုံ သုံးကြတာပေါ့၊ ကြက်ဥ အလကားပေးတာတို့၊ အိမ်တိုင်ရာရောက် အခမဲ့ ဝန်ဆောင်မှု ပေးတာတို့၊ ဒါမှမဟုတ် ဘုန်းတော်ကြီးတစ်ယောက်ကို ဖိတ်ပြီး ဟောပြောခိုင်းတာတို့ပေါ့၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် လူတွေအများကြီး လာအောင် နာမည်ကြီး အနုပညာရှင်တွေကိုတောင် ဖိတ်ပြီး အခမဲ့ ဂီတပွဲတွေ လုပ်ခဲ့ကြသေးတာ ငါမှတ်မိသေးတယ်၊ ပြီးတော့ လူတွေအတော်များများ ယုံကြည်သွားပြီဆိုရင်တော့ အဲဒီပွဲကို စီစဉ်တဲ့သူတွေက ပိုက်ဆံတွေကို အမြန်လုယူပြီး ထွက်ပြေးကြတော့တာပဲ၊ ဒါက လိမ်လည်မှုစနစ်ရဲ့ နည်းဟောင်းကြီးပါ၊ နောက်ပိုင်းကျရင် မင်းဆီကနေ ပိုက်ဆံရအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ကြလိမ့်မယ်၊ ဖန်းခဲ့ မင်းအိမ်ကလူကြီးတွေကို သေချာ စောင့်ကြည့်ဦး၊ လိမ်လည်မခံရအောင်လို့ပေါ့”
ထိုဝါရင့်လုပ်ဖော်ကိုင်ဖက်မှာ သူ၏ အတွေ့အကြုံများအရ ပြောပြနေခြင်း ဖြစ်သည်။ သူ၏ မိသားစုထဲမှ သက်ကြီးရွယ်အိုတစ်ဦးသည်လည်း ယခင်က ဘုန်းတော်ကြီးတစ်ဦး၏ မိသားစုဆက်ဆံရေး ဟောပြောချက်ကို နားထောင်ပြီးနောက် မိသားစုဆက်ဆံရေးကို ထိန်းသိမ်းနိုင်မည့် လျှို့ဝှက်ချက်များဟု ဆိုကာ သင်တန်းကြေးများ ပေးခဲ့ရဖူး၏။ နောက်ပိုင်းတွင် မိသားစု ဆက်ဆံရေး ညှိနှိုင်းစက်ဆိုသည်ကို ဝယ်ရန် လှည့်ဖြားခံခဲ့ရသည်။ ထိုစက်သည် သံလိုက်လှိုင်းများကို အသုံးပြု၍ မိသားစု၏ သံလိုက်စက်ကွင်းကို သန့်စင်ပေးနိုင်သဖြင့် မိသားစုဝင်များ ပိုမိုစည်းလုံးလာပြီး ကလေးများ ပိုမိုလိမ္မာလာမည်ဟု ဆိုသည်။ ထိုသက်ကြီးရွယ်အိုမှာ တကယ်ယုံကြည်သွားပြီး သူ့ပင်စင်လစာ စုဆောင်းထားသမျှကို အကုန်အကျခံကာ ဝယ်ယူခဲ့ခြင်းဖြစ်၏။ ဖန်ခဲ့ ခေါင်းကိုတရစပ် ညိတ်လိုက်သည်။ သူမမျက်နှာမှာ ပိုမို တည်ကြည်လေးနက်သွားတော့၏။